Tuesday, January 28, 2014

ပင်စင်စား ဝန်ထမ်း များကို တန်ဖိုး နည်းဖုန်း ခွဲဝေ ပေးရန် အခက် အခဲ ရှိဟုဆို

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့တွင် နဝမအကြိမ် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းအလုံးရေ ၃၅၀,၀၀၀ အနက် သက်ပြည့် ပင်စင်ခံစား လျက်ရှိသည့် အငြိမ်းစားများအတွက် တန်ဖိုးနည်း WCDMA ဖုန်းအလုံးရေ ၅၀၀၀၀ ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ် ရန် အခက်အခဲ ရှိခြင်းကြောင့် ဖုန်းခွဲဝေမှုအတွက် အခက်အခဲ ရှိနိုင်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ပင်စင်စား ဝန်ထမ်းများကို ဖုန်းခွဲတမ်း ပေးအပ်ရာတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများက တာဝန်ယူ ပေးမည် ဆိုပါကလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ဌာနများမှ ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က သုံးသပ် ပြောဆိုသည်။

“ကျွန်တော်တို့ဆီတော့ ပင်စင်စားတွေအတွက် ဘယ်လို ခွဲဝေပေးရမလဲဆိုတာ စီမံချက် မရောက်သေးဘူး၊ အဓိက အခက်အခဲက ပင်စင်စား ဝန်ထမ်းတွေကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ အခက်အခဲ ရှိတယ်။ အချို့က ပင်စင်ရတာက မော်လမြိုင်မှာ၊ တကယ်တမ်း နေတာက ရန်ကုန်၊ မန္တလေးတို့မှာဆို ဆက်သွယ်ရ ခက်တယ်” ဟု ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ဇန်ဝါရီလအတွက် ဖုန်းခွဲတန်း ၁၂၀၀၀ ရရှိထားရာ ပင်စင်စား ဝန်ထမ်းများအတွက် ဖုန်းခွဲတမ်း အလုံးရေ ၂၀၀၀ ပါဝင်ကြောင်းနှင့် ယင်းဖုန်းခွဲတမ်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မည်သို့ ခွဲဝေပေးရမည် ဟူသည့် စီမံချက် ရောက်ရှိလာပါက ပင်စင်စား ဝန်ထမ်းများကို ခွဲဝေပေးမည်ဟု ဒေါက်တာခင်မောင်သွင်က ဆက်လက် ပြောဆိုသည်။

ယင်းဖုန်းကတ်များသည် လစဉ်ဖုန်း ပြောဆိုခ အနည်းဆုံး ၂၅၀၀ ကျပ် သုံးစွဲ ပေးရမည် ဖြစ်ပြီး နှစ်လအတွင်း ကြိုတင်ငွေ ဖြည့်ကတ် ၅၀၀၀ ကျပ်ဖိုး အပြည့်အဝ သုံးစွဲခြင်း မရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယင်းငွေ ၅၀၀၀ကျပ် ပြည့်သည်အထိ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ကြောင်းနှင့် ၁၅ ရက်အတွင်း ငွေထမ်မံ ဖြည့်သွင်းခြင်း မရှိပါက အလို အလျောက် ယင်းဆင်းမ်ကတ်လိုင်း ပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။