Friday, May 24, 2013
ငွေစက္ကူအတုများ ဖမ်းဆီးရမိ

မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ရောက်ရှိ လာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက် တထို ကျေးရွာနေ မစ္စတာ တာဟူး (၅၇)နှစ် နှင့် ဇနီး ဖြစ်သူ မစ္စချန် (၄၁)နှစ် တို့ ၂ ဦးသည် ထီးခီး စစ်ဆေးရေး ဂိတ်အနီး၌ မြန်မာငွေနှင့် ထိုင်း ဘတ်ငွေ လဲလှယ်ရန် ဆောင်ရွက်နေစဉ် မသင်္ကာသဖြင့် ထီးခီး ကုန်သွယ်ရေး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ မေးမြန်းခဲ့ရာ မစ္စတာ တာဟူး နှင့် အတူပါလာသော အညိုရောင် ချည်ထည်ဖြင့် ရက်လုပ် ထားသည့် ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁၀၀၀ ကျပ်တန် ၁၀၀ ရွက် ၊ ၅၀၀၀ ကျပ်တန် ၁၉၄ ရွက် တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
စစ်ဆေးချက်အရ ၄င်းတို့ ၂ ဦးသည် ထိုင်းနိုင်ငံ မှ ထီးခီး နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ကုန် အရောင်း အ၀ယ် ကိစ္စ လေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း ၊ ၄င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီ မြို့နယ်ခွဲ ဒန်တက်တထို ကျေးရွာ အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ် တွင် နေထိုင်သော အချိုင် ဆိုသူထံသို့ ထိုင်းစစ်သား အစင် ဆိုသူက ယင်း မြန်မာ ငွေစက္ကူ အတု များအား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက် တွင် နေထိုင် လျက် ရှိကြောင်း ၊ အဆိုပါ ငွေစက္ကူ အတုများကို အချိုင် မှ ထိုင်းဘတ်ငွေ ဖြင့် လဲလှယ် ပေးရန် ၄င်းတို့အား ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြိး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ မစ္စတာ တာဟူး နှင့် ဇနီးသည် မစ္စချန် တို့ ၂ ဦးအား ထားဝယ် မြို့မရဲစခန်း (ပ) ၁၈၂ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၄၈၉ (က) (ခ) (ဂ) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန မှ သိရှိရသည်။
မန္တလေးမှာ တခမ်းတနား ကျင်းပတဲ့ ညောင်ရေသွန်းပွဲ

ကဆုန်လပြည့်နေ့သည် ဗုဒ္ဒဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တခုဖြစ်သည်နှင့်အညီ မန္တလေး နှင့် အနီးတဝိုက်တွင် ယနေ့ ကဆုန်ညောင်ရေ သွန်း ပွဲတော် ကျင်းပကြပြီး စတုဒီသာ အအေးနှင့် မုန့်များ ဒါနပြုကြသည်ကို တွေ့ရသည်။
အထူးသဖြင့် ဧရာဝတီမြစ်အနီး အမရပူရမြို့ ရွှေကြက်ယက် ကျေးရွာတွင်ကျင်းပသော ကဆုန် ညောင်ညောင်ရေသွန်းပွဲမှာ ရှေးမူမပျက် ရာဇာဝင်း ဒေဝါဝင်းများ ခင်းကာ ကျင်းပသောကြောင့် အလွန် ထင်ရှားသော ပွဲတပွဲ ဖြစ်သည်။
ရပ်နီး ရပ်ဝေးမှ လာရောက်ဆင်နွှဲကြရာတွင် ရှေးမူမပျက် နွားလှည်းများဖြင့် ဇာတ်ပွဲလာကြည့် သည့် ဓလေ့ကိုလည်း ထူးထူးခြားခြား တွေ့နေရဆဲဖြစ်သည်။
သို့သော် မိသားစုလိုက် နွားလှည်းနှင့် လာရောက်မှု တဖြည်းဖြည်း နည်းပါးလာသည်။
နွားလှည်းနေရာတွင် အစားထိုးလာသည့်အရာမှာ ထော်လာဂျီများ၊ ထရပ်ကားငယ်များ ဖြစ်သည်။
မန္တလေးမြို့ပေါ် မဟာမြိုင်ရပ်ကွက် ဗောဓိကုန်းရပ်ရှိ
ညောင်ရေသွန်းပွဲသည်လည်း ညောင်ရေသွန်းလောင်း သူ၊ ရေပက်ဆော့ ကစားသူ များပြားလှသောကြောင့် ထင်ရှားသော ပွဲတပွဲဖြစ်သည်။












Credit : http://blog.irrawaddy.org/2013/05/blog-post_4125.html
စစ်တွေမြို့နယ်၌ လက်ပစ်ဗုံးများနှင့် ကျည်ဆန်များတွေ့ရှိ

၂၃.၅.၂၀၁၃ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေ မြို့ နယ် အုန်းတောကြီး ကျေးရွာမှ ပလ္လင်ပြင်ထိ လမ်း ဖောက် လုပ်ရေး အဖွဲ့မှ ၄င်းနေ့ မွန်းလွဲ ၁၂ နာရီ ခွဲခန့်က စစ်တွေမြို့အနီး အုန်းတောကြီး ဘင်္ဂလီ ကျေးရွာ အနီး ရေနုတ်မြောင်း တူးဖော်စဉ် နှစ်ပေ ခန့်အနက်၌ ကျောပိုးအိတ်ဟောင်း တစ်လုံးတွင် ထည့်ထားသည့် အမှတ်(၃၆) လက်ပစ် ဗုံး ၂၁ လုံး၊ ၉ မမကျည် ၉ဝဝ တောင့် အား တွေ့ရှိခဲ့သည်။
အဆိုပါ လက်ပစ်ဗုံးနှင့် ခဲယမ်းများမှာ သံချေးတက် နေပြီး လွန်ခဲ့သည့် ၁ဝ နှစ် ခန့်က နှစ်မြှုပ် ထားသည့် ပစ္စည်းများ ဖြစ်နိုင်ကြောင်းနှင့် တာဝန်ရှိ သူများက သိမ်းဆည်း စစ်ဆေးလျက် ရှိကြောင်း မြ၀တီ သတင်း တွင် ဖော်ပြချက် အရရှိသည်။ လမ်းလုပ်ရာတွင် လက်နက်များကို တွေ့ရှိခဲ့သူတစ်ဦးမှ “ကျွန်တော်တို့ စတွေ့တွေ့ရှင်းတော့ အထုတ်တစ်တွေတယ် ဘာမှန်းမသိဘူးဆို ဖွင့်ကြည့်ရာမှ လက်နက်တွေ ဖြစ်နေတယ်။ ဒါကြောင်း လုံခြုံရေးကို အကြောင်းကြားပြီး အပ်လိုက်တာပါ။” ယခုအခါ ၄င်း လက်နက် ပစ္စည်းများအား စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် စစ်ဆေးလျှက်ရှိပြီး သတင်းများကို လူထုကြားသို့ ထုတ်ပြန်ချက် မရှိသေးကြောင်းလည်း သိရှိရပါသည်။
မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း

မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး -
ဂိုးမရှိနဲ့ နိုင် သွား တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။
"ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့် တင်းမှု ရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ" လို့ အဲဒီမှာ ရေးပါတယ်။
မနက်ဖြန် ထိုင်ဝမ်ကိုနိုင်ရင် မြန်မာအသင်း အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်တွေကို တက်မယ်လို့ သိရ ပါတယ်။
ပါလက်စတိုင်း ခြေစွမ်း နဲ့ သူ့ပရိသတ်
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုပွဲတွေ ပါလက်စတိုင်းမှာ ကန်နေတာပါ။ ဆိုခဲ့သလိုပဲ အိမ်ရှင်အသင်းက ခြေစွမ်း အားနည်းပါတယ်။ သူတို့ဆီမှာ လူဦးရေနည်းပါးတဲ့အတွက် ဘောလုံး ဝါသနာပါသူ၊ ကစားလိုသူ နည်းပါးတာကြောင့် ဒီလိုအခြေအနေ ဖြစ်နေပုံပါပဲ။ ကန်သူ နည်းတဲ့အပြင် ဘောလုံးပွဲကြည့်သူလည်း နည်းပါတယ်။ အထူးတန်းပွဲကြည့်စင်မှာပဲ လူခပ်ကျဲကျဲ ရှိနေတာကို ဓာတ်ပုံများ ထဲ တွေ့ရမှာပါ။
ဒါတောင်မှ ကိုယ့်အသင်းကန်တဲ့အခြေအနေပါ။ ကိုယ့်အသင်း မပါတဲ့ပွဲတွေဆိုရင် ပရိသတ်အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းကြည့်ပါတော့။
အထူးတန်းပွဲကြည့်စင်မှာ ရှိတဲ့ ပရိသတ် နည်းနည်း လေးဟာ ပါလက်စတိုင်း ပရိသတ်မဟုတ်ဘဲ ထိုင်ဝမ်၊ အိန္ဒိယအသင်းက ကစားသမားတွေ၊ နည်းပြတွေ လည်း ဖြစ်နိုင်ပါတယ်။
ဂိုးမိုး
မြန်မာအသင်းနည်းပြက သူ့ကစားသမားတွေဟာ ပါလက်စတိုင်းကို ၆ ဂိုး ထည့်မယ်လို့ ကြုံးဝါးခဲ့တာ ဒီလိုအခြေအနေတွေကို သိလို့ ပြောရဲဆိုရဲခဲ့တာဖြစ်ပါလိမ့်မယ်။ အခုတော့ ၉ ဂိုး ထည့်လိုက်ပါပြီ။
ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်အသင်းက ပါလက်စတိုင်းကို ၆ ဂိုး ထည့်ခဲ့ပါတယ်။
လင်မယားနှစ်ယောက်ကိုအုတ်ခဲနဲ့ထုတဲ့ ပုသိမ်ကဗိုလ်ကြီး
နေအိမ်ရှေ့မှာ ကားရပ်လို့ဆိုပြီးတော့ ပုသိမ်မြို့ အ ခြေစိုက် လေတပ်စခန်းက ဗိုလ်ကြီး ဖြိုးပြည့်အောင် က ကားပိုင်ရှင်လင်မယားကို ပါးရိုက်၊
ထိုးကြိတ်တာ တွေ ပြုလုပ်ခဲ့တဲ့အတွက် ပုသိမ်မြို့ ဘူတာဈေးအနီး မှာ ဒီကနေ့ ရုတ်ရုတ်သည်းသည်း ဖြစ်ပွားခဲ့ပါတယ်။
ပုသိမ်မြို့ ဗွက်ကြီးတန်းလမ်းထဲမှာ ဖွင့်ထားတဲ့ “မျိုး” စားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေဟာ ဒီနေ့မနက် ၈ နာရီလောက်က သူ့ဇနီးနဲ့အတူ ဘူတာဈေး (အောင် ဧရာဈေး) ကို ဈေးဝယ်ဖို့ ရောက်လာခဲ့ပါတယ်။
ဦးမျိုးဝေဟာ ဘူတာဈေးနားရောက်တော့ ဒေါက်တာ အောင်ငြိမ်းရဲ့နေအိမ်ရှေ့ ကားလမ်းဘေးမှာ ကားကို ရပ်ခဲ့ပါတယ်။ နေအိမ်နဲ့ ကားရပ်ထားတဲ့နေရာဟာ အနည်းဆုံး ပေ ၂၀ လောက် အကွာအဝေး ရှိတယ်လို့ ဦးမျိုးဝေက ဧရာဝတီကိုပြောပါတယ်။
“ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။
၁၀ မိနစ်လောက် နေတော့ အဲဒီ အိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကိုကားရွှေ့ပေးပါတဲ့။ မင်းဆိုင် ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်”
“အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင် ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကို ဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့် ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ၊
မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ပြောရော သူက ဆဲပြီးတော့ ပါးကို ၁ ချက် စရိုက်တယ်”
“ပါးကို ရိုက်ပြီး သူတို့အိမ်ရှေ့မှာ စိုက်ထားတဲ့အပင်အောက်က အုတ်နီခဲတွေ သွားယူတယ်။ ကျနော်လည်း ကားပေါ်ကဆင်းလိုက်တော့ အုတ်နီခဲနဲ့ ၂ ချက် ပစ်တယ်။ ပထမ ၁ ချက်ပစ်တာ
ရှောင်လိုက်တော့ လွတ်သွားပြီးတော့မှ နောက် ၁ ချက် ထပ်ပစ်တော့ မလွတ်တော့ဘူး။ ခေါင်းကိုထိပြီး မူးလဲသွားတယ်။ အဲဒီမှာ ခြေထောက် ၂ ချောင်းကို ဆွဲထားပြီးတော့ ရင်ဘတ်ကို တက်နင်းတယ်။ ကန်တာတွေလုပ်တယ်” လို့ ရိုက်နှက်ခံခဲ့ရတဲ့ ဦးမျိုးဝေက ပြောပါတယ်။
ခင်ပွန်းဖြစ်သူကို ထိုးကြိတ် ကန်ကြောက်နေလို့ ဦးမျိုးဝေရဲ့ဇနီး ဒေါ်သူဇာက ၀င်ရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်ကြီး ဖြိုးပြည့်အောင်က ဒေါ်သူဇာကိုပါ အုတ်နီခဲနဲ့ပေါက်၊ ဗိုက်ကို ခြေထောက်နဲ့ ကန်တာတွေ လုပ်ခဲ့ တယ်၊ ဗိုလ်ကြီး ဖြိုးပြည့်အောင်ရဲ့ဖခင် ဒေါက်တာ အောင်ငြိမ်းကလည်း သံပိုက်လုံးနဲ့ ၀င်ရိုက်ခဲ့တယ်လို့ ဈေးအနီးမှာနေထိုင်တဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီလိုရိုက်နှက်နေတာကို ဈေးသွားဈေးလာတွေနဲ့ ဈေးသည် ၃၀၀ လောက်က ၀ိုင်းအုံ ကြည့်ရှုနေကြပါတယ်။
“ကျမတို့က ၀င်မဆွဲရဲဘူး။ ၀င်ဆွဲရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ ဈေးနားက လူတယောက် ၀င်ဆွဲတာ တောင် သူ့ကိုရန်ပြုမယ်လုပ်လို့ မဆွဲတော့ဘဲ ပြန်သွားတယ်”လို့ ဈေးသည်အဒေါ်ကြီးတဦးက ပြောပါတယ်။
ဗိုလ်ကြီးတို့သားအဖရဲ့ လက်ချက်ကြောင့် ဦးမျိုးဝေနဲ့ ဇနီး ဒေါ်ခင်သူဇာတို့မှာ ဒဏ်ရာအသီးသီးရခဲ့ပြီး ပုသိမ် ဆေးရုံမှာ အတွင်းလူနာအဖြစ်နဲ့ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။
ရိုက်နှက်ခံရသူတွေရဲ့ တိုင်တန်းမှုကြောင့် ဒေါက်တာ အောင်ငြိမ်းနဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်တို့ကို ပုသိမ်မြို့ အသည်ကြီးရဲစခန်းက ပြစ်မှုအမှတ် (၉၉/၂၀၁၃)
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊
၃၂၅ (နာကျင်ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု) နဲ့
၃၅၄ (ကာယအိနြေ္ဒပျက်စီးသည်အထိ လက်ရောက်မှု) တို့နဲ့ အမှုဖွင်အရေးယူထားကြောင်း သိရပါတယ်။
သားအဖ ၂ ဦးကို ရဲက ကိုယ်ပိုင်ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးထားတယ်၊ သူတို့အိမ်နားမှာတော့ ရဲတပ်သား တွေ လုံခြုံရေးယူကာ စောင့်ကြပ်နေကြောင်း သိရပါတယ်။
ရိုက်နှက်ခံရသူတိုရဲ့ ဆွေမျိုးတွေကတော့ အခုကိစ္စကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူပေးစေလိုကြောင်း ပြောပါတယ်။
ပုသိမ်လေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ကြီး ဖြိုးပြည့်အောင်ဟာ အသက် ၂၇ နှစ် ရှိပြီး ကိုယ်ပိုင်အမှတ် (လေ - ၃၂၆၂) ဖြစ်ကြောင်း သိရပါတယ်။
ဗိုလ်ကြီး ဖြိုးပြည့်အောင်က အရင်တုန်းကလည်း သူ့အိမ်ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့လူ၊ ဈေးရောင်းတဲ့ လူတွေကို ရန်စ စော်ကားရိုက်နှက်တဲ့လုပ်ရပ်တွေ ကျူးလွန်တာ ၄ ကြိမ် ရှိပြီလို့ ဘူတာဈေးက ဈေးသည် တွေက ပြောပါတယ်။
“သူတို့အိမ်ရှေ့မှာ ဈေးသည်က သခွားသီးတွေခင်းရောင်းနေတာကို ကားနဲ့တက်ကြိတ်ပစ်တယ်။ အဲဒါနဲ့ ဈေးသည်က သူ့ပစ္စည်းတွေသိမ်းနေတုန်း ပြန်ရောက်လာပြီး မြန်မြန်မဖယ်ဘူးလား လူပါတက်ကြိတ် ပစ်လိုက်ရမလား ဆိုပြီး ပြောတယ်။
အဲဒီလို ဥပဒေမဲ့ရမ်းကားနေတဲ့လူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်”လို့ ဘူတာဈေးက ကုန်စိမ်းရောင်းသူဈေးသည်တဦးက ပြောပါတယ်။
Credit : http://blog.irrawaddy.org/2013/05/blog-post_2842.html
သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်
မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ ထိန်းသိမ်း လိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြားသည်။
ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာမှတ်ပုံတင်မရှိသော အတုအယောင် သံ ဃာ တစ်ပါး အရက်သေစာသောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမကျောင်းတိုက်မှ တိုက် အုပ် ဆရာတော်က သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲစခန်းတွင်အပ်နှံခဲ့သည်။
ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ်အပြင်းမောင်းနှင်လျက် သံဃာတစ်ပါးအား လူအချို့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစုဝေးမိကာ ပညာရာမ ကျောင်း တိုက်သို့ရောက်ရှိချိန်တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန်လာရောက်သော ရဲများ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ပညာရာမကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။
“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာအရင်ဆုံးရောက်လာတဲ့ ရဲတွေက ယူ နီ ဖောင်း ၀တ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ်ရဲတွေ ရောက်လာပြီး ပညာ ရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ပြေလည်သွားတာ”ဟု ဦးဉာဏောက မိန့် သည်။
“အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့ အခြေ အနေကတော့ တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။ မိုးညှင်း ဘူတာတွင် ထိန်းသိမ်း ခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့် မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကို လည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်း သတင်းရရှိသည်။
7Day News Journal
၃၀၀၀ကျပ် နေ့စား ဆန္ဒပြသမား နော်အုန်းလှနှင့်အဖွဲ့အားဖြတ်သန်း မြို့နယ်များမှ အရေးယူ

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြု မည်ဟု သတင်းရရှိ သဖြင့် သက်ဆိုင်ရာ မြို့နယ်မှူး များမှ နော်အုန်းလှနှင့်အဖွဲ့အား ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းရန်နှင့် ခွင့်ပြုချက်တောင်းခံပါက ခွင့်ပြုမည်ဖြစ်ကြောင်း ပြောသော်လည်း ၄င်းတို့အဖွဲ့ အနေဖြင့် ဒီမိုကရေစီလမ်းစဉ်အား စည်းကမ်းရှိရှိ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ဆောင် ရွက် သင့်သော်လည်း ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းမရှိဘဲ စီတန်း လှည့်လည် ခြင်းမပြုရန် သက်ဆိုင်ရာမြို့ နယ် ရဲတပ်ဖွဲ့မှူးများ တားဆီးသော်လည်း စီတန်းလှည့်လည်ခြင်းအား ဆက်စပ်မြို့နယ်များကို ဖြတ်သန်းဆောင်ရွက်သဖြင့် တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့ နယ်များမှ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါ သည် -
(၁) တာမွေရဲစခန်း (ပ) ၂၁၅/၁၃ ၊ ပုဒ်မ ၁၈
(၂) မင်္ဂလာတောင်ညွှန့်ရဲစခန်း (ပ) ၃၇၄/၁၃ ၊ ပုဒ်မ ၁၈
(၃) ပုဇွန်တောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၄) ဗိုလ်တထောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၅) ကျောက်တံတားရဲစခန်း (ပ) ၁၈၇/၁၃ ၊ ပုဒ်မ ၁၈
https://www.facebook.com/yangonpolice
ဓာတ်ပုံ- အချုပ်ကားပေါ်ရောက် ထောင်ကျလျှင် ပြုံးပျော်ရသည့် နော်အုံးလှ
ဆက်စပ်ဖတ်ရှုရန် - သမ္မတ ပြောကြားခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိ၍ ဆန္ဒထုတ်ဖော်
မင်္ဂလာဒုံမြို့နယ်တွင် အငှားယာဉ်မောင်းမှ ကားပျက်သည်ဟုပြော၍ သံဃာတော်များမှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေး
ဒဂုံမြို့နယ်၊ သီလဘန်ကျောင်းတိုက်နေ ဆရာတော်ဦးနန္ဒာသာရ၊ (၆၃)နှစ်၊ ၀ါတော် (၄၃) ၀ါ သည် ၂၂.၅. ၂၀၁၃ ရက်နေ့ တွင်ရေးမြို့နယ်မှ ရာဇာမင်းကားဖြင့် ရန်ကုန်သို့လိုက်ပါလာပြီး ၂၃.၅.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် အောင်မင်္ဂလာကားဝင်းသို့ရောက်ရှိကာ အတူပါဆရာတော်ဦးကောဝိဒနှင့် Probox အဖြူေ ရာင် အငှားယာဉ် (နံပါတ်မမှတ်မိ)အား ငှား၍ စီးလာခဲ့သည်။
အဝေးပြေးကွင်းမှ အထွက် ၂ ဖါလုံခန့် အရောက် တွင် ယာဉ်မောင်းမှ ကားပျက်သည်ဟုဆိုသဖြင့် ဆရာ တော်များမှ ဆင်းတွန်းပေးစဉ် မောင်းနှင် ထွက်ပြေး သွားခဲ့ ရာ ဆရာတော်များ၏ ငွေကျပ် (၄)သိန်း၊ ဟန်းဖုန်း (၁)လုံး၊ သင်္ကန်းနှင့် သံဃာ အသုံးအဆောင် ပစ္စည်း များ ပါဆုံးသွားသဖြင့်အရေးယူပေးပါရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ တိုင်တန်းခဲ့၍ ယာဉ်နှင့် ယာဉ်မောင်းတို့အားအမြန်ဖေါ်ထုတ်ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ရန်ကုန်မြို့တွင် ယခင်ကလည်းကမ္ဘောဇဘဏ်တွင် အငှားယာဉ်မှ ဈေးသက်သာစွာနှင့် လိုက်ပြီးလမ်း တွင်ကားပျက်သည် ဟုပြော၍ ခရီးသည်မှဆင်းတွန်းပေးစဉ် မောင်းနှင်ထွက်ပြေးမှု (၂)ကြိမ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ မှဖေါ်ထုတ်ပေးခဲ့ပါသည်။ အငှားယာဉ်ငှားရမ်းစီးသူများအနေဖြင့် မိမိငှားစီးသောအငှားယာဉ်နံပါတ် များ အားမှတ်သားထားသည့် အလေ့အကျင့်ပြုသင့်ကြောင်း သတိပေးလိုပါသည်။
ရဲဇာနည်
Credit : https://www.facebook.com/yangonpolice
The Voice မီဒီယာမှ အတိအကျ စွပ်စွဲခဲ့သော တပ်မတော်သား(၃) ဦးအမှု နောက်ဆက်တွဲ

အနီးအနားတွင် တွေ့ပြီး သံသယရှိသူ အဖြစ် သတ် မှတ်ခံရသည့် တပ်မတော်သား(၃) ဦးကို တရားခံ များ အဖြစ် The Voice နှင့် မီဒီယာများက စည်း ကမ်းမဲ့စွာ ရေးကြသည်။
သို့သော် အမှုနှင့် ပတ်သက်ပြီး အဆိုပါ မြို့ မှ ထွက်ပေါ်နေသည့် ကောလဟာလများလည်း ရှိနေ သည်။ လက်ဗွေသက်သေ၊ ဒဏ်ရာ သက်သေ၊ မျက်မြင် သက်သေ များအရလည်း တပ်မတော်သား (၃)ဦးဟု အတိအကျ မပြောနိုင်သေး။ သို့သော် မီဒီယာ တို့ သည်ကား တပ်မတော်ကို တိုက်ခိုက်ဖို့သာ ဦးတည်ကြလေသည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ညက ပြည် န၀ဒေး တံတားအောက် သောင်ပြင်သို့ လာရောက်သည့် သမီး ရည်း စား စုံတွဲအား ပစ္စည်းလုယက် တိုက်ခိုက်၍ အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်မှာ မေ ၂၃ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်း ဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာကြောင်း သိရှိရပါသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများဟု သံသယရှိသည့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသောညက ဆင်စု ရပ်ကွက်နေ ပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့သော တပ်မတော်သား သုံးဦးကို ပြည်မြို့၊ မြို့မရဲစ ခန်းတွင် (ပ)၂၉၄/၂၀၁၃ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၃၂၅ အရ အမှုဖွင့်လှစ်ထားကြောင်း သိရပြီး ၄င်း တပ်မတော်သား သုံးဦးအား မိခင်တပ်ရင်းဖြစ်သည့် ခရလ (၇၅)၊ တပ်တွင်းအချုပ်၌ ဖမ်းဆီး ထိန်းသိမ်း ထား ကာ အဆိုပါ တပ်မတော်သားများမှ ပြစ်မှုကျူးလွန်သူများ မဟုတ်ဟု ငြင်းဆိုမှုများ ရှိခဲ့သည့်အတွက် အမှု မှာ ပိုမိုရှုပ်ထွေးလာခဲ့ရာ ယင်းအမှုကို ဧပြီ ၃၀ ရက်မှစကာ စီအိုင်ဒီမှ လွှဲပြောင်းယူခဲ့ပြီး ယနေ့တိုင် စစ်ေ ဆး လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးနေစဉ်အတွင်း အရပ်သားများကို စစ်တပ်သို့ မကြာခဏ ခေါ်ယူစစ်ဆေးမှုများ ပြု လုပ်နေေ ကြာင်းနှင့် အနီးဆုံးအနေဖြင့် မေ ၂၁ ရက်ည၌ ပြည်မြို့၊ ရွှေလက်လှရပ်ကွက်မှ လူငယ်ခြောက် ဦးအား စရဖအဖွဲ့မှ ခေါ်ယူစစ်ဆေး မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါအမှုနှင့် ပတ်သက်၍ ပြည်မြို့ (Southern Star) စားသောက်ဆိုင်မှ ၀န်ထမ်းများအားလည်း ခေါ် ယူ စစ်ဆေးခဲ့ကာ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုတင်မိုးဇော်(၃၇)နှစ်မှာ ယင်း၏ ဆွေမျိုးများရှိရာ ကျောက် ပန်းတောင်း၊ ကန်လွန်တောင်ရွာသို့ သွားရောက်နေစဉ် မေ ၁၆ ရက်၌ ကျောက်ပန်းတောင်း ရဲစခန်းမှ ပြည်မြို့၊ ခလရ (၇၅)တပ် နယ်မြေအား ကျူးကျော်ဝင်ရောက်မှုဖြင့် ပြည်ရဲစခန်းမှ အမှုလွှဲလိုက်သည်ဆိုကာ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်းနှင့် ခေါ်ဆောင်သွားသည့် မေ ၁၆ ရက်မှစကာ ယနေ့အထိ ၎င်းမှာ မိသားစုနှင့် အဆက်အသွယ် မရရှိကြောင်း သိရသည်။
''ကျွန်မအမျိုးသား ဖြစ်သူက မေ ၄ ရက် က အညာက ဆွေမျိုးတွေဆီကို နှမ်းကူစိုက်ပေးဖို့အတွက် သူအ လုပ် လုပ်တဲ့ စားသောက်ဆိုင်ကို ခွင့်တင်ပြီး သွားခဲ့ပါတယ်။ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ သူ့ဆီ က ဖုန်းလာတယ်။ သူ့ကို ကျောက်ပန်းတောင်း ရဲစခန်းကနေ လာခေါ်တဲ့အကြောင်း၊ ခေါ်ရတဲ့ အကြောင်း က ခလရ (၇၅) တပ်နယ်မြေကို ဧပြီ ၂၆ ရက်က ကျူးကျော်မှုနဲ့ ပြည်ရဲစခန်းမှာ တပ်ကနေ တရား လို ပြုလုပ်ပြီး ပုဒ်မ-၄၄၇ နဲ့အမှုဖွင့်ထားတဲ့ အတွက်လို့ ပြောတယ်။ အဲဒီနောက် သူ့ဆီက ဘာသ တင်း မှ မကြားရတော့ဘူး။ ကျောက်ပန်းတောင်းက အမျိုးတွေ စခန်းကိုလိုက်သွားပြီး စုံစမ်းတော့လည်း စခန်း မှာ မရှိဘူးလို့ သိရတယ်။ ပြည်ရဲစခန်းကို စုံစမ်းပြန်တော့လည်း မရှိဘူးပြောတယ်။ ခေါ်သွား တဲ့နေ့ ကနေ ဒီကနေ့ဆိုရင် တစ်ပတ်ပြည့်ပြီ။ ဘာသတင်း အစအနမှ မရဘူး။ ပြည်ရဲစခန်းကတော့ ပုဒ်မ-၄၄၇ နဲ့ ဆိုရင် ၂၄ နာရီအတွင်း အာမခံပေးလို့ ရတယ်လို့ ပြောတယ်။ ကျွန်မ အမျိုးသားက အဲဒီ ၇၅ နားက ရွာတွေ မှာ အမျိုးတွေ ရှိတဲ့အတွက် အရင်ကလည်း ဒီလိုပဲ သွားလာနေခဲ့တာပဲ။ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ အခု ကျွန်မ အမျိုးသားအတွက် သောကရောက်နေရတယ်'' ဟု ကျောက်ပန်းတောင်း ရဲစခန်းမှ ခေါ်ဆောင် သွားခြင်း ခံခဲ့ရသူ ကိုတင်မိုးဇော်၏ဇနီး မမဉ္ဇူအောင်က ပြောပါသည်။
အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်လာခဲ့သူ မအိဇင်မိုကိုမှလည်း ''အခု မေ ၂၃ ရက်ဆိုရင် တစ်လပြည့်ပြီ။ တရားခံ အစစ်အမှန်ကို ပေါ်စေချင်လှပါပြီ။ ကျွန်မရဲ့အဖေ ဦးမြင့် ကိုကို လည်း ၂၀ ရက်နေ့က နေပြည်တော်က ရောက်နေတဲ့ တာဝန်ရှိသူတွေက ခလရ (၇၅) ရိပ်သာမှာ ခေါ်ပြီး စစ်တယ်။ သူတို့ အပြောအရ နေပြည်တော်ကို တင်ရဖို့လို့ ပြောတယ်။ နောက်ပြီး ရပ်ကွက်ထဲက လူတွေ ကိုလည်း စရဖကနေ ခေါ်ခေါ်စစ်တယ်လို့ ကြားတယ်။ အဲဒီအတွက် ရပ်ကွက်ထဲက လူတချို့က ကျွန်မ တို့ အပေါ်ကို အမြင်မကြည်ကြဘူး။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရတယ်။ အခု သူတို့တွေ ခေါ် စစ်နေ တာ ကလည်း ကျွန်မတို့ အပြောကြောင့် မဟုတ်ဘူး။ သူတို့ဘာသာစစ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် တရား ခံ အစစ်အမှန် ကိုပေါ်စေချင်ပါပြီ'' ဟု ပြောပါသည်။
ယခုလို အရပ်ဘက် သက်သေများအား မကြာခဏ ခေါ်ယူစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ဒေသခံများ မှ လည်း စိုးရိမ်လျက် ရှိကြောင်းနှင့် တစ်လပြည့်သည့်တိုင် ၎င်းအမှုနှင့်စပ်လျဉ်း၍ တရားခံ အစစ်အမှန်အား ဖော် ထုတ်နိုင်ခြင်း မရှိသေးသည့်အတွက် အချိန်ကြာမြင့်လာသည်နှင့်အမျှ အမှုမှေးမှိန် သွားမည်ကို စိုးရိမ် လျက်ရှိကြောင်း သိရသည်။
Credit : http://www.oppositeyes.info/2013/05/the-voice.html
လိုင်းကားယာဉ်မောင်းနောက်လိုက်များကိုအရေးယူသည့်ပြစ်ဒဏ်တိုးမြှင့်မည်
လိုင်းကားယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များ ၏ ခရီးသွားပြည်သူ များအပေါ်ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း မခြေမငံဆက်ဆံခြင်း တို့အား ထိ ရောက်စွာအရေးယူနိုင် ရန် ယခင်ဒဏ်ငွေပြစ်ဒဏ်မှ ယခု ရာသက်ပန်ဂိတ်ပိတ်ပြစ်ဒဏ် အထိ ချမှတ် နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မထသဗဟိုမှ တာဝန် ရှိသူတစ်ဦးက ပြောကြားရာတွင် “အဲဒါနဲ့ ပတ်သက် ပြီးတော့ ဦးအနေနဲ့ ဆွေးနွေးထားတာရှိတယ်။ မအောင်မြင်သေးဘူး။ ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုက်တွေက ခရီး သက်တွေကို မခြေမငံ့ဆက်ဆံ တာများတယ်။ သူတို့ကိုအဲဒီလို ဆက်ဆံလို့ဒဏ်ရိုက်ရင်လည်း သူတို့ကမကြောက်ဘူး။ ဘာလို့ လဲဆိုတော့ ဒဏ်ငွေရိုက်တဲ့ ပိုက်ဆံကကားမောင်းတဲ့ အထဲက ပြန်စိုက်လို့ရတယ်။ရှင်းရှင်းပြောရင် သူတို့ကဦးတို့ကို မ ကြောက်ဘူး။
အဲဒါကြောင့် ဂိတ်ပိတ်ပြစ်ဒဏ် အဖြစ်တိုးမြှင့်ဖို့စီစဉ်နေတယ်။ အရင်တုန်းကတော့ ၁ လဂိတ် ပိတ် အထိပဲအရေးယူခဲ့တာရှိတယ်။ ဂိတ်ပိတ်ပြစ်ဒဏ်ဆိုတာဒီခရီးသည် မောင်းလောကမှာဘယ်ဂိတ်မှ မောင်းလို့မရဘူး။ နောက်တစ်ခုဆိုး တာကဘာလဲဆိုတော့ ယာဉ်လုပ်သားကအရမ်းရှားတယ်။ အဲဒီ လုပ်သားတွေကိုလည်း အုံနာတွေ က သူတို့ဘာသာခန့်ကြတာ။ ဒီတော့ ဒီကပိတ်လိုက်ရင်ဟိုဘက်မှာသွား မောင်းလို့ရတယ်ဆိုတဲ့ စိတ်ဓာတ် မျိုးတွေဝင်နေတယ်”ဟု ပြောကြား ခဲ့သည်။
ရန်ကုန်မြို့အတွင်းမောင်နှင် သွားလာနေသော ခရီးသည်ယာဉ် မောင်းများသည်မကြာခဏယာဉ် စည်းကမ်း လမ်းစည်းဖောက်၍ မောင်နှင်နေကြပြီး ယင်းကဲ့သို့ မောင်နင်နေသောကြောင့် ယာဉ် မတော် တဆမှုများလည်း မကြာခဏဖြစ်ပေါ်နေလျက်ရှိသည်။
Credit : http://www.hotnewsweekly.com/archives/21017
ရွှေတွင်းတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော် ၄၉ ဆူတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပင့်သာကြီးကျေး ရွာနေဦးထွန်းလှိုင်၏နေအိမ်ခြံဝင်း အတွင်း၌ မေ(၃) ရက်၊ နံနက် (၇) နာရီက ငါးပေပတ်လည် အကျယ်ရေတွင်း တူးဖော်ရာ အနက်သုံးပေခန့်အရောက်ကျောက် ဖျက်တွေ့ ရှိသည်။
ဆက်လက်၍ ရေတွင်းတူးဖော် ရာအနက်လေးပေခန့်တွင် ကြေး ကျောင်းဆောင်ပုံသဏ္ဍာန်၊ ကြေး ဘုရားဆင်းတု ၁၇ ဆူ၊ အလျား (၉) လက်မ၊ အနံ (၆) လက်မ၊ အမြင့် (၃) လက်မ၊ အလေးချိန် တစ်ပိဿခန့်ရှိသော ကျောက်ဆင်း တုတော်တစ်ဆူ၊ ရွှေဟုယူဆရ သော စိတ်ပုတီးစေ့ ၆၀၊ လက်စွပ် နှစ်ကွင်းနှင့်ငွေစေတီတစ်ဆူတို့ အား ဖူးမြော်တွေ့ ရှိကြရသည်။
ထို့နောက် မေ ၄ ရက်၊ နံနက် ၇ နာရီတွင် ရေတွင်းကို ဆက်လက် တူးဖော်ကြရာ ကြေးဆင်းတု၊ ဘုရား ရုပ်ပွားတော် (၄၄) ဆူ၊ အမြင့်ခြောက်လက်မခန့်ရှိငွေစေတီ နှစ်ဆူနှင့် အရှည်သုံးလက်မခန့်ရှိ ကျောက်အနီ နှင့် အပြာရောင်စုံပါ ဆံထိုးတစ်ခုကို ထပ်မံဖူးမြော်တွေ့ ရရှိသည်။
မေ(၅) ရက်နေ့တွင် အဆိုပါ ရေတွင်းအား ဆက်လက်တူးဖော် ကြရာအနက် (၇) ပေခန့်အရောက် တွင် ဉဏ်တော်သုံးလက်မမှ ၁၅ လက်မအရွယ်ရှိတင်ပျဉ်ခွေကြေး ဆင်းတုတော် ၁၈ ဆူ၊ ရပ်တော်မူ ဆင်းတု တော်နှစ်ဆူ၊ လျောင်းတော် မူနှစ်ဆူ၊ ကျောက်ဆင်းတုတော် တစ်ဆူ၊ တင်ပျဉ်ခွေငွေဆင်းတုတော် ၂၆ ဆူ၊ စုစုပေါင်း (၄၉) ဆူတို့ အား ထပ်မံဖူးမြော်တွေ့ရှိသည်။
အဆိုပါရှေးဟောင်းပစ္စည်း ဘုရားရုပ်ပွားတော်များအား ကန့်ဘလူမြို့နယ်၊ ပင့်သာကြီး ကျေးရွာ ဦးထွန်းလှိုင် နေအိမ်တွင် အပူဇော်ခံထားရှိကြရာ ဒေသခံ ကျေးရွာပြည်သူများက မေ (၁၆) ရက်အထိ အထူးစိတ်ဝင် စားစွာ လာရောက်ဖူးမြော်ကြရာအလှူရှင် ဦးထွန်းလှိုင်က သက်သက်လွတ် ထမင်းဟင်းများကို အဟာရ ဒါနေ့ စဉ်ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
Credit : http://www.hotnewsweekly.com/archives/21021
ဒုတိယအကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာ တက်ရောက်မှုနည်း
မေလ ၂၀-၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။
“ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို့  တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်းရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။
ယင်းမီဒီယာညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန ဦးအောင်ကြီး အပါအ၀င် UN အေဂျင်စီ၊ နိုင်ငံ တကာမှ မီဒီယာများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ သက်ဆိုင်ရာ သတင်းဌာနများမှ သတင်းထောက်၊ အယ်ဒီတာများနှင့် ဧည့်သည်တော် စုစုပေါင်း ၃၆၉ ဦး ပါဝင်တက်ရောက် ခဲ့ ကြောင်း သိရသည်။
တိုင်းရင်းသားမီဒီယာများမှ မွန်၊ ရခိုင်၊ ကရင် မီဒီယာများ တက်ရောက်ခွင့်ရရှိကြပြီး ချင်းသတင်း ဌာနများမှ ခိုနူမ်းထုန် သတင်း၊ The Hakha post နှင့် Chin world Media များမှတဦးစီ တက်ရောက် နိုင်ကြောင်း သိရသည်။
၂၀၁၃ခုနှစ် အိန္ဒိယနိုင်ငံ ကာလကတားမြို့ တွင် ဖွဲ့ စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်း အဖွဲ့ တွင် တိုင်းရင်းသား မီဒီယာအများစုပါဝင်သော လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ ကချင် သတင်းဌာန၊ ကုလားတန် သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာ သတင်းဌာန၊ Karen Information Center (ကေအိုင်စီ)၊ ခိုနူမ်းထုန် သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ နိရဉ္စရာ သတင်းဌာန၊ သတင်းနှင့် မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့် သတင်းဌာန (၁၁)ဖွဲ့  ပါဝင်ကြ သည်။
ညီလာခံတွင် မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွင်း မီဒီယာ၏ အောင်မြင်မှု၊ အခက်အခဲ နှင့် ရှေ့ ဆက်လုပ်ဆောင်ရမည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာ မြန်မာ့သတင်း (ဘီအဲန်အိုင်) မှ ခိုနူမ်းထုန်သတင်းဌာန အယ်ဒီတာက Media, Peace and Conflict နှင့်ပတ်သက် သည့် အခြေအနေကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၁၃ခုနှစ် ဧပြီလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့ အထိ မော်လမြိုင်မြို့  စထရင်း ဟိုတယ်မှာ ကျင်းပ ပြုလုပ်သည့် ပထမအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အခြေခံပြီး နိုင်ငံတကာ စံနှုန်းနှင့် အညီ မီဒီယာ ပေါ်ထွန်းလာရေးနှင့် အဲဒီ ဥပဒေမှာ တိုင်းရင်းသား မီဒီယာ ဖွံ့ ဖြိုးလာစေရန်နှင့် တိုင်းရင်းသား မီဒီယာများ၏ ဖွံ့ ဖြိုးရေးကို လက်တွဲ ကူညီသွားရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အစိုးရများနှင့် ဒေသ တွင်း ပုံနှိပ်သတင်း၊ ရေဒီယို၊ ရုပ်သံများ၊ သတင်း မီဒီယာ တိုးတက်ရေး လုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးရန် ထုတ်ပြန်ခဲ့ကြသည်။
သို့ သော် မြန်မာနိုင်ငံအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မီဒီယာ ညီလာခံတွင် တိုင်းရင်းသားမီဒီယာ ကိစ္စ ဆွေးနွေးရန် မပါရှိခြင်းသည် တိုင်းရင်းသားမီဒီယာများ၏ တိုးတက်ရေးဖွံ့ ဖြိုးရေးအတွက် အဟန့်  အတားတခုဖြစ်လာ နိုင်ကြောင်း သုံးသပ်ကြသည်။
မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ပထမအကြိမ် မီဒီယာညီလာခံကို ၂၀၁၂ခုနှစ် မတ်လ ၂၁-၂၂ ရက်နေ့ ၌ ရန်ကန်မြို့  Chatrium ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Credit : http://burmese.bnionline.net/index.php/news/khonumthung/13935-2013-05-23-17-16-43.html
နိုင်/ကျဉ်း စီစစ်ရေးကော်မတီ အခန်းကဏ္ဍ
နိုင်ငံရေးအကျဉ်းသားတွေ စီစစ်ပြီး အစိုးရက ကော်မတီ ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီမှာ သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်လည်း ပါဝင်တယ်လို့သိရပါတယ်။ ကော်မတီဝင်တွေအနေနဲ့ ဘာတွေလုပ်ပိုင်ခွင့်ရှိပါသလဲ ။ ဘယ်သူ တွေ ပါဝင်သလဲ – SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ကို သျှမ်းသံတော်ဆင့်ကဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ သမ္မတဦးသိန်းစိန်ကနေ စဝ်ခွန်ထွန်းဦးကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ စီစစ်ရေးကော်မတီ ထဲမှာ ပါဝင်ဖို့ ပြောဆိုတယ်လို့ကြားသိရပါတယ်။ အဲတာ သမ္မတကြီးကနေ ဖိတ်ခေါ်တာလား ခန့်အပ် တာ လားခင်ဗျ။
ဖြေ။ ။ အဓိက ပါတီ ၂ ခုပေါ့။ SNLD နဲ့ NLD ပေါ့။ ကျားခေါင်းက စိုင်းညွန့်လွင်ကို ကိုယ်စားလှယ်ပေး လိုက်တယ်။ NLD က ဦးဉာဏ်ဝင်းကိုထည့်လိုက်တယ်။ ဒါပေမယ့် ကျနော်တို့ စာရင်းထွက်လာတော့ ခွန်ထွန်းဦးနာမည်နဲ့ပေါ့။ နောက်ပိုင်း မှာတော့ ဦးကောင်းမြတ်ထက် ဦးသိန်းညွန့် တို့ပါလာတယ် ။ နောက်ဒေါက်တာလွန်းနိုင် (NDF )ကပေါ့ ၃ ပါတီထပ်တိုးလာ တယ်။ ကိုယ်စားလှယ်တောင်းလာတယ်။
မေး။ ။ သမ္မတကြီးက တိုက်ရိုက်တောင်းတာလား။
ဖြေ။ ။ မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကတောင်းလာတယ်။
မေး။ ။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီကဘယ်သူလဲခင်ဗျ။
ဖြေ။ ။ ဥက္ကဌက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ အတွင်းရေးမှူးက ဒု-ဝန်ကြီးဦးအောင်သိန်း။ ကျန်တာတွေ ကတော့ AAPP ၊ နိုင်/ကျဉ်းဟောင်း အဖွဲ့ချုပ်ပါတယ်။ ၈၈ အဖွဲ့က ဦးကိုကိုကြီးပါတယ်။ အဲလောက်ဘဲ။
မေး။ ။ နိုင်ငံရေးအကျဉ်းသားများစီစစ်ရေးကော်မတီက အစိုးရဆီက ထောက်ပံ့မှုရလားခင်ဗျ။
ဖြေ။ ။ မရပါဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ်ဘဲ။
မေး။ ။ ဆရာတို့ ဘာတွေထမ်းဆောင်ရသလဲ ။
ဖြေ။ ။ ကျနော်တို့အနေနဲ့က ပါတီတွေဆီ အဖွဲ့အစည်းတွေဆီ စာပို့ထားတယ်။ နိုင်ငံရေးအကျဉ်းသားတွေရှိ ရင် စာရင်းပေးပို့ဖို့။ အဲဒီစာရင်းတွေကြည့်ပြီးတော့မှ ကော်မတီဆီကို တင်ပြပေးတယ်။ အဲဒီ SSNA က အကျဉ်းသား ၄၀ က ကျနော်တို့ SNLD ကနေ စာတင်ပေးလို့ အစိုးရကလွှတ်ပေးတာ။
မေး။ ။ အဲ့ဆို ၁၇ ရက်နေ့က ထပ်လွှတ်တဲ့နိုင်ငံရေးအကျဉ်းသားဆိုတာတွေကကော ဆရာတို့ တောင်းဆိုပေးမှုကြောင့် လား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ထောက်ခံပေးလို့ သူတို့လွတ်မြောက်လာကြတာပါ။
မေး။ ။ ၄၀၁ ပုဒ်မက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ပေးရင် သူတို့ကိုလက်မှတ်ထိုးခိုင်းတယ်။ သူတို့ ထပ်မံချိုး ဖောက်ရင် နဂိုပြစ်မှုအပြင် ထပ်မံကျူးလွန်တဲ့ ပြစ်မှုအတွက် ထပ်ပေးခံရမယ်လို့ပြောတယ်။ အဲတာ ဟုတ်ပါသလား။
ဖြေ။ ။ အဲတာ အရင်တုန်းကတော့ ဟုတ်တယ်ရှိခဲ့တယ်။ အခုနောက်ပိုင်းလွှတ်ပေးလိုက်တဲ့ ၂၃ ယောက် ကတော့ အဲတာ မရှိတော့ဘူး။ ချွင်းချက်မရှိလို့ပြောထားတယ်။ လက်မှတ်ထိုးရတာလဲမရှိတော့ဘူး။
မေး။ ။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က ဦးခွန်ထွန်းဦးကနေပြီးတော့ သမ္မတဆီကို တတိုင်းပြည်လုံး အပစ်ရပ်ကြောင်း ကြေငြာပေး ဖို့ တောင်းဆိုတယ်ဆိုတဲ့ကိစ္စလဲ ပြောပြပေးပါဦး။
ဖြေ။ ။ ဟုတ်တယ်။ စာရေးတင်ပြထားတာ။
မေး။ ။ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအပေါ်ကော် ဘယ်လိုသုံးသပ်လိုပါသလဲ။
ဖြေ။ ။ အဲတာ မဝေဖန်ချင်ပါဘူး။ ဥက္ကဌက ဒေါက်တာစိုင်းမောက်ခမ်း ဒုဥက္ကဌ ဦးအောင်မင်း လုပ်တော့ လုပ်နေကြတာဘဲ။
မေး။ ။ ငြိမ်းချမ်းရေးကော်မတီကနေ ပဏာမအဆင့် ပြည်ထောင်စုအဆင့် လုပ်နေကြတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်နေတယ်။ ဘယ်လို ပြောချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တပ်ပိုင်းကလဲ ပါဖို့လိုတယ်လေ။ ဆွေးနွေးပွဲမှာ တပ်ကမပါလို့ အဲလိုဖြစ် နေ တာပေါ့။ အဲလောက်ဘဲပြောနိုင်ပါသေးတယ်။
မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ် ထာဝရငြိမ်းချမ်းဖြစ်ဖို့ ဘယ်လိုလုပ်သင့်သလဲလို့ မြင်ပါသလဲ။
ဖြေ။ ။ အခုအပစ်ရပ်တယ်ဆိုတာက ငြိမ်းချမ်းရေးရဲ့တံခါးပေါက်မှာဘဲရှိနေသေးတယ်။ ငြိမ်းချမ်းရေးအမှန် တကယ်ရချင်ရင် နိုင်ငံရေးအရဆွေးနွေးပွဲစရမယ်။ နိုင်ငံရေးအရပြေလည်အောင်ညှိနှိုင်းရမယ်။ အဲဒါပါဘဲ။
Credit : http://burmese.bnionline.net/index.php/interview/shan/13933-2013-05-23-17-09-08.html
တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော
မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသား လူမျိုးစုငယ်များအပေါ် သပ်လျို သွေးခွဲကာ အပေါ် စီးမှချုပ်ကိုင် အုပ်ချုပ် ခဲ့သလိုလက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း အဆိုပါ နည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံး ဆဲ ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့ လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။
ယခုလ ၁၀ ရက်နေ့က ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန် ဆန်းမြို့၌ တွေ့ဆုံခဲ့စဉ် UWSA က ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုလိုက် သည့် အ ပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇောအား သီးခြားတွေ့ဆုံမေးမြန်း ရာတွင် သူကထိုသို့ပြောဆိုခြင်း ဖြစ်သည်။
“ဗမာအစိုးရအဆက်ဆက်က တိုင်းရင်းသား လူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီး ကနေ ချုပ်ကိုင်ထားတယ် အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲဆက်လုပ်နေတယ် တစ်ပြည်လုံး အတိုင်းအတာနဲ့ လူမျိုးကြီးတွေနဲ့ လူမျိုးငယ်တွေကြားထဲမှာ သွေးထိုးသပ်လျိုထားတယ် သျှမ်း၊ ကချင် ဘယ် နေရာ မှာပဲကြည့်ကြည့် လူမျိုးစုတွေငယ်တွေ ကြားထဲမှာ ပြဿနာတွေဖြစ်အောင်လုပ်ထားတယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို သွားမယ်ဆို လို့ရှိရင် အစိုး ရရဲ့ အခြေခံကျတဲ့ ဒီ Mind set ကို ဖြုတ်ရ မယ်” – ဟု ဆိုသည်။
UWSA ၀ တပ်ဖွဲ့က ပြည်နယ်အဆင့်တိုးတောင်းသည့် ကိစ္စမှာလည်း အစိုးရတွင်သာ အဓိကတာဝန်ရှိပြီး ပြဿနာ အားလုံးကို နိုင်ငံရေး အရ တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းသူက ဆက်ပြောသည်။
“အဲဒါနဲ့တစ်ဆက်တည်းပဲ “၀သပ”က လက်နက်အင်အားတွေဖြည့်ဆည်းတယ် ပြန်ကြည့်ရင် ပဏာမ အပစ်အခတ် ရပ်ဆဲ ရေးအဆင့် ခိုင်မာတဲ့အဆင့်မဟုတ်သေးဘူး ဒီကနေ့ MPC ရယ် ၊ လွှတ်တော်ရယ် ၊ စစ်တပ်ရယ် ၊ အစိုးရရယ် ဒီအဖွဲ့ အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု ဖေါ်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆန္ဒမရှိဘူး လှည့်လိုက်ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ်ဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်းစစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ” ဟု ဆိုသည်။
အကျိုးဆက်အားဖြင့် အစိုးရ၏ လုပ်ရပ်အပေါ် ယုံကြည်မှု မရှိသဖြင့် ကိုယ့်ဒေသကိုယ် ကာကွယ်ရန်အတွက် ၀ တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များက လက်နက်အင်အားများကို ဖြည့်တင်း နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပတ်သက်၍ သူက ဆက်ပြောရာတွင် “ ၀သပ အာဏာ စသိမ်းတုန်း က အင်အား ၂ သောင်းကျော်ပဲရှိတယ် ဒီကနေ့ ၃ သောင်းကျော်သွားပြီ ဘာကြောင့်လဲ ၁၉၉၅ ခုနှစ်လောက်က အစိုးရရဲ့ မူအောက်ကနေ ဗိုလ်ခင်ညွန့်က ၀ တပ်ဖွဲ့ကို လွယ်လန်းကိုတိုက်ခိုင်းတယ်၊ ၀ ကလည်း သူ့အကျိုးစီးပွား အတွက် တိုက်တယ် အစိုးရကလည်း ခွန်ဆာကို သူတို့တိုက်လို့မရလို့ တိုက်ခိုင်း တယ်၊ မကြားဖူးတဲ့ ဇါတ်လမ်းတွေ ကြား ရတယ် နှစ်ပေါင်း ၂၀ လောက် အစိုးရ စစ်တပ်ကို တိုက်ခဲ့တဲ့ ၀တပ်ဖွဲ့ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ ၊ မိထ္ထီလာနဲ့ တောင်ကြီး စစ်ဆေးရုံတွေကို ပို့ပြီးကုသ ပေးခဲ့တယ် လက်နက် ကျည်ဆံအားလုံး ထောက်ပံ့ပေးခဲ့တယ် ခွန်ဆာ လက်နက်ချပြီး နောက်ပိုင်း မလွှဲသာမရှောင် သာပဲ ဒီဒေသတွေကို ၀သပကို ပေးလိုက်ရတယ် ဗိုလ်ခင်ညွန့် ထပ်ပြီး ဘာလုပ်သလဲဆိုရင် တရုတ်နဲ့ ပေါင်းပြီး ၀ လူမျိုး ၈ သောင်းကျော်ကို တောင်ပိုင်းကို ပို့လိုက်တယ်” ဟု ဆိုသည်။
ဝ များ၏ အသက်သွေးချွေးများဖြင့် ရယူထားသော အဆိုပါ ၀ တောင်ပိုင်းဒေသမှ ၀ တပ်ဖွဲ့အား အစိုးရ ဘက်မှ ဖိအားပေး ပြောင်းရွှေ့ ခိုင်းမည်ဆိုပါက ၀ အနေဖြင့် ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၄င်း၏ အမြင် ကို ဆက်ပြော သွားသည်။
၁၉၄၇ ခုနှစ် လွတ်လပ်ရေးရရှိချိန်မှစ၍ ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော် လာသည့် တိုင်အောင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ပြည်ထောင်စုအား အကောင်အထည် ဖေါ်နိုင်ခြင်း မရှိသေးပေ။
Credit : http://burmese.bnionline.net/index.php/news/shan/13934-2013-05-23-17-11-52.html
ဆိုင်ကယ်ကိုယ်စီဖြင့် တောဈေးသည်များအလုပ်ဖြစ်နေပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် စည်ပင်သာ ယာဈေးမျက်နှာစာတွင် ၂၄ နာရီ ပတ်လုံး တောဈေးသည်များ နယ် မြေ အသီး သီးသို့ ဈေးရောင်းချမှု ၀န်ဆောင်နေကြသည်။
ဆိုင်ကယ်ကိုယ်စီဖြင့် ဈေး ရောင်းပစ္စည်း ကုန်ခြောက်ကုန် စိမ်းမျိုးစုံကို ဆိုင်ကယ် လက်ကိုင် ပေါ် အပြည့်ဆိုက်တွဲ၍လည်း ကောင်း၊ ဆိုင်ကယ် ၀မ်းဗိုက် ၀မ်း စာအတွင်း အပြည့်တင်၍လည်း ကောင်း၊ ဆိုင်ကယ်နောက်ဖင် ထိုင်ခုံအပေါ်၌ လူတစ်ထိုင်စာ အပြည့်ဝန်တင်ပြီး ရောင်းချနေ ကြသည်။
ကျေးလက်ဒေသများသို့ လူသုံးကုန်ပစ္စည်းများနှင့် စား သောက်ကုန်ပစ္စည်းများအား နေ့စဉ်လှည့်လည် ရောင်းချနေကြ သော တောဈေးသည် ရွေ့လျား ဈေးသည်များက နေ့စဉ်အလုပ် ဖြစ်နေကြသည်။
မိုးသည်း ထန်သော အချိန် ကာလသည်ပင်မရှောင်၊ နေခြစ် ခြစ်တောက်ပူပြင်းနေသည်ကို လည်းမတိမ်း အချိန်ပြည့် ၀န် ဆောင်နေကြသော တောဈေး သည်များက ခေတ်စားလာကြ သည်။
ရွေ့လျားဈေးသည်များက မိမိတို့ ဖောက်သည်ကျေးရွာများ၊ ကောလင်းမြို့နယ်နှင့် မိုင် ၁၀-၂၀ ကွာဝေးသော ဒေသများကို နေ့ခြင်းပြန် ရောင်းချနေကြသည်။
ခရီးတာအကွာအဝေး နှစ်ဆယ်မိုင်ဝန်းကျင်သို့ ရောင်းချ ရန် တောဈေးသည်များက နံနက် ၃-၄ နာရီ စောစောထ၍ ညနေ က၀ယ်ထားသော ကုန်ပစ္စည်းများ ကို သွားရောက်ရောင်းချကြသူ များလည်းရှိသည်။
အချို့က နံနက်စောစော ၂-၃ နာရီ သစ်စည်မခေါက်မီကပင် စောစောထပြီး စည်ပင်ဈေး ဖောက်သည် ကုန်စိမ်းသည်များထံ မှ ၀ယ်ပြီးရောင်းချကြသည်။
ကောလင်းအရှေ့ခြမ်း ကျောက်ပြင်သာ၊ သပြေအိုင်၊ ဆည်တို၊ တောင်ကြီး၊ ဥမှင်ကုန်း နယ်သွား ဈေး သည်ကလည်း တစ်မျိုး။
ကောလင်းအနောက်ခြမ်း လွယ်မောက်၊ ပန်းတင်၊ ဂွေးချို၊ ရေကန်သာ၊ ညောင်ပင် လှ၊ ဥကံ္က၊ ချောင်းနားသွားဈေးသည်ကတစ် ဖုံ၊ ခရီးအကွာအဝေးအလိုက် ဆိုင်ကယ်ကိုယ်စီဖြင့် ကုန်ခြောက်၊ ကုန်စိမ်းတင်ပို့ကြ ရာ၊ ဓာတ်ဆီနှင့် ၂-၃-၄ ပုလင်း ခန့်ကုန်သည်။ ဓာတ်ဆီစိုက်ထုတ် ခ ကုန်ပစ္စည်း ရင်းနှီးခနှင့် ၀န် ဆောင်သွားလာမှုအထွေထွေ ကုန်ကျစရိတ်တစ်ခေါက်ရင်းနှီး မတည်ငွေ ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲခန့်ရှိသည်။
နေ့စဉ်ရောင်းချမှု ငွေကြေး အခန်းကဏ္ဍတွင် အကြွေးရောင်း ပေးရပြီး ရာသီသီးနှံပေါ်ချိန်ကို တွက်ချိန်ပြီး ကြွေးပေးသည်။ သီးနှံခြင်းဖလှယ်ထပ်၍လည်း ရောင်းသည်။
တောဈေးသည် ရွေ့လျား ဈေးသည်များက စည်ပင်ဈေးမှ ၀ယ်ဈေးပေါ်မူတည်၍ ဈေးရောင်း သည့်နေ့စဉ်ပေါက်ဈေးနှုန်းထက် ကျပ်တစ်ရာကို ကုန်ပစ္စည်းဝန် ဆောင်ခ ငါးကျပ်၊ တစ်ဆယ်ကျပ် မျှသာ ပိုမိုတွက်ယူသည်။
ရာသီပေါ်သီးနှံမျိုးစုံ၊ ဟင်း အသားမျိုးစုံ၊ ကုန်စိမ်း၊ ကုန် ခြောက်မျိုးစုံကို စုံလင်အောင်ရ သည်။ နောက်နေ့ရ လိုသော ကုန် ပစ္စည်းများကို တစ်ရက်ကြိုတင် မှာကြားရသည်။ ဈေးသည်က ငွေကြိုတင်စိုက်ထုတ်၍ ၀ယ်သည်။
အမြဲတမ်းဖောက်သည် လက်ကားဆိုင်များမှ ကုန်ပစ္စည်း များကို လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်သကဲ့သို့ တစ်ပတ်တစ်ကြိမ် ရှင်းစနစ်ဖြင့်လည်း ၀ယ်ယူကြ သည်။
ဒေသခံကျေးလက်ပြည်သူ များ၊ တောင်သူများက မြို့သို့ တက်၍ ဈေးဝယ်ကြမည်ဆိုပါက အချိန်လည်းပေးရသည်။
ရွေ့လျားဈေးသည်များ၏ ဘ၀ကား၊ ဆိုင်ကယ်ကိုယ်စီ၊ စက် ဘီးကိုယ်စီဖြင့် ခေတ်အလိုက် ၀န် ဆောင်မှု ပေးကြရာမှနောက်ဆုံး ရပ်နားရာ ခရီးဆုံးကျေးရွာများ တွင် ရပ်တန့်၍ ရေချိုး၊ ထမင်း စား၊ တစ်ရေး တစ်မောအိပ်စက် ပြီး ညနေစောင်းမှ ကောလင်းသို့ အိပ်ချိန်မီ ပြန်ကြသည်။
ရွေ့လျားတောဈေးသည် များဝန်ဆောင်ခရီးလမ်းတာတွင် တစ်နာရီနှစ်နာရီအချိန်ကုန်ခံ၍ ဈေးရောင်း ထွက်ရခြင်းသာဖြစ် သည်။
ရွေ့လျားတောဈေးသည် သည် ဘ၀ဖြင့်မိသားစုအပိုဝင်ငွေ ရအောင် ဆောင်ရွက်ကြသည်။ ရောင်းပြီးမှ သားသမီးတို့ကို ၀မ်း စာရေးဆုံးခမ်းတိုင်အောင် ပို့ ဆောင်ရန် ကြိုးပမ်းကြရသည်။
ရွေ့လျား တောဈေး သည်၏ သားသမီးများ ၀မ်းစာရေးမျက် နှာစာတွင် ထွန်ပြောက်သူများ ရှိသကဲ့သို့ ခေတ်မီသိပံ္ပပညာ ကွန် ပျူတာလောက၊ အိုင်တီနည်း ပညာမျက်နှာစာအသီးသီးတွင် ၀န်ဆောင်နေကြသူများစွာလည်း ပေါ် ပေါက်နေပြီဖြစ်ပါသည်။
ဘ၀နာသော ဘ၀အကြောင်း ကို ထဲထဲဝင်ဝင်သိခွင့်ရသော ရွေ့ လျားတောဈေးသည်များက ပြည် သူကို ဗဟိုပြု၍ စားဝတ်နေရေး မျက်နှာစာဖွင့်နိုင်သူ ရွှေလက်များ ရှင်အဖြစ် အောက်ဆုံးအလွှာ ပြည်သူ၊ ကျေးလက်ပြည်သူ၊ တောင်သူ၊ ယာလုပ်များကပါ အားကိုးအားထားဖြစ်နေကြပြီဖြစ် သည်။ အသွားကုန်၊ အပြန်ကုန် မျိုးစုံရအောင် ပစ္စည်းခြင်းဖလှယ် နေကြပါသည်။
ဒေသထွက် ဆန်၊ ဆီ၊ ပျား ရည်၊ မှိုခြောက်၊ ပန်းခြောက်များ၊ ကြက်သွန်ဖြူများကို သယ်ဆောင် ၍ ဒေသထွက်ကျေးလက်ကုန် ပစ္စည်းများကိုပါ မြို့ပေါ်သို့ သယ် ဆောင်ပြီး လက်လီလက်ကား အ၀ယ်ဒိုင်ကုန်စည်ဒိုင်သို့ ပေး သွင်းကြရသော ၀န်ဆောင်မှုလုပ် ငန်းမှလည်း အပိုဝင်ငွေရနေကြ သည်ဖြစ်သည်။ ယနေ့ဒီမိုကရေစီ လမ်းကြောင်း၌ သမ၀ါယမကဏ္ဍ ဖြင့် တိုင်းပြည်စီးပွားရေးကို ဇောင်းပေး ဆောင်ရွက်နေချိန်တွင် ရွေ့လျားတောဈေးသည်များက အောက်ခြေအလွှာစီးပွားရေးမျက် နှာစာတွင် စားဝတ်နေရေးကို ပံ့ပိုးနေသူများသာဖြစ်ပေသည်။
ကုန်ပစ္စည်းစီးဆင်းမှုလျှင်မြန် ဖြတ်လပ်ရေးသမ၀ါယမမူဝါဒအရ လက်တွေ့နယ်ပယ် လက်တွေ့ ကျင့်သုံးနေ ကြသောစီးပွားရေး ကေဒါများသည် ရွေ့လျားကျေး လက်တောဈေးသည်များသာ ဖြစ်ပေသတည်း။
ကိုယ်တိုင်ရေးသားကြောင်း နှင့် သတင်းမှန်ကန်ကြောင်း တာဝန်ယူပါသည်။
ဇင်မာသင်း
http://www.hotnewsweekly.com/archives/21027
မိုးရာသီခရီးသည်ယာဉ်များမိုးမလုံပါက အရေးယူမည်
မိုးရာသီစီမံချက်တစ်ခုအဖြစ် ခရီးသည်ယာဉ်များ အကြောင်း အမျိုးမျိုးကြောင့်မိုးမလုံပါက တိုင်ကြား နိုင်ကြောင်း မေလ ၂၂ရက်နေ့ကပြုလုပ်ခဲ့ သော ၂ပတ် တစ်ကြိမ်မီဒီယာတွေ့ဆုံပွဲ၌သိ ရသည်။
““ခရီးသည်ယာဉ်တွေမိုးမလုံ တဲ့ကိစ္စကိုပြင်ဖို့လည်း ပြောခဲ့တယ်။ တကယ်လို့အဲဒီလိုမျိုးခရီးသည်ယာဉ် တွေမိုးမလုံတဲ့ကိစ္စဖြစ်တယ်ဆိုရင် ဖုန်းနံပါတ်၀၉-၇၃၁၈၆၉၀၅ယ၀၁ ၈၅၀၀၆၅၀ Ex7 207 ကို တိုင်ကြား နိုင်ပါတယ်။ဦးတို့ပြောတဲ့အတိုင်း ဇွန်လကျော်လို့ဒီမိုးမလုံတဲ့ကိစ္စကို မပြင်ရင်သူတို့ကို ဒဏ်ရိုက် မှာပါ”” ဟုမထသဗဟိုကော်မတီမှတာဝန် ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်းခရီးသွား ပြည်သူတစ်ဦးကပြောကြားရာတွင် လည်း ““ရန်ကုန်မြို့အတွင်းမှာ မိုး မလုံတဲ့ ခရီးသည်ယာဉ်တွေက အများ ကြီးပဲ အဆိုးဆုံးကတော့ မြို့ထဲ နဲ့ ဒဂုံမြောက်၊မြို့ထဲနဲ့ မြောက် ဥက္ကလာ ဆွဲတဲ့BM ကားတွေကဘေးမှန်တွေကွဲ နေတာတွေရှိတယ်။ဘေးမှန်တွေ မပါတာတွေရှိ တယ်။အပြင်မှာ မိုးမစိုဘူးဆိုရင်တောင် အဲဒီကား ထဲရောက်ရင်မိုးစိုတယ်””ဟုပြော ကြားခဲ့သည်။
ရန်ကုန်မြို့အတွင်းခရီးသွား ပြည်သူများအဆင်ပြေစေရန်အတွက် မထသဗဟိုက စီစဉ်ဆောက်ရွက် လျက် ရှိပြီးရန်ကုန်မြို့အတွင်းပြေး ဆွဲရန်အတွက် ဘက်စ်ကားအစီး ရေ ၁၀၀ကျော်တိုးချဲ့ပြေးဆွဲရန် ရှိကြောင်း အဆိုပါပွဲမှ သိရသည်။
Credit : http://www.hotnewsweekly.com/archives/20983
ရှစ်လေးလုံး ငွေရတုမှာ ပြည်တွင်း - ပြည်ပနိုင်ငံရေး အင်အားစုတွေ တွေ့ဆုံဆွေးနွေးကြမည်
ရန်ကုန် ။ မေ ၂၃
ရှစ်လေးလုံးအရေးတော်ပုံ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားအား၈၈ မျိုးဆက် ပြည်တွင်းပြည်ပ တိုင်းရင်း သား ညီအစ်ကို မောင်နှမ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်တစ်စောင်ကို ၈၈ အရေး
တော်ပုံမှ ပေါက်ဖွားလားသော ကျောင်းသားအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်လိုက်ကြောင်းသိရသည်။
ယင်းဖိတ်ခေါ်ချက်အား ၈၈ အရေးတော်ပုံမှ ပေါက်ဖွားလားသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား
များဒီမိုကရက်တစ်တပ်ဦး၊ ၈၈မျိုးဆက်ကျောင်းသားများ( ယခု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့ အဖွဲ့အစည်း) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၂၅ နှစ်ပြည့်ငွေရတုတွင် အနာဂတ် မြန်မာနိုင်ငံတော်၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
အတွက်၈၈ မျိုးဆက် ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအင်အားစုများ အားလုံးစုစည်းညီညွတ်စွာဖြင့်တွေ့ဆုံဆွေးနွေးနိုင်ရန်စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်
တွင်ဖော်ပြထားသည်။
ယင်းအတွက် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆက်သွယ်ကြရန်ဖိတ်ခေါ်
ထားခြင်းဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal
သတို့သမီး တစ်ဦးတည်း မင်္ဂလာပွဲကျင်းပ
မင်္ဂလာဆောင်အကြိုညတွင် ခိုက်ရန်ဖြစ်ပွားကာ သတို့သားအဖမ်းခံရခြင်းကြောင့် မင်္ဂလာပွဲကို သတို့သမီး တစ်ဦးတည်း ကျင်းပခဲ့ရသည့်ဖြစ်ရပ် မေ ၂၂ ရက်က ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ ဟင်္သာတမြို့၊ ကျုံတွမ်ကျေးရွာတွင် မေ ၂၂ ရက်၌ မင်္ဂလာဆောင်မည့် သတို့သားလောင်း နိုင်လင်းအောင်နှင့် သတို့သမီးလောင်းတို့သည် မင်္ဂလာပွဲအကြိုည ဧည့်ခံပွဲကျင်းပနေစဉ် ရပ်ရွာဓလေ့အရ လာရောက်ကူညီ လုပ်ကိုင်သော လူငယ်များက အရက်သောက်ရန် အိမ်ရှင်ထံ အရက်တောင်းရာမှ စကား များပြီး အုပ်စုလိုက်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရန်ပွဲတွင် သတို့သားလည်း ပါဝင်ခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။ ဓားဖြင့် အထိုးခံရသူတစ်ဦးနှင့် ဦးခေါင်းကွဲ
ဒဏ်ရာရသူတစ်ဦးကို ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရကြောင်း မြို့နယ်ရဲစခန်းမှ တာ
ဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရန်ပွဲမှာပါဝင်ကျူးလွန်ခဲ့တဲ့ သတို့သားနဲ့ နောက်အဖော်တစ်ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပါတယ်။
ဆေးရုံတက်ရတဲ့ နှစ်ယောက်မှာ တစ်ယောက်က ခေါင်းကို ဆယ်ချက်ချုပ်ရပြီး ကျန်တစ်ယောက်ကတော့
ဗိုက်ကိုဓားနဲ့အထိုးခံလိုက်ရတယ်။ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။
ထို့ကြောင့် မေ ၂၂ ရက် မင်္ဂလာ ပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရာ သတို့သားမပါဘဲ သတို့ သမီး တစ်ဦးတည်း ကျင်းပခဲ့ရသည်။ ရန်ပွဲတွင် ပြစ်မှုကျူးလွန်သူသတို့သားနှင့် ကျန်တစ်ဦးကို အပြင်းအထန် နာကျင်စေမှု ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။
ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့တွင် မင်္ဂလာပွဲကျင်းပပြီးမှသာ လူပျို၊ အပျိုညအဖြစ်တည်ခင်းဧည့် ခံပွဲ
ပြုလုပ်လေ့ရှိသော်လည်း ဟင်္သာတအပါအ၀င် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ မြို့နယ်များတွင် မင်္ဂလာ ဆောင် ဧည့်ခံပွဲမတိုင်မီတစ်ရက် အကြိုကပင် လူပျို၊ အပျိုညကိုပြုလုပ်လေ့ရှိသည်။
7Day News Journal
သမ္မတ ပြောကြားခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိ၍ ဆန္ဒထုတ်ဖော်

23.5.2013
ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခ ကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့်အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေ ရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါ ဟု” ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ က ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
(မှတ်တမ်း-ဓာတ်ပုံများ)






Credit : http://www.sawkyawoo.com/2013/05/blog-post_1960.html





