/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, August 20, 2013

.

အာဆီယံ လူထုဖိုရမ်ကျင်းပရန် ကော်မတီ ရှစ်ခု ဖွဲ့စည်း

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ လူထုဖိုရမ် (Asean People Forum) ဦးဆောင် ကျင်းပရန်အတွက် ကော်မတီရှစ်ခုကို သြဂုတ် ၁၉ ရက်က ဖွဲ့စည်းလိုက်ကြောင်း ယင်းဖိုရမ် ကျင်းပရေးအတွက် တာဝန်ယူထားသောအဖွဲ့ဖြစ်သည့် မြန်မာလူထုညီလာခံ လုပ်ငန်းအဖွဲ့မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးကျော်လင်းဦး က ပြောသည်။


အဆိုပါဖိုရမ်ကို လာမည့် ၂၀၁၄ မတ်လတွင် ကျင်းပနိုင်ရန် လျာထားသည်ဟုလည်း ဦးကျော်လင်းဦးက ပြောသည်။ အာဆီယံ လူထုဖိုရမ်ကျင်းပရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်း ၆၈ ခုပါဝင်သော မြန်မာလူထု ညီလာခံ လုပ်ငန်းအဖွဲ့ကို သြဂုတ် ၃ ရက် က ဖွဲ့စည်းခဲ့ပြီး ယင်းလုပ်ငန်းအဖွဲ့မှ ကျင်းပရေး အတွက် ကော်မတီရှစ်ခုကို သြဂုတ် ၁၉ ရက်တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီရှစ်ခုမှာ ဦးဆောင်ကျင်းပရေးကော်မတီ၊ ကျင်းပရေးကော်မတီ၊ အစီအစဉ် ကော်မတီ၊ ကြေညာချက်မူကြမ်း ရေးဆွဲရေးကော်မတီ၊ မီဒီယာကော်မတီ၊ ဧည့်ခံကြိုဆိုရေးကော်မတီ၊ ဘဏ္ဍာရေး ကော်မတီ နှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတို့ ဖြစ်သည်။

ကြေညာချက် မူကြမ်းရေးဆွဲရေး ကော်မတီကို အိမ်ရှင်ကော်မတီ၊ အခြားအာဆီယံ အဖွဲ့ဝင် ကိုယ်စားလှယ် နှင့် အာဆီယံဒေသ ကွန်ရက်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။

အာဆီယံ လူထုဖိုရမ်ကျင်းပရန် အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းတိုင်ပင် ဆွေးနွေးနေမှုနှင့်ပတ်သတ်၍ ဦးကျော်လင်းဦးက “အရပ်ဘက်အဖွဲ့အစည်းတွေက ပွဲဖြစ်မြောက်ရေးအတွက် နှစ်ပတ်ကို တစ်ကြိမ်လောက် အစည်းအဝေးတွေ လုပ်ခဲ့ ကြရတာပါ။ APF (Asean People Forum) ကနေ ရရှိလာတဲ့ ဆွေးနွေးချက်တွေက အာဆီယံနိုင်ငံတွေအတွက် အကျိုးကျေးဇူးအများကြီးဖြစ်ထွန်းစေမှာပါ။ ရရှိလာတဲ့ ဆွေးနွေးချက်တွေကို အာဆီယံ ဆယ်နိုင်ငံက ခေါင်းဆောင်တွေကို တင်ပြသွားမှာပါ””ဟု ပြောသည်။

ဆွေးနွေးပွဲမှ ရရှိလာသော ပြည်သူများ၏ အခက်အခဲများ လိုအပ်ချက်များအား အစိုးရအဖွဲ့ကို တင်ပြမည် ဖြစ်သောကြောင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရကြား ယုံကြည်မှုများကို တည်ဆောက်နိုင်မည် ဖြစ်သည်ဟုလည်း ဦးကျော်လင်းဦးက ပြောသည်။

ဖိုရမ်တွင် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအကြောင်းအရာများ အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

အာဆီယံလူထုဖိုရမ်သည် ၂၀၀၅ ခုနှစ် မှစကာ အာဆီယံဥက်္ကဋ္ဌအဖြစ် တာဝန်ယူရသောနိုင်ငံများရှိ အရပ် ဘက် လူမှုအဖွဲ့အစည်းများမှ ဦးဆောင်လက်ခံကျင်းပကြပြီး အာဆီယံနိုင်ငံများရှိ အရပ်ဘက် လူမှု အဖွဲ့ အစည်းများမှ ပါဝင်ဆွေးနွေးကာ ဆွေးနွေးပွဲ ရလဒ်များကို အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး ကျင်းပချိန်တွင် ပေးပို့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့်ဖိုရမ်အတွက် တက်ရောက်ဆွေးနွေးမည့် လူဦးရေ ၁၂၀၀ ခန့်ရှိမည်ဟုလည်း ဦးကျော်လင်းဦးက ခန့်မှန်းပြောဆိုသည်။

အာဆီယံအလှည့်ကျ ဥက်္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် တာဝန်ယူရမည် ဖြစ်သည်။

Article source: http://www.mizzimaburmese.com/news/breaking-newsbrief/13349-2013-08-20-03-27-36.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။