/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, August 11, 2013

.

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လွှတ်တော်မှ ကတိက၀တ် ကော်မတီတွင် ထားရှိခဲ့မည်ဖြစ်၍ အစိုးရသစ် အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဟု ၀န်ကြီးဦးအောင်မင်းဆို

လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လွှတ်တော်မှ ကတိက၀တ် ကော်မတီတွင် ကတိက၀တ် အဖြစ် ထားရှိခဲ့မည် ဖြစ်သောကြောင့် အစိုးရသစ် အနေဖြင့် ဆက်လက်ဆောင်ရွက် သွားရမည်ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့၏ ပြည်ထောင်စုအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အစိုးရသစ် လက်ထက်တွင် ဆက်လက် ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "ကျွန်တော်တို့က ၂၀၁၅ ခုနှစ်မှာ တော့ ရွေးကောက်ပွဲတစ်ခု ပြန်လုပ်မှာပေါ့။ ရွေးကောက်ပွဲမှာ ဘယ်သူတွေ တက်လာမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ အခုအချိန်မှာ ပြည်သူကလည်း ဒီမိုကရေစီ အလေ့အကျင့်တွေ အများကြီး ရ လာပြီ။ အဲဒီတော့ ပြည်သူက စီးပွားရေး၊ နိုင်ငံရေး၊ တိုင်းရင်းသား ကိစ္စရပ်တွေကို ဖြေရှင်းပေးနိုင်တဲ့ သူကိုပဲ ရွေးမှာပေါ့။ အဲဒီလို ရွေးတဲ့အခါမှာလည်း အဲဒီလူက ဆက်ပြီးတော့ လုပ်ရမှာပဲ" ဟု ပြောကြားသည်။

"ကျွန်တော်တို့ကလည်း ပြီးသလောက်လုပ်ပြီး ကျွန်တော်တို့ လုပ်တဲ့ဟာတွေ အားလုံးကို လွှတ်တော်မှာ ကတိက၀တ်များ ကော်မတီဆိုတာ ရှိတယ်။ အဲဒီမှာ ပေးခဲ့မယ်။ ပေးခဲ့ပြီး ပြီးအောင်ကြိုးစားပြီး လုပ်မယ်။ မပြီးရင်လည်း ကတိက၀တ် အနေနဲ့ ထားခဲ့မယ်။ နောက်အစိုးရ အနေနဲ့လည်း မလုပ်လို့ မရပါဘူး။ သူတို့ ကလည်း ဆက်လုပ်မှာပဲ။ အားလုံးကလည်း ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ငြိမ်း ချမ်းရေးကို နောက်အစိုးရသစ်လည်း လုပ်မှာပဲ။ အခုလည်း လုပ်နေတာပဲ" ဟု ၀န်ကြီးဦးအောင်မင်းက ဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား လက်ရှိအစိုးရ လက်ထက်တွင် ပြီးဆုံးအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြီးဆုံးခြင်း မရှိပါက ၂၀၁၅ အစိုးရသစ် လက်ထက်တွင် ဖြေရှင်းနိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီ ၂၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။