Wednesday, January 23, 2013

တာဝန်သိသော အခွန်ဆောင်မှု ဖြစ်ထွန်းလိုလျှင် သမ္မတ မှစ၍ ပိုင်ဆိုင်မှု ပမာဏ ထုတ်ပြရန်လို

အခွန်မှ ရရှိသော ဝင်ငွေသည် အခွန်ထမ်း သူများအား တစ်ဦးချင်း အတွက် ပြန်လည် သုံးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုးရေး ကိစ္စရပ်များတွင် ထည့်ဝင်သုံး စွဲခြင်း ဖြစ်သောကြောင့် အခွန်သုံးစွဲမှု ဆိုင်ရာတွင် ရရှိသော အခွန် ပမာဏနှင့် မည်သည့် နေရာတွင် မည်မျှ သုံးစွဲသည်ကို ပွင့်လင်း မြင်သာစွာပြသမည် ဆိုပါက အခွန် ထမ်းပြည်သူ များ အခွန်ဆောင်ရန် ပိုမို စိတ်ဝင်စား လာမည်ဟု ဦးမောင်မောင်လေး က သုံးသပ်ပြောသည်။

”အခွန် ဆိုတာ နိုင်ငံသားတိုင်း ဆောင်ရမယ်။ ဒါပေမဲ့ တရားမျှတတဲ့ အခွန် ဆိုတာတော့ ဖြစ်ရမယ်၊ အားလုံး က တစ်ပြေးညီ ဖြစ်ရမယ်။ သူ့မို့အခွန် ကင်းလွတ် ခွင့်ပြု တာမျိုး မဖြစ်ရဘူး” ဟု ဟိုတယ် လုပ်ငန်းရှင် ဦးကျော်ထွန်းက ပြောသည်။ အခွန်ကောက်ခံရာတွင် ၄င်း၏ပိုင်ဆိုင်မှု ပမာဏကို ထုတ်ဖော်ပြသ ရပြီး ဝင်ငွေပေါ်တွင် ရရှိသော လုပ်ငန်း အမျိုးအစားအလိုက် အခွန်စည်းကြပ် ကောက်ခံ ရမည်ဖြစ်သောကြောင့် လူတိုင်း ၏ ပိုင်ဆိုင်မှု ပမာဏ ထုတ်ဖော်ပြရန် လိုအပ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ အခွန် ကောက်ခံရာတွင်လည်း မည်သူမျှ ခြွင်း ချက်အဖြစ် အခွန်ကင်းလွတ် ခွင့်ပြုရန် မရှိကြောင်း ၄င်းထံမှသိရသည်။

အခွန်ပေးဆောင်မှု မှန်ကန် စေလိုပါက နိုင်ငံတော် သမ္မတမှ စ၍ လူတိုင်း၏ ပိုင်ဆိုင်မှု ပမာဏ ကို ထုတ်ဖော်ပြသရန် လိုအပ် ကြောင်း လုပ်ငန်းရှင် အချို့က ပြောသည်။

အမည် မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ”အခွန်ထမ်းခိုင်းတာမှာ တရားမျှတမှုရှိ လားကို အရင်ကြည့်ရမယ်။ ကုမ္ပဏီ အသေးလေးတွေ ကျတော့ အခွန် ကောက် ပြီး ဘာမို့ညာမို့ အခွန် ကင်းလွတ် ခွင့်ပြုတယ် ဆိုရင် ဘယ် အခွန်ဆောင်ချင်မလဲ”ဟု ပြောသည်။

အခွန် စည်းကြပ်ရာတွင်လည်း ဥပဒေနှင့် အညီဆောင်ရွက်ရန် လိုအပ်ပြီး လူပုဂ္ဂိုလ် ကြည့်၍ ပြစ်ဒဏ် ချသည့်ဖြစ်ရပ် များသည် အခွန်ထမ်းသူများ ဥပဒေ အပေါ် ယုံကြည်မှု နည်းပါးလာမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

”ဆီခိုးသွင်းတော့ ဒဏ်ငွေပဲ ရိုက်တယ်၊ နယ်စပ်က တရားမဝင် ကားသွင်းလာတော့ ထောင်ချတယ်။ ဒါမျိုးက မဖြစ်သင့်ဘူး။ သူတို့နဲ့ ပလဲနံသင့် သူတွေကို ဒီလိုလုပ်တာ ဟာ ရုပ်ဆိုးလွန်းအား ကြီးတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ထောက် ပြသည်။

UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက နိုင်ငံတော် သမ္မတမှ အောက်ခြေ အထိ အလုပ်ရှိသူတိုင်းသည် ဝင်ငွေခွန် ထမ်းဆောင် ရမည်ဖြစ်သော ကြောင့် ပိုင်ဆိုင်မှု ပြသရန် လိုအပ် ကြောင်း၊ ဥပဒေ စည်းမျဉ်းစည်း ကမ်းများနှင့် ကြပ်ကြပ်မတ်မတ် ပြုလုပ်ရမည် ဖြစ်ပြီး ဝင်ငွေရရှိသူ တိုင်းသည် ဝင်ငွေခွန် ထမ်းဆောင် သူ များဖြစ် ရမည်။ ဝင်ငွေထွက်ငွေ ပွင့်လင်းမြင်သာမှု မရှိပါက ပြဿ နာရှိလာနိုင်ကြောင်း ပြောသည်။

ပြည်တွင်း အခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည် က ”အခွန်ကောက်ဖို့ အတွက် ဖြစ် ချင်တာက အကုန်းလုံးနဲ့ သွားချင် တာပေါ့။ ဒါပေမဲ့ နိုင်ငံတော် ဖြတ် သန်းခဲ့တဲ့ ကာလ လူတွေရဲ့ စိတ်ဓာတ်တွေပေါ် မှာလည်း ရှိတယ်။ တိုင်းပြည်ဟာ စနစ် တစ်ခုလောက် မှာ အကြာကြီး နေခဲ့ရတယ်။ အဲ့ဒီအတွက် တာဝန်သိသိနဲ့ အခွန် ဆောင်ဖို့ ဆိုတာ တော်တော်လိုပါ သေးတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံသည် တိုင်းပြည် ဝင်ငွေကို သယံဇာတ ထုတ်ယူ ရောင်းချခြင်းဖြင့် ရှာဖွေခြင်းကြောင့် အခွန်ကောက်ခံမှု ပိုင်းတွင် အားနည်းမှု များ ဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း၊ တိုင်းပြည် ဝင်ငွေ ၏ ၃ ရာခိုင်နှုန်းသာ အခွန်မှ ရရှိသော ဝင်ငွေ ဖြစ်ကြောင်း သယံဇာတ ထုတ်ယူ ရောင်းချမှုကို လျှော့ချ လိုပါက အခွန်ကောက်ခံမှုကို ကြပ် မတ် ဆောင်ရွက်ရမည်ဖြစ် ကြောင်း Spectrum Myanmar မှ Program Coordinater ကိုမော် ထွန်းအောင်က ပြောသည်။

အခွန်ပေးဆောင်မှု မှန်ကန်စေရန် ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် အခွန်နှင့် ပတ်သက်သော ပညာပေးခြင်းများ စည်းရုံးလှုံ့ ဆော်မှုများ ဆောင်ရွက်လျက် ရှိ ကြောင်း ဦးအောင်မိုးကြည်က ပြောသည်။

တိုင်းပြည် ဝင်ငွေကို အခွန်မှ ရှာဖွေရရှိမှု နည်းပါး ရခြင်းမှာ GDP တွက်ချက်ရာတွင် အချိုးအစား ပမာဏပါဝင်မှု အများဆုံးဖြစ်သော လယ်ယာနှင့် သားငါးကဏ္ဍ တို့အပေါ်မှ အခွန်ပြန်လည် ကောက်ခံရရှိမှု နည်းပါးခြင်း၊ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်၊ သက်သာခွင့်များများစွာ ခွင့်ပြုထားခြင်း၊ အခွန်ပမာဏ ကြီးမားစွာ ပေးဆောင် ရသော အခွန် ထမ်းများသည် အရိပ်အမျိုး မျိုးခိုကာ အခွန်လျော့နည်းသက် သာအောင် ကြံဆောင်ကြခြင်း စသည့် အချက်များကြောင့် ဖြစ် ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ အပြီး စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရ အဖွဲ့ ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကြေ ညာပေးရမည့် အဆိုကို တင်သွင်း ခဲ့သော်လည်း ယင်းအဆိုမှာ ကန့် ကွက်မဲ များစွာဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ဝေယံမိုးမြင့်

ဒီကပါ။

နိုင်ငံတော်အလံ သုံးစွဲမှု သတိပြု


ကျွန်တော်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးမှစ၍ လွှတ်တော် တက်ခဲ့သည်မှာ ယခုဆဋ္ဌမအကြိမ် အစည်းအဝေး အထိ ဖြစ်ပါသည်။

ကျွန်တော် နိုင်ငံတော်အလံနှင့်ပတ်သက်၍ တင်ပြပါရစေ။ အချို့ နေရာ များတွင် နိုင်ငံတော်အလံကို ၎င်းတို့၏ကုမ္ပဏီအလံ၊ ဟိုတယ်အမှတ်တံဆိပ်အလံများနှင့် တန်းတူထားကာ လွှင့်ထူထားသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိ နေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အလံ ဥပဒေကို ကျွန်တော် မှတ်သား လေ့လာထားမိသလောက် တစ်ဆင့်ပြန်လည်ကာ ထုတ်နုတ်ရေးသား ဖော်ပြအပ်ပါ သည်။

ပြည်ထောင်စု မြန်မာ နိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက် ရက်စွဲဖြင့် နိုင်ငံတော်အလံ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်း ထားခဲ့ပါသည်။ ယင်းပြဋ္ဌာန်းချက်မတိုင်မီကလည်း ဥပဒေရှိပြီး ဖြစ်ပါသည်။ သို့သော် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော်အလံကိုဂုဏ်ကျက်သရေနှင့်အညီ နည်းလမ်းတကျ သုံးစွဲ နိုင်ရန်နှင့် ထိန်းသိမ်း စောင့်ရှောက်ကြစေရန်အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ ပြဋ္ဌာန်း ပေးခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်အလံ ဥပဒေတွင် နိဒါန်း၊ အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) နိုင်ငံတော် အလံ၏စံပြုအရွယ်အစားအတိုင်းအတာနှင့် အရောင်အသွေး၊ အခန်း (၃) နိုင်ငံတော်အလံ လွှင့်ထူခြင်း၊ အခန်း (၄) တားမြစ်ချက်များနှင့် ပြစ်ဒဏ်၊ အခန်း (၅) အထွေထွေ တို့ဖြစ်ပြီး ပုဒ်မ ၁၉ ခု ပါဝင်ပါသည်။ နည်းဥပဒေ များတွင် နိဒါန်း၊ အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များ၊ အခန်း (၃) နိုင်ငံတော်အလံကို အလေးပြုခြင်း၊အခန်း (၄) အထွေထွေတို့ ဖြစ်ပြီး ပုဒ်မ ၁၂ ခု ပါရှိပါသည်။

ဥပဒေ၏ အခန်း (၄) တားမြစ်ချက်နှင့် ပြစ်ဒဏ် အခန်းတွင် ပုဒ်မ ၁၃ ၌ နိုင်ငံတော် အလံနှင့် စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ။

(က) နိုင်ငံတော် အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတ စသော အမှတ်အသား တစ်ခုခု ကို ရေးသား ခြယ်လှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း သို့မဟုတ် တစ်ခုခုဖြင့် အရာထင်စေခြင်း။

(ခ) နိုင်ငံတော် အလံကို-

(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် သို့မဟုတ် အချိုးအစား ပျက်ပြားစေရန် ပြုခြင်း။

(၂) ပြဋ္ဌာန်း ခွင့်ပြုထားခြင်း မရှိသည့် နေရာ၊ ဒေသနှင့် ကိစ္စများတွင် အသုံးပြုခြင်း။

(၃) မလေးမစား ပြုခြင်း။

(ဂ) နိုင်ငံတော်အလံ၏အထက်နှင့် တန်းတူတွင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၏အလံတစ်ခုခု လွှင့်ထူခြင်း ဟု ဖော်ပြထားပါသည်။

ထို့ပြင် ယင်းအခန်း၏ ပုဒ်မ ၁၆ တွင် ''မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄ နှင့် ပုဒ်မ ၁၅ တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုသုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံး ဖြစ်စေချမှတ် ရမည်'' ဟု ဖော်ပြ ထားပါသည်။

သို့ဖြစ်ပါ၍ မသိနားမလည်သောကြောင့် ပြုလုပ်ထားမိ ခြင်းမျိုးမှ ဥပဒေနှင့် မညီမှု များကြောင့် မလိုလား အပ်သော နောက်ဆက်တွဲ ပြဿနာများ မဖြစ်စေရန် စေတနာဖြင့် ရေးသား ဖော်ပြအပ်ပါသည်။ ။

လွှတ်တော် ကိုယ်စားလှယ် တစ်ဦး

မြ၀တီ

နိင်ငံဝန်ထမ်းများအားလစာတိုးရန် လာမည့်ဘတ်ဂျက်တွင် ထည့်သွင်း ထားခြင်းမရှိပါကြောင်းဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီး ဖြေကြား

ယနေ့နံနက် က နေပြည်တော်၌ကျင်းပနေ သည့်   ပြည်သူလွှတ်တော် အစည်းအဝေးတွင် သီပေါ လွှတ်တော်မဲဆန္ဒနယ်မှဦးရဲထွန်းက လာမည့် ဘဏ္ဏာနှစ်၂၀၁၃-၁၄တွင်နိင်ငံဝန်ထမ်းများအား လစာတိုး မတိုးမေးမြန်း ရာ ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ   မောင်မောင်သိန်း က"ယခုတင် ထားသော ၂၀၁၃-၁၄ ဘဏ္ဏာရေး ဘတ်ဂျက်တွင် လစာတိုးရန် ဘဏ္ဏာငွေထည့်သွင်း ထားခြင်းမရှိ ပါကြောင်း ၊ နောက်ဆက်တွဲ အခြေအနေကိုမသိပါကြောင်းပြန် လည်ဖြေ ကြားသည်ဟုပေါ်ပြူလာနယူးစ် သတင်းထောက်ကလွှတ်တော်မှသတင်းပေးပို့သည်။

Popular Myanmar News Journal
ဓာတ်ပုံ - Pyithu Hluttaw - ပြည်သူ့လွှတ်တော်

တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းမှ လာမည့် မေလတွင် စတင်၍ ဓါတ်ငွေ့ပို့နိုင်မည်

မန္တလေး – ပြင်ဦးလွင် ကားလမ်းကို ဖြတ်မည့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းခွင်တစ်ခု
(ဓာတ်ပုံများ – မိုးမခ)

တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းသည် လာမည့် မေလတွင် စတင် အသုံးပြုနိုင်တော့မည်ဟု ပိုက်လိုင်းတည်ဆောက်ရေးကုမဏီကို ကိုးကားပြီး Financial Times သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

CNPC ကုမဏီက မေလ ၃၀ ရက်နေ့တွင် ဓာတ်ငွေပိုက်လိုင်း အရှည် ၇၃၉ ကီလိုမီတာ ပမာဏကို တပ်ဆင်မှု ပြီးစီးမည်၊ရေနံပိုက်လိုင်းမှာ လာမည့်နှစ်တွင် တပ်ဆင်ဆောက်လုပ်မှု အဆုံးသတ်မည်ဟု တနင်္လာနေ့တွင် ကြေညာထားသည်။

မြန်မာပြည်တွင်း မြို့အများအပြားကို ဖြတ်သွားမည့် ပိုက်လိုင်းကြီးသည် တရုတ်နိုင်ငံ နှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံအတွက် လိုအပ်နေသည့် စွမ်းအင်များကို မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး ဝေးလံစွာ သယ်ဆောင်နေရသည်။

ဤပိုက်လိုင်းကြီးကို အသုံးပြုခြင်းဖြင့် ရေနံသယ်ဆောင်ရေးလမ်းကြောင်း ပိုမို တိုတောင်းသွား မည်ဖြစ်သည်။

ဓါတ်ငွေ့မှာ ရခိုင်ကမ်းလွန်မှ ထွက်သော ဓါတ်ငွေ့ဖြစ်ပြီး တရုတ်နိုင်ငံက ၀ယ်ယူခြင်းဖြစ်သည်။

ရေနံဖြတ်သန်းခွင့်၊ ဓါတ်ငွေ့ရောင်းချမှုတို့အတွက် မြန်မာပြည်က တရုတ်အစိုးရထံမှ ငွေအမြောက်အများ ရရှိမည် ဖြစ်သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းမှာ ယခင် စစ်အစိုးရလက်ထက်တွင် သဘောတူခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာ မတရား သိမ်းယူမှု အစရှိသည့် ထင်သာမြင်သာ အငြင်းပွားဖွယ်ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်။





http://moemaka.com/?p=31427

လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန်ယာဉ်အခမဲ့ စီးနင်းခွင့်ကတ်ပေးအပ်


လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများအနက် ငါးဦးအား ရွှေမန္တလာ အဝေးပြေးယာဉ်လိုင်းမှ ရာသက်ပန် ယာဉ်အခမဲ့စီးနင်း ခွင့်ကတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ယာဉ်အခမဲ့စီးနင်းကတ် (Diamond Card) ရရှိထားသူများသည် ရွှေမန္တလာယာဉ်လိုင်း၏ မည်သည့်ခရီးစဉ်တွင်မဆို ရာသက်ပန် အခမဲ့စီးနင်းခွင့် ရရှိမည့်အပြင် ယင်းခရီးစဉ်တစ်လျှောက် လိုအပ်သမျှ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရွှေမန္တလာ ယာဉ်လိုင်းမှ ကိုမိုး ထွန်းက ပြောသည်။

ယခု ရွေးချယ်ပေးအပ်ထား သူငါးဦးအပြင် ထပ်မံရွေးချယ်ပေးအပ်ရန်လည်း အစီအစဉ်ရှိကြောင်း ၎င်း၏အဆိုအရ သိရသည်။

“ဒီအခမဲ့ကတ် ပေးဖြစ်တာက ဒီပုဂ္ဂိုလ်တွေကို အင်မတန် လေးစားလို့ပါ။ သူတို့ကတကယ်ပဲ တိုင်းကျိုး ပြည်ကျိုး၊ လောကအကျိုး၊ ပြည်သူ့အကျိုး သူတို့တတ်နိုင်တဲ့ဘက်က ၀ံ့ဝံ့စားစား ဆောင်ရွက်တဲ့ အတွက် ရွေးပြီးပေးတာပါ။ ဒီပုဂ္ဂိုလ်တွေ ခရီးသွားမယ်ဆိုရင် ဖုန်းသာဆက်လိုက်ပါ။ အကုန်လုံး ဆောင်ရွက်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ ရွှေမန္တလာယာဉ်လိုင်း၏ အခမဲ့ယာဉ်စီးနင်းခွင့်ကတ် ရရှိထားသူငါးဦးမှာ -

၁။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဟံသာဝတီ ဦးဝင်းတင်၊

၂။ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူများဖြစ်သော ဦးအုံး (FREDA)၊

၃။ ဒေါက်တာဦးထွန်းလွင် (မိုးလေ၀သ)၊

၎။ ဒေါ်ဒေ၀ီသန့်စင်၊

၅။ ပန်းရဲ့လမ်း အဖွဲ့ဝင် ဦးရဲလွင် (မဇ္ဈိမလှိုင်း) တို့ ဖြစ်သည်။

http://moemaka.com/?p=31425

ခေါင်းဆောင်မှုအကျပ်အတည်း ( Leadership Crisis) ကို ဒီလှိုင်းက ပြောပြနေသလား ..?


ဒီလှိုင်းစာစောင်တွေကို ကျနော် တလေးတစားဖတ်ပါတယ်၊ သိမ်းပါတယ်၊ (ကျနော် ပါတီဝင်မဟုတ်ပါ)၊ ဒီနေ့နောက်ဆုံးရောက်လာတာက တနှစ်ပြည့်တဲ့စာစောင်ပါ၊၊ အတွဲ (၂) အမှတ် ၂ တဲ့၊၊ အဘ ဦးဝင်းတင်ဆောင်းပါးအရဆို ၅၂ စောင်ရှိသွားပြီပေါ့၊၊

ဒီလှိုင်းနဲ့ ပတ်သက်လို့ ကျနော် မိတ်ဆွေတွေက “အဘိုးကြီး အဘွားကြီး စာစောင်ပါ” လို့ ငေါ့တော့တော့ ပြောတာ ကြာပြီး၊ ရှေ့ဖုံးမှာ ဒေါ်စု၊ နောက်ဖုံးမှာတော့ ဦးဝင်းတင်၊ ဦးတင်ဦးပေါ့၊ သူတို့က ဒါကို သရော်တာပါ။

ဒီလှိုင်းက ပါတီစာစောင်ဆိုတော့ ပါတီဝါဒဖြန့်ချီရေးပေါ့ဗျာ၊၊ ဒါက ရှင်းပါတယ်၊ ဘာပဲဖြစ်ဖြစ် အဘ ဦးဝင်းတင်ရဲ့ဆောင်းပါးနဲ့ ဒေါ်စုရဲ့ ဒီစ ကား ကဏ္ဍကိုတော့ အလေးထားဖတ်ပါတယ်၊ ထားတော့၊

တနှစ်ပြည့်သွားတော့ စာစောင်မှာတော့ ထုံးစံအတိုင်းအဖုံးမှာ ဒေါ်စုကို ပြုံးလျက်တွေ့ရတယ်၊ ဒေါ်စု ကျက်သရေရှိတယ်၊ အရွယ်နဲ့ မမျှအောင် အရွယ်တင်တယ်။ ကျန်းမာနေသေးတယ်၊ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အသက် ၆၇ နှစ်ရှိနေပြီဗျာ၊ ၇၀ ထဲရောက်နေပြီ၊၊

ဒီနေ့တော့ ကျနော့် မိတ်ဆွေတွေ ပြောတဲ့ “အဘိုးကြီး အဘွားကြီး စာစောင်”ဆိုတဲ့ကိစ္စကို ကျနော် အလေးအနက်စဉ်းစားဖြစ်တယ်။

တနှစ်အတွင်း ထုတ်ခဲ့တဲ့ ၅၂ နှစ်စောင်မှာ ဒေါ်စု မျက်နှာဖုံး မပါတဲ့ စာစောင် ဘယ်နှစ်စောင်ရှိမလဲ၊ ကျနော် သိမ်းထားတဲ့အထဲ ပြန်ရှတော့ တစောင်မှ မတွေ့ဘူးဗျာ၊၊ တချို့ ကျနော့်ဆီ မရောက်တဲ့ စာစောင်တွေမှာရော၊၊ ??? ကျနော် မသိ၊၊ ကျနော်တော့ သိပ်မထင်။။

ဒီကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ဘူးထင်တယ်၊ အန်အယ်ဒီမှာ Leadership Crisis ဖြစ်နေပြီဆိုတဲ့ အဓိပါယ်ပဲ၊ ဆိုလိုတာက ခေါင်းဆောင် ရှားပါးနေပြီ၊ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင် အလွန်မှာ ပါတီကို ဘယ်သူတွေ ဦးဆောင်ကြမှာလဲ၊

အန်အယ်ဒီဆိုတာက သာမန် နိုင်ငံရေးပါတီမှ မဟုတ်ဘဲနဲ့၊ လူထုပါတီဖြစ်နေတယ်၊၊ အန်အယ်ဒီရဲ့ Leadership Crisis ဟာ တိုင်းပြည်ရဲ့ ခေါင်း ဆောင်မှုအကျပ်အတည်းဖြစ်နေတယ်။ တိုက်ပွဲတွေထဲက ခေါင်းဆောင်ထွက်လာမယ်ဆိုတဲ့ ယျေဘုယျ သဘောတရားကို ကျနော်တို့ ပုံသြထားသင့်သလား၊၊ ကျနော်တော့ သိပ်သဘောမကျလှ။

ကျနော် မှတ်သားဖူးတဲ့ ခေါင်းဆောင်နှစ်မျိုးရှိတယ်။ Nature နဲ့ Nurture၊၊ ပင်ကိုယ်ခေါင်းဆောင် အရည်အချင်းရှိတဲ့ ခေါင်းဆောင် နဲ့ ပြုစုပျိုးထောင်ရင်းနဲ့ ထွန်းပေါက်လာတဲ့ခေါင်းဆောင်၊

ကျနော်တို့ဆီမှာ ပေါ်သမျှ ခေါင်းဆောင်တိုင်းက Nature ခေါင်းဆောင်တွေများနေတယ်၊၊ တိုင်းပြည်ရှေ့ရေးအတွက် Nurture တွေလည်း စဉ်းစားကြဖို့ ခေါင်းဆောင်တွေကို မေတ္တာရပ်ချင်ပါရဲ့။။

ကြာလာရင် မျိုးဆက်ပြတ်လိမ့်မယ်။

ဒီလှိုင်းတနှစ်ပြည့်မှာ အမာခံ ပရိသတ်တယောက်အနေနဲ့ ဒါလေးတော့ အကြံပြုချင်ပါတယ်၊၊

http://moemaka.com/?p=31419

KIAလက်ဖြောင့်စစ်သမီးများလက်နက်ချအလင်းဝင်ရောက်


KIA အကြမ်းဖက်သောင်းကျန်းသူ ခေါင်းဆောင်ကြီးများသည် အစိုးရ၏ အပစ်အခက်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးချက်များအား လက်မခံဘဲ တိုက်ပွဲဆက်လက်ဖြစ်ပွား စေရန် ဆောင်ရွက်လျှက် ရှိသောကြောင့် KIA အဖွဲ့တွင် ခေါင်းဆောင်များနှင့် လက်အောက်ခံတပ်ဖွဲ့များအကြား စိတ်ဝမ်း ကွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။ KIA အဖွဲ့တွင် မတရားလူသစ်စုဆောင်းခံထားရသူများသာ များပြားသဖြင့် မြန်မာ့မျိုးချစ်တပ်မတော်မှ စနစ်တကျ ထိုးစစ်ဆင်ချိန် တွင် အကျအဆုံး များပြားခဲ့ရခြင်းဖြစ်ပြီး KIA တပ်သားသစ်များ၏ ဘ၀မှာ ရှေ့မှာရန်သူ နောက်မှာ ကျည်ဆန်ကဲ့သို့ ဖြစ်နေသည်။

တိုက်ပွဲတွင်နေပါက သေမှာဖြစ်ပြီး ဆုတ်ခွါ ထွက်ပြေးပါကလည်း သေဒဏ်ပေးခံရမှာ ဖြစ်သည်။ထို့ကြောင့် KIA လူသစ်များသည် KIA အဖွဲ့မှ ထွက်ပြေးနိုင်ပါက အသက် ရှင်နိုင်ခွင့်ရသေးသည်ဟု ခံယူချက်ဖြင့် အခွင့်သာသည်နှင့် ထွက်ပြေးကြပြီး အစိုးရတပ်များထံ အလင်းဝင် ရောက်လာခဲ့သည်။

ဇန်နဝါရီလ(၂၁)ရက်နံနက်ပိုင်းတွင် KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ၊ တပ်မဟာ(၁)မှလက်ဖြောင့် စစ်သမီး(၇)ဦးသည် မြန်မာ့မျိုးချစ်တပ်မတော်၊လဂျားယန်ပွိုင့်ကုန်းစခန်းသို့  လက်နက်ချအလင်းဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်လာသူများမှာ မဘောက်ထော်၊အသက်(၂၀)နှစ်၊မအယ်မွန်း၊ အသက်(၂၀)နှစ်၊မကော့မိုင်၊အသက်(၂၄)နှစ်၊မအယ်ဘောက်၊အသက်(၂၄)နှစ်၊မအမ်ဆိုင်းဇူ၊အသက်(၂၅)နှစ်၊မဇက်အယ်ဆောက်၊အသက်(၂၆)နှစ်၊မအယ်ဂျီထူး၊အသက်(၂၈)နှစ်တို့ ဖြစ်သည်။

KIA အကြမ်းဖက်သောင်းကျန်းသူခေါင်းဆောင်များသည် လက်အောက်အဖွဲ့ များအား ရက်စက် စွာ ပြစ်ဒဏ်ပေးခြင်းစသော အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့ပြီး အလင်းဝင် ရောက်လာသူ အများစုမှာလူမျိုးရေး ခွဲခြားဆက်ဆံခံရမှုကြောင့် သော်လည်းကောင်း၊ အဖျက် လုပ်ငန်းများကြောင့် ကချင်လူမျိုး များ အတိဒုက္ခရောက်နေခြင်းစသော အချက်များကြောင့် အကြမ်းဖက်လုပ်ငန်းများအား စွန့်လွှတ်ပြီး အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း သိရပါသည်။

စင်္ကာပူဖီး

နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ကန့်ကွက်ချက်အရ အဆိုတင်သွင်းသူ ပြန်လည်ရုပ်သိမ်း

နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရအဖွဲ့အား စွပ်စွဲပြစ်တင်ဆိုင်ရာ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ကန့်ကွက်ချက်အရ အဆို တင်သွင်းသူ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ဇန်န၀ါရီလ ၂၂ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က “နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် များ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့်   ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ပြည်ထောင်စု စာရင်း စစ်ချုပ်တို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ကျင့်သုံးရမည့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို သတ်မှတ်ထား သင့်ပါကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းထားသည့်” အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းအဆိုကို ဦးအောင်ဇင်က တင်သွင်းရာတွင် အဆိုသည် အချိန်ကာလနှင့် မကိုက်ညီခြင်း၊ အချက်အလက် မပြည့်စုံခြင်းများ ကြောင့် ပြန်လည်ရုပ်သိမ်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်းက “ဒီနေ့လည်း မနက်က အစည်းအဝေးမှာပဲခုနက ဦးအောင်ဇင်၊ ပုဇွန်တောင်မဲဆန္ဒနယ်က တင်ပြတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ ကျွန်တော်ရှင်းပြပါတယ်။

အဲဒီအဆိုနှင့် ပတ်သက်ပြီးတော့ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ ထဲ မှာပါပြီးပြီ။(က) ကနေပြီးတော့ အပိုဒ်ခွဲ (ဈဈ) အထိရှိတယ်။ အဲ့ဒီ အထဲမှာ လုပ်နည်းအဆင့်ဆင့်ပါ ပြီးပြီ။ ပြီးရင် ဒီမေးခွန်း၊ ဒီအဆိုဟာ ကြည့်လိုက်မယ်ဆိုလို့ရှိရင် နိုင်ငံတော်သမ္မတ အပါအ၀င်ကျန်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို စွပ်စွဲပြစ်တင်ဖို့အတွက် လုပ်နည်း စည်းမျဉ်းစည်းကမ်းချက်တွေကို ပြည်ထောင်စုလွှတ်တော် တိုက်တွန်း ဖို့ဆိုတဲ့နေရာမှာ ဒီခေါင်းစဉ်ကြည့်လိုက်တာနဲ့ ပတ်ဝန်းကျင်အနေနဲ့ မကောင်းဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်အမြင်ပြောရမယ်ဆိုရင် ဒါဟာ မတင်သင့်ပါဘူးလို့ ဒီလိုပြောပါတယ်။ ပြောတဲ့အချိန်မှာ ဦးအောင်ဇင်က ဒုတိယဥက္ကဋ္ဌနဲ့လည်း တွေ့ပြီးပါပြီ။ ဒီကိစ္စဟာ ကျွန်တော်တို့ ပါတီကနေပြီးတော့ တင်ခိုင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော် ဆက်ပြီး တော့ တင်ပါရစေလို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်က ပြောမယ်လုပ်တဲ့ အခါမှာ အဲ့ဒီပါတီက ပုဂ္ဂိုလ်တစ်ဦးကပဲ ဒါနှင့်ပတ်သက်လို့ ပါတီဥက္ကဋ္ဌဆီ တယ်လီဖုန်း ဆက်ပါမယ်။ ခုပြောတဲ့ဟာ ဒီလိုဖြစ်တဲ့အတွက် တင်ပြပါမယ်။ တယ်လီဖုန်းနဲ့တင်ပြပါမယ်။ ကျွန်တော်လည်း အဲ့ဒီအချိန်မှာ တစ်ဆက်တည်းပဲ ပြောပါတယ်။ ကျွန်တော်တို့ လွှတ်တော်ထဲမှာ ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ မထားဘဲနှင့်ဆောင်ရွက် နေတဲ့ ကိစ္စရပ်မှာ အဲဒီပါတီက ခုနပြောတဲ့ ကိစ္စအတွက် ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီလိုအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာတင်ရင် ကျွန်တော်ကန့်ကွက်မယ်။

အဲဒီ အတိုင်းပဲကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်များနဲ့ ကျန်တဲ့ပါတီ များလည်း ကျွန်တော်ဘက်က ဆန္ဒရှိတယ်ဆိုရင်သိအောင် ကျွန်တော်ပြောမယ်ဆိုပြီးတော့ ဒီလိုပြောလိုက်ပါတယ်။ အဲ့ဒီတော့ ပါတီစွဲသာ ထားရမယ်ဆိုရင် ဒီနေ့ လွှတ်တော်မှာ ပါတီကြီးတစ်ခုက ကြီးစိုးထားပါတယ်။ ဘာပါတီ ဆိုလည်း သိပါတယ်။ ခုနက ကျန်တဲ့ပါတီက တင်ပြလာတဲ့ ကိစ္စမှာနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဖြစ်တဲ့ကိစ္စကို ပါတီစွဲ ထားပြီး တော့သူ့ပါတီက ဒီလိုကန့်ကွက် လိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုမှမတရားဘူး၊ မမျှတဘူး၊ နိုင်ငံ့အကျိုးလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ပါတီစွဲ၊ ၀ါဒစွဲ၊ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူမထားကြပါနဲ့လို့ ပြောပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီဟာလည်း ကျွန်တော်ရှင်းလင်းတင်ပြဖို့ မူလမရှိပါဘူး။ သို့ရာတွင် မနက်က ၉း၁၅ မှာ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း ခုနက ဦးဖေသန်းရဲ့ တင်ပြချက်ပေါ် မူတည်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဘယ်လို စဉ်းစားတယ်၊ ဘယ်လိုဆောင်ရွက် တယ်ဆိုတာသိအောင် လွှတ်တော်သို့ တင်ပြခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Photo: Eleven Media Group www.MyanmarExpress.net

ရန်ကုန်-တောင်ကုတ်လမ်းတွင် အောင်သစ္စာကား တိမ်းမှောက်၍ လူ ၁၆ ဦး ဒဏ်ရာရ

ရန်ကုန်မှ သံတွဲသို့ မောင်းနှင်လာသော အောင်သစ္စာကား ယနေ့ နံနက် ၃ နာရီခန့်တွင် ရခိုင်ရိုးမတွင် ချောက်ထဲ ထိုးကျပြီး တိမ်းမှောက်သွားသဖြင့် ခရီးသည် ၁၆ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်က ကားလမ်း။

ယခုအခါ ဒဏ်ရာရသူများမှာ တောင်ကုတ် ဆေးရုံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ထိုအထဲမှ (၃) ဦးမှာ စိုးရိမ်ရသော အနေအထားတွင် ရှိသည်ဟု သိရသည်။

ဘတ်စ်ကားမှာ တောင်ကုတ်မြို့မှ မိုင် ၃၀ ခန့်အကွာ နေပူတောင် အရောက်တွင် ကားကို ထိမ်းမနိုင်ဘဲ ဖြစ်ပြီး ချောက်ထဲကို ထိုးကျသွားခြင်းဖြစ်သည်ဟု ခရီးသည်များကို ကိုးကားပြီး တောင်ကုတ် ဒေသခံ ကိုမင်းအောင်က နိရဉ္စရာကို ပြောသည်။

၎င်းပြင် သေဆုံးမူများလည်း ရှိနေကြာင်း တောင်ကုတ်ဆေးရုံကို ရောက်နေသူ ကိုမင်းအောင်က ပြောသည်။

“ အသေအပျောက်တော့ ရှိနေပါတယ်။ အတိအကျတော့ မသိရသေးဘူး။ အခု လမ်းမှာ လာနေတုန်းပါ။ အခု ဆေးရုံကို ရောက်နေတာကတော့ ၁၆ ဦးရှိနေပြီ၊ အဲဒီအထဲမှာ ၃ ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ကျန် ၁၃ ဦးကတော့ ထူထူ ထောင်ထောင်ရှိပါတယ်။”

ကားမှာ နေပူတောင်အနီးရှိ တောင်ဆင်းလမ်းတွင် ချောက်ထဲသို့ ထိုးကျသဖြင့် ချောက်ထဲမှ ကားလမ်းမပေါ် ပြန်ရောက်အောင် နာရီဝက်ခန့် ပြန်တက်ရသဖြင့် လူနာများကို ကယ်ဆယ်ရာတွင် အခက်အခဲနှင့် ကြန့်ကြာမူများ ရှိနေသည်ဟုလည်း ကိုမင်းအောင်က ပြောသည်။

အသေအပျောက် ရှိ မရှိကို နိရဉ္စရာက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

ဒီကပါ။

မကွေးတိုင်း ဆောမြို့နယ် NLD လည်း ၂ ခြမ်းကွဲပြီး မြို့နယ်ရုံး ပိတ်ပြန်ပြီ


မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ NLDပါတီဟာ ပါတီညီလာခံအပြီးတွင် သဘောထား ကွဲလွဲမှုများကြောင့် မြို့နယ် NLD ပါတီရုံးအား ပိတ်လိုက်ကြပါတယ။် ရုံးမှပစ္စည်းများလည်း ဦးဝင်းသော် (ရပ်ကွက်ပါတီ ကော်မတီ ) အိမ်နှင့် အခြားအိမ်များသို့ သယ်ထားပြီး ရုံးမတက်ကြတော့ကြောင် သိရှိရပါတယ်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ငါတို့ ပါတီက ဒီအတိုင်းဆို ဒီမိုကရေစီ ခေါင်းစဉ်တပ်ပြီး အာဏာလု နိုင်ငံရေး လုပ်နေတဲ့ အာဏာရှင်တွေ ဖြစ်နေတယ် ဆိုတာ အခုမှသိရတယ်။ တစ်ဦးနဲ့ တစ်ဦး နေရာလုဖို့  ကြိုးစားနေတယ်၊။ အမေစု ကိုယ်တိုင်က သမ္မတလုပ်လိုတယ် ပြောကြားပြီး နောက်ပိုင်း အောက်ကလူ အားလုံး ကလည်း အာဏာလုပွဲ ဖြစ်နေတာ ပေါ့လို့ ဆိုင်းဘုတ်တင် လက်ခံသည့်အိမ်မှ ယခင် မြို့နယ် ကော်မတီမှ ပြောကြားသည်။

NLD ပါတီသည် မြို့နယ် ညီလာခံ များ ကျင်းပပြီးနောက် မြို့နယ်တိုင်းတွင် ဆန္ဒပြပွဲများ ၊ မကျေနပ်ချက်များ၊ သေးကွဲမှုများ၊ ခွဲထွက်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း တွေ့ရှိရသည်။

. www.MyanmarExpress.net

သံဖြူဇရပ်ဈေးကြီးမီးလောင်းမှုတွင် ဈေးခေါင်းဖြစ်သူကို ဖမ်းဆီး

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီလောင်မှုတွင် လုံခြုံရေး တာဝန်ရှိ သူဈေးခေါင်း ဦးစိုးသိန်းအား လွန်ခဲ့သောစနေနေ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သံဖြူဇရပ် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သံဖြူဇရပ်ရဲစခန်း အရာရှိတစ်ဦးက “အဲဒီဈေးလုံခြုံရေးတွေကို စစ်ဆေးမေးမြန်းချက်အရ ဈေးကြီးရဲ့လုံခြုံရေး မီးက စဖြစ်တယ်လို့ပြောကြတယ်၊ ဒါကြောင့် ဒီဈေးလုံခြုံရေးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဈေးခေါင်းကို ဖမ်းဆီး ရတာဖြစ်တယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးနောက် မြင်ကွင်း(IMNA)

သံဖြူဇရပ်မြို့၊ တရားသူကြီးထံမှ ရဲစခန်းက ရမန်နှစ်ပတ်ယူ၍ ဈေးခေါင်းဦးစိုးသိန်းအား ဖမ်းဆီးထိန်းသိမ်း ထားပြီး အချို့ညစောင့်များမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု မြို့ခံများက ပြောကြသည်။

သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ညသန်းခေါင်ယံမှ ၁၉ ရက်နေ့နံနက်ကူးချိန်တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ ပြာပုံအတိသာကျန်ရှိခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသားတို့၏ ရင်းနှီးငွေကျပ်သိန်းပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

မီးလောင်ခဲ့သော မိမိဆိုင်ခန်းများနေရာတွင် ကျန်ရှိသောအကြွင်းအကျန် ပစ္စည်းများရှာဖွေနိုင်ရေးအတွက် သက်ဆိုင်ရာက ယနေ့တွင်ဈေးဝင်းထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကျနော်ဆိုင်ခန်းမြေသားကို ရောင်းလိုက်တာ ငွေကျပ် ၃ သောင်းရတယ်၊ ဂျပန် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကတော့ မြေသားတွေရောင်းလိုက်တာ ၁၅ သိန်းရတယ်လို့ ပြောတယ်၊ သူတို့မှာ သံထည်ကြေးထည်ပစ္စည်းများတယ်” ဟု ပြောသည်။

ယင်းသို့ ပစ္စည်းအကျွင်းအကျန်များကို ကောက်ယူခွင့်ပြုခဲ့ရာ ဈေးဝင်းအတွင်းတွင် ကာဗိုက်တုံးများ ဈေး တစ်ဝင်းလုံး စီတန်းချထားခဲ့သည့်အထောက်အထားများနှင့် မသင်္ကာဖွယ်ရာမီးလောင်စေနိုင်သည့် ပစ္စည်း များတွေ့ရှိခဲ့ရသည်ဟု ဆိုင်ခန်းရှင်များပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်စနေ နေ့လည်ပိုင်းက မြို့မဈေးကြီးမီးလောင်ပြင်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ယာယီဈေးသစ်တစ်ခုအမြန်တည်ဆောက်နိုင်ရန် ဈေးကော်မတီတစ်ရပ်ဖွဲ့ စည်းပေခဲ့သည်။

၁၉၈၄ ဝန်းကျင်ကတည်ဆောက်ခဲ့သည့် သံဖြူဇရပ်မြို့မဈေးကြီးသည် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်လိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါခန့် ဆုံးရှုံးသွားခဲ့ည်။

ယင်းမီးလောင်မှုကို ဝါယာရှော့ကြောင့်ဟု အာဏာပိုင်များ ယူဆပြောဆိုနေကြသော်လည်း သံဖြူဇရပ် မြို့နယ် လျှပ်စစ်ရုံးက လက်မခံငြင်းပယ်ထားကြောင်း သိရသည်။

ဒီကပါ။

RCSS က ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က လွတ်လပ်ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်မူကို ကျင့်သုံးမည်ဟု နှစ်ပတ်လည် အစည်းအဝေး၌ ရှင်းလင်းတင်ပြကြောင်း သိရသည်။

RCSS/SSA နှစ်ပတ်လည် အစည်းအဝေး (Photo:SHAN)

“ပြုပြင်ပြောင်းလဲထားတဲ့ RCSS ရဲ့ အခြေခံ ဥပဒေမူကြမ်းမှာ ထူးခြားတာ ၂ ခု တွေ့ရတယ်။ လွတ်လပ် ရေးမူအစား ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးတယ်။ နောက် အရင်က RCSS အဖွဲ့ဝင်တွေဆိုရင် စစ်မှုထမ်း ဖြစ်ရမယ်လေ။ အခုတော့ RCSS မှာ အရပ်သားတွေ ပါဝင်လာနိုင်အောင် ထည့်ပေးထားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

ဂျန္နဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပခဲ့သော RCSS/SSA ၏ နှစ်ပတ်လည် အစည်းအဝေး၌ RCSS ၏ အခြေခံဥပဒေ ပြင်ဆင်မှုကို ဦးဆောင်တာဝန်ယူပြုပြင်ရသည့် ဗိုလ်ချုပ်စိုင်းယီက ရှင်းလင်းတင်ပြခဲ့ သည်ဟု ဆို၏။

“ဗိုလ်ချုပ် စိုင်းယီ က တင်းမာသူနဲ့ ပျော့ပြောင်းသူတွေ လက်ခံနိုင်အောင် ပြုပြင်ပြောင်းလဲရတာ ဖြစ်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်မလား မခွဲထွက်ဘူးလားဆိုတာ သျှမ်းပြည်က ပြည်သူတွေ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ရှင်းလင်းပြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်ဥက္ကာကမူ ပြည်နယ်များ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုသည်မှာ ၁) ဥပဒေရေးဆွဲနိုင်သည့်အာဏာ ၂) အုပ်ချုပ်ပိုင်ခွင့်အာဏာ ၃) တရား စီရင်နိုင်သည့်အာဏာ -ဟူ၍ အာဏာ ၃ မျိုး ရှိသည်ဟု ဆိုသည်။

“အရင်က ကျနော်တို့ လွတ်လပ်ရေးမူကို ဆုပ်ကိုင်ထားတာဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အစိုးရကို ပြန်လည်ခုခံဖို့ ဖြစ်တယ်။ အခု သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အခွင့်အရေး ပေးလာတော့ ကျနော်တို့ဘက်က တချို့ကို အလျှော့ ပေးရင် ငြိမ်းချမ်းရေး ဖော်ဆောင်တာကို အထောက်အကူဖြစ်မယ်လို့ ယုံကြည်တယ်” ဟု ဒု-ဗိုလ်ချုပ် ကြီးယွတ်စစ်က ၂၀၁၂ အောက်တိုဘာလတွင် ကျင်းပခဲ့သော အစည်းအဝေးတရပ်၌ ပြောခဲ့သည်။

သို့သော် အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနှင့် မဖြေရှင်းဘဲ စစ်ရေးနှင့် ဖြေရှင်းပါက လွတ်လပ်ရေးမူကို ပြန်လည်ကျင့်သုံးသွားမည်ဟု RCSS အရာရှိတချို့က ပြောဆိုကြောင်း သိရသည်။

RCSS ၏ မူဝါဒမှာ - ၁) အမျိုးသားစည်းလုံးညီညွှတ်ရေး ၂) ကိုယ်ပိုင်ပြဌာန်းခွင့် ၃) ဒီမိုကရေစီ ၄) ပြည်သူ၏ဘ၀ ပြုစုပျိုးထောင်ရေး ၅) မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ၆) ငြိမ်းချမ်းရေး တို့ဖြစ်သည်။

ယခု ပြုပြင်ပြောင်းလဲလိုက်သည့် RCSS ၏ အခြေခံဥပဒေမူကြမ်းကို လာမည့် ၆ လပတ် အစည်းအဝေး၌ ဆုံးဖြတ်ချက်ချ အတည်ပြုမှာဖြစ်ကြောင်း၊ ၆ လပတ်အစည်းအဝေး မတိုင်ခင် ကြားကာလ၌ RCSS ဗဟိုကော်မတီဝင်များနှင့် RCSS အား ထောက်ခံသည့်သူများထံမှ အမြင်နှင့်ဆန္ဒသဘောထားကို ကောက်ယူသွားမည်ဖြစ်ကြောင်း ဆို၏။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ကို သျှမ်းပြည်တပ်မတော်-တောင်ပိုင်းက သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့၌ အစိုးရနှင့် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်ခဲ့သည်။

ဒီကပါ။

လျှပ်တစ်ပြက်ဦးမြတ်ခိုင်ကို နယ်ခြားစောင့်တပ် သေနတ်နဲ့ချိန်


ယမန်နေ့ညက မြ၀တီမြို့ရှိ တရားမ၀င် လောင်းကစားပွဲတော်ကို ဓာတ်ပုံရိုက်သည့် လျှပ်တစ်ပြက်ဂျာနယ်အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် ဓာတ်ပုံသတင်းထောက်တဦးကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ချိန်ရွယ် ခြိမ်းခြေက်ခဲ့သည်။

မြ၀တီမြို့စာပေဟောပြောပွဲတွင် ဟောပြောရန်ရောက်ရှိနေသည့် ဦးမြတ်ခိုင်က မြ၀တီမြို့ပြင် အမှတ် ၁ ဂိတ်အနီးရှိ လောင်းကစားဝိုင်းများကို ဓာတ်ပုံရိုက်ကူးစဉ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့က "ဒီမှာ ဓာတ်ပုံရိုက်လို့မရဘူးဆိုတာ မသိဘူးလား။ ခင်ဗျားတို့ကို အခု ပစ်သတ်ပြီး ဖြောင်လိုက်လို့ရတယ်" ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ဦးမြတ်ခိုင် သတင်းထောက်ကတ် ထုတ်ပြပြီး စာနယ်ဇင်းသမားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုလည်း သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးက "သူက နာမည်ကြီးဂျာနယ်အယ်ဒီတာဖြစ်လို့ ပြဿနာက ပြီးသွားတာ။ တခြားလူတွေဆိုရင် ဒီကိစ္စ မလွယ်ဘူး" ဟု ဧရာဝတီသတင်းဌာနကို ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် လေးကောင်ဂျင်၊ အန်စာတုံးနှင့် အခြားလောင်းကစားနည်းမျိုးစုံ ပါဝင်ပြီး ကစားဝိုင်းပေါင်း ၄၀ ခန့် ရှိပြီး တ၀ိုင်းလျှင် လောင်းကစားငွေကြေး ပမာဏ ကျပ် ၅ သိန်း အထက်တွင် ရှိသည်ဟု လောင်းကစားဒိုင်တဦးက ပြောသည်။

မြ၀တီမြို့တွင် လောင်းကစားကွင်း ၂ နေရာခန့်ရှိပြီး လောင်းကစားပွဲ ကျင်းပခဲ့သည်မှာ ၃ လကျော်ပြီ ဖြစ်ကြောင်း၊ အထက်အာဏာပိုင်များက တစုံတရာ အရေးယူခြင်းမရှိကြောင်း၊ လောင်းကစားမှုနှင့် ဆက်စပ်ဖွယ်ရှိသည့် ခိုးဆိုးလုယက်ခြင်းများ အပါအ၀င် ရာဇ၀တ်မှုများ မြို့နယ်အတွင်း နေ့စဉ်ဖြစ်ပွားနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။

ဒီကပါ။

စစ်တွေက ဘူးသီးမှာ အဆိပ်တွေ့


ဒီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့က အိမ်တစ်အိမ်မှာ ဈေးက ၀ယ်လာတဲ့ ဘူးသီး တစ်လုံးမှာ အဆိပ်တွေ့တဲ့ အတွက် အခု ဈေးဝယ်တဲ့ သူတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သတိထား ၀ယ်ယူ စားသုံးနေကြရတယ်လို့ သတင်း ရရှိပါတယ်။ဘူးသီးမှာ အဆိပ်တွေ့တာကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သူ ရဟန်းပျို စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ အရှင် ဥာဏက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ခုလို မိန့်ကြားပါတယ်။

“ ဘူးသီးမှာ အဆိပ်ပါတယ်လို့ တိုင်ကြားလာတဲ့ အတွက် ဦးဇင်းသွားကြည့်ခဲ့ပါတယ်။ အဲဒီမှာ ဘာကိုတွေ့သလဲ ဆိုတော့ ဗူးသီးက ခွဲလိုက်ရင် အထဲမှာ ဖြူပြီးတော့ ဘူးသီးကို တွေ့ရမယ်။ ဒါပေမယ့် အခုက အရောင် တမျိုး ပြောင်းနေတာကို တွေ့ရတယ်။ ချက်တဲ့ အခါမှာလည်း အရောင်က အညိုရောင်သန်းပြီး အရောင်က တမျိုး ဖြစ်နေတယ်။ အိမ်သားတွေက ချက်ပြီး စားမလို့ လုပ်မှ အရောင်က ပုံမှန် မဟုတ်တာကို မြင်ပြီး ထူးခြားမူရှိတဲ့ အတွက် သက်ဆိုင်ရာကို တိုင်ကြားတယ်။ အခုတော့ ဘူးသီးချက်ရာက ထွက်လာတဲ့ အရည်တွေကို ရန်ကုန် ကို ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ ပို့ထားပါတယ်” ဟု ပြောသည်။

အိမ်သားများ၏ နာမည်ကို မမှတ်မိသော်လည်း သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သည့် အိမ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ကြက်ကိုင်းတန် ဘုန်းကြီးကျောင်း အနီးတွင် တည်ရှိသည်ဟု အရှင်ဥာဏက မိန့်ကြားသည်။

ထိုသို့ တွေ့ရှိပြီးနောက် ဈေးဝယ်သူများ အနေဖြင့်လည်း ဟင်းသီးဟင်းရွက်များကို သတိထား ၀ယ်ယူနေကြတယ်လို့ ပြောပါတယ်။

“ ဒီဘူးသီးတွေက သဲချောင်းဘက်ကလာတာ ဖြစ်တယ်လို့ သိရတယ်။ အခု ဦးဇင်းတို့ကတော့ ဟင်းသီးဟင်းရွက်တွေ စစ်တွေမြို့ထဲ ၀င်လာတာကိုတော့ မတားဘူး။ လွတ်လွတ်လပ်လပ် သယ်ယူခွင့် ပြုထားတယ်။ ဒါပေမယ့် ဟင်းသီးဟင်းရွက်တွေကိုတော့ စစ်ဆေးမူတွေ လုပ်နေတယ်။ ရဟန်းတော်တွေကဘဲ လုပ်တာပါ။ အာဏာပိုင်တွေကတော့ ဘာမှ လုပ်တာ မရှိဘူး။ သူတို့ကတော့ ပုံမှန်ပါဘဲ” လို့ ဦးဇင်းက ဆက်ပြောပါတယ်။

အဆိုပါ သတင်းထွက်လာပြီးနောက် ကြက်ကိုင်းတန်ဘက်တွက် ယခုအခါ ဟင်းသီးဟင်းရွက်များကို ၀ယ်ယူ စားသုံးသူများ နည်းပါးသွားသည်ဟု သိရသည်။

http://www.narinjara.com/burmese/?p=4072

မြစ်ကြီးနားမြို့တွင် Spitfire တိုက်လေယာဉ်ဟု ယူဆရသော အရာများ တွေ့ပြီ


ဗြိတိန်နိုင်ငံထုတ် Spitfire တိုက်လေယာဉ်များကို မြန်မာနိုင်ငံအတွင်းရရန် ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံလေဆိပ်အနီး၊ အနီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးနှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အနီးတွင် မြှုပ်နှံထားခဲ့ရာ၊ ယင်းလေယာဉ်များကို ရှာဖွေတူးဖော်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် Mr.David J.Cundall နှင့် အဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Spitfire လေယာဉ်ဟု ယူဆရသော အရာကို စတင် တွေ့ရှိပြီ ဖြစ်ကြောင်း ၉-၁-၂၀၁၃ ရက်တွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၎င်းလေယာဉ်များကို တူးဖော်ရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင် ကြိုးပမ်းခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်များအား တူးဖော်မှု ဆောင်ရွက်ရန် ရွှေတောင်ပေါ် ကုမ္ပဏီနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းစီမံကိန်းကြီး အောင်မြင်၍ လေယာဉ်များ တွေ့ရှိပါက မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံ၏ ဆက်ဆံရေး ပိုမို မြင့်တက်လာမည်ဖြစ်ကာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်စေမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ အကျိုးအမြတ်များကို မြန်မာ အစိုးရဘက်မှ ၅၀ ရာခိုင်နှုန်း၊ ရွှေတောင်ပေါ် ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံသား Mr.David J.Cundall က ၃၀ ရာခိုင်နှုန်း ခွဲယူရမည် ဖြစ်ကြောင်း သိရသည်။

“မြစ်ကြီးနားမှာ ရေတွေထွက်ပြီး အခက်အခဲ တွေ့ရှိပါတယ်။ ဒါပေမဲ့ ပေ ၃၀ လောက် ရောက်တဲ့အခါမှာတော့ Spitfire လေယာဉ်လို့ ယူဆလို့ ရတဲ့အရာတွေကို တွေ့ရှိခဲ့ပါတယ်” ဟု ရွှေတောင်ပေါ်ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထူးထူးဇော်က ပြောကြားသည်။ ထို့ပြင် မြစ်ကြီးနားမြို့တွင် တူးဖော်စဉ် အခက်အခဲများ ရှိသော်လည်း ယခုလ ၉ ရက်တွင် စတင်နေပြီဖြစ်ကာ ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်အနီးတွင် ရှာဖွေမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။ ၎င်းတို့ စုဆောင်းထားသော အချက်အလက်များအရ မြစ်ကြီးနားမြို့တွင် Spitfire လေယာဉ် ၁၈ စင်းအနက် ကိုးစင်းစီ နေရာခွဲပြီး ရှိကြောင်း၊ စီမံကိန်းအတွက် သုံးစွဲမည့် ငွေကြေးပမာဏ မည်မျှ သုံးစွဲမည်ကို တိကျစွာ မပြောနိုင်သေးကြောင်း ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောကြားသည်။

ဒီကပါ။

စစ်တွေပင်စင်စားများ Smart Card ဖြင့် ငွေထုတ်နိုင်


ရခိုင်ပြည်နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းဟောင်းများအနေဖြင့် ငွေထုတ်ယူရာတွင် လွယ်ကူရန် မြန်မာ့စီးပွားရေးဘဏ်( စစ်တွေ) မှ Smart Card ဖြင့် ငွေထုတ်ပေးနေပြီဖြစ်သည်။

အငြိမ်းစားဝန်ထမ်းများအား E-pension စနစ် Smart Card ဖြင့် ဇန်န၀ါရီ (၂၁)ရက်နေ့က စ၍ ထုတ်ပေးနေခြင်းဖြစ်သည်။

“အသက်ကြီးတဲ့ ပင်စင်စားတွေ အတွက် Smart Card နဲ့ဆိုတော့ ကျွန်တော်တို့ ကွန်ပျူတာ နဲ့ ထုတ်ပေးတာပါ။ အရင်ကဆိုရင် ပင်စင်ထုတ်ရင် နှစ်ခါ လာရတယ်။ အခုက ရုံးချိန်အတွင်းဘယ်အချိန်မဆို လာထုတ်လို့ ရပါတယ်ဆိုတော့ ပင်စင်စားတွေ နှစ်ခါလာဖို့ မလိုတော့ဘူး အများကြီး သက်သာတယ်”ဟု စစ်တွေခရိုင် ဘဏ်မန်နေဂျာ ဦးဘကျော်တင်က ပြောသည်။

အဆိုပါကဒ်ဖြင့် လူကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့်လည်း ထုတ်ယူနိုင်ကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း(၃၅၀၀)ခန့်ရှိပြီး လက်ရှိတွင် လူဦးရေ(၁၅၀၀)ကို အဆိုပါ Smart Card ဖြင့်ပြုလုပ်ပေးထားပြီဟု သိရသည်။

“ ဒီလ ၂၁ ရက်နေ့က အငြိမ်းစားဝန်ထမ်းတွေကို Smart Card နဲ့ ငွေထုတ်ပေးပါတယ်။ လူတိုင်း အတွက်တော့ မဟုတ်သေးဘူး ပင်စင်စားတွေအတွက်ပဲ ထုတ်ပေးပါသေးတယ်။’’ဟု အဆိုပါ အရာရှိ က ပြောသည်။

အငြိမ်းစားများ အနေဖြင့် ၄င်းတို့၏ လစာငွေများထုတ်ယူရာတွင် ယခင်လို စာအုပ်ဖြင့် ထုတ်စရာမလိုသည့် အပြင် လျှောက်လွှာတင်စရာလည်း မလိုဘဲ အဆိုပါ Smart Card ဖြင့် ငွေထုတ်ယူနိုင်ခြင်းဖြစ်သည်။

“အသက်ကြီးတဲ့ ပင်စင်စားတွေ သက်သာတာပေါ့။ အချိန်ကြန့်ကြာမှုလဲ မရှိတော့ဘူး။ အရင်ကဆို လျှောက်လွှာတင်ရတာတို့၊ ဘာတို့လုပ်ရသေးတယ်။ အခုဆိုရင် တစ်တည်းတန်းထုတ်လို့ရတယ်။ အချိန်လဲမကြာတော့ဘူး။” ဟု အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် အငြိမ်းစား ဝန်ထမ်း သုံးရာကျော် လာရောက်ငွေထုတ်ယူပြီးဖြစ်ကြောင်း သိရသည်။

ဒီကပါ။

ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့် သွားမည်ဖြစ်ကြောင်း အား ကစားနှင့် ကာယပညာ ဦးစီးဌာနမှသိရသည်။ ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီအသီးသီး ပေးအပ်ချီးမြှင့်သွားမည် ဖြစ် သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲမကျင်းပမီနှင့် ကျင်းပနေသည့် ကာလအတွင်းနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများ၌ ပြည်သူလူထု လှုံ့ဆော်အသိပေးဆိုင်းဘုတ်များ၊ ပိုစတာများ၊ မုဒ်ဦးများကိုဆုရရှိသူများ၏ ဒီဇိုင်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်စ်၏ ဆောင်ပုဒ်ပါ အဓိပ္ပါယ်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း အစရှိသည်တို့ကို ယှဉ်ပြိုင်သည့်ဒီဇိုင်းများတွင် ပေါ်လွင်စေရမည်ဟု ပြိုင်ပွဲပါစည်း ကမ်းချက်များတွင် ပါရှိသည်။

ဒီဇိုင်း ပြိုင်ပွဲအတွက် အရွယ်အစား ၃ မျိုးသတ်မှတ်ထားကြောင်း၊ တစ်မျိုးလျှင် ဒီဇိုင်း ၁၀ မျိုးစီယှဉ်ပြိုင်ရ မည်ဖြစ်ကြောင်း၊ လာမည့်ဖေဖော်ဝါ ရီလ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

The Myanma Age

ရန်ကုန်မှာ ကြယ်လေးပွင့်ဟိုတယ် တော်ဝင်က သြဂုတ်လ အပြီးဆောက်မည်

ရန်ကုန်တိုင်း ဟိုတယ်ဇုန်အတွင်းတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် တော်ဝင် မိသားစုကုမ္ပဏီက ကြယ်လေးပွင့်ဟိုတယ်တခုကို တည်ဆောက်မည်ဟုသိရသည်။

“ရန်ကုန်မြို့ရဲ့ သွားရေးလာရေးရော၊ လမ်းပန်းဆက်သွယ်ရေးပါ အဓိကအကျဆုံးနေရာဖြစ်တဲ့ ပြည် လမ်း မကြီးပေါ်မှာ ဟိုတယ်လုပ်ငန်းကို တော်ဝင်မိသားစုကုမ္ပဏီကလုပ်ကိုင်မယ်လို့ကြားပါတယ်” ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၏ တာဝန်ရှိသူ တဦးက ပြောသည်။

လက်ရှိ တည်ဆောက်ပြီးဖြစ်သည့် တော်ဝင်စင်တာကြီး၏ အလွှာ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ တို့တွင် အခန်းပေါင်း ၅၀၀ ကျော်ပါဝင်မည့် ဟိုတယ်ကို သြဂုတ်လအတွင်းဖွင်လှစ်နိုင်အောင် စီစဉ်နေသည်ဟု တော်ဝင်မိသားစု ကုမ္ပဏီက ဆိုသည်။

“အစီအစဉ် ရေးဆွဲနေတာနှစ်ပတ်ရှိသွားပါပြီ။ ဟိုတယ်ကိုကြယ်လေးလုံး အဆင့်လုပ်ကိုင်သွား မှာ ဖြစ်ပါ တယ်။ အနည်းဆုံးအမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံလုပ်ကိုင်သွားမှာပါ” ဟု ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

တော်ဝင်မိသားစုကုမ္ပဏီမှာ ရန်ကုန်မြို့တွင် ဈေးဝယ်စင်တာကို ပထမဆုံးအကြီးဆုံး ဆောက်လုပ် လုပ်ကိုင်ခဲ့ပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်နှင့်မန္တလေးတို့တွင် အစောဆုံး လုပ်ကိုင်ခဲ့ သည်။ ထို့အပြင် မန္တလေးနိုဗိုတယ်ကိုတည်ဆောက်ခဲ့ပြီး တန်ဖိုးနည်းကွန်ဒိုများကိုရန်ကုန်တိုင်း၊ မရန်းကုန်း နှင့် အင်းစိန်မြို့နယ်တို့တွင် ဆောက်လုပ်၍ ဘဏ်များနှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေး ခဲ့သည်။

ထို့အပြင် ပရိဘောဂ စက်ရုံလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေးပစ္စည်း တင်သွင်း သည့် လုပ်ငန်းများလည်း တော်ဝင်မိသားစုကုမ္ပဏီကဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

ဟိုတယ် လုပ်ငန်းရှင်များ အသင်း၏ ရန်ကုန်ဇုန်တွင် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ နိုင်ငံ သားနှင့်နိုင်ငံခြားသားပိုင် ဟိုတယ်အလုံးပေါင်း ၁၆၄ လုံး ရှိကြောင်း ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးရန်ဝင်း က ပြောသည်။

Mizzima

ဒီကေဘီအေနှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

January 22, 2013


ဗိုလ်ချုပ် စောလားဘွယ်ခေါင်းဆောင်တဲ့ ဒီကေဘီအေ (ကလို ထူးဘော)နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေ ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြ၀တီမြို့က အစိုးရဧည့်ရိပ်သာမှာကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ ဒီကေ ဘီအေနဲ့ အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်တွေအကြား အခုလ ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့ကိစ္စအဓိကဆွေးနွေးကြတာဖြစ်ပြီး နယ်ခြားစောင့် တပ် ကနေသိမ်းယူခဲ့တဲ့ လက်နက်တွေ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဒီကေဘီအေ အရာရှိတဦးဖြစ်သူ ဗိုလ်မှူး စောဆန်းအောင်က “အဓိကက မြိုင်ကြီးငူဒေသမှာဖြစ်ခဲ့တာတွေ ကို ဖြေရှင်းတယ်။ လွန်ခဲ့တဲ့ ၅ ရက်က အောက်ခြေမှာရှိတဲ့ ရဲဘော်တွေ တယောက်တယောက် လက်နက် သိမ်းယူတဲ့ကိစ္စတွေ။ ကလို့ထူးလား ကွပ်ကဲရေးဌာနက လက်နက်တွေသိမ်းတာ။ အဲဒါပြန်ပေးတဲ့ ကိစ္စတွေ ဖြေရှင်းကြတယ်။ ရလဒ်က နိုင်ငံတော်က ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ကျနော်တို့ကလည်း ငြိမ်း ချမ်းရေးကို မပျက်စေချင်ဘူး။ ဦးအောင်မင်းတို့ကလည်းပြောတယ်လေ။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ သူတို့  လည်း ဖော်ဆောင်နေတယ်။ လက်နက်တွေပြန်ပေးဖို့လေ။ ကျနော်တို့လည်း ပြန်ပေး သလောက် ပြန်ပေး ပါတယ်။ ကျန်ရှိတဲ့လက်နက်တွေပြန်ပေးဖို့။ မဟုတ်တဲ့လက်နက်ကိစ္စနဲ့ ငြိမ်းချမ်းရေးမပျက်စေချင် ဘူးပေါ့လေ ” လို့ ပြောပါတယ်။

ဇန်န၀ါရီ ၅ ရက်နေ့က လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသမှာ ဒီကေဘီအေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ အောက်ခြေ အဆင့်တပ်သားတွေ ပဋိပက္ခဖြစ်ပြီး လက်နက်ငယ်အလက် ၅၀ လောက်ကို ဒီကေ ဘီအေက သိမ်းယူထားတာပါ။ ခုတော့အများစု ပြန်ပေးပြီးဖြစ်ကြောင်းနဲ့ ရက်ပိုင်းအတွင်းကျန်တဲ့ လက်နက်တွေ ထပ်ပေးသွားမယ်လို့လည်း ဒီကေဘီအေက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒီကေဘီအေဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဘွယ်၊ ဒု-စစ်ဦးချုပ် စောမိုရှေးနဲ့ ကွပ် ကဲရေးတာဝန်ခံ ဗိုလ်ကျော်သက် စသူတို့တက်ရောက်ပြီး အစိုးရဘက်က ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းနဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့အကြီး အကဲ ဗိုလ်ချုပ် မောင်မောင်အုန်းစသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဒေသဖွံ့ဖြိုးရေးကိစ္စတွေလည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ ဖြစ်မြောက်အောင် ၀င်ရောက်ဆောင်ရွက်ပေးနေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေ က ပြောပါတယ်။

“ပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲထားတယ်။ လက်မှတ်ထိုးထားတယ်။ ပြည်ထောင်စုအဆင့်မှာ ၁ ကြိမ်လုပ်ပြီးပြီ။ အခုတကြိမ်က မတွေ့တာကြာပြီ။ ကြားထဲမှာ နှစ်ဖက်အဖွဲ့အစည်း အခက်အခဲ အထူး တလည်ရှိခဲ့တာတွေ လာဖြေရှင်းတယ်။ နောက် နေရာချထားရေး၊ ဖွံ့ဖြိုးရေးတွေ၊ ပညာရေး၊ ကျန်းမာရေးတွေ ဒီဘက်ကဆောင်ရွက်ပေးနိုင်တာတွေရှိတယ်။ အဲဒါတော်တော်လေးရင်း ရင်းနှီးနှီး ဆွေးနွေးဖြစ်ခဲ့တယ်။”

ဒီဆွေးနွေးပွဲအပြီးမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ မူးတူးဆေးဖိုး ဦးဆောင်တဲ့ ခေါင်းဆောင်တချို့လည်း မြ၀တီမှာ အလွတ်သဘော တွေ့ဆုံခဲ့ကြတယ်။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ မနေ့ကလည်း ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင် တဲ့ ကေအန်ယူ /ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့လည်း ဘားအံမှာ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။

DVB

သိမ်းထားသည့် BGF လက်နက်များပြန်လည်ပေးအပ်ရန် DKBA နှင့် အစိုးရ တွေ့ဆုံဆွေးနွေး

January 22, 2013

ကရင်ပြည်နယ် လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတလျှောက် လှုပ်ရှားနေသည့် ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်-DKBA တပ်ဖွဲ့ဝင်များမှ ယခုလ ၅ ရက်နေ့တွင် သိမ်းဆည်းထားသည့် နယ်ခြားစောင့်တပ်ဖွဲ့-BGF ၏ လက်နက် ၄၀ ကျော်ကို ပြန်လည်ပေး အပ်ရန် မြန်မာအစိုးရနှင့် DKBA တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်း စသည့် အဖွဲ့ဝင် ၉ဦးနှင့် DKBA ဘက်မှ ဗိုလ်ချုပ်ကြီး စောလားပွယ် ဦးဆောင်သည့် အဖွဲ့ဝင် ၈ဦးတို့သည် မနက် ၁၂နာရီခန့်မှ ညနေ ၃နာရီကျော်အထိ မြ၀တီမြို့ အစိုးရရှေ့တန်း ရုံးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

DKBA ပြောရေးဆိုခွင့်ဖြစ်သူ ဗိုလ်မှူးစောဆန်းအောင်က “ယနေ့တွေ့ဆုံပွဲမှာ DKBA တပ်ဖွဲ့ဝင်များ သိမ်းဆည်း ထားသည့် လက်နက်များ ကို ပြန်လည်ပေးအပ်ရန်တို့ကိုသာ အဓိကဆွေးနွေးခဲ့ တယ်။ နောက် မြိုင်ကြီးငူဒေသတ၀ိုက်မှာ DKBA တပ်ဖွဲ့ဝင်တွေအတွက် သွားရေးလာရေးခက်ခဲ၊ နယ်ခြားစောင့်တပ်များ နဲ့ ဖြစ်တဲ့ ပဋိပက္ခတွေ ဆွေးနွေးဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်နက်ပြန်လည် ပေးအပ်ရန်ကိစ္စနှင့်ပတ်သက်၍ DKBA ဘက်မှ BGF တပ်ဖွဲ့ဝင်များထံသို့ လက်နက် တချို့ ပြန်လည်ပေးအပ်ပြီး ဖြစ်ကြောင်းနှင့် ကျန်နေသေးသည့် လက်နက်များကိုလည်း ပြန်လည်ပေး အပ်ရန် ပြင် ဆင် နေကြောင်း ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။

ဆက်လက်၍ ဦးအောင်မင်းကလည်း “ကျနော်တို့တွေ တွေ့ကြတာ တပ်နေရာချထားရေး ကိစ္စရပ်တွေ၊ ဆက်ဆံ ရေးရုံးဖွင့်မယ့် ကိစ္စရပ်တွေ၊ နောက် သူတို့(ဒီကေဘီအေ)ရဲ့ စားရေးသောက်ရေး ကိစ္စရပ်တွေ ဒါမျိုးတွေ ဆေးနွေးကြပါတယ်”ဟု ပြောသည်။

ဆက်ဆံရေးကို ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံနှင့် မြိုင်ကြီးငူစသည့်နေရာ ၄ ခုတွင် ထပ်မံ ဖွင့် လှစ်ရန်ရှိသည်ဟု ဒီကေဘီအေဘက်က ပြောသည်။ သို့သော်ဖွင့်လှစ်မည့် အချိန်နှင့်ပတ်သက်၍ ရက်အတိ အကျသတ်မှတ်ထားခြင်း မရှိသေးကြောင်းသိရသည်။

ထို့အပြင် ယနေ့တွေ့ဆုံမှုတွင် နိုင်ငံရေး၊ စစ်ရေးအရ တွေ့ဆုံဆွေးနွေး မှုမျိုးမဟုတ်ပဲ DKBA နှင့် နယ်ခြားစောင့်တပ်အကြား ဖြစ်ပွားခဲ့သည့် လက်နက်နှင့်တိုက်ပွဲပဋိပက္ခများထပ်မံမဖြစ်ပေါ်အောင်သာ ကတိက၀တ်ပေးသည့် ဆွေးနွေးမှုမျိုးသာ ဖြစ်ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။

တချိန်တည်းမှာပင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင် ကချင် လက်နက်ကိုင်အဖွဲ့အများကို အစိုးရမှထိုးစစ်ဆင်တိုက်ပွဲဆင်နေမှုသည် ငြိမ်းချမ်းရေးအတွက်ယုံကြည်မှု တည်ဆောက်ရန် အဟန့်အတားဖြစ်ကြောင်းလည်း DKBA ဘက်မှ တင်ပြခဲ့သည်ကို ၀န်ကြီးဦးအောင်က လာမည့် သုံးလေးရက်တွင် ကချင်ဒေသစစ်ပွဲကိစ္စ အဆင်ပြေသွားမည်ဟု ပြောသွားခဲ့ကြောင်း ဗိုလ်မှူး စောဆန်းအောင်က ဆိုသည်။

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC နှင့် သာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မှသာလျှင် DKBA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်သွားမည်ဖြစ်ကြောင်းလည်း DKBA ဘက်ကပြော သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ခွဲထွက်ကာ မြန်မာစစ်အစိုးရ နဲ့ ပြန်ပေါင်းပြီး နောက် ၂၀၁၀ ခုနှစ်၌ မြန်မာအစိုးရ၏ နယ်ခြားစောင့်အသွင်ကူးပြောင်းရေးကို DKBA အဖွဲ့ထဲမှ လက်မခံသည့် ဗိုလ်ချုပ်ကြီး စောလားပွယ်ဦးဆောင်သည့် အဖွဲ့က အသစ်တက် လာသည့် မြန်မာ အစိုးရစစ်တပ်နှင့် တိုက်ပွဲ များပြန်လည် ဖြစ်ပွားခဲ့သည်။

တဖန် DKBA သည် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းတွင် မြန်မာအစိုးရနှင့် ကရင်ပြည်နယ်၊ ဖားအံ မြို့တွင် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ထပ်မံရရှိခဲ့သလို ၎င်းနောက်ပိုင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ ဒီမိုကရေစီကရင် အကျိုးပြုတပ်မတော်-DKBA အဖြစ် ယနေ့အထိရပ်တည်ခဲ့သည်။

KIC

Samsung Galaxy Note 8 လာတော့မယ်


ဆမ်ဆောင်းကုမ္မဏီမှ အမှုဆောင်အရာရှိတဦးက Samsung Galaxy Note – 10 ထက် သေးငယ်တဲ့ပစ္စည်းသစ်တွေ ထုတ်လုပ်ဖို့ အစီအစဉ် ရှိတယ်လို့ ကြေညာလိုက်ပါပြီ။

အသစ်ထွက်လာမယ့် ပစ္စည်းသစ်ထဲက Galaxy Note-8 ဟာ အိုင်ပက်မီနီနဲ့ အပြိုင် ဈေးကွက် ၀င်လုဖို့  ရှိနေပါတယ်။ လကုန်ပိုင်းမှာ ထွက်လာမယ့် ဆမ်ဆောင်းမိုဘိုင်း၏ ရဲ့ဥက္ကဋ္ဌ ဂျွန်ချုန်ရှင်းက သတင်းထောက်တွေကိုပြောကြားခဲ့ရာမှာ Samsung Galaxy Note 8 ကို ဖေဖော်ဝါရီ လကုန်ပိုင်း စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့ မှာ ကမ္ဘာ့မိုဘိုင်း အရောင်းပြပွဲမှ စတင် မိတ်ဆက်ပေးပါမယ်တဲ့။

Galaxy Note-8 ဆိုတာကြောင့် သူ့ ရဲ့ဆိုဒ်ဟာ ၈ လက်မ အရွယ်ရှိပြီး အိုင်ပက်မီနီ (Ipad mini) ရဲ့ (၇.၉) လက်မဆိုဒ် နဲ့ သိပ်မကွာပါဘူး။ Samsung Galaxy Tab 7 ထက်လည်း ကြီးနေပါတယ်။

အခုထွက်လာမယ့်ပစ္စည်းသစ်တွေမှာ အရင်ကနဲ့ မတူတဲ့ နည်းပညာသစ် ၊ စွမ်းဆောင်ရည်အသစ်တွေ ပါဝင်လာဖွယ်ရှိပါတယ်။ Samsung ကတော့ နည်းပညာသစ်တွေနဲ့ ပတ်သက်ပြီး ဖွင့်ဟခြင်းမရှိသေးပါဘူး။

လက်ရှိအချိန်မှာတော့ ၁၀.၁ လက်မအရွယ် Galaxy Note 10.1 tablet လို့ ခေါ်တဲ့ သင်ပုန်းကွန်ပြူတာ၊ ၅.၆ လက်မ အရွယ် Samsung Galaxy Note – 2 စမတ်ဖုန်းတို့ ကို ထုတ်လုပ်ထားပါတယ်။

Samsung Galaxy Note-10 ဟာ အခုဆိုရင်ဂျယ်လီဘင်း ( Andriod OS version) ကို အဆင့်မြှင့် တင်နိုင်ပါပြီ။ ကြေညာခဲ့တဲ့ ရက်ထက့်တော့ အနည်းငယ် နောက်ကျခဲ့ပါတယ်။

လွန်ခဲ့တဲ့လပိုင်းအနည်းငယ်ကမှ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy Note – 2 ကတော့ နောက်ဆုံး ထွက်ရှိထားတဲ့ အန်းဒရိုက် (Andriod OS) ဂျယ်လီဘင်း ( Jelly Beam) နဲ့ သာ ထွက်ရှိလာခဲ့တာဖြစ် ပြီး ရောင်းကောင်းနေတဲ့ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဖုန်းပရိသတ်တွေစိတ်ဝင်စားနေတဲ့ Samsung Galaxy S IV ဘယ်တော့ ထွက်မလဲ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီးတော့လည်း Samsung က ခပ်မဆိတ် နေခဲ့တာကိုလည်း တွေ့ ရပါတယ်။

Samsung ရဲ့ အဓိကဖုန်းတွေဟာ Samsung အတွက် သီးသန့် ကျင်းပတဲ့အရောင်းပြပွဲတွေမှာ သာ ကြေ ညာလေ့ရှိတာကြောင့် ဒီသတင်းနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ရအုံးမယ်လို့ လည်း ဖုန်းကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။

Samsung Galaxy S III ကို ၂၀၁၂ ၊ မေလမှာ စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၂ ရဲ့ တကမ္ဘာလုံးမှာ အရောင်း ရဆုံး စံချိန်တင်ထားပါတယ်။ ဒါကြောင့် Samsung Galaxy S IV ဟာ ဖုန်းချစ်သူများကို ဘယ်လိုနည်းပညာသစ်တွေနဲ့  ဆွဲဆောင်အုံး မလဲ ဆိုတာ စိတ်ဝင်စားနေကြပါတယ်။

Source: Mashable
ဧရာဝတီ