/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, August 24, 2012

.

တည်ဆဲဥပဒေကို ဆန့်ကျင်ဆုံးဖြတ်ခဲ့၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမှ ပြန်လည် ကြေညာချက် ထုတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တင်သွင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့ စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက် အတွက် လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေကို ဆန့်ကျင် ဆုံးဖြတ်ခဲ့ကြောင်းကို ခုံရုံးအနေဖြင့် ကြေညာချက် ပြန်လည်ထုတ်ပြန်ပေးရေး ပြည်ထောင်စု လွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကို အရေးကြီး အဆိုအဖြစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက တင်သွင်းခဲ့ပါသည်။

"ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ တပါးအခြား မဖြစ်နိုင်ပါ။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများအပေါ် မှားယွင်း ဆုံးဖြတ်ခဲ့ကြောင်းကို တွေ့ရှိရပါတယ်။ ဒီနေ့အစည်းအဝေးကို ကြွရောက်လာကြတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များဟာ အိုးအိမ်ကိုပစ်၊ မိသားစုဘ၀ကို လျစ်လျူရှု ပစ်ထားပြီးတော့မှ ရပိုင်ခွင့် အဆောင်အယောင်တွေကို ပဓာနမထားဘဲ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အပင်ပန်းခံပြီးတော့ ပြည်သူ့အကျိုးကို ရှေးရှုပြီးတော့မှလွှတ်တော်ကို လာရောက်ဆောင်ရွက် နေကြသူများ ဖြစ်ကြပါတယ်။ ခုပြောနေတဲ့ ကိစ္စကလည်း ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ မှာ အာဏာသုံးရပ်ကို ကိုင်စွဲတဲ့လူတွေ အနေနဲ့ အပြန်အလှန် ထိန်းကျောင်း ရမယ်ဆိုတဲ့ သဘောတရားအရ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူ့ငွေကြေး၊ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ လုပ်ဆောင်ချက်တွေကို စိစစ်တဲ့အခါမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ ပြည်ထောင်စုအဆင့် ဖြစ်မှသာ ပြည်သူ့အကျိုးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၃ ပါ ပြဋ္ဌာန်းချက်ကို လျစ်လျူရှု ဆုံးဖြတ်မှုဟာ ပြည်သူ့အကျိုးကို ကာကွယ်ရေးကို ရိုက်ချိုးပစ်ရာ ရောက်ပါတယ်။ အချုပ်အားဖြင့် တင်ပြရမယ်ဆိုရင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ အထက်ပါ ပြောခဲ့တဲ့အတိုင်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချခဲ့တဲ့အတွက် သူတို့မှားတယ်ဆိုတာကို သူတို့ကိုယ်တိုင် ပြန်လည် ကြေညာ ပေးသင့်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ကြီးဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် မှားယွင်းဆုံးဖြတ်ချက် ချမှတ်ခြင်း အပေါ် သူတို့ကိုယ်တိုင် ပြန်လည် ကြေညာပေးဖို့ တိုက်တွန်း ပေးသင့်ပါတယ်" ဟု ဦးမြင့်စိုးက အဆိုတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

အဆိုပါ အရေးကြီးအဆိုကို ကမာရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်မှ ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကို မဲခွဲဆုံးဖြတ်မည် ဖြစ်ကြောင်း အရေးကြီးအဆို ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ ထောက်ခံမဲ သုံးပုံတစ်ပုံ ရရှိမှသာ အတည်ဖြစ်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

ထို့နောက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၅၂မဲ၊ ကန့်ကွက်မဲ ၁၅၃မဲ၊ ကြားနေမဲ ၁၀မဲ ရရှိခဲ့သဖြင့် စုစုပေါင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးရေ၏ သုံးပုံ တစ်ပုံထက် ကျော်လွန် ရရှိခဲ့သဖြင့် အဆို အတည်ဖြစ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက် ၆၂၂ ဦး အနက် ထောက်ခံဆန္ဒမဲ ရရှိသည့် အရေအတွက်မှာ ၄၅၂ ဦးဖြစ်သဖြင့် ထောက်ခံမဲ ရရှိခဲ့သည့် ရာခိုင်နှုန်းမှာ သုံးပုံနှစ်ပုံကျော် ရရှိခဲ့သည်။ ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၆၅၄ ဦး ရှိသည့်အနက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၆၅ ဦး ပါဝင်သည်။

မဲခွဲဆုံးဖြတ်သည့်နေ့တွင် တက်ရောက်လာသူ လွှတ်တော် ကိုယ်စားလှယ် ၆၂၂ ဦး အနက် တပ်မတော်သား ကိုယ်စားလှယ်ဦးရေ ၁၆၄ ဦး ပါဝင်သည်။ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၆၅၄ ဦးရှိရာ စွပ်စွဲပြစ်တင်မှု အထမြောက်ရန် ၃ပုံ ၂ပုံ ပမာဏဖြစ်သည့် ၄၃၆ ဦး လိုအပ်မည် ဖြစ်ပြီး စွပ်စွဲပြစ်တင်စဉ် ကာလအတွင်း မဲခွဲဆုံးဖြတ်သည့်အခါ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၅ ဦးကို ထည့်သွင်း မစဉ်းစားဘဲ ကျန်ကိုယ်စားလှယ်များ၏ ထောက်ခံမဲကို ယခု အရေအတွက် အတိုင်းသာ ရရှိခဲ့ပါက စွပ်စွဲပြစ်တင်မှု အထမြောက်ရန် လိုအပ်သည့် ပမာဏ ဖြစ်သော ၃ပုံ၂ပုံကို ကျော်လွန် ရရှိမည် ဖြစ်သည်။

အဆိုပါ အရေးကြီး အဆိုနှင့် ပတ်သက်၍ ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး အနီးစပ်ဆုံး ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။