Tuesday, January 29, 2013

ဆက်သွယ်ရေး ၀န်ကြီးဟောင်းနဲ့ ဆက်နွယ်မှုမရှိဘူးလို့ ဦးတိုးနိုင်မန်း တုံ့ပြန်ပြောဆို


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း ပိုင်ဆိုင်တဲ့ RedLink အင်တာနက် ဆက်သွယ်ရေးကုမ္ပဏီဟာ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ စီးပွားရေးအရ ပတ်သက်မှု မရှိကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

လက်ရှိနေပြည်တော်မှာ အကျင့်ပျက်ခြစားမှုနဲ့ အကျယ်ချုပ်ထားပြီး စစ်ဆေးခံနေရတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်းနဲ့ RedLink ကုမ္ပဏီတို့အကြား စီးပွားရေးအရ ပက်သက်မှုရှိတယ် ဆိုပြီး ပြည်ပအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ စွပ်စွဲပြောဆိုချက်ကို ဦးတိုးနိုင်မန်း က အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

လောလောဆယ် အကျင့်ပျက် လာဘ်စားမှုတွေမှာ ပါဝင်ပက်သက်နေတယ်လို့ သံသယရှိတဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက အရာရှိ ၅၀ ကျော်ကိုလည်း နေပြည်တော်အခြေစိုက် ရဲတပ်ရင်းတွေ မှာ ခေတ္တခေါ်ယူ စစ်ဆေးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ဆက်သွယ်ရေး ကုမ္မဏီတွေ ဖြစ်တဲ့ Huawei နဲ့ ZTE ကုမ္မဏီနဲ့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအကြား လုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေမှာ ပါဝင် ပက်သက်နေတဲ့ ရန်ကုန် အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီအချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူစစ်ဆေးနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

RedLink ကုမ္ပဏီ အကြီးအကဲ ဦးတိုးနိုင်မန်းကတော့ ဒီအကျင့်ပျက်လာဘ်စားမှု ကိစ္စရပ်တွေမှာ သူတို့ကုမ္ပဏီအနေနဲ့ ပါဝင်ပက်သက်မှုမရှိဘူးလို့ တုံ့ပြန်ပြောဆိုပါတယ်။

RFA Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။