Tuesday, June 10, 2014

ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရောဂါကိုကာကွယ်ကြစို့

ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။


နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူသည် ရေနွေးကြမ်း လုံးဝ မသောက်သော သူများထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည်ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့်ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၂ဝဝခန့် လေဖြတ်၍ သေဆုံးခဲ့ရပြီး အများစုမှာ မသန်စွမ်း ဖြစ်ခဲ့ရာမှ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လေဖြတ် ခံရပါက သေဆုံး သွားသည်ကို တွေ့ရသည်။ လေဖြတ် ခံရသူ ၈၅ ရာခိုင်နှုန်းခန့်သည် ဦးနှောက် သွေးကြော အတွင်း သွေးခဲကာ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး လေဖြတ် ဝေဒနာ ခံစားရကာ မသန်စွမ်း ဖြစ်ပွားရသည်။ ကျန်လူနာများမှာ ဦးနှောက် သွေးကြောပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရသည်။

ယခင် လေ့လာမှုများ အရ လက်ဖက်စိမ်းက ဦးနှောက် အပေါ် အကာအကွယ် ပေးနိုင်သော အကျိုး အာနိသင် ရှိသည်ကို တွေ့ရှိ ခဲ့သော်လည်း လက်ဖက်ခြောက် (Black Tea) က ဦးနှောက်အား အကာအကွယ် ပေးနိုင်သည် ဆိုသော အထောက် အထားမှာ အလွန် ရှားပါး ပါသည်။ ဆွီဒင် သိပ္ပံပညာရှင် များက ၁၉၉၇ ခုနှစ်မှစ၍ ကျန်းမာသော အရွယ်ရောက်ပြီးသူ လူ ၇၄၉၆၁ ဦးအား လေ့လာ စမ်းသပ်ခဲ့ကြရာ နောက်ထပ် ၁ဝ နှစ်ကျော် ကြာချိန်တွင် စမ်းသပ်ခံသူများ အနက် လူ ၄ဝဝဝ ကျော်မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်။ ယင်းလူနာ အများစုမှာ ဦးနှောက်တွင်း သွေးခဲမှုကြောင့် မစွမ်းမသန် ဖြစ်ခဲ့ကြရသည်။

လေ့လာမှုများ အရ လေဖြတ် နိုင်ဖွယ်ရှိသည့် အခြား အကြောင်းအရာများ ဖြစ်သည့် ဆေးလိပ် သောက်ခြင်းနှင့် သွေးတိုး တက်ခြင်းတို့ကိုပါ ထည့်သွင်း စဉ်းစားခြင်း မပြုကြဘဲ ရေနွေးကြမ်း သောက်သည့် အလေ့အထ ကို လေ့လာ စောင့်ကြည့် ခဲ့ကြသည်။

ပညာရှင်များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူများသည် သိသိသာသာ အကျိုး သက်ရောက်မှု ရှိသည်ကို တွေ့ရှိ ခဲ့သည်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။

ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်မှု အန္တရာယ်ကို ကာကွယ်နိုင်သည်။ သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး တို့သည် ရေနွေးကြမ်း လုံးဝ မသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လေဖြတ်ရောဂါမှ ကင်းဝေး လိုလျှင် ရေနွေးကြမ်း များများ သောက်ပါဟု တိုက်တွန်း လိုက်ရ ပေသည်။

Credit : Myawady

လျော်ကြေးမယူသည့် တောင်သူ ၁၇ ဦး ရဲတပ်ရင်း ခြံစည်းရိုးခတ်သည်ကို တားမြစ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-ပုသိမ် ကားလမ်းမကြီးဘေး ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာ အနီးတွင် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့် ရဲတပ်ရင်း (၂၈) က ဇွန်လ ၈ ရက် နေ့တွင် ခြံစည်းရိုး ခတ်သည်ကို လျော်ကြေး ယူထားခြင်း မရှိသည့် ထန်းတက် တောင်သူ ၁၇ ဦးက တားမြစ်ခဲ့ကြောင်း အုံတုံပင်ကျေးရွာ ဒေသခံများက ပြောကြားသည်။


“ထန်းပင်လျော်ကြေး ယူမထားတဲ့ ထန်းတက်တောင်သူ ၁၇ ဦး ရှိတယ်။ ကျွန်တော်တို့က ထန်းတက်တဲ့ အလုပ်ပဲ လုပ်ကိုင်တတ်တော့ ဒီအလုပ်မှ မလုပ်ရရင် တခြားအလုပ်လည်း လုပ်စရာ မရှိဘူး။ လျော်ကြေးကို မလိုချင်တဲ့အတွက် ခြံစည်းရိုးခတ်တာကို လာတားတာပါ” ဟု အုံတုံပင်ကျေးရွာ ထန်းတက်တောင်သူ တစ်ဦးက ပြောဆိုသည်။

ဒေသခံများကို ညှိနှိုင်းရန် အကြိမ်ကြိမ် ခေါ်သော်လည်း ၎င်းတို့က လာရောက် ညှိနှိုင်းခြင်းမရှိဘဲ တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ချိန်များတွင် လာရောက် တားမြစ်မှုများ ရှိကြောင်း၊ ဒေသခံများ လာရောက်တားပါက လုပ်ငန်းမလုပ်ဘဲ ရပ်ဆိုင်းထားရကြောင်း၊ ရဲတပ်ရင်း (၂၈) တည်ဆောက်မှုသည် လန ၃၉ ကျထားပြီး ဖြစ်သည့်အတွက် ဆက်လက်လုပ်ကိုင်မည် ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းမြေနေရာကို အောင်ဇေယျ မြို့ကွက်သစ် ဖော်ဆောင်ရန်အတွက် ၂၀၁၁ ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဧကပေါင်း ၄၂၉ ဒသမ ၅၂ ဧကကို မြို့ကွက်သစ် ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် ယင်းမြို့ကွက်သစ် ဧရိယာအတွင်း ၈၆ ဒသမ ၇၀ ဧက အသုံးပြုမည် ဖြစ်ကြောင်း စစ်ကိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၏ မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ မြေများကို၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ နှင့်အညီ စိစစ်ဆောင်ရွက်ပြီး မြို့တိုးချဲ့မြေအဖြစ် အသုံးပြုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့သဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့် ရယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြည်ထဲရေး ဝန်ကြီးဌာနက ဖြေကြားခဲ့သည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံတောင်သူ ၅၀ ဦးခန့်ထံမှ မြေယာများ သိမ်းဆည်းခဲ့သော်လည်း မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက မြေတစ်ဧက သိမ်းဆည်းခံရ သူတိုင်းကို ပေ ၈၀ xပေ ၆၀ ကျယ်ဝန်းသည့် မြေကွက်နှစ်ကွက် ပြန်လည်ရရှိမည်ဟု တာဝန်ရှိသူများဖြင့် သဘောတူထားကြောင်း၊ လက်ရှိတွင် ၃၇ ဦးသာ သဘောတူပြီး ကျန် ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ယင်းမြေယာ ကိစ္စရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူအချို့ ထိပ်တိုက်တွေ့ဆုံမှု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဒေသခံ တောင်သူအချို့က လုပ်ကိုင် စားသောက်စရာ မရှိတော့ဟုဆိုကာ လမ်းပေါ်ထွက်၍ တောင်းရမ်းမှုများလည်း အုံတုံပင်ဒေသတွင် ဖြစ်ပွားခဲ့ဖူးသည်။

The Voice Weekly

ကချင် စစ်ပွဲ အပြတ်ဖြတ်သင့်ပြီ ဟု ဆို



မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် (၃)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သောကြောင့် စစ်ပွဲများ အပြတ် ဖြတ်သင့်ပြီ ဟု တောင်းဆိုမှုများ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။


ယခင်သီတင်းပတ်အတွင်းက KIA နှင့် တအောင်း-ပလောင် တပ်ဖွဲ့များ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် မြန်မာ့ တပ်မတော်မှ တပ်ရင်းမှူး တစ်ဦး ၄င်း၏ အမျိုးသမီး၊ သားသမီး များ ရှေ့မှောက်တွင် သေဆုံးခဲ့ရခြင်းကြောင့် နယ်မြေ ကျော်ကာ လှုပ်ရှားသွားလာနေသော လက်နက်ကိုင် သောင်းကျန်းသူများ အား အပြတ်ဖြတ်ရန် တောင်းဆိုလာခဲ့ ကြသည်။

ယနေ့ထုတ် 7Day သတင်းစာတွင်လည်း ဆောင်းပါးရှင် ရဲမိုးက ငါးတန်းနှင့်ပြိုင် ဘယ်သူနိုင် ခေါင်းစဉ်ပါ ဆောင်းပါးဖြင့် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့အနေဖြင့် ကချင်ပြည်နယ်တွင် (၃)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော စစ်ပွဲများ အပြတ်ဖြတ်ရန် တိုက်တွန်းရေးသားလာခဲ့ကြောင်း၊ ၄င်းဆောင်းပါးတွင် “တာဝန်ရှိသူများက အမှန် တရားကို ရဲရဲဝံ့ဝံ့မျက်နှာချင်းဆိုင် ဖို့ အချိန်ရောက်လာခဲ့ပါပြီ” ဟူ၍ ဖော်ပြထားကြောင်း သိရှိရသည်။

KIA/KIO ၏ ၀ါဒဖြန့်ချိရေး Account တစ်ခု ဖြစ်သော Jade Land လူမှုကွန်ရက် စာမျက်နှာကလည်း မြန်မာ့တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ချောင်းမြောင်းပစ်ခတ်မှု ခံရခြင်းအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး မြန်မာစစ်တပ်ကိုလည်း ရစရာ မရှိအောင် ပုတ်ခတ် ပြောဆိုခဲ့သည်။

ယင်းကချင်ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွင် “ အဖြေက ရှင်းပါတယ်။ တိုက်ပွဲဧရိယာ သတ်ကွင်းထဲ ၀င်လာလို့ ကတော့ တပ်ရင်းမှုး မပြောနဲ့ ။ မင်းအောင်လှိုင် ၀င်လာလဲ ဂိ မှာ ဘဲ၊ သိန်းစိန် ၀င်လာလဲ ဂိ မှာဘဲ၊ ကိုယ့်နယ်မြေ မဟုတ် သူများ နယ်မြေထဲ တပ်ရင်း ရာ နဲ့ ချီ ပို့ ထားပြီး ဒုက္ခလာပေးနေမှတော့ RPG နဲ့ မကြိုလို့  ပန်းကုံးစွပ် ကြိုရမှာ လား၊ မအေဘေးတွေ” ဟု ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်တွင် မြန်မာစစ်တပ်က နယ်မြေကျူးကျော်ခြင်း မဟုတ်ဘဲ နောက်တန်းပြန်ရန် တပ်လဲလှယ်စဉ် ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် တာဝန်ရှိသူများက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအား ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ယှဉ်ကာ တောင်ပိုင်းတွင် ထိုသို့ မဖြစ်ပွားဘဲ မြောက်ပိုင်းတွင် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေသည်ကို နှိုင်းယှဉ်စဉ်းစားရန် လိုအပ်ကြောင်း၊ KIA သည် လူသစ်များစုဆောင်းခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း စသည်တို့ ဆောင်ရွက်လျက် ရှိပြီး မြန်မာ့တပ်မတော်အနေဖြင့် လိုင်ဇာကို အချိန်မရွေး သိမ်းပိုက်နိုင်ကြောင်း၊ သို့သော်လည်း သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နေ သဖြင့် စိတ်ရှည်သည်းခံနေရခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော် အရာရှိများက ပြောကြားခဲ့သည်။

မြန်မာစစ်တပ်မှ အပြင်းထန်ဆုံးတိုက်စစ်ဆင်ခဲ့သည့် လဂျားယန်တိုက်ပွဲတွင် လေတပ်မှ လေယာဉ်များ အသုံးပြုခဲ့ပြီး ထိုအချိန်က KIA သည် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာသို့ အော်ဟစ်အကူအညီ တောင်းခံခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် လိုင်ဇာသိမ်းရန် လက်တစ်ကမ်းအလိုတွင် မြန်မာစစ်တပ်က ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါတွင် 7Day သတင်းစာအပါအ၀င် မီဒီယာများက ကချင်စစ်ပွဲ(၃)နှစ်ပြည့် မြောက်ချိန်တွင် ကချင်စစ်ပွဲများ အပြတ်ဖြတ်ပေးရန် ရေးသားတောင်းဆိုမှုများ ပြုလုပ်လာသောကြောင့် အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူများ၏ တောင်းဆိုချက်နှင့်အညီ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစေရန် နည်းလမ်းပေါင်းစုံအသုံးပြုကာ ဆောင်ရွက်သင့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

“ကချင်စစ်ပွဲတွေ သုံးနှစ်ပြည့်သွားပါပြီ။ ဘာဖြစ်လို့ ဒီလောက်အထိ ပြည်သူတွေ ဒုက္ခရောက်နေတာကို လက်ပိုက်ကြည့်နေရသလဲ အစိုးရကို မေးချင်ပါတယ်။ KIA ဟာ အပစ်အခတ်ရပ်စဲရေးကို လက်မခံဘဲ တိုက်ပွဲတွေကိုသာ ဖန်တီးနေတာ ဖြစ်ပါတယ်။ အပစ်အခတ် မရပ်နိုင်ဘူး ဆိုကတည်းက စစ်ပွဲကို လိုလားတယ် ဆိုတဲ့သဘောပါပဲ။ တစ်ဖက်သတ်ရပ်စဲတဲ့ အပစ်အခတ်ရပ်စဲရေး ကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်နေရဦးမှာပဲ ဖြစ်ပါတယ်။ ပြည်သူလူထုက လက်မခံတဲ့ ကချင်စစ်ပွဲတွေ အမြန်ဆုံး အဆုံးသတ်နိုင်အောင် အစိုးရနဲ့ တပ်မတော်အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုပါတယ်။ ရွှေလက်နဲ့ ခေါ်လို့ မလာနိုင်တဲ့သူတွေ၊ မလာဘူး ပြောတဲ့နေရာမှာ အစိုးရနဲ့ တပ်မတော် အကြီးအကဲတွေကို ဆဲဆိုပြီး တုံ့ပြန်တဲ့သူတွေကို ဆက်ပြီး ခေါ်နေစရာ အကြောင်း မရှိတော့ပါဘူး။ မြန်မာနိုင်ငံ မြောက်ပိုင်း အမြန်ဆုံး ငြိမ်းချမ်းရအောင် KIA သောင်းကျန်းသူတွေ၊ အကြမ်းဖက်သမားတွေကို အပြတ်ရှင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ကချင်စစ်ပွဲ(၃)နှစ်ပြည့် ဆန္ဒ ဖော်ထုတ်သူ တစ်ဦးက ပြောသည်။

ငြိမ်းချမ်းရေး မလိုချင်သူကို ငြိမ်းချမ်းရေးကမ်းလှမ်းနေလျှင် တိုင်းပြည် နစ်နာရုံသာရှိကြောင်း၊ ပြည်သူ့ဆန္ဒနှင့်အညီ KIA အား အပြတ်ဖြတ်ပေးရန် အချိန်တန်နေပြီ ဖြစ်ကြောင်း၊ KIA သည် KNU နှင့် မတူကြောင်း၊ KNU ခေါင်းဆောင်များမှာ ငြိမ်းချမ်းရေး အမှန်တစ်ကယ် လိုလားကြောင်း ပြောကြား ထားသည်နှင့်အညီ လက်တွေ့တွင်လည်း ဆောင်ရွက်နေကြောင်း၊ KIA မှာ ငြိမ်းချမ်းရေး မလိုလားသည့် အကြောင်း ထုတ်ဖော်ပြောကြားထားသည့်အပြင် ပြည်နယ်ခွဲထွက်ရေးကိုပါ တရားဝင် လူသိထင်ရှား ထုတ်ဖော်ပြောကြားထားကြောင်း၊ ဆက်လက်စောင့်ဆိုင်းနေပါက ပိုမိုအင်အားကြီးမား လာကာ တိုင်းပြည်အတွက် အန္တရာယ် ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

“KIA တပ်ဖွဲ့တွေဟာ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နေတဲ့အချိန်မှာ ရှမ်းနီတွေ၊ ဗမာတွေကို ပစ်မှတ် ထားပြီး နှိပ်စက်ညှင်းပမ်းတာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်။ ကျောက်စိမ်းတူးဖော်ရေး နယ်မြေ တွေမှာလည်း ဆက်ကြေးကောက်၊ ဓါးပြတိုက် လုပ်နေတယ်။ ဥပဒေပြင်ပက အကြမ်းဖက် သမားတွေကို အစိုးရနဲ့ တပ်မတော်အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုနေပြီ။ ကျွန်တော်တို့မှာ အားကိုးရာမဲ့၊ ခိုကိုးရာမဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးအကြောင်းပြပြီး အပစ်ရပ်ထားတဲ့အချိန်ကို အခွင့် ကောင်းယူပြီး လူသစ်စုတာတွေ၊ စစ်အင်အား တိုးချဲ့တာတွေ လုပ်နေတယ်။ ဒါကို ထိထိရောက်ရောက် နှိမ်နင်းပေးဖို့ တောင်းဆိုပါတယ်။ လိုင်ဇာကို တိုက်စစ်ဆင်ဖို့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေကိုယ်စား အစိုးရနဲ့ တပ်မတော်ကို တောင်းဆိုလိုပါတယ်” ဟု တိုင်းလိုင်(ရှမ်းနီ)ခေါင်းဆောင်တစ်ဦးက ပြောကြား သည်။

ရိုသားမှုမရှိ၊ လိမ်ညာလှည့်ဖျားနေသော KIA သောင်းကျန်းသူ အကြမ်းဖက်သမားများကို ပြတ်ပြတ် သားသား တိုက်ထုတ်ပေးရန် တောင်းဆိုကြောင်း၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အကာ အကွယ်ပေးရန် အစိုးရနှင့် တပ်မတော်တွင် တာဝန်အပြည့်ရှိကြောင်း၊ ပြည်သူအများ ဒုက္ခရောက် နေသည်ကို လျစ်လျူရှုမထားဘဲ အရေးယူဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ယင်းက ဆိုသည်။

KIA ဒုတိယဦးစီးချုပ် ဂွမ်မော်ကလည်း ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် KIA ဟူသည်မှာ လွတ်လပ် ရေးကို တောင်းဆိုနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

From: ပြည်သူ့အာဏာ

စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သောကြောင့် ရဲအုပ်တစ်ဦး ဒဏ်ရာရရှိမှု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဖြစ်ပွား



ဒဂုံမြောက်မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေသည့် ယာဉ်ထိန်းရဲအဖွဲ့အား အမျိုးသား တစ်ဦးက လမ်းမပေါ်၌ ဓားရှည်ဖြင့် လိုက်လံ ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ မှူးရုံးမှ ဇွန် ၉ ရက် နံနက် ပိုင်းတွင် စုံစမ်းသိရှိရသည်။


ဇွန် ၉ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမရှိ ၃၅ ရပ်ကွက် ကားမှတ်တိုင်အနီးတွင် စည်းကမ်းပျက်ယာဉ် ဖမ်းဆီးရေးအဖွဲ့ (၉)မှ ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ အချို့သည် စည်းကမ်းပျက် ယာဉ်များကို စစ်ဆေးဖမ်းဆီးမှု ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးက ရဲအုပ်နေလင်းထွန်း အပါအ၀င် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအား ဓားရှည်ဖြင့် လိုက်ခုတ်ခဲ့ကြောင်း အခင်းဖြစ်ပွားနေရာ ပတ်ဝန်းကျင်မှ သိရသည်။

ယင်းသို့ ဓားဖြင့်လိုက်လံခုတ်မှုကြောင့် ရဲအုပ်နေလင်းထွန်းမှာ ၀ဲဘက်လက်မောင်း ချိုင်းအောက်တွင် ပြတ်ရှဒဏ်ရာတစ်ချက် ရရှိခဲ့ကာ မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

“ခုတ်သွားတဲ့ အမျိုးသားက ၃၂ တိုးချဲ့ ရပ်ကွက်မှာနေတယ်လို့ သိရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ဆောင်ရွက်နေတဲ့ဝန်ထမ်းကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တဲ့အခြေအနေကို လက်ခံစရာ အကြောင်းမရှိဘူး။ ဥပဒေအတိုင်းပဲ ထိရောက်စွာ ဆောင်ရွက်သွားမယ်။ အခုလည်း နယ်မြေရဲနဲ့ပေါင်းပြီးတော့ အမြန်ဖမ်းဆီးရမိအောင် ဆောင်ရွက်နေတယ်။ ယာဉ်ထိန်းက သူ့ရဲ့ဆိုင်ကယ်ကို စစ်ဆေးပြီးတော့ ဖမ်းဆီးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ဒီလိုလုပ်ခဲ့တယ်လို့ သိရတယ်။ ယာဉ်ထိန်းရဲတွေကလည်း ဆိုင်ကယ်ဖမ်းတဲ့လူကို မမှတ်ထားလိုက်တော့ အဲဒီလူက ဖမ်းခဲ့တဲ့ ယာဉ်ထိန်းရဲ အနားထိလာပြီးတော့မှ ဓားထုတ်ပြီး ခုတ်တာပါ” ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက်ပြောကြားသည်။

“သူက လူသတ်မှုနဲ့ ထောင်ကျဖူးတယ်လို့ကြားတယ်။ အခင်းမဖြစ်မီမှာ သူခုတ်တဲ့ ယာဉ်ထိန်းရဲနှစ်ဦးက သူ့ဆိုင်ကယ်ကို ဖမ်းလိုက်တယ်လို့ သိရတယ်။ အဲဒါကို သူက ဒေါသထွက်ပြီးတော့ ဆိုက်ကားနဲ့ အိမ်ကဓားသွားယူပြီး လိုက်ခုတ်တဲ့ပုံစံပဲ။ အဲဒီယာဉ်ထိန်းရဲ အရာရှိကို ခုတ်ပြီးတော့ သူ့ဆိုင်ကယ်သူစီးပြီး အခြားယာဉ်ထိန်း ရဲတွေကိုခုတ်ဖို့ လိုက်ရှာနေတာ တွေ့ရတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲတွေက သတင်းကြားလို့ ထင်ပါတယ်။ မရှိကြတော့ဘူး” ဟု အခင်းဖြစ်ပွားရာ အနီးရှိ ကွမ်းယာဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆောင်ရွက်နေသည့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ခြင်း၊ ထိုးခြင်း၊ တုတ်ဖြင့်ရိုက်ခြင်းနှင့် ရန်ရှာခြင်း စသည့် ဖြစ်စဉ်များမှာ ၂၀၁၃ ခုနှစ်တွင် ခုနစ်မှုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် လေးမှုရှိသွားပြီဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူအား မြောက်ဒဂုံမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ဓားဖြင့်အခုတ်ခံခဲ့ရသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်နေလင်းထွန်းက “မိုးရွာတော့ ကားတွေပိတ်နေလို့ ကျွန်တော်တို့အဖွဲ့ လူစုခွဲပြီး လမ်းရှင်းနေတာပါ။ ကျွန်တော်နဲ့ ရဲဘော်နှစ်ယောက်နဲ့က အဖွဲ့ခွဲပြီးတော့ လမ်းရှင်းပြီးလို့ အဖွဲ့ဆီသွားတဲ့ အချိန်မှာပဲ အလစ်တိုက်ခိုက် ခံလိုက်ရတာပါပဲ။ ယာဉ်ထိန်းတစ်ဦးကို သူကသွားပြီး ပြောနေတဲ့အချိန်မှာ ကျွန်တော်က ဘာဖြစ်လို့လဲလို့ လှမ်းမေးလိုက်တယ်။ အဲဒီအချိန်မှာ သူကကျွန်တော့်နားကို လာပြီးတော့ အရိုးပါပြီး နှစ်တောင်လောက်ရှည်တဲ့ဓားနဲ့ ထုတ်ပြီးတော့ ခုတ်တဲ့အချိန်မှာ ကျွန်တော်လည်း ပြေးခဲ့တယ်။ ဖိနပ်ကလည်း မိုးရေတွေ စိုနေတော့ ချော်လဲတဲ့အချိန်မှာ အပေါ်ကနေ ကျွန်တော့်ကို ခုတ်တယ်။ လက်နဲ့ကာလိုက်တော့ ချိုင်းအောက်ကို ထိသွားပါတယ်။ ဒီလိုအလွတ်ကြီး ရိုင်းစိုင်းခဲ့တဲ့သူကို မိအောင်ဖမ်းပြီးတော့ ထိရောက်တဲ့ အပြစ်ပေးဖို့ပဲ တောင်းဆိုပါတယ်” ဟု ဇွန် ၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။

အခင်းဖြစ်ပွားရာ နေရာသို့ လာရောက်စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
(ဓာတ်ပုံ-သက်မင်း)

Eleven

မန္တလေးတွင် အပူချိန် မြင့်တက်၍ တစ်ရက်အတွင်း လူသုံးဦးသေဆုံး



ဒေသအချို့တွင် မိုးရွာနေသော်လည်း မြန်မာနိုင်ငံ ဒေသအများအပြားတွင် အပူချိန် မြင့်တက်နေဆဲ ဖြစ်ရာ မန္တလေး မြို့တော်တွင် နေ့အပူချိန် မြင့်တက် လာမှုကြောင့် ဇွန်လ ၅ ရက်နေ့ တစ်ရက်အတွင်း လူသုံးဦးသေဆုံးပြီး ယခုလဆန်းပိုင်းအတွင်း လူ ၁၇ ဦး မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသလျက် ရှိကြောင်း အဆိုပါဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။


မန္တလေးဆေးရုံကြီးသို့ ဧပြီလမှ စတင်ကာ အပူလျှပ်လူနာများ စတင်ရောက် ရှိခဲ့ခြင်းဖြစ်ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၅ ရက်နေ့ တစ်ရက်တည်းတွင် အပူကြောင့် သေဆုံးနေသည့် အမျိုးသား သုံးဦးအလောင်း ရောက်ရှိလာကာ အမျိုးသား ကိုးဦး၊ အမျိုးသမီးတစ်ဦး ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း၊ သေဆုံးသူများမှာ ပိုင်ရှင်မဲ့နှစ်ဦးနှင့် ကျန်တစ်ဦးမှာ အခြေခံ အလုပ်ကြမ်း လုပ်ကိုင်သူ ဖြစ်ကြောင်း ဦးမင်းလွင်က ထပ်မံပြောကြားသည်။

အဆိုပါ ဆေးရုံကြီးသို့ ဇွန်လ ၁ ရက် နေ့မှ ၅ ရက်နေ့အထိ အပူလျှပ်လူနာ ၁၇ ဦး၊ သေဆုံးသူသုံးဦး ရှိပြီဖြစ်ကာ ဧပြီလ ၂၂ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ အပူကြောင့် လူနာ ၇၄ ဦး၊ သေဆုံးသူ အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်ဦးရှိပြီး အရက်ကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆေးမှတ်တမ်းအရ သိရသည်။

မန္တလေးမြို့တော်တွင် လက်ရှိ အပူလျှပ် လူနာအများစုမှာ အခြေအနေမဲ့ သွားလာ နေထိုင်သူများ၊ ကြုံရာကျပန်း လုပ်ကိုင်နေသူများတွင် အဖြစ်များနေကြောင်း၊ နေ့အပူချိန် မြင့်တက်နေသည့် အချိန်တွင် ရာသီပေါ် အစားအစာများဖြစ်သည့် ပုရစ်၊ အင်ဥ၊ ခန္ဓာကိုယ် ယားယံစေတတ်သည့် အစားအစာများ စားမိ၍ ကလေးငယ်များ ယားယံပြီး အဖုအပိမ့်များ ထွက်ခြင်းတို့ ရှိနေကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

“အခုလိုချိန်မှာ ရာသီဥတုက အရမ်းပူတော့ ယားယံပြီး အဖုအပိမ့် ထွက်စေမယ့် အစားအစာတွေ ရှောင်ရှားသင့်တယ်” ဟု ၎င်းက သတိပေးသည်။

မန္တလေးမြို့တော်တွင် ဇွန်လ ပထမပတ်အတွင်း နေ့အပူချိန်များမှာ ၄၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ပတ်ဝန်းကျင်တွင် ရှိပြီး ဇွန်လ ၅ ရက်နေ့တွင် ၄၂ ဒသမ ၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

သေဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးကြည့်ရာမှ လူသတ်မှုပေါ်ပေါက်

မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အောင်ရှင်းနယ်မြေအတွင်း မသင်္ကဖွယ်ရာ လူသေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ရာ သေ ဆုံးသူအား မှုခင်းဆေးပညာအရ စစ်ဆေးဆောင်ရွက်ကြည့်ရာမှ လူသတ်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းမှ ပြောပြသည်။


သေဆုံးသူမှာ ကျော်မြင့်ထွန်း(ခ) ငါးခြောက်ပြား အသက်(၃၈)နှစ်ဆိုသူဖြစ်သည်။ ထိုသူသည် ဇွန်လ ၄ ရက်နေ့မွန်းလွဲ ၂ နာရီက သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေဆုံးခြင်း အမျိုးအစားမှာ ရုတ်တရက်သေဆုံးခဲ့ ခြင်းဖြစ်သည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးမှ သေမှုသေခင်အမှတ်စဉ် ၅/ ၂၀၁၄ အရ အမှုရေးဖွင့်ကာ သေဆုံးသူ၏အား အလောင်းအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ မှုခင်းဆေးပ ညာအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် သေဆုံးသူမှာ နံရိုးကျိုး၊ အဆုပ်နှစ်ဘက် ဖုယောင်၊ သွေးခြေဥ၊ စုပ်ပြဲ၊ ရင်ခေါင်းအ တွင်း သွေးယိုစီးမှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မုံရွာပြည်သူ့ဆေးရုံကြီးရှိ မှုခင်းဆရာဝန်ကြီးမှ မှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ရဲစခန်းမှူး ရဲအုပ် ကျော်လှိုင်မိုးနှင့်အဖွဲ့သည် မသင်္ကဖွယ်ရာ လူသေဆုံးရာအရပ်သို့သွားရောက်၍ ဒေါ်ပေါရှင်၊ မမိုးမိုးအေး၊ မစိန်မြိုင်၊ မလှဆင့်၊ မဝေကြည်တို့အား စစ်ဆေးမေးမြန်းခဲ့ရာတွင် သေဆုံးသူ ကျော်မြင့်ထွန်း(ခ) ငါးခြောက်ပြားနှင့် ၎င်း၏ညီဖြစ်သူ ကိုမိုးဇော် ဆိုသူ ညီအကိုနှစ်ယောက်တို့မှာ ဇွန်လ ၃ ရက်နေ့ မနက် ၁၂ နာရီခွဲအချိန်က နေအိမ်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာ ကိုမိုးဇော် ဆိုသူက သေဆုံး၏ ကိုယ်ခန္ဒာအပေါ် တက်ဆောင့်ခဲ့သဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသေဆုံးခဲ့မှုအား မုံရွာနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၄)မှ အမှုကြီးအမှတ်စဉ် ၃ /၂၀၁၄(ပ)၂၂၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ သို့ပြောင်းလဲ အမှုဖွင့်အရေးယူခဲ့ကြောင်း ၎င်း ရဲစခန်းမှ သိရ သည်။

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း မုံရွာမြို့နယ်၊ ကိုင်းတောကျေးရွာတွင် မသင်္ကဖွယ်ရာ လူတစ်ဦးသေဆုံး ခဲ့ပြီးနောက် ဦးအေးဆိုသူ၏ ယာတောအနီးမြုတ်နှံထားရာမှ သက်ဆိုင်ရာက မေလ(၁၆)တွင် ပြန်လည်တူး ဖော်၍ မှုခင်းဆေး ပညာအရ စစ်ဆေးရာတွင် လူသတ်မှုတစ်ခု ပေါ်ပေါက်ခဲ့သေးကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

တပ်မတော်နဲ့ ပြည်သူအကြား တန်းတူအခွင့်အရေး ရစေချင်



၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ကိုယ်စားမပြုဘူးဆိုရင် အများဆန္ဒနဲ့ ဖြုတ်ချ လို့ ရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဒီနေ့ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ပြောပါတယ်။


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အေးစေတီ ကျောင်းဝင်း မှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဌေးကြွယ်က ပြောကြားခဲ့တာပါ။

"ပြည်သူတွေရဲ့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထိုင်နေကြပြီ၊ အဲဒီကိုယ်စားလှယ် တွေဟာ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လောက်ကိုယ်စားပြုသလဲ၊ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူး ဆိုလို့ရှိရင်၊ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ထင်ဟပ်မပြဘူးဆိုရင် အဲဒီကိုယ်စားလှယ်တွေကို အများဆန္ဒနဲ့ ဖြုတ်ချလို့ရတယ်"

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုတာဟာ တပ်မတော်နဲ့ ပြည်သူကြားမှာ တန်းတူအခွင့်အရေး ရစေချင်တာကြောင့်ဖြစ်တယ်လို့လည်း ကိုဌေးကြွယ်က ပြောခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး မကွေးမြို့က ဒေသခံတွေ ထောင်နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။

RFA Burmese

လူတွေလမ်းပေါ်ထွက်အောင် ဦးသိန်းစိန်အစိုးရလုပ်နေသလား



ဦးသိန်းစိန်အစိုးရလက်ထက်မှာ မကြာခဏဆိုသလို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ့ ရှိပေ မယ့် ထပ်မံဖမ်းဆီးတာတွေကိုလည်း မြင်တွေ့နေရ ပါတယ်။


ဒီလိုထပ်မံဖမ်းဆီးတာတွေ ရပ်ဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ဆန္ဒပြပွဲတခုကို တနင်္ဂနွေနေ့က မနက်ပိုင်းက ပြည်မြို့ လူစည်ကား ရာ နေရာတွေမှာ တွေ့ခဲ့ရပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေထဲက တယောက်ဖြစ်တဲ့ ကိုဝင်းလှိုင်က အစိုးရရဲ့အဖမ်းအဆီး သိပ်များနေတယ်လို့ ပြောပါတယ်။

“မိမိလယ်ယာမြေပြန်လည်ရရှိဖို့ ကြိုးစားတဲ့ လယ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရသလို့ ပြည်မြို့က ထောင်ထဲမှာ မတရား ဖမ်းဆီးခံထားရတဲ့ လယ်သမား (၁၂) ဦး ရှိပါတယ်။ အဟောင်းတွေလည်း လွှတ်ဖို့ကျန်နေသေးတဲ့ အပြင် ထပ်မံဖမ်းဆီးတဲ့အရေအတွက်က ပိုများနေတယ်”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းဇယားတွေထဲမှာ စစ်အစိုးရလက်ထက် ကတည်းက ဖမ်းဆီးထိန်းသိမ်းခံနေရသူ (၅၉)ဦးရှိပြီး ဦးသိန်းစိန်အစိုးရလက်ထက် ဖမ်းဆီးခံရသူ (၂၀၀) ကျော်၊ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရသူ (၁၀၀) ကျော်ရှိနေသေးကြောင်း ကိုဝင်းလှိုင်က ထောက်ပြပါတယ်။

“ ဦးသိန်းစိန်က ပြည်ပထွက် အကူအညီ လိုအပ်တဲ့အချိန်ဆို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်။ ဒီ ၂၀၁၄ ကတော့ ပြည်ပခရီးစဉ်သိပ်မသွားလို့ လွှတ်ပေးတာမရှိသေးဘူး။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသား တွေဆိုတာ သူတို့ လိုအပ်ရင်သုံးလို့ရအောင်လုပ်ထားတဲ့ အသုံးချခံတွေဖြစ်နေတယ်”


ဆန္ဒပြရာမှာ ခွင့်ပြုမိန့် မရှိတာကြောင့် သူနဲ့ ကိုကျော်ဆွေတို့ကို ပြည်မြို့ အမှတ်(၁) ရဲစခန်းက ပုဒ်မ (၁၈)နဲ့ အရေးယူထားပါတယ်။

ကိုဝင်းလှိုင်ဟာ ဒီပုဒ်မနဲ့အရေးယူခံရတာ (၁၀) ကြိမ်၊ ကိုကျော်ဆွေကတော့ (၇)ကြိမ်ရှိပြီလို့ သိရပါတယ်။

သူတို့က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။

ပြည်မြို့မှာတော့ မကြာခဏ ဆိုသလို ဆန္ဒပြကြတဲ့အတွက် မြန်မာနိုင်ငံမှာ ပြည်မြို့က ဆန္ဒအပြဆုံး မြို့အဖြစ် ဆုပေးလို့ရနေပြီလို့ ဒေသခံတချို့က နောက်ပြောင် ပြောဆိုနေကြပါတယ်။

ဆန္ဒပြသူတွေကတော့ မိမိတို့ဆန္ဒကို ထုတ်ဖေါ်ပြောဆိုတဲ့နည်းနဲ့ နိုင်ငံရေးအသိစိတ် နိုးကြားစေဖို့ ရည်ရွယ် တယ်လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ပြည်သူတွေ လမ်းပေါ်ထွက်အောင် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်တယ် လို့လည်း ပြောပါတယ်။

ဦးသိန်းစိန်ကတော့ ... နိုင်ငံရေးအကျဉ်းသား ကုန်သလောက် ဖြစ်နေပြီလို့ စနေနေ့မှာ ပြောဆိုကြောင်း ဒီတပတ်ထုတ် FLOWER NEWS ဂျာနယ်မှာ ရေးထားပါတယ်။

"နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသလောက်ပါပဲ။ ဒါတွေကို လက်ကျန်တွေ ရှိသေးတယ် ရှိသေးတယ် ဆိုပြီး စွပ်စွဲနေတဲ့အတွက်ကြောင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီးတော့မှ စိစစ်ထားပြီးပါပြီ" လို့ ဦးသိန်းစိန်က ပဲခူးမြို့ အခမ်းအနားတခုမှာ ပြောဆိုကြောင်း ရေးထားပါတယ်။

ကောင်းမြတ်မင်း