Thursday, June 12, 2014

ဗိုလ်ချုပ်ထိန်မောင် KNU/KNLA P.C မှ ထုတ်ပြန်တဲ့ ကြေညာချက် (မြန်မာဘာသာပြန်)

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဗဟိုဌာနချုပ်
ထို့ကော်ကိုး၊ ကရင်ပြည်နယ်

၂၀၁၄ ခုနှစ်၊(၂) ရက်နေ့နှင့် (၃) ရက်နေ့များက မန်းငြိမ်းမောင်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ တွင် ကရင်အမျိုးသားအားလုံးကို ကိုယ်စားပြုသည်ဟုဆိုပါသည်။ ထို့ပြင်၎င်းက UNFC နှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ကို ကိုယ်စားပြုသည့် NCCT တို့ကိုပါ ကိုယ်စားပြု၍ ကြေညာချက်ထုတ်ပြန်သည်ဟု ဆိုပါသည်။


ယင်းပြောကြားချက်များ လုံးဝမဟုတ်မမှန်ပါကြောင်းနှင့် ၎င်း၏ကိုယ်ကျိုးစီးပွားကိုသာ ရှေ့ရှုပြောဆိုခြင်း ဖြစ်ပါသည်။ KNU အမည်ကို အသုံးပြုရုံမျှဖြင့် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုပါ။ ထို့ပြင် မြန်မာ အာဏာရှင်အစိုးရမှ သတ်မှတ်ထားသလို KNU သည် ကရင်တမျိုးသားလုံး၏ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ကရင်အမျိုးသားတို့သာလျှင် ကရင်အမျိုးသားတို့ ၏အနာဂတ်နှင့် ပန်းတိုင်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။

စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မန်းငြိမ်းမောင်က ဝေဖန်တိုက်ခိုက်ပြောကြားခဲ့ပါသည်။ သို့သော် ဗမာ လူထုအပါအဝင် တိုင်းရင်းသားအားလုံး ၉၀% ကျော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံနေကြပါသည်။ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အနေနှင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လုံးဝယုံကြည်ထောက်ခံပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုကိုယ်စားပြုသည့်ဖွဲ့စည်းပုံအဖြစ် သို့ ပြင်ဆင်ပြောင်းလဲခြင်းမပြုလျှင် မြန်မာနိုင်ငံ၏အခြေအနေမှာ ကျဉ်းထဲကြပ်ထဲတွင် ပိတ်မိနေမည် ဖြစ်ပါသည်။ မြန်မာအစိုးရ အလိုတော်ရိများ၊ စိတ်ဓာတ်အောက်တန်းကျညံ့ဖျင်းသူများနှင့် ကိုယ်ကျိုး စီးပွားရှာအတ္တသမားများသာလျှင် အစိုးရအလိုတော်ကျ ဖွဲ့စည်းပုံမပြင်ဆင်ရေးကို လူထုအားဆန့်ကျင်ပြီး ပြောင်ကျကျ ထုတ်ဖော်ပြောဆိုနေကြပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ လွတ်လပ်ခွင့်အတွက် ကြိုးပမ်းလှုပ်ရှားနေကြသော တိုင်းရင်းသားလူမျိုးများနှင့် ဗမာအမျိုးသားများ အားလုံး ကို ထောက်ခံလျက်ရှိပါသည်။ လူထုဆန္ဒနှင့်အညီ ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်နေကြသော မည်သည့် နိုင်ငံရေးအင်အားစုနှင့်မဆို အနီးကပ် လက်တွဲလုပ်ကိုင်သွားမည်ဖြစ် ပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီအနေနှင့် ၂၀၀၆ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ တွင် ငြိမ်းချမ်းရေးစကားမပြောမီ တပ်မဟာ (၇) နယ်မြေအတွင်းရှိ မြန်မာ စစ်တပ်များအရင်ဆုတ်ခွာပေးရမည် သို့မဟုတ်ပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲမလုပ်နိုင်ဟု အခိုင်အမာ ရပ်တည်ပြောဆိုခဲ့ပါသည်။ အဆိုပါအခြေအနေကို နှစ်ဘက်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ရက် သတ္တပတ် (၂) ပတ်ကြာမြင့်ခဲ့ပါသည်။ ရန်ကုန်တွင် ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ တပ်မဟာ (၇) နယ်မြေအတွင်းမှ မြန်မာစစ်တပ်များ အရင်ထွက်ခွာသွားပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးထိန်မောင်၊ ဗိုလ်ချုပ်လယ်မူးနှင့် ဒေါက်တာတင်မိုသီတို့မှ အခိုင်အမာ တောင်းဆိုခဲ့ပါသည်။ အဆိုပါအချိန်များအတွင်းက မြန်မာအစိုးရနှင့် အလွန်ခက်ခဲသော ထိပ်တိုက်ညှိနှိုင်းဆွေးနွေးမှုများ ခဲခဲယဉ်းယဉ်း ပြုလုပ်ခဲ့ရသည့် ဖြစ်စဉ် ဖြစ်ရပ်အလုံးစုံကို ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ၏ သား ဗိုလ်ချုပ်နယ်ဒါးမြကိုယ်တိုင် သိရှိခဲ့ပါသည်။

တပ်မဟာ (၇) ကို ဗိုလ်ချုပ်ကြီးထိန်မောင်၊ ဗိုလ်ချုပ်လယ်မူးနှင့် ဒေါက်တာတင်မိုသီတို့မှ ဦးဆောင်ပြီး မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးမဆွေးနွေးမီ အောက်ပါ မူဝါဒ သုံးရပ်ချမှတ်ထားခဲ့ပါသည်။

၁။ မိမိတို့နယ်မြေများ ပြန်လည်ရရှိရေး

၂။ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးရည်ရွယ်ချက်များကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ကရင်စစ်သား များကို ကရင်လူထုများအတွင်း သွားလာနေထိုင်ခွင့်ပြုရန်

၃။ ကရင်ပြည်နယ်ကို ဗမာများ မအုပ်ချုပ်ဘဲ ကရင်များကသာ အုပ်ချုပ်ရန်

ကရင်ပြည်နယ် အေးချမ်းတည်ငြိမ်စေရေးအတွက် အထက်ပါ အချက် (၃) ချက်အပေါ်တွင် အခြေခံကာ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးကိုဗန်းပြကာ ကျွန်ုပ်တို့ကရင်တိုင်းရင်းသားများ၏ အနာဂတ်အရေးများကို ဖိနှိပ်ချုပ်ခြယ်သော မြန်မာအစိုးရထံ ရောင်းစားနေသော အကျင့်ပျက် ကရင်အမျိုးသားခေါင်းဆောင်အမည်ခံသူများအား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ကန့်ကွက်ရှုတ်ချလိုက်ပါသည်။

ငြိမ်းချမ်းရေးဟူသည်မှာ အလွန်ရိုးရှင်းလှပါသည်။ စစ်မှန်သောငြိမ်းချမ်းရေးဆိုသည်မှာ လူထုအကျိုးကို ရှေးရှုကာ ရိုးသားမှုနှင့် မျှဝေခံစားနိုင်မှုအပေါ်တွင် ဖြစ်တည်ပါသည်။ မကြာသေးမီက ကျွန်ုပ်တို့ကြားခဲ့ ရသော ငြိမ်းချမ်းရေးမိန့်ခွန်းထဲတွင် ရန်သူကို မိမိတို့ ကရင့်နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ကရင် အမျိုးသားတို့၏ အနာဂတ်ကို တည်ဆောက်ရန် ဖိတ်ခေါ်ထားသော စကားများမှာ ငြိမ်းချမ်းရေးနှင့် လုံးဝ ဆန့်ကျင်နေပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ပေါ်ပေါက်မလာနိုင်ပါ။ ကျွန်ုပ်တို့လိုချင်သော စစ်မှန်သည့် ငြိမ်းချမ်းရေးဆိုသည်မှာ လွတ်လပ်ခွင့်နှင့်အတူ ကျွန်ုပ်တို့လူမျိုးများ၏ဂုဏ်သိက္ခာ၊ ကျွန်ုပ်တို့ကိုယ်ပိုင်လူမျိုး လက္ခဏာများနှင့် နယ်မြေများကို လေးစားမှုတို့ဖြစ်သည်။ အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အတိတ်က ရရှိခဲ့သည့် အတွေ့အကြုံ များနှင့် သင်ခန်းစာများကို ကြည့်ပါ။ နှစ်ပေါင်း (၆၀) ကျော်ကြာအောင် ဗမာ စစ်တပ်နှင့် မြန်မာအာဏာရှင်အစိုးရတို့ ကျုးလွန်ခဲ့ သည့် စစ်ရာဇဝတ်မှုများမှာ ကျွန်ုပ်တို့ကရင်အမျိုးသား များနှင့် တိုင်းရင်းသားအားလုံးတို့၏ စိတ်ထဲတွင် ခြောက်ခြားတုန်လှုပ် မမေ့နိုင်ဖြစ်နေကြရပါသည်။ ဗမာအာဏာရှင်အစိုးရထံသို့ ကျွန်ုပ်တို့ကရင့်အနာဂတ်များကို ရောင်းမစားနိုင်ပါ။

ကရင်အမျိုးသားတို့၏ အကျိုးစီးပွား၊ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းစွာနေထိုင်ခွင့်တို့အတွက် ဆောင်ရွက်လှုပ်ရှား နေသည့် အင်အားစု များနှင့်သာ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အတူလက်တွဲ လုပ်ကိုင်လိုပါသည်။

ကရင်အမျိုးသားများမှာ ဖိနှိပ်မှုများ၊ အနာဂတ်မရေရာမှုများ ခံစားနေရဆဲအချိန်တွင် ဗမာသမ္မတ၊ တပ်ချုပ် မင်းအောင်လှိုင်တို့နှင့် ဓါတ်ပုံများအတူတွဲရိုက်ပြီး ကရင့်အနာဂတ်များကို ရောင်းစားနေသော အကျင့်ပျက် ခေါင်းဆောင်များကို မြင်ရတွေ့ရသည်မှာ အလွန်ရှက်ဖွယ်လိလိဖြစ်ပါသည်။ ငြိမ်းချမ်းရေးပုံဖော်နိုင်ရန် အတွက် မြန်မာအာဏာရှင်များနှင့် ယုံကြည်မှုတည်ဆောက်ရေး၊ မိတ်ဆွေအဖြစ် တည်ဆောက်ရေး လုပ်ငန်းများမှာ ဦးဆုံးလုပ်ရမည့်အလုပ်များ မဟုတ်ကြပါ။ တိုင်းရင်းသားအသီးသီးတို့၏ တည်ရှိမှုနှင့် ၎င်းတို့ ၏ နယ်မြေများကို လေးစားရေး၊ ဝင်ရောက် ကျူးကျော်တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးတို့သာလျှင် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဦးစွာပြုလုပ်ရမည့် အချက် များဖြစ်သည်။

ကျွန်ုပ်တို့ကရင်လူမျိုးများ အလိုရှိသောအရာမှာ ဗမာစစ်တပ်များ ကျူးကျော်ဝင်ရောက်ဖိနှိပ်မှုမှ ကင်းရှင်း ရေး၊ ကရင့်နယ်မြေကို ကရင်တို့သာ အုပ်ချုပ်ပြီး ကရင့်တည်ရှိမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ရေး တို့ဖြစ်သည်။

ကရင့်နယ်မြေနှင့် အခြားတိုင်းရင်းသားနယ်မြေများအတွင်း အာဏာပြဖိနှိပ်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ အားလုံး ရုပ်သိမ်းပြီး၊ မြန်မာစစ်တပ်များအားလုံး ဆုတ်ခွာပေးပြီး ရိုးသားမှုကိုပြသမှသာ ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်သည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောစဉ်အခါက မြန်မာ စစ်တပ်များအား ကရင်နယ်မြေများအတွင်းမှ ဆုတ်ခွာရုပ်သိမ်းပေးပြီးဖြစ်၏။ သို့သော်ယခုအခါ KNU က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောသည့်အခါတွင် မြန်မာစစ်တပ်များကို ကရင့်နယ်မြေအတွင်း ပြန်လည်သွတ်သွင်းလာရုံမျှသာမက ယခင်က မြန်မာစစ်တပ်များ အခြေမချဖူးသည့် နေရာများအထိပါ ဝင်ရောက်အခြေချခြင်းများကို ခွင့်ပြုထားရလေသည်။

ဗမာစစ်တပ်များကို ကရင့်နယ်မြေများအတွင်း ပြန်လည်သွတ်သွင်းလာသည့် လုပ်ရပ်များကို လုပ်ဆောင် နေသည့် အနည်းငယ်သော ကရင်ခေါင်းဆောင်တစ်စု၏ လုပ်ရပ်သည် ဟစ်တလာလက်ထက်က ကိုယ့်လူမျိုးကို ကိုယ်တိုင် ရန်သူ့လက် အပ်သည့် သစ္စာဖောက်ဂျူးများ၏ လုပ်ရပ်နှင့်တူနေပေတော့သည်။ ယခုကရင်ခေါင်းဆောင်တစ်စုသည်လည်း မိမိတို့ကရင့်တော်လှန်ရေးကို ဗမာအစိုးရလက်တွင်းသို့ ရောင်းစားနေကြကြောင်း သဘောပေါက်နားလည်ကြဟန်မရှိချေ။ ကျွန်ုပ်တို့ အဓိကလိုချင်သည်မှာ အကြမ်း ဖက် ဖိနှိပ်သော အာဏာရှင်များအား ကျွန်ုပ်တို့နယ်မြေအတွင်း ဝင်ရောက်လာခွင့်မပြုရန်နှင့် ကျွန်ုပ်တို့ မြေတွင် ကျွန်ုပ်တို့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခြင်းအား အနှောက်အယှက်မပေးရန်သာဖြစ်သည်။

ကျွန်ုပ်တို့တိုင်းရင်းသားများ အေးချမ်းလုံခြုံစွာနေထိုင်ရေးနှင့် မိမိတို့အနာဂတ်ကို မိမိတို့ဘာသာ ပုံဖော် တည်ဆောက်ရေးကို ခွင့်ပြုရန်ဖြစ်သည်။

ဗမာအစိုးရနှင့် ငြိမ်းချမ်းရေးစကားပြောခြင်းခြင်းကို အလျင်စလိုမလုပ်ဘဲ DKBA, KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ, KNU တို့ကြားတွင် ဦးစွာညီညွတ်ရေးတည်ဆောက်ပြီး တစ်ဖွဲ့တည်း၊ တစ်စုတည်းအနေနှင့်သာ ဆွေးနွေးရန် KNU ခေါင်းဆောင်များထံသို့ ကျွန်ုပ်တို့ စာရေးပြီး အကြံပြုခဲ့ပြီးဖြစ်ပါသည်။ သို့သော် အဆိုပါ အကြံပြုချက်ကို KNU မှ လက်မခံခဲ့ဘဲ ၎င်းတို့ဘာသာ တစ်ဦးတည်း သွားရောက်ဆွေးနွေးခဲ့ကြသဖြင့် ကရင်အမျိုးသားများကြား အချင်းချင်း စည်းလုံးညီညွတ်ရေးထက် ဗမာအစိုးရနှင့် ၎င်းတို့စည်းလုံးရေးက ပိုအရေးကြီးနေသည်ဟု ယူဆရပါသည်။

အကျင့်ပျက် ကရင်ခေါင်းဆောင်များ ပြောဆိုနေသည့် စိတ်ပျက်ဖွယ်အခြားကိစ္စတစ်ခုမှာ `နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရမည်` ဆိုခြင်းဖြစ်၏။ လုံးဝမှားပါသည်။ နိုင်ငံရေးပြဿနာ ဆိုသည်မှာ `မင်းသွားရင် မင်းနေရာ ငါထိုင်မှာပေါ့` ဟူသော နည်းလမ်းသာဖြစ်၏။

ကရင်လူမျိုးများရော၊ အခြားတိုင်းရင်းသားအားလုံးအတွက်ပါ ပဋိပက္ခဆိုသည်မှာ နိုင်ငံရေးကြောင့် ပေါ်ပေါက်လာရခြင်း မဟုတ်ပေ။ မြန်မာလူမျိုးများက တိုင်းရင်းသားအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူမျိုးသန့်စင်ရေးများ ပြုလုပ်ပြီး တိုင်းရင်းသားဒေသများကို ကိုလိုနီပြုရန် ကြိုးစား၍ ဗိုလ်ကျကြီးစိုးလာမှု များကြောင့် ပဋိပက္ခများ စတင် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပြည်တွင်းစစ်နှင့် ပဋိပက္ခများသည် အမျိုး သားရေးပြဿနာတစ်ရပ်အနေနှင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမျိုးသားရေးပြဿနာအဖြစ် ရှုမြင်ပြီး တိုင်းရင်းသားများ၏ တည်ရှိမှုနှင့် ၎င်းတို့၏နယ်မြေများကို လေးစားအသိအမှတ်ပြုခြင်းတို့သည် အခြေခံ အကျဆုံး လုပ်ဆောင်ရမည့်ကိစ္စများဖြစ်သည်။ ယင်းသို့မဟုတ်ပါက မြန်မာနိုင်ငံတွင် ဘယ်သောအခါမျှ တည်ငြိမ်အေးချမ်းမှု ရရှိလိမ့်မည်မဟုတ်ချေ။ လက်ဦးကတည်းက ဗမာအစိုးရ၏ မူဝါဒမှာ တိုင်းရင်းသား ဒေသများကို ကိုလိုနီပြုရေး၊ တိုင်းရင်းသားများအပေါ် ဗိုလ်ကျစိုးမိုးရေးနှင့် ၎င်းတို့၏ သြဇာအာဏာ အောက်တွင် ထိန်းချုပ်ထားနိုင်ရေးပင်ဖြစ်သည်။

ထို့ကြောင့် အခြေအနေအရပ်ရပ်ကို ခြုံငုံလိုက်သည်ရှိသော် အခြေခံအချက်တစ်ခုတည်းတွင်သာ ဦးတည်ပါ တော့သည်။ ယင်းအချက်မှာ မြန်မာအစိုးရတို့၏ အကြမ်းဖက်ဗိုလ်ကျ အာဏာကိုင် အုပ်ချုပ်မှုများအား ကျွန်ုပ်တို့ ရွံရှာမုန်းတီးလှပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ကရင်များအား ဒုက္ခမပေးတော့ပါလျှင်၊ တိုင်းရင်းသား များအားလည်း ဒုက္ခမပေးတော့ပါလျှင် မြန်မာပြည်တွင် ငြိမ်းချမ်းရေးပေါ်ထွန်းပြီဖြစ်ပါသည်။

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ DKBA၊ အခြားကရင်အဖွဲ့အစည်းအသီးသီး၊ ကရင်လွတ်မြောက်ရေး လိုလားသော KNU မှ မျိုးချစ်ကရင်ခေါင်းဆောင်များ စသည့်အဖွဲ့အစည်းများသည် ဗမာအာဏာရှင် အစိုးရလက်ထဲသို့ ကျွန်ုပ်တို့ကရင်အမျိုးသားများ၏ အနာဂတ်ကို ရောင်းစားနေသည့် လုပ်ရပ်များအား ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ မြန်မာအစိုးရအဖွဲ့ဝင် အာဏာရှင်များနှင့် ပင်းသင်းမိနေသော ကိုယ်ကျိုးကြည့် KNU ခေါင်းဆောင်အချို့၏ အပြုအမူများနှင့် အကြံအစည်များကိုလည်း ကျွန်ုပ်တို့အနေနှင့် လုံးဝ သဘောမတူနိုင်ပါ။ အဆိုပါ လက်တစ်ဆုပ်စာ ကရင်ခေါင်းဆောင်အချို့သည် ကရင်တစ်မျိုးသားလုံးကို ကိုယ်စားမပြုပါ ကြောင်းနှင့် ကရင်တစ်မျိုးသားလုံးကလည်း ဗမာတို့ ကရင့်နယ်မြေထဲသို့ ကျူးကျော် ဝင်ရောက်ပြီး ကရင့်အနာဂတ်များကို ကိုလိုနီပြု ခံရမည့်အရေးကို လက်မခံပါ။

ယခုကြေညာချက်သည် အခြားသူများအား လက်ညှိုးထိုးဝေဖန်ပြီး မိမိတို့သာကောင်းသည်၊ တော်သည်ဟု ဆိုလိုရင်း မဟုတ်ပါ။ အမှန်တရားကို ဖော်ထုတ်ပြီး လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့်အခြေအနေများ၊ ဦးစားပေးလုပ်ဆောင်ရမည့်အရာများ၊ မိမိတို့ ကရင်များအလိုရှိသည့်အရာများကို သိရှိနိုင်ရန် ရည်ရွယ် ပါသည်။ ထို့ပြင် ယခုကြေငြာချက်သည် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် KNU တို့ကြား အကွဲအပြဲ ဖြစ်သည်ဟု မမှတ်ယူစေလိုပါ။ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ရိုးသားမှု၊ ပွင့်လင်းမှု၊ ထင်သာ မြင်သာရှိမှုတို့မရှိဘဲ ကရင်တစ်မျိုးသားလုံးအား ကိုယ်စားပြု၍ ပြောဆိုပါသည်ဟု မည်သူတစ်ဦး တစ်ယောက်ကမျှ ပြောဆိုပိုင်ခွင့်မရှိဟု သိစေလိုရင်းဖြစ်ပါသည်။

တောဆင်ရိုင်း ၀င်ရောက် မှုကြောင့်(၂) ပတ် အတွင်း အမျိုးသမီး (၁) ဦး သေ၊ အိမ်(၁၅) လုံး ပျက်စီး

ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သော သီတင်း (၂) ပတ်ခန့်က စတင်၍ တောဆင်ရိုင်း ၀င်ရောက် ဖျက်ဆီး မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် (၁၅) လုံးနှင့် စပါးကျည်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ က ပြောသည်။


မေလ (၂၉) ရက်နေ့တွင် ကျွန်းကုန်း ကျေးရွာအုပ်စု၊ ကျောက်အိုင်ကြီး ကျေးရွာ၌ နေအိမ် (၂) လုံးကို ဖျက်ဆီးကာ အိမ်ပေါ်တွင် ရှိနေသူ အသက် (၅၀) ရှိ ဒေါ်နော်လားဝါးကို ဆွဲချပြီး နင်းသတ်ခဲ့ကြောင်း၊ ထိုနေ့မှ စတင်၍ နေ့စဉ် ကျေးရွာ အတွင်း ၀င်ရောက် ဖျက်ဆီးနေကြောင်း ကျောက်အို ကျေးရွာမှ ဦးဝင်းစိုး က The Messenger သတင်းစာသို့ ပြောသည်။ နှစ်ပတ် အတွင်း ဆင် အန္တရာယ်ကြောင့် ငကြွက်ကုန်း ကျေးရွာအနီး ထိန်တောကုန်းတွင် ဦးသန်းစိုး၏ နေအိမ်တစ်လုံး၊ ငကြွက်ကုန်း အရှေ့ ဘက်စမ်းကြီးကွင်းတွင် နေအိမ် တစ်လုံး၊ ငကြွက်ကုန်းရွာ အပြင်ဘက် ဥယျာဉ်ထဲတွင် ဒေါ်နော်တို့တိုဖူး၏ နေအိမ် တစ်လုံး တံခွန်တိုင် ရွာတွင် နေအိမ် နှစ်လုံး၊ နှမ်းလုံး ကြိုင်ရွာတွင် ဦးမောင်ကြီး နေအိမ် အပါအ၀င် ငါးလုံး၊ ဆင်လူးကုန်းတွင် ဦးဖိုးကဲ၏ နေအိမ် တစ်လုံး စုစုပေါင်း နေအိမ်(၁၅) လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဆင်တွေက နေ့စဉ်ရက်ဆက် ၀င်နေတယ်။ တစ်ခါတလေ နှစ်ရက်လောက် ခြားတယ်။ စိုက်ထားတဲ့ အပင်တွေကို စားတယ်။ ဖျက်တယ်။ အိမ်ကို ဖျက်ပြီး ဆန်အိုးထဲ က ဆန်ကိုရှာ စားတယ်။ စပါးကျည်ကို ဖောက်ပြီး စပါးကို စားတယ်။ ပြီးတော့ လူကို ရန်ရှာတော့ တာပဲ ဒေသခံ ဒေါ်နော်တို့ တိုဖူး ကပြောသည်။

တောသူတောင်သားဆိုတာ တောတောင်ကို အမှီပြုပြီး၊ သစ်ခုတ်ထင်းခုတ် တောင်ယာဥယျာဉ် အလုပ်နဲ့ အသက်မွေးကြ ရတာ၊ ခုတော့တော တောင်ထဲ သာမက ဥယျာဉ်ထဲတောင် မသွားရဲဘူး ဖြစ်နေတယ်။ တောဆင်ရိုင်းရန် ကြောက်တာကြောင့် အလုပ်ပျက် အကိုင်ပျက် နဲ့ ကြာရင် ဒီဒေသမှာ စားဝတ်နေရေး အခက်ကြုံ နိုင်တယ် ဟု ကြွက်ကုန်း ကျေးရွာမှ ဒေသခံ ဦးစိုးသန်း က ပြောသည်။

သာပေါင်း သစ်တောကြိုးဝိုင်း အတွင်း တောဆင်ရိုင်းအကောင် (၁၀၀) ကျော်ခန့် ရှိနေပြီး၊ သစ်တောများ ပြုန်းတီး လာခြင်း လူများက နေထိုင်မှု နေရာချဲ့ထွင်လာခြင်း နှင့် စိုက်ခင်းများ ခြံကာခြင်း တို့ကြောင့် တောတောင်များ အတွင်း ၄င်းတို့ လွတ်လပ်စွာ ရှာဖွေ စားသောက်နိုင်မည့် စားကျက်များ ကွယ်ပျောက်လာကာ လူတို့ စိုက်ပျိုးထားသော စပါးနှင့် သီးနှံတို့ကို ၀င်ရောက် ရှာဖွေ စားသောက်ကြခြင်း ဖြစ်သည်။ ယင်းကြောင့် အသက် အန္တရာယ် ဆုံးရှုံးမှုများနှင့် အိုးအိမ်များ ပျက်စီးခဲ့ကြရာ ဆင်များအတွက် ဘေးမဲ့တော ကြိုးဝိုင်းထားရှိ ဆောင်ရွက်ပေး သင့်ကြောင်း ပုသိမ်ခရိုင် သစ်တော ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မျိုးမင်းပိုင်
Messenger News Journal

PR စနစ်ဖြင့် ကိုယ်စားလှယ် ရွေးချယ်ရန် အမျိုးသား လွှတ်တော် အတည်ပြု


PR စနစ်, အမျိုးသား လွှတ်တော်, တပ်မတော်သား ကိုယ်စားလှယ်,NLD, ကြံခိုင်ရေး ပါတီ

အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ မဲအချိုးကျ ကိုယ်စားပြု ရွေးချယ်သည့် စနစ် (Proportional Representative / PR) ကို ကျင့်သုံးရန် ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် အတည်ပြုကြောင်း သိရသည်။


PR စနစ် ကျင့်သုံးရန် အမျိုးသား လွှတ်တော်သို့ တက်ရောက်လာသည့် ကိုယ်စားလှယ် ၂၀၄ ဦးတွင် ကန့်ကွက်မဲ ၈၅ ဦးရှိပြီး ထောက်ခံမဲ အများစုဖြင့် သဘောတူ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

PR စနစ် ပုံဖော် ဆောင်ရွက်သွားရေး အတွက် အမျိုးသား လွှတ်တော်အတွင်း PR စနစ် အကောင်အထည် ဖော်ဆောင်ရေး ကော် မတီ တရပ်အား PR စနစ်ကို ၀င်ရောက် ဆွေးနွေးကြသည့် ကိုယ်စားလှယ် ၂၅ ဦး အပါအ၀င်၊ ကိုယ်စားလှယ် ၄၀ ကျော်ဖြင့် ယနေ့တွင် ဖွဲ့စည်းခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

လာမည့် ပါတီစုံ ရွေးကောက်ပွဲများတွင် အမျိုးသားလွှတ်တော် အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြု စနစ် ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက် ဆောင် ရွက် ပေးရန် အတွက် ဇွန်လ ၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း အဆို တင်သွင်းရာ အမျိုးသား လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူလိုက်ခြင်း ဖြစ်သည်။

အမျိုးသား လွှတ်တော်တွင် ယင်းအဆိုနှင့်ပတ်သက်ပြီး သဘောထားအသီးသီးကို ကိုယ်စားလှယ် ၂၅ ဦးက သုံးရက်ကြာ ဆွေးနွေးပြီး နောက် ဆန္ဒမဲခွဲ၍ အတည်ပြုလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

PR စနစ်ကို လက်ရှိ အချိန်တွင် ကျင့်သုံးရန် မဖြစ်နိုင်သေးကြောင်းကို တပ်မတော်သား ကိုယ်စားလှယ် များနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်များ ဘက်က ကန့်ကွက်ခဲ့ကြပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ကိုယ် စားလှယ်များက ထောက်ခံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားလွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ၀င်းသိန်းက ယခုအချိန်တွင် ယင်းစနစ် ကျင့်သုံးရန် အချိန် စော သေးကြောင်း၊ တိုင်းရင်းသား ပြည်သူများ၏ အရေးကိစ္စကို လက်ရှိအချိန်တွင် ထည့်သွင်းဆွေးနွေးရန် လိုအပ်ကြောင်း စသည့်အချက် များဖြင့် PR စနစ်အပေါ်ကို ကန့်ကွက်ခဲ့သည်။

ယနေ့ သဘောတူလိုက်သည့် PR စနစ် ကျင့်သုံးရေး အဆိုနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြု အမျိုးသားလွှတ် တော် ကိုယ်စားလှယ် NLD ပါတီဝင် ဒေါက်တာမြင့်နိုင်က“ဒေါ်ခင်ဝိုင်းကြည် ပထမ တင်သွင်း သွားတုန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကို PR စနစ်နဲ့ ရွေးချယ်ဖို့ ရှင်းပြတယ်။ နောက်တခေါက် ရှင်းပြတော့ တိုင်းနဲ့ ပြည်နယ်တွေက လွဲပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေ မပါဘူးလို့လည်း ပြောတယ်။ အဲဒီကိစ္စ အပေါ်မှာတော့ ကျနော် သိပ်မရှင်းဘူး။ နောက်ပြီး ဒီနေ့ အစီအစဉ်ထဲမှာ PR စနစ်ကို အကောင်အထည်ဖော်ဖို့ ကော်မတီဖွဲ့မယ့် ကိစ္စ မပါဘူး။ အခုမှ နာယက က တန်းဖွဲ့လိုက်တယ်။ ကော်မတီမှာ ပါဝင်မယ့် သူတွေ ရွေးချယ်တာလည်း သိပ်မရှင်းဘူး”ဟု ဧရာဝတီကို ပြောသည်။

PR စနစ်နဲ့ ပတ်သက်ပြီး သဘောထား အသီးသီး ဆွေးနွေးတင်ပြခဲ့သည့် ကိုယ်စားလှယ် ၂၅ ဦးထဲမှ ထောက်ခံ ဆွေးနွေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခြေခံ ယူဆမှုမှာကိုက ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးဖို့ပဲ။ ဒါကြောင့် ပါတီစုံ ဒီမိုကရေစီ ကျင့်သုံးဖို့ ဆိုရင် အခုလို အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးဖို့ လိုတယ်။ PR စနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၁၂၀ ကျော် ရှိနေတာ ထိုင်းမှာ ကျင့်သုံးတဲ့ PR စနစ်ကို အတုခိုးတာမျိုး မလုပ်ဘဲ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် စနစ်ကို ကျင့်သုံးသွားဖို့ပဲ လိုတယ်” ဟု ၎င်းက ဆိုသည်။

မဲအချိုးကျ ကိုယ်စားပြု PR စနစ်ဆိုသည်မှာ မဲဆန္ဒနယ် တခုတွင် မဲအများဆုံး ရရှိသူက အနိုင်ရရှိသည့် ပုံစံ မဟုတ်ဘဲ ထောက်ခံမဲ အချိုးကျပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ် ရရှိသည့် ပုံစံ ဖြစ်သည်။

ပုဒ်မ ၅၉ (စ) မပြင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီ ဆုံးဖြတ်ပြီ


ဒေါ်အောင်ဆန်းစုကြည်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဒေါ် အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်း ဆောင်ခွင့် မရရှိစေရန် တားဆီး နေသော ပုဒ်မ ၅၉ (စ) ပါ ပြဋ္ဌာန်းချက်များကို မပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ဆုံးဖြတ် လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက ဇွန်လ ၆ ရက်နေ့တွင် ကျင်းပ သော အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် မဲခွဲ ဆုံးဖြတ် အတည်ပြု လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ပုဒ်မ ၅၉ (စ) လုံး ပြင်ဖို့၊ မပြင်ဖို့ မဲခွဲဆုံးဖြတ် တယ်။ ပုဒ်မ ၅၉ (စ) ပြင်ဖို့ ထောက်ခံမဲက ၅ မဲပဲရှိတယ်။ မပြင်ဆင်ဖို့ မဲပေး တာက တော်တော်များ တယ်။ မပြင်ဆင်ဖို့မဲက အသာရသွားတော့ ၅၉ (စ) ပြင်ဆင်ဖို့ကတော့ ဒီလွှတ်တော် သက်တမ်း အတွင်း မှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး” ဟု ဖွဲ့စည်းပုံ ပြင် ဆင်ရေး လွှတ်တော် ကော်မတီတွင် ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြော ဆိုသည်။

အဖွဲ့ဝင် ၃၁ ဦး ပါဝင်သော ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီတွင် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၇ ဦး ပါဝင်ရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်မှု များရှိခဲ့သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ပုဒ်မ ၅၉ (စ) သည် နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိရေး အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်ပြီး သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရမည့် သူသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတဦးဦး၏ ဇနီးနှင့် ခင်ပွန်း သည် နိုင်ငံခြား အစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံသို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်း ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစား နိုင်ခွင့် ရှိသူများ မဖြစ်စေရဟု ဖော်ပြထားပြီး ယင်းသတ် မှတ်ချက်သည် နိုင်ငံခြားသား ၂ ဦးရှိနေသော ဒေါ်အောင်ဆန်း စုကြည် ကို သမ္မတဖြစ်ခွင့် မရှိစေရန် တားဆီး ထားခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီမှ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော် ကော်မတီဝင်လည်းဖြစ်သူ ဗိုလ်မှူး ကြီးဟောင်း ဦးတင်မောင်ဦးက ပုဒ်မ ၅၉ (စ) ပြင် ဆင်ဖွယ်ရှိ သည်ဟု ဧရာဝတီသို့ မေလတွင် ပြောဆိုခဲ့ သော်လည်း လွှတ်တော်ကော်မတီက ပုဒ်မ ၅၉ (စ) မပြင်ဆင်ရန် ဆုံးဖြတ်မှုကိုမူ တိတိကျကျ ဖြေဆို ခြင်းမပြုဘဲ တိမ်းရှောင်ဖြေဆိုသွားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လွှတ် တော်ကော်မတီတွင် ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး၊ စစ်တပ် လွှတ်တော် အမတ် ၇ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်အမတ် ၂ ဦး၊ အခြား နိုင်ငံရေး ပါတီများမှ လွှတ်တော် အမတ် ၈ ဦး စုစုပေါင်း ၃၁ ဦး ပါဝင်သည်။