Monday, January 27, 2014

ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ ပျဉ်းမနားတွင် ကျပ်သိန်း ၆၀၀ ကျော် စတင်အသုံးပြုမည်

ပျဉ်းမနားမြို့နယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် ရရှိထားသော ငွေကျပ်သိန်းတစ်ထောင်အနက် ပထမအရစ် အနေဖြင့် ကျပ်သိန်းပေါင်း ခြောက်ရာကျော် စတင်ချထားပေးသည်ဟု မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ် (၉)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးက ဇန်န၀ါရီ ၂၅ ရက်တွင် ပြောသည်။


ဒေသခံများ တင်ပြထားသည့် လုပ်ငန်းများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ထောင် ကုန်ကျမည်ဖြစ်ပြီး ပြည် ထောင်စုလွှတ်တော်မှ ချထားပေးသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ပထမဆုံး ကျပ် ၆၃,၄၆၅,၀၀၀ ကို စတင် ချထားပေးခြင်းဖြစ်သည်ဟု ဆိုသည်။

“အဓိကလိုအပ်ချက်တွေဖြစ်တဲ့ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ အခြားကဏ္ဍများဆိုပြီး ဦးစားပေးအဆင့် အခုလို ပထမအရစ် စတင်ထုတ်ပေးတာဖြစ်တယ်”ဟု ဦး မှတ်ကြီးက ပြောသည်။

ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၂ ခုအတွက် စတင်ထုတ်ပေးခြင်းဖြစ်ပြီး ဒေသခံများ တင်ပြထားသည့် ကျေးရွာမီးလင်းရေး၊ စာကြည့်တိုက်ဖွင့်လှစ်ရေးနှင့် ကျောင်းခြံစည်းရိုးခတ်ရေး စသည့် ကိစ္စများအတွက် ငွေထုတ်ပေးနိုင်ခြင်း မရှိသေးပေ။

“လျှပ်စစ်မီးအတွက် ဓာတ်တိုင်ထူဖို့ကိစ္စတွေ ဒီနေ့ဖွင့် မနက်ဖြန်ပြန်ပိတ်သွားတဲ့ စာကြည့်တိုက်ဖွင့်ဖို့ဆို တဲ့ကိစ္စတွေအတွက်က ငွေမထုတ်ပေးနိုင်သေးဘူး၊ အခြေခံလိုအပ်ချက်တွေအားလုံးပြည့်စုံသွားရင်တော့ တစ်မျိုးပေါ့”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးက ပြောသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲရန် သက်ဆိုင်ရာ ရပ်/ကျေးအလိုက် ကော်မတီငယ်များဖွဲ့စည်းပြီး ကော်မတီဝင်သုံးဦးမှ တာဝန်ယူပြီး ထုတ်ယူရသည်။

“ဒီပိုက်ဆံဟာ နိုင်ငံတော်ပိုင်ငွေဖြစ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ငွေဆုံးရှုံးတာမျိုးဆိုရင် ကော်မ တီက ပြန်လျော်ပေးရမယ်”ဟု ဦးမှတ်ကြီးက ပြောသည်။

ပထမအရစ်အနေဖြင့် တင်ပြတောင်းခံသောငွေ၏တစ်ဝက်သာလျှင် ထုတ်ပေးခြင်းဖြစ်သောကြောင့် လုပ် ငန်းတစ်ဝက်ပြီးဆုံးချိန်တွင် အထောက်အထားနှင့်တကွ ပြန်လည်တင်ပြပြီး ကျန်ငွေတစ်ဝက်ကို ထပ်မံ ထုတ်ယူနိုင်မည်ဖြစ်သည်။

ရန်ပုံငွေ လာရောက်ထုတ်ယူသော သကြားစက်ကျေးရွာအုပ်စုမှ ကော်မတီဝင်တစ်ဦးက “သကြားစက် ရွာအနေနဲ့ အထက်တန်းကျောင်းဆောင် ပြုပြင်ဖို့အတွက် ကျပ် ၁၉ သိန်း တောင်းထားတာ၊ ပထမအရစ် အနေနဲ့ ကျပ် ၁၃ သိန်းကျော်ထုတ်ပေးမယ်ဆိုတော့ အဆင်ပြေပါတယ်၊ ကျန်တဲ့ ငါးသိန်းကျော်ကိုတော့ လုပ်ငန်းတစ်ဝက်ပြီးမှ ထပ်ထုတ်ရမယ်”ဟု ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေရရှိထားသော ရပ်ကျေးများအနေဖြင့် တင်ပြထား သောကိစ္စရပ်များကို မတ်လ ၂၅ ရက် နောက်ဆုံးထားပြီး အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ကော်မတီ ၀င်များက ပြောသည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။