ယင်း PATH အဖွဲ့မှ ဒေါ်အေးအေးခိုင်က “မြန်မာနိုင်ငံက ဆန်စက်တွေကို လေ့လာကြည့်တဲ့အခါမှာ အာဟာရဆန် ထုတ်လုပ်ဖို့ အခြေအနေကောင်းတွေ ရှိတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆန်ကွဲတွေ အထွက်များလို့ပါပဲ” ဟု ဆိုသည်။
ယင်းအာဟာရဆန် ထုတ်လုပ်ရန်အတွက် ဆန်ကို အမှုန့်ကြိတ်ကာ ထိုဆန်အမှုန့်ထဲတွင် လိုအပ်သော အာဟာရများ ထည့်သွင်းကာ ဆန်စေ့အဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြစ်ကြောင်း ယင်းကရှင်းပြသည်။
မြန်မာနိုင်ငံ လူများအနေဖြင့် အာဟာရ ချို့တဲ့မှုတွင် သံဓါတ်ချို့တဲ့ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း၊ အရပ်ပုခြင်း၊ ခန္ဓာကိုယ်သေးကွေးခြင်းများ ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အာဟာရချို့တဲ့မှုမှာ ဒေသတစ်ခုနှင့်တစ်ခု မတူညီဘဲ တောင်တန်းဒေသ များတွင် ဝေးလံခေါင်သီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အာဟာရချို့တဲ့မှု ပိုမို များပြားကြောင်း သိရသည်။ ယင်းကဲ့သို့ လိုအပ်သော အာဟာရများဖြစ်သည့် ဇင့်ဓါတ်။ သံဓါတ်၊ ဗီတာမင်ဓါတ်များ ပါဝင်သော ဆန်များကို ထုတ်လုပ်ပြီး ပုံမှန်စားသုံးနေသော ဆန်များထဲတွင် ဆယ်ပုံတစ်ပုံ ရောကာ ချက်စားရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအာဟာရဆန်များ ထုတ်လုပ်ရန်အတွက် အမျိုးသားအာဟာရဌာနတွင် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ယင်းဌာနအနေဖြင့်လည်း ခွင့်ပြုထားကြောင်း PATH မှ စီမံကိန်းမန်နေဂျာ ဒေါ်စန်းစန်းမြင့်က ပြောသည်။ ယင်းအာဟာရဆန်များကို ထုတ်လုပ်ရန်အတွက် စက်များမှာ ဒေါ်လာ ၃၀၀၀၀ မှ ၄၀၀၀၀ ဝန်းကျင် အထိ ပေါက်ဈေးရှိပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ စိတ်ဝင်စားပါက လာရောက် တပ်ဆင်ကာ သင်တန်း များပေးမည် ဖြစ်ကြောင်း PATH အဖွဲ့က ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံ၌ ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့အစည်းအတွက် အာဟာရဆန်နှင့် မုန့်များ ထုတ်လုပ်ပေးနေသော စက်ရုံနှစ်ခုရှိကြောင်း သိရကာ ယခုအာဟာရဆန်ထုတ်စက်သည် လက်ရှိ လည်ပတ်နေသည့် ဆန်စက်များနှင့် တွဲဖက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အာဟာရဆန် ထုတ်လုပ်မှုကို လုပ်ဆောင်နေသည့် PATH အဖွဲ့အစည်းသည် နိုင်ငံပေါင်း ၁၃၈ နိုင်ငံတွင် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။
Myanmar Express

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။