Wednesday, January 23, 2013

တရုတ်-မြန်မာဓါတ်ငွေ့ပိုက်လိုင်းမှ လာမည့် မေလတွင် စတင်၍ ဓါတ်ငွေ့ပို့နိုင်မည်

မန္တလေး – ပြင်ဦးလွင် ကားလမ်းကို ဖြတ်မည့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်းခွင်တစ်ခု
(ဓာတ်ပုံများ – မိုးမခ)

တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းသည် လာမည့် မေလတွင် စတင် အသုံးပြုနိုင်တော့မည်ဟု ပိုက်လိုင်းတည်ဆောက်ရေးကုမဏီကို ကိုးကားပြီး Financial Times သတင်းစာ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

CNPC ကုမဏီက မေလ ၃၀ ရက်နေ့တွင် ဓာတ်ငွေပိုက်လိုင်း အရှည် ၇၃၉ ကီလိုမီတာ ပမာဏကို တပ်ဆင်မှု ပြီးစီးမည်၊ရေနံပိုက်လိုင်းမှာ လာမည့်နှစ်တွင် တပ်ဆင်ဆောက်လုပ်မှု အဆုံးသတ်မည်ဟု တနင်္လာနေ့တွင် ကြေညာထားသည်။

မြန်မာပြည်တွင်း မြို့အများအပြားကို ဖြတ်သွားမည့် ပိုက်လိုင်းကြီးသည် တရုတ်နိုင်ငံ နှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်ပေးမည် ဖြစ်သည်။

တရုတ်နိုင်ငံအတွက် လိုအပ်နေသည့် စွမ်းအင်များကို မလက္ကာရေလက်ကြားကို ဖြတ်သန်းပြီး ဝေးလံစွာ သယ်ဆောင်နေရသည်။

ဤပိုက်လိုင်းကြီးကို အသုံးပြုခြင်းဖြင့် ရေနံသယ်ဆောင်ရေးလမ်းကြောင်း ပိုမို တိုတောင်းသွား မည်ဖြစ်သည်။

ဓါတ်ငွေ့မှာ ရခိုင်ကမ်းလွန်မှ ထွက်သော ဓါတ်ငွေ့ဖြစ်ပြီး တရုတ်နိုင်ငံက ၀ယ်ယူခြင်းဖြစ်သည်။

ရေနံဖြတ်သန်းခွင့်၊ ဓါတ်ငွေ့ရောင်းချမှုတို့အတွက် မြန်မာပြည်က တရုတ်အစိုးရထံမှ ငွေအမြောက်အများ ရရှိမည် ဖြစ်သည်။

သို့သော်လည်း ပိုက်လိုင်းစီမံကိန်းမှာ ယခင် စစ်အစိုးရလက်ထက်တွင် သဘောတူခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာ မတရား သိမ်းယူမှု အစရှိသည့် ထင်သာမြင်သာ အငြင်းပွားဖွယ်ကိစ္စရပ်များ ပေါ်ပေါက်ခဲ့သည်။





http://moemaka.com/?p=31427

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။