Sunday, March 11, 2012
အသက် တနှစ် ပိုကြီးလာတဲ့နေ့မှာ
အသက် တစ်နှစ် ပိုကြီးလာတဲ့နေ့မှာ
"ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ" လို့
လူ ၁၄ ယောက်တိတိက
ဆုတောင်းစကားပို့သလာတယ်
ကျနော့် မေမေလဲ တစ်ယောက်အပါအဝင်ပေါ့၊
ဒီလောက် ဘုဂလန့်ကျတဲ့ကောင်
ဒီလောက် အချိုးမပြေတဲ့ ကောင်ကိုမှ
သည်းခံ ချစ်ခင်တဲ့လူ ၁၄ ယောက်တောင်ရှိတယ်ဆိုတာ
ကျနော့်အတွက်တော့
သိပ်ကိုပဲ ကောင်းလွန်းနေပါပြီ
(မေမေ ကတော့ ထားပါတော့)၊၊
ဒါပေမည့် ကျနော်ဟာ
ဒီလူ ၁၄ယောက်ရဲ့ အကြင်နာတွေနဲ့
တကယ်ရော ထိုက်တန်ပါရဲ့လား
ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတယ်၊
၄၉ နှစ်ဆိုတာ
အမှားတွေအများကြီး ကျူးလွန်ဖို့
လုံလောက်တဲ့ အချိန်အတိုင်းအတာပါပဲ
ကျန်တဲ့ နောက်အနှစ်အနည်းငယ်ကတော့
ပို၍ပို၍မှားရွင်းဖို့
ဒါမှမဟုတ် နောင်တရချင်ဟန်ဆောင်ဖို့ပေါ့၊
ဆံပင်ရှည်ရှည်ထားခဲ့ဘူးတယ်၊
ကဗျာတွေစပ်ခဲ့တယ်၊
ကျောင်းစာမေးပွဲ၊ အလုပ်စာမေးပွဲ၊ ဘဝစာမေးပွဲ
စာမေးပွဲတွေ အကြိမ်ကြိမ်ကျခဲ့ဘူးတယ်၊
ကမ္ဘာကြီးကို ကယ်တင်ရမယ်လို့
စိတ်ကြီးဝင်ခဲ့ဘူးတယ်၊
ကားလ်မတ်စ်ရဲ့အရင်းကျမ်း နဲ့
ဗုဒ္ဓရဲ့ ဓမ္မစကြာင်္င်္ဒေသနာတော်ကို
အလွတ်ကျက်မှတ်ခဲ့ဘူးတယ်၊
အရက်သောက်တယ်၊ ရန်ဖြစ်တယ်၊
တဖက်သတ်ရော၊ အပြန်အလှန်ရော
အချစ်ဇာတ်လမ်းတွေရှိခဲ့တယ်၊
အသည်းကွဲခဲ့တယ်၊
နောက်ဆုံးတော့
ချောင်းဆိုးရင်ကြပ်ဖြစ်တယ်၊
သွေးတိုးရောဂါရတယ်၊
လူတွေနဲ့ အဆင်မပြေရတာကို
အရသာရှိသလို ထင်တတ်လာတယ်၊
၄၉ နှစ်ပြည့်တဲ့နေ့မှာ
ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့
အခန်းကျဉ်းတခုရဲ့ အမှောင်ထုထဲမှာ
တယောက်တည်း … … မေတ္ကာတရားကို..ရှာ…၊။ ။
မူရင်းလင့်က ဒီမှာပါ။

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။