Thursday, May 22, 2014

မိကျောင်းကန်သပိတ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်သဖြင့် ဆန္ဒဖော်ထုတ်


21mkk

မိကျောင်းကန် သပိတ်စခန်းဖွင့်လှစ်သည့် ခေါင်းဆောင် ဦးစိန်သန်းကို ဖမ်းဝရမ်း ထုတ်ခြင်း အပေါ် ကျေနပ်မှုမရှိသဖြင့် လသာစည်ပင်တရား သူကြီးရုံး ရှေ့တွင် သပိတ်စခန်းဖွင့်လှစ်သူများက လူအင်အား ၈ဝ ခန့်ဖြင့် မေ ၂၁ ရက်၊ နံနက်က ဆန္ဒဖော်ထုတ်လိုက်ကြသည်။


မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် ဆူးလေ မြို့တော်ခန်းမှရှေ့မှ စတင်ကာ မဟာဗန္ဓုလ လမ်းအတိုင်း လမ်းလျှောက်ပြီး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

သပိတ်စခန်း ဖွင့်လှစ်ထားသည့်နေရာတွင် တဲထိုးပြီး အဆောက်အဦး ဆောက်သည့်အတွက် သပိတ်ခေါင်းဆောင် ဦးစိန်သန်းကို စည်ပင်ဥပဒေအရ ပုဒ်မ ၆၈ ဖြင့် တရားစွဲဆိုထားပြီး ရုံးချိန်းကို မေ ၂၁ရက် ပေးထားသော်လည်း ယင်းမတိုင်မီ ဦးစိန်သန်းကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု ကာယံရှင်ကိုယ်တိုင်က ဆိုသည်။

"ကျန်းမာရေးမကောင်းလို့ ဆေးရုံကြီးက ဆေးစာနဲ့ ခွင့်သွားတင်ထားတယ်။ တရားသူကြီး ဒေါ်ဌေးဌေးဝင်း က ၂၁ ရက်နေ့ ရုံးချိန်းပေးတယ်။ ပေးပြီးမှ ဘယ်လိုဖြစ်လဲမသိဘူး ကျောက်တံတားရဲစခန်းက ရုံးချိန်း ပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့တယ်”ဟု ဆိုသည်။

ဦးစိန်သန်းသည် လသာစည်ပင်တရားရုံးသို့ မေ ၂၁ ရက်ရုံးချိန်းတွင် သွားရောက်ခဲ့ပြီး ခံဝန်ကတိဖြင့် ပြန်လွတ် ခဲ့ကာ မေ ၂၉ ရက်တွင် ၎င်းကို ရုံးချိန်း ပြန်ခေါ်ထားသည်။

“တရားရုံးကနေပြီး ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်ကို လည်းကောင်း မချမှတ်ရသေးဘူး။ သက်သေစစ်ပြီးမှ ပြစ်ဒဏ်တစ်ခုပေးမယ်။ အခုရုံးချိန်းမှာ ခံဝန်နဲ့ပဲ ပြန်လွှတ်လိုက်တာ။ ဖမ်းဝရမ်း ထုတ်တာကို ရုတ်သိမ်းပေးခဲ့တယ်” ဟု ဦးစိန်သန်းက ဆိုသည်။

ဒေါ်စောစန္ဒာက “ရုံးချိန်းမပျက်ဘူး။ တရားရုံးကို ခေါင်းဆောင် ကျန်းမာရေးမကောင်းလို့ ခွင့်သွားသွား တင်တယ်။ အခု ရုံးချိန်းပျက်ကွက်မှုနဲ့ ဖမ်းဝရမ်းထုတ်တော့ မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ”ဟု ပြော သည်။

မိကျောင်းကန်သပိတ်စခန်းမှ ဆန္ဒပြသူများသည် တူညီဝတ်စုံများဝတ်ဆင်ပြီး လမ်းလျှေက်ခဲ့ရာ လသာနှင့် ပန်းဘဲတန်းရဲစခန်းမှ ခွင့်ပြုချက်ယူရန် လမ်းတွင်သတိပေးခဲ့သည်။

မိကျောင်းကန်သပိတ်စခန်း တတိယအကြိမ် ဖွင့်လှစ်ခြင်းကို မတ်လ ၂၄ ရက်က မဟာဗန္ဓုလပန်းခြံဘေး၊ ရန်ကုန်တရားရုံးရှေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ ယခုချိန်အထိ ဖွင့်လှစ်ထားသည်မှာ ၃လ ခန့်ရှိပြီး ဖြစ်သည်။

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



နေပြည်တော်၊ မေ ၂၁ 

 ၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် မွန်ပြည်နယ် ၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ၊ ရေးမြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့် အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။


ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ -

  • အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ 
  • ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊
  • ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 
  • 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ 
  • ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ 
  • ၇.၆၂ ကျည်(၇)တောင့်၊ 
  • 38 Special စတီးရောင်ကျည်(၄)တောင့်၊ 
  • 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 
  • 38 စတီးရောင်ကျည်(၄)တောင့်၊ 
  • ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ 
  • ၉ မမကျည်(၁၀)တောင့်၊
  • ၉ မမကျည်ခွံ(၁)ခု၊ 
  • ကိုးလုံးကျည်(၃)တောင့်၊ 
  • လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊
  • ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ 
  • USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊
  • ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ 
  • Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ 
  • ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံး

တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

လယ်ယာမြေပြဿနာများကြောင့် တိုင်းပြည်ဆူပူလာမည်ကို ဦးအောင်သိန်းလင်း အလွန်ကြောက်ရွံ့

နိုင်ငံတစ်ဝန်းဖြစ်ပေါ်နေသည့် သိမ်းဆည်း လယ်ယာမြေပြဿနာများကို အစိုးရက မြန်မြန်ဆန်ဆန် ဖြေ ရှင်းပေးနိုင်မည် မဟုတ်သည့်အတွက် တိုင်းပြည်ဆူပူမှုဖြစ်လာမည်ကို ကြောက်ရွံ့နေရသည် ဟု ပြည်ထော င် စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်မှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း က မဇ္ဈိမကို ပြောဆိုလိုက်သည်။ သိမ်းဆည်းခံ လယ်ယာမြေပိုင်ဆိုင်သူများ၏ ဆန္ဒပြတောင်းဆိုမှုများ ဆက်တိုက်ဖြစ်ပေါ်နေရာ ဆူပူမှုဖြစ် မည်ကို ကြောက်နေကြောင်း နအဖ အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း က ပြောဆိုလိုက်ခြင်းဖြစ်သည်။


“ဆန္ဒပြမှုတွေက တစ်နေ့တခြားများလာပြီ။ များလာတဲ့အခါကျတော့ အဲ့ဒါတွေစုပေါင်းသွားပြီးတော့မှ အထွေထွေ သပိတ် လိုဟာမျိုးကြီးဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီ နောက်ပြန်လည်သွားမယ်။ အဲ့ဒါမျိုးတွေဖြစ်လာမှာ ကြောက်တယ်” ဟု ၎င်းက ပြောသည်။

လယ်သမားတို့၏ နစ်နာဆုံးရှုံးမှုအပေါ် အစိုးရကထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုမရှိဟု လယ်သမား ထုက ယူဆလိုက်သည်နှင့် ဆူပူမှုများဖြစ်ပေါ်နိုင်သည်ဟု ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ တောင်သူ လယ်သမားသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးတင့်ဇော်ဦးကလည်း သုံးသပ်သည်။

“ဥပေက္ခာပြုတယ်လို့ ယူဆပြီ ထင်ပြီ ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ ဆရာစံဆိုတဲ့ အရေး တော် ပုံကြီး ပေါ်နိုင် ပါတယ်” ဟု ၎င်းက ပြောသည်။

လယ်ယာမြေ ပြဿနာအားလုံးကို ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီအမီ (ဇွန်လ ကုန်မတိုင်မီ)နှင့် ဆောင်းသီးနှံ စိုက်ပျိုး ရာသီ (စက်တင်ဘာလမတိုင်မီ) မူလပိုင်ရှင်များထံ အပြီးသတ်ပြန်ပေးရန် ပြည်ထောင်စု လွှတ်တော် က ဖေဖော်ဝါရီလအတွင်း၌ အစိုးရကို တိုက်တွန်းထားသည်။ 

သို့သော် လက်တွေ့အခြေအနေတွင် ဖြစ်နိုင်မည်မဟုတ်ဟု ဦးအောင်သိန်းလင်းက ဝေဖန်လိုက်သည်။ “ဘယ်သူ့ကို ပြန်ပေးရမလဲဆိုတဲ့ ပြဿနာကတချို့ဟာတွေမှာ တော်တော် ဆုံးဖြတ်ရခက်တယ်။ တချို့ဟာတွေ ကျတော့ တရားမကြောင်းနဲ့ ဆုံးဖြတ်ပြီးတော့မှ ပြီးပြတ်မယ့်ဟာတွေ ရှိနေတယ်။ အဲဒါမျိုးကျတော့ ကြာတာ ပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော် လယ်ယာမြေကော်မရှင်က စုံစမ်းထားသည့် မြေယာ ပြဿနာအမှုပေါင်း ၇၄၅ မှု ကို ဖြေ ရှင်းရန် ဒု-သမ္မတ ဦးဥာဏ်ထွန်း ဦးဆောင်သည့် မြေအသုံးချမှုကို စီမံခန့်ခွဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လက်ရှိတွင်ဖြေရှင်းလျက်ရှိသည်။ 

ယင်းကော်မတီကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး လယ်ယာမြေပြဿနာများကို တစ်နှစ်အတွင်း ဖြေရှင်းပေးမည်ကို ပြောဆိုထားခဲ့သည်။ 

ကျေးလက်ပြည်သူတို့ အခက်အခဲကို အဓိက ဖြေရှင်းပေးမည်ဟု ပြောဆိုထားသည့် သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်း သုံးနှစ်ကျော်လာသော်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုအများစုမှာ လယ်ယာမြေ ပြဿနာ များကြောင့် ဖြစ်နေသည်။

Mizzima - News in Burmese

"ပြည်သူကိုယုံသည်.. သို့သော် ဒေါ်စုကိုမယုံ" ~ ရဲဘော် မောင်သောင်း (အပိုင်း-၂)



နံပါတ် (၂) အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးပညာ ညံ့ဖျင်းမှုကြောင့် မယုံကြည် ရခြင်းဖြစ်ပါတယ်။ ဒေါ်စုကို ကြီးမားသော လူအုပ်ကြီးများဖြင့် ထောက်ခံခဲ့ကြသည်မှာ ၁၉၈၈ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၂၆ နှစ်ကျော်ခဲ့ပြီ ဖြစ်ပေမယ့် လူထုအင်အားကို အသုံးချပြီး နိုင်ငံရေး အရွေ့တစ်ခုကို ဖန်တီးနိုင်တဲ့ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည်မှာ မရှိခဲ့ပါဘူး။


ပြည်သူတွေ တခဲနက်ထောက်ခံတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဒေါ်စုဘက်က ဘာမှအကောင်အထည် မဖော်နိုင်ခဲ့ပဲ အကြောင်းပြချက်တွေပဲ ပေးခဲ့ပါတယ်။ နောက်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ဖွဲ့ပြီး အဖျားရှူးသွားပါတယ်။ လူထုရဲ့ဆန္ဒမဲတွေကို ဒေါ်စု မဆုတ်ကိုင်ခဲ့ပဲ ၂၀၀၈ အခြေခံဥပဒေအရ ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ရှိပြီးသားပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ပြန်ပါတယ်။ ဒါကြောင့် ပြည်သူ့ထောက်ခံမဲတွေ သဲထဲရေသွန်ဖြစ်သွားရပြီး NCUB နဲ့ NCGUB တို့ ဖျက်သိမ်းခဲ့ရပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ဆန္ဒခံယူပွဲ ကျင်းပကတည်းက ကန့်ကွက်ဖို့ NLD က ပြောခဲ့ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ဖို့ ဒေါ်စုကို သွားမေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ခိုင်းပဲ သပိတ်မှောက်ခိုင်းခဲ့ပြီး မကြာခင်မှာ ရွှေဂုံတိုင်ကြေညာစာတမ်း ထွက်ကာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ ရောက်တော့ ဂငယ်ကွေ့ကွေ့ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အပြင် အခြေခံဥပဒေအရ ပေါ်လာတဲ့ လွှတ်တော်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မိန့်မိန့်ကြီး ဝင်ထိုင်သွားပြန်ပါတယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကတိသုံးရပ်ပေးခဲ့ပြီး ၂၀၁၄ နောက်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မယ်အချိန်ထိ ကတိတွေ အကောင်အထည် မဖော်နိုင်သေးပါဘူး။

စာသားမပြင်လျှင် ကျမ်းမကျိန်ဘူးဆိုပြီး အရွေ့တစ်ခုကို ဖန်တီးခဲ့ပါတယ်။ နောက်တော့လည်း ထုံးစံအတိုင်း ရှုံ့ချည်နှပ်ချည်နဲ့ အဖျားရှူးသွားခဲ့ပြန်ပါတယ်။ ခြေဥမပြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မဝင်ဘူးဆိုပြီး အသံကျယ်ကျယ် အော်ခဲ့ပြန်ပေမယ့်လည်း နောက်တော့ ကိုယ့်တံတွေး ကိုယ်ပြန်မျိုကာ အခြေခံဥပဒေ မပြင်နိုင်ခင် ဒီနှစ်ကုန် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်နေရာအပြည့် ဝင်ဖို့ ဆုံးဖြတ်ပြန်ပါတယ်။ 

လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက အခြေခံဥပဒေကို လွှတ်တော်တွင်းမှ ပြင်၍ မဖြစ်နိုင် ဟု ဒေါ်အောင်ဆန်း စုကြည် အမြဲပြောခဲ့ပါတယ်၊ ပြည်ပကနေ အစိုးရကို ဖိအားတွေပေးခိုင်း ပါတယ်။ ဒါပေမယ့် အခုထိ လွှတ်တော်တွင်း ကပင် ပြင်မယ်လို့ ဆိုပြန်ပါတယ်။ အကြမ်းမဖက် အနုနည်းကို လက်ကိုင်ထားပြီး တရားဥပဒေ စိုးမိုးရေး ရှေ့တမ်းတင်မယ် ပြောခဲ့ပါတယ်။ အခုတစ်ခါ မင်းမဲ့စရိုက်ဆူပူဖို့ အရိပ်အမြွတ်ပြောပြန်ပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ဖို့ ဒုတိယပင်လုံက အရေးအကြီးဆုံးလို့ ဆိုခဲ့ဖူးတယ်။ နောက်တော့ ထုံးစံအတိုင်း အဖျားရှူးသွားတာပါပဲ။

ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ၁၉၈၈ မြန်မာနိုင်ငံကို ပြန်ရောက် လာချိန် (သူမအသက် အသက် ၄၃ အရွယ်အထိ) နိုင်ငံရေးကို စိတ်မဝင်စားခဲ့ကြောင်း ဦးဝင်းတင် တစ်လ ပြည့်အခမ်းအနားမှာ ဝန်ခံသွားပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး စလုပ်ကတည်းက ယခု ၂၆ နှစ်တိုင်သည် အထိ ထိရောက်တဲ့ နိုင်ငံရေးအရွေ့ တစ်ခုတောင် ဒေါ်အောင်ဆန်းစုကြည် မလုပ်နိုင်ခဲ့ပါဘူး။ လုပ်ဆောင်သမျှက လမ်းတစ်ဝက်မှာ ရပ်ရင်ရပ်၊ မရပ်ရင် လမ်းကြောင်း ပြောင်း၊ မပြောင်းရင် ဂငယ်ကွေ့နဲ့ နောက်ကြောင်းပြန်လှည့် သွားရတာ ချည်းပါပဲ။ အဲလိုပုဂ္ဂိုလ်မျိုးကို နိုင်ငံတော် အာဏာတွေ ပုံအပ်ပေးဖို့ တပ်မတော်က ဘယ်လိုယုံကြည်ရပါမလဲ။

(ဆက်လက်ဖော်ပြမည်)

အပိုင်း (၁) ကို http://myanmarnewslocal.blogspot.com/2014/05/blog-post_9175.html တွင် ဖတ်ရှုနိုင်ပါသည်။

"NLD မှာ ဗဟိုဦးစီး စနစ်က တော်တော်လေးမြင့်မား တာ တွေ့ရတယ်.. ပါတီရဲ့ အဖွဲ့ အစည်း အဆင့်ဆင့် မှာ တာဝန်ပေးမှု၊ လုပ်ပိုင်ခွင့်ပေးမှု အပိုင်းက တော်တော်လေး အားနည်းတာ တွေ့ရတယ်" ~ ဒေါက်တာ ရန်မျိုးသိမ်း



မေး- အခုလတ်တလောမှာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ ၈၈ က လှုပ်ရှားနေသလို ပြည်ခိုင်ဖြိုးဘက်ကလည်း လှုပ်ရှားနေတယ်။ အခြေအနေတွေကို ဘယ်လိုသုံးသပ်မိလဲ။


ဖြေ- လက်ရှိအခြေအနေမှာတော့ NLD နဲ့ ၈၈ မျိုးဆက်ကတစ်ဖက်။ နောက်ပြည်ခိုင်ဖြိုးပါတီက တစ်ဖက်ပေါ့။ အားပြိုင်မှုတွေ ပြင်းထန်နေတာ တွေ့ရပါတယ်။ ကျွန်တော့်အမြင်အားဖြင့်တော့ ဒီအားပြိုင်မှုက ပြည်သူလူထု လမ်းပေါ်ရောက်နိုင်တဲ့ အနေအထားအထိ ဖြစ်မယ်လို့တော့ မယုံကြည်ဘူး။ မထင်ရတဲ့အကြောင်းရင်းက နံပါတ်(၁) က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်ထဲကနေ ပြင်ဆင်ရေးကိုလုပ်မယ်လို့ ပြောတယ်။ နောက်တစ်ခုက မြန်မာပြည်သူလူထုကို ရင့်ကျက်တဲ့နိုင်ငံရေးလုပ်ဖို့ သူတိုက်တွန်းတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ၊ စကားတွေထဲမှာ တပ်မတော်နဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့အချက်တွေ ပါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီလိုတိုက်တွန်းထားတဲ့အတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းကနေပြီး လူတွေလမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့အထိဖြစ်လာဖို့ ခဲယဉ်းတယ်လို့ မြင်တယ်။

မေး- ၄၃၆ပြင်ဖို့၊ ၅၉(စ)ပြင်ဖို့ဆိုပြီး လုပ်နေပေမယ့် နောက်ဆုံးက လွှတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရော ၈၈ ကပါ ပြောထားတယ်ဆိုတော့ ခုလူထုဆန္ဒ ခံယူပွဲရလဒ်က ဘယ်လိုဖြစ်လာမယ် ထင်ပါသလဲ။

ဖြေ- ကျွန်တော့်ရဲ့ ပုဂ္ဂလိကအမြင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ ပုဒ်မ ၄၃၆ ရော ပုဒ်မ ၅၉(စ)ရော ပြင်ဆင်ဖို့က မဖြစ်နိုင်ဘူးလို့ထင်တယ်။ ဘာလို့မဖြစ်နိုင်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောတယ်။ လွှတ်တော်ထဲကနေ ပြင်မယ်လို့ပြောတယ်။ လွှတ်တော်ထဲကနေပြင်ဖို့က ပူးပေါင်းကော်မတီကနေ ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်၊ ပြင်ဆင်တာတွေ လုပ်နေတယ်။ ပြီးရင် ကော်မတီက ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တင်ရမယ်။ တင်ရမယ့်နောက်ဆုံးရက်က ရွေးကောက်ပွဲမတိုင်ခင် ခြောက်လ။ အဲဒီအတွက် ဥပဒေမူကြမ်းက ၂၀၁၅ ပထမခြောက်လမှာ ထွက်လာမယ်။ မူကြမ်းထွက်လာပြီးတဲ့အခါမှာ အဲဒီမူကြမ်းကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်၂၀ ရာခိုင်နှုန်းက ထောက်ခံရမယ်။ တကယ်တမ်းက NLD ပါတီရော တိုင်းရင်းသားပါတီတွေက ထပ်နိုင်ရင် တောင် ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲဒီအခါကျတော့ ၂၀၁၄ မှာ ပါတီတွေက ထပ်နိုင်ရင်တောင် ၂၀ ရာခိုင်နှုန်းရဖို့ မလွယ်ဘူး။ ဒီ ၂၀ ရာခိုင်နှုန်းထောက်ခံပြီးမှ လွှတ်တော်ထဲမှာ ဆွေးနွေးတာတွေ၊ ပြင်ဆင်တာတွေ လုပ်လို့ရမယ်။ အဲဒီတော့ အခြေခံဥပဒေပြင်ဆင်ရေး အားလုံးအဆင်သင့်ဖြစ်မယ့်အချိန်က ရွေးကောက်ပွဲလုပ်ဖို့ သုံး၊ လေးလပဲလိုတဲ့အချိန် ဖြစ်သွားမယ်။ ဒီနှစ်ထဲမှာ ပါတီတွေအားလုံးက ရွေးကောက်ပွဲဝင်ဖို့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေမယ်။ ဒီလိုအချိန်မျိုးမှာ တကယ်လို့ဥပဒေမူကြမ်းထဲမှာ ၄၃၆ရော၊ ၅၉(စ)ရော ပြင်ဆင်ရေးတွေပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ တကယ်ဆုံးဖြတ်တဲ့အချိန် ကျတော့ ၄၃၆ရော၊ ၅၉ ရော ကျန်ခဲ့ပြီဆိုရင် အချိန်က အရမ်းကိုကပ်နေပြီ။ အဲဒီလိုအနေအထားမျိုးရှိတယ်။ ဒါကြောင့် ကျွန်တော့်အမြင်က ၄၃၆ရော ၅၉ရော ပြင်ဖို့က မဖြစ်နိုင်ဘူးလို့မြင်တယ်။

မေး- ဒါဆိုရင် လက်ရှိ ဒီချုပ်နဲ့ ၈၈ ရဲ့လုပ်ဆောင်ချက်တွေက လှုပ်ရှားမှုတစ်ခုအနေနဲ့ပဲ ပြီးသွား မှာလား။

ဖြေ- ကျွန်တော်စဉ်းစားမိတဲ့ သူတို့ရဲ့ဦးတည်ချက်က ဘာလဲဆိုရင် Signature Compagn လုပ်မယ်၊ ဟောပြောပွဲတွေလုပ်မယ်ဆိုတဲ့သဘောက လူထုဆန္ဒကို ထုတ်ဖော်တဲ့သဘောပဲလို့မြင်တယ်။ လူထုဆန္ဒကို ထုတ်ဖော်မယ်။ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ်တွေရော တပ်မတော်က လွှတ်တော် ကိုယ်စားလှယ်တွေရော သူတို့ရဲ့ ထောက်ခံမှုတွေရလာအောင်လုပ်တဲ့ လူထုလှုပ်ရှားမှုပုံစံပဲ ကျွန်တော်က မြင်တယ်။ လှုပ်ရှားမှုတစ်ခုအနေနဲ့ပဲ ပြီးသွားနိုင်တယ်လို့ ကျွန်တော်မြင်တယ်။

မေး- ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေစပြီး ဒီချုပ် လွှတ်တော်ထဲ ၀င်ရောက်လာပြီး နောက်ပိုင်းမှာ ဒီချုပ်ရဲ့အခန်းကဏ္ဍ၊ လုပ်နိုင်စွမ်းအားကိုကော ဘယ်လိုမြင်ပါသလဲ။

ဖြေ- ၂၀၁၂ ကနေ အခု ၂၀၁၄ ထိ ကာလအတွင်းမှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင် နိုင်မှုအပိုင်းကို ကျွန်တော့်အမြင်ကတော့ အားမရဘူး။ တော်တော်များများက အားမရကြတာ။ နောက် NLD ပါတီရဲ့ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေ၊ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ ဒီအပေါ်မှာလည်း တော်တော် များများက အားမရကြဘူး။

မေး- တစ်ဆက်တည်း ဒီချုပ်ကို အာဏာရှင်ပါတီပုံစံ အားမလိုအားမရ တချို့ဝေဖန်တာတွေ ရှိနေ တယ်။ အဲဒီအပေါ်မှာကော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဖြေ- NLD မှာ ဗဟိုဦးစီးစနစ် လိုသည်ထက်ပိုနေတယ်။ ဘယ်လိုနိုင်ငံရေးစနစ်မှာပဲဖြစ်ဖြစ် အပြောင်း အလဲကာလမှာ ဗဟိုကနေ ဦးစီးရတဲ့အပိုင်းကဏ္ဍတွေ ရှိတယ်။ ဗဟိုဦးစီးစနစ်ကို လျှော့ချတာ လုံးဝ ဖြေလျှော့ထားလို့ရတဲ့ နေရာတွေရှိတယ်။ သူမှာ ဗဟိုဦးစီးစနစ်က တော်တော်လေးမြင့်မားတာ တွေ့ရ တယ်။ နောက်ပါတီရဲ့ အဖွဲ့အစည်းအဆင့်ဆင့်မှာ တာဝန်ပေးမှု၊ လုပ်ပိုင်ခွင့်ပေးမှုအပိုင်းက တော်တော် လေး အားနည်းတာ တွေ့ရတယ်။ 

.. www.MyanmarExpress.net

သိစေချင်သည် ဒေါ်စုကြည်



အခုရက်ပိုင်းအတွင်းမှာ NLD က ဒေါ်စုကြည်နဲ့ ၈၈ က မင်းကိုနိုင် တို့ ရန်ကုန်-မန္တလေးမှာ ဟောပြောပွဲ လုပ်တဲ့ အကြောင်းတွေ အင်တာနက်မှာ ပလူပျံနေအောင် တွေ့နေရတယ်။ သူတို့ ပြောခဲ့တာတွေနဲ့ ပက်သက်ပြီး ဝေဖန် သုံးသပ် ကြည့်မယ်ဆိုရင် ဒေါ်စုကြည်ဟာ ရှေ့နောက် မညီပဲ ပြောဆိုနေတာတွေကို မြင်တွေ့နေရပါတယ်။


အရင်တုန်းကတော့ “ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်ကို မေတ္တာထားတယ် စည်းကမ်းရှိတယ်” အစရှိသဖြင့် မြောက်များ စွာသော နားလည်မှု တွေပဲ သူ့မှာရှိသလို ပြောခဲ့ဘူးတဲ့ ဒေါ်စုက အခုတော့ “တပ်မတော်သားတွေ ပြည်သူလူထု ထက်ပိုပြီးတော့ အခွင့်အရေးတွေကို ခံစားနေရတာ မရှက်ကျဘူးလား” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်၊ သူပြောသလို တပ်မတော်သားတွေ ရနေတဲ့ အခွင့်အရေးဆိုတာ ဘာလဲ၊ ရှေ့တန်းထွက်ရင် ရဟတ်ယာဉ်နဲ့ ကြိုပို့ပေးနေလို့လား၊ တပ်က ထွက်ရင် တိုက်တစ်လုံးကားတစ်စီး နဲ့နေခွင့်ရနေလို့လား ဆိုတာ သေသေ ချာချာလေ့လာကြည့်ပြီးမှ ပြောသင့်ပါတယ်

မဆိုင်တဲ့ကလေးတွေကို နိုင်ငံရေးမှိုင်းတွေ မတိုက်ပါနဲ့

နောက်တစ်ခုက အရွယ်မရောက်သေးတဲ့ ကျောင်းစာကလွဲပြီး ဘာမှ မသိနားမလည်သေးတဲ့ နောင်တစ်ချိန်မှာ နိုင်ငံက အားထားရမယ့် အညွန့်တလူလူ တက်နေတဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ ဘ၀ကို ဘာဖြစ်လို့ ရိုက်ချိုးချင် နေရတာလဲ ဆိုတာ စဉ်းစားလို့မရဘူးဗျာ၊ ၈၈ ကျောင်းပြေး မင်းကိုနိုင် ကပြောလိုက်သေးတယ် လိုချင်တာကို ပေးရင်ပေး မပေးရင်လမ်းပေါ်ထွက်ပြီး ဆူပူအုံကြွမှုဖြစ်အောင်လုပ်မယ်တဲ့ လွယ်လိုက်တာဗျာ၊ ခလေး မုန့်ဖိုး တောင်းနေသလိုပဲ၊ ဆူပူအုံကြွမှု တွေဖြစ်ရင် ကျောင်းတွေပိတ်ရမယ် အလုပ်တွေပိတ်ရမယ် နိုင်ငံရေး မတည်မငြိမ်တွေ ဖြစ်လာမယ် နောက်ဆုံး တိုင်းပြည်ပျက်မယ် ဒါတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ သိသာ ထင်ရှားပါတယ်။ မေးခွင့် ရှိမယ်ဆိုရင် တော့ မေးလိုက်ချင်ပါတယ် ခင်ဗျားတို့ အခုလုပ်ရပ်တွေက ကျွန်တော်တို့ နိုင်ငံတိုးတက်ဖို့ လုပ်နေတာလား တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်နေတာလား ဆိုတာ ကို ရှင်းအောင် မေးလိုက်ချင်တယ်။

ဒေါ်စုက ပြောလိုက်သေးတယ် “လွှတ်တော်ထဲက တပ်မတော်သားတွေ နေရာမက်လို့ အာဏာမက်လို့လုပ်နေတာ မဟုတ်ဘူး ဆ်ုတာ သက်သေပြပါ”တဲ့ ဘယ်လိုသက်သေပြရမှာလဲ လွှတ်တော်ထဲမှာ ထိုင်နေတဲ့သူမှန်သမျှ နိုင်ငံတော် တိုးတက်ဖို့ ၀ိုင်းဝန်းဆွေးနွေးနေကြတဲ့ လူတွေပဲ ဘယ်သူမှ နိုင်ငံတော် ကို ပျက်စီးအောင် လုပ်နေတဲ့လူမရှိပါဘူး။ အာဏာ နဲ့နေရာရဖို့ နယ်တကာလှည့်ပြီး ပြည်သူလူထု ယုံကြည်မှုကို အလွဲသုံးစားလုပ်ဖို့ စဉ်းစားနေတဲ့သူ မပါဘူးဆိုတော့ သိစေချင်တယ်။ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့နိုင်ငံရေး အခြေအနေတွေကိုများ အတုယူ လုပ်ဆောင်နေတာလား ဒေါ်စုကြည်။ ဖွဲ့စည်းပုံပြင်ဖိုပအတွက် အရွယ်မရောက် အသက်မပြည့်သေးတဲ့ လူငယ်လေးတွေ ကိုတောင် ကာချုပ်ထံ စာပို့ လုပ်ခိုင်းတယ်ဆိုတော့ ဒေါ်စုဟာ သမ္မတ ဖြစ်မယ်ဆိုရင် မည်သူ့ကို မဆို ကြီးကြီးငယ်ငယ် ချနင်းမယ့် စိတ်ဓါတ်မျိုးကို ပိုင်ဆိုင်ထားတဲ့ လူထုခေါင်းဆောင် တစ်ယောက်ပါ။ နိုင်ငံတကာမှာတောင် အသက် ၁၈ နှစ်ပြည့်မှ လူရာသွင်းတာပါ မပြည့်သေးရင် ကလေးလို့ပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက NLD ဒေါ်စုကြည် ကတော့ နိုင်ငံရေးမှာ ပါဝင်ဖို့ ဟောပြောပွဲတွေမှာ စည်းရုံးပြောဆို ခဲ့တာတွေကို တွေ့ရပါတယ်။


၈၈ မင်းကိုနိုင်ကလည်း “လိုချင်တာမရရင် လမ်းပေါ်ထွက်ရမှာပဲ” ဆိုပြီး ပြောထားတာလည်း ရှိပါသေး တယ်၊ အဲ လိုလေး ပြောလိုက်ရတာရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ မသိနိုင် မမြင်နိုင်တဲ့ အကျိုးမြတ် တွေက ဒီလူတွေကို စိတ်ဓါတ် ပြင်းပြ စေခဲ့တာ ပေါ်လွင်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ပြည်သူလူထု၊ လခစား ၀န်ထမ်းတွေ၊ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသား တွေရဲ့ ဘ၀ကို ခင်ဗျား တို့ ကိုယ်ချင်းစာသင့်တယ်ဗျာ၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ပြောသလို လမ်းပေါ်ထွက် ဆန္ဒပြမယ်ဆိုရင်၊ အလုပ်တွေ ပိတ်မယ်ဆိုရင်၊ ဒီလူတွေ ဘယ်လိုနေထိုင် စားသောက်ကျမလဲ၊ ကျောင်းတွေ ပိတ်မယ်ဆိုရင်၊ ကျောင်းနေအရွယ်ကလေးတွေ ပညာရေး ဘယ်လောက် အနှောင့်အယှက် ဖြစ်မလဲ၊ ရုံးတွေ ပိတ်မယ်ဆိုရင် ၀န်ထမ်းမိသားစုတွေ ဘယ်လိုနေထိုင်စားသောက်ကျမလဲ၊ သူတို့က ခင်ဗျားတို့လို အစိုးရကို ဆန့်ကျင်မယ၊် ဆန္ဒပြမယ် ပြောလိုက်ရုံနဲ့ တစ်မိသားစုလုံး ထိုင်စားနိုင်တဲ့ ဘ၀မျိုး မဟုတ်ကြဘူးဆိုတာကိုတော့ အလေးအနက် စဉ်းစားစေချင် ပါတယ်။ ကိုယ်တစ်ယောက် ကောင်းစားဖို့အတွက် ပြည်သူလူထုအားလုံး ကို ချနင်းဖို့ ကြိုးစားအားထုတ်နေတဲ့ ဒေါ်စုနှင့် ၈၈ တွေကို ခင်ဗျားတို့ရဲ့ အတ္တဆန်တဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ၈၈ ကာလကို ပြန်မရောက်ပါစေနဲ့လို့ ဆန္ဒပြုရင်း……။

နေမင်းသံလွင်

နှစ်နိုင်ငံနယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ဆွေးနွေး



နှစ်နိုင်ငံ နယ်စပ်တွင် ခိုအောင်းနေသည့် RSO သောင်းကျန်းသူအဖွဲ့အား ပူးပေါင်းနှိမ်နင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေး အရာရှိ များ၏ အလံတင်ဆွေးနွေးပွဲအား နယ်စပ် မှတ်တိုင် ၅၀ တွင် မေ ၂၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ရဲအရာရှိများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၄၂ နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး Hassan နှင့် အရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

RSO သောင်းကျန်းသူများအား နှစ်နိုင်ငံ ပူးပေါင်းရှင်းလင်းရေး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မေ ၁၈ ရက်က အကြောင်းကြားထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လက်နက်ကိုင်အဖွဲ့များ တစ်ဖက်နိုင်ငံထဲတွင် အခြေမချနိုင်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း လက်မခံရန်နှင့် သောင်းကျန်းသူများအား ပူးပေါင်းရှင်းလင်းရေး ကိစ္စရပ်များအား အကြောင်းကြားစာ ပို့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂလားဒေရှ့် အစိုးရ တာဝန်ရှိသူများထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာကို ပေးပို့ခဲ့သည့်အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံ အနေဖြင့် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးရန်၊ ကျူးကျော်ပစ်ခတ်သော အကြမ်းဖက်သမားများကို ဖော်ထုတ် အရေးယူပေးရန်ကိုပါ ထည့်သွင်းပေးပို့ခဲ့ကြောင်း သိရသည်။

နယ်စပ်တွင် သောင်းကျန်းသူအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ကြိုးပမ်းရာ မေ ၁၃ ရက်က တစ်ကြိမ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မေ ၁၇ ရက်တွင် တစ်ကြိမ် တစ်ဖက်နိုင်ငံမှနေ၍ ချုံခိုတိုက်ခိုက်ခဲ့မှုကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ နယ်စပ်လုံခြုံရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့်အတူ တပ်မတော်မှ ပူးတွဲတာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

မုန်တိုင်းသတင်း



၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက် တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။


အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်းလာမည့်(၂)ရက်အတွင်းမြန်မာ ဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို့ ဦးတည်ရွေ့လျားနိုင်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညနေမှနောက်(၃)ရက်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်နေရာ အနှံအပြား မိုးထစ်ချုန်းရာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်နေရာ ကွက်မိုးကြီးမည်။မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုး သက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်မြေပြင်လေသည်တစ်နာရီလျှင်မိုင် (၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒညွန့်ကြားမှု ဦးစီးဌာန

မြန်မာနိုင်ငံရေး အနာဂတ်ကို ဘယ်သူပုံခုံးထမ်းမှာလဲ

မြန်မာနိုင်ငံရေးတွင် ပြည်သူချစ်သော၊ ဉဏ်ပညာဖြင့် ပြည့်စုံသော ခေါင်းဆောင် ဘယ်နှစ်ဦး ရှိပါသလဲ။ ရေတွက်ကြည့်ပါ။ တစ်ဦးပြီးတစ်ဦး လက်ချိုးရေတွက်ကြည့်ပါက လက်ငါးချောင်း မပြည့်သည်ကို တွေ့ရပေလိမ့်မည်။


သို့ဆိုလျှင် စစ်ဘောင်းဘီချွတ်ပုဂ္ဂိုလ်များ အာဏာဆက်လက်ဆုပ်ကိုင်ထားသော အနေအထားရ အတိုက် အခံကို အားကိုးကြသော်လည်း အရံသင့်ခေါင်းဆောင် လုံလောက်မှု မရှိသဖြင့် ပြည်သူတွေရဲ့ အနာဂတ် မှာ စိုးရိမ်ဖွယ် ဖြစ်နေပါပြီ။ ပြည်သူချစ်သော အတိုက်အခံခေါင်းဆောင်များရဲ့ အသက်များကိုချတွက်ကြည့် သောအခါ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်နိုင်သောအချိန်မှာ လေးငါးနှစ်ထက် မပိုတော့ ပေ။

“အန်အယ်ဒီအတွက် အကြီးအမားဆုံး အားနည်းချက်က ဒီနှစ်နှစ်ဆယ်ကျော်အတွင်း လူငယ်ခေါင်းဆောင် တွေ မမွေးထုတ်နိုင်ခဲ့တာပဲ” ဟု မြန်မာနိုင်ငံတွင် ပြည်သူ လူထုထောက်ခံမှု အများဆုံးရထားသည့် ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယကတစ်ဦးဖြစ်တဲ့ ကွယ်လွန်သူ သတင်းစာဆရာ ဟံသာ ၀တီ ဦးဝင်းတင်မှ ၀န်ခံခဲ့ဖူးသည်။

နှစ်နှစ်ဆယ်ကျော် မျိုးဆက်ပြတ်တောက်ခဲ့ရသဖြင့် လူငယ်ကို ခေါင်းဆောင်အဖြစ် မွေးထုတ်မည်ဟု လှည့် ပတ် ရှာဖွေကြည့်ပါ လွန်စွာရှားပါးနေလေပြီ။ ၁၉၈၈ ခုနှစ် တစ်နိုင်လုံးဒီမိုကရေစီ တောင်းဆို၊ လမ်းပေါ် ထွက် ဆန္ဒထုတ်ဖော်ခဲ့သည့် အရေးတော်ပုံကြီးနောက်ပိုင်း ပါဝင်ခဲ့သည့် ကျောင်းသားများ သောင်းနဲ့ချီ ထောင်သွင်း အကျဉ်းကျခံရ၊ နယ်ခြားကို ထွက်ပြေးရ၊ တောတွင်း လက်နက်ကိုင်များအဖြစ် ခိုလူံသွားကြ နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် ကျောင်းပုရ၀ုဏ်မှ ထွက်ပေါ်လာမည့် ပညာတတ် အနာဂတ်ခေါင်း ဆောင်များ ပျောက်ဆုံးသွားခဲ့ရသည်။

ထိုကာလများအလွန်တွင် ကျောင်းသား လူငယ်များ၏နှုတ်မှ “ကျောင်းတွင်း၌ နိုင်ငံရေး” ဆိုသည့် စကား လုံးတစ်လုံး ပြောဆိုခဲ့လျှင်ပင် တာဝန်ရှိဆရာဆရာမများ၊ ပါမောက္ခများက ကျောင်းထုတ်ပစ်သည် အထိ ပြစ်ဒဏ်ပေးခဲ့တာကြောင့် နိုင်ငံရေး လုပ်ဆောင်ရန်၊ နိုင်ငံ့ခေါင်းဆောင် လုပ်ဆောင်ရန်မှာ ကျောင်းသား များအတွက် အိပ်မက်သဖွယ် ဖြစ်သွားခဲ့ရသည်။

လတ်တလော လှုပ်ရှားဆဲဖြစ်သည့် ပြည်တွင်းနိုင်ငံရေး ပါတီခေါင်းဆောင် အများစုကို မေးမြန်းသည့်အခါ အနာဂတ်တွင် သူတို့၏ပါတီများကို ပခုံးလွှဲပြောင်းယူမည့် ခေါင်းဆောင်များ အရံသင့်မရှိပါဟု ၀မ်းနည်းစွာ ၀န်ခံကြသည်။

ရခိုင်အမျိုးသားပါတီမှ ယာယီပထမ ဥက္ကဋ္ဌ ဦးအေးသာအောင်က “အနာဂတ် ခေါင်းဆောင်နေရာအတွက် စိုးရိမ်ပူပန်နေရပြီ။ ဒီအတွက် ကြိုးစားနေတယ်။ မွေးထုတ်မယ်ဆိုတော့လည်း ထက်မြက်တဲ့သူ ရှားတယ်။ စိတ်ဓာတ်တွေက မ၀ံ့ကြဘူး။ ၀ံ့ပြန်တော့လည်း ပညာရေးက နိမ့်ကျလွန်းတယ်” ဟု တိုးတိုးညင်သာ ပြောသည်။

အတိုက်အခံ ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရန် လက်ရှိ အတိုက်အခံ ခေါင်းဆောင်များ ကြိုးပမ်းကြ ပါသလား “အရံခေါင်းဆောင်များ မွေးထုတ်ထားပြီးလား” ဆိုသည့်မေးခွန်းကို လက်ရှိအတိုက်အခံ ခေါင်း ဆောင်များကို မေးခွန်းထုတ်ဖို့ လိုပါလိမ့်မည်။

အသက် ၂၀ ခန့်၊ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က “ကျွန်တော်တို့မှာ လက်ရှိ ပြည်သူ ထောက်ခံတဲ့ ခေါင်းဆောင်တွေရှိတယ်။ ဒါပေမဲ့ တတိယအရွယ်ကို ရောက်နေကြပြီ။ လူငယ် တွေ ရှေ့ဆက် တာဝန်ယူရတော့မယ်။ အဲဒီတော့ လူငယ်တွေ ဖြတ်သန်းလာရတဲ့ ခေတ်တွေ၊ စနစ်တွေ ကို အပြစ်မတင်ချင်ဘူး။ ကိုယ်တိုင် စွမ်းရည်မြင့်ဖို့ကို ကြိုးစားရမယ်လို့ မြင်တယ်၊ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်ဖို့ ကျင့်ဝတ်တွေ၊ သမိုင်းကြောင်းတွေ နားလည်အောင် လုပ်မယ်ဆိုရင် ကျွန်တော့်တစ်ဦး တည်းအမြင်နဲ့ နောက်လာမယ့်ငါးနှစ်မှာ အရံခေါင်းဆောင်လုပ်ဖို့ ကျွန်တော်တို့က အသင့်ရှိနေပါပြီ” ဟု တွက်ချက်ပြောဆိုသည်။

မြန်မာနိုင်ငံရေးမှာ လက်ရှိကျောင်းပုရ၀ုဏ်အတွင်း လှုပ်ရှားနေကြသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်သည့် ကျောင်း သားခေါင်းဆောင်များမှာ ကျောင်းတွင်း စည်းရုံးရေးပြုလုပ်ရာမှာ အဟန့်အတား များစွာရှိနေဆဲ၊ နိုင်ငံရေး စကားလုံးပင်မဆိုနှင့် ကျောင်းသားအရေး တောင်းဆိုမည်ဆိုလျှင်ပင် ပိတ်ပင်မှုများစွာရှိနေဆဲဟု ပြောဆို ကြသည်။

သို့တိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ “လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ။ကျောင်းသားတွေ အား လုံးက နိုင်ငံရေးလုပ်ဖို့ သက်ဆိုင်တယ်” ဟု ပါတီစည်းရုံးရေးဆင်းသည့် မိန့်ခွန်းများ၊ လူငယ်များအား ပြော ဆိုသည့် မိန့်ခွန်းများတွင် တိုက်တွန်း ပြောဆိုနေသည်။

အတိုက်အခံတို့တွင် မျိုးဆက်မွေးထုတ်ရမည့် တာဝန်တစ်ရပ်မှာ ပြဿနာတစ်ရပ်သဖွယ် ရင်ဆိုင်နေရသော် လည်း တစ်ဖက်ယှဉ်ပြိုင်ဘက်မှာမူ အနာဂတ်ကာလများကို ရင်ဆိုင်ရန်အရံသင့်ရှိနေပြီ ဖြစ်သည်။အတိုက် အခံအားလုံးတို့၏ ပြိုင်ဘက်စစ်တပ်အရာရှိကြီးများ ဦးဆောင်မှုအောက် ငွေကြေးအဆက်အသွယ် တောင့် တင်းမှုရှိသည့် အသင်းအဖွဲ့ (သို့) ပါတီဖြစ်သည့် “ကြံ့ခိုင်ရေး” မှာ စစ်သဘောသဘာဝ၏ အခြေခံအရ အစီအစဉ်များ စနစ်တကျ ရေးဆွဲလုပ်ဆောင်တတ်သောကြောင့် အနာဂတ်အတွက် အရံလူငယ် ပညာ တတ် ခေါင်းဆောင်များအသင့် မွေးထုတ်ပြီး ရှိမရှိ ဟူသည်မှာ သံသယရှိစရာ မလိုတော့ပေ။

လူထုထောက်ခံမှု အများဆုံးရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်ညီလာခံလုပ်ဆောင် နေဆဲပင်။ နောင်အနာဂတ်တွင် လူငယ်များကို နေရာပေးသွားမည်ကိုလည်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က လူထုနှင့်တွေ့ဆုံသည့် မိန့်ခွန်းများတွင် အလေးအနက် ပြောဆိုခဲ့သည်။

မြန်မာ့နိုင်ငံရေး မှတ်တိုင်တစ်ခု ဖြစ်သည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံယာ အရေးအခင်းလူပ်ရှားမှုတွင် လူ ငယ်ခေါင်းဆောင်အချို့ ပေါ်ပေါက်ခဲ့ပါသည်။ သို့သော် နှစ်ပေါင်းများစွာ “နိုင်ငံရေး” ဟူသည့် အသုံးအနှုန်း ကို ပြောဆိုရန် အခွင့်မပေးခဲ့သည့် ပညာရေးစနစ်အောက်တွင် ကြီးပြင်းခဲ့သည့် မျိုးဆက်ဖြစ်နေသဖြင့် ရင့် ကျက်သော နိုင်ငံရေးသမားအဖြစ် ၀မ်းစာပြည့်ဝမှု မရှိကြပေ။

ပြည်သူလူထုတို့၏ ဆင်းရဲဒုက္ခများ ပေါ်အခြေခံကာ ဖြစ်ပေါ်ခဲ့သည့် သံဃာ့ အရေးခင်းဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ်နှင့် ပြုပြင်ပြောင်းလဲရေး သမ္မတသစ် တက်လာသည့်ကာလ ၂၀၁၂ ခုနှစ်ကြားမှ နိုင်ငံရေး လောကတွင်းသို့ရောက်လာသည့် လူငယ်များမှာ ခေါင်းဆောင်အဖြစ်ရပ်တည်ရန် အသင့်မရှိသေးကြောင်း နိုင်ငံရေး သုတေသီများက သုံးသပ်ကြသကဲ့သို့ နိုင်ငံရေးဟူသည် ရင့်ကျက်မှုရရန် ဆယ်စုနှစ်တစ်ခု အချိန် ယူရပေလိမ့်မည်ဟုလည်း ပြည်တွင်းပါတီ ခေါင်းဆောင်များက ပြောကြသည်။

သို့ဆိုလျှင် မြန်မာ့နိုင်ငံရေးတွင် အရံသင့်ရှိရမည့် အတိုက်အခံအရံ ခေါင်းဆောင်မှာ ပြည်သူများရှေ့သို့ ထွက်ပေါ်လာနိုင်ရန် အချိန်မည်မျှ ကြာပေဦးမည်လဲ။ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဦးခွန် ထွန်းဦးက “ပုံမှန်အတိုင်း ပြောရရင် အရံခေါင်းဆောင်ဆိုတာ မရှိသေးဘူး။ အနာဂတ်အတွက် အတော် လေး ရင်လေးစရာပဲ။ မျိုးဆက်တွေက ပညာရေးစနစ် ဆိုးအောက်မှာ ရေးစာဖတ်စာပဲ တတ်ကြတယ်။ လူကြီးတွေက အသက်အရွယ်ကြောင့် လွှဲပေးမယ်ဆိုရင်တောင် လူမရှိဘူး ခက်နေတယ်။ ဒီကြားထဲ အပြောင်းအလဲကောင်းတွေ ရှိလာမယ်ဆိုရင်တော့ နောက်လေးနှစ်လောက်မှာ ထွက်ပေါ်လာနိုင်တာပေါ့” ဟု သုံးသပ် ပြောဆိုသည်။

ထို့ပြင် မျိုးဆက်ပြဿနာဟု ထောက်ပြရမည့် အချက်တစ်ချက် ရှိနေသည်။ နိုင်ငံတကာတွင် အသက် ၁၈ နှစ်မှ ၂၈ နှစ် အတွင်းသည် လူငယ်နိုင်ငံရေး မျိုးဆက်များဟု သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင်း အင် အားကြီးပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ တွင် လူငယ်အား အသက် ၃၀ အထိ သတ်မှတ်ထားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့မှာ ၃၅ နှစ်ထိ လူငယ်စာရင်း သတ်မှတ်ထားပြန်သည်။ ထိုသတ်မှတ်ချက်များမှာ လူငယ်မျိုးဆက် ပြတ်လပ်မှုကို ဖော်ပြနေခြင်း ဖြစ်သည်။

လက်ရှိတွင် လူထုအားကိုးသော ခေါင်းဆောင်အချို့ ရှိနေပါလျက် အနာဂတ် ခေါင်းဆောင်ကို ဘာကြောင့် မျှော်ရမည်လဲဟူသည့် အဖြေမှာတော့ ရှင်းပါသည်။

မြန်မာ့နိုင်ငံအရေး လေ့လာကာ မြန်မာပြည်တွင်း လာရောက်နေထိုင်နေသူ နိုင်ငံရေး သိပ္ပံပညာရှင် ချက်စ် နိုင်ငံသား Igor Blazvic ဆိုသကဲ့သို့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်မှ စတင်အသွင်ပြောင်းသည့် အနေ အထားဖြင့် ပြောင်းလဲလာပြီး ယခုအချိန်မှာ စစ်အာဏာရှင်တစ်ပိုင်း၊ ပြုပြင် ပြောင်းလဲရေးတစ်ပိုင်း ကပြား အစိုးရအသွင်သာ ရှိသေးသည်။ ထိုအခြေအနေကို ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ရန် ပြည်သူဘက် မှ အမာခံရပ်တည်မည့် အတိုက်အခံခေါင်းဆောင် များစွာလိုပါသည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော် ကာလများဆီက အတိုက်အခံလုပ်၊ ပြည်ပြေးခဲ့ကြကာ ပြည်ပရောက် နိုင်ငံ တကာတက္ကသိုလ် ကျောင်းဆင်းလာသည့် ဥာဏ်ကြီးရှင်တို့မှာ ဘလည်းကပြားအစိုးရကို ယုံကြည်ကာ လက်တွဲနေပြီ ဖြစ်သည်။ ထိုသည်မှာလည်း အတိုက်အခံများအတွက် စိုးရိမ်စရာပင် ဖြစ်သည်။

ပြည်သူအများက ချစ်ခင်လေးစားကာ မျှော်လင့်စောင့်စားနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်မှာ ကံကောင်း ထောက်မစွာဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၊ အသက် ၇၀ တွင် သမ္မတဖြစ်ခဲ့သည်ရှိသော် နောက်ထပ်ငါးနှစ် အုပ်ချုပ်ပြီးနောက် သူမလို ပညာအရ၊ စဉ်းစားတွေးခေါ်ပုံအရ၊ နိုင်ငံရေးရေချိန်မြင့်သော အတိုက်အခံခေါင်းဆောင် အရံသင့်ရှိမရှိဆိုသည်မှာ တန်ခိုးရှင်သာလျှင် သိတော့မည်။ တာဝန်အလုံးစုံကို မည်သူက ပုခုံးပြောင်းယူတော့မည်ကို မသိနိုင်ပေ။ မြန်မာနိုင်ငံရဲ့ အနာဂတ်က မှန်းဆရခက်နေပြီ ဖြစ် သည်။

Mizzima

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ယူမှု အပေါ် နှောင့်ယှက်ပါက NLD တရားစွဲမည်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD ပါတီ) က လူထု ဆန္ဒပြုလက်မှတ် ကောက်ယူရာတွင် နှောင့်ယှက် ဖျက်ဆီးမှုများ ရှိပါက တရားဥပဒေအရ တရားစွဲဆို သွားမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။


ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၇ ရက်မှ စတင်ကာ ဇူလှိုင်လ ၁၉ ရက်နေ့အထိ တစ်နိုင်ငံ လုံးရှိ ပြည်သူလူထု ဆန္ဒပြု လက်မှတ်ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဆန္ဒပြုလက်မှတ် ကောက်ယူတာကို တရားဥပဒေမဲ့ လုပ်ရပ်တွေနဲ့ တားဆီး ပိတ်ပင်တာတွေ ရှိရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်။ ဘယ်လို နှောင့်ယှက်သလဲဆိုတဲ့ အပေါ်ကို ကြည့်ပြီး တရားစွဲဆိုမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များကို မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများအထိ ကောက်ယူသွားမည် ဖြစ်ပြီး နှောင့်ယှက် ဖျက်ဆီးမှုများ ရှိလာပါက NLD ပါတီရုံးချုပ်သို့ အဆင့်ဆင့် သတင်းပို့ အကြောင်းကြားရန် NLD ပါတီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒလက်မှတ် ရေးထိုးသူများသည် မြန်မာနိုင်ငံသား ဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်း၊ စိတ်ပေါ့သွပ်သူ မဟုတ်ခြင်း၊ မိမိဆန္ဒနှင့် လွတ်လပ်စွာ လက်မှတ် ရေးထိုးသူ ဖြစ်ရမည်ဟူသော အရည်အချင်း ကန့်သတ်ချက်များကို ထုတ်ပြန်ထားသည်။

ယင်းသို့ လက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူနေသော်လည်း လက်မှတ်များ ရရှိပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို NLD ပါတီက ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၏ ပူးတွဲ လူထုဟောပြောပွဲများကို မေလ တတိယပတ်မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ ဟောပြောပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည် 

နေ့ခင်းကြောင်တောင် အတင့်ရဲစွာ ကားလုယက်သူအား ချက်ချင်းဖမ်းမိ



၂၁.၅.၂၀၁၄ ရက်နေ့ နေ့လည် ၁ နာရီ ၂၅ မိနစ် ခန့်က အင်းလျားလမ်းပေါ် ဘင်္ဂလားဒေ့ရှ်သံရုံး မျက်စောင်းထိုး ပညာရေးဝန်ကြီးဌာန၊ ကွန်ပျူတာ တက္ကသိုလ်(ဗဟန်း)ရှေ့တွင် ယာဉ်မောင်း ကိုစိုးမိုး မောင်းနှင် လာသော AA- 6670 နံပါတ် တိုယိုရိုတာ Fielder ယာဉ်ကို အမျိုးသားတစ်ဦးမှ တားသဖြင့် ယာဉ်မောင်းမှ ရပ်ပေးရန်ပြုစဉ် ကားမရပ်ခင် ဘီးလိမ့်နေစဉ်မှာပင် ကားတားသူမှ ကားနောက်ခန်းအား ဆွဲဖွင့်ဝင်ထိုင်ပြီး ယာဉ်မောင်း အား နောက်ဖက်မှ လည်ပင်းညှစ်ကာ အဆက်မပြတ် လက်သီးဖြင့်ထိုးသဖြင့် ယာဉ်မောင်းမှာ ကားတံခါးဖွင့် အတင်းပြေးဆင်းခဲ့ရသည် ဆို၏။


ယာဉ်မောင်းဆင်းသွားပြီးနောက် ကားနောက်ဖက်ခန်းရှိ ကားတားသူမှာ ကားရှေ့ခန်းသို့ ကျော်ဝင်၍ အင်းလျားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်ကာ ကားအားလုယူထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့ မောင်းနှင်ထွက်ပြေးစဉ် ရှေ့ကားများအား ကျော်တက်ရန် လမ်းပြောင်းပြန်ဘက်ပါ ခွမောင်းသွား သဖြင့် မျက်နှာချင်းဆိုင်ကားများ နှင့် ဘေးချင်းကပ် ကားများကို ပွတ်တိုက်ကာ ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး အင်းလျားလမ်း နှင့်တက္ကသိုလ်ရိပ်သာလမ်းထောင့် မီးပွိုင့်အနီးသို့အရောက် တာဝန်ကျ ယာဉ်ထိန်းရဲမှ ယာဉ်တိုက်မှုအား စစ်ဆေးရန် ရောက်လာစဉ် အဆိုပါ ယာဉ်ထိန်းရဲအား ကားတွင်းမှလှမ်း၍ အဆက်မပြတ် လက်သီးဖြင့် ထိုးကြိတ်ခဲ့ပါသည်။ ကမာရွတ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်မှူး ဒုရဲအုပ် စိုင်းထွန်းလင်းနိုင် နှင့်အဖွဲ့မှ စကားပြောစက်မှ သတင်းပို့ချက်ဖြစ်စဉ်များကြောင့် ၅ မိနစ်အတွင်း အခင်းဖြစ် နေရာသို့ ရောက်ရှိ ကာ အနီးရှိ ပြည်သူများ နှင့် ယာဉ်ထိန်းရဲတို့ ပူးပေါင်းပြီး ကားလုယက်သူအား ဖမ်းဆီးခဲ့ပါသည်။ ကားလုခံရသူ တက္ကစီ ယာဉ်မောင်းမှလည်း ကားပိုင်ရှင်နှင့်အတူ ရောက်ရှိလာပါသည်။

ယာဉ်မောင်း၏ လက်သီးများအဆက်မပြတ်ထိုးမှုကြောင့် တက္ကစီမောင်းသူ ပွန်းပဲ့ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းရဲ၏ ယာဘက်မျက်ခွံကွဲသွားခဲ့ပါသည်။

ကားလုယက်သူမှာ စိုးပြည့်မွန်၊ ၂၇ နှစ်၊ မ/မရှိ၊ အလတ်ချောင်းကျေးရွာ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းနေသူ ဖြစ်ကြောင်းသိရပြီး ကားလုယက်မှုအတွက် ပုဒ်မ ၃၈၂ ဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲအား ထိုးကျိတ်မှုဖြင့် ပုဒ်မ ၃၃၂ ဖြင့်လည်းကောင်း၊ ယာဉ်တိုက်မှုအတွက် ပုဒ်မ ၂၇၉ တို့ဖြင့် အသီးသီး အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Thit Htoo Lwin

မြန်မာ့နိုင်ငံရေးကို ဦးခင်ညွန့် စောင့်ကြည့်နေ



မြန်မာပြည် နိုင်ငံရေးအခြေအနေကို စောင့်ကြည့် နေပါတယ် လို့ ဦးခင်ညွန့်က ပြောဆိုကြောင်း မဇ္ဈိမ သတင်းစာမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖော်ပြ ထားပါတယ်။


"သူတို့လုပ်ဆောင်နေတာတွေကို ကြည့်နေတယ်။ အခု မပြောသေးဘူး။ အချိန်ရောက်ရင်တော့ ပြောမှာ ပေါ့" 

အင်တာဗျူးမှာ ပြောဆိုကြတာက နိုင်ငံရေးအကြောင်း မဟုတ်ပါဘူး၊ သူဖွင့်ထားတဲ့ ပန်းချီပြခန်း အကြောင်းပါ။ နိုင်ငံရေးအကြောင်း မေးခွန်းတခုပဲ ပါဝင်နေတာပါ။ သူကလည်း အထက်ပါအတိုင်းပဲ ခပ်တိုတို ဖြေသွားပါတယ်။ နိုင်ငံရေးအကြောင်း အခု မပြောချင်ဘူးလို့ ဦးခင်ညွန့်က ဆိုပါတယ်။

သူတို့လုပ်ဆောင်နေတာတွေကို ကြည့်နေတယ် ဆိုတော့ .... အင်း... ကြည့်နေရုံတင် မဟုတ်ဘဲ ကြုံခဲ့ရ တာတွေကို စာရေးမှတ်တမ်းတင်လိုက်ရင် စာအုပ်တွေ အတွဲလိုက် ထုတ်နိုင်မယ် ဆိုတာကိုလည်း စဉ်းစားနေဖွယ် ရှိပါတယ်။

နိုင်ငံတကာဖိအားတွေ လျော့ကျအောင် ဘယ်လို လုပ်ခဲ့ရတယ်၊ စူပါ ပါဝါ နိုင်ငံကြီးတွေကို ဘယ်လို ကစားခဲ့တယ်၊ မြန်မာပြည်ဘိန်းလုပ်ငန်းရှင်တွေအကြောင်း၊ ဗိုလ်ချုပ်ကြီးများအကြား အားပြိုင်မှု စသဖြင့် စသဖြင့် စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ အများကြီးကို အခုကတည်းက ရေးထားပြီး သင့်လျော်တဲ့အချိန်မှာ စာအုပ်ထုတ်မယ် ဆိုရင်ကောင်းမှာပဲ စသဖြင့်လည်း စဉ်းစားကောင်း စဉ်းစားနေပါလိမ့်မယ်။

ဗိုလ်ချုပ်တချို့ လုပ်ငန်းခွင်အတွေ့အကြုံတွေရေးပြီး စာအုပ်ထုတ်တာလည်း အများအပြား ရှိနေတယ် မဟုတ်လား။

ဦးခင်ညွန့်ရေးတဲ့စာအုပ် ဆိုရင် ရန်သူ၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်ဟောင်း၊ စာနယ်ဇင်းသမားတို့က စိတ်ဝင်စားကြမယ်လို့ ယူဆရပါတယ်။