Friday, November 21, 2014

နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များအား နှောင့်ယှက်မှုများ မပြုလုပ်ရန် သတိပေး



တပ်မတော် အနေဖြင့် ပုံမှန်လုပ်ငန်းစဉ် ဖြစ်သည့် လုံခြုံရေး တာဝန်များ လဲလှယ်ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင် ဖောက် လုပ်ခြင်း များအား သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များသို့ အခါအားလျော်စွာ ကြိုတင် အသိပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခဲ့ သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ၂ဝ၁၄ခုနှစ် ဇွန် ၁ရက်၊ စက်တင်ဘာ ၁၃၊ ၂၆ ရက်နှင့် အောက်တိုဘာ ၂၇ ၊ ၂၈ ရက်တို့တွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ် မြို့နယ်ခွဲ၊ လွယ်ရင်းကျေးရွာ အနီးရှိ တပ်မတော် စခန်းများ အား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ (KIO) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ ပါသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ တွင်လည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ပလောင်ဒိန်ဆာ ရွာအနီး နယ်မြေ လုံခြုံရေး အတွက် ပုံမှန် တာဝန်လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်း နေသော ကေအိုင်အေ (ကချင်) အဖွဲ့တစ်ဖွဲ့မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည် (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် က မြစ်ကြီးနားမြို့ ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ကေအိုင်အေ (ကချင်) အဖွဲ့ထံ သတိပေး အကြောင်းကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်နေ့ ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ်ကျေးရွာ အနီးအရောက် ကေအိုင်အေ (ကချင်) အဖွဲ့အင်အား (၈ဝ)ခန့်သည် အရပ်မျက်နှာ အသီးသီး မှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံထိခိုက် ဒဏ်ရာရခဲ့သည်။

သို့ဖြစ်၍ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာ နိုင်စေရေး တို့အတွက် မိမိဘက်မှ စတင် ပစ်ခတ် တိုက်ခိုက်မှု မဖြစ်ပွားစေရေး အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရန် လက်အောက်ခံ တပ်ဖွဲ့ဝင် များသို့ ထိန်းသိမ်း ကြပ်မတ် နိုင်ရေး ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှတစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့(KIO) ထံ ထပ်မံ အကြောင်းကြား ခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်း မှလည်း နယ်မြေအတွင်း ပုံမှန် ရိက္ခာတင်ပို့ရန် လမ်းကြောင်း ဖောက်လုပ်မှု အပေါ် နှောင့်ယှက် ပစ်ခတ်ခြင်း မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ် သွားမည် ဖြစ်ကြောင်းလည်း အသိပေး ခဲ့ကြောင်း သိရသည်။

သို့သော် ကေအိုင်အေ (ကချင်) အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိမိ တပ်မတော်မှ ပုံမှန်ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ - ဂဂမ်လမ်းပိုင်း ဖောက်လုပ် နေသော စစ်သည်များနှင့် မြေထိုးယာဉ်အား လက်နက်ကြီး များဖြင့် ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရ ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံစိတ်ချစွာ သွားလာ နိုင်ရေးအတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်း နှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့် ယှက် မှုများ မလုပ်ရန် အတွက် အကြိမ်ကြိမ် ဆက်သွယ် သတိပေးခဲ့ သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့ အနေဖြင့် လက်အောက် အဖွဲ့ များအား ထိန်းသိမ်း ကြပ်မတ်မှု မရှိဘဲ ဒေသအတွင်း စစ်ရှိန်မြင့် မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါ ဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက် ကွဲ၍ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက် နေမှုကို အာမခံ နိုင်သည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသအတွင်း စစ်ရှိန် လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွား စေရေးအတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ တစ်ဖက်မှလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်း နှင့် အထောက်အကူ လမ်းဖောက်လုပ် ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိ ရာ ကေအိုင်အေ (ကချင်)အဖွဲ့အနေဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင် သည့် စစ်ကြောင်းများ အား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက် လုပ်သော စစ်သည်၊ ဝန်ထမ်း များအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

http://myawady-myawady.blogspot.com/2014/11/blog-post_495.html

#Themyawadydaily
#မြ၀တီနေ့စဉ်

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ပိုင်ဆိုင်မှုများကို စတင်ချိပ်ပိတ်

စိတ်ကြွဆေးပြားများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းများ ပြုလုပ်ခဲ့သည့် Natural Force ကုမ္ပဏီပိုင်ရှင်၏ ဘဏ်များတွင် အပ်နှံထားသော ငွေကြေး၊ အိမ်များ၊ စက်သုံးဆီဆိုင်၊ ဆိုင်ခန်း၊ ဂိုဒေါင်၊ မော်တော်ယာဉ်များ အပါအဝင် အခြားပိုင်ဆိုင်မှုများကို နိုဝင်ဘာ ၂ဝ ရက်မှ စတင်ကာ ချိပ်ပိတ်စစ်ဆေး မှုများ ပြုလုပ်နေ ပြီဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် စုံစမ်းသိရသည်။

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းစစ်ဆေးမှုများ စတင်ပြုလုပ်ရာတွင် နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းက Natural Force ကုမ္ပဏီပိုင်ရှင် ရဲထွန်းကျော်၏ဇနီး ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဖြစ်သော ရန်ကုန်မြို့ ယုဇန ပလာဇာ တတိယထပ် အခန်း B (၁၂) ၊ B(၁၄) ရှိ BQ Beauty Queen Fashion Shop အား ငွေကြေး စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေဌာန၊ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက လာရောက်ချိပ်ပိတ်ပြီး ဆိုင်အတွင်းရှိပစ္စည်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။

ဒေါ်ခင်သန္တာဝင်း အမည်ပေါက်ဆိုင်၌ ၎င်း၏ ဖခင်ဖြစ်သူမှ ဆက်လက်ရောင်းချ နေစဉ် ယခုကဲ့သို့ လာရောက် ချိပ်ပိတ် သိမ်းဆည်းခြင်းဖြစ်ပြီး ဒေါ်ခင်သန္တာဝင်း ဖခင်ပိုင်ဆိုင်သည့် ဆိုင်ရှိပစ္စည်းများကိုမူ ယူဆောင် သွားခြင်းမရှိဘဲ ပြန်လည်အပ်နှံခဲ့ကြောင်း ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

“ရဲထွန်းကျော်ရဲ့ မိန်းမ အမည်ပေါက်နဲ့ ဖွင့်ထားတဲ့ဆိုင်ကို တာဝန်ရှိသူတွေက လာပြီးတော့ တာဝန် အရ ဆောင်ရွက်တာ ဖြစ်တယ်” ဟု ယုဇနပလာဇာမှ တာဝန်ရှိသူတစ်ဦး နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အမည်မဖော်လိုသူ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက “ရဲထွန်းကျော်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ချိပ်ပိတ်ပြီးတော့ စတင်စစ်ဆေးနေပါပြီ။ သူပိုင်ဆိုင်တဲ့ပစ္စည်းတွေ အကုန်လုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် မသိမ်းဆည်းသေးပါဘူး။ ဒါတွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေက စစ်ဆေးမှုတွေ၊ သိမ်းဆည်းမှုတွေက လုပ်ထုံးလုပ်နည်းတွေနဲ့ မှန်တယ်၊ မှားတယ်ဆိုတာ ကို ပြန်လည်စစ်ဆေးပြီးတော့မှ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ပါတယ်။ အခု သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်နေတယ်ဆိုတော့ ပြောင်းရွှေ့လို့မရဘူး။ ဖျောက်ဖျက်လို့မရဘူး။ ရောင်းလို့ မရပါ ဘူး။ သူပိုင်ဆိုင်မှုတွေအထဲက တရားဝင်ငွေကြေးနဲ့ ရရှိလာတဲ့ပစ္စည်းတွေရှိတယ်ဆိုရင် အထောက် အထား ခိုင်ခိုင်လုံလုံနဲ့ ပြမယ်ဆိုရင်တော့ ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူပိုင်ဆိုင်တဲ့ အရာတွေအားလုံးကို ယာယီချိပ်ပိတ်တဲ့သဘောပါပဲ”ဟု နိုဝင်ဘာ ၂ဝ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကလည်း “ဒီနေ့ ဩဂုတ်လ အတွင်းက မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခဲ့တဲ့ လုပ်ငန်းရှင်ဖြစ်သူရဲ့ ဆက်စပ်တဲ့ပစ္စည်းတွေ၊ ကားတွေကို သိမ်းဆည်းတာ ဖြစ်ပါတယ်။ တချို့ပစ္စည်းတွေကိုတော့ ခံဝန်နဲ့ပြန်ပေးပါတယ်။ မော်တော်ယာဉ်တွေ ကိုတော့ စသုံးလုံးက သိမ်းဆည်းပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် Natural Force ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်သည့်စာရင်းများမှာ မရမ်းကုန်းမြို့နယ် ကုန်းမြင့် ရိပ်သာရှိ ခြံဝင်းနှင့် နေအိမ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ပေ ၃ဝ x ပေ ၆ဝ အကျယ်အဝန်းရှိ တိုက်ခန်း တစ်ခန်း၊ ယုဇနပလာဇာရှိ ဆိုင်ခန်းနှစ်ခန်း၊ ပုဇွန်တောင်မြို့နယ်ရှိ ဂိုဒေါင်တစ်လုံး၊ မော်တော်ယာဉ် ခုနစ်စီး၊ ရေယာဉ်ခုနစ်စီး၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အုတ်သဲကျောက် ဂိုဒေါင်တစ်လုံး၊ ပုဏ္ဏားကျွန်းမြို့ နယ်ရှိ အုတ်သဲကျောက်လုပ်ငန်း၊ မြောက်ဦးမြို့နယ်ရှိ ဟိုတယ်ခရီးမှ ၁၅ နှစ်စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်နေ သည့် မြောက်ဦးဟိုတယ်၊ ပေါက်တောမြို့နယ်ရှိ ဧက ၁ဝဝ အကျယ်အဝန်းရှိ ပုစွန် မွေးမြူရေး ကန်၊ မြေပုံမြို့နယ်ရှိ ဧက ၂ဝဝ ရှိ ပုစွန်မွေးမြူရေးကန်နှင့် စစ်တွေမြို့ရှိ ထူးစက်သုံးဆီဆိုင် တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ကုန်သွယ်မှုဘဏ်၊ Apex ဘဏ်၊ စင်ကာပူရှိ ဘဏ်တစ်ခုနှင့် ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုတို့တွင် အပ်နှံပြီး လည်ပတ်နေသောငွေကြေးများကို သိမ်းဆည်းရန် စစ်ဆေးနေ ကြောင်း သိရသည်။

ယင်းကဲ့သို့ မရမ်းကုန်းမြို့နယ်ရှိ ရဲထွန်းကျော်နေအိမ်မှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိခဲ့ သည့် ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ညပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းပေါ်တွင် ယာဉ် တစ်စီး ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်း ဖမ်းဆီးရမိရာမှ ကွင်းဆက်အဖြစ် ၎င်းနေအိမ်အတွင်း မှ ဆေးပြား ၂ဝ၁ဝဝဝ နှင့် ဘိန်းဖြူ ၃၅ဝ ဂရမ်တို့အပြင် လက်နက်များကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

Eleven Media Group

KIA ဌာနချုပ် အနီးမှ အစိုးရ တပ်စခန်းများ ဖယ်ရှားပေးရန် တောင်းဆို

အစိုးရ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး သေဆုံး မှုနှင့်ပတ်သက်၍ KIA ဌာနချုပ်အနီးမှ အစိုးရစစ်တပ်၏ စခန်းများ၊ လက်နက် ကြီးများအား ဖယ်ရှားပေးရန် တောင်းဆို လိုက်ကြောင်း သိရသည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီးတ၀ိုက်၌ ဖြန့်ကျက်ချထားသော အစိုး ရ တပ်မတော်၏ စစ်စခန်းများ၊ လက်နက်ကြီးများအား ရုပ်သိမ်းပေးရန် ယနေ့ ရက်စွဲဖြင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဗဟို အလုပ်အမှုဆောင် အဖွဲ့ က ကြေညာချက် ထုတ် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

KIA စစ်ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အနီးသို့ လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်မှုကြောင့် KIA မှ စစ်ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး သေဆုံးပြီး သင်တန်းသားနှင့်နည်းပြ စုစုပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့၏ ဗိုလ်လောင်း သင်တန်း ကျောင်းသို့ မြန်မာ့ တပ်မတော်မှ ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ်မှုကို KIO ဗဟို ကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း လည်း ကြေညာချက် ၌ ဖော်ပြထားသည်။

အစိုးရ တပ်မတော်၏ လက်ရှိ လုပ်ရပ်ကြောင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးနေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများအပေါ် နှောင့်နှေးကြန့်ကြာ မှုများ ဖြစ်ပေါ် လာနိုင်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ က အစိုးရနှင့် KIA တို့အကြား တိုက် ခိုက်မှုများ လျော့ကျရေး ဆွေးနွေး ဆောင်ရွက်နေချိန်တွင် တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေခြင်းသည် ကောင်းမွန်မှု မဟုတ်ကြောင်း၊ ပစ်ခတ် သေကြေမှုများကြောင့် စိတ်အနှောင့် အယှက် ဖြစ်ရကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်လည်း မထိခိုက်စေ လိုကြောင်း ဧရာဝတီ ကို ပြောသည်။

၎င်းက“ဒီဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးကိုတော့ အထိုက်အလျောက် ထိခိုက်နိုင်တယ်၊ ယုံကြည်မှုကိုလည်း အများကြီးထိခိုက်စေ တယ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုတော့ အနည်းအကျဉ်း ထိခိုက်စေတယ်၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကိုတော့ မပျက် စေချင်ဘူး”ဟုလည်း ပြောဆိုသည်။

ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ အရာရှိ ဦးလမိုင်ဂွန်ဂျာကလည်း ကချင် ခေါင်းဆောင် များနှင့် အစိုးရတို့ အကြား အပြန် အလှန် ယုံကြည်မှုရရှိရေးအတွက် အချိန်ပေး၍ အားထုတ် ကြိုးပမ်း ထားရကြောင်း၊ ထိုယုံ ကြည်မှုအား ဆက်လက် အားကောင်း စေရန် လုပ်ဆောင်ရမည့်အစား ယခုကဲ့သို့ ပစ်ခတ်မှုများကြောင့် ခိုင်မာသည့် ယုံကြည်မှုရရှိရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။

ဦးလမိုင်ဂွန်ဂျာ က“မနေ့က တရက်တည်းမှာတင် ၃ နေရာလောက် ပစ်ခတ်တယ်၊ လက်နက်ကြီးနဲ့ ပစ်တာပါ”ဟု ဆိုသည်။

KIA သင်တန်းသား ဗိုလ်လောင်းများ စစ်ရေးပြနေသည့် အချိန်တွင် လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှု နှင့် ပတ်သက်၍ တပ်မတော်၏ အကြီးအကဲများနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း တို့ထံ စာပို့ မေးမြန်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)မှ အစိုးရ၏ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက စစ်ပွဲများ၊ ပဋိပက္ခ ဖြစ်စဉ်များ၌ မြန်မာ့ တပ်မတော်မှ ဖြစ်စေ၊ KIA က ဖြစ်စေ သေကြေ ကြခြင်း အပေါ် စိတ်မကောင်းကြောင်း၊ စစ်ပွဲများ၊ ပဋိပက္ခ ဖြစ်စဉ်များ၌ မတော်တဆ သေဆုံးမှုများ ရှိတတ်ကြောင်း၊ ထိုသို့ ဖြစ်ရပ်များအပေါ် စိတ်ရှည် သည်းခံကြရန် လိုအပ်ကြောင်း ပြောသည်။

ဦးလှမောင်ရွှေ က“လူအစုလိုက် သေကြတာ အခုမှ မဟုတ်ပါဘူး၊ အရင်ကလည်း ဖားကန့်မှာ KIA အဖွဲ့က ယမ်းဖောက်ခွဲလို့ လူ အစု လိုက် အများကြီးသေခဲ့တဲ့ ဟာတွေ ရှိခဲ့ပါတယ်၊ ဆိုလိုတာက စစ်ပွဲတွေ၊ ပဋိ ပက္ခတွေမှာ မတော်တဆမှုတွေ ရှိတတ်တယ် ဆိုတဲ့ သဘောပါ”ဟု ပြောဆိုသည်။

ထို့အတူ နှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲများ၌ အကောင်းဆုံး ဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ MPC ကိုလည်း ဖုန်းဆက် အကြောင်း ကြားထားကြကြောင်း၊ လက်ရှိ ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးများကို ထိခိုက်စေနိုင်သည်ဟု အတိအကျ မပြောလိုကြောင်း၊ အကောင်းဆုံး ဖြစ်ရန် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း လည်း ဦးလှမောင်ရွှေ က ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ယုံကြည်မှု တည်ဆောက်နေသည့် ကာလ၌ အစိုးရတပ်မတော် အနေဖြင့် စစ်ရေးအရ အလစ် အငိုက် ဖိအားပေး တိုက်ခိုက်နေမှုများသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သည့် စိတ်ရင်းစေတနာ ရှိမရှိဆိုသည်ကို မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်းနှင့်ယုံကြည်မှု တည်ဆောက်ရာတွင် အဟန့်အတား ကြီးမားစွာ ဖြစ်စေသည်ကို သတိပြုစေလိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ကလည်း ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ သတိ ပေး ထားသည်။

အစိုးရ တပ်မတော်၏ သူရဲဘောကြောင်သည့် လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း UNFC ၏ ကြေညာချက်၌ ဖော်ပြ ထားပြီး ၂၀၁၅ ရွေးကောက်ပွဲအလွန်မှသာ ဖွဲ့စည်းပုံ ပြင်မည်ဟု ဦးရွှေမန်း၏ ပြောဆိုမှုနှင့်လက်ရှိ တိုက်ခိုက်မှုတို့ တိုက်ဆိုင်နေခြင်း ကြောင့် စစ်ရေးနှင့်နိုင်ငံရေး ပူးပေါင်း ကြံစည်မှု တရပ်ဟုလည်း ယူဆနိုင်ကြောင်း ကြေညာချက် က ဆိုသည်။

ထို့အတူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပြည်သူ တရပ်လုံး လိုလားတောင့်တနေသော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ အတိမ်းအစောင်း၊ နှောင့်နှေး ကြန့်ကြာစေသော၊ လမ်းလွဲစေသော လုပ်ရပ်မှန် သမျှအား ပြတ်ပြတ်သားသား ဆန့်ကျင် သွားမည်ဟု လည်း UNFC က ဆိုထားသည်။

ထိုသို့ အစိုးရ စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့ တို့အကြား နှစ်ဦး နှစ်ဘက် တင်းမားနေသည့်အတွက် ဆက်လက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်လာနိုင်ခြေ ရှိမရှိ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်း တိုက်ပွဲများ ပြေလည်ရန် KIO ဗဟိုကော်မတီနှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ တို့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၁၃ ရက်တွင် စစ်ရှိန် လျှော့ချ၍ ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရန်လည်း သဘောတူညီ ထားပြီး နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင် သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့က တွေ့ဆုံမှုများ လစဉ်ပြုလုပ်ခဲ့ပြီး ၆ ကြိမ်မြောက် တွေ့ဆုံခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နယ်စပ်၊ နှင့် ဗန်းမော်ခရိုင် အတွင်းရှိ KIA တပ်များနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ခင်ဦးသာ နှင့် နန်းလွင်နှင်းပွင့် ပူးပေါင်း ရေးသားသည်။

Credit : Here

ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၃)

ဒီပဲယင်းကိစ္စမှာ အဓိကကြိုးကိုင်သူဟာ ဦးအောင်သောင်းပါလို့ စွပ်စွဲချက်တွေဟာ မှန်းဆ ပြောကြတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ဦးအောင်သောင်း တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါကို ယခင်ကလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ ကာယကံရှင်တွေကို မေးမြန်း ကြည့်မယ်ဆိုရင် အဖြစ်မှန်ကိုသိလာမှာဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ နိုင်ငံရေးအတွေးအခေါ် ရှိပြီး ဒီမိုကရေစီကို ကိုယ်တိုင်လိုလားသူဖြစ်တဲ့အတွက် ဒီမိုကရေစီရေးလိုလားသူများကို ဖိနှိပ် တိုက်ခိုက်မှုမျိုး လုပ်ရလောက်အောင် ညံ့ဖျင်းတဲ့စိတ်ဓာတ်မျိုး ထားရှိသူမဟုတ်ပါဘူး။ အဆင့်မနိမ့် ပါဘူး။ ဒီလို မမှန်မကန်စွပ်စွဲလို့လည်း ဦးအောင်သောင်းရဲ့ လက်ရှိအနေအထားကို ထိခိုက်သွားမှာ မဟုတ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဗွီအိုအေ သီးသန့် တွေ့ဆုံ မေးမြန်း

မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ လွှတ်တော်ကသာ အဓိက တာဝန် အရှိဆုံးဖြစ်ပြီး သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ရဲ့ အဆုံးအဖြတ် မဟုတ်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဒါ့အပြင် တိုင်းပြည် တပြည်လုံးကိစ္စကို လူလေးယောက် ထဲနဲ့ ဆွေးနွေးတာဟာ မပြည့်စုံဘူး လို့မြင်တယ်ဆိုပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အပေါ် တုန့်ပြန် ပြောဆိုပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအတွင်း သမ္မတ ဦးသိန်းစိန်က အဲဒီလိုပြောတာပါ။

ကချင်ပြည်နယ်မှာ မကြာခင်ရက်ပိုင်းက အစိုးရစစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ရဲ့ အရာရှိလောင်း အယောက် ၂၀ ကျော် သေဆုံးရတဲ့ဖြစ်ရပ်အတွက် တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်မှုတွေ ပိုလုပ်သွားရ မယ်လို့ သမ္မတကပြောသလို ဒီလို သွေးထွက်သံယို ပဋိပက္ခတွေ တားဆီးနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု အဖွဲ့တွေနဲ့ ဆက်ဆံရေးရုံးတွေ ပိုပြီးဖွင့်လှစ်သွားရမယ်လို့လည်း ပြောပါတယ်။

ရခိုင်ဒေသ အခြေအနေနဲ့ပတ်သက် လို့တော့ ပြည်ပက လှုံ့ဆော်မှုတွေရှိနေပေမယ့် ရခိုင်ဒေသဟာ တည်ငြိမ်အေးချမ်းနေပြီး လိုအပ်တဲ့အကူအညီတွေကို နိုင်ငံတကာနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေ တယ်လို့ သမ္မတဦးသိန်းစိန်ကပြောပါတယ်။

ပြည်တွင်းမှာဖြစ်နေတဲ့ ဘာသာရေးခွဲခြား လှုံ့ဆော်မှုတွေကိုလည်း ဆိုးဆိုးရွားရွားဖြစ်လာရင် တရားဥပဒေအတိုင်း အရေးယူသွား မယ်လို့ဆိုပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာဟာ အမှန်တရားကို လူထုသိစေချင်လို့ ပေးထားတာဖြစ်ပြီး သူသာ ဒုတိယ သမ္မတသက်တမ်း ဆက်ထမ်းဆောင်ဖြစ်ရင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို ဦးစားပေးလုပ်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။

ဗွီအိုအေမြန်မာပိုင်း ဌာနမှူးနဲ့ သမ္မတဦးသိန်းစိန် သီးသန့် တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့သမ္မတကြီးခင်ဗျား။ ကျနော်တို့ ဗွီအိုအေကို အခုလို တွေ့ဆုံ မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမ္မတကြီးကို အခုလို ကျန်းကျန်းမာမာနဲ့တွေ့ရတဲ့အတွက်လည်း ၀မ်းသာပါတယ်ခင်ဗျ။ ကျနော် ပထမဆုံး မေးချင်တာကတော့ သမ္မတကြီးရဲ့ ပထမ အစိုးရသက်တမ်းပေါ့နော်၊ ပထမ သက်တမ်းက အခုလာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီ…. ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးပြီ ဆိုလို့ရှိရင် သက်တမ်းက ဒါ…. ပြီးဆုံးတော့မယ်ပေါ့။ ဒီသက်တမ်း ကာလအတွင်းမှာ ဒါ…. သမ္မတကြီးတို့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ အတော်လေး ကျေနပ်အားရမှုတွေ ရှိခဲ့တဲ့အတွက်ကြောင့်မို့လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေအပြင်ကို တချိန်က တင်းမာနေခဲ့တဲ့ အနောက်အုပ်စုနိုင်ငံတွေဖက်ကလည်း ပူးပေါင်း ဆောင်ရွက်မှုတွေ၊ စီးပွားရေး ပိတ်ဆို့ထားတာတွေ ဖြေလျှော့ပေးတာတွေ လုပ်လာခဲ့တယ်။ ဒါကိုလည်း ဟို…. အစောပိုင်းမှာ တော်တော်လေး ချီးကျူး ပြောဆိုမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ဒီလပိုင်း၊ ဒီရက်ပိုင်းအတွင်းမှာတော့ ဒီ…. မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဟာ နောက်ဆုတ် မသွားဘူး ဆိုရင်တောင်မှဘဲ၊ တန့်နေတယ် ဆိုတဲ့ ဝေဖန်မှုလေးတွေ တချို့ထွက်တာ ရှိပါတယ်ခင်ဗျ။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်လို့ သမ္မတကြီးရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိပါမလဲခင်ဗျား။

သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဆင့် (၃) ဆင့် ကျနော်တို့ ကြိုးပမ်းပြီးတော့ ကျနော်တို့ လုပ်နေတာပေါ့။ ပထမအဆင့်ကတော့ (First Wave) ပေါ့။ First Wave ဆိုတာတော့ သွေးထွက်သံယိုမှုတွေ မရှိပဲနဲ့၊ ညင်ညင်သာသာလေးနဲ့ ပြောင်းလဲနိုင်ဖို့အတွက်ကို ဒါ….. ကျနော်တို့ စတက်တက်လာခြင်း ဒီဟာကို ကြိုးစားပြီးတော့ ကျနော်တို့ လုပ်တာပေါ့။ ဒါ First Wave ပါပဲ။ နောက်တခါ Second Wave ကတော့၊ ကျနော်တို့ ခုနကလို ဘာတွေ ကျနော်တို့ ပြုပြင်ပြောင်းလဲမလဲ။ အဲဒီတော့ ပြုပြင် ပြောင်းလဲရမယ့်ဟာတွေက ကျနော်တို့ ခုနကလို နိုင်ငံရေးအရ ကျနော်တို့ ပြုပြင်ပြောင်းလဲရတဲ့ဟာမျိုး။ စီးပွားရေးအရ ကျနော်တို့ ပြုပြင် ပြောင်းလဲတာတွေ။ နောက်တခါ အုပ်ချုပ်ရေးအရ ကျနော်တို့ ပြုပြင်ပြောင်းလဲတာတွေ။ ထပ်ဆောင်းပြီးတော့ ခုနကလို တိုင်းပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက်က ပုဂ္ဂလိကကဏ္ဍကို မြင့်တင်ပေးမှ ဒါ….. တိုင်းပြည်ရဲ့ စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်မယ်ဆိုတော့ အဲဒီတော့ ပုဂ္ဂလိကကဏ္ဍမြင့်တင်ရေးပါ အပါအ၀င် ဒီ (၄) ချက်ကို ဒုတိယ ကျနော်တို့ Second Wave အနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ကျနော်တို့ အကောင်အထည်ဖော်ပြီးတော့ ဆောင်ရွက်နေတာပေါ့။ အဲဒီတော့ ဒီ….. Third Wave မှာတော့ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီးတော့ ခုနကလို ကျနော်တို့ ဟိုဒင်းတွေပေါ့လေ…… ကျနော်တို့ရဲ့ ဒီ လက်တွေ့ လုပ်နိုင်တဲ့ဟာတွေ ဘယ်လောက် ကျနော်တို့ လုပ်နိုင်သလဲ။ Results တွေပေါ့။ Results တွေ ဘယ်လောက်လောက် လုပ်နိုင်မလဲ။ အဲဒီတော့ Results တွေကို ပြန်လည်ဖော်ထုတ်ပြီးတော့မှ ဒီလောက်တော့ လုပ်နိုင်တယ်၊ ရှေ့ကို ကဲဆက်ပြီးတော့ တွန်းပြီးတော့ တို့လုပ်ကြရအောင် ဆိုပြီးတော့ Third Wave က ဒီအတိုင်း ကျနော်တို့ သွားနေတာ။ ကျနော်ထင်ပါတယ်၊ Third Wave လုပ်ရင်းနဲ့ပဲ ကျနော်တို့ရဲ့ သက်တမ်းကလည်း ပြီးမြောက်သွားမယ်လို့ ကျနော်တို့ ထင်ပါတယ်။ အဲဒီတော့ ခုနကလို ဟို….. တိုးတက်တာတွေလည်း ရှိတာ အမှန်ပါဘဲ။ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဒါတွေ ရင်ဆိုင်ရတာလည်း ဒါတွေ အမှန်ပါဘဲ။

မေး။ ။ အပြင်ဖက်ပိုင်းမှာ အခု အဓိကအားဖြင့် ဝေဖန်ကြတယ်ဆိုတဲ့ သဘောကတော့ ဥပမာအားဖြင့်၊ ဒါ….. ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စ၊ နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စ၊ နောက် အထူးသဖြင့် ဒီ….. အပစ်အခတ် ရပ်စဲရေးလို ကိစ္စမျိုးတွေပေါ့။ ဒီလို အပစ်အခတ်ရပ်စဲရေးလိုကိစ္စမျိုးတွေမှာဆိုရင်၊ အစောပိုင်းက သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ပထမဆုံး ဦးစားပေး အနေနဲ့က သွေးထွက်သံယိုမှုတွေ ရပ်စဲပြီးတော့ ဒါ…. အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုတွေအထိ သွားမယ်ဆိုတာ ဒါ…. နိုင်ငံတော်ရဲ့ ဦးစားပေး မူဝါဒတရပ်အနေနဲ့ ချပြီးလုပ်နေတယ်ဆိုတာလည်း ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒီလို လုပ်နေတဲ့ ကြားထဲကပဲ အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ အထူးသဖြင့် ကချင်အဖွဲ့တွေနဲ့ပေါ့နော်၊ KIO အဖွဲ့နဲ့ဆိုလို့ရှိရင် ကချင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တပ်မတော်ဖက်က ထိခိုက်တာကြားရသလို၊ မနေ့ကဆိုလို့ရှိရင်လည်း တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် ကချင်အဖွဲ့က ဗိုလ်လောင်းသင်တန်းက လူငယ်လေးတွေ (၂၀) ကျော် သေဆုံးခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်မျိုး ကျနော်တို့ ကြားရတယ်။ ကြားရတယ်ဆိုတော့ ဒီကိစ္စမျိုးတွေကို တားဆီးနိုင်ဖို့၊ ဒါမမှဟုတ် ဒီကိစ္စတွေကို ကာကွယ်နိုင်ဖို့ ဒီကိစ္စတွေကနေပြီးတော့ ပဋိပက္ခကြီးကြီး ထပ်ပြီးဖြစ်မသွားစေဖို့ဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ အရေးတကြီး ဘာများလုပ်ချင်သလဲ၊ အရေးတကြီး ဘာများပြောချင်တာရှိလဲခင်ဗျ။

သမ္မတ ဦးသိန်းစိန်။ ။ အဲဒီတော့ ဒီဟာလေး ရှင်းရမယ်ဆိုရင်၊ အခြေခံကတော့ ခုနကလို ငြိမ်းချမ်းရေး ရရှိရေးကိစ္စဟာ ကျနော်တို့ရဲ့ ဒီ….. ပြည်သူ အများစုရဲ့ ဆန္ဒပေါ့လေ၊ ပြောကြမယ်ဆိုရင် ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ရရှိဖို့အတွက်ကို ကျနော်တို့ အစိုးရကနေပြီးတော့ ပြည်အများစု ဆန္ဒဖြစ်သလို၊ ကျနော်တို့ အစိုးရရဲ့ ဆန္ဒလည်းဖြစ်တယ်။ ဒါကို ကျနော်တို့ ကြိုးပမ်းပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲကြဖို့အတွက်လည်း နှစ်ဖက်က အကြိမ်ပေါင်းများစွာ ကျနော်တို့ ဒါ….. တွေ့ဆုံပြီးတော့ ကျနော်တို့ ဆွေးနွေးကြတယ်။ သို့သော်လည်း တချို့အပိုင်းလေးတွေက ကျနော်တို့ အလျှော့ အတင်းလေးတွေ ရှိတယ်။ အလျှော့အတင်းလေးတွေလည်း တချို့ လျှော့ပေးနိုင်တာတွေ လျှော့ပေးနိုင်တယ်။ တချို့ မပေးနိုင်တဲ့ဟာလေးတွေလည်း ပြန်ပြီးတော့ စဉ်းစားကြ ပြုကြတယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကတော့ ပစ်ခတ် တိုက်ခိုက်မှုတွေကို ကျနော်တို့ ရပ်အောင်လုပ်ချင်တယ်။ ရပ်စဲချင်တယ်။ ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာလည်း ဟို….. တစ်ဖက်ထဲကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ နှစ်ဖက်မှာ ဒါ…. ပြဿနာလေးတွေ ရှိပါတယ်။ နှစ်ဖက်မှာ ပြဿနာတွေ ရှိတယ်။ အဲဒီတော့ သူ့ဖက် ကိုယ့်ဖက်၊ ဟိုလူကလွန်တယ်၊ ဒီလူကလွန်တယ်နဲ့ ဒါတွေကို ကျနော်တို့ ပြောနေလို့ရှိရင်လည်း ကျနော်တို့ ပြီးဆုံးမှာ မဟုတ်တော့ဘူး။ သို့သော်လည်း ဒီကနေ့အထိကတော့ ခင်ဗျားပြောသလိုပဲ ပစ်ခတ် တိုက်ခိုက်မှုလေးတွေ ရှိသေးလို့ ဒီလိုတွေ ကျနော်တို့ ဖြစ်နေတာ။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲချင်တယ်။ ပစ်ခတ် တိုက်ခိုက်မှုကို ရပ်စဲဖို့အတွက် ကျနော်တို့ နည်းလမ်းတွေ ရှာကြတယ်။ ဘယ်လိုတွေ လုပ်ကြမလဲ။ တပ်ကိုလည်း ကျနော်တို့ ပြောတာပါပဲ။ တဖက်ကိုလည်း ကျနော်တို့ ညှိတာပါပဲ။ တပ်ကိုဆိုလို့ရှိရင်လည်း မင်းတို့ စခန်းတွေကိုသွားပြီးတော့ တိုက်တာ ပြုတာ ဘာညာ မင်းတို့လုံးဝ မလုပ်နဲ့။ သို့သောလည်းပဲ၊ လူဆိုတာကတော့ ကိုယ့်အသက်တော့ ကိုယ်က ကာကွယ်ပိုင်ခွင့်တော့ ရှိရမှာကိုး။

ကိုယ့်ရဲ့ လုံခြုံရေးအတွက် ကိုယ့်ကိုယ်ကိုယ် ခုခံ ကာကွယ်ယုံမှအပ ကျန်တာ ဘာမှမလုပ်နဲ့။ ဒါတွေလည်း တပ်အပိုင်းက သူတို့ လိုက်နာပြီးတော့ ဆောင်ရွက်နေပါတယ်။ သို့သော်လည်း မြေပြင်မှာ အောက်ခြေမှာကျတော့ တချို့ကိစ္စလေးတွေက ဟိုလူကစပစ်တယ်၊ ဒီလူက စပစ်တယ်နဲ့ ဒီပြဿနာလေးတွေ ဖြစ်တယ်။ အဲဒီတော့ ဒါတွေကိုရှင်းနိုင်ဖို့အတွက်က စောင့်ကြည့် လေ့လာတဲ့အဖွဲ့ ကျနော်တို့က ဒါကို တည်ဆောက်ရမယ်။ နောက်တခုက ကျနော်တို့ ခုနကလို ဆက်ဆံရေးစခန်းတွေ ထားရမယ်။ အဲဒီတော့ ဆက်ဆံရေးစခန်းတွေလည်း ကျနော်တို့ ဒါ…. ထားဖို့အတွက် ဒါတွေလည်း ကျနော်တို့ နှစ်ဖက် ဆုံးဖြတ်ထားပြီးပါပြီ။ စောင့်ကြည့်လေ့လာတဲ့အဖွဲ့နဲ့ စောင့်ကြည့်ပြီးတော့ သူကတော့လွန်တယ်၊ သူကမှားတာ၊ အဲဒီတော့ နောက်တခါ ဒါမျိုးမဖြစ်အောင် ဂရုစိုက်မယ်၊ စသည်အားဖြင့် ဒီအဖွဲ့တွေလည်း ဖွဲ့စည်းပြီးတော့ ကျနော်တို့က လုပ်ထားပြီးပြီ။ လုပ်ထားပြီးပြီဆိုတော့ ဒါတွေနဲ့ ကျနော်တို့က မဖြစ်အောင် ထိန်းသွားရမှာပါ။ အဲဒီတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ကျနော်တို့ကလည်း မဖြစ်စေချင်ဘူး။ တစ်ဖက်ကလည်း ခုနကလို ဟုတ်လား….. ထိခိုက် ကျဆုံးမှု ဘာညာ ရှိတယ် ပြုတယ်ဆိုရင် ဟို….. တိုင်းပြည်အတွင်ဘဲ နစ်နာတာကို။ တစ်ဖက်ကလည်း ထိခိုက် ကျဆုံးမှုတွေ ရှိတယ် ပြုတယ်ဆိုရင် တိုင်းပြည်ကဘဲ နစ်နာတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါနိုင်ငံသားတွေဘဲ။

သမ္မတ ဦးသိန်းစိန်။ ။ နှစ်ဖက်စလုံးက မဖြစ်စေချင်ဘူး။ အဲဒီတော့ တပ်ကိုတော့ ကျနော်ပြောပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခုနကလို ဖြစ်တဲ့ ပြုတဲ့ကိစ္စတွေကို ခင်ဗျားတို့ ခုနကလို အင်တာဗြူးလုပ်လိုက်ပါ။ မှန်မှန် ကန်ကန်နဲ့ ပြည်သူတွေလည်း သိသွားရအောင်။ ဖြစ်တယ်ဆိုတာ နှစ်ဖက်မှာ ပြဿနာရှိလို့ ဖြစ်ကြတာကိုး။ တစ်ဖက်ထဲပစ်ယုံနဲ့မဟုတ်ဘူး၊ နှစ်ဖက်ပစ်လို့ ဒါ…. ပြဿနာ ဖြစ်ကြတာကိုး။ ဒီလိုဖြစ်တာတွေက ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ဟာတွေကို သွားပြီးတော့ ခုနကလို အနှောက်အယှက်ဖြစ်စေတယ်။ ကျနော်တို့ရဲ့ ခုနကလို ပထမခြေလှမ်းဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ကျနော်တို့ ရည်မှန်းချက်ကို သွားပြီးတော့ ဒါ…...ခုနက အကျိုးသက်ရောက်မှုတွေ ရှိစေတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ မဖြစ်စေချင်ဘူး၊ နှစ်ဖက်ကို။

မေး။ ။ ဒါနဲ့ဆက်စပ်လို့ပဲပေါ့နော်၊ တခြား ကျနော်တို့ ဒီ….. မြန်မာနိုင်ငံရဲ့ အခြေအနေတွေအပေါ်ကို အများကစောင့်ကြည့်ပြီးတော့၊ လေ့လာ ပြီးတော့ ဝေဖန်ကြတဲ့၊ ဟို….. တိုင်းတာကြတဲ့ အခြေအနေတခုပေါ့။ အဲဒါက ဒီ….. အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ပြီးခဲ့တဲ့ နှစ်ရက်ကပဲ ပြည်သူ့လွှတ်တော်ရဲ့ဥက္ကဋ္ဌ ကြီး သူရဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ စိတ်ဝင်စားစရာ အကြောင်းလေးတခုက တပ်မတော်ရဲ့ အခန်းကဏ္ဍ။ တပ်မတော်ရဲ့ အခန်းကဏ္ဍအပြင်ကို သမ္မတကြီးအနေနဲ့လည်း တပ်မတော်အပေါ်မှာ သမ္မတကြီး အနေနဲ့လည်း သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ် တဦးတယောက်အနေနဲ့ သမ္မတကြီးတို့ရဲ့ စေတနာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ဆိုလို့ရှိရင် အခြေခံဥပဒေ ပြောင်းလဲရေးဟာ ဖြစ်လာနိုင်ပါတယ် ဆိုတဲ့ သဘောမျိုး ပြောသွားပါတယ်။ အဲဒီတော့ သမ္မတကြီးအနေနဲ့ တပ်မတော်ကို သြဇာသုံးပြီးတော့ ဘယ်လိုများ တိုက်တွန်းပေးနိုင်ပါသလဲ၊ ဘယ်လို အခြေခံဥပဒေ ပြောင်းလဲရေး၊ အထူးသဖြင့်ပေါ့နော် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပုဒ်မ (၄၃၆) ပြောင်းလဲရေးမှာ ဘာတွေများ တိုက်တွန်းပေးနိုင်သလဲ၊ ဘာတွေများ တိုက်တွန်းပေးဖို့ ရှိသလဲဆိုတာလေးကို တစ်ချက်လောက် ပြောပြပေးပါလား။

ဖြေ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက ခုနကလို တာဝန်အရှိဆုံးကတော့ လွှတ်တော်ထဲမှာပဲ။ ဒုတိယကတော့ ပြည်သူပဲ။ အစိုးရကလည်း ဘာလုပ်လိုက်ပါ၊ ပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ကျနော်တို့ ပြောလို့မရဘူး။ တပ်ကလဲသွားပြီးတော့ ခင်ဗျား ဒါပြင်လိုက်ပါ၊ မပြင်လိုက်ပါနဲ့ ပြောလို့ မရပါဘူး။ တပ်ကို ကျနော်တို့က ခင်ဗျားတို့က ဒါပြင်ဖို့အတွက် ပြောလိုက်ပါ၊ ဒါမပြင်ဖို့အတွက် ပြောလိုက်ပါ ကျနော်ပြောလည်း ဘာမှ အဓိပ္ပါယ် မရှိဘူး။ ခုနကလို တပ်ကပြောလည်း ခင်ဗျား မပြင်နဲ့ဗျာဆိုလို့လဲ လွှတ်တော်ထဲကနေ အတည်ပြု ဆုံးဖြတ်လိုက်ရင် ပြင်လို့ရတာပဲ၊ ခုနကလို။ ဒါပြင်ပါဗျာ ဆိုလို့လဲ လွှတ်တော်ထဲကနေ သူတို့ မဲနဲ့ခွဲ ဆုံးဖြတ်တယ်၊ မဲအရ သူတို့က အရေးသာမှု မရှိဘူးဆိုရှိရင်လည်း ဒါဟာ ခုနကလို ဟိုဒင်းဖြစ်မှာပဲ။ အဓိကကတော့ ခုနကလို လွှတ်တော်ရဲ့ အဆုံးအဖြတ်ပဲ။ သမ္မတရဲ့ အဆုံးအဖြတ်လည်းမဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်လဲ မဟုတ်ဘူး။ ဒါကို ဒီကိစ္စ ပြင်ဖို့ မပြင်ဖို့ကိစ္စက သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို သွားပြီးတော့ ပြောစရာလည်း ကျနော်တို့ ဒါ….. မရှိပါဘူး။ အကြောင်းလဲ မရှိဘူး။ အဲဒီတော့ အဓိက အရှင်းဆုံးကလည်း ဒီအတိုင်းပါပဲ။

ပထမဦးဆုံးက ခုနကလို လွှတ်တော်မှာ တာဝန်ရှိတယ်။ လွှတ်တော်ကပဲ ပြင်သင့်တယ်၊ မပြင်သင့်ဘူး၊ ဒါကို ခုနကလို ဟုတ်လား သူ့ Procedure လည်း ပေးထားပြီးဖြစ်တယ်။ ဒီ Procedure အတိုင်း လုပ်သွားဖို့လိုတယ်။ လွှတ်တော်ထဲမှာ ပြင်လို့ရတဲ့ဟာတွေကိုပြင်၊ ပြင်လို့မရတဲ့ဟာတွေကျလို့ရှိရင် ခုနကလို ဟိုဒင်းနဲ့ Referendum လုပ်ပါဆိုပြီးတော့ ဟိုထဲမှာ အတိအကျ ပြောထားတာပဲ။ ပြင်ဆင်ရေး မပြင်ဆင်ရေးက တိုက်ရိုက် သမ္မတတို့၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တိုက်ရိုက် ကျနော်တို့က ပတ်သက်မှု မရှိပါဘူး။

မေး။ ။ သမ္မတကြီးက မကြာသေးခင်ကပဲ သမ္မတကြီးရဲ့အိမ်တော်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးပါတဲ့သူ (၁၄) ဦးကို ဖိတ်ခေါ်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဒါပေမယ့်လည်း ဒီဆွေးနွေးပွဲက အချိန်သတ်မှတ်ချက်အရကော၊ အခြေအနေ အချိန်အခါ အရရော လေ့လာသူတွေရဲ့ အနေအထားအရကတော့ သဘောထားအမြင် နက်နက်ရှိုင်းရှိုင်း ဖလှယ်တဲ့အဆင့်ကို မရောက်ခဲ့ဘူး၊ တွေ့ဆုံတဲ့သဘောလောက်ပဲ ရှိခဲ့တယ်၊ ရှေ့ဆက်တိုးရဦးမယ့် အနေအထားမျိုး ရှိနေတယ်လို့ သုံးသပ်တာ ကျနော်တို့ ကြားပါတယ်။

တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါ….. လူထုလေးစားရတဲ့၊ ဒီမိုကရေစီအရေး တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ခေါင်းဆောင် တဦးအနေနဲ့က အစဉ်တစိုက်တောင်းဆိုနေတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတဲ့ သဘောမျိုး၊ ဒါမျိုး ဖြစ်စေချင်တယ် ဆိုတာကိုဘဲ ဆက်ပြောနေတော့၊ ဒီ လေးပွင့်ဆိုင် တွေ့ဆုံဖို့ တောင်းဆိုမှုအပေါ်ကို သမ္မတကြီးအနေနဲ့ ဘယ်လိုများ ဆက်ပြီး ဆောင်ရွက်ပေးချင်လဲခင်ဗျ၊ ဒါဟာ ဖြစ်လာနိုင်မယ့် အနေအထားရှိပါသလား။

ဖြေ။ ။ ခင်ဗျားမေးတဲ့ မေးခွန်းက အင်မတန် မေးသင့် မေးထိုက်တဲ့ မေးခွန်းပါဘဲ။ အဲဒီတော့ တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သဘောထားခြင်း တူတာတွေရှိသလို၊ မတူတာတွေ ကျနော်တို့ ရှိမှာပါဘဲ။ အဲဒီတော့ တူတာတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ကြရအောင်။ မတူတာတွေကို ကျနော်တို့ ခုနကလို ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းနဲ့ ကျနော်တို့ ဒီအတိုင်း ကျနော်တို့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ကျနော်တို့ လုပ်သွားကြရအောင်ဆိုတာ ဒါ….. ကျနော်တို့ရဲ့ မူဝါဒပါဘဲ။ ကျနော်တို့ မူဝါဒပါ။

ကျနော်တို့ ဒီအထဲမှာ အချင်းချင်းမပြောနဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းနဲ့တောင်မှ ဒီမူဝါဒနဲ့ ကျနော်တို့ လုပ်သွားတာပါ။ မတူတာတွေရှိတယ်၊ ကွဲပြားခြားနားမှုတွေကို ကျနော်တို့ လက်ခံရမယ်။ တူညီတာတွေလည်း ကျနော်တို့ရှိတယ်။ တူညီတာတွေကို တွဲပြီးတော့ လုပ်ကြမယ်။ မတူညီတာတွေကျလို့ရှိရင် ခုနကလို တစ်ယောက်နဲ့ တစ်ယောက် အနိုင်အရှုံးတွေနဲ့ ပထုတ်ပစ်မယ့်အစား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းနဲ့ ဒီအတိုင်း ကျနော်တို့ လုပ်သွားကြရအောင်။ ဒါ ကျနော်တို့ရဲ့ အခြေခံ မူပါဘဲ။ နောက်တစ်ခုက ခုနကလို ဆွေးနွေးဖို့အတွက် ကျနော်တို့ကို တောင်းဆိုလာတယ်။ (၄) ယောက် တွေ့ကြ ပြုကြမယ်ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒီတော့ တိုင်းပြည်တပြည်လုံးရဲ့ အရေးကိစ္စဟာ ကျနော်တို့ (၄) ယောက်ထဲနဲ့ ဆွေးနွေးပြီးတော့ ကျနော်တို့ အဆုံးအဖြတ်ပေးမှာလား။ တိုင်းပြည်တပြည်လုံးရဲ့ကိစ္စကို ကျနော်တို့ (၄) ယောက်နဲ့ ဆွေးနွေးပြီးတော့ အဆုံးအဖြတ် ပေးတာ၊ ဆွေးနွေးတာဟာ ဒါ မှန်ကန်တဲ့ လမ်းကြောင်းတခု။ သို့သော်လည်း ဒီ (၄) ယောက်ထဲနဲ့ ဆွေးနွေးကြမယ်၊ ပြုမယ်၊ အဆုံးအဖြတ်ပေးကြမယ်ဆိုရင်တော့ ဒါကတော့ ကျနော်ကတော့ မပြည့်စုံဘူးလို့ ကျနော် ထင်တယ်။ မပြည့်စုံဘူး ထင်တဲ့အတွက်ကြောင့် ကဲ….. တာဝန်ရှိတဲ့လူတွေကို ကျနော်တို့ ချဲ့လိုက်ကြရအောင်။ ဒါ….

ပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင် အစိုးရပိုင်းက ကျနော်လည်းတက်တယ်၊ ဒုသမ္မတ (၂) ယောက်လည်း တက်တယ်။ လွှတ်တော်ပိုင်းကဆိုရင်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတက်တယ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတက်တယ်။ နောက်တခါ ပါတီတွေ။ ပါတီတွေဆိုရင် အခု ကျနော်တို့ ပြန်ကြည့်လိုက်လို့ရှိရင် ပါတီက - ပါတီ (၄၀) ကို ကိုယ်စားပြုထားတဲ့အဖွဲ့ (၅) ဖွဲ့ ပါတယ်။ ပါတီ (၄၀) ကို ကိုယ်စားပြုထားတဲ့အဖွဲ့ (၅) ဖွဲ့ ပါတယ်။ အဲဒီ ပါတီခေါင်းဆောင်တွေလည်း ကျနော်တို့ တက်တယ်။ တပ်မတော်ကဆိုလည်း ကာကွယ်ရေးဦးစီးချုပ်တက်တယ်၊ ဒုချုပ်လည်း တက်တယ်။ အဲဒီတော့ (၄) ယောက်နဲ့ စာလို့ရှိရင် ဒီလူတွေဟာ ခုနကလို များများနဲ့ပိုပြီးတော့ ဆွေးနွေးတာက တိုင်းပြည်အတွက် ပိုပြီးတော့များ မကောင်းဘူးလား၊ ခုနကလို။ ဟုတ်တယ်မဟုတ်လား။ (၄) ယောက်ထဲဆိုတော့ ကျနော်တို့ ကျဉ်းလည်း ကျဉ်းမြောင်းတယ်။ အများနဲ့ ကျနော်တို့ ဆွေးနွေးကြရအောင်။ ဆွေးနွေးဖို့ဆိုတာကတော့ မှန်တဲ့လက္ခဏာ။ သို့သော်လည်း အများနဲ့ဆွေးနွေးတာက တိုင်းပြည်အတွက်က ပိုပြီးတော့ အကျိုးရှိမယ်ဆိုပြီးတော့ ဒါ….. ကျနော့်ရဲ့ ခံယူချက်အရ ကျနော်တို့ ဒီလို ဟိုဒင်းလုပ်တာပါဘဲ။ ဆွေးလည်း ဆွေးနွေးပြီးပြီ။ ဒါဟာ ရုပ်ပြအနေနဲ့ ကျနော်တို့ ဆွေးနွေးတာ မဟုတ်ဘူး။ အဲဒီ အစည်းဝေးမှာလည်း ပြောလိုက်တယ်။ မကြာ မကြာ ကျနော်တို့ တွေ့ကြရအောင်။ မကြာ မကြာ ဆွေးနွေးရအောင်။ ဒါဟာ ကျနော့်ရဲ့ နိုင်ငံရေး စေတနာပါဘဲ။

မေး။ ။ အချိန်အပိုင်းအခြားအရ ဒါဆိုလို့ရှိရင် (၄) ပွင့်ဆိုင် မဖြစ်နိုင်ဘူးဆိုရင်၊ (၁၄) ပွင့်ဆိုင်ပေါ့နော်။

ဖြေ။ ။ မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ဘူး။ သို့သော်လည်း ကျနော်တို့ ခုနကလို၊ ပုဂ္ဂိုလ်ချင်းကတော့ တယောက်ထဲလည်း တွေ့နေကြတာ၊ တဦးချင်းတွေ တွေ့နေကြတာ ရှိတာဘဲ။ အဲဒီတော့ ( ၄) ယောက်ထဲ ဆွေးနွေးမယ့် အစား၊ အများနဲ့ ဆွေးနွေးတာက ပိုပြီးတော့ ကောင်းမလားဆိုပြီး ဒီ Concept နဲ့ ကျနော်တို့ သွားနေတာပါ။

မေး။ ။ ဒီ အများနဲ့ ဆွေးနွေးပွဲက ဘယ်တော့လောက်မှာ ဆက်ဖြစ်မလဲ။ ဘယ်တော့လောက် ထပ်လုပ်ဖို့ ရှိဦးမလဲခင်ဗျ။

ဖြေ။ ။ ကျနော်ထင်တယ်။ အချိန်တော့ ကျနော်တို့က သတ်မှတ်ထားတာတော့ မရှိဘူး။ ခန ခန ကျနော်တို့ တွေ့နိုင်လေ ကောင်းလေပါဘဲ။ ကျနော့်သဘောထားကတော့ ဒီအတိုင်းရှိတယ်။ ဒီလူတွေကလည်း ပုဂ္ဂိုလ်ချင်းအရ တစ်ဦးချင်း ကျနော်တို့ ရင်းနှီးနေတဲ့ ပုဂ္ဂိုလ်တွေပါဘဲ။ ပါတီဆိုလို့ရှိရင် ဒါ အားရစရာကောင်းတယ်။ ကျနော်တို့ ပါတီ (၄၀) ကို ကိုယ်စားပြုတဲ့အဖွဲ့တွေ တက်လာတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း (၄) ပွင့်ဆိုင် ဆွေးနွေးဖို့ဆိုတဲ့ဟာကို သူတောင်းဆိုတာကလည်း ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ခုနကလို သူတို့ လက်မှတ်ထိုးပြီးတော့ ဒီလို တောင်းဆိုတာပါ။ ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တောင်းဆိုတာဖြစ်တယ်။ သူတစ်ယောက်ထဲထက် ကျန်တဲ့ပါတီဥက္ကဋ္ဌတွေလည်း ပါတာက ပိုပြီးတော့ မကောင်းဘူးလား။ ကျနော်တို့ကတော့ ဒီ….. ဟိုဒင်းအတိုင်းကို ယူဆပြီးတော့ ဒါ တိုင်းပြည်အတွက်ပါဘဲ။ အများနဲ့ဝိုင်းပြီးတော့ ဆုံးဖြတ်တာက ပိုပြီးတော့ ကျနော်တို့က ဒါ….. ပိုပြီးတော့ ပြည့်စုံတယ်ပေါ့။ ပိုပြီးတော့ အချက်အလက်တွေ ပိုပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ကျနော်တို့ ရမယ်။ ဆိုတော့ - ဒီအမြင်နဲ့ ကျနော်တို့က ဒါကို လုပ်တာပါ။ အဲဒီတော့ နောက်ထပ်လည်း ကျနော်တို့ တွေ့မယ် ပြုမယ်။ တွေ့ဖို့ ပြုဖို့လည်း အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ ကျနော်တို့ တွေ့သွားမှာပါ။

မေး။ ။ အခု ပထမဦးဆုံး တွေ့ဆုံပွဲ အပြီးမှာပေါ့နော်၊ တကယ်လို့များ နောက်တခါ ဒီလိုပဲ (၁၄) ဦး ထပ်တွေ့ကြမယ် ဆိုလို့ရှိရင် အကြောင်းအရာကို သတ်သတ်မှတ်မှတ်နဲ့ ဘယ်လို ဦးစားပေးအကြောင်းအရာ ဆွေးနွေးကြဖို့ ရှိနိုင်မလဲခင်ဗျ။

ဖြေ။ ။ ကျနော်ထင်တယ်၊ အဲဒီမှာတော့ ကျနော်တို့ အချက် (၃) ချက်ကို ကျနော်က ဟိုဒင်း လုပ်ပေးထားပါတယ်။ ဒီအချက် (၃) ချက်နဲ့ ပတ်သက်ပြီးတော့ ခုနကလို တိုင်းရင်းသားစည်းလုံညီညွတ်ရေးကိစ္စတွေ၊ ငြိမ်းချမ်းရေး ရရှိရေးကိစ္စတွေ၊ တိုင်းပြည်ရဲ့ ခုနကလို ဒီ….. တည်ငြိမ်အေးချမ်းရေးကိစ္စတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေ။ အဲဒီတော့ အဓိကကတော့ တိုင်းပြည်တစ်ပြည်မှာ ကျနော်တို့ တိုင်းပြည်အနေနဲ့ကတော့ ဒီကိစ္စတွေကတော့ အရေးအကြီးဆုံးပါဘဲ။ နောက်တခါ ကန့်သတ် ပိတ်ဆို့ထားတာ မရှိပါဘူး။ ပြောချင်တဲ့ဟာ ပြောလို့ရပါတယ်။ ခင်ဗျားတို့ ဆွေးနွေးချင်တဲ့ဟာကို ဆွေးနွေး။ သို့သော်လည်း အချိန်ကတော့ ကျနော်တို့ စဉ်းစားတယ်။ အချိန်ကျတော့ ဒီဆွေးနွေးတင်မဟုတ်ပါဘူး။ ကျနော်တို့ ဟို….. နိုင်ငံတကာ ဆွေးနွေးပွဲကြီးတွေမှာလည်း ဒီအတိုင်းပါဘဲ၊ အချိန်လေးကို ကန့်သတ်ပေးတယ်၊ အများကြီးဆိုတော့။ ဒါတောင်မှ ကျနော်တို့ တစ်ယောက်ကို ၂ မိနစ်၊ ၃ မိနစ်လောက် ဆွေးနွေးကြ၊ ပြုကြတာဆိုတော့ (၁၄) ယောက်ဆိုတော့ ခင်ဗျား မြောက်ကြည့်ပေါ့ဗျာ။ အချိန်အများကြီး ကျနော်တို့ ဟိုဒင်းဖြစ်ပါတယ်။ အဲဒီတော့ ကန့်သတ်ထားတာ၊ ချုပ်ခြယ်ထားတာ မရှိဘူး။ ဆွေးနွေးချင်တဲ့ဟာကို ခင်ဗျားတို့ ဆွေးနွေးလို့ရတယ်။ ကျနော်ကတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ဆွေးနွေးမယ်။ ကျနော့်အပိုင်ကတော့ ကျနော်က ဒီလိုပြောတယ်။ ဒါတွေကလည်း တိုင်းပြည်တစ်ပြည်အတွက် အကုန် အကျုံးဝင်တဲ့ကိစ္စတွေပါဘဲ။ တော်တော်လည်း သူတို့ဆွေးနွေးကြတာပါ၊ ပွင့်ပွင့်လင်းလင်း။ တပ်မတော်အပိုင်းကလည်း တချို့ကိစ္စလေးတွေကို လျှော့ပေးဖို့၊ ပြုပေးဖို့ တပ်မတော်နဲ့လည်း ဒီလို မျက်နှာချင်းဆိုင်ပြီး ပြောကြ ပြုကြတာတွေ ရှိပါတယ်။ ဒါက အင်မတန်ကောင်းပါတယ်။ အများနဲ့ဆွေးနွေးကြတော့ ကျယ်ကျယ်ပြန့်ပြန့် ပိုဖြစ်လာတာပေါ့။

မေး။ ။ အထူးသဖြင့်တော့ ဒီ….. အစိုးရအဖွဲ့တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ တိုင်းပြည် တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးက ဦးစားပေးလုပ်ရမယ့်ကိစ္စဆိုတော့ ဒီအချက်အပေါ်မှာပဲ နိုင်ငံတကာက အထူးတလည် စိုးရိမ်ပြီးတော့ စောင့်ကြည့်ဝေဖန်တယ်၊ ပြောဆိုကြတဲ့ ကိစ္စတွေပေါ်မှာ ဘာတွေပါလဲဆိုတော့ ဒီ….. လူနဲစုအရေး၊ အဲဒါအပြင်ကို မကြာသေးခင်ကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရော၊ သမ္မတ အိုဘားမားပါ ပြောသွားတဲ့ သူတို့အခေါ် ရိုဟင်ဂျာပေါ့နော်၊ ရိုဟင်ဂျာ၊ ဒီဘက်က ဘန်ဂါလီအရေးကိစ္စမှာ နိုင်ငံတော်အစိုးရရဲ့ ကိုင်တွယ်ပုံ၊ သူတို့ရဲ့ အခွင့်အရေးချိုးဖောက်ခံနေရတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်။ အလားတူဘဲ၊ မြန်မာပြည် ပြည်တွင်းမှာ ဒီ….. ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေနဲ့ အတည်မငြိမ်ဖြစ်မှုတွေပေါ့နော်၊ အဲဒါမျိုးလေးတွေ ရှိနေတယ်ဆိုတော့ အစိုးရအဖွဲ့အနေနဲ့ရော ဒီကိစ္စတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့ ဘယ်လို လုပ်ဆောင်ထားတာတွေ ရှိနေလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ အစိုးရပိုင်းကတော့ ခုနကလို ကျနော်တို့ရဲ့ Constitution မှာလည်း ပါပါတယ်။ ကျနော်တို့ ခုနကလို လူမျိုး ခွဲခြားတာ မရှိစေရဘူး။ ဘာသာခွဲခြားတာ ကျနော်တို့ မရှိစေရဘူး။ ကျနော်တို့ဆီမှာ ဘာသာကြီး (၄) မျိုး ကျနော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ သို့သော်လည်း ဒီဟာကို ခုနကလို ပဋိပက္ခအသွင်နဲ့ဆောင်အောင် ခုနကလို ပြည်တွင်းကရော၊ ပြည်ပကရော လှုံ့ဆော်နေတာတွေ ခင်ဗျားတို့လည်း အသိပါ။ ဒီဟာတွေ မဖြစ်နိုင်အောင် အစိုးရကတော့ တတ်နိုင်သလောက် နည်းမျိုးစုံနဲ့ ကျနော်တို့ ထိန်းနေတယ်။ တစ်ဖက်ကလည်း ကျနော်တို့ မိန့်ခွန်းတွေမှာ ထည့်ထည့်ပြီး ပြောနေတာတွေရှိတယ်။

တစ်ဖက်ကလည်း လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီလို ပဋိပက္ခတွေ မဖြစ်အောင်ဆိုပြီးတော့ ဖိဖိစီးစီးနဲ့ ကျနော်တို့ လုပ်နေတာတွေရှိတယ်။ တစ်ဖက်ကလည်း တရားဥပဒေစိုးမိုးရေးက ဒီ ဥပဒေ ဖောက်ဖျက်တဲ့လူတွေကို ထိထိရောက်ရောက်နဲ့ ကျနော်တို့ အရေးယူတာတွေ ဘာတွေ ကျနော်တို့ ဒါတွေ လုပ်နေပါတယ်။ ပြည်ပက ဒီကနေ့ သူတို့စိုးရိမ်နေသလို ဟိုဒင်း ရခိုင်ဖက်မှာလည်း ကျနော်တို့ဒါတွေ မရှိပါဘူး။ တချို့ကတော့ ညှဉ်းပန်းလို့၊ နှိပ်စက်လို့၊ လှေတွေနဲ့ ထွက်ပြေးကြတယ် ပြုကြတယ်ဆိုတာ ဒါကို သတင်းတွေက ချဲ့ကားပြီးတော့ ဒါကို ရေးကြ ပြုကြတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအထဲကနေ ထွက်ပြေးဖို့အတွက်နေနေသာသာ ခုနကလို ဒီအထဲမှာ နေချင်ကြတဲ့သူတွေက များပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျယ်ကျယ်ဝန်းဝန်းရှိတယ်၊ လုပ်ကိုင် စားသောက်လို့ရတယ်။ စားဖို့သောက်ဖို့အတွက် လယ်ယာတွေရှိတယ်၊ နေထိုင်ဖို့အတွက် မပူရဘူး။ ဆိုတော့ ဒီကနေပြီးတော့ ထွက်ပြီး ပြေးကြ၊ ပြုကြတယ်၊ ညှဉ်းပန်းနှိပ်စက်လို့ ဘာညာဆိုတာ ဒါတွေက တချို့ ဟိုဒင်းဖြစ်တဲ့သူတွေနဲ့ သဘောထားအမြင်တမျိုးနဲ့ ကျနော်တို့ ဒီလိုတွေ ထင်ယောင် ထင်မှားဖြစ်အောင် ရေးကြ ပြုကြတာပါ။ ဒီကနေ့အထိ ရခိုင်ပြည်နယ်မှာ ဘာမှ ကျနော်တို့ ဆိုးဆိုးရွားရွား မရှိပါဘူး။ သူ့ဟာနဲ့သူ အေးအေးချမ်းချမ်းနဲ့ပဲ။

ပြည်ပကအဖွဲ့တွေဆိုလိုရှိရင်လည်း ကူညီသင့်တာတွေကို ၀ိုင်းပြီးတော့ ကူညီနေပါတယ်။ ကူညီတဲ့နေရာမှာတော့ ကျနော်တို့ပြောတယ်။ ကျနော်တို့ တိုင်းရင်းသားတွေ၊ ဒီမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ သူတို့ရဲ့ အမြင်တွေ ကျနော်တို့ တမျိုးမမြင်အောင် မျှမျှတတလေးနဲ့ လုပ်ပေးပါ။ ဟိုဘက်မှာ ဒါတွေကူညီတယ်ဆိုရင်လည်း ဒီဘက်မှာ ဒါတွေ ကူညီပေး။ ဆိုတော့ လက်မခံတွေ ဘာတွေလည်း မရှိပါဘူး ဒီကနေ့တော့။ အဲဒီ ကျနော်တို့ တာဝန်ရှိတဲ့သူတွေကလည်း ကျနော်တို့ အောက်ခြေအထိ ဆင်းဆင်းပြီးတော့ အမြဲတမ်း ကျနော်တို့ ထိတွေ့ပြီးတော့ ဟိုဒင်း လုပ်နေပါတယ်။ အဲဒီကတော့ ဒီ….. ရခိုင်အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ တွေ့နေတယ်။ ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ တွေ့နေတယ်။ တစ်ဖက်ကလည်း ကျနော်တို့ ဒီ….. ဟုတ်လား မူဆလင်ဘာသာဝင်တွေဖြစ်တဲ့ ဒီ ဘင်္ဂါလီတွေနဲ့ ကျနော်တို့ တွေ့နေတယ်။ တစ်ဖက်ကလည်း ခုနကလို UN Agency အဖွဲ့တွေနဲ့၊ MS အဖွဲ့တို့ ဘာတို့ဆိုတာလည်း အခု ကျနော်တို့ ဒါ လုပ်နေတယ်။ ဟိုတုန်းကတော့ ဒါ အထင်အမြင် လွဲမှားမှုတွေနဲ့ ဒီလိုတွေ ဖြစ်ကြ ပြုကြတယ်။ အဲဒါ အကုန်လုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတဲ့ အနေအထားရှိတာပေါ့။

ရခိုင်ပြည်နယ်ကလည်း ကျနော်တို့ သိသလောက်ကတော့ အခုကတော့ အေးအေးချမ်းချမ်းပါဘဲ။ ပြည်တွင်းမှာလဲ ဘာသာရေးအရ လှုံ့ဆော်တာတွေ ဘာတွေရှိတယ်။ ဒီလှုံ့ဆော်တဲ့ဟာတွေကတော့ ပဋိပက္ခအသွင်ဆောင်အောင် လှုံ့ဆော်နေတာတွေက မကောင်းဘူးပေါ့ဗျာ။ ဒါတွေကတော့ ကျနော်တို့ မလုပ်သင့်တဲ့ကိစ္စတွေ။ ဒါတွေကို မလုပ်ဖို့အတွက်လည်း ကျနော်တို့က ဟုတ်လား…… ဒီ သတင်းတွေ ဘာတွေထဲမှာ ကျနော်တို့ ထည့်ပြီးတော့ ပြောတယ် ပြုတယ်။ တကယ် ကျနော်တို့ ဟိုဒင်းဖြစ်လာလို့ရှိရင်လည်း အန္တရာယ်ဖြစ်လောက်အောင် လုပ်လာတယ်ဆိုလို့ရှိရင်လည်း ဥပဒေအရ ကျနော်တို့က ဒါ လုပ်ရမှာပါ။ တရားဥပဒေ စိုးမိုးရေးက၊ တရားဥပဒေနဲ့အညီ လုပ်ကြ ပြုကြရမှာပဲ။

မေး။ ။ အဲ့ဒီတော့ အထူးသဖြင့် ဒီရခိုင်ပြည်ကိစ္စ နောက်ပြီးတော့ ပဋိမက္ခဖြစ်နေတဲ့နေရာတွေကိစ္စတွေမှာ ဆိုရင် ဒီလိုအထင်လွဲ အမြင်လွဲဖြစ်နေတဲ့ကိစ္စတွေ၊ သတင်းမှားကိစ္စတွေကို ကျွန်တော်တို့ သတင်းသမားတွေ အနေနဲ့လည်း ၀င်ပြီးတော့ ကြိုးစားပြီးတော့ တတ်နိုင်သမျှ အမှန်တရားကို ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်၊ အဲ့ဒီတော့ သမ္မတကြီးတို့ဘက် ကလည်း သတင်းလွပ်လပ်ခွင့်ပိုင်းကို ဦးစားပေးပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ဒါကတော့ မေးခွန်းလေးမေးရင်းနဲ့ ပန်ကြားတယ်ဆိုတဲ့ သဘောပါ။

ဖြေ။ ။ ကျွန်တော်တို့က ဟို….. အကျိုးတရားကို ရှေ့ရှုပြီးးတော့ပေါ့နော်၊ ပြည်သူတွေကို ခုနကလို မှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့ အသိပေးချင်တယ်။ ပြည်သူတွေကို ခုနကလို မှန်မှန်ကန်ကန်နဲ့ ပညာပေးချင်တယ်။ ပြည်သူတွေရဲ့ ခုနကလို မှန်ကန်တဲ့ ဦးတည်ချက်တွေ ဖြစ်လာစေချင်တယ်။ ပြည်သူတွေရဲ့ အတွေးအခေါ်တွေ ဟုတ်လား မှန်ကန်တဲ့ ကျွန်တော်တို့ အတွေးအခေါ်တွေ ဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့က ၀မ်းသာအားရနဲ့ လက်ခံရမှာပါ။ ဘယ်သူဘဲ မဟုတ်ပါဘူး။ ခင်ဗျားတို့ အဖွဲ့တင်မဟုတ်ပါဘူး။ ကျန်တဲ့ ဘယ်အဖွဲကို မဆို ခုနကလို ပြည်သူတွေကို အမှန်အကန်အတိုင်း ကျွန်တော်တို့ သိစေချင်တယ်။ အမှန်အကန်အတိုင်းမြင်စေချင်တယ်။ မှန်ကန်တဲ့လမ်းကြောင်း ကို ခုနက လို ကျွန်တော်တို့ ပို့စေချင်တယ်။ ဒါ ကျွန်တော်တို့ရဲ့ ဆန္ဒပါဘဲ။ ဒါ….. ခင်ဗျားတို့ မီဒီယာတွေက ကျနော်တို့ ဒီလိုလုပ်ပေးတယ်ဆိုတာတွေဟာ ကျွန်တော်တို့အတွက် ဒါ ကူညီပေးတယ်လို့တောင် ကျွန်တော်တို့က ပြောလို့ရမှာပါ။

မေး။ ။ အခုဆိုလို့ရှိရင် သမ္မတကြီးက ကျွန်တော်တို့ကို တွေ့ဆုံပြီးတော့ ခွန်စိုက်အားစိုက်နဲ့ ဖြေကြားပေးတယ်။ လုပ်ငန်း ကိုင်ငန်းတွေလည်း သွားသွားလာလာနဲ့ ကျန်းကျန်းမာမာနဲ့ လုပ်ဆောင်ပေးနေတာ မြင်ရတော့ ၀မ်းသာပါတယ်။ အလားတူဘဲ အစောက ပြောခဲ့သလို ဒီ ၂၀၁၅ ရွေးကောက်ပွဲအောင် အောင်မြင်မြင်ပြီးသွားပြီဆိုရင်တော့ ဒါ….. သမ္မတကြီးရဲ့ ပထမသက်တမ်းက ကုန်ဆုံးပြီပေါ့နော်။ ကုန်ဆုံးပြီဆိုလို့ရှိရင် သမ္မတကြီးအနေနဲ့ ဒုတိယ သက်တမ်းမှာရော ထပ်ပြီင်္းတော့ တာဝန်ထမ်းချင်တဲ့ ဆန္ဒရှိပါသလားခင်ဗျ။ တကယ်လို့များ တာဝန်ထမ်းဆောင်ခဲ့မယ်ဆိုရင် အခု လုပ်ခဲ့တဲ့ အခြေအနေတွေထက် ပိုပြီးတိုးတက်လာအောင် ဘယ်နေရာတွေမှာ ဘာတွေများ လုပ်ဆောင်ဖို့ စိတ်ကူးရှိသလဲ၊ ဘာတွေများလုပ်နိုင်မလဲဆိုတာ သိပါရစေ။

ဖြေ။ ။ အခု ကျွန်တော် ကတော့ ကျွန်တော်တင်မဟုတ်ပါဘူး၊ ဘယ်သူဘဲ ခုနကလို တိုင်းပြည်ခေါင်းဆောင်အနေနဲ့ တက်လာတက်လာ တိုင်းပြည် အကျိုးရှိမယ့် အလုပ်တွေကိုတော့ ဆက်ပြီးတော့ ကျွန်တော်တို့ တွန်းပြီးတော့ ကျွန်တော်တို့က သွားစေချင်တယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီကနေ့လုပ်နေတာဟာ ဟုတ်လား ဒီပန်းတိုင်ကနေစထွက်ပြီးတော့ ခရီးလမ်းတခုကိုတော့ ကျနော်တို့ ရောက်နေတာတော့ သေချာပြီ။ ဘယ်နေရာအထိ ရောက်နေတယ်ဆိုတာ အတိအကျ ကျွန်တော်တို့ မပြောနိုင်ပေမယ့် တနေရာကိုတော့ ကျနော်တို့ ရောက်နေပြီ။ ပန်းတိုင်မှာတော့ မဟုတ်တော့ဘူး။ စပြီးတာထွက်တဲ့ နေရာတော့ မဟုတ်တော့ဘူး။ တနေရာရာကိုတော့ ကျွန်တော်တို့ ရောက်နေပြီ။ ဒီရောက်နေတဲ့ဟာကို တိုင်းပြည်အတွက် ကောင်းအောင် နောက်တက်လာတဲ့သူက ရှေ့ကို ဆက်ပြီးတော့ တွန်းသွားပေးဖို့ လိုပါတယ်။ အရင်လုပ်ထားတဲ့ အလုပ်တွေ အကုန်ဖျက်၊ တစ်ကပြန်စဆိုရင် ဘာဘဲဖြစ်ဖြစ်တိုင်းပြည် နစ်နာမှာ။ ဒါတခုဘဲ ကျွန်တော်တို့က စိုးရိမ်ပါတယ်။ ဘယ်သူဘဲဖြစ်ဖြစ် ကျွန်တော်တို့ တက်လာတက်လာ။ ဘယ်သူဘဲဖြစ်ဖြစ် တိုင်းပြည် အကျိုးရှိတဲ့ အလုပ် လုပ်တယ်ဆိုရင် ကျွန်တော်တို့က ဒါ ကျွန်တော်တို့က သဘောကျတာပေါ့ဗျာ။ ခုနကလို။ နော်။

မေး။ ။ ကျွန်တော်က မေးထားတာက သမ္မတကြီးကိုယ်တိုင်သာ ဒုတိယ သက်တမ်းမှာဆက်လုပ်ခဲ့ရမယ်ဆိုရင် ဆက်လုပ်ဖို့ရော ဆန္ဒရှိသလား၊ လုပ်ခဲ့မယ်ဆိုရင် ဘာတွေများ ထပ်ပြီးတော့ အထူးတလည် အာရုံထားဆောင်ရွက်ရမယ့် ကိစ္စလေးပေါ့။

ဖြေ။ ။ အဲဒီတော့ ကျနော် ဆက်ပြီးတော့ လုပ်ဖို့ မလုပ်ဖို့ ဆိုတာ၊ ဒီကိစ္စလည်း ကျွန်တော် အမြဲတမ်းဘဲ ပြောပါတယ်။ ကျွန်တော်ကတော့ ခုနကလို ကျွန်တော့်ရဲ့ အသက်အရွယ်၊ ကျွန်တော့်ရဲ၊ ဟိုဒင်းအရ ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော် အေးအေးချမ်းချမ်းနဲ့ နားချင် ပြုချင်တယ်ပေါ့။ သို့သော်လည်း ခုနကလို တိုင်းပြည်က ဘယ်လိုတွေဖြစ်လာမလဲ။ ဒါတွေလည်း ကျွန်တော်ကြည့်ရမယ်။ ဒီကနေ့ တာဝန်ရှိတဲ့ လူတယောက်အနေနဲ့ပေါ့။

တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူတွေရဲ့ဆန္ဒ။ နော် ဒါတွေကိုကျွန်တော်တို့ ကြည့်ရပါမယ်။ အဲ့တော့ ဆက်ပြီးတော့ လုပ်မယ်မလုပ်ဘူးဆိုတာကတော့ ကျွန်တော့မှာ ဆုံးဖြတ်ချက်တော့ ဟို မရှိပါဘူး။ သို့သော်လည်း ကျွန်တော်ဘဲလုပ်လုပ် ဘယ်သူဘဲ လုပ်လုပ် ခုနက ကျွန်တော်ပြောသလိုပါဘဲ၊ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ဟာတွေ။ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ဟာတွေက ဘာတွေလည်းဆိုတော့ တစ်အချက်က တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိအောင် ကျွန်တော်တို့ လုပ်ချင်တယ်ပေါ့နော်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ လုပ်စေချင်တယ်။

နောက်တခုက တိုင်းပြည်ရဲ့ လူမှု အကျိုးစီးပွါးတွေ တိုးတက်လာအောင် ကျွန်တော်တို့ လုပ်စေချင်တယ်။ လူမှုစီးပွါးဘ၀ ဆိုတဲ့ နေရာမှာ တိုင်းပြည် ခုနကလို ကြွယ်ဝ ချမ်းသာဖို့အတွက် ပထမဦးစားပေးက ဆင်းရဲ နွမ်းပါးတဲ့သူတွေ၊ မတောင့်မတ မကြောင့်မကြဘဲနဲ့ ခုနကလို စားနိုင်သောက်နိုင်အောင်၊ ထိုက်သင့်တဲ့ ပုံမှန်ဝင်ငွေတွေလေးရအောင်၊ သူတို့ သားသမီးလေးတွေ ခုနကလို ကျောင်းတက်နိုင်အောင်၊ နောက်တခါ နေထိုင်မကောင်းဖြစ်တဲ့အခါမှာ ဆေးဝါးကုသနိုင်အောင်၊ ဒါ အခြေခံ ကျွန်တော်တို့ လိုအပ်ချက်ပါဘဲ။ တဖက်က အခြေခံလိုအပ်ချက်ကို ကျွန်တော်တို့ ဦးစားပေးပြီးတော့ လုပ်စေချင်တယ်။ ဒုတိယကတော့ ခုနကလို တိုင်းပြည် စီးပွါးရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့မှာ အခြေခံကောင်းတွေ ရှိတယ်။ ဒီအခြေခံကောင်းတွေကို ခုနကလို ကျွန်တော်တို့ အကျိုးရှိရှိနဲ့ အသုံးချပြီးတော့မှ ကျွန်တော်တို့ရဲ့ ခုနကလို တိုင်းသူပြည်သားတွေအတွက်၊ ကြွယ်ဝချမ်းသာဖို့အတွက်၊ ဒါတွေကို ကျနော်တို့ ဘယ်သူဘဲ တက်လာတက်လာ ဆက်ပြီးတော့ လုပ်သွားစေချင်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျ။

ဦးသိန်းစိန်။ ။ အိုကေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ခင်ဗျားတို့ကိုလည်း။

VOA

ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ တွေ့ဆုံမှုကို ထိုင်းတပ်မတော် စတင်ကန့်သတ်

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သည့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစည်း အဝေးများ ပြုလုပ်မည် ဆိုပါက ထိုင်းစစ်တပ်သို့ ဦးစွာ အကြောင်းကြား ရမည် ဖြစ်ကာ နှစ်ဖက် ညှိနှိုင်းပြီးမှ ဆွေးနွေး၊ တွေ့ဆုံပွဲများကို ဆက်လက် လုပ်ဆောင် ရမည်ဟု ထိုင်းအမှတ် (၃) စစ်ဒေသမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ အကြောင်းကြားထားသည်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို နိုဝင်ဘာလ ၂၀ ရက်က ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါက ပြောင်းလဲလာတဲ့ ပေါ်လစီ အသစ်ပေါ့ဗျာ၊ အကြောင်းကြား လာတာ (၄) ရက် (၅) ရက်လောက် ရှိပြီ၊ အရင်တုန်းကတော့ ဒေသဆိုင်ရာ အရာရှိတွေက သူတို့လိုင်းနဲ့ သူတို့ သိကြတယ်၊ အရင် လုပ်ထုံးလုပ်နည်းကတော့ နားလည်မှု ခပ်များများပေါ့၊ အခု ထိုင်းအာဏာပိုင်တွေကနေ အဲလိုမျိုး စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဆိုပြီး လာပြောပြတော့ ကျွန်တော်တို့လည်း လိုက်လံ လုပ်ဆောင်ဖို့ လိုလာတာပေါ့ဗျာ၊ ဒါလည်း စည်းနဲ့ကမ်းနဲ့ ဖြစ်အောင်လို့ပါ ၊ ပိတ်ဆို့ တားဆီး ဟန့်တားတဲ့ တာတော့ မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

ယင်းသို့ ထိုင်းတပ်မတော်က ညွှန်ကြားချက် ထုတ်ပြန်လာခဲ့ခြင်းမှာလည်း ပြီးခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေး သွားရောက် တက်ရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တို့၏ ဆွေးနွေးမှုများမှ တစ်ဆင့် ထိုင်းမြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ထိုင်းအစိုးရက အကူအညီ ပေးနေသည်ကို ကန့်သတ်ရန် မြန်မာအစိုးရ၏ တောင်းဆိုမှုကို ထိုင်းအာဏာပိုင်များက အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတပ်မတော်မှ အမည်မဖော်လိုသည့် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

အဆိုပါ ကန့်သတ်ချက် များကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့ ညှိနှိုင်း ဖော်ဆောင်နေ သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ထိခိုက်နိုင်ဖွယ်ရှိကြောင်း UNFCမှ အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ပြောသည်။

အဆိုပါ အမည်မဖော်လိုသည့် တိုင်းရင်းသားခေါင်းဆောင်က “အဓိ ညှိနှိုင်းတဲ့ နေရာမှာ ကျွန်တော်တို့ အချင်းချင်း မြန်မြန် ဆန်ဆန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း နိုင်မယ်ဆိုရင်၊ ချက်ခြင်း ဆုံးဖြတ်ချက် ချနိုင်မယ်၊ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ညှိနှိုင်းချက်တွေ မြန်မြန်ဆန်ဆန် သဘောတူညီချက် ရနိုင်မယ်၊ ဒီအပိုင်းကို ထိုင်းအာဏာပိုင်တွေက ကန့်သတ်လိုက်တာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ ကဏ္ဍကို အနည်းနဲ့ အများတော့ ထိခိုက်မှု ရှိနိုင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ညွှန်ကြားချက်မှာ ထိုင်းနိုင်ငံ စစ်ဒေသဆိုင်ရာ အဆင့် ညွှန်ကြားချက် ဖြစ်ကာ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေကြ သဖြင့် ၎င်းတွေ့ဆုံ ဆွေးနွေးမှုများအား ထိုင်းဒေသဆိုင်ရာ တပ်မတော်များမှ သိရှိနိုင်ရန်အတွက် ဖြစ်သည်ဟု ထိုင်းတပ်မတော်မှ အမည်မဖော်လိုသည့် ဗိုလ်မှူးတစ် ဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းကြည်းတပ်မတော်မှ ဗိုလ်မှူး တစ်ဦးက “အဲဒီ ညွှန်ကြားချက်က အမှတ် (၃) စစ်ဒေသရဲ့ ဒေသဆိုင်ရာ စစ်တိုင်းအဆင့် ပေါ်လစီ ဖြစ်တယ်၊ အဲဒီ နယ်မြေဒေသရဲ့ လုံခြုံရေးဆိုင်ရာကို သူတို့က တာဝန်ယူထားတာ ဆိုတော့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သင့်တဲ့ ပေါ်လစီတွေကို အမှတ် (၃) စစ်ဒေသက ချမှတ်ပြီး အကောင်အထည် ဖော်ဖို့ ညွှန်ကြားတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ အစည်းအဝေး မပြုလုပ်ခင် ကြိုတင် အကြောင်းကြားရမည့် ထိုင်းဒေသဆိုင်ရာ စစ်တိုင်း၏ ပေါ်လစီအား ယခုအကြိမ်၌ ပထမဆုံးအကြိမ် အဖြစ် ကျင့်သုံးခဲ့ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝါဒ် အစိုးရ လက်ထက်၌လည်း အလားတူ ညွှန်ကြားခဲ့ခြင်း ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းအမှတ် (၃) စစ်ဒေသသည် ထိုင်းနိုင်ငံ မြောက်ပိုင်း တစ်ခွင်ရှိ ကြည်းတပ်များအား ထိန်းချုပ်ကွပ်ကဲရသည့် စစ်တိုင်း ဖြစ်ကာ ၎င်း၏ ထိန်းချုပ် ကွပ်ကဲမှု လက်အောက်၌ ချင်းမိုင်၊ ချင်းရိုင်၊ လန်ပန်၊ တာ့ခ်၊ ခရိုင်ရှိ ကြည်းတပ်များ ပါဝင်ကြောင်း သိရသည်။

ထိုသို့ အစည်းအဝေး (သို့မဟုတ်) တွေ့ဆုံပွဲ ပြုလုပ်မည် ဆိုက အကြောင်းကြားရမည့် အချက်များ၌ အစည်းအဝေး ကျင်းပမည့်ရက်၊ နေရာ ၊ ဆွေးနွေးမည့် အကြောင်းအရာ၊ တက်ရောက်မည့် လူဦးရေ စသည့် အချက်များအား ထိုင်းတပ်မတော်သို့ တရားဝင် အကြောင်းကြား ရမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

Credit : Here

အမျိုးသားပညာရေး ဥပဒေအပေါ် အကြံပေးပညာရှင်များ၏ သဘောထား ထုတ်ပြန်ချက်

ကျွန်ုပ်တို့ အကြံပေးပညာရှင်များအဖွဲ့ကို ပညာရေးနယ်ပယ်တွင် နှံ့စပ်ကျွမ်းကျင်သူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုသာ ဘ၀တစ်လျှောက် ကိုယ်စိတ်နှစ်ပါး နှစ်မြှုပ်ကာ ဆောင်ရွက်ခဲ့ကြသူများဖြင့် ဖွဲ့စည်းထားပါသည်။

စေတနာကို အရင်းခံကာ အမျိုးသားပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက် လျက် ရှိပါသည်။

အမျိုးသားပညာရေးဥပဒေ ပေါ်ပေါက်လာပုံကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများချမှတ်နိုင်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများ၊ ဆက်နွှယ်ပတ်သက်နေသူများနှင့် အဖွဲ့အစည်းများက နှီးနှောဖလှယ်ပွဲတစ်ရပ်ကို နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

ယင်းနှီးနှောဖလှယ်ပွဲ၏ ရလဒ်တစ်ခုမှာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး Comprehensive Education Sector Review (CESR) ကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လေ့လာမှုပြုရန် ဖြစ်ပါသည်။ CESR ကို ကျွန်ုပ်တို့အကြံပေးပညာရှင်အဖွဲ့နှင့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ပူးပေါင်း ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဩဂုတ်လမှစတင်၍ CESR ကို ဆောင်ရွက်ရန် ပညာရှင်အဖွဲ့များဖွဲ့၍ သုတေသနလေ့လာမှု များ ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၃ မတ်လတွင် သုတေသနလေ့လာချက် CESR အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေး လုပ်ငန်းများကို ဖော်ထုတ် တင်ပြထားရာ ပညာရေးရည်မှန်းချက် များ၊ ပညာရေးမူဝါဒများ ချမှတ်ရေးနှင့် အမျိုးသားပညာရေး ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကို ပထမဦးစားပေး ဆောင်ရွက်ရန် ဖြစ်ပါသည်။

ထိုအချိန်မှစ၍ ကျွန်ုပ်တို့အကြံပေးပညာရှင်အဖွဲ့သည် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှင့်အတူ ပညာရေးမူဝါဒများ ရေးဆွဲနိုင်ရေးနှင့် အမျိုးသားပညာရေး ဥပဒေကြမ်း ရေးဆွဲနိုင်ရေး အတွက် အချိန်ပြည့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံပညာရေးသမိုင်းတွင် တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ဖူးသော အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကပြဋ္ဌာန်းနိုင်သည်အထိ ဆောင်ရွက်နိုင် ခဲ့ပြီ ဖြစ်သည့်အတွက် များစွာနှစ်ထောင်း အားရဖြစ်မိပါသည်။

သို့ရာတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ကျောင်းသားအချို့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်ခဲ့ပါသည်။ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြမှုများအပေါ် မိဘနှင့် သားသမီးများသဖွယ် လွန်စွာ စိတ်မချမ်းမြေ့မှု ဖြစ်ခဲ့ရပါသည်။

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ကျောင်းသားအချို့၏ ထုတ်ပြန်ချက် ၆ ချက်အပေါ် ရှင်းလင်း ချက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖိတ်ခေါ်ချက်ကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ဤအမျိုးသားပညာရေးဥပဒေ၏ ဝိသေသမှာ ပညာရေးကဏ္ဍအားလုံးကို လွှမ်းခြုံသည့် သဘောရှိသည်။ ပညာရေးနှင့် ပတ်သက်သော ကဏ္ဍအသီးသီး ပါဝင်ဖော်ပြထားသည်။ ဤဥပဒေသည် ပညာရေးနှင့် ပတ်သက်သည့် ရည်မှန်းချက်၊ မူဝါဒနှင့် စနစ်တို့ကို ဖော်ပြထားသော ဥပဒေတစ်ရပ်ဖြစ်သည်။

ထိုဥပဒေကို အခြေပြု၍ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ ဆရာ အတတ်ပညာ စသော ကဏ္ဍအလိုက် သီးခြားဥပဒေ များကို ဆက်လက်ပြုစုပြဋ္ဌာန်းရန်နှင့် ဤဥပဒေကို အကောင် အထည် ဖော်နိုင်ရန် နည်းဥပဒေကိုလည်း ရေးဆွဲခြင်း၊ ကဏ္ဍအလိုက်ဥပဒေများနှင့် ပတ်သက် သော နည်းဥပဒေ များနှင့် တက္ကသိုလ်အလိုက် တက္ကသိုလ်ပဋိညာဉ် စာတမ်းများကို မူလအစီအစဉ် ရှိသည့်အတိုင်း ရေးဆွဲခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

အမျိုးသားပညာရေးကော်မရှင်နှင့် အဆင့်မြင့်ပညာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထားခြင်း သည် ဗဟိုချုပ်ကိုင်ရန် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ခွင့်ပြုရန်ပုံငွေရရှိရေးအတွက် တာဝန်ခံတင်ပြပေးရန်၊ သက်ဆိုင်ရာ အဖွဲ့ အစည်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များနှင့်ပေါင်းစပ် ညှိနှိုင်းပေး ရန်နှင့် ပညာရေးအရည်အသွေး အာမခံမှုစနစ်နှင့် အဆင့်အတန်းသတ်မှတ်မှုကို လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် သာဖြစ်ပါသည်။

ဤဥပဒေတွင် ပညာရေးကဏ္ဍအသီးသီးအတွက် လိုအပ်သောဘဏ္ဍာငွေကို ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ ထောက်ပံ့ပေးရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။ စီမံကိန်းဥပဒေ၊ အရအသုံးဥပဒေတို့နှင့်အညီ ရန်ပုံငွေ မည်မျှခွင့်ပြုမည်ကို လွှတ်တော်ကစိစစ်အတည်ပြု၍ ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော အရအသုံးဆိုင်ရာ ဥပဒေတွင်သာဖော်ပြနိုင်မည် ဖြစ်ပါသည်။

အမျိုးသားပညာရေးဥပဒေကြမ်းကို ကျွန်ုပ်တို့အကြံပေးအဖွဲ့၊ ပညာရေးမြှင့်တင်မှု အကောင် အထည် ဖော်ရေး ကော်မတီနှင့် ပညာရေးဆိုင်ရာ ဥပဒေများ ပြုစုရေးလုပ်ငန်းအဖွဲ့တို့က ဦးဆောင်ပြီး ပညာရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများ၊ စီမံခန့်ခွဲသူများ၊ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ပညာရေးနှင့် ဆက်နွှယ်ပတ်သက်သူ များနှင့် ပညာရေးကိုစိတ်ဝင်စားသူများ အားလုံး ပါဝင်သည့်ဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲတွင် NNER လည်း ပါဝင်ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အားလုံးဝိုင်းဝန်း ပြုစုထားသော အမျိုးသားပညာရေး ဥပဒေမူကြမ်း ကို ပညာရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ယင်းဥပဒေတွင် အခန်း(၁၄)ခန်းနှင့် ပုဒ်မ (၈၀)ပါဝင်ပြီး ပြည်သူ့လွှတ်တော်က ၂၀၁၄ ခုနှစ် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ အကြိမ်ကြိမ်ဆွေးနွေးပြီး အခန်း (၁၄)ခန်းနှင့် ပုဒ်မ (၆၉)ချက်ပါဝင်သော အမျိုးသား ပညာရေးဥပဒေကြမ်းကို ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ရက်နေ့တွင် အမျိုးသားပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။

ယခုကာလသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလဖြစ်သည့် အတွက် ဒီမိုကရေစီအလေ့အကျင့် များစွာ လိုအပ်နေပါသည်။ ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လူတိုင်း ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကျင့်သုံးမှသာလျှင် ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အချိန်တိုအတွင်း အဆင်ပြေ ချောမွေ့စွာ ကူးပြောင်းနိုင်မည် ဖြစ်ပါသည်။

အမျိုးသားပညာရေးဥပဒေနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဆိုပါက အကြံပေး ပညာရှင် အဖွဲ့အပါအဝင် ပညာရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ဆွေးနွေးရန် လိုအပ်မည်ဖြစ်ပါသည်။ ဥပဒေပြုစုရေးနှင့် ဥပဒေပြင်ဆင်ရေး ကိစ္စများမှာ လွှတ်တော်နှစ်ရပ်၏ ဆောင်ရွက်ရ မည့်တာဝန် များ ဖြစ်သဖြင့် လွှတ်တော်များက လုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သလို ဆောင် ရွက်ရမည်ဖြစ်ပါသည်။

ပညာရေးအကြံပေးပညာရှင်များအဖွဲ့
Credit : MOI Webportal Myanmar

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှု ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ရှင်းလင်း

KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးထိမှန်မှုမှာ ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်ခြင်းမဟုတ်ကြောင်း ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာ ၂ဝ ရက်တွင် မြစ်ကြီးနားမြို့၌ သတင်းထောက်များကို ရှင်းလင်းပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၂ဝ မိနစ်ခန့်က KIO ဗဟိုဌာနချုပ် ရုံးစိုက်ရာ လိုင်ဇာမြို့အနီးရှိ KIA ဗိုလ်သင်တန်းကျောင်းသို့ တပ်မတော်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ခဲ့ပြီး KIA ဗိုလ်လောင်းသင်တန်းသား ၂၃ ဦးသေဆုံးခဲ့ပြီး သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုကိစ္စရပ်အပေါ် ကချင်ပြည်နယ် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီး အောင်ကျော်ထွန်းတို့ ပါဝင်သော အဖွဲ့က ရှင်းလင်းခဲ့ရာ၌ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဖြစ်သွားတဲ့ အနေအထားကို ရှင်းပြချင်ပါတယ်။ ဆမား-ခါတ်ဂမ်လမ်းကြောင်းမှာ ဖြစ်ခဲ့တာပါ။ ၁၁ နာရီ ၄၅ မိနစ် မှာ လမ်းဖောက်နေတဲ့ ဒိုဇာနဲ့ လုံခြုံရေးတာဝန်ယူထားသူတွေကို လာရောက်ပစ်ခတ်တာ ရှိပါတယ်။ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပွိုင့် ၁၁ဝ၃၊ LH ၆၄ဝ၇၅၅ ကနေပြီး တိုက်ခိုက်ခဲ့ပါတယ်။ တပ်မတော်ကလည်း လက်လှမ်းမီရာနေရာတွေကို လက်နက်ကြီးတွေနဲ့ သတိပေးပစ်ခတ်ရာကနေပြီးတော့ KIA တပ်စခန်း တစ်ခု အတွင်းကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ ခါတ်ဂမ်းလမ်းက လမ်းဟောင်းရှိပြီးသား မြေသားလမ်းဖြစ်ပါတယ်။ တပ်စခန်းကို ဦးတည်တဲ့လမ်းလည်း မဟုတ်ပါဘူး။ လမ်းဖောက်တဲ့အခါ လာရောက်ပစ်ခတ် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေရပါတယ်။ အောက်ခြေချင်းလည်း ညှိပါတယ်။ တပ်ပိုင်းဆိုင်ရာအနေနဲ့လာပြီး တိုက်ခိုက်ခဲ့လို့ ပြန်ပစ်တာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။

“တပ်မတော်ကလည်း ဒီလမ်းလုပ်မယ်လို့ ပြောထားလျက်နဲ့ ပစ်ခတ်မှုတွေဖြစ်လာတော့ လိုအပ်တဲ့ အနေအထားကို ပစ်ခတ်ရတဲ့အနေအထား ဖြစ်ပါတယ်။ လက်လှမ်းမီရာကို ပစ်ခတ်ရင်း KIA တပ်စခန်းတစ်ခုထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ ဖြစ်စဉ်ဖြစ်သွားတာပါ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ တမင်တကာ ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ပါဘူး”ဟု ဗိုလ်မှူးကြီးသန်းအောင်က ဆိုသည်။

ဖြစ်စဉ်အသေးစိတ်အား ရှင်းလင်းပြောကြားပေးရန် The Daily Eleven မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီး သန်းအောင် က လက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး လက်နက်ကြီးအမည်ကို ထုတ်ဖော်မပြောနိုင်သေး ကြောင်း၊ ခန့်မှန်းခြေအကွာအဝေးမှာ ခိုင်ယာဘွမ်စခန်းမှ နှစ်မိုင် ခန့်ဝေးနိုင်ကြောင်း၊ KIA ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့က နိုဝင်ဘာ ၁၉ ရက်တွင် အကြောင်းကြားလာသဖြင့် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကို စာဖြင့် ပြန်ကြားပေးရန် အကြောင်းပြန်ထားကြောင်း၊ ယခုဖြစ်ပွားခဲ့သော လမ်းပိုင်းအတွင် ပဋိပက္ခညှနှိုင်းရေး အဖွဲ့အချင်းချင်း လတ်တလောညှိနှိုင်းထားခြင်း မရှိသော်လည်း နှစ်စဉ်ပွင့်လင်းရာသီတွင် ဖောက်လုပ် နေကျ ဖြစ်ကြောင်း ပြောကြားသည်။

ဗိုလ်မှူးကြီးသန်းအောင်၏ ပြောကြားချက်အရ ၂ဝ၁၄ ခုနှစ်အတွင်း ဇွန်၌ တစ်ကြိမ်၊ စက်တင်ဘာတွင် နှစ်ကြိမ်၊ အောက်တိုဘာတွင် နှစ်ကြိမ် KIA ဘက်က ပစ်ခတ်မှုများရှိခဲ့ ပြီး စာဖြင့်ညှိနှိုင်းခဲ့ကြောင်း၊ ယခုလအတွင်း၌လည်း ကချင်ပြည်နယ်အနှံ့ သုံးကြိမ်ထက်မနည်း KIA ဘက်က ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဆိုသည်။ ၎င်း၏ ဖြေရှင်းချက်များအရ ပစ်ခတ်တိုက်ခိုက်မှုများသည် KIA ဘက်က စတင် ပစ်ခတ် ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသော်လည်း အဆိုပါဖြေရှင်းချက်များမှ KIA ဘက်မှ ပြောကြားချက် များနှင့် အချက်အလက်ကွဲပြားမှုများ ရှိနေသည်။

“လာမယ့် ပဋိပက္ခညှနှိုင်းရေးဆွေးနွေးပွဲမှာ ဆွေးနွေးကြမှာပါ။ ငြိမ်းချမ်းရေးကို တပ်မတော်ရော၊ KIA ပါ ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာပါ။ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်လို့ မထင်ပါဘူး။ ဒီထက်ကြီးကျယ်တဲ့အရာတွေလည်း ဖြစ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အပျက်မခံဘူးလို့ ယုံကြည်ပါ တယ်”ဟု ဗိုလ်မှူးကြီး သန်းအောင်က ဆက်လက်ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့် ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု UNFC တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နိုဝင်ဘာ ၂ဝ ရက်တွင် ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။

Eleven Media Group