/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, September 26, 2012

.

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြန့်ကြာနိုင် ဟု တစည ပြော

၆၅ နှစ်ကျော်ကြာ ကမ္ဘာအရှည်ကြာဆုံး စစ်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံ ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင် အချို့၏ ပြောစကားများနှင့် ၊ လုပ်ထုံးလုပ်နည်း များကြောင့် ကြန့်ကြာနိုင်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ တွဲဖက် အတွင်းရေးမှုး ဦးခင်မောင်ကြီး က ပြောကြားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၏ (၂၄)နှစ်ပြည့် အခမ်းအနား မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

" အချို့ လက်နက်ကိုင် ခေါင်းဆောင်တွေ ပြောနေတာကို သေချာ နားထောင်ကြည့်ပါ ။ ခွန်ဥက္ကာ ပြောတာဆို နိုင်ငံတော် သမ္မတ ရဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သဘောမတူဘူး ပြောတယ်။ မွန်ပြည်သစ်က နိုင်ဟံသာဆို ဦးအောင်မင်းက စကား လွယ်လွယ် ပြောတယ်လို့ ပြောသွားတယ်။ ဒါတွေက ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကာလတွေမှာ မပြောသင့်ဘူး" ဟု ၄င်းက သုံးသပ် ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသော စစ်ပွဲများမှာလည်း အစိုးရ ဆွေးနွေးလိုမှု များနှင့် KIO(ကချင်လွတ် လပ်ရေး အဖွဲ့) ၏ဆွေးနွေးလိုမှုများ မတူညီသောကြောင့် အပစ်ရပ်ရန် ခက်ခဲ နိုင်ကြောင်း၊ ဘုံသဘော တူညီမှု တစ်ခု ရရှိရန် အရင် လုပ်ဆောင်သင့် ကြောင်း အဆိုပါ ပါတီ အတွင်းရေးမှူး ကဆက်လက် ပြောကြားသည်။

ယင်း တိုင်းရင်းသား ပြဿနာ အများစုမှာ ဖက်ဒရယ်ပြည်ထောင်စု စနစ် ကျင့်သုံးပါက ပြဿနာများ စတင် ပြေလည်သွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး စက်တင်ဘာလ တတိယပတ်တွင် အမေရိကန် အခြေစိုက် သတင်းဌာနများသို့ ပြောကြား ထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရှိရာ အစိုးရနှင့် လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ဖွဲ့ အပစ်အခတ် ရပ်စဲထားနိုင်ပြီး KIO /KIA တစ်ဖွဲ့သာ အပစ်အခတ် ရပ်စဲရန် ကျန်ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။