Tuesday, December 17, 2013

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း ရပ်ထားသော ယာဉ်တစ်စီး၏ နောက်ကြည့်မှန်ကို အား/ကာညွှန်မှူးက ရိုက်ခွဲ၍ ပိုင်ရှင်ဖြစ်သူမှ သမ္မတရုံးသို့ တိုင်ကြားထား

နေပြည်တော်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲများ ကျင်းပနေသည့် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်း ရပ် ထားသော လိုက်ထရပ် အဖြူရောင်ယာဉ်တစ်စီး၏ နောက်ကြည့်မှန်နှစ်ဖက်ကို အားကစားဝန်ကြီးဌာန ညွှန် ကြားရေးမှူး ဦးကျော်မိုးဝင်းက ယာဉ်မရပ်ရနေရာ၌ ရပ်ထားသည်ဟုဆိုကာ ဒီဇင်ဘာ ၁၆ ရက်၊ နံနက်က စကားပြောစက်ဖြင့် ရိုက်ခွဲခဲ့ကြောင်း ရိုက်ခွဲခံရသည့် ကားပိုင်ရှင်၏ ပြောကြားချက်အရ သိရသည်။


ထိုသို့ ရိုက်ခွဲခံရသည့် ကားမှာ Social Zone အတွင်း ဆီးဂိမ်းစ်အထိမ်းအမှတ် အမှတ်တရပစ္စည်းများ ဖွင့် လှစ်ရောင်းချနေသော ဆိုင်ခန်းတစ်ခန်း၏ တာဝန်ခံတစ်ဦး၏ ကားဖြစ်ကာ ကမ္ဘောဇဘဏ်သို့ ငွေလွှဲနေစဉ် ယင်းဘဏ်အရှေ့၌ ကားကို ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် ကမ္ဘောဇဘဏ်ထဲ ငွေလွှဲနေတယ်။ ကားကို ဘဏ်ရှေ့မှာရပ်ထားတယ်။ ကျွန်တော့်ကားအပြင် တခြားကားတွေလည်း ရပ်ထားပါတယ်။ အထဲမှာငွေလွှဲနေတုန်း သူတို့အော်ခေါ်တဲ့အသံကို မကြားလိုက် ဘူး ။ ဘဏ်ထဲကိုလည်း ၀င်မမေးဘူး။ နောက်တော့ အား/ကာ ညွှန်ကြားရေးမှူးဆိုသူက ဒီနားမှာကား ရပ် လို့ဆိုပြီး ကားနောက်ကြည့်မှန် နှစ်ဖက်လုံးကို ရိုက်ခွဲသွားတယ်"ဟု ကားပိုင်ရှင် ကိုဗညားစစ်ဟန်က ဒီဇင် ဘာ ၁၆ ရက်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဖုန်းဆက်တိုင်ကြားခဲ့ရာ သမ္မတရုံးက ဖြေရှင်းပေးမည် ဟု ဖြေကြားခဲ့ပြီး အားကစားဝန်ကြီး ဦးတင့်ဆန်းကို တိုင်ကြားခဲ့ရာတွင်လည်း ပြေလည်အောင် ဖြေရှင်းပေး မည်ဟု ပြောကြားခဲ့ကြောင်း ကိုဗညားစစ်ဟန်က ဆက်လက်ပြောကြားသည်။

"ကားမှန်ခွဲတာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်။ ပိုင်ရှင်မေးတာမရလို့ ရိုက်ခွဲတယ် ဆိုရင် နိုင်ငံတော်အကြီးအကဲတစ်ယောက်ရဲ့ကားဆိုရင် ရိုက်ခွဲမှာလား။ ကျွန်တော်တို့မှာ ကားဝင်ခွင့်တွေ ရှိတယ်။ အခုဖြစ်တဲ့နေရာမှာလည်း ကားမရပ်ရ သတိပေးဆိုင်းဘုတ် ဘာတစ်ခုမှမရှိသလို ဆိုင်ခန်းတွေကို ကားမရဘူးလို့ တာဝန်ရှိသူတွေက လာပြောထားခြင်း မရှိပါဘူး" ဟု ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးဝင်းနှင့် တွေ့ဆုံရန် Social Zone တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့သော်လည်း လူကြီးလမ်းကြောင်းဖြင့် လိုက်ပါသွားကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားသည်။

"ဒီနေရာမှာ စည်းကမ်းအရဆို ကားပါကင်မှာရပ်ရမယ်။ ပစ္စည်းအတင်အချလောက်ပဲ ခဏတစ်ဖြုတ်ရပ်လို့ရ တယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီနေရာမှာ ကားရပ်တာ လေးရက်လောက်ရှိပြီ။ အရင် ရက်တွေက ကားရွှေ့ပေးဖို့ပြောတော့ မရွှေ့နိုင်ဘူး တိုင်ချင်ရာတိုင်လို့ပြောတယ်။ အဲဒါနဲ့ ဗိုလ်ကြီးလာတဲ့ အချိန်မှာ အဲဒီအကြောင်းကိုပြောပြတယ်။ အား/ကာ ညွှန်မှူး ဗိုလ်ကြီးကျော်မိုးဝင်းက ပိုင်ရှင်ခေါ်ပါသေး တယ်။ ခေါ်လို့မရတဲ့အခါမှာ လက်ကိုင်စကားပြောစက်နဲ့ ကားနောက်ကြည့်မှန်ကို ခွဲလိုက်တာပါ" ဟု Social Zone တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကားပိုင်ရှင်ဖြစ်သူ ကိုဗညားစစ်ဟန်က "ကျွန်တော်ဘဏ်ရှေ့ကို လေးရက်လုံးရပ်ထားတာ မဟုတ်ဘူး။ အဲဒီနားမှာ စီစီတီဗီကင်မရာတွေ ရှိတယ်။ ပြန်ကြည့်လို့ရတယ်။ ကားမရပ်ဖို့လာပြောတာ လုံးဝမရှိဘူး။ ကျွန်တော်တို့က ဆီးဂိမ်းအောင်နိုင်ရေးအတွက် အထိမ်းအမှတ်ပစ္စည်းတွေကို တစ်လ၂၅ သိန်းနဲ့ငှားပြီး ရောင်းနေတာပါ။ ဒီလိုပြဿနာဖြစ်ပြီးတော့ ခြင်းကွင်းအတွင်းနဲ့ အပြင်မှာရှိတဲ့ ကျွန်တော့်ဆိုင်နှစ်ဆိုင်ကို မပိတ်ရင် ကားပေါ်ဆွဲတင်မယ်ဆိုပြီး သူကိုယ်တိုင်လိုက်ပြောတဲ့အတွက် ဆိုင်တွေကို သိမ်းထားရပါတယ်" ဟု ၎င်းက ထပ်မံပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။