/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 12, 2012

.

ဆန္ဒပြ ၊ အင်တာနက်သုံးနေတဲ့ ရဟန်းတော်များနှင့် မြန်မာ့နိုင်ငံ အရေး


လက်ပံတောင်းတောင်အရေးကို အစိုးရက အင်အားသုံးပြီး ဖြိုခွင်းလိုက်တဲ့အခါမှာ ရဟန်းတော်တချို့ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်။ ဒါကို မကျေနပ်တဲ့အတွက် ရန်ကုန် မန္တလေးနဲ့ မြင်းခြံမြို့တွေမှာ ရဟန်းတော်များ ဆန္ဒပြကြတယ် ဆိုတဲ့ သတင်းတွေ ဖတ်ပြီး ဒီဆန္ဒပြမှုတွေဟာ ဘယ်အတိုင်းအတာအထိ ပြန့်နှံ့သွားလေမလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာအထိသာ ပြန့်နှံ့လို့သွားခဲ့မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လေမလဲ။ Forward လား၊ Backward လား။ ဒါတွေကို တွေးပြီး အမိမြန်မာပြည်အတွက် စိတ်မသက်မသာ ဖြစ်နေချိန်မှာ ဒကာတော် ကိုJames Mint တင်ထားတဲ့ “ရဟန်းတော်တွေလဲ နိုင်ငံရေးလုပ်ခွင့်၊ ဆန္ဒပြခွင် ရှိပါတယ်….ဒါပေမဲ့” ဆိုတာလေး ဖတ်လိုက်ရတော့ ဘုန်းကြီးတစ်ပါးအနေနဲ့ ၀င်ဆွေးနွေးချင်လာပါတယ်။

ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အများစု ပေးနေကြတဲ့ အကြောင်းပြချက်တစ်ခုက- “ဒကာ ဒကာမတွေ ဒုက္ခရောက်နေကြရတာကို မကြည့်ရက်လို့” ဆိုတာပါဘဲ။ ဒီအကြောင်းပြချက်ဟာ မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ မြတ်ဗုဒ္ဓတရားတော်ရဲ့ ဦးတည်ချက်က ဘာပါလဲ။ ကိုယ် လိုက်နာနိုင်တာ မလိုက်နာနိုင်တာကို ဘေးဖယ်ထားပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်အတိုင်း ဓမ္မာဓိဋ္ဌာန်ကျကျ ရှုမြင်ဖို့တော့ လိုမယ် ထင်ပါတယ်။

မြတ်ဗုဒ္ဓက သံယုတ်ပါဠိတော်၊ ဒါရုက္ခန္ဓောပမသုတ္တန်မှာ ဦးတည်ချက်ကို အဟန့်အတား ဖြစ်စေတဲ့ ပန်းတိုင်ပျောက်သွားစေနိုင်တဲ့ အကြောင်းတရားတွေကို ဂင်္ဂါမြစ်ထဲ မြောနေတဲ့ သစ်တုံကြီးနဲ့ ဥပမာပေးပြီး ဟောကြားခဲ့ဖူးပါတယ်။ အဲဒီသစ်တုံးကြီးကို လူတစ်ယောက်ယောက်က ဆယ်ယူလိုက်မယ်ဆိုရင် သမုဒြာထဲ မရောက်နိုင်တော့သလို ရဟန်းတစ်ပါးဟာ လူတွေနဲ့ ရောပြီး အေးအတူ ပူအမျှ ၀င်ခံစား၊ လူရေးလူရာ ကိစ္စ၀ိစ္စတွေမှာ ၀င်ပါနေမယ်ဆိုရင် (လူအမြင်နဲ့ ကြည့်ရင် ကောင်းသလောက်) ရဟန်းတစ်ပါးအတွက် တရားထူး မရနိုင်ဘူးတဲ့။ ဒါဟာ (မနုဿဂ္ဂါဟ)လူဆယ်တာခံလိုက်ရတာပဲ လို့ ဟောပါတယ်။

မူရင်းဘုရားစကားတော်ရဲ့ ဆဋ္ဌမူ မြန်မာပြန်နဲ့ London P.T.S ရဲ့ အင်္ဂလိပ်ဘာသာပြန်က ဒီလိုပါ။

“ရဟန်း “လူတို့ ဆယ်ယူမှု” ဟူသည် အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှု ရှိ၏၊ အတူတကွ စိုးရိမ်မှု ရှိ၏၊ လူတို့ ချမ်းသာသည် ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည် ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည် ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏၊ ရဟန်း ဤသို့ ဖြစ်မှုကို “လူတို့ ဆယ်ယူမှု” ဟု ဆိုအပ်၏။”

“And what, bikkhu, is getting caught by human beings? Here, someone lives in association with laypeople; he rejoices with them and sorrows with them, he is happy when they are happy and sad when they are sad, and he involves himself in their affairs and duties. This is called getting caught by human beings.
ဒါကို ကြည့်ရင် “ ဒကာ ဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့” ဆိုတဲ့ အကြောင်းပြချက်က မြတ်ဗုဒ္ဓရဲ့ အာဘော် မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။

ဒီနေရာမှာ “အင်တာနက်ကြည့်နေ၊ Facebook သုံးနေတဲ့ အရှင်ဘုရားကော မြတ်ဗုဒ္ဓတရားတော်နဲ့ ကိုက်ညီပါရဲ့လား” လို့ မေးမယ်ဆိုရင် မေးနိုင်ပါတယ်။ “မကိုက်ညီပါဘူး” လို့ပဲ ရိုးရိုးသားသား ဖြေပါ့မယ်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးလုံးကို ကျင့်သုံးနိုင်မှသာ မြတ်ဗုဒ္ဓ ဦးတည်သွားစေချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာပါ။ ခုလိုမျိုး Imformation တွေအတွက် အချိန်တစ်ခု ပေးနေတာဟာ တကယ်တော့ သမာဓိပျက်ရာ ပျက်ကြောင်းအလုပ်တွေကို လုပ်နေတာတွေ ဖြစ်နေလို့ပါ။

ငါတို့နိုင်ငံ ငါတို့လူမျိုး ဆိုတဲ့ ဥပါဒါန် ကို ခွာလို့ မရနိုင်သေးလို့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို လေ့လာသုံးသပ်နေတာဟာ အထက်က တရားတော်အတိုင်း ပြောရရင် “getting caught by internet and facebook” ဖြစ်နေတာပါ။

မြတ်ဗုဒ္ဓရဲ့တရားတော်အတိုင်း အတိအကျ ပြောရရင် ရဟန်းဘ၀ရဲ့ အန္တိမရည်မှန်းချက်ဆိုတာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးပြီး ဒုက္ခမှ လွတ်မြောက်စေဖို့ပါဘဲ။ တရားတော်အရ အဲဒီလို ရှိပေမယ့်လဲ ရဟန်းသံဃာတိုင်း သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးနိုင်တဲ့ အနေအထား ရှိမှာ မဟုတ်ပါဘူး။

ရဟန်းသံဃာဘ၀ ရောက်လာသူတိုင်းဟာ ဗုဒ္ဓလက်ထက်တော်တုန်းက တချို့သော အရှင်မြတ်တွေလို ဗုဒ္ဓတရားနာပြီး လောကကြီးကို ငြီးငွေ့တဲ့အတွက် လောကချမ်းသာအားလုံးကို စွန့်ပြီး ရဟန်းဘ၀ကို ရယူသူတွေ မဟုတ်ကြပါဘူး။ ဒါကို နားလည်ပေးဖို့ လိုမယ် ထင်ပါတယ်။ ရဟန်းတိုင်း အစွမ်းကုန် မလွဲမသွေ ကျင့်သုံးရမှာကတော့ သီလသိက္ခာလို့ ခေါ်တဲ့ ၀ိနည်းစည်းကမ်းတွေ ဖြစ်ပါတယ်။

သမာဓိ ပညာ သိက္ခာနှစ်ရပ်ကို အပြည့်အ၀ မကျင့်နိုင်သေးသည့်တိုင်အောင် သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ကို အတော်အတန် လိုက်နာကျင့်သုံးနေတယ် ဆိုရင်ကိုပဲ တော်တော် ကြည်ညိုဖို့ ကောင်းနေပါပြီ။ ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အဲဒီရဟန်းတွေရဲ့ ကာယကံ ၀စီကံ အပြုအမူတွေဟာ ဘယ်လောက်အထိ ယဉ်ကျေးမှု ရှိသလဲ။ ၀ိနည်းစည်းကမ်း ဘောင်ထဲမှာလား၊ စည်းကျော် ဘောင်ကျော် ဖြစ်နေကြပြီလား ဆိုတဲ့ ၀ိနည်းပေတန်နဲ့ တိုင်တာရပါမယ်။

ဒီလို တိုင်းတာနိုင်ဖို့အတွက် ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများအနေနဲ့ ရဟန်းဝိနည်းကို တီးမိခေါက်မိ ရှိထားရပါလိမ့်မယ်။ မြန်မာလို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ ဥပမာ- ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရဲ့ ဘုရားဥပဒေတော်ကြီး လို စာအုပ်မျိုး။ လမ်းပေါ်မှာ သင်္ကန်း ဘိုသီ ဘတ်သီ ၀တ်၊ လက်သီးလက်ခမောင်းတန်းပြီး၊ Slogan တွေ ကြွေးကျော်နေတဲ့ ရဟန်းမျိုးကို ကဲ့ရဲ့ ရှုတ်ချထိုက်ပါတယ်။ ဒီလို မဟုတ်ဘဲ ရဟန်းပီသတဲ့ အသွင်အပြင်မျိုးနဲ့ ဆိုရင်တော့ ကိုယ်လက်မခံနိုင်သည့်တိုင်အောင် နားလည်မှု ပေးသင့်တယ်လို့ ထင်ပါတယ်။

နောက်တစ်ခုက ဘုန်းဘုန်းတို့ မြန်မာလူမှုအဆောက်အအုံကြီးမှာ မြတ်ဗုဒ္ဓက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု” ဆိုတဲ့ သံဃာဘက်ကစည်း၊ “မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ” ဆိုတဲ့ ဒကာဘက်က စည်းတွေနဲ့ ဘယ်လိုပဲ ခြားထားခြားထား၊ အဲဒီ စည်းတွေကို ကျော်ပြီး သံဃာနဲ့ ဒါယကာဆက်ဆံရေးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားကြတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

ဘုန်းဘုန်းအပါအ၀င် မြန်မာရဟန်းသံဃာအများစုကို ကြည့်ရင် ရဟန်းသံဃာဘ၀သာ ရောက်နေတာ၊ ငါတို့ နိုင်ငံ ငါတို့ လူမျိုးဆိုတဲ့ (တရားတော်အတိုင်းဆိုရင်) အစွဲတွေက အတုံးလိုက် အတစ်လိုက်ကို ရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနဲ့ ပတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ နေလိုက်ဖို့ တော်တော် ခက်ပါတယ်။ ကာယကံမမြောက်သည့်တိုင် မနောကံကတော့ မြောက်မြောက်သွားတတ်တာချည်းပါပဲ။

ဒါကြောင့် ရဟန်းသံဃာတော်တွေ နိုင်ငံရေးနယ်ပယ်ထဲကို ကာယကံမြောက် ၀င်ပါလာတာကို သိပ်ပြီး မဝေဖန်ချင်ဘူး။ ဝေဖန်ချင်တာက အဲဒီရဟန်းသံဃာတွေမှာ ကိုယ်ကျင့်သီလ Frame က ဘယ်လောက် ခိုင်မာပြီလဲ။ ပိဋကတ်စာပေတွေကိုရော ဘယ်လောက် လေ့လာသင်ကြားထားပြီလဲ၊ တခြား ဘာသန္တရနဲ့ ဒေသန္တရ အသိပညာတွေကော ဘယ်လောက် ဆည်းပူးမိပြီလဲ။ အတွေးအခေါ် အမြော်အမြင်ကရော ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာတွေနဲ့ပဲ ဝေဖန်ဆန်းစစ်ချင်ပါတယ်။

ဒါတွေရှိနေပြီဆိုရင် သေချာပေါက် ပြောနိုင်တာက အဲဒီ ရဟန်းဟာ ရုပ်သေးရုပ် နိုင်ငံရေး ဘုန်းကြီး လုံးဝ မဟုတ်ဘူး ဆိုတာပါဘဲ။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။