Wednesday, November 19, 2014

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်နေသော ကျောင်းသားများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ဆန္ဒပြ တောင်းဆိုနေမှုများကို နားလည်ပေးနိုင်ပြီး ပွင့်ပွင့် လင်းလင်း လာရောက်ဆွေးနွေးစေလိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ် ခင်စန်းရီက ပြောကြားသည်။

ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်နယ်မြေရှိ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ နိုဝင်ဘာ ၁၈ ရက်က ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အစည်းအဝေးတွင် မီဒီယာ များ၏ မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

“ကျွန်မ သူတို့ကို နားလည်ပေးနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း လာဆွေးနွေးချင်တာပဲ ရှိတယ်။ သူတို့ လိုချင်တာ ဘာလဲလို့ သိလို့ရှိရင် မိဘတိုင်းကတော့ သားသမီးပူဆာရင် အကုန်မပေးနိုင်ဘူး။ အဲဒီတော့ မိဘလိုပဲ လာပူဆာပါ။ ပြောကြည့်မယ် လုပ်ကြည့်မယ်။ ဒါပေမဲ့ မိဘမတတ်နိုင်တဲ့ဟာကိုတော့ သားသမီးက နားလည်ပေးနိုင်ရမယ်။ အဲဒါလောက်ပါပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြားသည်။

ထို့အတူ ကျောင်းသားများဖြစ်သည့်အတွက် ၎င်းတို့နားလည်အောင် ရှင်းပြပေးရန်ရှိပြီး တားဆီးမှု မရှိကြောင်း၊ ဥပဒေတွင် ကျောင်းသားများမကြိုက်သည့် အချက်များကို နားထောင်ရန် အဆင်သင့်ရှိကြောင်း၊ သို့ရာတွင် နားထောင်ပေးမည်ဖြစ်သော်လည်း တောင်းဆိုချက်အားလုံးကို လုပ်ပေးနိုင်သည်၊ မလုပ်ပေးနိုင် သည်ကို ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ဆုံးဖြတ်၍မရဘဲ ဥပဒေပြုသည့် နေရာအထိ ပြန်လည်တင်ပြပေးရမည် ဖြစ်သောကြောင့် လာမည့်ရှေ့အပတ်တွင် တင်ပြပေး ရန်ရှိကြောင်းနှင့် ယခုပြုလုပ်သည့် အစည်းအဝေးသည်လည်း ကျောင်းသားများပြောကြား မှုကို ချေပ မှုထက် ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေါက်တာဒေါ်ခင်စန်းရီ က ပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကို နှစ်နှစ်ခန့်အချိန်ယူ ရေးဆွဲခဲ့ရပြီး လွှတ်တော်တွင် အသေးစိတ်ဆွေးနွေးကာ အတည်ပြုပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ဥပဒေပြုရေးသည် လွှတ်တော်တွင်သာရှိသောကြောင့် မိမိတို့ အနေဖြင့် ကျောင်းသားများ တောင်းဆိုနေသည့် အချက်ခြောက်ချက်သည် ဆက်စပ်ဥပဒေများတွင် ပါသွားမည့်အချက်များ ရှိသော်လည်း နောက်ဆုံးအမျိုးသားပညာရေးဥပဒေ ပြင်ရေးဟု ပြောဆိုပါက ဥပဒေပြုသူများနှင့်သာ ဆက်စပ်ပေးရန်သာရှိကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် အမျိုးသားပညာရေးဥပဒေကို မကျင့်သုံးရသေးဘဲ ပြင်ဆင်ရန်ဆိုသည်မှာ အဆင့် တစ်ဆင့် ကျော်နေသည့်ပုံစံဖြစ်နေကြောင်း၊ အမျိုးသားပညာရေး ဥပဒေတွင် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် သုံးခုစလုံးပါဝင်ပြီး အခြေခံပညာအား နိုင်ငံတော်နှင့် ပညာရေး ၀န်ကြီးဌာနမှ ပံ့ပိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ပြောကြား သည်။

“အဆင့်မြင့်ပညာကိုတော့ ကျွန်မတို့က အကုန်လုံးလွတ်လပ်ခွင့်ပေးမယ်ဆိုပြီး ဥပဒေပုဒ်မ ၂၆ မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တဲ့အတွက် ဆက်စပ်ဥပဒေ ရေးဆွဲရမှာဖြစ်ပါတယ်။ လွတ်လပ်စွာ ဘယ်လို စီမံခန့်ခွဲမလဲလို့ပြောရင် အဆင့်မြင့်ပညာဥပဒေ ဒါမှမဟုတ် တက္ကသိုလ်များနဲ့ဆိုင်တဲ့ ဥပဒေတစ်ခု ထွက်ပါမ ယ်။ အဲဒီဥပဒေအောက်မှာ ဘာပြန်ပါလာမလဲဆိုရင် တက္ကသိုလ်တစ်ခုချင်းရဲ့ပဋိညာဉ်။ တက္ကသိုလ်တစ်ခု ချင်းရဲ့ လွတ်လပ်စွာစီမံခန့်ခွဲခွင့်ဆိုတာ ပြန်လာမှာဖြစ်တဲ့အတွက် အဲဒါတွေကို ရေးနေပါတယ်” ဟု ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားသည်။

ထို့ပြင် အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများဖြစ်သည့် အမျိုးသားပညာရေးနည်းဥပဒေ၊ အဆင့်မြင့်ပညာဥပဒေ၊ ဆရာအတတ်သင်ပညာဥပဒေ၊ အခြေခံပညာဥပဒေများ ရေးဆွဲနေခြင်းမှာ ပြီးစီးတော့မည်ဖြစ်သဖြင့် အဆိုပါ ဆက်စပ်ဥပဒေများအား တိုင်းဒေသကြီးနှင့်ပြည်နယ်၊ တက္ကသိုလ်များ၊ ပညာရေးနှင့် ဆက်စပ်သူများအားလုံးအား ဖိတ်ခေါ်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

KNU/KNLA – PC နှင့် စည်ပင် မြေယာအငြင်းပွားမှု ၀န်ကြီး ဦးအောင်မင်းထံ တင်ပြမည်



အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင် လက် နက်ကိုင်အဖွဲ့ တဖွဲ့နှင့် ရန်ကုန်တိုင်း မြောက် ဒဂုံမြို့ နယ် စည်ပင်သာယာရေး ကော်မတီ တို့ကြား မြေ ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ထံသို့ တင်ပြ မည် ဖြစ်ကြောင်း သတင်းရသည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA – PC နှင့် မြောက် ဒဂုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ အကြား မြောက် ဒဂုံ မြို့နယ်အတွင်းရှိ မြေယာနှင့်ပတ်သက်ပြီး အငြင်း ပွားနေခြင်း ဖြစ်သည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေနေရာမှာ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်တွင်ရှိပြီး ထိုမြေနေရာ၏ ၄ ဧက ကျော် အား KNU / KNLA – PC က ကျပ်သိန်း၂၈၀၀ ဖြင့် မူလလယ်ပိုင်ရှင်များထံမှ ၂၀၁၄ ခုနှစ် ဧပြီလတွင် ၀ယ်ယူထားခဲ့ကြောင်း၊ ယခုအခါ ယင်းမြေ ကို အစိုးရက စီမံကိန်းမြေအဖြစ် သိမ်းဆည်းထားမူကြောင့် မြို့နယ် စည်ပင် နှင့် မြေပိုင်ဆိုင်မှု အငြင်းပွားရခြင်း ဖြစ်ကြောင်း KNU / KNLA – PC မှ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေး တာဝန်ခံ ဗိုလ်မှူး မိုက်ကယ်က ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်က ၀န်ကြီး ဦးအောင်မင်းကို တင်ပြတာတော့ မရှိသေးဘူး။ အခုတော့ တင်ပြမယ်။ ကျနော် တို့က ဥပဒေဘောင်ထဲ ၀င်လာတာဆိုတော့ ဒီကိစ္စကို ဥပဒေ အတိုင်း ဆောင်ရွက် သွားမယ်’’ဟုလည်း ဗိုလ်မှူး မိုက်ကယ်က ဆိုသည်။

မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍ KNU/KNLA – PC က သတင်းစာ ရှင်းလင်းပွဲတခုကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်တွင် နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ၁၉၉၁/၁၉၉၂ ခုနှစ်တွင် အဆင့်မြင့် မြေကွက်များ ဖော်ထုတ်ရာ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၈ ရပ်ကွက် ရှိ မြေလွတ်များကို သိမ်းဆည်းခဲ့ပြီး ယင်းမြေလွတ်များတွင် လုပ်ကိုင် စားသောက်နေသည့် လယ်သမားများအား အခြားနေရာများတွင် နေရာချထား ပေးခဲ့ကြောင်း၊ လက်ရှိတွင် တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ၂ ခု ပြုလုပ်ရန် အဆိုပါ မြေနေရာအား အသုံးပြုမည် ဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန လမ်း၊ တံတားမှ လက်ထောက် ဌာနမှူး ဦးဇော်မောင်ထွေးက လည်း အဆိုပါ အငြင်းပွားမူ ဖြစ်ပွားနေသည့် မြေနေရာမှာ လက်ရှိ အကောင်အထည် ဖော်နေသည့် တန်းဖိုးမျှတ အိမ်ရာ စီမံကိန်း အပိုင်း ၁ နှင့် အပိုင်း၂ မြေနေရာများဖြစ်ပြီး ယင်းမြေများသည် ပလပ်မြေများ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနေရာတွေက ကျနော် တာဝန်ကျတုန်းကတည်းက ပလပ်မြေဖြစ်တယ်။ နောက်ပြီး ဒီနေရာက တန်းဖိုး မျှတ အိမ်ရာ ဆောက်ဖို့ အပိုင်း ၂မြေနေရာလည်း ဖြစ်တယ်။ လက်ရှိ နေတဲ့ ကျူးကျော်တွေ ကို ထောက်ပံကြေး ၁၀ သိန်း ပေးတာကို ကျနော်က ဘာလိုလို လုပ်သလို အသံတွေ ထွက်နေတယ်။ ၁၀သိန်း ဆိုတာက ကော်မတီက ပေးတာ’’ဟု ဦးဇော်မောင်ထွေး က ပြောဆိုသည်။

ယခုနေရာကို စီမံကိန်းနေရာဟု မြို့နယ်စည်ပင်က ပြောဆိုရာ မည်သည့် စီမံကိန်း ဖြစ်ကြောင်းကို အသေးစိတ် ရှင်းပြခြင်း မရှိကြောင်း ၊ အငြင်းပွားနေသည့် မြေနေရာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် တဲဆောက်လုပ်ထားရာ ယင်းတဲကိုလည်း လာရောက် ဖျက်ဆီးသွားကြောင်း ဗိုလ်မှူးမိုက်ကယ် က ပြောပြ သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KNU/KNLA – PC မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စောအောင်ထူး အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၄င်းအနေဖြင့် ယင်းကိစ္စအား မသိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေ သကြီးအတွင်း မြေ၀ယ်ယူမူကိုလည်း ဌာနချုပ်သို့ တင်ပြလာခြင်း မရှိသေးကြောင်း ပြောဆိုသည်။

“ဒီပြဿနာက ကျနော် မသိသေးဘူး။ စီးပွားရေး တာဝန်ခံတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ လူကြီးတွေကို တင်ပြကြတာ။ ဒါနဲ့ ပတ်သက်ပြီး ဌာနချုပ်ကိုတော့ ဘာမှ တင်ပြထားတာ မရှိသေးဘူး။ ပြန်ပြီးတော့ လူကြီးတွေကို မေးရဦးမယ်’’ဟု ဗိုလ်ကြီး စောထူး အောင်က ဆိုသည်။

မြောက်ဒဂုံမြို့နယ်တွင် မြို့သစ် စီမံကိန်း စတင်ခဲ့ချိန်မှစ၍ နေထိုင်ခဲ့သူ ၄၈ ရပ်ကွက် ဒေသခံ ဦးသန်းအေး ကလည်း“အရင်ကတော့ ဒါက ပလပ်မြေပါ ။ ၁၉၉၀ ခုနှစ် လောက်မှာ U.9 ဆိုပြီး အဆင့်မြင့် မြေ ကွက်တွေ ဖော်ထုတ်မယ်ဆိုလို့ ဒီနေရာမှာ လုပ်ကိုင် စားသောက် တဲ့ လယ်သမား တွေကို ရွှေ့ခိုင်းခဲ့တယ်။ အခြားနေရာမှာ မြေပြန်ချပေးခဲ့တယ်။ ပြီးတော့ အဲဒီနေရာမှာ ကျူးကျော် အိမ်ထောင်စု ၅၈ ခုလောက်နေ ခဲ့တယ်။ ၄၈ ခု ကိုတော့ ပြောင်းရွှေ့ ထောက်ပံ့စရိတ် ၁၀သိန်းစီ ပေးခဲ့တယ်လို့ သိရတယ်။ အခု တော့ အိမ်ထောင်စု ၉ ခု လောက်ပဲ ကျန်တော့တယ်’’ဟု ပြောဆိုသည်။

Credit : Here

ပြည်ထောင်စု ဝန်ကြီးများထက် နေပြည်တော် ကောင်စီဝင်တို့ အခွင့်အရေး ပိုမိုနေခြင်းအား ဖွဲ့စည်းပုံကို ပြင်ဆင်လိုဟုဆို

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အစိုးရအဖွဲ့ ပြည်ထောင်စု ဝန်ကြီးများ၏ အခွင့်အရေး အရည်အချင်း ကန့်သတ်ချက်များနှင့် နေပြည်တော် ကောင်စီဝင်တို့အား သတ်မှတ်ထားသော အခွင့်အရေး အရည်အချင်းသတ်မှတ်ချက်များ ကွာဟချက်များ ရှိနေခြင်းကြောင့် မလိုလားအပ်သည့် ပုဒ်မများကို ပယ်ဖျက်သင့်သည်ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇေယျာသော် က ပြည်ထောင်စု လွှတ်တော်တွင် ထောက်ပြဝေဖန် ဆွေးနွေးလိုက်သည်။

“နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းချင်း အတူတူ ပိုမိုပြီးအခွင့်အရေးတွေပေးထားတဲ့ ပုံစံဖြစ်နေတဲ့ အတွက် ပုဒ်မ၂၈၆ ပုဒ်ခွဲ ၃ (ခခ) ကို ပယ်ဖျက်လို ခြင်းပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် NLD ပါတီအမတ် ဦးဇေယျာသော်က ဆိုသည်။

ပြည်ထောင်စုဝန်ကြီးသည် အသက်(၄၀)ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားသော် လည်း နေပြည်တော် ကောင်စီဝင်အတွက်ကိုမူ အသက်(၃၅) ပြည့်ပြီးသူဖြစ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥ ပဒေတွင် အတည်အလင်း ဖော်ပြထားခြင်းကို လွှတ်တော်ကိုယ်စားလှယ်က ဆိုလိုခြင်းဖြစ်သည်။

ဦးဇေယျာသော်ကပဲ “ရာထူးကနှုတ်ထွက်ရမယ် သို့မဟုတ် တာဝန်မှရပ်ဆဲခံရတဲ့ တပ်မတော် သား နေပြည်တော်ကောင်စီ ဝင်တွေနဲ့ ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်ဆိုတဲ့ စကားရပ် ပါဝင်လာပါတယ်၊ ဝန်ထမ်းချင်းအတူတူ ပိုမိုပြီးအခွင့် အရေး ပေးထားတဲ့ ပုံစံဖြစ်နေတယ်” ဟု ရှင်းပြသည်။

နေပြည်တော်ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသည့်အတွက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ပျဉ်းမနားမြို့တွင် ပထမဆုံးအကြိမ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်သူ ဦးသာချို(ခ) ဦးကျော်မင်းဇော်သည် သည် ပုဒ်မ ၁၈ ဖြင့်အပြစ်ပေးခံ ရပြီး ထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ ရသည်။

ဦးသာချို ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းမှာ နေပြည်တော်ကောင်စီအား အဖွဲ့များအား ပြည်သူကတိုက် ရိုက်ရွေးချယ်ခံ ကိုယ်စားလှယ် များဖြင့် ပြန်လည်ဖွဲ့စည်း ပေးရန်နှင့် ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

Credit : Here

ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (၂)

ဦးအောင်သောင်းက ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဟန့်တားနေတယ်လို့ စွပ်စွဲပြန် ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ပေါက်ရေး စတင်ဆောင်ရွက်ခဲ့သူများထဲမှာ ဦးအောင်သောင်းဟာ ထိပ်ဆုံးကပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထဲထဲဝင်ဝင်လေ့လာ ကြည့်မယ်ဆိုရင် သိနိုင် မှာဖြစ်ပါတယ်။ ဒီမိုကရေစီပေါ်ပေါက်လာပြီးတော့လည်း ဒီမိုကရေစီကို ကျင့်သုံး နိုင်ရေး ဆောင် ရွက်တဲ့ အခါမှာလည်း အဓိက အခန်းကဏ္ဍကနေ အားကြိုးမာန် တက် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး ကနေ ဒီမိုကရေစီအရေးကိုကူးပြောင်းရေးဆောင်ရွက်တဲ့နေရာမှာ မည်သူတွေပါဝင်ပြီး မည်သူတွေ မပါဘူး ဆိုတာ လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ် နေမှာဖြစ် ပါကြောင်း ဖော်ပြအပ်ပါတယ်။

နောက်အစိုးရသစ်လက်ထက်မှ ဖွဲ့စည်းပုံပြင်မည့်အပေါ် သဘောထားအမြင်များ

ရှေ့နေဦးကိုနီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး စည်းရုံးဟောပြောလှုပ်ရှားသူ)

“ဖွဲ့စည်းပုံပြင်ဆင်ရေးကို လက်ရှိ အာဏာရပါတီအနေနဲ့ ဖြစ်နိုင်သမျှ မပြင်ချင်ဘူး ဒါ့ကြောင့် အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေတယ်လို့ပဲ ယူဆတယ်။ ၃၁ ဦးကော်မတီက ပေးတဲ့ အစီရင်ခံစာကို လေ့လာကြည့်တဲ့အခါမှာလည်း ပြင်ချင်တဲ့ စိတ်စေတနာမရှိဘူး။ ပြင်ဖို့ စဉ်းစားတဲ့ ပုဒ်မ ၂၁၀ မှာ ပြင်သင့်ကြောင်း ထောက်ခံတဲ့ပုဒ်မက ၁၄ ခုပဲ ရှိတယ်။ တိုင်းပြည်အတွက် အရေးအင်မတန်ကြီးတဲ့ လုံးဝ ဒီမိုကရေစီစံနှုန်းနဲ့ မညီလို့ ပြည်သူလူထု ပြင်ဆင်ချင်ပါတယ်ဆိုတဲ့ အချက်တွေအားလုံးကို တို့ထိထားတာကို မရှိဘူး။ ဒါကိုကြည့်လိုက်ရင် ပြင်ချင်တဲ့စိတ်စေတနာ လုံးဝမရှိဘူး။ ဒါကြောင့်မို့ ဒီလို အချိန်ဆွဲတာဟာ သိပ်တော့ မအံ့သြပါဘူး။ ကျနော့်အနေနဲ့ကတော့ လွှတ်တော်အတွင်းကနေ ပြင်ဆင်ဖို့ဆိုတဲ့ လမ်းကြောင်း ဟာ ဒီလွှတ်တော်မှာတော့ မအောင်မြင်နိုင်ဘူး။”

ဦးမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

“အရမ်းစိတ်ပျက်တယ်ဗျာ၊ အဲဒီစကားကြားရတော့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဖြစ်စေချင်တာ အခု ချက်ချင်း အကုန်လုံးပြင်လို့ ပြောနေတာ မဟုတ်ဘူး။ ပြင်သင့်ပြင်ထိုက်တဲ့ ဟာတွေကို ၂၀၁၅ မတိုင်ခင်မှာ ပြင်ပါ ၊ ၂၀၁၅ ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါကျတော့လည်း ဆက်ပြင်ပါ ဒီလိုပုံစံမျိုး သွားတာ။ ဘယ်သူ့ဘယ်သူမှ သာစေနာစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်အကျိုးအတွက်ပဲ ပြောတာ။ အဲ့တော့ ဖွဲ့စည်းပုံ မပြင်ဘဲနဲ့ လုပ်မယ့် ရွေးကောက်ပွဲကတော့ ပြည်သူလူထု လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဘယ်လိုလုပ် ရှိမှာလဲ။”

ဗိုလ်မှူးကြီး ခွန်ဥက္ကာ (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)

“၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်မယ်ဆိုရင်တော့ ဖွဲ့စည်းပုံမပြင်ဘဲ ရွေးကောက်ပွဲလုပ်ရင် မတရားဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောထားတာနဲ့က တော်တော်ကြီးလွဲနေတော့ ပြည်သူတွေရဲ့ဆန္ဒ အတိုက်အခံ အန်အယ်လ်ဒီရဲ့ဆန္ဒ ဘယ်လို ဖြစ်လာမလဲဆိုတာ စိုးရိမ်မိ တယ်။ ကျနော်တို့ကတော့ ၂၀၀၈ ကိုလည်း လက်မခံဘူး။ ပြင်တဲ့ဟာကိုလည်း လက်မခံဘူး။ အခုဟာက ဦးရွှေမန်းကိုယ်တိုင်က ၂၀၁၅ အထိ ရွှေ့မယ်ဆိုတော့ လွှတ်တော်တွင်းမှာ ပြင်ခွင့်ရှိတဲ့ဟာကိုပါ ပိတ်ပင်လိုက်တဲ့ သဘောဖြစ်သွားတာ။”

ဦးအေးသာအောင် (UNA သဘာပတိ အဖွဲ့ဝင်)

“‘ဒါမရေရာတဲ့ သဘော၊ ကျနော်တို့က တိုင်းပြည် အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ ရွေးကောက်ပွဲ မကျင်းပမီ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြုပြင်သင့်တဲ့ အရာတွေကို ပြုပြင်ဖို့လိုမယ်။ ပြောင်းလဲသင့်တဲ့ အရာတွေကို ပြောင်းလဲရမယ်။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ အရေးကြီးတယ်။ မပြင်တော့ဘူးဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲသည်ပင် မရေရာတဲ့ သဘော ဘာမှ တိုင်းပြည်အတွက် ရွေးကောက်ပွဲရဲ့ ဟိုဘက်မှာ ထူးမခြားနား ဖြစ်မယ့် သဘောမျိုးလို့ ပြောချင်တယ်။ ရွေးကောက်ပွဲ ကျင်းပရုံနဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ပါဘူး။ အဓိက ပြုပြင်ပြောင်းလဲဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့က အဓိက ကျတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမတိုင်မီ ပြောင်းသင့်တဲ့ ပြင်သင့်တဲ့ အရာတွေ ပုဒ်မတွေကို ပြင်လိမ့်မယ်လို့ ကျနော်တို့ ထင်ခဲ့တယ်။ အားလုံး မပြင်နိုင်ရင်တော့ တချို့ပုဒ်မတွေ ပြင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ၂၀၁၅ မတိုင်မီ လုံးဝ မပြင်ဘူးဆိုတော့ ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ လူတယောက်အနေနဲ့ အတော်ကို စိတ်ပျက်မိတယ်။ ဒါက မဖြစ်သင့်ဘူး။ တတ်နိုင်သလောက် ၂၀၁၅ မတိုင်မီ ပြင်သင့်တယ်။”

ဦးစောသန်းမြင့် ဦးစောသန်းမြင့်

ဦးစောသန်းမြင့် (ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း)

“၂၀၁၅ ဟိုဘက်ဆိုရင်လည်း တပ်မတော်က မလျော့မချင်း ပြင်ဖို့ မလွယ်ဘူး ကျနော်တို့ ဖြစ်စေချင်တာက အခုနှစ်အတွင်းမှာကို တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုက မလျော့နိုင်ဘူး ဆိုတော့ ၂၀၁၅ အပြီး ၂၀၂၀ မှာရော တပ်မတော်ရဲ့ ပါဝင်မှုရာခိုင်နှုန်းဟာ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရှိဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ပြင်မလဲဗျာ။ တကယ်လို့ နောက်သက်တမ်း တွေမှာလည်း တပ်မတော်ရဲ့ပါဝင်မှု ၂၅ ရာခိုင်နှုန်းကို ကာချုပ်ကြီးက မလျော့နိုင်ဘူးဆိုရင် အခြေခံဥပဒေ ပြင်ဖို့ဆိုတဲ့ ကျနော်တို့အားလုံး နိုင်ငံရေးပါတီ အားလုံးရဲ့ မျှော်လင့်ချက် ပြည်သူ အားလုံးရဲ့ မျှော်လင့်ချက်ဟာ အင်မတန်ကို ရင်လေးစရာကောင်းတယ်ဗျ။”

ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

“၂၀၁၅ မတိုင်ခင် ၆ လအလိုမှာ ဖွဲ့စည်းပုံ ပြင်ပြီးမယ်လို့ ဦးရွှေမန်းပြောခဲ့တဲ့ စကားရှိတယ်လေ။ အစကတည်းက ကျနော်တို့ မယုံဘူး။ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံဖြစ်အောင်လုပ်ဖို့က ကျန်နေသေးတာကိုး။ လွှတ်တော် ဥပဒေကြောင်းအရကြည့်ပြီး ဟိုဟာဖြုတ် ဒီဟာတပ်တော့ ရတာ ပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံရေးလိုအပ်ချက်တွေနဲ့ ထင်ဟပ်အောင်လုပ်မယ်ဆိုရင်တော့ ဘယ်ပြီးနိုင်မလဲ။ ဒါ့ကြောင့် မပြီးနိုင်ဘူးလို့ ကျနော်တို့က အစဉ်တစိုက်ပြောလာတာပေါ့။ ခုတော့ မပြီးနိုင်ဘူးဆိုတာ သေချာသွားပြီ။ ၂၀၁၅ မှာ ပြည်သူတွေက တကယ်လို့သာ ဒီမိုကရေစီ အင်အားစုတွေကို ရွေးချယ်ပြီးမဲပေးလိုက်မယ်ဆိုရင် မလွဲမသွေ ဒီမိုကရေစီ အခြေခံဥပဒေကြီး ဖြစ်အောင်၊ နောက်လွှတ်တော်သက်တမ်းမှာ ပြင်လောက်တဲ့ အနေအထား တွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့ရဖို့ လိုတယ်။ ငြိမ်းချမ်းရေးမရဘဲနဲ့ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်အစိုးရပဲ တက်တက် ဘယ်လွှတ်တော်ပဲ တက်တက် ဒီမိုကရေစီ စံနှုန်းတွေ ပြည့်စုံတဲ့ အခြေခံ ဥပဒေဖြစ်ဖို့ ဆိုတာကတော့ မျှော်လင့်လို့ မရပါဘူး။” ဦးဖေသန်း ဦးဖေသန်း

ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ)

လာမယ့် ၂၀၁၅ အလွန် ၂၀၁၆ ကျမှ ဒါတွေအတည်ဖြစ်မယ်ဆိုရင် မသင့်တော်ဘူးထင်တယ်။ ဒါပေမယ့် ဥက္ကဋ္ဌကြီးပြောတာ ကြားတော့ကြားတယ် ဘယ်လိုသဘောမျိုးနဲ့ ပြောလည်းတော့ မသိဘူး။ မနက်က ပြောတဲ့ဟာနဲ့ သူခုပြောတဲ့ဟာနဲ့ ကွာနေလို့။ အမှန် အခုဆွေးနွေးနေတဲ့ ဟာက အခု ၂၀၁၅ ရွေးကောက်ပွဲ မရောက်ခင် လုပ်စရာကိုင်စရာရှိတဲ့ လုပ်ငန်းတွေ အဆင်ပြေပါမှ ဖြစ်မှာ။ ဥပမာ ၅၉ (စ)လုံး လိုဟာမျိုး ၂၀၁၆ ဆို ဘာလုပ်တော့မှာလဲ ဒေါ်အောင်ဆန်းစုကြည် ၀င်ရေးအတွက် ကျနော်တို့ ဆွေးနွေးနေကြတာ။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ်တွေ အခြေခံဥပဒေကို ပြင်ဆင်တဲ့အခါမှာ ပုဒ်မ ၄၃၆ က ပိတ်ပင်ထားလို့ ကျနော်တို့ ဆွေးနွေးနေကြတာ။ ၂၀၁၆ မှာ ကျနော်တို့ကလည်း ရှိချင်မှ ရှိတော့မှာလေ။ ဦးရွှေမန်းလည်း ရှိချင်မှရှိတော့မှာ။ ၂၀၁၆ မှ ဒါတွေကို အတည်ပြုမယ် ဆိုတာတော့ သဘာဝမကျဘူးထင်ပါတယ်။ ‘ဥက္ကဋ္ဌကြီးက ဘယ်လိုပုံစံမျိုးပြောလိုက်တယ်ဆိုတာ ကျနော်တို့က အတည်ပြုချက်မရသေးဘူးခင်ဗျ။ ကြားတော့ ကြားနေတယ်’။ ဒါပေမယ့် ကျနော်ကတော့ လက်တွေ့ အခြေအနေနဲ့ တော်တော်ကို လွဲနေတယ်လို့တော့ ထင်တယ်။”

By (ဒီဗွီဘီ)ပီတာအောင်
http://burmese.dvb.no/archives/71368

တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးရေး ရခိုင်ပြည်နယ်လွှတ်တော် အတည်ပြု



ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင် တိုင်းရင်းသားကျေးရွာတွေ ထူထောင်ပေးဖို့ ရခိုင်ပြည်နယ် အစိုးရကို တိုက်တွန်းကြောင်း အဆို ကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပါတယ်။

ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ ရခိုင်တိုင်း ရင်းသားအရေအတွက်ဟာ ၄ ရာခိုင်နှုန်းခန့်သာ ရှိတာကြောင့် အဲဒီ့ဒေသမှာ ရခိုင်တိုင်းရင်းသားတွေ ပျောက်ကွယ်မသွားဖို့ရည်ရွယ်ပြီး အစိုးရကို တိုက်တွန်း တာလို့ အဆိုတင်သွင်းသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ရဲ့ ပထဝီအအနေအထားနဲ့ လုံခြုံရေးအရ ကာကွယ်လို့လဲ ရနိုင်မယ့်အနေအထား မရှိ ဘူးပေါ့နော်၊ ဒီနေ့ ဘင်္ဂါလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေမှာ ရခိုင်လူမျိုးတွေထက် ရာနှုန်း အများကြီး နေထိုင်ကြတယ်၊ ဒီအတိုင်းသာဆိုရင် မကြာမီ ရခိုင်လူမျိုးပျောက်ပြီးတော့ ဒီနယ်မြေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရောက်သွားမှာပေါ့နော်၊ ဒါကို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရခိုင်ပြည်နယ်အစိုးရကို အဆိုတင်ရခြင်းဖြစ်တယ်"

ရခိုင်ပြည်နယ်မှာ ကိုလိုနီနယ်ချဲ့တွေ အုပ်ချုပ်ခဲ့တဲ့အချိန်ကစပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေ အကြား ခေတ်အဆက်ဆက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားတွေက နီးစပ်ရာမြို့ နယ်တွေကို ထွက်ပြေးနေထိုင်ခဲ့ကြရတယ်လို့လည်း ဦးတက်ထွန်းအောင်က ပြောခဲ့ပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခံဆွေးနွေးပြီး ကန့်ကွက်တဲ့သူမရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ရဲ့ ရခိုင်ပြည်အနှံ့မှာနေထိုင်နေကြတဲ့ ရခိုင်တိုင်းရင်း သားတွေကို စုဆောင်းပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ ထူထောင်တည်ဆောက်ပေးဖို့ ဆိုတဲ့အဆိုဟာ အမှန်တကယ်မှာ လက်တွေ့မကျဘူးလို့ ရခိုင်ဒေသ ခံတွေက ပြောကြပါတယ်။

RFA Burmese

၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်မည်ဟု ဦးရွှေမန်းပြော



စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက် လာသော လွှတ်တော်က ဆက်လက် ပြင်ဆင်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မည်ဟု မကြာခဏပြောဆိုနေခဲ့ ရာမှ နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာလျှင် ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ယင်းဥပဒေ အရ ပေါ်ပေါက်လာသော လွှတ် တော်၊ အစိုးရအဖွဲ့များ အပါအ၀င် မဏ္ဍိုင်များ ဆက်လက်ရပ်တည်ရေး မဖြစ်နိုင်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု ဆန္ဒခံယူပွဲကို ၂၀၁၅ မေလတွင် ကျင်းပပြုလုပ် မည်ဖြစ်ပြီး ရလဒ်များကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာမည့် လွှတ်တော်က ဆက်လက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဦးရွှေမန်းက ဆိုသည်။

“ဒီသက်တမ်းမှာ ကြားပေါက် ခုနက ပြင်လိုက်တာကို ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ ခင်းကျင်းထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခင်းအကျင်း ၊ ကျန်တဲ့ အခင်းအကျင်းတွေက အကုန် ပြောင်းလဲသွားပြီ ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်။ ထွက် ပေါ်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူပဲ ၊ လွှတ်တော် သက်တမ်း စတဲ့ နောက်ပိုင်းမှာ ခုနက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက် သွားမယ်” လို့ ဦးရွှေမန်း က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတခု ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းနောက် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ပြီး လူထု ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း၊ အခြေခံဥပေဒ ပြင်ဆင်ရေးတွင် သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ သဘောထားသည် အရေးကြီးကြောင်း ဦးရွှေမန်းက ဆက်လက်ပြောဆိုသည်။

“အားလုံးဝိုင်း အကူအညီ ပေးကြပါ။ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတဲ့ ကိစ္စက အင်မတန် ခက်ခဲတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အဲဒီ အတွက်လည်း စနစ်တကျ ပြီးမြောက်အောင် ဥပဒေများ ပြဋ္ဌာန်း ပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ထွက်ပေါ် လာမယ့် ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တပတ် လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ် အတည်ပြုမယ်။ အဲဒီ အချက် ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တချို့ကိစ္စတွေက ပြည်သူ့ဆန္ဒ ခံယူရမယ်။ အဲဒါကို လာမယ့် ၂၀၁၅ မေလ အတွင်းမှာ ဆောင်ရွက်မယ် ” ဟု ဦးရွှေမန်းက ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကိုမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ သတ်မှတ်ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုတွေကို ဆောင်ရွက်လို့ မရဘူး။ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာတဲ့ အဖြေ ပေါ်မူ တည်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို အချိန်ကိုက်ဝင်နိုင်အောင် အထူး ၀ီရိယထား ဆောင်ရွက် နေပါတယ်” ဟု ဦးရွှေမန်းက ရှင်းပြသည်။

လတ်တလော လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်( NLD) လွှတ်တော်ကိုယ်စားလှယ်များအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ပေါ်ပေါက် လျက်ရှိပြီး ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်လျက်ရှိသည်။

Credit : Here

ငြိမ်းချမ်းရေး ဆောင်ရွက် နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့် SNLD ပြော



အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံးသင့်ကြောင်း ၊ ခေတ္တ ရပ်နား ထားသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က ပြောသည်။

“ငြိမ်းချမ်းရေး ရဖို့တွက် ဆွေးနွေးတယ် ဆိုတဲ့ အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။

မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါဝင်မှုအားနည်းနေသည်ဟုသိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာ တယ်။ ကြောက်ရင် လည်း ကြောက်မှာပေါ့” ဟုဆိုသည်။

ABSDF အနေနှင့် ကျဆုံးသွားသောရဲဘော်များအားတစ်နိုင်ငံလုံးကိုယ်စားပြု ဂုဏ်ပြုပွဲများ လုပ်မည်ဆိုလျှင် ပုဒ်မ ၁၇ (၁) ကြောင့်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်မရဘဲ အစိုးရနှင့်ညှိပြီးလုပ်ရသည်။ ပြည်နယ်အစိုး ရနှင့်လည်းညှိရသည်ဟု ၄င်းကပြောသည်။

“အစိုးရအနေနဲ့၁၇ (၁) ကိုကိုင်ထားတယ်ဆိုတာကျနော်တို့ သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့အတွက် အဓိက လုပ်ထားတာဘဲ” ဟု ၄င်း၏အမြင်ကိုပြောသည်။

အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေသောလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း သတ်မှတ်ထား သည့်အတွက် ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်ရန် အဟန့်အတားတစ်ခုဖြစ်နေကြောင်း တိုင်းရင်း သားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်ဒွဲဘူ ကပြောသည်။

အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးလျှင် မတရားအသင်းကို ဖျက်သိမ်း ဖို့ နှစ်ဘက်သဘောတူညီမှု ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးသည့် အခါ ခေတ္တ ဖြုတ် ထားကြောင်း မြန်မာ ငြိမ်းချမ်းရေးဗဟိုဌာနMPC မှအပစ်အခတ်ရပ်စဲရေးဒါရိုက်တာဒေါက်တာမင်းဇော်ဦးက ပြောပါသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
https://www.facebook.com/Panglong.burmese

သိပ္ပံလမ်းပေါ်က ပြည်သူတွေ မသိသေးတဲ့ မန္တလေးစည်ပင်ရဲ့ လျို့ဝှက်စီမံကိန်း



မန္တလေးတိုင်း ဒေသကြီး သိပ္ပံလမ်းမပေါ် ၆၉ လမ်းနှင့် ၇၃ လမ်းကြား၊ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်ရွာ ကြားတွင် မည်သူမှမ၀င်ရ၊ မေးမြန်းခွင့်မရ၊ ဓာတ်ပုံ ရိုက်ခွင့်မရသော လျို့ဝှက်စီမံကိန်း တစ်ခု ဆောင် ရွက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“ဒီနေရာက အရင်ကတည်းက မြေကွက်လပ်ကြီး ပါပဲ၊ တကယ့် နေရာကောင်း ကြီးဆိုတော့ မြို့သူ၊ မြို့သား ဒေသခံတွေက ဒီနေရာ ဘာလုပ်မှာလဲဆိုပြီး စိတ်ဝင်စားနေကြတာ”ဟု မန္တလေးတိုင်း ဒေသကြီးတွင် နေထိုင်သော ဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။

အဆိုပါ စီမံကိန်းမှာ မည်သည့် စီမံကိန်းမှန်းလည်း မည်သူမှ မသိရှိကြကြောင်းနှင့် ပြင်ပတွင် စည်ပင် ဆိုင်းဘုတ် ထောင်ထားသည်ကို မြင်တွေ့ရသည်။

“စီမံကိန်းဆိုပြီး ဘာဆိုင်းဘုတ်မှတော့ တပ်မထားဘူး၊ လမ်းပိတ်ထားတယ်ဆိုတဲ့ ဆိုင်းဘုတ်မှာ မန္တလေး စည်ပင်တံဆိပ်ပါတော့ စည်ပင်က လုပ်တာလို့ ယူဆရပါတယ်၊ ဘယ်သူနဲ့ အကျိုးတူ လုပ်တာ လဲ၊ ပြည်တွင်းနဲ့လား ၊ပြည်ပနဲ့လား၊ ဘယ်လို အကျိုးတူ ဆောင်ရွက်တာလဲ၊ ဘာစီမံကိန်း လဲ၊ ပြည်သူကိုဘာလို့ အသိမပေးတာလဲ၊ နိုင်ငံတော် ခွင့်ပြုချက်နဲ့လား၊ လွှတ်တော်တွေကရော သိရဲ့လား ဆိုတဲ့ မေးခွန်းတွေ တော်တော် များပါတယ်၊ မန္တလေးမြို့ အာဏာပိုင်တွေဟာ စီမံကိန်းတိုင်းကို လျို့ဝှက် လုပ်တာ များနေတယ်၊ ပွင့်လင်းမြင်သာမှု မရှိတာ နာမည်ကြီး နေပါတယ်” ဟု အဆိုပါ ဒေသခံတစ်ဦးမှ ဆက်၍ ပြောကြားခဲ့သည်။

Tomorrow သတင်းဂျာနယ်