မောင်တောတွင် အကြမ်းဖက် တိုက်ခိုက်ခံရ၍ သေဆုံး/ဒဏ်ရာရသူ လုံခြုံရေး တပ်ဖွဲ့ဝင်များ စာရင်း



ဘင်္ဂလီတို့၏ အကြမ်းတိုက်ခိုက်မူကြောင့် ရခိုင်ပြည် နယ် မောင်တောမြို့နယ် အတွင်း နိုင်ငံ တာဝန်ယူု ထမ်းဆောင် နေစဉ် သေဆုံးခဲ့ရသော လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း မောင်တောခရိုင် ရဲမှတ်တမ်း တစ်ခုအရ သိရသည်။


၂၀၀၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် အမှတ် (၂) ရဲတပ်ရင်းမှ လုံထိန်း တပ်ကြပ်ကြီး ဦးဝင်းလိုင် (ကိုယ်ပိုင်အမှတ်- လ ၁၂၃၈၁၈) သည် မောင်တော မြို့နယ် မြို့သူကြီးကျေးရွာတွင် တာဝန် ထမ်း ဆောင် နေစဉ် ဘင်္ဂလီ အုပ်စု တစ်ခုမှ ၀ိုင်းဝန် တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည်။

၂၀၀၁ ခုနှစ် နိုဝင်္ဘာလ ၂၃ ရက်နေ့ နံနက် လင်းအားကြီး ၂ နာရီ ၃၀ မိနစ်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လောင်းတုံကင်းစခန်းတွင် မကောင်းမူပြုလုပ်သော ဘင်္ဂလီ အမျိုးသမီး တစ်ဦးနှင့် ရဲသားများကို ဖျားယောင်း အရက်တိုက်ပြီး အရက်မူး၍ အိပ်ပျော်နေကြစဉ် ဘင်္ဂလီ လူအုပ်စု တစ်ခုက ၀င်ရောက် တိုက်ခိုက်သဖြင့် စခန်းတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင် (၆) ဦးသေဆုံးခဲ့ပြီး ရိုင်ဖယ် (၆) လက်နှင့် ၎င်းကျည်ဆံ ၁၂၅၀ တောင့် ပါသွားခဲ့သည်။

၂၀၀၄ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် ဒုရဲအုပ် ရန်အောင်သည် သူ၏ တပည့် တစ်ဦးဖြစ်သူ ရဲတပ်သား လှမျိုး၊ ဘင်္ဂလီ လူမျိုး တစ်ဦးဖြစ်သူ အာမီအူဆောင်း အပါအ၀င် တခြားသက်ကိုင်းညှာ မူဆလင်ရွာမှ ရွာသားများနှင့် ဈေးဝယ်၍ ပြန်လာစဉ် ရုတ်တရက် တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရသည်။ သူ၏ အလောင်းအား ပြူးမချောင်း အနောက်ဘက်ကမ်းတွင် ရှာဖွေတွေ့ရှိခဲ့သော်လည်း သူကိုင်ထားသော ခြောက်လုံးပြူးနှင့် ကျည်ဆံ (၆) တောင့်မှာ ပျောက်ဆုံးသွားခဲ့သည်။

၂၀၀၈ ခုနှစ် စက်တင်္ဘာလ ၁၈ ရက်နေ့က ညဥ့် ၁၁ နာရီ အချိန်တွင် ကင်းချောင်းစခန်းမှ တပ်ကြပ်ကြီး ဖိုးခင်နှင့် ရဲတပ်သား ၃ ဦးတို့ ကင်းလှည့်ရာမှ ပြန်လာစဉ် ဘင်္ဂလီ ၁၀ ယောက်ခန့်က တုတ်ဓါးများဖြင့် တိုက်ခိုက်သဖြင့် အသက်ဘေးမှ လွတ်ခဲ့သော်လည်း အားလုံး ဒဏ်ရာ ရရှိခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကင်းလှည့်နေသော ဗိုလ်ကြီး ကျော်ဇင်ထွန်း ဦးဆောင်သော လုံခြုံရေး တပ်ဖွဲ့ တစ်ခုအား မောင်တောမြို့နယ် သက်ချောင်း ကျေးရွာ အုပ်စု မော်လ၀ီရွာတွင် ဘော်ရှီ (ဘ) ဦးဆွေယော့တာမောက် ဦးဆောင်သော ရွာသား ၁၅၀ ခန့်က ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် (၇) ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံ တင်ခဲ့ရသည်။

၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မောင်တောတွင် တရားခံ တစ်ဦးကို လိုက်ရှာရန် သွားသော ဒုရဲအုပ် အောင်ကျော်ခန့်နှင့် တပ်ကြပ်စံဝင်းတို့ အား ဘင်္ဂလီ လူအုပ်စု တစ်ခုက တုတ်ဓါးများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၄ ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ တစ်ခုအား မောင်တော မြို့နယ် တောင်ပိုင်း ဒုချရားတန်းရွာမှ ရွာသားများ ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ရဲတပ်ကြပ် အောင်ကျော်သိန်းမှာ ယခုအချိန်ထိ သူကိုင်ဆောင်သော လက်နက်နှင့် အတူ ပျောက်ဆုံးနေသည်။

(ယခု ဖေါ်ပြချက်မှာ ဘင်္ဂလီ အရပ်သားများက တိုက်ခိုက်ခဲ့သော စာရင်းသာ ဖြစ်ပြီး အကြမ်းဖက် လက်နက် ကိုင် တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်း စာရင်း မပါဝင်သေးကြောင်း သိရသည်။)

By နိရဉ္စရာ

ဆရာဝန်အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ ရန်ကုန်မှာ ကျင်းပ


`

ဆေးပညာဘွဲ့ရ ဆရာဝန် အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂) သင်တန်း ဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ၊ မှော်ဘီ တပ်နယ် ၊ ဗဟိုဆေးတပ် ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါ အခမ်းအနား သို့ ကာကွယ်ရေး ဦးစီးချုပ် ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးမြင့်သိန်း ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဖုန်းမြင့် ၊ တပ်မှူးများ ၊ တပ်မတော် အရာရှိကြီးများ ၊ သင်တန်းဆင်း ဗိုလ်လောင်း များ၏ မိဘများ ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ တက်ရောက် ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့် က သင်တန်းဆင်း ဗိုလ်လောင်း များအား ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ပေးအပ်ပြီး အမှာစကား ပြောကြားသည်။ ထို့နောက် သင်တန်းဆင်း ဗိုလ်လောင်း များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ ဗိုလ်လောင်း ၁၅ ဦး တက်ရောက်၍ သင်တန်း ကာလမှာ ရက်သတ္တပတ် လေးပတ် ကြာမြင့်ကြောင်း သိရှိရသည်။ (၁၀၀)

By Myawady Daily

HD ဗားရှင်း ရုပ်ရှင် ၄၄ ကားကို တစ်စက္ကန့်ထဲနဲ့ ဒေါင်းနိုင်မဲ့ ကမ္ဘာ့အမြန်ဆုံးအင်တာနက်စမ်းသပ်အောင်မြင်ပြီ



ချုံ့တောင်မချုံ့ထားတဲ့ HDဆင့် ရုပ်ရှင်၄၄ကားကို တစ်စက္ကန့်ထဲနဲ့ ဒေါင်းနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းကို ဗြိတိန်မှာ အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


ဒါဟာ သာမန်ကွန်ပျူတာ တွေနဲ့သုံးရင်တောင်ရတဲ့ ကမ္ဘာ့အမြန်ဆုံး အင်တာနက်လိုင်းပါလို့ ပြင်သစ် ဖုန်းပစ္စည်း ကုမ္ပဏီ Alcatel-Lucent နဲ့ လန်ဒန်အခြေစိုက် နိုင်ငံပေါင်းစုံ ဆက်သွယ်ရေးကုမ္ပဏီ BT တို့က အတည်ပြုပေးခဲ့ပြီး Wall Street ဂျာနယ်မှာ သတင်းထုတ်ပြန်ထားပါတယ်။

စမ်းသပ်ကာလ အနေနဲ့ ရနိုင်တဲ့နေရာတွေကတော့ Fitzrovia မှာရှိတဲ့ BT တာဝါနဲ့ Suffolk စီရင်စုမှာရှိတဲ့ BTကုမ္ပဏီပိုင် Adastral Park သုတေသနနယ်မြေ တို့ကြား ၄၁၀ ကီလိုမီတာရှိ လက်ရှိဖိုင်ဘာချိတ်ဆက်မှု နဲ့ပါပဲ။ တစ်စက္ကန့်ကို 1.4 Tb (1400GB/s) နှုန်းရရှိပါတယ်။

သြစတြေးလျမှာတော့ အင်တာနက်ဒေါင်းလုတ်မြန်နှုန်းဟာ ပုံမှန် 4.8 လောက်ပဲပြေးနေတဲ့အတွက် Alcatel-Lucent နဲ့ BT တို့ရဲ့ ကွန်နက်ရှင်နဲ့ ယှဉ်ရင် အဆပေါင်း ၃သိန်း ပိုနှေးနေပါသေးတယ်။

Ref: www.news.ninemsn.com.au
By Trend Myanmar

တိုင်းရင်းသား လက်နက်ကိုင်အားလုံး အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေး သင့်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို



ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြန်လည် တည်ဆောက်ရာတွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အားလုံး အနေ နှင့် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးပြီးမှသာ နိုင်ငံ ရေး ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြား လိုက်သည်။


ဇန်နဝါရီလ ၂၃ ရက်နေ့က ကရင်ပြည်နယ်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လေးဝါး စခန်းတွင် ပြုလုပ်နေသော ဒုတိယအကြိမ် တိုင်းရင်း သား လက်နက်ကိုင် ထိပ်သီးညီလာခံ (လော်ခီး လာ) စတုတ္ထနေ့ အစီအစဉ်အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ကျင်းပသော အစိုးရနှင့် KIO/KIA အဖွဲ့တို့ဆွေးနွေးပွဲ များတွင် KIO က နိုင်ငံရေးသာ အရင်ဆုံး ဆွေးနွေး လိုကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်ထွက်ပေါ်မှသာ အပစ်ရပ်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုအကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားသော်လည်း အဆိုပါ လက်မှတ်ထိုးပြီးသည့် အဖွဲ့များမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးသည့်အခါ ပြန်လည် ပါဝင်ရန် ရှိ မရှိကို အတိအကျ မသိရကြောင်း ၎င်းကပြောကြားသည်။

“ကေအိုင်အိုအနေနဲ့ စဉ်းစားတာက အားလုံးတစ်နေရာမှာ ဆုံကြပြီး လက်မှတ် ရေးထိုးပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲကို သွားသင့်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ပြောနေတာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။

KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အများစုနှင့် အစိုးရတို့ အပစ်ရပ်စာချုပ်များ လက်မှတ် ရေးထိုးပြီး ဖြစ်သော်လည်း အစိုးရနှင့် ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း၊ နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သေချာမှသာ အစိုးရနှင့် ကေအိုင်အို တို့ အပစ်ရပ် လက်မှတ်ထိုးနိုင်မည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ထုတ်ပြန် ထားသည်။

အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် မည်သည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ပါဝင်မည်ကို လော်ခီးလာ (စခန်းသာ) ညီလာခံတွင် ပြန်လည် စိစစ်မည် ဖြစ်ပြီး အစိုးရကမူ နှစ်ဖက် အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ကိုသာ ပါဝင်စေလိုကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ထံမှ သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး ရာတွင် နိုင်ငံရေး ဆွေးနွေးမှု အခန်းကဏ္ဍကို ဦးစွာဆွေးနွေး လိုကြောင်း တိုင်းရင်းသား အဖွဲ့ အချို့က ပြောဆိုထားသော်လည်း တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်မည် ဖြစ်ကြောင်း အစိုးရက တုံ့ပြန်ထားသည်။

The Voice Weekly

ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည်

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပနေသော ရန်ကုန် ဓာတ်ပုံပွဲတော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကဲဖြတ်ဒိုင်အဖြစ် ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Thierry Mathou ကပြောကြားသည်။


ပြင်သစ် ယဉ်ကျေးမှုဌာနက စီစဉ်ကျင်းပသော အဆိုပါ ရန်ကုန် ဓာတ်ပုံပွဲတော်သည် မြန်မာနိုင်ငံတွင် (၆) ကြိမ်မြောက် ကျင်းပသော ပွဲတော်ဖြစ်ပြီး နိုင်ငံတကာမှ အကောင်းဆုံး ဓာတ်ပုံများ ပြသခြင်း၊ ဓာတ်ပုံ ပညာဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ ပြုလုပ်ကြောင်းနှင့် ဓာတ်ပုံပြိုင်ပွဲများကို ဇန်နဝါရီလ ၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတွင် ကျင်းပပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဓာတ်ပုံပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများက ၎င်းတို့ ရိုက်ကူးထားသော အကောင်းဆုံး ဇာတ်လမ်း ဓာတ်ပုံများကို တင်ဆက် ပြသသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြိုင်ပွဲတွင် ရန်ကုန်မြို့မှသာမက မန္တလေး၊ ထားဝယ်၊ မြစ်ကြီးနားနှင့် တောင်ကြီးမြို့တို့မှ လူငယ် ဓာတ်ပုံ ဆရာများ၏ လက်ရာများစွာ ပါဝင်ကြောင်း၊ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအတွက် Canon ကင်မရာ အမျိုး အစားများ အပါအဝင် ပြင်သစ်နိုင်ငံတွင် ဓာတ်ပုံသင်တန်း တက်ရောက်ခွင့် စသည့် စုစုပေါင်း ကျပ်သိန်း ၁၀၀ တန်ဖိုးရှိဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြင်သစ် သံအမတ်ကြီးက ပြောကြားသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်များအတွက် အကဲဖြတ် ဒိုင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ The Lucie Awards တည်ထောင်သူ Ossein Farmani နှင့် ရှန်ဟိုင်း Beaugeste Gallery မှ Jean loh တို့ ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ မျိုးဆက်သစ် ဓာတ်ပုံဆရာများ၊ သတင်းမီဒီယာအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ် ၍ ယင်းသို့ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းကြီးများ၏ အထောက်အပံ့၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့ယဉ်ကျေးမှုကို အခြေခံသည့် မေတ္တာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဦးစားပေး ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံပွဲတော်တွင် ပြပွဲပေါင်း (၁၀) ပွဲ ကျင်းပသွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ နာမည်ကျော် ဓာတ်ပုံဆရာ ဖြစ်သည့် Fausto Podavini ၊ Gilles Caron တို့ အပါအဝင် ယခင်နှစ်က ရန်ကုန် ဓာတ်ပုံ ပွဲတော်တွင် ဆုရရှိခဲ့သော စိုးဇေယျာထွန်း၊ မင်းဇေယျာနှင့် မေကိုနိုင်တို့က ဦးစီး၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးထံမှ စုံစမ်းသိရှိရသည်။

ထို့အပြင် ပွဲတော်၏ အခြားအစီအစဉ် တစ်ခုဖြစ်သည့် အခြေခံ ဓာတ်ပုံ သင်တန်းများကို ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ လည်းကောင်း၊ ဓာတ်ပုံ ဇာတ်လမ်း မိတ်ဆက်သင်တန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ လည်းကောင်း၊ ဓာတ်ပုံဇာတ်လမ်း အဆင့်မြင့် သင်တန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ကျင်းပသွားရန် သတ်မှတ်ထားပြီး၊ သင်တန်းကို ရန်ကုန် ဓာတ်ပုံပွဲတော် ကျင်းပရေး ဒါရိုက်တာ ခရစ်စတော့ဖ် လိုဗီနီနှင့် နီကိုလာဟားဗတ်တို့က ဝင်ကြေး အခမဲ့ဖြင့် သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝမေတ္တာ ဓာတ်ပုံပြပွဲ အမည်ရှိ ဓာတ်ပုံပြိုင်ပွဲ တစ်ခုကိုလည်း Air KBZ ကုမ္ပဏီနှင့် ပူးပေါင်း၍ ဇန်န ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး၊ မည်သူမဆို လက်ကိုင်ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ပေးပို့၍ ယှဉ်ပြိုင်နိုင်ကြောင်း၊ ဆုများ အဖြစ် SLR 700 D ကင်မရာ အမျိုးအစားနှင့် G 16 ကင်မရာ အမျိုးအစားတို့ကို ရရှိမည် ဖြစ်ကြောင်း ပြင်သစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice Weekly

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအများကြီးလိုနေ



ကျုပ် မြို့နယ်ကျောင်းသား သမဂ္ဂဥက္ကဌ လုပ်ဖူး တယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကျောင်းသား ခေါင်းဆောင် ရယ်လို့ မပြောဘူး။ ကျုပ် ဂျာနယ် ကြီးတွေ၊ မဂ္ဂဇင်းကြီးတွေမှာ ကဗျာတွေ ရေးဖူး တယ်ဗျ။ ကျုပ်ကိုယ်ကျုပ် ကဗျာဆရာရယ်လို့ မပြောဘူး။ ကျုပ် ဒီချုပ်လို နိုင်ငံရေးအဖွဲ့အစည်းကြီး တည်ထောင်ရာမှာ ပါဝင်ခဲ့ဖူးတယ်ဗျ။ ကျုပ်ကိုယ်ကျုပ် နိုင်ငံရေးသမားရယ်လို့ မပြောဘူး။


စာနယ်ဇင်းလောကမှာ ကျုပ်ဘဝစုံခဲ့တယ်။ နိုင်ငံခြားရောက်နေတုန်း သတင်းစာထုတ်တယ်။ အရေး တော်ပုံကာလမှာ သတင်းစာထုတ်တယ်။ ထောင်ထဲနေရတုန်း သတင်းစာထုတ်တယ်။ (“ဒီလှိုင်း” ဟာ ထောင်ထဲက ကျုပ်တို့ရဲ့ သတင်းစာနာမည်ပေါ့) ဆယ်ကျော်သက်ကတည်းက နာခဲ့တဲ့ သတင်းသမားဘဝ ကျုပ်တွယ်တာတယ်။ ဒီတော့ သူစိမ်းသူရံဆံလာမေး။ ခင်ဗျား ဘာကောင်လဲ။ ကျုပ်အဖြေက သတင်း သမား။ မိတ်ဆွေက မေးမေး၊ ရန်သူက မေးမေး၊ ဒီအဖြေပဲ။

မနေ့တစ်နေ့က ကြုံဆုံပွဲလေးတစ်ခုမှာ ကျုပ်က နိုင်ငံရေးသမားမဟုတ်ဘူး ပြောမိတယ်။ ကျုပ်ရဲဘော်ကြီး တစ်ယောက်က မာန်လိုက်တာဗျာ။ တစ်ခန်းလုံးကို ညံသွားတာပဲ။ ခင်ဗျားဟာ နိုင်ငံရေးသမားတဲ့။ နိုင်ငံရေးသမားလို့ပြောရာမှာ မရွံ့နဲ့တဲ့။ နိုင်ငံရေးသမားဆိုတာ တိုင်းရေးပြည်ရာလုပ်တဲ့သူတဲ့။ ကြီးမြတ် တယ်တဲ့။

အတော်ခက်တဲ့လူပဲ။ ကျုပ်က ဘာပြောလို့လဲ။ နိုင်ငံရေးသမား အလကားလို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ကိုယ်ကျိုးရှာလို့ ပြောတာမှမဟုတ်တာ။ နိုင်ငံရေးသမား ဘေးတွေ့ပြေးရှောင်လို့ ပြောတာမှ မဟုတ်တာ။ နိုင်ငံရေးသမား ထောင်သံကြား နားပိတ်တယ် ပြောတာမှ မဟုတ်တာ။ ကျုပ်နိုင်ငံရေးသမား မဟုတ်ဘူးလို့ ပြောရုံပြောတာပဲ။ သတင်းသမားပါလို့ ပြောရုံပြောတာပဲ။

ကျုပ်က သတင်းသမားလုပ်တဲ့အခါ နိုင်ငံရေးကြမ်းခင်းလုပ်တာ။ ကျုပ်ရဲ့ သတင်းသမားဘဝက နိုင်ငံရေး ဉာဏ်နဲ့။ နိုင်ငံရေးမာန်နဲ့၊ နိုင်ငံရေးဟန်နဲ့၊ နိုင်ငံရေးဈာန်နဲ့ ကုန်းရုန်းကြုံးစုန်းခဲတဲ့ ဘဝဗျ။ နိုင်ငံရေးကို လျှော့ဈေး၊ အပျော့ဈေးနဲ့ ဖွဖွလေး လုပ်ခဲ့တာ မဟုတ်ဘူး။ ဒီတော့လဲ မင်းဘာကောင်လဲမေးလာလို့ကတော့ သတင်းသမားပါလို့ ဖြေမှာပေါ့။

နိုင်ငံရေးသမားလို့ မပြောတာ ဘာကြောင့်လဲသိလား။ ကျုပ်က နိုင်ငံရေးသမားကို လေးစားလို့။ ကျုပ်ကိုယ် ကျုပ် နိုင်ငံရေးသမားလို့ လက်မထောင်ရမှာ အားနာလို့။ ရှက်ရွံ့လို့။

ကျုပ်က နိုင်ငံရေးသမားရယ်လို့ မကြွားဝံ့ဘူး။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူရယ်လို့ပဲ ဝန်ခံတယ်။

ကျုပ်ကို ဒီချုပ်တည်ထောင်ရာမှာ ပါဝင်ဖို့ဖိတ်တော့ ကျုပ်ငြင်းခဲ့တယ်။ “ကျွန်တော် နိုင်ငံရေးနားမလည် ဘူးဗျာ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူပါ” လို့ ကျုပ်တို့ ခေါင်းဆောင်ကို ပြောပြခဲ့တယ်။ ဒီချုပ်ထဲ မလွဲ မရှောင်သာ ပါဝင်လာရတော့လည်း ကျုပ်ရဲ့နိုင်ငံရေး နဖူးတွေ့ဒူးတွေ့သက်တမ်းက လပိုင်းလောက်ပါဗျာ။ ငါးပုံလေးပုံက ထောင်ထဲမှာ နိုင်ငံရေးလှုပ်ရှားခဲ့ရတာ။ ဒါ့ကြောင့် နိုင်ငံရေးလှုပ်ရှားသူရယ်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်တာပါ။

ဒီလိုပါပဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ သြဂုတ် ၈ ရက်မနက် ဆန္ဒပြချီတက်ပွဲမှာ ကျုပ်ပါဝင်ခဲ့တယ်။ ကျုပ်ကိုယ်ကျုပ် အရေးတော်ပုံတပ်သားလို့သာ တံဆိပ်ကပ်ခဲ့တယ်။ အညတြ လူထုထဲက လူတစ်ယောက် (အရေးတော်ပုံ တပ်သားတစ်ယောက်) အဖြစ် သတ်မှတ်ခဲ့တယ်။

ကျုပ်က ကျုပ်ထက်ပိုပြီး ဒေါင်ဒေါင်မြည်တဲ့သူတွေကို အားနာလို့ နိုင်ငံရေးသမား တံဆိပ်မကပ်ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူရယ်လို့ တံဆိပ်ကပ်ပေမယ့် နိုင်ငံရေးသမားထိရင် မချိအောင်နာတတ်တယ်ဗျ။

တစ်လောက “မြန်မာသံတော်ဆင့် ဂျာနယ်” မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခေါင်းဆောင်ကြီးဦးအောင်သောင်း (ဦးသန်းရွှေရဲ့ ညာလက်ရုံး) ရဲ့အင်တာဗျူးပါလာတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်ရှုပ်ချ အမနာပ ပြောတယ်။ ကျုပ်နှုတ်ကြမ်းလျှာကြမ်း ခွန်းတုံ့ပြန်လိုက်တယ်။ တစ်နေ့ကတော့ “မက်ဆင်ဂျာ ဂျာနယ်” မှာ ဦးအောင်သောင်း အင်တာဗျူးပါလာပြန်တယ်။ ကျုပ်နာမည်သုံးပြီး ပြေရာပြေကြောင်း စကားကောင်းတွေ ပြောတယ်။ ဒီချုပ်ထဲက နိုင်ငံရေးသမားတွေကို ပုတ်ခတ်မပြောပါဘူးတဲ့။ သတင်း ထောက် မှားရေးတာ ပါတဲ့။

ဦးအောင်သောင်းရဲ့ အင်တာဗျူးတစ်ခုလုံးက လူကြီးပီသကြောင်းကျိုးမျှတယ်။ ကျုပ်ခမျာ ဘာများကော တတ်နိုင်ဦးတော့မှာလဲ။ ဦးအောင်သောင်းရေ လွန်တာရှိ ဝန်တာမိပါခင်ဗျာ။ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာ ဒါမျိုးပဲပေါ့ဗျာ။

ကျုပ်သဘောကတော့ နိုင်ငံရေးကိုလည်း ဦးထိပ်ထားတယ်။ နိုင်ငံရေး အဖွဲ့အစည်းကိုလည်း ရှေ့တန်း တင်တယ်။ နိုင်ငံရေး စိတ်ဓါတ်ကိုလည်း ကြည်ညိုတယ်။ နိုင်ငံရေးသမားကိုလည်း လေးစားတယ်။ နိုင်ငံရေး စကားကိုလည်း တန်ဖိုးထားတယ်။

ဒီခေတ်ဒီအခါမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများကြီးလိုတယ်။ လူငယ်အားသစ်တွေ နိုင်ငံရေး လုပ်ကြရမယ်။ ချက်ချင်းလက်ငင်း နိုင်ငံရေးသမားတွေကွ ဟေ့ လို့ လက်မ မထောင်ကြပါနဲ့။ ခြ တစ်ပုံ ပျားတစ်အုံလိုပဲ နိုင်ငံရေးပါတီတွေကို ဝန်းရံရမယ်။ နိုင်ငံရေးအဖွဲ့အစည်းမှာလည်း လှုပ်ရှားသူတွေ အများကြီးရှိဖို့လိုပါတယ်။

ကျုပ်တို့တစ်တွေ သေချိန်လည်း နီးကြပါပြီ။ လူငယ်အားသစ်တွေဆီ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံရေး ကျင့်ဝတ်၊ နိုင်ငံရေး သိက္ခာဆိုတဲ့ နိုင်ငံရေး ဂုဏ်ရည်တွေ လက်ဆင့်ကမ်းခဲ့ကြစို့လားဗျာ။

ကျုပ်ကတော့ ကျုပ်ရဲ့နိုင်ငံရေး ကိုယ်ကျင့် အဘိဓမ္မာလို့ဆိုရမယ် တရားတွေကို ဆင့်ကမ်းခဲ့ချင်သဗျာ။

၁။ ပါတီရဲ့လမ်းညွန်မှုဝါဒတွေကို ယုံကြည်စွဲမြဲပါ။

၂။ ပါတီရဲ့ ခေါင်းဆောင်ကို သစ္စာမြဲမြံပါ။

၃။ ပါတီရဲ့ ဗဟိုကော်မတီ ဆုံးဖြတ်ချက်များဆိုတဲ့ ဘုံစိတ်ဓာတ်၊ ဘုံဉာဏ်ပညာ၊ ဘုံပြဌာန်းချက်တွေကို နာခံပုံဖော်ပါ။

၎။ ပါတီဝင်ချင်း ရဲဘော်ရဲဘက် စိတ်ဓါတ်ခိုင်မာပါ။

၅။ ကိုယ့်နိုင်ငံရေးအသိ၊ ကိုယ့်နိုင်ငံရေးအမြင်ကို ပွင့်လင်းမြင်သာပါစေ။

ဟံသာဝတီဦးဝင်းတင်

နမ့်စန်မှာ ဒေါ်အောင်ဆန်းစုကြည်လေယာဉ်ဆင်းဖို့ တပ်က ခွင့်မပြု



ရှမ်းပြည်နယ် နမ့်စန်မြို့ရှိ တပ်မတော်လေယာဉ်ကွင်းမှာ ခေတ္တ လေယာဉ်ဆင်းသက်ခွင့် မရရှိတာကြောင့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်ကို ပြောင်းလဲပြီး စီစဉ်ထားတယ်လို့ စီစဉ်သူ တွေက ပြောပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် ၃ မြို့နယ်ခရီးစဉ် အတွက် နေပြည်တော်ကနေ လေယာဉ်နဲ့ ထွက်ပြီး နမ့်စန်မြို့က လေယာဉ်ကွင်းမှာ ဆင်းဖို့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေတ္တာရပ်ခံ တင်ပြထားတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကိုပါ မေတ္တာရပ်ခံ ထားတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံက တစုံတရာ အကြောင်း ပြန်ကြားမှု မရှိတဲ့အတွက် ဟဲဟိုးလေယာဉ်ကွင်းမှာပဲ ဆင်းပြီး ခရီးစဉ်ကို ဆက်လက်စီစဉ်လိုက်တယ်လို့  ခရီးစဉ်အတွက် ဆောင်ရွက် သူ တဦး ဖြစ်တဲ့ ဦးရဲလှိုင်က ပြောပါတယ်။


“ကာကွယ်ရေး ဦးစီးချုပ်အထိ ပို့တဲ့ဟာကို မနေ့က အထိ အကြောင်းမပြန်ဘူး။ ဒီနေ့ အချိန်အထိ အကြောင်း မပြန်သေးဘူး။”

ဌာနေပြည်သူ့စစ် ဟိုမိန်းအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိုးနဲအထက်ဘက် ဆိုက်ထယ်ရွာမှာ တွေ့ဆုံနိုင်ဖို့ ကနဦးပိုင်းတုန်းက စီစဉ်ထားချက်ဟာလည်း စစ်တိုင်းမှူးက တားမြစ်တဲ့အတွက် ဖျက်လိုက်ရတယ်လို့ ဦးရဲလှိုင်က ပြောပါတယ်။

“ဟိုမိန်းအဖွဲ့က ပထမ တွေ့မယ်ပြောတော့ အန်ကယ်ဦးဝင်ထိန်တို့နဲ့ တွေ့လို့ရမယ့် အစီအစဉ်တွေလုပ်တော့ နောက်တော့ စစ်တိုင်းမှူးက မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ မတွေ့ရဘူးပြောတော့ အဲဒီ အစီအစဉ်က ပျက်သွား တယ်။ သူတို့က တွေ့ချင်တယ် နောက်တော့ စစ်တိုင်းက ဖိအားပေးလို့ မတွေ့ရဘူးလို့ သူတို့ တာဝန်ခံက ကျနော်ကို အဲလို ပြောပါတယ်ခင်ဗျ။”


ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ဆန်းကစလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟောပြောပွဲ တွေကို ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်တွေမှာ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်ကို လာရောက် ဖို့ ဖြစ်ပါတယ်။ လင်းခေးမြို့မှာတော့ ဘုန်းကြီးကျောင်းကို ၀င်ရောက်ပြီး သံဃာတော်တွေ၊ လူငယ်တွေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ထပ်မံ မေတ္တာရပ်ခံခဲ့ပါတယ်။ 

http://burmese.dvb.no/?p=50704#sthash.6tKLRpJD.dpuf

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ရှိဓမ္မာရုံရပ်ကွက် မူလတန်းကျောင်းမြေနေရာအား မြို့ခံတရုတ်လူမျိုးများမှ သိမ်းယူ



တော်လှန်ရေးကောင်စီလက်ထက်မှ ပြည်သူပိုင် သိမ်းယူခဲ့သော တရုတ်ဘုံကျောင်းအား သမဝါယမ အရောင်းဆိုင်အဖြစ် ဆက်လက် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ခဲ့ပါသည်။ ပါတီကောင်စီ လက် ထက်တွင် ဓမ္မာရုံ ကျောင်းမြေနေရာချပေးခဲ့ရာ မြို့ပြင် လယ်ကွင်းထဲတွင် ဖြစ်နေသောကြောင့် လူကြီးများမှ သမဆိုင်နေရာအား ကျောင်းဖွင့်လှစ် နိုင်ရန်အတွက် တရုတ်များအား မေးမြန်းခဲ့ရာမှ ၎င်း တို့၏သားသမီးများလည်း မြန်မာကျောင်းမှာသာ ပညာသင် ကြားနေရသဖြင် ပြန်မယူတောပဲ လှုဒန်းခဲ့ ပါသည်။ ယခုအချိန်တွင် မြင့်တက်လာသောမြေဈေးများနှင့်အတူ ပြန်လည်လိုချင်လာပြီး ကျွဲပွဲမြို့ရှိ လွှတ်တော်ကိုယ်စားလှယ် အုတ်တွင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့ဖြင့် ညှိကာ ကျောင်းအဆောက်အဦး မြေနေရာမှအပ ကျန်သုံးပုံနှစ်ပုံခန့်ကို ပြန်သိမ်းယူခဲ့ရာ ကလေးများမှာ မြေကျဉ်းကျဉ်းပေါ်တွင် ကစားစရာ နေရာပင် မကျန်လောက်အောင်ကျပ်တည်းစွာ ပညာသင်ကြားနေရသည်။

ကျွဲပွဲသား မှ ပေးပို့လာသောသတင်းဖြစ်ပါသည်။
Myanmar CNN

ရန်ကုန်မြို့ရဲ့ စိတ်ဝင်စားစရာ ပွဲတော်ကြီး



စနေနေ့က စတင်ပြီး ရန်ကုန်မြို့မှာ အားလုံးပါဝင် နိုင်တဲ့ စိတ်ဝင်စားစရာ ပွဲတော်ကြီးရှိပါတယ်။

ကလေး ပုံပြောပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာရေးဆရာ များက စာအုပ်လက်မှတ်ထိုးရောင်းချပွဲ၊ ဓာတ်ပုံပြပွဲ၊ ကာတွန်းပြပွဲ၊ ရုပ်ပြောင် ရေးဆွဲခြင်း စတဲ့ စတဲ့ အစီ အစဉ် တွေ ပါဝင်တဲ့ ပွဲကြီးပါပဲ။


နေရာက အလုံမြို့နယ် ရှင်စောပုလမ်း Myanmar Event Park (MEP) မှာပါ။ ဒီအစီအစဉ်တွေအပြင် စာအုပ်ထုတ်ဝေရေးတိုက် အများအပြားက အရောင်းဆိုင်ဖွင့်မယ် ဆိုတော့ အခမ်းနားဆုံးသော စာအုပ် ဈေးပွဲတော်ကြီး လို့ ဆိုရပါလိမ့်မယ်။

နေ့စဉ် မနက် ၉းဝဝ ကနေ ည ၇းဝဝ အထိ ကျင်းပမှာပါ။

စာပေဖြင့် ဘ၀ တိုးတက်အောင်မြင်တိုးတက်သူတို့ရဲ့ ဟောပြောပွဲတွေကိုတော့ နေ့လယ် ၁းဝဝ နာရီမှာ စတင်မယ်လို့ ဆိုပါတယ်။

၂၅ ရက်နေ့ ကဗျာ နဲ့ ၀တ္ထုတိုတွေ ရွတ်ဆိုမှု

သန်းမြင့်အောင်၊ မိချမ်းဝေ၊ မင်းခိုက်စိုးစန်၊ နှင်းဝေငြိမ်း၊ မာန်(တောင်လုံးပြန်)၊ စုမီအောင်၊ ကြည်မွေ့အိမ်၊ ထက်မြတ်နိုင်ဇင် အပါအ၀င် စာရေးသူတချို့

၂၆ ရက်နေ့ တနင်္ဂနွေ ဟောပြောပွဲ

မော်ဒယ်နန်းဆုကေဆွမ်၊ စာရေးဆရာ သီချင်းရေးဆရာအရိုး

၂၇ ရက်နေ့ တနင်္လာနေ့ ဟောပြောပွဲ

နန်းခင်ဇေယျာ၊ ဦးကျော်ကျော်လှိုင် (Smart)

၂၈ ရက်နေ့ အင်္ဂါနေ့ ဟောပြောပွဲ

တင်မိုးလွင်၊ နိုင်ဇော် (Lazy Club)

အဆင်ပြေတဲ့နေ့မှာ စာအုပ်ဈေးဝယ်ထွက်ဖို့၊ လေ့လာဖို့အတွက် သွားရောက်သင့်တဲ့ပွဲကြီးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဦးတည်၍ ဖွဲ့စည်းပုံပြင်ဆင်ခြင်း မလုပ်ဟု ဦးရွှေမန်း ပြောဆို


 ပြည်သူ့လွှတ်တော် ဥက္ကဌ, သူရ ဦးရွှေမန်း, ပုဒ်မ ၅၉(စ), ဒေါ်အောင်ဆန်းစုကြည်, ကြံ့ခိုင်ရေး ပါတီ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည် အချင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် တခုတည်းကို ဦးတည် ပြင်ဆင်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြား သည်။


ယနေ့ ပြည်သူ့လွှတ်တော်၌ ကျင်းပသော သတင်း စာ ရှင်းလင်းပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ဆိုင်ရာ ပုဒ်မ ပုဒ်မ ၅၉(စ) ကို ရည်ရွယ်၍ ဦးရွှေမန်းက ပြောခြင်း ဖြစ်သည်။

“သမ္မတ ဖြစ်ခွင့်ရှိရေး ပုဒ်မကိစ္စ နည်းတူ လွှတ်တော်မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိပါ တယ်။ အဓိကက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် မဆောင်ရွက်နိုင်ဘဲနဲ့ မိမိတို့နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် များစွာ အခက်အခဲ ဖြစ်မှာပါ။ အဲဒီကိစ္စတွေ အားလုံး ခြုံငုံပြီးတော့ မိမိတို့ပါတီ၊ မိမိတို့ လွှတ်တော်က သုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ခဲ့မည် ဆိုလျှင် မိမိ အနေဖြင့် ၀မ်းသာမည် ဖြစ်သော် လည်း နိုင်ငံ တိုးတက်ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့ရန် အတွက် ရည်ရွယ်ပြီး ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ လေ့လာသုံးသပ်ရေး ကော်မတီ က အစီရင်ခံစာကိုလွှတ်တော် အတွင်းသို့ တင်သွင်းမည့် အချိန်ကိုသာ စောင့်ကြည့် ရမည် ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပြဌာန်းထားသော ဖွဲ့စည်းပုံ ပြဌာန်းချက် အတိုင်းသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်ပြီး ပြဌာန်းချက်ကို ကျော်လွန် လုပ်ဆောင်နိုင် သော အနေအထားမျိုး မရှိကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

ထို့အပြင် မိမိတို့၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေးအတွက် လေ့ လာ သုံးသပ် ထားသော အစီရင်ခံစာ၏ မူဝါဒများနှင့် ပတ်သက်ပြီး “ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဟန့်တား ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ ပါကောင်းလည်း ပါနိုင် ပါတယ်။ ဒါပေမယ့် မူဝါဒပိုင်း အရတော့ အဲဒီပုဒ်မ တခုတည်းကို ရည်ရွယ်ပြီး ပြင်ဆင်တာမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ပြင်သင့်တယ်။ ဒါမှလည်း တရားဥပဒေ စိုးမိုးရေး ဆိုတာ ပါဝင် လာပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထု သဘောထား ကောက်ယူရန် ချင်းပြည်နယ် သို့ သွားရောက်စဉ် ပုဒ်မ ၅၉(စ) အပါအ၀င် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် လာမည့် ရွေးကောက်ပွဲသို့ ၀င်ရောက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် စစ်မှုရေးရာ တိုက်ခိုက်မှုများတွင်သာ သတ္တိရှိရမည် မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အပိုင်းတွင် သတ္တိရှိရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပက်သက်ပြီး ပြင်ဆင်နိုင်ရေး အပိုင်းကို တိတိကျကျ သိရှိပြီးမှ မိမိတို့ ပါတီ၏ ရှေ့ဆက်သွားရမည့် မူဝါဒများကို ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး အစီရင်ခံစာ၏ အချက် ၂၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား၂ ဦးကို မြန်မာနိုင်ငံသား ဖြစ်ရမည် ဆိုသော အချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမ ကလေးတွေက အခုဆိုရင် အရွယ် ရောက်နေတဲ့သူတွေ ဖြစ်နေပါပြီ။ ဒီကိစ္စက ကျမ ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ အခု ဒီလို ပြောဆိုတာကိုက ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေ တယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော် အတွင်း ပြင်ဆင်နိုင်ခြင်း မရှိလျှင် လူထုအင်အားဖြင့် ပြင်ဆင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

နိုင်ငံတကာ ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးသည် အဓိပ္ပာယ် ပြည့်ဝမည် မဟုတ်ကြောင်း ပြောသည်။

“တချို့ကိစ္စက အပြောပဲ ရှိပါသေးတယ်။ လက်တွေ့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ ဒါ့ကြောင့်မို့ မိမိပါတီကို မိမိပြောတာ လည်း ရှိပြီးပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ဆိုတာ ကောင်းတဲ့အချက်တွေ ဖြစ်ဖို့ပဲ။ ဖွဲ့စည်းပုံကို ပြင်လိုက်လို့ ပြုပြင် ပြောင်လဲရေး အတွက် အရှိန်ကောင်းတွေ ရမယ်ဆိုရင် ပြင်ရမယ်။ ဒီကိစ္စတွေက ဥပဒေ နည်းလမ်းအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်လို့ ဥပဒေနည်း လမ်းအပေါ် ကျော်လာတဲ့ ကိစ္စတွေမှာ မိမိတို့ ဆွေးနွေးစရာ မရှိသေးပါဘူး”ဟု သူရ ဦးရွှေမန်းက ဧရာဝတီသို့ ပြောသည်။

အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး သူရ ဦးရွှေမန်း က ထောက်ခံကြောင်း ဆိုသည်။

မိမိအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စများ သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် ကိစ္စမဆို တွေ့ဆုံ ဆွေးနွေးရေး ကို အစဉ် ထောက်ခံသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အမြဲပင် တွန်းအားပေးကြောင်း၊ သမ္မတနှင့် ကာကွယ် ရေး ဦးစီးချုပ်တို့သည် အဆိုပါ သဘော ထားမျိုး ရှိမည်ဟု ထင်မြင်ပြီး မည်သည့် အချက်ကို ပြုပြင်ရမည့် ကိစ္စကတော့ တူညီနိုင်မှု ရှိ၊ မရှိ မသိနိုင် ကြောင်းလည်း ၎င်းက ပြောဆိုသည်။

လွှတ်တော်တွင် လူမျိုးစု စကားလုံးမသုံးရန် လွှတ်တော်ဥက္ကဋ္ဌဆုံးဖြတ်



လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ မေးခွန်းနှင့် ပြည်ထောင်စုအစိုးရ၏ ဒုတိယ၀န်ကြီး၏ အဖြေတွင် “လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း”ဟု သုံးနှုန်း ခဲ့ရာတွင် “လူမျိုးစု” ဟူသောစကားကို မသုံးနှုန်းရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်န၀ါရီလ ၂၃ ရက်က ဆုံးဖြတ်လိုက်သည်။


မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ခင်းများ၊ မူးယစ် ဆေးဝါး များနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းမှ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက “မူးယစ်ဆေးဝါးများကို မည်သည့်လူမျိုးစု လက်နက်ကိုင်များ ကြီးစိုးရာ ဒေသမှာ အဓိကထုတ်လုပ်ဖြန့် ဖြူးနေသနည်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်နေသော လူမျိုးစု လက်နက်ကိုင်များ မထုတ်လုပ်ရန် မည်ကဲ့သို့ ထိန်းချုပ်မည်နည်း”ဟု ပြည်ထဲရေးဝန်ကြီးဌာနသို့ မေးခွန်း ထုတ်ပြီးနောက် ဦးခင်အောင်မြင့်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“လူမျိုးစုလက်နက်ကိုင်များဆိုတဲ့ စကားရပ်မှာ လူမျိုးစုဆိုတာ ထည့်ဖို့ မလိုအပ်ပါဘူး။ ဒါထည့်လိုက်ခြင်း အားဖြင့် အဓိပ္ပာယ်တွေဟာ ထွေပြားသွားနိုင်တယ်။ ဒါကြောင့် လက်နက်ကိုင်များဆိုရင် လုံလောက်တဲ့ အတွက် လူမျိုးစုဆိုတဲ့ စကားရပ်ကို ကောက်နုတ် ပယ်ဖျက်ပါတယ်” ဟု ဦးခင်အောင်မြင့်က ပြောသည်။

ထိုသို့ဆုံးဖြတ်ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက စာဖြင့် ကြိုတင်ရေးသားလာသော အဖြေအား လွှတ်တော်သို့ ဖတ်ပြရာတွင်လည်း “လူမျိုးစုလက်နက်ကိုင် အဖွဲ့ အစည်းများ” ဟုပင် ထပ်မံသုံးနှုန်းခဲ့၍ ဥက္ကဋ္ဌက ထပ်မံ သတိပေးခဲ့ရသည်။

ထို့ကြောင့် ဦးခင်အောင်မြင့်က “မေးခွန်းမှာပါတဲ့ လူမျိုးစုဆိုတဲ့ စကားရပ်၊ အဖြေမှာပါတဲ့ လူမျိုးစုဆိုတဲ့ စကားရပ်တွေကို ကောက်နုတ်ပယ်ဖျက်ပြီးတော့ အမျိုးသား လွှတ်တော်နည်းဥပဒေ ၁၁၂ အရ မြန်မာနိုင်ငံ ပြန်တမ်းမှာ အများပြည်သူသိရှိအောင် မေးခွန်းနဲ့အဖြေကို ထည့်သွင်းဖို့ ဆုံးဖြတ်ပါတယ်” ဟု ထပ်မံ ဆုံးဖြတ်ခဲ့ပြန်သည်။

ဦးလှဆွေ၏မေးခွန်းကို ပြည်ထဲရေး ဒု-၀န်ကြီးက “လုံခြုံရေးကန့်သတ်ချက်ရှိတဲ့ နေရာများဖြစ်တဲ့အတွက် မည်သည့်လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် ပတ်သက်နေကြောင်းနှင့် ထုတ်လုပ်နေသည့် နေရာအတိအကျကို ဖော်ထုတ်နိုင်ခြင်း မရှိသေး” ဟု ပြန်ဖြေခဲ့သည်။

ဘိန်းစိုက်ခင်းများနှင့် ပတ်သက်ပြီး ဦးခင်အောင်မြင့်က “တစ်နှစ်ထက် တစ်နှစ်လည်း မပျောက်ဘဲနဲ့ ဒါတွေ ရှိနေတယ်။ ဘိန်းအစားထိုးလုပ်ငန်းတွေဟာ ဘိန်းလောက် မမြတ်တဲ့အခါကျတော့ များများနဲ့ မြန်မြန်မြတ် တဲ့ကိစ္စကိုပဲ တိုင်းရင်းသားတွေက ဒါတွေလုပ်နေရတဲ့သဘောပဲ။ ဒါမှ မလုပ်လို့ရှိရင် ဆင်းရဲတွင်းက နက်တဲ့ သဘောရှိပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ဘိန်းစိုက်မှုအခြေအနေမှာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်မှုခင်းဆိုင်ရာရုံး(UNODC) ၏ အစီရင်ခံစာအရ ၂၀၁၂-၁၃ခုနှစ် ဘိန်း စိုက်ရာသီအတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ဧကပေါင်း တစ်သိန်း လေးသောင်း ကျော်ရှိပြီး ဧကပေါင်း သုံးသောင်းကျော်သာ ဖျက်ဆီးနိုင်ခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ရှင်းလင်း တင်ပြချက်တွင် တွေ့ရသည်။

မင်းမင်း၊ မြတ်သူရ
Mizzima - News in Burmese

ဖက်ဒရယ်စနစ် ဗမာလူမျိုးများ မထောက်ခံလျှင် ဖြစ်မလာနိုင်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံ, အပစ်အခတ် ရပ်စဲရေး, NCCT, လောခီးလာ, ကရင်ပြည်နယ်, KNU,  UNFC

တိုင်းရင်းသား အများစု တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဗမာလူမျိုးများ ပါဝင် ထောက်ခံမှု မရှိပါက ဖြစ်ထွန်း လာနိုင်မည် မဟုတ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြား လိုက်သည်။


ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် လောခီးလာတွင် ဇန်န၀ါရီ ၂၀ ရက်က စတင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ် သော ယနေ့တွင် ပြောကြားခြင်း ဖြစ်သည်။

“အစိုးရဘက်က အားသာမှုက များနေတယ်။ ဒီတော့ ကျနော်တို့ဘက်က အားသာမှု ရလာအောင်ဆိုရင် ကျနော်တို့က စည်းလုံးမှုကို ပိုပြီးတော့ ကြိုးစားလုပ်ရမှာ ဖြစ်ပါတယ်။ ဗမာလူမျိုးတွေကိုယ်နှိုက်က ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ အမျိုးသားကို အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် ဗမာလူမျိုးတွေက ထောက်ခံပေးရမှာ ဖြစ်တယ်။ ဗမာလူမျိုးတွေ မထောက်ခံလို့တော့ မရဘူး။ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျနော်တို့က ရှေ့ဆက်ပြီးတော့ တော်တော်ပဲ ကြိုးစား ရဦးမှာ ဖြစ်တယ်။ ကျနော်တို့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး”ဟု တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ဥက္ကဌ လည်း ဖြစ်သည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသည်။

လက်ရှိတွင် ဗမာလူမျိုးများသာမက ပြည်သူလူထု ပါဝင်မှုမှာပါ အားနည်းနေသေးကြောင်း၊ စုစုစည်းစည်း ပါဝင်မှု မရှိသေးကြောင်း၊ သို့အတွက် စည်းရုံးမှုနှင့် စည်းလုံးမှုကို ပိုမိုလုပ်ဆောင် သင့်ပြီဖြစ်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။

“ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားတွေ တောင်းနေတာ နှစ် ၆၀ ကျော်ပြီ။ ပြည်သူတွေဘက်က အားပေးတာ လိုသေးတယ်။ ဒီအခြေ အနေ ဆိုရင် အစိုး ရဘက်က သာသွားဖို့ များနေတယ်။ အားသာဖို့ရဖို့ စည်းရုံးမှု တွေ ပိုလုပ်ဖို့လိုတယ်”ဟု ဗိုလ်ချုပ်ကြီး အင်ဘန် လ က ပြောသည်။

ထို့အပြင် လက်ရှိအခြေအနေတွင် အစိုးရပိုင်းမှ အပစ်အခတ်ရပ်စဲရေး သဘောသာရှိကြောင်း၊ နိုင်ငံရေး ဆွေးနွေးရန် သဘောထား မရှိသေး၍ စည်းလုံးကြရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆက်လက်ပြီး“တောင်းဆိုရင်လည်း စုစုစည်းစည်း ခိုင်မာအောင် လုပ်ရမယ်။ ဒါမျိုးပြောလို့ အစိုးရကကြိုက်ပါ့မလားလို့ တွေးနေပြီး မပြောရဲရင် လိုချင်တာကိုရမှာ မဟုတ်ဘူး။ လိုချင်တာ ကို ပြတ်ပြတ်သားသား တောင်းဆိုရမယ်။ ပွင့်ပွင့်လင်းလင်း တောင်းဆိုရမယ်။ အခုအချိန် ထိတောင်းဆိုတာ မရဲသေးဘူး။ သမ္မတကြီး မကြိုက်မှာ၊ ကာချုပ် မကြိုက်မှာ ကြောက် နေတုန်းပဲ။ ပင်လုံစာချုပ် ခိုင်ခိုင်မာမာ မရှိလို့ အခုလိုဖြစ်တာ။ ဒီနေ့လည်း ခိုင်ခိုင်မာမာဖြစ်အောင် မလုပ်ရင်ရှေ့ဆက်လည်း ဒီလိုဖြစ် နေမယ်”ဟု ပြောဆိုသည်။

အစိုးရအနေဖြင့် လက်ရှိတွင် တိုင်းရင်းသားများနှင့်အတူ အပစ်အခတ်ရပ်စဲရေးကို တက်ကြွစွာ လုပ်ဆောင် နေသော်လည်း ခိုင်မာစွာ မလုပ်နိုင်ပါက ယခင်ကဲ့သို့ပင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို တိုင်းရင်း သား ခေါင်းဆောင်တချို့က စိုးရိမ်လျက် ရှိကြောင်း သိရသည်။

“အစိုးရဘက်က သူတို့လက်ရှိသက်တမ်းမှာ အပစ်ရပ်နိုင်ဖို့ တော်တော်လုပ်တယ်။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်မပေါ်ဆိုတာ အသာ ထား။ သူတို့က သူတို့သက်တမ်းမှာ အောင်မြင်မှုရချင်လို့ကို အပစ်အခတ်ရပ်ဖို့ အရမ်း လုပ်ချင်တယ်။ ဒီဟာကို တကယ်ဆန္ဒတော့ရှိတယ်။ နိုင်ငံရေးဆွေးနွေးဖို့အထိ ဖြစ်လာနိုင်မယ်။ သူတို့က အဓိကကတော့ အပစ်ရပ်ရေးကို တဖြတ် ဖြတ်ချင်နေတာ။ ပြည် ထောင်စု ပေါ်လာရေး မပေါ်လာ ရေးကို သိပ်ပြီး ခေါင်းထဲမထားဘူး”ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာကလည်း ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်ရာတွင် ပိုမိုခိုင်မာစေရန် တိုင်းရင်းသားများက လိုလားလျက်ရှိပြီး ပိုမိုခိုင်မာ တိကျသည့် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်နိုင်ရန် အတွက် ပါဝင်လက်မှတ်ထိုးမည့် သူများကို ထပ်မံတိုးသွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။

“အခု ကျနော်တို့ကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အင်မတန်မှ ဉာဏ်များတယ်။ ဒါအားလုံး အသိဖြစ်တယ်။ ဟာကွက်လေး နည်း နည်း ရှိရင် သူက အဲဒါကို အသုံးချပြီးတော့ ကျနော်တို့ကို တိုက်ဖျက်နိုင်တယ်။ ကျနော် တို့ရဲ့ စုစည်းမှုကိုလည်း တိုက်ဖျက်နိုင် တယ်။ ဒါကြောင့်မို့ ဒါတွေမဖြစ်ရလေအောင် ကျနော်တို့ဟာ စုစုစည်းစည်းနဲ့ ခိုင်ခိုင်မာမာ ကျနော်တို့ လိုချင်တာတွေကို ပြတ်ပြတ် သားသား တောင်းဆိုဖို့ လိုတယ်”ဟု UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

လက်ရှိအချိန်တွင် လော်ခီးလာညီလာခံ၌ ဆွေးနွေးနေသော အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရဘက်က လက်မှတ်ရေး ထိုး စေလိုနေကြောင်း၊ ထို့အပြင်၂ဘက်စလုံးကလည်း လက်မှတ်ထိုးရန် စိတ်အား သန်လျက် ရှိနေကြောင်း၊ သို့ရာတွင် တိုင်းရင်း သား အများစုမှာ မူဝါဒပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်း ဆိုင်ရာ စိုးရိမ်မှုနှင့် တင်ပြမှုများရှိနေကြောင်း သိရသည်။

လောခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ်သော ယနေ့တွင် ညီလာခံ တက်နေသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လ (ညာဘက်က စာရွက်ဖတ်နေသူ) (ဓာတ်ပုံ – မေခ / ဧရာဝတီ)