Tuesday, March 13, 2012

မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း အန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အနှံ့အပြား ရွေးကောက်ပွဲ ဝင်ရောက်မည့် မဲဆန္ဒနယ်မြေတွေကို အခု ရက်ပိုင်း အတွင်း ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နယ်ဝေး ခရီးစဉ်တွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ နယ်မြေတွေ တလျှောက် လိုက်ပါ ကူညီပေးကြတဲ့ ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ၊ မီဒီယာအသီးသီးမှ သတင်းထောက်တွေနဲ့ မဲဆန္ဒ နယ်မြေတွေမှာရှိတဲ့ ဒေသခံပြည်သူတွေ အကြား နားလည်မှုတွေ ရှိစေဖို့နဲ့ သွားရောက်ရာ လမ်းတလျှောက် ဘေးအန္တရာယ် ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ လိုက်ပါတယ်။








မူရင်းလင့်က ဒီမှာပါ။

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။

ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ လူနေရပ်ကွက်များနှင့် အလုပ်ရုံစက်ရုံများသို့ ခရီးသည်များ လိုက်လံပို့ဆောင်ခေါ်ယူခြင်းများကြောင့် သတ်မှတ်လမ်းကြောအတိုင်းသာ ပြေးဆွဲနေရသော ထိုင်းယာဉ်လိုင်းများမှာ ခရီးသည်များ မရရှိကြကြောင်း မြန်မာကားဂိတ်ကို မဲဆောက်တွင် ထိုင်းအာဏာပိုင်များက သီးသန့်သတ်မှတ်၍ အလှည့်ကျစနစ်ဖြင့် ပြေးဆွဲမှုကို စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

လက်ရှိ မဲဆောက်-မြ၀တီ ကမ်းနားသို့ ပြေးဆွဲနေသည့် ထိုင်းခရီးသည်တင်ကားမှာ အစီးရေ ၆၀ ခန့်ရှိပြီး မြန်မာနိုင်ငံ မြ၀တီနှင့် မဲဆောက်သို့ နေ့စဉ် ပြေးဆွဲနေသည့် မြန်မာခရီးသည်တင် မော်တော်ယာဉ်များနှင့် ကုန်တင်ကားငယ်များမှာ အစီးရေ ၁၀၀ ကျော်ခန့် ရှိသည်ဟု သိရသည်။

မြ၀တီ-မဲဆောက်လမ်းကြောတွင် ယခင်လဆန်းကစ၍ မြ၀တီရှိ ရွှေမြန်မာ ခရီးသည်တင်ယာဉ်လိုင်းမှ အစီးရေ ၉၀ ခန့်နှင့် ယခုလ ၃ရက်နေ့က စတင်ပြေးဆွဲသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကလို့ထူးဘောအဖွဲ့မှ ယာဉ်အစီးရေ ၄၀ နှင့် မြ၀တီအခြေစိုက် အစိုးရဌာနဆိုင်ရာများမှ နားလည်မှုဖြင့် ပြေးဆွဲခွင့်ပြုထားသည့် တရားမ၀င် ကုန်တင်ကားငယ်များ ၁၀ စီးကျော် အပါအ၀င် နေ့စဉ် မြန်မာကားအစီးရေ ၁၀၀ ကျော် ပြေးဆွဲလျက်ရှိသည်။

မြ၀တီ-မဲဆောက် ပြေးဆွဲသည့် DKBA ကလို့ထူးဘော မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက လက်ရှိ မြန်မာယာဉ်လိုင်းများအပြင် အခြားကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှလည်း မဲဆောက်-မြ၀တီယာဉ်လိုင်းကို မကြာမီ ပြေးဆွဲရန် စီစဉ်နေသည်ဟု ပြောသည်။

မြန်မာခရီးသည်တင်ကားအစီးရေ ၁၀၀ ကျော်သည် မြ၀တီမှ မဲဆောက်သို့ ခရီးသည်တဦးလျှင် ထိုင်းဘတ်ငွေ ၅၀ နှုန်းဖြင့် ခရီးသည် ၂,၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင်ပေးလျက်ရှိပြီး အပြန်ခရီးတွင်လည်း ခရီးသည် ၁,၀၀၀ နီးပါးခန့် ရရှိသည်ဟု မြန်မာယာဉ်လိုင်း တာဝန်ရှိသူတဦးက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးက “ထိုင်းအာဏာပိုင်တွေဘက်က ကိုယ့်လူမျိုးတွေဘက်က မရပ်တည်ဘူးဆိုရင်တော့ ပြဿနာတွေက ပိုပြီး ရှုပ်ထွေးလာနိုင်တယ်။ အခုကိစ္စမှာလည်း ထိုင်းဌာနဆိုင်ရာအချို့ရဲ့ မရိုးသားမှုနဲ့ တာဝန်ပျက်ကွက်မှုတွေကြောင့် ဒီအနေအထားတွေ ဖြစ်နေတာ” ဟု ဆိုသည်။

ထိုင်းဘက်ခြမ်း နယ်စပ်ချစ်ကြည်ရေးတံတားမှ မဲဆောက်သို့ ပြေးဆွဲနေသည့် ထိုင်းခရီးသည်တင် ယာဉ်စီးခမှာ ခရီးသည်တဦးလျှင် ထိုင်းဘတ်ငွေ ၂၀ ဖြစ်သည်။ မြ၀တီမှ မဲဆောက်သို့ နေ့စဉ် မြန်မာနိုင်ငံသားများ သောင်းဂဏန်းခန့် သွားရောက်ကြသည့်အနက် ချစ်ကြည်ရေးတံတားမှတဆင့် တရားဝင် သွားရောက်သည့် အရေအတွက်မှာ ၂,၀၀၀ ခန့်သာရှိပြီး ကျန်အရေအတွက်များမှာ ချစ်ကြည်ရေးတံတား၏ ဘေးဝဲယာရှိ လှေဂိတ်များမှတဆင့် တရားမ၀င် သွားရောက်ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က ထိုင်းခရီးသည်ယာဉ်လိုင်းက မြန်မာမော်တော်ယာဉ်များ ပြေးဆွဲမှုကို စနစ်တကျ ရှိစေရန် ဆန္ဒပြအရေးဆိုသည့်အနေဖြင့် ချစ်ကြည်ရေးတံတား ထိုင်းဘက် ၀င်ပေါက်ကို ထိုင်းခရီးသည်တင်ကား အစီး ၆၀ ခန့်နှင့် ပိတ်ဆို့ခဲ့သဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့သည့်အပြင် မြန်မာဘက်က ချစ်ကြည်ရေးတံတားကို ဖွင့်ချီပိတ်ချီ ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုများ ရှိခဲ့သည်ဟု နှစ်နိုင်ငံ ကုန်သည်ကြီးများအသင်းက ပြောသည်။







မဲဆောက်မြို့တွင် နေ့စဉ်ပြေးဆွဲနေသည့် မြန်မာယာဉ်လိုင်းများနှင့် မြန်မာခရီးသွားများ

မူရင်းလင့်က ဒီမှာပါ။

၂၄ နှစ်မြောက် ကိုဖုန်းမော် ကျဆုံးသည့်နေ့ အမှတ်တရ ကိုမင်းကိုနိုင် မိန့်ခွန်း

ကျောင်းသား ခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အမှတ်တရအဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများအတွက် အမှတ်တရ စကား ပြောကြားခြင်း


၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်






မူရင်းလင့်က ဒီမှာပါ။

လက်တော့ပ်ကိုင်မည့် မျိုးဆက်သစ်များ


“ပညာရေးနှင့်ပတ်သက်ပြန်တော့လည်း ကျွန်တော်နားမလည်။ မတတ်ကျွမ်း။ မဆလခေတ်တွင် ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် ပညာရေးဆုံးရှုံးမှုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့သည်။ ပညာရေးအစမ်းသပ်ခံလူသားတစ်ဦးဖြစ်ခဲ့ရသည်။ ပညာရေးနှင့်ပတ် သက်၍ နောက်ဆုံးနှစ် ရူပဗေဒနှင့် ကျောင်းထွက်ခဲ့သည်။ ဘွဲ့ထူးဂုဏ်ထူးများလည်းမရ။ အဂ္ဂမဟာဘွဲ့၊ သရေစည်သူဘွဲ့တွေ ဆိုရင် ဝေးရော ပေါ့။ ပညာရေးကို အဲဒီလို ကျွန်တော်မုန်းခဲ့။ စိမ်းကားခဲ့သည်” ဟု ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် ဆောင်းပါးတွင် ရေးသားခဲ့ဖူးပါသည်။


 သမ္မတကြီးဦးသိန်းစိန်၏တစ်နှစ်ပြည့် နှုတ်ခွန်းဆက်မိန့်ခွန်းတွင် တက္ကသိုလ်တွေ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်တဲ့ နေရာမှာ ခေတ်စနစ်နှင့်ညီတဲ့သင်ရိုးညွှန်းတန်းတွေကိုသာမကစီမံခန့်ခွဲမှု၊ ပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေကြောင်း၊ စာသင် ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များတွင် သမားရိုးကျ စာကြည့်တိုက်များအပြင် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက် ထားသော အွန်လိုင်းစာကြည့်တိုက်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆရာ/မများ၏ အရည်အသွေးမြှင့်မားရေး လက်တွေ့ အင်တာနက် ချိတ်ဆက်မှုများ၊ ကွန်ယက်များမြှင့်တင်ဆောင်ရွက်ရေးများကို လုပ်ဆောင်ပေးမည့်အပြင် “သေနတ်ကိုင်သောလက်များကို လက်တော့ပ် ကိုင်သော လက်များအဖြစ်ပြောင်းပေးမည်” ဟူသော သမ္မတကြီး၏မိန့်ခွန်းစကားအရ ပညာရေးဟူသောစကားလုံးအား ကျွန်တော်ချစ် ခင်မိသည်။ မြတ်နိုးမိ တော့သည်။ 

ထို့ကြောင့် ပညာရေးတွင် အားနည်းခဲ့သော အထူးအားဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင် အားနည်းခဲ့သော ကျွန်တော့်အနေဖြင့် နောင်တစ်ချိန်အနာဂတ် ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်/ရွယ်များအား အသိပညာ၊ အတတ်ပညာရှင်များဖြစ်လာနိုင်ရန်အတွက် လုပ်အားပေးဆရာ/မများ၏ ကောင်းမှုအကူ အညီဖြင့် ကွန်ပြူတာသင်တန်းများ၊ လူမှုရေးသင်တန်းများ၊ ဒီဇိုင်နာ(အပ်ချုပ်)သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှု လူမှုဆက်ဆံရေးသင်တန်း၊ နွေရာသီအင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်စတင်၍ နွေရာသီသင်တန်းများ ဖွင့်လှစ်ခဲ့ရာတွင် ကျောင်းသား/သူဦးရေ (၁၀၀) ကျော်ခန့်သာ တက်ရောက် သင်ကြားခဲ့ သော်လည်း ယခု ၂၀၁၂ ခုနှစ် နွေရာသီအင်္ဂလိပ်စာသင်တန်း၌ ကျောင်းသား/သူဦးရေ (၈၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြသည်။

 ၁၀.၃.၂၀၁၂ ရက်နေ့တွင် ကလေးငယ်များအား နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်ကြရမည့် တန်းခွဲများအား ခွဲခြားနိုင်ရန်အတွက် အရည်အချင်းစစ် စာမေးပွဲများကို နံနက် (၉း၀၀) နာရီ၊ နံနက် (၁၁) နာရီ၊ နေ့လည် (၁း၀၀) နာရီ စသဖြင့် အချိန်များခွဲ၍ စစ်ဆေးဖြေဆိုမှုကို ပြုလုပ်ခဲ့ပေးခဲ့သည်။ ယခင် ၂၀၁၀ ခုနှစ် တွင် တက်ရောက်ကြသော ကလေးငယ်များသည် မိဘအုပ်ထိန်းသူများမှ ဆိုက္ကား၊ စက်ဘီး၊ ခြေလျင်တို့ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်တွင်ပညာသင်ကြားရန် လာရောက်သောကလေးငယ်များအား ဆိုက္ကား၊ စက်ဘီးတို့အပြင် TAXI၊ ကိုယ်ပိုင်မော်တော်ယာဉ်တို့ဖြင့် လူတန်းစားအလွှာပေါင်းစုံမှ လာရောက်၍ ပို့ဆောင်မှုကို တွေ့ရှိရသည့်အတွက် များစွာကျေနပ်ပီတိဖြစ်မိတော့သည်။ 


 နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အောက်ခြေလူတန်းစားများဖြစ်ကြသော စီးပွားရေးချို့တဲ့သူများ၊ ဆင်းရဲနွမ်းပါးသူများ၏ အားကိုးအား ထားရာ နေရာဋ္ဌာနတစ်ခုဖြစ်ခဲ့သော်လည်း ယခုဆိုလျှင် စီးပွားရေး ကောင်းသူများ၊ ငွေကြေးတတ်နိုင်သူများကပါ မိမိတို့၏ ရင် သွေးငယ် များအားလာရောက်၍ ပညာရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများဖြစ်လာရန် ယုံ ကြည်မှု ပြည့်ဝစွာဖြင့် လူတန်းစားပေါင်းစုံမှ လာရောက်အပ်နှံခြင်းသည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် လူသား အကျိုးထမ်းရွက်ရကျိုးနပ်တော့မည်ဖြစ်သည်

မူရင်းလင့်က ဒီမှာပါ။

မော်ကွန်းတပေါင်း


• မတ်လဆယ့်သုံး၊ သဲကြွေပြုန်းမည်
ဘုန်းမော်ချစ်ဆွေ၊ ကျသည့်နေ့
ခေတ်အဆက်ဆက်၊ ကျောင်းသားလက်ကို
ရိုက်ခွဲချိုးဖျက်၊ စစ်လက်နက်ဖြင့်
ရက်စက်စွာပစ်၊ ငါတို့ချစ်သည့်
ပြစ်မဲ့ကျောင်းသား၊ အပေါင်းများတို့
သွေးစွန်းထင်းကြ၊ တပေါင်းလ………
လက်သဲဆိတ်တော့၊ လက်ထိပ်နာကြောင်း
ပေါင်းစုနီထွေး၊ ကျောင်းသားသွေးတွေ
ရေတမာအရိပ်၊ ကျောင်းလမ်းထိပ်က
ငြိမ်းချမ်းစွာပြ၊ တပေါင်းလ။
ကျောင်းတွင်းကထွက်၊ လမ်းပေါ်တက်ရန်
မိဘပြည်သူ၊ လက်တွဲကူကာ
အများဆန္ဒ၊ ရင်ဖွင့်ပြလည်း
ကျောင်းသားအရွယ်၊ လူမမယ်တွေ
ရေတိမ်နစ်ကြ၊ တပေါင်းလ…..
နှစ်လည်တပေါင်း၊ ရက်တွေပြောင်းလည်း
နှောင်းခေတ်တရိုး၊ သည်ဖြစ်ဆိုးတွေ
ကမ္ဘာကုန်၊ တို့မမေ့သည်
နှစ်လည်မော်ကွန်း တွင်စေသတည်း…

မူရင်းလင့်က ဒီမှာပါ။

ကြားဖြတ်ရွေးကောက်ပွဲ၊ အမတ်လောင်းများနဲ့ ပြည်သူ့မျှော်လင့်ချက်

ဦးဝင်းတင်နဲ့ မေးခွန်းများ


ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ရာမှာ ဆက်လက်မေးမြန်းခဲ့တာကတော့ လာမည့် ဧပြီ ၁၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်ဒီက အမတ် ၄၈ နေရာ ၀င်ရောက်ယှဉ်ပြိုင်မယ်။ အဲသည်အတွက် နိုင်ငံအနှံ့ အဲသည် ၄၈ နေရာအတွက် ဒေါ်စုက စည်းရုံးရေးဆင်းတဲ့ဆီမှာ ပြည်သူလူထုတရပ်လုံးက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် သောင်းသောင်းဖျဖျ တခဲနက် ကြိုဆိုကြတယ်။ အဲသည်မှာ ပြည်သူလူထုက သူတို့နယ်မြေများကို ကိုယ်စားပြုမယ့် အင်န်အယ်ဒီအမတ်လောင်းများနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မည်သို့ မျှော်လင့်ထားကြသလဲ။ ဘယ်လိုမျိုး ဆက်လက် ပြင်ဆင် ဆောင်ရွက်သွားကြမှာလဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာက ပြန်လည် ဖြေကြားရာမှာ …

ကျနော် ကိုယ်တိုင်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မြန်မာပြည် ထက်အောက်အနှံ့ ခရီးတွေ ထွက်ခဲ့တယ်။ ပြည်သူလူထုနဲ့ ထိတွေ့တယ်။ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲသည်မှာ ပြည်သူလူထုတွေက စိတ်အားတက်ကြွစွာ ကြိုဆိုကြတာတွေ့ရပါတယ်။ အင်န်အယ်ဒီပါတီကို ထောက်ခံမှုတွေကို ပြသကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လမ်းညွှန်မှုတွေကို တခဲနက် ထောက်ခံမှုတွေ၊ ကြိုဆိုမှုတွေကို ထုတ်ဖော်ပြသကြတယ်။ အဲသည်မှာ ကျနော်ဘာတွေ့ရသလဲဆိုတော့ ကျနော်ကို အဘ၊ အဘနဲ့ ၀မ်းသာအားရ ကြိုဆိုနေရာပေးတယ်။ ပန်းတွေ ဆက်တယ် စသည်ဖြင့် ၀ိုင်းဝန်းကြတယ်။ ဒါပေမယ့် သူတို့အားလုံးကနေ ကျနော်တို့ကို မေးခွန်းနဲ့ တောင်းဆိုမှုက တခုတည်းပဲ ရှိတာကို တွေ့ရတယ်။

ဒါက ဘာလဲဆိုတော့။ အဘက ဒေါ်စုဆီက လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပါတီက နေ သူတို့ဆီကို လာရောက်တယ်လို့ သိရတယ်။ ဒါကြောင့် ကျနော်တို့ ကျမတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆီက ပြောတဲ့စကားကို ကြားချင်တယ်။ အဲဒါ ဘယ်တော့ တွေ့ရမလဲ၊ ဘယ်တော့ကြားသိရမလဲ ဆိုတာကိုပဲ မေးကြတယ်။ မြန်မြန်လာဖြစ်အောင် တိုက်တွန်းပေးပါ။ ပြောပေးပါလို့ ၀ိုင်းပြောကြတာကိုပဲ ကျနော်တို့ တွေ့ရတယ်။

ဒီလိုမျိုး အတွေ့အကြုံက ကျနော်သွားခဲ့တဲ့ မြို့ကြီးတွေ နယ်ကြီးတွေတင်သာမက ကျေးလက်တောရွာတွေ နယ်မြို့ကလေးတွေမှာလည်း တမျိုးတည်း တပုံစံတည်း တောင်းဆိုကြတာ၊ တောင့်တနေကြတာတွေကို တွေ့ရတာ ဖြစ်ပါတယ်။ ဒါကို ကျနော့်အနေနဲ့ ဘယ်လိုမျိုး သုံးသပ်သလဲဆိုတော့ မြန်မာပြည်သူလူထုတရပ်လုံးဟာ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ယုံကြည် အားကိုးစွာနဲ့ တစုတစည်းတည်း တခဲနက်တည်း ရပ်တည်နေတယ်။ ထောက်ခံ အားပေးမှုကို ပြနေတယ်ဆိုတာ ထင်ရှားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သည်လောက် ယုံကြည်ထောက်ခံမှုပြနေတာကို ကြည့်ပြီးတော့ ဒါဟာ ပြည်သူလူထုတွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ ရှေ့တန်းတင်မှုတွေ ဖြစ်နေတယ်လို့ ပြောချင်လည်း ပြောကြမယ်။ ဒါပေမယ့် ကျနော်က ဒါကို ဘယ်လိုမျိုး ပြန်ပြောချင်သလဲ ဆိုတော့ … အခုလိုမျိုး ဒေါ်စုကို ထောက်ခံမှုကို ပြသနေတာဟာ အားကိုးမှုလေးစားမှုတွေ ပြသနေတာဟာ အင်န်အယ်ဒီပါတီရဲ့ အားဖြစ်တယ်။ အမတ်လောင်းတွေအတွက် အားဖြစ်တယ်။ အားလုံး မျှော်လင့်တောင့်တနေတဲ့ ဒီမိုကရေစီအောင်ပွဲအတွက် အားဖြစ်စေတယ်လို့ ကျနော်က ရှုမြင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာနဲ့ အစွမ်းအစတွေဟာ ပြည်သူလူထုအတွက်ကော တိုင်းပြည်အတွက်ပါ အများအတွက် အကျိုးဖြစ်စေတဲ့ အင်အားတွေအဖြစ် ကျနော်တို့တွေက ဖြန့်ကျက် တိုးတက်သွားရမှာ ဖြစ်တယ်လို့ ကျနော်က ပြောဆိုသုံးသပ်ပြခဲ့ပါတယ်။

မေး။ ။ ဒါဆိုရင် နိုင်ငံရေးပါတီအတွက်၊ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေအတွက် ဘယ်လိုမျိုး ပြည်သူလူထုတွေနဲ့ အင်အားတွေ တည်ဆောက်ကြရမှာလဲ ဆရာ။ ဖြတ်ကျော် ရင်ဆိုင်ကြမှာလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့အနေနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ထောက်ခံမှု ယုံကြည်ကိုးစားမှုတွေကို ယေဘူယျ ရှုမြင် သုံးသပ်ပြတာ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်တွေဟာ အခက်အခဲ အတားအဆီးတွေကို ရင်ဆိုင်ပြီးတော့ ဖြတ်ကျော်နေရတာ ဖြစ်တယ်ဆိုတာလည်း အားလုံးကို သိထားစေချင်တယ်။ ဥပမာ မန္တလေးကို ကျနော်တို့ ဖေဖော်ဝါရီလဆန်းကတည်းက သွားဖို့ ကြိုးစားခဲ့တယ်။ အခက်အခဲတွေ ရှိလို့ ပြင်ဆင်ရင်းနဲ့ကပဲ အခု မတ်လဆန်းမှပဲ တကယ်ကို သွားဖြစ်ခဲ့တယ်။ အဲသည်မှာလည်း လူထုက မြို့လုံးကျွတ်၊ ရွာလုံးကျွတ် ကြိုဆိုထောက်ခံမှုတွေ ပြသကြတယ်။ အဲသည်မှာ လူထုနဲ့ တွေ့ဆုံခွင့်မရအောင် အတားအဆီးတွေ အနှောက်အယှက်တွေဟာ ရှိနေတယ်။ ပြည်သူကလည်း အနှောက်အယှက်တွေကြားထဲကနေ မိမိတို့ဆန္ဒသဘောထားကို ရဲရဲရင့်ရင့် ထုတ်ဖော်ပြသရတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ဖက်ကလည်း ပေးထားတဲ့ကတိအတိုင်း ပြည်သူလူထုဆီကို မရောက်ရောက်အောင် ကြိုးစားပြီး လာရောက်ရတာ ဖြစ်တယ်။ အဖက်ဖက်က ၀ိုင်းဝန်းကြိုးစားမှသာ သည်လိုမျိုး အင်အားတွေ ဖြစ်ပေါ်လာတယ်လို့ ကျနော်က ပြောချင်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်ပါ့မလား၊ အင်န်အယ်ဒီအမတ်တွေ ၀င်ပြိုင်ခွင့်ရပါ့မလား။ ပြည်သူတွေရဲ့ စစ်မှန်သန့်ရှင်းသော ဆန္ဒမဲတွေ ထည့်ခွင့်ရပါ့မလား။ ရွေးကောက်ပွဲ ရလဒ်တွေက တရားမျှတမှုရှိပါ့မလား။ ရွေးကောက်ခံရတဲ့ အမတ်တွေကိုယ်တိုင် လွတ်လပ်စွာ နိုင်ငံ့အရေး ဆောင်ရွက်ခွင့် ရှိပါ့မလား စတဲ့ မေးခွန်းတွေ၊ သံသယတွေဟာ ဆက်လက်ပြီး တည်ရှိနေတယ်။ ကျနော်တို့တတွေ အားလုံး ရင်ဆိုင်နေရတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဒါကို ထောက်ခံတဲ့ ယုံကြည်ကိုးစားတဲ့ ပြည်သူတွေရဲ့ အင်အားတွေဟာ အင်န်အယ်ဒီပါတီအပေါ်ကို စီးဆင်းမှု၊ အမတ်လောင်းများအပေါ် စီးဆင်းမှုတွေ ဖြစ်ပေါ်လာပြီးတော့ အဲသည် အခက်အခဲတွေ၊ မတရားမှုတွေ၊ လိမ်လည်လှည့်ဖြားမှုတွေကို ရင်ဆိုင် ကျော်ဖြတ်ကြရမှာပဲ ဖြစ်တယ်လို့ ပြောချင်တယ်။

မေး။ ။ အင်န်အယ်ဒီပါတီဝင်တွေ၊ အမတ်လောင်းတွေ ကိုယ်တိုင်ကလည်း ဘယ်လိုမျိုး ပြည်သူတွေနဲ့ ထိတွေ့မှုတွေ၊ စည်းရုံး လှုံ့ဆော်မှုတွေကို လုပ်နေကြတာ ရှိသလဲ ဆရာ။ သူတို့တွေရဲ့ အခမ်းကဏ္ဍနဲ့ ဆက်စပ်မှုတွေကို ဘယ်လိုမျိုး တည်ဆောက်နေကြတာ ရှိတယ်လို့ ဆရာက မြင်သလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ သဘာပတိအဖွဲ့ဝင်တဦးအနေနဲ့ အမတ်လောင်းတွေနဲ့အတူ ခရီးထွက်တယ်။ စည်းရုံးရေး တွေ့ဆုံဆွေးနွေးရေးတွေ လုပ်တယ်။ ပြည်သူလူထုတွေထံမှာ ကျနော်တို့ ပါတီနဲ့ အမတ်လောင်းတွေကို မိတ်ဆက်တယ်။ အပ်နှံတယ်။ မီဒီယာတွေမှာလည်း ပြောဆိုတင်ပြ တယ်။ ကျနော်တို့တွေအားလုံး ရပ်ကွက် ကျေးရွာတွေအထိ ဆင်းပြီး ထိတွေ့မှုတွေလုပ်တယ်။ ပြည်သူတွေက တင်ပြဆွေးနွေးတာတွေ၊ မေးခွန်းတွေကို နားထောင်တယ်။ ပြန်လည် ဆွေးနွေး ဖြေကြားတာတွေ လုပ်ပါတယ်။ လူထုနဲ့ အင်န်အယ်ဒီဟာ မပြတ်တောက်ဘူး။ လူထုရဲ့ အကျိုးစီးပွားကို ဦးထိပ်တင်တယ်။ ဆောင်ရွက်နေတယ်လို့ ကျနော်က ပြောချင်ပါတယ်။ ကျနော်တို့တတွေဟာ အင်န်အယ်ဒီကို ကိုယ်စားပြုတယ်ဆိုတာထက် လူထုကို ကိုယ်စားပြုတယ်ဆိုတာကို ဖော်ပြနေဖို့ ဖြစ်တယ်။ ပြီးတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ အင်န်အယ်ဒီပါတီဝင်တွေ၊ အမတ်လောင်းတွေ၊ ကျနော်တို့တတွေဟာ လွှတ်တော်တွင်းမှာပဲ ဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပမှာပဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့အတူတူ ရပ်တည်ပြီး သူများအကျိုးကို ဆောင်ရွက်မှာဖြစ်တယ်။ တသားတည်းဖြစ်တယ်ဆိုတာကို ဖော်ဆောင်ပြသကြဖို့ ဆောင်ရွက်နေကြတယ်လို့ ပြောချင်ပါတယ်။

မနေ့ကတင်ပဲ ရန်ကုန်မြို့က မင်္ဂလာတောင်ညွန့်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှုမှာ လူထုနဲ့ တွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။ အခြား အနီး၊ အဝေးနယ်တွေအထိ သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြည်သူနဲ့ မိတ်ဆက်တယ်။ အပ်နှံတယ်။ အမတ်လောင်းတွေ ကိုယ်တိုင်ကလည်း ပြည်သူရဲ့ အင်အားကို ဆက်လက်ရယူပြီး တသားတည်း ဆောင်ရွက်နေကြဖို့ အားပေးနေတာ ဖြစ်ပါတယ်။ အဲသည်မှာလည်း မဖြစ်နိုင်တဲ့ ကတိတွေ၊ မလုပ်နိုင်တဲ့ အာမခံချက်တွေ ပေးတဲ့ အမတ်လောင်းတွေ မဖြစ်ပါစေနဲ့၊ အမှန်ကို ထုတ်ဖော်ပြောဆိုပြီးတော့ ကိုယ်စွမ်းဆောင်နိုင်တဲ့ အလုပ်ကို ကတိပေးတဲ့၊ အာမခံချက်ပေးတဲ့ အမတ်လောင်းတွေဖြစ်အောင် ရပ်တည်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လမ်းညွှန်မှုတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။
မူရင်းလင့်က ဒီမှာပါ။

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ အင်န်အယ်ဒီဈေးရောင်းပွဲ ပိတ်ဆို့ခံရ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် ၊ ဟိုပင်မြို့နယ်ခွဲ ဈေးရောင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့က - ဟိုပင်မြို့၊ အရှေ့ကျောင်းကြီးတိုက်၊ လောကမာရ်အောင် ရွှေဘုန်းရောင်ဘုရားပွဲတော်တွင် ခင်းကျင်းရောင်းချနေရာ ည (၉း ၀၀) နာရီအချိန်ခန့်တွင် ဘုရားဂေါပကလူကြီးများဖြစ်ကြသော ဦးမင်းအောင်နှင့် ဦးအုန်းမောင်တို့နှစ်ဦးလာရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်စာတန်းကို ဖြုတ်ပေးရန်နှင့် ဖြုတ်ချမပေးပါက ဈေးရောင်းခွင့်ပိတ်မည်ဖြစ်ကြောင်း လာရောက်ပြောဆိုခဲ့ကြပါသည်။

ဟိုပင်မြို့နယ်ခွဲ အောင်နိုင်ရေးအဖွဲ့မှ ဦးကျော်ငြိမ်းက မည်သူကဖြုတ်ခိုင်းသနည်း ဖြုတ်မချနိုင်ကြောင်း ဈေးဆိုင်လည်းမပိတ်နိုင်ကြောင်းပြန်ပြောရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခိုင်ထွန်းဇော်က အဖြုတ်ခိုင်းကြောင်း ပြောပြကြပါသည်။

ဦးကျော်ငြိမ်းကလည်း ဆိုင်းဘုတ်စာတမ်းဖြုတ်ချဖို့နှင့် ဆိုင်ပိတ်ပစ်ဖို့ တရားဝင်စာထုတ်ပြီးတားနိုင်က စာထုတ်ပေးပါလို့ ပြန်ပြောပြရာ သူတို့ ၂ ယောက် ပြန်ထွက်သွားကြပါသည်။ ခဏကြာသောအခါ လမ်းပိတ်တယ် ခင်ဗျား ဗုဒ္ဓဘာသာမဟုတ်ဘူးလားဟု ဦးမင်းအောင်က လာပြောပြန်ပါသည်။ လမ်းမပိတ်ပါ လမ်းသွားလမ်းလာများ စည်ကားနေခြင်းသာဖြစ်ပါသည်ဟု အင်န်အယ်ဒီအဖွဲ့ဝင်တို့က ရှင်းပြခဲ့ပါသည်။





မတ်လ ၁၁ ရက်နေ့လည်တွင် ဦးကျော်ငြိမ်းတို့အား ဈေးရောင်းခွင့်ပေးသော အိမ်ရှင်ကို ဦးအုန်းမောင်က ဂေါပကရုံးသို့ ဆင့်ခေါ်ပြီး ဒီ/ချုပ်ဆိုင် ရောင်းချခွင့်ပြုသည့်အတွက် နောက်နှစ်ဘုရားပွဲရောက်လျှင်ခင်ဗျားတို့အိမ်ကို ရှေ့တည့်တည့်ပိတ်ပြီး ဆိုင်ခန်းတွေဆောက်မည်ဟု ချိန်းခြောက်သဖြင့် သဇင်အလှပြုပြင်ရေးဆိုင်က ဦးကျော်ငြိမ်းတို့အား ဈေးလာမရောင်းပါရန် တောင်းပန်ခဲ့ပါသည်။ အိမ်ရှင်အား အားနာသဖြင့် ဦးကျော်ငြိမ်းနှင့် လူငယ်အဖွဲ့ဝင်များသည် ပွဲခင်းနှင့်ဝေရာ အခြားနေရာတွင် သွားရောက်ရောင်းချနေကြပါသည်။

မူရင်းလင့်က ဒီမှာပါ။

ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ဖို့ မင်းကိုနိုင် တိုက်တွန်း

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ဆောင် ကြဖို့ အချိန် တန်ပြီလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်း လိုက်ပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့၊ ကိုဖုန်းမော်ကွယ်လွန်ခြင်း ၂၄ နှစ်ပြည့်နေ့ အကြိုအဖြစ်နဲ့ ပြည်တွင်း ပြည်ပက တက်ကြွ လှုပ်ရှားသူတွေကို အခုလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မတ်လ ၁၃ ရက် နေ့ဟာ မြန်မာ့ လူ့အခွင့်အရေး နေ့လို့ သတ်မှတ် ထားတဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့တဲ့ ၂၄ နှစ်ပြည့်နေ့ဖြစ်ပါတယ်။

အခုလို ထူးခြားတဲ့ နေ့တနေ့မှာ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွေ့ ကျတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပြည်တွင်း ပြည်ပမှာရှိနေကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်တာပါ။

“ပြည်တွင်းက ကျနော်တို့ လုပ်ဖော် ကိုင်ဖက်တွေ အားလုံးက ပြည်သူလူထု ကြားထဲကို ဆင်းပြီးတော့၊ နယ် အသီးသီးကို သွားပြီးတော့ အဲဒါတွေ လုပ်သင့်ပြီလို့ ကျနော် ယူဆတယ်။ နိုင်ငံတကာ မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်တွေ ကျတော့လဲ ဒီထက်ပိုပြီးတော့ ဘာလုပ်နိုင်မလဲပေါ့ဗျာ။ ကျနော် မေးချင်တာက ကျနော်တို့ ပြည်တွင်းမှာ ဒီထက်ပိုပြီး အထောက်အပံ့ ကောင်းအောင်၊ လက်တွေ့ကျတာကို ဘာလုပ် ပေးနိုင်ကြမလဲ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက်ပါ။ ကျနော် ပြောပြသလိုပါပဲ၊ အခမ်းအနားတွေ ကျင်းပရုံနဲ့ မပြီးဘူး ဆိုတာတော့ ကျနော် ထပ်ခါတလဲလဲ တိုက်တွန်းချင်တယ်ဗျာ။ လက်တွေ့ကျတဲ့ အလုပ်ကိုပေါ့။ ၀ိုင်းစဉ်းစားကြပါ။ ခေါင်းတွေ ပေါင်းပြီးတော့ စဉ်းစားလိုက်လို့ ရှိရင်တော့ လက်တွေ့ကျတဲ့ အလုပ်တွေ ထွက်လာပါလိမ့်မယ်။”

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ဆိုရှယ်လစ် အစိုးရရဲ့ လက်ချက်ကြောင့် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတာပါ။ ဒါကြောင့်လည်း ကိုဖုန်းမော်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ရယ်လို့ ၁၉၈၉ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စတင် သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဖြစ်ပါတယ်။

“ကျနော်တို့က ကိုဖုန်းမော် ကျဆုံး ပြီးတော့ နောက် တနှစ်အကြာမှာ ၁၉၈၉ မတ်လ ၁၃ ရက်မှာ အဲဒီ နိုင်ငံရေး အင်အားစုတွေ အားလုံး ပေါင်းပြီးတော့ တညီတညွှတ်ထဲ ပေါင်းပြီးတော့ ဆုံးဖြတ် ခဲ့တာ ကတော့ အဲဒီ ကိုဖုန်းမော် ကျဆုံးတဲ့နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအိမ်မှာ အဲဒီ အခမ်းတွေ ၇ ရက်၊ တစ်ပတ် ကျင်းပတာပေါ့။ အဲဒါနဲ့ပဲ အပြီးသတ် ကျတော့ ကျနော် အဖမ်းခံရတယ်။ အဲဒီမှာ ၁၆ နှစ် ကြာခဲ့တယ်ပေါ့။ အဲဒီတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ လို့ သတ်မှတ် ပြီးတော့ ကျနော်တို့ တိတိကျကျ လုပ်နိုင်ခဲ့တာ အဲဒီ တနှစ်ပဲ ရှိတယ်။ အခု ၂၃ နှစ်ကြာမှ ပြန်ပြီးတော့ လုပ်ကြရတာ။ လုပ်ကြတဲ့ အခါမှာတော့ ကျနော့် သဘော အရကတော့ အခမ်းအနား ကျင်းပရုံ မကပဲနဲ့ အဲဒီ လူ့အခွင့်အရေးနဲ့ ပတ်သက် တာတွေ ကျနော်တို့ တစ်ပြည်လုံးက သိရှိအောင်၊ အဲဒီ လူ့အခွင့်အရေးကို ကျနော်တို့ နိုင်ငံသား တွေ အားလုံး ခံစား နိုင်ရအောင် အကုန်လုံးက လူထုထဲဆင်းပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ မြင့်တင်မှုတွေ၊ အသိပေးမှုတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အကာကွယ် ပေးမှုတွေကို ဥပဒေ ကြောင်းအရရော၊ ပြည်သူတွေ အကုန်လုံး သိရှိ ခံစားနိုင်အောင်၊ နားလည်နိုင်အောင် အတွက် အင်တိုက် အားတိုက် လုပ်ကြဖို့လိုပြီလို့တော့ ကျနော် ယုံတယ်ဗျာ။”

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ရယ်လို့ သတ်မှတ် ခဲ့ကြပေမယ့်လည်း စစ်အစိုးရ လက်ထက် ဖမ်းဆီး ထိန်းချုပ်မှု တွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ လူ့အခွင့်အရေး နေ့ရယ်လို့ တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ ပြည်ပမှာ ရောက်နေကြတဲ့ ရဲဘော် ရဲဘက် တွေကပဲ စုပေါင်းပြီးတော့ ကျင်းပကြတာ ရှိပါတယ်။

လက်ရှိမှာတော့ အစိုးရ အပြောင်းအလဲ ဖြစ်လာတာနဲ့အတူ အတိုင်းအတာ တခုအထိ နိုင်ငံရေး လှုပ်ရှားခွင့် တွေလည်း ရနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရင်က ထောင်က ပြန်လွှတ် လာတာနဲ့ အခုတကြိမ် ထောင်က ပြန်လွှတ်လာတဲ့ အခြေအနေတွေ သိသိသာသာ ကွာခြားနေတာကို တွေ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

“အရင်တခေါက်နဲ့စာရင် လုပ်သာ ကိုင်သာရှိတယ်။ လူထုရဲ့ နိုင်ငံရေး ရေချိန် တက်လာတာရော၊ စိတ်ဓါတ် အင်အား မြင့်မားလာတာရော၊ အတိုင်းမသိကို ကွာခြားပါတယ်။ တခုပဲရှိတယ်၊ ကျနော်တို့ဖက်က အဲဒီ အခြေအနေတွေကို နံပတ်တစ် - ထိန်းနိုင်ရမယ်။ ပြီးရင် ထပ်မံ တိုးချဲ့နိုင်ရမယ်။ ထိန်းတယ်၊ တိုးချဲ့တယ် ဆိုတဲ့နေရာမှာလည်း ကျနော်တို့ လက်ရှိအစိုးရက နောက်ဆုံး ပြည်သူလူထုကို ပြောထားတဲ့မိန့်ခွန်းက အင်မတန် နူးညံ့ပြီးတော့ နွေးထွေးတဲ့လက်တွေနဲ့ ကမ်းထားတာဆိုတော့ ကျနော်တို့က အဲဒီ ကမ်းတဲ့ လက်ကိုလဲ ခိုင်ခိုင်မာမာ ပြန်ဆုပ်ရမယ့် အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီရေးကို တကယ်လုပ်မယ့် ပြုပြင် ပြောင်းလဲရေးသမား တွေ အားလုံးနဲ့ လက်တွဲတဲ့ နည်းလမ်းကို သွားမှာပါ။

ဟို အောက်ခြေ မှာရှိနေတဲ့ တချို့ တချို့တွေ၊ ဒါကို သမ္မတရဲ့အမိန့်၊ သမ္မတရဲ့ ပြောင်းလဲလာတဲ့ သဘောထားကို မလိုက်နာနိုင်တဲ့ လူတွေနဲ့ကတော့ ကျနော်တို့ ရင်ဆိုင် နိုင်ရမှာပေါ့။ အဲဒီ အားလုံး အတွက်တော့ ကျနော်တို့ ပြင်ဆင် ထားပါတယ်။ ကျနော်တို့ ပြည်သူ လူထုမှာ အဲဒါတွေ ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ် သတ္တိရော၊ ပူးပေါင်း ဆောင်ရွက်ဖို့ ရင့်ကျက်တဲ့ စိတ်ဓါတ် အခြေခံ တွေရော ကျနော်တို့ နေရာတကာမှာ လှည့်ပြီးတော့ လျှောက်ကြည့် တဲ့အခါမှာ အားရစရာ ကောင်းလောက်အောင် တုန့်ပြန်မှုတွေ တွေ့ပါတယ်။ ကျနော်တို့ အားရပါတယ်။ အဲဒီတော့ ရှေ့ဆက်ရမယ့် ခရီးအတွက် ကတော့ ပြည်သူ လူထုနဲ့အတူ လက်တွဲ ပြီးတော့ သွားနိုင်ပါလိမ့်မယ်။”

ကိုဖုန်းမော်နေ့ဟာ ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းမှာ ထင်ရှားတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက် လာအောင်၊ မြန်မာနိုင်ငံကို ၂၆ နှစ်တာ အုပ်ချုပ်လာခဲ့တဲ့ တပါတီ အာဏာရှင်စံနစ် ပြုတ်ကျအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာအောင် အစပျိုးပေးခဲ့တဲ့ နေ့ဖြစ်ပါတယ်။

ကိုဖုန်းမော်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ပြည်ပမှာ ရောက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေ အတွက်လည်း ကိုမင်းကိုနိုင်က ၈၈ မျိုးဆက် ကျောင်းသားများကိုယ်စား Youtube က တဆင့် အင်တာနက်မှာ ရုပ်သံဖိုင် ပေးပို့ထားတာ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် တင်သွင်း

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေကို နိုင်ငံပိုင် မသိမ်းပါဘူးဆိုပြီး အကာအကွယ် ပေးထားတဲ့ နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို ဒီကနေ့ ပြည်သူ့ လွှတ်တော် အမတ်တွေ စပြီး လေ့လာနေကြပါပြီ။ လာမယ့် သတင်းပတ် အတွင်း ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ ဒီ ဥပဒေကို အတည်ပြု နိုင်လိမ့်မယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောဆို ကြပါတယ်။ ရင်းနှီးမြုပ်နှံသူများ ၀င်ငွေခွန် ကင်းလွတ်ခွင့်၊ နိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်ရော ဒီဥပဒေ ကြမ်းမှာ ဘာတွေ ပြဌာန်းထားလဲ ဆိုတာကိုတော့ မသိဂီ င်္ထိုက်က တင်ပြထားပါတယ်။

နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ဥပဒေ မူကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြ ထားပါပြီ။ ဒီဥပဒေကြမ်းမှာ ဆိုရင် နိုင်ငံခြား ရင်းနှီး မြုပ်နှံသူ တွေရဲ့ တာဝန်နဲ့ အကျိုးခံစားခွင့် အဖြစ် ပြဌာန်းတာမှာတော့ ပြည်ပ ရင်းနှီးမြုပ်နှံသူတွေဟာ ပြည်တွင်းက တည်ဆဲ ဥပဒေတွေကို လိုက်နာ ကြရမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ရောင်းချမယ် ဆိုရင်လည်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်ကို ရယူ ရမယ်လို့လည်း ဆိုပါတယ်။ အစိုးရ အနေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေကို ကာလပေါက်ဈေးနဲ့ ၀ယ်ယူတာက လွဲလို့ နိုင်ငံပိုင် မသိမ်းဘူး ဆိုပြီးလည်း ဥပဒေကြမ်းမှာ ပြဌာန်းထားတဲ့ အကြောင်း လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပဋိညာဉ် စာချုပ် သို့မဟုတ် ယင်းသက်တမ်းကို တိုးမြှင့်ပေးလျင် တိုးမြှင့်ပေးတဲ့ သက်တမ်း အများပြည်သူ အကျိုးအတွက် ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများ အတိုင်း တန်ဖိုးသင့်တင့်တဲ့ လျော်ကြေးကို ပေးဆောင်ခြင်းမှ တပါး နိုင်ငံပိုင် ပြုလုပ်ခြင်း မပြုရလို့ ပထမ အချက်မှာ ဖော်ပြထားပါတယ်။ နောက်တခုကတော့ ပဋိညာဉ်စာချုပ်သက်တမ်း ကုန်ဆုံးရင် နိုင်ငံခြား မတည် ငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံသူအား မိမိရပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံရာမှာ ထည့်ဝင်သော နိုင်ငံခြားငွေ အမျိုးအစားဖြင့် ထုတ်ပေးရန် အစိုးရက အာမခံတယ် ဆိုတဲ့ အချက် နှစ်ချက်ကို ဖော်ပြထားပါတယ် ခင်ဗျ။”

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းမှာ နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီးလည်း တိတိကျကျ ပြဌာန်းထားပါတယ်။ လုပ်ခ လစာနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နဲ့ ညှိနှိုင်းရမယ်လို့ ဆိုပါတယ်။

“အမှုထမ်းများနှင့် အလုပ်သမားခန့်ထားခြင်း ဆိုတဲ့ အခန်းမှာ ကျွမ်းကျင် လုပ်သားတွေ အတွက် ဆိုရင်တဲ့ ပထမ ၅ နှစ်မှာ ၂၅ ရာခိုင်နှုန်း ခန့်ထားရမယ် ပေါ့ဗျာ။ ပြည်တွင်းက အလုပ်သမားတွေကို ပေါ့နော်။ ဒုတိယ ၅ နှစ်မှာ ကျတော့ အနည်းဆုံး ၅၀ ရာခိုင်နူန်း ခန့်ထားရမယ်။ တတိယ ၅ နှစ်မှာကျတော့ အနည်းဆုံး ၇၅ ရာခိုင်နူန်း ခန့်ထားရမယ်လို့ ပြောတယ် ခင်ဗျ။ ကျွမ်းကျင်မှု မလိုတဲ့ လုပ်သားတွေ ဥပမာ ကာယ လုပ်သားတွေပေါ့ဗျာ အဲဒီမှာ နိုင်ငံသားတွေကိုသာ ခန့်ထားရမယ်လို့ အဲဒီမှာ ဖော်ပြထားပါတယ်။ ဒါတော့ ကျနော်တို့ ပြည်တွင်း အလုပ်သမားတွေ အတွက် ကာကွယ်ပြီးတော့ ပြဌာန်း ထားတယ်ပေါ့လေ။ အခန်း ၁၀ မှာ။”

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို ပထမ ၅ နှစ် အတွင်း ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေးမှာဖြစ်ပြီး နောက်ထပ် ၀င်ငွေခွန် ကင်းလွတ်ခွင့်တွေကို အခြေအနေအပေါ် မူတည်ပြီး ဆက်စဉ်းစားသွားမယ်လို့လည်း ဥပဒေကြမ်းက ဆိုပါတယ်။

“ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ၀န်ဆောင်မှု လုပ်ငန်း တခုခုကို စီးပွားဖြစ် စတင်ဆောင်ရွက်တဲ့နှစ် အပါအ၀င် တဆက်တည်း ၅ နှစ် အထိ ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် နိုင်ငံတော် အတွက် အကျိုးကျေးဇူး ရှိလျှင် ရင်းနှီးမြုပ်နှံသည့် လုပ်ငန်း၏ အောင်မြင်မှု အပေါ်မှာ မူတည်ပြီးတော့ သင့်လျော်တဲ့ ကာလအတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ဆိုပြီးဖော်ပြထားပါတယ် ခင်ဗျ။”

ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်နဲ့ အတူ ပြည်သူ့လွှတ်တော်ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ လာမယ့် သတင်းပတ် အတွင်း အပြီးသတ် ဆွေးနွေးနိုင်မယ်လို့ လွှတ်တော် အမတ် တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ပြောပါတယ်။

“ဒီတပတ် လွှတ်တော်ထဲမှာတော့ ဒီဥပဒေက အရေးကြီးတော့ ဒီနေ့ ဥပဒေကြမ်း ကော်မတီက တင်တယ်။ သောကြာနေ့ ကျလို့ ရှိရင် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်။ နောက်ပြီးတော့ အဲဒီ ဥပဒေ ကြမ်းကို အင်မတန် အရေးကြီးတဲ့ ဥပဒေကြမ်း ဖြစ်တဲ့ အတွက် ဒီအပတ် လွှတ်တော် အစည်းအဝေးမှာ အတည်ပြုဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

ဥပဒေမူကြမ်းမှာ ပါရှိတဲ့ နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အကာအကွယ် ပေးမယ် ဆိုတာတွေက လွှတ်တော်က အတည်ပြုပြီးတဲ့ နောက် သမ္မတက လက်မှတ်ရေးထိုးပြီးမှသာ အာဏာ သက်ရောက်မှာ ဖြစ်ပါတယ်။ အခုတော့ လွှတ်တော် အမတ်တွေကဘက်က ပြင်ဆင်လိုတဲ့ အချက်အလက်တွေကို လာမယ့် ဗုဒ္ဒဟူးနေ့နဲ့ သောကြာနေ့တွေမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီ ဥပေဒကြမ်းက ၁၉၈၈ ခုနှစ် မှာ အသက်ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်နေတာ ဖြစ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို ဆွဲဆောင်နိုင်မယ့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး အစိုးရ ဘက်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

ဝန်ကြီး ဌာန ၆ ခု ဘဏ္ဍာငွေ အလွဲသုံးစား လုပ်မှု စစ်ဆေး တွေ့ရှိ

မြန်မာနိုင်ငံမှာ အရင် အစိုးရ လက်ထက်တုန်းက ဝန်ကြီးဌာန တချို့ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်ခဲ့တာကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တွေကို အသိပေးခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အလွဲသုံးစား လုပ်မှုတွေရှိတယ်လို့ တိုင်တန်းခံရတဲ့ အစိုးရ ဝန်ကြီးဌာန တွေကို စာရင်း စစ်ချုပ်ရုံး က စစ်ဆေးပြီး သမ္မတဆီကို ပေးပို့တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို မိတ္တူပေးခဲ့တာဖြစ်ပါတယ်။ ဒီတော့ ဘယ် ဝန်ကြီးဌာနတွေက ပြည်သူ့ ဘဏ္ဍာအလွဲသုံးစားလုပ်တာ တွေ့ရလဲ ဆိုတာကို မစုမြတ်မွန်က ဆက်ပြောပြပါဦးရှင်။

ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပေးခဲ့တဲ့ အစီရင်ခံစာထဲမှာ ဝန်ကြီးဌာန ၆ ခုမှာ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်ထားတာတွေ့ရတယ်လို့ ဒီအစီရင်ခံစာ မိတ္တူကိုရခဲ့တဲ့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ (RNDP) ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ပြောပြပါတယ်၊

“ဝန်ကြီး ဌာနတွေ ဖြစ်တဲ့ စက်မှု ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီး ဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာန နဲ့ သမဝါယမ ဝန်ကြီး ဌာနတွေ ဖြစ်ပါတယ်။ အဲဒီ အပေါ်မှာ စက်မှု ဝန်ကြီး ဌာန မှာဆိုရင်လည်းဘဲ စက်သုံးဆီတွေကို ရောင်းစားပြီးတော့ စာရင်း လိမ်ပြထားတာပါ။ စက်သုံးဆီ ဂါလံပေါင်း (၂၀၉၃၄၀) ဂါလံ ဖြစ်ပြီးတော့ ကျပ်ငွေက (၃၂၀.၅၆) သန်း ဖြစ်ပါတယ်။ အဲဒါက စက်မှု ဝန်ကြီး ဌာန ကပေါ့။ လယ်ယာ စိုက်ပျိုးရေး နဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက လည်းဘဲ အရှုံး စာရင်းကို လိမ်ညာပြီး ဖော်ပြထားပါတယ်တဲ့။ တကယ်တမ်း ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ်ကနေ ပြီးတော့ ၂၀၁၀၊ ၂၀၁၁ အထိ ဆက်တိုက် အရှုံးပေါ်ခဲ့တာက စုစုပေါင်း ကျပ်သန်းပေါင်း (၁၅၂၅.၈၄) သန်း ဖြစ်ပါတယ်တဲ့။ နောက် သတ္တုတွင်း ဝန်ကြီး ဌာနက လည်းဘဲ ကြေးနီ ကုမ္ပဏီကို ဦးပိုင်သို့ လွှဲပြောင်းတဲ့ ကြားကာလမှာ ကြေးနီ သတ္တုစင် (၃၅.၄၃၃) သန်း ကို ထုတ်လုပ်ပြီးတော့ စာရင်းမှာ ဖျောက်ထားတယ် လို့ ပြောပါတယ်။ အဲဒီ တန်ဖိုးကို၊ ထုတ်လုပ်မှု မပြဘဲ ဖျောက်ထားတဲ့ တန်ဖိုးက ဘယ်လောက်လဲ ဆိုတာတော့ အမေရိကန် ဒေါ်လာ ဘယ်လောက် ရှိသလဲ ဆိုတော့ (၃,၂၀၆,၆၃၃.၆၅) တန်ဖိုး ရှိတယ် လို့ ဖော်ပြထားပါတယ်။ နောက် ပြန်ကြားရေး ဝန်ကြီး ဌာနကလည်း သတင်းစာဖိုး တွေကို ငွေ ကို လျှော့ပေါ့ပြီး အလွဲသုံးစား လုပ်ထားတယ်။ တကယ်တမ်း ရောင်းရငွေကို မတင်ပြဘဲနဲ့ မသမာ မှုတွေ နဲ့ တင်ပြထားတယ် လို့ ဖော်ပြထားပါတယ်။ သမဝါယမ ဝန်ကြီး ဌာနကလည်းဘဲ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် လုပ်ငန်းစဉ် များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က စစ်ဆေးခဲ့ပါတယ်တဲ့။ သမဝါယမ ပို့ကုန် သွင်းကုန် လုပ်ငန်း လှည့်ပတ် ရံပုံငွေ အတွက်ကျပ် သန်း ၉၀ အား ပြည်ထောင်စု ဝန်ကြီး ရုံး ပြည်တွင်း လှည့်လည် ငွေစာရင်းသို့ လွှဲပြောင်းထည့် ပေးပြီးတော့ နိုင်ငံတော် ဘတ်ဂျက် မှ ခွင့်ပြုထားခြင်း မရှိသော အသုံး စရိတ်ကို ကျခံ သုံးစွဲတာကြောင့် နိုင်ငံတော် သမ္မတရုံး သို့ ၉-၁-၂၀၁၂ ရက်စွဲ နဲ့ တင်ပြထားတာကို တွေ့ရှိရပါတယ်။ စုစုပေါင်း သုံးစွဲထားသည့် ငွေမှာ (၇) ကုဋေ ကျော်ပါတယ် ခင်ဗျ။”

တိုင်ကြားခံရတဲ့ အစိုးရဝန်ကြီး ဌာနတွေအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်က မမှန် မကန်လုပ်နေတာ ဟုတ်မဟုတ် စာရင်းစစ်ခဲ့တယ်ဆိုတော့ ဘယ်နှစ်ထဲက စပြီးစစ်ဆေးခဲ့တာပါလဲ။

“အဲဒါကလေ တစ်ခု နဲ့ တစ်ခု မတူဘူး ခင်ဗျာ။ ဌာန တစ်ခု နဲ့ တစ်ခု မတူပါဘူး။ ဒါပေမဲ့ သူတို့က အဓိက ကတော့ ထဲထဲ ဝင်ဝင် ပါဝင်နေတဲ့ သက်ဆိုင်သူတွေ ရဲ့ တိုင်ကြားချက်တွေ အပေါ်မှာ သူတို့ သွားပြီးတော့ စစ်ဆေးတာပါ။ အဲဒါကတော့ ဌာန တစ်ခု နဲ့ တစ်ခု အကြောင်းခြင်းကတော့ မတူဘူး။ ဒါပေမဲ့ အကြမ်းဖျင်း ပြောရ ရင်တော့ ၂၀၀၅-၀၆ တွေကတည်း က ဖြစ်နေတဲ့ ကိစ္စတွေလို့ ယူဆရပါတယ်။ ဒီမှာ ဖော်ပြထားတာကတော့ပေါ့လေ။ ”

ခုလို ဝန်ကြီး ဌာနတချို့ ဘဏ္ဍာငွေ အလွဲသုံးစား လုပ်နေတာ တွေ နောက် စာရင်းလိမ် နေတာတွေကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေး တယ်ဆိုတော့ အစိုးရ အနေနဲ့ ပြည်သူ့ ဘဏ္ဍာ သုံးစွဲမှုနဲ့ ပတ်သက်ပြီး ပိုပြီး ပွင့်ပွင့် လင်းလင်း အသိ ပေးချင်တဲ့ သဘောလို့ ဦးဖေသန်း အနေနဲ့ ယူဆပါလား

“ဟုတ်ကဲ့ပါ။ အဲဒါကတော့ ပြည်သူ့ ကိုယ်စားလှယ်တွေကို တော့ အသိပေးတာပေါ့လေ။ တစ်ချိန်က ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ အချိန်မှာတော့ တချိန်က လုပ်ဆောင်ချက်တွေ အပေါ် ဒီလို ဖော်ထုတ်မှဘဲ ဖြစ်တော့မယ်။ တိုင်စာတွေ ကလည်း ရောက်လာတယ်လေ။ အရင်က မတိုင်ခဲ့တဲ့ လူတွေ ရဲ့ တိုင်စာတွေ ပေါ့။ အဲဒီတော့ အဲဒီ တိုင်စာတွေကို အခြေခံပြီးတော့ ဒါက သမ္မတဆီကို သက်ဆိုင်ရာ ဝန်ကြီး အဖွဲ့ကို တင်ပေးထားတဲ့ စာတွေပါ။ အဲဒီ တိုင်စာတွေရဲ့ ဖြစ်စဉ်တွေ ရဲ့ ကောက်နုတ်ချက်ကို ကျနော်တို့ ဆီကို ပို့ပေးပါတယ်။ အဲဒါကြောင့် အရေးယူဖို့ အပိုင်းတွေက ဝန်ကြီး ဌာန နဲ့ သမ္မတရဲ့ တာဝန်တွေ ဖြစ်သွား ပါလိမ့်မယ်။ ဒီတော့ ကိုယ်စားလှယ် တွေကို အသိပေးတဲ့ အခြေအနေမျိုးသာ ဖြစ်ပါတယ်။ ကိုယ်စားလှယ် တွေက သိထားတော့လည်း ကျနော်တို့ ဒီ ဥပဒေ ပြုရေး အပိုင်းမှာ ဝန်ကြီး ဌာနတွေ နဲ့ ပြောရေး ဆိုရေး ရှိတဲ့ အပိုင်းတွေမှာ ဒါတွေကို သိထားတော့ ပိုပြီး ကျနော် တို့အတွက် ပြောရ ဆိုရ ပိုကောင်းလာတာပေါ့။ အခုလို လာဘ်ပေး လာဘ်ယူ မသမာမှု တွေကို ဒီနေ့ ဒီ အချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့က ဖော်ပြလာတာဟာ ပိုပြီး ပွင့်လင်းလာတဲ့ သဘော ဖြစ်ပါတယ်။ ကျနော် တို့ ပြည်သူ့ ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီလိုဘဲ ပွင့်လင်း လာနိုင်အောင် ဒါတွေ အပေါ်မှာ ဒီအစိုးရက ဒီလို လုပ်နေပါတယ် ဆိုတာ ပြည်သူတွေကို ချပြ နိုင်အောင် အသိပေးတယ် လို့ ကျနော်တို့က တော့ ယူဆပါတယ်။"

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေ ငွေစာရင်းဘတ်ဂျက် ကိုပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေကြချိန်မှာ ခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

အင်တာနက် ရန်သူများစာရင်း မြန်မာ ပါဝင်

ကမ္ဘာပေါ်မှာ အင်တာနက်ကနေ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးပြုခွင့်မရှိတဲ့ နိုင်ငံတွေရဲ့စာရင်းကို ၂၀၁၂ ခုနှစ်အတွက် အင်တာနက်ရဲ့ ရန်သူများ ဆိုပြီးတော့ ကမ္ဘာ့မီဒီယာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ထုတ်ပြန်လိုက်ပါတယ်။

အာရပ်နွေဦး တော်လှန်ရေးက အင်တာနက်ရဲ့ လွတ်လပ်ခွင့် အသွင်အပြင်ကို ပြောင်းလဲ ပေးလိုက်တယ်လို့ နယ်စည်းမခြား သတင်းထောက်များက မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဘာရိန်းနိုင်ငံမှာဆိုရင် ဆန္ဒပြပွဲတွေကို တားဆီးဖို့အတွက် သတင်းကို အမှောင်ချနိုင်အောင်အတွက် ဖိနှိပ်တဲ့ နည်းမျိုးစုံနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့ကြတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပြောပါတယ်။

အာရပ်နွေဦး တော်လှန်ရေးကြောင့်ပဲ လစ်ဗျားလို တချို့အစိုးရတွေ ပိုပြီးတော့ ပွင့်လင်းလာကြတယ်လို့ ဆိုပါတယ်။ အာရပ်ကမ္ဘာတလွှား တစ်နိုင်ငံကနေ တစ်နိုင်ငံ ကူးဆက် ပျံ့နှံ့ခဲ့တဲ့ အစိုးရတွေကို ဆန့်ကျင်ဖို့ အာရပ်နွေဦး တော်လှန်ရေးမှာ အောင်မြင်မှုတွေ ရှိတာက တွစ်တာ (twitter) လို လူမှု ကွန်ယက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ဘာရိန်းနိုင်ငံအပြင် ၂၀၁၂ ခုနှစ် အင်တာနက်ရဲ့ရန်သူများဟာ မြန်မာ၊ တရုတ်၊ မြောက်ကိုးရီးယား၊ ဗီယက်နမ်၊ တာမန်နစ္စတန်၊ ဥဇ်ဘက်ကစ္စတန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆီးရီးယားနဲ့ ဘေလာရုနိုင်ငံတို့ ပါဝင်ပါတယ်။

စောင့်ကြည့်ရမယ့် နိုင်ငံများစာရင်းကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တချို့ အင်တာနက် ပေါ်က အကြောင်းအရာတွေကို တည်းဖြတ်တာ၊ အင်တာနက်ပေါ်ကနေ တရားမဝင် ကူးယူမှုတွေ အတွက် အပြစ်ပေးတာတွေ လုပ်ဆောင်တဲ့ နိုင်ငံတွေအတွက် စာရင်းထဲမှာ သွင်းထားတာပါ။ အဲဒီ နိုင်ငံတွေ စာရင်းမှာတော့ သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်၊ အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့ ပါဝင်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

NLD ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ် သုံးရပ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ် ၃ ရပ်ဟာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄ ရက်နေ့ အသံလွှင့်ဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းမှာ ဒီအတိုင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီမိန့်ခွန်းကို ဒေါင်းမာန်ဟုန် ဘလော့စာ မျက်နှာမှာ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယို အခွေအတိုင်း တွေ့ရှိရတာ ဖြစ်ပါတယ်။ ကဲ… ဦးကျော်ဇံသာ ဒီထိပ်တန်း ဦးစားပေး လုပ်ငန်းစဉ်တွေဟာ တိုင်းပြည်အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်တွေ ဟုတ်ပါတယ်နော်။

ဟုတ်ပါတယ်။ ခင်ဖြူထွေးရေ သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိရင် ဘာမှ လုပ်လို့မရပါဘူး။ ဒါအမှန်ပါပဲ။ ဒါပေမဲ့ တရားဥပဒေစိုးမိုးမှု ရှိအောင်လုပ်ဖို့ အတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်ရမယ်၊ နောက်ပြီးတော့ လူထုကို အကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဌာန်းရမယ်၊ ဒါ့အပြင် တရားဥပဒေ စိုးမိုးရေး ဆိုတာဟာ အုပ်ချုပ်ရေး အာဏာစက်အောက်က လွတ်မြောက်အောင် လုပ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါဟာ သိပ်အရေးကြီးတဲ့ မူဝါဒဖြစ်ပါတယ်။ အလားတူစွာပဲ ပြည်တွင်းစစ် ရပ်စဲရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေး ဟာလည်း သိပ်ကို အရေးကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် တနည်းအားဖြင့်ဆိုရင် တိုင်းရင်းသား ပြဿနာ ပြေလည်ရေးလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒီထဲမှာ ဖော်ပြထားတဲ့ကိစ္စတွေက သူတို့ဒါကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ဆောင်ရွက်မယ်လို့ ဆိုပြီး ဖော်ပြထားပါတယ်။ ဒါဟာ တိုင်းရင်းသားတွေလည်း အကြိုက်တွေ့မယ့် လက်ခံနိုင်မယ့် လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒါကို အကောင်ထည်ဖော်ရင် အကောင်းဆုံးပါပဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။“ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ပါမယ်။ ပထမအဆင့် အနေနဲ့ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရပါမယ်။ ဒုတိယ အဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်း ဆောင်ရွက်ရပါမယ်။ တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ စစ်စစ် တည်ထောင်ဖို့ ဘုံဦးတည်ချက် ထားပြီးတော့ ကြိုးပမ်းရပါတယ်။ ကျမတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ပြည်ထောင်စု စစ်စစ်ကြီးကို လိုလားတယ်လို့ ကျမ တထစ်ချ ယုံကြည်ပါတယ်။”

ဟုတ်တယ်။ ဦးကျော်ရေ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာကလည်း လွှတ်တော်မှာ အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှ ဖြစ်မှာ။ ဘယ်လွယ်ပါ့မလဲနော်။

မှန်ပါတယ် မလွယ်ပါဘူး အခုရွေးကောက်ပွဲက ကြားဖြတ်ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်တို့ ၀င်ပြိုင်မှာက လွှတ်တော် ၂ ရပ်ပေါင်းမှာမှ အမတ်နေရာ ၄၀ ကျော်ဆိုတော့ လောလောဆယ်မှာတော့ တော်တော်လေး ခက်ခဲမယ်လို့ ထင်ပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲတွေမှာ သူတို့ လုံးဝ ဥဿုံအနိုင်ရတဲ့အခါမှာမှ ဖြစ်လာနိုင်တဲ့ ကိစ္စလို့ ထင်ရပါတယ်။

နောက်… စီးပွားရေး၊ လူမှုရေး ကိစ္စတွေကိုလည်း ပြောထားသေးတယ်။ အဲဒီအထဲမှာ အထူးခြားဆုံး အချက်က ဘာဖြစ်မလဲ ဆိုတာကိုလဲ ကြည့်ရအောင်ပါရှင့်။

ကျနော် ထင်တာကတော့ ခင်ဖြူထွေး ပထမဦးဆုံး ဒီတိုင်းရင်းသားအရေးနဲ့ ပတ်သက်ပါတယ်။ ဗမာစကား အခက်အခဲ ရှိတဲ့ တိုင်းရင်းသား ဒေသတွေရဲ့ ပညာရေးမှာ လိုအပ်သလို ဆောင်ရွက်ပေးဖို့ တနည်းအားဖြင့် တိုင်းရင်းသား ဘာသာစကားတွေကို ကျောင်းမှာ ပညာရေးမှာ အသုံးပြုဖို့လို့ ယူဆပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ ကိစ္စပါ။ တခြား အခွင့်အရေးပိုင်းမှာတော့ မြန်မာပြည်မှာ အစဉ်သဖြင့် အဖိနှိပ်ခံ လူတန်းစားတွေ ဖြစ်လာခဲ့တဲ့ လယ်သမားတွေနဲ့ ပတ်သက်ပါတယ်။ ဒီအပိုင်းမှာတော့ သူက လယ်ယာပိုင်ဆိုင်ခွင့်တို့၊ လွတ်လပ်စွာ ရောင်းဝယ်ခွင့်တို့ စတာတွေ ဖော်ပြထားတာ တွေ့ရပါတယ်၊ စသဖြင့် ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ “တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာလုပ်ပိုင်ခွင့်၊ လယ်ယာပိုင်ဆိုင်ခွင့် ရဖို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆန်စပါး အပါအ၀င် လယ်ယာထွက်ကုန် ပစ္စည်းများ၊ ဈေးကွက်စီးပွားရေးနဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး ကြိတ်ခွဲ ရောင်းဝယ်ခွင့် ရဖို့နဲ့ သင့်တော်တဲ့ဈေးနှုန်းများ ရဖို့ကို ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်း လယ်ယာထွက်ကုန် ပစ္စည်းများ ဈေးတက်နေခြင်းကို သတိပြုပြီး အနာဂတ်ကိုရှေ့ရှုတဲ့ လယ်ယာထွက်ကုန် စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုင်ခွင့်များ၊ ပြဿနာအရေး ကိစ္စရပ်များကို တောင်သူလယ်သမား အကျိုးအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ညီညွတ်သော တောင်သူလယ်သမား အဖွဲ့အစည်းများအား ဖွဲ့စည်းခွင့် ပေးသွားရပါမယ်။”

ဒီ ဦးစားပေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်လာဖို့ဆိုတာကတော့ အချိန် အတော်ယူရမှာပါပဲ။

မှန်ပါတယ်။ စောစောက ပြောခဲ့သလိုပဲ တချို့ဟာတွေကတော့ လောလောဆယ် လုပ်လို့ ဖြစ်နိုင်ပေမဲ့ တချို့ဟာတွေကတော့ လွှတ်တော်မှာ အမတ်ဦးရေ အများစု သာမန် ၅၀% ရတာတင်မကဘူး ၇၅ % ကျော် ရမှဖြစ်မယ့် ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ဒီဟာ မလွယ်ကူဘူး ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ “ဒါတွေက နားထောင်လို့တော့ ကောင်းပါရဲ့။ တကယ်ပဲ အကောင်ထည် ပေါ်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ် ထင်ပါတယ်။ လွယ်လွယ်တော့ ကျမတို့ လိုလား တောင့်တနေတဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျမတို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ ၀ိရိယ စိတ်ဓါတ် ပညာ ဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျမ ယုံကြည်ပါတယ်။”

မြန်မာ့ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းထဲက တစွန်းတစကို ကြားခဲ့ကြရတာပါ။ ဒီမိန့်ခွန်း အပြည့်စုံကိုတော့ မနက်ဖြန် မတ်လ ၁၄ ရက် မြန်မာ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မူရင်းလင့်က ဒီမှာပါ။

အနုပညာဗီဇပါတဲ့ သမီးဖြစ်သူရဲ့ ဆန္ဒတွေကို ပံ့ပိုးပေးမယ့် မင်းမော်ကွန်း


မင်းမော်ကွန်းက ကလောမှာ “ရွှေ”နဲ့ ကလေးကလား ကလောသား” ဆိုတဲ့ဗီဒီယို ၂ကားကို သွားရောက်ရိုက်ကူး နေပါတယ်။ အခုဆိုရင် မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး ကလည်း အနုပညာဗီဇပါတဲ့ သမီးဖြစ်သူပီပီ ယူရေနီယမ်မှာ အကသင်နေတာ တော်တော်ကြာနေပါပြီ။

ဝါသနာပါတဲ့အလျောက် ကြိုးလည်းကြိုးစားတဲ့ သမီးဖြစ် သူကိုကြည့်ပြီး အားရကျေနပ်နေတဲ့ မင်း မော်ကွန်းပါ။ “သမီးက ဝါသနာပါတဲ့အလျောက်လည်း ကြိုးစားတယ်။ အခုသူတို့ Little Uranium အကအဖွဲ့မှာလည်း သူတို့အဖွဲ့က ကလေးတွေ အားလုံးညီကြတယ်။ ကြိုးစားကြတယ်။ အဲဒါ တွေကြည့်ရတာ ကျေနပ်ပါတယ်။ သူ့ကိုလည်းဖြစ်စေချင်တယ်။ သူအနုပညာ အလုပ်လုပ်တာကို လည်း ခွင့်ပြုပါတယ်။ ကျွန်တော်တို့ ဒီအလုပ်ကို ဝါသနာပါလို့ ဒီနေရာရောက်အောင် ကြိုးစားတဲ့အချိန်မှာ ကျန်တာတွေက ဘာမှ ခေါင်းထဲထည့်စရာမလိုပါဘူး။ ကိုယ်ဖြစ် ချင်တာ ကိုယ် လုပ်ဖို့ပါပဲ။ ကျွန်တော်က သူ့ကို ဂီတဘက်ကို သင်မယ်ဆို အခြေခံကစပြီးတက်စေချင်တယ်။ အခုလောလော ဆယ်တော့ အိမ်မှာစန္ဒရား တီးသင်နေတယ်။ သူလုပ်ချင် တာကို ပံ့ပိုးပေးသွားမှာပါ။ သူက အနုပညာပိုးတော့ တော်တော်ကြီးတယ်” လို့ သမီးနဲ့ပတ်သက်ပြီး ပြောပြပါ တယ်။

သင်္ကြန်လည်း ရောက်တော့မှာဖြစ်ပြီး နှစ်ဆန်းတစ် ရက်နေ့ဆို အလှူလုပ်လေ့ရှိတဲ့ မင်းမော်ကွန်းကို ဒီနှစ် သင်္ကြန်လည်း အလှူလုပ်ဖို့ အစီအစဉ်ရှိလားဆိုတော့ “ကျွန်တော်တို့က အသက်ကြီးလာပြီဆိုတော့ သင်္ကြန်ကို ငယ်ငယ်တုန်းကလိုတော့ သိပ်ဖီလင်မရှိတော့ပါဘူး။ ဒီနှစ် ဘာလုပ်ရမယ်ဆိုတာ မစဉ်းစားရသေးဘူး။ မဏ္ဍပ်လည်း မဆောက် တော့ပါဘူး။ ဘုန်းကြီးဝတ် တာကလည်း အခြေ အနေပေါ်မူတည်ပြီး ကျွန်တော် ဘာကားရိုက်ရမယ်ဆို တာနဲ့ ပြန်တွက်ရဦးမယ်။ ခါတိုင်းဆို နှစ်ဆန်း တစ်ရက်နေ့ဆို အမြဲတမ်းကုသိုလ် ကောင်းမှု တစ်ခုခုလုပ်လေ့ရှိပါ တယ်”လို့ ပြောပြပါတယ်။

မေမွန်မောင်

မူရင်းလင့်က ဒီမှာပါ။

အကယ်ဒမီ အလှူအဖြစ် လှိုင်သာယာ မီးဘေးသင့်သူများကို စောင်တွေသွား လှူဖြစ်ခဲ့တဲ့ သက်မွန်မြင့်


သက်မွန်မြင့်က အကယ်ဒမီ အမှတ်တရအနေနဲ့ အလှူတွေလုပ် ဖို့စဉ်းစားထားပေမယ့် အကယ်ဒမီရပြီးနောက် ပြင်ဦးလွင်မှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေ ရတာ ကြောင့် အကောင်အထည် မဖော်ဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ဖဖော်ဝါရီ၉ရက်နေ့က ပြင်ဦးလွင်ကို မသွားခင်မှာ လှိုင်သာယာ မီးဘေးသင့်တဲ့သူတွေကို Heart & Soul ထုတ်လုပ်ရေးက ခင်စန္ဒာမြင့်နဲ့အတူ သွားလှူဖြစ်တယ် လို့ သိရပါတယ်။ အလှူနဲ့ပတ်သက်ပြီး သက်မွန်မြင့်က “တခြားနေရာ တွေထက် တကယ်ဒုက္ခရောက်နေတဲ့ သူတွေကို လှူမယ်ဆိုပြီး လှိုင်သာယာ မီးဘေးမှာ လှူဖြစ်ခဲ့တာပါ။ အိမ်တွေလည်း ဆုံးရှုံးသွားကြတယ်လေ။ လူနှစ်ရာကျော်အိမ်တွေ ပြန် ဆောက်ဖို့ လိုသေးတယ်။ လောလောဆယ်မှာတော့ အခုချိန်မှာ အသုံးလိုမယ့် စောင်တွေလှူခဲ့တယ်။ နောက်ထပ်တော့ စိတ်ကူးထားတာရှိပါတယ်။ ဒါပေမဲ့ အကောင်အထည် မဖော်ရသေးဘူး။ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်နေတော့ ဘာမှ မလုပ်ဖြစ်သေးဘူး”လို့ ပြောပြပါတယ်။

အကယ်ဒမီ ရတယ်ဆိုတာ အနုပညာဘဝလမ်းခရီးမှတ်တိုင်တစ်ခု စိုက်ထူနိုင် သလို အကယ်ဒမီရတဲ့ အတွက် တခြားပြောင်းလဲမှုတော့ မရှိပါ ဘူးလို့ သက်မွန်မြင့်က ပြောပါတယ်။ “အကယ်ဒမီရတယ် ဆိုတာ လွယ်လွယ်ကူကူ နဲ့ရတာမဟုတ်ဘူးလေ။ ကိုယ်က ပိုကြိုးစားဖို့လိုပြီး တာဝန်ပိုကြီးသွားတယ်။ ဒီဆုရတယ် ဆိုတော့လည်း ပရိသတ်က အားပေးလို့ ပရိုဂျူဆာတွေ၊ ဒါရိုက်တာတွေက ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ပါဝင်ရိုက် ကူးခွင့်ပေးတာ၊ ကိုယ့်အတွက်ခွန်အား တစ်ခုဖြစ်စေတယ်”လို့လည်း သက်မွန်မြင့်က ပြောပြခဲ့ပါတယ်။

မေမွန်မောင်

မူရင်းလင့်က ဒီမှာပါ။

သီတဂူ ဆရာတော်ကြီး (၇၅) နှစ်ပြည့် မွေးနေ့ ပူဇာ သဘင်တွင် သီးလေးသီး၊ သီတဂူ ဂီတဉ္ဇလီနှင့် လမင်းအိမ် အဖွဲ့တို့က အနုပညာဖြင့် ပူဇော်

စစ်ကိုင်းတောင်ရိုး၊ မန္တလေး၊ ရန်ကုန် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဗဟုဇန ဟိတဓရ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ (Ph.D, D. Litt) ၏ ၇၅ နှစ်ပြည့် မွေးနေ့ကို မတ်လ ၆ ရက်နေ့က စစ်ကိုင်း တောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပခဲ့သည်။

၇၅ နှစ်ပြည့် မွေးနေ့တွင် တက္ကသိုလ် သံဃာအပါး ၁ဝဝဝ နှင့် သီလရှင်အပါး ၁ဝဝဝ တို့အား ရွှေတောင်ခေါက်ဆွဲဖြင့် ဆွမ်းကပ်ပြီး သန္တိမဟာဘွဲ့နှင်း သဘင် ခန်းမတွင် ဒေါက်တာမျိုးမြင့်၊ ဒေါက်တာ မြသီတာဆွေ တို့က စာတမ်းများ ဖတ်ကြားခဲ့သည်။ မတ်လ ၅ ရက်နေ့တွင် သီးလေးသီး အဖွဲ့က ဖျော်ဖြေပြီးနောက် မတ်လ ၆ ရက်နေ့တွင် သီတဂူ ဂီတဉ္ဇလီအဖွဲ့ (အလင်္ကာဝတ်ရည် မြန်မာမှု တေးဂီတအဖွဲ့) ၏ “ကြည်ညိုဦးတင် မဟာဗုဒ္ဓဝင်” တေးသရုပ်ဖော် တင်ဆက်မှု၊ တေးသံရှင် များ၏ မြန်မာသံ တေးသီချင်း သီဆိုမှုများဖြင့် တင်ဆက်ခဲ့သည်။

“ကြည်ညိုဦးတင် မဟာဗုဒ္ဓဝင်” တေးသရုပ်ဖော် တင်ဆက်မှုများကို မန္တလေးဇာနည် LBD အဖွဲ့နှင့် ထူးထူးခြားခြား တင်ဆက်ခဲ့သည်။ မတ်လ ၇ ရက်နေ့တွင် လမင်းအိမ် အဖွဲ့က ဖျော်ဖြေပေးခဲ့သည်။ သီတဂူ ဆရာတော် ဘုရားမွေးနေ့ပွဲ သို့ အနယ်နယ် အရပ်ရပ်မှ သီတဂူ အဖွဲ့များ၊ နိုင်ငံခြားသံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မူရင်းလင့်က ဒီမှာပါ။ 

‘ချစ်သူရွေးမယ်’ တစ်ကိုယ်တော်စီးရီးကို သင်္ကြန်ပြီးမှပဲ ထွက်ဖြစ်တော့မယ်ဆိုတဲ့ စိုးပြည့်သဇင်

တရားစခန်းတွေဝင်လေ့ရှိတတ်တဲ့ စိုးပြည့်သဇင်က လတ်တလောရိုက်ကူးမှုတွေ မရှိ သေးတဲ့အချိန်အတွင်းမှာ အဘွားနဲ့အတူ တရားစခန်း ၄ ရက်ဝင်ခဲ့ပါတယ်။ တရားထိုင်ရတာ တအားအေးချမ်းတဲ့ အတွက် ခဏခဏ ထိုင်ဖြစ်ကြောင်းပြောတဲ့ စိုးပြည့်သဇင်က “စိုးပြည့်က တရားထိုင်ရတာ သိပ်ကြိုက်တယ်။ သိပ်အေးချမ်းတယ်။ အဲဒီ အချိန်မှာ ကျန်တာ ဘယ်အလုပ်ကိုမှ ခေါင်းထဲ မထား ဘူး။ အဲဒီတစ်ခုတည်းကိုပဲ အားထုတ်တယ်။ ရိပ်သာကထွက်လည်း တရားထိုင်တယ်။ အမြဲတမ်းထိုင်ဖြစ် ပါတယ်။ တရားထိုင် တဲ့အလုပ်က ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်အတွက် အကျိုးရှိပါတယ်။ လောကီ ဘက်မှာဆို ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စိတ်တည်ငြိမ်မှုရှိတယ်။ ဘယ်အလုပ်ကိုမဆို ကိုယ်ဆုံးဖြတ်တော့မယ်ဆိုရင် အမှားအမှန် ကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခွဲခြားနိုင်တယ်။ လောကီ အကျိုးအတွက်ရော၊ လောကုတ္တရာ အကျိုး အတွက်ရော ရအောင် လုပ်တာပါ’ လို့ တရားထိုင်တဲ့ အတွက် ရရှိတဲ့ အကျိုးတွေကို စိုးပြည့်သဇင်က ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ တော့ စတိတ်ရှိုးဆိုဖို့လက်ခံထားတဲ့ အတွက် တရားစခန်းမဝင် ဖြစ်ဘူးလို့ ပြောပါ တယ်။ စိုးပြည့် သဇင်က မတ်လ ၁၂ ရက်နေ့မှာ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ မင်းထက်တို့နဲ့ ဇာတ်ကား ရိုက်ကူး မှာပါ။ “ချစ်သူ ရွေးမယ်” တစ်ကိုယ်တော် စီးရီးကိုတော့ သင်္ကြန်ပြီးမှ ပဲထွက်ဖြစ် တော့မှာ ဖြစ်ကြောင်း စိုးပြည့်သဇင်က ပြောပါတယ်။ ခိုင်ဝေလွင် မူရင်းလင့်က ဒီမှာပါ။

စီးပွားရေးအလုပ်တွေကြောင့် အနုပညာဘက်မှာ လစ်ဟင်းရတယ်ဆိုတဲ့ အောင်သူရ


ဆွှစ်ဇာလန်နိုင်ငံမှာ နေထိုင်တဲ့ အောင်သူရက မတ် လ၄ရက်နေ့မှာ မြန်မာနိုင်ငံကို တစ်ပတ်ကြာ ရောက်ရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေကို အဓိက လာရောက်လုပ်ကိုင် တာဖြစ်ကြောင်း ပြောပါတယ်။ အောင်သူရက မြန်မာနိုင်ငံမှာ Thuya Swiss ကုမ္ပဏီဖွင့် လှစ်ထားပြီး ဝန်ထမ်းတွေတိုးချဲ့ခန့်အပ်သွားမှာဖြစ် ကြောင်းပြောတဲ့ အောင်သူရ က..”အခုကျွန်တော် ပြန်ရောက်တုန်းမှာ ကျွန်တော်ထူထာင်ထားတဲ့ Thuya Swissကို အကုန်အဆင်ပြေအောင် လုပ်နေပါတယ်။

ဝန်ထမ်းကတော့ ၈ယောက်ရှိသွားပြီ။ ဒီဝန်ထမ်း ၈ယောက်ကို ထရိန်နင်ပေးမယ်၊ သင်တန်း ပေးမယ်။ ဝန်ထမ်းအသစ်တွေလည်း ထပ်ခန့်မယ်။ လောလောဆယ် အင်တာဗျူးတွေလုပ်တယ်။ နိုင်ငံခြား ကုမ္ပဏီ တွေကလည်း စိတ်ဝင်စားလို့ဆက်သွယ်လာကြတယ်။ ဆွေးနွေး ချင်တယ်ဆိုတော့ သူတို့နဲ့ Meeting တွေရှိမယ်။ ရှိတဲ့အချိန်ကတော့ ကျွန်တော့်ဝန်ထမ်းတွေကို ပုံသွင်း ပေးဖို့အဓိကပါပဲ” လို့ ပြောပါတယ်။ အောင်သူရက လောလောဆယ် မှာတော့ ဆွစ်ဇာလန်မှာပဲ နေထိုင်ဦးမှာ ဖြစ်ပြီး ကုမ္ပဏီအခြေကျသွားရင်တော့ မြန်မာနိုင်ငံမှာပဲ ပြန်လာနေဖို့ရှိကြောင်း ပြောပါတယ်။

ဆွမ်ဇာလန်မှာရှိတဲ့ နိုင်ငံခြားသားတွေကလည်း အောင်သူရနဲ့တိုင်ပင်ပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ချင်နေကြ ကြောင်းကို “ဆွစ်ဇာလန်မှာက ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင် တဲ့လူတွေတအားများတယ်။ IT ကုမ္ပဏီက ပိုင်ရှင်တစ် ယောက်နဲ့သူ့မိတ်ဆွေတွေက ဒီနိုင်ငံမှာ စီးပွားရေး လုပ်ချင် တော့ ကျွန်တော်နဲ့တိုင်ပင်ကြတယ်။ ကိုရီးယားမှာရှိတဲ့ Swiss ဆေးကုမ္ပဏီတစ်ခုက လောလောဆယ် ဒီမှာ အခြေမချသေးဘူး။ ဒီမြန်မာပြည်ဈေးကွက်ထဲကို ဝင်လာရင် ဘယ်လိုနေမလဲ ဆိုတာကို လေ့လာချင်တော့ ကျွန်တော်နဲ့ ဆွေးနွေးနေပါတယ်။

ကျွန်တော့် သူငယ်ချင်းတစ်ယောက်က မြန်မာပြည်ကို လိုက်လာပြီး လေ့လာနေ တယ်။ သူတစ်ယောက်တည်း အနေနဲ့ဆို လုပ်မှာမဟုတ်ဘူး။ ဒီနိုင်ငံနဲ့စိမ်း နေတယ်။ ကျွန်တော်နဲ့အတူလိုက်လာပြီး စီးပွားရေးလုပ် ဖို့အတွက် လေ့လာနေ တယ်” လို့ ပြောပါတယ်။ ဒေါက်တာဘွဲ့ ရရှိထားတဲ့ အောင်သူရက မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် အတွင်းမှာ EMBA ကျောင်းသားများကို မတ် လ ၆ရက်နေ့၊ ညနေ ၅နာရီက င်္ငညညေခငေူ မြေုနအအကြောင်း သင်ကြားပို့ချခဲ့ပါတယ်။ အောင်သူရက ကိုယ်တတ်ထားတဲ့ ပညာကို မျှဝေချင်တဲ့အတွက် အချိန်ရရင်ရသလို သင်တန်း တွေ၊ဟောပြောပွဲတွေလုပ်မှာဖြစ်ကြောင်း ပြောပါတယ်။

အခုအချိန်မှာ စီးပွားရေးအလုပ်တွေ တအားရုန်းကန်နေ ရတဲ့အတွက် အနုပညာဘက်ကို မလုပ်နိုင်သေးဘဲ လစ် ဟင်းနေကြောင်းပြောပြီး စီးပွားရေးခိုင်မာလာရင်တော့ အနုပညာဘက်ကို လုပ်သွားမှာ ဖြစ်ကြောင်းပြောပါတယ်။ “အတိတ်၏အရိပ်” ရုပ်ရှင်ဇာတ်ကားကို အင်္ဂလန်မှာ ပြသဖို့ စဉ်းစားနေပေမယ့် ရက်အတိအကျတော့ မပြောနိုင်သေး ကြောင်းပြောတဲ့ အောင်သူရက မတ်လ ၁၂ရက်နေ့မှာ ဆွစ်ဇာလန်ကို ပြန်သွားခဲ့ပါတယ်။

ခိုင်ဝေလွင်

မူရင်းလင့်က ဒီမှာပါ။

ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် လို

မန်မာနိုင်ငံတွင် နိုင်ငံရေး ဖြစ်စဉ်တိုးတက်မှုများ ရှိလာသည်ဟု ပြောဆိုနေ သော်လည်း နိုင်ငံရေး အကျဉ်းသား ၈၀၀ ကျော် ဆက်လက် ကျန်ရှိနေသေးကြောင်းထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။


ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာမည့်သူများကို အင်းစိန်ထောင်ရှေ့တွင် စောင့်ကြိုနေကြသူများ (ဓာတ်ပုံ - ဧရာဝတီ)

“အခု နိုင်ငံရေးအကျဉ်းသား ၈၀၀ ကျော် ကျန်နေသေးတယ်။ ၄၀၀ ကျော်ကို အခိုင်အမာ ပြောနိုင်ပြီး ကျန် ၄၀၀ ကျော် က ဆက်လက် စုံစမ်းနေဆဲပဲ” ဟု ကိုဘိုကြည်က ဧရာဝတီသို့ ပြောသည်။

မကြာခင်က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့်ဖြင့် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် လွတ်လာပြီး နောက်ပိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုမှုများ အသံတိတ်သွားကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများကိုလည်း ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နိုင်ငံရေးအကျဉ်းသား မရှိကြောင်း အစဉ်အဆက် ငြင်းဆိုလေ့ရှိသော်လည်း ပြန်လွှတ်ပေးချိန်များတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်သည်ကို ဖော်ပြလေ့ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက် ကွဲလွဲမှုအပေါ် မူတည်ပြီး ကိန်းဂဏန်း ကွာဟမှုရှိကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုရာတွင် အခက်အခဲများရှိကြောင်း သိရသည်။

ကိုဘိုကြည်က “ကျနော်တို့ မသိသေးတဲ့ နယ်စပ်ဒေသက ရွာသူရွာသားတွေ အဖမ်းခံနေရတာတွေ ရှိတယ်။ သူတို့ကို စာရင်းပြုစုလို့ မရသေးဘူး။ စစ်ဖြစ်နေတာကြောင့်လည်း ပါတယ်။ ဘာသာစကား အခက်အခဲတွေကြောင့်လည်း ပါတယ်။ ထင်ရှားသူတွေ လွတ်တာနဲ့ နိုင်ငံရေးအကျဉ်းသား ကုန်သွားတာ မဟုတ်ပါဘူး” ဟု ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက် ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက “ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဆိုဆို မရှိပါဘူး။

နိုင်ငံရေးလုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သူတွေကိုသာ ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ကိုဘိုကြည်က စစ်အစိုးရအဆက်ဆက် နိုင်ငံရေးပုဒ်မများထဲတွင် ပုဒ်မ ၅ ည၊ ပုဒ်မ ၁၂၂၊ ၁၄၃၊ ၁၄၄၊ ၁၄၅ အစရှိသည်ဖြင့် ပုံနှိပ် အက်ဥပဒေလည်း ပါဝင်ကြောင်း၊ ယခု နောက်ပိုင်း ထပ်တိုးလာသည့် အီလက်ထရောနစ်အက် ဥပဒေ ပုဒ်မ ၃၃ (က) စသည့် ဥပဒေ ပုဒ်မများနှင့် အဖမ်းခံထားရလျှင်လည်း နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်၍ရကြောင်း ပြောသည်။

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ပြန်လည်ပြုစု ပျိုးထောင်ရေးနှင့် ပတ်သက်၍လည်း AAPP က လုပ်ဆောင်နေကြောင်း၊ အဆင့်အလိုက် အမှန်တကယ် ထောက်ပံ့မှု လိုအပ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကို ပြုစုနေကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ တဦးချင်း အရည်အချင်းမြှင့်တင်ရေး၊ ဘ၀ရပ်တည်ရေးအတွက် အဓိက တာဝန်ရှိသူမှာ အစိုးရဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုရန်လိုကြောင်း ကိုဘိုကြည်က ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားဟောင်း ရှေ့နေတွေဆို လိုင်စင်ပြန်မရတာတွေ၊ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့် မရတွေဟာ နှစ်ခါ အပြစ်ပေးခံရသလို ဖြစ်နေတယ်။ မတရားလည်း အဖမ်းခံခဲ့ရတယ်။ လွတ်လာတော့လည်း ကျောင်းဆက်တက်လို့ မရဘူး။ မူအရ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အသိအမှတ်ပြုဖို့ လိုတယ်။ အစိုးရကိုယ်တိုင်က နစ်နာခဲ့သူတွေအတွက် ပြန်ပြီး လုပ်ပေးသင့်တယ်” ဟု ကိုဘိုကြည်က ပြောသည်။

စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် တာဝန်ယူခဲ့စဉ် ၁၉၈၉ ခုနှစ်က သံလျင် ရေနံချက်စက်ရုံ ဗုံးခွဲသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခဲ့သည့် သံလျင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုသန်းဇော်သည် သရက် အကျဉ်းထောင်ထဲ၌ ယနေ့အထိ ရှိနေကြောင်း၊ အတူဖမ်းဆီး အပြစ်ပေးခံခဲ့ရသည့် ကိုညီညီဦးသည်လည်း မကြာခင်ကမှ ပြန်လည်လွတ်မြောက်လာကြောင်း၊ ထိုကဲ့သို့သော နစ်နာခဲ့ရသူ များစွာရှိနေကြောင်း ကိုဘိုကြည်က ထောက်ပြသည်။

“ဒီလို နစ်နာခဲ့ရတဲ့ သူတွေကလည်း ဦးခင်ညွန့်ဆီက မှားယွင်းကြောင်း ၀န်ခံရန်နဲ့ တာဝန်ယူသင့်ကြောင်း စာရေးတောင်းဆိုသင့် ထင်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တောင်အာဖရိက သင်ခန်းစာကဲ့သို့ အမှန်တရား ဖော်ထုတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကော်မရှင်ကဲ့သို့ ဖွဲ့စည်းရန် လိုအပ်နေကြောင်းလည်း ကိုဘိုကြည်က ပြောသည်။

ယခုအခါ ကိုဘိုကြည်သည် “ရေဆန်လမ်း” အမည်ရှိ နိုင်ငံရေး အကျဉ်းသားများအကြောင်း သရုပ်ဖော် မှတ်တမ်းရုပ်ရှင် ပြသရန် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည်။ အမေရိကန် ပြည်နယ် ၆ ခုနှင့် တက္ကသိုလ် ၂၀ ကျော်တွင် အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ပြသမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့မည်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများအရေး စည်းရုံးလှုံ့ဆော်မည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေ အကုန် မလွှတ်သေးဘဲနဲ့ Sanction (ပိတ်ဆို့အရေးယူမှု) ကို အကုန်ရုပ်သိမ်းဖို့ မဖြစ်နိုင်သေးဘူး။ အမေရိကန်၊ ဥရောပသမဂ္ဂတွေကို ဒါနဲ့ပတ်သက်ပြီး ပြောဆိုဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာကြသော နိုင်ငံရေးအကျဉ်းသား ရဟန်းတော် ဦးဝီရသူ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကလည်း ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်နေကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား စာရင်းများရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်သွားမည်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ယခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ပြောဆိုထားသည်။

ဆက်စပ်သည့် သတင်း
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်မှာ တောင်းဆိုမှုကြောင့် မဟုတ်
(http://burma.irrawaddy.org/archives/4863)

မူရင်းလင့်က ဒီမှာပါ။

ကြံ့ခိုင်ရေး ပါတီ ငွေပေး မဲဆွယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ပွဲ တက်ရောက်ရန် လူ တဦးလျှင် တနေ့ ကျပ် ၃၀၀၀ ပေး၍စည်းရုံးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်းရရှိသည်။


ရန်ကုန်မြို့တွင် မတ်လ ၇ ရက်နေ့က မဲဆွယ် စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေး ပါတီဝင်များ (ဓာတ်ပုံ - Reuters)

ပါတီကိုယ်စားလှယ်လောင်း တဦးလျှင် ကျပ် သိန်း ၅၀ ထုတ်ပေးပြီး အောင်နိုင်ရေးအတွက် ထိုသို့ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လာ ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ အသိုင်းအ၀ိုင်းက ပြောသည်။

“ဗဟိုကနေ ပါတီ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စရိတ် ထုတ်ပေးထားတယ်၊ သက်ဆိုင်ရာ မြို့နယ် ပါတီရုံးခွဲတွေ က လည်း တတ်နိုင်သလောက် ငွေကြေးရော စိတ်ဓာတ်ပိုင်းဆိုင်ရာရော ကိုယ်စားလှယ်လောင်းအတွက် ဖြည့်ဆည်းပေးကြဖို့ လူကြီး တွေက ညွှန်ကြားထားပါတယ်”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူ တဦးကလည်း ပြောဆိုသည်။

ထို့အပြင် အစိုးရ၀န်ကြီးတချို့ကလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများအတွက် အထူးမဲဆွယ်ပွဲများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အရွေးချယ်ခံမည့် ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး အတွက် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်ကြည်က မဲဆွယ်ပေးလျက်ရှိကြောင်း ဒေသခံ တဦးက ပြောပြသည်။

“ဦးအောင်ကြည်ကိုယ်တိုင် ဖဆပလ ရပ်ကွက်မှာ သက်ကြီးကန်တော့ပွဲ နာမည်တပ်ပြီး ဒေါ်လဲ့လဲ့အေးအတွက် မဲဆွယ်သွားတယ်။ သက်ကြီးရွယ်အိုတွေကို ငွေကြေးနဲ့ ကန်တော့ပြီး ဒေါ်လဲ့လဲ့အေးကို မဲထည့်ပေးဖို့ မဲဆွယ်တယ်”ဟု မင်္ဂလာတောင်ညွှန့် ဒေသခံက ပြောသည်။

ဦးအောင်ကြည်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီး ပြည်ထောင်စု ၀န်ကြီးတာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

အစိုးရ၀န်ကြီး တဦးအနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ချိန်တွင် ယခုကဲ့သို့ ပါတီနိုင်ငံရေးအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခြင်းမှာ ဥပဒေနှင့် မညီကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမား တဦးက ပြောသည်။

“အစိုးရ၀န်ကြီးဆိုတာက ပြည်သူ့ဝန်ထမ်းဖြစ်သွားပြီ။ ပါတီနိုင်ငံရေးကို လုပ်လို့မရဘူး။ ပါတီကိုယ်စားလှယ်လောင်းအတွက် မဲဆွယ် တာမျိုး တကယ်ကို မလုပ်သင့်ဘူး။ ဥပဒေအရလည်း ငြိတယ်။ ၀န်ကြီး ဆိုတဲ့ ရာထူးအရှိန်အ၀ါ သုံးပြီး ပါတီ အတွက် မဲဆွယ်တာ က လည်း နိုင်ငံပိုင်ပစ္စည်းကို သုံးတာပဲ”ဟု နိုင်ငံရေးသမား တဦးဖြစ်သူ ဒေါက်တာ စောနိုင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီအတွက် အစိုးရ ၀န်ကြီးများ မဲဆွယ်စည်းရုံးမှု ပြုလုပ်ခဲ့သည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံ့ဝန်ထမ်း မဟုတ်သူများသာ ပါတီ တည်ထောင်ခွင့်၊ စည်းရုံးခွင့် ရှိကြောင်း နှင့် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ် စေ ရယူသုံးစွဲသည်ကို တွေ့ရှိပါက ပါတီမှတ်ပုံတင်ကို ဖျက်သိမ်း၍ ပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပြဌာန်းထားသည်။

မရမ်းကုန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် အငြိမ်းစား ညွှန်ကြားရေးမှူး ဦးရဲထွဋ်ကလည်း မဲဆွယ်စည်းရုံးရေး ကားဖြင့်လှည့်လည်ရန် လူတဦးလျှင် နေ့စား ကျပ် သုံးထောင်ပေး၊ ထမင်းကျွေးစနစ်ဖြင့် ခေါ်ယူ အသုံးပြုကြောင်း သိရှိရသည်။

“တချို့တနေ့လုပ်တနေ့စားတွေက ထမင်းလည်းစားရမယ်၊ ပိုက်ဆံလည်းရတယ်ဆိုတော့ လိုက်သွားကြတာ၊ ရပ်ကွက်ပြည်သူတွေ ကတော့ ကြံ့ဖွံ့က ခေါ်တာကို စိတ်သိပ်မ၀င်းစားကြဘူး၊ သူတို့တနေ့ ၃၀၀၀ ပေးခေါ်ထားတဲ့ လူတွေကတောင် ရွေးကောက်ပွဲကျင်း ပတဲ့နေ့ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ် ပြောနေကြတယ်”ဟု မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်သား တဦးက ပြောသည်။

ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက မရမ်းကုန်းမြို့နယ်၌ အိမ်ဂရန်များချထားပေးမည်ဟုဆိုပြီးကြားဖြတ် ရွေးကောက်ပွဲ အတွက်တရားမ၀င် မဲဆွယ်စည်းရုံးမှု ပြုလုပ်ခြင်းများ ရှိခဲ့သည်။

ရပ်ကွက်အားလုံးတွင် အိမ်ဂရန်များရရှိရန် ဆောင်ရွက်ပေးမည်ဟုဆိုပြီး အိမ်အရောင်းအ၀ယ်စာချုပ်၊အိမ်ထောင်စု စာရင်း၊ အိမ်ပိုင် ရှင်၏ နိုင်ငံသားစိစစ်ရေးကတ် အပါအ၀င် လိုအပ်သောအချက်အလက်စာရွက်စာတမ်းများကို တောင်းခံကြောင်း၊ ဒီဇင်ဘာ၂၁ ရက် နေ့မှ၂၂ ရက်နေ့အထိ ရပ်ကွက် ကြံ့ခိုင်ရေးပါတီရုံးတွင် လာလျှောက်ကြရန်လည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုက်လံနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

ယင်း အိမ်ဂရန်ထုတ်ပေးမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေး ပါတီသည် လမ်းခင်းခြင်း၊ ငွေထုတ်ချေးများဖြင့် မဲဆွယ်စည်းရုံးခြင်း၊ ကြိုတင်မဲရယူခြင်း များ အပါအ၀င် ဥပဒေနှင့်မညီသော နည်းလမ်းများဖြင့် ရွေးကောက်ပွဲအနိုင်ရခဲ့ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီများက တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ကြသည်။

ဧပြီ ၁ ရက်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီက လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်ကစတင်၍ လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့ပြီးနောက်၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေး ပါတီ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မူရင်းလင့်က ဒီမှာပါ။

ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒနယ် မဲစာရင်း လွဲမှားမှုဖြစ်နေ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အရွေးချယ်ခံမည့် ကော့မှူးမြို့နယ် ဝါးဘလောက်သောက် ကျေး ရွာ တွင် မဲပေးခွင့်ရှိသူ လူဦးရေ ၅၀၀ ခန့် မဲစာရင်းတွင် မပါဝင်ဘဲဖြစ်နေကြောင်း ကော့မှူးမြို့နယ် NLD ကထုတ်ဖော်ပြောဆို လိုက်သည်။

ကော့မှူးမြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင်ရှိသော ဝါးဘလောက်သောက် ကျေးရွာတွင် မဲပေးခွင့်ရှိသူ ၄၉၀ ကျော် မဲစာရင်းတွင် မပါရှိဘဲ မဲစာရင်းတွင် ပါဝင်သူတချို့မှာလည်း အသက်မပြည့်သူ၊ ပျောက်ဆုံးနေသူနှင့် သေဆုံးသူများ ပါဝင်နေကြောင်း ကော့မှူး မြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးမြင့်သိန်း က ဧရာဝတီသို့ ပြောပြသည်။


ဖေဖော်ဝါရီလကုန်ပိုင်းက မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကော့မှူး ဒေသခံများကို ဟောပြောနေသော ဒေါ်အောင်ဆန်းစု ကြည်(ဓာတ်ပုံ - ဧရာဝတီ)

“ဝါးဘလောက်သောက်မှာတင် ၅၀၀ လောက်ဖြစ်နေတယ်။ ကျန်တဲ့မြို့ပေါ်ရပ်ကွက်တွေနဲ့ နယ်ကရွာတွေမှာလည်း မဲပေးခွင့်ရှိသူ က မပါဘဲ မဲပေးခွင့်မရှိသူက ပါလိုပါ။ အဲဒါမျိုးတွေ မနည်းဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လစ်လပ်နယ်မြေများရှိ မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီလ၂၉ ရက်က ထုတ်ပြန် ထားရာ တွင် မဲပေးခွင့်မရှိသေးသော အသက်မပြည့်သေးသူများ၊ သေဆုံးသူများပါဝင်နေပြီး မဲပေးခွင့်ရှိသူများမှာ မဲစာရင်းတွင် မပါဝင်မှုများ ဖြစ်နေကြောင်း သိရသည်။

ကော့မှူးမြို့ပေါ်ရှိ ရပ်ကွက် ၇ ခုနှင့် မြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာတွင်လည်း ယင်းကဲ့သို့ ကြုံတွေ့နေရသည်ဟု ကော့မှူး NLD ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်(ကြံ့ခိုင်ရေးပါတီ) မိသားစုများ၏ အသက်မပြည့်သေးသော မိသားစုဝင်များလည်း မဲပေးပိုင်ခွင့် စာရင်းများတွင် ပါဝင်နေသည်ကိုတွေ့ရှိရပြီး ကော့မှူးမြို့နယ်အတွင်း မဲစာရင်းလွဲမှားမှုများကို နေပြည်တော် ကော်မရှင်ရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“ကြံ့ခိုင်ရေးမိသားစုတွေကြတော့ အသက် ၉ နှစ် ၁၀ နှစ်ကလေးတွေကို မဲပေးပိုင်ခွင့်စာရင်းမှာ ထည့်ထားတယ်၊ အဲဒါတွေကို နာမည် နဲ့ ဓာတ်ပုံနဲ့တကွ ကျနော်တို့ စာရင်းပြုစုထားတယ်။ ကျန်တဲ့ ရပ်ကွက်နဲ့ ရွာတွေမှာလွဲချော်နေတာတွေ အကုန်လုံးကို ဒေါ်အောင်ဆန်းးစုကြည်က နေပြည်တော်မှာ တင်ပြချင်တယ် ဆိုလို့ ပြုစုနေတယ်”ဟု ဦးမြင့်သိန်း က ဆက်ပြောသည်။

ကော့မှူးမဲဆန္ဒနယ်အပြင် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နယ်မြေ အားလုံး နီးပါး အထက်ပါ လွဲမှားမှုမျိုးဖြစ်ပွားနေပြီး တချို့နေ ရာများတွင် ကော်မရှင်က ပြင်ဆင်မှုများ ပြုလုပ်ပေးကြောင်း NLD ဗဟိုရွေးကောက်ပွဲ မဲအောင်နိုင်ရေး တာဝန်ရှိသူ ဦးဉာဏ်ဝင်း ကလည်း ပြောဆိုသည်။

“ရုံးချုပ်ကို ဆက်သွယ်လာတဲ့ သတင်းတွေအရ ကျနော်တို့သိရတာ။ နေရာအတော်များများမှာ ဖြစ်နေတယ်။ ကျနော် နမ္မတီးကို ရောက်တော့ ကိုယ်တိုင်တွေ့ခဲ့ရတာက မဲပေးခွင့်ရှိတဲ့လူတွေ မဲစာရင်းထဲမှာ မပါဘူး။ ကော်မရှင်ကိုသွားပြောတော့ ဟိုက ပြင်ပေး လိုက်တယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမည့် ကော့မှူးမြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ရှိပြီး မြို့နယ်အောက်ရှိ ကျေးရွာအုပ်စု ၅၂ စု အနက် ရွာပေါင်း ၆၄ ရွာရှိသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၈၅၀၀ ဖြစ်ပြီး မဲရုံပေါင်း ၁၂၉ ရုံရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ နည်းဥပဒေများအရ မဲစာရင်းတွင် အမည်မပါဝင်၍ ထည့်သွင်းလိုပါက တောင်းဆိုလွှာနှင့် တင်သွင်းနိုင် သကဲ့သို့ မဲစာရင်းပါ အမည်၊ အချက်အလက်၊ လွဲမှားနေပါက ပြင်ဆင်ကန့်ကွက်လွှာ တို့ဖြင့် မဲဆန္ဒရှင်စာရင်း စတင်ကြေညာသည့်နေ့မှစ၍ ၇ ရက်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းရမည်ဖြစ်သည်။

တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများ ပြုပြင်ဆောင်ရွက်ပေးခြင်းကို မဲစာရင်းထုတ်ပြန်သည့်နေ့မှ ၇ ရက်အတွင်း၌သာ ကျုံးဝင်ပြီး ထိုရက်ကျော်လွန်ပါက ဆောင်ရွက်ခြင်းမပြုရကြောင်း ရွေးကောက်ပွဲနည်းဥပဒေ ၁၄(က) (င) တို့တွင်လည်း ပြဌာန်းထားသည်။

သို့သော် မဲစာရင်းပေးပိုင်ခွင့်ရှိသူများ အစုအဝေးနှင့်ကျန်ရှိနေပါက စာရင်း၊ ဇယားများဖြင့်ပြုစုကာ ရွေးကောက်ပွဲမတိုင်မီ တပတ် အလို မတ်လ၂၄ နေ့ အတွင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ လာရောက်ပြုပြင်နိုင်ကြောင်း ရန်ကုန်တိုင်းကော်မရှင် ဥက္ကဌ ဦးကိုကို က ပြောပြသည်။

“မဲစာရင်းမှာ မဲပေးပိုင်ခွင့်ရှိသူ အစုအဝေးနဲ့ ကျန်ရစ်ခဲ့ဦးမယ်ဆိုရင်တော့ ရွေးကောက်ပွဲမကျင်းပခင် ၇ ရက်ထက် နောက်မကျဘဲ။ ခရိုင်ကော်မရှင် အဖွဲ့ခွဲကနေပြီးတော့ ထည့်သွင်းခွင့်ပြုနိုင်ပါတယ်”ဟု ဦးကိုကို က ပြောသည်။

မဲစာရင်းလွဲချော်မှုများ ဖြစ်ပွားခဲ့သည့် မြို့နယ်များအနက် မြောင်းမြမြို့နယ်ထဲက နေရာတချို့တွင် ကော်မရှင်ရုံးများသို့ တင်သွင်းရာ အဆင်ပြေမှုများရရှိသကဲ့သို့ သဘောထားတင်းမာသော ကော်မရှင်တာဝန်ရှိသူများ တာဝန်ယူသော နေရာများတွင် ဖြေရှင်းခွင့် မရ ရှိခဲ့ကြောင်း မြောင်းမြမြို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဝင်းဆွေ က ပြောသည်။

“မြောင်းမြနားက ကျေးသာတောင်ရွာမှာ အုပ်ချုပ်ရေးမှူး ဦးမြသောင်း က နာဂစ်ဖြစ်ပြီး သူတို့ဆီပြောင်းလာတဲ့ လူတွေကို မဲမထည့် ရဘူးလို့ ပြောတယ်။ မဲထည့်ချင်ရင် တယောက်ကို ကျပ်၂ သောင်းပေးရမယ်ဆိုပြီး တောင်းတယ်လို့ ရွာသားတွေက ကျနော် တို့ဆီ ကိုတိုင်တယ်”ဟု ဦးဝင်းဆွေ က ဆိုသည်။

မဲစာရင်းများကို၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကအသုံးပြုခဲ့သည့် မူလ မဲစာရင်းကိုအခြေခံပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ မှန်ကန်ပြည့်စုံသော မဲစာရင်းများပြုစုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး က ယခုလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့အတူ ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကြီးကြပ်ပေးသွားမည်ဟုလည်း ပြောဆို ခဲ့သေးသည်။


မူရင်းလင့်က ဒီမှာပါ။

ကြံ့ဖွံ့ ပါတီဝင်များမှ နိုင်ငံပိုင်မြေကွက်များကို အလွဲသုံးစားရောင်းချနေ

အကြောင်းအရာ။ ။ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ
မြေများအားရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ မိမိကိုယ်
ကျိုးစီးပွားအတွက် မြေကွက်များရိုက်၍ ရောင်းချနေခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ မြေများသည် အမှတ်(၄)လမ်းမကြီးနှင့် ရွှေပြည်သာမြို့နယ် ၀န်ထမ်းကြီးများရိပ်သာ အမှတ်(၂)ရပ်ကွက်ကြားရှိ မြေများဖြစ်ပါသည်။ ထိုမြေများကို ရွှေပြည်သာမြို့နယ် စတင်တည်ထောင်ကတည်းက မီးတားလမ်းအဖြစ် ထားရှိခဲ့ပါသည်။

ထိုမြေများပေါ်တွင်လည်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း(၂)လိုင်းကိုလည်း သွယ်တန်းထားပါသည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တစ်ဆိုင်လည်း တည်ရှိပါသည်။

ယခုအခါ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ အထက်ပါမြေနေရာ များပေါ်တွင် မြေကွက်များအဖြစ်ဖော်ဆောင်၍ ၄င်းတို့၏အမည်များဖြင့် တစ်ယောက် တစ်ကွက်စီ ယူကြပါသည်။

အချို့ကြံ့ခိုင်ရေးပါတီဝင်များက မြေကွက်များအားသိန်းထောင်ချီပြီး မိမိကိုယ်ကျိုးစီးပွားအတွက် ပြန်လည်ရောင်းချလျက်ရှိပါသည်။

အထက်ပါကိစ္စရပ်များသည် နိုင်ငံတော်ပိုင် မြေနေရာများကို ကြံ့ခိုင်ရေးပါတီအမည်ကို အလွဲသုံးစားလုပ်၍ မိမိသဘောဖြင့် ပြုလုပ်နေခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ဂုဏ်သိက္ခာကိုလည်း ညိုးနွမ်းစေပါသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ၂၀၁၀ ခုနှစ် နံနက် ၂း၃၀အချိန်တွင် ရွာမမှ ရွှေပြည်သာ-လှော်ကား သို့ပေးပို့သော မြေအောက်ဂက်စ် ပိုက်လိုင်းပွင့်ထွက်မှုကြောင့် အလိုအလျောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့အနက် ၁ ဦးမှာ သေဆုံးခဲ့ရပါသည်။

ထိုမီးလောင်မှုတွင် အထက်ပါမီးတားမြေများ တည်ရှိနေခြင်းကြောင့် ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမှ သီသီကလေး လွတ်မြောက်ခဲ့ရပါသည်။

ထို့အပြင် မိုးတွင်းအခါတွင်လည်း မိုးရေများကို ရပ်ကွက်အတွင်း ၀င်ရောက်မှုမရှိစေရန် အဆိုပါမြေနေရာများမှ တဆင့်ရေနုတ်မြောင်းများကို စီးဆင်းကြပါသည်။ အကယ်၍ အဆိုပါမြေနေရာများတွင် လူနေအိမ်အဆောက်အဦးများ တည်ဆောက်ပါက ရပ်ကွက်အတွင်း မိုးတွင်းအခါ ရေဘေး အန္တရာယ်ကို ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။

ယခုအခါအချို့မြေကွက်နေရာများပေါ်တွင် မြေဖို့ခြင်း မြေနေရာများပေါ်တွင် ကျောက် တိုင်များဖြင့် သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်နေကြပါသည်။ အဆိုပါမြေနေရာများသည် ရပ်ကွက် မီးဘေး ရေဘေး အန္တရာယ်များကို ကာကွယ်ရုံမက အမှတ်(၄)လမ်းမကြီးအားတိုးချဲ့ရန် အတွက်လည်း အလွန်အရေးပါသော မြေနေရာများဖြစ်ပါသည်။

သို့ပါ၍ သက်ဆိုင်ရာမှ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ မိမိ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ပိုင် မြေနေရာများအား ပါတီအမည်ကို အလွှဲသုံးစားလုပ်၍ မြေကွက်များရိုက်၍ ရောင်းချနေခြင်းကို လိုအင်သလို စစ်ဆေး၍ အမြန်ဆုံး အရေးယူပေးပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။






ကြံ့ဖွံ့ ပါတီဝင်များမှ အလွဲသုံးစားရောင်းချနေသည့် နိုင်ငံပိုင်မြေကွက်များ

တာဝန်သိပြည်သူတဦး


မူရင်းလင့်က ဒီမှာပါ။

သီလရှင်တပါး သံဃနာယကဥက္ကဌဘုန်းကြီးကျောင်းတွင် တန်ခိုးဖြင့် ဆေးကုသခြင်းကို ကြံ့ခိုင်ရေးပါတီဝင်များပါဝင်

ဧရာဝတီတိုင်း ပုသိမ်မြို့ ၊ နိဂြောဓာလမ်း၊သံဃနာယက ဥက္ကဌကြီးရဲ့  ညောင်ပင်သာကျောင်းတိုက်မှာ (8.4.2012) မှ (11.4.2012) နေ့ထိ ပြုလုပ်တဲ့ (သာသနာတော်စည်ပင်ထွန်းကားပြန့်ပွားရေးရည်ရွယ်တဲ့) မယ်သီလရှင်ဆရာလေးဆိုသူရဲ့ ဆေးကုသပွဲကို တိုင်းဒေသကြီးဝန်ကြီးတွေတက်ရောက် ဆေးကုသ ခံယူခဲ့ပါတယ်။

ထိုပွဲမှာ ကုသိုလ်ယူဆောင်ရွက်ပေးကြတာက ကြံ့ဖွံ့ပါတီဝင်တွေပါ.. သူတို့က "ရေမန်း" ရောင်းပေးတယ်၊ စာရွက်ကလေးတွေဝေပေးတယ်.. စာရွက်ဆိုတာကလည်း လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ပုသိမ်မှာအရွေးခံမယ့် ကြံ့ဖွံ့က ပုဂ္ဂိုလ်ရဲ့မဲဆွယ်ကြောင်း စာရွက်တွေ... ဒါတွေထားပါတော့...
ကျွန်တော်သိချင်တာက ဆရာလေးရဲ့ရေမန်း စွမ်း/မစွမ်းမဟုတ်ပါဘူး...
- ရွေးကောက်ပွဲမှာ ဘာသာ/သာသနာ ခုတုံးလုပ်လို့ရတယ်လား? ...
- တိုင်းအဆင့်သံဃာ့ အကြီးအကဲက ဗုဒ္ဓမြတ်စွာတားမြစ်တဲ့ သာသနာဝန်းကျင်ကပုဂ္ဂိုလ်တွေ ဆေးမကုသရဆိုတာကိုဆန့်ကျင်ပြီး ဗုဒ္ဓမြတ်စွာဟောတဲ့တရားတွေကို ပြန်ဟောတဲ့ ဓမ္မကထိက ဆရာတော်တွေကိုကျတော့ တရားဓမ္မဟောပြောခွင့် ပိတ်တာ ဖြစ်သင့်သလား?...(မဟန ၄၇ပါးက မမြင်တာလား/မသိ ချင်ယောင်ဆောင်သလား မသိ)
- ၂၂၇ သွယ်သောသိက္ခာပုဒ်တွေနဲ့ပြည့်စုံပါတယ်ဆိုတဲ့ ဆရာတော်တွေက သီလရှင်ရဲ့ အတို့(သူကကုရင်တို့ပြီးကုတယ်ပြောတယ်) ခံလိုက်ပြီး အားကိုးတကြီးဖြစ်နေသင့်သလား?...(ဒါဆို ကျွန်တော်တို့ သီလရှင်သရဏံ ဂစ္ဆ္တာမိလို့ထည့်မဆိုရတော့မယ်ထင်ရဲ... တကယ်သိက္ခာရှိသော သီလရှင်ဆရာကြီး။ ဆရာလေးများကို မဆိုလိုပါ)
-လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀ ကတည်းက ဗုဒ္ဓမြတ်စွာက ဟောခဲ့တယ် နာမကျန်းရင် ဗောဇ္ဇင်သုတ် ရွတ်ပြီးခန္ဓာကို ရှု/မြင်အောင်ကြည့်ပါ ဆိုတာက မလေးစားတော့တာလား၊ ၀ဋ်ရှိရင်ခံရမယ်ဆိုတာကို နားမလည်တာလား၊ မမြဲသောအနတ္တ၀ါဒကို လစ်လျှူရှုတာလား .... ?
ကျွန်တော်မတွေးတတ်တော့ပါ...

ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ ငယ်ငယ်ကတည်းကသာမာန် ဘာသာရေးအသိပဲရှိပါတယ်... နောက်ပိုင်းမှ ဗုဒ္ဓဘာသာအကြောင်း အခြေခံကစဟောပြောညွှန်ပြတဲ့ဆရာတော်တွေကြောင့် နည်းနည်းပဲသိလာရပါတယ်...
ဒါပေမယ့် ကျွန်တော် အခု ရေမန်းကိစ္စကို သိပ်မကြိုက်ပါဘူး... ဆရာလေးက သူဘာသာ လာရောက်ကုသတယ်ဆိုရင် ဘာမှမပြောချင်ပါဘူး... အခုက တိုင်းအဆင့်ဆရာတော်က ပင့်လို့လာရတာတွေ/ ပါတီနိုင်ငံရေးရောထွေးလာတာတွေ ...စသည်ဖြင့်ပေါ့...

ကျွန်တော်ဖတ်ဘူးတယ် အိန္ဒိယမှာ သာသနာကွယ်ခြင်းအစက ပျောက်စေကိုယ်တော်တွေ များလာလို့ သာသနာအတုအယောင်တွေ များလာလို့ ဖြစ်တယ်ဆိုတာ... ဒီအတိုင်းဆို မြန်မာပြည်သာသနာအတွက်(ကြီးကြီးကျယ်ကျယ်ပြောရရင် )ရင်လေးမိပါတယ်

အဲ့ဒါနဲ့ပဲ ပုသိမ်က တရားဟောဓမ္မကထိက ဆရာတော်တစ်ပါးဆီကို ဆက်သွယ်..ရင်ဖွင့်တဲ့အခါမှာ ဆရာတော်ကပြောပါတယ် "'ဒကာတို့ ဒီလိုစိတ်ရှိတာ ၀မ်းသာပါတယ်တဲ့၊ သစ်ပင်မှန်တိုင်းရေလောင်းတာ ကောင်းရဲ့လား စဉ်းစားကြည့်ပေါ့" တဲ့... ဒီလိုပါပဲ...ပုသိမ်က ကျောင်းထိုင် ဆရာတော်တွေခမျာ.. ဥက္ကဌကြီးကလုပ်တာမို့ပြောမရ...ဗုဒ္ဓဘာသာဝင်အစစ် ပြည်သူတွေခမျာ အစိုးရကခွင့်ပြုတာမို့ ပြောမရဖြစ်နေပါတယ်... ကြားထဲက ရေသန့်ဘူးကတော့ရောင်းကောင်းလိုက်တာမှ..လွန်ပါလေရော ဟုတ်ကဲ့ပါ...

-မနက်တိုင်း မြန်မာ့အသံကလွှင့်တဲ့ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့ ရေမန်းထက် တန်ခိုးကြီးတဲ့ ရေမန်း ကျွန်တော်တို့ ပုသိမ်မှာ တစ်ဘူးကို ၅၀၀ ကျပ်နဲ့ ၀ယ်နိုင်ပါတယ်....
-ကြားကတော့ ကြံ့ဖွံ့ပ်ါတီက အမြတ်ယူသွားတာပေါ့....
သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်နေတယ်ဆိုတာ တကယ်လား... မဟန (၄၇) ပါးသောဆရာတော်များကိုမေးပါရစေ...
ကြားဖြတ်ရွေးကောက်ပွဲမှ တရားမျှတစွာ မဲဆွယ်ကြရဲ့လား ရွေးကောက်ပွဲကော်မရှင်ကိုမေးပါရစေ....
နောင်မျိုးဆက်တွေ နိုင်ငံရေးနှလုံးသွင်း... ဘာသာရေးနှလုံးသွင်းမှန်ကြစေဖို့...

(10.3.2012) နေ့မှာ ထိုသီလရှင်ဆိုသူမှာ နောက်ဆုံးနေ့ကုသပြီး ဧရာဝတီတိုင်းဒေသကြီးသံဃာ့နာယက ဥက္ကဌဆရာတော်နှင့် ရေသန့်ဘူးအမြတ်ခွဲရာမှ စကားများရာ ည (၁၀း၀၀) နာရီခန့်တွင် သူတော်ကောင်းဆရာလေးဆိုသူ စိတ်ဆိုးပြီး ကျောင်းမှ ပြန်သွားကြောင်း ကြားသိရပါသည်။







ပုသိမ်မြို့ သံဃနာယကဥက္ကဌကျောင်းမှာ သီလရှင်တစ်ပါး တန်းခိုးနှင့်ဆေးကုသနေပုံ

ပုသိမ်မြို့ ခံတဦးရေးသားပေးပို့ လာတာပါ။
Myanmar News Now


မူရင်းလင့်က ဒီမှာပါ။

မြို့မကျောင်းလမ်း ပေါ်တွင် ယာဉ် ၄ ဆင့်တိုက်မှု ဖြစ်ပွားခဲ့

မတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ ၀န်းကျင် ခန့်က ဒဂုံမြို့နယ်၊ မြို့မ ကျောင်းလမ်းနဲ့ မင်းရဲကျော်စွာ လမ်းဆုံရာ ဆေးတက္ကသိုလ် ၁ ရှေ့ဘက်မှာ ကား ၄ ဆင့် တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ယာဉ်တိုက်မှုမှာ မြို့မကျောင်းလမ်း ဘက်မှ မြို့ထဲသို့ သွားရာ ဘက်ကို မောင်းလာတဲ့ တက္ကဆီ ယာဉ်ဟာ ၎င်းရှေ့ရှိ ကားများကို ကျော်တက်ရာမှ ရှေ့မှ မောင်းနှင်နေတဲ့ ဂျပန် သံရုံးမှ သံရုံးကားကို အရှိန်မထိန်း နိုင်ဘဲ ၀င်တိုက် ခဲ့ပါတယ်။

အဆိုပါ တိုက်မိမှုကြောင့် ဂျပန်သံရုံးမှ ကားဟာ ကန့်လန့် ဖြစ်သွားပြီး ဘေးမှာရှိတဲ့ ဂျစ်ကားကို ထပ်မံ ၀င်တိုက် မိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် မှာတော့ အတိုက်ခံရတဲ့ ဂျစ်ကားဟာ လမ်းပေါ်မှာ တစ်ပတ်လည် သွားပြီး ပလက်ဖောင်း ပေါ်သို့ ရောက်ရှိ သွားတယ်လို့ သိရပါတယ်။ အဲ့ဒီ နောက်မှာတော့ ယာဉ်တိုက်မှုကို စတင် ဖြစ်ပေါ်စေတဲ့ တက္ကဆီ ကားရှေ့ဘက်လမ်း ကြောင်းမှ မောင်းနှင်လာတဲ့ ဆီပေပါခွံများ တင်လာတဲ့ ဒိုင်နာကား တစ်စီးကို ထပ်မံ ၀င်တိုက် မိခဲ့တာကြောင့် တစ်ချိန်တည်းမှာ ယာဉ် ၄ ဆင့် တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်မတော် တဆမှုတွေကြောင့် တက္ကဆီ ယာဉ်မောင်းဟာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ကျန်ယာဉ်မောင်း များမှာတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။
MRTV-4


မူရင့်လင့်က ဒီမှာပါ။

စွန့်ပစ်မြေဇာများကြောင့် ဖားကန့်  ဥရုချောင်း တိမ်ကောမည့်အရေးရင်ဆိုင်နေရ

ကချင်ပြည်နယ် ဖားကန့်အနီးမှာ ကျောက်စိမ်းလုပ်ကွက်တွေက ထွက်လာတဲ့ မြေဇာတွေကြောင့် ဥရုချောင်းဟာ တိမ်ကော သွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်းလုပ်ကွက်တွေမှာ ယန္တယားတွေနဲ့ တူးဖော်နေပြီး ထွက်လာတဲ့ မြေဇာတွေကို ချောင်း အတွင်းကို စွန့်ပစ်နေကြတာကြောင့် ချောင်း ဖြတ်သန်း စီးဆင်း နေတဲ့ လုံးခင်၊ ဖားကန်နဲ့ ဆိုင်း တောင်ကြားနေရာတွေမှာ ချောင်း တိမ်ကော သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

ဖားကန့် ဒေသခံတဦးက “ဖားကန့် ဆိုင်းတောင်ပေါ့။ ကျနော်တို့ နေခဲ့တဲ့ ဒီနေရာတွေ ကတော့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ရေက နှစ်တိုင်း ကြီးတယ်။ အခုဆိုရင် ချောင်းတွေက သဲစာတွေ ပစ်တာပေါ့။ မြေဇာတွေ ပစ်ထားတော့ လက်ပစ်တောင် ကူးသွားလို့ ရတယ်။ လမ်းတောင်လျှောက်လို့ ရတယ်။ ပေ ၄၀ – ၅၀ လောက်ပဲရှိမယ်။ ကုမ္ပဏီက မြေဇာတွေ ချောင်းထဲကို စွန့်ပစ်တော့ ချောင်းက မြင့်တက်လာပြီးတော့ ချောင်းက ကောသွားတာပေါ့။”

ကုမ္ပဏီတွေက မြေဇာ စွန့်ပစ်တာတွေ များပြားတဲ့အတွက် ဥရုချောင်းထဲကို စီးဝင်နေတဲ့ ချောင်းလက်တက် တချို့ဆိုရင် ကောစပြုလာပြီး တချို့ နေရာတွေမှာ ဆိုရင် အရင်က ပေ ၃၀၀နဲ့ ၅၀၀ အကြားရှိတဲ့ ဥရုချောင်း အကျယ်ဟာ အခုအခါမှာတော့ ပေ ၅၀ လောက် ကျဉ်းမြောင်းသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျောထောက်နောက်ခံ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ ဒီဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နေပြီး ဒီကုမ္ပဏီတွေဟာ ကျောက်ကြောကောင်းပြီး မတူးဖော်ရသေးတဲ့ ဥရုချောင်းအတွင်း ကျောက်မျက် တူးဖော်ဖို့ အလွန် အမင်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တုန်းက ဥရုချောင်း ရှင်းလင်းရေးဟုခေါင်းစဉ်တပ်ကာ ဒေသအာဏာပိုင် တွေကို ကျောက်မျက်တူးဖော်ရေးကုမဏီတွေက ငွေပေးပြီး ဥရုချောင်းအတွင်း ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်စိမ်းတူးဖော်ရာတွင် ချောင်းတွင်သာမက ကမ်းပါးများကိုပါ မြေတူးစက်တွေ တူးဖော် နေမှုကြောင့် ဖားကန့် မြို့ဘက်ခြမ်းရှိ ဥရုချောင်းကမ်းဘေး လမ်းမကြီးဟာ ရေတိုက် စားခံရပြီး ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဥရုချောင်းဟာ ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီးတော့ လုံးခင်၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါးတို့ကို ဖြတ်သန်းပြီး ချင်းတွင်းမြစ်တွင်းကို စီးဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကလည်း ဖားကန့် ဒေသရှိ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ အပါအဝင် ဥရုချောင်းတလျှောက် မှော်ကျေးရွာတွေဟာ ရေဘေးဒဏ်ကို စတင်ခံခဲ့ရပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
ဒီဗွီဘီ


မူရင်းလင့်က ဒီမှာပါ။

တိုင်းရင်းသားပါတီပေါင်းစုံပါဝင်သော အဖွဲ့ချုပ်ဖွဲ့စည်းမည်

တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး အဖွဲ့တဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီ တခုက ပြောကြားလိုက် ပါတယ်။ ၁၉၉၀ရွေးကောက်ပွဲတုန်းက အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေဟာ ပါတီ မှတ်ပုံတင် တွေ ပြန်ကျလာပြီဆိုရင် တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ဒီမိုကရေစီအဖွဲ့ ဖွဲ့စည်းဖို့ အစီအစဉ်ရှိတယ်လို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ယာယီဥက္ကဋ္ဌ ဦးသာဘန်းက ပြောပါတယ်။

“ပါတီတွေအားလုံး မှတ်ပုံတင် ကျပြီးတဲ့ အချိန်ကျရင် အစည်းအဝေး ခေါ်ပြီးတော့ တိုင်းရင်းသားပေါင်းစုံနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ အစီအစဉ်ရှိတယ်။ အရင်တုန်းကတော့ ကျနော်တို့က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဒီမိုကရေစီ အဖွဲ့ချုပ် (ယူအန်အယ်လ်ဒီ) ပေါ့။ ဒီတခါမှာတော့ ဘယ်လို နာမည်နဲ့ ဖွဲ့မယ်ဆိုတာ မစဉ်းစားရသေးဘူး။ အားလုံး ဆွေးနွေးပြီးမှ စဉ်းစားရမှာပါ။” တိုင်းရင်းသားမဟာမိတ်အဖွဲ့တခု ထူထောင်မယ့်ကိစ္စဟာ ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီအချင်းချင်း အလွတ်သဘော ပြောဆိုတဲ့အဆင့်ပဲ ရှိသေးပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် တို့ ပါဝင်နိုင်တယ်လို့ ဦးသာဘန်းက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က လည်း ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ အဖွဲ့တွေရဲ့ သဘောထားကိုလည်း မေးမြန်းရ မယ်လို့ ပြောပြပါတယ်။

“တိုင်းရင်းသားပါတီတွေက ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ် ရပ်တည်တာနဲ့စာရင် စုပေါင်းပြီး တော့ ရပ်တည်တာ ကောင်းတာပေါ့။ နောက်ပြီးတော့ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကိစ္စ စကားပြောလာမယ်။ နိုင်ငံရေးကိစ္စ စကားပြောမယ်ဆိုရင် အားလုံးရဲ့ သဘောထားနဲ့ ပြော တာ ပိုကောင်းတယ်။ ပိုပြီးတော့လည်း အားရှိတာပေါ့။ အပြင်မှာ အချင်းချင်း ကြိုတင်ညှိနှိုင်း ထားတဲ့ အခါကျရင် အစိုးရနဲ့ ပြောတဲ့အခါမှာ မြန်မြန်ဆန်ဆန်နဲ့ သဘောတူညီချက် ရနိုင်တာပေါ့။ တဖွဲ့ချင်း သက်သက် လုပ်နေမယ် ဆိုရင်တော့ သိပ်ကြာသွားမယ်လေ။” ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေထဲက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဇိုမီးအမျိုး သားများကွန်ဂရက်တို့ကတော့ မှတ်ပုံတင် လျှောက်ထားကြပြီး ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ လာမယ့်အပတ်ထဲမှာ တင်ဖို့ ရှိတယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။


မူရင်းလင့်က ဒီမှာပါ။

၈၈ မျိုးဆက် ကျောင်းသားများ ချောက်၊ ရေနံချောင်းနှင့် မကွေးမြို့များသို့ သွားရောက်ပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော

မကွေးဒေသခံများအား ဟောပြောနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုမင်းကိုနိုင်အား တွေ့ရစဉ်

၈၈ မျိုးဆက် ကျောင်းသားများ ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တတိယမြောက် ခရီးစဉ် အဖြစ် ကိုမင်းကိုနိုင် ဦးဆောင်ပြီး ကိုဂျင်မီ၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုမျိုးအောင်နိုင်၊ ကိုကိုနိုင်နှင့် ကိုချစ်ကိုတို့ ပါဝင်သော ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့သည် မတ်လ ၅ ရက်နေ့က ချောက်၊ ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ပြီး မင်းဘူးမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော် အထိ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထိုခရီးစဉ်၏ ပထမဆုံးအနေဖြင့် ဟင်္သာတ၊ သရက်၊ အောင်လံ၊ ဇလွန်မြို့များသို့ လည်းကောင်း၊ ဒုတိယခရီးစဉ်အဖြစ် မြစ်ကြီးနားမြို့၊ မန္တလေးမြို့များသို့ လည်းကောင်း သွားရောက်ခဲ့ပြီး ချောက်မြို့NLD ရုံးခန်းဖွင့်ပွဲသို့ သွားရောက်စဉ် တတိယ ခရီးစဉ်အဖြစ် ရေနံချောင်း၊ မကွေးမြို့များသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတတိယမြောက်ခရီး စဉ်အဖြစ် ချောက်မြို့သို့ မတ်လ ၅ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့် တွင် ရောက်ရှိခဲ့ကြပြီး နံနက် ၉ နာရီ တွင် ချောက်မြို့ ဦးဖိုးဟန်လမ်း၊ ဗဟိုလွှတ်သစ်ရပ်ရှိ NLD ရုံးခန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ထို့နောက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့က တက်ရောက်လာသော ချောက်မြို့ခံ ပြည်သူလူ ထုအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းအ ကြောင်း ဟောပြောခဲ့ကြောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ချောက်မြို့အေးစေတီ ဘုန်းကြီးကျောင်းတွင် ချောက်မြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိလုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်းတွန့်ဆုတ် မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲ ဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန်လိုကြောင်း ပြောကြားခဲ့ . . .

ကိုမင်းကိုနိုင် ဦးဆောင်သော အဆိုပါအဖွဲ့သည် ချောက်မြို့မှ ထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင် ထွက်ခွာလာခဲ့ပြီး ရေနံချောင်းမြို့သို့ အရောက်တွင် ရေနံချောင်းမြို့ စိန် ပန်းလမ်းမတော်ရှိ NLD ရုံးတွင် ပြည်သူလူထုသို့ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ရေနံချောင်းမြို့မှ ဆက်လက်ထွက်ခွာ၍ မကွေးမြို့သို့ ထိုနေ့ည ၇ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး မကွေးမြို့တွင်း အနှံ့ လှည့်လည်၍ ပြည်သူလူထုနှင့် တွေ့ဆုံ မိတ်ဆက်ခဲ့ကြောင်း သိရသည်။ ထိုခရီးစဉ်တစ်လျှောက် ချောက်၊ ရေနံ ချောင်း၊ မကွေးမြို့များတွင် ပြည်သူလူထုမှ ၈၈ မျိုးဆက် ကျောင်း သားများအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

မတ်လ ၆ ရက်နေ့ နံနက် ၇ နာ ရီခန့်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ မကွေးမြသလွန် စေတီတော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ရာတွင်လည်း တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ခံပြည်သူလူထုများ စီတန်းလိုက်ပါခဲ့ကြောင်း သိရသည်။ မြသလွန် စေတီတော် မြတ်ကြီးအား ဖူးမြော်ပြီးသောအခါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် မကွေးမြို့ပေါ်ရှိ ပါရမီသွေးလှူရှင်များ အသင်း၊ ကရုဏာရှင်များ နာရေးကူညီမှု အသင်းများသို့ သွားရောက်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့သည် ထိုနေ့ နံနက် ၈ နာရီ မိနစ် ၃၀ တွင် မကွေးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ သွားရောက်ကာ ကြေးရုပ်ရှေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြကြောင်း သိရသည်။

ထို့နောက် မကွေးမြို့ရွာသစ်ရပ် ၁၅ လမ်းရှိ တည်းခိုရာနေအိမ်၌ နံ နက် ၉ နာရီခန့်တွင် လူထုနှင့် တွေ့ဆုံဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရ သည်။ ထိုဟောပြောပွဲကို ၈၈မျိုး ဆက်ကျောင်းသားများမှ တစ်ဦးချင်း လူထုနှင့်မိတ်ဆက်၍ စတင်ခဲ့ပြီး ကိုမျိုးအောင်နိုင်၊ ကိုအံ့ဖွယ်ကျော်၊ ကိုဥာဏ်လင်း၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့က ဟောပြောခဲ့ကြသည်။

ကိုဥာဏ်လင်းက ဟောပြောရာ တွင် ဒီမိုကရေစီဆိုသည်မှာ ပြည်သူ အားလုံး တက်တက်ကြွကြွ ပါဝင်သည့် စနစ်ဖြစ်ကြောင်း၊ ပရဟိတနှင့် လူမှု ရေးအသင်းအဖွဲ့များ အများအပြား လိုအပ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင်လည်း လူထုလူတန်းစား အဖွဲ့အစည်းများ ပေါ်ပေါက်ရန် လုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း၊ ထိုသို့ သမဂ္ဂများနှင့် လူမှုရေးအသင်းအဖွဲ့များ ပေါ်ပေါက်လာ၍ ပြည်သူလူထု၏နစ်နာမှု၊ လိုအပ်မှုများ စုပေါင်းတောင်းဆိုရန် လိုအပ်ကြောင်း၊ ထိုသို့စုပေါင်း တောင်းဆိုနိုင်ရန် တစ်ဦးနှင့်တစ်ဦး ကျောချင်းကပ်၊ လက်ချင်းယှက်ထားမှ နေ့စဉ်ဘ၀ တိုးတက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယနေ့ဒီမိုကရေစီ စနစ်ဆိုတာ ဘာလဲဆိုလျှင် ဒီမိုကရေစီ ဆိုသည်မှာ လူတွေကို သတ္တိရှိအောင်၊ လုပ်ရဲကိုင်ရဲရှိအောင် ပြုလုပ်ပေးတာ ဖြစ်ကြောင်း၊ လူတွေကို ကြောက်ရွံ့အောင် လုပ်တာသည် အာဏာရှင်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်ကို ကြည့်လျှင် လူတွေကိုသတ္တိရှိအောင် လုပ်ပေး သလား၊ ကြောက်အောင် လုပ်ပေးသလား ကြည့်သင့်ကြောင်း၊ ကြောက်အောင်လုပ်လျှင် အာဏာရှင်ဟု သတ်မှတ်ကြောင်း၊ အစိုးရရော ပြည်သူလူထုပါ အကြောက်တရား ကင်းဝေးရန်လိုကြောင်း၊ နိုင်ငံတော် သမ္မတကြီး ၏ ဒုတိယမိန့်ခွန်းမှာ ပထမမိန့်ခွန်းထက် ပိုမိုကောင်းမွန်ကြောင်း၊ ထိုမိန့် ခွန်းကို နားထောင်သူများမှာ မိမိတို့သာမက တိုင်းဒေသအသီးသီးရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အထိနားထောင်ရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲ လိုသည့် မည်သူ့ကိုမဆို ကြိုဆိုရမည်ဖြစ်ကြောင်း၊ ဥပဒေ မရှိဘဲ နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော အကျင့်ကို ဒေသအာဏာပိုင်များမှ စ၍ ဖြစ်သင့်ကြောင်း၊ အုပ်ချုပ်သူတို့၏ အားနည်းချက်များကို ထိန်းကျောင်းရန် တာဝန်ရှိသည်မှာ ယခုရှိ နေသော အခြေခံပြည်သူများ ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ကိုယ်တိုင် မှန်တာ ကိုရဲရဲပြော၍ ရဲရဲလုပ်ရန် ပြောကြားခဲ့ကြောင်း ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုသည်မှာ ယခုစိမ်းနေသေးသော်လည်း နောင်တွင် ဒီမိုကရေစီ ကဲ့သို့ပင် ယဉ်ပါးသွားမည် ဖြစ်ကြောင်း၊ မကျေနပ်တာကို မကျေနပ်ကြောင်း၊ လွှတ်တော်များ၊ မီဒီယာများမှ တစ်ဆင့်တင်ပြ၍ ရနေပြီဖြစ်ကြောင်း မည်သည့် အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမည် ဖြစ်ကြောင်း၊ ကိုယ့်အားကိုယ်ကိုးရ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအတွက် အရေးအကြီးဆုံးမှာ သတ္တိရှိရှိ လုပ်ခြင်း၊ ဗြောင်လုပ်ခြင်း၊ ဘောင်အတွင်းက ပြုလုပ်ခြင်းဖြစ်ကြောင်း ခေတ်အပြောင်းအလဲ ကာလတွင် ငိုက်မျဉ်း တွန့်ဆုတ်မနေဘဲ ကိုယ်ရပိုင်ခွင့် ဘာလဲဆိုသည်ကို စဉ်းစား၍ ညီညွတ်ရဲရင့်စွာ ပြုလုပ်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကိုမင်းကိုနိုင်က ပြောကြားရာတွင် မကွေးမြို့သည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့ရာ နတ်မောက်မြို့၏ တိုင်းမြို့ဖြစ်ကြောင်း၊ မကွေးမြို့သည် ချောက်ရေနံမြေ သပိတ်သားများ ချီတက်စဉ်က ရန်ကုန်မှအကူတပ်သားအဖြစ် စေလွှတ်လိုက်သော ကျောင်းသားများနှင့် ဆုံစည်းခဲ့သော အောင်မြေဖြစ်ကြောင်း၊ မကွေးမြို့တွင် စာပေဟောပြောပွဲ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရသည်ကို သိရ၍ စိတ်မကောင်းဖြစ်မိကြောင်း၊ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှု မရှိသည်ကိုလည်း စိတ်မကောင်း ဖြစ်မိကြောင်း ပြည်သူလူထုတွင် ကြောက်ရွံ့မှုများ ရှိနေရခြင်းမှာ ကောင်းသော အလားအလာ မဟုတ်ကြောင်း၊ ပြည်သူလူထု ဆိုသည်မှာ သခင်ဖြစ်ပြီး၊ လွှတ်တော် အမတ်များမှာ ပြည်သူ့အကျိုးဆောင် အစေအပါးများ ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုကို မိဘပြည်သူများဟု ခေါ်ခဲ့သည်မှာ အင်မတန် ကျက်သရေရှိကြောင်း၊ ထိုသို့ အခြေအနေ ရောက်ရှိလာခဲ့သည် မှာ အလကားရခဲ့ခြင်း မဟုတ်ကြောင်း၊ ယခင် အုပ်ချုပ်မှုပုံစံဖြင့် ခေါက်ရိုးကျိုးသူ အများအပြား ရှိသေးကြောင်း ပြည်သူ့အရေး၊ နိုင်ငံအရေးကို ရဲရဲ ရင့်ရင့်ပြောဆိုရန် အသင့်ရှိသင့် ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မကွေးမြို့အတွင်း ၎င်းတို့ လှည့်လည်စဉ် ယာဉ်ထိန်းရဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တပ်သားများ စောင့်ရှောက်ခဲ့သောကြောင့် အလွန်ဝမ်း သာမိကြောင်း၊ ထိုသို့ စောင့်ရှောက်မှုများကို ရေရှည် ဖော်ဆောင် သင့်ကြောင်း၊ အလုပ်မလုပ်ဘဲ ပိုက်ဆံလိုချင်သူများက ပြုပြင်ပြောင်းလဲရေးကို လိုလားမည် မဟုတ်ကြောင်း၊ ယနေ့ပွဲသို့ တက်ရောက်လာသူများမှာ မည်သူတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုမှ မပါဝင်ဘဲ လာရောက်ခဲ့ကြကြောင်း လူမှုရေး၊ ကျန်းမာရေးပူး ပေါင်း၍ မဟတ္တမဂန္ဒီကဲ့သို့ ပြည်သူနှင့် တစ်တန်းတည်း ရပ်တည်ခဲ့သော သြဇာကြီးမား သူမျိုးများ လိုအပ်ပါကြောင်းများ ပြောကြားခဲ့သည်။

ထို့နောက် နံနက် ၁၁ နာရီ ခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မင်းဘူမြို့မှတစ်ဆင့် ရွှေစက်တော်ပွဲတော်သို့ သွားရောက်ခဲ့ကြောင်း သိရသည်။ ထိုအဖွဲ့သည် ရွှေစက်တော်ပွဲတော်မှ နေ့ချင်း ပြန်လာမည် ဖြစ်ပြီး မကွေး- ကံပြား နေပြည်တော်လမ်းမှ တစ်ဆင့် မြို့သစ်မြို့တွင် လူထုနှင့်တွေ့ဆုံ မိတ်ဆက်ပြီး ရန်ကုန်သို့ ပြန်ကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


မူရင်းလင့်က ဒီမှာပါ။