Friday, May 3, 2013

စစ်တွေ လူဦးရေ စစ်သူတွေကို တိုက်ခိုက်မှုမှာ ပါသူတွေကို ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေ စာရင်း စစ် ဆေးတဲ့ ဆွဲတင်စစ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ကြိုးကိုင်သူလို့ ယူဆရတဲ့ မွတ်ဆလင် ၇ ဦးကို သက်ဆိုင်ရာက ဖမ်းဆီလိုက်ပါတယ်။


လွန်ခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က မူဆလင်ဒုက္ခသည် စခန်းတွေမှာ လူဦးရေစာရင်း သွားစစ်တဲ့ ဆွဲတင်စစ် အဖွဲ့တွေကို နှောင့်ယှက်ဟန့်တားခဲ့ပြီး အုပ်စုဖွဲ့ ရန်ရှာခဲ့မှုတွေမှာ နောက်ကွယ်ကနေ ကြိုးကိုင်သူတွေလို့ ယူဆရသူတွေကို သက်ဆိုင်ရာကလိုက်လံရှာဖွေ ဖမ်းဆီးနေခဲ့ရာမှာ အခုအဲဒီလူ၇ဦးကို ဖမ်းဆီးလိုက်တာပါ။ အခု အဖမ်းခံရတဲ့ အထဲမှာ သက်ကယ်ပြင်ရွာက ဦးကျော်မြင့်၊ သူ့ရဲ့သား ဦးလှမြင့်နဲ့ တိရိစ္ဆာန် ဆေးကု ဆရာဝန်တစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဧပြီလ ၃၀ ရက်နေ့က ရုံးထုတ်ခဲ့ရာမှာ လုယက်မှု (ပုဒ်မ ၃၈၂)၊ ဆူပူ အုံကြွမှု ဖြစ်ပွားအောင် လှုံ့ဆော်မှု (ပုဒ်မ ၅၀၆)၊ လူစုလူဝေးနဲ့ တုတ်၊ ဓားကိုင် အကြမ်းဖက်မှု (ပုဒ်မ ၁၄၈)၊ တာဝန် ထမ်းဆောင် စဉ် အပြင်းအထန် ဒဏ်ရာရစေ မှု (ပုဒ်မ ၃၃၃) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ လူ တချို့ကတော့ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ ပြောပါတယ်။

လူဦးရေ စာရင်း စစ်ဆေးတဲ့ အဖွဲ့တွေ ရန်ရှာ တိုက်ခိုက်ခံခဲ့ရ အပြီးမှာ အခုလို ဖမ်းဆီးမှုတွေ လုပ်ခဲ့သလို မွတ်ဆလင် ဒုက္ခသည် စခန်းတွေရဲ့ လူဝင် လူထွက် ကိုလည်း ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

BBC Burmese News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။