Tuesday, October 23, 2012

Facebook ၏ ဆက်သွယ်ရေး အကြီးအကဲ ကုမ္ပဏီမှ ထွက်ခွာတော့မည်


ကမ္ဘာ့နံပါတ်တစ် လူမှုကွန်ရက် Facebook ၏ ဆက်သွယ်ရေး အကြီးအကဲ ဖြစ်သူ ဂျိုးလော့ဟတ်သည် ကုမ္ပဏီမှ တရားဝင် ထွက်ခွာ တော့မည် ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။ ယခင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်တွင် သတင်းစာ ဌာန၏ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် ဂျိုးလော့ဟတ် အနေဖြင့် Facebook ကုမ္ပဏီအား ပြီးခဲ့သည့် ၁၅ လခန့်က ဝင်ရောက် တာဝန် ထမ်းဆောင် ခဲ့ခြင်း ဖြစ်ပြီး ကုမ္ပဏီ၏ အရေးကြီး ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်လာ ခဲ့သည်။

Facebook ကုမ္ပဏီမှ ထွက်ခွာရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ကယ်လီဖိုး နီးယား ပြည်နယ်သို့ သွားရောက်၍ တာဝန် မထမ်းဆောင် လိုခြင်း ကြောင့်ဟု သိရပြီး ယခင်က ၎င်းကိုယ်တိုင် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင် ခဲ့ဖူးသည့် အတွက် ထိုလုပ်ငန်း များအား ပြန်လည် လုပ်ကိုင်ရန် စဉ်းစား လာကြောင်းလည်း ထုတ်ဖော် ပြောကြား ခဲ့သည်။ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အတွင်း သမ္မတ ဟောင်း ကလင်တန်၏ အထူး ပြောရေး ဆိုခွင့် ပုဂ္ဂိုလ်နှင့် အကြီးတန်း အကြံပေး တစ်ဦး ဖြစ်ခဲ့သည့် လော့ဟတ် အား ဆုံးရှုံး ရခြင်းမှာ ကုမ္ပဏီ အတွက် နစ်နာမှု တစ်ခု ဖြစ်ကြောင်း နည်းပညာ အသိုင်းအဝိုင်းက သုံးသပ် နေကြသည်။

လက်ရှိ အချိန်တွင် Facebook လူမှုကွန်ရက်သည် အသုံးပြုသူ ဦးရေ များပြား လာခဲ့ပြီး အရေအတွက် သန်း ၁၀၀၀ ကျော် ဖြစ်လာ ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက သတင်း ထုတ်ပြန် ခဲ့သည်။ ရှယ်ယာ တန်ဖိုးများ ကျဆင်း ခဲ့သော်လည်း လူမှုကွန်ရက်၏ နာမည်ကြီးမှုကို မည်သည့် ဝန်ဆောင်မှုကမှ မကျော် လွှား နိုင်သေးကြောင်းလည်း စစ်တမ်းများ အရ သိရှိ ရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။