Friday, December 21, 2012

စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် အကြောင်း


ဟိုးရှေးရှေးတုန်းက နေပြည်တော်မှာ ညွှန်းချုပ်တစ်ဦးဟာ လစာ နှစ်သိန်းရယုံနဲ့ ဘီလီယံနဲ့ချီပြီးချမ်းသာနေသတဲ့

နေပြည်တော်ဖြစ်ရပ်မှန်

ကျွန်မ အခုတင်ပြချင်တာကတော့ စက်မှု ၀န်ကြီးဌာန ယခင် စက်မှု(၁) ၀န်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အကြောင်းလေး တင်ပြချင်ပါတယ်။

အောက်ခြေ၀န်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမှ မခံစားနိုင်တော့လို့တင်ပြရတာပါ။

ကျွန်မတို့ ရုံးဝန်ထမ်းတွေရဲ့ ဘ၀က အမြဲတမ်းမြေနိမ့်ရာလှံစိုက်ခံရပါတယ်၊ အမြဲတမ်းလိုလို လူကြီးမျက်နှာတကြည့်ကြည့်နဲ့  ကျီးလန့်စာစားပီးနေနေ ရတာပါ၊ ကျွန်မတို့တွေ အောက်ခြေ၀န်ထမ်းဘ၀နဲ့  ချို့ချို့ငဲ့ငဲ့နေထိုင်နေပီး နိုင်ငံ့တာဝန်ထမ်းဆောင်နေရတာကို ကျွန်မတင်ပြချင်တာမဟုတ်ပါဘူး။

ကျွန်မတို့နေပြည်တော်မှာ အိမ်တလတခါ ပြန်ဖို့ကို မနဲခြစ်ကုတ်ပီး စုဆောင်းနေရတဲ့ အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က သူ့လစာနဲ့မတန်လောက်အောင်ကိုချမ်းသာနေတာကို ကျွန်မတင်ပြချင်ပါတယ်။

ကျွန်မတို့အကြိမ်ကြိမ်တိုင်ဖို့ကြိုးစားခဲ့ ပေမယ့်လည်း ကျွန်မလိုဘာမှမဟုတ်တဲ့ အောက်ခြေဆင်းရဲတဲ့  ၀န်ထမ်းလေးရဲ့ တိုင်စာက သမ္မတ ရုံးမပြောပါနဲ့  ကျွန်မတို့ရဲ့ ဝန်ကြီးရုံးတောင်မရောက် လိုက်ပါဘူးဘာလို့လဲဆိုတော့ ညွှန်ကြားရေးမှူးချုပ်အခန်း မှာတင် ဖြတ်သိမ်းထားတာခံနေရလို့ပါပဲ။

ကျွန်မကိုယ်တိုင် ရုံးပေါ်အထိတက်ပီးတိုင်စာကို တစေ့တစ် စောင်းလေ့လာလိုက်တော့ ကျွန်မတို့တိုင်စာတွေကော သူများတွေတိုင်ထားတာတွေကောပါ ဖိုင်တွဲပီးသိမ်းထားတာကို ကျွန်မ၀မ်းနည်းစွာ တွေ့ လိုက်ရပါတယ်။

ကျွန်မအရမ်းအားငယ်သွားမိတယ် ။ ကျွန်မတို့ဘက်မှာ ရပ်တည်ပေးမဲ့ လူမရှိဘူး ။ ကျွန်မတို့စကားကို နားထောင်ပေးမဲ့ လူမရှိဘူး။ အခုဒီ ဆိုဒ်ကိုတင်ရင်ရတယ် ။လူကြီးတွေကအစ ဒီ ဆိုဒ်ကို ၀င်ကြည့်ကြတယ်ပြောလို့ကျွန်မတင်လိုက်တာပါရှင်။

ဒီလိုပါ ဦးဝင်းမြင့် ညွှန်ကြားရေးမှူးချုပ်ကြီး ကျွန်မတို့ စက်မှု(၁) ၀န်ကြီးဌာနရဲ့  ငွေရပေါက်ရလမ်းအများဆုံးအင်ဂျင်နီယာ ဌာနဖြစ်တဲ့ ပြင်/ ထိန်းဌာန ကို ဦးစီးခဲ့ ရပါတယ်။ အဲဒီမှာတင် သူ့ဘ၀က တဆစ်ချိုးပြောင်းလဲလာတာပါ ။

ဦးဝင်းမြင့်ဟာ ဌာနပိုင် ငွေတွေကိုအလွဲသုံးစားလုပ်ထားပီး ထိုငွေတွေနဲ့ အိမ်တွေတလုံးပြီးတလုံး ဆောက်ထားပါတယ်။ သူငွေတွေရရချင်းမှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ သိန်း ၄၀၀၀ ကျော်တန်မြေကွက်နဲ့အိမ်တစ်လုံးချက်ချင်းဆောက်ခဲ့ပါတယ် ။

ပုဂံ(၁)လမ်း၊ ခြံအမှတ် ( ၃၂၁၅ ) ဖြစ်ပါတယ်။ လက်ရှိခေတ်ကာလ ပေါက်ဈေး သိန်း ၄၀၀၀ ကျော်တန်ပါတယ်၊ ဒီအိမ်ရဲ့ ဓါတ်ပုံကိုလဲပူးတွဲပီးတင်ပြပေးထားပါတယ်။

ဒါတောင် နေပြည်တော်ကအိမ်ပဲရှိပါသေးတယ်။ ရန်ကုန်မှာတင် အိမ် ၃ လုံးရှိပါသေးတယ်။ အသေးစိတ်ကိုလည်းနောက်ထပ်တင်ပြပေးပါဦးမယ်။ DG တယောက်ရဲ့တရားဝင်လစာက ၂၀၀၀၀၀/-ဖြစ်ပါတယ်။

(၁)နှစ်မှ (၂၄)သိန်းပဲ ရှိတယ်။ စားသောက်စရိတ်(၄)သိန်းနုတ်ရင် သိန်း(၂၀)အသားတင်ကျန်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ဒီလိုသိန်း ၄၀၀၀ ကျော်တန်အိမ်ကို ဆောက်နိုင်ပါသလဲရှင်။ စဉ်းစားကြည့်ပေးပါ။

သူ့ပါးစပ်ကနေ clean government, good governance ဆိုပီး တဖွဖွပြောနေပေမယ့်လည်း သူကိုယ်တိုင်လဲမကင်းနိုင်ပါဘူး။ ကျွန်မတို့လို လူတွေကိုအမြဲဆူနေ၊ဆဲနေ၊ မာန်နေ၊ မဲနေပေမယ့် သူ့ ရဲ့အထူးအခွင့်အရေးကိုခံနေရတဲ့ အမျိုးသမီးငယ်တစ်ဦးလည်းဌာနမှာ ရှိပါတယ်။

ထိုအမျိုးသမီးကို လည်းဖုန်းနဲ့ မြေကွက်တစ်ကွက်ဝယ်ပေးထားပါတယ်။ ထိုအမျိုးးသမီးရှေ့ မှာ ဦးဝင်းမြင့် မကောင်းကြောင်းပြောမိလို့ ထိုအမျိုးသမီးရဲ့  ထီးနှင့်ရိုက်တာကိုလည်း ကျွန်မတို့ မျက်စိရှေ့ မှာတင် မြင်ခဲ့ဖူးပါတယ်။

အမျိုးသမီးချင်း ကိုယ်ချင်းစာနာသဖြင့် အမည်နာမကို ထုတ်ဖော်မပြောတာပါ။ ထို့ပြင် ဌာနပိုင်ဖုန်းကိုလည်း သမီးဖြစ်သူကိုပေးကိုင်ထားပါတယ်။ ၀န်ကြီးဌာန အကျိုးစီးပွားအတွက် ဆက်သွယ်ရေးလွယ်ကူစေရန် ပေးထားသော ဖုန်းကို သမီးဖြစ်သူအားပေးကိုင်ထားသည်မှာလည်းအမြင်မသင့်တော်စရာဖြစ်ရပါတယ်။

ဌာနပိုင် ကားများကိုလည်း ဦးဝင်းမြင့်၏ သမီး ကျောင်းအကြို အပို့ နှင့် သူ၏ ဇနီးဖြစ်သူ ဈေးဝယ် ထွက်ရန်၊ အိမ်ခြံမြေအရောင်းအ၀ယ် ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေခြင်းမှာ လည်း ထောက်ပြ စရာတွေဖြစ်နေ ပါတယ်ရှင်။

ကျွန်မတို့ လစာ ၆၀၀၀၀ လောက်နဲ့  ချို့ချို့တဲ့တဲ့ နေထိုင်နေရတဲ့အချိန် ကျွန်မတို့အထက်လူကြီးတစ်ယောက်က နိုင်ငံတော်ပိုင်ပိုက်ဆံများနဲ့ အိမ်ပေါင်း များစွာဝယ်ယူပြီး၊

မိန်း မ ကိစ္စ ပွေရှုပ်နေခြင်းများကို ကျွန်မတို့အသဲနာလို့တင်ပြရခြင်းဖြစ်ပါတယ်ရှင်။ ဒီစာကို အကြိမ်ကြိမ် အထောက်အထားများနှင့် တိုင်ကြားသော်လည်း ထိရောက်ခြင်းမရှိသည့်အတွက် အင်တာနက်သုံးသော အများပြည်သူများမှ ကျွန်မတို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်အရှုပ်တော်ပုံကို သိရှိနိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်ရှင်

ဒီကပါ။

ကမ္ဘာ မပျက်ပါ ၊ သို့သော်...

မနက်ဖြန် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်တော့မတဲ့။ ရုပ်သံတွေမှာ ဂျာနယ်တွေမှာ၊ စာအုပ်စာတမ်းတွေမှာ မာယာတွေရဲ့ ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်လို့ တော်ကီပစ်၊ အာထု၊ လေပန်း မဆုံးနိုင် ဖြစ်နေခဲ့တာ ၂ဝဝ၉ လောက်တည်းကပါပဲ။ အဲဒီ အပြောတွေ အဟောတွေထဲမှာ ကျွန်တော် ဘဝင်ကျမိတဲ့ သဘောတူ ကျေနပ်အားရမိတဲ့ အယူ အဆတွေ ပါဝင်ပါတယ်။ အဲဒါလေးတွေ စုစည်း တင်ပြချင်ပါတယ်။

တကယ်တော့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ပြီးဆုံးတာနဲ့ ကမ္ဘာ ပျက်တာ တခြားစီပါပဲ။ ဆီနဲ့ရေ၊ နံ့သာဆီနဲ့ မစင် လုံးဝ ကွဲပြားသလို သင်္ကေတသရုပ်ဖော်တဲ့ Symbolism နဲ့ အရမ်းကာရော တိုက်ရိုက်နိမိတ် အဖြစ် ကောက်ယူခြင်းဟာ တမျိုးစီ ကွဲပြားတယ်လို့ ပြောပါရစေ။

သမိုင်းထဲက ကမ္ဘာပျက်ကိန်းများ

၁၉၅၅ ခုနှစ်၊ ခရစ်စမတ် အကြိုညမှာ ကမ္ဘာကြီးကို ရေတွေ လွှမ်းပြီး ပျက်စီးတော့မယ်လို့ ယုံကြည်ထားတဲ့ The Seekers အမည်ရ အဖွဲ့တစ်ဖွဲ့ဟာ အဲဒီညမှာပဲ ဂြိုဟ်သားတွေက ပန်းကန်ပြားပျံတွေနဲ့ လာကယ် လိမ့်မယ် လို့ ယုံကြည်ပြီး တစ်မျှော်တည်း မျှော်ခဲ့ဖူးပါတယ်။ ခရစ်စမတ်နေ့ မနက်အာရုံသာ တက်လာ တယ်။ ဘယ်လို ရေဘေးမှ ပေါ်ပေါက်မလာတဲ့အတွက် အဖွဲ့ခေါင်းဆောင် ဘွားတော်ကြီးက ဘုရား သခင်ဟာ သူတို့အဖွဲ့ရဲ့ ကြိုးပမ်းချက်တွေကို လေးစားတဲ့အနေနဲ့ ကမ္ဘာကို ကယ်တင်သွားတယ်လို့ သံကောင်းဟစ်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အဲဒီနေ့မှာ ကမ္ဘာကြီး ရေဘေးသင့် ပျက်စီးမယ်လို့ ယုံကြည်ပြီး အလုပ်တွေ ထွက်၊ ရှိတာလေးတွေ ရောင်းထုတ်ပြီး မျှော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

သမ္မာကျမ်းစာကို ဂဏန်းသင်္ချာ လျှို့ဝှက်သင်္ကေတအဖြစ် ယုံမှတ်ထားသူ Harold Camping ဆိုတဲ့ အငြိမ်းစားအင်ဂျင်နီယာ တစ်ဦးကလည်း ၁၉၉၄၊ စက်တင်ဘာလမှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်း ထုတ်ခဲ့ ဖူးပါတယ်။ ဟောတဲ့အတိုင်း ဖြစ်မလာတော့ သူက ဒါဟာ သုတေသန မပြည့်စုံလို့ ဆိုပြီး ယူဆခဲ့ပါတယ်။ ဒါပေမယ့် သူက လက်မလျှော့ပါဘူး။ ၂ဝ၁၁၊ မေလ ၂၁ ရက်နေ့မှာ ကမ္ဘာ ပျက်မယ်လို့ ထပ် ဟောပြန် ပါသေးတယ်။ ဒါပေမယ့် ဟောကိန်းအတိုင်း ဖြစ်မလာဘဲ ကမ္ဘာကြီးက သူ့ဖာသာ ဆက်လက် လည်ပတ် ဖြစ်တည်နေတဲ့အတွက် အောက်တိုဘာ ၂၁ ရက်ကို ထပ်ရွှေ့ပြီး ဟော ကိန်းကို ပြင် ဆင်ခဲ့ ပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာလည်း ဘာမှ ထူးမခြားနား ဖြစ်ခဲ့တဲ့အတွက် လျှို့ဝှက်ဂဏန်းတွေ အပေါ် အဓိပ္ပါယ် တလွဲတွေ ကောက်ယူခဲ့တာ ဖြစ်တယ်လို့ ပြောသွားပြန်ပါတယ်။

၁၉၁ဝ တုန်းကလည်း အဲဒီနှစ်မှာ ကောင်းကင်ပေါ်က သာမန်မျက်စိနဲ့ မြင်ရတဲ့ ဟေလီကြယ်တံခွန်ရဲ့ အမြီး ဖျားက အဆိပ်ငွေ့တွေကြောင့် သေကြေပျက်စီးလိမ့်မယ်လို့ ကောလာဟတွေ ထွက်ခဲ့ဖူးပါတယ်။ ဟေလီ ကြယ်တံခွန်ဟာ ကမ္ဘာဆီ ၇၆ နှစ်ကြာတိုင်း တစ်ကျော့ပြန် လှည့်လာလေ့ ရှိပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့မှာ ကြယ်တံခွန် ကမ္ဘာကို ဖြတ်သန်းတဲ့အခါ အမြီးဖျားက အဆိပ်ငွေ့ တန်းတွေကြောင့် လူတွေ တသီကြီး သေကုန်လိမ့်မယ် ဆိုတဲ့ ကောလာဟလကြောင့်လည်း အကြံအဖန် ဆေးဝါးတွေ၊ မျက်နှာစည်း ပုဝါတွေ ရောင်းကောင်းခဲ့ပါတယ်။ တကယ်တမ်း ကြယ်ခံခွန် ဖြတ်သွားတော့ ဘာမှ မဖြစ်တဲ့အခါ ကံကောင်းလို့ မသေသူများ အဖြစ် တချို့တွေက ပျော်ပွှဲရွှင်ပွဲတောင် လုပ်ခဲ့ပါသေးတယ်။

၁၉၉၇ တုန်းကဆိုရင် ဂျပန်က တိုကျိုမြေအောက် ရထားလိုင်းမှာ အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ (ကမ္ဘာ ပျက်မယ်) ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်း၊ နောက်တစ်ခါ ဟေးဘော့ဂ် ကြယ်တံခွန် ပေါ်လာချိန်မှာ အရူးထပြီး ကိုယ့်ဖာသာ သတ်သေကြတဲ့ Heaven's Gate အဖွဲ့ စတဲ့ ကမ္ဘာပျက်ကိန်း ခရေဇီတွေကိုလည်း သမိုင်းမှာ ပြန်လှန်ကြည့်နိုင်ပါသေးတယ်။ အနီးဆုံး ဆိုရရင် ၂ဝဝဝ ပြည့်နှစ်က Y2K ဆိုတဲ့ ကွန်ပျူတာ ထဲက ဂဏန်းတွေကိစ္စဟာ ယုံကြည်လွဲမှား အစွန်းရောက်သူများ ပါးစပ်ဖျားမှာ ကမ္ဘာပျက်ကိန်း အဖြစ် ရေပန်းစားခဲ့လို့ တတ်ကျွမ်းနားလည်သူတွေက မနည်းကို ရှင်းပြခဲ့ရပါတယ်။

၂ဝ၁၂၊ ဒီဇင်ဘာ ၂၁

သမိုင်းထဲက ကမ္ဘာပျက်ကိန်းတွေ အလီလီ ဂွမ်းခဲ့သလို လာမယ့် ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်ကိန်းကရော အလွဲကြီး လွဲဖို့ ရှိနေပါသလား။ မာယာပြက္ခဒိန် အဆုံးသတ်လို့ ကမ္ဘာလည်း ကိစ္စချောမယ်လို့ ယူဆသူတွေ အကြောင်းကိုတော့ မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ တောင်ပေါ် တက်ပြေးမယ့်သူ၊ လုံခြုံစိတ်ချ ရတဲ့ နေရာတွေမှာ ဝင်အောင်း နေမယ့် သူတွေ၊ အရေးပေါ် ကယ်ဆယ်ရေးအသုံးအဆောင်တွေ ဝယ်စုနေ သူတွေ စသဖြင့် မျိုးစုံ မြင်တွေ့နေ ရပါတယ်။ တော်သေးတာက မြန်မာပြည်မှာ အဲလို ပြင်ဆင်နေသူတွေ ကိုယ်လက်လှမ်းမီ သလောက် မတွေ့မြင်ရသေးပါဘူး။ ရှိရင်လည်း သူ့သဘော သူဆောင် သူ့အမြင်နဲ့သူ လုပ်တာမို့ ဘာမှ ပြောစရာ မရှိပါ။

တစ်ကမ္ဘာလုံးက အာကာသသိပ္ပံ ပညာရှင်တွေနည်းတူ ဗေဒင်နက္ခတ်ဆရာအပေါင်းကလည်း မာယာပြက္ခဒိန် ပြီးဆုံးပေမယ့် ကမ္ဘာနိဂုံးချုပ်မှာ မဟုတ်ဘူးလို့ အတိ အလင်း ကြေငြာ ပြောဆို ထားပါ တယ်။ မြန်မာပြည် မှာတော့ ဟိုတလောကတင် ဆရာစံဇာဏီဘိုနဲ့ မင်းခိုက်စိုးစန်တို့က ရုပ်သံလိုင်း တစ်ခုမှာ ဆွေးနွေးခန်းပုံစံနဲ့ တင်ဆက်သွားပါသေးတယ်။ မာယာတွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာအုပ်စာတမ်း တချို့ကိုလည်းဆိုင်တွေမှာ မြင်တွေ့ရပါတယ်။ ကျွန်တော်လည်း တတ်သိ နားလည်သူတွေ ရေးသားတဲ့ ရှင်းလင်းချက်တွေ စုဆောင်း ဖတ်ရှု ကြည့်ဖြစ်ပါတယ်။

အဲဒီမှာ နောက်ဆုံးအနှစ်ချုပ်အဖြစ် ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ နဲ့ ပတ်သက်လို့ ဘာသွားတွေ့သလဲ ဆိုတော့ ရုပ်ရှင်တွေ ရိုက်ပြသလို၊ အယူသည်းသူတွေ လန့်ဖြန့်နေသလို အဲဒီနေ့မှာ ကမ္ဘာကြီး ပျက်စီးမ သွားနိုင်ပေမယ့် အဲဒီနေ့ကစလို့ အထူးသဖြင့် ၂ဝ၁၂ အကုန် ၂ဝ၁၃ အတွင်းမှာ မကြုံစဖူး ထူးကဲပြင်းထန်တဲ့ သဘာဝဘေးမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရဖို့ ရှိတယ်လို့ ပညာရှင်တွေ က ရေး သား ဖော်ပြကြပါတယ်။

ဒီနေရာမှာ ၂ဝ၁၂ ဟောကိန်းအကြောင်း ရေးသားတင်ဆက်ခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ ဆရာနျူမန်ရဲ့ (၂၁.၁၂.၂ဝ၁၂ သို့မဟုတ် စကြာဝဠာတွင် ထူးခြားမည့်နေ့) စာအုပ်ပါ အချက်တချို့ကို ထုတ်နုတ် ဖော်ပြ လိုပါတယ်။

(သောကြာနှင့် တနင်္ဂနွေ ဂြိုဟ် ၂ လုံး နောက်ဆုံး ပူးခဲ့သော ကာလမှာ ဇွန်လ ၈ ရက်၊ ၂ဝဝ၄ ခုနှစ်က ဖြစ်ခဲ့ပြီး လူသိန်းပေါင်းများစွာ သေဆုံးခဲ့ရသည့် ဆူနာမီ ဖြစ်ခဲ့သော နေ့မှာ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၄ ခုနှစ် ဖြစ်ကာ ၎င်းတို့ နှစ်လုံး ပူးခဲ့ပြီးနောက် စုစုပေါင်း ၆ လ၊ ၁၈ ရက်အကြာတွင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၂ တွင် ကြည့်ပါက ဇွန်လ ၆ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အကြား ကာလမှာ ၆ လ၊ ၁၅ ရက် ဖြစ်နေသည်ကို သတိပြုမိပါသည်။)

ဆိုလိုတာက ၂ဝဝ၄ ဆူနာမီ ဖြစ်ခဲ့တုန်းက အဲဒီနှစ် ဇွန်လမှာ သောကြာ ဂြိုဟ်က နေကို ဖြတ်သန်း ခဲ့ဖူးပါတယ်။ အဲဒီ ဖြတ်သန်းတဲ့ နေ့နဲ့ ဆူနာမီ ဖြစ်ပွားရာ နေ့တို့ အကွာအဝေးရယ်၊ လက်ရှိ ၂ဝ၁၂ မှာ သောကြာ နေကို ဖြတ်သွားခဲ့တဲ့ နေ့နဲ့ မာယာပြက္ခဒိန် နောက်ဆုံးနေ့က အကွာအဝေးရယ်ဟာ ထပ်တူနီးပါး ဆင်နေတာကို ရည်ညွှန်းတာပါ။

ဒီအချက်က ကျွန်တော် အင်မတန် စိတ်ဝင်စားတဲ့ အချက်ပါ။ ကိန်းဂဏန်းတွေရဲ့ ဆင်တူ ထပ်ကိန်းကျော့ လာတဲ့ ဖြစ်စဉ်တစ်ခုလို ခံစားမိတာပါ။ မြန်မာ့ရိုးရာ ဗေဒင်နှင့် နက္ခတ်ဆိုဒ်က ဆရာဇေယျာမောင်ကလည်း ဒါနဲ့ပတ်သက်လို့ ၁၂. ဝ၁. ၂ဝ၁ဝ Vs ၂၁. ၁၂. ၂ဝ၁၂ ဆိုပြီး ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ တွေးတော ချင့်ချိန်စရာ အမြင်တွေမို့ လေ့လာကြည့်စေလိုပါတယ်။ မြန်မာစာနယ်ဇင်းများနဲ့ Skynet ရုပ်သံမှာ နေရာ အတော်ရနေတဲ့ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာကိုက Planet X ဆိုတဲ့ နီဘီရူဂြိုဟ်ကြီး ကမ္ဘာကို ဝင်ဆောင့်ဖို့ ဆိုတာ ခုထိ ကောင်းကင်မှာ မမြင်ရသေးလို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ နဂါးငွေ့တန်းဗဟိုချက်နဲ့ ကမ္ဘာ တစ်တန်းတည်း ကျတာကလည်း နှစ်တိုင်း ဇွန်နဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်နေကျမို့ မထူးခြားကြောင်း ဂျာနယ်တွေမှာ ပြော ထား ပါတယ်။

( ၂ဝ၁၂၊ ဒီဇင်ဘာ ၂၁ ကတော့ လွန်ခဲ့တဲ့ လေးနှစ်တည်းက ကျွန်တော်တို့ နက္ခတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်ထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကြီးတစ်ခုအဖြစ် ထည့်စဉ်းစားတဲ့ အကြောင်း ကိစ္စလည်း မရှိဘူး။ အခုချိန်ထိလည်း အဲဒါနဲ့ပတ်သက်ပြီး ဘာဖီလင်မှ မရှိဘူး။ ) လို့ ဦးဇေယျာကိုက ခပ်ပြတ်ပြတ် ပြောပါတယ်။ ဆရာစံဇာဏီဘိုကလည်း ( ကမ္ဘာကြီး ကြေပျက်သွားတာတို့ မရှိပါ ဘူး။ ပြောင်းလဲဥွားတာ ပြောတာ။ မာယာ ပြက္ခဒိန်ကြီး ပြောင်းလဲသွားသလို အသစ်တွေ ပေါ်မယ်။) လို့ သုံးသပ်ပါတယ်။ အဟောင်း ချုပ်ငြိမ်းလို့ အယူအဆသစ်၊ အတွေးအခေါ်သစ်၊ ကမ္ဘာသစ်တစ်ခုဆီ ဦးတည် တဲ့ သဘောမျိုး သူက ပြောပါတယ်။

ဟောကိန်းတွေ အမြင်တွေ သုံးသပ်ချက်တွေကို စုစည်းကြည့်တဲ့အခါ မာယာပြက္ခဒိန် ပြီးဆုံးလို့ မနက်ဖြန် ကမ္ဘာပျက်မယ် ဆိုတာကို ယုံကြည်ရလောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပညာရှင် အပေါင်း က ငြင်းဆို ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီနေ့အလွန် ၂ဝ၁၃ နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ကမ္ဘာကြီးဟာ သဘာဝဘေးမျိုးစုံနဲ့ ဆက်လက်ရင်ဆိုင်တိုးရမယ်လို့တော့ ကောက်ချက်ချမိပါတယ်။ အကောင်းမြင်၊ အပြု သဘောပြောရရင်တော့ မနက်ဖြန်ဟာ စိတ်သစ်၊ လူသစ်၊ ကမ္ဘာသစ်ဆီ အတူတကွ ချီတက်ကြရမယ့် မှတ်တိုင်နေ့လို့ ပြောရမှာပါ။

တကယ်လို့များ မနက်ဖြန်မှာ ပညာရှင်တွေ ယတိပြတ် ငြင်းဆိုထားတာနဲ့ တခြားစီ ဖြစ်ပြီး ရုပ်ရှင်ထဲကလို ရုတ်တရက် ကမ္ဘာပျက်ပြီဟေ့ ဆိုရင်တော့ ရင်ကော့ပြီး အသေခံလိုက်ရုံပါပဲ။ သေခြင်းအတွက် အာမခံ လက်မှတ်လို ဖြစ်နေတဲ့ ကုသိုလ်ကောင်းမှုတွေလည်း ကျွန်တော် များများစားစား လုပ်မထားပါဘူး။ လူတကာ ကြောက်တဲ့ အကုသိုလ်တွေနဲ့လည်း ယခုတိုင် ပတ်သက်ယှက်နွယ်နေဆဲပါ။ အဲဒီတော့ ချော်ရည်ပူတွေ လာမလား၊ ဆူနာမီလှိုင်းတွေ ဝင်မလား။ ငလျင်ထဲ ပါသွားမလား။ ရေထဲ နစ်မြုပ် သွားမလား။ ကြိုက်တာ လာထားပါပဲလို့ ပြောရင်း ဒီစာစုကို နိဂုံးချုပ်လိုက်ပါတယ်။

ဒီကပါ။

ကချင်စစ်ဒဏ်ခံများအတွက် အမေရိကန် ဒေါ်လာ ၅ သန်းခွဲခန့်ကူညီ

အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက် အစား အသောက် ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခ သည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက် တစ်ရပ် ကို ယနေ့ ထုတ်ပြန် လိုက်သည်။

ထို့အပြင် အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဗျူရိုကလည်း ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် နေထိုင်စရာနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ ကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

USAID ရုံး၏ ပြည်ပဘေးအန္တရာယ်ကူညီထောက်ပံ့ရေးရုံးကလည်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၅ သိန်းပေးအပ် လှူဒါန်းခဲ့ပြီး၊ အမေရိကန်သံရုံ၏ အသေးစားထောက်ပံ့ကူညီမှုအစီအစဉ်နှင့် ဂျူလီယာတပ်ဖ်ရံပုံငွေအဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များကို နှစ်သိမ့်အားပေးခြင်းနှင့် အခြားစောင့်ရှောက်မှုများအတွက် ကန်ဒေါ်လာ ၅သောင်းထောက်ပံ့ကူညီခဲ့ကြောင်း ယင်းသတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။

Popular Myanmar News Journal

KIA ကို တစ်နိုင်ငံလုံး ဆန္ဒပြတော့မည်

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network) အမည်ရှိ လူငယ်များ ပါဝင်သော တက်ကြွလှုပ်ရှားသူများ ဦးစီး၍ လာမည့် ခရစ္စမတ်နေ့  နံနက် ၉ နာရီတွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ ကိုရဲရင့်အောင်က ပြောသည်။

၎င်းတို့  လူငယ်များအနေဖြင့် သမ္မတကြီးဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့  စသည်အားဖြင့် နိုင်ငံတစ်ဝှမ်း တည်ငြိမ်အေးချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အားထုတ်ကြိုးပမ်းနေချိန်တွင် KIA အဖွဲ၏ လုပ်ဆောင်ချက်များမှာ နိုင်ငံ တည်ဆောက်ရေးထက် နိုင်ငံနှောင့်နှေးရေးကို ရှေ့ ရှုနေသည်ကို တွေ့  ရှိရကြောင်း၊ ယခု သက်ဆိုင်ရာသို့  တင်ပြထားသည့် ဆန္ဒပြခွင့်တွင် ကချင်လူငယ်များ အများအပြား ပါဝင်ကြောင်း၊ ကချင်ပြည် နယ်ကောင်းစားရေးအတွက် အမည်ခံထားသော်လည်း ကချင်ပြည်နယ်ပြည်သူများ ဒုက္ခရောက်စေရန်သာ ဖန်တီးနေခြင်း ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

၂၀၁၁ ခု၊ ဇွန်လမှ ၂၀၁၂ ခု၊ စက်တင်ဘာလအထိ KIA သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် အရပ်ဖက်မှ တံတားများ မိုင်းခွဲခံခဲ့ရသည်မှာ ၃၁၂ ကြိမ်ခန့်  ရှိပြီ ဖြစ်ကြောင်း၊ အလားတူ အရပ်သား ပြည်သူများ သေဆုံးမှု၊ ဖမ်းဆီးခံရမှုတို့ မှာ ၃၉၇ ကြိမ်အထိ ရှိနေပြီ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးသူဦးရေ ၉၅ ဦး၊ ဒဏ်ရာရရှိသူ ၁၇၄၈ ဦး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူ ၅ သောင်းကျော် ရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့  စာရင်းတွင် မပါရှိသေးသည့် အခြားထိခိုက်ဆုံးရှုံးမှုများလည်း ရှိနိုင်ကြောင်း၊ ဆန္ဒပြရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးကို တမင် သက်သက်နှောင့်နှေးကြန့် ကြာစေရန် အချိန်ဆွဲ ခေါင်းဆောင်နေသော KIA-KIO ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့  ဦးတည်လာစေရန် ဖြစ်ကြောင်း အခြား ကချင်လူငယ်တစ်ဦးက ပြောသည်။

ဆန္ဒပြရုံသက်သက်ဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ဖြစ်လာနိုင်မည် မဟုတ် ဟူသည်ကို မိမိတို့  သိရှိပါကြောင်း၊ အဓိက လိုလားချက်မှာ မိမိတို့ ပြည်သူများ၏ သဘောထားကို သမ္မတ ကြီး ဦးသိန်းစိန်၊ ငြိမ်းချမ်းရေးတာဝန်ခံ ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော လွှတ်တော် အမတ်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြန်မာစစ်တပ်နှင့် KIA တို့  အားလုံး သိရှိစေရန် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာရေး၊ KIA ၏ အကြမ်းဖက်လုပ်ရပ်များ ရပ်ဆိုင်းရေး၊ တရားဥပဒေကို KIA တပ်များနှင့် မြန်မာ စစ်တပ်တို့  (၂)ဖက်စလုံး လိုက်နာရေးတို့ ကို တိုက်တွန်း သွားမည် ဖြစ်ကြောင်း ကိုရဲရင့်အောင်က ပြောသည်။

လောလောဆယ်ကာလတွင် ငြိမ်းချမ်းရေးဆန္ဒပြမှုများကို မိမိတို့  လူငယ်များ သက်သက် သာ ဆောင် ရွက်မည် ဖြစ်ကြောင်း၊ ရဟန်းသံဃာများ ပူးပေါင်းပါဝင်မည့် ဖိတ်ခေါ်ချက်များ ရရှိခဲ့သော်လည်း မိမိတို့  လက်မခံခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းအခြေအနေမှာ သံဃာများ နိုင်ငံရေးနှင့် ဆက်စပ်နေရန် မသင့်သောကြောင့် ဖြစ်ကြောင်း၊ ယခုဆန္ဒပြမည့် အဖွဲ့ ဝင် များတွင် ခရစ်ယာန်ဘာသာဝင် အများစု ပါဝင်ကြောင်း၊ ခရစ္စမတ်နေ့ ကို ရွေးချယ် ဆန္ဒပြရခြင်းမှာ KIA-KIO ခေါင်းဆောင်များ အကြီး အကျယ် ပျှော်ပွဲရွှင်ပွဲ ဆင်နွှဲနေချိန်တွင် သေဆုံးခဲ့ရသူ၊ ဒဏ်ရာ ရရှိခဲ့သူ၊ အတိဒုက္ခရောက်နေရသူ အပြစ်မဲ့ ပြည်သူများ၏ ဘ၀ကို စာနာနားလည်နိုင်စေရန်အတွက် ဖြစ်ကြောင်း၊ ၄င်းတို့  ပျှော်ရွှင်နေသည့် အချိန်တွင် မိမိတို့  လူငယ်များ မည်သို့  ဆန္ဒထုတ်ဖော်နေသည်ကို သိရှိစေရန်အတွက်လည်း ဖြစ်ကြောင်း ဆန္ဒပြမည့် အစေခံလူငယ်များကွန်ယက်မှ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခု ဆန္ဒပြမှုများကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်သော်လည်း ပြည်သူများ၏ သဘောထားကို ထုတ်ဖော်နိုင်ရန် ဖြစ်ကြောင်း၊ ဆန္ဒပြမှုများကို အကြိမ်ကြိမ် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ထိုသို့  ဆန္ဒထုတ်ဖော် တောင်းဆိုနေသည့် ကြားမှ KIA ၏ လုပ်ဆောင်ချက်များ ရပ်တန့် ခြင်း မရှိပါက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လွှတ်တော် အမတ်များထံ ဆက်လက်တောင်းဆို သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် KIA သောင်းကျန်းသူများကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းပေးရန် တောင်းဆိုမှု ပြုလုပ်ရန်အထိ ရည်မှန်းထားကြောင်း၊ ပြည်သူလူထု တစ်ရပ် လုံး၏ ထောက်ခံမှု၊ လွှတ်တော်များ၏ ထောက်ခံမှုဖြင့် KIA ကို တိုက်ခိုက်နိုင်စေရန်အထိ ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း ကိုရဲရင့်ကျော်က ပြောသည်။

မိမိတို့ သည် အစိုးရနှင့်ရော မြန်မာစစ်တပ်နှင့်ပါ အဆက်အစပ် မရှိကြောင်း၊ ငြိမ်းချမ်းရေး မြတ်နိုးသော ကချင်လူငယ်များ အဓိက ဦးဆောင်ပါဝင်ပြီး မည်သည့်နိုင်ငံရေးပါတီနှင့်မှလည်း အဆက်အသွယ် မရှိကြောင်း ၄င်းက ပြောကြားသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကွန်ယက် (Democracy and Peace Network)သည် မြန်မာနိုင်ငံတစ်ဝှမ်း ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ဖွံ့ ဖြိုးတိုးတက်ရေး စသည့် ရည်ရွယ်ချက် (၃) ခုဖြင့် ဖွဲ့စည်းထားသော လူငယ်လှုပ်ရှားမှု ကွန်ရက်တစ်ခု ဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝှမ်း ကွန်ရက်အဖွဲ့ ဝင် (၃၀၀၀)ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ကွန်ရက်၏ အမှတ်တံဆိပ် မှာ မြန်မာနိုင်ငံမြေပုံပေါ်တွင် ငြိမ်းချမ်းရေးချိုးငှက် သံလွင်ခက် ချီလာသည့် ရုပ်ပုံ ဖြစ်ပြီး ခရစ္စမတ်နေ့ တွင် ယင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။
..........................................................................

ကျွန်တော့် အမြင်ပြောရရင် ကချင်ဒေသက ပြည်သူများဟာလည်း ခုချိန်မှာဆို ကျီးစာ လန့်လန့် ဖြစ်နေ မယ်လို့ ကျွန်တော်ထင်ပါတယ်တပ်မတော် ပိုင်းအနေနဲ့ပြောရရင်လည်း အသက်ဆုံးရှုံးသွားတဲ့ စစ်သည် များ အတွက်ကျွန်တော် သူတို့ မိသားစုများနဲ့ ထပ်တူ ထပ်မျှ စိတ်ထဲမှာ ၀မ်းနည်းမိပါတယ်......

ကေအိုင်အေ အနေနဲ့ပြောရရင်တော့ သူတို့ဟာ ကချင်ပြည်နယ်လွှတ်မြောက်ရေး ကချင်ပြည်နယ် ကောင်းစားရေးလို့ သူတို့ပြောပါတယ်ဒါပေမဲ့ တစ်ကယ်တမ်းဖြစ်နေတာက ဆတ်ကြေးကောက်တယ်လူသစ်ကို အတင်းအဓမ္မ စုတယ်.....ဒါတွေက ကချင်ပြည်နယ် ကောင်း စားဖို့ အတွက်တဲ့လားဗျာကျွန်တော် ပြောနေတာတွေကတစ်ဖတ်သတ်ပြောနေတာ မဟုတ်ပါဘူး ကိုယ်တိုင် ခံစား ရတဲ့ လူငယ်တစ်ယောက်ကိုယ်တိုင်က ပြောပြတာပါ....ခုချိန်မှာ ကျွန်တော် ဖြစ်စေချင်တာကတော့ အင်တာနက်ပေါ်မှာ မဟုတ်ပဲစစ်ပွဲတွေ ငြိမ်းချမ်းဖို့ အတွက် ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီ အကြံ ဥာဏ်များ ပေးစေ လို့ပါတယ်.....အချင်း ချင်းဆဲဆိုနေတာတွေကိုကျွန်တော် မလိုလားပါဘူးခင်ဗျာ......

ဒီကပါ။

SIM ကတ် အဟောင်း နှင့် အသစ်များ အရည်အသွေး ကွာခြားမည် မဟုတ်ဟုဆို


မြန်မာ နိုင်ငံတွင် လာမည့်နှစ် ဇန်နဝါရီလ တွင် ချထား ပေးမည့် တန်ဖိုးနည်း GSM လိုင်းကတ်များ နှင့် ယခင် ချထား ပေးခဲ့သော လိုင်းကတ်များ အရည် အသွေးပိုင်း ကွာခြားမှု မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က The Voice Weekly သို့ ပြောကြားသည်။

လက်ရှိ အသစ် ချထားပေးမည့် မိုဘိုင်းဖုန်း SIM ကတ်များနှင့် ယခင် ချထား ပေးခဲ့သော မိုဘိုင်းဖုန်း SIM ကတ်များ အရည်အသွေး ပိုင်းနှင့် စနစ်ပိုင်း ဆိုင်ရာ ကွာခြားမှု ရှိမည်ကို မိုဘိုင်းဖုန်း အသုံးပြုသူ အများက စိုးရိမ် နေကြသည်။

“ကျွန်တော်တို့ အခု သုံးနေတဲ့ ကတ်တွေက အသစ် ချထား ပေးမယ့် ကတ်တွေနဲ့ ဘာတွေ ကွာလဲ သိချင်တယ်၊ 2G 3G မတူတဲ့ အတွက်ရော အခက်အခဲ ဘာတွေ ရှိနိုင်လဲ ဆိုတာ သိချင်တယ်” ဟု လက်ရှိ GSM မိုဘိုင်းဖုန်း အသုံးပြု နေသူ ဦးရန်ပိုင်စိုးက ပြောကြားသည်။

လက်ရှိ အချိန်တွင် မြန်မာ့ ဆက်သွယ်ရေး မှ ရောင်းချမည့် မိုဘိုင်းဖုန်း SIM ကတ်များ ထုတ်လုပ်ရန် စင်ကာပူ ကုမ္ပဏီ တစ်ခုနှင့် နှင့် ပြင်သစ် ကုမ္ပဏီ တစ်ခုတို့ တင်ဒါ အောင်မြင် ထားပြီး ယခု လိုင်းကတ် အသစ်များကို အဆိုပါ ကုမ္ပဏီ များမှ ထုတ်လုပ်မည် ဖြစ်သည်။

The Voice Weekly

ABSDFနှင့် NLD မိတ်ဆက်တွေ့ဆုံ

ဒီဇင်ဘာ ၂၀ ၊ ၂၀၁၂ အမျိုးသားဒီမိုကရစီအဖွဲ့ ချုပ်ရုံးတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမို ကရတ်တစ်တပ်ဦး (အေဘီအက်စ် ဒီအဖ်)အဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟို အလုပ်အ မူဆောင်အဖွဲ့ တို့  သည်မြန်မာ နိုင်ငံဧ။် ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ ရေး အကြောင်းကိုဆွေးနွေး ခဲ့ကြ သည်။

အေဘီအက်စ်ဒီအဖ်အဖွဲ့ အနေနှင့်ဒုတိယပင်လုံညီလာခံ ကျင်းပနိုင်ရေးကိုလိုလားပြီး၊ အမျီုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေနှင့် ကျောင်းသားတပ်ဦး ကဲ့သို့ သောအဖွဲ့ အစည်းများပါဝင်နိုင်သော အခင်း အကျင်းမျိုးကို ဖန်တီးပေစေလိုကြောင်း နှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပေါ် ကျောင်းသားတပ်ဦးဧ။် အမြင်များကိုဆွေးနွေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရတ်တစ် တပ်ဦးနှင့် လျှောက်လှမ်းသည့် လမ်းခြင်းမတူသော်လည်း ရည်ရွယ်ချက်ပန်းတိုင်ချင်း အတူတူ ပင်ဖြစ်ကြောင်း၊ ထို့ ကြောင့် ၄င်းတို့ အဖွဲ့ အပြင်အခြားအဖွဲ့ အစည်းများကိုလည်း ကြို ဆိုကြောင်းပြော ကြားခဲ့သည်။

NLD Central

၃၂ လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြားစက် ကျသင့်အခွန်ပေး၍ လေဆိပ်တွင် တိုက်ရိုက် ထုတ်ယူနိုင်ပြီ

ပြည်တွင်းသို့ သယ်ဆောင်လာသည့် ခရီးသည် တစ်ကိုယ်ရေသုံး ပစ္စည်းများ အဖြစ် ရုပ်မြင်သံကြား စက်ကို ယခင်က ခွင့်ပြုထားခဲ့သည့် (၃၂) လက်မ ရုပ်မြင်သံကြား စက်ထက် ပိုကြီးပါက ရန်ကုန် လေ ဆိပ် တွင် ကျသင့်အခွန်ပေး၍ တိုက်ရိုက်ထုတ်ယူနိုင် ပြီဖြစ်ကြောင်း အကောက် ခွန် ဦးစီး ဌာနမှ ထုတ်ပြန်ချက် များအရ သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ ယခင်က မြန်မာ နိုင်ငံသို့လာရောက်မည့် ခရီးသည်များအတွက် တစ်ကိုယ်ရေသုံး ဝန်စည်ပစ္စည်းများ အဖြစ် အကောက်ခွန် ကင်းလွတ်ခွင့် ရှိသည့် ကိုယ်သုံး ဝန်စည်ပစ္စည်း (၁၄) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုအခါ ခွင့်ပြု ထားခဲ့သည့် (၃၂) လက်မထက် ပိုကြီးသည့် ရုပ်မြင်သံကြား စက်များကို စိစစ်၍ လိုင်စင် ရှိပါက ကျသင့်အခွန် ပေးဆောင်၍ထုတ်ယူနိုင်ပြီး လိုင်စင်မရှိပါက ဒဏ်ငွေဆောင်၍ ကျသင့် အခွန် ပေးကာ ရန်ကုန် လေဆိပ်တွင် တိုက်ရိုက်ထုတ်ယူခွင့်ပြုထားကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရ သည်။

မြ၀တီ

တရုတ်ပြည်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီးပေါင်း သောင်းဂဏန်းပမာဏအထိရှိနေ

တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ အဓမ္မထိမ်းမြား လက်ထပ်မှု ပြုလုပ် ရန် ရောင်းစားခံထားရသည့် အမျိုးသမီး ပမာဏ မှာ သောင်းဂဏန်း အထိရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု ဗဟိုတွင် ဆယ်နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့သူ၊ ရဲမှူးကြီးရာလျံမုန်း (အငြိမ်းစား) က ပြောကြားခဲ့သည်။''မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ကမ္ဘောဒီးယား တို့ကနေ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိနေတယ်။ မြန်မာအမျိုးသမီးတွေ ဆို လည်း သောင်းဂဏန်းမက ရှိနေတယ်။ ရုပ်ရည်နဲ့ အသက်အရွယ်ကိုကြည့်ပြီး အရောင်း အ၀ယ်ဖြစ်နေကြတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ ရောင်းစားရာတွင် နိုင်ငံအတွင်း အမျိုး သမီး ပြတ်လပ် မှုဖြစ်ပေါ်နေသော တရုတ်အမျိုးသားများက ဇနီးမယားအဖြစ် ပေါင်းသင်းရန်ဝယ် ယူခြင်းဖြစ်ပြီး မြန်မာအမျိုးသမီးတစ်ဦးကို ဘုံမယားအဖြစ် အဓမ္မပေါင်းသင်းသည့် အဖြစ် မျိုးပါ ဖြစ်ပေါ်နေ သည်ဟုသိရသည်။

လူကုန်ကူးမှုမှာ လွန်စွာအကျိုးအမြတ်ရရှိသော အလုပ်ဖြစ်နေပြီး ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများတွင် ချစ်သူရည်းစားအဖြစ် ဟန်ဆောင်လက်ထပ်ပြီးမှ တစ်ဘက်နိုင်ငံ သို့ ရောင်းစားသည့် နည်းလမ်း အထူးတွင်ကျယ်ခဲ့သည်ဟု ရဲမှူးကြီး ရာလျံမုန်း(အငြိမ်းစား)က ဆက်လက် ပြောကြားခဲ့သည်။

'' အချို့က မိန်းကလေးကို ချစ်သူရည်းစားဟန်ဆောင်ပြီး တစ်ဘက်နိုင်ငံရောက်မှ ရောင်းစားရုံသာမကပဲ လက်ထပ်စာချုပ်မှာလတ်မှတ်ထိုးပြီးမှတစ်ဘက်နိုင်ငံကိုခေါ်သွားပြီး ရောင်းစားတာတွေရှိတယ်။ တောင်ကြီးသားတစ်ယောက်ဆိုရင် အဲဒီလိုရောင်းစားနေတာ ကိုးယောက်မြောက်မိန်းမကျမှ မိတယ်'' ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုတွင် အမျိုးသမီးများကိုသာမကဘဲ ကလေးသူငယ်များကိုပါ မွေးစား ရန် ရောင်းချခြင်းများရှိနေကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများ၏ ၇၀ ရာ ခိုင်နှုန်းမှာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှု ပေါင်း ၈၈၅ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန် ကူးတရားခံ ၂၄၅၃ ဦးကိုလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Eleven Media Group