Wednesday, June 11, 2014

၂၀၁၄၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် KNU ပါဝင်မည်မဟုတ်

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် အမျိုးသားရေးကို ဦးဆောင်သော အဖွဲ့အစည်းဖြစ်သည့်အတွက် လာမည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ဟု KNU ၏ ဗဟိုကော်မတီဝင် ဖဒိုစောကွယ်ထူးဝင်းက ဇွန်လ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။


အပစ်ရပ်လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖြစ်သင့်သော နိုင်ငံရေး အာမခံချက် ရရှိခဲ့လျှင် ကရင်အမျိုးသားအစည်းအရုံးကို ကရင်လူထု၏သဘောထားအပေါ် မူတည်၍ နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခုအဖြစ် အသွင်ပြောင်းလဲသွားရန် ဆုံးဖြတ်ထားသော်လည်း လက်ရှိ ရွေး ကောက်ပွဲများကိုမူ ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ 

ဖဒိုစောကွယ်ထူးဝင်းက “KNU ဆိုတာ အာဏာသိမ်းဖို့၊ အစိုးရကို အပြုတ်တိုက်ဖို့ ဖွဲ့စည်းထားတာ မဟုတ် ဘူး။ ကျွန်တော်တို့ လူထုနဲ့နိုင်ငံရေး ရည်မှန်းချက်ကို ကာကွယ်ဖို့ လုပ်ထားတာ။ ဒါကြောင့် ရွေး ကောက် ပွဲ ၀င်ဖို့ဆိုတာ ဖြစ်နိုင်ချေလည်း မရှိဘူး။ ဖြစ်လည်း မဖြစ်နိုင်ဘူး”ဟု ပြောသည်။ 

ကရင်အမျိုးသားအစည်းအရုံးသည်လာမည့် သုံးလအတွင်း အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးရန်နှင့် နှစ်မကုန်ခင် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်ကို KNU ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ဇွန်လ ၄ ရက်က နေပြည်တော်တွင် အတည်ပြု သဘောတူညီခဲ့ပြီးဖြစ်သည်။ 

ထိုနေ့တွင်ပင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်က မြန်မာနိုင်ငံရေး အနာဂတ်တွင် ဒု-သမ္မတအဖြစ် KNU က တာဝန်ယူနိုင်သည်ဟု ပြောဆိုခဲ့သည်။ ထို့အတူ မေလက ပြုလုပ်ခဲ့သော လော်ခီးလားညီလာခံတွင် ကရင်အမျိုးသားတို့၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် KNU က ဦးဆောင်သွားမည်ဟုလည်း ဆိုခဲ့ဖူးသည်။ 

ယင်းသို့ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ကရင်အရပ်ဘက်လူမှုအဖွဲ့ အစည်းခြောက်ခုက KNU ၏ အပစ် ရပ် လက်မှတ်ထိုးရေး သဘောတူညီမှုကို ကြိုဆိုသော်လည်း ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ကရင်လူထု မှာ စိုးရိမ်မှုများရှိနေရာ ပြည်သူလူထုကို ချပြရန်နှင့် နှစ်ဖက်ဆွေးနွေးပွဲများတွင် လူမှုအဖွဲ့ အစည်းများကို ပါ ၀င်စေရန်တို့ကို ဇွန်လ ၅ ရက်က တောင်းဆိုခဲ့ကြသည်။ 

“ပြည်သူတွေရဲ့စိုးရိမ်မှုကို ကျွန်တော်တို့ နားလည်ပါတယ်။ ခိုင်မာတဲ့ အပစ်ရပ် နိုင်ငံရေး အာမခံချက်ကို ရမှသာ KNU က လက်မှတ်ထိုးမှာပါ။ အခု KNU ရဲ့အပစ်ရပ်လိုလားချက်တွေကလည်း တခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ အကုန်တူပါတယ်” ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တွင် ပါဝင်သကဲ့သို့KNU ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ၊ အပစ်ရပ်မူကြမ်းတစ်ခုတည်း ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။ 

KNU အဖွဲ့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် ပါဝင်ကူညီရန် သဘောတူထားပြီးဖြစ်ကာ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ပြုလုပ်ရန်လည်း KNU က ရည်ရွယ်ထားသည်။ 

အစိုးရနှင့် NCCT တို့ ညှိနှိုင်းနေသည့် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေး စာချုပ်မူကြမ်းတွင် နှစ်ဖက်က ၇၀ ရာ ခိုင်နှုန်းကျော် သဘောတူညီပြီးဖြစ်သည်ဟု နှစ်ဖက်ခေါင်းဆောင်တို့က မေလအကုန်တွင် ထုတ်ဖော် ပြောဆို ထားသည်။ 

သို့ဖြစ်၍ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းတွင် ဖြည့်သွင်းရန် ကျန်ရှိနေသော အချက်များကို ထပ်မံဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ၏ ညီလာခံကို ဇွန်လ ၁၂ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

Mizzima - News in Burmese

မျိုးချစ်လူငယ်တစ်ဦးမှ အင်းစိန်မြို့ရှိ NLD ဆိုင်းဘုတ်အား ဆွဲဖြဲပစ်ခဲ့



ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်တွင် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် ဗီနိုင်စအား ဆွဲဖြဲသွားသူ မျိုးချစ် လူငယ်တစ်ဦးကို အင်းစိန်မြို့နယ် ရဲစခန်းက ပြစ်မှု ပုဒ်မ ၂၉၄၊ ၅၀၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီး စစ်ဆေး လျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်း ရရှိသည်။ ဖြစ်ပွားပုံမှာ အင်းစိန်မြို့နယ် ရွာမ အနောက်ရပ်ကွက် မြို့ပတ်လမ်း သောင်းထိုက် လက်ဖက်ရည်ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော အလျား သုံးပေ အနံ သုံးပေခန့်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနီရောင် ဗီနိုင်းစအား စိုးလင်းထွန်း (၄၃) နှစ် ယာဉ်မောင်း (ရွှေဧည့်သည်ယာဉ်လိုင်း) အင်းစိန်မြို့နယ် နေသူက "----" ဆိုကာ ဆွဲဖြဲသွားကြောင်း သိရသဖြင့် အဆိုပါ မြို့နယ် NLD မှ အလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းဦးက ယင်းနေရာသို့ သွားရောက်ခဲ့စဉ် မျိုးချစ်လူငယ် စိုးလင်းထွန်းအား မတွေ့ရှိရတော့ပဲ ကြိုက်တဲ့နေရာရှင်းမယ်ဟု သတ္တိရှိရှိ စိန်ခေါ် ပြောဆိုကာ ထွက်သွားကြောင်း ပတ်ဝန်းကျင်နေသူများက ပြောပြသဖြင့် အရေးယူပေးရန် ဦးမျိုးမင်းဦးက တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒသဘောထားလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ကောက်ခံနေချိန်ဖြစ်ပြီး မျိုးချစ် ပြည်သူအများအပြားမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

ရဲဝန်ထမ်းများ အရေအတွက် လိုအပ်ချက်၏ ထက်ဝက်သာရှိ

ပြည်သူလူထုကို လုံခြုံစေရန်လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အားက မမျှတဘဲ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် လက်ရှိတစ်နိုင်ငံလုံး ရဲအင်အားအတိုင်း နောက်ထပ်ခန့်ထားရန် လိုအပ်လျက်ရှိပြီး ရဲတပ်သားသစ်များ ခန့်အပ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောသည်။


“လက်ရှိမှာ လူဦးရေတစ်သိန်းလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား ၁၁၆ ဦး ဖြစ်လို့ နိုင်ငံတကာစံချိန်စံညွှန်း အတိုင်း လူဦးရေတစ်သိန်းလျှင် ရဲ ၂၅၀ ဦးဖြင့် အင်အားဖြည့်တင်းနိုင်ရေး ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလျက်ရှိပါ တယ်” ဟု ဗိုလ်မှူးချုပ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေ ၁,၃၁၈ ဦးတွင် ရဲဝန်ထမ်းတစ်ယောက်နှုန်းဖြင့် တာဝန်ယူ ဆောင်ရွက် ပေးလျက် ရှိသည်။ လူဦးရေ သန်း ၆၀ အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လူဦးရေ ၄၀၀ တွင် ရဲဝန်ထမ်းတစ်ယောက်နှုန်းဖြင့် ထိန်းချုပ်သွားနိုင်ရန် ရဲတပ်သား အင်အားများ တိုးချဲ့လျက် ရှိပြီး အင်အားခုနစ်သောင်းကျော် ထပ်မံခန့်အပ်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအရ အရာရှိအပါအ၀င် ရဲအင်အားစုစုပေါင်း ၁၅၈,၆၈၅ ဦးအထိ ခန့်အပ် ထားရ မည်ဖြစ်ပြီး လက်ရှိခန့်အပ်ထားသည့် ရဲအင်အားမှာ ၇၄၁၆၅ ဦးအထိသာရှိသည့်အတွက် ထက်ဝက် လိုအပ်လျက်ရှိသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်၏ မေးခွန်းကို ကိုယ်စားအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးသိန်းထွန်းဦးက “ချမ်းမြသာစည်မြို့နယ်မှာ လူဦးရေ ၁,၂၀၀ လျှင် ရဲတပ်ဖွဲ့တစ်ဦးနဲ့ ပြည်သူတို့ ၏ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေရပါတယ်။ အလားတူ တခြား တိုင်းနဲ့ပြည် နယ်များရှိ အဆင့်ဆင့်သော ရဲစခန်းအသီးသီးတွင်လည်း ရဲတပ်ဖွဲ့အင်အား နည်းပါးနေသည်ကို ကြားသိနေရ ပါ တယ်”ဟု ပြည်ထဲရေးဝန်ကြီးဌာနကို မေးမြန်းခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် အခြေအနေအရပ်ရပ်နဲ့အညီ ခေတ်မီရဲတပ်ဖွဲ့များ ဖြစ်လာရန် ဆောင်ရွက်လျက်ရှိသကဲသို့ ရဲတပ်သားသစ်လျာထားချက်များ ရေးဆွဲပြီး ရဲတပ်ဖွဲ့ဝင်များကို စုဆောင်းလျက်ရှိသည်ဟု ဆိုသည်။

မူလတွင် ရဲတပ်သားသင်တန်းကျောင်း အမှတ်-၁ နှင့် အမှတ်-၂ အထိသာရှိပြီး လက်ရှိအချိန်တွင် အမှတ် -၃ နှင့် အမှတ် -၄ ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်လျက်ရှိသည်။ အမျိုးသမီးရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းများနှင့် အမျိုးသမီးတပ်ဖွဲ့ဝင် ရဲတပ်သားသင်တန်းများ ဖွင့်လှစ်ပြီး အင်အားတိုးချဲ့မှုများ ဆောင်ရွက်နေသည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လိုအပ်ချက်များနှင့်အညီ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့၊ မူယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်း ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့နှင့် အမှတ်-၄ ရဲလုံခြုံရေးကွပ်ကဲမှုတပ်ဖွဲ့များကို ခေတ်နဲ့အညီတိုးချဲ့ဆောင်ရွက်ထားသည်ဟု ဆိုသည်။

Mizzima - News in Burmese

ရတ နာပုံ တယ်လီ ပို့ မှ GSM SIM Card များ အကန့် အသတ် မရှိ အလ ကားပေး တော့မည်


10447837_645965968825589_3694712507970532001_n

မြန်မာဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသည့် ကုမ္ပဏီ ၃ ခုအနက် ရတနာပုံတယ်လီပို့  အများပိုင် ကုမ္ပဏီအနေဖြင့် လာမည့် သြဂတ်လတွင် GSM Simcard များအား အရေအတွက် အကန့်အသတ်မရှိ အခမဲ့ ဖြန်ဝေပေးသွား မည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့  အများပိုင်ကုမ္ပဏီမှ ဇန်နဝါရီ ၂၉ ရက်နေ့ ကသိရသည်။


ယင်းကဲ့သို့  အခမဲ့ဖြန်ဝေသည့် အခါတွင်လည်း Simcard ထဲတွင် voice Mail အပါအဝင် SMS အစောင် ၅၀ နှင့် စမ်းသပ်ခေါ်ဆိုခ မိနစ် ၂၀၀ အား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး အခြားသော ဝန်ဆောင်မှု များကိုလည်း ပေးသွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ မှ Board of Director ဦးရှိန်းသူအောင်က ပြောသည်။ “အရေအတွက်ကတော့ အကန့်အသတ် မရှိပါဘူး Simcard တွေကိုအခမဲ့ ဖြန့်ဝေပေးမှာပါသြဂတ် မှာဖြစ်နိုင်ဖို့ များပါတယ် ဒီထက်နောက်ကျဖို့ တော့ မရှိပါဘူး” ဟု ဦးရှိန်းသူအောင် က ဆိုသည်။

အခမဲ့ဖြန့်ဝေပေးမည့် Simcrad များအတွက် လိုင်းအရေအတွက် ၁၀ သန်းအားချထားပေးပြီးဖြစ်ပြီး အဆိုပါ Simcard များ၏ နံပတ်အလုံးရေ အရေအတွက်သည် ၉ လုံးနှင့် ၁၀ ခန့်ရှိမည်ဖြစ်ကြောင်း ဦးရှိန်းသူအောင် က ဆက်လက်ပြောသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ချထားပေးနိုင် မယ်လို့ မျှော်မှန်း ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဝန်ဆောင်မှုတွေ အနေနဲ့ ကတော့ အားလုံးထက်သာအောင်ပေး မှာဖြစ်ပါတယ် ” ဟု ဦးရှိန်းသူအောင်က ထပ်လောင်း ပြောဆိုသည်။ 

ရတနာပုံတယ်လီပို့  အများပိုင်ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ရင်းနှီးမြှုပ်နှံရန် အတွက် ၁.၅ ဘီလီယံအား သုံးဆွဲသွားမည်ဖြစ်ကိုလည်း သိရသည်။ 

ယခင်အစိုးရ လက်ထက်က ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသည် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်းခဲ့ပြီး အဆိုပါကုမ္ပဏီသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု တစ်ဝက်ပါဝင်နေကြောင်း သိရသည်။

By Myawady

ဇုန်ထုတ် ကားများ ခြောက်လ အတွင်း အပ်နှံ ခွင့်ပြု မည်


10464233_766495763370685_154183307855333702_n

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခွင့် အစီအစဉ်တွင် မပါဝင်သေးသည့် စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကို ၂၀၁၄ ခုနှစ်အတွင်း (ခြောက်လအတွင်း) စတင်အပ်နှံခွင့်ပြုမည် ဖြစ်ကြောင်း ရထား ပို့ဆောင် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောကြားသည်။


ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပျော်ဘွယ်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက စက်မှုဇုန်ထုတ် မော်တော်ယာဉ်များ အပ်နှံခွင့်နှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းကအထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ် များသည် အရည်အသွေး နိမ့်ပါးခြင်းကြောင့် မော်တော်ယာဉ် ပိုင်ရှင်များ၏ ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံယာဉ်များအဖြစ် ထည့်သွင်း ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုသည်။

ဇုန်ထုတ်ကားများ အပ်နှံခွင့်ပြုမည်ဆိုသော သတင်းများ ယခုနှစ် ဖေဖော်ဝါရီလက ထွက်ပေါ်ခဲ့ဖူးပြီး ဇုန်ထုတ်ဂျစ်ကား ဈေးနှုန်းများ ကျပ်သိန်း ၅၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ဖူးသည်။

လက်ရှိတွင် စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအနက် ဂျစ်ကား တစ်စီးလျှင် ကျပ်သိန်း ၃၀ မှ ၃၅ သိန်း ဝန်းကျင်သာရှိ၍ အငှားယာဉ် (AA၊ BB) တစ်စီးလျှင် ကျပ် ၆၂ သိန်းခန့်ဈေးရှိပြီး နံပါတ် အနက်စလစ် တစ်စောင်လျှင် ကျပ် ၁၁၅ သိန်းအထိ ရှိကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။

ယင်းမော်တော်ယာဉ်များ အပ်နှံခွင့်မှာ အချိန်အတိအကျ မသိရသေးခြင်းကြောင့် လတ်တလော မြင့်တက်နေသော စလစ်ဈေးနှုန်းများ ကျဆင်းဦးမည် မဟုတ်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်းအချို့က ပြောကြားသည်။

စလစ်ဈေးနှုန်းများမှာ လတ်တလော ကျဆင်းနိုင်ဦးမည် မဟုတ်ဘဲ ဆက်လက် မြင့်တက်နေမည် ဖြစ်ပြီး စက်တင်ဘာ လကုန်ပိုင်းခန့်မှသာ ကျဆင်းနိုင်ခြေ ရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ အချို့က ခန့်မှန်းပြောဆိုသည်။

“အခုက ‘၁က’ အက္ခရာက ကုန်သလောက် ဖြစ်နေပြီ ‘၂က’ က အောက်တိုဘာမှ အအပ်ခံမှာဆိုတော့ အဲဒီအချိန် (စက်တင်ဘာလကုန်) လောက်ရောက်မှ ဈေးကျနိုင်မှာပါ။ ဇုန်ကား အအပ်ခံမယ် ဆိုတာကလည်း အချိန်အတိအကျနဲ့ ဘယ်ကားတွေကို စလစ် အကပ်ခံမှာလဲဆိုတာ မသိသေးတဲ့အတွက် စလစ်ဈေး ကျဦးမှာ မဟုတ်ပါဘူး” ဟု မော်တော်ယာဉ် တင်သွင်းသည့် Distinct Co.Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇေယျာကြည်က ပြောကြားသည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ် များကို မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီက သက်ဆိုင်ရာ စက်မှုဇုန်များတွင် ကော်မတီများ ဖွဲ့စည်းကာ ၂၀၀၁ ခုနှစ်အတွင်း စတင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန်ထုတ် ယာဉ်များမှာ ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည့် အတွက် မှတ်ပုံတင် သက်တမ်း ၁၃ နှစ်ခန့်သာ ရှိသေးပြီး ၂၀၁၄ ခုနှစ် မေလအထိ စက်မှုဇုန်ထုတ်ကား ၉၈,၃၀၀ ကျော်ကို မှတ်ပုံတင်ပေးပြီး ဖြစ်သည်။ ယင်းသို့ အပ်နှံခွင့်ပြုမည် ဆိုပါက ဇုန်ကားများ အရောင်းအဝယ် ပိုမိုသွက်လက် လာနိုင်ပြီး ဈေးနှုန်းများ မြင့်တက် လာနိုင်ကြောင်း ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း ဦးကျော်စိုးက ပြောကြားသည်။ “ဒီလိုသာဆို ဇုန်ကားတွေ စုထားတဲ့သူတွေ အတွက်တော့ အကောင်းဆုံးပဲပေါ့။ သူတို့ ဝယ်စုတာ (ကျပ်) သိန်း ၃၀ လောက်နဲ့ စုထားကြတာလေ။ အခုလို အအပ်ခံမယ်ဆို (ကျပ်) သိန်း ၆၀ လောက်အထိ ဈေးတက်လာနိုင်ခြေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

The Voice Weekly

သမ၀ါယမ၏ အသေးစားချေးငွေလုပ်ငန်း အကျိုးကျေးဇူးကြောင့် ၄/၅ နှစ်အတွင်း ပြည်သူများ လုံးဝငွေချေးရန် လိုမည်မဟုတ်တော့ဟု ၀န်ကြီးဦးကျော်ဆန်းပြော



ယခင် ပြန်ကြားရေး ၀န်ကြီး၊ ယခု သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ယခုလ ၇ ရက်နေ့ ပဲခူးတိုင်းတွင် ပြုလုပ်သော ကျေးလက်ဒေသနှင့် လူမှုစီးပွား ဘ၀မြှင့်တင်ရေး အခမ်းအနား၌ အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူများ၏ ခံစားချက်များကို ပြန်လည်တင်ပြရာတွင် “ယခု ကဲ့သို့ အတိုးသက်သက်သာသာ ချေးငွေဖြင့် အလုပ် လုပ်ရပါက တော်ရုံတန်ရုံ ရာသီဥတုဖောက် ပြန်မှု ကိုပင် တောင်သူများက မမှုတော့ကြောင်း၊ ဆိုက္ကား အငှား၊ အပ်ချုပ်အငှား ဘ၀ကနေ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင် ဖြစ်လာတဲ့အတွက် အများကြီး ပိုအဆင်ပြေ လာကြောင်း” စသည်ဖြင့် ပြောကြားခဲ့သသည်။


ယင်းပြောကြားချက်နှင့် ပတ်သက်၍ ပဲခူးနေ ပြည်သူတဦးက “ဆိုက္ကာနင်းသူ ဆိုက္ကားပိုင် ဘာညာဆိုတော့ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ဦးနေ၀င်းလုပ်ခဲ့တဲ့ လယ်လုပ်သူလယ်ပိုင်ဆိုတဲ့ လုပ်ငန်းစဉ်ကိုတောင် သွားသတိရမိတယ်၊ ဒါပေမယ့်ဗျာ ကျနော်တို့ ပဲခူးမှာ ဆိုက္ကားနင်းသု မရှိတော့ဘူး၊ အားလုံး ဆိုင်ကယ် ကယ်ရီတွေဖြစ်ကုန်ပြီဗျ” ဟု ပြောသည်။

ယင်းအပြင် အသေးစားချေးငွေလုပ်ငန်း၏ အကျိုးကျေးဇူးကြောင့် နောင် ၄/၅ နှစ်ကြာသောအခါ ပြည်သူ များအနေနှင့် လုံးဝ ငွေချေးစရာလိုတော့မည်မဟုတ်ကြောင်း၊ ကိုယ်ပိုင်ငွေနှင့် လုပ်ငန်း လုပ်ကိုင်လာနိုင် မည်ဖြစ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတတ်မှု sustainable development ကို ရရှိနိုင်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မောင်တောတွင် မသင်္ကာသူ နှစ်ဦးအား စစ်ဆေးရာ ထွက်ပြေး လွတ်မြောက် သွား သိမ်းဆည်းရ မိသော ဖုန်းအတွင်း ၌ RSO အဖွဲ့နှင့် ဆက်သွယ်ထားမှု ရှိမရှိ စစ်ဆေး လျက်ရှိ



မောင်တော မြို့နယ်မြောက်ပိုင်း မကျည်းချောင်း အတွင်း မေ ၂၉ရက် နံနက် ၉နာရီ က ရေချိုးနေ သည့် မော်လဝီဖွေရိဒ် အာလောင်နှင့် ဇာဖောတို့နှစ်ဦးအား သတင်းအရ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။


ယင်းတို့၏ကျန်ရစ်သည့်ပစ္စည်း များ ကို စစ်ဆေးရာ ဇာဖောဆောင်း သည့် အစ္စလာမ်ဘာသာရေးသုံး ဦး ထုပ်(ထောက်ကျာ)ထဲမှ တရားမဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး မိုဘိုင်းဖုန်း တစ်လုံးကိုသိမ်းဆည်းရမိခဲ့ပြီး အဆို ပါမိုဘိုင်းဖုန်းအား သက်ဆိုင်ရာသို့ ပေးပို့၍ RSO လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ်မှုရှိမရှိ စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်မိုဘိုင်း ဖုန်းသိမ်းဆည်းရမိခြင်းနှင့်စပ်လျဉ်း ၍ ရှာဖွေသိမ်းဆည်းရာတွင် ပါဝင် သူ အရန်မီးသတ်တပ်ဖွဲ့ဝင်အား ဇာဖောက ထမင်းဝအောင်စားထား ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရှာဖွေသိမ်းဆည်းရာတွင် ပါ ဝင်ခဲ့သူတစ်ဦးဖြစ်သည့် အရန်မီး သတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ်သည် ယင်းနေ့ မွန်းလွဲ ၁နာရီတွင် ရွာအ နီးရှိ မင်္ဂလာဆောင်သို့ သွားရောက် ခဲ့ပြီး အပြန်တွင် သတ်ဖြတ်ခြင်းခံခဲ့ ရသည်။ အရန် မီးသတ် တပ်ဖွဲ့ ဝင် မာ မတ်အာယုပ်အသတ်ခံရခြင်းနှင့် ပတ် သက်၍ ဆွေမျိုးတော်စပ်သူ တစ်ဦး အား မေးမြန်းခဲ့ရာ အငြိုးအတေး ကြောင့် အသတ်ခံရခြင်း ဖြစ် နိုင် ကြောင်း ပြောကြား ခဲ့သည်။

၎င်းဖြစ်စဉ်ဖြစ်ပြီး နောက်တစ် ရက်တွင် ခမောင်းဆိပ်ကျေးရွာထံ သို့ ဖုန်းတစ်လုံး မှဆက်သွယ်ကာ အ ရန်မီးသတ်တပ်ဖွဲ့ဝင် မာမတ်အာယုပ် ၏အလောင်း ရှိသည့်နေရာနှင့် အ လောင်းကို လာယူရန်ပြောကြားခဲ့သ ဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ ကြောင်း၊ နောက်တစ်ရက် တွင်လည်း အလောင်းရှိသည့်နေရာနှင့် အလောင်း ကိုလာယူရန် ထပ်မံဖုန်း ဆက်ပြော ကြားသည့်အတွက် သွားရောက်ရှာ ဖွေခဲ့ကြရာ ငါးရန့်ချောင်းကျေး ရွာ တောင်ကြားတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းတစ် လောင်း ကိုရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါအလောင်းအား ဇွန် ၃ ရက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ငါး ရန့်ချောင်း စခန်းမှူး ဒုရဲမှူးအေးထွန်း မောင်က မောင်တော မြို့နယ် ပြည် သူ့ ဆေးရုံသို့ပေး ပို့ကာ ဆေးစစ်ချက် ရယူခဲ့သည်။ တရားမဝင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံး မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဇာ ဖောနှင့် မော်လဝီဖွေရိဒ်အာလောင် တို့နှစ်ဦးမှာ ဖမ်းဆီးရ မိခြင်းမရှိသေး ဘဲ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

NT [--Democracy today Daily Newspaper--]
Yangon Media Group

နှစ်ပေါင်း ၆၆ အတွင်း မြန်မာနိုင်ငံတွင် အရောင်းရဆုံး ဒေါ်စုရန်ပွဲ စာစောင်



၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစပြီး နှစ်ပေါင်း ၆၆ နှစ် အတွင်း မြန်မာနိုင်ငံတွင် အရောင်းရဆုံး စာစောင်မှာ ဒေါ်အောင် ဆန်းစုကြည် နှင့် ပြည်သူဦးဆန်းလွင် တို့ ရန်ပွဲ စာစောင် ဖြစ်ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ စာစောင်အား ဇွန်လ ၁ ရက်နေ့ ညနေတွင် အစောင် ၃ သောင်း စတင်ပုံနှိပ် ဖြန့်ချီခဲ့ရာ တမဟုတ်ချင်း ကုန်သွားသဖြင့် ဆက်တိုက် ပြန်လည် ရိုက်နိုပ်ခဲ့ရပြီး ဇွန်လ ၅ ရက်နေ့ထိ မနားတမ်းထုတ်နေရကြောင်း သိရပါတယ်။ အရေအတွက် အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လွတ်လပ် ရေး ရပြီးနောက်ပိုင်းတွင် အရောင်းရဆုံး စာစောင်ဖြစ်ကြောင်း စာစောင် ဦးဆောင်ထုတ်ဝေသူ ဝါရင့်သတင်းစာ ဆရာတစ်ဦးမှ ဆိုပါတယ်။ 

အဆိုပါ စာစောင်ကို တစ်စောင်လျှင် ငွေကျပ် ၁၀၀ နှင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အခုလို ရောင်းကောင်းခြင်းမှာ ပြည်တွင်း ထုတ် ဂျာနယ်/သတင်းစာ များသာမက ပြည်ပအခြေစိုက် အသံလွှင့် ဌာနများကပါ အမှန်အတိုင်း အပြည့်အစုံမဖော်ပြပဲ ဒေါ်စုဖက်သို့ အကောင်းကို ဇောင်းပေးကာ လိမ်လည် ဖော်ပြမှုများကြောင့် ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က တပ်ကုန်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အသက် ၇၆ နှစ်အရွယ် ဦးဆန်းလွင် တို့ အပြန်အလှန် စကားများခဲ့ကြရာ ကားပေါ်တွင် ထိုင်နေသော ဒေါ်အောင်ဆန်းစုကြည်မှ ၎င်းထက် အသက်ကြီးသော ကားအောက်မှ အဖိုးအိုကို ကပ်သီးကပ်သပ် စကားများဖြင့် စကားလုပြောခဲ့သဖြင့် လူအများမှ ရှုံ့ချခဲ့ကြပါတယ်။ 

စာသားအပြည့်အစုံကို -

http://www.myanmarexpress.net/2014/06/blog-post_5579.html မှာ ဖတ်ရှုနိုင်ပါတယ်။

မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်



မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်း တိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။


ဒါပေမယ့် နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် သီတင်းသုံးခဲ့ပြီးမှ ပြန်လာတဲ့ ပီနန် ဆရာတော်ကြီး ကျောင်းပေါ်ရောက်လာချိန်မှာ ဆရာတော်မှ တရားအားမထုတ်ပဲ ကျောင်းပေါ်မှာ ပွဲလမ်းသဘင်များ လုပ်ခဲ့ခြင်းကြောင့် မဟာသန္တိသုခ ကျောင်း ရဲ့ ဂုဏ်ကျက်သရေတွေ ညိုးနွမ်းစေခဲ့ရပါတယ်။ ဆရာတော်ရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။

သာသနာရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သံဃနာယက ဝါတော်ကြီးမြတ်သော ဆရာတော်ကြီးများမှ နေရာဖယ်ခိုင်းချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသကက အစိုးရက သူ့ဆီမှာ ရေစက်ချဖူးတာကြောင့် သူပိုင်ဆိုင်ကြောင်း Myanmar Express ကို မိန့်ပါတယ်။ သူ့ကို အရင်လှူပြီးမှ ၂ဝဝ၂ ခုနှစ် ပီနံဆရာတော် နိုင်ငံခြား အပျော်ခရီးထွက်ချိန်မှာ အစိုးရက သံဃာ့ မဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းတာ ဖြစ်တာကြောင့် နေရာဖယ်မပေးနိုင်ကြောင်း ဆရာတော်က ဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတယ်ဆိုတာ သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်ပြီးသားဖြစ်တယ် လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ဆိုပါတယ်။ ဒါကြောင့် သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဝါရင့် တန်ခိုးကြီး ဆရာတော်ကြီးများ၏ သြဝါဒအရ သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသော်လည်း ပီနန်ဆရာတော်မှာ မိမိထက် ဝါရင့် ဆရာတော်ကြီးများ စကားကို မထီမဲ့မြင် ပြုနေသဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဖယ်ရှားခြင်း ဆိုသည်မှာလည်း ဆရာတော်များကို အတင်း အဓမ္မမောင်းထုတ်ခြင်းမဟုတ်ပဲ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ ပင့်ဆောင်သွားသာဖြစ်ပါတယ်။ ရုတ်ရုတ်သဲသဲ မဖြစ်ရန် ညအချိန် စီစဉ်ခဲ့သော်လည်း ဆရာတော်က ဒကာ၊ ဒကာမများကို ဖုန်းဆက်ခေါ်ခဲ့ခြင်းကြောင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။ ဆရာတော်ဦး ပညာဝံသ သည် ပီနန်-စင်ကာပူကျောင်းတိုက် တွင် သီတင်းသုံးတာ များပြီး စင်္ကာပူကျောင်းရော၊ ရန်ကုန်ကျောင်းကိုပါ အပိုင်စီးလိုသူဖြစ်ပါတယ်။

www.MyanmarExpress.net

ဦးရဲထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ၄၃၆ နဲလုံခြုံရေး



NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့အစည်းက အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေ၊ လက်မှတ်ထိုးပွဲတွေကို နိုင်ငံအနှံ့ တပြိုင်တည်း ပြုလုပ် နေကြချိန်ပါ။

မကြာသေးခင်က ပြည်မြို့ကို ရောက်လာတဲ့ သမ္မတ ပြောခွင့်ရအရာရှိ ဦးရဲထွဋ်ကို ပုဒ်မ ၄၃၆ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီး သူ့သဘောထားကို မေးမြန်း ခဲ့ပါတယ်။


လူတိုင်းဟာ သူယုံကြည်ရာဘက်မှာ ရပ်တည်ပိုင်ခွင့်ရှိတဲ့သဘော သူက ပြောပြပါတယ်။

“၄၃၆ ကို ပြင်မယ်လို့ပြောတဲ့လူလည်း ရှိတယ်၊ မပြင်ဘူးလို့ပြောတဲ့လူလည်း ရှိတယ်၊ သို့သော် မပြင်ချင်တဲ့ လူကိုလည်း ပြင်ချင်တဲ့လူက ဝေဖန်တိုက်ခိုက်စရာအကြောင်း မရှိဘူး၊ ပြင်တဲ့လူကိုလည်း မပြင်တဲ့လူက ဝေဖန်တိုက်ခိုက်စရာအကြောင်းမရှိဘူး”

ဝေဖန်တိုက်ခိုက်စရာအကြောင်းမရှိပေမယ့် တချို့ဆိုရင် အပြစ်တင်ခံနေရတယ်လို့ ဆိုပြီး နာမည်ကျော် အနုပညာရှင်တဦးရဲ့ အဖြစ်အပျက်ကို ထောက်ပြပါတယ်။

“မပြင်ချင်ဘူးလို့ပြောတဲ့လူကို ဝိုင်းပြီးတော့ ဗျင်းတယ်၊ စိုင်းစိုင်းခမ်းလှိုင် ဆိုရင် ကောင်းကောင်း ခံနေရ တယ်”

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ HIP HOP အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မနိုင်ဝန်မထမ်းချင်ဘူးလို့ အွန်လိုင်းမှာ ရေးသားတဲ့အတွက် ဝိုင်းဝန်းဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး ဦးရဲထွဋ်က ဆက်စပ် ပြောပြခြင်းပါ။

နာမည်ကြီးအနုပညာရှင် အများအပြား ၄၃၆ ပြင်ရေး လက်မှတ်ထိုးတောင်းဆိုနေချိန်မှာ စိုင်းစိုင်းရဲ့ ရေးသားချက် ပေါ်ပေါက်လာတာပါ။

ဝေဖန်ချက်တွေ ခံရပြီး သိပ်မကြာခင်မှာ စိုင်းစိုင်းက ၄၃၆ ပြင်ရေး လက်မှတ်ထိုးလိုက်ပါတယ်။ ဖိအားတွေ များလွန်းလို့ လက်မှတ်ထိုးလိုက်တာလား၊ ယုံကြည်ချက်တခုကြောင့် လက်မှတ်ထိုးလိုက်တာလား ဆိုတာကိုတော့ စိုင်းစိုင်းက ထုတ်မပြောပါ။

သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရအရာရှိလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ လူတယောက်ကို ၀ိုင်းဖိအားပေးတာ နှစ်သက်ပုံ မရပါဘူး။

“သူကတော့ သူဟာသူရေးထားတာ၊ ပေးမယ်လည်း မပြောဘူး၊ မပေးဘူးလဲမပြောဘူးလေ၊ ခင်ဗျားတွေ့တဲ့ အတိုင်းပဲ ဝိုင်းပြောနေတာ။စိုင်းစိုင်းခမ်းလှိုင်နေရာမှာ နေကြည့်လိုက်လေ၊ ကျနော်ကတော့ စိတ်မကောင်း ပါဘူး။ ကျနော်က လူတယောက် ထိုးချင်းမထိုးချင်းကို မပြောပါဘူး။မထိုးဘူး၊ မထိုးချင်ဘူးလို့ ပြောနေတဲ့ လူတယောက်ကို ဝိုင်းပြီးတော့ ဖိအားပေးခြင်းဟာ ကောင်းလား မကောင်းလား ဆိုတာကို ကျနော် ပြောတာပါ” 

ဦးရဲထွဋ်ကတော့ ဖိအားပေးလာရင် လိုက်လျောချင်မှ လိုက်လျောမယ်လို့ ဆိုတယ်။

“ဘယ်ကိစ္စမဆို ကျနော် မယုံကြည်တဲ့ ကိစ္စဆို မလုပ်ဘူး၊ တပ်ထဲမှာနေတုန်းကလဲ ဘယ်ကိစ္စမဆို ကျနော် ယုံကြည်တာကိုပဲ လုပ်တယ်၊ ယုံကြည်တာလုပ်တဲ့အခါမှ ကျနော် လက်ခံနိုင်ရင် ကျနော် အပြည့် ပူးပေါင်းပြီးတော့လုပ်မယ်။ နောက်ကွယ်မှာ မပြောဘူး၊ ကျနော် ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုရင် ဒီအလုပ် မလုပ်ဘူး၊ ထွက်သွားမယ်။ ကျနော့်အပေါ်မှာတော့ လာပြီးတော့ ဖိအားပေးလို့ မရဘူး။ ကျနော်ယုံကြည်ရင် ကျနော်လုပ်မယ်။ မယုံကြည်ရင် ပွင့်ပွင့်လင်းလင်းတင်ပြမယ်၊ ပြီးရင် အများဆုံးဖြတ်ချက်အတိုင်းပဲ နာခံမယ်”

ဦးရဲထွဋ်အနေနဲ့ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလိုစိတ်ရှိမရှိ ဆိုတာကို ဖြေဆိုသွားခြင်းမရှိခဲ့ပါဘူး။

နိုင်ငံအနှံ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်တာတွေ၊ လက်မှတ်ထိုးထားတဲ့ စာရင်းတောင်းယူကြည့်ရှုတာတွေ တွေ့ရမှာပါ။

ဒီလို အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒါက လိုအပ်ချက်အရ ဆောင်ရွက်နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့က ကြည့်ခွင့်မရှိဘူးလား။ လုံခြုံအေးချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူထား တာလေ၊ ဒါတွေတင်မဟုတ်ဘူး ဆရာတော်တွေဟောပြောပွဲတွေဆိုလည်း သွားနားထောင်ရတာ ရှိတယ်။

ကျနော်တို့က ဒါကို (ဟောပြောပွဲ၊ လက်မှတ်ထိုးပွဲတွေကို) တားမြစ်တာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ရပ်သည် ဥပဒေနဲ့အညီလုပ်ဆောင်တာ။ သွားပြီးတော့ ဟန့်တားတာ ပိတ်ပင်တာမျိုး မဖြစ်ဖို့ပဲ လိုတယ်။ သူတို့မှာ လေ့လာစောင့်ကြည့်ခွင့်တော့ ရှိတယ်”

အရင်အစိုးရခေတ်မှာတော့ ဒီလိုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး “မလာရဲအောင်၊ မသွားရဲအောင်” စောင့်ကြည့် မေးမြန်းတာမျိုးက ရှိကောင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

အရင်အစိုးရခေတ်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်လာရင် စောင့်ကြည့်မေးမြန်းတဲ့တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ရတဲ့ ဌာနများထဲမှာ လုံခြုံရေးဌာနတွေ ထိပ်ဆုံးက ပါဝင်ခဲ့တာပါ။ အရပ်ဘက် ဌာနဆိုင်ရာတချို့၊ လူမှုရေးအမည်ခံ အသင်းအဖွဲ့တချို့လည်း စောင့်ကြည့်မေးမြန်းတာမျိုးတွေ သေချာ ပေါက် ရှိခဲ့ပါတယ်။

ဦးရဲထွဋ်ကတော့ လုံခြုံရေးဌာနတွေရဲ့ လက်ရှိလှုပ်ရှားမှုတွေဟာ “လုံခြုံအေးချမ်းရေးနဲ့ တည်ငြိမ်အေးချမ်း ရေးအတွက်” လို့ ပြောပါတယ်။

ကောင်းမြတ်မင်း

ကလေးငယ်များကို သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်ပေးမည့် ကျည်ကာခြုံထည်



ကျောင်းများတွင် ဖြစ်ပွားသည့် ရမ်းကား ပစ်ခတ်မှု များနှင့် သဘာဝ ဘေးအန္တရာယ် အခြေအနေများမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည့် ထုတ်ကုန် တစ်မျိုးကို အိုကလားဟိုးမားပြည်နယ်ရှိ လုံခြုံရေး ထုတ်ကုန် ကုမ္ပဏီတစ်ခုဖြစ်သော ProTecht က ဖန်တီး ထုတ်လုပ်ခဲ့သည်။


Bodyguard Blanket ဟုခေါ်သည့် ခြုံထည်ကို ကျောင်းများတွင် သေနတ်ဖြင့် ရမ်းကားပစ်ခတ်မှုများ ဖြစ်ပွားသည့် အလွန်အန္တရာယ်ရှိသော အခြေအနေ မျိုးတွင် ယာယီအကာအကွယ်ပေးနိုင်ရန် ရည်ရွယ် ထုတ်လုပ် ထားခြင်း ဖြစ်သည်။ ထို့အပြင် Bodyguard ခြုံထည်သည် လေဆင်နှာမောင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားသည့်အခါ အပျက် အစီးများ ပြုတ်ကျသည့် ဘေးမှ ကလေးငယ်များကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

နည်းပညာပိုင်းအရ အဆိုပါ ခြုံထည်သည် ကျည်ဆန်ထိုးဖောက် ဝင်ရောက်ခြင်းကို ကာကွယ်ပေး နိုင်ကြောင်း ဆိုသည်။ ၎င်းခြုံထည်ကို စစ်တပ်နှင့် အစိုးရအရာရှိများ အသုံးပြုသည့် ကျည်ကာအကျီင်္အတိုင်း ပြုလုပ်ထားပြီး အသုံးမလိုသည့်အခါ ခေါက်ထားနိုင်မည်ဟု သိရသည်။

ကျည်ကာနိုင်သောကြောင့် Bodyguard ခြုံထည်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁,၀၀၀ နီးပါးရှိသော် လည်း ကျောင်းများနှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ အတွက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်း ProTecht က ပြောကြားခဲ့သည်။

Ref: CNET

ဒေါ်စု အားနည်းချက်များအား ထောက်ပြခြင်း ~ ဒေါက်တာ ရန်မျိုးသိမ်း



ဒီချုပ်အနေဖြင့် တတ်နိုင်သရွေ့ အဆင့်မီသော၊ ပြည်သူက လေးစားအားကိုးနိုင်သော နိုင်ငံရေး ပါတီစနစ်တစ်ခု အမြစ်တွယ်ရေး၊ နိုင်ငံရေးပါတီ စနစ်ဖြစ်သဖြင့် ဒီချုပ်သာမက ဒီမိုကရေစီစနစ် အောက်တွင် ပြည်သူလူထုက လက်ခံနိုင်သော နိုင်ငံရေးပါတီများ၏ ရှင်သန်ရေး၊ ကောင်းစားရေး တို့ကို ဦးတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်ထိန်းကျောင်းမှု အားကောင်းလျှင် ပြည်သူလူထု အခြေပြု နိုင်ငံရေးပါတီစနစ်တစ်ခု တည်ဆောက်နိုင်ရေး မြန်ဆန်နိုင်သော်လည်း ဦးဆောင်မှုမထိရောက်လျှင် နိုင်ငံရေးပါတီစနစ် တည်ဆောက်ရေးသည် အပြောသက်သက်သာ ဖြစ်နိုင် သည်ကိုလည်း သတိပြုသင့်သည်။


ပါတီဖွဲ့စည်းပုံစည်းမျဉ်းပြင်ဆင်ရေး၊ ပါတီအဆင့်ဆင့်ပြုပြင်ဖွဲ့စည်းရေး၊ ပါတီညီလာခံ ပြန်လည်ခေါ်ယူရေး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဗဟိုကော်မတီဝင်များကို ဒီမိုကရေစီနည်းကျ ရွေးချယ်ရေးတို့သည် ဒီချုပ် ပါတီတည်ဆောက်ရေးနှင့်ဆက်စပ်သော သေရေးရှင်ရေးလုပ်ငန်းစဉ်များ ဖြစ်သည့်အလျောက် ဒေါ်အောင်ဆန်း စုကြည်၏ ခေါင်းဆောင်မှုနှင့်အတူ ပါတီတည်ဆောက်ရေးကို တထစ်ချင်း၊ တစ်လှမ်းချင်း ပုံဖော်လာနိုင်ခြေရှိ၊ မရှိကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ဒီချုပ်ပါတီကို ပြည်သူက လေးစားအားကိုး နိုင်သော နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ဆောက်လျက်ရှိကြောင်း မိန့်ကြားချက်နှင့်အတူ စကားနောက် တရားပါရန် လိုအပ်သည်။ ပါတီဥက္ကဋ္ဌ၏ မိန့်ခွန်းအလွန် ကာလတွင် ဒီချုပ်ပါတီအနေဖြင့် ဆန်းသစ် ထူးခြားသော ပါတီတည်ဆောက်ရေး ခြေလှမ်းများကို ဗျူဟာမြောက် လှမ်းလာနိုင်မှသာ အပြောနှင့် ညီမည်ဖြစ်သည်။

ဥက္ကဋ္ဌ၏မိန့်ခွန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲနိုင်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၌ အနိုင်ရရှိမည်ဟု တွက်ချက်မှုများကို မေးခွန်းထုတ်ခဲ့သည်။ အကယ်စင်စစ် အောက်ခြေပြည်သူလူထုအများစု၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်ထောက်ခံမှုကြောင့် ဒီချုပ်ပါတီ သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရမည်ဖြစ်ပြီး ဒီချုပ်ရွေးကောက်ပွဲအောင်ပွဲ သည် အခြေခံဥပဒေပြုပြင်ပြောင်းလဲနိုင်ခြေနှင့် တိုက်ရိုက်ဆက်စပ်သည်ဟု မှတ်ချက်ပြုနိုင်ရန် ခဲယဉ်း သည်။

ပါတီတွင်းပြောရဲဆိုရဲရှိရေး နှင့် ဝေဖန်ရေး၊ အပြုသဘောဝေဖန်ရေးကို ဦးစားပေးရေး၊ လုပ်သင့်လုပ်ထိုက် သော ကိစ္စများကို အကြံပြုရေး၊ မလုပ်သင့်ဟုထင်သော ကိစ္စများကို အကြောင်းရင်းများ နှင့်တကွ ဘာလုပ် သင့်သည်ကိုပါ စဉ်းစားအကြံပြုလျက် ပွင့်ပွင့်လင်းလင်းဝေဖန်ရေးတို့အပေါ် အခြေပြုသော ဒေါ်အောင်ဆန်း စုကြည်၏မိန့်ကြားချက်များသည် အားရကျေနပ်ဖွယ် ဖြစ်သည်။ ပါတီတွင်း ပြောရဲဆိုရဲဝေဖန်ရဲအောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်တွေ့ကျကျ လမ်းဖွင့်မပေးနိုင်လျှင် မည်ကာမတ္တအဆင့်ထက် မပိုနိုင်ဟုသုံးသပ်မိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် အားနည်းချက်များရှိနေသည်ကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသိအမှတ်ပြုခဲ့သော်လည်း အဆိုပါအားနည်းချက်များကို ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် လိုအပ် သောလမ်းညွှန်မှု၊ တာဝန်ပေးမှုများကို မိန့်ခွန်းတွင် ထည့်သွင်းမပြောကြားခဲ့ပေ။ ပါတီဝင်များအနေဖြင့် ပါတီ၏ စည်းမျဉ်းစည်းကမ်းများလိုက်နာရေးကိုလည်း တိုက်တွန်းခဲ့သည်။ လွတ်လွတ်လပ်လပ် နှီးနှော ဖလှယ်နိုင်၊ အတွေးအမြင်များကို ဖလှယ်နိုင်ပြီး ကြောက်၍မတင်ပြခြင်းကို ဆင်ခြေတစ်ခုအဖြစ် လက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့ တွင် ကြောက်၍မတင်ပြခြင်းနှင့် မသိအောင် ထိမ်ချန်ခြင်း တို့ ခေတ်စားနေခြင်းကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်ကို လမ်းညွှန်ခဲ့ ခြင်းမရှိပေ။

ဒေါ်အောင်ဆန်းစုကြည် သည် မိန့်ခွန်းများကိုကြိုတင်ပြင် ဆင်ရေးသားထားသင့်သည်။ နိုင် ငံရေးအရ အားကောင်းကျစ်လျစ် သောအသုံးအနှုန်းများ၊ လမ်းညွှန် ချက်များ၊ မူဝါဒများနှင့်လွှမ်းခြုံ ထားသော မိန့်ခွန်းများသည်သာ နိုင်ငံရေးအရအားကောင်းမောင်း သန်နိုင်မည်ဖြစ်သည်။ မူဝါဒများ၊ လမ်းစဉ်များနှင့် ဆက်စပ်သော အရေးကြီးမိန့်ခွန်းများကို ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် စနစ်တကျ ပြင်ဆင်တည်းဖြတ် ပြောဆိုသင့်ကြောင်းကိုလည်း အကြံပြုလိုသည်။

ပထမအကြိမ်ဗဟိုကော်မတီ ပထမအစည်းအဝေးကို ၂၀၁၃ခုနှစ် မေလ ၂၇ရက်နေ့၊ ဒုတိယ အစည်း အဝေးကို ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၂၈ ရက်နေ့တို့တွင်ကျင်းပခဲ့သည်။ တတိယအစည်းအဝေးကို ၂၀၁၄ ခုနှစ်ဇွန်လ ၇ ရက်နှင့်၈ ရက်တို့တွင် ကျင်းပခဲ့ပြီး တက်ရောက်ခွင့်ရှိသော ဗဟိုကော်မတီဝင် ၁၁၅ ဦးအနက် ၁၁၀ ဦး တက်ရောက်ခဲ့သည်။ ပါတီမွေးကင်းစတွင် ဗဟိုကော်မတီအစည်းအဝေးများအကြား ကာလသည် ခြောက်လ၊ ခုနစ်လရှိနေခြင်းထက် ပိုစိပ်စိပ်၊ ရက်ပိုကြာကြာ ကျင်းပသင့်သည်ဟု ထင်မြင်မိသည်။

အချုပ်အားဖြင့်ဆိုသော် စစ်မှန်သောဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပါတီဝင် တိုင်းတွင် တာဝန်ရှိသည်ဟု ဒေါ် အောင်ဆန်းစုကြည်၏မိန့်ကြားချက်နှင့်အညီ ဒီချုပ်ပါတီ၏ တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ ဗျူ ဟာသစ်၊ ဥပဒေဘောင်ထဲမှ နိုင်ငံရေးကို အဆင့်မြင့်မြင့်လုပ်ဆောင်ရေး စီမံချက်သစ်၊ အဆင့်မြင့်နိုင်ငံ ရေးနှင့်ကိုက်ညီမည့် ပါတီဝင်များ အရည်အသွေးမြှင့်တင်ရေး အစီအမံသစ်၊ ပါတီတွင်းဝေဖန်ရေးကို အားပေးမည့် အစီအမံများနှင့်အတူ မြန်မာ့နိုင်ငံရေး ရှေ့ခရီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ပြည်သူကလေးစား အားကိုးသည်ထက် အားကိုးလာနိုင်သော နိုင်ငံရေးပါတီတစ်ခုအဖြစ် တည်ဆောက်ရေးကို မျက်မှောက်ပြုနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိသည်။ ။

From:7day

သားအမိနှစ်ဦးကို ကားဖြင့် တိုက်ထွက်ပြေးသူကို ၀ိုင်းဝန်း ဖမ်းဆီး

၉.၆.၂၀၁၄ ရက်နေ့ည ၉နာရီ၃၅မိနစ် ၀န်းကျင်ခန့်က မန္တလေး မြို့ ၆၂လမ်းနှင့်သိပ္ပံလမ်း မီးပွိုင့်အနီးတွင် မြောက်မှတောင်သို့ သားအမိနှစ်ဦး စီးနင်းလာသော ဆိုင်ကယ်အား ဖိုးဝှီးအမျိုးစား ကားတစ်စီးမှ နောက်မှ ၀င်တိုက်ခဲ့ရာ ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာသူ ၇တန်းကျောင်းသူလေးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မိခင်မှာလဲ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည် ။


ဖိုးဝှီးမောင်းနှင်သူမှာ အခင်းဖြစ်ချိန်က ကားအား ရပ်တန့်ပေးခြင်းမရှိပဲ အရှိန်ပြင်းစွာဖြင့် ဆက်လက်မောင်းနှင်ထွက်ပြေးသွားရာ ၄င်းကားနောက်သို့ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ လူများ ၀ိုင်းလိုက်ခဲ့ရာ ၆၂လမ်းအရိုးဆေးရုံအနီးတွင် ဆရာဝန်တစ်ဦးမောင်းနှင် လာသောကားမှ အရှေ့မှ ကန့်လန့်ခံပိတ်ပေးလိုက်ရာ မှ အဆိုပါကန့်လန့်ခံ ပိတ်သောကားအား ဆက်လက်တိုက်မိပြီးလမ်းဘေးသို့ဘေးစောင်းလဲသွားခဲ့သည် ....။

တာဝန်ရှိသူများ အချိန်မှီရောက်ရှိလာပြီး တိမ်းမှောက်သွားသောကားအား ကရိန်းဖြင့် ဖယ်ရှားရန်ကြိုးစားနေစဉ် စာနာမှု့ကင်းမဲ့စွာ မောင်းနှင်ထွက်ပြေးသော ယာဉ်မောင်းအပေါ် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှ ဒေါသထွက်ရှိပြီး တိုက်ပြေးသောကားအား ခဲများဖြင့် ပစ်ပေါက်ခဲ့သည် ။

အဆိုပါခဲများဖြင့် ၀ိုင်းပစ်ပေါက်မှုကြောင့် ဖိုးဝှီးကားရှေ့မှန်နှင့်ဘေးတံခါးမှန်များ ကွဲသွားခဲ့ပြီး အဆိုပါကားအား လာရောက်သယ်ဆောင်သော ကရိန်းကားဘေးမှန် နှင့် ၇ဲအချုပ်ကားတစ်စီး ရှေ့မှန်တို့ခဲမှန်ကွဲကြေသွားခဲ့သည် ။

တာဝန်ရှိသူများမှ ဒေါသထွက်နေသော လူအုပ်ကြီးအား တရားခံအား ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ခဲများဖြင့် မပစ်ပေါက်ရန် မေတ္တာ ရပ်ခံကာ တိုက်ပြီးထွက်ပြေးသောကားအား ကရိန်းဖြင့် မသယ်ဆောင်သွားခဲ့ကြောင်း ကြားသိရပါသည် ။

သတင်း / ဓါတ်ပုံ - ကပ္ပိယ သာဂိ