Sunday, December 21, 2014

ကာချုပ်၊ ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့၏ သမ္မတဖြစ်နိုင်ခြေစစ်တမ်း – လင်းထိုက်(Y.I.T)



၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက် လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယခေါင်းဆောင်နေရာေ၀၀ါးနေမှုကြောင့် သမ္မတေ နရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေကြမှာ ဧကန်မလွဲပါ . . .

~~~~~~~~~~~~~~~~~~~~~~~~


၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် တစ်နှစ်အလို မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ ၂၀၁၅ ဘယ်သူ သမ္မတဖြစ်မှာ လဲဆိုတဲ့ မေးခွန်းက အလွန်ကို ရေပန်းစားနေပါတယ်။ လက်ရှိ အခြေအနေမှာ သမ္မတ ဖြစ်နိုင်ခြေရှိတယ်လို့ တစ်ပြေး နေတဲ့ ၄ ဦးကတော့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယကသူရ ဦးရွှေမန်းနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း အတိအလင်း ပြောကြားခဲ့ကြပေမယ့် ဦးသိန်းစိန်နဲ့ ကာချုပ်ကတော့ မတင်မကျ၊ မယုတ်မလွန် သာ ပြောကြားထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၆၀ အရဆို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း အစုအဖွဲ့တို့က သမ္မတဖြစ်မယ့် ဒုသမ္မတ ၃ ဦးကို ရွေးချယ် တင်မြှောက်ရပါတယ်။ ပြီးမှ သမ္မတ ရွေးချယ်ရေး အဖွဲ့က လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့မဲနဲ့ သမ္မတကို ရွေးချယ်ရပါတယ်။

သမ္မတလောင်း (ဒုသမ္မတ) ရွေးချယ်ရာမှာ တပ်မတော်အစုအဖွဲ့က တစ်ပန်းသာ နေတာ ကို တွေ့ရပါ တယ်။ ပြည်သူက ရွေးကောက် တင်မြှောက်ခြင်းမဟုတ်ဘဲ နေရာရတဲ့ တပ်မတော် အစုအဖွဲ့က ဘာမဲမှခွဲပြီး ဆုံးဖြတ်စရာ မလိုဘဲ သမ္မတလောင်းဖြစ်တဲ့ ဒုသမ္မတကို တိုက်ရိုက် ရွေးချယ်ခွင့် ရှိနေလို့ပါပဲ။ တပ်မတော် အစုအဖွဲ့က ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ရွေးချယ်မလဲဆိုတာ မြန်မာ့နိုင်ငံရေး ရပ်ဝန်းမှာ စိတ်ဝင် စား နေကြတဲ့အတွက် လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်းဖြစ် နိုင်ခြေရှိ၊ မရှိကို ပထမဦးစွာ သုံးသပ် ကြည့်ရအောင်ပါ။

ကာချုပ်သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) စစ်အာဏာရှင်စနစ်နှစ် ၅၀ ကျော် လွှမ်းမိုးနေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကာချုပ်က ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာနဲ့ ပြည်သူ့အမြင်မှာ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်လွှမ်းမိုးမှု မကွယ်ေ ပျာက် သေးဘူး ဆိုတဲ့ ပုံရိပ်ဆိုးတစ်ခု ဖြစ်လာနိုင်ခြေရှိလို့ လက်ရှိကာချုပ် မင်းအောင်လှိုင်ကို သမ္မတလောင်း အဖြစ် တင်မြှောက်ဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

(၂) ကာချုပ်သာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားတယ်ဆိုရင် လက်ရှိအတိုက်အခံ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ကို တွေ့ဆုံသင့်ပါတယ်။ ကာချုပ်သမ္မတ ဖြစ်ပြီဆိုပါစို့။ ၂၀၁၅ အလွန်နိုင်ငံ ရေးရပ်ဝန်းမှာ ခိုင်ခိုင် မာမာ ရပ်တည်နေဦးမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တင်ကြိုယူ ထားရမှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေး ရှောင်ဖယ်နေတာက ကာချုပ် သမ္မတဖြစ်လာဖို့အတွက် အလားအလာ မကောင်းတဲ့ အချက်ပါ။ နောက်ပြီး သမ္မတအဖြစ်သာ ကာချုပ် ရည်မှန်း ထားတယ်ဆိုရင် နိုင်ငံရေး ရပ်ဝန်းက အတိုက်အခံပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံနေဖို့ လိုအပ်ပါတယ်။ နောက်အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေး ကောင်းဖို့ လိုအပ်သလို အခြေခံ ပြည်သူတွေနဲ့လည်း တင်ကြိုတွေ့ဆုံမှုတွေ လိုအပ်ပြီး ၂၀၁၅အလွန် မြန်မာ့နိုင်ငံရေး ရပ်ဝန်းနဲ့ မကင်းကွာအောင် ဗျူဟာတစ်ရပ် ချမှတ်ပြီး နိုင်ငံရေးရပ်ဝန်းထဲ အခုလက်ရှိ အချိန်က တည်းက ၀င်ဆံ့နိုင်အောင် တင်ကြိုပြင်ဆင် ထားသင့်ပါတယ်။ ခုလက်ရှိ အနေအထားအရတော့ ကာချုပ်ဟာ နိုင်ငံရေး နယ်ပယ်နဲ့ ထိတွေ့မှု နည်းပါးတာကို တွေ့ရတဲ့အတွက် ကာချုပ်ဟာ သမ္မတ ဖြစ်လာရင်တောင် နိုင်ငံရေး နယ်ပယ်မှာ တစ်က ပြန်စရမယ့် သဘော ရှိတဲ့အတွက် ကာချုပ် သမ္မတမဖြစ်နိုင်ပါဘူး။

(၃) ကာချုပ်သမ္မတ မဖြစ်နိုင်ခြေ နောက်တစ်ချက်က တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု ကျဆင်းလာခြင်းပါ။ သမ္မတရွေးချယ်ပွဲမှာ တိုင်းရင်းသား အမတ်တွေရဲ့ ထောက်ခံမှုမရဘဲ သမ္မတဖြစ်ဖို့ ခဲယဉ်းမှာပါ။ ၂၀၁၅ မတိုင်ခင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး နိုင်ရင်တော့ ကာချုပ်ဟာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုရမှာ ဖြစ်ပေမယ့် လက်ရှိအနေ အထားအရ တိုက်ပွဲတွေ ဖြစ်ပွားနေတာ၊ အပစ်အခတ် ရပ်စဲရေး စာချုပ်ရေးထိုးဖို့ နှောင့်နှေးနေတာတွေကြောင့် တိုင်းရင်းသား ထောက်ခံမှု မရနိုင်တဲ့ ကာချုပ်သမ္မတ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။

(၄) နောက် သမ္မတတစ်ယောက် အတွက် မရှိမဖြစ် လိုအပ်တဲ့ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံရေးတွေ၊ အရပ်သား သမ္မတတစ်ယောက်အတွက် လိုအပ်မယ့် အရပ်သား အတွေးအခေါ်နဲ့ ဦးဆောင်ဖို့ တပ်မတော်သား တစ်ယောက်ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုပြောင်းလဲဖို့ ပြင်ဆင်ပြီးပြီလား ဆိုတာလည်း ကာချုပ် သမ္မတ ဖြစ်ရေးအတွက် အလွန်အရေးပါတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ နှိုင်းယှဉ် ပြောရရင် ဦးသိန်းစိန်ဟာ အရင် အာဏာပိုင် အကြီးအကဲရဲ့ လက်သပ် စီမံ မွေးထုတ်ထားတဲ့ သမ္မတလို့ ပြောလို့ရပါတယ်။ အမျိုးသား ညီလာခံဥက္ကဋ္ဌ အဖြစ်နဲ့ နှစ်ရှည် တာဝန်ယူခဲ့ပြီး လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကြီး ပေါ်ပေါက်အောင် စွမ်းစွမ်းတမံ အားစိုက်ထုတ် အကောင်အထည် ဖော်ခဲ့သူ တစ်ဦးပါ။ ဒါကြောင့် ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို တစ်ဖက်ကမ်းခတ် နားလည်နိုင်သလို ဥပဒေပြုရေး ကဏ္ဍကိုလည်း နားလည်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ နောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် မှာလည်း နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ နောက်တစ်ချက်က တပ်မတော်အတွင်း အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး အသံ သိပ်မထွက်ခဲ့ ပါဘူး။ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် ရုပ်ထွက်ကောင်းမွန်သူမို့ အရင်အာဏာပိုင် အကြီးအကဲက သမ္မတ အဖြစ် လျာထားခဲ့တယ်လို့ ယူဆပါတယ်။ အရင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချရသူ လို့လည်း တပ်မတော်ရပ်ဝန်းက သုံးသပ်ကြပါတယ်။ သမ္မတ ဦးသိန်းစိန်လို နှစ်ရှည်ဗျူဟာကျကျ စီမံအားထုတ်ထားတဲ့ အရည်အချင်းတွေနဲ့ နှိုင်းယှဉ်ရင် ကာချုပ်သမ္မတဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။

ကာချုပ် သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ၂၀၁ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်း ပုဒ်မမှာ““နိုင်ငံတော် သမ္မတဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်””ဆိုတဲ့ စကားရပ်သာပါပြီး ကာ/လုံကို သမ္မတက ဖွဲ့စည်းပေးရမယ်ဆိုတာ မပါပါဘူး။ ဒါဆို လက်ရှိ ကာ/လုံမှာ အဓိက အရေးအပါဆုံး နေရာယူထားတဲ့ ကာချုပ်ကို ၂၀၁၀ ကာလမှာ ဘယ်သူ ခန့်အပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ပုဒ်မ ၃၄၂ မှာ သမ္မတက ကာလုံရဲ့ ထောက်ခံချက်နဲ့ ကာချုပ်ကို ခန့်အပ်ရမယ် ဆိုတာပါရှိပေမယ့် လက်ရှိကာချုပ်ကိုတော့ လက်ရှိသမ္မတ ဦးသိန်းစိန်က ခန့်အပ်တာ မဟုတ်ဘဲ အရင်အာဏာပိုင် အကြီးအကဲက ခန့်အပ်ခဲ့တယ်လို့ နိုင်ငံရေး ရပ်ဝန်းက သုံးသပ်ပါတယ်။ ကာ/ချုပ် ဟာ ယခင်အာဏာပိုင် အကြီးအကဲရဲ့ အထူးယုံကြည် စိတ်ချခံရသူ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အရင်အာဏာပိုင် အကြီးအကဲရဲ့လမ်းညွှန်မှု သြဇာဟာ လက်ရှိအာဏာပိုင်တွေ အပေါ်မှာလွှမ်းမိုးမှု ရှိနေ သေးတယ် ဆိုတဲ့ ယူဆချက် ရှုထောင့်က ကြည့်ရင်တော့ အရင်အာဏာပိုင် အကြီးအကဲဟာ လက်ရှိကာချုပ်ကို သမ္မတလောင်းအဖြစ် ထောက်ခံမှု အပြည့်အ၀ ပေးနိုင်ပါတယ်။

(၂) အခြေခံဥပဒေ ပြင်ဆင်ရာမှာ တပ်မတော် အခန်းကဏ္ဍ တိုးမြှင့်တဲ့ အချက်တွေ အတည်ပြုဖြစ်ခဲ့ရင် တပ်မတော် ဟာ မြန်မာ့နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာနိုင်ပါတယ်။ ဒီတစ်ခါ နောက်တက်မယ့် သမ္မတဟာ တပ်မတော်၊ လွှတ်တော်တို့ကို အပြန်အလှန် ထိန်းကျောင်းပြီး အာဏာမျှခြေညီဖို့ တပ်မတော်ကို ကွပ်ကဲခဲ့တဲ့ တပ်မတော်သားဟောင်း ကာချုပ်ဟာ ယူနီဖောင်းချွတ်ပြီး သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) စစ်တပ်ပုံရိပ်လွှမ်းမိုးမှုကို ဖျောက်ပြီး ကာချုပ်ဟာ အရပ်ဝတ်လဲပြီး ပြည်ခိုင်ဖြိုး ပါတီကို ဦးဆောင်ပြီး ပါတီက တစ်ဆင့် သမ္မတလောင်း ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ ယူဆချက် တစ်ရပ်လည်း ရှိပါတယ်။

သူရဦးရွှေမန်း သမ္မတမဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) အရင်အာဏာပိုင် အကြီးအကဲရဲ့ သမ္မတ လျာထားချက်ထဲမှာ သူရဦးရွှေမန်း မပါဘူးလို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်ပါတယ်။ အရင်အာဏာပိုင် အကြီးအကဲဟာ ဦးသိန်းစိန်နဲ့ ကာချုပ် အပေါ်မှာ ယုံကြည် စိတ်ချမှု အပြည့်ရှိပေမယ့် သူရဦးရွှေမန်း အပေါ်မှာတော့ ယုံကြည်မှု အားနည်းတယ်လို့လည်း နိုင်ငံရေး သုတေသီတွေရဲ့ သုံးသပ်မှုတွေအရ လေ့လာ သိရှိရပါတယ်။ သမ္မတ လျာထားချက်ထဲမှာ ဦးရွှေမန်း မပါဝင်ခဲ့ ဘူးဆိုရင် ကိုယ်တိုင် အားထုတ်မှု နည်းလမ်းကလွဲရင် ဦးရွှေမန်း သမ္မတလောင်း ဖြစ်နိုင်ဖွယ် မရှိပါဘူး။

(၂) လက်ရှိ သမ္မတဦးသိန်းစိန်နဲ့ မတူတဲ့ တစ်ချက်က သူရဦးရွှေမန်းရဲ့ မိသားစုဟာ မြန်မာ့စီးပွားရေး ဗျူရို ကရေစီ ယန္တရားကြီးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး နိုင်ငံတကာမှာ မျက်နှာပြဖို့ ရုပ်ထွက် သိပ်မလှဘူးလို့ ယူဆချက်အရဆို သူရဦးရွှေမန်းအတွက် သမ္မတဖြစ်နိုင်ခြေ အလားအလာဟာ မှေးမှိန်တယ်လို့ ဆိုရမှာပါ။

(၃) သူရဦးရွှေမန်းဟာ နိုင်ငံရေး ရည်မှန်းချက် ကြီးမားလွန်းတာကြောင့် အရင်အာဏာပိုင် အကြီးအကဲက မနှစ်မြို့ဘူးလို့ နိုင်ငံရေး သုတေသီတချို့က သုံးသပ်ထားပါတယ်။ အာဏာရ အသိုင်းအ၀ိုင်းမှာတော့ ဦးရွှေမန်း ဟာ ရေပန်းမစားဘူးလို့လည်း ဆိုကြပါတယ်။ မြန်မာ့အရေး လေ့လာသူ ဘာတီးလင့်တနာက သူရဦးရွှေမန်းကို ရည်မှန်းချက်ကြီးသူ၊ power hungry လို့ သုံးသပ်ထားပါတယ်။

သူရဦးရွှေမန်း သမ္မတဖြစ်နိုင်ခြေ ရှုထောင့်များ

(၁) ပုဒ်မ ၅၉(စ)မပြင်ဖြစ်ဘဲ NLD ပါတီ မဲအများစုရရင် NLD အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဦးရွှေမန်း သမ္မတလောင်း ဖြစ်လာနိုင်ခြေရှိပါတယ်။

(၂) သူရဦးရွှေမန်းမှာ မဟာဗျူဟာကျကျ နိုင်ငံရေး ရည်မှန်းချက်ရှိထားတဲ့ တစ်ချက်ကလည်း သမ္မတလောင်း ဖြစ်ဖို့ရာ အားသာနိုင်ခြေ ရှိတဲ့တစ်ချက်ပါ။ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သူရဦးရွှေမန်းရဲ့ နိုင်ငံရေး စည်းရုံးမှုတွေကလည်း သိသာ ထင်ရှားလာပါတယ်။ အောက်ခြေလူထုနဲ့ ထိတွေ့ ဆက်ဆံမှုတွေ များလာပြီး တိုင်းရင်းသားတွေအကြိုက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ကြိုးစားရမယ် ဆိုတာမျိုး တွင်တွင် ပြောလာတာကို တွေ့ရပါတယ်။ လစာတိုးမယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ၀န်ထမ်းတွေကို စည်းရုံးထားသလို ၂၀၁၅ လွှတ်တော်ထဲ အမတ်အများစု ပြန်ဝင်လာရင် ထောက်ခံမှုရအောင် လွှတ်တော် ကိုယ်စားလှယ် လစာတွေကို ၁၀ သိန်းကျော်အထိ တိုးမြှင့် ပေးလိုက်ပါတယ်။ အနိမ့်ဆုံးလစာ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းမှုနဲ့အတူ အလုပ် သမားထုကိုလည်း စည်းရုံးပြီးသား ဖြစ်သွားပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ယုံကြည်မှု တည်ဆောက်တဲ့ ဗျူဟာကို အခိုင်အမာ ဖြစ်အောင် ကြိုးပမ်း နေတာ တွေ့ရပါတယ်။ ၆ ပွင့်ဆိုင် တွေ့ ဆုံရေး တောင်းဆိုမှုနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် တစ်ရပ်လုံးရဲ့ ထောက်ခံမှု ရရှိထားသူဖြစ်ပါတယ်။ သူရဦးရွှေမန်း ရဲ့ ရည်မှန်းချက်ကြီးမားတဲ့ နိုင်ငံရေး ဗျူဟာ တွေကြောင့် ၂၀၁၅ မှာ NLD လွှတ်တော်အမတ် အများစု အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ မဖြစ်နိုင်တော့ရင် NLD ရဲ့ ထောက်ခံမှုနဲ့ သူရဦးရွှေမန်း သမ္မတ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ ယူဆ သုံးသပ် မှုများလည်း ရှိပါတယ်။ NLD မှာ Second Leader မရွေးရသေးဘူးဆိုတဲ့အတွက် ဒီယူဆချက် ခိုင်မာလာတယ် လို့ ဆိုရမှာပါ။

သမ္မတဦးသိန်းစိန် သမ္မတဖြစ်နိုင်ခြေ၊ မဖြစ်နိုင်ခြေ ရှုထောင့်များ

လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ နောက်သက်တမ်း သမ္မတ မလုပ်တော့ဘူးလို့ ပြောဆိုဖူးသလို ပြည်သူဆန္ဒရှိရင် သမ္မတ ထပ်လုပ်ပါ့မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန်ရဲ့ဆန္ဒအရတော့ ““ကျွန်တော် ကတော့ အေးအေးဆေးဆေး နားချင်ပြီပေါ့ဗျာ””လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ပြည်သူတွေ ဆန္ဒရှိရင် သမ္မတ ဆက်လုပ်ပါမယ်လို့ ပြောဆိုခဲ့ပေမယ့် တကယ့်တကယ် ဦးသိန်းစိန်ကို နောက် သက်တမ်း သမ္မတ ဆက်လုပ်ဖို့ ဆန္ဒပြင်းပြသူတွေဟာ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အ၀န်းအ၀ိုင်းက ဦးသိန်းစိန်နဲ့ နီးစပ်မှုရှိတဲ့ လက်အောက်ငယ်သား ၀န်ကြီးတွေသာ ဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ရာထူး သက်တမ်း တစ်နှစ်သာ ကျန်တဲ့ အခြေအနေမှာ ဦးသိန်းစိန် သမ္မတ သက်တမ်းကုန်ရင် သမ္မတရဲ့ နောက်လိုက် အပေါင်း အပါတွေလည်း မြန်မာ့နိုင်ငံရေး ရပ်ဝန်းက ပျောက်ကွယ်ကုန်မှာမို့ သမ္မတနဲ့ နီးစပ်တဲ့ ၀န်ကြီးတွေ၊ အကြံပေးတွေက ဦးသိန်းစိန်ကို နောက်ထပ် သက်တမ်း ၀င်ရွေးဖို့ တိုက်တွန်းမှုတွေ ရှိတယ်လို့လည်း ဝေဖန် သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

လက်ရှိ သမ္မတ သက်တမ်းမှာတော့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးမူဝါဒ မအောင်မြင်မှုတွေ၊ အခြေခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀တွေ နိမ့်ကျနေမှုကို မမြှင့်တင် နိုင်တာတွေ၊ လယ်သိမ်း၊ ယာသိမ်း ပြဿ နာ တွေကို မဖြေရှင်းနိုင်တာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ထစ်ငေါ့နေတာ၊ အခွင့်ထူးခံ လူတစ် စုကြောင့် မြေဈေးတွေ ကြီးမြင့်နေမှုကို မထိန်းချုပ်နိုင်တာတွေ၊ အကျိုးဆက် အနေနဲ့ သက်တမ်း ၄ နှစ်ရောက် တဲ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာတာတွေ၊ ဆင်းရဲသား၂၆ ရာခိုင်နှုန်း ရှိတယ်လို့ပြောပြီး အခြေခံ ပြည်သူတွေရဲ့ တစ်နေ့တာ ၀င်ငွေတိုးပွားအောင် မဆောင်ရွက်နိုင်တာတွေ၊ ကျူးကျော် ရှင်းလင်းမှု ပြဿနာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ထိရောက်စွာ မကိုင်တွယ် နိုင်တာတွေကြောင့် လူထု ထောက်ခံမှု ကျဆင်းနေတဲ့ ပြဿနာကတော့ ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေတာ အမှန်ပါပဲ။

ဖွဲ့စည်းပုံကြောင့် ကာချုပ် လက်အောက်ခံ ကာကွယ်ရေးဆိုင်ရာ၊ ပြည်ထဲရေးဆိုင်ရာ၊ နယ်စပ်၊ စည်ပင် ဆိုင်ရာ ပြဿနာတွေကို ကာချုပ်ကိုကျော်ပြီး ထိန်းချုပ် မဆောင်ရွက်နိုင်တာတွေက သမ္မတ ဦးသိန်းစိန်အတွက် အကျပ်အတည်းတစ်ရပ် ပေါ်ပေါက်စေပြီး လူထုထောက်ခံမှု ကျဆင်းရတဲ့ အချက်တစ်ချက် ဆိုရင်လည်း မမှားပါဘူး။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် နိုင်ခြေ ရှိ/မရှိ

(၁) ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ တောင်ပြိုကမ်းပြို နိုင်စေဦးတော့ ဖွဲ့စည်းပုံ ပုဒ်မ၅၉(စ)ကို မပြင်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။

(၂) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ခဲ့မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၀ ရာခိုင်နှုန်း အနိုင်ရဖို့ လိုအပ်ပါတယ်။ (တိတိကျကျဆိုရရင် ၆၇ ရာခိုင်နှုန်း)

၅၉(စ) ပြင်ဆင်ပေးပေမယ့် အမတ်နေရာ ၇၀ ရာခိုင်နှုန်း အောက်ရခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး ဆိုရာမှာ သမ္မတ ရွေးချယ်ပွဲမှာ ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ပြည်ခိုင်ဖြိုး မိတ်ဖက်ပါတီ အမတ်တွေ ၃၄ ရာခိုင်နှုန်း (တပ်၂၅ ရာခိုင်နှုန်းမပါ) အနိုင်ရခဲ့ရင် တပ် ၂၅ ရာခိုင်နှုန်း အကူနဲ့ ပြည်ခိုင်ဖြိုး (သို့) တပ်က တစ်ယောက် သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

(၃) ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်မယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၇၀ ရာခိုင်နှုန်း အနိုင်ရထားမယ် ဆိုရင်တော့ သမ္မတ ရွေးချယ်ပွဲမှာ NLD အမတ်တွေ မဲသက်သက်နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် လာနိုင်ပါတယ်။ ၆၇ ရာခိုင်နှုန်းအောက်သာ အနိုင်ရခဲ့မယ် ဆိုရင်တော့ သမ္မတရွေးချယ်ပွဲမှာ NLD မိတ်ဖက်ပါတီ အမတ်တွေရဲ့ အကူမဲများ ထောက်ခံမှုနဲ့သာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ပါလိမ့်မယ်။

အနှစ်ချုပ် သုံးသပ်ရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အစိုးရရဲ့ သမ္မတဟာ ဘယ်သူ ဖြစ်နိုင်မ လဲဆိုတဲ့ မေးခွန်းက မရေရာမှုတွေများစွာနဲ့ ပြည်သူကြားမှာေ၀၀ါးနေတုန်းပါပဲ။ ၅၉(စ) မပြင်နိုင်ရင် NLD ပါတီ အမတ်နေရာ အများစု ၂၀၁၅ မှာ လွှတ်တော်ထဲ ရောက်လာနိုင်ပေမယ့် NLD ပါတီအတွက် ဒုတိယ ခေါင်းဆောင်ေ နရာေ၀၀ါးနေမှုကြောင့် သမ္မတနေရာ ရွေးချယ်မှု အကျပ်အတည်း ပေါ်ပေါက်နိုင်သလို လက်ရှိ အာဏာပိုင်တွေ ဘက်မှာလည်း သမ္မတလောင်း တင်မြှောက်ရေးအတွက် အရေးတကြီး ခေါင်းချင်းရိုက်နေ ကြမှာ ဧကန်မလွဲပါပဲ။

ပုဒ်မ၅၉(စ)သာ မပြင်နိုင်ခဲ့ရင် ၂၀၁၅ အလွန် အစိုးရရဲ့သမ္မတဟာ ဘယ်သူမှ ထင်မထားသူ တစ်ယောက် လည်း ဖြစ်လာနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

လင်းထိုက်(Y.I.T)

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်မရှိပါက လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးမည်ဟု ကာချုပ်ပြော

မြန်မာနိုင်ငံသည် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းသည့် ပြည်ထောင် စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူ မျိုးများအားလုံးအတွက် ပြည် ထောင်စုစိတ်ဓာတ်မရှိပါက တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပြို ကွဲပြီး နိုင်ငံတော်၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးသွားမည်ဖြစ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

ဒီဇင်ဘာ ၁၉ ရက်က ရန် ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်တွင် ပြုလုပ်သည့် ဆေး တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲ၌ ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့နှင့် တပ်ပေါင်းစုအချို့ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်ကို တောင်းဆိုနေချိန်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်မှာ နိုင်ငံတကာတွင်လည်း မရှိကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ်ပြော ကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြည် ထောင်စုစိတ်ဓာတ် ထားရှိရေးနှင့် ပတ်သက်၍ ဗိုလ်လောင်းသင် တန်းဆင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ဒုဥက္ကဋ္ဌက ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ‘‘ကျွန်မတို့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ရော တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ရော တွေ့ ဆုံခဲ့တယ်။ ဒီတစ်ခေါက်တင် မ ဟုတ်ပါဘူး။ အရင်တစ်ခေါက် လာတုန်းကလည်း တွေ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲနဲ့အတူ အရပ်သား အုပ်ချုပ်မှုအောက်ရောက်ရှိလာမယ့် မြန်မာနိုင်ငံတော်သစ်အတွက် အနာဂတ်တပ်မတော်အနေနဲ့ ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်း အကြောင်းလည်းပါပါတယ်။ ဘယ်လိုတပ်မတော်မျိုးလဲလို့ မေးတဲ့အခါ ကျွန်မတို့ကပြောပါ တယ်။ နိုင်ငံတိုင်းမှာ တစ်နိုင်ငံလုံး ကို ကာကွယ်ဖို့ တပ်မတော်က တစ်ခုပဲရှိပါတယ်။

ပြည်ထောင်စု တပ်မတော်(Federal Army) ဆို တာ တခြားနိုင်ငံတွေမှာ မရှိပါဘူး။တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ နဲ့ အဲဒီလိုကျွန်မတို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ တပ်မတော်က လက် တစ်ကမ်းအလိုအပြောင်းအလဲရဲ့ ခက်ခဲတဲ့အစိတ်အပိုင်းကို ရောက် ရှိနေပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် လူမှုအဖွဲ့အစည်းအား လုံးနဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပြုလုပ်ရမှာဖြစ် ပါတယ်။ အဲဒီလိုဆိုရင်တော့ ပြည်သူအားလုံးအတွက် ထူးခြားအံ့သြ ဖွယ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒါ က အဖွဲ့အစည်းတိုင်းနဲ့ ကျွန်မတို့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်’’ဟု သမ္မတ၊ ကာချုပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ကိုယ်စား လှယ်များအပါအ၀င် တွေ့ဆုံမှု တိုင်း၌ ဆွေးနွေးခဲ့ကြောင်း ပြန်ပြောသည်။

မြန်မာနိုင်ငံသည် ဒေသတွင်းမဟာဗျူဟာကျသည့် တည်နေရာ ကိုပိုင်ဆိုင်ထားသည့်အပြင် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းထားသည့် ပြည် ထောင်စုနိုင်ငံဖြစ်ကြောင်း ကာ ချုပ်ကဆိုသည်။ ထို့အပြင် နိုင်ငံ ရှေ့ဆက်လျှောက်ရမည့်လမ်း ကြောင်း ခိုင်မာရေးအတွက် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို တပ်မတော်က အမျိုးသား ရေးမူအဖြစ် ခံယူအကောင်အ ထည်ဖော်နေကြောင်း ကာချုပ်က ဆိုသည်။

လက်ရှိတပ်မတော်မှာ ပြည် ထောင်စုတပ်မတော်ဖြစ်သည်နှင့် အညီ တိုင်းရင်းသားပြည်သူများ နှင့် တစ်သားတည်းရှိရန်နှင့် တိုင်း ရင်းသားပြည်သူများ၏ အကျိုးစီး ပွားလုံခြုံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်လို ကြောင်း ကျောင်းဆင်းဗိုလ်လောင်းများကို ကာကွယ်ရေးဦး စီးချုပ်က ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ်မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နေ့အခမ်းအ နားတွင်လည်း လက်ရှိတပ်မ တော်အတွင်း တိုင်းရင်းသားစုစု ပေါင်း ၄၅၀၀ ခန့်မှာ ရာထူးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေပြီး တိုင်းရင်းသားတပ်မတော်သား များကို ခွဲခြားထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။

ယခုကျောင်းဆင်းခဲ့သော တပ်မတော်ဆေးတက္ကသိုလ်ဗိုလ် လောင်းများအနေဖြင့် တပ်မတော်သားနှင့် မိသားစုဝင်များကို သာ မက လမ်းပန်းဆက်သွယ်မှုခက်ခဲ ပြီး ဆေးကုသမှုပေးရန် လိုအပ်နေသည့်ဒေသများမှ တိုင်းရင်းသားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ယခုလဆန်းက ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့ ၀င်နိုင်ငံဖြစ်လာခဲ့ပြီးနောက် မျက် မှောက်ခေတ်စစ်ပွဲများတွင် သမားရိုးကျလက်နက်ခဲယမ်းများနှင့်သာမက တားမြစ်ထားသည့် ဓာတုဇီဝလက်နက်များနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရနိုင်ပြီး ကာကွယ်တုံ့ပြန်နိုင်မည့်နည်းလမ်းများ၊ စမ်းသပ်စစ်ဆေးကုသသည့် နည်းလမ်းများကိုပါ ဆေးဝန်ထမ်း တပ်ဖွဲ့များအနေဖြင့် ကြိုတင်မျှော် တွေးပြင်ဆင်ထားရန်လိုကြောင်း ကာချုပ်က ပြောကြားခဲ့သည်။

ကာချုပ်သည် ၂၀၁၃ နှစ် ဆန်းက တပ်မတော်နယ်လှည့်ဆေးကုသရေးခရီးစဉ်အချို့တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပထမအကြိမ် လိုက်ပါခဲ့ပြီး ပြည်သူလူထုနှင့် ထိတွေ့ခဲ့သည်။

7 Days

စာနာတတ်သူ၊ ဘ၀မမေ့တတ်သူတစ်ဦး

သူဟာဘယ်သူလဲ၊ သူ့လုပ်ဆောင်ချက်တွေကဘာလဲ၊ ဘာကြောင့်လုပ်သလဲ ဆိုတာတွေကို တင်ပြ လိုပါတယ်။

သူဟာ မြို့ကြီးပြကြီးမှာ မွေးဖွားကြီးပြင်းခဲ့သူမဟုတ်ပါဘူး။ သာမန်မိသားစုတစ်စုကနေ မွေးဖွား လာခဲ့တာဖြစ်ပြီး သာမန်မိသားစုတို့ရဲ့ ဘ၀ပေးအခြေအနေအတိုင်း အများသူငါလိုပဲ ကြိုးစားရင်းနဲ့ ဘ၀ကို တည်ဆောက်လာခဲ့ရတာဖြစ်ပါတယ်။ ခက်ခဲခဲ့တယ်၊ ကြမ်းတမ်းခဲ့တယ်၊ များစွာ ကြိုးစားခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သူ့လိုလူတွေရဲ့ ဘ၀တွေကိုလည်း မျက်ဝါးထင်ထင်မြင်ခဲ့ရတယ်။ စိတ်မကောင်းစွာ နဲ့ပဲ တစ်နေ့တော့….. ဆိုပြီး ဆထက်ထမ်းပိုး သူပိုကြိုးစား တည်ဆောက်ပြန်တယ်။ အောင်မြင်ခဲ့တယ်။ မျှော်မှန်းတည်ဆောက်ခဲ့တာနဲ့ ထပ်တူနီးပါးဖြစ်လာခဲ့တယ်။


ယနေ့ သူ့မှာ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူ့ကို ယုံကြည်လေးစားသူ၊ ချစ်ခင်သူပေါင်း မြောက်များ စွာ ဖြစ်ပေါ်လာခဲ့တယ်။ သူ့ကိုကူညီချင် သူတွေ လည်း များစွာပါပဲ။ သူ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အင်အားတွေပါ။ ဒီအင်အားတွေကပဲ သူ့လုပ်ဆောင်ချက်တွေအတွက် အထောက်အပံ့ဖြစ်ခဲ့ ပါတယ်။

လုပ်ငန်းတာဝန်အရရော ချစ်မြတ်နိုးစိတ်နဲ့ပါ သူ့မွေးဇာတိနဲ့ ဇာတိပတ်ဝန်းကျင်ကကျေးရွာတွေကို နှစ်ပေါင်း၊ အခေါက်ပေါင်းမြောက်များစွာ လှည့်လည်သွားလာခဲ့ပါတယ်။ ကျေးရွာလူထုတွေရဲ့ အခြေအနေ၊ နယ်မြေရဲ့ အခြေအနေတွေကို အနီးကပ်လေ့လာတွေ့မြင်ခဲ့တယ်။ လိုအပ်ချက်တွေ များစွာရှိနေသေး တာကို တွေ့ခဲ့ရတယ်။ တတ်စွမ်းသလောက် ကူညီဖို့ ဆုံးဖြတ်ခဲ့တယ်။ စားရေးမှာ အဓိကလိုအပ်တဲ့ "ဆန်" လှူဒါန်း၊ ထောက်ပံ့ပေးဖို့ ရည်ရွယ်ခဲ့တယ်။

၁၉၉၃ ခုနှစ်ကစတင်ပြီး ယခုနှစ်အထိ ၂၁ နှစ်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှမပျက်ကွက်စေဘဲ ဆန် လှူဒါန်းထောက်ပံ့မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေး ဆောင်ရွက်တော်မူနေကြသော သံဃာတော် အရှင်သူမြတ်များကိုလည်း သာသနာ ဆိုင်ရာကိစ္စရပ်များ မပင်မပမ်းထမ်းရွက်တော်မူနိုင်ကြစေရန်ရည်ရွယ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းလိုတဲ့ အတွက် ဆွမ်းလောင်းသင်းများကို ဆွမ်းဆန်တော်လှူဒါန်းခြင်း၊ ဆွမ်းဆန်ရှားပါးသော ဘုန်းတော်ကြီး ကျောင်းများကို ဆွမ်းဆန်တော်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါတယ်။ သက်ကြီးဘိုးဘွားများ၊ ဘိုးဘွား ရိပ်သာများကို အဟာရဆန်လှူဒါန်းခြင်း၊ နွမ်းပါးအိမ်ထောင်စုများကို ဆန်ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို ဆန်ထောက်ပံ့ခြင်း၊ ဆေးရုံဝန်ထမ်းများကို ဆန်ထောက်ပံ့ခြင်း၊ အခြား လိုအပ်နေရာများသို့ ဆန်ထောက်ပံ့ခြင်းများလည်း ဆောင်ရွက်ခဲ့ပါတယ်။ ပေးတဲ့နေရာမှာလည်း အိတ်လိုက်၊ တင်းလိုက်ပေးတာပါ။

ယခုနှစ်မှာ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၄၆ ကျောင်း၊ ဆွမ်းလောင်းအသင်း ၄ သင်း၊ ဘိုးဘွား ရိပ်သာ ၂ ခု၊ အခြေခံပညာကျောင်း ၄ ကျောင်းမှ ဆရာ၊ ဆရာမ ၁၇၀ဦး၊ ဆေးရုံ ၂ ရုံမှ ၀န်ထမ်း ၇၀ဦး၊ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စုပေါင်း ၁၉၃၃စုသို့ ဆန်အိတ်ပေါင်း ၃၁၂၅ အိတ် လှူဒါန်းထောက်ပံ့ ပေးခဲ့ကြောင်း သိရပါတယ်။

၁၉၉၃ ခုနှစ်မှ ယခု ၂၀၁၄ ခုနှစ်အထိ ၂၁ နှစ်တာကာလအတွင်း ဆန်အိတ်ပေါင်း ၆၃၀၈၅ အိတ် လှူဒါန်းပြီးဖြစ်ကြောင်း သိရတဲ့အတွက် နှစ်စဉ် တစ်နှစ်လျှင် ပျမ်းမျှ ဆန်အိတ် ၃၀၀၀ ကျော်လှူဒါန်းခဲ့ တယ်လို့ သိနိုင်ပါတယ်။

ဒီဆောင်ရွက်ချက်အပေါ်မှာ ခုလို ဇာတိနယ်မြေကိုပြန်ကြည့်သူ ဘ၀မမေ့တတ်သူတစ်ဦးကို အားလုံးက သာဓုအနုမောဒနာခေါ် ဆိုကြောင်း၊ ကျေးဇူးတင် ၀မ်းမြောက်ကြပါကြောင်း၊ နောက်နောင်လည်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ဒီလို ဆက်လက်ဆောင်ရွက်နိုင်ရန် ဆုတောင်းမေတ္တာ ပို့သကြပါကြောင်း ပီတိဖုံး၊ အပြုံးမျက်နှာ များနဲ့ ပြောကြားနေကြတဲ့ နယ်သူနယ်သားအပေါင်းကို တွေ့မြင်ခဲ့ရပါတယ်။

တော်ရုံစွမ်းဆောင်ရည်နဲ့မဖြစ်နိုင်တဲ့ လုပ်ဆောင်မှုကို ဆယ်စုနှစ် ၂ ခုကျော် စဉ်တိုက်ဆက်တိုက် ဆောင်ရွက် နိုင်ခဲ့တယ်။ မိသားစု၊ မိတ်ဆွေများ၊ ချစ်ခင်ကြည်ညိုသူများကလည်း ၀ိုင်းဝန်းဆောင် ရွက် ပေးခဲ့ကြတယ်။ ရှေ့ ဆက်ပြီးတော့လည်း တက်ညီလက်ညီဆောင်ရွက်ကြဦးမယ် ဆိုတာ လည်း မြေကြီး လက်ခတ်မလွဲနိုင်ပါ။

မိမိနယ်မြေဒေသအပေါ် သံယောဇဉ်ကြီးမားစွာနဲ့ နယ်မြေရဲ့လို အပ်ချက် များစွာထဲက မိမိ တတ်စွမ်း သလောက် ကွက်လပ်ကလေး တစ်ခုကို နှစ်ပေါင်းများစွာဖြည့်ဆည်ပေးလာသူကတော့ ပြည်သူ ချစ်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီး ဦးအောင်သောင်းဖြစ်ပါကြောင်း လေးစား ဂုဏ်ယူစွာ တင်ပြလိုက်ရ ပါတယ် ခင်ဗျာ။

Credit : Here

မန္တလေးမြို့၌ အဖျော်ယမကာဆိုင် အများဆုံးဖြစ်၍ ယဉ်ကျေးမှု ၊ လူမှုရေးပိုင်း၌ နိမ့်ကျမှုများ ဖြစ်ပေါ်လာနိုင်



မန္တလေးမြို့ အတွင်း၌ စားသောက်ဆိုင် အမျိုးမျိုး၊ အကင်ဆိုင် နှင့် ၄င်းတို့နှင့် ဆက်စပ်လျက် ရှိသော အဖျော် ယမကာဆိုင်၊ စင်တင်တေးဂီတ၊ KTV ၊ ကာရာအိုကေ နှင့် Game ဆိုင်များအနက် အဖျော်ယမကာ ဆိုင်မှာ အရေအတွက် အများဆုံး ဖြစ်ကြောင်း သိရသည်။


မြို့ပြဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ လူနေမှုစရိုက် များလည်း ကွဲပြားမှု ရှိလာရာတွင် မြို့တွင်း၌ နေ့ဆိုင်များ၊ ညဆိုင်များ ပေါ်ပေါက်လာပြီး ယခုကာလတွင် ယဉ်ကျေးမှု နှင့် မကိုက်ညီသော ဆိုင်များလည်း အများအပြား တိုးတက်လာ လျက်ရှိကြောင်း မှတ်တမ်းများ အရ သိရသည်။

မန္တလေးမြို့ အတွင်း၌ ယဉ်ကျေးမှု၊ ဖွံ့ဖြိုး တိုးတက်မှုနှင့် မသက်ဆိုင်သော အဖျော် ယမကာဆိုင် များမှာ အောင်မြေသာစံ မြို့နယ်တွင် ၃၉၇ ဆိုင်၊ စင်တင် တေးဂီတ ခြောက်ဆိုင်၊ ကာရာအိုကေ ရှစ်ဆိုင်၊ ဂိမ်းဆိုင် ၂၄ ဆိုင်၊ ချမ်းအေးသာစံ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၄၇ဝ ၊ စားသောက်ဆိုင် ၂ဝ၈ ဆိုင် ၊ စင်တင်တေးဂီတ ငါးဆိုင်၊ KTV ခြောက်ဆိုင်၊ ကာရာအိုကေ ၁ဝ ဆိုင်၊ ဂိမ်းဆိုင် ၆၁ ဆိုင်၊ မဟာအောင်မြေ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၃၇၃ ဆိုင်၊ စားသောက်ဆိုင် ၁ဝ၅ ဆိုင်၊ စင်တင် တေးဂီတ သုံးခု ၊ KTV ၁၆ ခု၊ ကာရာအိုကေ ဆိုင် ၁၅ ဆိုင်၊ ဂိမ်းဆိုင် ၂၄ ဆိုင်၊ ချမ်းမြသာစည် မြို့နယ်တွင် အဖျော်ယမကာ ဆိုင်ပေါင်း ၄၇ဝ၊ စားသောက်ဆိုင် ၁၃၂ ဆိုင်၊ စင်တင်တေးဂီတ တစ်ဆိုင်၊ KTV လေးဆိုင်၊ ကာရာအိုကေ ခြောက်ဆိုင်၊ ဂိမ်းဆိုင် ၂၉ဆိုင်၊ ပြည်ကြီးတံခွန် မြို့နယ်တွင် အဖျော်ယမကာ ဆိုင် ၄ဝ၇ ဆိုင်၊ စားသောက်ဆိုင် ၅၈ ဆိုင်၊ ဂိမ်းဆိုင် လေးဆိုင်၊ အမရပူရ မြို့နယ်တွင် အဖျော် ယမကာဆိုင် ၃၄၈ ဆိုင်၊ စားသောက်ဆိုင် ၂၃ ဆိုင်နှင့် ဂိမ်းဆိုင် သုံးဆိုင်တို့ ရှိရာ အဖျော် ယမကာဆိုင် စုစုပေါင်းမှာ ၂၄၆၅ ဆိုင် ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

စားသောက်ဆိုင် နှင့် အဖျော် ယမကာဆိုင် အရေအတွက် များပြား လာသည်နှင့် အမျှ အရက်၊ ဘီယာ သောက်သုံးသူ လူငယ်၊ လူလတ်ပိုင်း အရွယ် အမျိုးသားများ၏ အရေအတွက် ပိုမို များပြားလာပြီး စီးပွားရေးနှင့် စိတ်ဓာတ်ရေးရာ လူမှုရေး ပိုင်းဆိုင်ရာများ ၌ နိမ့်ကျမှု ပမာဏလည်း မြင့်တက် လာနိုင်ကြောင်း ပညာရှင်များ၏ သုံးသပ် ပြောကြားမှုများ အရ သိရသည်။ 

‪#‎Yadanarpondaily‬
‪#‎ရတနာပုံနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily