Monday, June 9, 2014

အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး စိတ်မပူရန် ဦးအောင်မင်း ပြောကြား



အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ခွင့်အား ကန့်သတ်ထားသည့် ပုဒ်မ ၅၉ (စ) တို့ကို ပြင်ဆင်ပေးရန် တောင်းဆို နေမှု များအပေါ် မစိုးရိမ်ကြပါရန် UMFCCI တွင် ဇွန်လ ၇ ရက် မွန်း လွဲ ၂ နာရီမှ ညနေ ၅ နာရီခွဲ အထိ ကျင်းပပြုလုပ်သည့် မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းရေးကာလ အနာဂတ်မှန်းဆချက်များ ဟောပြော ဆွေးနွေး ပွဲတွင် ၀န်ကြီးဦးအောင်မင်းက ပြောကြားခဲ့သည်။


ထိုဆွေးနွေးပွဲတွင် ဦးအောင်မင်းက “၄၃၆ တို့၊ ၅၉ (စ) တို့အတွက်လည်းခင်ဗျားတို့ စိတ်မပူပါနဲ့။ ၈၈ ပွင့် လင်းလူ့အဖွဲ့ အစည်းက ကိုမြအေးကလည်း ကျွန်တော့ကို လာရှင်းပြပါတယ်။ NLD နဲ့ ၈၈ ပေါင်း လုပ်နေ တာက လူထုကိုလမ်းပေါ်ဆွဲတင် တာမဟုတ်ဘူးလို့ပြောပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ ကျွန်တော် တို့တွေ Dialogue လို့ ခေါ်တဲ့ ပါတီအားလုံး၊ နိုင်ငံရေးအင်အားစု တွေ့ဆုံဆွေးနွေးအဖြေရှာ နိုင်ဖို့အတွက် ကြိုးပမ်းနေတာ။ ဒါကြောင့် အဖွဲ့တွေအားလုံးကို ပြောထားတယ်၊ ဦးအောင်မင်းနဲ့ ရန်မဖြစ်ပါနဲ့၊ ဦးအောင် မင်းနဲ့ ရန်ဖြစ်ရင်တော့ အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ပေးမယ့်လူ မရှိဘူးဖြစ်သွားမယ်။ ရန်ဖြစ်ဖို့ စဉ်းစားရင်တော့ ဦးအောင်မင်းကို ချန်ထားပေးပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဦးအောင်မင်းက သူတို့သည် အစိုးရဖြစ်သောကြောင့် ကတိပေး၍ မရနိုင်ဟု ပြောကြားပြီး အကယ်၍ ကတိပေးခဲ့သည့် အတိုင်း ဖြစ်မလာနိုင်ပါက ၎င်းမှာ တရားခံဖြစ်မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ပြင်းပြင်းထန်ထန် ယုံယုံ ကြည်ကြည် ဆောင်ရွက် နေကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းတို့သည် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်စေရန် ခက်ခဲစွာ ဆောင်ရွက်နေရခြင်း ဖြစ်ပြီး အပြောင်းအလဲ နောက်ပြန် မဆုတ်စေရန်လည်း တစ်ပြိုင်တည်းကြိုးစားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

Mizzima - News in Burmese

ကေအင်န်ယူ ထိန်းချုပ်နယ်မြေများ အပါအဝင် ဆက်စပ်နေရာများရှိ တပ်မတော် စခန်းများ ပြန်လည်ဆုတ်ခွာပေးမည်



ကရင်အမျိုးသား အစည်းအရုံး(ကေအင်န်ယူ) ထိန်း ချုပ်နယ်မြေများအပါအဝင်ဆက် စပ်နေသည့် ဒေသ များ အတွင်းရှိ တပ်မတော်စခန်းများကိုပြန်လည် ဆုတ်ခွာပေးမည်ဖြစ်ကြောင်း အစိုး ရနှင့် ကေအင်န်ယူတာဝန်ရှိသူတို့က အတည်ပြုပြော ကြားသည်။


ကရင်ပြည်နယ်နေရာအနှံ့အ ပြား ရှိ စေတီပုထိုး၊ ဘုရားရှိခိုးကျောင်း တို့နှင့် လူနေဧရိယာအနီး တစ်ဝိုက် စခန်းချထားသည့် တပ်မတော် စခန်း များ ကို နေရာရွှေ့ပြောင်းပေးရန်အတွက် ကေအင်န်ယူ ဥက္ကဋ္ဌနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တို့ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ဆုံစဉ်ဆွေး နွေး ခဲ့သည့်အတွက် တပ်မတော်ဘက် မှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် ကပြောသည်။

''ကေအင်န်ယူကတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကလက်ခံပါတယ်။ ဒါကလဲ ကေအင်န် ယူအနေနဲ့ အပစ်ရပ်နှစ်နှစ်တာကာ လအတွင်းစည်းကမ်းရှိရှိသေသေ ဝပ်ဝပ်နေပြီး ယုံကြည်မှု တည်ဆောက် နိုင်တာရဲ့ရလဒ်ပါပဲ''ဟု ဦးရဲထွဋ်က ပြောသည်။

ကရင်အမျိုးသားအစည်း အရုံး (ကေအင်န်ယူ)လက်အောက်တွင် တပ်မဟာ ခုနစ်ခုနှင့် နယ်မြေခုနစ်ခုရှိ ပြီး ယင်းနယ်မြေနှင့် ထိစပ်ဒေသများ တွင် တပ်မတော် တပ်စခန်းများက ဆယ်စုနှစ်ပေါင်းများစွာ တပ်စွဲထား ပြီး လူနေကျေးရွာများ၊ ဘုရား ကျောင်း များနှင့် စေတီပုထိုးများအ တွင်းတွင် ပါတပ်စွဲထားခဲ့မှုများရှိခဲ့ ကြောင်း ကေအင်န်ယူက ဆိုသည်။

''ကာကွယ်ရေးဦးစီးချုပ်က စစ် တိုင်းတွေကိုစာထုတ်ပေးမယ်ပြော တယ် ။ ကေအင်န်ယူရဲ့သက်ဆိုင်ရာ တပ်မဟာတွေအလိုက် စစ်တိုင်းတွေ နဲ့ညှိနှိုင်းပြီး တပ်စခန်းတွေရုပ်သိမ်း ဖို့အရေးဆောင်ရွက်သွားမှာပါ''ဟု အမည်မဖော် လိုသည့် ကေအင်န်ယူ အဆင့်မြင့်အရာရှိတဦးက ဒီမိုကရေစီ တူဒေးသို့ အတည်ပြုပြော ဆိုသည်။

ကေအင်န်ယူ ကရင်အမျိုး သား အစည်းအရုံးသည် နှစ်ပေါင်း ၆၀ ကြာ အစိုးရနှင့်တိုက်ခိုက်နေသည့် တိုင်း ရင်းသား လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနစ်တွင် အစိုးရနှင့်အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေး ထိုးခဲ့ သည်။

ကရင်အမျိုး သား အစည်းအရုံးသည် (ကေအင်န် ယူ)ကရင်ပြည်နယ်အတွင်း တွင်သာမ ကမွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းတို့တွင်လည်း တပ်စ ခန်းနှင့် ထိန်း ချုပ်နယ်မြေများရှိနေပြီး ယခုသဘော တူညီ ချက်မှာ အဆိုပါ တိုင်းနှင့် ပြည်နယ် များအတွက်ပါအကျုံးဝင်ကြောင်း လည်း ကေအန်ယူ ဘက်မှ စုံစမ်းသိရ သည်။

STAL [--Democracy today Daily Newspaper--]

Yangon Media Group

လမ်းမတော်တွင် ကလေးငယ်နှစ်ဦး အိမ်ရှင်များ နှိပ်စက်

လမ်းမတော်မြို့နယ် အမှတ် (၈) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ လေးလွှာ တိုက်ခန်းတွင် အိမ်ရှင်အမျိုးသမီး၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော ကလေးငယ်နှစ်ဦးကို ဇွန်လ ၅ ရက် နံနက်ပိုင်းက ရပ်ကွက်နေသူများက ကယ်တင်ခဲ့ကြောင်း လမ်းမတော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရှိရသည်။


ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ် ဆဋ္ဌမတန်း ကျောင်းသူ မမေရီနှင့် ဟိုပုံးမြို့နယ်တို့တွင် နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် ပဉ္စမတန်းကျောင်းသား မောင်ခွန်ရွှေအောင်တို့မှာ အိမ်ရှင်အမျိုးသမီး၏ နေ့စဉ် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသဖြင့် အိမ်ရှင် နေအိမ်တွင် မရှိချိန် ၎င်းတို့ကို ကယ်တင်ပေးရန် လေးလွှာတိုက်ခန်း ပြတင်းပေါက်မှ ရပ်ကွက်ကို အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ရပ်ကွက်နေသူများက ကယ်ဆယ်ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၈) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ငွေက ပြောကြားသည်။

“ဇွန်လ ၃ ရက်နေ့ မနက်က ကလေးနှစ်ယောက်က ကယ်ပါဆိုပြီး အိမ်ရှင် မရှိချိန် တိုက်ခန်း ပြတင်းပေါက်ကနေ အော်နေတာကို ဘေးပတ်ဝန်းကျင်က ကြားလို့ ရပ်ကွက်ရုံးကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်။ ဇွန် ၅ ရက်နေ့ မနက်ပိုင်းမှာ ထပ်ပြီး အကူအညီ တောင်းနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့က သွားကယ်ထုတ်ခဲ့တာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦး ပြတင်းပေါက်မှ အော်ဟစ်အကူအညီ တောင်းခံမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရုံးရေးမှူး ရုံးမှ တာဝန်ရှိသူများက ယင်းတိုက်ခန်းသို့ လာရောက်ရာတွင် တိုက်ခန်းတံခါးကို သော့နှစ်ထပ် ပိတ်ထားသဖြင့် အိမ်ရှင်အမျိုးသမီး ပြန်လာချိန်ကို စောင့်ဆိုင်းပြီးမှ ကလေးငယ်နှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

“သားတို့ကို ပန်းကန်ဆေး၊ ကြမ်းတိုက် အိမ်အလုပ်တွေ လုပ်ခိုင်းတာ မလုပ်တတ်လို့ ဆိုပြီး ပိုက်လုံးနဲ့ ရိုက်တယ်။ ခေါင်းကို သံရိုက်တဲ့ တူနဲ့ထုတယ်။ နေ့တိုင်း ရိုက်ခံနေရတာကြောင့် အိမ်ပြန်ချင်လို့ အိမ်ရှင်မရှိချိန် ရပ်ကွက်ကို အကူအညီတောင်းတာ” ဟု မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ညိုမဲစွဲ ဒဏ်ရာများဖြင့် မောင်ခွန်ရွှေအောင်က မျက်ရည်များ ရစ်ဝဲစွာဖြင့် ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ငါးဝိုင်း ပအို့ဝ်ကျောင်းတိုက်မှ သံဃာတစ်ပါး၏ အဆက်အသွယ်ဖြင့် ပအို့ဝ်တိုင်းရင်းသား ကလေးငယ်နှစ်ဦးကို ကျောင်းထားပေးရန် နေအိမ်သို့ ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း၊ ဘေးပတ်ဝန်းကျင်မှ ကလေးငယ် နှစ်ဦးကို နေ့စဉ် ရိုက်နှက် ညှဉ်းဆဲသည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း အဆိုပါ အိမ်ရှင်အမျိုးသမီးက ရှင်းပြသည်။

“နေအိမ်မှာ တစ်ယောက်ထဲ အဖော်မရှိလို့ အဖော်လည်းရ ကလေးတွေလည်း ပညာသင်ကြားခွင့် ရအောင် ခေါ်ထားတာ။ ဘုရားဆွမ်းတော် မကပ်ရသေးခင် ဟင်းခိုးစားတယ်။ ပြီးတော့ သောက်ရေပုံးထဲကို ထမီ ထည့်စိမ်ထားတာတွေကြောင့် စိတ်အရမ်းဆိုးပြီး ကြက်မွှေးတုတ်နဲ့ တစ်ခါ ရိုက်ခဲ့တယ်။ နေ့စဉ် ရိုက်နှက် ညှဉ်းဆဲနေတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု အိမ်ရှင်အမျိုးသမီးက ပြောကြားသည်။

ကလေးငယ်နှစ်ဦးအနက် မောင်ခွန်ရွှေအောင်မှာ ယင်းတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ ရက်သတ္တပတ် သုံးပတ်ခန့် ရှိပြီး မမေရီမှာ တစ်ပတ်ခန့်သာ ကြာမြင့်သေးကြောင်း၊ ကလေးများ ကျောင်းထွက်လက်မှတ် ထုတ်ယူနေမှု အခက်အခဲကြောင့် ကျောင်းမအပ်ရသေးကြောင်း ယင်းအမျိုးသမီးက ဆက်လက် ရှင်းပြသည်။

“ကလေးတွေရဲ့ ဒဏ်ရာကို စစ်ဆေးထားတဲ့ ဆေးစာ ရဲစခန်းမှာ ရှိတယ်။ သူမနှိပ်စက်ဘူး ဆိုရင် ဒီကလေးတွေက ရပ်ကွက်ကို အော်ပြီး အကူအညီတောင်းမှာ မဟုတ်ဘူး။ အခု အမှုဖွင့်ထားပြီး ဥပဒေအတိုင်း ဆက်ပြီး ဆောင်ရွက်သွားမယ်” ဟု လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

အဆိုပါ ကလေးငယ်နှစ်ဦးကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ထိန်းသိမ်း စောင့်ရှောက်ထားပြီး ၎င်းတို့၏ မိဘများနှင့် အဆက်အသွယ်ရရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကလေးငယ်နှစ်ဦးကို အိမ်အလုပ်များ စေခိုင်းရာတွင် စိတ်တိုင်းမကျသောကြောင့် ကြိမ်လုံး၊ ရေပိုက်၊ တုတ်တို့ဖြင့် ရိုက်နှက်ခဲ့သူ အိမ်ရှင်အမျိုးသမီးကို အမှတ် (၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုကာ လမ်းမတော်မြို့မ ရဲစခန်းက (ပ) ၁၂၆/ ၁၄၊ ပုဒ်မ ၃၂၅/ ၂၉၄ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးထံမှ သိရှိရသည်။

မိသားစု စားဝတ်နေရေးနှင့် ပညာရေးတို့အတွက် အရွယ်မရောက်သေးသော ကလေးငယ်များမှာ ရန်ကုန်မြို့တော်သို့ လာရောက်၍ အိမ်အကူဘဝများဖြင့် လုပ်ကိုင်နေရစဉ် အိမ်ရှင်အချို့က စိတ်တိုင်း မကျသောအခါ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုခံနေရသည်ကို မကြာခဏ ကြားသိနေရကြောင်း၊ ယင်းကဲ့သို့ ကိစ္စများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မိမိတာဝန်ယူ ဆောင်ရွက်ရသော ရပ်ကွက်ရှိ နေအိမ် တိုက်ခန်းများကို ဂရုစိုက် စောင့်ကြည့်သင့်ပြီး မတရား နှိပ်စက် ညှဉ်းပန်းမှုမျိုး ကြားသိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်းဖြင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ပြောကြားသည်။

The Voice Weekly

အမြဲတန်း မောပန်းနေရခြင်း အတွက် ဖြေရှင်းနည်းများ

အမြဲတန်း မောပန်းနေရခြင်းအတွက် ဖြေရှင်းနည်းများလှုပ်ရှားတက်ကြွသော လေ့ကျင့်မှုမရှိခြင်း


လေ့ကျင့် လှုပ်ရှားမှု ဆိုတာ သင့်ခန္ဓာ ကိုယ်အတွက် ပြုလုပ်သင့်တဲ့ လုပ်ဆောင် ချက်တစ်ခုပါပဲ။ အမြဲတမ်း လည်ပတ်မှုမ ရှိတဲ့ စက်ရုံတစ်ရုံဟာ ထွက်ကုန်တွေ မ လုံလောက်သလိုဘဲ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာ ကိုယ်ဟာ လန်းဆန်းမှုတွေ နည်းလာ တတ်ပါတယ်။ တစ်နေ့ကို အစာသုံးကြိမ် စားပြီး ဒီအစာတွေကို ပြန်လည်ချေဖျက် နိုင်ဖို့အတွက် လုံလောက်တဲ့ လှုပ်ရှားမှု လည်း လိုအပ်ပါသေးတယ်။ မလှုပ်မရှား ဘဲနေတဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်လောင် ကျွမ်းမှုနည်းပြီး ကယ်လိုရီတွေတက်လာ နိုင်ပါတယ်။

ဖြေရှင်းနည်း

သင့်အလုပ်က အမြဲ ထိုင်နေရတယ် ဆိုရင်တောင် ဖုန်းပြောချိန် မှာ မတ်တတ်ရပ်ပြောပြီး နေ့လယ်စာ စားပြီးချိန်မှာ မိနစ် ၂၀ လောက်လမ်း လျှောက်ပါ။ အလုပ်မှပြန်ချိန် တစ်မှတ် တိုင်လောက် လမ်းလျှောက်ပြီးမှ ကားစီး ပါ။ ကားကို လုပ်ငန်းခွင်နဲ့ ခပ်ဝေးဝေးမှာ ရပ်ခဲ့ပါ။
================================

အိပ်စက်ချိန်နည်းခြင်း

အိပ်စက်ချိန် မလုံလောက်တာက သင့်ကို မောပန်းမှုဖြစ်စေပါတယ်။ အ သက်ကြီးသူအများစုဟာ အိပ်စက်ချိန် နည်းတတ်ကြတယ်လို့ ဆိုခဲ့ပေမယ့် အခု ခေတ်လူငယ်တွေအနေနဲ့ အိုင်တီပစ္စည်း တွေကို ညဉ့်နက်သန်းခေါင်အချိန်အထိ သုံးစွဲကြတာကြောင့် အိပ်စက်ချိန်ကို အ နှောင့်အယှက်ဖြစ်စေပါတယ်။ ညအချိန် မှာ နောက်ကျမှ အိပ်စက်ရပြီး မနက်ခင်း မှာ လုပ်ငန်းခွင်ဝင်ရတာကြောင့် မဖြစ်မ နေ စောစာထရတတ်ပါတယ်။ ဒီလိုအ ချိန်မျိုးမှာ သင့်မှာ စွမ်းအင်တွေကုန်ခန်း သလို ခံစားနေရတတ်ပါတယ်။

ဖြေရှင်းနည်း

တစ်နေ့ကို ခုနစ်နာရီ ဒါမှမဟုတ် ရှစ်နာရီလောက် မဖြစ်မနေ ရအောင် အိပ်ချိန်ယူပါ။ ညဘက်အိပ်ချိန် ကို သတ်မှတ်ထားပြီး ကွန်ပျူတာနဲ့ ဖုန်းကို သင်နဲ့ ခြောက်ပေအကွာမှာ ထား အိပ်ပါ။ ညအိပ်ချိန်မှာ သင့်အခန်းအ လင်းရောင်က မှောင်အတိဖြစ်နေရင် သင့်ကို ပိုပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါ တယ်။
==========================

အဝလွန်ကဲခြင်း

အဝလွန်ကဲခြင်းက နှလုံးကျန်းမာ ရေးပြဿနာကို ဖြစ်စေပါတယ်။ အဝ လွန်တာကြောင့် ညဘက် ကောင်းစွာ အိပ်မပျော်တာနဲ့ စိုးရိမ်စိတ်များတာတွေ ဖြစ်စေကာ အရိုးအဆစ်တွေလည်း ထိ ခိုက် လွယ်တတ်ပါတယ်။ ဖြေရှင်းနည်း အဝလွန်သူတွေ အနေ နဲ့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပြီး ညအိပ် ရာမဝင်ခင် ကြွက်သားတည်ဆောက်မှု လေ့ကျင့်ခန်းတွေပြုလုပ်ပေးတာက ကောင်း ကောင်း အိပ်ပျော်စေပါတယ်။
============================

ကိုယ်ဝန်ဆောင်ထားရခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာ ကိုယ်ဖြစ်စဉ်တွေ ပြောင်းလဲသွားတတ်ပြီး အိပ်စက်မှုအကျင့်တွေလည်း ပြောင်းလဲ သွားတတ်ပါတယ်။ ပထမသုံးလပတ် ကိုယ်ဝန်ဆောင်ချိန်မှာ မသိသာပေမယ့် ကိုယ်ဝန် လရင့်လေလေ အသက်ရှူရခက် ခဲတာနဲ့ ဖိစီးမှုတွေကို ခံစားကြရတတ်ပါတယ်။ သားဦး ကိုယ်ဝန် ဆောင်သည် တွေ အနေနဲ့ မောပန်းမှုကို ခံစားကြရတတ်ပါ တယ်။

ဖြေရှင်းနည်း

သက်သောင့်သက်သာ ဖြစ်စေမယ့် နေထိုင်မှု ပတ်ဝန်းကျင်ရှိပါ စေ။ ပက်လက်မအိပ်ဘဲ ဘေးတစောင်း အိပ်ပြီး သင့်ခန္ဓာကိုယ်ကို ထောက်ပံ့မှုပေး ထားကာ နွေးထွေးနေပါစေ။
=================================

ကဖင်များစွာ မှီဝဲခြင်းနှင့် နံနက်စာ မစားခြင်း

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖင်း များစွာပါဝင်တဲ့ဖျော်ရည်တွေကို တစ်နေ့ ငါးခွက်ထက်ပိုသောက်တာ ကြောင့် သင့် ကို မောပန်းနွမ်းနယ်စေပါတယ်။ မနက် စာမစားတာကလည်း တစ်နေ့တာလုံးအ တွက် သင့်ကို လန်းဆန်းမှုမရှိစေပါဘူး။

ဖြေရှင်းနည်း

ခေါင်းကိုက်နေချိန်မှာ ကော်ဖီတစ်ခွက်လောက်သောက်တာ ဟာ သင့်ကို လန်းဆန်းနေစေတယ်ဆိုပေ မယ့် တစ်နေ့ကို ကဖင်းပါတဲ့ဖျော်ရည် သုံးခွက်ထက် ပိုမသောက်သင့်ပါဘူး။ မနက်ခင်းမှာ အာဟာရပြည့်ဝ စေမယ့် အစားအစာကို ပုံမှန် စားပါ။
================================

ခန္ဓာကိုယ်တွင် သံဓာတ်နည်းခြင်း

သင်စားတဲ့ အစားအစာတွေဟာ အာဟာရညီညွတ်မှုမရှိတာကြောင့်နဲ့ ခန္ဓာ ကိုယ်တွင်း သံဓာတ်နည်းတာကြောင့် သင့် ကို မောပန်းနွမ်းနယ်နေစေပါတယ်။ ဖြေရှင်းနည်း သံဓာတ်ဝကွယ်ဝတဲ့ အ စားအစာတွေဖြစ်တဲ့ အသားနဲ့ ငါးတွေကို သေချာ ချက်ပြုတ်စားသောက်ပါ။ အထူး သဖြင့် အမျိုးသမီး တွေမှာ ပိုဖြစ်တတ်ပါ တယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဖိစီးမှုနဲ့ ဈတ်ဓာတ်ကျရောဂါတွေကြောင့်လည်း အမြဲတမ်းမောပန်းနေသ လိုခံစားကြရတတ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန်ကျတာ၊ စိတ်လှုပ်ရှား တာနဲ့ အိမ်ထောင်ရေးအဆင်မပြေမှုတွေ ကြောင့်လည်း ပင်ပန်းမှုကို ခံစားကြရ တတ်ပါတယ်။

ဖြေရှင်းနည်း

စိတ်ပျော်ရွှင်စေမယ့် နည်းလမ်းတွေကို ရှာဖွေပါ။ အစာ ပုံမှန် စားပါ။ အပြုသဘောဆောင်တွေးပါ။
=============================

ဆီချိုသွေးချိုနှင့် ဆေးကုသမှုခံယူနေရခြင်း

ဆီးချိုသွေးချိုရောဂါရှိသူတွေအ နေနဲ့ ရောဂါရဲ့ နောက်ဆက်တွဲနေနဲ့ မော ပန်းနွမ်းနယ်နေတတ်ပြီး ကြည်ကြည် လင်လင် မခံစားရဘဲ ဖြစ်တတ်ပါတယ်။ တ ခြားဆေးဝါးတွေဖြစ်တဲ့ ပဋိဇီဝပိုးသတ် ဆေးနဲ့ တာရှည်စွဲသောက်ရတဲ့ဆေးတွေ ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ ပင်ပန်းမှုကို ခံစားကြရတတ်ပါတယ်။

ဖြေရှင်းနည်း

ဆီချိုသွေးချိုရှိသူတွေနဲ့ ဆေးဝါး မှီဝဲနေရသူတွေအနေနဲ့ ဆေး ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

By Good Health

တပ်မ ၇၇ နှင့် မူးယစ် သုံးစွဲ ရောင်းဝယ်သူ များအဖွဲ့ ပစ်ခတ် မှုဖြစ်


ရွာပြင်ဘက်မှတောအုပ်သည် ပစ်ခတ်မှုဖြစ်ပွါးခဲ့သော မန်စံအုပ်စု နမ့်ဆီလင်းချောင်းဦး ရေထိန်းတော တန်းဖြစ်ပါသည်။ (Photo: Numtu Group)

သျှမ်းပြည် မြောက်ပိုင်း နမ္မတူ မြို့နယ် မန်စံ ရေထိန်းတောတန်းဘက် စစ်ကြောင်း လှည့်သည့် အစိုးရ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်း နှင့် မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲသူ များအဖွဲ့ ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည်။


ယမန်နေ့ ဇွန်လ ၆ ရက် နံနက် ၆ နာရီခန့်တွင် နမ္မတူမြို့ မန်စံ ရပ်ကွက် ၁ အထွက် နမ္မတူ - လားရှိုးလမ်းမ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲ သူများအတွက် ကင်းစောင့်ပေး သူသုံးယောက်နှင့် အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတို့ ရင်တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများမရှိပဲ မူးယစ် ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်သူ ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“ကင်းစောင့်ပေးတဲ့သူက အစိုးရတပ်ကို အရင်ပစ်တာ။ ထွက်ပြေးလွှတ်မြောက်တဲ့သူလည်းများတယ်။ ၇ ဦးဖမ်းမိတယ်။ ကျနော်တို့ နမ္မတူမြို့နယ်ထဲက ၃ ယောက်၊ နမ့်ဆန်မြို့ နယ်ဘက်က ၁ ယောက်၊ ကျပ်ငွေ သန်းဂဏန်း လက်ဝယ်ရှိသူ တရုတ်အမျိုးသားတဦး၊ လာရင်းဒေသ မသိရသူ တဦးတို့ ဖမ်းမိတယ်။ သူတို့ဆီကနေလည်း မော်တော်ဆိုင်ကယ်၊ တူမီးသေနတ်၊ လေသေနတ်၊ ဒုတ်တွေ၊ ဓါးတွေအပြင်၊ ယာဘတွေ၊ ဘိန်းဖြူတွေ၊ အများကြီးဘဲဖမ်းမိတယ်” - ဟု ပြောသည်။

သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ - အဆိုပါဖမ်းဆီးရ မည့်သည့်သူ ၇ ဦး အနက် ရဲတပ်ဖွဲ့ဝင်အသိုင်းအဝိုင်းတဦးလည်းပါဝင်သည်ဟုပြောသည်။

မန်စံ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် (ခေါ် ) ဦးဖိုးထောင်ကမူ - “ကျနော်ကိုယ်တိုင်သွား ကြည့်ခဲ့ ပါတယ်။ လေးယောက်ဖမ်းမိတယ်။ ယာဘတွေ၊ နံပါတ်ဖိုးတွေ ပါဖမ်းမိတယ်” - ဟု ပြောသည်။

မန်စံအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည်က မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားသူ၊ မှီဝဲသုံးစွဲသူ တရက်တခြားပေါများလာသည်နှင့်အမျှ၊ ရပ်ရွာအသက်အိုးအိမ်လုံခြုံရေးအတွက်လည်း အထူးစိုးရိမ် ရကြောင်း၊ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် မကြာခဏ ဝင်ရောက်ဖမ်းဆီးပေးသင့်ကြောင်း ပြောဆိုသည်။

“ကျနော်တို့က အုပ်ချုပ်ရေးပိုင်းကမှန်ပေမယ့်လည်း ပူးပေါင်းအဖွဲ့အစည်းရှိမှဘဲ ကျနော်တို့က ဒီဟာတွေ ဖမ်းလို့ရမှာလေ။ ဒီတိုင်းလက်နက်မဲ့ကြီးနဲ့တော့ ဘာမှသွားလုပ်လို့မရဘူး။ ဒါကြောင့် တာဝန်ရှိအဖွဲ့ အစည်းတွေ၊ ပူးပေါင်းအဖွဲ့အစည်းတွေ ဒီလိုမကြာမကြာ ဖမ်းဆီးပေးစေချင်တာပေါ့ဗျာ"

နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နမ့်စီလင်းချောင်းဦးရေထွက် တွင် မူးယစ်ဆေးဝါးများ တရား ဝင်ဈေးကဲ့သို့ရောင်းချနေကြောင်း၊ ကင်းစောင့်ပေးသူများ ရှိသကဲ့သို့ ဒုတ်များ၊ ဓါးများ၊ တူမီးသေနတ်၊ လေနတ်နှင့် အခြားသောလက်များလဲ ကိုင်ဆိုင်ထားကြောင်း၊ ဒေသခံများအတွက် ထိုဒေသဘက် ဖြတ်သန်းသွားလာအလုပ်လုပ်ကိုင်ရေးအတွက်ပင်ခက်ကြောင်း ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွန်းမှုလည်း မကြာခဏဖြစ်ပေါ်လေ့ရှိကြောင်းဒေသခံများပြောပြချက်အရသိရသည်။

ရွာပြင်ဘက်မှတောအုပ်သည် ပစ်ခတ်မှုဖြစ်ပွါးခဲ့သော မန်စံအုပ်စု နမ့်ဆီလင်းချောင်းဦး ရေထိန်းတော တန်းဖြစ်ပါသည်။ (Photo: Numtu Group)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများ အက်စစ်ဓာတ် ပါဝင်မှုများနေ

မြန်မာနိုင်ငံတွင် ဆန် စပါး အဓိကစိုက်ပျိုးသည့် ဧရာ ၀တီတိုင်း ဒေသကြီးအတွင်းရှိ လယ်မြေ များ၏ မြေဆီလွှာတွင် အက်စစ်ဓာတ်ပါဝင်မှု များပြား နေကြောင်း သတင်းရရှိသည်။


မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်၊ ဂျပန်နိုင်ငံမှ ပညာရှင် များ၊ ရေဆင်းတက္ကသိုလ်မှ ကျောင်းသားများနှင့် သက်ဆိုင် ရာဝန်ကြီးဌာနများ ပူးပေါင်း၍ ပြီးခဲ့သည့် မေလက ဧရာဝတီ တိုင်းဒေသကြီး ရှိလယ်မြေများ၏ မြေဆီလွှာများအား စမ်းသပ်ရာ တွင် အက်စစ်ဓာတ် ပါဝင် မှုများ နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွဲဖက် အထွေထွေ အတွင်းရေး မှူး ဒေါက်တာ စိုးထွန်းက ပြောသည်။

‘‘အဓိကတော့ ယူရီးယားနဲ့ ဖော့စဖိတ်အသုံးများလို့ ဖြစ်တာ အက်စစ်ဓာတ်များတော့ အထွက်နှုန်း ကျဆင်းတာပေါ့’’ဟု ဒေါက်တာစိုးထွန်းကပြောသည်။

ထို့ကြောင့် လာမည့်နှစ်မှစ ၍ အက်စစ်ဓာတ်လျော့နည်းစေ မည့် ဓာတ်မြေသြဇာများအသုံးပြုနိုင်ရန် စီစဉ်မှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်းအတွင်းရှိ မိုး ရေဖြင့် စိုက်ပျိုးသော လယ်မြေ အားလုံးနီးပါးတွင် အက်စစ်ပါ ၀င်မှုများပြားနေပြီး ယခုနောက် ပိုင်းတွင် နီတိုရောဂါဖြစ်ပွားမှုများ ပြားနေကြောင်း စိုက်ပျိုးရေး ပညာရှင်ဒေါက်ထွန်းဝင်းကပြော သည်။

‘‘အက်စစ်များတာတော့ တစ်တိုင်းလုံးတော့ မဟုတ်ဘူး။ ပင်လယ်နားနီးတဲ့အပိုင်းမှာ ပိုများတယ်။ အဓိကယူရီးယားဓာတ် မြေသြဇာသုံးလို့’’ဟု ဧရာဝတီ တိုင်းဒေသကြီး လယ်/ဆည်ဝန် ကြီးဦးစန်းမောင်ကပြောသည်။

‘‘ဒါကိုကုတဲ့နည်းက ရှိတယ်။တစ်ဧက ပုံမှန်ထုံးအိတ် (25kg) ငါးအိတ်ကနေ ဆယ်အိတ်ကြား ထည့်လိုက်ရင် အက်စစ်ဓာတ်ပါ ၀င်မှုလျော့သွားတယ်’’ဟု ဒေါက် တာထွန်းဝင်းကဆိုသည်။ ဧရာဝတီတိုင်းအတွင်း လယ်စိုက်ဧက ၃၈ သိန်းကျော်ရှိသည်။

7 Day Daily

“စည်းကမ်းရှိသော ဒီမိုကရေစီ"ဟူသည့် အသုံးအနှုန်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်းများ ဆောင်ရွက်နေဆဲ ဖြစ်သည့် မြန်မာနိုင်ငံတွင် “စည်းကမ်းရှိသော ဒီမိုကရေစီ" ဟူသည့် စကားလုံးမှာ ပြောဆိုရန် မလိုအပ်သည့် စကားဖြစ်ပြီး ထိုအသုံး အနှုန်းကို မိမိအနေဖြင့် မကြိုက်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗဟန်းမြို့နယ်၊ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ကျင်းပသည့် ပထမအကြိမ် ဗဟိုကော်မတီဝင် အစည်း အဝေးတွင် ပါတီဝင်များကို ပြောဆိုလိုက်သည်။


“ဒီမိုကရေစီလို့ ဆိုကတည်းက သူ့မှာ စည်းကမ်းဆိုတာ ပါလာပြီးသားပါ၊ စစ်မှန်တဲ့ ဒီမိုကရေစီဆိုရင် လုံလောက်ပါပြီ" ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဆိုလိုခြင်းမှာ လက်ရှိ မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြရာတွင် “စည်းကမ်းရှိသောဒီမိုကရေစီ “ ဟူသည့် အသုံးအနှုန်းများ သုံးနှုန်းပြောဆို နေခြင်းများကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် “စစ်မှန်သည့် ဒီမိုကရေစီ" ဆိုသည့် အသွင်ကိုသာ ဖော်ဆောင်ရမည် ဖြစ်ပြီး စစ်မှန်သည်ဟူသည့် စကားလုံးအတိုင်း ဒီမိုကရေစီလမ်းစဉ်၏ စည်းကမ်းများနှင့် အညီ သွားကြရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် ဒီမိုကရေစီနိုင်ငံတော်သို့ အသွင်ကူးပြောင်းရာတွင် ပိုမိုအောင်မြင်စေရန်၊ ထိရောက်စေရန် အပြုသဘောဆောင်သည့် အကြံပြုချက်များ ရှိရန် အပြန်အလှန်ရှိရန် လိုအပ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်မှ စ၍ သမ္မတသစ် တတ်လာပြီးသည့်နောက် ဒီမိုကရေစီနိုင်ငံတော်သို့ ကူးပြောင်းရန် အစိုးရမှ ဦးဆောင်ကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်းများ၊ ပါတီများ လွတ်လပ်စွာ စည်းရုံးခွင့် ထူထောင်ခွင့်များ စသဖြင့် ဒီမိုကရေစီနိုင်ငံတော်၏ အခြေခံ ရှိရမည့် အခွင့်အရေးပေးခြင်းများ စတင်ပြုလုပ်နေသည်မှာ ၂ နှစ်ခွဲခန့်ရှိပြီဖြစ်သည်။

ဒေါ်စု နှင့် တပ်မတော်



ဒေါ်စုနဲ့ တပ်မတော် အပြန်အလှန် သဘောထား အမြင် ကြည်လင်ရေး၊ ယုံကြည်မှုတည်ဆောက် နိုင်ရေး တို့ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်း ရေးအတွက် အရေးကြီး လှတဲ့ အခြေခံ လိုအပ်ချက် တွေထဲမှာ အဓိက ကျတဲ့ အချက် ဖြစ်ပါတယ်။ဒေါ်စု ဟာ လူထုခေါင်းဆောင်ဖြစ်တာနဲ့အညီ ဒေါ်စုနဲ့ တပ်မတော် တို့ နွေးထွေးချစ်ကြည်တဲ့ ဆက်ဆံရေး ကို ခိုင်ခိုင်မာမာတည်ဆောက်နိုင်တာနဲ့ တစ်ပြိုင် နက်ထဲမှာ ဒီမိုကရေစီပေါ်ပေါက်လာပြီး တဲ့အချိန်ကိုရောက်ရင် အဲဒီဒီမိုကရေစီဟာ မပျောက်မပျက် ခိုင်ခိုင်မာမာတည်တံ့ဖို့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ လူထုနဲ့တပ်မတော် ပြန်လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ပြီးသားဖြစ်မှာဖြစ်လို့ ဒီကိစ္စဟာဘယ်လောက် အရေးပါတယ်ဆိုတာ အထွေအထူး ပြောဖို့ မလိုလှပါဘူး။


ဒ်ါစုကိုယ်တိုင်လည်း တပ်မတော်နဲ့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ဖို့ လိုလားကြောင်းပြောဆိုခဲ့ဖူး တာတွေ ရှိပါတယ်။အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ဆိုတဲ့ကိစ္စဟာလည်း မူဝါဒတစ်ရပ်အနေနဲ့ နှစ်ဘက်စလုံးမှာ အမှန်တစ်ကယ်ရှိနေပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ နည်းဗျူဟာ ဆိုင်ရာ အားနည်းချက် တချို့ကြောင့် လောလောဆယ်ဖြစ်ပျက်နေတဲ့ နိုင်ငံရေးမိုးသက် လေပြင်းများက ဒေါ်စုနဲ့ တပ်မတော် နီးကပ်တဲ့ ဆက်ဆံရေးတစ်ရပ်တည်ဆောက်နိုင်ရေးကိစ္စ နောက်ကိုဆုတ်သွားစေတယ် လို့ မပြောနိုင်ရင်တောင်မှ ရှေ့ကို တိုးတက်ဖို့ ခက်ခဲစေတယ်လို့ ရှုမြင် သုံးသပ်ရပါတယ်။

ဒီမိုကရေစီစံနှုန်းတွေနဲ့ တိုင်းတာကြည့်ရင် လောလောဆယ် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်း နေတဲ့ ကာလမှာ ဒေါ်စု ပြောတာဆိုတာတွေဟာ မှားယွင်းနေပါတယ်လို့ ပြောဆိုဖို့ ခက်ခဲပါတယ်။

ဥပမာ ကာကွယ်ရေးဦးစီးချုပ်ဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့မသက်ဆိုင်ကြောင်း၊ တပ်မတော်ဟာ မိမိမူလတာဝန်ကိုထမ်းဆောင်ဖို့ ဆောင်ရွက်သင့်ကြောင်း ပြောဆိုမှုများဟာ ဒီမိုကရေစီ စံနှုန်း တွေအရဆိုရင် လျော်ညီမှုရှိတယ်လို့ဆိုရပါလိမ့်မယ်။ တပ်မတော်ဆိုတာက နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို တာဝန်ယူရမယ်ဆိုတာ သဘောတရားအရ မှန်ကန်တဲ့အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ပကတိအခြေအနေမှာတော့ တပ်ကို သူ့ရဲ့မူလတာဝန်ကို ထမ်းဆောင်စေဖို့၊ တစ်နည်းအားဖြင့် နိုင်ငံရေးတာဝန်များကို စွန့်လွှတ်စေဖို့ဆိုတာ ချက်ချင်းလက်ငင်း ဘယ်လိုမှ အကောင်အထည်ဖော်လို့မရ နိုင်ဘူးဆိုတဲ့ အနေအထားကြောင့် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးအတွက် အရေးကြီးဆုံး အခြေခံလိုအပ်ချက်တွေထဲကတစ်ခု ဖြစ်တဲ့ ဒေါ်စုနဲ့ တပ်အကြား ဆက်ဆံရေးတိုးတက် ကောင်းမွန်ဖို့ကိစ္စဟာ လောလောဆယ် အတိုက်အခံတို့ရဲ့ ပြင်ဆင်ရေးဆိုင်ရာ နည်းဗျူဟာအားနည်းချက် များကြောင့် နည်းနည်းပိုအလှမ်းဝေးသွားတယ်ဆိုတာ စိတ်မချမ်းမြေ့စရာ အချက်အလက်အသစ်တစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

တပ်မတော်က နိုင်ငံရေးနယ်ပယ်ထဲမှ လုံးဝအပြီးအပိုင် ဆုတ်ခွာရေးဆိုတာ ပြောရရင် ဒီမိုကရေစီ တည်ဆောက်ရေးရဲ့ တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ကိစ္စပါပဲ။ တပ်မတော်သာ နိုင်ငံရေးနယ်ပယ်ထဲ မရှိတော့ရင် ဒီမိုကရေစီရပြီလို့ သာမန်အားဖြင့် ပြောလို့ရပေမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီအပြည့်အဝ ထွန်းကားရေးအတွက် လောလောဆယ်မှာ ဘက်ပေါင်းစုံလိုအပ်ချက်တွေက ရှိနေသေးတာဖြစ် လေတော့ တပ်မတော်ကို နိုင်ငံရေးကနေဖယ်ရှားရေးကိစ္စကို တခြားသော အခြေခံ လိုအပ်ချက်များ တည်ဆောက် ရေးကို လုပ်ကိုင်ကြရင်းနဲ့ တွဲပြီးလုပ်ကိုင်ဆောင်ရွက်သွားကြဖို့ဆိုတဲ့ နည်းလမ်းတစ်ခုထဲကသာ မြန်မာနိုင်ငံရဲ့ ခိုင်မာတဲ့ အနာဂါတ်အတွက် အာမခံချက်ရှိနိုင်ပါလိမ့်မယ်။ လောလောဆယ်မှာတော့ တပ်မတော်က နိုင်ငံရေးတာဝန်တွေမယူတော့တာနဲ့ဒီမိုကရေစီ သေချာပေါက် ဖြစ်ထွန်းပြီလို့ ပြောလို့ မရသေးတာအမှန်ပါ။တပ်ကိုနိုင်ငံရေးထဲကနေဖယ်ရှားရေးအတွက် တပ်ကို တွန်းထုတ်တဲ့နည်းလမ်းထက် တပ်ကို လက်ချင်းတွဲလိုက်တဲ့နည်းလမ်းကသာ ပိုပြီး လက်တွေ့ကျပြီး ထိရောက်မှုလည်း ရှိမယ်ဆိုတဲ့ အယူ အဆဟာလူကြိုက်အလွန်နည်းပြီး ဖန်တစ်ရာတေအောင်ပြောနေဆိုနေကြတဲသူ တချို့တလေ ရှိပေမယ့်၊ နိုင်ငံရေးနယ်ပယ်မှာလက်တွေ့ကျကျ လက်ခံကျင့်သုံးဖို့လည်း အလွန်မတန်မှ တွန့်ဆုတ် နေကြပေမယ့် ပကတိအခြေအနေနဲ့ ကိုက်ညီလွန်းနေပြီး အတိုက်အခံ တော်တော်များများအတွက် အလွန် ခါးသက်တဲ့ အမှန်တရားဖြစ်ပါတယ်။

တပ်မတော်ကို လက်တွဲဖို့၊ စိတ်ရှည်သည်းခံဖို့ ၊အချိန်ကို လိုအပ်သလောက်ယူကြဖို့ ပြောဆိုနေကြသူ များဟာ စစ်တပ်နဲ့ပေးစားခံရလေ့ရှိပြီး တပ်မတော်က တစ်စုံတစ်ရာ ထောက်ပံ့ပေးကမ်း စွန့်ကြဲတာရယူနေတဲ့ ဒီမိုကရေစီကိုသစ္စာဖောက်နေကြသူများအဖြစ်လည်း ကင်ပွန်းတပ်ကြလေ့ ရှိပေမယ့် တစ်ကယ်တော့ တပ်ဘက်ကရော အရပ်ဘက်( အတိုက်အခံဘက်)ကပါ သံသယနဲ့ဆက်ဆံခံကြရတတ်ပြီး အဲဒီလူတွေကလည်း တခြားသူတွေလိုပဲ နိုင်ငံနဲ့လူထုကို ချစ်မြန်နိုးကြသူများဖြစ်တယ်ဆိုတာ လက်ခံတဲ့သူနည်းလှပါတယ်။ဒီမိုကရေစီလို့သာ ပြောဆိုနေကြပေမယ့် အယူအဆကွဲလွဲသူများဟာ အမျိုးသားသစ္စာဖောက်များ အဖြစ်တောင်မှ စွပ်စွဲခံကြရတတ်တဲ့ အခြေအနေပါ။ အဲဒီလူတွေက တစ်ကယ်တော့ အတိတ်က ခါးသီးတဲ့ အဖြစ်အပျက်တွေကို သင်္ခန်းစာယူရုံထက်ပိုပြီး စိတ်ထဲမှာ မထားကြတော့ဘဲ လက်တွေ့ကျကျ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ တပ်မတော်အပါအဝင် နိုင်ငံသားအားလုံးလက်တွဲပြီး နိုင်ငံတော်သစ်ပြန်လည်တည်ဆောက်ရေးကို ယုံကြည်ကြသူများသာ ဖြစ်ပါတယ်။ တပ်မတော်က နိုင်ငံရေးထဲ မှာ ပါဝင်နေတုန်းပဲ ဆိုတဲ့ အချက်ကို ဒီမိုကရေစီနဲ့ မကိုက်ညီသေးမှန်းသိပေမယ့် တပ်မတော်ဟာ အတိတ်က ခေါင်းဆောင်များရဲ့ လုပ်ပုံကိုင်ပုံ လွဲချော်မှု များအတွက် နိုင်ငံနဲ့လူထုကို ပြန်လည်ပေးဆပ် အလုပ်အကြွေးပြုရင်း ဒီမိုကရေစီ တည်ဆောက် ရေးလုပ်ငန်းကြီးမှာ တက်ကြွသည်ထက်တက်ကြွစွာပါဝင်အားထုတ်လာကြမယ်လို့ ( ပြသနာတွေ အခက် အခဲ တွေ ကြားကပဲ) ယုံကြည်မှု ထားဖို့ကြိုးစားနေကြသူများသာဖြစ်ပါတယ်။

တစ်ကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ တပ်မတော်ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းသွားတယ်ဆိုတာ သေသေချာချာကြည့်ရင် အထင်းသားမြင်တွေ့ နိုင်ပါတယ်။ အရင်လို စစ်အာဏာရှင်အုပ်ချုပ်ရေးကို ကျားကန်ပေးရတဲ့တပ် မဟုတ်တော့ပါဘူး။ စစ်အာဏာရှင်လက်ထက်က တိုင်းပြည် အစစအရာရာ နိမ့်ကျစေအောင် တစ်လွဲစီမံခန့်ခွဲခဲ့တဲ့ စစ်ခေါင်းဆောင်တွေဟာလည်း တပ်မတော်ထဲမှာ မရှိတော့ပါဘူး။ပြည်သူလူထုကိုလည်း တရားလွန် ဖိနှိပ်ချုပ်ချယ်ထားတာမရှိတော့ပါဘူး။ လက်ရှိ ခွင့်ပြုထားတဲ့ လွတ်လပ်ခွင့်တွေဟာ စံနှုန်းပြည့်မဟုတ်သေးပေမယ့် စစ်အာဏာရှင်ခေတ်များနဲ့နှိုင်းယှဉ်ကြည့်ရင် များစွာကွာခြားတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ တပ်မတော်ကိုယ်တိုင်က အခြေခံဥပဒေပြဌာန်းချက်များကို တစ်သွေမတိမ်းလိုက်နာပြီး အရပ်သားပုံစံအစိုးရရဲ့ ဦးဆောင်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

လက်ရှိအစိုးရက စစ်သားဟောင်းတွေပဲ ဆိုတာမှန်ပါတယ်။ ဒါပေမယ့် စနစ်ကို ကြည့်တတ်ဖို့လိုပါတယ်။ စနစ်ပြောင်းသွားပြီဆိုတာ လက်ခံဖို့လိုပါတယ်။ စနစ်ကောင်းသွားပြီလို့ ဆိုလိုခြင်းမဟုတ်ပါဘူး။စနစ်ကောင်းဖို့ဆိုတာလည်း အခြေခံဥပဒေကို ပြင်ပြီး စစ်သားတွေကို လွှတ်တော်ထဲက မောင်းထုတ်လိုက်ရုံနဲ့ မဖြစ်နိုင်ပါဘူး။ လုပ်စရာတွေက တစ်ပုံတစ်ပင်ရှိနေပါသေးတယ်။ institution တွေ မခိုင်မာသေးပဲ ဒီမိုကရေစီမခိုင်မာဘူးဆိုတာ ငြင်းမရတဲ့ အမှန်တရားပါ။လောလောဆယ်ပြောင်းသွားတဲ့စနစ်ကိုလက်တွေ့ကျကျ ကောင်းမွန်စွာအသုံးချတတ်ကြဖို့ လိုပါတယ်။ စနစ်အရ အရပ်သားစစ်စစ်ပါတီတွေက ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့နိုင်ပါပြီ။ အဲဒီအစိုးရရဲ့လက်အောက်မှာ တပ်မတော်က တာဝန်ထမ်းဆောင်ရမယ်ဆိုတာ ပြဌာန်းထားပြီဖြစ်ပါတယ်။ တပ်မတော်က ရယူထားတဲ့ နိုင်ငံရေး လုပ်ပိုင်ခွင့်တွေအတွက် နှစ်ဘက် ယုံကြည်မှုတည်ဆောက်နိုင်သလောက် တပ်ဘက်က တဖြည်းဖြည်းလျှော့ချသွားမယ်ဆိုတာ ကတိကဝတ်များပေးထားသလို ဒီကတိကဝတ်တွေကို အရင်ဆုံး စိတ်ရှည်ရှည်ထားပြီး လက်ခံစဉ်းစားသင့်တဲ့ အခြေအနေအချိန်အခါကိုရောက်နေပါပြီ။

ဒေါ်စုအနေနဲ့ တပ်မတော်ကို စိန်ခေါ်ပါတယ်ဆိုတဲ့စကားနဲ့ တပ်ကို ခပ်မာမာဆက်ဆံလိုက်ခြင်းက နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ လူထုအတွက်တော့ သာမန်အားဖြင့် ကျေနပ်စရာလို့ထင်ရပေမယ့် မြန်မာ့နိုင်ငံရေးကောင်းမွန်ဖို့ အခြေခံလိုအပ်ချက်ကြီးဖြစ်တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးရရှိဖို့အတွက်ကတော့ တော်တော်လေး ဘေးကျပ်နံကျပ်ဖြစ်စေတာ အမှန်ပါ။ တပ်မတော်ကို နိုင်ငံရေးထဲကနေ ထွက်သွားဖို့ မောင်းထုတ်နေခြင်းဟာ တပ်မတော်က နိုင်ငံရေးထဲမှာ ကြာသင့်တာထက်ပိုကြာနေဖို့ အခြေအနေတစ်ရပ်ကို ဖန်တီးသလိုဖြစ်နိုင်ပါတယ်။ လူထုရှေ့ကရပ်နေတဲ့ လူထုခေါင်းဆောင်နဲ့ တပ်မတော် ရင်းနှီးချစ်ခင်မှုမရသေးဘဲ လူထုနဲ့တပ်မတော် ချစ်ခင်စည်းလုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒီတော့ တပ်နဲ့ပြည်သူ ကြည်ဖြူဖို့ နောက်ထပ် ဆယ်စုနှစ်များစွာ အချိန် လိုအပ်လာပါလိမ့်မယ်။

လွှတ်တော်တွင်းက ၂၅ ရာခိုင်နှုန်းကို စဉ်းစားပုံစဉ်းစားနည်းက လတ်တလော နိုင်ငံရေးမိုးသက်လေပြင်းတွေကိုပေါ်ပေါက်စေတာဖြစ်ပါတယ်။ ( အရပ်သားပါတီမှ ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ) လို့ တရားသေ တွက်ချက်နေကြခြင်းကြောင့်ဖြစ်ပါတယ်။ တစ်ကယ်တမ်းက အရပ်သားပါတီများက ကိုယ်စားလှယ်တချို့ နဲ့ တပ်ကိုယ်စားလှယ်များ ၇၅ ရာခိုင်နှုန်း + အရပ်သားပါတီများမှ ကိုယ်စားလှယ်အချို့ ၂၅ ရာခိုင်နှုန်း ဆိုတာမျိုးကိုလည်း alternative စဉ်းစားကြည့်သင့်ပါတယ်။ ဒီလိုစဉ်းစားဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုရင်တော့ တပ်ကိုလုံးဝ မယုံကြည်ဘူးဆိုတဲ့သဘောပါပဲ။ စိတ်ရှည်သည်းခံမှုဟာ မြန်မာ့နိုင်ငံရေးကောင်းဖို့ သော့ချက်တစ်ခုဖြစ်နေပါတယ်။ စိတ်ရှည်သည်းခံပြီး တပ်မတော်ကို ယုံကြည်မှုမထားနိုင်ရင် တပ်ရဲ့ စိုးရိမ်မှုများကို လျှော့ချနိုင်ခြင်းရှိမှာမဟုတ်ဘဲပိုလို့သာ တိုးပွားလာစေမှာဖြစ်ပါတယ်။ နိုင်ငံရေး အရ ရှေ့မတိုးနောက်မဆုတ်အခြေအနေ ( Political Stagnation ) ကို ဦးတည်သွားနိုင်ပါတယ်။

၂၀၁၅ မှာ မဲဆန္ဒနယ် အားလုံးနီးပါးလောက် ကို NLD နဲ့ တိုင်းရင်းသားပါတီများ က နိုင်ဖို့ အခြေအနေက အလွန်အားကောင်းနေခြင်းကို မျက်ကွယ်ပြုပြီး တပ်မတော်ကို အဓိက ပစ်မှတ်ထားနေခြင်းက လုပ်နည်းလုပ်ဟန်( နည်းဗျူဟာ )မှားယွင်းမှုဖြစ်ပါတယ်။ တစ်ကယ်တမ်း အာဏာကိုရယူထားတာက ( အာဏာရပါတီက ) အရင်စစ်အာဏာရှင်ခေတ်က ခေါင်းဆောင်ဟောင်းများဖြစ်ပြီး တပ်မတော်က အနာဂါတ်မှာ နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်တဲ့ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးလည်းဖြစ်တဲ့ Institution တစ်ခုသာဖြစ်ပါတယ်။ အတိုက်အခံတို့အနေနဲ့ အခြေခံဥပဒေအရ တပ်ကရော အာဏာရပါတီကပါ တားဆီးပိတ်ပင်လို့မရနိုင်တဲ့ အကောင်းဆုံးနည်းလမ်း(ရွေးကောက်ပွဲနိုင်ရေး)ကို ဒုတိယဦးစားပေးအဖြစ်စဉ်းစားပြီး လောလောဆယ်ကျော်လွှားရခက်ခဲတဲ့တပ်နဲ့လည်းထိပ်တိုက်တွေ့နိုင် နှစ်ဘက်အမြင်လွဲမှားနိုင်တဲ့ နည်းလမ်းကို ပထမဦးစားပေးစဉ်းစားခြင်းက အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို အလေအလွင့်ဖြစ်စေမှာဖြစ်ပါတယ်။ဥပဒေကြောင်းအရ စဉ်းစားရင်လည်း အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ဆွေးနွေးပြီးဖြစ်တာကြောင့် လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်တဲ့ အချိန်အထိ စောင့်ကြည့်သင့်ပါတယ်။ တပ်က ဒေါ်စုပြောသလို အာဏာကို ရယူထားတယ်ဆိုတာ ၂၀၁၀ နောက်ပိုင်းကာလမှာတော့ လုံးလုံးမှန်တဲ့ အခြေအနေတစ်ခုမဟုတ်တော့ပါဘူး။ အာဏာရပါတီဟာ ဒေါ်စုအနေနဲ့ ထိထိရောက်ရောက်စိန်ခေါ်ရမယ့်၊ ဒီလိုစိန်ခေါ်ရင်လည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို လုံးလုံးမထိခိုက်နိုင်တဲ့ နည်းလမ်းဖြစ်ပြီး အတိုက်အခံတို့အနေနဲ့ လွှတ်တော်ကိုလွှမ်းမိုးနိုင်ရုံမက အစိုးရပါဖွဲ့နိုင်မယ့် တစ်ခုတည်းသော အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ဒီမိုကရေစီ စစ်စစ်မှန်မှန် ခိုင်ခိုင်မာမာ ပေါ်ထွန်းစေလိုသော စေတနာနဲ့ တင်ပြတောင်းပန်လိုက်ရပါတယ်။ ။

ပိုက်တင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံရေးနယ်ပယ်သို့ ကူးမည် မဟုတ်ဟုဆို



တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ နိုင်ငံရေးနယ်ပယ်သို့ ကူးပြောင်းမည် မဟုတ်ဘဲ လက်ရှိ ရာထူးနှင့် အလုပ်ကိုသာ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စား လှယ်များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်တန်းအရာရှိကြီး အချို့ ၂၀၁၄ ခုနှစ် သြဂုတ်လ နှောင်းပိုင်းတွင် တပ်မတော်မှ အနားယူကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုကိုးကျွန်း သို့မဟုတ် ကျွန်းစု မဲဆန္ဒနယ်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ယင်းကြောင့် ဇွန် ၆ ရက်နေ့တွင် The Voice က ဗိုလ်မှူးချုပ်ဝေလင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ “ဒီကိစ္စက မဖြစ်နိုင်ပါဘူး၊ သူ့ရဲ့ အလုပ်ပဲ သူလုပ်မှာပါ” ဟု ၎င်းက ထွက်ပေါ်နေသော သတင်းများကို ဖြေရှင်းပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်ဆန်းကို The Voice က ထပ်မံ မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

သို့သော် ကာကွယ်ရေးဦးစီးချုပ်သည် အရပ်ဝတ် နိုင်ငံရေးလောကသို့ ဝင်ရောက်လာပါက ကြံ့ခိုင်ရေးပါတီ အနေဖြင့် ကြိုဆိုလျက် ရှိကြောင်း ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောသည်။ “ဒီလို ရာထူးကြီးကြီးတွေ ဝင်လာမယ် ဆိုတဲ့ သတင်းတော့ မကြားမိဘူးဗျ။ လာမယ်ဆိုရင်လည်း Welcome ပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောပြသည်။

From:The Voice

ရခိုင်ပြည်နယ်တွင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ မျိုးဆက်များ လာရောက်ပါက မောင်းထုတ်မည်ဟု ဆို



ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်များလာေ၇ာက် ဆိုပါက ဆန္ဒပြကန့်ကွက် ကာ မောင်းထုတ်သွားမည်ဖြစ်ကြောင်း မဟာ ရက္ခိတ အဖွဲ့မှ သိရ သည်။


ယင်းအဖွဲ့အား ဦးဆောင်သူ ဦးမောင်လှက "ဆန္ဒ ထုတ်ဖော်ဖို့အတွက် ခွင့် ပြုချက်တင်ထားတယ်။ ဒါပေမယ့် ခွင့်ပြုချက်တော့မရသေး။ တကယ် လို့ ခွင့်ပြုချက်မပေးရင်လည်း ကျွန်တော်တို့က ပြသွားမှာပါ။ ဒေါ်စုမလာ ဘဲ ၈၈ တွေလာရင်လည်း ကျွန်တော်တို့ ကတော့ ဆန္ဒထုတ်ဖော်သွားမှာဖြစ် ပါတယ်။ အဓိက ရည်ရွယ်ချက်က ၅၉(စ)အပြင်မခံနိုင်ဘူး၊ ဘင်္ဂလီတွေဘက်က ရပ်တည်တဲ့သူတွေကို ကျွန်တော်တို့ ပြည်နယ်ထဲက မောင်းထုတ်မယ် ဆိုတာပါပဲ"ဟု ပြောသည်။

ယင်းသို့ဆန္ဒထုတ်ဖော်ရန်အတွက် လူအင်အား တစ်ရာဖြင့် ခွင့်ပြုချက် တင် ထားဆဲဖြစ်ကြောင်းနှင့် ကိုင်ဆောင်မည့် ဆိုင်းဘိုးအချို့ကိုလည်း ဘီနိုင်း များဖြင့် ပြုလုပ်ထားပြီးဖြစ်သည်ဟု သိရသည်။

ဒေါ်စုသည် ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလီများဘက်မှ ၀င်ရောက်ပြော ဆိုခြင်းများအား မကျေ နပ်သည့်အတွက် ထိုသို့ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းနှင့် တိုင်းရင်းသားအရေးတွင် တိုင်းရင်း ပါဝင်ကူညီမှုမရှိသူဖြစ်ကြောင်း၊ ဘင်္ဂလီများအား လူနည်းစုဟု မှားယွင်းစွာသုံးနုန်းခဲ့ခြင်းများနှင့် ၅၉ (စ)ကိုပြင်ဆင်စေခြင်းများ သည် တိုင်းရင်းသားအရေးနှင့် ဆန့်ကျင်နေခြင်းများကြောင့်ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း မဟာရက္ခိအဖွဲ့တွင် ဦးဆောင်ပါဝင်မည့် ဦးမောင်လှ ကပြောသည်။

မူလက ဇွန်လအတွင်း ဒေါ်စုနှင့် ၈၈ တို့လာရောက်မည်ဟု သတင်းကြားသော်လည်း ယခုနောက်ပိုင်း တွင် ဇူလိုင်လအတွင်းသာ လာရောက်မည်ဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

“ဘယ်အချိန်လာလာ၊ လာချင်တဲ့အချိန်လာခဲ့ပါ။ ကျွန်တော်တို့ လက်မခံဘူး။ လေယာဉ်နဲ့လာရင် လေဆိပ်ကနေ မောင်းထုတ်မယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုလည်း ကျွန်တော်တို့ လုံးဝ လက်မခံဘူး။ ၄၃၆ ပြင်တာက ပုဒ်မ ၅၉(စ)ကို ပြင်ချင်လို့ တစ်ဘက်လှည့်နဲ့ လုပ်တာ ဆိုတာကို ကျွန်တော်တို့ သိနေတယ်။ ပြောချင်တာက ရခိုင်ပြည်နယ်ကို ဒီလို ဘင်္ဂလီအားပေးတွေ ခြေမချနိုင်ဖို့ ပြတ်ပြတ်သားသား ဆန့်ကျင် သွားမယ်” ဟု ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအတွက် လာသောနေ့၌ ဆန္ဒထုတ်ဖော်ကာ ရခိုင်ပြည်နယ်မှ မောင်းထုတ်မည်ဟုလည်း သတင်း ရရှိသည်။

From: RSV

လားရှိုးတွင် ဘုရားဆင်းတုကို ထဘီအတွင်း ထည့်ယူသဖြင့် ထောင် ၂ နှစ် ပြစ်ဒဏ်ချ


10423851_764569983563263_6751091112248376093_n

ရှမ်းပြည်နယ် လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးက ဘုရားဆင်းတုတော်ကို ထဘီအတွင်း ထည့်ကာ ယူဆောင်သဖြင့် ဘာသာသာသနာကို စော်ကားမှုဖြင့် ဇွန်လ ၆ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး တင်ဖေဝင်းက ပြောကြား သည်။


ဒေါ်ရီရီအောင် အမည်ရ အဆိုပါ အမျိုးသမီးသည် ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လားရှိုးမြို့နှင့် ၂ မိုင်ခန့်အကွာ ဆုံကွယ်ကျေးရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ်ကွက်ရှိ ဗောဓိညောင်ပင်တွင် ကိုးကွယ်ထားသော ဉာဏ်တော် ခြောက်လက်မခန့် သစ်သား ရုပ်ပွားတော်ကို ထဘီအတွင်း ထည့်၍ ယူဆောင်ခဲ့ကြောင်း နယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်စန်းယုက ဆိုသည်။

ယင်းလုပ်ရပ်ကို တစ်ရွာတည်းနေ ဒေါ်အေးမူနှင့် ဒေါ်နှင်းဆိုသူ နှစ်ဦးက မြင်တွေ့သွား၍ ရုပ်ပွားတော်အား ပြန်လည်လုယူကာ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့သို့ အကြောင်းကြားကာ ဒေါ်ရီရီအောင်ကို ဝိုင်းဝန်းဖမ်းဆီးပြီး နယ်မြေရဲစခန်းသို့ အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စကြောင့် ပဋိပက္ခများ မဖြစ်ပွားစေရန် လုံခြုံရေးတိုးမြှင့် ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ရာ နယ်မြေရဲစခန်းသို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ချက်ချင်းရောက်လာကာ ပဋိပက္ခများ မဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြောင်း ရဲအုပ်စန်းယုက ရှင်းပြသည်။

အဆိုပါ အမျိုးသမီးမှာ လားရှိုးမြို့၊ ရပ်ကွက် ၁၂ တွင် နေထိုင်သည့် အသက် ၄၃ နှစ် အရွယ်ရှိ ဒေါ်ရီရီအောင် ဖြစ်ပြီး ၎င်းကို ပုဒ်မ ၂၉၅ (ဘာသာသာသနာကို စော်ကားရန် အကြံဖြင့် ယုတ်ညံ့စေခြင်း) ဖြင့် စွဲချက်တင်ကာ တရားခံက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံသဖြင့် ဇွန်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ သိရှိရသည်။ ဒေါ်ရီရီအောင်သည် သားဦး မွေးဖွားစဉ်က မီးတွင်း၌ ၎င်း၏ ခင်ပွန်းနှင့် စကားများ၍ ခင်ပွန်းဖြစ်သူ ရိုက်နှက်ခဲ့မှုကြောင့် မကြာခဏ စိတ်ဖောက်ပြန်လေ့ ရှိကြောင်း ၎င်း၏ အစ်မဖြစ်သူ ဒေါ်ပန်းမြိုင်က ပြောကြားသည်။

ဒေါ်ရီရီအောင်၏ ဖခင်မှာ ပထန်လူမျိုး အာရပ်နွယ်ဝင် အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်ပြီး ၎င်းတစ်နှစ်သမီး အရွယ်တွင် မိဘများ အိမ်ထောင်ကွဲသွားပြီး မိခင်နှင့်အတူ နေထိုင်ခဲ့ကာ မိခင်၏ ဘာသာဖြစ်သော ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြောင်း ဒေါ်ပန်းမြိုင်က ဆက်လက်ရှင်းပြသည်။

၎င်း၏ နေအိမ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ နေအိမ်တွင် ဘုရားစင် တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဖေဝင်းက ပြောပြသည်။ လားရှိုးမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြု အဖွဲ့များ၊ ပြည်သူ့စစ်များ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့် ချထားကာ လှည့်ကင်းများဖြင့် ကြပ်မတ်ဆောင်ရွက်နေမှုများ ရှိနေပြီး လက်ရှိ အခြေအနေတွင် တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

From: (နေမျိုးနွယ်)

ဒေါ်စုကို တစ်ရွာလုံးမုန်းတဲ့ ပြန့်ကပြေးကျေးရွာ (သို့မဟုတ်) ဒုတိယ ဒီပဲယင်း


နေပြည်တော်ကောင်စီနယ်မြေတွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် အခြေခံဥပဒေ ပုဒ်မ (၄၃၆)ပြင်ဆင်ပေးရေးအတွက် ဦးဆောင် လက်မှတ်ရေးထိုးမှု များပြုလုပ်နေသော်လည်း တစ်ဖက်တွင် ဒေသခံတစ်ချို့က ဆန့်ကျင်ကာ ၄င်းပုဒ်မ (၄၃၆) ကို ကန့်ကွက်ဆန္ဒပြလျှက်ရှိရာ ထိုကဲ့သို့ ကန့်ကွက်ဆန္ဒပြသူများသည် ပြန့်ကပြေး ကျေးရွာမှဖြစ်ကြပြီး ရွာလုံးကျွတ် ဒေါ်အောင်ဆန်း စုကြည်ကို မုန်းတီးလျှက်ရှိကြောင်း သတင်းရရှိ သည်။


ပြန့်ကပြေးကျေးရွာသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် တည်ရှိပြီး ဘာသာ သာသနာ ထွန်းကားသော ဒေသတစ်ခုဖြစ်သည်။ လယ်ယာအလုပ်ဖြင့် အေးချမ်းစွာ အသက်မွေးကြပြီး ဒေါ်အောင်ဆန်းစုကြည်ကို တစ်ရွာလုံးက ခါးခါးသီးသီး မုန်းတီးလျှက်ရှိပြီး ၎င်းဦးဆောင်သည့် NLD ကိုလည်း လုံးဝ ဆန့်ကျင်ထားကြောင်း သိရသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း NLD ပါတီဝင်များကို လေဂွဖြင့် ပစ်ခတ်ခဲ့ဖူးသဖြင့် အများအပြား ဒဏ်ရာရခဲ့ဖူးသည်။

ပြန့်ကပြေးကျေးရွာသည် ဒုတိယမြောက် ဒေါ်အောင်ဆန်းစုကြည်ကို ရွာလုံးကျွတ် မုန်းတီးသည့် ဒေသဖြစ်ပြီး ပထမ ဒေသမှာ ဒီပဲယင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် ပြန့်ကပြေးကျေးရွာနေထိုင်သူများကို သတိထား ဂရုစိုက်ရနေရပြီး ဒီပဲယင်းဖြစ်စဉ် ကဲ့သို့ ပြဿနာများ ရှာလာနိုင်သူများဖြစ်လာနိုင်သည့် အတွက် အဖွဲ့ချုပ်ဥက္ကဌ အသက်ကို အန္တရာယ် ပြုလာနိုင်ကြောင်း ဇမ္ဗူသီရိ NLD မှ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြထားကြောင်း သတင်းရရှိသည်။ 

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ၂၀၁၅ ရွေးကောက်ပွဲအတွက် လှည့်ဖြား စည်းရုံးခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ဆောင် ခြင်းသည် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပြည်သူလူထုကို လှည့်ဖြားခြင်း မဟုတ် ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။


ဇွန်လ ၇ ရက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ နယ် ဒို့ရိုးရာခန်းမတွင် ပြုလုပ်သော NLD ပါတီ ပထမအကြိမ် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ပါတီ တစ်ခုတည်းရဲ့ အကျိုးကို ကြည့်ပြီး အခြေခံဥပဒေကို ပြင်ဆင်တာလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိနေပါတယ်။ ဘယ်ရွေးကောက်ပွဲကိုဖြစ်ဖြစ် ရင်ဆိုင်တဲ့အခါ အဓိကကျတာ ပြည်သူလူထုနဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။ လှည့်ဖြားတဲ့ ဆက်ဆံရေး ဘယ်တော့မှ မရှိဘူး။ ကျွန်မ ရဲရဲကြီး ပြောရဲပါတယ်။ NLD ပါတီက ဘယ်တုန်းကမှ ပြည်သူကို မလှည့်ဖြားခဲ့ဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးထက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု သြဇာ လွှမ်းမိုးစေရန် ပြင်ဆင်ပြီး လွတ်လပ်စွာ ရွေးချယ်နိုင်ရန်သာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

NLD ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒပြု လက်မှတ်များကို မေလ ၂၇ ရက်မှ စတင်ကာ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကောက်ခံနေသည့်အပြင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ပူးတွဲကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်မည်ဟု ပြောဆိုထားသော်လည်း NLD ပါတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ဆန္ဒပြုလက်မှတ် ကောက်ခံခြင်းသည် ပြင်ဆင်ရေး အကြောင်းပြ မဲဆွယ်စည်းရုံးခြင်း ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။

ထို့အပြင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့က ပြောကြားထားသောကြောင့် NLD ပါတီ၏ လုပ်ဆောင်ချက် များသည် ပြည်သူလူထုအားကို ဖြုန်းတီးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။ “မပြင်ဘူးလို့ ငြင်းနေတာ တစ်ယောက်မှ မရှိဘူး။ NLD ပါတီ ပြင်ဆင်ရေး ဆန္ဒကောက်ခံတာဟာ ၂၀၁၅ အတွက် အကြို အားစမ်းတာပဲ” ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအနက် လစ်လပ်မဲဆန္ဒ နယ် ၄၄ နေရာအနက် ၄၃ နေရာတွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်အတွင်း ဝင်ရောက်လာခဲ့သည်။

သို့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် တိုင်းရင်းသားပါတီများ အသီးသီး တည်ထောင်လာကြသော ကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်နယ်များ၌ NLDပါတီက အပြတ်အသတ်အနိုင်ရရှိရန် မလွယ်ကူတော့ ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြ ပြောဆိုကြသည်။

The Voice Weekly

ယနေ့ပြဿနာဖြစ်နေတဲ့ တပ်ပိုင်မြေအားလုံးက ဦးရွှေမန်း သိမ်းခဲ့တာလား



အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရာထူး အဖြစ် ဦးရွှေမန်း တာဝန်ယူနေချိန် သိမ်းဆည်း ခံထားရသည့် လယ်များပြန်ပေးရန် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာမှ လယ် သမား ၃ဝ ဦးခန့် ဇွန်လ ၆ ရက်က ပုသိမ်မြို့တွင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။


ဆန္ဒထုတ်ဖော်ပွဲမှာ “သူရဦးရွှေမန်းလက်ထက် ဧရာရွှေဝါကုမ္ပဏီမှ အဓမ္မခြိမ်းခြောက်သိမ်းယူသွား သော လယ်များအား ပြန်လည်ပေးအပ်ရေး”၊ “တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ တရားမျှတစွာ အမြန်ဆုံးဆုံးဖြတ်ဖြေရှင်းပေးရေး”၊ “ငါတို့လယ်မြေများ ဆုံးရှုံးနစ်နာမှုများအပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ တရားမျှတစွာ ဆုံးဖြတ်ပေးပါရန်” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြသူများက ပုသိမ်မြို့တွင်း လှည့်လည်တောင်းဆိုခဲ့ကြပါတယ်။

“ကျွန်တော်တို့လယ်တွေကို သူရဦးရွှေမန်းလက်ထက်က ဧရာရွှေဝါကလူတွေရယ်၊ ရယကကလူတွေရယ် လာပြီးတော့ အတင်းသိမ်းတယ်။ လယ်တွေကို တစ်ဧက ၂၇ဝဝဝနဲ့ အတင်းရောင်းခိုင်းတယ်။ မရောင်းရင်လည်း သူတို့က သိမ်းခဲ့တယ်။ ဧရာရွှေဝါကုမ္ပဏီလည်း ကျွန်တော်တို့ဆီမှာ ပျက်သွားပါပြီ။ ကျွန်တော်တို့လယ်ကတော့ ခုချိန်ထိပြန်မရသေးပါဘူး” ဟု လယ် ၆ဧက သိမ်းခံရသည့် ဒါးကရွာမှ ဦးအောင်မြင့်က မဇ္ဈိမကို ပြောခဲ့ပါတယ်။

ဧရာရွှေဝါကုမ္ပဏီက လွန်ခဲ့သော ၁၆နှစ်ခန့် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ်မြေရိုင်းများဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအဝင် ကန်ကြီးထောင့်၊ ရေကြည်၊ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,ဝဝဝ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ မူလပိုင်ရှင်တို့ ပြန်မရသေးခြင်းဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်က ဒါးကတိုက်နယ်အတွင်းသို့ ဧရာရွှေဝါကုမ္ပဏီ ဝင်ရောက်လာပြီး ကုမ္ပဏီအနေဖြင့် ဆန်စက်၊ ငါးမွေးကန်အပါအဝင် “ရွှေမေတ္တာ” အမည်ရှိ ဇီဝဓာတ်မြေဩဇာစက်ရုံကိုပါ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီပိုင် “ရွှေမေတ္တာ” ဓာတ်မြေဩဇာများကိုလည်း မယူမနေရစနစ်ဖြင့် ဒေသခံလယ်သမားများထံ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်မြေဩဇာတွေက လယ်သမားတို့အတွက် အလုပ်မဖြစ်ခဲ့ပဲ တောင်သူအများအပြား စီးပွားပျက်ခဲ့ရပါတယ်။

အဆိုပါ ကုမ္ပဏီ၏ အမည်ကို “ဧရာရွှေဝါ” ဟု ကိုယ်တိုင် နာမည်ပေးခဲ့သလို ထိုကုမ္ပဏီတွင် ၎င်း၏သားဖြစ်သူ ပါဝင်ပတ်သက်ခဲ့သည်ဟု လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက မတ်လအတွင်းက မီဒီယာများအား ပြောဆိုခဲ့ပါတယ်။

ဤကိစ္စနှင့် တဆက်တည်း စဉ်းစားသင့်သည်မှာ ယနေ့ တပ်သိမ်းမြေ ပြဿနာများဖြစ်ပါတယ်။ ဦးရွှေမန်းဟာ ယခင်အစိုးရလက်ထက်က နိုင်ငံတွင် တတိယအကြီးဆုံး ရာထူးကို ရထားသူတစ်ဦးဖြစ်၍ တပ်မြေသိမ်းမှုအများအပြားကို လက်မှတ်ထိုးခဲ့သူဖြစ်ကြောင်း သိရပြီး လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ မြေသိမ်းမှုဖြင့်ပြဿနာမရှင်းနိုင်တဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက အစိုးရသစ်လက်ထက်မှာ လယ်သိမ်းမှုလုံးဝ မရှိကြောင်း ပြောဆိုခဲ့ပြီး“တပ်မတော်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရသစ်လက်ထက် လယ်သိမ်းဆည်းတာ လုံးဝမရှိဘဲ မြေပြန်စွန့်လွှတ်တဲ့ လုပ်ငန်းစဉ်သာ ရှိပါတော့တယ်”လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောထားပါတယ်။

မတ္တရာ၊ ပုသိမ်၊ မုံရွာ နှင့် ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နုယ်အများအပြားတွင် ပဋိပက္ခဖြစ်ပွားနေသော မြေများကို သိမ်းဆည်းခဲ့သူမှာ ဦးရွှေမန်းဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဦးရွှေမန်းက မဆိုင်သလို ဥပက္ခာပြုနေတာကြောင့် တက်လာတာ မကြာသေးတဲ့ အစိုးရနဲ့ ကာချုပ်က တာဝန်ယူရှင်းနေရတယ်လို့ သိရပါတယ်။ ဦးရွှေမန်းအနေဖြင့် ၎င်းရဲ့ပါတီနဲ့ စစ်တပ်အပေါ်မှာ သစ္စာမဲ့ခြင်းဟာ ၎င်းတို့ထိပ်ပိုင်းပြဿနာဖြစ်ပေမယ့် အခြေခံတောင်သူလယ်သမား ပြည်သူတွေအပေါ်မှာ သစ္စာ မမဲ့ဖို့ နဲ့ ယခင်လို နားလည်ပါးရိုက်မလုပ်ဖို့ သတိပေးလိုပါတယ်။ ဦးရွှေမန်းဖက်က ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့မိသားစု ပိုင်ဆိုင်မှု စာရင်းများနှင့်တကွ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးထံသို့ တိုင်ကြားသွားပါမယ်။

ယာဘ ငွေလွှဲပေးသူ ဖမ်းမိ


မူးယစ်ဆေးနဲ့ ပတ်သက်တယ် ဆိုတဲ့ မြန်မာ ကုမ္ပဏီ တခုကို ထိုင်းက ငွေလွှဲ ပေးနေတဲ့ ကွင်းဆက် တခု ကို ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး ဌာနက မဲဆောက်မြို့မှာ ဖော်ထုတ် ဖမ်းဆီး လိုက်ပါတယ်။ အဖမ်းခံရသူဟာ မဲဆောက်မြို့ မယ်တော် ရပ်ကွက်က နခွန်မဏီ ကုမ္ပဏီပိုင်ရှင် နန်မဏီ ခမ်ဖီလ ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ဘန်ကောက် ထိုင်းအလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသ တွေက မူးယစ်ဆေး ဖမ်းဆီးရမှု တွေနဲ့ ဆက်စပ် ဖော်ထုတ်ချက် အရ ထိုင်းမြန်မာ နယ်စပ် နေရာ အတော် များများ ကနေ ထိုင်းကို ခိုးသွင်း လာတဲ့ ယာဘ ဆေးပြား ရောင်းရငွေ တွေကို နန်မဏီ ခမ်ဖီလ ဆီ လွှဲပေးရပြီး သူက တဆင့် မြန်မာ နိုင်ငံကို ပြန်လွှဲ ပေးတာ တနှစ်ကို ဘတ်ငွေ သန်း ၂၄ဝဝ ကျော် ဖြစ်တယ်လို့ ဖော် ထုတ် နိုင်ခဲ့ တာကြောင့် ဝရမ်းနဲ့ လာဖမ်းတာ လို့ ထိုင်း မူးယစ်ဆေး နှိမ်နင်းရေး အဖွဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

နန်မဏီရဲ့ အိမ်မှာ မူးယစ် ဆေးဝါး မတွေ့ရပေမယ့် သူ့နေအိမ် နဲ့ မြေဂရမ်တွေ၊ ကားတွေနဲ့ ဘဏ်စာရင်း ၇ဝ အပါအဝင် ဘတ်ငွေ သန်း ၂ဝဝ ကျော်ဖိုးကို ယာယီ ထိန်းချုပ် လိုက်ပါတယ်။

ဒီကွန်ယက်ကြီး ထဲမှာ ဘဏ်တွေ ကနေ အဆင့်ဆင့် ငွေလွှဲ လာတာ နောက်ဆုံး မဲဆောက်ကို ရောက် လာတယ်။ နန်မဏီက ဒီငွေတွေကို မြန်မာဘက်ကို လွှဲပေးတယ်၊ ဒီထဲမှာ ပတ်သက်သူ တချို့ရဲ့ ဘဏ် စာရင်းတွေကို ထိန်းချုပ် ထားတဲ့ ဆီမှာပဲ ဘတ်ငွေ သန်း ၁ဝဝ ကျော် နေတယ်၊ သူတို့ အောက်ခြေ အဆက်အသွယ် ဘဏ်စာရင်း နှစ်သောင်းကျော် ကိုလည်း ဆက်ပြီး ဖမ်းဆီး သွားမယ် လို့ ထိုင်း မူးယစ်ဆေး နှိမ်နင်းရေးအဖွဲ့ အတွင်းရေးမှူး ရဲဗိုလ်ချုပ်ကြီး ဖုန်ဆဖတ် ဖုန်ကျ ရိန် က ပြောသွားပါ တယ်။

ပြီးတော့ မြန်မာနိုင်ငံ ထဲကို ရှောင်တိမ်း သွားတဲ့ ဒီကွန်ယက် အဆက်အသွယ် ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ဖြန့်ဖြူးသူ မြန်မာ နိုင်ငံသား ၆ ယောက် ကို ဖမ်းပေးဖို့ မြန်မာ မူးယစ် နှိမ်နင်းရေး အဖွဲ့ ကို နာမည်စာရင်း ပို့ထားပြီး ဖြစ်ကြောင်း၊ သူတို့ရဲ့ ရန်ကုန် ၊မော်လမြိုင်နဲ့ မြဝတီမှာ ဖွင့်ထားတဲ့ ဘန်းပြ ကုမ္ပဏီ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို ပို့ထား ပြီးပြီ လို့ ရဲဗိုလ် ချုပ်ကြီး ဖုန်ဆဖတ်က ပြောပါတယ်။

နန်မဏီ ကတော့ သူနဲ့ မူးယစ်ဆေး မပတ်သက်ကြောင်း၊ မြန်မာ နိုင်ငံသား တချို့ကို သူ့နာမည်နဲ့ ဘဏ်စာရင်း ဖွင့်ပေးခဲ့တာပဲ ရှိတာကြောင့် တရားရုံးမှာ သူ့ကိုယ်သူ ကာကွယ် သွားမယ် လို့ပြောပါတယ်။

တရားရုံးက ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရင်တော့ ထောင်ဒဏ် တသက် ကနေ သေဒဏ်အထိ ကျခံရ နိုင်တယ်လို့ ဗိုလ်ချုပ်ကြီး ဖုန်ဆဖတ်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အချိုးကျကိုယ်စားပြု စနစ် ပီအာကို NLD လက်မခံဟုဆို



မြန်မာနိုင်ငံတွင် အချိုးကျ ကိုယ်စားပြုစနစ် (ပီအာ)ကို ကျင့်သုံးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ခံမည် မဟုတ်ဟု ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဇွန်လ ၈ ရက်တွင် ပြောဆိုလိုက်သည်။


အင်န်အယ်ဒီ ပါတီအနေနှင့် လက်မခံနိုင်သဖြင့် ပါတီတွင်း ပီအာနှင့်ပတ်သက်၍ ဆွေးနွေးသွားမည် မဟုတ်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

“ပီအာမှာပါတဲ့ အချက်တွေကို လက်ရှိ ဖွဲ့စည်းပုံ ဥပဒေက ခွင့်ပြုမလား၊ မပြုနိုင်ဘူး၊ အဲ့အတွက် ဖွဲ့စည်းပုံကို စဆုံးပြင်ရမယ်၊ နောက် ရွေးကောက်ပွဲ ဥပဒေပြင်ရမယ်၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေပြင်ရမယ်၊ နောက်ပါတီ မှတ်ပုံတင်တဲ့ ဥပဒေတွေပါ အကုန်ပြင်ရမယ်၊ တကယ် အကောင်အထည်ဖော်မယ်ဆို ၂၀၁၄ ကြားဖြတ်မပြောနဲ့ ၂၀၁၅တောင် မဖြစ်နိုင်ဘူး" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

မြန်မာနိုင်ငံနှင့် မကိုက်ညီသေးဟု ဆိုရခြင်းမှာ ပီအာစနစ်သည် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးပြီး အသေး စိတ်သဖြင့် ဒီမိုကရေစီ သက်တမ်းအရ နုနယ်သေးသဖြင့် အားနည်း ချို့ယွင်းချက်များ ရှိလာနိုင်သည်ဟု ဆိုသည်။

ဗဟိုအလုပ်မှုဆောင် ဒေါ်မေ၀င်းမြင့်ကလည်း “ဒီစနစ်ကို ကျင့်သုံးရင် တိုင်းရင်းသားတွေ ပိုပြီး ပါဝင်လာ နိုင်မယ် ထင်တယ်၊ မဖြစ်နိုင်ဘူး၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပိုနည်းလာနိုင်ပါတယ်၊ လက်ရှိအခြေ အနေနဲ့ မဖြစ်နိုင်သေးပါဘူး" ဟု ဆိုသည်။

အချိုးကျကိုယ်စားပြု စနစ်မှာ မဲပေးသူများအနေနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မဟုတ်ဘဲ ပါတီကို ပေးရခြင်းဖြစ်ကာ မဲသတ်မှတ်ချက်ဖြင့် အချိုးကျခွဲဝေခြင်းဖြစ်သည်။ ပါတီကို မဲပေးသည့်အခါ မဲမရရှိသည့် ပါတီများအနေနှင့်လည်း ညွန့်ပေါင်းအစိုးရတစ်ခု ဖွဲ့စည်းနိုင်ပြီး ပါတီအားလုံးမှ ကိုယ်စားလှယ် အားလုံး ပါဝင်လာမည်ဖြစ်သည်။

ပီအာစနစ်ရည်ရွယ်ချက်မှာ ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတိုင်းမှ ကိုယ်စားလှယ်တိုင်း လွှတ်တော် သို့ ရောက်ရှိနိုင်ရေးဖြစ်ကာ လက်ရှိမြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် နိုင်သူအကုန်ယူ (Winner Takes All-First Past the Post) စနစ်၏ အားနည်းချက်ကိုလည်း ပီအာလိုလားသူများက ပြုပြင်နိုင်ရန် ကြိုးစား နေကြခြင်းဖြစ်သည်။

သို့သော် ပီအာစနစ်၏ အားနည်းချက်မှာ မဲရေတွက်ရမှု ရှုပ်ထွေးခြင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်စရိတ် မြင့်မားခြင်းနှင့် လူထု ထောက်ခံမှု အပြည့်အဝ မရှိဘဲ လွှတ်တော်ထဲ သို့ ရောက်လာနိုင်ခြင်းတို့ဖြစ်သည်။

PR စနစ်အား ကျင့်သုံးရန် ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲ မကျင်းပမှီတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဒီမိုကရေစီပါတီမှ တင်ပြခဲ့ခြင်းဖြစ်သည်။ တိုင်းရင်းသားပါတီများအနေဖြင့်လည်း ရွေးကောက်ပွဲတွင် မိမိတို့ အနိုင်ရရှိရန် ခက်ခဲသဖြင့် ထိုကဲ့သို့သော PR စနစ်ကို ကျင့်သုံးရန် (သို့) မဲအများဆုံးရရှိသူအား အနိုင်ပေး နှင့် PR စနစ် ရောယှက်ကျင့်သုံးရန် ၂၀၁၀ ရွေးကောက်ပွဲတွင် သဘောထားတင်ပြမှုများရှိခဲ့သည်။

နန်းလွင်နှင်းပွင့်
Mizzima - News in Burmese

သတိထားစရာ တရုတ် ဆေးဘဲဥ



ဆေးဘဲဥမှာ ဓာတု အဆိပ်ဖြစ်စေတယ် ဆိုတဲ့ တွေ့ရှိချက်ကြောင့် တရုတ်နိုင်ငံမှာ ဆေးဘဲဥ လုပ်တဲ့ ကုမ္ပဏီ ပေါင်း ၃ဝ လောက်ဟာ ပိတ်သိမ်း ခံလိုက်ရပါတယ်။ ဒီအပြင် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ။


တရုတ်နိုင်ငံမှာက ဆေးဘဲဥဟာ အမည်နာမ အမျိုးမျိုးနဲ့ ခေတ်စားပါတယ်။ နှစ်တရာ ဆေးဘဲဥ၊ နှစ် တထောင် ဆေး ဘဲဥ၊ နှစ်တသောင်း၊ တသန်း စတဲ့ အမည်နာမ အမျိုးမျိုးနဲ့ လူတွေကို စွဲဆောင် ရောင်းချနေတာပါ။ 

အထူးသဖြင့် နှစ်ရှည်ခံအောင် စီမံထားတဲ့ ဆေးဘဲဥဟာ ယောက်ျားတွေအတွက် အားတိုးဆေးလို့ ယုံကြည်သူ အလွန်များပါတယ်။ 

အခု တွေ့ရှိချက်မှာ ကြေးနီဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။ 

ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီး စီမံကြတာလို့ ဆိုပါတယ်။ 

အခုဟာ က ကြေးနီဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှုရှိတာတွေ့ရတယ်ဆို တာကြောင့် နှစ်စဉ် ဆေးဘဲဥ တန် ချိန် ၃ သိန်းလောက် ပုံမှန်ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေကို တားမြစ်ပိတ်ပင်လိုက်တာလို့ သိရပါတယ်။ 

တရုတ် အစိုးရ တာဝန်ရှိသူတယောက်ကတော့ ဆေးဘဲဥကို အများကြီး မစားဘူး ဆိုရင်တော့ အန္တရာယ် မဖြစ်စေနိုင်ပါဘူးလို့ South China Morning Post ကို ပြောထားပါတယ်။ 

မြန်မာနိုင်ငံမှာလည်း ဆေးဘဲဥ စားသုံးသူ များပြားလေတော့ သတိထားမိစေဖို့ ပြန်လည် ရေးသား ဖော်ပြပေး လိုက်တာပါ။ 

ရှမ်းမြောက် တပ်တွေ နေရာရွှေ့ပေးဖို့ အစိုးရစစ်တပ် ရာဇသံပေး


ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA), အစိုးရစစ်တပ်, ငြိမ်းချမ်းရေး , ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့, အပစ်အခတ် ရပ်စဲရေး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ တာ့ဖာဆောင် တံတား အနီးက တပ်တွေကို နေရာရွှေ့ပြောင်းပေးဖို့ အစိုးရ စစ်တပ်က ရာဇသံ ပေးလာတဲ့အတွက် နှစ်ဘက် တပ်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာ တယ်လို့ သိရ ပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းက ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ ဒေသ အကြားမှာ ဆက်သွယ်ထားတဲ့ တာ့ဖာဆောင် တံတားအနီးက ရှမ်းတပ်တွေကို အစိုးရ စစ်ကြောင်း လှည့်လည်ရေး အတွက် နေရာ ရွှေ့ပြောင်း ပေးဖို့ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇ က လာရောက်ပြောဆိုရာမှ တင်းမာမှုတွေ ဖြစ်ပွားနေတာလို့ SSPP/SSA က ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပိန်ဖက“တံတားနားမှာ ချထားတဲ့ ကျနော်တို့ တပ်တွေကို သူ တို့ (အစိုးရ) ရှေ့တန်းတပ်က ရွှေ့ခိုင်းတယ်။ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပြီ။ အခုဟာက ရာဇသံပေးတဲ့ သဘောပေါ့။ ကျနော်တို့ ထိန်းချုပ် နယ်မြေတွေထဲက နေရာတွေကို ခဏနေ ဟိုရွှေ့ခိုင်းလိုက်၊ ဒီရွှေ့ခိုင်းလိုက် လုပ်နေတာ။ သဘောက ရန်စတာလည်း ပါတယ်။ ခြိမ်းခြောက်တာလည်း ပါတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ အကြားမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူချက် အပါအဝင် ရှေ့ဆက် လုပ်ဆောင်ရမယ့် ညှိနှိုင်း သဘောတူညီချက် ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သဘောတူညီချက်တွေဟာ တခုမှ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဗိုလ်မှူးကြီး ပိန်ဖက ပြောပါတယ်။

SSPP/SSA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းလှက“ဒီကိစ္စက အောက်ခြေပိုင်း နားလည်မှုလွဲပြီး တင်းမာမှု ဖြစ်တာပါ။ ကျနော်လည်း တိုင်းအဆင့်ကို လှမ်းပြီး ဆက်သွယ် ထားပါတယ်။ အဆင်ပြေ သွားပါလိမ့်မယ်”လို့ ဧရာဝတီကို ပြောပါတယ်။

တာ့ဖာဆောင် တံတားဟာ SSPP/SSA အတွက် သာမက ဒေသအတွင်းက ရှမ်းတိုင်းရင်းသား ပြည်သူတွေ အတွက် စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ ကူးသန်းသွားလာရေး အတွက် အရေးပါတဲ့ တံတားတစင်း ဖြစ်တယ်လို့ သိရပါတယ်။

SSA မြောက်ပိုင်း တပ်ဖွဲ့ကို ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ ငြင်းဆန်ခဲ့တဲ့ အတွက် အစိုးရရှေ့တန်း တပ်ဖွဲ့တွေက တာ့ဖာဆောင် တံတားကို ၂၀၁၁ ထဲမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ငြိမ်းချမ်းရေး တည်ဆောက်ပြီးချိန် နှောင်းပိုင်းမှာ အဲဒီတံတားကို ရှမ်း တပ်ဖွဲ့တွေက ပြန်လည် တည်ဆောက်ခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ်က တန့်ယန်း မြို့နယ် ၇ မိုင် စခန်းနဲ့ မိုင်းရှူး မြို့နယ် လွိုင်ဖာဖိန့် စခန်းတို့ကို ဆုတ်ခွာပေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော်က တဆင့် ဆုတ်ခွာပေးဖို့ ဆက်သွယ်လာတာကြောင့် အဲဒီ စခန်းတွေကနေ ရှမ်းတပ်တွေက ဆုတ်ခွာပေးလိုက်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းကလည်း SSPP/SSA ထိန်းချုပ်နယ်မြေထဲက မိုင်းရှုးမြို့နယ် တာ့စံပူးကူးတို့ဆိပ်နဲ့ ကြေးသီး မြို့နယ် လွိုင်ကျို့ တောင်ကုန်းတို့ကို အစိုးရ စစ်တပ်တွေက တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ အဲဒီ နေရာတွေက ရှမ်းတပ်ဖွဲ့ အတွက် စီးပွားရေး၊ စစ်ရေး အရ အရေးပါတဲ့ နေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရ စစ်တပ်က SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းက အရေးပါတဲ့ နေရာတွေကို စစ်ရေးအရ စိုးမိုးနိုင်ရေး၊ စီးပွားရေး ဖြတ် တောက်နိုင်ရေး အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ရာမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ပြီးနောက် SSPP/SSA ရဲ့ ဝမ့်ဟိုင်း ဌာနချုပ် တည်ရှိရာ တဝိုက်မှာတင် တပ်နေရာ ၂၀ ကျော် လက်လွှတ် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“အဲဒီ နေရာ ၂၀ ကျော် ဆိုတာက ဝမ့်ဟိုင်း တဝိုက်မှာပဲ ရှိသေးတယ်။ မိုင်းကောင်း၊ မိုင်းအော့၊ မိုင်းရှုးတို့ ဘက်က နေရာတွေ မပါသေး ဘူး။ ဝမ့်ဟိုင်း ဌာနချုပ်ကို ဝိုင်းရံနေတဲ့ အစိုးရ စစ်တပ် အင်အားတွေကို မြေပုံမှာ ကြည့်လိုက်လို့ ရှိရင်တော့ တော်တော်လေးကို စိတ်မချမ်းသာစရာပေါ့။ ဒါပေမယ့် လက်တွေ့ မှာတော့ နယ်မြေ အနေအထား အရ ပြည်သူလူထုရဲ့ထောက်ခံမှု ရထားတော့ ကျနော် တို့ ဘာမှ စိုးရိမ် စရာ မရှိပါဘူး”လို့ ဗိုလ်မှူးကြီး ပိန်ဖက ရှင်းပြပါတယ်။

SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း ၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အသေအပျောက် ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ တွေ့ရတဲ့ ရှမ်းတပ်ဖွဲ့ဝင် တဦး(ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)