Seated Left to Right: Hon’ble U Kyaw Nyein [Home and Judiciary], Sir Ba U [Chief Justice], Lady Rance, Hon’ble Thakin Nu [Prime Minister], HE Sir Hubert Rance [Governor], The Earl of Listowel [Secretary of State for Burma], Hon’ble Bo Let Ya [Defense], Sir Gilbert Laithwaite, Hon’ble U Tin Tut [Foreign Affairs].
မြန်မာနိုင်ငံတွင် ၁၉၄၇ခုနှစ် ဇန်နဝါရီလ ၂၇တွင် ချုပ်ဆိုခဲ့သော “အောင်ဆန်းအက်တလီစာချုပ်” စာပိုဒ် (၁)အရ တိုင်းသူပြည်သားများသည် မိမိတို့၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးရန်အတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်ခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့်ရှိနိုင်မည့် စနစ်ဖြင့် မြန်မာနိုင်ငံသားများကိုသာ ရွေးချယ်တင်မြှောက်ကြရမည် ဖြစ်သည်။ ပြည်မအတွက် ကိုယ်စားလှယ်များကို ၁၉၃၅ခုနှစ် မြန်မာနိုင်ငံတော်အက်ဥပဒေအရ ပြဋ္ဌာန်းထားသော မဲဆန္ဒနယ်များအတိုင်း တစ်နယ်လျှင် နှစ်ဦးကျ ရွေးချယ်တင်မြှောက်ရန် သတ်မှတ်ပေးခဲ့သည်။
ယင်းနေရာတွင် အမတ်ဦးရေမှာ ၁၈၂ဦးဖြစ်သည်။ ထို့နောက် အင်္ဂလိပ်-မြန်မာ ကပြား ၄ဦး၊ ကရင်တိုင်းရင်းသား ၂၄ဦး၊ ရှမ်းတိုင်းရင်းသား ၂၃ဦး၊ ကချင် ၇ဦး၊ ချင်း ၇ဦး၊ ကရင်နီ(ကယား) ၂ဦး၊ အခြားတောင်တန်းသားများ ၆ဦး၊ စုစုပေါင်း ၂၅၅ဦး ဖြစ်သည်။ ယင်း ၂၅၅နေရာအနက် လူမျိုးစု ၄၅နေရာကို ချန်လှပ်ပြီး ၂၁၀နေရာအတွက် ရွေးကောက်တင်မြှောက်ကြ ရမည်ဖြစ်သည်။
စင်စစ်တိုင်းပြုပြည်ပြုလွှတ်တော်ဟူသည် တိုင်းပြည်တစ်ပြည်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် ရေးဆွဲရန် ပြည်သူလူထုက ရွေးကောက်တင်မြှောက်၍ အခွင့်အာဏာပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်ပင်ဖြစ်သည်။
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်ရွေးချယ်ခံကြမည့် ပါတီများမှာ အဓိကအားဖြင့် ဖဆပလအဖွဲ့ချုပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)တို့ ဖြစ်သည်။
၁၉၄၇ - ဖဆပလနဲ့ ဗိုလ်ချုပ်အောင်ဆန်းဝင်ရောက်သည့် ရွေးကောက်ပွဲ
ဖဆပလအဖွဲ့ချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ခဲ့၍ “တစ်နှစ်အတွင်း လွတ်လပ်ရေးရမည်” ဟူသော ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီကမူ အောင်ဆန်း-အက်တလီ စာချုပ်ကို ရှုတ်ချသည်။ အဆုံးသတ်အာဏာသိမ်းပွဲအတွက် ဖဆပလကွန်မြူနစ် ညီညွတ်ကြဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့သည်။ သို့သော် ဒေါက်တာဘမော်၏ မဟာဗမာအဖွဲ့၊ ဂဠုန်ဦးစော၏ မျိုးချစ်ပါတီနှင့် သခင်စိုး၏ အလံနီကွန်မြူနစ်ပါတီတို့က ရွေးကောက်ပွဲမဝင်ခဲ့ကြပေ။
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲအတွက် အဓိကပါတီကြီးဖြစ်သော ဖဆပလအဖွဲ့ချုပ်မှ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မြန်မာနိုင်ငံအနှံ့အပြားသို့ သွားရောက်ဟောပြောခဲ့သည်။ ၁၉၄၇ မတ်၁၇တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဟောပြောခဲ့ရာတွင်-
“အခုလာမယ့် တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲအတွက် အမတ်ဖြစ်ချင်တဲ့လူ ၂၀၀၀ ကျော်မှာ လက်ရွေးစဉ် ၁၈၂ယောက် ကို ရွေးခဲ့တယ်။ အဲဒီ ၁၈၂ယောက်မှာ ၆၀ကျော်ဟာ မလိမ်မညာတတ်သေးတဲ့ ပြည်သူ့ရဲဘော်လူငယ်တွေချည်းပဲ၊ ကျန်တဲ့ လူငယ်တွေဟာလည်း တစ်နေ့ကျလို့ အင်္ဂလိပ်ကို ခံချရမယ်ဆိုရင် သူပုန်အဖြစ် အကြေညာခံနိုင်ရဲတဲ့ လူတွေချည်းပဲလို့ ကျုပ်ယူဆတယ်။
ဒါပေမယ့် ဗုံးကြဲတဲ့နေရာမှာ မဆီမဆိုင်တဲ့ အရပ်သူအရပ်သားတွေကို ထိသွားသလို အချောင်သမားတစ်ယောက်တလေပါချင်ပါလိမ့်မယ်။ ဒီလောက် တိုတောင်းတဲ့ရက်မှာ ဒီလောက်ပဲ စိစစ်ပြီးတော့ ရွေးနိုင်မယ်။ ကျုပ်တို့ရွေးလိုက်တဲ့လူထဲမှာ သစ္စာဖောက်မယ့်သူ နည်းတယ်။ ဖောက်ရင်လည်း ကျုပ်တို့က တာဝန်ယူတယ်။ နောက်တခု ကျုပ်ပြောပြခဲ့ချင်သေးတယ်။
တပြည်လုံးအတွက် အမတ် ၁၈၂ယောက်မှာ လူမျိုးစုံလည်း ပါတယ်။ ခင်ဗျားတို့ မော်လမြိုင် ရှစ်နေရာမှာတောင် ကရင်၊ ဗမာမူဆလင်၊ မွန် လူမျိုးစုံပါအောင် ကျုပ်တို့ရွေးခဲ့တယ်။ ကျုပ်တို့ရွေးလိုက်တဲ့ လူတွေထက်တော်တဲ့လူလည်း ကျန်နေလိမ့် မယ်။ ဒါပေမယ့် ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို ကျုပ်မလိုချင်ဘူး။ ဖဆပလအဖွဲ့ကြီးနဲ့ ကျုပ်ကို ရှေးက ယုံကြည်ခဲ့သလို၊ အားပေးခဲ့သလို အခုရော နောင်ကို ရော ယုံကြည်အားပေးမယ်ဆိုရင်၊ ကျုပ်တို့ရွေးလိုက်တဲ့ အမတ်လောင်းများကို တယောက်မကျန် မဲပေးစေချင်တယ်။ မဲပေးရမယ်။ မဲမပေးတဲ့လူကိုတော့ ကျုပ်မကျေနပ်နိုင်ဘူး။ လူထုကြီးက တညီတညွတ်တည်း မထောက်ခံလို့ရှိရင် ဗမာနိုင်ငံရေးဇာတ်ကြီးဟာ မျောနေမှာပဲ။ ကျုပ်တို့ကို အားမပေးလို့ ဗမာပြည်ကြီး မလွတ်လပ်ရင်တော့ ကံပဲ။
ကျုပ်ဒီကိုလာတာ မဲလာဆွယ်နေတာမဟုတ်ဘူး။ ဗြောင်မဲထည့်ခိုင်းတာ။ ဂျီစီဘီအေအစရှိတဲ့ ရှေးကနိုင်ငံရေး လုပ်ငန်းတွေနဲ့ ယှဉ်ကြည့်ပါ။ ဖဆပလလုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကိုလည်း ဝေဖန်ပါ။ လူမျိုးအချင်းချင်း ပဋိပက္ခဖြစ်မှုများကို တတ်နိုင်သရွေ့ အေးငြိမ်းအောင် လုပ်ခဲ့တယ်။
ကရင်နီနယ်မှာ ငတ်နေတုန်းက ဆန်ဆားဆီတို့ကို ကျုပ်တို့အစိုးရအဖွဲ့ထဲမရောက်ခင်ကပဲ အားတက်သရောပို့ခဲ့တယ်။ ကချင် ဂျင်းဖော တို့ကိုလည်း လူတန်းစေ့နေနိုင်ဖို့ အစိုးရအဖွဲ့ထဲရောက်လာအောင် ဆောင်ရွက်ပေးခဲ့တယ်။ တရုတ်၊ ကုလား လူနည်းစုတွေရဲ့အရေးကိုလည်း တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တယ်။ အရင်က ကျုပ်တို့ကို အားပေးခဲ့သလို အခုရော ရှေ့ကိုရော ဗမာပြည်လွတ်လပ်ချင်ရင် တခဲနက် ကျုပ်တို့ ဖဆပလအဖွဲ့က ရွေးလိုက်တဲ့ အမတ်လောင်းတွေကို အားပေးကြပါလို့ ကျုပ်ပြောခဲ့တယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ဖဆပလမှထွက်ပြီး တသီးပုဂ္ဂလ လုပ်တဲ့ လူတွေကို အားမပေးဖို့ပဲ။ ရှေ့ကို တခုခုဖြစ်မယ်ဆိုရင် ကျုပ်တာဝန်မခံနိုင်ဘူး။”
ဟု ခပ်ပြတ်ပြတ်ပင် ဟောပြောခဲ့သည်။
၁၉၄၇ ရွေးကောက်ပွဲ ဆန့်ကျင်ဖက်ဂိုဏ်းသား ၃ စု
ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေစဉ် ရွေးကောက်ပွဲကို ဆန့်ကျင်သူများလည်းရှိသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၇ ဧပြီလ ၅ရက်နေ့ ည ၆နာရီ ၃၃ မိနစ်တွင် အသံလွှင့်ဌာနမှနေ၍ တိုင်းပြည်သို့ အသံလွှင့်ပြောကြားရာ-
“…. ဖဆပလနဲ့ ရိုးရိုးတန်းတန်းယှဉ်ပြိုင်ပြီး နိုင်ငံရေးအာဏာကို လုရအောင်ကလည်း တိုင်းပြည်လူထုကိုယ်တိုင်က ထောက်ခံခြင်းမရှိတော့ ထိထိရောက်ရောက် မလုနိုင်ကြဘူး။ အဲဒီလို ရိုးရိုးတန်းတန်း မလုနိုင်တော့ သူတို့တတွေ ဖဆပလကို ဝိုင်းပြီး ခြေထိုးကြတာပဲ။ နိုင်ငံရေးမှာ မစားရတဲ့အမဲ သဲနဲ့ပက်တယ်ဆိုတာ ဒါပဲ။ ကောင်းကောင်းသာ မှတ်ထားလိုက်ကြပေတော့။
သူတို့ခြေထိုးပုံတွေကို တိုင်းပြည်လူထုသိရအောင် ကျနော် နည်းနည်းရှင်းပြပါဦးမယ်။
အဲဒီလို ရှင်းပြနိုင်အောင် ဆန့်ကျင်ဖက်ဂိုဏ်းသားတွေကို ရှေးဦးစွာ သုံးစုခွဲပြမယ်။ ပထမအစုထဲမှာ “စော၊ စိန်၊ မော်” (ဂဠုန်ဦးစော၊ သခင်ဗစိန်၊ ဒေါက်တာဘမော်) တို့လူစုတွေပါတယ်။ ဒုတိယအစုမှာ “သိန်း သန်း ကွန်မြူနစ်” (သိန်းဖေမြင့်၊ သခင်သန်းထွန်းတို့ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ) တွေပါတယ်။ တတိယအစုမှာ အလံနီကွန်မြူနစ်တွေ ပါတယ်။ သူတို့ရဲ့ ခြေထိုးမှုတွေကို တစ်ခုစီရှင်းပြချင်ပါတယ်။
လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ တောင်းဆိုချက်တွေကို ၁၉၄၇ ဇန်နဝါရီလ ၃၁ရက်နေ့နောက်ဆုံးထားပြီး မရလျှင် ဖဆပလဝန်ကြီးတွေ ရာထူးနှုတ်ထွက်ပြီး လူထုတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ ဖဆပလရဲ့ ဆုံးဖြတ်ချက်ကို တိုင်းပြည်လူထုသိတယ်မဟုတ်လား။
အဲဒီတုန်းက စော၊ စိန်၊ မော်တို့ရဲ့ ခြေလှမ်းဟာ တခြားမဟုတ်ဘူး။ ကျနော်တို့ရာထူးက နှုတ်ထွက်သွားရင် သူတို့တက်ယူမယ်ဆိုတဲ့ ခြေလှမ်းပဲ။ အဲဒီတော့ တိုတိုပြောရမယ်ဆိုရင် ဘိလပ်အစိုးရက ဆွေးနွေးပွဲတရပ် ကျင်းပရအောင် ဖိတ်လိုက်တယ်။ အဲဒီအထဲမှာ စောနဲ့စိန်တို့လည်း ပါလာကြတယ်။ သူတို့ရဲ့ အကြံကတော့ နှစ်ခုရှိတယ်။ ကျနော်တို့လိုတာတွေမရလို့လည်း ဆွေးနွေးပွဲပျက်နိုင်တယ်။ ကျနော်တို့လိုတာတွေရပေမယ့် စောနဲ့စိန် သဘောမတူဘူး ဆိုရင်လည်း ဆွေးနွေးပွဲပျက်နိုင်တယ်။ ပထမနည်းနဲ့ ဆွေးနွေးပွဲမပျက်ရင် ဘယ်နည်းနဲ့မဆို ဒုတိယနည်းနဲ့ ဆွေးနွေးပွဲကို ပျက်အောင် ဖျက်ဖို့ သူတို့ စီစဉ်ထားကြတယ်။ အဲဒီတော့ သဘောတူညီချက်ရကြလို့ လက်မှတ်ထိုးဆိုတော့ သူတို့မထိုးကြတော့ဘူး။ သူတို့ရဲ့အကြံက သူတို့ လက်မှတ်မထိုးရင် ဆွေးနွေးပွဲပျက်မယ်။ ဆွေးနွေးပွဲပျက်ရင် ဇန်နဝါရီ ၃၁ရက်နေ့မှာ ကျနော်တို့ ရာထူးက နှုတ်ထွက်ကြရမယ်။ ကျနော်တို့ နှုတ်ထွက်မှ သူတို့က တက်ယူမယ် ဆိုတဲ့ အကြံပဲ။
ဒါပေမယ့် သူတို့တတွေဟာ မူဆလင်ခေါင်းဆောင်ဂျင်းနားတို့လောက်တောင် အားမကောင်းဘူးဆိုတာကို သူတို့တွက်တဲ့အထဲမှာ ထည့်မတွက်မိကြဘူး။ အဲဒီလို မတွက်မိတဲ့အတွက် သူတို့ ဂွလုပ်ပေမယ့်လည်း ဆွေးနွေးပွဲပျက်ပြီး ကျနော် ရာထူးမှထွက်ရတာ မဖြစ်ဘဲ သူတို့သာ ထွက်သွားခဲ့တာပဲ။
အခု လျှော့မပေးဘဲ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာဖြစ်အောင် အသိုင်းအဝိုင်းတွေနဲ့ လုပ်နေပြန် ပြီ။ ဒါပေမယ့် တိုင်းပြည်လူထုကလည်း ဒီစားဖားကြီးတွေရဲ့အကြောင်းကို ကောင်းကောင်းသိပြီး ဖြစ်ကြလို့ ကြောက်စရာမရှိတော့ပါဘူး။ သူတို့လုပ်နေတာ အစွမ်းတကာ့အစွမ်းဆုံး အကြံကုန် ဂဠုန်ဆားချက် ဆိုတဲ့ အလုပ်မျိုးသာဖြစ်မှာပဲ။
ဒုတိယဆန့်ကျင်ရေးအစုဖြစ်တဲ့ သိန်းသန်းကွန်မြူနစ်တွေကိုတော့ ခုတင်က စားဖားကြီးတွေထက်ပိုပြီး ဂရုစိုက်ရမယ်။ ဒီသိန်းသန်း ကွန်မြူနစ်တွေဟာ ဖဆပလထဲမှာရှိတုန်းက ဖဆပလတဖွဲ့လုံးကို သူတို့ကသာ ကြိုးကိုင်ချင်တယ်။ ဒီလိုကိုင်လို့မရတော့ ဖဆပလဟာ ဒူးထောက်ရေးလမ်းစဉ် လိုက်သလေး၊ စေ့စပ်ရေးလမ်းစဉ်လိုက်သလေးနဲ့ တောင်စဉ်ရေမရ စွပ်စွဲချက်တွေကြောင့် လည်း သူတို့တတွေကို ဖဆပလထဲက ထုတ်ပစ်လိုက်ရတာပဲ။
ဖဆပလရဲ့ တတိယဆန့်ကျင်ဖက်ဂိုဏ်းသားဖြစ်တဲ့ အလံနီတွေအကြောင်းကို ကျနော်နည်းနည်းပြောချင်တယ်။ အလံနီနောက်လိုက်တွေကတော့ သနားစရာတွေပဲ။ တောင်ပို့ကြီးကို ဘုရားမှတ်ပြီး ကိုးကွယ်နေကြတယ်။ သူတို့ရဲ့ ဆရာကြီးသခင်စိုးဆိုတာကတော့ အစက လူကောင်းတယောက် ဖြစ်ပေမယ့် စိတ်၏ဖောက်ပြန်မှုဒဏ်ကို မခံနိုင်တာနဲ့ အခုတော့ ကြမ်းပိုးတော်လှန်ရေးသမားဖြစ်နေပြီ။ ဗမာ့လွတ်လပ်ရေးတွေ ဘာတွေကိုတောင် မျက်နှာထောက်မနေနိုင်တော့ဘူး။ ဒီလူဟာ ပိုက်ဆံသာခပ်များများရမယ်ဆိုရင် အကုန်လုံးလိုက်ဖျက်ပေးမှာပဲ။ ကျနော်ပြောရင်ယုံပါ။ သူ့အကြောင်းကို ဒီလောက်ပဲပြောပါရစေ။
နိုင်ငံရေးအာဏာကို တရားသောနည်းများထဲက မည်သည့်နည်းနှင့်မဆို တရားအတိုင်းလုပ်ကြပါ။ ဒီလိုလုပ်တဲ့လူတွေကို တရားဥပဒေနှင့်လျော်ညီစွာ ကျနော်တို့က အစွမ်းကုန် ကာကွယ်ပေးမည်။ ဒီလိုမှမဟုတ်ဘဲ မစားရတဲ့အမဲ သဲနှင့်ပက်သည့်အနေမျိုးဖြင့် တိုင်းပြည်ကြီးကို မှောက်အောင်လုပ်ပစ်မယ် ဆိုရင် လူထုရဲ့အကျိုးကို မြော်ကိုးသောအားဖြင့် အဲဒီလို တိုင်းပြည်မှောက်သွားအောင် ကြိုးပမ်းနေတဲ့လူတွေကို ကျနော်တို့က အစွမ်းကုန်ချရမှာပဲဆိုတာ တိတိလင်းလင်း သတိပေးလိုက်ပါတယ်။”
ဟု ပြောကြားခဲ့သည်။
၁၉၄၇ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ရလဒ်
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ဧပြီ၉တွင် ကျင်းပခဲ့ရာ ဖဆပလက (၁၇၂)နေရာ၊ ကရင်တိုင်းရင်းသားက (၂၄)နေရာ၊ ဗမာပြည်ကွန်မြူ နစ်ပါတီက (၇)နေရာ၊ အင်္ဂလိပ်-မြန်မာကပြားက (၄)နေရာ၊ တသီးပုဂ္ဂလက (၃)နေရာ အသီးသီးရွေးချယ်ခံခဲ့ရသည်။
မြန်မာတပြည်လုံးတိုင်းပြုပြည်ပြု လွှတ်တော်အမတ် ၂၅၅ နေရာတွင် ၂၄၃နေရာကို ဖဆပလမှ ရရှိခဲ့ရာ ၉၅ဒဿမ၃ရာခိုင်နှုန်း ရွေးချယ်တင်မြှောက်ခံခဲ့ရသည်ဟု ဆိုနိုင်ပါသည်။
ရွေးကောက်ပွဲတွင် ကရင်လူမျိုးစုအမတ် (၂၄)နေရာလုံး၌ ရွေးချယ်နိုင်ခဲ့ပြီး သံလွင်ခရိုင်မှ ကရင်အမျိုးသားအမတ် (၂)ဦး၊ ဖဆပလအမတ်အဖြစ် အရွေးခံသူ ကရင်အမတ် (၃)ဦးနှင့်ပေါင်းလျှင် စုစုပေါင်း ကရင်တိုင်းရင်းသားအမတ် (၂၉)ဦးပင် ရှိခဲ့သည်။ ယင်း ၂၉ဦးအနက် အများစုမှာ ကရင်လူငယ် အစည်းအရုံးမှဖြစ်ကြသည်။
ရွေးကောက်ပွဲတွင် သခင်နုအနေဖြင့် ဝင်ရောက် အရွေးခံခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် တိုင်းပြုပြည်ပြုလွှတ်တော် မြိတ်မဲဆန္ဒနယ်မှ အမတ် ဦးမောင်မောင်ခင် သည် မြိတ်မြို့မှ ရန်ကုန်သို့ ဗြိတိသျှအိန္ဒိယ ရေကြောင်းပိုင် အဒင်ဆင်သင်္ဘောဖြင့် လာရောက်စဉ် ထားဝယ်မြို့အနီးအရောက်တွင် မုန်တိုင်းမိ၍ သင်္ဘောနစ်မြုပ်သွားခဲ့သည်။
လစ်လပ်သွားသော မြိတ်မဲဆန္ဒနယ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဖဆပလအဖွဲ့ချုပ်မှ ၁၉၄၇ ဇွန် ၂တွင် ကျင်းပခဲ့ရာ သခင်နုသည် ယှဉ်ပြိုင်သည့်သူမရှိ ရွေးချယ်ခံရသည်။ သို့ဖြင့် ဖဆပလ ဒုဥက္ကဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဌစသည့်ရာထူးများ ရရှိလာခဲ့သည်။
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးချယ်ခံအမတ်များထဲတွင် နောင်နိုင်ငံရေးလောက၌ ထင်ရှားလာသူများအပြားပါဝင်ခဲ့သည်။ ယင်းတို့အနက် တချို့မှာ ဦးကျော်ငြိမ်း (ပဲခူးတိုင်းပြည်မြို့အမတ်၊ နောင် ဒုတိယဝန်ကြီးချုပ်)၊ ဦးတင်ထွဋ် (ဟင်္သာတခရိုင်၊ နောင် နိုင်ငံခြားရေးဝန်ကြီး)၊ ဦးရာဇတ် (မန္တလေးအရှေ့ပိုင်းအမတ်၊ နောင် ပညာရေးဝန်ကြီး)၊ မြန်မာ့အလင်းဦးတင် (ရန်ကုန် သိမ်ဖြူအမတ်၊ နောင် ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီး)၊ စဝ်ရွှေသိုက် (နယ်စပ်ဒေသရှမ်းအမတ်၊ နောင် သမ္မတ)၊ မန်းဝင်းမောင် (ပုသိမ်မြောက်ပိုင်းအမတ်၊ နောင် သမ္မတ)၊ ဗိုလ်စိန်မှန် (သာယာဝတီတောင်ပိုင်း အမတ်၊ နောင် ဌာနလက်ကိုင်မရှိ ဝန်ကြီး)၊ စသူတို့ဖြစ်ကြသည်။
လွှတ်တော်ပြင်ဆင်မှုညီလာခံမှ အခြေခံဥပဒေဆီသို့
တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲပြီးနောက် ဖဆပလအဖွဲ့ချုပ်သည် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တောညီလာခံကို ခေါ်ယူရန်အတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ၁၉၄၇ မေလ ၁၉တွင် ရန်ကုန်မြို့ ဂျူဗလီဟော (ယခု တပ်မတော်မော်ကွန်းတိုက်ရုံးနှင့် စစ်သမိုင်းပြတိုက်) ၌ စတင်ကျင်းပခဲ့သည်။ ညီလာခံကို မေလ ၁၉ မှ ၂၃ရက်နေ့အထိ ၅ရက်တိုင်တိုင် ကျင်းပသည်။ ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နောင် လွတ်လပ်လာမည့် နိုင်ငံတော်အတွက် အခြေခံဥပဒေရေးဆွဲရေးပင်ဖြစ်သည်။ အခြေခံဥပဒေရေးဆွဲရေးအတွက် သခင်မြဦးဆောင်သော ကော်မတီအဖွဲ့ဝင် (၇၅)ဦး နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့ဝင် (၁၁၁)ဦးက စိစစ်ပေးရမည်ဖြစ်သည်။
ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက-
“အခု ဒီမိုကရေစီပေါ်နေတဲ့တိုင်းပြည်တွေအများဟာ တကယ့်ဒီမိုကရေစီမဟုတ်သေးဘူး။ ငါးမူး၊ သုံးမူးကပဲ တကယ်ပဲ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။
တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ တက်လှမ်းနိုင်မယ်။ ဒါဖြင့် အဲဒီလို ဒီမိုကရေစီအဆင့်အတန်း ရောက်အောင် ဘယ်လိုအခြေခံတွေ ချရမလဲ။
(၁) အရေးကြီးတဲ့ စက်မှုလက်မှုပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံမျိုးထားရမယ်။
(၂) အလုပ်သမားတွေရဲ့နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာအရေး အစရှိသဖြင့် အခွင့်အရေးတွေရှိရမယ်။
(၃) လယ်လုပ်တဲ့လူတွေရဲ့လက်ထဲ လယ်ရောက်အောင် စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို တသီးပုဂ္ဂလပိုင်ဆိုင်တဲ့စနစ်ကို ပယ်ဖျက်နိုင်ရမယ်။
(၄) လူမျိုးအသီးသီးဟာလည်း သူတို့ရထိုက်တဲ့ အခွင့်အရေးတွေရအောင် စီစဉ်ထားရမယ်။
(၅) တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။
(၆) လူမျိုးဘာသာ လိင်မရွေး တိုင်းပြည်ကြီးသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေပါရမယ်။
(၇) တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခု ကျွန်ဘဝမှာလို ရှေးကလို အပျော်တမ်းရဲအဖွဲ့အစရှိတဲ့ အခုပြည်သူ့ရဲဘော်တပ်ဖွဲ့ ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြားတည်ထောင်ရတဲ့ အခြေအနေမျိုးမရှိစေရဘူး။
(၈) တိုင်းပြည်ဥပဒေတရားရုံးစနစ်ဟာလည်း ပြည်သူတွေရဲ့အကျိုးကို ရှေးရှုမယ့် ပြည်သူ့တရားရုံးစနစ်မျိုး ဖြစ်ရမယ်။
အဲဒီလိုအချက်တွေပါမှသာလျှင် တကယ့်ဒီမိုကရေစီအခြခံတွေချရာရောက်မယ်။ ဒါမှသာလျှင် သူ့အချိန်အခါရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့ အဆောက်အအုံကြီးကို မားမားမတ်မတ် တည်ဆောက်နိုင်မယ်။” ဟူ၍ ပြောကြားခဲ့သည်။
ညီလာခံနောက်ဆုံးနေ့ဖြစ်သော ၁၉၄၇ မေလ ၂၃ရက်တွင် စိစစ်ရေးကော်မတီက စိစစ်ပြသော ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုခဲ့သည်။ ဖဆပလအဖွဲ့ချုပ်က ရေးဆွဲခဲ့သည့် အခြေခံမူကြမ်းတွင် အခန်းကြီး (၁၄)ခန်း၊ ပုဒ်မခွဲ (၁၂၇)ခုနှင့် ဇယားတစ်ခုပါရှိသည်။
ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမူကြမ်းကို ပြည်ထောင်စုတိုင်းရင်းသားအများစုက ထောက်ခံကြသော် လည်း ဝါရင့်နိုင်ငံရေးသမားကြီး ဒေါက်တာဘမော်က ဖဆပလမှရေးဆွဲခဲ့သည့် အခြေခံဥပဒေမူကြမ်းသည်
အိန္ဒိယတိုင်းပြုပြည်ပြုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပုံတူကူးချထားပြီး အချက်အလက်အချို့သည် ဆိုဗိယက်ယူနီယံဖွဲ့စည်းအုပ်ချုပ်ပုံမှ ယူထားကြောင်း ဝေဖန်ခဲ့သည်။ ဒေါက်တာဘမော် သည် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုတည်ထောင်ခြင်းကို ပြင်းထန်စွာဆန့်ကျင်ခဲ့သူလည်း ဖြစ်သည်။
သို့သော် ဒေါက်တာဘမော်၏ ဝေဖန်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ချေပရာ၌ ပညာရှိအဓိပတိဟောင်းကြီး၏ အဆက်ဆက်က ပြောရိုးဆိုရိုးအတိုင်းပင် သူ၏စကားလုံးများသည် အပေါ်ယံအားဖြင့် လေးနက်ဟန်ရှိသော်လည်း သေချာလေ့လာပါက သူ၏ဝေဖန်ချက်များမှာ အနှစ်သာရ ကင်းမဲ့နေသည်ကို တွေ့ရကြောင်း၊ အပြုသဘောပါဝင်သည့် စကားတစ်လုံးတလေမှ မတွေ့ရကြောင်း၊ ဒေါက်တာဘမော်သည် တောင်တန်းဒေသ လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးရလိုမှုနှင့်စပ်လျဉ်း၍ မည်သို့မည်ပုံ လိုက်လျောသင့်သည်ကို ပြောဆိုဝေဖန်ရန် လစ်ဟင်းခဲ့ကြောင်း သူ၏ဝေဖန်ချက်များမှာ မကြာမီက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် သူ၏ အပြုအမူနှင့် လိုက်လျောညီထွေရှိကြောင်း” ပြောကြားသွားခဲ့သည်။
၄၇ ခုနှစ် ပထမလွှတ်တော်ညီလာခံ မှ အခြေခံဥပဒေရေးဆွဲရေး ဆီသို့
ထို့နောက် ၁၉၄၇ ဇွန် ၁၀တွင် ပထမအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို နံနက် ၁၁နာရီတွင် စတင်ကျင်းပခဲ့ရာ လွှတ်တော်အမတ် ၂၅၅ဦးအနက် ၁၄၆ဦး တက်ရောက်ခဲ့သည်။ ညီလာခံအစည်းအဝေးတွင် ခေတ္တသဘာပတိအဖြစ် သခင်မြကို တင်မြှောက်ခဲ့ကြသည်။
ညီလာခံတွင် လွှတ်တော်သဘာပတိအဖြစ် သခင်နုအားတင်မြှောက်ရန် အဆိုတင်သွင်းခဲ့ကြသည်။ ပထမအဆိုကို ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းပြီး စဝ်ရွှေသိုက်က ထောက်ခံခဲ့သည်။ ဒုတိယအဆိုကိုမူ မန်းဘခိုင်က တင်သွင်းပြီး မစ္စတာအီဘာနာဒ်က ထောက်ခံခဲ့သည်။
၁၉၄၇ ဇွန်၁၆ရက်နေ့တွင် ဆက်လက်ကျင်းပသော ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များကို ချမှတ်ပေးသည့် လမ်းညွှန်အဆိုအား တင်သွင်းခဲ့သည်။
ယင်းအဆို၌ အချက်(၇)ချက်ပါရှိရာ
“နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ‘ပြည်ထောင်စုနိုင်ငံတော်’ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေဖြစ်စေရမည်။
ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များ ပါဝင်စေလျက်၊ ထိုသို့ သတ်မှတ်ဖော်ပြသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ်ဖော်ပြထားသည်နှင့်အမျှ ကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာရရှိစေရမည်။”
စသည့်အချက်များ ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် လမ်းညွှန်အဆိုကို တင်သွင်းခဲ့ရာ၌ မိနစ် ၉၀ကြာ မိန့်ခွန်းရှည်တရပ် ကိုလည်း ပြောကြားခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း၏လမ်းညွှန်အဆိုကို ဖဆပလအမတ်များအပြင် ရှမ်းပြည်အမတ်များဖြစ်ကြသော ညောင်ရွှေစော်ဘွားကြီး၊ ဦးထွန်းမြင့်၊ အင်္ဂလိပ်မြန်မာကပြားအမတ် မစ္စတာ ရေးဗား (Mr. A.River)၊ကရင်အမတ်များဖြစ်ကြသော မန်းဘခိုင်၊ စောစံဘိုးသင်၊ စောဝီရီကျော်၊ ကချင်အမတ်များ ဖြစ်ကြသော ဆမားဒူးဝါးနောင်၊ ဒူးဝါးဇော်လွန်း၊ ချင်းအမတ် ဝမ်ကိုဟော၊ မွန်အမတ် မွန်ထွန်းရင်၊ ရခိုင်အမတ် ဗိုလ်ဘစော၊ ဦးစံထွန်းအောင်၊ ကွန်မြူနစ်အမတ် သခင်သန်းဖေ၊ မူဆလင်အမတ် ဦးစိန်ဘွား၊ အမျိုးသမီးအမတ် ဒေါ်စောရွှေနှင့် ဒေါ်လှရှင်တို့က ထောက်ခံခဲ့ကြရာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည်။
ယင်းနောက် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကျင်းပအပြီး တစ်လအကြာ ၁၉၄၇ ဇူလိုင် ၁၉ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ မသမာသူတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်မပါတော့သည် နောက်ဆက်တွဲ ညီလာခံများ
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားပြီး ၁၀ရက်အကြာ ၁၉၄၇ ဇူလိုင် ၂၉ရက်နေ့တွင် ဒုတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို ၁၉၄၇ သြဂုတ်လ ၁၆ရက်နေ့အထိ (၁၈)ရက်ကြာ ကျင်းပခဲ့သည်။
ညီလာခံတွင် သခင်နုသည် ဗိုလ်ချုပ်အောင်ဆန်း၏နေရာအား ဆက်ခံသူအဖြစ် ဘုရင်ခံ၏အမှုဆောင်ကောင်စီ (ဝန်ကြီးအဖွဲ့)တွင် ဥက္ကဌဖြစ်သွားသော ကြောင့် လွှတ်တော်ဥက္ကဌအဖြစ်မှ နှုတ်ထွက်၍ လစ်လပ်သွားသော လွှတ်တော်ဥက္ကဌနေရာ၌ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အား လွှတ်တော်ဥက္ကဌ အဖြစ် တင်မြှောက်ခဲ့ကြသည်။
ဒုတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် အခြေခံဥပဒေရေးဆွဲရေးကော်မတီ၏ အခြေခံဥပဒေမူကြမ်းကို တင်သွင်းခဲ့ကြသည်။
အခြေခံဥပဒေမူကြမ်းတွင် ဥပဒေနိဒါန်း၊ အခန်း (၁၂)ခန်း နှင့် ဇယား (၄)ခု ပါဝင်သည်။ ဒုတိယအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံမှ အခြေခံဥပဒေမူကြမ်းကို လက်ခံရန်ဆုံးဖြတ်ခဲ့ကြပြီးနောက် အချောကိုင်ရန်အတွက် အခြေခံဥပဒေအချောကိုင်ကော်မတီကို ဖွဲ့စည်းကာ အချောသပ် လုပ်ဆောင်စေခဲ့သည်။
အခြေခံဥပဒေအချောကိုင်ကော်မတီ၌ လွှတ်တော်ဥက္ကဌ စဝ်ရွှေသိုက်၊ ဦးတင်ထွဋ်၊ သခင်လွန်းဘော်၊ မန်းဝင်းမောင်၊ သခင်တင်၊ သခင်တင်ထွန်း၊ ဦးဘသီ၊ မစ္စတာအေရေးဗားစ်၊ ဦးကျော်မြင့်၊ ဗိုလ်ထိန်လင်း၊ စောနော်တင်ဘွား၊ စဝ်ခွန်ချို၊ ဆာမားဒူးဝါးဆင်ဝါးနောင်၊ ဝမ်ကိုဟော၊ ဦးတင် (မြန်အောင်) နှင့် သခင်နု တို့ ပါဝင်ကြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားသည့်အတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကျင်းပအပြီး ငါးလခွဲအကြာ ၁၉၄၇ စက်တင်ဘာလ ၁၅ရက် မှ ၂၄ရက်အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံတွင် အချောကိုင်ကော်မတီမှ တင်သွင်းခဲ့သော ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို တညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ကြသည်။
လွှတ်တော်ညီလာခံအပြီး နောက်တစ်နေ့ ၁၉၄၇ စက်တင်ဘာလ ၂၅တွင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်ဦးဆောင်သော မြန်မာနိုင်ငံဘဏ္ဍာရေးမစ်ရှင် အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ယင်းအဖွဲ့တွင် ဦးကိုကိုကြီး၊ ဗိုလ်မှူးအောင်၊ မန်းဝင်းမောင်၊ ဦးအေးမောင်၊ မိုးမိတ်စော်ဘွားကြီး၊ ဦးဝမ်ကိုဟော၊ ဦးလဘန်ဂရောင်တို့ လိုက်ပါခဲ့ကြသည်။ စက်တင်ဘာလ ၂၈ရက်တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီနှင့်တွေ့ဆုံကာ ယခင်က ကြိုတင်ဆွေးနွေးထားသော ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးနိုင်ခဲ့သည်။
ထို့နောက် အချုပ်အခြာအာဏာလွှဲပြောင်းရယူရေးစာချုပ်ချုပ်ဆိုရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ အောက်တိုဘာလ ၁၂တွင် အင်္ဂလန်သို့ ထွက်ခွာသွားကြသည်။
ယင်းအဖွဲ့တွင် ယာယီဝန်ကြီးချုပ် သခင်နု၊ ဒုဝန်ကြီးချုပ်ဗိုလ်လက်ျာနှင့် နိုင်ငံရေးအတွင်းဝန်ဗိုလ်ထွန်းလင်းတို့ လိုက်ပါခဲ့ကြသည်။
၁၉၄၇အောက်တိုဘာလ၁၇ရက်တွင် ဗြိတိသျှနန်းရင်းဝန်အက်တလီနှင့် မြန်မာပြည်ယာယီအစိုးရဝန်ကြီးချုပ် သခင်နုတို့သည် သမိုင်းဝင်မြန်မာ့လွတ်လပ်ရေးစာချုပ် ခေါ် “နု-အက်တလီစာချုပ်” ကို ချုပ်ဆိုခဲ့ကြသည်။ အဆိုပါစာချုပ်တွင် ဗြိတိသျှအစိုးရက ပြည်ထောင်စုမြန်မာနိုင်ငံအား လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင် နိုင်ငံဟူ၍ အသိအမှတ်ပြုကြောင်း ပါရှိခဲ့သည်။
ဗြိတိသျှပါတီတွင်လည်း မြန်မာပြည်လွတ်လပ်ရေးဥပဒေကြမ်းကို ၁၉၄၇ ဒီဇင်ဘာလ ၁၀ရက်၌ ဆွေးနွေးညှိနှိုင်းခဲ့ကြရာ၊ ထောက်ခံမဲ ၂၂၈၊ ကန့်ကွက်မဲ ၁၁၄မဲဖြင့် အတည်ပြုခဲ့ကြသည်။ သို့ဖြင့် မြန်မာ့လွတ်လပ်ရေးဥပဒေကြမ်းကို ဗြိတိသျှဆဋ္ဌမမြောက် ဂျော့ဘုရင်က အတည်ပြုလက်မှတ်ရေးထိုး ပေးလိုက်သည်။
စတုတ္ထအကြိမ် လွှတ်တော်ညီလာခံ သို့မဟုတ် လွတ်လပ်ရေးအကြိုညီလာခံ
ယင်းနောက် ၁၉၄၈ခု ဇန်နဝါရီ၃ရက် နံနက် ၁၁နာရီတွင် အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်အဆောက်အအုံ၌ စတုတ္ထအကြိမ်မြောက် တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို ကျင်းပခဲ့ရာ အဆိုပါညီလာခံသည် မြန်မာ့လွတ်လပ်ရေးအကြိုညီလာခံဟု ခေါ်ဆိုနိုင်ပေသည်။
ညီလာခံတွင် လွှတ်တော်ဥက္ကဌသစ်အဖြစ် ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နေရာတွင် ရမည်းသင်းမြောက်ပိုင်းအမတ် ပျော်ဘွယ်ဦးမြကို တင်သွင်းခဲ့ကြသည်။
ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်သည် လွှတ်တော်နာယကအဖြစ် တင်မြှောက်ခံရသည်။
ယာယီဝန်ကြီးချုပ် သခင်နုက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိချိန်မှစ၍ စတင်တာဝန်ထမ်းဆောင်ကြတော့မည့် ဝန်ကြီး ၁၈ဦး၏ အမည်စာရင်းကို ကြေညာခဲ့သည်။
ဤသို့ဖြင့် တမျိုးသားလုံး မျှော်လင့်တောင့်တနေသော မြန်မာ့လွတ်လပ်ရေးသည် ၁၉၄၈ဇန်နဝါရီလ ၄ရက် နံနက် ၄နာရီ ၂၀မိနစ်တွင် ရရှိခဲ့လေသည်။ ယင်းအချိန်၌ပင် ရန်ကုန်မြစ်ကမ်းတွင် ဆိုက်ကပ်ထားသော ဘာမင်ဟမ်စစ် သဘောင်္မှ အမြောက်ပစ်ဖောက်အချက်ပေးနေစဉ် တိုင်းပြုပြည်ပြုလွှတ်တော်ရှေ့ရှိ အလံတိုင်တွင် လွှင့်ထူထားသော ဗြိတိသျှယူနီယံအလံကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတော်အလံကို လွှင့်ထူခဲ့သည်။
ယင်းနောက် နံနက် ၄နာရီ ၄၅မိနစ်တွင် လွှတ်တော်အစည်းအဝေးခန်းမ၌ နိုင်ငံတော်အာဏာလွှဲပြောင်းပွဲအခမ်းအနားကျင်းပခဲ့ရာ တိုင်းပြုပြည်ပြု လွှတ်တော် နာယက စဝ်ရွှေသိုက်သည် ယာယီသမ္မတဖြစ်လာခဲ့သည်။
ထိုနေ့နံနက် ၆နာရီ ၃၀မိနစ်တွင် ဘုရင်ခံအိမ်တော်၌လည်း အာဏာလွှဲပြောင်း သည့် အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့သည်။ နံနက် ၈နာရီ ၂၀မိနစ်တွင် ဘုရင်ခံဆာဟူးဘတ်ရန့်ခ်နှင့်ဇနီးတို့သည် ဘာမင်ဟမ်စစ်သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားသည်။
(ဆက်လက်ဖော်ပြပါမည်)
မူရင်းလင့်က ဒီမှာပါ။
Sunday, March 11, 2012
အလှူတော်မင်္ဂလာ ပြည်ခရီးစဉ်
ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော်အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ မယ် သီလရှင်ဝတ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁.၃.၂၀၁၂ မှ ၇.၃.၂၀၁၂ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော အလှူတော်မင်္ဂလာပွဲတော်ကြီးသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများတို့သည် ၆.၃.၂၀၁၂ နံနက် (၇း၀၀) နာရီအချိန်တွင် “ရွှေစင်စင်္ကြာ” ခရီးသွားအထူးယာဉ်ကြီးဖြင့် စတင်ထွက်ခွာခဲ့သည်။
ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ဆိုဒ်ရောက်ရှိခဲ့ပြီး ခေတ္တခဏအနားယူကြပြီး ညနေပိုင်း တွင် ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ အသင်းသား/သူများအား ပြည်မြို့ရှိဘုရားစေတီများထံသို့ ပို့ဆောင်ပေးခဲ့ပြီး ည (၆း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီးနောက် “ရွှေရန်ပြေဘုရား” ကြီးအား ပန်းပေါင်းတစ်ထောင်ပူဇော်ပွဲကျင်းပခဲ့ပြီး ည (၉း၀၀) နာရီအချိန်တွင် “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိပွဲတော် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲ အခမ်းအနားတွင်လည်း နာရေးကူ ညီမှုအသင်း (ရန်ကုန်) ရှိဝါသနာရှင် အဆိုတော်များမှလည်း ကုသိုလ်ဖြစ် ပါဝင်သီဆိုခဲ့ကြပြီးနောက် တနေ့တာ ပင်ပန်းနွမ်းနယ်မှုများအတွက် အိပ်စက်အနားယူခဲ့ကြတော့သည်။ ၇.၃.၂၀၁၂ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြပြီး ရွှေ ပေါက်ပင် ကျောင်းတိုက်တွင် နယ်အသီးသီးမှ ဒုလ္လဘရဟန်းခံမည့် သံဃာတော်အပါး (၅၀) အတွက် သင်္ကန်း (၅၀) စုံအား နာရေးကူညီမှု အသင်း (ရန်ကုန်) မှ လှူဒါန်းခဲ့ပြီး နောက် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူအား လှည့်လည်ပူဇော်ပွဲတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ သာသနာ့ အလံတော်အားဦးဆောင်လွှင့်ထူကာ စွယ်တော်များအားဆက်ကပ်မည့် ပန်းမာလာများအားဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများက ကိုင်ဆောင်ကာ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ဓမ္မမိတ်ဆွေ ဧည့်ပရိသတ် (၅၀၀၀၀) ခန့်နှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ နံနက် (၁၀း၀၀) နာရီ အချိန်၌ နိဗ္ဗာန်ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိဗ္ဗာန်ဈေး ဆိုင်ခန်းပေါင်း (၂၀၀) ကျော်ရှိခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း စတီးပန်းကန်ပြား၊ စတီးသောက်ရေခွက်၊ စတီးမတ် ခွက်တို့အား ကံစမ်းမဲကဒ်ပြား (၆၀၀) နှင့် အမျိုးသမီး (ကြီး/ငယ်) အဝတ်အစား (၃၀၀) အား မဲဖောက်၍ လှူဒါန်းဒါနပြုခဲ့သည်။ ထို့ပြင် နာ ရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) ၏ဆေးခန်းခွဲဖြစ်သည့် ပြည်မြို့ရှိ မိုးမေတ္တာပရဟိတလူငယ်များဦးစီးသော သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)မှ ဆရာဝန်များ၊ အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည်လည်း “ရွှေရန်ပြေ” ဗုဒ္ဓပူဇနိယ ပွဲတော်သို့ လာရောက်ကြသော ဓမ္မမိတ်ဆွေပရိသတ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး နိုင်ရန်အတွက် ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိတည်ဆောက်ဆဲဓမ္မရုံ၌ ဖွင့်လှစ်ကာ ကျန်းမာရေး (အခမဲ့) ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ၇.၃.၂၀၁၂ နေ့လည်ပိုင်းတွင် ပြည်မြို့၊ မိုးမေတ္တာ ပရဟိတလူငယ်များ ဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ၏ တိုးချဲ့ဆောင်ရေ စက်ချအလှူတော်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများတက်ရောက်၍ ရေစက်သွန်းချပြီးနောက် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ၏ ထပ်မံတိုးချဲ့ဆောင်အား လှူဒါန်းခဲ့ကြသည့် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ခေတ္တရာမြို့သစ်၊ “ဓမ္မောဒယကျောင်း” ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ရှိကလေးများအတွက် ဆရာတော်ကြီးအားအဝတ်အထည်များ လှူဒါန်းပေးအပ်ပြီး ဥက္ကဋ္ဌ ဦးကျော်သူမှ အလှူရှင်များအား ကျေးဇူး တင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်မြို့၊ နာရေးကူညီမှုအသင်း (ပေါင်းတလည်) သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နိဗ္ဗာန်ယာဉ် တစ်စီး လှူဒါန်းသည့် အတွက် ပေါင်းတလည် နာရေးအသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ လက်ခံရယူခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ည (၆း၃၀) နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့တော့သည်။ အလှူတော်မင်္ဂလာပွဲ ခရီးစဉ်စ/ဆုံးအတွက် လိုက်လံပို့ဆောင်ပေးခဲ့သော “ရွှေစင်စင်္ကြာ” ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်မိသား စုနှင့်တကွ မငြီးမငြူ လိုက်လံပို့ဆောင်ပေးခဲ့သော မော်တော်ယာဉ်အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ် ပါသည်။ ထိုထိုသော ကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းကြသည့် ပြည်တွင်း/ပ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ အများပြည်သူအတွက် အများပြည်သူကောင်းမှု အလှူဒါနပင်ဖြစ်တော့သည်။ မူရင်းလင့်က ဒီမှာပါ။

အသက် တနှစ် ပိုကြီးလာတဲ့နေ့မှာ
အသက် တစ်နှစ် ပိုကြီးလာတဲ့နေ့မှာ
"ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ" လို့
လူ ၁၄ ယောက်တိတိက
ဆုတောင်းစကားပို့သလာတယ်
ကျနော့် မေမေလဲ တစ်ယောက်အပါအဝင်ပေါ့၊
ဒီလောက် ဘုဂလန့်ကျတဲ့ကောင်
ဒီလောက် အချိုးမပြေတဲ့ ကောင်ကိုမှ
သည်းခံ ချစ်ခင်တဲ့လူ ၁၄ ယောက်တောင်ရှိတယ်ဆိုတာ
ကျနော့်အတွက်တော့
သိပ်ကိုပဲ ကောင်းလွန်းနေပါပြီ
(မေမေ ကတော့ ထားပါတော့)၊၊
ဒါပေမည့် ကျနော်ဟာ
ဒီလူ ၁၄ယောက်ရဲ့ အကြင်နာတွေနဲ့
တကယ်ရော ထိုက်တန်ပါရဲ့လား
ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတယ်၊
၄၉ နှစ်ဆိုတာ
အမှားတွေအများကြီး ကျူးလွန်ဖို့
လုံလောက်တဲ့ အချိန်အတိုင်းအတာပါပဲ
ကျန်တဲ့ နောက်အနှစ်အနည်းငယ်ကတော့
ပို၍ပို၍မှားရွင်းဖို့
ဒါမှမဟုတ် နောင်တရချင်ဟန်ဆောင်ဖို့ပေါ့၊
ဆံပင်ရှည်ရှည်ထားခဲ့ဘူးတယ်၊
ကဗျာတွေစပ်ခဲ့တယ်၊
ကျောင်းစာမေးပွဲ၊ အလုပ်စာမေးပွဲ၊ ဘဝစာမေးပွဲ
စာမေးပွဲတွေ အကြိမ်ကြိမ်ကျခဲ့ဘူးတယ်၊
ကမ္ဘာကြီးကို ကယ်တင်ရမယ်လို့
စိတ်ကြီးဝင်ခဲ့ဘူးတယ်၊
ကားလ်မတ်စ်ရဲ့အရင်းကျမ်း နဲ့
ဗုဒ္ဓရဲ့ ဓမ္မစကြာင်္င်္ဒေသနာတော်ကို
အလွတ်ကျက်မှတ်ခဲ့ဘူးတယ်၊
အရက်သောက်တယ်၊ ရန်ဖြစ်တယ်၊
တဖက်သတ်ရော၊ အပြန်အလှန်ရော
အချစ်ဇာတ်လမ်းတွေရှိခဲ့တယ်၊
အသည်းကွဲခဲ့တယ်၊
နောက်ဆုံးတော့
ချောင်းဆိုးရင်ကြပ်ဖြစ်တယ်၊
သွေးတိုးရောဂါရတယ်၊
လူတွေနဲ့ အဆင်မပြေရတာကို
အရသာရှိသလို ထင်တတ်လာတယ်၊
၄၉ နှစ်ပြည့်တဲ့နေ့မှာ
ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့
အခန်းကျဉ်းတခုရဲ့ အမှောင်ထုထဲမှာ
တယောက်တည်း … … မေတ္ကာတရားကို..ရှာ…၊။ ။
မူရင်းလင့်က ဒီမှာပါ။
ဥက္ကာပျံလိုလူစား
“ဘယ်သူ့ကိုမှ အားမကိုးဘူး။ သူကိုယ်တိုင်လောင်ကျွမ်းခံပြီးမှ ပျံသန်းတဲ့ လူသားမျိုးတွေ၊ ဥက္ကာပျံလိုလူစားမျိုးတွေ” ဟု နာရေးကူညီမှု အသင်း (ရန်ကုန်) မှ အသင်းသား/သူများအား ဒေါက်တာထွန်းလွင် (မိုး/ဇလ) မှ ဂုဏ်ပြုချီးမွှမ်းသောစကားဖြစ်သည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံရုံးချုပ်တွင် မြန်မာစာပေဟောပြောပွဲအဖြစ် ၂၀၁၁ ခုနှစ်၊ ဇူလိုင်လမှစတင်၍ လစဉ်လတိုင်း ကျင်းပပြုလုပ်ခဲ့ရာ နဝမအကြိမ်မြောက်အဖြစ် ဒေါက်တာထွန်းလွင် (မိုး/ဇလ) မှဟောပြောခဲ့ရာ မိမိသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏အကြောင်းအား ကြားသိခဲ့သည်မှာကြာပြီဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ လက်ထက်အချိန်၌ အကယ်ဒမီ ကိုကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှအစ အခြားသောပုဂ္ဂိုလ်များ လုပ်ကိုင်စဉ်ကတည်းက အသင်း၏အကြောင်းအား အဝေးမှသာ ကြား သိခဲ့ရခြင်းဖြစ်သော်ငြားလည်း ယခုကဲ့သို့ နီးနီးကပ်ကပ် မရှိခဲ့ကြောင်း၊ ယခုသည် ပထမဦးဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး အသင်း၏ဆောင် ရွက်မှုချက်များအား လှည့်လည်ကြည့်ရှုခဲ့ရာ၌ လူမှုရေးဆောင်ရွက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ဘေးဒုက္ခကျရောက်သည့် နေရာ ဒေသများရှိ ပြည်သူလူထုများထံသို့ မဆိုင်းမတွ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း စွန့်စွန့်စားစားဖြင့် ဒုက္ခရောက်သူများထံသို့ စေတနာဖြင့် ကူညီ ဆောင်ရွက်ရာတွင် လွယ်လွယ်ကူကူမရှိလှသည့် ဒေသခံများ၏ အဆင်မပြေမှုများအစ ကြားသိရသည့်အခါများ၌ စိတ်ထဲမှ မချီးကျူး၍ မနေနိုင်အောင် ဖြစ်မိပါကြောင်း၊ ဦးစီးဆောင်ရွက်နေကြသူများ အပါအဝင်၊ ဝန်ထမ်းများနှင့် လုပ်အားပေးများတို့သည် စေတနာအရာ၌ အ လွန်ဖြူစင်ပြီး လူမှုရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသည့် လူများဖြစ်ကြသည့်အတွက် မိမိတတ်ကျွမ်းသည့် မိုးလေဝသပညာ၊ သဘာဝ ဘေးအန္တရာယ်၊ ပတ်ဝန်းကျင်ရေးရာများ ဟောပြောခွင့်ရသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် လောကအတွက် အလှဆင်နေကြ သူများအား ကျေးဇူးဆပ်ခြင်း တစ်မျိုးအဖြစ်ယူဆ၍ ဟောပြောမည်ဖြစ်ပြီး ဆရာကြီးတစ်ယောက်အဖြစ် ဟောပြောခြင်းမျိုးမဟုတ်ပါ ကြောင်း ကျေးဇူးရှိသည့်လူများအတွက် ပြည်သူ/သားများကိုယ်စား ကျေးဇူးဆပ်သည့်အနေဖြင့် နာရေး ကူညီမှုအသင်း(ရန်ကုန်) ရှိ လူငယ် များအတွက် ဟောပြောခြင်းဖြစ်ပါသည်။
ဟောပြောချက်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်သို့ ရောက်ရှိလာချိန်တွင် မိမိ ပမထဦးဆုံးသတိပြုမိရာတွင် အရိပ်အာဝါသ အလွန်နည်းပါးကြောင်း၊ အဆောက်အဦးများ ခေတ်မှီသည်။ လုပ်ကိုင်နေသည့်လုပ်ငန်းများ အလွန်မွန်မြတ်သည်။ ကောင်းမွန်သည်။ ဤ အဆောက်အဦးသည် ပတ်ဝန်းကျင်ရေးရာ၌ အတော်လေး လုပ်ကိုင်ရဦးမည်ဟု မြင်မိပါကြောင်း၊ မြန်မာနိုင်ငံ၏ မည်သည့်နေရာ၌ မည် သည့်အပင်စိုက်စိုက် ဖြစ်ထွန်းသည့် မြန်မာပြည်ကြီးတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ် တည်နေရာတွင် စိုက်ပျိုး၍မရ။ အ ဆောက်အဦး၏အောက် ပေ (၂၀) ကျော်ရှိ အမှိုက်ပုံထုကြီး၌ ပလပ်စတစ်များစွာ ပါဝင်နေသည်။ ပလပ်စတစ်တွင်ပါဝင်သည့်အတွက် ဓါတုပစ္စည်းများသည် အပင် ဖွံ့ဖြိုးမှုအား များစွာအနှောက်အယှက်ပေးပြီး ဓါတ်မြေသြဇာအဆီ ကုန်ခန်းပါသည်။ အပင်စိုက်ပျိုးရန် အတော် ခဲယဉ်းပါလိမ့်မည်။ စိုက်ပျိုးရန်ခဲယဉ်းသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)နေရာတွင် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ အပင်များအားကြိုး စား၍ ရေသန့်ဗူးများချိတ်ဆွဲ စိုက်ပျိုးနေကြသည်ကို တွေ့မြင်ခဲ့သည်။ အပင်များသည် အောင်းရေလိုအပ်ကြောင်း၊ မိုးများရွာသွန်းချိန်၌ အပင်အတွက် လိုအပ်သောရေဓါတ်အား မိုးရေ၌ရရှိနိုင်ပြီး မိုးရွာသွန်းမှု တစ်ပတ်ခန့်ကြာခဲ့ပါက အပင်၏လိုအပ်သော ရေဓါတ်အား မြေကြီး မှဖြည့်စွမ်းပေးရသည်။ မြေကြီးတွင်အောင်းရေများမရှိသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မြေကြီးတွင် အပင်များစိုက်ပျိုးရန် အလွန် ခက်ခဲပါလိမ့်မည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လာရောက်သူများသည် မည်သူမှ ဟန်းနီးမွန်း၊ ပျော်ပွဲစားထွက်လာကြသည့် နေရာလည်းမဟုတ်။ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခများဖြင့် လာရောက်ကြသူများသာ ဖြစ်ကြသည်။ “သာ” နေကြသူများ လာရောက် သည့်နေရာမဟုတ်။ “နာ” နေသောသူများသာ လာရောက်သည့်အတွက် ဝင်ရောက်လာသူတိုင်း၏စိတ်များသည် ကြည်လင်ချမ်းမြေ့ သွားဖို့တော့ လိုအပ်မည်ဟု ထင်မိပါကြောင်း၊ လူမှုရေး ကူညီမှုများ၊ လုပ်အားပေးများအတွက် ဘဝတိုးတက်ရေး အတတ်ပညာ (ကွန်ပြူတာ သင်တန်း၊ အင်္ဂလိပ် စာသင်တန်း၊ ဒီဇိုင်း (အပ်ချုပ်) သင်တန်း၊ LCCI စာရင်းကိုင်သင်တန်း စသည့်အပြင် သုခအလင်း စာကြည့်တိုက်များ စီမံဖွင့်လှစ်ထားသည်ကို မိမိအလွန်မှအံ့သြမိသော်လည်း လိုအပ်နေသည်မှာ ပတ်ဝန်းကျင်စိမ်းလန်းသာယာရေးဖြစ်သည့် အပင်အရိပ် အာဝါ သရရှိနိုင်ရန်အတွက် အသင်းသူ/သားများတို့မှ ဝိုင်းဝန်း ကူညီလုပ်ဆောင်ကြဖို့ အကြံပြုပြောကြားခဲ့ပြီး မိုးလေဝသသတင်းအား အစဉ်မပြတ်ကြားသိနိုင်ရန်နှင့် အရာရာ၌သတိဝီရိယနှင့် အမြဲနေထိုင်သွားရန်၊ ရာသီဥတုသည် အစဉ်အမြဲပြောင်းလဲမှုရှိနေခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် အများကြီးသက်ဆိုင်ကြောင်း မိမိတို့သည် ကိုယ်တိုင်လေ့လာ တစ်ပါးသူအား ပြောပြပေးရုံဖြင့် ကူညီနိုင်ကြောင်း၊ စာပေသည် လူငယ်/ရွယ်များအတွက် လွန်စွာအရေးကြီးကြောင်းအား သူ၏ အတွေ့အကြုံ၊ ဥပမာ၊ သာဓကများဖြင့် အချိန် (၂း၀၀) နာရီခန့် ရှင်းလင်းဟောပြောခဲ့သည်။
နိဂုံးချုပ်၌ ဒေါက်တာထွန်းလွင်၏ ပညာပါရမီ ဖြည့်ဆည်းမှုများကို ယနေ့မျိုးဆက်သစ် လူငယ်/ရွယ်များ လိုက်ပါဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံတော်ကြီးသာယာဝပြောကာ မုန်တိုင်းကင်းစင်သော တိုင်းပြည်ဖြစ်လာပါတော့မည်ဟု မိမိမျှော်လင့်မိပါတော့သည်။

မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ
ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက်သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။
“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။
နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”
အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။
“ဒီတရားစွဲဆိုတဲ့အခါမှာလည်း နိုင်ငံတော်ပုန်ကန်မှုလို အမှုကြီးကို တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်၊ တရားစွဲဆိုခွင့်အမိန့်ပါရတယ်။ အခု ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးထားတယ်။ အဲဒီမှာ သမ္မတကနေပြီး သူ့ကို အာဏာပေးထားတယ်ဆိုတဲ့ အမိန့်စာ ပေးမထားဘူး။ ဒါကတော့ ဥပဒေအရ တရားစွဲမရတဲ့အကြောင်းပေါ့လေ။ နောက်တကြောင်းကတော့ ဘာလဲ ဆိုလို့ရှိရင် ၂ မှုပေါင်းပြီးတော့ သက်သေပြချက်တွေကို တမှု တပြိုင်တည်းတွဲထားတယ်။ အဲလို ၂ မှု သက်သေခံချက်တွေကို တပြိုင်တည်းတွဲထားမယ် ဆိုလို့ရှိရင် ဒီလိုအမှုမျိုး စစ်မယ်ဆိုလို့ရှိရင် တရားဥပဒေအရ မူလအစကပင် ပျက်ပြယ်လျှက်ရှိတယ် ဆိုပြီးတော့ ဒီလို ဥပဒေကတော့ ပြောထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချက် ၂ ချက်ပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်တော့ ပေးထားတယ်။
KNU အဖွဲ့ကြီးက ၆ ဖွဲ့လောက် ကွဲထွက်သွားတယ်။ ခွဲထွက်သွားပြီးတော့ တချို့အဖွဲ့တွေကဆိုရင် ဥပမာ သေနတ်တွေလည်းကိုင်ထားတယ်၊ ငြိမ်းချမ်းရေးလည်း လက်မှတ်ထိုးထားတယ်။ သို့သော် ၁၇/၁ ကို မဖျက်ပေးထားဘူး။ ၁၇/၁ မဖျက်ပေးဘဲနဲ့ ဒီလို ကိုယ့်သေနတ်တွေကိုယ်ကိုင်ပြီး ဒီလိုပဲ နေလို့တော့ မရဘူးလေ။ အဲဒီတော့ ဟိုအဖွဲ့ကိုတော့ ဥပဒေတမျိုး၊ ဒီအဖွဲ့ကို ဥပဒေတမျိုး ပြောလို့မရဘူး။ အခု KNU နဲ့လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာပဲ။ အဲလိုဆိုရင် သူ့ကိုလည်း အဲဒီအခွင့်အရေးပေးရမှာပေါ့။ သူ့ကျတော့ တရားစွဲတယ်၊ ကျန်တဲ့လူတွေကျ တရားမစွဲဘူးဆိုတော့ ဘယ်တရားမျှတမှု ရှိမလဲ။”
အမှုကို အမြန်ပြီးဖို့အတွက် ၀န်ခံမှုလုပ်ဖို့ ဦးမန်းငြိမ်းမောင်က လိုလားနေပုံရပြီး စိတ်ပိုင်း ဆိုင်ရာအရ ဖိအားပေးခံနေသလို ပုံစံမျိုးတွေ တွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။
“မြန်မြန်ပြီး ပြီးတာပေါ့-တဲ့။ ကျနော်တို့ကပဲ အမှုကို ကြာအောင်လုပ်နေသလိုလို အဲဒီပုံစံမျိုး သူ့ကို အဲဒီ အတွေးမျိုးတွေ ဝင်ပြီး အတွေးတွေ ဝေနေအောင် ဘယ်သူက ဖိအားပေးသလဲ၊ ဘယ်သူကပြောသလဲတော့ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူး။ သူ့ခေါင်းထဲမှာပဲ အဲဒါတွေ ဝင်နေတယ်။ အဲဒါ မကောင်းဘူးပေါ့။
အုန်းကျော်မြင့်တုန်းကတော့ အဲဒီအတွေ့အကြုံရှိထားတယ်။ အုန်းကျော်မြင့်က ဟိုဘက်က ထောက်လှမ်းရေးကလည်း သူ့ကို စည်းရုံးလိုက်ရော-ဘာပြောလဲဆိုတော့ တရားရုံးက ကျနော် ပထမ ထွက်ထားတဲ့ ထွက်ချက်တွေက-ရှေ့နေသင်ပေးလို့ ဖြစ်ရတာပါ-တဲ့။ ကျနော့်သဘောနဲ့ မဟုတ်ပါဘူး ဆိုတော့ ဦးကိုယုက ပါဝါအမြန်ရုပ်ပစ်ရတယ်။ ပြီးလည်းပြီးရော အုန်းကျော်မြင့်ကို တခါတည်း သေဒဏ်ချပစ်လိုက်တာပဲလေ။
အဲဒီတော့ အခုလည်းပဲ သူ့ကို ပြောပြတယ်။ ကျနော်တို့က ခင်ဗျားကို စေတနာထားပြီး လိုက်ပေးနေ တာ။ ခင်ဗျား- အုန်းကျော်မြင့်လို ဖြစ်မယ်နော်လို့- ကျနော်က အဲဒါတော့ သူ စိတ်မကျန်းမာဘူး-လို့ အဲဒီလို ခံစားရတယ်။”
ဦးမန်းငြိမ်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဦုးမန်းငြိမ်းမောင်ကို အသုံးချမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားခံဘက်က ထောင်မှူးတွေကို သက်သေတွေအဖြစ် တောင်းဆိုတဲ့အခါမှာ သက်သေတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပါတယ်။
ဦးမန်းငြိမ်းမောင်ကို ဖမ်းဆီးထားစဉ်အတွင်းမှာ မြန်မာအစိုးရဘက်က KNU ရဲ့ အားနည်းချက် အားသာချက်တွေကို ဦးမန်းငြိမ်းမောင်ထံကနေ အချက်အလက်ရယူခဲ့ပြီး KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ကြိုးစားမှုတွေရှိခဲ့တယ်လို့လည်း ဦးမန်းငြိမ်းမောင်ရဲ့ထွက်ဆိုချက်တွေမှာ ပြောဆိုခဲ့ပါတယ် ရှင်။

ဒေါ်စု ရုပ်သံကလွှင့်မယ့်မိန့်ခွန်း ဆင်ဆာဖြတ်ခံရ
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့် အနေနဲ့ နိုင်ငံပိုင် အသံလွှင့်ဌာနတွေကနေ တပါတီချင်းအလိုက် မိန့်ခွန်းတိုပြောကြားခွင့် ပြုထားတာမှာ မကြာသေးခင်ကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ မိန့်ခွန်းပြောကြားမယ့်ရက်မတိုင်ခင် - ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင်တင်သွင်းရတဲ့ မူကြမ်းကနေ အခုလို ဖြတ်တောက်ခံခဲ့ရတာပါ။ ဘယ်အချက်ကို လက်မခံခဲ့တာလဲဆိုတာကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံပိုင် ရေဒီယို - ရုပ်မြင်သံကြားတွေကနေ မဲဆွယ် စည်းရုံးရေး မိန့်ခွန်းပြောကြားခွင့် ရရှိထားတာမှာ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်မခံခဲ့တာပါ။ လာမယ့် ၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းကို မေးကြည့်တော့ -
“ကျနော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲအတွက် ဟောပြောမယ့်ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျနော်တို့ တင်ခဲ့ပါတယ်။ စာပိုဒ်တပိုဒ်ကို ဖြုတ်ခိုင်းပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ရေးထားတဲ့ စာပိုဒ်ပါ။ အဲ့ဒီဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျနော်တို့ အစားထိုး ထပ်တင်တယ်။ အချိန်ကနည်းတော့ ကျနော်တို့ဘက်ကလည်း Fax နဲ့ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ။”
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ အလားတူပဲ - ဒီိမိုကရက်တစ် ပါတီ မြန်မာအဖွဲ့က ဦးသုဝေရဲ့ ရုပ်သံနဲ့ ရေဒီယိုတွေမှာ ပြောကြားဖို့ ရေးသားထားတဲ့မူကြမ်းထဲက ပါတီမူဝါဒဆိုင်ရာ ဆောင်းပါးနှစ်ခုစလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးစံနစ်တွေကို အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ယှဉ်ပြီး သုံးသပ်ပြထားတာတွေ ပြောခွင့်မပြုခဲ့တာကြောင့် ဒီအချက်တွေချန်ပြီး ပြောခဲ့ရတယ်လို့ ဦးသုဝေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဒီ ကြားဖြတ်ရွေးကောက်ပွဲအတွက် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာလည်း အဟန့် အတား အကန့်အသတ်တွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ - ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေမှာ မမှန်မကန် လုပ်ဆောင်တာတွေ တွေ့ရသလို - အထူးသဖြင့် - မဲဆန္ဒရှင်စာရင်းတွေထဲမှာ ကွယ်လွန်ပြီးသား လူတွေရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ ကြာသာပတေးနေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဥာဏ်ဝင်းကတော့ - မဲစာရင်းကွာဟမှုတွေကို သက်ဆိုင်ရာကော်မရှင်ထံ အချိန်မီ အကြောင်းကြားပေးနေပြီး - ကော်မရှင်တွေ ဘက်ကလည်း ဥပဒေအရ လုပ်ပိုင်ခွင့်ထဲကနေ ပြင်ဆင်မှုတွေ လုပ်ပေးနေကြောင်း ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကရော အာဆီယံကပါ - ဒီကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရခေါင်းဆောင်တွေကို ထပ်ခါတလဲလဲ ပြောဆိုနေတာပါ။ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိကန်အပါအ၀င် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ဒီဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး - မရုပ်သိမ်းရေးကိစ္စကို ကြားဖြတ် ရွေးကောက်ပွဲ အခြေအနေအပေါ် မူတည်ပြီးတော့မှ ဆုံးဖြတ်မယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် အာဆီယံကလည်း - ဒီကြားဖြတ် ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာရေး အကဲခတ်အဖွဲ့တွေနဲ့ နိုင်ငံခြားသတင်းထောက်တွေ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒေါ်စု မော်လမြိုင် ပါတီစည်းရုံးရေးခရီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် စည်းရုံးရေးအဖြစ် ဒီနေ့ည မော်လမြိုင်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ကြိုဆို နှုတ်ဆက်ကြသလို မုပ္ပလင်နဲ့ ဘီးလင်းမှာ ခရီးတထောက်နားပြီး လူထုကို နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ်ကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ် အဖြစ် ဒီကနေ့ မတ်လ ၁၀ ရက်နေ့ မနက်က ရန်ကုန်ကနေ မော်လမြိုင်ကို သွားတာဖြစ်ပြီး အခု ည ၇ နာရီခွဲကျော်လောက်မှာ မော်လမြိုင်မြို့ကို ရောက်ပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD မော်လမြိုင် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့က လုပ်မယ့် ညစာစားပွဲကို တက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။
“ရောက်ပါပြီ။ ၇ နာရီခွဲကပါ။ မော်လမြိုင်က မွန်ပြည်နယ် အောင်နိုင်ရေးအဖွဲ့က လုပ်တဲ့ ညစာ စားပွဲကို ၈ နာရီမှာတက်မှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဖိတ်ထားလဲတော့ ကျနော် မသိပါဘူး။”
ရန်ကုန်ကနေ မော်လမြိုင်ကိုသွားတဲ့ ခရီးစဉ်အတွင်း လမ်းတလျှောက် မြို့ခံတွေက အများအပြား ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို နှုတ်ဆက်ကြပါတယ်။ မုပ္ပလင်နဲ့ ဘီးလင်းစတဲ့ မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုနဲ့ ခဏရပ်နားပြီး စကားပြော နှုတ်ဆက်ပါတယ်။ ဒါကြောင့် မော်လမြိုင်ကို အရင်က မှန်းထာတဲ့ အချိန်ထက် နောက်ကျပြီးမှ ရောက်တာ ဖြစ်ပါတယ်။
“လမ်းမှာ ကြိုတဲ့သူက သိပ်များတယ်။ ဒီဘက်လမ်းက အထူးသဖြင့် ရွာစင် ဆက်တာကိုး။ ဆက်တော့ သူတို့ နှုတ်ဆက်ချင်တော့လည်း ပြန်နှုတ်ဆက်ရတာပေါ့။ အဲဒီတော့ စကားကတော့ နှစ်နေရာလောက် ပြောပါတယ်။ မုပ္ပလင်မှာ တစ်ခါပြောတယ်။ ဘီးလင်းမှာ တစ်ခါပြောတယ်။ ၂ မိနစ် ၃ မိနစ် နှုတ်ဆက်တဲ့ဟာပါပဲ။ နောက်ကျတော့ သိပ်ကြာကြာ မပြောနိုင်ပါဘူး။ ကမ္ဘာလှည့်ခရီးသွားတွေရော၊ ဘုရားဖူးတွေရော၊ ကျိုက်ထီးရိုး ဖူးတွေရော၊ အကုန်လုံးကလည်း နှုတ်ဆက်ကြတာပေါ့။”
မနက်ဖြန် မတ်လ ၁၁ ရက် တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မှာ လူထုကို စကားပြောဖို့ စီစဉ်ထားပါတယ်။ အရင်သွားခဲ့တဲ့ မြို့နယ်တွေမှာ ကြုံရသလိုပဲ အခု မွန်ပြည်နယ် ခရီးစဉ်မှာလည်း အလားတူ နေရာခွင့်ပြုချက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ မော်လမြိုင် အိုးဘိုကုန်းက ဥယျာဉ်ခြံဝန်းကြီး တစ်ခုထဲမှာ ပြောဖို့ စီစဉ်ထားပေမဲ့ ခွင့်ပြုချက် မရတာကြောင့် မော်လမြိုင်ကနေ ၆ မိုင်ကျော်ဝေးတဲ့ ကျွဲခြံကုန်းက ကွင်းကြီးတစ်ခုထဲ လူထုနဲ့ တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်ထားရပါတယ်။
“ပြောဖို့ စီစဉ်ထားတာကတော့ မနက် ၉ နာရီပေါ့ဗျာ။ ဒါပေမဲ့ ပြောရမယ့်နေရာက မော်လမြိုင်မြို့ကနေ ၆ မိုင်ဝေးပါတယ်။ ၆ မိုင် ကျွဲခြံကုန်း ဆိုတာ၊ ကွင်းက အဲဒီမှာပဲ ရပါတယ်။ အဲဒီတော့ ကျနော်တို့ ဟိုတယ်က ၇ နာရီခွဲလောက် ထွက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့အလယ်ခေါင်ကြီးကို ဖြတ်ရမှာဆိုတော့။ တော်တော်လေး မောင်းယူရမယ်။ ၁ နာရီခွဲလောက် မောင်းမှ အဲဒီနေရာ ရောက်မယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က အခုသွားနေတဲ့ မွန်ပြည်နယ် ခရီးစဉ်အကြောင်း ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ည ၇ နာရီကျော်မှ မော်လမြိုင်မြို့ကို ရောက်မယ်ဆိုပေမဲ့ နေ့လယ်ပိုင်းလောက်ကတည်းက မော်လမြိုင်မြို့ထဲမှာ လူထုက ကြိုဆိုဖို့ အတော်လေး စည်ကားနေတာပါ။ မနက်ဖြန် လူထုဟောပြောပွဲကလည်း မြို့နဲ့အလှမ်းဝေးတယ် ဆိုပေမဲ့ ကားတွေ ငှားပြီးသွားကြဖို့ စီစဉ်ထားတယ်လို့ မော်လမြိုင်သူ တစ်ဦးက ပြောပါတယ်။
“လူတွေ အများကြီး ဖြစ်နေပြီ။ ဒီမှာ စုနေကြတယ်။ ကားတွေ ငှားပြီးတော့ အခုကားတွေနဲ့ သွားဖို့ လုပ်နေတယ်။ တော်တော်တော့ လူများတယ်။ တော်တော် တက်ကြွနေကြတယ်။ ဆိုင်ကယ်တွေမှာဆိုလည်း အလံတွေ အနီတွေက အများကြီးပဲဖြစ်နေတယ်။ ဆိုင်ကယ်တိုင်း လိုလိုမှာလေ ဒီချုပ် အလံတွေ ကပ်ထားပြီးတော့ အလံတလူလူနဲ့ ဒီနေ့ လျှောက်သွားနေတာ တွေ့တာပဲ။ ဒေါ်ခင်ဌေးကြွယ် မဲဆန္ဒ ရွေးမယ်လေ။ ဒေါ်ခင်ဌေးကြွကို အခု သူတို့ ရပ်ကွက်တိုင်းမှာ လိုက်ပြီးတော့ ၀င်ပြီးတော့ ရုံးဖွင့်ပွဲတွေ လုပ်နေတယ်ဆိုတော့ လူအတော်များများ သိနေကြပြီ။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၁၀ ရက်နဲ့ ၁၁ ရက် နှစ်ရက်ကြာ မွန်ပြည်နယ်ခရီး သွားနေတာ ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ NLD က ၀င်ပြိုင်မယ့် မဲဆန္ဒနယ် နေရာအားလုံးကို စည်းရုံးရေးအဖြစ် ခရီးတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။
အခု မွန်ပြည်နယ် မော်လမြိုင်မြို့ လစ်လပ်မဲဆန္ဒနယ်အတွက် NLD ပါတီကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ၀င်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လဆန်းက မန္တလေး နဲ့ နေပြည်တော် ခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အတွက် လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိခဲ့ပေမဲ့ အခုမွန်ပြည်နယ် ခရီးစဉ်မှာတော့ ဘာမှပြဿနာ မရှိသလို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လုံခြုံရေး ကြိုတင်ညှိနှိုင်းတာတွေ လုပ်ထားတယ်လို့လည်း NLD ကပြောပါတယ်။

အပစ်ရပ်ကိစ္စ ကေအိုင်အိုနဲ့အစိုးရကြား ညှိလို့မရ
တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကချင် KIO အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ဟာ ၃ ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမဲ့ အပစ်ရပ်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘဲ နှစ်ဘက် သဘောထား ထုတ်ပြန်ချက်တစ်စောင်ကိုသာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တပ်စခန်း ချထားရေး ကိစ္စတွေနဲ့အတူ အပစ်ရပ် သဘောတူလက်မှတ်ကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ စောင့်ကြပ်မှုအောက်မှာ ရေးထိုးရေးဆိုတဲ့ အချက်တွေကို ညှိနှိုင်းမရသေးတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ၃ ရက်ကြာ ကချင်အဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရွှေလီမြို့မှာ ပြုလုပ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာလည်း နှစ်ဘက် အပစ်ရပ် သဘောတူညီချက် လက်မှတ် မထိုးနိုင်ခဲ့သေးပါဘူး။ ဒါပေမဲ့ အချက် ၅ ချက်ပါတဲ့ နှစ်ဘက်အဖွဲ့ရဲ့ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကိုတော့ ထုတ်ပြန်ခဲ့တယ်လို့ ကချင် KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။
“အဓိက ကတော့ ကျနော်တို့ ဇန်န၀ါရီ ၁၈၊ ၁၉ မှာ ကျနော်တို့ တင်ပြထားတဲ့ ဆွေးနွေးရေးပုံစံ အဆင့်သုံးဆင့်ကိုတော့ မူအရ လက်ခံနိုင်တယ်လို့ ဒီလိုပဲ သဘောပေါက်ရတယ်။ အဓိက ကတော့ ကျနော်တို့ ဆွေးနွေးရေးကို ယုံကြည်မှု တည်ဆောက်ရေးအတွက် လုပ်နေတယ်။ ကျေနပ်အားရမှု ရှိတယ်။ နောက်တစ်ချက်က ဆက်လက်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံပွဲတွေ လုပ်သွားမယ်။ စစ်အရှိန်တွေ လျော့နည်းလာအောင် ပြုလုပ်မယ် ဆိုတဲ့ဟာနဲ့ ကျနော်တို့ ပြဿနာ ဖြစ်နိုင်တဲ့ဒေသမှာ ရှိနေတဲ့ တပ်တွေကိစ္စကို နောက်တစ်ကြိမ် ဆွေးနွေးသွားမယ်ဆိုတာကို အဓိကားပြီး ကျနော်တို့က ထုတ်ပြန်ချက် လုပ်တာပါ။”
ဒီနှစ် ၂၀၁၂ ထဲမှာ အစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ကချင် KIO အဖွဲတို့ တွေ့တာ ဒါ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ်က ဇန်န၀ါရီလ ၁၈ နဲ့ ၁၉ နှစ်ရက်ကြာ ရွှေလီမှာပဲ ဆုံပြီး ညှိကြပါသေးတယ်။ အဲဒီတုန်းက မပြီးပြတ်တဲ့ ညှိနှိုင်းမှုတွေကို အခုထပ်ပြီး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကချင်ပြည်နယ်တွင်း တပ်စခန်းများ နေရာချထားရေး ကိစ္စ၊ အပစ်ရပ် သဘောတူညီချက် လက်မှတ်ကို KIO ဘက်က နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုခုရဲ့ စောင့်ကြပ်မှုအောက်မှာ လက်မှတ် ထိုးချင်တယ်ဆိုတဲ့ အချက်တွေကို အဓိက ညှိနှိုင်းလို့ မရသေးတာကြောင့် ဒီတစ်ခေါက်မှာလည်း သဘောတူညီချက် လက်မှတ်ကို မထိုးနိုင်ကြသေးတာ ဖြစ်ပါတယ်။
“အဓိက အခက်အခဲကတော့ ကျနော်တို့နဲ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်တာက များတဲ့အခါကျတော့ တပ်တွေက အများကြီး နီးနီးကပ်ကပ်နဲ့ ကျနော်တို့က နေရာယူထားကြတာ။ အဲဒီတော့ ဒီတပ်တွေကို ဘယ်လိုလုပ်ပြီးမှ ရုတ်သိမ်းကြမလဲ ဆိုတာ အခက်အခဲတစ်ခုပါ။ လက်မှတ်ရေးထိုးနိုင်ရေး အတွက်ကတော့ ဒီ ပြဿနာ ဖြစ်နိုင်မယ့်ဒေသမှာ ရှိတဲ့တပ်တွေ ကိစ္စရယ်၊ နောက်ပြီး ကျနော်တို့ ပြောဆိုနေတဲ့ နိုင်ငံတကာ စောင့်ကြပ်မှုအောက်မှာ လက်မှတ်ရေးထိုးရေး ဆိုတဲ့ ဒီအချက်နှစ်ချက် အောက်မှာ ကျနော်တို့ ညှိနှိုင်းနေတုန်းပါ။”
KIA ရဲ့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဖြစ်ပါတယ်။ KIO ဘက်ကတော့ ခိုင်မာတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိပြီးမှ အပစ်ရပ်ချင်တယ် ဆိုတဲ့ သဘောထားနဲ့အတူ အစိုးရ အဖွဲ့ဘက်က အပစ်အခတ် အရင်ရပ်ပြီးမှ နိုင်ငံရေး ဆက်ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုတဲ့ အခြေအနေတွေကိုလည်း ဆက်ပြီး ဆွေးနွေးသွားကြမယ်လို့ ပြောပါတယ်။ အခု မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေကို ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ မကြာခင် နှစ်ဘက်အဖွဲ့တွေ ပြန်လည်တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
၉ လကျော်ရှိနေပြီ ဖြစ်တဲ့ ကချင်ပြည်နယ်တွင်းက မတည်မှုတွေကို အမြန်ရုတ်သိမ်းနိုင်ဖို့အတွက် နှစ်ဘက် ယုံကြည်မှုတွေ တည်ဆောက်ပြီး သဘောတူညီချက်တွေ ရဖို့ လိုနေပြီလို့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့လည်း သူက မြင်ပါတယ်။
“အပစ် မရပ်ဘဲနဲ့တော့ ဘယ်နည်းနဲ့မှ နိုင်ငံရေး ဆွေးနွေးလို့ မရပါဘူး။ ဒါကတော့ ကျမ အမြင်ပါ။ ဒါကတော့ ကျမတို့က ယုံကြည်မှုဆိုတာ အချင်းချင်း တည်ဆောက်ဖို့ လိုပါတယ်။ ကိုယ့် မောင်နှမချင်း ဖြစ်တဲ့အပေါ်မှာ ဒီယုံကြည်မှု မရှိလို့ရှိရင်တော့၊ နောက်ပိုင်း ဒီလို အချင်းချင်း ယုံကြည်မှုတောင် မရှိဘူးဆိုတော့ နောက်ပိုင်း ဆွေးနွေးဖို့က ကျမတို့ ခက်ခဲပါတယ်။ အဲဒီတော့ တကယ်ပဲ ကျမတို့ ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် တပြည်နယ်လုံး ပေါ့နော်။ ငြိမ်းချမ်းရေးပါ လက်တွဲ ပါဝင်ချင်တယ်ဆိုရင်တော့ ကျမတို့က ဒါ အချင်းချင်း ယုံကြည်စွာနဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာကို ကျမနေနဲ့ မြင်ပါတယ်။”
စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ရဲ့ အမြင် ဖြစ်ပါတယ်။ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အစိုးရဘက်က ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲနဲ့ ကချင် KI O တို့ တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေကို သတင်းသမားတွေလည်း သတင်းလိုက်ယူခွင့် ရခဲ့ကြပါတယ်။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်ရေး သဘောတူညီချက်တွေ လုပ်ဆောင်နေတဲ့အထဲ ကရင် KNU လို အဖွဲ့ကြီးအပြင် ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့အတူ တခြားတိုင်းရင်းသား အဖွဲ့တော်တော်များများနဲ့ ပဏာမအဆင့် သဘောတူညီချက် လက်မှတ် ရေးထိုးထားနိုင်ပြီ ဖြစ်ပေမဲ့ အခုချိန်ထိ ကချင် KIO အဖွဲ့နဲ့ ညှိနှိုင်းလို့ မရသေးတာ ဖြစ်ပါတယ်။

အလုပ်သမားများ သမဂ္ဂဖွဲ့ခွင့်၊ ဆန္ဒပြခွင့် ရပြီ
မြန်မာနိုင်ငံမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုတာနဲ့ အလုပ်သမားအရေး ဆန္ဒပြခွင့်ပြုတဲ့၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ ဒီနှစ် မတ်လ ၉ ရက်နေ့က စပြီး အာဏာတည်တဲ့နေ့ သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို မတ်လ ၉ ရက်နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းလာမယ့် အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ကြမှာကို စစ်ဆေးကြီးကြပ်မယ့် မှတ်ပုံတင်အရာရှိချုပ် အဖြစ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်ကို ခန့်အပ်တာဝန်ပေးတဲ့ အမိန့်ကြောငြာစာကိုလည်း မတ်လ ၉ ရက် နေ့စွဲနဲ့ပဲ သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အလုပ်သမား အဖွဲ့အစည်း ဥပဒေကို မနှစ်က ၂၀၁၁ အောက်တိုဘာလမှာ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥပဒေအရ အနည်းဆုံး အဖွဲ့ဝင်ဦးရေ ၃၀ နဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်း နိုင်ပြီးတော့ အသေးစိတ် အစီအစဉ်တွေ ပါဝင်တဲ့ အလုပ်သမားအရေး ဆန္ဒပြပွဲကို ၁၄ ရက် ကြိုတင် အကြောင်းကြားခွင့် တောင်းခံခဲ့ရင် ဆန္ဒပြခွင့်ကိုလည်း ခွင့်ပြုထားပါတယ်။
အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ဖြစ်တာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားအရေး ဆန္ဒပြတာကို အကြောင်းပြု၍ ဖြစ်စေ၊ အလုပ်သမားတွေကို အလုပ်မှထုတ်ပယ်တဲ့ အလုပ်ရှင်ဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သိန်း ပြစ်ဒဏ်ချခံရမှာ ဖြစ်သလို၊ အလုပ်သမားတွေ ဆန္ဒပြနေစဉ်မှာ ယခု ပြဌာန်းထားတဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေကို ချိုးဖောက်မှု ရှိခဲ့ရင်လည်း ချိုးဖောက်သူ အလုပ်သမားဟာ ဒီဥပဒေအရ ထောင်ဒဏ်တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်သုံးသောင်း ပြစ်ဒဏ်ချမှတ် ခံရမှာ ဖြစ်ပါတယ်။