Tuesday, December 17, 2013

မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်


1476641_599983660075564_2122748007_n

၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွား ခဲ့သော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်း အိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာ လထဲ နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက်လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင် စတင်ချထားပေးကာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


”မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ အိမ်ထောင်စုတွေနဲ့ ကျူးကျော်အိမ်ထောင်စုတွေ အားလုံးအတွက် လုံးချင်းအိမ်ရာနဲ့ အထပ်မြင့် တိုက်ခန်းတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလှူရှင်တွေက အခမဲ့ ပြန်လည် ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ လုံးချင်းအိမ်ရာက ၂၇ ပေ x၂၂ ပေ အကျယ်ရှိပြီး အိပ်ခန်း နှစ်ခန်းအပြင် မီးဖိုပါပါတယ်။ ရေချိုးခန်း၊ အိမ်သာ၊ ရေမီး အပြည့်အစုံ လုပ်ပေးမှာ ဖြစ်ပါတယ်။

လုံးချင်းအိမ် တစ်လုံးအတွက် ငွေကျပ် ၇၅ သိန်းလောက် ကျနိုင်ပါတယ်။ အထပ်မြင့် တိုက်ခန်းမှာလည်း အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ရေမီးအားလုံးပါ ရှိပါမယ်။ အခုပထမဆုံး အနေနဲ့ ချမ်းအေးနယ်မြေထဲမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ အိမ်ထောင်စု ၉၃ စုနဲ့ ခွဲခြားစိတ်ဖြာ ၀ယ်ယူထားတဲ့ အိမ်ထောင်စု ၁၃၀ အတွက် လုံးချင်းအိမ်ရာနဲ့ အထပ်မြင့်တိုက်ခန်း တည်ဆောက်မှု ဒီဇင်ဘာလထဲမှာ စတင်ပါမယ်။ ကျန်နေသေးတဲ့ ချမ်းအေးသာယာ နယ်မြေထဲမှာရှိတဲ့ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ သူတွေနဲ့ ကျူးကျော်နေထိုင်သူ အားလုံးကိုလည်း စာရင်းစိစစ်ပြီးရင် အလားတူ လုံးချင်းအိမ်ရာနဲ့ အထပ်မြင့် တိုက်ခန်းတွေ အမြန်ဆုံးပြန်လည် ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒေသခံ အလုပ်သမားတွေ ငှားရမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောကြားသည်။

”ချမ်းအေးထဲမှာ ဆောက်ပေးမှာကို အများစုက သဘောတူပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းကိုတော့ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်စေချင်တယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ့်အိုး ကိုယ့်အိမ်လေးနဲ့ ပြန်နေလို့ရမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး စခန်းမှာနေရတာ ရှစ်လကျော်ရှိပါပြီ။ တစ်ရက်မှ အဆင်မပြေလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ပြီးစီးစေချင်ပါတယ်” ဟု ချမ်းအေးသာယာ နယ်မြေတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

ချမ်းအေးသာယာ နယ်မြေတွင် မြေကွက်ပေါင်း ၆၃၇ ကွက်ရှိသည့်အနက် မတ်လအတွင်းက ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် မြေကွက် ၅၈၈ ကွက် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်းများစွာ ကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေရဆဲ ဖြစ်သည်။

မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်း နေထိုင်သူ အများစု ခိုလှုံနေရသော ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းအား ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)

Eleven Media Group

အလုပ်ကြောင့် ဝေးနေရတဲ့ ချစ်သူရည်းစား အိမ်ထောင်ရှင်များ အတွက်


994998_231936436976150_1974968920_n

တရားဝင် အိမ်ထောင်ကျပြီး ဖြစ်ပေမယ့် ခွဲနေကြရတဲ့ မိသားစု တွေ အများ ကြီးရှိပါတယ်။ စစ်ဘက်မှာ တာဝန်ထမ်းဆောင် သူတွေ၊ အကျဉ်းချခံနေရသူ တွေမျိုး ရှိတတ်ပေမယ့် အဓိက အားဖြင့်တော့ အသက်မွေး ၀မ်းကြောင်း ဆိုင်ရာ လုပ်ငန်း များကြောင့် ခွဲနေရတာများပါတယ်။ ဒီအခါမှာ ဝေးနေရတဲ့ အိမ်ထောင် ရှင်တွေဟာ အတူနေတဲ့ အိမ်ထောင်ရှင်တွေထက် လူမှုရေးဆိုင်ရာ ပြဿနာပိုများပါတယ်။ ဒီတော့ တစ်ဦးနဲ့ တစ်ဦး အနေဝေးပေမယ့် သွေးမအေးစေဖို့ ပုံစံတစ်ချို့ ဖန်တီး ပေးဖို့ လိုပါတယ်။


အဆက်အသွယ်မပြတ်စေဖို့ အရေးကြီးပါတယ်။ အဆက် အသွယ်ဟာ ပတ်သက်မှုတစ်ခုမှာ အဓိကအားဆေးပါ။ ဘာ ကြောင့်လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ် မှု မရှိနေတဲ့အချိန်မှာ တစ်နေ့တစ်နေ့ ဘယ်အရာတွေ တွေ့ကြုံနေကြရတယ်ဆိုတာကို မျှဝေဖို့ စကားလုံး တွေ ကိုသာ အားထားရမှာပါ။ ဒါကြောင့် ဆက်သွယ်ရေးက အရေးကြီးပါတယ်။

တစ်ဦးနဲ့တစ်ဦး လုပ်လေ့လုပ်ထရှိတဲ့ တူညီတဲ့ အလေ့အထလေးတွေကို ခိုင်မြဲ နေအောင်ထိန်းသိမ်း ပါ။ ဥပမာ- တစ်ပတ်တစ်ခါ ညစာအတူတူထွက်စား တာမျိုး ၊ နှစ်ဦးသား ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တစ်ခု အတူတူသွားကြည့်တာ မျိုးပေါ့။ အကယ်လို့ မိုင်ပေါင်းများစွာ ဝေးကွာနေကြတဲ့သူတွေဆိုရင်တော့ နှစ်ဦး စလုံး ဆန္ဒရှိတဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားကို အချိန်ကိုက်အတူတိုက် ကြည့်ပြီး ဇာတ်ကားအကြောင်း ပြန်လည် ဆွေးနွေးတာမျိုး၊ နိုင်ငံရေးဆွေးနွေး တာမျိုး၊ အွန်လိုင်း ဂိမ်းကစားတာမျိုး လုပ်ပေးပါ။ ဝေးနေ ပေမယ့်လဲ ဒီသေး ငယ်တဲ့ အလေ့အထလေးတွေကနေတဆင့် အပြန်အလှန် စိတ်ဝင်စားမှုရယူ နိုင်မယ့် နည်းလမ်းတွေကို ရှာတွေတည်ဆောက်ပါ။

ပိတ်ရက်ရှည်ရတဲ့အခါ နှစ်ဦးသား ဆုံနိုင်မယ့် ခရီးတစ်ခုစီစဉ်ပါ။ ဥပမာ- နှစ်ဦးသားကြားမှာရှိတဲ့ အပန်းဖြေ စခန်းလည်းရှိနိုင်မယ် မြို့တစ်မြို့မှာ ချိန်းပြီးဆုံတာမျိုး ပေါ့။ ဒါဟာ တကယ်ရင်ခုန်ဖို့ကောင်း ပါတယ် ။ ကိုယ့်မှာ ရှိတဲ့ အကောင်းဆုံးနဲ့ အလှဆုံး အ၀တ်အစားတချို့ထည့်ပြီး နေရာသစ် တစ်ခုမှာ လွတ်လွတ် လပ်လပ်ချိန်းတွေ့ကြပါ။ မင်းတို့ရဲ့ ဆက်နွယ်မှုကို ပိုပြီးခိုင်မာစေမှာပါ။

ခေတ်မီနည်းပညာကို အသုံးချပါ။ အွန်လိုင်းမှာချိန်းပြီး Conferendo လိုမျိုး Version နဲ့ စကားပြောတာမျိုး။ နောက်ပြောင်တဲ့သဘောနဲ့ရေးထားတဲ့ အီးမေး လေးတွေလိုမျိုး လင်မယားချင်းပို့တဲ့ အတွင်းကျတဲ့ဓါတ်ပုံမျိုး စတာတွေ ပေးပို့ပြီး သတိရစိတ်ကို နှိုးဆွပေးတာမျိုးလုပ်ပါ။ အပြန်အလှန် သတိရ ကြောင်း မတ်ဆေ့ လေးတွေ ပို့ပေးပါ။ နည်းပညာတိုးတက် လာတာ ဟာ အလွန်အသုံးဝင်ပေမယ့် ရှေးတုန်းက သုံးတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ စာတိုက်ကနေတဆင့် စာပို့တာကလဲ အခုအချိန်ထိ ဆန်းသစ် နေဆဲဆိုတာကို မမေ့ပါနဲ့။

ဒီနည်းလေးတွေအတိုင်း ကြိုးစားကြည့်မယ်ဆိုရင်တော့ အနေဝေးနေတဲ့ ချစ်သူရည်းစား ၊ အိမ်ထောင်ရှင် များအနေနဲ့ မိမိတို့ရဲ့ ပတ်သက်မှု သံယောဇဉ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Myanmar News Media

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း



ဝင်းဖေမောင် - ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲ ရောက်ကတည်းက သူရဦးရွှေမန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိနေပါတယ်။ အချို့ပညာရှင် တွေကတော့ သူက သမ္မ တဦးသိန်းစိန်နဲ့ ဆက်ဆံရေးကောင်းမယ်လို့ မျှော်လင့်ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သူရဦးရွှေမန်းနဲ့ ရင်းနှီး တဲ့ ဆက်ဆံမှုက ၂၀၁၅ အတွက် အတားအဆီးတစ်ခု ဖြစ် မယ်လို့ ခင်ဗျား ထင်ပါသလား။


ဘာတီးလင့်တနာ- သေချာတာပေါ့ဗျာ။ သူရဦးရွှေမန်းက Popular Figure တစ်ယောက် မဟုတ်ပါဘူး။ သူ့ကို အများ စုက ရည်ရွယ်ချက်ကြီးတဲ့သူ၊ ပါဝါ Hungry ဖြစ်သူလို့ မြင်ပါ တယ်။ ပြီးတော့ လူအများစုက သူ့မိသားစုက စီးပွားရေး လုပ်ငန်းတွေမှာ ပါဝင် ပတ်သက် နေတာနဲ့ ပတ်သက်ပြီး ဝေဖန်ကြပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ ပြောချင်တာ ကတော့ သူ့သားတွေနဲ့ ပတ်သက်တာပါ။ ပြီးတော့ ကျွန်တော်နားလည်တာကတော့ သူက စစ်တပ်ရဲ့ တိုင်းမှူးတွေကြားမှာ သိပ်ပြီးရေပန်းမစားပါဘူး။ စစ်တပ်ကျောထောက် နောက်ခံ မရှိဘဲနဲ့ သူခပ်ဝေးဝေးကို သွားနိုင်မှာ မဟုတ်ပါဘူး။

ဝင်းဖေမောင် - လာရီဂျာကန်ကတော့ ၂၀၁၅ မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်မယ်လို့ ခန်းမှန်းပါတယ်။

ဘာတီးလင့်တနာ- ၂၀၁၅ အလွန်မှာ ဘယ်သူ သမ္မတဖြစ်မယ်ဆိုတာ မပြောနိုင် ပါဘူး။ ဒါပေမယ့် ဖြစ်နိုင် သူ လေးယောက်ကတော့ ရှိပါတယ်။ ပထမကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်နိုင်မယ့်ပုံ မရှိပါဘူး။ သူရဦးရွှေမန်းကလည်း သူသမ္မတ ဖြစ်ချင်တယ်လို့ ပြောထား ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ သူက Popular Figure မဟုတ် ပါဘူး။ သူ့မှာလိုအပ်တဲ့ စပ်တပ်ကျားကန်မှု ကင်းမဲ့နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်း သမ္မတဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။ သူက ပြည့်စုံတဲ့ အရည်အချင်းမရှိဘူးလို့လည်း အပြစ်တင် နေကြပါတယ်။ အကယ်၍ စစ်တပ်က သူသမ္မတဖြစ်ဖို့ သဘောတူရင်လည်း သူ့ကို စစ်တပ် က ထွက်သွားစေချင်လို့ပဲ နေမှာပါ။ စတုတ္ထဖြစ်နိုင်တဲ့သူကတော့ သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်း အရွေးခံရဖို့ပါ။ သူက သူရဦးရွှေမန်းနဲ့ အခြားသူတွေလို Controversial (အငြင်းပွားစရာ ဖြစ်သော) Figure မဟုတ်ပါဘူး။ သူက နာမည်ကျော်ပါတယ်။ ကျွန်တော် ပြောရမယ်ဆိုရင် နိုင်ငံတကာတောင်မှာ သူကပေါက်ရောက်နေပါတယ်။ သူက နိုင်ငံတကာ နယ်ပယ်မှာ မြန်မာအတွက် ကြီးကျယ်ပြည့်စုံတဲ့ သံတမန်တစ်ဦးပါ။ သူက ပြည်တွင်းမှာ ကြီ်းကျယ်တဲ့ ဝေဖန်မှုတွေဖြစ်စေတဲ့ကိစ္စ ဘာမှ လုပ်ဆောင် ထားခြင်း မရှိပါဘူး။ သည်တော့ ကျွန်တော်ပြောသလိုပဲ ကျွန်တော်ဟာ ဗေဒင်ဆရာ တစ်ယောက် လည်းမဟုတ်ပါဘူး။ ၂၀၁၅ မတိုင်ခင် ဖြစ်နိုင်တာတွေ ကတော့ အများကြီးပါပဲ။ ဒါပေမယ့် အခုအနေအထား အရဆိုရင် ကျွန်တော်လောင်းကြေး ထပ်ရဲပါတယ်။ သမ္မတဦးသိန်းစိန်ပဲ ဒုတိယသက်တမ်းကို တာဝန်ယူမှာပါ။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၀) ပါ ဝင်းဖေမောင်၏ “မြန်မာ့အရေး ကျွမ်းကျင် သူ ဘာတီးလင့်တနာ နှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ကူးယူဖော်ပြသည်

ပတ်ဆောင်ဟွာ၏အပြောကြောင့် နံရံကိုလက်သီးဖြင့် ထိုးခဲ့ပြီးပေါက်ကွဲခံစားခဲ့ရတဲ့ ဦးဇော်ဇော် မြန်မာပရိသတ်အားလုံးကို ရှိခိုး၍ တောင်းပန်



အင်ဒိုနီးရှား အသင်းကို အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ရှုံးနိမ့်ကာ ဆီးဂိမ်းဘောလုံး ပြိုင်ပွဲ၏ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် မြန်မာ အသင်းကို (၂)နှစ်ကြာ တာဝန်ယူခဲ့သည့် တောင်ကို ရီးယား နိုင်ငံသား နည်းပြချုပ် ပတ်ဆောင်ဟွာကို မြန်မာ အသင်း ၏ နည်းပြချုပ် အဖြစ်မှ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ကြေငြာ ခဲ့သည်။


ပတ်ဆောင်ဟွာသည် ဦးဇော်ဇော် အပါအ၀င် မြန်မာ့ ဘောလုံး အသိုင်းအ၀န်း၏ ယုံကြည်ကိုးစားမှုကို အထူးရရှိခဲ့သည့် နည်းပြ တစ်ဦး ဖြစ်ပြီး မြန်မာ ယူ-၂၃ အသင်းအပါအ၀င်၊ မြန်မာ့ လက်ရွေးစင် အသင်းကိုပါ တစ်ဦးတည်း တာဝန်ယူခွင့် ရရှိခဲ့သူ ဖြစ်သည်။

"ရလဒ်ဆိုးအတွက် ပရိသတ်တွေကို ကျွန်တော် စိတ်မကောင်းလွန်းလို့ ရှိခိုးတောင်းပန် ချင်ပါတယ်။ ပတ်ဆောင်ဟွာနဲ့ ကျွန်တော်တို့ရဲ့ လက်တွဲမှုက ဒီမှာပဲ ရပ်ပါပြီ။ သူနဲ့ စာချုပ်သက်တမ်း ကျန်နေသေး ပေမယ့် ဆက်ပြီး လက်တွဲတော့မှာ မဟုတ်ပါဘူး"ဟု မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥကဌ ဦးဇော်ဇော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းသည် အုပ်စုနောက်ဆုံးပွဲ ဖြစ်သည့် အင်ဒိုနီးရှားနှင့် ပွဲတွင် သရေရပါက အုပ်စုမှ လွတ်မြောက်နိုင်မည် ဖြစ်သော်လည်း ပွဲချိန် ပထမပိုင်းတွင် ပေးခဲ့ရသည့် ပင်နယ်တီဂိုးကြောင့် အုပ်စု အဆင့်မှပင် နှုတ်ဆက်ခဲ့ရပြီ ဖြစ်သည်။ 

နည်းပြ ပတ်ဆောင်ဟွာသည် အသင်း၏ ပွဲထွက်လူစာရင်းတွင် အဓိက တိုက်စစ်မှူး ကျော်ကိုကိုအား ထည့်သွင်းခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှားကို ရင်ဆိုင်ခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အသင်းသည် ပွဲချိန် ပထမပိုင်းတွင် မည်သို့မျှ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ဘဲ အင်ဒိုနီးရှား အသင်း၏ တိုက်စစ်ကို အလူးအလဲ ခုခံခဲ့ရပြီးနောက် ပင်နယ်တီဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ ပတ်ဆောင်ဟွာ အနေဖြင့် ဒုတိယပိုင်းတွင် ကျော်ကိုကို ကို ထည့်သွင်းကာ တိုက်စစ်ဆင်ခဲ့သည်။ သို့သော် မြန်မာ အသင်း၏ ဒုတိယပိုင်း ခြေစွမ်းပြမှုမှာ ရလဒ်ကို မည်သို့မျှ ပြောင်းလဲနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးတွင် အရှုံးရလဒ်ကိုသာ လက်ခံခဲ့ရခြင်း ဖြစ်သည်။

ပွဲအပြီးတွင် လူထုတ်ပုံနှင့် ပတ်သက် သတင်းထောက်များက မေးမြန်းသောအခါ ပတ်ဆောင်ဟွာက Head to head စနစ်ဖြင့် ဆုံးဖြတ်မည်ကို ကျော်ကိုကိုအား လူစားလဲချိန်ထိ မိမိလုံးဝ မသိခဲ့ကြောင်း ဆိုခဲ့သည်။ ပတ်ဆောင်ဟွာ ၏ အဆိုပါ အပြောအတွက် ဦးဇော်ဇော်မှာ ဒေါသပေါက်ကွဲခဲ့ပြီး နံရံကိုပင် လက်သီးဖြင့် ထိုးခဲ့သေးသည်။ ထို့အပြင် ဦးဇော်ဇော်က ပတ်ဆောင်ဟွာ ၏ အဆိုပါ ပြောဆိုမှုမှာ ခေါင်းရှောင်မှု သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့သည်။

By Soccer Myanmar

အခမဲ့မေးခိုင်ကာကွယ်ဆေးထိုးပေးသောအစီအစဉ်မှာ မသမာမှုတစ်ရပ်အဖြစ် သတင်းပေါက်ကြား

လွန်ခဲ့သောရက်သတ္တပတ်အတွင်းမှစ၍ တောင်ကြီးမြို့ ရပ်ကွက်အသီးသီးရှိ အသက် ၁၅ နှစ်မှ ၄၅ နှစ် အတွင်း အမျိုးသမီးစာရင်းများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးစီးသည့် အမျိုးသမီး ရေးရာ အဖွဲ့မှ ကောက်ယူလျက်ရှိသည်။


၎င်းတို့ကို ဒီဇင်ဘာလကုန်မှစတင်ကာ သုံးလအတွင်း သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် အခမဲ့ မေးခိုင် ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ဟု သိရသည်။ ထိုစီမံချက်မှာ မိမိတို့၏အစီအစဉ်မဟုတ်သလို မိမိတို့မှ အလျဉ်းမသိရှိပါကြောင်း ရှမ်းပြည်နယ်ကျန်းမာရေးဝန်ကြီးဌာန၏ တောင်ကြီးမြို့နယ် ကျန်းမာရေးဌာန ၀န်ထမ်းတစ်ဦးကလည်းကောင်း၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း ပြောပြခဲ့ပါသည်။ 

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအတွက် ပြဿနာမဟုတ်သော်လည်း အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင် အမျိုးသမီးများကိုမူ မေးခိုင်ကာကွယ်ဆေးဟုဆိုလျက် သန္ဓေမတည်နိုင်တော့မည့် ပဋိဇီဝစမ်းသပ် တားမြစ် ဆေးများ၊ ကျန်းမာရေးထိခိုက်သွားစေမည့် ဓာတုဆေးဝါးများဖြင့် လိမ်ညာထိုးသွင်းရန် မသမာမှု အစီအစဉ် တစ်ရပ်ဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးထံမှ သတင်းပေါက်ကြားလာသည်။ 

ထို့ကြောင့် အခမဲ့အစီအစဉ်ဆိုကာမျှဖြင့် မစူးစမ်းမဆင်ခြင်ဘဲ လက်ခံခြင်းမပြုအပ်ကြောင်း၊ ဆေးရည်မှာ ခန္ဓာကိုယ်တွင်း ၀င်ရောက်ပြီးနောက် ပြန်လည်ပြင်ဆင်ကုသရန် အလွန်ခက်ခဲနိုင်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်သော အမျိုးသမီးများအနေနှင့် အမှန်တကယ်လိုအပ်လာပါက မိမိယုံကြည်ရသော သမားတော်များ၊ ဆရာဝန်များနှင့်သာ ပြသဆောင်ရွက်သင့်ကြောင်း၊ မဆိုစလောက်သောငွေကြေးသက်သာမှုဖြင့် ရေရှည် ကျန်းမာရေးကို အလဲအလှယ် မပြုအပ်ကြောင်း၊ ကာယကံရှင်မှ လက်မခံလျှင် အဓမ္မဆေးထိုးခွင့် မရှိသည်သာမက ယင်းသို့ပြုလျှင် တရားဥပဒေအရ ပြစ်မှုမြောက်ကြောင်း အထူးကုဆရာဝန်တစ်ဦးနှင့် ဥပဒေသမားတစ်ဦးမှ မေးမြန်းသူတို့အား သတိပေးရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။ 

ထိုအပြင် ခွန်ဒီးယမ် ဖဘ တွင်လည်း “ချင်းပြည်နယ်သို့  နယ်လှည့်ဆေးကုပေးနေသော မြန်မာ့တပ်မတော် ဆေးတပ်မှ စစ်သားများဟာ ဆေးအကြောင်း နားမလည်သော ရွာသူရွာသားတွေကို သက်တမ်းကျော်လွန် နေသော သောက်ဆေး စားဆေးများ ပေးကာ အနုနည်းနဲ့ သတ်ဖြတ်လျက်ရှိကြောင်း အရေးပေါ်သတင်း ရရှိ (ချင်းလူမျိုးတိုင်း မိမိတို့နဲ့ နီးစပ်ရာကို အကြောင်းကြား တားမြစ် အသိပေးကြပါ)”ဟူသည့် သတင်း တစ်ရပ် ကို ဒီဇင်ဘာ ၁၅ ရက်နေ့နေ့စွဲဖြင့်ဖေါ်ပြထားသည်။

စိုင်းစိုးစိုး(ကမ္ဘောဇမြေ)

Credit : Here

ရန်ကုန်မြို့၌ တစ်ပတ်အတွင်း Beauty Spa မီးလောင်မှု ဒုတိယအကြိမ်ဖြစ်ပွားရာ ၁၈ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းတစ်ဦး သေဆုံး



တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ သုမင်္ဂလာ လမ်းမ၊ တိုက်ခန်းအမှတ် ၁၅၃ ရှိ THREE SEASON Beauty Spa & Health အလှပြင်ဆိုင်၌ ဒီဇင်ဘာ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီ မိနစ်၂၀ က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ဝန်ထမ်း မိန်း ကလေးတစ်ဦးဖြစ်သူ မဆုမွန်၊ အသက် (၁၈) နှစ် မှာ ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းတွင်း၌ မီးခိုးများမွှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

"ကောင်မလေးက ရေချိုးခန်းထဲမှာ အ၀တ်လျှော်တုန်း မီးခိုးတွေမွှန်ပြီး ပိတ်မိသေတယ်။ မီးဖိုချောင်မှာ လျှပ်စစ်ထမင်းပေါင်းအိုးနဲ့တည်တာ အနီးအနားမှာ လူမရှိဘဲထားတော့ ၀ိုင်ယာပူတာကနေ စလောင် တယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ထွန်းက ပြောကြားသည်။

"မီး..မီး ဆိုပြီးလမ်းမတန်းဘက်ကအော်မှ တိုက်အပေါ်ထပ်အနောက်က လောင်နေတာတွေ့ရတယ်။ ထွက်ကြည့်တော့အပေါ်ထပ်က မီးခိုးအူပြီး တံခါးတွေ စွဲလောင်နေတာကိုတွေ့တယ်။ မာဆတ်ကမိန်း ကလေးတွေ အကုန်ဆင်းပြေးကြတယ်"ဟု ယင်းတိုက်နံဘေးအိမ်တွင် နေထိုင်သူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂၈ စီး၊ အုပ်ချုပ်ယာဉ်သုံးစီး၊ အထောက်အကူပြု ယာဉ်ခြောက်စီး လာရောက်ငြှိမ်းသတ်၍ ၁၂ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ကာ ၁၂ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ကြက်ခြေနီယာဉ်လေးစီးမှလည်း အကူအညီများပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လောင်ကျွမ်းမှုကြောင့် အဆောက်အအုံ တန်ဖိုး သိန်း ၂၀ နှင့် ပစ္စည်းတန်ဖိုး သုံးသိန်း ဆုံးရှုံးခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တောင်ဥက္ကလာပ မြို့မရဲစခန်းက ဆိုင်တာဝန်ခံဖြစ်သူ ကိုဝင်းမြင့် စန်းအား (ပ) ၄၇၃/၂၀၁၃၊ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း တောင်ဥက္ကလာပ မြို့မ ရဲစခန်းမှ ဒုရဲအုပ် တေဇာမင်းက The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြောကြားသည်။ 

"ဆိုင်ကတော့ KTV လို့သိရတယ်။ လျှပ်စစ်ထမင်းပေါင်းအိုး စတည်တာကနေ လောင်တယ်။ မီးလောင် တော့ ပိုင်ရှင်ဖြစ်သူလည်း ထွက်ပြေးသွားတယ်။ အမှုဖွင့်ထားတဲ့သူက ပိုင်ရှင်မဟုတ်ဘူးလို့ ငြင်းနေ တယ်" ဟု ဒုရဲအုပ်တေဇာမင်းက ပြောကြားသည်။

ယခု Beauty Spa မီးလောင်မှုသည် တစ်ပတ်အတွင်း ရန်ကုန်မြို့၌ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက် ည ၁၂ နာရီ ၁၅ မိနစ်ကလည်း မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ Gandamar Wholesale ကုန်တိုက်အပေါ်ထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦး သေဆုံးခဲ့သည်။

Eleven Media Group

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ရပ်ထားသော ယာဉ်တစ်စီး၏ နောက်ကြည့်မှန်ကို အား/ကာညွှန်မှူးက ရိုက်ခွဲ၍ ပိုင်ရှင်ဖြစ်သူမှ သမ္မတရုံးသို့ တိုင်ကြားထား

နေပြည်တော်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲများ ကျင်းပနေသည့် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်း ရပ် ထားသော လိုက်ထရပ် အဖြူရောင်ယာဉ်တစ်စီး၏ နောက်ကြည့်မှန်နှစ်ဖက်ကို အားကစားဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဦးကျော်မိုးဝင်းက ယာဉ်မရပ်ရနေရာ၌ ရပ်ထားသည်ဟုဆိုကာ ဒီဇင်ဘာ ၁၆ ရက်၊ နံနက်က စကားပြောစက်ဖြင့် ရိုက်ခွဲခဲ့ကြောင်း ရိုက်ခွဲခံရသည့် ကားပိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။


ထိုသို့ ရိုက်ခွဲခံရသည့် ကားမှာ Social Zone အတွင်း ဆီးဂိမ်းစ်အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ဖွင့် လှစ်ရောင်းချနေသော ဆိုင်ခန်းတစ်ခန်း၏ တာဝန်ခံတစ်ဦး၏ ကားဖြစ်ကာ ကမ္ဘောဇဘဏ်သို့ ငွေလွှဲနေစဉ် ယင်းဘဏ်အရှေ့၌ ကားကို ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် ကမ္ဘောဇဘဏ်ထဲ ငွေလွှဲနေတယ်။ ကားကို ဘဏ်ရှေ့မှာရပ်ထားတယ်။ ကျွန်တော့်ကားအပြင် တခြားကားတွေလည်း ရပ်ထားပါတယ်။ အထဲမှာငွေလွှဲနေတုန်း သူတို့အော်ခေါ်တဲ့အသံကို မကြားလိုက် ဘူး ။ ဘဏ်ထဲကိုလည်း ၀င်မမေးဘူး။ နောက်တော့ အား/ကာ ညွှန်ကြားရေးမှူးဆိုသူက ဒီနားမှာကား ရပ် လို့ဆိုပြီး ကားနောက်ကြည့်မှန် နှစ်ဖက်လုံးကို ရိုက်ခွဲသွားတယ်"ဟု ကားပိုင်ရှင် ကိုဗညားစစ်ဟန်က ဒီဇင် ဘာ ၁၆ ရက်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဖုန်းဆက်တိုင်ကြားခဲ့ရာ သမ္မတရုံးက ဖြေရှင်းပေးမည် ဟု ဖြေကြားခဲ့ပြီး အားကစားဝန်ကြီး ဦးတင့်ဆန်းကို တိုင်ကြားခဲ့ရာတွင်လည်း ပြေလည်အောင် ဖြေရှင်းပေး မည်ဟု ပြောကြားခဲ့ကြောင်း ကိုဗညားစစ်ဟန်က ဆက်လက်ပြောကြားသည်။

"ကားမှန်ခွဲတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်။ ပိုင်ရှင်မေးတာမရလို့ ရိုက်ခွဲတယ် ဆိုရင် နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ကားဆိုရင် ရိုက်ခွဲမှာလား။ ကျွန်တော်တို့မှာ ကားဝင်ခွင့်တွေ ရှိတယ်။ အခုဖြစ်တဲ့နေရာမှာလည်း ကားမရပ်ရ သတိပေးဆိုင်းဘုတ် ဘာတစ်ခုမှမရှိသလို ဆိုင်ခန်းတွေကို ကားမရဘူးလို့ တာဝန်ရှိသူတွေက လာပြောထားခြင်း မရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းနှင့် တွေ့ဆုံရန် Social Zone တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့သော်လည်း လူကြီးလမ်းကြောင်းဖြင့် လိုက်ပါသွားကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားသည်။

"ဒီနေရာမှာ စည်းကမ်းအရဆို ကားပါကင်မှာရပ်ရမယ်။ ပစ္စည်းအတင်အချလောက်ပဲ ခဏတစ်ဖြုတ်ရပ်လို့ရ တယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီနေရာမှာ ကားရပ်တာ လေးရက်လောက်ရှိပြီ။ အရင် ရက်တွေက ကားရွှေ့ပေးဖို့ပြောတော့ မရွှေ့နိုင်ဘူး တိုင်ချင်ရာတိုင်လို့ပြောတယ်။ အဲဒါနဲ့ ဗိုလ်ကြီးလာတဲ့ အချိန်မှာ အဲဒီအကြောင်းကိုပြောပြတယ်။ အား/ကာ ညွှန်မှူး ဗိုလ်ကြီးကျော်မိုးဝင်းက ပိုင်ရှင်ခေါ်ပါသေး တယ်။ ခေါ်လို့မရတဲ့အခါမှာ လက်ကိုင်စကားပြောစက်နဲ့ ကားနောက်ကြည့်မှန်ကို ခွဲလိုက်တာပါ" ဟု Social Zone တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကားပိုင်ရှင်ဖြစ်သူ ကိုဗညားစစ်ဟန်က "ကျွန်တော်ဘဏ်ရှေ့ကို လေးရက်လုံးရပ်ထားတာ မဟုတ်ဘူး။ အဲဒီနားမှာ စီစီတီဗီကင်မရာတွေ ရှိတယ်။ ပြန်ကြည့်လို့ရတယ်။ ကားမရပ်ဖို့လာပြောတာ လုံးဝမရှိဘူး။ ကျွန်တော်တို့က ဆီးဂိမ်းအောင်နိုင်ရေးအတွက် အထိမ်းအမှတ်ပစ္စည်းတွေကို တစ်လ၂၅ သိန်းနဲ့ငှားပြီး ရောင်းနေတာပါ။ ဒီလိုပြဿနာဖြစ်ပြီးတော့ ခြင်းကွင်းအတွင်းနဲ့ အပြင်မှာရှိတဲ့ ကျွန်တော့်ဆိုင်နှစ်ဆိုင်ကို မပိတ်ရင် ကားပေါ်ဆွဲတင်မယ်ဆိုပြီး သူကိုယ်တိုင်လိုက်ပြောတဲ့အတွက် ဆိုင်တွေကို သိမ်းထားရပါတယ်" ဟု ၎င်းက ထပ်မံပြောကြားသည်။

Eleven Media Group

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ရန် ဥရောပသမဂ္ဂက မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်းမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရစေရန် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များအား ပြင်ဆင်ရေးအတွက် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာအစိုးရခေါင်းဆောင်များကို တိုက်တွန်း သွား မည်ဖြစ်ကြောင်း သိရသည်။


ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် မြို့၌ ကျင်းပခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အီးယူ နိုင်ငံခြားရေးဝန်ကြီးများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ မကျင်းပနိုင်ပါက မြန်မာနိုင်ငံ အနေဖြင့် လူထုအုံကြွမှုဖြစ်ပေါ်ပြီး ၂၀၁၀ ပြည့်နှစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အစီအ စဉ်များ ပျက်စီးနိုင်သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့နိုင်ကြောင်း မြန်မာအစိုးရအား သတိပေးပြောကြား သွားမည်ဟု သိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် လေ့လာသုံးသပ်သူများက လွတ်လပ်သော ရွေးကောက်ပွဲများပေါ်ပေါက်ပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာနိုင်ကြောင်း မျှော်လင့်ထားသည်။

"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်နဲ့လျော်ညီတဲ့ ဒီမိုကရေစီလိုအပ်ချက်တွေနဲ့အညီ ပြင်ဆင် ဖို့၊ ထာဝရငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့အားလုံးပါဝင်ခွင့်ရမယ့်ရွေးကောက်ပွဲဆိုင် ရာ ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ဖို့ အီးယူအနေနဲ့ တိုက်တွန်းပါတယ်" ဟု အီးယူဝန်ကြီးများ အဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်မူကြမ်းတွင် ရေးသားထားကြောင်း Financial Times သတင်းစာက ဖော်ပြ ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယုံကြည်အားထားလောက်မှု၊ ပွင့်လင်းမြင်သာမှုရှိမှု၊ အားလုံးပါဝင်ခွင့်ရှိမှုနှင့် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာ အချက်အလက်များ ပါဝင်သင့်ပြီး ရွေးကောက်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် မျှတစွာပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း အဆိုပါတိုက်တွန်းချက် မူကြမ်းတွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်အစိုးရ နိုင်ငံတော်တာဝန်အား စတင်ယူခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့သည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုလည်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက ချီးမွမ်း သွား မည် ဖြစ်သကဲ့သို့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်စေရေးအတွက်လည်း မြန်မာအစိုးရကို ဖိအားများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အီးယူအနေနဲ့ အပြည့်အ၀တွန်းအားပေး သွား မှာပါ။ မြန်မာအစိုးရအနေနဲ့ တိုင်းပြည်ကို နောက်ကြောင်းပြန်မလှည့်အောင် လုပ်ဆောင်ဖို့ အမှန်တကယ် စိတ်အားထက်သန်တယ်ဆိုတဲ့အချက်ကို ကမ္ဘာကိုပြသဖို့ သမ္မတရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ အပိုဒ် ပြင်ဆင်ရေးဟာ အဓိကအရေးကြီးနေပါတယ်" ဟု ဥရောပသံတမန်တစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရေး တောင်းဆိုချက်ပါဝင်သည့် ဆုံးဖြတ်ချက်ကို ဗြိတိန်အစိုးရက အဆိုပြု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကျင်းပမည့်ရွေးကောက်ပွဲများသည် ဟာသတစ်ခုသာဖြစ်နေမည်ဟု အောက်တိုဘာလအတွင်း ပြောကြား ခဲ့သည်။

"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်လာသူတစ်ဦးကို ဘေးဖယ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ရွေးကောက်ပွဲတွေကို ကျင်းပမယ်ဆိုရင် လုံးဝကို မှားယွင်းမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ခဲ့ မယ်ဆိုရင် ဒီမိုကရေစီရွေးကောက်ပွဲလို့ ကျွန်တော်ကတော့ မသတ်မှတ်နိုင်ပါဘူး"ဟု ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ဒေးဗစ်ကင်မရွန်က ပြောကြားသည်။

 ဒီဇင်ဘာ ၁၆ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ၏  နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးတွင် နိုင်ငံခြားရေး ၀န်ကြီးများအား တွေ့ရစဉ်

Eleven Media Group

၈၈ မျိုးဆက်အဖွဲ့၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြမည်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွား ရန်ရှိကြောင်း အဆိုပါအဖွဲ့မှ ဦးကိုကိုကြီးက ဒီဇင်ဘာ ၁၆ တွင် ပြောကြားသည်။


လက်ရှိတွင် ၈၈ မျိုးဆက်အဖွဲ့၏ ခေါင်းဆောင်များအကြားတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းနှင့် လွှတ်တော်ကော်မတီမှ သတ်မှတ်ထားသည့် နောက်ဆုံး ထားပေးပို့ရမည့်ရက် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ တင်ပြသွားမည်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ ပြင်ဆင်ရန်ခက်ခဲအောင် ပြုလုပ်ထားသည့်အချက် ပုဒ်မ ၇၄ ချက်အထိ ရှိနေသည့်အတွက် ၎င်း တို့အနေဖြင့် ပြင်ဆင်လိုသည့် အချက်များ ဆိုခြင်းထက် ပြင်ဆင်သင့်သည့် နိုင်ငံရေးအယူအဆများကိုသာ တင်ပြသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

"တော်တော်များများက ပုဒ်မတွေနဲ့ ချဉ်းကပ်တာပေါ့။ ကျွန်တော်တို့က ဖွဲ့စည်းပုံကို မြင်တာက နိုင်ငံရေး ပြဿနာလို့ပဲမြင်တယ်။ နိုင်ငံရေးသဘောတူညီချက်ရပြီးသွားမှ ဘယ်ဥပဒေတွေကို ပြင်မယ်မပြင်ဘူး ဆိုတာကို စဉ်းစားရမှာ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးအယူအဆအရသာ ချဉ်းကပ်ချင်တာ"ဟု ၎င်းက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကအချက်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည် မှူ ရှိရေးပင်ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံတွင် လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ထားသည့် အချက်များ ပါနေကြောင်း၊ တစ်ဦးနှင့်တစ်ဦးသာ ယုံကြည်မှုရှိလာပြီး ယင်းကဲ့သို့ ကြိုတင်ကာကွယ်ထားသည့် အချက် များလျော့ပါးသွားပြီး ပြေလည်သွားမည်ဟု ထင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဦးကိုကိုကြီးက "အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက စကားလုံးတွေ၊ ပုဒ်မတွေဆိုတာက လူကဖန် တီးထားတာပဲ။ တကယ်တော့ အဖွဲ့အစည်းတွေကြား၊ လူတွေကြားထဲမှာ ယုံကြည်မှုရဖို့က အရေးကြီးတယ်။ အဲဒါပြီးသွားရင် ဖွဲ့စည်းပုံက အားလုံးသဘောတူညီတဲ့ ဖွဲ့စည်းပုံဖြစ်သွားမှာပေါ့။ ယုံကြည်မှုမရမချင်း က တော့ တစ်ယောက်ကိုတစ်ယောက်၊ တစ်ဖက်ကိုတစ်ဖက် ပိတ်ဆို့ထားတာတို့၊ အပေါ်စီးယူထားတာတို့ အ ချက်တွေကရှိနေမှာပဲ"ဟု ဆိုသည်။

ပြည်ထောင်စုလွှတ်တော်အနေဖြင့် တပ်မတော်သားများအပါအ၀င် လွှတ်တော်တွင်းပါဝင်သော ပါတီအသီး သီးမှ ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီအနေဖြင့် လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ တင်ပြသွားရမည် ဖြစ်သည်။

လက်ရှိတွင် အဆိုပါကော်မတီသို့ တင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် ပြည်သူ့ဆန္ဒသဘောထားများ လိုက်လံကောက် ယူနေသကဲ့သို့ အခြားအဖွဲ့အစည်းအချို့မှလည်း ပြည်သူ့ဆန္ဒသဘောထား ကောက်ယူမှုများ ပြုလုပ်ကာ အဆိုပါကော်မတီသို့ တင်ပြမှုများရှိနေကြောင်း သိရသည်။ Eleven Media Group

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်သို့ ဆက်လက်တင်ပြနိုင်ရေး ကော်မတီအစည်းအဝေး ဇန်န၀ါရီ ၇ ရက်တွင်ပြုလုပ်မည်



ပြည်သူများထံမှ ရောက်ရှိလာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက် များကို လွှတ်တော်သို့ ဆက်လက်တင်ပြ နိုင်ရေး အတွက် အဖွဲ့ဝင် ၁၀၉ ဦးပါ ကော်မတီအစည်း အဝေးကို ဇန်န၀ါရီ ၇ ရက်တွင် နေပြည်တော်၌ ပြုလုပ်မည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမောက်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြော ကြားသည်။


ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံသည့်အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်သည်။ အဆိုပါပြည်သူများ၏ အကြံပြုချက်များအား ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ရာ ၎င်းကိစ္စနှင့် ပတ်သက်၍ ယခုအစည်းအဝေးတွင် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးအေးမောက်က ဆို သည်။

"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဇန်န၀ါရီ ၇ ရက်မှာ အစည်းအဝေး ပြုလုပ်ပါမယ်။ ကျွန်တော်တို့ အဖွဲ့ဝင်တွေကတော့ အကြံပြုစာတွေ လေ့လာစိစစ်ဖို့ ဇန်န၀ါရီ လ ဆန်းပိုင်းမှာ နေပြည်တော်ကို ရောက်ရှိပါမယ်။ဇန်န၀ါရီလ ၇ ရက် အစည်းအဝေးမှာ ကော်မတီအဖွဲ့ဝင် တွေ ကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်းတွေအလိုက် အဆိုပြုချက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ ချပြဖို့ ရှိတယ်။

အဲဒါတွေကို အဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုသုံးသပ်မလဲ။ လွှတ်တော်ကို ဘယ်လိုတင်မလဲ။ အကြံပြုချက်တွေ ထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲဆုံးဖြတ်လို့ရတဲ့ အချက်တွေပါရင် အဲဒါတွေကို ဘယ် လိုဆောင်ရွက်မလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းပြီးပြတ်အောင် ဘယ်လိုလုပ်မလဲ စတဲ့အ ချက်တွေကို ကော်မတီအဖွဲ့ဝင်တွေအနေနဲ့ ဆွေးနွေးကြဖို့ရှိပါတယ်"ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေအတွင်းရေးမှူး ဦးအေးမောက် က ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၉ ဦး ပါဝင်သည်။

၂၀၁၃ခုနှစ် နိုဝင်ဘာ ၈ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူများထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ် သက်၍ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက်ပေါင်း ၂၅၁၂ ချက် ရရှိခဲ့သည်ဟု ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ဒီဇင်ဘာ ၆ ရက် တွင် ထုတ်ပြန်ခဲ့သည်။

ဓါတ်ပုံ - ဒီဇင်ဘာ ၁၄ ရက်က ကော့မှူးမြို့နယ်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန် လက်ထောင်ဆန္ဒပြုနေကြစဉ် 

Eleven Media Group

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား



ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစား သော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ ရပြီ ဖြစ်သည်။


အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်း များ အနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေး ဆုံး အားကစားနည်းဖြစ်သော ဘောလုံးပြိုင်ပွဲတွင် အုပ်စု အဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့် တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခ များလည်း ဖြစ်ပွားခဲ့သည်။ မြန်မာ ဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်း ပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ်
(ဓာတ်ပုံ-မင်းသိန်းနိုင်)

မြန်မာဘောလုံးသမားများ ပုံပါ ဆီးဂိမ်းစ်လှုံ့ဆော်ရေးဆိုင်ဘုတ်ကို မီးရှို့နေကြစဉ်
ဓာတ်ပုံ-အာကာ

ပရိသတ်များ ၀တ်ဆင်အားပေးသည့် မြန်မာအသင်းအင်္ကျီအား မီးရှို့နေကြစဉ် (ဓာတ်ပုံ-အာကာ)

"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်း ပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့ သိနေတယ်။

ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူ ထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့ တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင် တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ ဖူးသူဖြစ်တယ်။

ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ် ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်း တစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်း တစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ် ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သ လဲ ဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက် တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲ တစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့် က ထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။

ကွင်းအတွင်းဝင်ရောက်လာသော ပရိသတ်တစ်ဦးအား လုံခြုံရေးများက ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်

ဆူပူနေသော ပရိသတ်အချို့အား မီးသတ်ပိုက်ဖြင့် ရေပက်၍ လူစုခွဲနေစဉ် 
ဓာတ်ပုံ-မင်းသိန်းနိုင်

ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မီးပွိုင့်တွင် ပရိသတ်အချို့မှ ပစ်ပေါက်ထားသည့် ခဲအပိုင်းအစများ (((((((((ဓာတ်ပုံ-၀င်းမြင့်ကျော်

အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုး မရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်း အတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်း ထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲ သို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ ရ ကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်း ထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက် နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံ တိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။

မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ)

ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ကိုရီးယားလူမျိုးနည်းပြ၏အတ္တနှင့် သန်း ၆၀ ၏ မျှော်လင့်ချက် လဲလှယ်ခဲ့ရ
(ဓာတ်ပုံ-ညီညီစိုးညွန့်)

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ် ရင်း နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွား မှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့ သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက် သေး တာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသား ဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွ က်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့် အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန် တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွား တန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မ ရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ပရိသတ်အား ပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့မဆိုင်တော့သလိုဖြစ်သွား ပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကို ဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။ 

Eleven Media Group

လူပျောက်ကြော်ငြာ


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ရွှေညောင်မြို့နေ၊ ဦးသက်လွင်+ ဒေါ်သီတာ တို့၏သား မောင်ဖြိုးဟန်ကျော် နှင့် ဦးမြသောင်း+ဒေါ်ဝင်းဝင်းထွေး(ခ)မငယ် တို့၏သား မောင်ပြည်ဖြိုးကျော် တို့ သူငယ်ချင်းနှစ်ယောက်သည် 13/12/2013 ရက် (သောကြာနေ့)ညနေ 33း0 ကျောင်းဆင်းပြီး အချိန်မှ/ယနေ့အချိန်အထိ အိမ်ပြန်မရောက်ရှိဘဲ ပျောက်ဆုံးနေပါသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ၊တောင်ကြီးမြိုနယ် ရွှေညောင်ရဲစခန်းတွင် 16/12/2013 ရက်နေ့က လူပျောက်မှု့ဖြင့် အမှုဖွင့်ထားပါသည်။

တွေ့ရှိသူများအနေဖြင့် ဖုန်းနံပါတ် 09-428361034, 09-448047022 သို့  ဆက်သွယ်အကြောင်းကြားပေးပါရန် လေးစား စွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။                            

E-mail: phyozayar0089@gmail.com သို့လည်း ဆက်သွယ် အကြောင်းကြားနှိုင်ပါသည်။