Thursday, May 15, 2014

မြန်မာနိုင်ငံ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့်မြန်မာ တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား



မြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက် လာ သည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု တစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


“မြန်မာနိုင်ငံထဲကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်တပ်မှ ရဲမှူးတစ်ဦးက ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီရွာနှင့် နီးစပ်ပြီး မြန်မာနိုင်ငံ တောင်ပြိုလက်ဝဲမြို့နယ်ခွဲရှိ ကျေးရွာများနှင့် နီးစပ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် သောင်းကျန်းသူ များမှာ မောင်တောမြို့နယ်အတွင်း နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ၀င်ရောက်ဖျက်ဆီးရန် ၀င်ရောက်မည့် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေးကို အသင့်အနေအထားတွင် ထားရှိဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာလျှင် ပစ်ခတ်မည်ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။

ဝင်ရောက်လာသည့် လက်နက်ကိုင်များမှာ ပြောက်ကျားအညိုမည်းကွက်အား ၀တ်ဆင်ထားပြီး အင်အားမှာ ၁၀ ဦးဖြစ်ကြောင်းနှင့် မောင်တော မြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက် လာရာ မြန်မာနိုင်ငံဖက်မှ လှည့်ကင်းဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဘက်နှင့်တစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း သွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကဲ့သို့ အကြမ်းဖက် လုပ်ရပ်များ မဖြစ်လာစေရေး မေ ၁၂ ရက်မှစတင်ကာ မောင်တောမြို့ပေါ်နှင့် နယ်စပ်ကျေးရွာများတွင် လုံခြုံရေး တိုးချထားကြောင်းနှင့် လုံခြုံရေး အသင့်အနေ အထား ဆောင်ရွက်ထားကြောင်းသိရသည်။

From: Eleven Media Group

မြစ်ဆုံလမ်းလျှောက် ဆန္ဒဖော်ထုတ်အဖွဲ့အား ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သေစာသောက် စားပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွား မှုကြောင့် ကျောင်းထိုင်ဘုန်းကြီးမှ မောင်းထုတ်



မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့် နိုင်ငံရေး အကျဉ်းသား ဟောင်းအဖွဲ့ချုပ်မှ ဦးရဲထွဋ်ခေါင်း ဦးစီးအဖွဲ့သည် တည်းခိုနေထိုင်ရာ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ မန္တလေးကျောင်းတိုက် အတွင်း အရက်သေစာသောက်စားမူးယစ်ပြီး အချင်း ချင်းခိုက်ရန် ဖြစ်ပွား မှုကြောင့် ကျောင်းထိုင် ဆရာတော်မှ မောင်းထုတ်ခဲ့ကြောင်း သိရသည်။


``ဘုန်းကြီးကျောင်းမှာတည်းပြီး အရက်သေစာ သောက်စား တာဟာ ဆရာတော်တို့ကို စော်ကားတာပဲလေ၊ ပြီးတော့ အချင်းချင်း ရန်ဖြစ်ပြီး အော်ဟစ် ဆဲဆိုနေကြတာ မကြားဝံ့မနာသာပါ၊ ဆရာတော်တို့အနေနဲ့ သူတို့ ဘာလုပ်တယ်ဆိုတာ ထည့်မစဉ်းစားဘဲ တည်းခိုဖို့ နေရာထိုင်ခင်းပေးတာပါ၊ ဗုဒ္ခဘာသာဝင်တွေဖြစ်ပြီး အရမ်းကို အောက်တန်းကျလွန်း အားကြီး ပါတယ်´´ ဟု မန္တလေးကျောင်းတိုက်မှ ဆရာတော်တစ်ပါးက ပြောကြားသည်။

အဆိုပါဘုန်းကြီးကျောင်းနှင်ကပ်လျက်နေထိုင်သော မြို့ခံတစ်ဦးက``ဘုန်းကြီးကျောင်းမှာ အော်ဟစ် ဆူညံ နေကြတာ တစ်ရပ်ကွက်လုံး အိပ်လို့မရဘူး၊ ည ၉ နာရီခွဲလောက်ရှိပြီ ရပ်ကွက်ကို အားမနာပေမယ့် သံဃာ တော်တွေကိုတော့ ရိုသေသင့်တာပေါ့၊ တရားထိုင် ပုတီးစိပ်လုပ်နေတဲ့ ကိုယ်တော်တွေဆိုရင် အဲဒီအဖွဲ့ကို ကြည့်ပြီး တော်တော်လေး စိတ်ဆင်းရဲရတယ်၊ အဆင့်အတန်း မရှိတဲ့လူတွေ စုပေါင်းပြီး လာကြတာနဲ့ တူပါတယ်´´ ဟု ဆိုသည်။

၎င်းအဖွဲ့သည် အထက်မော်ဖောင်းကျေးရွာရှိ သဒ္ဓမ္မဇောတိကာရုံ ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အား တည်းခိုခွင့် လျှောက်ထားရာ လက်မခံသဖြင့် ပြန်လာခဲ့ရကြောင်း သိရသည်။

ခေမာသီရိရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီးကျောင်းကို ည ၁၀ နာရီခန့်တွင် သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အား တည်းခိုခွင့် လျှောက်ထားပြန်ရာ လက်ခံခြင်းမရှိကြောင်းနှင့် နေစရာနေရာ မရှိသည့်အဆုံး အာလမ်ကျေးရွာအုပ်စု၊ ဒွန်ဂမ်ကျေးရွာနှစ်ခြင်းခရစ်ယာန်ကျောင်း၌ တည်းခိုနေရကြောင်း ယင်းအဖွဲ့ဝင်တစ်ဦး ထံမှ သိရသည်။

``လမ်းတလျှောက်လုံးက မြို့တွေ၊ ကျေးရွာတွေမှာ အလှူခံလို့ရလာတဲ့ အလှူငွေတွေနဲ့ သောက်စားမူးယစ် နေကြတာဖြစ်မှာ၊ ဘုန်းကြီးကျောင်းထဲမှာတောင် အရက်မူးပြီး ရန်ဖြစ်ကြတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေ တော့၊ အဲဒီလို အဆင့်မရှိတဲ့လူတွေလုပ်မယ့် အလုပ်ဟာလည်း ကောင်းလာစရာ၊ အောင်မြင်စရာ အကြောင်းမရှိ ပါဘူး၊ ဒီတစ်မြို့လုံး အဲဒီအဖွဲ့ကို အထင်မကြီးသလို ကြည့်လို့လည်းမရဘူး´´ ဟု မြို့ခံ တစ်ဦးက ပြောကြား သွားသည်။

credit to : ခိုင်ဦး (မြစ်ကြီးနား)

လူ့အခွင့်အရေးချိုးဖောက်နေမှုအပေါ်မြန်မာအစိုးရအား ဖိအား ပေးရန် အမေရိကန် အောက် လွှတ်တော် အတည်ပြု



မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ တွေအပေါ် ညှဉ်းပန်း နှိပ်စက် နေမှုတွေ ချုပ်ငြိမ်း စေဖို့နဲ့ မြန်မာနိုင်ငံ အတွင်း နေထိုင် ကြသော လူမျိုးစု ငယ်တိုင်းနဲ့ ဘာသာကွဲများ အပေါ် အပြည်ပြည် ဆိုင်ရာမှ အသိ အမှတ် ပြုထားတဲ့ လူ့အခွင့် အရေး စံနှုန်းများနှင့် အညီ လေးစား သမှုပြုဖို့ အတွက် မြန်မာ အစိုးရကို တိုက်တွန်းဖို့ တင်သွင်း ခဲ့တဲ့ အဆိုအမှတ် ၄၁၈ ကို မေလ (၇) ရက်နေ့မှာ အမေရိကန် အောက် လွှတ်တော် က ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။


ဒီအဆိုကို မက်စက်ချူး စဆက် ပြည်နယ် မဲဆန္ဒ နယ်မြေ (၂) မှ အောက်လွှတ်တော် အမတ် James McGovern က နိုဝင်ဘာလ ၂၀၁၃ ခုနှစ်မှာ တင်သွင်း ခဲ့တာဖြစ်ပါတယ်။ မတ်လ (၂၅) ရက်နေ့မှာ အောက်လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီမှာ တင်သွင်း ဆွေးနွေး ခဲ့ကြပြီး ကော်မတီ ဥက္ကဌ ဖြစ်သူ ကယ်လီ ဖိုးနီးယား ပြည်နယ် မှ အောက်လွှတ်တော် အမတ် Ed Royce က ဖြည့်စွက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး အောက်လွှတ်တော်မှာ ချပြ ဆွေးနွေးဖို့ အတည်ပြု ခဲ့ပါတယ်။ ဖြည့်စွက်ချက် အတွင်းမှာ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အပေါ် လူ့အခွင့် အရေး ချိုးဖောက် နေမှုတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချက်တွေ အပြင် ရိုဟင်ဂျာ လူမျိုး တွေကိုလည်း မြန်မာ တိုင်းရင်းသား အဖြစ် အသိ အမှတ် ပြုပေးဖို့နဲ့ နိုင်ငံသား ဖြစ်တည်ရေး ကိစ္စ ဖြေရှင်းပေးဖို့ တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

အောက်လွှတ်တော်မှာ မဆွေးနွေးခင် Democrat ပါတီမှ ကိုယ်စားလှယ် (၃၆) ဦးနဲ့ Republican ပါတီမှ ၁၄ ဦး စုစုပေါင်း (၅၀) ဦးထောက်ခံမှု ရရှိထား ပြီးသား ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရဲ့ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုစလုံးက ကိုယ်စားလှယ် ထောက်ခံထား ကြပြီး ကန့်ကွက်မှု မရှိတဲ့ အတွက် လွှတ်တော်ရဲ့ သမရိုးကျ မဲခွဲ ဆုံးဖြတ်မှု တွေကို ကျော်လွန်ပြီး တက်ရောက်သူ ကိုယ်စားလှယ် တွေရဲ့ တခဲနက် ထောက်ခံမှုနဲ့ လွှတ်တော် ဥက္ကဌ က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

အာရကန် ဒေသရှိ ရိုဟင်ဂျာ လူမျိုးတွေ လူ့အခွင့် အရေး ချိုးဖောက် နေမှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ ယခုလို တင်သွင်း ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော်လောက် ကလည်း ကရင် လူမျိုးစု တွေနဲ့ မြန်မာ့ တိုင်းရင်းသား လူနည်းစုတွေ အပေါ် လူ့အခွင့် အရေး ချိုးဖောက် နေမှု တွေကို တုန့်ပြန်တဲ့ အနေနဲ့ ယခုလို အလား သဏ္ဍန် တူတဲ့ ဆုံးဖြတ်ချက်မျိုး ပြုလုပ် ခဲ့ပါ သေးတယ်။

ယခင် ဆုံးဖြတ်ချက်နဲ့ ကွာခြားတာ ကတော့ စီးပွားရေး ပိတ်ဆို့မှု အထိ ပြုလုပ်မှာ မဟုတ်ဘဲ သံတမန်ရေး အရ နှစ်နိုင်ငံ အကြား ဆက်ဆံရေး တွေနဲ့ ဖိအားပေး တိုက်တွန်း သွားဖို့ သာဖြစ်ပါတယ်။

- See more at: http://burmese.rohingyablogger.com/2014/05/blog-post_9.html#sthash.tYozOsEa.dpuf

အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိ



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်သော အစိုးရနှင့် KIO တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင် ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။ “တက်ရောက် နိုင်ခြင်း မရှိဘူးလို့ သိရတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။


မြစ်ကြီးနားမြို့၌ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်း၏ အကြောင်းရင်းကိုမူ မသိရှိရပေ။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးသည် အစိုးရနှင့် KIO တို့၏ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသည့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအဖြစ် စစ်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သူ ဖြစ်သည်။

အစိုးရနှင့် KIO တို့၏ ယခုတစ်ကြိမ် ဆွေးနွေးပွဲသည် ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် KIO ဗဟိုက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အစိုးရဘက်မှ ဆွေးနွေးပွဲ တက်ရောက်မည့် အမည်စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ အမည်စာရင်း ပါဝင်ကြောင်း၊ သို့သော်လည်း မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ သိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ်က ဦးဆောင် ဆွေးနွေးမည် ဖြစ်ပြီး ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်မည် ဖြစ်ကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောကြားသည်။

“ဆွေးနွေးမယ့် အကြောင်းအရာတွေက အတွင်းရေးမို့ မသိနိုင်သေးပါဘူး။ မနက်ဖြန်မှ သိမယ်” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များမှာ မြစ်ကြီးနားမြို့ရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံကာ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် အမြင်သဘောထား မှတ်ချက်များကို တောင်းခံခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စမာရီယာတို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့ တက်ရောက်လာခြင်း မရှိကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ သိရှိသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် မေလ ၁၂ ရက်နေ့က မြစ်ကြီးနားသို့ ရောက်ရှိလာသော KIO ကိုယ်စားလှယ် အဖွဲ့များကို ကချင်ဒေသခံ အများအပြားက ကြိုဆိုခဲ့ကြသည်။

The Voice Weekly

အင်တာနက်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ တရှိန်ထိုး မြင့်တက်လာသဖြင့် အင်တာနက် ကော်နက်ရှင်လိုင်းများ ဆက်လက် နှေးကွေးနေဦးမည်ဖြစ်ပြီး လိုင်းများ ကောင်းမွန်လာရန် အနည်းဆုံး ၃ နှစ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သတင်းရရှိသည်။


၂၀၁၃ ခုနှစ်တွင် အင်တာနက် သုံးစွဲသူမှာ ၁ သန်းခန့်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၄ သန်းခန့် အထိ မြင့်တက်လာသဖြင့် အင်တာနက် လိုင်းကောင်းရန် အနည်ဆုံး ၃ နှစ်ခန့် အချိန်ယူရဦး မည် ဖြစ်ေ ကြာင်း၊ မိုဘိုင်းဖုန်း သုံးစွဲသူအားလုံးနီးပါးမှာ အင်တာနက်လိုင်း သုံးစွဲမှုကြောင့် အင်တာနက် ကော်နက် ရှင် လိုင်းနှေးကွေးနေရခြင်း ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းတင် က နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ဧရာဝတီသို့ ပြောကြားခဲ့သည်။

“အရင်တုန်းက မိုဘိုင်းဖုန်း ပေးရင် ၁၀ ရာခိုင်နှုန်းကပဲ အင်တာနက် သုံးတယ်။ အခုက မိုဘိုင်းသုံးစွဲသူ အားလုံးနီးပါးက အင်တာနက်သုံးနေတာ။ ကျနော်တို့ကတော့ ၃ နှစ်အတွင်း အင်တာနက်လိုင်း မြန်အောင် လုပ်ဖို့ ရှိတယ်။ အင်တာနက်ကို ပိုမြန်အောင် လုပ်ချင်တဲ့ ကုမ္ပဏီကို ကန့်သတ်မထားဘူး။ အင်တာနက် လုပ်ချင်တယ်လို့ လာလျှောက်ရင် ခွင့်ပြုပေးမှာ” ဟု ဒု ၀န်ကြီး ဦးသောင်းတင်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲသူ ၈ သန်းခန့် ရှိပြီး လူဦးရေ ၄ သန်းမှာ အင်တာနက်ကို မိုဘိုင်းဖုန်းဖြင့် သုံးစွဲနေကြောင်း၊ အင်တာနက် မိုဘိုင်းဖုန်း ၀န်ဆောင်ပေးမည့် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ငန်းများ စတင်နိုင်ပါက အင်တာနက် အမြန်နှုန်း ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။

“အင်တာနက်လိုင်းက တဖြည်းဖြည်းချင်းတော့ ပိုကောင်းလာမှာပါ။ အခုက ကျနော်တို့ Supply က လိုက်တက်လာတာနဲ့ အမျှ Demand က လိုက်တက်လာတော့ အင်တာနက် နှုန်းမြန်ဖို့က ခက်တယ်။ အဲဒီနှစ်ခုက ဘယ်အချိန်မှာ ညီမျှသွားမလဲပေါ့။ တချိန်ချိန်မှာတော့ Supply က လိုချင်သလောက် ရသွားရင် အဆင်ပြေသွားမှာပါ ” ဟု ဒု ဝန်ကြီး ဦးသောင်းတင်က ပြောသည်။

အင်တာနက်လိုင်း ပိုမိုမြန်ဆန်လာစေရန် Ooredoo နှင့် Telenor ကုမ္ပဏီတို့က လုပ်ကိုင်မည် ဖြစ်သော် လည်း မြန်မာတနိုင်ငံလုံး ဖြန့်ကျက်နိုင်ရန် အနည်းဆုံး ၅ နှစ်ခန့် အချိန်ယူရမည်ဟု နိုင်ငံ တကာ လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။

“ကျနော်ဆို ဖုန်းနဲ့ အင်တာနက် သုံးတာ။ တနေကုန် သုံးလို့ မရဘူး။ ညဦးပိုင်းလည်း သုံးမရဘူး။ အင်တာ နက် သုံးမယ်ဆိုရင် သန်းခေါင်ကျော်အောင် စောင့်ရတယ်။ သန်းခေါင်ကျော် လိုင်းကောင်းမှ မေးလ်ပို့ စရာရှိတာ ပို့ရတယ်။ ဒါတောင် တခါတလေ လိုင်းမကောင်းလို့ မိုးလင်းတဲ့ ညတွေရှိတယ်” ဟု အင်တာနက် ပုံမှန်သုံးစွဲသူ ရန်ကုန်မြို့မှ ကိုဇေယျာစိုပြေက ပြောသည်။

အင်တာနက် သုံးစွဲရန် ပေးထားရသော ၀န်ဆောင်ခနှင့် ပြန်ရရှိသော ၀န်ဆောင်မှုမှာ လုံးဝ မမျှတဟု သူက ယုံကြည်နေသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) ကလည်း Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်ရန် International ပါတနာ ကုမ္ပဏီအား ရှာဖွေလျက်ရှိပြီး မရရှိပါက Ooredoo နှင့် Telenor ကုမ္ပဏီတို့ကို ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ကြောင်း ဒု ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

“MPT အနေနဲ့ ပါတနာ မရရင်တော့ Ooredoo နဲ့ Telenor ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အခု စပြိုင်နေရပြီ။ အပြိုင်အဆိုင် ဖြစ်လာရင် ဘယ်သူ ဘာလုပ်လို့ ပြောစရာ မလိုတော့ဘူး။ Market က ဆုံးဖြတ်ပေးလိမ့် မယ်” ဟု သူက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အစိုးရက အတည်ပြု ပြဌာန်းထားပြီး နိုင် ငံခြား ရင်းနှီးမြှပ်နှံမှုများ အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများကို ယင်းဥပဒေနှင့် လုပ်ပိုင်ခွင့်များ ချထားပေးလျက်ရှိသည်။

အစိုးရက ခွင့်ပြုထားသည့် ဆက်သွယ်ရေး မိုဘိုင်း အော်ပရေတာ ၄ ခုမှာ MPT, ရတာနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor Myanmar ကုမ္ပဏီတို့ ဖြစ်သည်။

ဧရာဝတီ

တန်ဖိုးကြီး စစ်ရေး စီမံကိန်း သတင်းထုတ်



မြန်မာအစိုးရ က သာမန် လက်နက် စက်ရုံ ဆိုပြီး ငြင်းထားတဲ့ ပေါက်မြို့နယ်က စစ်ဘက် အဆောက် အဦ ဟာ တန်ဖိုးကြီး စစ်ရေး စီမံကိန်း ဖြစ်တယ် ဆိုပြီး ဖျက်အားပြင်း လက်နက်များ မပြန့်ပွားရေး သုတေသန CNS အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။


ဒီ ထုတ်ပြန်ချက် ကို ပူးတွဲ ရေးသားတဲ့ CNS အဖွဲ့ အာရှ အရှေ့ခြမ်း ရေးရာ ဌာနမှူး Dr Jeffrey Lewis က ဂြိုဟ်တု ဓာတ်ပုံ တွေကနေ တွေ့ရတဲ့ အဲဒိ အဆောက်အဦ ကြီး အပေါ် ဆန်းစစ် ထားမှုတွေကို ပြောပြ ပါတယ်။

ဒီအဆောက်အဦကြီး ရဲ့ အရွယ်အစား၊ အခင်းအကျင်း၊ တည်နေရာ၊ လုံခြုံရေးတင်းကျပ်မှု ၊ ဘားတိုက် ပုံစံ နေရာထိုင်ခင်း တွေနဲ့ အဆင့်မြင့် စစ်အရာရှိကြီး တွေ လာရောက် စစ်ဆေးတယ် ဆိုတာ ပြနေတဲ့ ရဟတ်ယာဉ် ကွင်းတွေက သာမန် လက်နက် စက်ရုံ မဟုတ်ကြောင်း ဖော်ပြနေတယ် ဆိုပြီး Dr Jeffrey Lewis က ရှင်းပြပါတယ်။

အဲဒီ့ စီမံကိန်း ရှိရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အထိ ထိပ်တန်း အဆင့်မြင့် စစ်ခေါင်းဆောင်တွေ လာခဲ့ကြောင်း ဒေသခံတွေရဲ့ ထွက်ဆိုချက် တွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီ စက်ရုံက ဘယ်လို လက်နက် အမျိုးအစား ထုတ်လုပ်နိုင်တယ် ဆိုတဲ့ အပေါ်မှာတော့ တိတိကျကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကြားမှာ မိသားစုဝင် ဖြစ်ချင်ရင် ဓာတုလက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်ကို တကယ် လေးစားလိုက်နာ ကြောင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။

၁၉၉၃ ကတည်းက စာချုပ်မှာ လက်မှတ် ထိုးထား ခဲ့ပေမယ့် အခု အနှစ် ၂ဝ ကျော် ကြာ အထိ အကောင် အထည် မဖော်သေးပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း ကို ဒီလောက် တန်ဖိုးကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ စက်ရုံကနေ ဘာတွေ တကယ် ထုတ်လုပ်နေတာလဲ ဆိုတာ အစစ်အဆေး ခံနိုင်ရပါမယ်။

မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံ နေမှုမျိုး ကို စွန့်လွှတ်ရမယ် ဆိုပြီး ပြောသွားပါတယ်။

ဒီ အဆောက်အဦကို ဓာတု လက်နက်စက်ရုံ ဆိုပြီး မြန်မာ ပြည်တွင်းက ယူနတီဂျာနယ်မှာ ဓာတ်ပုံတွေနဲ့ ဒီနှစ်စပိုင်းမှာ ဖော်ပြ ခဲ့ဖူးပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သတင်းထောက်တွေကို အရေး ယူခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

တားမြစ်နယ်မြေကို ကျူးကျော်ခြင်းကြောင့်သာ ယူနတီဂျာနယ်ကို တရားစွဲဆိုခဲ့ခြင်းဟု ရဲမှူးထွက်ဆို



ဇန်န၀ါရီလအတွင်း ရေးသားထုတ်ဝေခဲ့သော ယူနတီ ဂျာနယ်၏ မျက်နှာဖုံးပါ သတင်းဆောင်းပါး နှစ်ပုဒ်ကြောင့် ဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့ကို နိုင်ငံတော် လျှို့ဝှက် ချက် အက်ဥပဒေဖြင့် သမ္မတရုံးက အမှုဖွင့် တရားစွဲဆိုခဲ့သော်လည်း အမှုစစ်ဖြစ်သူ နေပြည် တော်မှ ဒုရဲမှူး ဦးမောင်မောင်သန်းက တားမြစ် နယ်မြေကို ကျူးကျော်ခဲ့ခြင်းကြောင့်သာ တရား စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရှေ့နေ ဒေါ်အေးအေးသက် က ပြောသည်။


ပခုက္ကူခရိုင်တရားရုံး၌ မေ ၆ ရက်က ပြုလုပ်ခဲ့သည့် ယူနတီဂျာနယ်၏ အမှုရုံးချိန်းတွင် ရှေ့နေ ဒေါ်အေးအေးသက်၏ မေးမြန်းမှုကို ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

"သူဖြေခဲ့တာက ယူနတီဂျာနယ်က သတင်းထောက်တွေကို တရားစွဲခဲ့တာက လျှို့ဝှက် ဓာတုလက်နက်လို့ ရေးခဲ့လို့ မဟုတ်ဘူး။ တားမြစ်ထားတဲ့နေရာကို ၀င်လာလို့ စွဲတာဆိုပြီး ထွက်ဆိုခဲ့တယ်။ အဲဒီလို ထွက်ဆို တော့ စွဲထားတဲ့ ပုဒ်မနဲ့က တော်တော်လွဲသွားပြီ"ဟု ဒေါ်အေးအေးသက်က ပြောသည်။

အမှုစစ်မှ ထိုသို့ဖြေကြားခဲ့ခြင်းကြောင့် ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခဲ့ရာမှ အခြားဥပဒေပုဒ်မ တစ်ခုခုသို့ ပြောင်းလဲသွားနိုင်သည့်အပြင် ယူနတီဂျာနယ်၏ ရှစ်ကြိမ်မြောက် ရုံးချိန်းနှင့် ရှေ့ရုံးချိန်းများတွင် တရားလိုပြ သက်သေ ၂၉ ယောက်အထိ စစ်ဆေးခဲ့ပြီး ထိုသူများ၏ ထွက်ဆိုချက်များမှာလည်း စွဲဆိုထားသည့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

"ဘယ်ဥပဒေနဲ့ ပြန်စွဲမလဲဆိုတာကိုတော့ ပြောလို့မရဘူး။ ဒါပေမဲ့ အခုလိုထွက်ဆိုထားတာတွေကို ကြည့်ခြင်းဖြင့် တရားဥပဒေအရ လုပ်မယ်ဆိုရင် စွဲထားတဲ့ ဥပဒေက ပြောင်းကို ပြောင်းရတော့မှာ ဖြစ်တယ်။ ဒါမှမဟုတ် ဒီအတိုင်းပဲဖြစ်နေဦးမယ်ဆိုရင် တိုင်းအဆင့်ထိ ထပ်တက်ရမှာပေါ့"ဟု ရှေ့နေ ဒေါ်အေးအေးသက်က ပြောသည်။

ထို့ပြင် စတုတ္ထမြောက်ရုံးချိန်းတွင် တရားစွဲဆိုခံရသူများ၏ ရှေ့နေများက ယူနတီဂျာနယ်တွင် ရေးသားဖော်ပြခဲ့သော စက်ရုံမှာ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဟုတ်၊ မဟုတ်ကို တရားလိုဖြစ်သူ အမှတ်(၂၄)၊ကာကွယ်ရေး ပစ္စည်း၊ စက်ရုံဌာနမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးကို မေးမြန်းခဲ့ရာ ၎င်းက မဟုတ်ကြောင်း ပြန်လည် ထွက်ဆိုထားသည်ဟု သိရသည်။

သတင်းထောက်များအား စက်ရုံအနီးသို့ ခေါ်ဆောင်သွားသူ တရားလိုပြ သက်သေ ဒေသခံ လယ်သမား ကိုထွန်းအောင်ကျော် ကလည်း ထိုအချိန်၌ စက်ရုံဧရိယာနှင့် အနီးတစ်ဝိုက်တွင် ဓာတ်ပုံမရိုက်ရ ဆိုင်းဘုတ် များနှင့် ခွင့်မပြုဘဲ မည်သူမျှ မ၀င်ရဟူသော ဆိုင်းဘုတ်များကို မမြင်ဘူးကြောင်း စသည်တို့ကို ထွက်ဆို ခဲ့ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

ယူနတီဂျာနယ်၏အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အမိန့် ချမည်ဟု ရှေ့နေဒေါ်အေးအေးသက် ထံမှ သိရပြီး ထိုနေ့များ၌ပင် ဂျာနယ်၏ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာတိုင်း(မ်)

ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ နေပြည်တော်- ရန်ကုန် ခရီးစဉ် ပိတ်သိမ်း



နေပြည်တော်မှ ရန်ကုန်သို့ မေ၁၂ရက် ညနေ ၆ နာရီက နေပြည်တော် မြို့မဈေး ကားဂိတ်မှ ရန်ကုန် မြို့သို့ ခရီးသည် ၄၆ဦး တင်ဆောင် ထွက်ခွာ လာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ည ၆နာရီ ၄၅မိနစ်တွင် အရှိန် မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် (၁၉၇/၆)ကို စတင် တိုက်မိပြီး ဝက်လက် မီးရထား ခုံးကျော် တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတား အောက် သို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။


ယာဉ်ပေါ်၌ ယာဉ်မောင်းတစ်ဦး၊ အကူယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး အပါအဝင် ခရီးသည် အမျိုးသား ၂၉ဦး၊ အမျိုးသမီး ၁၇ဦး၊ စုစုပေါင်း ၄၆ဦးပါရှိသည့် အနက် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး လေးဦး၊ စုစု ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး နေပြည်တော် ခုတင် - ၁ဝဝဝ ဆေးရုံကြီး၌ အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၂ ဦး၊ လယ်ဝေး မြို့နယ် ပြည်သူ့ဆေးရုံ၌ အမျိုးသား နှစ်ဦး၊ အမျိုး သမီး တစ်ဦး၊ ပေါင်းအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၃ဦး၊ စုစုပေါင်း ၃၁ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက် ရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး ယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူ ပို့ဆောင်ရေး၌ စနစ်တကျ ကြီးကြပ်ရန် အားနည်း ခဲ့ခြင်းကြောင့် ရာဇာမင်း ခရီး သည် ပို့ဆောင်ရေး မော်တော်ယာဉ် အသင်း၏ ရန်ကုန်- နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး အဖွဲ့မှ ၂ဝ၁၄ခုနှစ် မေ ၁၅ရက်မှ စတင်၍ ပိတ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

ထီးတန်းဆိပ်ကမ်းဝင်းအတွင်း လူငယ်နှစ်ဦး ကွန်တိန်နာပုံး ပိ၍သေဆုံး

ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ နိုင်ငံတကာ ကုန်တင်သင်္ဘောများ ဆိုက်ကပ်လျက်ရှိသည့် ထီးတန်းဆိပ် ကမ်းဝင်းအတွင်း ကုန်တင်ကုန်ချပြုလုပ်သည့် လူငယ်နှစ်ဦး ကွန်တိန်နာပုံးပိ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ် ခု မေ ၇ ရက်၊ ညနေ ၃ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် ထားသည်။


သဆုံးသူ လူငယ်နှစ်ဦးမှာ ကျောက်ပန်းတောင်းမြို့နယ်မှဟု လတ်တလော အတည်ပြုထားပြီး အသက် (၁၇) နှစ်ရှိ လူငယ်တစ်ဦးနှင့် အသက်(၂၀)အရွယ် လူငယ်တစ်ဦး ဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ကွန်တိန်နာသယ်ယူသည့် ယန္တရားမောင်းနှင်သူ ကိုထွန်းအောင်ရွှေ (၂၇)နှစ်သည် ကွန်တိန်နာများကို နေရာချနေစဉ် ကွန်တိန်နာပုံးများအကြား အိပ်ပျော် နေသည့် မောင်သက်ပိုင်ဖြိုးနိုင်ဦး(၁၇)နှစ်နှင့်မောင်ဇော်(၂၀)နှစ်တို့ နှစ်ဦးအပေါ် ကွန်တိန်နာပုံးများ ပိမိ ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယင်းသို့ပိမိခြင်းကြောင့် မောင်သက်ပိုင်ဖြိုးတွင် နှာတံရိုးကျိုး၊ ၀ဲလက်မောင်းညိုမဲ ဒဏ်ရာများရရှိခဲ့ပြီး မောင်ဇော်တွင် ၀ဲပခုံး ညိုမဲဒဏ်ရာ၊ ယာလက်ကျိုးဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံး ခဲ့ခြင်း ဖြစ်သည်။

ကွန်တိန်နာပုံး သယ်ယူသည့် ယန္တရားအား လူသေဆုံးသည်အထိ ပေါ့ဆစွာမောင်းနှင်သော ကိုထွန်း အောင်ရွှေအား အရေးယူပေးပါရန် ဒု-ရဲအုပ်ထွန်းထွန်းလတ်၏ တိုင်ကြားမှုကို ကြည့်မြင်တိုင် ရဲစခန်းမှ (ပ) ၂၉၄/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄ က ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

Credit : http://abbsoluteright.blogspot.com/2014/05/blog-post_5946.html

နိုင်ငံရေး သေတွင်းတူးခြင်း == ( ဇာဂနာ )



နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဟု ဆိုကြသည်။ တချို့ကတော့ မိမိ ရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေဟု ဆိုပြန် သည်။ ကျွန်တော် ကြုံတွေ့ ရပုံကတော့ တစ်မျိုး တစ်ဖုံ ဖြစ်သွားခဲ့ချေပြီ။


ကျွန်တော် စာပေဟောပြောပွဲ မဟောဖြစ်တာ တော်တော်ကြာပြီ။ ကိုးလကျော်ခဲ့ပြီ။ ဆေးရုံနှစ်ခါ တက်လိုက်ရသဖြင့် ကျန်းမာရေး တော်တော် ချူချာသော နှစ်ဖြစ်ခဲ့၏။ ဆရာဝန်ကလည်း အလုပ်တွေ လျှော့ခိုင်းသည်။ ကျွန်တော်က လျှော့မရ။ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အလုပ်တွေကပိသည်။ ငြိမ်းချမ်းရေး ပွဲတော်တွေကိုလည်း လုပ်မိပြန်တော့ အနားမရနိုင်။ သေချာတာကတော့ နိုင်ငံရေးနှင့် ကျွန်တော် ဝေးဝေးနေလို့ မရချေ။ ကျွန်တော့် အ၀န်းအ၀ိုင်းကိုက နိုင်ငံရေး မိသားစု ဖြစ်နေသည်။ နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် မျက်နှာသစ် နေသူများဖြစ်၏။ အားမလို အားမရဖြစ်တာတွေကို မချိတင်ကဲလည်း ပြောကြ၊ ရင်ဖွင့်ကြသည်။

ကျွန်တော့် မိတ်ဆွေတွေက ကျွန်တော့်ကို စာပေ ဟောပြောပွဲတွေ ဟောစေချင်သည်။ ကျွန်တော့် စာပေဟောပြောပွဲ အခွေတွေက တော်တော်ပြန့်သည်။ အမြန်ကားကြီးတွေ ပေါ်မှာတောင် ပြသည်ဆို၏။ နယ်က လူငယ်တွေက ကျွန်တော့် ဟောပြောပွဲ အခွေကို ကြည့်ပြီး၊ နားထောင်ပြီး ဆွေးနွေးပွဲတွေ လုပ်ကြသည်တဲ့။ ရန်ကုန်ကို တချို့ရောက်လာကြပြီး ကျွန်တော်နှင့် လာဆွေးနွေးကြသည်။ ကျွန်တော်က နိုင်ငံရေး ပါရဂူ မဟုတ်သလို ပုရောဟိတ်လည်း မဟုတ်ချေ။ နိုင်ငံရေးကို ၀ါသနာပါလို့ လေ့လာနေခြင်း သက်သက်သာ။ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကမှ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘာဘွဲ့မှ မရခဲ့ဖူးချေ။

တချို့လူငယ်တွေက နိုင်ငံရေးသမား လူကြီးတွေကို အစာမကျေ။ မြန်မာ့နိုင်ငံရေး အရွေ့မှာ လမ်းပိတ်ဆို့နေသည်၊ လမ်းပျောက်နေသည်၊ လမ်းပျက်နေသည်ဟု ဆိုကြ၏။ မဆလခေတ် က ဦးနေ၀င်း၏ တစ်မိန့်တည်းကိုသာ နာခံပြီး လိုက်လုပ်နေခဲ့ကြရပုံနှင့် နှိုင်းယှဉ်လာကြသည်။ ဒီမိုကရက်တစ် အာဏာရှင် ဖြစ်နေပြီဟုလည်း ရင်ထုမနာ ဆိုကြသည်။ ဧကရာဇ်မှသည် ဧကရီဆီသို့ ရွှေ့လာပြီဟု ဆိုပြန်သည်။ ကျွန်တော် နိုင်သလောက် ရှင်း၏။ မရချေ။

စာပေ ဟောပြောပွဲတွေမှာ စာရေးဆရာတွေက နိုင်ငံရေးကို လက်သီးလက်မောင်းတန်း ဟောသည်။ တချို့ဆိုလျှင် ပရိသတ်ကို ဒို့အရေး အော်ခိုင်းသည်။ တချို့က အစိုးရကို ဆဲခိုင်းသည်။ စိမ်ခေါ်ခိုင်းသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျွန်တော်ချစ်သည်။ လေးစား သည်။ အလွဲသုံးစား မလုပ်ကြစေချင်။ သို့သော် ကိုယ်ပြောတာကို သူတို့နားထောင်မည် မထင်။ ထို့ကြောင့် ဘာဝေဖန်မှုမှ မပေးတော့ဘဲထိုသို့သော ဟောပြောသူများကို ရှောင်လိုက်သည်။ သို့နှင့် စာပေ ဟောပြောပွဲနှင့် ကျွန်တော် ဝေးခဲ့ရသည်။

သို့တစေ တော်တော်များများသော ပရိသတ်တွေက တောင်းဆိုသည်။ ပြောစေချင် ကြသည်။ ကျွန်တော် ထောင်ထဲ ရောက်နေစဉ်က အတူနေ မိတ်ဆွေတွေရှိသည်။ သူတို့ကို ကျွန်တော်က နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်တွေကို ဘာသာပြန်ပေးပြီး ဖတ်စေ ခဲ့၏။ ကျွန်တော့် မိတ်ဆွေတွေ ပေးပို့လိုက်သော အင်ဒရူးဟေးဝုဒ်၊ ပိတာရှရိုးဒါး၊ လယ်ရီဒိုင်းမွန်း၊ ရောဘတ် အေဒါးလ်၊ ဖူးကူယာမား စသည့် စာရေးဆရာများ၏ စာအုပ် တွေကို ကျွန်တော်က ဖတ်လည်းဖတ်ပြသည်။ ဘာသာပြန်ပြီးလည်း ပေးဖတ်သည်။ သူတို့တတွေက ကျွန်တော့ကို ထိုစာတွေ စုပေါင်းပြီး စာအုပ်ထုတ်ဖို့ ပြောသည်။ ကျွန်တော်က လိပ်ပြာမလုံ။

သို့သော် စာပေ ဟောပြောပွဲတွေ၊ သင်တန်းတွေမှာတော့ ထိုစာအုပ်တွေထဲက ထုတ်နှုတ် ထားသော မှတ်စုတွေကို ပြောဖြစ် ဟောဖြစ်သည်။ နောက်ထပ် ဖတ်မှတ်မိသော လေ့လာမိသော စာတွေကိုလည်း မျှဝေပေးခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော် စာပေ ဟောပြောပွဲ တစ်ခါဟောဖို့ တော်တော် အရှိန်ယူရသည်။ အချိန်လည်း ယူရသည်။ ပေါ့လွယ်လွယ် မဟော မပြောချင်။ ပရိသတ်ကို ရယ်စရာတွေ ပြောဖို့ ကျွန်တော် ဘာမှမခက်။ သို့သော် ဒါအငြိမ့်ဇာတ်ခုံ မဟုတ်။ အပျင်းပြေ စိတ်အညောင်းပြေ ရယ်မောစရာလေးတွေ ညှပ်ပြောတာမျိုးလောက်သာ ပြောရ၏။ ကျွန်တော်နှင့်စိတ်ချင်း စေတနာချင်းတူသော ဇော်သက်ထွေး၊ နေဘုန်းလတ်တို့နှင့် တိုင်ပင်ပြီး ဟောပြောပွဲတွေကို ရည်ရွယ်ချက် တစ်ခုထားပြီး ထိထိရောက်ရောက် ပြောကြဖို့ တိုင်ပင်မိသည်။

ကျွန်တော်ငယ်ငယ်က စာပေ ဟောပြောပွဲတွေ တော်တော်များများ နားထောင်ဖူးသည်။ ဦးကိုယုတို့ ဆရာဗိုလ်သခင်ဆရာတို့ ပြောတာတွေကို သဘောကျသည်။ သူတို့ ဟောတာ၊ ပြောတာ နားထောင်ပြီးလျှင် ကျွန်တော် စဉ်းစားစရာတွေ အများကြီးရသည်။ ဆက်ဖြန့် တွေးတောစရာတွေလည်း ရသည်။ ကျွန်တော်က ဒီလိုပုံစံကို နှစ်ခြိုက်သည်။ ကိုဇော်သက်ထွေးက သတင်းသမားပီပီ သတင်း လွတ်လပ်ခွင့်ကို ဇောင်းပေးချင်သည်။

တစ်ဆက်တည်းမှာ ဒီမိုကရေစီ နိုင်ငံတော် ဆီသွားချင်ပါက စောင့်ကြည့်ရမည့် ၀တ္တရားတွေ တင်ပြချင်သည်။ ကိုနေဘုန်းလတ်က လူလူချင်း အမုန်းပွားစေမည့် စကားတွေ ဘယ်လောက် အန္တရယ်ကြီးကြောင်း တင်ပြမည်။ တချို့ကတော့ ကိုနေဘုန်းလတ်၏ ရည်ရွယ်ချက်ကို တိတိပပ နားလည်ဟန်မတူ။ အစိုးရက မုန်းမှာ ကြောက်လို့လားဟု ခနဲ့သည်။ ပြဿနာ မရှိပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့သာ လိုအပ်တာ ဖြစ်၏။ ငြင်းရ ခုန်ရတာသည် အရသာ။

သို့ဖြင့် ၀က်လက်မြို့နယ်ထဲက ရွှေပန်းကုန်း ကျေးရွာနှင့် လားရှိုးတို့မှာ ဟောပြောခွင့် ရသည်။ ရွှေပန်းကုန်းမှာ ကွင်းပြည့်ခမန်း လာနားထောင်သောပရိသတ်တို့၏ ရေချိန် ကမြင့်သည်။ ကျွန်တော်က တစ်ယောက်တည်း တစ်လမ်းသွား ဟောရတာ မကြိုက်၊ ပရိသတ်နှင့် အပြန်အလှန် ပြောချင် မေးချင်သည်။ ဒီမှာတင် ပြဿနာက တက်တော့၏။ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တဲ့ကိစ္စက ကျွန်တော်တို့ ရပ်သူရွာသားတွေနဲ့ ဆိုင်သလား) လို့ မေးလာ၏။ ကျွန်တော် ဖြေဖို့ခက်သည်။

ကျွန်တော် ပြောဟောနေသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်း မဟုတ်။ ကျွန်တော် သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုထိုးထိုးဖောက်ဖောက် ဆွေးနွေးနိုင်မည့်သူမဟုတ်။ ပြည်သူ တွေမှာ တာဝန်ရှိပါတယ်လို့ မယုတ်မလွန် ဖြေလိုက်မိတော့ ဒါဆို လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ဖို့လဲလို့ မေးခွန်းက ဆက်လာပြန်သည်။ ကျွန်တော် တော်တော် ဖြေရကျပ်သည်။ ဒါစာပေ ဟောပြောပွဲ နိုင်ငံရေး တရားဟောပွဲ မဟုတ်ပါဘူးလို့ ဘုတောလို့က မဖြစ်။ ဒီအကြောင်း ဆွေးနွေးဖို့ အချိန်ယူ ရပါဦးမည်။ နောက်အလျဉ်းသင့်တော့ ဆွေးနွေးကြတာပေါ့ဟု ချွေးသိပ်ခဲ့ရသည်။ ကိုယ့်ကိုယ်ကိုလည်း သိပ်မကျေနပ်ချင်။

လားရှိုးရောက်တော့ ပြဿနာနာက်တစ်မျိုး တက်ပြန်သည်။ ဒုတိယ သမ္မတလာမှာမို့ ဟောပြောပွဲ နောက်တစ်ရက် ဆုတ်ခိုင်းသည်။ ဒုတိယ သမ္မတနှင့် ဟောပြောပွဲ ဘယ်လိုမှ မပတ်သက်ချေ။ ဒီလို စရိုက်ဆိုးတွေ အမွေအဖြစ် ကျန်နေခဲ့တာ တော်တော်ဆိုးသည်။

သို့ဖြင့် စာပေ ဟောပြောပွဲက NLD ရုံးချုပ်ထဲသို့ ရောက်သွားသည်။ လူတို့၏ သဘာဝ ဒါမျိုးဆို ပိုအားပေးတတ်သည်။ ဒီတော့ NLDရုံးဘေး မြေကွက်လပ်ကြီး တစ်ခုလုံး ပြည့်သွားသည်။ ဒီနေရာမှာတင် ပွဲကိုစီစဉ်သော မေတ္တာပန်းခင်း လူငယ်ကလေးများ မျက်လုံး ပြူးရတော့သည်။ ထုံစံအတိုင်း မြို့နယ်အုပ်ချုပ်ရေးက လုံခြုံရေး ဘန်းပြ လာသည်။ ဒါတွေကို စာပေ ဟောပြောပွဲထဲမှာ ခပ်စပ်စပ် ကလေးဟောဖို့၊ ထည့်ပြီး ပြောဖို့ လာတိုက်တွန်းကြသည်။ ကျွန်တော်တို့ တစ်ယောက်မှ ထိုကိစ္စကို မပြောခဲ့ကြပါ။

ကျွန်တ်ာတို့၏ မူလ ရည်မှန်းချက်သည် မေတ္တာပန်းခင်း လူမှုကူညီရေး အဖွဲ့အတွက် မုဒိတာ ပြောဖို့ဖြစ်သည်။ ထစ်ကနဲရှိ ရန်ထောင်နေဖို့မဟုတ်။ကျွန်တော်တို့ ပြောနေ ဟောနေတာတွေကို ဒုတိယ သမ္မတ လာနားထောင်လျှင်လည်း သဘောတူပါလိမ့်မည်။

တိုးတက်ချင်သော လူငယ်တိုင်း အတွက် လေ့ကျင့်မွေးမြူရမည့် ဓလေ့စရိုက်တွေကို ကျွန်တော်တို့ ဟောပြောကြခြင်း ဖြစ်သည်။ သတင်းလာယူသော ရဲထောက်လှမ်းရေးတွေ၊ ခရိုင် အုပ်ချုပ်ရေး သမားတွေပါ နှစ်ခြိုက်သွားကြသည်။ ပွဲစီစဉ်သူ လူငယ်များလည်း မျက်နှာပန်းလှကြ၏။ အထူးသဖြင့် ကျွန်တော့် သူငယ်ချင်း ဒေါက်တာ လင်းထွဋ်(ခေါ်) ပလာယာကြီး ပြုံးဖြီးဖြီး ဖြစ်သွားတော့လေသည်။

ဒီနေရာမှာ သင်ခန်းစာနှစ်ခု ရလိုက်သည်။ တစ်ခုက စိတ်ခံစားမှုကို ဦးစားပေးပြီး ဆတ်ဆတ်ထိမခံ တုံ့ပြန်တာမျိုး မလုပ်မိဖို့ ဖြစ်သည်။ နောက်တစ်ခုကတော့ ကိုယ့်ပြိုင်ဖက် ကို အားကောင်းသွားအောင် မလုပ်စေဖို့ ဖြစ်သည်။

သေသေချာချာ စဉ်းစားလိုက်လျှင် လူမှုကူညီရေး အဖွဲ့သည် NLD ပါတီ မဟုတ်ချေ။ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သည် ကြံ့ခိုင်ရေး၏ မဟာမိတ် ဖြစ်သည်။

ခုတော့ NLDရုံးထဲ လူစုအောင်၊ အားတောင့်တင်းအောင် လုပ်ပေးလိုက်သလိုနှယ်။ မြို့နယ် က လူတွေက အုပ်ချုပ်ရေး အဖွဲ့ကို မေတ္တာပို့ကြသလို NLDကို ချစ်အားတွေ ပိုကြ လေတော့၏။

ဒီတော့ ကျွန်တော် အထက်က စကားကို ပြန်ဆက်ပါတော့မည်။ ရန်သူတွေ၊ မိတ်ဆွေတွေ မဟုတ်သည့်တိုင် ပြိုင်ဖက်တော့ဖြစ်သည်။ ကိုယ့်ယောက်ဖကို ဗိုင်ရာဂရာ လက်ဆောင် ပေးတာမျိုးသည် နိုင်ငံရေးမှာ သေတွင်းတူးခြင်းပင်။

ဇာဂနာ

( Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါ ဆောင်းပါး )..Kyaw Swar Myint