Wednesday, May 21, 2014

သတ္တုများ စုပ်ယူစားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး ရှာဖွေတွေ့ရှိ



ဖိလစ်ပိုင်နိုင်ငံ ၊ လော့ဘာနော့စ်မြို့ ရှိ တက္ကသိုလ် မှ သိပ္ပံ ပညာရှင်များသည် ဇမ်ဘယ်စ် ပြည်နယ် မြောက်ပိုင်းတွင် သတ္တုများစွာ ကို စုပ်ယူ စားသုံးနိုင်သော အပင်မျိုးစိတ်သစ် တစ်မျိုး (ပုံ) ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ABS- CBN သတင်းဌာန မှ ဖော်ပြချက် အရ သိရသည်။


Rinorea Nicoolifera ဟု အမည်ပေး ထားသော အဆိုပါ အပင်သည် Hypetaccumulator အပင်မျိုးစိတ် ၄၅၀ အနက်မှ တစ်မျိုးဖြစ်ပြီး ၄င်းအပင်မှ အရွက်များသည် နီကယ်လ် တစ်သန်းရှိ အစိတ်အပိုင်း ၁၈၀၀၀ ကို စုပ်ယူ နိုင်ကြောင်း ၄င်းအပင်ကို လေ့လာသော အဖွဲ့မှ စာရေးဆရာ နှင့် သုတေသန အဖွဲ့ခေါင်းဆောင် ပါမောက္ခ အက်ဝီနိုဖာနန်ဒို က ပြောကြား ခဲ့သည်။

အဆိုပါ ထူးခြားသော အပင်အကြောင်းကို Phytokeys ဂျာနယ်တွင် ဖော်ပြထားပြီး အွန်လိုင်းမှလည်း ဖတ်ရှုနိုင်သည်ဟု သိရသည်။

အသစ်ရှာဖွေ တွေ့ရှိထားသော အပင်မျိုးစိတ်သည် မသန့်ရှင်းသော မြေ သို့မဟုတ် သတ္တုမြေ များကို ရှင်းလင်းရာတွင် အကူအညီ ဖြစ်စေမည် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ပြောကြား ခဲ့ကြောင်း သိရှိရသည်။ 

(CBS)

#Themyawadydaily

ယူနတီ ဂျာနယ် သတင်းထောက်တွေကို စွဲချက်တင်ပြီ



မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက ကာကွယ်ရေး ပစ္စည်းစက်ရုံ အမှတ်၂၄ ရဲ့ အကြောင်းကို လျှို့ဝှက် ဓါတုလက်နက် စက်ရုံ ဆိုတဲ့ ခေါင်းစည်းနဲ့ ရေးသား ဖေါ်ပြခဲ့လို့ ဖေဖေါ်ဝါရီ လဆန်းက အဖမ်းခံထားရတဲ့ Unity ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်း ထောက် ၄ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ပုဒ်မနဲ့ စွဲချက် တင်လိုက်ပြီ ဖြစ်ပါတယ်။


ပခုက္ကူထောင်မှာ ထိန်းသိမ်းထားတဲ့ Unity ဂျာနယ်က ဦးတင့်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနဲ့ ကိုလူမော်နိုင်တို့ကို ပခုက္ကူခရိုင် တရားသူကြီးက အခုလို စွဲချက်တင်လိုက်တာပါ။

စွဲချက်တင် ခံလိုက်ရတဲ့ Unity ဂျာနယ်ဘက်က ရှေ့နေ အဖြစ် လိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကတော့ ခုလို စွဲချက်တင်လိုက်တာနဲ့ ပြစ်မှု မြောက်တာ မဟုတ်သေးဘဲ Unity ဂျာနယ်ဘက်က ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ကြားချင်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ရုံးချိန်းကိုတော့ လာမယ့် မေလ ၂၆ ရက်နဲ့ ၂၇ ရက်ကို ပြန်ချိန်းထားပြီး Unity ဂျာနယ်ဘက်က တင်ပြထားတဲ့ သက်သေ ၇ယောက်ကို စတင် စစ်ဆေးမယ် လို့လည်း သိရပါတယ်။

ခုလို သတင်းထောက်တွေကို အပြစ်ပေးနိုင်ဖို့ စွဲချက်တင်လိုက်တာဟာ သတင်း လောကသားတွေကို ဖိနှိပ်ဖို့ ခြောက်လှန့်လိုက်တာလား ဆိုပြီး ဝေဖန်မှုတွေ ရှိသလို ဒီအမှု ဘယ်လို ဖြစ်လာမလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အရင်တုန်းက အများကြီး ပြောပြီးတော့ အခု(၄၃၆) တစ်ခုတည်း ပြောလာတာကတော့ စိတ်ဝင်စား စရာ ကောင်းလာ တာပေါ့



အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာက ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ပါဝင်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်ထားပြီးပြီ။ ဆုံးဖြတ် တဲ့အခါမှာ အရင်ဆုံး (၁၀၉)ဦး ကော်မတီဖွဲ့တယ်။ အခုတစ်ခါ ဒီဟာကို ဆက်လက် သယ်ဆောင်ဖို့ (၃၉)ဦး ကော်မတီဖွဲ့တယ်။ လွှတ်တော်က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ကို လုပ်နေပြီပဲလေ။ လုပ်တဲ့ အခါမှာ ပါတီအသီးသီးက မိမိတို့ပါတီက ပြင်ဆင် ချင်တဲ့ အချက်ကို (၁၀၉)ဦး ကော်မတီကို တင်ပြခဲ့ ပြီးပြီလေ။


အဲဒါကို လွှတ်တော်က ဆက်လက်ပြီး အကောင်အထည် ဖော်ပေးနေတာပဲ။ တစ်ခုတော့ရှိမှာပေါ့။ အခြေခံ ဥပဒေကတော့ ပြင်မှာပေါ့။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက် အခန်း(၁၂)အရ ပြည်ထောင်စု လွှတ်တော်ကပဲ ဒါကို ဆောင်ရွက်မှာကိုး။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်က ပြင်တဲ့ဟာကို ဒီမိုကရေစီမှာ အများဆန္ဒအရ ဆုံးဖြတ်တာကို အနည်းစုက လက်ခံရမှာ ဖြစ်သလို အနည်းစုရဲ့ ဆန္ဒကို လည်း အများစုက ထည့်သွင်း စဉ်းစားပေးရမှာပေါ့။ ဒီလို သဘောတွေနဲ့ပဲ ရှေ့ဆက်ပြီး လုပ်ရ မှာပေါ့။

ပြင်ဖို့ဆိုတာက အရင်တုန်းက အများကြီး ပြောပြီးတော့ အခု(၄၃၆) တစ်ခုတည်း ပြောလာတာကတော့ စိတ်ဝင်စားစရာ ကောင်းလာတာပေါ့။ တိုင်းပြည်ရဲ့ အခြေခံဥပဒေ ဆိုတာ လိုအပ်ရင် ပြင်ရမှာပဲပေါ့။ တိုင်းပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေ မူတည်ပြီး ပြင်ဆင်သင့်တာ ပေါ်လာရင် ပြင်ဆင်ရမှာပေါ့။ ကျွန်တော် ကိုယ်တိုင် လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အစည်းတွေ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စ ပေါ်တုန်းကလည်း အခြေခံဥပဒေကို ပြင်သင့်ကြောင်း လွှတ်တော်ထဲမှာ ကျွန်တော် စပြောခဲ့တာပဲ။ အဲဒီလိုပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေကို လူထုမဲနဲ့ ရွေးနိုင်ဖို့ ကိစ္စလည်း ကျွန်တော် လွှတ်တော်ထဲမှာ အခြေခံဥပဒေပြင်ဖို့ အတွက် မီးမောင်း ထိုးပြတာပဲ။

တစ်ခုပဲရှိတာပေါ့။ အခြေခံဥပဒေ ပြင်တယ် ဆိုတာက တိုင်းပြည် တစ်ခုလုံးရဲ့ လိုအပ်ချက်၊ ကျွန်တော်တို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး မူဘောင် အတွင်းက ဒါကို အလေးအနက် စဉ်းစားရမှာပေါ့။

(၅၉)(ဃ)နဲ့ (စ)က ပြောစရာ မလိုပါဘူး။ အားလုံး သိတဲ့အတိုင်း ဒီနေ့ အမျိုးဘာသာ သာသနာ တည်တံ့ဖို့ အတွက် ရဟန်း သံဃာတော်များ အပါအဝင် ပြည်သူလူထု လေးသန်းကျော်က လက်မှတ် ထိုးပြီးတော့ ဆန္ဒ ဖော်ထုတ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်ကို အမျိုးပျောက်မယ့် အရာမှန်သမျှ အနာဂတ်မှာ ကျွန်တော်တို့ လူမျိုးတည်တံ့ဖို့ နိုင်ငံတော် တည်တံ့ဖို့ အန္တရာယ်ရှိတဲ့ အချက်တွေကိုတော့ ကျွန်တော်တို့ အလေးအနက်ထား စဉ်းစားရမှာပေါ့။

ဒီပြဿနာတွေကို လွှတ်တော်မှာ တင်လာရင်လည်း အဲဒီအခါကျလို့ရှိရင် ကျွန်တော့် သဘောထားကို တိုင်းပြည်က မြင်တွေ့ရမှာပါ။ အခုအချိန်မှာတော့် ကျွန်တော် ကြိုမပြောချင်ဘူး။

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ခင်ဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့မှာလား



ခင်ဗျားတို့က ဒေါ်စုသမ္မတဖြစ်ဖို့တစ်ခုတည်းနဲ့ တိုင်းပြည်ရဲ့အနာဂါတ် သန်း၆၀ရဲ့ အနာဂါတ်ကို ချနင်းတော့ မှာလား....ခင်ဗျားတို့ကြောင့် ၈၈ မှာတိုင်းပြည်လည်း အလူးအလဲခံလိုက်ရပြီ.... ခင်ဗျားတို့ဘာသာ ပန်းချီဆွဲလိုက် စာရေးလိုက် ပြည်ပအလှူရှင်တွေဆီက ဖန်ထောင်စားလို့ ဘာမှ မပြောဘူး.....


ဂျော့စိုးရော့စ်ဆီက ဒေါ်လာတွေနဲ့ တသက်စား မကုန် တာလည်း ဘာမှမပြောဘူး... စာပေဟောပြောပွဲတ စ်ပွဲသိန်းနဲ့ချီမရရင် မလိုက်တာလည်း ဘာမှမပြောလိုဘူး....ပွင့်လင်း၈၈ အမည်ခံပြီး စာအုပ်ထုတ်လို့ စာအုပ်ရောင်းရငွေကို အခွန်မဆောင်တာလည်းဘာမှမပြောလိုဘူး.... ပြည်ပအလှူရှင် တွေဆီက အလှူငွေ တစ်ဝက်ကို ဘုမ်း တစ်ဝက်ကိုလှူပြီး အလှူလက်ဖတ်နဲ့ မျက်နာလုပ် အစိုးရ သောက်တင်း တုတ်တာလည်း ဘာမှမပြောလိုဘူး.....

အေး....

ဒါပေမဲ့ ၈၈ကလို လူထုအုံကြွမှုဖြစ်အောင်ဖန်တီးပြီး....တိုင်းပြည်ဖျက်မဲ့ ခင်ဗျားတို့ရဲ့ ပြည်ဖျက်planတွေကို အပြင်းအထန်ကန့်ကွက်တယ်.....ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလဟာ..... ဒီflowအတိုင်း ဆက်သွား ရင် ၂၀၁၆ မတ်လအလွန် မြန်မာ့နိုင်ငံရေးဟာ အလားအလာအကောင်းဆုံးပဲ....ကာချုပ်က ထိုင်းနဲ့စလုံးမှာ ဘယ်တော့မှနောက်ပြန် မဆုတ်ပါဘူးလို့ တရားဝင်ပြောခဲ့သလို....

ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူများရဲ့ သုံးသပ်ချက်အရ Back Fireဆိုတာဖြစ်မလာနိုင်ဘူး.ဒါပေမဲ့ ခင်ဗျားတို့၈၈ပူးတွေရဲ့ အခုလိုပေါက်လွတ်ပဲစား ပြောကြားချက်ကြောင့် မတော်တဆလူထုအုံကြွမှုဖြစ်ခဲ့ရင်.. ...Constotution အရ တပ်က၂နှစ်အာဏာ သိမ်းလိမ့်မယ်.......

အာဏာသိမ်းပြီး တပ်ကပဲဦးဆောင်ရွေးကောက်ပွဲလုပ်ပေး အကုန်တစ်ကပြန်စနေရလိမ့်မယ်.. တခြား မကြည့်နဲ့ အိမ်နီးချင်းထိုင်းကိုကြည့်ပါ...လူထုအုံကြွမှုတွေဖြစ် လူတွေသေ ဒဏ်ရာရ အကုန်ပျက်ဆီး စီးပွားရေး တွေပျက် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုတွေနောင့်နှေး...နောက်ဆုံး တပ်က အာဏာသိမ်း သွားနိုင်တယ်.....

ဒီလိုဆိုရင် ဒီမိုကရေစီပန်းတိုင်ဟာ လိုသလောက်ခရီးမပေါက်ပဲနေမယ်......နောက်တစ်ချက်က ယနေ့ ဒီမိုကရက်တိုက်ဇေးရှင်းကာလမှာ လူထုဟာ အစစအရာရာ မြင်သာထင်သာမှုတွေရှိနေ တာကြောင့်.. ...ခင်ဗျားတို့ပြောတိုင်းလိုက်လုပ်မယ် ထင်ကျသလား.... Constitution ပြင်ဖို့ လမ်းစတွေဒီလောက် ဖွင့်ပေးထားတာဟာ လက်ရှိအစိုးရက ရှဉ်းလည်းလျှောက်သာ ပျားလည်းဆွဲသာဖြစ်အောင် ဖန်တီးပေး ထားတာ...

ဒါကို လူထုတိုက်ပွဲ လမ်းပေါ်ထွက် ဘာညာလုပ်ရအောင်....မြန်မာနိုင်ငံက ဆီရီးယားလည်း မဟုတ်ဘူး လစ်ဗျားလည်းမဟုတ်ဘူး....တခြားနိုင်ငံတွေထက် ဒီမိုကရေစီကူးပြောင်းမှုမှာ ညင်သာလွန်းလို့ မြန်မာ့နွေဦးလို့တောင် သတ်မှတ်ထားတာ.....တစ်ခုပြောချင်တာက ယနေ့ခေတ်ဟာ ဗိုလ်ချုပ်တို့ လက်ထက် ကလို " ရ ရ မရရ ချ " တဲ့ခေတ်မဟုတ်ဘူး.....၁၉၈၈ကလို " ရရင် ရ မရရင်ချ "တဲ့ခေတ် မဟုတ်ဘူး..... ယနေ့ခေတ်ဟာ " ရလည်းမချ မရလည်းမချ "့ ခေတ်ဖြစ်တယ်.... .ပြုပြင်ပြောင်းလည်း မှုတွေလုပ်ဖို့ အစစအရာရာလမ်းကြောင်းတွေ ဖွင့်ပေးထားတယ်.....

Constitutionကို ပြင်ဖို့ လွတ်တော်မှာ လမ်းစဖွင့်ပေးထားတယ်.......ဒေါ်စုသမ္မတဖြစ်မှ ဒီမိုကရေစီ ရမှာမဟုတ်ဘူး...ဒီမိုကရေစီလမ်းကြောင်းဟာ သူ့flowနဲ့သူသွားလိမ့်မယ်.....သမ္မတဖြစ်မှလည်း အာဏာ ချုပ်ကိုင်နိုင် တာမဟုတ်ဘူးဒေါ်စုသမ္မတဖြစ်မှ နိုင်ငံဟာ နတ်ရေကန်ထဲပစ်ချလိုက်သလို တိုးတက်လာ မှာမဟုတ်ဘူး..... နိုင်ငံတိုးတက်ဖို့ အစစအရာရာ တဖြည်းဖြည်း Reformလုပ်ယူရမှာ.......

------------------------------------

၈ပူးတွေကိုပြောချင်တာကခင်ဗျားတို့စကားကြောင့်နိုင်ငံ ၈၈ ကလို အုံကြွမှုတွေဖြစ်ပြီး....အစစအရာရာ စုတ်ပျက်သက်သွားရင် သမိုင်း တကွေ့ပြန်လှည့်လာရင်....ခင်ဗျားတို့တစ်ဖွဲ့လုံးသမိုင်းတရားခံဖြစ်သွား လိမ့်မယ်.....

လူထု မောင်ကာဠု

ပျောက်ဆုံးနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးအား အသက်ရှင်လျက် ပြန် လည်တွေ့ရှိ၊ လက်နက်နှစ်လက်အနက် တစ်လက် သာ ပြန်လည်ရရှိ

မေ ၁၇ ရက် က ဖြစ်ပွားခဲ့သည့် မောင်တောနယ် စပ် မိုင်တိုင်(၅၂)တွင် လက်နက်ကိုင် သောင်း ကျန်း သူများ၏ တိုက်ခိုက် မှု ကြောင့် ပျောက် ဆုံးနေခဲ့သည့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အဆိုပါ နေ့ ညနေ ၅နာရီခန့်တွင် နယ်စပ် မိုင်တိုင်အမှတ်(၅၀)အနီးတွင် အသက် ရှင်လျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။


လက်နက်ကိုင်သောင်းကျန်းသူ ၆ဝခန့် ပုန်းခိုတိုက်ခိုက်မှုကြောင့် မြန်မာ နယ်စပ်လုံခြုံရေးမှ ဒုရဲအုပ်တစ်ဦး အပါ အဝင် တပ်သားလေးဦး ကျဆုံးခဲ့ပြီး ကျန်တပ်သားနှစ်ဦးမှာ လက်နက် နှစ် လက်နှင့်အတူ ပျောက် ဆုံးနေ ခဲ့ခြင်း ဖြစ် ကာ စစ်ကြောင်း(၂)မှ ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။ 

တပ်ဖွဲ့ဝင်နှစ်ဦး ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့သော် လည်း လက်နက်နှစ် လက်အနက် တစ် လက်သာ ပြန်လည်ရရှိခဲ့ကြောင်း၊ ကျန်လက်နက် တစ်လက် မှာ လက် နက်ကိုင်သောင်းကျန်းသူများ၏ လက် ထဲသို့ ပါသွားကြောင်း ၎င်းက ဆက် လက်ပြောသည်။ 

ဒဏ်ရာရရှိသွားသည့် ဒုရဲအုပ် မှာလည်း ညနေဘက် တွင် မောင် တောမြို့နယ်ပြည် သူ့ဆေးရုံ သို့ ရောက် ရှိလာခဲ့ပြီး အတွင်းလူနာ အဖြစ် ဆေး ကုသမှုခံယူလျက်ရှိကာ ဒဏ်ရာမှာ သက်သာနေပြီဖြစ်ကြောင်း ၊ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပုန်းခို တိုက်ခိုက်မှု ခံခဲ့ရသည့်အတွက် နယ် မြေရှင်းလင်းရေးများကို မြန်မာလုံ ခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ပြု လုပ် ခဲ့ပြီး လုံခြုံရေးကိုလည်း နယ် စပ်မိုင်တိုင်တစ်လျှောက် တိုးမြှင့်ချ ထားကြောင်း သိရသည်။ 

နယ်စပ်မိုင်တိုင်တစ်လျှောက် လက်နက်ကိုင်သောင်းကျန်း သူများ နှင့် မြန်မာ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ ဝင်များအကြား တိုက်ခိုက်မှု များ မကြာ ခဏ ဖြစ်ပွားနေသော် လည်း မောင်တောမြို့ပေါ် အခြေအနေမှာ တည်ငြိမ်အေးချမ်းေ နကြောင်း၊ နယ် စပ်ခြံစည်းရိုး ကာရံ သည့် တပ်မတော် စစ်အင်ဂျင်နီယာတပ်များ အနေဖြင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ယာယီရပ်နားထားရကြောင်း သိရ သည်။ 

NT [--Democracy today Daily Newspaper--]
Yangon Media Group

ဗိုလ်ချုပ် အောင်ဆန်း လုပ်ခဲ့သည့် ဥပဒေ



လာမည့် ၂ဝ၁၅ တွင် အများပြည်သူ မျှော်လင့်ထားသော ''သမ္မတ'' အဖြစ်၊ ပုဂ္ဂိုလ် ၃ ဦးရှိနေသည်။ နှစ်ဦးမှာ ပြဿနာတစ်စုံတစ်ရာမရှိချေ။ အများစု သဘောကျလျှင် အဆင်ပြေသွားမည်ဖြစ်သည်။ နောက်တစ်ဦးကား အခြေခံဥပဒေနှင့် ငြိနေသည်။ ပြင်ကြမည်ဟု အားခဲ နေကြသည်။ ထိုကိစ္စကို စဉ်းစား မိသောအခါ၊ ကျွန်မသည် ကာလတစ်ခုကို သတိရလိုက်မိပါသည်။


x x x x 

၁၉၉ဝ ပြည့်နှစ်။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်၏၊ ထိုကာလ၌ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှုးက နေအိမ် အကျယ်ချုပ် ကျနေသည်။ ပါတီဗဟိုအဖွဲ့ဝင်များ၊ တိုင်းစည်းရုံးရေးမှူး များ အားလုံး နီးပါး တစ်နေရာ၌ တာဝန်ယူ အရွေးခံ ကြရန်ဆုံးဖြတ်သည်။

ထိုနည်းတူစွာ အထွေထွေ အတွင်းရေးမှူးလည်း အရွေးခံမည်။ မဲဆန္ဒနယ်မှာ ၎င်းနေအိမ်ရှိသော ဗဟန်းမြို့ နယ် တည်း။ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကာလတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း အချင်းချင်း ''ကန့်ကွက်ပိုင်ခွင့်'' ရှိသည်။ ထိုအခါ ဗဟန်းမြို့နယ်အဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းကို ကန့်ကွက်သူ ပေါ်လာ၏။ ကန့်ကွက်မှုကား တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီမှ ဗဟန်းမြိ့နယ်၊ မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ''ဦးလဘန်ဂရောင်'' ဖြစ်၏။ အဖွဲ့ချုပ်နှင့် တစည တို့ကား အဓိကပြိုင်ဘက်များဖြစ်ရာ ဤကန့်ကွက်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်သူကို ဆန္ဒပြခြင်း၊ ဆဲရေးခြင်း၊ တံတွေးနှင့်ထွေးခြင်း စသဖြင့် တုန့်ပြန် ခဲ့ကြသည်။

ဦးလဘန်ဂရောင်သည် ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ် ထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များအနက် အသက် အငယ်ဆုံးဖြစ်သည်။ ကချင်ပြည်နယ် ကိုယ်စားပြုဖြစ်ပြီး သူ့ဇနီးမှာ ကျွန်မတို့ ရွှေကူမြို့၊ ကျွန်မနှင့် တစ်ရပ်ကွက်တည်းမှဖြစ်ရာ ကျွန်မတို့ အမြဲဂုဏ်ယူ ခဲ့ရသူဖြစ်ပါသည်။ ကျွန်မတို့က သူ့ခယ်မများနှင့် ကျောင်းနေဘက်ဖြစ်ပြီး သူ့ ခယ်မများ က သူ့ကို ''ကိုကြီး လဘန်'' ဟု ခေါ်ကြ၏။ ကျွန်မတို့က ''အန်ကယ် လဘန်'' ဟု ခေါ်ကြသည်။ ရန်ကုန်ရောက် ကချင်ပြည်နယ်အသင်းတွင် လှုပ်ရှားမှု များ အတူ ပြုလုပ်ကြသဖြင့် ပို၍ရင်းနှီးနေသည်။ ကျွန်မက သူ့ကို ကလေး တစ်ယောက် အနေဖြင့် ဆက်ဆံပြီး သူကလည်း ကျွန်မကို ဆုံးမပြောဆိုလေ့ရှိသည်။

ယခု... နိုင်ငံရေးကိစ္စတွင် ကျွန်မတို့အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး အား ကျွန်မ ချစ်ခင် လေးစားသော ဦးလေးတစ်ယောက်က ကန့်ကွက်ခြင်းအတွက် ကျွန်မ တစ်မျိုးခံစားရ၏။ သူများတွေကို ''မုန်းတီး'' ခြင်းမဟုတ်ပါ။ ဒီကိစ္စကို အန်ကယ်လဘန် ဘာဖြစ်လို့လုပ်တာလဲ? အန်ကယ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်လား? ပါတီက ခိုင်းတာလား? ပင်လုံညီလာခံ ကိုယ်စားလှယ်ကို အသုံးချတာလား? ဒါတွေသိချင်နေခဲ့သည်။ သွားမေးဖို့တော့ မတွေးပါ။ ဖုန်းဆက်ဖို့လည်း ယခုခေတ်လို လက်လှမ်းမမီသေး။

ဤသို့ဖြစ်နေဆဲ....

ကျွန်မက ကိုယ့်ကိစ္စနှင့်ကိုယ် အနော်ရထားလမ်းမကြီးကို ဖြတ်ကူးနေသည်။ ၃၃ လမ်းထဲ လေထန်ကုန်း ဘက် သွားရန်ဖြစ်၏။ဤတွင် ကျွန်မနှင့် မလှမ်းမကမ်းမှာ အရပ်မြင့်မြင့်၊ အသားဖြုဖြူ၊ ကိုလုံးထွားထွား၊ နိုင်ငံခြားသား တစ်ယောက် မြန်မာ ဝတ်စုံဝတ်ထား သကဲ့သို့ထင်ရသော လူတစ်ဦးကလည်း မျက်နှာချင်းဆိုင်မှ ဖြတ်ကူးသည်။ သူ့ကို ကျွန်မမှတ်မိ၏။ သူကလည်း ကျွန်မကိုမှတ်မိ၏။ လမ်းလယ်ခေါင်ကြီးမှာပင် သူ ကျွန်မဆီ ကပ်လာပြီး အော်ခေါ်သည်။

''အန်တီ မေနှင်း'' တဲ့။
''ဟယ် .. အယ်ဒီ .. ပါလား''
ကျွန်မလည်း ပြန်နှုတ်ဆက်လိုက်သည်။ ကျွန်မတို့ချင်း ဝေးနေချိန် ဘယ်လောက်ကြာကြာ၊ အိမ်နီးချင်းတွေမို့ မှတ်မိကြခြင်းပါ။ သူကား... အန်ကယ် လဘန်၏ တစ်ဦးတည်းသော သားဖြစ်၏။

အယ်ဒီက ကျွန်မလက်မောင်းကိုတွဲပြီး လမ်းဘေး ပလက်ဖောင်းဆီ ခေါ်သွားရင်း ''ဒက်ဒီ အတော် နေမကောင်း ဖြစ်နေတယ်'' ဟု ဆိုသည်။ သူ့တို့နေအိမ်က ၃၅ လမ်း (၃၆ - လား မမှတ်မိ)၊ အစိုးရ တိုက်ခန်းမှာဖြစ်ရာ ယခု ကျွန်မတို့ ရပ်နေသော ၃၃ လမ်းထိပ် နှင့် မဝေးတော့ချေ။ ''လိုက်မယ်၊ လိုက်မယ်၊ အန်တီ့မှာ အန်ကယ် လဘန်ကို မေးစရာရှိလို့ '' ၊ သူ့ကိုဖွင့်မပြောသော စကားတစ်ခုက '' မသေခင် မေးမှ '' ဟူ၍ ဖြစ်ပါသည်။

ဤသို့ဖြင့် အယ်ဒီလေးနှင့် ကျွန်မ တွဲပြီး စကားတပြောပြောနှင့် လမ်းထဲဝင်ခဲ့ကြသည်။ သူတို့ တိုက်ခန်းသို့ တက်ခဲ့ကြသည်။

(ဤမြင်ကွင်းကား သာမန်မဟုတ်ပေ။ တစ်ယောက်က ဖြူဖြူ ထောင်ထောင် မောင်းမောင်း၊ နိုင်ငံခြား သားရုပ်ပုံ၊ တစ်ယောက်က ပိန်ပိန်သွယ်သွယ် မြန်မာအမျိုးသမီး၊ မြင်ကွင်းမှာ ထင်းနေပုံ ရ၏။ ထို့ကြောင့်ပင် ထိုတိုက်ခန်း၏ မျက်နှာချင်းဆိုင်မှ အဖွဲ့ချုပ်၏ သစ္စာရှိသော ကျောက်တံတားမြို့နယ် တာဝန်ခံက တိုက်တိုက် ဆိုင်ဆိုင် မြင်သွားခဲ့ပြီး ဤအမျိုးသမီးကား တစည နှင့် ပေါင်းနေပြီ၊ လျှို့ဝှက်အစည်းအဝေး လုပ်သည်ဟု ယူဆကာ ပြန်ဆင်းချိန်ကိုစောင့်ကြည့်မှတ်သားလျက် နောက်နေ့တွင် အဖွဲ့ချုပ် လက်ဖက်ရည်ဆိုင်၌ ရွှေပေလွှာကြဲခဲ့ပေသည်။

ထိုစာကို အဟုတ်မှတ်ကာ ကျွန်မအား ကျဉ်ရှောင်သူများရှိခဲ့၏။ တရားကျစရာ ကောင်းပါဘိ။) ကျွန်မခင်မျာ ကား ဒါတွေကိုမသိရှာပါ။ အန်ကယ် လဘန် မသေခင် ဒီကိစ္စ မေးရမယ်ဟု ဇောနှင့်သွားခဲ့ခြင်းပါ။

အန်ကယ့်ကို ဧည့်ခန်းမှာပင် ပက်လက်ကုလားထိုင်၌ သက်သက်သာသာ ထိုင်နေသည်ကို တွေ့ရ၏။ ကျွန်မက အန်ကယ့်ဘေး ကြမ်းပြင်၌ ထိုင်ချရင်း ''အန်ကယ်နေသာရဲ့လား'' တစ်ခွန်းပဲမေးပြီး သိချင်တာ မေးချလိုက်သည်။

''အန်ကယ် ဒေါ်စုကိုကန့်ကွက်တာ အန်ကယ့်ဘာသာ ကန့်ကွက်တာလား၊ ပါတီက ခိုင်းတာလား။''

ဤတွင် အဘိုးကြီးဖြစ်နေပြီဖြစ်သော အန်ကယ် လဘန်ဂရောင်၏ ဖြူသောမျက်နှာက ဒေါသဖြင့် နီရဲလာကာ၊ ကုလားထိုင်လက်တန်းကို သူ့လက်ဝါးဖြင့် ပုတ်ချလိုက်၏။

''ငါ့ကို ဘယ်သူက ခိုင်းလို့ရမှာလဲကွ၊ ငါက ဘယ်သူခိုင်းတာကို လုပ်ရမှာလဲ'' ဟု အော်လေသည်။

ကျွန်မလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း..

''ဟုတ်ကဲ့ အန်ကယ်လ်... မိစံမေက အဲဒါသိချင်တာပါ '' (သူက ကျွန်မကို မိစံမေ ဟု ခေါ်လေ့ ရှိသည်။)

နို့... ဘာဖြစ်လို့ အန်ကယ်က ကန့်ကွက်တာလဲ၊

''ဟ.. ငါက ဗဟန်းကိုယ်စားလှယ်လောင်းလေ၊ သူက ဗဟန်းမှာ လာပြိုင်တော့ ငါက ကန့်ကွက် တာပေါ့၊ သူ့ဟာသူ တစ်ခြားမြို့နယ်မှာပြိုင်ရင် ငါနဲ့မဆိုင်ဘူး။ ''

''ဟုတ်ကဲ့ပါ။ ဒါနဲ့ .. ဒီ .. ဒီပေါ့လေ .. ကိုယ်စားလှယ်ဟာ နိုင်ငံခြားသားနဲ့ မပတ်သက်ရဘူး ဆိုတာ .. ဒါက...''

ကျွန်မခမျာ.. သူ့ကို ငယ်ကြောက်မို့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်ရ၏။ သူက ရေနွေးကြမ်းတစ်ငုံ မော့သည်။ ဘေးမှ ခပ်လန့်လန့်ဖြစ်နေရှာသော အယ်ဒီ က ''အန်တီ အပူသောက်မလား၊ အအေးလား'' ဟု တိုးတိုးမေးသည်။ ကျွန်မက ဘာဖြစ်ဖြစ်ဟု အမူအရာဖြင့်သာ ပြမိ၏။

''အဲဒါ.. သူ့အဖေ လုပ်ခဲ့တဲ့ ဥပဒေ ပဲလေ...''

အန်ကယ့်အသံ နည်းနည်းပျော့လာသည်။

''ဥပဒေ .. အခန်း(xxx)၊ အပိုဒ်(xxx)မှာ ပါတယ်။ နင့်မှာမရှိရင် စာကြည့်တိုက်မှာ သွားရှာဖတ်''

ကျွန်မ ခပ်ကြောက်ကြောက်နှင့် ခေါင်းညိတ်ပြရ၏။ သူပြောသော အခန်းနှင့် အပိုဒ်များကို မမှတ်မိ နိုင်ပေ။ သူကမူ အလွတ်ရွတ်ပြနေသည်။

''ဒီလိုဖြစ်တာကွ ၊ အေး ... အဲဒါ သောက်လိုက်ဦး ''

အက်ဒီ ယူလာသော စပါကလင်ကို မေးငေါ့ပြီးပြောသည်။ ကျွန်မ လှမ်းယူသောက်ရ၏။

''၁၉၄၇... အခြေခံဥပဒေဆွဲဖို့ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်တွေ ရွေးချယ်ရတယ်။ ဥပဒေဆွဲတဲ့ ညီလာခံလုပ်တယ်။ အမြန်လုပ်ရတာဆိုတော့ ၃ လပဲ အချိန်ယူခဲ့တယ်။''

''ဟုတ်ကဲ့ .. အဲဒါ သိပါတယ်။''

''အေး... မိစံမေ နင်မှတ်ထား၊ အဲဒီအစည်းအဝေးလုပ်တဲ့အချိန်က ဗမာပြည်မှာ ဝံသာနုစိတ်ဓာတ် ခေတ်စားနေတဲ့အချိန်၊ ကျွန်ဘဝပဲ ရှိသေးတဲ့အချိန်၊ အားလုံးဟာ ဝံသာနုစိတ်ဓာတ် ရှိရမယ်လို့ နှိုးဆော်နေတာ'' ''ဟုတ်ကဲ့ပါ.. အန်ကယ်လ် ''

''အဲဒါ အစည်းအဝေးလုပ်တော့.. နေ့လယ်ပိုင်း ခဏနားတယ်၊ ထမင်းစားချိန်ပေါ့၊ အဲတော့ အမတ်တွေလည်း စားသောက်ပြီး အခန်းထဲပြန်လာ၊ အစည်းအဝေးမစခင် ဟိုဟာ ဒီဟာ ပြောကြတာပေါ့၊ အဲဒီမှာ ဘာပြောကြလဲဆိုတော့.. နောက်တီးနောက်တောက်လူက '' ကျုပ်တို့တော့ ဝံသာမနုနိုင်ဘူး၊ ဝမ်းစာပဲ လုရမယ်'' လို့ ပြောတာ။ အဲဒါကို အခန်းထဲပြန်ဝင်လာတဲ့ ဗိုလ်ချုပ် အောင်ဆန်းက ကြားသွားတာ။ ကြားလည်းကြားရော... ဘာပြောကောင်းမလဲ၊ သူ့လူတွေကို ဆဲတော့တာ။''

''ဘယ်သူလဲကွ ဝမ်းစာလုချင်တာ။''

''အေး ... ဝမ်းစာတော့မရဘူး၊ လီး စာပဲရမယ်'' တဲ့။

ကျွန်မ ကြက်သီးထသွားပါသည်။

ဟုတ်ပါလိမ့်မည်။ ဗိုလ်ချုပ်သည် တိုင်းပြည်အပေါ် ကရုဏာဒေါသောနှင့် ပြောရှာတာ ဖြစ်ပါမည်။

''အဲဒါနဲ့ ဒါလောက်ဝံသာနု မဖြစ်ချင်ကြတဲ့လူတွေ၊ ကိုယ့်အမျိုး မစောင့်ချင်တဲ့ လူတွေ၊ အမတ်လောင်း အရည်အချင်း ထဲမှာ ထည့်လိုက်၊ နိုင်ငံခြားသားနှင့် လုံးဝမပတ်သက်ရ၊ နိုင်ငံခြားအထောက်အပံ့ မယူရလို့။''

x x xx x xx x xx x xx x xx x xx x xx x xx x xx x xx x x

အန်ကယ်လ် လဘန်ဂရောင် ကွယ်လွန်ခဲ့တာပင်ကြာခဲ့ပြီ။ ကျွန်မမျက်စိထဲတွင် ဒေါသတကြီးဖြစ်နေသော၊ မျက်နှာတွေနီရဲနေသော၊ ကချင်အမျိုးသား စစ်စစ်၊ မျိုးချစ်ပုဂ္ဂိုလ်၊ ပင်လုံကိုယ် စားလှယ်တော်ကြီး၏ ရုပ်ပုံလွှာကား ပျပျထင်နေဆဲပါ။

''သူ့အဖေ လုပ်ခဲ့တဲ့ ဥပဒေပဲလေ။'' ဟူသော အသံကြီးကလည်း ''ဟိန်း'' နေဆဲပါ ။

ရွှေကူမေနှင်း

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။


လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမှုက ကြန့်ကြာနေတယ်လို့တော့ ပြောလို့ မရဘူး။ သာမန်အရပ်သား မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေမှာ ခွင့်ပြုချက် တောင်းရတာတွေ ရှိတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေအရ လုပ်ဆောင်နေရလို့ ကြန့်ကြာနေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က လေအေးပေးစက်၏ မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ ယင်းမီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းများအရ သိရှိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အောင်မြေသာစံမြို့နယ် ရဲမှူးကိုကိုက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။

The Voice

ကျွန်မ ဖေဖေ တည်ထောင် ခဲ့တဲ့ တပ်မတော် " ဆိုတဲ့စကားတစ်လုံးနဲ့ တပ်ကို စည်းရုံးလို့ရပါ့မလား

ဖေဖေ တည် ထောင်ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံး အထပ်ထပ် သုံးပြီး ဖေဖေ့ အမွေ ကို မိမိပဲ ရသင့် သလို ပြောနေတာ၊ မရလို့ မစားရတဲ့ အမဲ သဲနဲ့ ပက် ဆိုသလို မျိုး ဟိုလို လုပ်သင့်တာ ဒီလို လုပ်သင့်တာ ဆိုတဲ့ တဘက်သား စိတ်နှလုံး ထိခိုက်ဖွယ် အပြောတွေ နဲ့ ပြော နေလို့ ကတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေတာပါ ဆိုတဲ့ စကား က အပြောနဲ့ အလုပ် မညီ ပါဘူး။ နိုင်ငံ တကာနဲ့ နှိုင်းယှဉ်ရင် သမားရိုးကျ တပ်မတော် အဆင့်မှာပဲ ကျန်နေခဲ့သေးတဲ့ လက်ရှိ မြန်မာ့ တပ်မတော် ကို နိုင်ငံတကာ အဆင့်မီ ခေတ်မှီ တပ်မတော် တရပ် ဖြစ်အောင် ၀ိုင်ဝန်း ကြိုးစား မပေးပဲ နိုင်ငံတကာ မှာ အထီးကျန် ဖြစ် စေဘို့ အင်တိုက် အားတိုက် ကြိုးစား နေတာ၊ ပြောဆို နေ တာတွေ ကလည်း တပ်မတော်ကို မိမိ ဘက် ပါအောင် စည်းရုံး တာပါ ဆိုတဲ့ အပြော နဲ့ အလုပ် က ဆန့်ကျင် ဘက်ပါ။


NLD အနေနဲ့ အပြုတ်တိုက် အပြတ်ဖြတ်ရေး လမ်းစဉ်ကို စွန့်လွှတ်ပြီး ရန်သူလို သဘော မထားပဲ အခြား ပါတီများနှင့် နိုင်ငံရေး အင်အားစုများ၊ စစ်တပ် ကိုယ်စားလှယ်များ သည် လည်း မြန်မာနိုင်ငံ အကျိုးကို လိုလားတဲ့ မြန်မာ နိုင်ငံသားတွေ ဆိုတာ အသိ အမှတ် ပြု ၍ မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရန် မစည်းရုံး နိုင်ဘူးလား။ လွှတ်တော်မှာ တိုက်ရိုက် ထိတွေ့ဆက်ဆံနေ ရတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေ ကိုတောင် အပြန်အလှန် နားလည်မှု ရအောင် မစည်းရုံး နိုင်ရင် တပ်မတော် တခုလုံးကို ဘယ်လို စည်းရုံး မှာလဲ။ လက်တွေ့မှာ မြန်မာ့ တပ်မတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်း အပြု သဘော စိတ်ထား ကိုတောင် မပြ နိုင်သေး ပဲနဲ့ ကျွန်မ ဖေဖေ တည်ထောင် ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကား လုံးလောက် နဲ့တော့ တပ်ကို အလုံးစုံ စည်းရုံး၍ ရနိုင်မည် မထင်ပါ။

စစ်သားတွေ ထဲမှာ တိုင်းပြည်အတွက် အမှန် ပေးဆပ်ခဲ့ ရသူတွေ အများကြီး ရှိတယ် ဆိုတာ ကျွန်တော်တို့ လက်ခံကို လက်ခံရမယ့် အမှန် တရားပါ။ ကျွန်တော်တို့က (စစ်) အာဏာရှင် စနစ် ကိုပဲ မုန်းတာပါ။ အာဏာရှင် စနစ် (အားလုံး) ကို ဆန့်ကျင် ခဲ့ကြ တာပါ။ စစ်သားတွေကို မမုန်းပါဘူး။ ပုထုဇာဉ် သဘာဝ အရ နိုင်ငံရေး သမားပဲ ဖြစ်ဖြစ် စစ်သားပဲ ဖြစ်ဖြစ် အခွင့်အရေး ရရင် ယူချင် တတ်ကြတယ် ဆိုပေမယ့် လွှတ်တော် မှာ ထိုင်နေတဲ့ ၂၅% ထဲက တယောက် မှ သုံးလို့ မရဘူး။ အခွင့်အရေး သမားတွေ၊ နိုင်ငံ့ မျက်နှာ ကြည့်မှာ မဟုတ်ဘူး ဆိုတဲ့ အယူအဆကို လက် မခံပါ။ အာဏာရှင် စနစ် မြန်မာ နိုင်ငံမှာ နောက်ထပ် မပေါ်ပေါက် စေဘို့ စစ်တပ်နဲ့ လက်တွဲ သင့်ရင် လက်တွဲ ရမှာပါ။

လက်ရှိ အခြေအနေ မှန်ကို ကြည့်ရင် ဒီမိုကရေစီလမ်းကြောင်းပေါ် တက်ခွင့် ရနိုင်သည့် တိုက်ဆိုင် လာသော အကြောင်း တရားများ အပေါ်တွင် NLD အနေနဲ့ တကြိမ် တခါမှ မှန်မှန် ကန်ကန် ဗျူဟာချမှတ်ပြီး အခွင့်အရေး ရအောင် မဆောင်ရွက် နိုင်ခဲ့ ပါဘူး။ ဘာ တခု မှ အောင်မြင် မှု မတွေ့ ရ သလို ဘာတခု မှလည်း အလုပ် မဖြစ် ခဲ့ပါဘူး။ ကြံဖန် ချီကျူးး မယ် ဆိုရင်တော့ နွားရူး ဆူးတိုး လုပ်ရဲတယ် ဆိုတာ လောက်ပါပဲ။ အမြဲတမ်း နောက်ဆုံး ရလာပ်က ဇီးရိုးနဲ့ အဆုံးသတ် တာချည်း ပါပဲ။ စစ် အာဏာရှင် တောချောက်တဲ့ တဘက်ပိ တ် ထောင်ချောက် ထဲ ပြည်သူ ကို ဦးဆောင် ခေါ်သွား တာ ချည်းပါပဲ။ လက်ရှိ အခြေ အနေ မှာတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ အရပ်သား (အများစု) နိုင်ငံရေး ပါတီတွေ အနိုင်ရဘို့ အလားအလာ ကောင်းပြီး အရပ်သား အစိုးရ အုပ်ချုပ်ရေး ကို ပြည်သူတွေ လက်တွေ့ ရရှိ ခံစား ရနိုင် ပါတယ်။

ဒါပေမယ့် အရပ်သား နိုင်ငံရေး ပါတီများ အနေနဲ့ (အထူးသဖြင့် NLD အနေနဲ့) ၂၀၁၅ ရွေးကောက် ပွဲနှင့် ၂၀၁၆ ချောမွေ့ ငြင်သာစွာ အာဏာ လွဲပြောင်း လက်ခံရေး အပေါ် ထည့် သွင်း စဉ်းစား ပြီး မှန်ကန်စွာ လှုပ်ရှား ဆောင်ရွက် မှသာ အရပ်သား အစိုးရ အနေ နှင့် အောင်အောင် မြင်မြင် အာဏာ လွှဲပြောင်း လက်ခံ ရယူ နိုင်မည့် အခြေ အနေ ရှိ ပါတယ်။ အဲဒီ အခါ မှသာ ခေတ်မှီ မြန်မာ့ တပ်မတော် ဖြစ်ရေး လက်တွေ့ စွမ်းဆောင် ပြပြီး တပ်မတော်နဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်မှာပါ။ ဒီမိုကရေစီ စနစ် ဆိုတာ အာဏာရှင် စနစ် လိုတော့ အားလုံး တညီ တညွတ် ထဲ တသံထဲ မထွက် နိုင်ပါဘူး။ သဘောထားတွေ ဘယ်လိုပဲ ကွဲပြား ကွဲပြား၊ ဆန္ဒတွေ အမြင် တွေ ဘယ်လိုပဲ မတူ၊ မတူ ဒီမိုကရေစီ စံနှုန်း တွေ၊ ဒီမိုကရေစီ ကျင့်စဉ်တွေ နဲ့ အညီ လွှတ်တော် တွင် နောက်ဆုံး အတည်ပြု ဆုံးဖြတ်သော နည်းလမ်းကို ပင်မ နည်းလမ်း အဖြစ် သုံးစွဲ မှသာ ဒီမိုကရေစီ စနစ်က နေ သွေဖယ် တိမ်းချော် သွားဖွယ် မရှိဘူးလို့ ယုံကြည် ပါတယ်။

Moe Hein Kyaw

Royal Hero Media

လမ်းပေါ်လူတွေပို့ ၊ တပ်ကို ထိပ်တိုက်တွေ့တာ အလုပ်ဖြစ်ပါ့မလား?



၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆ ) ပြင်ဆင်ရေး အတွက် လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်းနဲ့၊ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွေမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ NLD က ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ က ကိုမင်းကိုနိုင်တို့ ပြောသွားခဲ့တဲ့ စကားတွေကြောင့် ၈၈၈၈ လို အဖြစ်ပျက်မျိုး တစ်ကျော့ပြန်လည် လာလေမလား။ စစ်တပ်က အာဏာသိမ်းမှု ပြန်ဖြစ် လာမလား။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော် ကို စိန်ခေါ်မှုက ဘာတွေ အကျိုးသက်ရောက် လာနိုင်မလဲ ဆိုတာကို ဆွေးနွေး သွားမှာ ဖြစ်ပါ တယ်။


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲကို စ၀င်လာကတည်းက အခြေခံဥပဒေ ပြင်မယ်လို့ ကြွေးကြော်ပြီး ၀င်လာခဲ့တာ အားလုံးအသိပါ။ သူကြွေးကြော်ခဲ့သလိုပဲ အခြေခံဥပဒေပြင်ရေးကို တစိုက်မတ်မတ် ကြိုးစားလာခဲ့ပါတယ်။ ဘာတွေကို ပြင်ဖို့ ကြိုးစားခဲ့သလဲဆိုတာ ပြန်ကြည့်ရင်အဓိက ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ဆိုတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၅၉(စ) ကိုပြင်ဖို့ မလွယ်မှန်း သိတော့ ပုဒ်မ ၄၃၆ ကို ဘက်ပြောင်းသွားခဲ့ပါတယ်။

ပုဒ်မ ၄၃၆ ကို ပြင်နိုင်ရင် ၅၉(စ) ကို လည်း ပြင်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေးမိခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ၅၉ (စ)ကိုပြင်ဖို့ လုပ်တဲ့ နေရာမှာ အမျိုးသားရေးစံ သမားတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေမှုကိုလည်း အနည်းငယ် လမ်းလွှဲလိုတဲ့ အတွက် ၄၃၆ ဘက်ကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

အခုဆို ပုဒ်မ ၄၃၆ ကို ပြင်ပေးဖို့ အတွက် လူထုဟောပြောပွဲလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်အပေါ် စိန်ခေါ်တဲ့ မိန့်ခွန်းတွေ ပြောခဲ့တာ ကိုမင်းကိုနိုင်က လူတွေကို လမ်းပေါ် ပြည့်အောင် လုပ်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာတွေဟာ နိုင်ငံရေးကို ချဉ်းကပ်တဲ့ နေရာမှာ မပါးနပ်ဘူးလို့ ဆိုရမှာပါ။ တစ်နည်းအားဖြင့် လူထုအားနဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်အပေါ် ၄၃၆ ကိုပြင်ပေးရင် ပြင်ပေး။ မပြင်ပေးရင် ထိပ်တိုက်တွေ့ဆုံတော့မယ်လို့ ခြိမ်းခြောက်လိုက်တာပါပဲ။ ဒါပေမဲ့ ဒီနည်းလမ်းဟာ ယနေ့ခေတ် ယနေ့ အချိန်အခါနဲ့ အလုပ်ဖြစ်ပါ့မလား ဆိုတာ သေချာစဉ်းစားဖို့ လိုပါတယ်။ လူတွေလမ်းပေါ်ထွက်လာမှာကို လက်ရှိအစိုးရ အနေနဲ့ မလိုလားဘူး ဆိုတာ သမ္မတဦးသိန်းစိန်ပြောခဲ့တဲ့ စကားတွေမှာ ပေါ်လွင်နေပါတယ်။ အခြေခံဥပဒေကို ပြင်ပါ။ သို့သော် လွှတ်တော်ထဲကပဲ ပြင်ပါလို့ သမ္မတက ပြောခဲ့ပါတယ်။ ပြင်ဖို့ အတွက်လည်း လွှတ်တော်ထဲမှာ ကော်မတီတွေဖွဲ့ပြီး လုပ်ဆောင် ခဲ့ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် လက်ရှိအစိုးရဘက်က အခြေခံဥပဒေကို ပြင်ဖို့ လွှတ်တော် တွင်းက ပဲ ဆောင်ရွက်စေချင်တာကို မြင်ရပါလိမ့်မယ်။

တကယ်လို့ လူတွေ လမ်းပေါ်တက်အောင်လုပ်ပြီး အခြေခံဥပဒေကို ရပ်ဆိုင်းအောင်လုပ်မယ်ဆိုဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ကျွန်တော်တို့ ၈၈ ကိုပြန်ကြည့်ရပါ့မယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းမှာ ၈၈၈၈ လေးလုံးဆန္ဒပြပွဲကြီးက အကြီးကျယ်ဆုံး လူထု တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ၈၈ ကနေဘာတွေရလိုက်သလဲ။ အပြစ်မဲ့ ပြည်သူတွေရဲ့ သွေးတွေ။ ဖြူစင်တဲ့ ကျောင်းသားလေးတွေရဲ့ သွေးတွေမြို့ထဲ လမ်းမပေါ်တွေမှာ ရဲရဲတောက်ကျန်ခဲ့တာပဲ ရှိခဲ့ပါတယ်။ ခေါင်းဆောင်တွေ ထောင်ကျ။ ထွက်ပြေးသူက ပြေးနဲ့ နောက်ဆုံးလိုချင်တာမရဘဲ တိုင်းပြည်က နှစ် နှစ်ဆယ်လောက် ဒီမိုကရေစီနဲ့ ဝေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း စက်သုံးဆီတွေ ဈေးတက်မှုကနေ အစပြုခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးဟာလည်း ပေးဆပ်မှုတွေများခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး။ ဒီကနေ့ အရပ်သားအစိုးရနဲ့ ဒီမိုကရေစီ အခင်းအကျင်းဟာ ၈ လေးလုံး ရဲ့ အသီးအပွင့်လို့မှတ်ယူလိုက်ရင် မှားပါလိမ့်မယ်။ ၈ လေးလုံးဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာတဲ့ အချိန်မှ ယနေ့လို နိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက်လာတာဟာ ၈ လေးလုံးကြောင့် ဟုတ်ပါ့မလား။ ဒါမှမဟုတ် အာဏာရှိသူတွေရဲ့နိုင်ငံရေး အပြောင်းအလဲ တစ်ခုလားဆိုတာ သေချာပြန်စဉ်းစားဖို့ လိုပါတယ်။ အာဏာရှိခဲ့သူတွေဘက်ကဆန္ဒသာ မရှိရင် ယနေ့နိုင်ငံရေးအခင်းအကျင်းမှာ ၈ လေးလုံးက ဒီမိုကရေစီ သူရဲကောင်းတွေပါလာစရာ အကြောင်းမရှိပါဘူး။ လူထုနည်းနဲ့ ဒီမိုကရေစီအတွက်တိုက်ခဲ့ပြီးပါပြီ။

ဒါပေမဲ့ ဒါက အလုပ်မဖြစ်ခဲ့ဘူးဆိုတာ ပညာတတ်လာတဲ့ ပြည်သူတွေ နားလည်လာကြပါပြီ။ လူထု တိုက်ပွဲဆိုတာ အရင်းအနှီးကြီးပါတယ်။ ကိုယ်အာဏာရဖို့ အတွက် လူထုကို အသုံးချမယ်လို့ စဉ်းစားခဲ့ရင် ဒါဟာ နိုင်ငံအပေါ် စေတနာမရှိသူတို့ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။ ၈လေးလုံးကို ကြုံခဲ့ဖူးတဲ့ ပြည်သူတွေဟာဒုတိယမြောက် ၈ လေးလုံးကို ပြန်မဖြစ်ချင်ကြတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ သူ့ ဖခင်အနေနဲ့တပ်မတော်အပေါ် ဘယ်လောက်သံယောဇဉ် ကြီးလဲဆိုတာ သမီးတစ်ယောက် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကောင်းကောင်းသိမှာပါ။ ဒီလိုပဲ တပ်မတော်သားတွေရဲ့ ဘ၀ကိုလည်း ကောင်းကောင်းသိမယ်လို့ ထင်ပါတယ်။လူထုဟောပြောပွဲမှာ တပ်မတော်က အခွင့်ထူးခံသဘောမျိုး ပြောပြီး တပ်ကို စိန်ခေါ်ခဲ့တာဟာ ခုချိန်မှာရွေးရမဲ့ လမ်းလို့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဘာကြောင့်ထင်သွားရတာပါလဲ။ 

တပ်ဟာ အရပ်သားအစိုးရ လက်ထဲကို အာဏာထည့်ပြီး အုပ်ချုပ်သူ လူတန်းစားတစ်ရပ်ကနေ အာဏာကို စွန့်လွှတ်ဖို့ကြိုးစားနေတာ နိုင်ငံရေး ရင့်သန်သူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သိမှာပါ။ ဒါပေမဲ့ ဘာလို့ အခြေခံဥပဒေ ပြင်ရေးနဲ့ ပတ်သက်ပြီး တပ်ကို စိန်ခေါ်ခဲ့သလဲဆိုတာ သုံးသပ်ရရင်အဓိက က အချိန်ပါ။ အသက်အရွယ်အရ သမ္မတဖြစ်ချင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၅ သမ္မတဖြစ်မှ ဖြစ်ပါလိမ့်မယ်။ ၂၀၁၅ အလွန်မှာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်လဲ လောကြီးစွာနဲ့ ၄၃၆ ကိုပြင်ဖို့ကို တပ်နဲ့ ထိပ်တိုက်တွေ့ပြီး ဖိအားပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ထိပ်တိုက်တွေ့လို့ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲက သက်သေပါပဲ။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့လည်းအငြိုးကြီးပြီး သဘောထားမကြီးခဲ့မှုကြောင့် အာဏာမရခဲ့တဲ့ အပြင် နှစ် ၂၀ လောက် တိုင်းပြည်ပါ နစ်နာခဲ့ရပါတယ်။ ဒါဟာ တပ်ကို ထိပ်တိုက်တွေ့ခဲ့မှုအတွက် ခံစားလိုက်ရတာပါပဲ။ တပ်အနေနဲ့ အာဏာ ပြန်သိမ်းလာမလားဆိုတဲ့ မေးခွန်းကတော့ သိပ်မဖြစ်နိုင်ပါဘူး။

နှစ် ၂၀ ကျော် နိုင်ငံတကာရဲ့ ဖိအားဒဏ်ကို တုန့်ပြန်ပြီး အုပ်ချုပ်လာတဲ့ တပ်က ပင်ပန်းနေပါလိမ့်မယ်။ ဒါကြောင့်လည်း မြန်မာ့နိုင်ငံရေးကနေ ဆုတ်ခွာတော့မယ်လို့ ယတိပြတ်ဆုံးဖြတ်ပြီး ယနေ့လို အခင်းအကျင်းတစ်ခု ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီနေရာမှာပြောစရာရှိတာက တပ်အနေနဲ့ ဆုတ်ခွာတဲ့ နေရာမှာ စနစ်တကျနဲ့ ဖြေးဖြေးချင်း ဆုတ်ခွာနေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသက်အရွယ်အရရော၊ နိုင်ငံတကာက ပံ့ပိုးပေးနေတဲ့ ဖိအားဒဏ်တွေကြောင့်တပ်ရဲ့ ဆုတ်ခွာမှု နှေးကွေးနေတာကို စိတ်မရှည်နိုင်တာ ဖြစ်ပါတယ်။ ပြောရရင် ယနေ့နိုင်ငံရေး အခင်းအကျင်းကို တပ်ကနေ စီမံခဲ့ပြီးမှ အစကနေ ပြန်စရမဲ့ အဖြစ်မျိုးကို တပ်အနေနဲ့လည်း မဖြစ်ချင်တော့တာသေချာပါလိမ့်မယ်။

အချုပ်ဆိုရရင် လူထုအုံကြွနည်းနဲ့ တပ်ကို ထိပ်တိုက်တွေ့နည်းဟာ ပြီးခဲ့တဲ့ သင်ခန်းစာတွေအရ အောင်မြင်မှု မရှိခဲ့ဘူးဆိုတာကို တွေ့ရမှာပါ။ ဒါ့အပြင် ပညာတတ်လာတဲ့ ပြည်သူတွေကြောင့်တစ်ကြောင်း၊ ၄၃၆ ကိုပြင်ပြီး ၅၉(စ) ကို ပြင်ဖို့ ကြိုးစားနေမှုအပေါ် မလိုလားတာဟာ အစိုးရတင်မဟုတ်ဘဲ အမျိုးသားရေးအင်အားစုတွေလည်းရှိနေတယ်ဆိုတာက တစ်ကြောင်း၊ ဒီမိုကရေစီစံနဲ့ အမျိုးသားရေးစံအကြားအားပြိုင်မှုတွေကြောင့် ၈ လေးလုံးလို ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံမှုမျိုး ယနေ့အချိန်မှာ မရနိုင်တော့တာက တစ်ကြောင်း လွှတ်တော်ပြင်ပနည်းနဲ့ ပြင်ဖို့ လုပ်ဆောင်မှုက အောင်မြင်စရာ မရှိသလိုလူထုတစ်ရပ်လုံးအနေနဲ့လည်း လိုက်ပါနိုင်ဖို့က မဖြစ်နိုင်ဘူးလို့ ဆွေးနွေးလိုက်ပါတယ်။

သီဟမြင့်အောင်

သူရဦးရွှေမန်း၏ ခမည်းခမက် ဇေကမ္ဘာဦးခင်ရွှေ ထီးဖြူဆောင်းသည့် အခမ်းအနား ဝေဖန်မှု မြင့်တက်



ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုမှ ဂုဏ်ထူးဆောင် တံဆိပ်ပေးအပ်သည့် အခမ်းအနား မှတ်တမ်း ဓါတ်ပုံများ ထွက်ပေါ်လာရာ ဗုဒ္ဓဘာသာဝင် များအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။


ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ခမည်းခမက် တော်စပ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ထိုင်း တက္ကသိုလ်တစ်ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင် တံဆိပ်တစ်ခု လက်ခံ ယူရာတွင် ဗုဒ္ဓရုပ်ပွားတော်အထက်တွင် နေရာယူထားရုံမက ဘုရား ဆင်းတုတော်တွင် ထီးဖြူမဆောင်းဘဲ ၄င်းကို ထီးဖြူဆောင်းထားပြီး အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ထုံးတမ်းဓလေ့အရ ထီးဖြူဆောင်းသည် ဆိုသည်မှာ ဘုရား ရဟန်းသံဃာ ရှင်ဘုရင်မင်းမြတ် များသာလျှင် ဆောင်းရကြောင်း၊ ရှေးခေတ်က မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူငါးပါးဖြစ်သည့် မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌ ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ၊၊ တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌ န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ၊၊ ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့် တမ္ဗတ်ထီးဖြူ၊၊ တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော် အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူနှင့် ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက် ရွှေခြယ်သော သမုတိ ထီးဖြူ ဟူ၍ ထီးဖြူ ၅ ပါးရှိကြောင်း၊ ယခု ဦးခင်ရွှေကိုယ်တိုင် ထီးဖြူဆောင်းထားခြင်းမှာ ဘုရား၊ သံဃာ၊ ရှင်ဘုရင်နှင့် တစ်တန်းတည်းထားနေခြင်း ဖြစ်ကြောင်း ရှေးရိုးပညာရှိများက ဝေဖန်လျက် ရှိသည်။

ဦးခင်ရွှေသည် သာသနာ့နုဂ္ဂဟ အသင်းကို ထူထောင်ထားရှိပြီး ရရှိထားသော ဒေါက်တာဘွဲ့ကိုလည်း လိမ်ညာရယူထားခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ပေါ်ထွက်ခဲ့သူ ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ အမျိုးသား လွှတ်တော်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဥပဒေပြုအမတ် ဖြစ်လာခဲ့သော ဦးခင်ရွှေသည် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေတွင် လိုအပ်သည်များကို ငွေကြေးစိုက်ထုတ်၍ ပံ့ပိုးကူညီထားသူ ဖြစ်ကြောင်း၊ ထိုသို့ ငွေကြေးဖြင့် ထောက်ပံ့ကူညီမှုများအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း သြဇာညောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ၏ လယ်မြေသိမ်းဆည်းသည့် ကိစ္စရပ်များတွင် NLD ပါတီဝင်များ ၀င်ရောက် မစွက်ဖက်ရဲသည်မှာလည်း ပါတီဥက္ကဌကို အိတ်ထဲထည့်ထားနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

From: ပြည်သူ့အာဏာ

အမျိုးစောင့်ဥပဒေ နှင့် မြန်မာ့တပ်မတော်


အမျိုးစောင့်ဥပဒေဆိုသည်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း မြန်မာနိုင်ငံအနှံ့ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် တို့ကြား ပဋိပက္ခများ ဖြစ်ပွားပြီးနောက် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသ ဦးဆောင်ရေးဆွဲခဲ့သော ဥပဒေဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့တွင် ဆရာတော် မှ ကောက်ယူရရှိထားသော လက်မှတ်ပေါင်း ၁၃ သိန်းကျော်နှင့်အတူ မျိုးစောင့်ဥပဒေအား နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည်။


သမ္မတဦးသိန်းစိန်မှ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော မျိုးစောင့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်တစ်ခုကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပြီး ယခုနှစ် ဇွန်လ ၃၀ ရက်နေ့ထက် နောက်မကျစေပဲ သမ္မတထံပြန်လည်တင်ပြရန် ညွန်ကြားခဲ့သည်။ သို့ဖြစ်၍ ယခုနှစ် ဇွန်လကုန် လွှတ်တော်တွင် အတည်ပြုပြီးပါက မျိုးစောင့်ဥပဒေ အသက်ဝင် လာတော့မည်ဖြစ်သည်။ သို့သော် အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး လွှတ်တော်ပြင်ပတွင်သာမက လွှတ်တော် အတွင်းမှာပါ သဘောထား ကွဲလွဲမှုများရှိရာ မြန်မာနိုင်ငံရေးတွင် အဓိက အဆုံးအဖြတ် ပေးနိုင်သည့် တပ်မတော်၏ မျိုးစောင့်ဥပဒေအပေါ် ထားရှိသည့် သဘောထားကို လူထုမှ အထူးစိတ်ဝင်စားလာသည်။

ယေဘုယျအားဖြင့် ပြောရလျှင် လက်ရှိစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှုတ်မှ တိုက်ရိုက်မပြောသော်လည်း အမျိုးစောင့်ဥပဒေအား သေချာပေါက် ထောက်ခံမည်ဟု ယူဆရသည်။ အကြောင်းမှာ ဦးမင်းအောင်လှိုင်မှာ သာမန်ဗုဒ္ဓဘာသာဝင်များထက် ပိုမို၍ ဘာသာရေး အထူး လိုက်စားမှု ရှိသူတစ်ဦးဖြစ်သည်။ မကြာခဏဆိုသလိုပင် ဘုရားထီးတင်ခြင်း၊ ပစ္စည်းလေးပါး လှူဒါန်းခြင်း တို့ကို လစဉ်တိုင်းတွေ့ရသည့်အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကပင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေတောင်ရှိ စေတီတစ်ဆူအား ထီးတင်ခဲ့ရာ မိုင်းဖုန်းဆရာတော် ဦးသံဝရ လည်း တက်ရောက်ခဲ့ကြောင်း သတင်းဓာတ်ပုံများကို တွေ့ခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ တွင်းကလည်း တပ်မတော် ရဟက်ယာဉ်များဖြင့် သီတကူဆရာတော်ဘုရားကြီး ဦးဆောင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မျက်စိ ဝေဒနာရှင် ပြည်သူများကို ခွဲစိတ် ကုသပေးမှုများကို တပ်မတော်မှ တက်တက်ကြွကြွ ပူးပေါင်း လုပ်ဆောင်ခဲ့သေးသည်။ ထို့အပြင် တပ်မတော်သား အများစုမှာ ဗုဒ္ဓ ဘာသာဝင် များဖြစ်ပြီး တပ်တိုင်းတွင် တပ်ဦး ဘုန်းကြီးကျောင်းရှိကာ ဆရာဒကာ စီမံချက်အရ ဆရာတော်များနှင့် တပည့်စစ်သည်များ အစဉ်အမြဲညီညွတ်စွာ သာသနာရေး လုပ်ငန်းများ လုပ်ဆောင် လျှက်ရှိသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာ ဆရာတော်ကြီးများ ဦးဆောင်ရေးဆွဲသည့် မျိုးစောင့်ဥပဒေ အား တပ်မတော်မှ ကန့်ကွက်လိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ မှာ ရခိုင်တိုင်းရင်းသူ တစ်ဦး ဖြစ်သည့်အတွက် အခြား ပညာတက် ရခိုင်တိုင်းရင်းသူများနည်းတူ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်မည့်ပုံစံတွေ့ရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာအသင်း၊ အစ္စလာမ် ဘာသာ အသင်း နှင့် ဟိန္ဒူဘာသာ အသင်းများရှိပြီး ၎င်းအသင်းများတွင် ဘာသာရေး စောင့်လျှောက်မှုဆိုင်ရာ စည်းကမ်းချက်များရှိရာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘုန်းတော်ကြီး များ ရေးဆွဲထားသည့် မျိုးစောင့်ဥပဒေကို စစ်တပ်မှ မလွှဲမသွေ ထောက် ခံနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

From: https://www.facebook.com/969MDL

ကျူးကျော် အင်န်အယ်လ်ဒီရုံးနှင့် နေအိမ်များ ဖယ်ရှားခိုင်း

စက်မှုဇုန် ပိုလျှံလယ်ယာမြေများအပေါ် ကျူးကျော်ထားသည့် ပဲခူးတိုင်း၊ ပြည်မြို့၊ န၀ဒေးရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပါအ၀င် နေအိမ် ၂၇ လုံးကို မူလတောင်သူများက ပြန်လည်တောင်းဆိုနေသည့် အတွက် ဖယ်ရှားခိုင်းထားကြောင်း အင်န်အယ်လ်ဒီ (ပြည်-န၀ဒေး) ရပ်ကျေးကော်မတီဝင် ဒေါ်ခင်မာနီက ပြောသည်။


“မေဒေးနေ့ ရုံးဖွင့်တဲ့ရက်တုန်းက ရပ်ကွက်လူကြီးနဲ့ လူတစ်ယောက် လာပြောတယ်။ ဒီရုံးကို ဖွင့်ခွင့်မပေးဘူး။ ဒီနေရာ ပိုင်ရှင်ပေါ်လာပြီ လို့” ဟု ၎င်းင်းကဆိုသည်။လက်ရှိတွင် ပြည်အင်န်အယ်လ်ဒီ အဖွဲ့က န၀ဒေးရပ်ကွက်၊ အောင်ကမ္ဘာ သစ်စက်လမ်းမှ နေအိမ် ၂၄ လုံးနှင့် န၀ဒေးပွဲရုံလမ်းမှ နေအိမ် သုံးလုံးကို ကျူးကျော်နေအိမ်များအဖြစ် စာရင်းပြုစုကာ ဓာတ်ပုံမှတ်တမ်းများရိုက်ယူ၍ ခရိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ တင်ပြထားသည်။

ကျူးကျော်အိမ်အများစုသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကပင် ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြစ်ပြီး အိမ်များ စတင်ဆောက် လုပ်စဉ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ တစ်အိမ်လျှင် ကျပ် ၅,၀၀၀ ပေးသွင်းရပြီး ပြန်လည်ပြုပြင်လိုပါက တစ်အိမ် ကျပ် ၁၀,၀၀၀ ပေးရကြောင်းလည်း အဆိုပါ နေရာတွင် နေထိုင်သူများက ပြောသည်။

“စဆောက်တုန်းကလည်း ပိုင်ရှင်ရှိတယ်မပြောဘူး။ ပိုင်ရှင်ရှိရင် ပြောပေးမယ်လို့ပဲ ပြောတယ်။ မြေစာရင်းကို လှမ်းမေးကြည့်တော့ လည်း ပလပ်မြေ ဘယ်သူမှ မပိုင်ဘူးလို့ ပြောတယ်။ ပိုင်ရှင်ဆိုတာ ကလည်း သူတို့က (ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များ)ပြောနေတာ တစ်ခါမှ မတွေ့ဖူးဘူး” ဟု န၀ဒေး အင်န်အယ်လ်ဒီ ရပ်ကျး ဒု-ဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။

န၀ဒေးနယ်မြေအုပ်ချုပ်ရေးမှူး ဦးကို ဌေးကမူ “စီမံကိန်းကာလ အတွင်း မြေကွက်မရိုက်ဘဲ ကျန်ခဲ့တာတွေရှိတယ်။ လယ်ယာမြေ ဥပဒေမှာ အကောင်အထည် မဖော်နိုင်တဲ့ မြေယာကို မူလတောင်သူပြန် ရမယ်လို့ပါတယ်။ မူလတောင်သူက ပြေစာ အထောက်အထားတွေနဲ့ ကျွန်တော်တို့ရုံး ကိုတိုင်ထားတာရှိတယ်” ဟု ပြောသည်။

ထိုသို့ တိုင်တန်းသည့်အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မူလတောင်သူ နှင့် ၀င်ရောက်နေထိုင်သူများအကြား ညှိနှိုင်းပေးခဲ့ပြီး ညှိနှိုင်းမှု မအောင်မြင်ပါက တရားရင်ဆိုင်ရန်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။

မေလ ၁၇ ရက်တွင် ကျူးကျော်နေအိမ် နှစ်လုံးကို မြေပိုင်ရှင် ဒေါ်စန်းဌေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဌေး၊ ဦးအေးဆွေကြီးနှင့် ဦးအုန်းမြင့်တို့က ခြံခတ်ခဲ့သည်။ ပဋိပက္ခများ ပေါ်ပေါက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်က လုံခြုံရေး ရယူရပြီး မေလ ၁၈ ရက် ည ၁၀နာရီ အချိန်က ဦးကျော်ကြီးဆိုသူက ကျူးကျော်နေအိမ် တစ်လုံးအား ၀င်ရောက် ဆဲဆို ခဲ့သည်။

“အိမ်က ညီမလေးနဲ့ကျွန်မ နှစ်ယောက်တည်းရှိတဲ့အချိန် နင်တို့ကို ဒီအိမ်မှာ မမြင်ချင်ဘူးဆိုပြီး အိမ်ထဲဝင်ပြီး ဆဲတယ်။ ၀ါးလုံးကြီးကိုင်ပြီး လိုက်ရိုက်တယ်။ ကုလားထိုင်တွေကို ကိုင်ပေါက် ချိုးပစ်တယ်။ အိမ်ပတ်လည်ကို ကြည့်ပြီး ဆဲတယ် ” ဟု ၎င်းင်းအိမ်၌ နေထိုင်သူ မအေးအေးဆွေက ပြောသည်။

ထိုသို့ဝင်ရောက်ဆဲဆိုခြင်း ခြံစည်းရိုး ၀င်ခတ်ခြင်းများ ပြုလုပ်သည့်အတွက် အိမ်ပိုင်ရှင် ဒေါ်နွဲ့နှင့် ဆဲဆိုခံရသူ မအေးအေးဆွေတို့က အမှုဖွင့်တိုင်တန်းရာ မြို့မ ရဲစခန်းတွင် ကိုကျော်ကြီးအား (ပ၊)၃၁၃/ ၂၀၁၄ ပြစ်မှုပုဒ်မ၂၉၄၊ ၄၄၇ ဖြင့် လည်းကောင်း၊ မြေပိုင်ရှင် ဒေါ်စန်းဌေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဌေး၊ ဦးအေးဆွေကြီးနှင့် ဦးအုန်းမြင့်တို့အား (ပ)၃၂၄/၂၀၁၄ပြစ်မှုပုဒ်မ ၄၄၇ ပိုင်နက်ကျူးလွန်မှုဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

တိုင်တန်းခံရမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဦးဌေးက “တိုင်တယ်လို့တော့ ကြားတယ်။ မသွားရသေးဘူး။ တိုင်တော့လည်း ရှင်းရမှာပေါ့။ အစ်ကိုက အဲဒီတုန်းက အိမ်ထဲလည်း မ၀င်ဘူး။ ခေါ်လို့ခဏ သွားပြီး ပြန်လာတာ”ဟု ပြောသည်။

Mizzima - News in Burmese

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ နေပြည်တော် တွင် လူထုဆန္ဒ ကောက်ယူမည်

အစိုးရရုံးများ အခြေစိုက်ရာ နေပြည်တော်ကောင်စီ နယ်မြေတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဟောပြောပွဲနှင့် လူထုဆန္ဒ ကောက်ယူပွဲတစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောကြားသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက် ဟောပြောမည် ဖြစ်ကြောင်း၊ အဆိုပါပုဒ်မ ပြင်ဆင်ရေးအတွက် လူထုဆန္ဒ လက်မှတ်များ ကောက်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ဒီလ ၂၇ ရက်နေ့လို့ ရွေးထားပါတယ်။ နှစ်ဖက် သေချာမယ့် အချိန် ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ နေပြည်တော်ကောင်စီ နယ်မြေတွင် ပြုလုပ်မည့် ဟောပြောပွဲနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ပြောကြားသည်။

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများသည် မေလ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပူးတွဲ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး မေလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ ဆက်တိုက် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် မေလ ၂၂ ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံအနှံ့တွင် ဟောပြောပွဲများကို ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အခြေခံဥပဒေကို ပြင်ဆင်ပါက ပြင်ဆင်ခြင်း အခန်း (၁၂) အတိုင်း ပြင်ဆင်ရန်နှင့် နိုင်ငံတော် အချုပ်အခြာ အဏာကို မထိခိုက်ဘဲ ဥပဒေဘောင် အတွင်းမှ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အခြေခံဥပဒေကို ဆက်လက် တည်ရှိစေလိုသော သဘောထားရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောကြားထားသည်။

The Voice Weekly

ပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ လက်မှတ်များကို စုဆောင်းမည့်ပုံစံ

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကိုပြင်ဆင်ရေးအတွက် ပြည်သူလူထု၏ လက်မှတ်များကို စုဆောင်း ရယူရာတွင် တစ်အိမ်တက်ဆင်း၊ လက်မှတ်ရယူခြင်း လုပ်ဆောင်မည်မဟုတ်ဘဲ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လိုလားသူပြည်သူများသာ ပါဝင်လက်မှတ်ရေးထိုးနိုင်စေရန်ရည်ရွယ်၍ လက်မှတ်ထိုး စာအုပ်များကို သတ်မှတ် နေရာများတွင်ထားရှိ လက်မှတ်ရေးထိုးစေမည်ဖြစ်ပါသည်။







Credit : Here

မြန်မာ့ပြုပြင်ပြောင်းလဲရေး ၈၈ သန်းကျော်ကူညီဖို့ ကန်အစိုးရ အဆိုပြု



လာမယ့် ၂၀၁၅ ခုနှစ် အမေရိကန်အစိုးရ ဘတ်ဂျက်အသုံး စရိတ်ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အထောက်အပံ့ ဖြစ်စေဖို့ရာ အမေရိကန်ဒေါ်လာ ၈၈ သန်းကျော် အသုံးပြုဖို့ နိုင်ငံခြားရေး ဌာနက အဆိုပြု လျာထားပါတယ်။


ဒီအထဲမှာ မြန်မာစစ်တပ်ကို ပညာပေး သင်တန်းပေးဖို့ အသုံး စရိတ်လည်း ပါဝင်တာပါ။ အောက်လွှတ်တော်မှာ လုပ်တဲ့ မနေ့က ဘတ်ဂျက်အသုံးစရိတ်ဆိုင်ရာ ကြားနားပွဲတခုမှာတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို အနာဂတ်မှာ ဘယ်လိုထိစပ်သွားမလဲဆိုတာ အသေအချာ ဗျူဟာမရှိဘူးလို့ လွှတ်တော်ကော်မတီ ဥက္ကဌက ဝေဖန်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦး တင်ပြထားပါတယ်။

နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၅ ခုနှစ် ဘတ်ဂျက်လျာထားချက်ထဲမှာ IMET လို့ ခေါ်တဲ့ နိုင်ငံတကာ စစ်တပ်တွေကို ပညာပေးသင်တန်းပေးဖို့ ၁၂ ဒဿမ ၅ သန်း အဆိုပြုထားပါတယ်။

ဒီအစီအစဉ်ဟာ ဒေသတွင်းက အနာဂတ်စစ်ခေါင်းဆောင်တွေနဲ့ အမေရိကန် ဆက်ဆံရေး ခိုင်မာတိုးတက်လာဖို့ ရည်ရွယ်သလို၊ အဲဒီစစ်တပ်တွေမှာ အမေရိကန်စစ်တပ်ရဲ့ ဒီမိုကရေစီ အလေ့အကျင့်တွေ လေ့လာနိုင်စေဖို့ ဖြစ် တယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က မနေ့က အောက်လွှတ်တော် ကြားနာပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံအတွက် လျာထားတဲ့ ဒေါ်လာ ၈၈ သန်းကျော်ထဲမှာလည်း မြန်မာ စစ်တပ်ကို လေ့ကျင့်သင်တန်းပေးဖို့ဆိုတာ ပါဝင်ပါတယ်။ အောက်လွှတ်တော် အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေးဆပ်ကော်မတီ ဥက္ကဌ Steve Chabot ကတော့ အစိုးရတင်ပြတဲ့ ဒီအစီအစဉ်အပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

“အခုအချိန်မှာ ဒီတိုးတက်မှုတွေ ဘာမှ ထပ် ဖြစ်မလာသလိုပဲ အချို့နေရာတွေမှာဆို ပိုတောင် ဆိုးရွားလာပါတယ်။ မြန်မာစစ်တပ်နဲ့ ထိစပ်ဆက်ဆံမှုမှာ IMET ခေါ်တဲ့ စစ်ဖက်ပညာပေးမှုသင်တန်းတွေ ပေး ဖို့ ဒေါ်လာ ၂ သိန်းခွဲ လျာထားတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ဒီစစ်တပ်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှု ရပ်သေးတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူနည်းစုတွေနဲ့ တိုက်ခိုက်မှုတွေကို ရပ်သေးတာ မဟုတ်ပါဘူး။ ရိုဟင်ဂျာ အပါအ၀င် အခြားလူနည်းစု လူမျိုးတွေအပေါ် ဖိနှိပ်ညှဉ်းပမ်းမှုတွေ ရှိနေတုန်းပါ။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက်ကိုလည်း အဟန့်အတား ဖြစ်နေပါတယ်။”

ဒီလို အခြေအနေမှာပဲ အမေရိကန် အစိုးရအနေနဲ့က မြန်မာစစ်တပ်နဲ့ အနာဂတ်မှာ ဘယ်လို ထိစပ် ဆက်ဆံသွားမလဲဆိုတဲ့ မဟာဗျူဟာ အသေအချာ ချမှတ်ထားတာမျိုး မရှိဘူးလို့ အောက်လွှတ်တော်အမတ် မစ္စတာ Chabot က ဝေဖန်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရပိုင်းက ချဉ်းကပ်မှုတွေကိုလည်း မြန်ဆန်လွန်းတယ်ဆိုပြီး စိတ်ပျက်တဲ့အကြောင်း ပြော ပါတယ်။

“ဖွဲ့စည်းပုံဆိုတာကိုလည်း အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင် တာ မရှိပါဘူး။ ဒီအတိုင်းဆိုရင်တော့ စစ်တပ်အနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားတာ အပါအ၀င် စစ်တပ်က အရပ်သားအစိုးရကို ဆက်ပြီး လွှမ်းမိုးထားနိုင်မှာပါ။ ဒါဟာ သမ္မတရွေးချယ်မှု အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် အရွေးချယ်ခံနိုင်ခွင့်လည်း ကန့်သတ် ပိတ်ပင်ထားပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျကျ မြန်မာလူထုရဲ့ဆန္ဒကို ထင်ဟပ်နိုင်မလဲဆိုတာ မေးခွန်းရှိပါတယ်။ အခုဆိုရင် နိုင်ငံခြားရေးဝန်ကြီးဟာလည်း အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တတ်ရောက်ဖို့ ရှိပါတယ်။ သမ္မတ အိုဘားမား ကလည်း လာမယ့် နိုဝင်ဘာလထဲမှာ သွားမယ်ထင်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ ပေးထားတဲ့ ကတိက၀တ်အတိုင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့ အမေရိကန် အစိုးရအနေနဲ့ ဘယ်လို ဖိအားပေး ကိုင်တွယ်မလဲဆိုတာ သိချင်ပါတယ်။”

အောက်လွှတ်တော်ရဲ့ အာရှပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီဥက္ကဌ မစ္စတာ Chabot ရဲ့ အခုလို ပြောဆိုမေးမြန်းချက်အပေါ်မှာတော့ - လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က တုံ့ပြန်ရာမှာ လွှတ်တော်ရဲ့ ဒီလို စိုးရိမ်ချက်တွေကို သူတို့အနေနဲ့ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတိုင်း ပြောဆို တိုက်တွန်းသွားမှာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အများက လက်ခံယုံကြည်နိုင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်သွားနိုင်ဖို့၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မျှတပြီး သင့်လျော် မှန်ကန်မှုရှိဖို့ ဆိုတာတွေဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒရဲ့ ဦးစားပေး ကိစ္စရပ်တွေ ဖြစ်ပါတယ်။ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကလည်း ဒီကိစ္စတွေကို ပြောဆိုကြမှာပါ။ ကျနော်ကိုယ်တိုင်လည်း နေပြည်တော်ကို ရောက်တော့လည်း ဒီကိစ္စတွေရော၊ ရိုဟင်ဂျာတွေ အပါအ၀င် လူနည်းစုလူမျိုးတွေအပေါ် ဆက်ဆံမှု ကိစ္စရပ်တွေကိုပါ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကျနော်တို့ တိုက်ရိုက်ပြောဆိုဆွေးနွေးတာပါ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး အောင်မြင်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် ပထ၀ီနိုင်ငံရေးအရပါ မဟာဗျူဟာ ကျပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ အရေးကြီးတဲ့ နိုင်ငံ နှစ်နိုင်ငံအကြားမှာ တည်ရှိနေတာပါ။”

အာရှဒေသနဲ့ ထိစပ်ရေးဟာဆိုရင် လက်ရှိ အမေရိကန် အစိုးရအတွက်တော့ Asia Pivot ဆိုပြီး အထူးအလေးထားရာ နိုင်ငံခြားရေး မူဝါဒတရပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသအတွက် ၂၀၁၅ အစိုးရအသုံးစရိတ်ကို ၁ ဒဿမ ၂ ဘီလီယံလျာထား အဆိုပြုပြီး၊ ဒါဟာဆိုရင် ၂၀၁၃ အသုံးစရိတ်ထက် ၅ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်က ၂၀၁၅ အသုံးစရိတ်မှာ ဒေါ်လာ ၈၈ ဒဿမ ၄၅ သန်းလျာထားပြီး၊ ပြီးခဲ့တဲ့ ၂၀၁၃ အသုံးစရိတ်ထက် ၄၃ ရာခိုင်နှုန်း တိုးမြင့်သုံးစွဲဖို့ အမေရိကန်အစိုးရက အဆိုပြုထားပါတယ်။ ဒီငွေတွေဟာ မြန်မာနိုင်ငံတွင်း အရပ်ဖက် အသင်းအပင်း အဖွဲ့အစည်းတွေ ခိုင်မာအားကောင်းလာရေးနဲ့ ပြုပြင်ပြောင်းလဲမှု စဉ်ဆက်မပြတ် ဖြစ်နေစေရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်နဲ့ နောက်ပိုင်း အကြပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖြစ်တယ်လို့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးဖို့ ဆိုတဲ့နေရာမှာတော့ အရပ်ဖက်ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စ၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု စတာတွေကို အလေးထား သင်တန်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာစစ်တပ်ကို လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ စစ်တပ်ဖြစ်လာအောင် ထိစပ်ဆောင်ရွက်သွားဖို့ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူနည်းစုခေါင်းဆောင်တွေ၊ ၈၈ ခေါင်းဆောင်တွေကလည်း အမေရိကန် ပြည်ထောင်စုကို တိုက်တွန်းတာမျိုး ရှိတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေမြန်မာပိုင်း)