/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 23, 2013

.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်သူ့ဆန္ဒ လုံးဝမပါကြောင်းနှင့် နိုင်ငံတော် အာဏာကို ပြည်သူလူထုအား အပ်မထားကြောင်း NLD ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီဝင် ပြောကြား



၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူ့ ဆန္ဒလုံးဝမပါကြောင်းနှင့် နိုင်ငံတော် အာဏာကို ပြည် သူလူထုအား အပ်မထားကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။


စက်တင်ဘာ ၂၂ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်သည့် ရှမ်း၊ ကယား၊ မွန် ငြိမ်းချမ်းရေး အတွက်ယုံကြည် မှူ တည်ဆောက်ခြင်း ဒုတိယနေ့ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ရှေ့နေများအသင်း ကိုယ်စား သဘောထား တင်သွင်းရာတွင် ဦးကိုနီက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးကာစက ဗိုလ်ချုပ်မှူးကြီး စောမောင်က တိုင်းပြည်ကို ပထမဆုံးပေး သော ကတိတွင် ဘယ်တော့မှ စစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မရေးဘူးဟု တိတိလင်းလင်း ကတိ ပေးခဲ့ကြောင်း၊ သို့သော် ၁၉၉၂ ခုနှစ် ရောက်သောအခါ ကြေညာချက် အမှတ် ၁၁/၉၂ နှင့် ၁၃/ ၉၂ တို့ကို ထုတ်ပြန်၍ အာဏာသိမ်း တပ်မတော်က အမျိုးသား ညီလာခံ ဖွဲ့စည်းကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေး ဆွဲရေးကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံရေးတွင် တပ်မတော်က အမြဲတမ်း ဦးဆောင်သွားမည့်မူကို ချ မှတ်ခဲ့ကြောင်း၊ အမျိုးသား ညီလာခံ အဖွဲ့တွင်လည်း အဖွဲ့ဝင် ၁၀၀ ခန့်သာ ပြည်သူ့ကိုယ်စားပြု ပါဝင်ခဲ့ပြီး ၆၀၀ ခန့်ကို တပ်မတော်က စိတ်တိုင်းကျ ခန့်အပ်ခဲ့ကြောင်း၊ ၁၉၉၅ နိုဝင်ဘာတွင် အဆိုပါ ပြည်သူ့ကိုယ်စား ပြုသူများကိုပါ ညီလာခံမှ ထုတ်ပယ်ခဲ့ကြောင်း ဦးကိုနီက ပြောကြားသည်။

''အဲဒီနောက်ပိုင်းမှာ ညီလာခံကြီး ရပ်သွားပြီး ပြည်သူလူထုက နည်းနည်း အသံမြည်လာတဲ့အခါ အမျိုးသား ညီလာခံက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးနေတဲ့ကိစ္စမှာ ပြည်သူတွေက ဝေဖန်တာ မလုပ်ရဘူး။ ဝေဖန် ရင် အနည်းဆုံး ထောင်ငါးနှစ်၊ အများဆုံးထောင် အနှစ် ၂၀ ချမယ်ဆိုပြီး ကျွန်တော်တို့ရဲ့ ပါးစပ်ကို ပိတ်ခဲ့ ပါတယ်။ နောက် ၂၀၀၃ ဒီပဲယင်း အရေးအခင်းပြီးတော့ ၂၀၀၄ မှာ ညီလာခံ ပြန်စပါတယ်။ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်တက်ဖို့ ညှိနှိုင်းပြီးမှ ကပ်ဖျက်သိမ်းပြီး တစ်ဖက်သတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ တော်တော်များများက မဲသွားမပေးပါဘူး။ သပိတ်မှောက်ပါတယ်။ တော်တော်များများက ကန့်ကွက်မဲ ပေးပါတယ်။ သို့သော် အဖြေထွက်တော့ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံတယ်လို့ အဖြေ ထွက်ပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် အင်မတန် သံသယ ဖြစ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဖွဲ့စည်း ပုံကို အတည်ပြုခဲ့ပါတယ်။ ဒါကိုကြည့်လိုက်ရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူ့ဆန္ဒ လုံးဝမပါဘူး ဆိုတာ ရှင်းနေပါတယ်'' ဟု ဦးကိုနီက ဆိုသည်။

၁၉၄၇ ဖွဲ့စည်းပုံနှင့် ယခု ၂၀၀၈ ဖွဲ့စည်းပုံများတွင် နိုင်ငံတော် အာဏာကို နိုင်ငံသားများက ပိုင်သည်ဆို သည့် အချက်ကို ဖော်ပြထားကြောင်း၊ သို့သော် ကျန်သည့် ပြဋ္ဌာန်းချက်များတွင် တပ်မတော်က အမျိုးသား နိုင်ငံရေးကို အမြဲတမ်း ဦးဆောင်သွားမည်ဆိုသည့် အချက်သည် ကွဲလွဲနေကြောင်း၊ ဥပဒေပြု လွှတ်တော် တွင် ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်အမတ် လေးပုံတစ်ပုံကို ခန့်ခွင့်ရနေသည့်ကိစ္စ၊ အုပ်ချုပ်ရေး တွင်လည်း သမ္မတက အကြီးအကဲဟု ဆိုထားသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များကို အမိန့်မပေးနိုင်ခြင်း ၊ ထို့ပြင် နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးများ ခန့် အပ်ခွင့် မရှိခြင်း ဆိုသည့်အချက် များသည် သမ္မတတွင် အာဏာမရှိခြင်း သို့မဟုတ် ပြည်သူလူထုတွင် အာဏာမရှိခြင်း စသည်ကို ဖော်ပြနေကြောင်းလည်း ဦးကိုနီက ပြောကြားသွားသည်။

''နောက်ဆုံးဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်လို့ ပြင် ချင်ရင် ပြည်ထောင်စု လွှတ်တော်အမတ် ရာခိုင်နှုန်း ၇၅ ကျော် ထောက်ခံမှ ဒုတိယအဆင့် အောင်မယ်။ ပြည်ထောင်စု လွှတ်တော်မှာ ကျွန်တော်တို့ ပြည်သူလူထု ရွေးထားတာက ရာခိုင်နှုန်း ၇၅ ပဲရှိတယ်။ ရာခိုင်နှုန်း ၇၆ ရဖို့ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးက ထောက်ခံရမယ်။ သူထောက်ခံဖို့ ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က သူ့ကို အမိန့်ပေးရမယ်။ တိုတိုပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ်ရေး ဦးစီးချုပ် သဘောမတူရင် တစ်သက်လုံး ပြင်လို့မရဘူး။မြန်မာပြည်သူလူထုဘယ်လောက် ပဲ ပြင်ချင်နေ၊ ပြင်ချင်နေ ကာကွယ်ရေး ဦးစီးချုပ် သဘော မတူရင် တစ်သက်လုံး ပြင်လို့မရဘူး'' ဟု ဦးကိုနီ က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်စရာများ များလွန်းနေပြီး ပြင်ဆင်ရန်မှာလည်း မဖြစ်နိုင် လောက်အောင် ခက်ခဲလွန်းသောကြောင့် အသစ်တစ်ခုကို အချိန်ယူ ရေးဆွဲကာ အစားထိုး ပြင်ဆင်စေခြင်း က ကောင်းမွန်မည်ဟု ထင်ကြောင်း ဦးကိုနီက ချပြခဲ့ပြီး တက်ရောက် လာသူများကလည်း ယင်းအချက် အပေါ် ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။