Friday, January 24, 2014

ရန်ကုန်ဓာတ်ပုံပွဲတော် ဒေါ်အောင်ဆန်းစုကြည် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်မည်

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပနေသော ရန်ကုန် ဓာတ်ပုံပွဲတော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကဲဖြတ်ဒိုင်အဖြစ် ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Thierry Mathou ကပြောကြားသည်။


ပြင်သစ် ယဉ်ကျေးမှုဌာနက စီစဉ်ကျင်းပသော အဆိုပါ ရန်ကုန် ဓာတ်ပုံပွဲတော်သည် မြန်မာနိုင်ငံတွင် (၆) ကြိမ်မြောက် ကျင်းပသော ပွဲတော်ဖြစ်ပြီး နိုင်ငံတကာမှ အကောင်းဆုံး ဓာတ်ပုံများ ပြသခြင်း၊ ဓာတ်ပုံ ပညာဆိုင်ရာ သင်တန်းများ ပို့ချခြင်းတို့ ပြုလုပ်ကြောင်းနှင့် ဓာတ်ပုံပြိုင်ပွဲများကို ဇန်နဝါရီလ ၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတွင် ကျင်းပပြုလုပ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဓာတ်ပုံပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများက ၎င်းတို့ ရိုက်ကူးထားသော အကောင်းဆုံး ဇာတ်လမ်း ဓာတ်ပုံများကို တင်ဆက် ပြသသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြိုင်ပွဲတွင် ရန်ကုန်မြို့မှသာမက မန္တလေး၊ ထားဝယ်၊ မြစ်ကြီးနားနှင့် တောင်ကြီးမြို့တို့မှ လူငယ် ဓာတ်ပုံ ဆရာများ၏ လက်ရာများစွာ ပါဝင်ကြောင်း၊ ပြိုင်ပွဲတွင် အနိုင်ရရှိသူများအတွက် Canon ကင်မရာ အမျိုး အစားများ အပါအဝင် ပြင်သစ်နိုင်ငံတွင် ဓာတ်ပုံသင်တန်း တက်ရောက်ခွင့် စသည့် စုစုပေါင်း ကျပ်သိန်း ၁၀၀ တန်ဖိုးရှိဆုများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြင်သစ် သံအမတ်ကြီးက ပြောကြားသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်များအတွက် အကဲဖြတ် ဒိုင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၊ The Lucie Awards တည်ထောင်သူ Ossein Farmani နှင့် ရှန်ဟိုင်း Beaugeste Gallery မှ Jean loh တို့ ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ မျိုးဆက်သစ် ဓာတ်ပုံဆရာများ၊ သတင်းမီဒီယာအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ် ၍ ယင်းသို့ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းကြီးများ၏ အထောက်အပံ့၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ မြန်မာ့ယဉ်ကျေးမှုကို အခြေခံသည့် မေတ္တာနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြောင်းအရာများကို ဦးစားပေး ပြသသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံပွဲတော်တွင် ပြပွဲပေါင်း (၁၀) ပွဲ ကျင်းပသွားမည် ဖြစ်ပြီး၊ နိုင်ငံတကာမှ နာမည်ကျော် ဓာတ်ပုံဆရာ ဖြစ်သည့် Fausto Podavini ၊ Gilles Caron တို့ အပါအဝင် ယခင်နှစ်က ရန်ကုန် ဓာတ်ပုံ ပွဲတော်တွင် ဆုရရှိခဲ့သော စိုးဇေယျာထွန်း၊ မင်းဇေယျာနှင့် မေကိုနိုင်တို့က ဦးစီး၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးထံမှ စုံစမ်းသိရှိရသည်။

ထို့အပြင် ပွဲတော်၏ အခြားအစီအစဉ် တစ်ခုဖြစ်သည့် အခြေခံ ဓာတ်ပုံ သင်တန်းများကို ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ လည်းကောင်း၊ ဓာတ်ပုံ ဇာတ်လမ်း မိတ်ဆက်သင်တန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ လည်းကောင်း၊ ဓာတ်ပုံဇာတ်လမ်း အဆင့်မြင့် သင်တန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ကျင်းပသွားရန် သတ်မှတ်ထားပြီး၊ သင်တန်းကို ရန်ကုန် ဓာတ်ပုံပွဲတော် ကျင်းပရေး ဒါရိုက်တာ ခရစ်စတော့ဖ် လိုဗီနီနှင့် နီကိုလာဟားဗတ်တို့က ဝင်ကြေး အခမဲ့ဖြင့် သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

သဘာဝမေတ္တာ ဓာတ်ပုံပြပွဲ အမည်ရှိ ဓာတ်ပုံပြိုင်ပွဲ တစ်ခုကိုလည်း Air KBZ ကုမ္ပဏီနှင့် ပူးပေါင်း၍ ဇန်န ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး၊ မည်သူမဆို လက်ကိုင်ဖုန်း သို့မဟုတ် ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ပေးပို့၍ ယှဉ်ပြိုင်နိုင်ကြောင်း၊ ဆုများ အဖြစ် SLR 700 D ကင်မရာ အမျိုးအစားနှင့် G 16 ကင်မရာ အမျိုးအစားတို့ကို ရရှိမည် ဖြစ်ကြောင်း ပြင်သစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။