Monday, December 15, 2014

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စည်းကမ်းမဲ့ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ်များ ဖမ်းဆီးရေးစီမံချက်အား အရှိန်အဟုန်မြှင့်ဖမ်းဆီးခဲ့ရာ စုစုပေါင်း(၈၄)စီး ဖမ်းဆီးရမိပြီးဖြစ်

ရန်ကုန်မြို့အတွင်းတွင် ပြိုင်ကားများနှင့် ပါဝါအိပ်ဇောတပ်မော်တော်ယာဉ်များ စည်းကမ်းမဲ့စွာ မောင်းနှင် မှုကြောင့် အသံများဆူညံစေပြီး အများပြည်သူ၏ စိတ်နှလုံးကိုထိခိုက်စေသဖြင့် ထိရောက်စွာ အရေး ယူ နိုင်ရန် စီမံချက်ချမှတ်၍ ဆောင်ရွက်ခဲ့ရာ ၅.၁၂.၂၀၁၄ ရက်နေ့မှ ၁၃.၁၂.၂၀၁၄ရက်နေ့ထိ စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် စုစုပေါင်း(၈၁)စီးအား ဖမ်းဆီးရမိ ခဲ့ပြီး ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စီမံချက်အား အရှိန်ဟုန်မြှင့်ဖမ်းဆီးလျက်ရှိရာ ၁၄.၁၂.၂၀၁၄ ရက်နေ့ညတွင် ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ စွာ မောင်း နှင် နေသော ပါဝါအိပ်ဇောတပ် မော်တော်ယာဉ် (၃)စီးအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ယခုဖမ်းဆီးရမိသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းအရ အရေး ယူ ဆောင်ရွက်မည့်အပြင် ယာဉ်မှတ်ပုံတင်လိုင်စင်ရှိ/မရှိစိစစ်ပြီး ယာဉ်မှတ်ပုံတင်မရှိသော မော်တော်ယာဉ် များအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စည်းကမ်းမဲ့ယာဉ်များကိုသာ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ကြပါရန် အသိပေး ဖော်ပြ အပ်ပါသည်။

Credit : Yangon Police

ရှမ်းမြောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာ


ကေအိုင်အေ, တိုက်ပွဲ

အစိုးရတပ်နှင့် ကေအိုင်အေ ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ ရှမ်းပြည် မြောက်ပိုင်း တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပိုမို ပြင်းထန် လာနေကြောင်း သတင်း ရရှိသည်။

ရှမ်းပြည် မြောက်ပိုင်း တာမိုးညဲ၊ ကွတ်ခိုင်မြို့နယ် များနှင့် ထိစပ်လျက်ရှိသော ဒေသများတွင် တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အစိုးရတပ်ဘက်မှ လက်နက်ကြီး အနည်းဆုံး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယ ပြန်ကြားရေး တာဝန်ခံ ပါပန်လက ဧရာဝတီသို့ ပြောသည်။

“ အခုချိန်ထိ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ကွတ်ခိုင်ဘက်မှာ ပိုဖြစ်တယ်။ ဒီနေ့ အဆိုးဆုံးပဲ။ တိုက်ပွဲက တနေကုန် ဖြစ်နေတာ ၃ ရက်လောက်တောင် ရှိနေပြီ။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်နေသလို လက်နက်ကြီး တင်လာတဲ့ ကားတွေ ထပ်ပို့နေတယ်လို့ သတင်း ရထားတယ်။ ထိခိုက်ကျဆုံးစာရင်းကတော့ အတည်မပြုနိုင်သေးဘူး ” လက်နက်ကိုင် မဟာမိတ် ပူးပေါင်းအဖွဲ့မှ TNLA ဒုတိယ ပြန်ကြားရေး တာဝန်ခံ ပါပန်လက ပြောသည်။

ဒီဇင်ဘာလ ၁၁ရက်နေ့က ဖြစ်ပွားသော တာမိုးညဲမြို့နယ်ခွဲ ဆိုက်ခေါင်ကျေးရွာနှင့် ဟိုပုံကျေးရွာအကြား တိုက်ပွဲတွင် အစိုးရတပ်မတော်ဘက်မှ တပ်ခွဲမှူး အဆင့် ၁ ဦးအပါအ၀င် ၁၂ ဦး ကျဆုံး၍ ဒုစစ်ကြောင်းမှူး ၁ ဦး အပါအ၀င် ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မန်တုံမြို့နယ် နမ့်ပါကျိုင်း ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဘက်မှ ၉ ဦးကျဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

တိုက်ပွဲများမှာ အစိုးရတပ် တပ်မ ၈၈ ၊ ၉၉ နှင့် ၅၅ တို့ လှုပ်ရှားနေသည့် နေရာများနှင့် ကေအိုင်အေ ဦးဆောင်သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့တို့ လှုပ်ရှားရာနေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် အစိုးရတပ်ဘက်မှ ကျဆုံးသွားသော စစ်သည်များ၏ မိသားစုဝင်များကို အားပေး သည်များကို အွန်လိုင်း ဆိုရှယ်မီဒီယာ Facebook စာမျက်နှာများတွင် တွေ့ရသည်။

တိုက်ပွဲများမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း သိသိသာသာ လျော့ကျခဲ့သော်လည်း ထိုနောက်ပိုင်း ဆက်တိုက် ပြန်လည် ဖြစ်ပွားလာကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး တိုက်ပွဲ အရှိန်ပြန်လည် မြင့်တက်လာရာ ယနေ့သည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာကြောင်း ၊ အစိုးရတပ် က လေကြောင်း ပစ်ကူပေးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း TNLA က ပြောသည်။

အထက်ပါ တိုက်ပွဲ သတင်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ စစ်ဆင်ရေး ဌာနမှူးရုံး ၊ ပြည်နယ် ရဲတပ်ဖွဲ့များထံသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြားရန် ငြင်းဆိုကြသည်။

http://burma.irrawaddy.org/news/2014/12/13/68475.html

ဗန်းပြဆွေးနွေးပွဲမျိုး ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ


ဗန်းပြဆွေးနွေးပွဲမျိုး ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းပြီး ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အတည်ပြုခဲ့သည့် ၁၂ ပွင့်ဆိုင်လို အများပါဝင်ဆွေးနွေးမည့် ဗန်းပြ ဆွေးနွေးပွဲမျိုး မလိုလားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက် သည်။

ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ တွင် နှစ်ရက်တာ စတင်ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီ စတုထ္တအကြိမ် အစည်း အဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုသည်။

“ဒါပေမယ့် ထိရောက်တဲ့ ဆွေးနွေးပွဲတွေ မဖြစ်အောင်လို့ လမ်းလွှဲဖို့ လုပ်တဲ့ ခြေလှမ်းတွေကိုတော့ ကျမတို့ အနေနဲ့ လုံးဝ အားမပေးပါဘူး။ မထောက်ခံပါဘူး။ အရေးကြီးတာဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲပါ။ ကျမတို့က ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာမဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းအစည်းအဝေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က “သိပ်ပြီးတော့ ပါဝင်မယ့်သူ များလို့ရှိရင် သဘောထားတွေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကျမတို့က လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး။ အများ ပါဝင်တာကို မလိုလားလို့ မဟုတ်ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်စေ ချင်လို့ လေးပွင့်ဆိုင် တောင်းဆိုခြင်း ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှု အဆိုအား ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ထောက်ခံကြောင်း လွှတ်တော်နှင့် ၄င်း သဘောထား တူညီကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် ယင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူဦးရေ နည်း၍ လက်မခံနိုင်ကြောင်း ဆိုထားသည်။ သမ္မတ ဦးသိန်းစိန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် အနေနှင့်လည်း ကနဦးက “လက်တွေ့အခြေအနေနှင့် ကိုက်ညီမှု မရှိ” ဟု ပယ်ချခဲ့ပြီး နောက်ပိုင်း သမ္မတရုံးက “စဉ်းစားသုံးသပ်”လျက် ရှိကြောင်း လေသံပြောင်းသွားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်တွင် ” ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တောင်းဆိုထားသည့် ၆ပွင့်ဆိုင်တွေ့ဆုံမှုထက် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး စေလိုကြောင်း” ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က အရေးကြီး အဆို တင်သွင်းခဲ့ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲနှင့် ယင်းအဆိုကို အတည်ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လေးပွင့်ဆိုင် တွေ့ဆုံမှု လုပ်ဆောင်ရေးအတွက် ၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပါတီ တည်ထောင်စဉ်ကပင် မူဝါဒအဖြင့် ကျမှတ်ထားသည့် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး လမ်းစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း တော်ဝင်နှင်းဆီ အစည်းအဝေးတွင် ပြောကြားသွားသည်။

ယခုကျင်းပသည့် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ဒေသကြီး ကိုယ်စားလှယ် ၁၁၂ ဦး တတ်ရောက်ခဲ့ပြီး နှစ်ရက်တာ ကျင်းပသည့် အစည်းအဝေးတွင် ကိုယ်စားလှယ်များမှ ဒေသအခြေအနေများနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်များကိုလည်း ပါတီတွင်း အာဏာရဖို့ လုပ်ဆောင်မှုမျိုး မလုပ်ဆောင်ရန် သတိပေးပြောကြားခဲ့သေးသည်။

“ကျမတို့ရဲ့ အဖွဲ့ချုပ်ဝင်တွေကိုတော့ သတိပေးချင်ပါတယ်။ အဖွဲ့ချုပ် ထူထောင်ထားတာဟာ အဖွဲ့ဝင် များအတွက် ထူထောင်ထားတာ မဟုတ်ပါဘူး။ နိုင်ငံအတွက် ထူထောင်ထားတယ် ဆိုတာကို သဘောပေါက်စေချင်ပါတယ်။ ပွင့်ပွင့် လင်းလင်း ပြောရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့် ကိုယ့်အတွက် အခွင့်အရေးတွေ ရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ကျမတို့အဖွဲ့ဝင်တွေကိုတော့ စိတ်ထားပြောင်းဖို့ ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ကိုယ်စားလှယ်ဖြစ်ချင် တဲ့ရောဂါ ဒေါ်အောင်ဆန်းစုကြည် သတိပေး



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာ အခက် အခဲတွေကိုရင်ဆိုင်ပြီး ပြည်သူလူထုအကျိုး ကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေ အနေနဲ့ ရာထူးရရှိရေးကို အဓိကထားမက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။

NLD အဖွဲ့ဝင်တချို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရေးအတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတဲ့ သတင်းတွေပေါ်ထွက်နေစဉ်အတွင်း ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောကြား ခဲ့တာဖြစ်ပါတယ်။

"တစ်ချိန်တည်းမှာပဲ ကိုယ်စားလှယ်ရောဂါတော့ မထကြပါနဲ့လို့ ကျမကနေပြီးတော့ တိုက်တွန်းချင် တယ်၊ ကိုယ်စားလှယ်လုပ်တယ်ဆိုတာ တာဝန်ကို ထမ်းဆောင်ဖို့ပါ၊ အခက်အခဲကြားက လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်မှ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေ ကို အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်နှစ် မှာ ဖေဖေရဲ့ ရာပြည့်နှစ်လည်းဖြစ်သလို နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲ နှစ် တစ်ခုလည်းဖြစ်တာကြောင့်မို့လို့ ဒီနှစ်ကစတော့ မယ်၊ နှစ်သစ် စတဲ့အခါမှာ မှန်မှန်ကန်ကန်စပြီးတော့ မှန်မှန်ကန်ကန် ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားလို့ရှိရင် ၂ဝ၁၅ ကုန်တဲ့အခါမှာ ကျမတို့ဟာ တာဝန်ကျေတဲ့သူဆိုတဲ့ ကျေနပ်မှုရမှာဖြစ်ပါတယ်"

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ ၂ ရက်ကြာအစည်းအဝေးအပြီး NLD က ဒီနေ့ ကြေညာ ချက်တစောင်ထုတ်ပြန်ခဲ့ရာမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး တို့ကို ထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို ဆက်လက် လုပ်ဆောင်ဖို့ ထပ်မံအတည်ပြုကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်ပွဲတွေ နိုင်ငံအနှံ့ ကျင်းပရေး အတွက် လည်း ကြေညာချက်မှာ လှုံ့ဆော်ထားပါတယ်။

RFA
https://www.facebook.com/pages/RFA-Burmese/39218993127

IRI က ပြည်ခိုင်ဖြိုးပါတီ ရုံးများတွင် သီးသန့်သင်တန်းပေးခဲ့သည် ကို ရွေးကော်ပွဲ ကော်မရှင်က မသိဟု ဆို

အမေရိကန် အခြေစိုက် ရီပက်ဘလီကန် အင်စတီကျု (IRI) က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ NLD အဖွဲ့အား နိုဝင်ဘာ ၁၇ တွင် ရွေးကောက်ပွဲမဲဆွယ်မှုသင်တန်းပေးခြင်း မှာ ပါတီတစ်ခုတည်းကို သီးသန့် ခြင်းဖြစ်သဖြင့် ရွေးကောက် ပွဲဥပဒေကို ဖောက်ဖျက်ရာရောက် သည်ဟု ကော်မရှင် ကပြောကြား ခဲ့သည်။ သင်တန်းများအား ပါတီပေါင်း စုံပါဝင်သည့် ပုံစံဖြင့်သာ ပို့ချခွင့်ရှိ သည်ဟု ကော်မရှင်ကဆိုသည်။

IRI က မြန်မာနိုင်ငံရှိ မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ မဲဆွယ်မှုသင်တန်းကို ပြီးခဲ့သည့် ၁၈ လအတွင်း ပါတီတစ်ခုချင်းနှင့် ပါတီပေါင်းစုံ ပုံစံတို့ဖြင့် သင်ကြားပေးခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ စတီဖင်စီမာက ပြောကြား ခဲ့သည်။ ထိုသို့ သင်ကြားပေးခဲ့ရာတွင် မည်သည့် တိုင်ကြားမှုမျိုးမှ မကြုံ ခဲ့ရဟုဆိုသည်။ နိုင်ငံရေးပါတီအားလုံးအတွက် တူညီသည့် အခွင့်အ ရေးဖြင့် သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ပါတီအများအပြားအား တစ်ပါတီချင်း သင်တန်းပေးရာတွင် NLD အပြင် အာဏာရကြံ့ခိုင်ရေးပါတီကိုလည်း အကြိမ်ကြိမ် တစ်ပါတီတည်း သင်တန်းပေးမှုများ ပါဝင်သည်ဟု စတီဖင်စီမာက ဆိုသည်။

IRI က အခြေခံဥပဒေနဲ့ ရွေးကောက် ပွဲစည်းမျဉ်းများအတိုင်း ဆောင်ရွက်သွားမှာပါ။ IRI က နိုင်ငံရေးပါတီ တွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား မှာပါဟု ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်။ IRI ၏ သင်တန်းများအား ပါတီများက လက်ခံကြိုဆိုခဲ့ကြ ပြီး ပါတီတစ်ခုချင်း သင်တန်းမှာ မဲဆွယ် ဗျူဟာနှင့်ပတ်သက်၍ ဆွေး နွေးရာတွင် ပါတီများက ထိုအကြောင်း ရာများအား ပြိုင်ဘက်များ၏ရှေ့တွင် ပြောကြားလိုခြင်းမရှိဟု စတီဖင်က ဆိုသည်။

IRI အား အမေရိကန်အောက်လွှတ်တော်က တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ ထားသော်လည်း ရီပက်ဘလီကန်ပါတီ၏ ဗဟို လက်ယာယိမ်းနိုင်ငံရေး အမြင်ကို ကိုင်ဆွဲသည့် IRI သည် ရွေးကောက် ပွဲပြုပြင်ပြောင်းလဲရေး နှင့် စောင့်ကြည့်ခြင်း၊ ပါတီများအား ရွေးကောက်ပွဲမတိုင်မီ ထောက်ပံ့ခြင်း စသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအစီအစဉ်များအား ထောက်ပံ့ လေ့ရှိသည်။

IRI ၏ ပါတီတစ်ခုချင်းသင်တန်း ပေးမှုမှာ ပြဿနာတစ်ရပ် ဟု ရွေး ကောက် ပွဲကော်မရှင်က ယုံကြည်သ ဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုရန် စာရေး သားတောင်းဆိုခဲ့သည်ဟု ကော်မရှင်ဒုဥက္ကဋ္ဌ ဦးလှမောင်ချို က ပြောကြား ခဲ့သည်။ IRI အနေ ဖြင့် အာဏာရပြည်ခိုင်ဖြိုးပါတီအား သီးသန့် သင်တန်း ပြု လုပ်ပေးခြင်းအား တားဆီးခြင်းမပြုသည့် အကြောင်းရင်း အား မေးမြန်းရာတွင် ဦးလှမောင်ချိုက “အရင်တုန်းက သူ တို့လုပ်ခဲ့တာတွေ ကျွန်တော်တို့ မသိ ပါဘူး။ ပုသိမ်မှာ သူတို့လုပ်ခဲ့တာ တော့ ကျွန်တော်တို့သိပါတယ်” ဟု ပြောကြား ခဲ့သည်။ IRI ၏ ပါတီတစ် ခုချင်း သင်တန်းပေးမှုအား တရားဝင် ပိတ်ပင်သွားရန် အစီအစဉ်ရှိ၊မရှိကို မူ ၎င်းက မှတ်ချက်ပေးရန် ငြင်းဆို ခဲ့သည်။

IRI သည် မြန်မာနိုင်ငံရွေးကောက်ပွဲကော် မရှင်နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် နိုင်ငံတကာအ ဖွဲ့အစည်း ဒါဇင်ဝက်ခန့်အနက်မှ တစ် ခုဖြစ်သည်။ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် ကူညီပေးနေ သည့် ထိုအဖွဲ့များထဲမှ အချို့က ရွေးကောက် ပွဲကာလတွင် စောင့်ကြည့်မှုများ ပြု လုပ်မည်ဖြစ်သည်။

KHTun
ဓါတ်ပုံ - DrBio
Ref - Irrawady

The Ladies News Journal

၂၀၁၅ ရွေးကောက်ပွဲ အရေးပါကြောင်း ဒေါ်စုပြောဆို



၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်း ကိုရောက်နေ ပြီလားဆိုတာ အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးကို ပျက်ပြားအောင်လမ်းလွှဲတဲ့ လုပ်ရပ်တွေကို NLD အနေနဲ့လက်ခံမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ စနေနေ့က ရန်ကုန်၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ သီရိခန်းမမှာ ကျင်းပတဲ့ NLD ရဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောသွားတာပါ။ အကြောင်းစုံ ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ အပြောင်းအလဲပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ရွေးကောက်ပွဲတခုဖြစ်သလို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ တကယ်ရောက်မရောက် ပြောနိုင်တဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ပထမ အကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးဖွင့်ပွဲနေ့မှာ အခုလို ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ဒုတိယရွေးကောက်ပွဲဖြစ်ပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို သွားချင်ပါတယ်လို့ မြင်ကြပါတယ်။ ဒါပေမယ့် အပြောင်း အလဲတွေ လုပ်တဲ့အခါမှာ ပထမရွေးကောက်ပွဲထက် ဒုတိယရွေးကောက်ပွဲက ပိုပြီးတော့ အရေးကြီး ပါတယ်ဆိုတာကို ဒီမိုကရေစီဘက်ကို ပြောင်းလဲခဲ့တဲ့နိုင်ငံများရဲ့ သမိုင်းစဉ်ကနေ ----။ အရေးကြီး တာက ရွေးကောက်ပွဲတခုအနေနဲ့တင် အရေးကြီးတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပြီလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဆုံးအဖြတ်ပေး မယ့် ရွေးကောက်ပွဲမို့လို့ အရေးကြီးတာပါ။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မလုပ်ဆောင်နိုင်ဘူးဆိုရင် မြန်မာပြည်အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အံးမှာ မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲဘဲနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ စံနှုန်း စံထားတွေနဲ့ ကိုက်ညီအောင် မပြောင်းလဲဘဲနဲ့ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို တကယ်ပဲရောက်နေ ပြီလို့ ပြောလို့မရပါဘူး။ တချို့ကဆိုလို့ရှိရင် အခုအချိန်မှာ တကယ်အရေးကြီးတာက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောကြပါတယ်။ တကယ့်စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ စစ်မှန်တဲ့နိုင်ငံရေးကို အခြေခံ ရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးကိစ္စတွေကို လျစ်လျှူရှုပြီးတော့ ဖွံ့ဖြိုးရေးကိစ္စတွေကိုပဲ လုပ်မယ်ဆိုတာ လက်တွေ့မကျပါဘူးလို့ပဲ ပြောချင်ပါတယ်။”

မြန်မာပြည်အနာဂတ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးအရေးပါတဲ့အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲလုပ်ဖို့ အစဉ်တစိုက်တောင်း ဆိုနေတာဟာ ထိရောက်တဲ့တွေ့ဆုံဆွေးနွေးရေးရဖို့ဖြစ်ပြီး ဒါကိုပျက်ပြားအောင်လုပ်ဆောင်တာတွေ ကိုတော့ NLD က လက်ခံမှာမဟုတ်ဘူး လို့ ဆိုပါတယ်။

“ဘာဖြစ်လို့ လေးပွင့်ဆိုင်ကို တောင်းဆိုခဲ့သလဲဆိုတာက စတင်ပြီး ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့ လိုပါတယ်။ သိုသိပ်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်ဖို့လည်း လိုပါတယ်။ ကျမတို့က နောင်မှ အကျယ်အကျယ် ပိုပြီးတော့ လုပ်သွားချင်တောင်မှ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်ဘူးဆိုရင် နောင်ဆက်ပြီးတော့ ဒီလို ဆွေးနွေးဖို့၊ ထိရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ သိပ်ပြီးတော့ ပါဝင်မယ့်သူများ များလို့ ရှိလို့ရှိရင်၊ သဘောတရားတွေ သိပ်ပြီးတော့ များလို့ရှိရင်၊ ကွဲလွဲမှုတွေ သိပ်ပြီးတော့ များလို့ရှိရင် စပြီးတော့ နားလည်မှုယူဖို့ဟာ ခက်ခဲပါမယ်။ ဒါကြောင့်မို့လို့ ကျမတို့က လက်တွေ့ကျကျ ကြည့်ပြီးတော့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကန့်သတ်ချင်လို့ မဟုတ်ပါဘူး၊ အများ ပါဝင် တာကို မလိုလားလို့မဟုတ်ပါဘူး။ လက်တွေ့ကျကျ ထိရောက်တဲ့ဆွေးနွေးပွဲတွေ ဖြစ်စေချင်လို့ ကျမတို့ လေးပွင့်ဆိုင်ဆိုတာကို တောင်းဆိုတာ ဖြစ်ပါတယ်။”

ဒါအပြင် လွှတ်တော်မှာ ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒါဟာ သဘောထားအရ မကွာတဲ့အတွက် NLD အနေနဲ့ထောက်ခံကြောင်း ပြောဆိုသွားပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ၁၄ ရက်နေ့ထိကျင်းပနေတဲ့ NLD ဗဟိုကော်မတီအစည်းအဝေးကို တက်ရောက်လာတဲ့ တိုင်းရင်းသားဒေသတွေက NLD ကိုယ်စားလှယ်တွေတင်ပြတဲ့ အချက်တွေနဲ့ပတ်သက် လို့ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်အမတ် ကိုနိုင်ငံလင်းက ဗွီအိုအေကို အခုလိုပြော ပါတယ်။

“တိုင်းရင်းသားဒေသတွေမှာတော့ NLD က အများကြီး အလုပ်လုပ်ရမယ့်ပုံစံ ဖြစ်နေပါတယ်။ တိုင်းနြဲ့ ပည်နယ်တွေမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေက နေပြီးတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တင်ပြတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အဓိက လယ်သိမ်းခံ ကိစ္စတွေပါတယ်။ နောက်ပြီးတော့ မှတ်ပုံတင်မရတဲ့ ကိစ္စတွေပါတယ်။ လုပ်ရမယ်-အဲဒါတွေကတော့။”

ဒီဗဟိုကော်မတီအစည်းအဝေးကို NLD နယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၁၁၁) ဦးတက်ရောက်ခဲ့ပြီး ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ရှိပါတယ်။

VOA
http://burmese.voanews.com/content/nld-meeting-aung-san-suu-kyi-/2558140.html

ကရင်နှစ်သစ်ကူးနေ့တွင် အစိုးရတပ်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ချစ်ကြည်ရေး ဘောလုံးပွဲကစားမည်



ကရင်နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၁ ရက်)တွင် အစိုးရ တပ်မတော်နှင့် ကရင်တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ချစ်ကြည်ရေးဘောလုံးပွဲကစားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ကော့ကရိတ်မြို့ အခြေစိုက် အမှတ်(၁၂)စစ်ဆင်ရေး ကွပ်ကဲ မှု ဌာနချုပ်နှင့် မြ၀တီနှင့် ကော့ ကရိတ်ခရိုင် အတွင်းရှိ ကရင်တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များ သည် ကော့ကရိတ်မြို့၌ ချစ်ကြည် ရေးဘောလုံးပွဲကစားရန် စီစဉ် ထားကြောင်း မြ၀တီမြို့ ကေ အင်န်ယူဆက်ဆံရေးရုံးတာဝန်ခံ တစ်ဦးက ပြောသည်။

‘‘နှစ်သစ်ကူးနေ့မှာ ကန်မှာ ပါ။ ဟိုတုန်းက အခုလိုသမိုင်း ကြောင်း မရှိခဲ့ပါဘူး။ အခု ပထမ ဆုံးအကြိမ်စီစဉ်တာပဲ။ KNU ရော၊ DKBA ရော၊ BGF ပါပါတယ်။ အသက်(၄၀) ကျော်တဲ့ တပ်ဖွဲ့ဝင် တွေ နှစ်ဖွဲ့ခွဲ ကန်မှာပါ’’ ဟု ၎င်း က ပြောသည်။

ယခုကဲ့သို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားသည့်အပေါ် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်များအ ပြင် ဒေသခံများကလည်း ကြိုဆို ကြောင်း အပြုသဘောဆောင် သည့် မှတ်ချက်များပေးသည်။

ကရင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော် အရာရှိတစ်ဦးက ‘‘စစ်သားဘ၀ က ထူးဆန်းတဲ့ စိတ်ရှိတယ်။ တစ် ခါမှ မမြင်ဖူးသူချင်း တိုက်ကြ တယ်။ ဘာအငြိုးမှ မရှိဘဲ တစ် ဖက်နဲ့တစ်ဖက် ယုံကြည်မှုကို စွဲ ကိုင်ပြီး တိုက်တာ။ နောက်ပြီး ချက်ချင်းလည်း ဘော်ဒါရင်းဖြစ် သွားပြန်ရော။ ပြောချင်တာက စစ်သားဆိုတဲ့ စစ်သားစစ်စစ်တွေ မှာ နိုင်ငံရေးအရောင် မရှိဘူး။ အထက်အမိန့်ပဲ။ တာဝန်ပဲ။ အခု လို အထက်လူကြီးတွေချည်းယုံကြည်နားလည်မှု ကနေ အောက် ခြေတပ်ဖွဲ့ဝင်တွေအထိ ယုံကြည် နားလည်အောင် ထိတွေ့ပေးတဲ့ ပွဲဆိုတော့ ငြိမ်းချမ်းရေးကို ပိုမိုခိုင်မာအောင် လက်တွေ့ကျတဲ့ တည်ဆောက်မှုတစ်ခုလို့ ပြောလို့ ရတယ်’’ဟု သုံးသပ်သည်။

ကရင် အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇)မှ ဒုဗိုလ်အဆင့်ရှိ သူတစ်ဦးက ယခင်နှစ်သစ်ကူးပွဲ များတွင် အစိုးရဌာနဆိုင်ရာဝန် ထမ်းများနှင့် ဘောလုံးကန်ခဲ့ဖူး သော်လည်း ယခုနှစ်တွင် အစိုးရ တပ်နှင့် ကန်ရမည့်အပေါ် စိတ် လှုပ်ရှားပြီး မျှမျှတတ ကစားသွား မည်ဖြစ်ကြောင်း ပြောသည်။

ကော့ကရိတ်မြို့ ဒေသခံ ဦးစိုးအောင်နိုင်က ဒေသတွင်း၌အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရင်း ရင်းနှီးနှီး နေထိုင်ကြခြင်းမှာ နယ် မြေ အခြေအနေ အေးချမ်းသည့်သဘော သက်ရောက်သော ကြောင့် ဒေသခံတစ်ဦးအနေဖြင့် ၀မ်းသာကြောင်း ပြောသည်။

သို့သော် ပြဿနာ အသေးအဖွဲ့လေးမှ စတင်ကာ လက်နက်ကိုင်ထားသူ ကာယကံရှင်များ စိတ်လိုက်မာန်ပါ လုပ်ပါက ဒေသခံများ နေ့ရောညပါ ကျီးလန့်စာစား ဘ၀ရောက်ရကြောင်း ပြောကြားသည်။

ကရင်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့သည် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားပြီး အစိုးရတပ်နှင့်လည်း နီးစပ်သော ဆက်ဆံရေးရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် အစိုးရတပ် တင်းမာမှုဖြစ်ပွားကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်းနည်းမျိုးစုံဖြင့် နှစ်ဖက်ပြန် လည်ညှိနှိုင်းနိုင်ခဲ့သည်။

7 Day Daily

NLD ပါတီ ရွေးကောက်ပွဲဝင် မဝင် မဆုံးဖြတ်ရသေးဟု ဦးဉာဏ်ဝင်း ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်း အဝေးတွင် ရွေးကောက်ပွဲ ကြေညာစာတမ်းကို အတည်ပြုခဲ့သော်လည်း NLD ပါတီ အနေနှင့် ရွေးကောက်ပွဲဝင် မဝင်ကို မဆုံးဖြတ်ရသေးကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တိုင် ပြုလုပ်သည့် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

သို့သော်လည်း NLD ပါတီ အနေနှင့် အထွေထွေရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးသောကြောင့် အဆိုပါ ကြေညာစာတမ်းကို ထုတ်ပြန်မည် မဟုတ်သေးကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။ “ကျွန်တော် တို့အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မသိသေးဘူး။ နောက်ပြီး PR စနစ်ကလည်း ဘာဖြစ်မယ် မသိသေးတော့ ကြေညာစာတမ်းထဲမှာ ဘာတွေပါလဲ ဆိုတာ ထုတ်ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် အဆိုပါ ပြင်ဆင်ထားသော ကြေညာစာတမ်းသည် ရွေးကောက်ပွဲ အချိုးကျကိုယ်စားပြု PR စနစ်ကို အခြေမခံဘဲ FPTP စနစ်ကိုသာ အခြေခံကြောင်း NLD ပါတီထံမှ သိရသည်။

အဆိုပါ နှစ်ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၅ ခုနှစ်ကို ရွေးကောက်ပွဲ စည်းရုံးရေးနှစ် အဖြစ် သတ်မှတ်ကြောင်း ဗဟိုကော်မတီဝင်များထံမှ သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဟူသော ဦးတည်ချက် သုံးရပ်ဖြင့် လွှတ်တော်သို့ ဝင်ရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထု ဆန္ဒလက်မှတ် ငါးသန်းနီးပါး ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ခဲ့ခြင်း အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင် ဆင်နိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေကို နောက်အစိုးရလက်ထက် ၂၀၁၅ အထွေထွေရွေးကောက် ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်များတွင်သာ အတည်ပြုမည် ဖြစ်ကြောင်း ပြောကြား ခဲ့မှုအပေါ် မှန်ကန်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီ အစည်းအဝေးသို့ တစ်နိုင်ငံလုံးရှိ ဗဟိုကော်မတီဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်နှစ်အဖြစ် အထိမ်းအမှတ်ပွဲများကို မည်သည့် အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပြီး နိုင်ငံတစ်ဝန်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ကြောင်း NLD ပါတီထံမှ သိရသည်။

ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တို ဘာ လ နောက်ဆုံး ပတ်နှင့် ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ် မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။

The Voice Weekly