Thursday, April 3, 2014

သမ္မတဦးသိန်းစိန်၏ မျိုးစောင့်ဥပဒေများ မေလတွင် ပြည်သူကို ချပြမည်



သမ္မတ ဦးသိန်းစိန်၏ အမိန့်အရ ရေးဆွဲလျက် ရှိသော မျိုးစောင့် ဥပဒေကြမ်းများဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်း ခြင်း ဆိုင်ရာ ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ယခုနှစ် မေလကုန်ပိုင်း တွင် ပြည်သူ လူထု ထံသို့ ချပြမည်ဖြစ်ကြောင်း ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ သာသနာရေး ဒုဝန်ကြီး ဒေါက်တာမောင်မောင်ဌေး က ဧရာဝတီ သို့ ပြောသည်။


သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေများ ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြနိုင်ရေး အဖွဲ့ ၁၂ ဦးပါ မျိုးစောင့် ဥပဒေ ရေးဆွဲရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခြင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တာဝန် ပေးခြင်း များ မတ်လ အတွင်း လုပ်ဆောင်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်နှင့်အညီ မျိုးစောင့်ဥပဒေများ စတင်ရေးဆွဲ နေပြီ ဖြစ်ကြောင်း၊ ဥပဒေ များ ရေးဆွဲပြီးပါက ပြည်သူလူထုကို ချပြမည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး ထား၍ သမ္မတဦးသိန်းစိန်ထံ တင်ပြမည် ဖြစ်ကြောင်း သိရှိရသည်။

“ဥပဒေကြမ်းတွေ ရေးဆွဲပြီးသွားရင် မေလအတွင်းမှာတော့ Public ကို သိအောင် ချပြသွားဖို့ ရှိပါတယ်။ ဇွန်လ နောက်ဆုံးပတ်လောက်မှာ နိုင်ငံတော် သမ္မတကြီးဆီကို တင်မယ ” ဟု ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပသော ကလေးသူငယ်ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်လာသည့် ဒေါက်တာမောင်မောင်ဌေးက ဧရာဝတီသတင်းဌာနနှင့် ဧပြီလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုသည်။

လက်ရှိရေးဆွဲလျက်ရှိသော မျိုးစောင့်ဥပဒေများသည် ဗုဒ္ဓဘာသာ အမျိုးသမီးများအတွက်သာမက ဘာသာတိုင်း မှ အမျိုးသမီးများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး အမျိုးသမီးများ၏ ဘ၀ မနစ်နာရေး အတွက် ရေးဆွဲ ရခြင်းဖြစ်သည်ဟု ဒေါက်တာမောင်မောင်ဌေးက ရှင်းပြသည်။

“မြန်မာနိုင်ငံမှာက အိမ်ထောင်ရေး ကိစ္စတွေအပေါ်မှာ အခြေခံပြီးတော့ ဘာသာ ကူးပြောင်းကြတယ်။ ကျနော်တို့က ဘာသာကူးပြောင်းရင် ဘယ်လိုလုပ်မလဲဆိုတော့ မှတ်ပုံတင်ရမယ်။ တရားဝင် ဖြစ်ဖို့ ဥပဒေကြမ်း ဆွဲနေပါတယ်။ မျိုးစောင့် ဥပဒေလို့သာပြောတာ တကယ်တန်းတော့ ဘာသာခြားတဦးနဲ့ တဦး လက်ထပ် ထိမ်းမြား တဲ့အခါ အယူအဆချင်းက မတူကြဘူး။ မတူကြတဲ့အပေါ်မှာ နိုင်ငံသား အမျိုးသမီးတွေရဲ့ ဘ၀ မနစ်နာရအောင် အမျိုးသမီးတွေကို စောင့်ရှောက် ပေးမှာ။ အဲဒါက ဗုဒ္ဓဘာသာအမျိုးသမီးတွေအတွက်တင် မဟုတ်ဘူး။ ဘာသာတိုင်းအတွက်ဖြစ်မှာပါ” ဟု ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေ ရေးဆွဲရခြင်းသည် နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် လည်းဖြစ်၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ အပါအ၀င် ရဟန်းရှင်လူ ၁၃ သိန်းကျော်က လက်မှတ်ရေးထိုးတင်ပြ လာခြင်း ကြောင့် ဖြစ်သည် ဟု ထုတ်ပြန် ကြေညာထားသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက သမ္မတဦးသိန်းစိန်၏ မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရေး ကြိုးပမ်းမှုသည် အချိန်စောလွန်းပြီး နိုင်ငံအတွက် ပိုမို အရေးကြီးသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကိုသာ သမ္မတ အနေဖြင့် ပိုမိုအာရုံစိုက် သင့်ကြောင်း၊ မျိုးစောင့်ဥပဒေသည် သမ္မတဦးသိန်းစိန်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး ဗျူဟာ တရပ်ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

ပုဂ္ဂိုလ်စွဲ နိုင်ငံရေးမှ အဖွဲ့အစည်းအခြေပြု နိုင်ငံရေးသို့

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ မြန်မာ့နိုင်ငံရေးမှာ လူပုဂ္ဂိုလ်ရေးဆန်တဲ့ နိုင်ငံရေးကနေ အဖွဲ့အစည်းအခြေပြုတဲ့ နိုင်ငံရေး ဖြစ်တည်ပြောင်းလဲလာနိုင်မယ့် အခြေအနေ၊ အလားအလာတို့ကို မြန်မာ့အရေးလေ့လာ စောင့်ကြည့်နေသူ ဝါရှင်တန်ဒီစီ Georgetown တက္ကသိုလ်မှ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။


ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ တနှစ်ပဲလိုပါတော့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဘယ်လို နိုင်ငံအကြောင်းအရာတွေ၊ ဘယ်လို issue တွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ ပြောသံဆိုသံကို သိပ်မကြားရဘဲနဲ့ ဘယ်သူနဲ့ ဘယ်သူဟာ မဟာမိတ်ဖွဲ့ကြတယ်။ ဘယ်သူနဲ့ဘယ်သူဟာ သိပ်မတည့်ကြဘူး။ ဘယ်သူနဲ့ဘယ်သူ ပြိုင်မယ်စသဖြင့် ဒီလူပုဂ္ဂိုလ်ရေးရာတွေပဲ လွှမ်းမိုးနေတာကို တွေ့ရပါတယ်။ တနည်းအားဖြင့်ပြောရင် မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးဟာ personalized politics ဖြစ်နေတယ်။ Institutionalized politics ဖြစ်မနေပါဘူး။ အဲဒါ ဘာကြောင့်လို့ -

Prof. Steinberg ။ ။ ဒါကတော့ ဟိုအစကတည်းက မြန်မာ့နိုင်ငံရေးဟာ ပုဂ္ဂိုလ်ရေးနဲ့အာဏာ ဆက်စပ်နေပါတယ်။ ဒီနိုင်ငံရဲ့  အာဏာဆိုတာ လူပုဂ္ဂိုလ်အပေါ် သိပ်ကိုမူတည်နေပါတယ်။ လူ့အဖွဲ့အစည်းတွေဟာ ပိုမိုရင့်ကြပ်တဲ့ နိုင်ငံရေးစနစ်ကို ရောက်ရှိလာတာနဲ့အမျှ အာဏာဆိုတာ အဖွဲ့အစည်းကို အခြေခံလာတတ်ပါတယ်။ အုံနဲ့ကျင်းနဲ့ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အာဏာဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့  ကိုယ်ရေးကိုယ်တာ မဟုတ်တော့ဘဲ အဲဒီပုဂ္ဂိုလ် ပါဝင်တဲ့အဖွဲ့အစည်းတခုလုံးနဲ့ ပတ်သက်လာပါတယ်။ ဥပမာ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာ အာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေပါလာတယ်ဆိုရင် အဲဒီ ကွန်ဂရက်တခုလုံး ပိုမိုအင်အားကြီးလာတတ်ပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ခွဲခြားနားလည်းဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အာဏာဟာ လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်နေတယ်ဆိုတာကတော့ သိပ်အံ့သြစရာတော့ မရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း လူပုဂ္ဂိုလ်တဦးတယောက်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး personalized politics ကနေပြီးတော့ အုံနဲ့ကျင်းနဲ့ အဖွဲ့အစည်းကို အခြေပြုတဲ့ institutionalized politics ဖြစ်လာဖို့အတွက် အချိန်ဘယ်လောက်ကြာအုံးမယ်လို့ ခန့်မှန်းနိုင်ပါသလဲ။

Prof. Steinberg ။ ။ ဒါကတော့ အတော်ကို ကြာအုံးမှာပါ။ ဒီအဆောက်အအုံတွေကို ဖွံ့ဖြိုးအောင် လုပ်ရအုံးမှာပါ။ လူထုအနေနဲ့ကလည်း ဒီအဆောက်အအုံ၊ အဖွဲ့အစည်းတွေကို မှီခိုရပ်တည်လာကြရမှာ ဖြစ်ပါတယ်။ အာဏာကြီးမားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီအဆောက်အအုံ အဖွဲ့အစည်းဆိုတာဟာ လူပုဂ္ဂိုလ်တဦးချင်းထက် ပိုမိုအဓွန်ရှည် ခိုင်မြဲတယ်ဆိုတာကို နားလည်းသဘောပေါက်ကြရပါလိမ့်မယ်။ သူတို့ဟာ သူတို့လူ့အဖွဲ့အစည်းရဲ့  အကျိုးစီးပွားကို တကယ်တမ်း မျှော်မှန်းတယ်၊ လိုလားတယ်ဆိုရင် ဒီ institution တွေ အဆောက်အအုံတွေကို ခိုင်မာကြီးထွားအောင် လုပ်ပေးကြဖို့ လိုအပ်ပါတယ်။ နောက်ပြီး ဒီမိုကရေစီတခုရဲ့  ဂုဏ်အင်္ဂါတရပ်ဟာ pluralism ကွဲလွဲထွေပြားတဲ့ အယူအဆကို အခြေခံတယ့်အချက်ပါ။ ဒါကြောင့် အုပ်ချုပ်ရေးကဏ္ဍ၊ တရားဥပဒေပြုကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍတို့အကြား တစုံတခုသော အတိုင်းအတာအထိ ကွဲလွဲမှု ရှိတတ်ပါတယ်။ တင်းမာမှုဆိုတာလည်း အထိုက်အလျောက် ရှိနိုင်ပါတယ်။ ဒါကို မကောင်းတဲ့အချက်လို့ မဆိုနိုင်ပါဘူး။ မြန်မာပြည်ဆိုရင် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီအသွင် ပြောင်းနေတဲ့ကာလဆိုတော့ တင်းမာမှုကို ပိုပြီးတော့ တွေ့ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံဟာ အခုလက်ရှိ ပုဂ္ဂိုလ်တဦးချင်း အခြေပြုတဲ့နိုင်ငံရေးကနေ နောက်တဆင့် လှမ်းနေတာဟာ အဆောက်အအုံကို အခြေပြုတဲ့နိုင်ငံရေးဆီကို ပြောင်းလဲနေတယ်လို့ မှန်မှန်ကန်ကန် ပြောနိုင်ပါရဲ့ လား။ တနည်းအားဖြင့် အဲဒီလို မဟုတ်ဘဲနဲ့ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု cult of personality ခေါ်တဲ့ ဘက်ကို ဦးတည်သွားတယ်ဆိုတာကော မဖြစ်နိုင်ဘူးလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံဟာ အဆောက်အအုံအခြေပြု နိုင်ငံရေးဆီကို ဦးတည်နေတယ်လို့ ကျနော်အနေနဲ့ မပြောနိုင်ပါဘူး။ ဖြစ်ပါစေလို့ပဲ ကျနော် မျှော်လင့်ပါတယ်။ တိုင်းပြည်ရဲ့  အနာဂတ်အတွက် ဒီလိုပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ပုဂ္ဂိုလ်တဦးချင်းကို ဦးတည်အခြေပြုနေတာကို တွေ့နေရပါတယ်။ အတိုက်အခံပဲဖြစ်ဖြစ်၊ အစိုးရဖက်မှာပဲဖြစ်ဖြစ် အခိုင်အမာဆုံး၊ အတောင့်အတင်းဆုံးဖြစ်တဲ့ စစ်တပ်မှာတောင် ပုဂ္ဂိုလ်တဦးချင်းဆီ ဗဟိုပြုနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ဟာ ဒီအတိုင်း လုပ်လာတာပါ။ ဒါဟာ စိတ်ပျက်စရာကောင်းတယ်ဆိုပေမယ့် အံ့သြစရာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလိုမျိုး ပုဂ္ဂိုလ်တဦးတယောက်ကို အခြေပြုနေတဲ့ နိုင်ငံရေးသာ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်အနာဂတ်အတွက် ကောင်းပါရဲ့ လား။

Prof. Steinberg ။ ။ တိုင်းပြည်အနာဂတ်အတွက် ဒါကို ပြောင်းလဲပြစ်ရပါလိမ့်မယ်။ ခင်များပြောတဲ့ လက်ရှိ အဓိကဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေဟာ မျက်နာချင်းဆိုင်ထိုင်ပြီးတော့ ဒီအချက်၊ ဒီအချက်တွေကိုပြင် ငါတို့ကတော့ သဘောမတူဘူး။ ဒါပေမဲ့ တိုင်းပြည်အနာဂတ်အတွက် တူညီတဲ့ပန်းတိုင်တရပ်ဆီကို ငါတို့ ဦးတည်ကြမယ်။ ဥပမာဆိုပါစို့ လူနည်းစု ပြဿနာတွေကို ဘယ်လိုကိုင်တွယ်မယ်။ မူစလင်တွေကိစ္စ ဘယ်လိုကိုင်တွယ်မယ်။ ဒါတွေကို ဘယ်လိုရှုမြင်သုံးသပ်မယ်ဆိုတာတွေကို ညှိကြရပါလိမ့်မယ်။ အနောက်တိုင်းရဲ့ အမြင်နဲ့ ကိုင်တွယ်စရာ မလိုပါဘူး။ မြန်မာ့ရှုထောင့်ကပဲကြည့်ပြီး မျှမျှတတ လုပ်ကြဖို့ လိုပါတယ်။ မြန်မာတွေပဲ ဆုံးဖြတ်ကိုင်တွယ်ကြရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာပြည်မှာတော့ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေက အခုန ဆရာကြီးပြောတဲ့အတိုင်း တိုင်းပြည်ကိစ္စကို ထိုင်ပြီးတော့ ညှိနှိုင်းဖို့၊ ပြောဆိုကြတာ သိပ်မကြားရပါဘူး။ ကြားနေရတဲ့ သတင်းတွေအရဆိုရင် ဘယ်သူဟာဖြစ် ဘယ်သူနဲ့ အလွမ်းသင့်တယ်။ ဘယ်သူနဲ့ မဟာမိတ်ဖြစ်နေတယ်။ ဘယ်သူကတော့ ဘာလိုချင်လို့ ဘယ်သူကို ကပ်နေတယ်။ ဒါမျိုးတွေပဲ ကြားနေရပါတယ်။

Prof. Steinberg ။ ။ ကောင်းပါပြီ။ ဒါဆိုရင် ဗမာပြည်မှာက အခုအခါမှာ သတင်းစာ လွတ်လပ်ခွင့် တွေကလည်း အတော်အသင့် ရှိနေပါပြီ။ ဒီလို ကိုယ်ရေးကိုယ်တာတွေထားပြီး တိုင်းပြည်အရေးကိစ္စတွေကို ပြောကြပါစို့ဆိုပြီး သတင်းစာတွေက ဘာကြောင့် မပြောကြတာလဲ။ ဒီလို မီဒီယာတွေကတဆင့် လူထုဟာ နိုင်ငံရေးအထင်ကရ ပုဂ္ဂိုလ်တွေကို ဖိအားပေးကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အခွင့်အရေးပါ။ ပြောတဲ့နေရာမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူဘယ်ဝါဆိုပြီး ပုဂ္ဂိုလ်စွဲနဲ့ ပြောဖို့မဟုတ်ပါဘူး။ ဒီပုဂ္ဂိုလ်ကြီးတွေဟာ လူနည်းစုကိစ္စ၊ လူထုကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွှမ်းပါးမှုစတဲ့ ဒီလိုပြဿနာတွေကို ပြောကြဖို့၊ ဆွေးနွေးကြဖို့ကို တွန်းအားပေးကြရမှာပါ။ 

ဦးကျော်ဇံသာ ။ ။ ခက်တာက မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်ဆိုတာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပါတယ်။ ပိုဆိုးတာက မီဒီယာ တော်တော်များများဟာ အခုန အထင်ကရ ပုဂ္ဂိုလ်တွေထဲက တချို့ ဆိုရင် မဝေဖန် ရဲဘူးခင်များ။ သူတို့ရဲ့  လူကြိုက်များမှုဟာ မီဒီယာထက်ကို များစွာအရှိန်အဝါ ကြီးမားနေတာ တွေ့ရပါတယ်။

Prof. Steinberg ။ ။ ဟုတ်ပါတယ်။ ဒါကလည်း ပြဿနာတခုပါ။ ဒါပေမဲ့ အခုဟာက အသွင်ကူးပြောင်းရေးကာလပါ။ ၁၉၆၂ ခုနှစ်ကတည်းက ဆင်ဆာဖြတ်တောက်မှု ရှိလာခဲ့ပါတယ်။ အခုလွတ်လပ်ခါစ သိပ်တော့အကဲဆတ်နေပါသေးတယ်။ နားလည်းရဖို့လည်း ခက်နေပါတယ်။ လွတ်လပ်ခွင့် တွေမှာ အကန့်အသတ်တွေကတော့ ရှိနေပါတယ်။ ဘယ်အထိ ဆက်သွားမယ်ဆိုတာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းပေါ် မူတည်ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင် ပြောမယ်ဆိုရင်တော့ သက်ဆိုင်ရာ အထင်ကရ ပုဂ္ဂိုလ်တွေကိုယ်၌က ဒီအခက်အခဲတွေကို သိမြင်နားလည်းရမယ်။ ကျော်လွှာနိုင်အောင်လည်း ကြိုးစားကြရမယ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချက်က မြန်မာနိုင်ငံမှာ ဒီလို ပုဂ္ဂိုလ်ရေးကို အခြေပြုတဲ့ နိုင်ငံရေးထွန်းကားနေတာဟာ မြန်မာနိုင်ငံမို့လို့များ ပိုဖြစ်နေတာလား။ ကျနော် စဉ်းစားမိတာက မြန်မာလူမျိုးတွေရဲ့  အစဉ်အလာကို၌က ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှုကို သိပ်ပြီးတော့ နှစ်သက်မြတ်နိုးကြတယ့်သဘောမျိုး ကျနော် တွေ့ရလို့ပါ။ အဲဒီလို ယဉ်ကျေးမှုနဲ့များ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာပဲ ဒီလို ဖြစ်နေသလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံမှာပဲ ဒီလို ထူးထူးခြားခြား ဖြစ်နေတယ်လို့တော့ ကျနော် မထင်ပါဘူး။ နိုင်ငံတိုင်း လူ့အဖွဲ့အစည်းတိုင်းမှာ သူ့ပုံစံနဲ့သူ ရှိတတ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ အနောက်နိုင်ငံလူ့အဖွဲ့အစည်းတွေမှာ ယေဘုယျအားဖြင့်တော့ အဖွဲ့အစည်းတွေဟာ ပုဂ္ဂိုလ်ကြီးတဦးချင်းထက် အာဏာပိုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ချွင်းချက်တချို့ တော့ နိုင်ငံအလိုက် ရှိနေပါတယ်။ ဒီနေရာမှာ အတွေးအခေါ်ဆန်တဲ့ သဘောထားတရပ် ရှိနေပါတယ်။ အာဏာဆိုတာ အကန့်အသတ်မရှိ ကျယ်ပြန့်တယ်လို့ ယူဆတဲ့လူ့အဖွဲ့အစည်းတွေမှာ အာဏာကို ခွဲဝေဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါပေမဲ့ အာဏာဆိုတာ အကန့်အသတ် ရှိတယ်လို့ မြင်ကြရင်တော့ ဘယ်သူနဲ့မှ ခွဲဝေမယူချင်ကြပါဘူး။ ဒါဟာ အတွေးအခေါ် အယူအဆ တရပ်ပါ။

ဦးကျော်ဇံသာ ။ ။ နောက်တခု မြန်မာပြည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ပုံရိပ်ဟာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပုံရိပ်ဟာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ အင်အားစုဖြစ်တယ်ဆိုပြီးတော့ ဖြစ်နေတာပါ။ လူတိုင်းက လက်ခံထားကြပါတယ်။ ဆိုတော့ သူတို့ပါတီက ဘာလုပ်လာမလဲ။ သူ အာဏာရရင် ဘာလုပ်လာမလဲဆိုတာကို လူတွေ စိတ်မဝင်စားကြတော့ဘူး။ ဒါကို စမ်းစစ်နေစရာ မလိုဘူးဆိုပြီးတော့များ လက်ခံထားကြတာလား။

Prof. Steinberg ။ ။ ကျနော်တော့ မသိပါဘူး။ ကျနော် သိတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း တခုမှ မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ NLD လည်း ဒီမိုကရေစီနည်းကျတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီလည်း ဒီမိုကရေစီ မဆန်ပါဘူး။ တရားစီရင်ရေးလည်း လွတ်လပ်မှု မရှိပါဘူး။ စစ်တပ်ဆိုတာကတော့ အစကတည်းက ဒီမိုကရေစီ မရှိတာပါ။ ဒါကြောင့် အချိန်ယူရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။ စိတ်ပျက်စရာကောင်းတယ် ဆိုပေမယ့်လည်း အံ့သြစရာ မဟုတ်ပါဘူး။ ဦးကျော်ဇံသာ ။ ။ ဆရာကြီးက NLD က ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုတော့ ဒါကို NLD က လက်ခံပါ့မလား။

Prof. Steinberg ။ ။ လက်ခံမယ် မထင်ပါဘူး။ ကျနော် ပြောတာက ဘယ်သူမှ လက်ခံကြမှာတော့ မဟုတ်ပါဘူး။ ကျနော်ကလည်း သူတို့ လက်ခံဖို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ လူတွေဟာ တိုင်းပြည်တခုလုံး အကျိုးရှိတဲ့ကိစ္စဟာ ဘာလဲဆိုတာ ပုဂ္ဂိုလ်ရေးတွေ ဘေးဖယ်ထားပြီး စဉ်းစားသင့်ပါတယ်။ အဓိကတော့ မြန်မာတွေ လုပ်ကြရမှာပါ။ တချို့ မြန်မာတွေ လုပ်ကြတာတွေလည်း ရှိပါတယ်။ မြန်မာပြည်အပေါ်မှာ စေတနာရှိတဲ့ နိုင်ငံခြားသားတွေလည်း ဒါကို စဉ်းစားကြရပါမယ်။ နားဝင်မချိုပေမယ့် အမှန်ကို ပြောကြရပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ NLD ကို ဒီမိုကရေစီ မဆန်ဘူးလို့ ဘာလို့ ပြောရသလဲဆိုတာကိုလည်း နည်းနည်းရှင်းပြပါ။

Prof. Steinberg ။ ။ ဆုံးဖြတ်ချက်တွေကို ခေါင်းဆောင်ပိုင်းက ချမှတ်တယ်။ ခေါင်းဆောင်မှုတဖွဲ့လုံးက ဒီဆုံးဖြတ်ချက်ကို ချမှတ်ကြတာမျိုး မဟုတ်ပါဘူး။ NLD ဟာ ဒီမိုကရေစီဆန်တဲ့ အဖွဲ့အစည်းအဖြစ် တခုကိုတော့ ရောက်လာမှာပါ။ မဖြစ်နိုင်ဘူးလို့ ကျနော် မဆိုလိုပါဘူး။ ဒါပေမဲ့ အခုလက်ရှိမှာတော့ ဆုံးဖြတ်ချက်တွေကို အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကပဲ ချမှတ်နေတာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ကို မကြိုက်ရင် ပါတီကထွက်ပြီး ပါတီသစ် ထောင်နိုင်ပါတယ်။ တချို့ ဆိုရင် ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါ။ ကျနော်က ဘယ်သူကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ကွက်ပြီးဝေဖန်နေတာမျိုး မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဒီလူ့အဖွဲ့အစည်းမှာ ဖြစ်နေတာကို ပြောတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလို လူပုဂ္ဂိုလ်အပေါ်မှာ အခြေပြုပြီးတော့ မဲပေးခဲ့ကြမယ်။ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို ဖြစ်လာမလဲ။

Prof. Steinberg ။ ။ ပါတီတခုချင်းဆီက သီးခြားမူဝါဒတရပ်ဆီ ကြေညာလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို မူဝါဒ ကြေညာချက် platform ဆိုတာ ပညာရေး ပိုကောင်းအောင်၊ ကျန်းမာရေး ပိုကောင်းအောင် လုပ်မယ်ဆိုတာနဲ့ မပြီးသေးပါဘူး။ ဒါတွေ ပိုကောင်းအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ်နဲ့တကွ ချပြရပါလိမ့်မယ်။ အခုတော့ ကျန်းမာရေး၊ ပညာရေး နဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝအခြေအနေကိုပဲ ပြောနေကြပါတယ်။ ဒါတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။

VOA

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း NCCT ရေးဆွဲပြီးဟုဆို

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တွင် အစိုးရနှင့် ညှိနှိုင်းရန် မူကြမ်းတစ်စောင် ရေးဆွဲမှု ပြီးစီးပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ရခိုင်တပ်မတော်- Arakan Army မှ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ပြောကြားသည်။


ယင်းမူကြမ်းကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့၌ အစည်းအဝေး နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ယင်းမူကြမ်းကို သဘောတူ ရေးဆွဲလိုက်ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က “ကျွန်တော်တို့ အခန်း ခုနစ်ခန်းကို ဆွေးနွေး ရေးဆွဲကြပါတယ်။ ဒီနေ့ NCCT ဘက်က ရေးလို့ ပြီးသွားပါပြီ။ အဲဒီမူဘောင်ကို ကိုင်ပြီးတော့ လာမယ့် ဧပြီလ ၅ ရက်နဲ့ ၆ ရက်နေ့မှာ ဆွေးနွေးမှာပါ” ဟု ရှင်းပြသည်။

ချင်းမိုင် အစည်းအဝေး၌ ကရင်အမျိုးသားအစည်းအရုံး KNU က တင်ပြလာသော မူကြမ်းနှင့် ကချင်လွတ်လပ်ရေးတပ် KIA၊ ချင်းအမျိုးသားတပ်ဦး- CNF တို့က တင်ပြချက်များကို ဆွေးနွေးခဲ့ကြပြီးနောက် NCCT ၏ မူကြမ်းအဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“KNU ဘက်ကလည်း ရေးဆွဲထားတဲ့ဟာကို တင်ပြပါတယ်။ CNF ဘက်ကလည်း တင်ပြတယ်။ KIO ကလည်း တင်ပြပါတယ်။ အဲဒါတွေကို စုပေါင်းပြီးတော့ လော်ခီးလာ မူဘောင်ကို အခြေခံပြီးတော့ အဲဒီအခန်း ၇ ခန်းထဲမှာ ထည့်ပြီး ရေးဆွဲထားတာပါ” ဟု အစည်းအဝေး တက်ရောက်သူ ဒုတိယဗိုလ်မှူးကြီး ကျော်ဟန်က ဆက်ပြောသည်။

မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များက မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) နှင့် NCCT အစည်းအဝေးမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းကို အခန်း ၇ ခန်းဖြင့် ရေးဆွဲရန် နှစ်ဘက်သဘောတူညီခဲ့ကြသည်။

ယင်း ၇ ခန်းတွင် အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အထွေထွေတို့ ပါဝင်သည်။

ယင်းမတ်လ အစည်းအဝေး၌ပင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းအတွက် ပူးတွဲရေးဆွဲရန် လုပ်ငန်းအဖွဲ့ တစ်ခုကို NCCT မှ ကိုးဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၊ လွှတ်တော်၊ တပ်မတော်တို့မှ သုံးဦးစီ ပါဝင်သည့် အစိုးရဘက်မှ ကိုးဦးတို့ဖြင့် ဖွဲ့စည်းရန်လည်း သဘောတူခဲ့ကြသည်။

NCCT ဘက်အတွက် ခြောက်ဦး ရွေးချယ်ထားပြီး ဖြစ်ကာ လိုအပ်နေသေးသော သုံးဦးအတွက် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် DKBA မှ ဗိုလ်မှူးလုံးလုံး၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ တာအိုက်ဖုန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSP/SSA မှ စိုင်းဘထွန်းတို့ကို ဧပြီ ၁ ရက်နေ့နှင့် ၂ ရက်နေ့ အစည်းအဝေးမှ ရွေးချယ်ခဲ့ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ဒေါ်စောမြရာဇာလင်းကို အရန်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

ယင်းအစည်းအဝေးသို့ NCCT အဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ တက်ရောက်ခြင်း မရှိကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောပြသည်။

နိုင်ဟံသာက “သူတို့ မတက်ရောက်နိုင်ဘူးဆိုတော့ အများဆုံးဖြတ်တဲ့ အတိုင်းကိုတော့ လက်ခံလိမ့်မယ်လို့ ထင်တာပဲလေ။ သူတို့အဖွဲ့က ဒီဆွေးနွေးပွဲမှာ အကြံပြုတာတွေ ပို့ထားတာလဲ မရှိဘူး” ဟု ပြောသည်။

MPC မှ အပစ်အခတ် ရပ်စဲရေးဌာန အစီအစဉ် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက အစိုးရဘက်မှ ကိုယ်စားလှယ် ၉ ဦးနှင့် ပတ်သက်ပြီး “ရွေးတော့ ရွေးချယ်ပြီးသွားပြီ။ တရားဝင် စာရင်းတော့ မထုတ်ပြန်ရသေးဘူး။ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ပါမယ်” ဟု ပြောသည်။

ဧပြီ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MPC တွင် ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းရေးဆွဲပွဲကို NCCT အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (USWA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော် (NDAA/ မိုင်းလား) တို့ တက်ရောက်မည် ဖြစ်ပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-k) မှာမူ တက်ရောက်ရန် အကြောင်း မပြန်သေးဟု MPC မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောကြားသည်။

The Voice Weekly

ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရသော ၄၈ လမ်းဗလီ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားစွဲဆိုခံထားရသည့် ဗလီဆရာနှစ်ဦးကို ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်



ဗိုလ်တထောင်မြို့နယ်၌ ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွားခဲ့သော ၄၈ လမ်းဗလီ မီးလောင်မှုနှင့် ပတ် သက်၍ တရားစွဲဆို စစ်ဆေးခံနေရသော ဗလီဆရာ နှစ်ဦးကို ယခုနှစ် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှ သိရသည်။


အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ တာဝန်ရှိသည် ဟု ယူဆရသော ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ညပိုင်း၌ တာဝန်ကျ ဗလီဆရာနှစ်ဦးကို ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၃၀၄(က) ပုဒ်မ ၂၈၅ ဖြင့် တစ်နှစ်နီးပါးကြာ တရားရုံးတွင် ရုံးတင်စစ်ဆေးမှုများ ပြုလုပ် ခဲ့သည်။

ယင်းရုံးတင်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယခုနှစ် မတ် ၂၆ ရက်တွင် နှစ်ဖက်အပြီးသတ် လျှောက်လဲ ချက်များ တရားရုံးတော်သို့ ပေးပြီးသည်ဖြစ်၍ လာမည့် ဧပြီ ၈ ရက်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“ဗလီမီးလောင်မှုနှင့် ပတ်သက်ပြီး ရုံးတော်တင် စစ်ဆေးခံရသူနှစ်ဦးကို လာမယ့် ၈ ရက်မှာ အပြီးသတ် အမိန့်ချမှတ်မှာပါ။ အမှုအတွက် အပြီးသတ် လျှောက်လဲချက်ကိုလည်း မတ် ၂၆ ရက် ရုံးချိန်းမှာ ရုံးတော်ကို တင်ပြခဲ့ပြီးပါပြီ” ဟု ယင်းအမှုအား ကိုင်တွယ်နေသည့် ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ဧပြီ ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

၄၈ လမ်းဗလီ မီးလောင်မှုကြောင့် အစ္စလာမ်ဘာသာဝင် စာသင်သားကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရပြီး မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုတွင် ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်တွင် ပြုလုပ်သော ဗလီမီးလောင်မှု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြောကြေးနန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၃/၂၀၁၄)
၂၀၁၄ ခုနှစ်၊ ဧပြီလ ၂ ရက်
၁၃၇၅ ခု၊ တန်ခူးလဆန်း ၃ ရက်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းမှ စကားပြော ကြေးနန်းဖြင့် ဆက်သွယ်ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

၁။ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် စကားပြော ကြေးနန်းဖြင့် ဆက်သွယ်၍ အောက်ပါ အတိုင်း ဆွေးနွေး ပြောကြားခဲ့သည်-

(က) ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ၂၇ ရက်များ၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အချိန်မီ ထိန်းသိမ်းမှုကို ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအချိန်တွင် အခြေအနေ တည်ငြိမ်၍ တရားဥပဒေ စိုးမိုးမှု ပြန်လည်ရရှိနေပြီဖြစ်ကြောင်း၊

(ခ) ယင်းဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထား ရေးဆိုင်ရာ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ ဘေးကင်း လုံခြုံရေးနှင့် ယင်းတို့နှင့်သက်ဆိုင်သည့် အဆောက်အအုံများ လုံခြုံရေးတို့ အတွက် အပြည့်အဝကာကွယ်စောင့်ရှောက်ပေးထားကြောင်း၊

(ဂ) စစ်တွေမြို့မှ ပြန်လည်ထွက်ခွာလိုသော အဖွဲ့အစည်း အသီးသီးမှ ဝန်ထမ်းများနှင့် လုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရန် စီစဉ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသူများနှင့် အဆောက် အအုံများ လုံခြုံရေး အပါအဝင် လိုအပ်သော ပံ့ပိုးမှုများကိုလည်း အစိုးရက ကူညီ ဆောင်ရွက်ပေး လျက် ရှိကြောင်း။

(ဃ) ကုလသမဂ္ဂမှ လူသားချင်း စာနာထောက်ထားသော ထောက်ပံ့ ကူညီမှု များအတွက် ကျေးဇူးတင်ရှိ ကြောင်း၊ ဆက်လက်၍လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ကူညီမှုများအား ထိရောက်စွာ ထောက်ပံ့နိုင် စေရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

(င) စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေး၍ စစ်ဆေးစေလျက်ရှိပြီး နိုင်ငံတော်သမ္မတထံ အစီရင်ခံ တင်ပြစေရန် ဆောင်ရွက်ထားကြောင်း၊

(စ) နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေနှင့် မညီညွတ်သော မည်သည့် ချိုးဖောက်မှုမျိုးကိုမဆို တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း၊

(ဆ) မြန်မာနိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို နိုင်ငံတကာ အဆင့်အတန်းနှင့် ညီညွတ်စေရန် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊

(ဇ) ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအား လေ့လာနိုင်ရန် နိုင်ငံ တကာမှ လေ့လာသူ ၂၀ ဦးကို လက်ခံထားရှိကြောင်း၊

(ဈ) ဒုတိယသမ္မတဦးစီး၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ပါဝင်သောအဖွဲ့အား ရခိုင်ပြည်နယ်သို့ စေလွှတ်၍ လိုအပ်သည့် စီမံခန့်ခွဲမှု များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်စေ ခဲ့ကြောင်း။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ကုလသမဂ္ဂ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

From:သမ္မတရုံး

သန်းခေါင်စာရင်းကောက်ယူနေသော ၀န်ထမ်းများအား KIA အဖွဲ့မှ နှောင့်ယှက်နေသည့်အပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN )သို့ ရှမ်းနီလူငယ်များမှ တိုင်ကြားခဲ့



ကျွန်တော်ဟာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ရှမ်းနီ လူမျိုးတစ်ယောက်ပါ။ ပြီးတဲ့ရက် ကစပြီး ကျွန်တော် တို့ ကချင်ပြည်နယ်အပါအ၀င် တစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက်ယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကချင်ပြည်နယ်မှာKIA အဖွဲ့ကြောင့် သန်းခေါင်စာရင်းကောက်လို့မရပါဘူး။


သန်းခေါင်စာရင်းကောက်ဖို့လာတဲ့ ၀န်ထမ်းကို ပစ်သတ်မယ်၊ ရွာလူကြီးတွေကိုလည်း ပစ်သတ် မယ်လို့ ပြောထားပါတယ်။အဲဒီအတွက် ၀န်ထမ်း တွေလည်း မလာရဲကြဘူးဖြစ်နေပါတယ်။ ကျွန်တော်သိသလောက် ကတော့ သန်းခေါင်စာရင်း ကောက်တယ် ဆိုတာလူဦးရေတွေ၊ လူမျိုးတွေအတိအကျသိနိုင်ဖို့၊ နိုင်ငံတော်မှာရှိတဲ့ ပြည်သူတွေရဲ့ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စတွေမှာ အရေးကြီးတဲ့ မူဝါဒတွေချမှတ်ဖို့၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်နိုင်ဖို့ဆိုပြီး သိထားပါတယ်။

ကချင်ပြည်နယ်ထဲက ဝေးလံခေါင်ဖျားတဲ့ ပူတာအိုခရိုင်မှာဆိုရင် မြို့နယ်ခြောက်မြို့နယ်ကို သန်းခေါင် စာရင်း ကောက်ယူပြီးခဲ့ပါပြီ။ KIO/KIA ထိန်းချုပ်နယ်မြေထဲမှာတော့ တိုက်ပွဲဖြစ်နေလို့ ပူးပေါင်း ဆောင်ရွက်ဖို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကောက်ခွင့်မရခဲ့ပါဘူး။ အဲဒီအကြောင်းပြချက် ဟာ KIO/KIA အနေနဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လိုစိတ် မရှိဘူးဆိုတာ သက်သေပြ နေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ကချင်ပြည်နယ်အတွက်ပြောပြော ကချင်ပြည်နယ်ထဲမှာရှိတဲ့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေအတွက် အများကြီးနစ်နာရပါတယ်။

KIO/KIA ခေါင်းဆောင်ပိုင်းတွေက သူတို့ထိန်းချုပ် နယ်မြေတွေမှာ ကောက်ခွင့်မပေးတဲ့အပြင် အခု သန်းခေါင်စာရင်းကောက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ပြုလုပ်လာပါတယ်။

သန်းခေါင်စာရင်းစတင်ကောက်ယူတဲ့ နေ့မှာပဲ လွယ်ဂျယ်မြို့နယ်ခွဲ၊ ပန်ခတ်ကျေးရွာအုပ်စု၊ လူစုပါ ကျေးရွာမှာ သန်းခေါင်စာရင်းနဲ့ အိမ်အကြောင်းအရာလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ပညာဝန်ထမ်း နှစ်ဦးကို KIA အဖွဲ့က လာရောက်ဟန့်တားနှောင့်ယှက်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ပန်ခတ်ကျေးရွာ မူ/အုပ် ဆရာ ဦးကျော်ညွန့်နဲ့ မူလတန်းပြဆရာမ ဒေါ်မေဇွန်ဖြူတို့ဆီကနေ စာရွက်စာတမ်းတွေ သိမ်းယူပြီး အဲဒီ ရွာကနေ မောင်းထုတ်ခံရတယ်လို့လည်း သိရပါတယ်။

ကျွန်တော်ပြောတာတွေနဲ့ ပတ်သက်ပြီး သံသယဖြစ်မယ်ဆိုရင် အချိန်မရွေး အထက်ပါနေရာတွေကို သွားရောက် စုံစမ်းနိုင်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေအများကြီးပါ။ ခုတော့ တဇောက်ကန်း KIA ကြောင့် ကျွန်တော်တို့လူမျိုးစု တစ်စုလုံးနဲ့ချီပြီး အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ နိုင်ငံသား အခွင့်အရေးကို ထိပါးခံရပါတယ်။ အခုလိုမျိုး သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက် ကျွန်တော်တို့ ရှမ်းနီ လူမျိုးစုဝင်တွေများစွာလည်း စာရင်းပျောက်မှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ အဖြစ်မခံနိုင်ပါဘူး။

ဒီလိုသန်းခေါင်စာရင်းကောက်မှ အစိုးရအနေနဲ့ လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင် နိုင်မှာဖြစ်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀တိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း တွေဖန်တီးရေးစတဲ့ အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာထိလာကောက်တာကို လက်မခံဘူးဆိုရင်ထားပါ။ အခုတော့ ကျွန်တော်တို့ရှမ်းနီတွေနေထိုင်တဲ့ ဒေသတွေကိုပါ သန်းခေါင်စာရင်းကောက်တာကို လက်မခံပဲ နှောင့်ယှက်နေတာကတော့လွန်လွန်းပါတယ်။ အားနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို အနိုင်ကျင့် ဖိနှိပ်နေတာနဲ့ အတူတူပါပဲ။

ဘာပဲပြောပြော အခုသန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ သမိုင်းမှတ်တိုင်တစ်ခုပါ။ အခု အချိန်မှ မပေးရင် ကျွန်တော်တို့ဘယ်အချိန် သွားပေးရတော့မှာလဲ။ တိုင်းရင်းသားအခွင့်အရေးလို့ ရှေ့တန်းတင် ပြောဆိုနေပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေကို သက်သက်ဖိနှိပ်နေတာပါ။

သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းကို လူတစ်ဦးတစ်ယောက်ကဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုကဖြစ်ဖြစ်၊ တားမြစ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာ၊ နှောင့်ယှက်ဟန့်တားတယ်ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ရာ ရောက်တဲ့အပြင် ကမ္ဘာ့ကုလသမဂ (United Nations) အဖွဲ့အစည်းကြီးနဲ့ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘူး ငါတို့ဒေသမှာ ငါတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။ KIA အနေနဲ့ ငါလုပ်ချင်ရာလုပ်မယ်ဆိုပြီး ရှမ်းနီလူမျိုးတွေအပေါ် ထင်ရာစိုင်းနေတာကို ရပ်သင့်ပါပြီ။

အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့ချုပ်အနေနဲ့လည်း ကမ္ဘာ့ကုလသမဂ (United Nations) ကို တရားဝင်တိုင်ကြားစာပေးပို့သွားမှာဖြစ်ပြီး KIA အဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းမှာ အနှောင့်အယှက်မပေးဘဲ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မှီသေးတယ်လီု့ ပြောချင် ပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ ရှမ်းနီလူမျိုးအပါအ၀င် နိုင်ငံနဲ့ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးရှိစေမယ့် သန်းခေါင်စာရင်းကောက်တဲ့ကိစ္စကို နှောင့်ယှက်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်းများ မပြုဖို့နဲ့ ဆက်လက်ပြုလုပ်လာပါက နိုင်ငံတကာမှာလည်း ပြင်းထန်စွာ ဝေဖန်ရှုံ့ချခံရမယ့်အပြင် ဖြစ်လာ မယ့် နောက်ဆက်တွဲ ကိစ္စအ၀၀အတွက်လည်း KIO/KIA အဖွဲ့မှာသာ တာဝန်ရှိမှာဖြစ်တယ်လို့ ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားများအဖွဲ့က အသိပေးလိုက်ပါတယ်။ 

ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်


ကျပ် ၁၅၀၀ တန် ဖုန်းဆင်းမ်ကတ်များကို တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားရာမှ ငွေဖြည့်ကတ်သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည် 
Thursday, April 3, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်းပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ်ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင်တော့မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်းသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွားမည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးသို့ CDMA ၈၀၀ MHz တယ်လီဖုန်း (၂၁၅၀၀၀၀)လုံး၊GSM တယ်လီဖုန်း (၁၅၃၉၇၀၀)၊ WCDMA (၅၆၀၃၀၀)နှင့် စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းဖုန်း (၄ ဒသမ ၂၅) သန်းကို ရောင်းချပေးခဲ့သည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအ၀င် တစ်နိုင်ငံလုံးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းပေါင်း (၈ ဒသမ ၀၅)သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလ၌ အထူးအစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်များအတွင်း မိုဘိုင်းဖုန်း စသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သက်ပြည့်ပင်စင်များ အတွက်လည်း တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် လစဉ် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ရောင်းချပေးခဲ့ပြီး ဧပြီလမှ စတင်ပြီး တန်ဖိုးနည်းဆင်းမ်ကတ် အရေအတွက် ငါးသောင်းထပ်မံတိုးမြင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၄၀၀၀၀၀ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ စောရည်နန္ဒာ

Eleven Media Group

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် တန်ဖိုး နည်း မိုဘိုင်းဖုန်းများ အားလုံး၏ တယ်လီဖုန်း ပြောဆိုခကို ယခင်ကဲ့သို့ တစ်လလျှင် အနည်းဆုံး ကျပ် ၂၅၀၀ အသုံးပြုရန် သတ်မှတ်ထားခြင်း ရှိတော့မည်မဟုတ်ဘဲ ငွေဖြည့်ကတ်တွင် သတ်မှတ် ထားသည့် သက်တမ်းကာလအတိုင်း အသုံးပြုနိုင် တော့ မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် တယ်လီဖုန်း သုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့် စွက်ပေးမည့် အစီအစဉ်ကိုလည်း ပြု လုပ်ပေးသွား မည်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


မန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ၂၀၁၃ ခုနှစ် ဧပြီလမှ ၂၀၁၄ ခုနှစ် မတ်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးသို့ CDMA ၈၀၀ MHz တယ်လီဖုန်း (၂၁၅၀၀၀၀)လုံး၊GSM တယ်လီဖုန်း (၁၅၃၉၇၀၀)၊ WCDMA (၅၆၀၃၀၀)နှင့် စုစုပေါင်းတန်ဖိုးနည်း မိုဘိုင်းဖုန်း (၄ ဒသမ ၂၅) သန်းကို ရောင်းချပေးခဲ့သည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ အပါအ၀င် တစ်နိုင်ငံလုံးတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းပေါင်း (၈ ဒသမ ၀၅)သန်း ကျော်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် သင်္ကြန်ကာလ၌ အထူးအစီအစဉ်ဖြင့် သင်္ကြန်ရုံးပိတ်ရက်များ အတွင်း မိုဘိုင်းဖုန်း စသုံးစွဲသူများအတွက် အပိုငွေထပ်ဆောင်း ဖြည့်စွက်ပေးမည့် အစီအစဉ်ကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သက်ပြည့်ပင်စင်များ အတွက်လည်း တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် လစဉ် တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ကို ရောင်းချပေးခဲ့ပြီး ဧပြီလမှ စတင်ပြီး တန်ဖိုးနည်းဆင်းမ်ကတ် အရေအတွက် ငါးသောင်းထပ်မံတိုးမြင့်ကာ စုစုပေါင်း ဆင်းမ်ကတ် ၄၀၀၀၀၀ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

မြန်မာ့ရေပိုင်နက်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီ ၁ ရက်နေ့မှစကာ တရားဝင်ပိတ်ပင်၊ ကျူးကျော်ဝင်ရောက်လာပါက ပစ်ခတ်နစ်မြုပ်သွားမည်ဖြစ်



မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်း ငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင် တားဆီး လိုက်ပြီ ဖြစ်သည်ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။


ဦးဟန်ထွန်းက “ မြန်မာ့ရေပြင်တစ်ခုလုံးမှာ နိုင်ငံခြားသဘောင်္တွေက မြန်မာ့ မျိုးရင်းငါးတွေ ၀င်ရောက် ဖမ်းဆီးတာကို ဧပြီလ ၁ ရက်ကစပြီး ပိတ်ပင်လိုက်တာပါ။ ပြည်တွင်းရေလုပ်ငန်းရှင်တွေက တောင်းဆို တာရယ်၊ မြန်မာ့ငါးသယံဇာတ လျှော့နည်းလာတာရယ်ကြောင့် ဖမ်းဆီးခွင့် ပိတ်ပင် လိုက်တာပါ” ဟုပြော သည်။

သို့သော် နိုင်ငံတကာ ရေပြင်ပိုင်နက်တွင်သာမကဘဲ မြန်မာ့ရေပြင်ပိုင်နက်သို့ပါ ၀င်ရောက်ကျက်စားလေ့ ရှိသော တူနာ ငါးမျိုးများကိုမူ နိုင်ငံခြားငါးဖမ်းသဘောင်္များ ၀င်ရောက်ဖမ်းဆီးနိုင်ရန် ခွင့်ပြုပေးထားသည် ဟု ဦးဟန်ထွန်းက ပြောသည်။

“ တူနာငါးတွေဖမ်းဖို့ မြန်မာနိုင်ငံက ငါးဦးလုပ်ငန်းဦးစီးဌာနမှာ ခွင့်ပြုချက် တောင်းခံရပါတယ်။ ငါးဦးစီးဌာန က ဖမ်းဆီးခွင့်လိုင်စင်ချပေးရင် ဘယ်သူမဆို တူနာငါးတွေကို ဖမ်းဆီးလို့ ရပါတယ်” ဟု ဦးဟန်ထွန်းက ပြောသည်။

မြန်မာရေပိုင်နက်အတွင်းသို ၀င်ရောက်၍ ပိတ်ပင်မှု ပြုလုပ်ထားသည့် ငါးများကို ဖမ်းဆီးပါက ပင်လယ်ပြင် လှုံခြုံ ရေးတာဝန်ယူထားသည့် တပ်မတော် ရေတပ်နှင့် ပင်လယ်ပြင်တွင် တာဝန်ယူထားသည့် ငါးဦးစီး ဌာနတို့က ဖမ်းဆီးမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟုလည်း ဦးဟန်ထွန်းက ပြောသည်။

ဟင်္သာတ ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ခရိုင်ဥက္ကဋ္ဌ ဦးစံဝင်း က “နိုင်ငံအတွင်းမှာက အလုပ်လက်မဲ့တွေများ တယ်။ တစ်ခြားနိုင်ငံကို ပင်လယ်ရေပြင်မှာ ငါးဖမ်းဆီးမှု ပိတ်ပင်လိုက်တဲ့အတွက် ပြည်တွင်းရေလုပ်ငန်း ရှင်တွေအတွက် အကျိုးရှိတယ်။ တစ်ခြားနိုင်ငံကို ဖမ်းဆီးခွင့်ပေးထားတာ မဖြစ်သင့်ပါဘူး။ အခုလို ပိတ် ပင်လိုက်တဲ့အတွက် ရေလုပ်ငန်းလုပ်ကိုင်သူတွေ နယ်မြေတိုးချဲ့လို့ ရလာနိုင်တာပေါ့” ဟု ပြောသည်။

မြန်မာပင်လယ်ပြင်တွင် fishing right အစီအစဉ်ဖြင့် ငါးဖမ်းဆီးခွင့်ကို ၂၀၀၉-၂၀၁၀ တွင် စတင်ခွင့်ပြုပေး ခဲ့ပြီး ၂၀၁၄ မတ်လတွင် ဖမ်းဆီးခွင့်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။၂၀၀၉ မှ ၂၀၁၄ အထိ နိုင်ငံခြား ငါးဖမ်း ရေယာဉ်များမှ အခွန်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၃ သန်းကျော် ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး


Photo: မစ္စတာ နမ်ဘီးယား KIOနဲ့ လိုင်ဇာမှာ သွားရောက်ဆွေးနွေး
Thursday, April 3, 2014

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တွေနဲ့ ဒီနေ့ သွားရောက်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွား တဲ့ မြစ်ကြီး နားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

"မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေနဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် သူတို့ပါဝင်ခဲ့တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေးကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ"

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မနေ့ကမှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

Credit To:RFA

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambiar ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်အခြေစိုက်တဲ့ လိုင်ဇာမြို့မှာ ကေအိုင်အို ဗဟိုကော်မတီ ၀င်တွေ နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ ပတ် သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေမှာ ဖြစ်နိုင်တဲ့အခန်းကဏ္ဍကနေ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ ခရီးစဉ်ကို လိုက်ပါသွား တဲ့ မြစ်ကြီး နားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးဆန်းအောင်က ပြောပါတယ်။

"မစ္စတာ နမ်ဘီးယားက KIO ဗဟိုကော်မတီဝင်တွေနဲ့ တွေ့မှာပါ၊ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် သူတို့ ပါဝင်ခဲ့ တယ်ဆိုတော့ ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေးကြမှာပါ၊ NCCT အစည်းအဝေးအမှီ ဖြစ်နိုင်တဲ့ အခန်းကဏ္ဍနဲ့ ယုံကြည်မှုတည်ဆောက်ပေးတဲ့အနေနဲ့ လာရောက်တာပါ"

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က မစ္စတာ နမ်ဘီးယားဟာ လိုင်ဇာမြို့ကိုသွားဖို့ စီစဉ်ထားပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မနေ့ကမှ သွားရောက်နိုင်တာလို့ သိရပါတယ်။

မစ္စတာ နမ်ဘီးယားဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂရဲ့ လေ့လာသူ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသူ ဖြစ်ပါတယ်။

အခု လိုင်ဇာခရီးစဉ်ဟာ သူ့ရဲ့ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၁၃ခုနှစ် သြဂုတ်လကုန်ပိုင်းတုန်းက ပထမ ဆုံး အကြိမ်အဖြစ် သွားရောက်ခဲ့ပါတယ်။

Credit To:RFA