Thursday, August 30, 2012

FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့်အပြင် လုံလောက်သော အချိန်ပေးမည်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံးပြုနိုင်စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ယခင်ကျင့်သုံးခဲ့သည့် SDR နှင့် ချိတ်ဆက်သည့် စနစ်အစား နှုန်းရှင်စနစ်သို့ ပြောင်းလဲကာ နေ့စဉ် နိုင်ငံခြားငွေလဲနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိသည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များအပြင် ပုဂ္ဂလိကဘဏ် များကိုလည်း နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်၍ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက်အထား တင်ပြရန် မလိုဘဲ ရောင်းဝယ်လဲလှယ်ခွင့် ပြုခဲ့သည်။

နိုင်ငံသားများကိုလည်း တရားဝင်ရရှိသည့် နိုင်ငံခြားငွေအနက် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ လက်ဝယ်သုံးလ ကိုင်ဆောင်ခွင့်ပြုပြီးဖြစ်၍ FEC ကို ကြားခံငွေကြေးအဖြစ် သုံးစွဲရန် မလိုအပ်တော့၍ FEC ကို ဥပဒေနှင့်အညီ အဆင့်ဆင့် ရုပ်သိမ်းသွားတော့မည် ဖြစ်ကြောင်း သိရသည်။

FEC ရုပ်သိမ်းလျှင် လက်ဝယ်ကိုင်ဆောင်သူများ မနစ်နာစေရန် ညီမျှသည့် ဒေါ်လာတန်ဖိုးဖြစ်စေ၊ ယင်းနေ့တွင် ဖြစ်ပေါ်သည့် ငွေလဲနှုန်းအရ ညီမျှသည့် ငွေကျပ်ကိုဖြစ်စေ လဲပေးမည့်အပြင် လုံလောက်သော အချိန်ကာလကိုလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ FEC ကို အစိုးရပေးဆောင်ရမည့် ဘေလ်များ၊ MFTB၊ MICB ဘဏ်တို့တွင် နိုင်ငံခြားက လွှဲပို့သော ငွေများ ပြန်ထုတ်ပေးသည့် နေရာမျိုးတွင်သာ သုံးစွဲလေ့ရှိသဖြင့် FEC ရုပ်သိမ်းပါကလည်း သက်ရောက်မှုရှိမည်မဟုတ် ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်း မှသိရကြောင်းသိရှိရသည်။

Myanmar Express

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။