Thursday, September 27, 2012
အးချမ်းလုံခြုံသည့်နေရာ၌ ပညာသင်ယူရန် ဖားကန့်ဒေသခံကျောင်းသား ၄ဝဝ ကျော်တို့ ကျောင်းပြောင်းလက်မှတ် ရယူလိုက်ကြပြီဖြစ်ကြောင်း ပညာရေးဌာနစာရင်း များအရ သိရသည်။ တပ်မတော်နှင့်ကချင် KIO တပ်တို့ နှစ်ဖက်ပစ်ခတ်နေခြင်းနှင့် စာသင်ယူရာမှ ပြန်လာသူ ၉ တန်း ကျောင်းသူ သေနတ်မှန်၍ သေဆုံးခဲ့ရခြင်း စသောဖြစ်ရပ်တို့ ရှိနေခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ်သို့ ပြောင်းရွှေ့ကျောင်းတက်ရောက်ရန် ရည်ရွယ်ချက်တို့ဖြင့် ထိုသို့ကျောင်းပြောင်း လက်မှတ်ရယူလိုက်ကြခြင်းပင် ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖားကန့်ဒေသခံ ကျောင်းသား၊ ကျောင်းသူတို့ ကျောင်းပြောင်း လက်မှတ် ရယူခြင်းကို အတည်ပြုခဲ့ပြီး ၄င်းကျောင်းသားတို့ မြစ်ကြီးနားတွင် ကျောင်းတက်ရောက်မှု အဆင်ပြေစေရန် ကူညီပေးမည်ဟု သူက ပြန်လည် ဖြေကြားခဲ့သည်။ ”တိတိကျကျပြောရရင် ကျောင်းသား၊ ကျောင်းသူ ၄၁၄ ဦး ကျောင်းပြောင်းလက်မှတ် ရယူခဲ့တယ်”ဟု ဝန်ကြီးကပြောသည်။ ကချင်ပြည်နယ် ပညာရေးဌာန စာရင်းတို့အရ တစ်လကျော်အတွင်း ကျောင်းပြောင်း လက်မှတ်ရယူမှုတွင် ၉ တန်းနှင့် ၁ဝ တန်း ကျောင်းသား၊ကျောင်းသူ ၅ဝကျော် ပါဝင်ပြီး ကျန်သည်တို့မှာ မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့ ဖြစ်ကြ သည်။
ကျောင်းပြောင်း လက်မှတ်ရ ယူသူတို့အပြင် တစ်လကျော်သာ ရှိနေသေးသော ဖားကန့်စစ်ရှောင် စခန်းအတွင်းသို့ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူစာရင်း မှာလည်း တစ်နှစ်ကျော် သက်တမ်း ရှိ မြစ်ကြီးနားစစ်ရှောင်စခန်းရှိ ကျောင်းသား၊ ကျောင်းသူ စာရင်း ကို လိုက်မီတော့မည် ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။
ဝန်ကြီး ဒေါ်ဘောက်ဂျာက ”မြစ်ကြီးနားမှာ စစ်ရှောင်ကျောင်း သား၊ ကျောင်းသူ ၁၈၄၅ ဦးရှိတယ်။ ဖားကန့်မှာ အခုလက်ရှိ ၁၈၂ဝ ရှိနေပြီဆိုတော့ ဘယ်လောက်များ နေ လဲ စဉ်းစားသာကြည့်တော့”ဟု လက်ရှိအခြေအနေကို ရှင်းပြခဲ့သည်။
ဖားကန့်၌ ကျောင်းအချို့ လက်ရှိတွင် မဖွင့်နိုင်သေးဟုသိရ ပြီး ဖားကန့်အထကမှာ ပြည်နယ်တစ်ခုလုံးတွင် ယခင်နှစ်က ဒုတိယ အောင်ချက်အကောင်းဆုံးဆု ရရှိခဲ့သည်။
iPhone 5 နှင့် ယှဉ်ပြိုင်ရန် အတွက် Samsung မှ Galaxy Note 2 ကို ထုတ်လုပ်
ကမ္ဘာ့ နံပတ် ၁ စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်သည့် Samsung Electronics မှာ ဗုဒ္ဓဟူး နေ့က ၎င်း၏ နောက်ဆုံးထုတ် Galaxy Note ကို စတင် ထုတ်လုပ်လိုက်ကာ Apple ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်သည့် iPhone 5 ကို ယှဉ်ပြိုင်လိုက်သည့် လုပ်ဆောင်ချက် တစ်ခုဖြစ်ကြောင်း ဇင်ဝှာ သတင်းတွင် ဖော်ပြသည်။
လွန်ခဲ့သည့် လက ဘာလင်ရှိ IFA ကုန်စည်ပြပွဲတွင် ပြသခဲ့ပြီးနောက် Galaxy Note 2 ကို ယခု စတင် ထုတ်လုပ်လိုက်ပြီ ဖြစ်ကာ စမတ်ဖုန်းနှင့် တက်ဘ်လက်ပြား ပီစီ တို့ ပေါင်းစပ်ပြီး phablet ဟု ခေါ်ဆို ထားကြောင်းလည်း သိရသည်။ ယခုဖုန်းကို Samsung ၏ မူရင်း ဌာနချုပ် ရှိရာ တောင်ကိုရီးယား နိုင်ငံ ဆိုလ်းမြို့တွင် စတင် ဖြန့်ချိလိုက်ခြင်းလည်း ဖြစ်သည်။ Galaxy Note 2 မှာ စမတ်ဖုန်း မိုဘိုင်း လုပ်ငန်းတွင် မျက်နှာစာသစ် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်ပြီး Samsung အနေဖြင့် Apple နှင့် ယှဉ်ပြိုင်ရာတွင် ဈေးကွက် ဦးဆောင်သူ အဖြစ် ဆက်လက် ရှိနေရေးကို အထောက်အပံ့ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။
source : xinhuanet.com
လာမည့်ပညာသင်နှစ်တွင် အလယ်တန်းအဆင့်ထိ အင်္ဂလိပ်စကားပြော သင်တော့မည်
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစ၍ မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်တို့တွင် အင်္ဂလိပ်စာ စကားပြောသင်ခန်းစာကို စတင်ထည့်သွင်း သင်ကြားကြရတော့မည်ဟု ပညာရေးဝန်ကြီးဌာမှ သိရသည်။
ထိုသို့သင်ကြားနိုင်ရန် ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ယခု ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့်က အင်္ဂလိပ်စကားပြော သင်ခန်းစာတို့ကို ဦးဆောင် တည်းဖြတ်ခဲ့ပြီး၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများအားဖြန့်ဝေနိုင်ရန် ပုံနှိပ်ပြီးဖြစ်သည်ဟုသိရှိရသည်။
အခြေခံပညာ အထက်တန်း အဆင့်တွင်မူ လတ်တလော၌ အင်္ဂလိပ်စာ၊ စကားပြောသင်ခန်းစာ အား ထည့်သွင်းမထားကြောင်း လာမည့်ပညာသင်နှစ်အတွက် မူလတန်း အဆင့်ကို အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
”အင်္ဂလိပ်စာ တတ်မြောက်မှု စွမ်းရည်တွေကို ငယ်စဉ်အခါတည်းက ပြုစုပျိုးထောင်ပေးတဲ့ သဘောရည်ရွယ်မှုတွေနဲ့ အခုလိုလုပ်ဆောင်တာပါ”ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။
အင်္ဂလိပ်စကားပြောသင်ခန်း စာသင်ရန် အခြေခံပညာကျောင်း တို့တွင် စာသင်ချိန် တစ်ချိန်သီးသန့် ထည့်သွင်းရမည်ဖြစ်ပြီး၊ ဆရာ ဆရာမများ သင်ကြားပေးနိုင်ရန် လည်း လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

မာလ်တီမီဒီယာအခန်း ကျောင်းသားများ အသုံးပြုနိုင်ရေး တွန်းအားပေးမည်
အခြေခံပညာ ကျောင်းအချို့ရှိ မာလ်တီမီဒီယာ စာသင်ခန်းများကို ကျောင်းသားများအသုံးပြုနိုင်ရန် ပညာရေးဝန်ကြီးဌာနကတွန်းအားပေး လုပ်ဆောင်သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောသည်။
”ရန်ကုန်မှာဆိုရင် ဒဂုံ(၁)တို့ စတဲ့ ကျောင်းကြီးတွေမှာလောက်ပဲ ဒါကိုလုပ်နေတယ်။ ကျန်တာတွေက မလုပ်နိုင်ဘူး။ ဒါကြောင့် ကျန်တာတွေကို တွန်းအားပေးမှုတွေ လုပ်ဆောင်သွားမှာ”ဟု ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိတွင် မာလ်တီမီဒီယာ သင်ထောက်ကူအခန်းတို့ကို ကျောင်းသားများ အသုံးပြုရန် သီးခြားအချိန် မထည့်ထားခြင်းနှင့် သင်ထောက်ကူခန်းရှိ ပစ္စည်းတို့မှာလည်း ပျက်စီးမှုများရှိနေကြသည် ဟု စုံစမ်းသိရှိရသည်။
ဒုတိယဝန်ကြီးက သင်ထောက် ကူအခန်းများ အသုံးပြုနိုင်ရန် လျှပ် စစ်မီးမှာလည်း လိုအပ်ကြောင်း၊ ကျောင်းအချို့မှာလည်း ပစ္စည်းရှိ သလောက်နှင့်သာ လုပ်ကိုင်နေ သည်ကို မိမိသိရှိနေရကြောင်း ၄င်းက ဆက်လက်ပြောသည်။ ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက မာလ်တီမီဒီယာအခန်း တို့ကို မိဘအားဖြင့်သာလုပ်နေကြရ၍ မနိုင်ကြတော့သည့်အတွက် ဖွံ့ဖြိုးတိုးတက်မလာကြောင်း၊ ဆရာများကလည်း ဆောင်ရွက်ပေးနိုင်ရန် ခွန်အားမရှိကြကြောင်း ပြော သည်။
”ပျက်နေတာ များပါတယ်။ ဒါပေမယ့် အခု ဦးစီးဌာနအလိုက် အသုံးစရိတ်တွေက အရင်ကထက် ရနေတော့ကွန်ပျူတာတွေ ဖြည့်တင်းပေးဖို့တော့ ရှိနေတာကို သိရပါ တယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောသည်။ အခြေခံ ပညာကျောင်းများ၌ မာလ်တီမီဒီယာအခန်းတို့ကို ယခင်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်လက်ထက် တွင် အခြေခံပညာစာသင်ကျောင်း အချို့တို့၌ ဖွင့်လှစ်ပေးခဲ့သည်။

ပြန်တမ်းဝင်စာမေးပွဲ မြို့ကြီးများတွင်ပါ ထည့်သွင်းကျင်းပတော့မည်
နိုဝင်ဘာလမှစကာ လျှောက်လွှာခေါ်ယူမည့် ပြန်တမ်းဝင်အရာရှိလောင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့၏ အာမခံမှုဖြင့် မြို့တော်အသီးသီးတွင် ရေးဖြေ စာမေးပွဲများကို စစ်ဆေးပေးသွားမည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ထမ်းရွေးချယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ပြောသည်။
”ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက ပြည်ထောင်စုအစိုးရ အဖွဲ့ထံ တင်ပြလိုက်တဲ့အပေါ် သဘောတူညီမှုရရှိခဲ့တဲ့အတွက် အခုလိုဆောင်ရွက်ပေးတာပါ”ဟု ညွှန် ကြားရေးမှူးချုပ်က ပြောသည်။
အောက်တိုဘာလတွင် ခေါ်ယူခဲ့သော ရာထူးအသီးသီးတို့မှာ နေပြည်တော်တွင် နောက်ဆုံး လာရောက် ဖြေဆိုကြရ မည်ဖြစ်ပြီး နောက်ပိုင်းတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော် ၁၅ ခုတို့၌ ဆက်လက်ဖြေဆိုကြရလိမ့်မည်ဟု ၄င်းက ပြောသည်။
အစိုးရဌာနများအတွင်း အရာ ရှိအဆင့်ဖြင့် ဝင်ရောက် ထမ်း ဆောင်လိုကြသူတို့က ၄င်းတို့၏ ဇာတိအသီးသီးမှ နေ၍ နေပြည်တော်သို့ လာရောက်ကာ ရာထူးဝင်စာမေးပွဲ ကို ဖြေဆိုကြရသည့်အတွက် ခရီးစရိတ်အကုန်အကျများ နေကြကြောင်း စသည်ဖြင့် လွှတ်တော်တွင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးခွန်းတစ်ခု ထည့် သွင်း မေးမြန်းခဲ့ဖူးသည်။
ပြန်တမ်းဝင်အရာရှိအဆင့် ဝန်ထမ်းရွေးချယ်ခန့်ထားရေးကို ဥပဒေအရ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ဆောင်ရွက်နေပြီး ဝန်ကြီးဌာနအသီးသီးက လစ်လပ်နေရာ တင်ပြ မှုအရ ရေးဖြေနှုတ်ဖြေစာ မေးပွဲ ခေါ်ယူစစ်ဆေးမှုဖြင့် ရွေး ချယ်ခန့်ထားပေးသည်။ နေပြည်တော်မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့တို့က ရာထူးဝင်စာမေးပွဲ ကျင်းပခြင်းကိစ္စရပ်ကို မြို့တော်အသီးသီးတွင် ဦးဆောင်စီမံမှုကို ပြုလုပ်ကြ ရမည်ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့ထံမှ သိရှိရသည်။

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်
၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။ ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။ ''နိုင်ငံမှာ ၁၂ တန်းပညာ ရေးအဖြစ် ပြင်မှာလား၊အဖွဲ့က သဘောတူရင် ကျွန်တော်ပြင်မယ်။ အဖွဲ့ကလည်း သဘောတူတဲ့အ တွက် ပြင်ဖို့ စုပေါင်းလုပ်ကြမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူက အတည်ပြုပြောသည်။
လက်ရှိ ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်း သင်ယူသူတို့ မှာ ယခုစနစ်အတိုင်း သွားမည်ဖြစ် သော်လည်း ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်၌ ၉ တန်းစတင် တက်ရောက် ကြမည့် ကျောင်းသား/သူတို့မှာ စနစ်သစ်နှင့် စတင်တက်ေ ရာက် ပညာသင်ယူရမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။ ''လာမယ့် စနစ်သစ်က အခြေခံမူလတန်းအဆင့်မှာ အတန်း ငါးတန်း၊ အလယ်တန်း အဆင့်မှာ အတန်းလေးတန်း၊ အထက်တန်း အဆင့်မှာ အတန်းသုံးတန်း ဒီလိုရှိ သွားမယ်''ဟု ဦးအေးကြူက ပြော သည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက် တာချမ်းငြိမ်းကလည်း လက်ရှိ အခြေခံပညာရေးစနစ်မှာ ၁၁ တန်းပညာရေးသာဖြစ်နေ၍ အိမ်နီး ချင်းနိုင်ငံတို့နှင့်ပင် ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရ ကြောင်း၊ ၁၂ တန်းပညာရေး သာ ဖြစ်သင့်ကြောင်း ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ အလွတ်တန်းဆရာ ဒေါက် တာ စိုးဝင်းဦးက ''အကြိမ်ကြိမ်ပြော ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင် ထားတဲ့ ကျောင်းသားတစ်ယောက် က နိုင်ငံခြားမှာ တက္ကသိုလ် ပထမ နှစ် စမတက်နိုင်ကတည်းကိုက ဒီမှာ တစ်ဆင့်နိမ့်နေပါပြီ ပြင်သင့်ပါတယ်''ဟုမှတ်ချက်ပြုသည်။
ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးတို့ကို ပြန် လည်ပြုပြင်ရေးဆွဲခြင်း၊ ဖြည့်စွက် ခြင်း၊ အဆင့်မြှင့်ခြင်း အစရှိသည် တို့ကို ဆောင်ရွက်နေပြီး အသစ် ထပ်မံတိုးချဲ့မည့် စာသင်နှစ်တစ်ခု အတွက်ကိုပါ လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။
Myanmar Express
ပြည်တွင်း၌ Nano Sim Card ထုတ်ပေး နိုင်အောင် စီစဉ်သွားရန်ရှိ
အသစ်ထွက်ရှိ လာတဲ့ i-Phone 5 ကို ပြည်တွင်းမှာ အသုံးပြုနိုင်ဖို့ အတွက် Nano Sim Card တွေကို မှာယူ ထုတ်လုပ် ပေးသွားဖို့ စီစဉ်သွားမှာဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ထုတ်ပေးဖို့ စီစဉ်ရာ မှာတော့ ပြည်တွင်းမှာ i-Phone 5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် လုပ်ဖို့ကို စီစဉ်မှာ ဖြစ်ပါတယ်။
ဒါကလည်း မြန်မာ့ ဆက်သွယ်ရေးမှ Nano Sim ကတ် ထုတ်ပေးရမယ့် ပမာဏကို ထည့်သွင်း စဉ်းစားဖို့လိုအပ် တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဈေးကွက်ထဲကို i-Phone-5 ၀င်ရောက် လာပြီး အသုံးပြုဖို့ ခက်ခဲနေ သေးပေမယ့် pre-order မှာယူထားသူ ၁၀ ဦးနဲ့ အထက်မှာ ရှိနေတယ်လို့ Apple ကုမ္ပဏီမှ တရားဝင် ကိုယ်စားလှယ် ရရှိအောင် လုပ်ဆောင် နေတဲ့ ပြည်တွင်း ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း နာနိုဆင်းကတ်တွေ ထုတ်ပေးဖို့ အတွက် လက်ရှိ ပြည်တွင်းရဲ့ i-Phone-5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် ၀ယ်ယူ ထုတ်ပေးနိုင်ဖို့ အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူမှုတွေက အစ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express
သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့ကြောင့် မြန်မာ့နိုင်ငံရေးတိုးတက်မှု အိုဘားမား ချီးကျူး
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ အားတက်စကား ပြောဆို သွားပါတယ်။
မြန်မာသမ္မတက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ပိတ်ထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို လွတ်လပ်ခွင့်ပေးတာ၊ ထင်ရှားတဲ့ အတိုက်အခံခေါင်းဆောင် တယောက်ကို လွှတ်တော်မှာ ပါဝင်ခွင့်ပြုခဲ့တာတွေ ရှိခဲ့ပါတယ်။ လူထုအနေနဲ့လည်း နောက်ထပ် အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ စောင့်စားနေကြပါတယ်လို့ သမ္မတ အိုဘားမား က ပြောသွားပါတယ်။
အမေရိကန်သမ္မတ အိုဘားမားသည် ကျင်းပလျက်ရှိသော ကုလသမဂ္ဂအထွေထွေညီလာခံသို့ ယမန်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာ လစ်ဗျားတွင် သံရုံးစီးနင်းခံရမှု၌ သေဆုံးခဲ့ရသော အမေရိကန်သံအမတ်ကြီး ခရစ်စတီဗင်အကြောင်း၊ ဒီမိုကရေစီသို့ ပြောင်းလဲခဲ့သော အာရပ်နွေဦးအကြောင်းနှင့် မြန်မာတွင်လည်း သမ္မတ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့မှုတို့အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အိုဘားမားက မာလာဝီ၊ ဆီနီဂေါနှင့် မြန်မာတို့တွင် ဖြစ်ပေါ်ခဲ့သော ငြိမ်းချမ်းသည့် အသွင်ကူးပြောင်းမှုများကို အသိအမှတ်ပြုပြောခဲ့တာဖြစ်ပါတယ်။
၎င်းက "မြန်မာပြည်မှာဆိုရင် သမ္မတဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးဟာလည်း လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရ ပါပြီ။ ပြည်သူတွေဟာလည်း နောက် ထပ် ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် မျှော်ကြည့်နေကြပါတယ်"လို့ ပြောခဲ့ပါတယ်။

မီးဘေး လုံခြုံရေး အတွက် တစ်နိုင်ငံလုံးရှိ ဈေးများတွင် ပုံမှန် စစ်ဆေးမှုများ ပိုမိုပြုလုပ် လျက်ရှိ
မြန်မာ တစ်ဝန်းလုံးမှာ တည်ရှိနေတဲ့ ဈေးများမှာ ဈေးမပိတ်မီ နာရီဝက် အလိုမှ စတင်ကာ မီးဘေး လုံခြုံရေးကို မီးသတ် တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ရှိ သူများနဲ့သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိ သူများမှ ပုံမှန် စစ်ဆေး စောင့်ကြည့်မှုတွေ ပြုလုပ် လျက်ရှိပြီး ယခု နောက်ပိုင်း မှတော့ အဆိုပါ စစ်ဆေး မှုတွေကို ပိုမိုတိုးချဲ့ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဈေးတွေမှာ ယခုလို မီးဘေး အန္တရာယ် ကာကွယ်ရေး အတွက် စစ်ဆေးမှုတွေကို ၂၀၁၀ ပြည့် နှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ယခုအချိန် အထိ စစ်ဆေးလျက် ရှိတာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ မှာတော့ မန္တလေးမြို့ရှိ ဈေးကြီး တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားစေဖို့ တမင် ကြံစည်ပြီး ပုံစံအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ ဓါတ်ဆီထုပ် ၈ ထုပ်ကို တွေ့ရှိခဲ့တာကြောင့် အခုလို စစ်ဆေးမှုတွေ ပိုမိုပြုလုပ် လျက်ရှိနေတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် မီးလောင်မှု ဖြစ်ပွားစေဖို့ ပြုလုပ်တဲ့ ပြစ်မှု ကျူးလွန် သူများ ကိုလည်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှ တရားလို ပြုလုပ်ပြီး အရေးယူမှုများ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ဈေးများမှာ မီးလောင်မှု တွေဟာ အခြား နေရာများမှာ မီးလောင်မှုတွေထက် ဆုံးရှုံးမှု ပိုမိုများပြား တယ်လို့ သိရပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ် ပြီးခဲ့တဲ့ သြဂုတ်လကုန် အထိ ၂ နှစ်ကျော် ကာလ အတွင်းမှာ မြန်မာနိုင်ငံ တစ်ဝန်းလုံး မှာရှိတဲ့ ဈေးမီးလောင်မှု အကြိမ် ၂၀ ကျော် ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
အင်္ဂလန်တွင် ဆယ်ကျော်သက်များ အလုပ် လက်မဲ့ မြင့်မားနေ သော်လည်း မြန်မာနိုင်ငံက အလုပ်လက်မဲ့များကဲ့သို့ ကိုယ်အသုံးမကျတာကို အစိုးရအပေါ် လွှဲချခြင်းမရှိ
အင်္ဂလန်တွင် ဆယ်ကျော်သက်များ အလုပ် လက်မဲ့ မြင့်မားနေ သော်လည်း မြန်မာနိုင်ငံက အလုပ်လက်မဲ့များကဲ့သို့ ကိုယ်အသုံးမကျတာကို အစိုးရအပေါ် လွှဲချခြင်းမရှိကြောင်း သတင်းရရှိသည်။
အင်္ဂလန် နိုင်ငံတွင် လေ့လာမှု စစ်တမ်းအရ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်အတွင်း ကျောင်းနေရခြင်း မရှိသည့် အလုပ် လက်မဲ့ ဆယ်ကျော်သက် ကလေး အရေအတွက်မှာ တိုးမြင့် လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
နောက်ဆုံး ထုတ်ပြန်သည့် တရားဝင် စာရင်းများအရ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားရှိ လူငယ် ၁၉၁ဝဝဝ သည် ပညာသင်ကြားရခြင်း မရှိဘဲ အလုပ်လက်မဲ့ ဖြစ်နေသည်ကို တွေ့ရှိရသည်။ အဆိုပါ အရေအတွက်မှာ ၂ဝ၁၂ ခုနှစ် ဧပြီ၊ မေနှင့် ဇွန် သုံးလတာကာလ အတွင်းရှိ အလုပ်လက်မဲ့ ကလေး အရေအတွက် ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် ဧပြီ၊ မေနှင့် ဇွန်သုံးလတာ ကျောင်းမနေရသည့် အလုပ်လက်မဲ့ ကလေး အရေအတွက်မှာ ၁၈၆ဝဝဝ ဦးရေရှိသည်။ လေ့လာ တွေ့ရှိချက် များအရ အသက် ၁၆ နှစ်မှ ၂၄ နှစ် အကြားရှိ လူငယ် ၉၆၈ဝဝဝ ဦးခန့်မှာ ယခုနှစ် ဧပြီ၊ မေနှင့်ဇွန် သုံးလ အတွင်း ပညာ သင်ကြားရခြင်း မရှိသည့် အလုပ်လက်မဲ့ လူငယ်များ ဖြစ်နေကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင်လည်း အလုပ်လက်မဲ့အများ ရှိပြီး ၎င်းတို့အနေဖြင့် ကိုယ်တိုင်အသုံးမကျလို့ အလုပ်မရတာကို အစိုးရကြောင့် အလုပ်မရတာဆိုပြီး အပြစ်တင်ဝေဖန်လေ့ရှိကြကြောင်း သိရပါတယ်။
Myanmar Express
ရန်ကုန်ရေပြတ်၊ ရေသန့်ဈေးခုန်တက်
ရန်ကုန်သို့ ရေပေးဝေသည့် ချိုးဖြူပိုက်လိုင်းမှ ရေခံယူနေသည့် အမျိုးသမီးတဦး
(ဓာတ်ပုံ – Reuters)
လှော်ကား ရေပိုက်လိုင်း ပေါက်ခြင်းကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရေ ၃ ရက်ကြာ ပြတ်တောက်သွားခဲ့ သဖြင့် ချိုးရေ၊ သုံးရေများအတွက် သောက်ရေသန့် ဘူးများကို ဈေးအဆမတန် ပေးဝယ်ကာ အသုံးပြုခဲ့ရကြောင်း မြို့ခံများက ပြောသည်။
“ရေပြတ်မယ်ဆိုတာကို ကျမတို့က မသိလိုက်တော့ ကြိုတင်ဘာမှ လုပ်မထားမိဘူး။ အရင်က ရေသန့်တဘူးကို ၅ လွှာအရောက်မှ ကျပ် ၅၀၀ ပဲပေးရတယ်။ အခုက ၁၀၀၀ တောင် ပေးဝယ်ရတယ်။ မတတ်နိုင်ဘူးလေ ၀ယ်ရတာပေါ့၊ ရေမှမရှိတာကို။ အဲဒီရေသန့်ကိုပဲ သုံးရေအဖြစ် သုံးနေရတယ်၊အခုဒီတခေါက် ရေပြတ်တာ ၃ ရက်ထဲတောင် လူတွေတော်တော် ဒုက္ခရောက်တာ၊ နောက်ဒီထက် ကြာရင် မလွယ်ဘူး။ အဲဒီလိုမဖြစ်အောင် ရေတိုင်ကီတွေ ၀ယ်ထားရတော့မယ်” ဟု ကျောက်မြောင်း ရပ်ကွက် အတွင်းရှိ ၅ လွှာ တိုက်ခန်းတခန်းတွင် နေထိုင်သူတဦးက ဆိုသည်။
ရန်ကုန်မြို့လယ် ၆ မြို့နယ်တွင် ရေပြတ်လပ်မည်ဟု ရုပ်သံ အစီအစဉ်များတွင် ထည့်သွင်း ကြေညာသည်ဟု သိရသော်လည်း ၎င်းအနေဖြင့် မသိလိုက်ကြောင်း သူက ဆက်ပြောသည်။
ထို ရေပြတ်လပ်မှုမှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သည့် ၃ လခန့်က ၃ ရက်ခန့် ရေ ပြတ်လပ်ခဲ့ သေးကြောင်း၊ပထမ အကြိမ်ရေပြတ်လပ် စဉ်ကထက် ယခုတကြိမ် ရေပြတ်လပ်မှုမှာ ပိုမို အခက်အခဲ ကြုံတွေရကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းသို့ ရေပြတ်လပ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင် ရေသန့်ဌာနမှ ဗိုလ်မှူးကြီးမြင့်ဦးက “အခုလို ရေပြတ်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ သိရင်တော့ ချက်ချင်း ဘယ်မှာဖြစ်တယ်ဆိုတာ ရှာဖွေပြီး လုပ်ပေးလို့ရတယ်၊ ကြိုတင် ကာကွယ်ဖို့ကျတော့ ဘယ်နေရာမှာ ဘယ်လိုတွေဖြစ်တယ်ဆိုတာ အမြဲတစေ စောင့်ကြည့်နေလို့လည်း အဆင်မပြေဘူး။ သိပြီဆိုရင်တော့ အလွယ်တကူလုပ်ပေးလိုရတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ရေပြတ်လပ်မှုများ မကြုံတွေ့စေရန် ဟောင်းနွမ်းနေသည့် ပိုက်လိုင်းများအား အသစ် ပြန်လည် လဲတပ်မှုများ ပြုလုပ်ရမည် ပြောသည်။
ရေပြတ်လပ်မှု ဖြစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကြိုတင် အကြောင်းကြားသည့် အနေဖြင့် MRTV4၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်မြင်သံကြားတို့တွင် ကြေညာပေးခဲ့ကြောင်း၊ လှော်ကား ရေပိုက်လိုင်း ပေါက်ခြင်းကြောင့် ယခုကဲ့သို့ ရေပြတ်လပ်ခဲ့ကြောင်း၊ ယင်းရေပိုက်ကို အမြန်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ထိုသို့ မြို့နယ်များအတွင်း ရေပြတ်လပ်မှု ဖြစ်ပ်ါလာပါက ရန်ကုန်တိုင်းဒေသကြီး စည်ပင်ရုံး ရေသန့်ဌာနသို့ အမြန်ဆုံး သတင်းပေးပို့ခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်နိုင်ကြောင်း ဗိုလ်မှူးကြီး မြင့်ဦးက ရှင်းပြသည်။
ရေသန့်ဌာနသို့ ဆက်သွယ်ရန်ဖုန်းမှာ ၀၉ ၂၄၉၆၆၅၅ ဖြစ်ကြောင်း သိရသည်။
မြ န် မာေ နွ ဦး
အကြောင်းအကျိုးအမှန် မြန်မာလမ်းလေတဲ့
ဒေါင်းမျိုးအသံ ကမ္ဘာလွှမ်းနေခဲ့ပြီ …။
ပန်းတွေနဲ့ဝေ အမေတစ်ယောက်ရယ်က
အလွမ်းတွေနဲ့ တပြည်ရောက်တို့ကို
အပန်းတွေ ပြေကာပျောက်စေဖို့
စခန်းတွေ အမေလျောက်တယ်ကွယ့်
ပန်းပိတောက်ရယ်
လွမ်းလောက်ပါရဲ့
နန်းတစ်ထောက်ရယ်က မဝေးတော့ပြီ …။ ။
ဆန်းဒါးလန်း၊ ယူကေ။
ဇော်ထက် (ပျဉ်းမနား)
သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ စက်တင် ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေ ရိကန်ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို မေးမြန်းပြီး ကိုဝင်းမင်း က တင်ပြထားပါတယ်။
မေး။ ။ မနေ့က ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြလို့ရမလား။ ဖြေ။ ။ နယူးယောက်မှာ အတူတူရောက်နေကြတဲ့ ကျနော်တို့ဘက်ကလည်း နိုင်ငံတော် သမ္မတကြီး၊ ဟိုဘက်ကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမကြီးနဲ့ အတူတူ ရှိနေတော့ အမကြီးက လာပြီးတော့ နှုတ်ဆက်တာပေါ့ဗျာ။ တွေ့တယ်၊ စကားလေး ဘာလေး ပြောတယ်။ ရန်ကုန်မှာလိုပဲ၊ နေပြည်တော်မှာလိုပဲ တယောက်တယောက် ရင်းနှီးကြ တယ်လေ။ တွေ့ဆုံတယ်၊ ဒီသဘောပါ။
မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲမှာ အရေးပါတဲ့ တခြားကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့တာ ရှိလား။
ဖြေ။ ။ အဲဒီကိစ္စတွေ နည်းနည်းပါးပါး ရှိပါတယ်။ သို့သော်လည်းပဲ ဒါကတော့ ထုတ်ပြန်တာ မဟုတ်တဲ့ အတွက်ကြောင့် - ကိုဝင်းမင်းရာ- ကောင်းတဲ့ တွေ့ဆုံမှုလေးလို့ လောက်ပဲ ကျနော်က ပြောချင်ပါတယ်။
မေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဘယ်လို အနေအထားကောင်းတဲ့ တွေ့ဆုံမှုလေးလို့ သုံးသပ်လို့ရလဲ ခင်ဗျ။ ဖြေ။ ။ အော်- လူကြီးတွေ တွေ့တာကောင်းတာပေါ့ဗျာ။ (ရယ်သံ) အရင်တုန်းက တယောက်နဲ့ တယောက် မျက်နှာချင်းဆိုင်လို့မှ မရတာ။ အခုဟာကတော့ အတူတကွ လုပ်ဖော်ကိုင်ဘက်တွေအဖြစ် တိုင်းပြည် တိုးတက်ဖို့၊ သန်းခြောက်ဆယ်ခန့်သော ပြည်သူတွေ တိုးတက်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု- စီးပွားရေး အကုန်ပေါ့ဗျာ။ ဒီအတွက် နှစ်ယောက်ရဲ့အားက နည်းတဲ့အားလားဗျာ။
မေး။ ။ ဟုတ်ကဲ့ ဝန်ကြီး၊ နောက်တခုက ဒီနေ့ တကယ့် အဆင့်မြင့် အရာရှိကြီးတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပွဲကရော ဘယ်လို ရည်ရွယ်ချက်တွေ ထားပြီးတော့ ဘာတွေ အဓိက ဆွေးနွေးဖို့ ရှိလဲမသိဘူးခင်ဗျာ။
ဖြေ။ ။ ဟီလာရီကလင်တန်နဲ့ မကြာခဏတွေ့ပါတယ်။ မကြာခဏဆိုတာ ခဏ ခဏတော့ မဟုတ် ဘူးပေါ့လေ။ ဟိုး ယခင်နှစ် ကာလတွေကတည်းကစလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမ- ဒီလာပြီးတဲ့ နောက် ပိုင်းကတည်းက တွေ့တာပဲလေ။ တလောလေးကပဲ ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap မှာ ထပ်တွေ့ တယ်လေ။ အခုလည်း တွေ့တာပေါ့။ တွေ့တဲ့အခါ ကောင်းတဲ့ရလဒ်တွေချည့်ပဲ ပေါ်ပေါ် လာတာပါပဲ။ ကျနော်တို့ကလည်း ကျနော်တို့ လုပ်တာတွေနဲ့ ဆွေးနွေးကြတယ်။ သူကလည်း သူမြင်တာတွေ ဆွေးနွေးလေ့ ရှိတယ်။ ပြီးရင် အမေရိကန်အစိုးရ လုပ်သင့်လုပ်ထိုက်တာတွေလည်း သူက အမြန် အကောင်အထည် ဖော်ပေးတယ်လေ။ ဒါ- အလွန်ကောင်းတဲ့ တွေ့ဆုံမှုပေါ့။
မေး။ ။ ဟုတ်ကဲ့။ ဒီတွေ့ဆုံပွဲကနေ ဝန်ကြီးတို့ မျှော်လင့်ထားတာတွေရော ရှိပါလား။
ဖြေ။ ။ မျှော်လင့်ထားတာတွေ ပြောရမယ်ဆိုရင် ရှိတာပေါ့ဗျာ။ သို့သော်လည်း မျှော်လင့်ကောင်းတဲ့ အရာ မဟုတ်တော့ ကိုယ်က- ဒါက သူတို့အစိုးရရဲ့ကိစ္စလေ။ ကျနော်တို့ကလည်း ကျနော်တို့ ပြည်သူ လူထုအကျိုးအတွက် ပြုပြင်ပြောင်းလဲရတာကိုး။ သူတို့အပိုင်းကလည်း သူတို့ လုပ်သင့်လုပ်ထိုက်တာ လုပ်ဖို့ သူတို့ မူဝါဒတွေ ချထားတာပဲ။ သူတို့က ကျနော်တို့နဲ့ ဟန်ချက်ညီညီ လိုက်ပြီး move လုပ်မယ် ဆိုရင်တော့ အလွန်လှပတဲ့ အကျိုးကျေးဇူးကို နှစ်ဘက်လုံးရမှာပေါ့။
မေး။ ။ ဟုတ်ကဲ့ဝန်ကြီး၊ နောက်တခုက အခုခရီးစဉ်မှာ ဝန်ကြီးလေးပါးပေါ့နော်၊ နိုင်ငံခြားရေး ဝန်ကြီး ရယ်၊ ပြည်ထဲရေးနဲ့လူဝင်မှုကြိကြပ်ရေးရယ်၊ နောက် နယ်စပ်ရေးရာပေါ့နော်-ပါလာတာအပြင် လွှတ်တော် အမတ်နှစ်ဦးလည်းပါတဲ့အတွက် ဒီခရီးစဉ်မှာ နောက်ထပ်ပေါ့နော် နောက်နေ့ တွေမှာ လုပ်မယ့် အစီအစဉ်တွေမှာရော ဘယ်လိုအနေအထားတွေရှိမလဲ ဝန်ကြီးရေ။
ဖြေ။ ။ အားလုံးစုံအောင်ပေါ့ဗျာ၊ ဒီ Foreign Minister (နိုင်ငံခြားရေးဝန်ကြီး) ကတော့ သူ့ အလုပ် ကတော့ ဒီမူလအလုပ်ပေါ့။ ကျနော်တို့ ပါလာတာကတော့ Investment (ရင်းနှီးမြှုပ်နှံ မှု) နဲ့ ပတ်သက် လို့ အခြားဟာတွေမေးမယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်းနဲ့ နိုင်ငံရေး လုပ်ငန်းတွေ မေးရင်လည်း ကျနော်တို့က နည်းနည်းပြောမယ်။ ဝန်ကြီး ဦးခင်ရီကလည်း သူနဲ့ ပတ်သက်တဲ့ Black List (အမည် မည်းစာရင်း) ကိစ္စတွေ၊ ဗီဇာတွေ၊ တခြားမှတ်ပုံတင် ကိစ္စ တွေ၊ မှတ်ပုံတင် ဥပဒေတွေမေးရင် သူဖြေ မယ်။ အဲ့လိုပဲ ဦးသိန်းဌေးက ရခိုင်ပြည်နယ် အရေးအခင်းကို သူက နယ်စပ်ဝန်ကြီးအနေနဲ့ သွားနေတဲ့ အတွက် သိချင်တဲ့ကိစ္စတွေ In-depth (နက်နက်ရှိုင်းရှိုင်း) ပေါ့လေ၊ သူတို့က ဖြေနိုင်ဖို့ အတွက် ခေါ် လာခြင်းဖြစ်ပါတယ်။
အလားတူပဲ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ ကယားပြည်နယ်က ဦးစုရယ်၊ ကရင်ပြည် နယ်က ဦးထွန်းမြတ်အောင်၊ သူတို့ကလည်း UN (ကုလသမဂ္ဂ) မှာ တက်ရောက် နားထောင်ပြီးတော့ exposure (ထိတွေ့မှု) တွေရပြီးတော့ ဗဟုသုတတွေ ပိုရလာစေဖို့ ကျနော်တို့က ဒီလို ဖွဲ့စည်းဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ပြောလိုပါတယ်။
မေး။ ။ ဝန်ကြီးအနေနဲ့လည်း မြန်မာ community (အသိုင်းအဝိုင်း) နဲ့လည်းတွေ့မယ်ပေါ့ နော်၊ သမ္မကြီး က မတွေ့နိုင်သော်လည်းပဲ အဲ့လို ကြားထားတာ ရှိပါတယ်။ စနေနေ့မှာလို့ ကြားထားပါတယ်။ အဲ့ဒီတော့ ဒီခရီးစဉ်တခုလုံးကနေပေါ့နော်၊ ဝန်ကြီးတို့အနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ရဖို့ မျှော်လင့်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ သမ္မတကြီးလုပ်နေတဲ့ Message (သတင်းစကား) တွေကို UN မှာ officially (တရားဝင်) ပေးလိုက်မှာပေါ့။ ဒါက တကမ္ဘလုံးက ဒီ Message အပေါ်မှာ သုံးသပ် ကြမယ်၊ အကဲဖြတ်ကြမယ်၊ ဒါက လုပ်ငန်းကြီးတခုပေါ့။ ကျနော်တို့ ရောက်တဲ့အခါမှာ မီဒီယာအဆင့်ဆင့်က ကျနော်တို့ကို မေးနေတာတွေ ကျနော်တို့က ပိုပြီးတော့ Transparency ဖြစ်ဖြစ်၊ ပွင့်ပွင့်လင်း လင်း မြင်မြင် သာသာ သူတို့မေးတာတွေကို ကျနော်တို့ ရှင်းပြလျှက် ရှိတယ်။ အခု ခင်ဗျားမေး သလိုပေါ့။ မေးတော့ ကျနော်တို့ ပြောတာပေါ့။ အလားတူပဲ သက်ဆိုင် တဲ့ community ပေါ့။ US မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းနဲ့ ကြုံရင်ကြုံသလို ကျနော်တို့ မေးမြန်း ဖြေကြားတာတွေ ဆောင်ရွက် မယ်၊ တခြား US က Civil Society တွေဖြစ်တဲ့ တခြားဟာတွေ ပေါ့။ Asian Society တို့လို၊ US Asean Business Council တို့လို၊ US Chambers Commerce တို့လို စသဖြင့် ဒါတွေလည်း ကျနော်တို့ ထိတွေ့သွားမယ်လေ။ ဒါလေးတွေကို ကျနော်တို့ အလျဉ်းသင့်သလို ဆောင်ရွက်သွားဖို့ ရှိပါတယ်လို့ ပြောချင်ပါတယ်။ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကတော့ UN မှာ နိုင်ငံတော် သမ္မတအနေ နဲ့ ပြောသင့်ပြောထိုက်တာတွေ၊ တင်ပြသင့် တင်ပြထိုက်တာတွေ တင်ပြခွင့်ရဖို့အတွက် လာတဲ့ ခရီးစဉ်ပဲဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဝန်ကြီးခင်ဗျား။
ဖြေ။ ။ ကောင်းပါပြီ ခင်ဗျ။

အာရှဓနနဲ့ မေဖလားဝါး ဘဏ်တွေပေါ်ပိတ်ပင်မှု အမေရိကန်ပယ်ဖျက်
ငွေကြေးခ၀ါချမှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်နှစ်ခုအပေါ် ကန့်သတ် ပိတ်ပင်ထားတာတွေကို အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ တချိန်က အကြီးဆုံးပုဂ္ဂလိကဘဏ် နှစ်ခုဖြစ်တဲ့ မေဖလားဝါးဘဏ်နဲ့ အာရှဓန ဘဏ်တွေကို အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေက ၀န်ဆောင်ခွင့် လုပ်ကိုင်ခွင့်မပေးဘဲ တားမြစ်ထားတာတွေကို ပယ်ဖျက်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ငွေကြေး ခ၀ါချတဲ့ အရင်းအမြစ် လုပ်ငန်းတွေ အဖြစ်နဲ့ရော ဒီဘဏ်နှစ်ခုရဲ့ လုပ်ငန်း ရှင်တွေဟာ တရားမ၀င် ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်တဲ့ လုပ်ရပ်တွေ ရှိနေတယ် ဆိုပြီး ၂၀၀၄ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ကတည်းက ဥပဒေအဖြစ် ထုတ်ပြန် တားမြစ်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မြန်မာ အစိုးရက မေဖလားဝါးနဲ့ အာရှဓန ဘဏ်တွေရဲ့လုပ်ငန်း လိုင်စင်တွေကို ပြန် လည် ရုပ်သိမ်းလိုက်တဲ့အတွက် ဒီလုပ်ငန်းတွေဟာ ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်နိုင်တော့တဲ့ အတွက် တားမြစ်ချက်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ကြေညာချက်က ဖော်ပြခဲ့တာပါ။
ဒီကြေညာချက် မတိုင်မီမှာဘဲ အမေရိကန် ပြည်ထောင်စုမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်နဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့် တားမြစ်ခံရသူတွေအဖြစ် သမ္မတ ဦးသိန်းစိန်အပေါ် ကန့်သတ် တားမြစ်ထားတာကိုလည်း ဘဏ္ဍာရေး ၀န်ကြီးဌာနက ပယ်ဖျက်ပေးခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန် ပြည်ထောင်စုကို ရောက်လာမယ့် ခရီးစဉ် မတိုင်မီမှာဘဲ သမ္မတဦးသိန်းစိန် အပေါ် အမေရိကန်နိုင်ငံတွင်း ခရီးသွားလာခွင့် တားမြစ်ချက်ကို သမ္မတ ဘရက်ခ် အိုဘားမားက ရုပ်သိမ်းပေးခဲ့တာပါ။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထွက်ပေါ်လာတာနဲ့ အမျှ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်မှုတွေကို တဖြည်းဖြည်း လျှော့ပေါ့ပေးနေရာမှာ သမ္မတဦးသိန်းစိန်ရော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ ရောက်ရှိနေတဲ့အချိန်မှာ နောက်ထပ် ဖြေလျှော့မှုတွေ တွေ့မြင်ရနိုင်တယ်လို့လည်း မျှော်လင့်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင်အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခုလို တွေ့ဆုံခဲ့ရာ သမ္မတဦးသိန်းစိန် တည်းခိုတဲ့ ဟိုတယ်လ်မှာပဲ ဗွီအိုအေ မြန်မာပိုင်းက သွားရောက်ပြီးတော့ သတင်းယူနေတဲ့ ဦးရော်နီညိမ်းကို မေးမြန်းတင်ပြထားပါတယ်။
မေး။ ။ ဦးရော်နီရေ့- သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုကို ဦးရော်နီမြင်ရ သိရတာတွေ ပြောပြပေးပါ အုံးရှင်။
ဖြေ။ ။ ဟုတ်ကဲ့။ အခု နောက်ဆုံးတွေ့ဆုံမှုကတော့ အရေးအကြီးဆုံးပဲပေါ့နော်။ အဲဒီကနေပဲ စပြော လိုက်ပါမယ်။ အခု မိနစ်ပိုင်းကလေးကပဲ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြန်လည် ထွက်ခွာ သွားခဲ့ပါပြီ။ သူက ဝန်ကြီးလေးဦးပါဝင်တဲ့ သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ မိနစ် လေးဆယ်လောက် ဆွေးနွေး သွားပါတယ်။ အဲဒီတော့ ပြီးလို့ရှိရင် ဘာတွေ ပြောလဲဆိုတာ အကျဉ်းချုပ်ပြောပြမယ်ဆိုပြီး သံ အမတ်ကြီး ဦးသန်းဆွေက ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပြပါတယ်။
သူ ပြောတဲ့ အဓိက နှစ်ချက်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတွေကို အသိ အမှတ်ပြု ချီးကျူးတယ်၊ နောက်တခုက လူ့အခွင့်အရေးတိုးတက်မှု ရှိလာတာတွေလည်း အသိ အမှတ်ပြု ချီးကျူးတယ်။ ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ Workshop ကြီးတခုကို အမေရိကန် အစိုးရကနေပြီးတော့မှ ကမကထပြုပြီး မြန်မာနိုင်ငံမှာ လာကျင်းပပေးချင်တယ် ဆိုတာကို ပြောတယ် ဆိုပြီးတော့ သံအမတ်ကြီး ဦးသန်းဆွေက ကျနော်တို့ကို ပြန်ရှင်းပြခဲ့ပါတယ်။
ဒါပေမဲ့လည်း ဝန်ကြီးဟီလာရီကလင်တန်နဲ့အတူ လိုက်ပါလာတဲ့ နိုင်ငံခြားသတင်း ဌာ နတွေ ပြန် ပြောပြတာကတော့ အရေးအကြီးဆုံးအချက်ပေါ့နော်။ မြန်မာနိုင်ငံကနေပြီးတော့ အမေရိ ကန် ပြည်ထောင်စုကို ရောင်းချဖို့ ပိတ်ပင်ထားတဲ့ ပို့ကုန်တွေ ပိတ်ပင်ထားမှုကို ရုပ်သိမ်း လိုက်တော့ မယ် ဆိုတာကို နိုင်ငံခြားသတင်းထောက်တွေဆီကနေ တဆင့် ပြန်သိရပါတယ်။ အဲဒါ ကတော့ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ သံအမတ်ကြီးတို့ကတော့ ကျနော်တို့ကို မပြော သွားပါဘူး။ အဲဒါကတော့ အကြောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ရိုက်တာအပါအဝင် တခြားသတင်းဌာနတွေ ကတော့ ပြောသွားပါပြီ။
မေး။ ။ ဟုတ်ပါပြီ။ ဦးရော်နီ-
ဖြေ။ ။ အဲဒါကတော့ ဟီလာရီကလင်တန်နဲ့ပတ်သက်ပြီး သိရတဲ့ ကိစ္စပါ။
မေး။ ။ ဟုတ်ပါပြီ၊ ဦးရော်နီ။ အဲဒီတော့ ဟီလာရီကလင်တန်နဲ့တွေ့တဲ့အခါမှာ ဒီလိုမျိုး တိုးတက်မှုတွေ ကိုတော့ သိရပြီပေါ့လေ။ ဒီကနေ့ကတော့ အမေရိကန်မှာ အခုလောလောဆယ်က ဗုဒ္ဓဟူးနေ့ပဲ ရှိသေး တယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့သူတွေထဲမှာ အခုနက ဦးရော်နီညိမ်း ပြောသွား သလိုပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပါတယ်၊ တခါ ထိုင်းဝန်ကြီးချုပ်တို့နဲ့ လည်း တွေ့တယ်…..
ဖြေ။ ။ အဲဒီမတိုင်ခင်မှာ ပထမဆုံးပေါ့နော်- နေ့လည်နှစ်နာရီမှာ သမ္မတဟောင်း ဘီလ် ကလင် တန် ရောက်လာပါတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်ဟာ ဦးသိန်းစိန်နဲ့ တနာရီ နီးပါး တွေ့ ဆုံဆွေးနွေး သွားပါတယ်။ ဘာတွေ ဆွေးနွေးသွားတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး၊ နောက် တခါ နေ့လည် သုံးနာရီလောက်မှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း…
မေး။ ။ ဟင်နရီ ကစ်ဆင်းဂျားနဲ့….
ဖြေ။ ။ ဟင်နရီကစ်ဆင်ဂျာ မလာခင်မှာ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် အရင်လာပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်လာတဲ့အခါမှာ သူကလည်း သမ္မတဦးသိန်းစိန်နဲ့ မိနစ် သုံး ဆယ် လောက် ဆွေးနွေးသွားပါတယ်။ နောက်ပြီးတော့မှ တတိယမြောက် ရောက်လာတဲ့ ပုဂ္ဂိုလ် ကတော့ ဟီလာရီကလင်တန်မတိုင်ခင် ရောက်လာတဲ့ ပုဂ္ဂိုလ်ကတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာပါ။ သူကတော့ အသက်အရွယ် ထောက်နေပြီဆိုတော့ တုတ်ကောက်လေး တချောင်းနဲ့ ရောက်လာပါတယ်။ အဲဒီတော့ ဒီကနေ့မှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေပေါ့နော်- အပါအဝင် လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင် နှစ်ယောက် လို့ ပြောရမယ့် မစ္စ်ရှင်နာဝပ်နဲ့ မစ္စက် ကလင်တန် အပါအဝင် ဟင်နရီကစ်ဆင်ဂျာတို့၊ ဘီလ်ကလင်တန် တို့နဲ့ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီးတော့ ဒီဟိုတယ်လ်က အစည်းအဝေး ခန်းမထဲမှာ ဆွေးနွေးကြပါတယ်။
မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ အဲဒီတော့ တွေ့ဆုံတာက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတာက ဟီလာရီ ကလင်တန်တို့၊ ယင်းလပ်တို့ဆိုတာကတော့ လက်ရှိ တာဝန်ယူထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေပေါ့လေ။ ဒါပေမဲ့ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်းဂျာတို့ကတော့ လက်ရှိ တာဝန်ယူသူတွေ မဟုတ်တော့ သူတို့နဲ့တွေ့တာကရော ဘယ်လိုကြောင့်လို့ ဦးရော်နီ အနေနဲ့ သိရပါလဲရှင့်။
ဖြေ။ ။ ဘီလ် ကလင်တန်တို့၊ ဟင်နရီကစ်ဆင်ဂျာတို့ကျတော့ သူတို့လက်ရှိ အစိုးရတာဝန်တွေ ထမ်းဆောင်နေသူတွေ မဟုတ်ပေမဲ့လည်း အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဖောင်ဒေးရှင်းတွေ ရှိတယ်။ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်း၊ ကစ်ဆင်ဂျာရဲ့ Think Tank လို အဖွဲ့တွေ ရှိတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြ ဖွယ်ရှိတယ် လို့ မှန်းဆရပါတယ်။ အဲလိုလည်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွတ် သိရပါတယ်။
မေး။ ။ ဟုတ်ပါပြီ ဦးရော်နီ။ နောက်ဆုံးသိချင်တာကတော့ မနက်ဖြန် အမေရိကန်ရဲ့ ကြာသာ ပတေးနေ့မှာ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အကြောင်း ဦးရော်နီသိထားတာ ပြောပြပေးပါအုံးရှင့်။
ဖြေ။ ။ ဟုတ်ကဲ့။ မနက်ရှစ်နာရီခွဲရင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံခေါင်းဆောင်အနေနဲ့ မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ ညနေ လေး နာရီ ကျရင်တော့ Asia Society က ကျင်းပတဲ့ ဟောပြောပွဲမှာ သမ္မတဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ အကြောင်းတွေကို တက်ရောက် ဟောပြောပြီးတော့ သူ့ကိုလည်း တက်ရောက်လာတဲ့ ပရိသတ် က မေးခွန်းမေးတာ၊ သူက ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ပါပြီ ဦးရော်နီရေ၊ အခုလိုမျိုး ဟိုတယ်လ်မှာတင် စောင့်ကြည့်နေပြီး သတင်းပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။

.jpg)

.jpg)