Thursday, March 20, 2014

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို



တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံးရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ် သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

RCSS/SSA ဆက်ဆံရေးရုံးသို့ ဆက်ကြေးငွေ ပေးဆောင်ရမှုအပေါ် ဒေသခံများ မကျေနပ်



ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ၀မ်ကူသစ်ကျေးရွာအား မတ် ၁၆ ရက်နေ့အပြီး RCSS/SSA ဆက်ဆံရေးရုံးမှ ဆက်ကြေးငွေ ပေးသွင်း ခိုင်းမှုအပေါ် ဒေသခံရွာသားများက မကျေ မနပ်ဖြစ်နေကြကြောင်း သိရသည်။


``အုပ်ချုပ်ရေးမှူးကို ကိုယ်တိုင် ဆက်ကြေးလာ သွင်းရမယ်ပြောလို့ ကျေးရွာ ရံပုံငွေထဲကနေ သွား သွင်းလိုက်ရ တယ်လို့ ကြားတယ်၊ အရင် တုန်းက တောတောင်ထဲမှာ သွားလာနေတဲ့ ရှမ်း စစ်တပ်ကို ဆက်ကြေးပေးရတယ်။ အခုမြို့ပေါ်မှာ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကိုလည်း ဆက်ကြေးပေးနေရ တယ် ဆိုတော့ တရားလွန်တာပေါ့´´ ဟု ၀မ်ကူသစ်ကျေးရွာသားတစ်ဦးက ပြောသည်။ အဆိုပါ ကျေးရွာမှ ဆက်ကြေးငွေများအား ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း ) RCSS/SSA ဆက်ဆံရေးရုံးသို့ ပင်းတောက်အုပ်စု အုပ်ချုပ်ရေး မှူး ကိုယ်တိုင် သွားရောက်ပေးသွင်းခဲ့ရကြောင်း သိရသည်။

``တစ်အိမ်ထောင်ကို လကုန်ရင် ငွေတစ်သောင်းသွင်းရမယ်ဆိုပြီး ကောက်တယ်။ ကျေးရွာရံပုံငွေထဲကို ပြန်ဖြည့်ဖို့ လို့တော့ကြားတယ်။ ကျွန်တော်တို့က ပင်ပင်ပန်းပန်းနဲ့ လုပ်ကိုင်စားနေရတဲ့ ဆင်းရဲသားတွေပါ။ အဲဒီ ရှမ်းပြည်တောင်ပိုင်းတပ်က သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခို၊ ဘိန်းဆက်ကြေးတွေ ကောက်ပြီး ကြီးပွားချမ်းသာ နေရက်သားနဲ့ မရှိဆင်းရဲသားတွေဆီက ခုချိန်ထိ ဆက်ကြေးကောက်နေတာကတော့ အနိုင်ကျင့်ရာရောက် တယ်လို့ ပြောချင်ပါတယ်´´ ဟု ပင်းတောက်ရွာသား ကိုစိုင်းဇော်က ပြောကြား ခဲ့သည်။

RCSS/SSA ဆက်ဆံရေးရုံးသို့ ၀မ်ကူသစ်ကျေးရွာအပါအ၀င် ပင်းတောက်အုပ်စုအတွင်းရှိ ကျေးရွာတိုင်းက လစဉ်အလှည့်ကျ ဆက်ကြေးငွေပေးဆောင်နေကြရကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရွာသူ ရွာသား များ အား ယင်းကိစ္စနှင့်ပတ်သက်၍ နှုတ်လုံရန် မှာကြားထားသော်လည်း ခေတ်ပညာတတ် ရှမ်းလူငယ် များကမူ အဆိုပါ လုပ်ရပ်အပေါ် မကျေမနပ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

Credit To _ စိုင်းဇော်ရှမ်း

တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ



နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မတ်လ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဉ်တွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါသွားခြင်းက မြန်မာ့နိုင်ငံရေး လေ့လာသူ များ၏ ဦးနှောက်ကို အလုပ်ပေးလိုက်ပါပြီ။ သမ္မတက ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်း ဆောင် များနှင့် တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုပါ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။


ထိုမတိုင်မီကလည်း အာဆီယံကာကွယ်ရေးဦးစီးချုပ်များ သတင်းစာရှင်းလင်းပွဲတွင် မြန်မာကာချုပ်ပါဝင်၍ ပထမဆုံးသတင်းစာဆရာများနှင့် တွေ့ဆုံခဲ့ခြင်း၊ ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ်သွားရောက်ခဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းနှင့် တပ်အင်အားများ ထုတ်ဖော်ပြသလာခြင်းတို့အပေါ် နိုင်ငံရေးလေ့လာသူများသာမက ကမ္ဘာကပါ အာရုံစိုက်မိလာကြသည်။ ကာချုပ်သည် ယခင်တစ်လျှောက် လုံး စွဲကိုင်လာခဲ့သော တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆောင်ပုဒ်ကိုစွန့်လွှတ်ကာ မကြာသေးမီက သွားရောက်ခဲ့သော အင်ဒိုနီးရှားခရီးစဉ်အတွင်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖဟု ပြောင်းလဲ၍ စတင်သုံးနှုန်းလိုက်သူလည်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် ဆွေးနွေး ပွဲသို့လည်း တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးသုံးဦးနှင့် ဗိုလ်ချုပ် နှစ်ဦးတို့ကို တက်ရောက်ဆွေးနွေးစေခဲ့ပြီး သြဂုတ် ၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးလိုကြောင်းလည်း ကာချုပ်က ကမ်းလှမ်းလိုက်သည်။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းရန် နိုင်ငံတော်သမ္မတက တိုက်တွန်းခဲ့ခြင်းအပေါ် မဲဆွယ်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်နေချိန်နှင့် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ဆောင်ချက်များက တိုက်ဆိုင်လျက်ရှိနေသည်။ သမ္မတပြောစကားကို တပ်မတော်က နားထောင်ခြင်းမရှိဟု ဝေဖန်နေကြချိန်တွင် ကချင်ပြည်နယ်ခရီးစဉ်က အမြင်အချို့ကို ပြောင်းလဲသွားစေခဲ့သည်။

‘‘ရွေးကောက်ပွဲနီးလာတော့ အချင်းချင်းကျောချင်းကပ်ရမှာပဲ။ ဒီခရီးက ဘာကိုဆိုလိုသလဲဆိုရင် နိုင်ငံရေးအရ ယုံကြည်မှုရှိကြောင်း သွားတဲ့ Trip ပဲ’’ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်း ကပြောသည်။

လက်ရှိ လွှတ်တော်နှစ်ရပ်အတွင်း နိုင်ငံတော်သမ္မတ တင်သွင်းသည့် အဆိုများကို တပ်မတော်သားများ ကန့်ကွက်ခဲ့ခြင်းမရှိဘဲ တညီတညွတ်တည်း ထောက်ခံခဲ့ကြခြင်းက သမ္မတဘက်တွင် တပ်မတော် ရပ်တည်ကြောင်း ပြသနေခြင်းပင်။

ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးချယ်တင်မြှောက်ခွင့်ရှိသော ဒုတိယသမ္မတရာထူးအတွက် အလေးပေးအခံရဆုံးသူ ဖြစ်လာနိုင်ဖွယ်ရှိနေသည်။ သို့သော် ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ပြု၊ မပြုကို အတိအကျ ပြောဆိုထားခြင်းမရှိပေ။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည် မဟုတ်တော့ကြောင်း ပြောဆိုခဲ့ဖူးသည်။

‘‘သမ္မတကတော့ အရွေးမခံတော့ဘူးလို့ ကြားတယ်။ သမ္မတ အရွေးမခံတော့ဘူးဆိုရင်တော့ လက်ရှိ ကာချုပ်ကိုပဲ ပေးလိမ့်မယ်ထင်တယ်။ သူရဦးရွှေမန်းကျတော့ အကြောင်းသိနေကြတော့ တပ်ထဲမှာ သိပ် မထောက်ခံကြဘူး’’ဟု အငြိမ်းစားဗိုလ်မှူးတစ်ဦးက သုံးသပ်သည်။

နိုင်ငံရေးလေ့လာသူများက ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထဲမှ တစ်ဦးကို ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လာနိုင်သူဟု ခန့်မှန်းထားကြသည်။ ပြည်သူတို့၏ ထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ရန် မလွယ်ကူပေ။ အလားတူ ဦးသိန်းစိန်အနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတဆက်လုပ်မည့် အပေါ် မိသားစုဝင်များက အပြင်းအထန်ကန့်ကွက်နေကြကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

သူရဦးရွှေမန်းအနေဖြင့်လည်း သူ ဥက္ကဋ္ဌတာဝန်ယူထားသော ပြည်ခိုင်ဖြိုးပါတီ နေရာအများစုအနိုင်ရမှသာ သမ္မတဖြစ်နိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတသုံးဦးကို ပြည်သူ့လွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်က တစ်ဦး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်နှစ်ရပ်ပေါင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များက တစ်ဦး ရွေးချယ်ရမည်ဖြစ်သည်။ ရွေးချယ်လိုက်သည့် ဒုသမ္မတသုံးဦးထဲမှ တစ်ဦးကို ပြည်ထောင်စုလွှတ်တော်က ပြန်လည်ရွေးချယ်ပြီး သမ္မတအဖြစ် ခန့်အပ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်မှုလေဟာနယ်ပြဿနာကြောင့် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်နိုင်သည်ဟု နိုင်ငံရေးသိပံ္ပပါရဂူဘွဲ့ရရှိရန် ကျမ်းပြုနေသူ ဦးမင်းဇင်က Messenger ဂျာနယ်နှင့် အင်တာဗျူးတွင် သုံးသပ်ပြောကြားခဲ့သည်။

သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ၂၀၁၅ ခုနှစ်တွင် အသက်ခြောက်ဆယ်ပြည့်မည်ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိရာထူးမှ အနားယူရဖွယ်ရှိနေသည်။ ၀န်ကြီးဌာနတစ်ခုမှ လက်ထောက် ညွှန်ကြားရေးမှူး၊ အငြိမ်းစားဗိုလ်မှူးတစ်ဦးကတော့ ‘‘စစ်တပ်မှာ အသက်ခြောက်ဆယ် ပင်စင်က မယူ မနေရမဟုတ်ဘူး။ နောက်တစ်ချက်က အရင်လို တပ်ကထွက်တာနဲ့ နိုင်ငံရေးမှာ အသာစီး ဝင်ယူဖို့ မလွယ် တော့ဘူး’’ဟုဆိုသည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းပေးခဲ့သည့် အရန်တပ်ဖွဲ့ဥပဒေအခန်း(၂)အရမူ ‘‘စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်(သို့) အငြိမ်းစားယူခွင့်ရရှိသည့် နေ့ရက် မှစ၍ အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်’’ဟုလည်းကောင်း၊ ‘‘တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စစ်မှုထမ်းခြင်းမှ မိမိဆန္ဒအလျောက် နုတ်ထွက်/အငြိမ်းစားယူသော စစ်မှုထမ်း တစ်ဦး အား အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်သည်’’ဟုလည်းကောင်း အရန်တပ်ဖွဲ့ဝင်များ၏ သက်တမ်း မှာ လည်း ငါးနှစ်သာဟူ၍လည်းကောင်း ဖော်ပြထားသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အသက်ခြောက်ဆယ်ပြည့်မြောက်သည့်တိုင် အရန် တပ်ဖွဲ့ဝင်အဖြစ် လက်ရှိရာထူးအဆင့် စစ်ယူနီဖောင်းဝတ်ဖြင့် ဆက်လက်နေထိုင်နိုင်မည့် အခွင့်အရေး တစ်ခုလည်း ရှိနေသည်။ ထိုအချက်သည် လက်ရှိလွှတ်တော်တွင် ဒုတိယသမ္မတများအား လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရမည်ဟု ပြင်ဆင်လိုသည့်အချက်ကိုလည်း ကျော်လွှားနိုင်ခြေရှိသည်။

အဘယ်ကြောင့်ဆိုသော် စစ်ယူနီဖောင်း ဆက်လက်ဝတ်ဆင်ထားပါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ်က ခန့်အပ်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်သည့် အခွင့်အရေးကို ခံစားနိုင်၍ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာနိုင်မည်မဟုတ်ဟု ယူဆနေသူများစွာလည်းရှိပါသည်။

‘‘ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ကိုပဲ သွားချင်တယ်လို့ထင်တယ်။ နိုင်ငံရေးလောကထဲ မ၀င်လောက်ဘူး ထင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေက မှတ်ချက်ပြုသည်။

ပြည်ပရောက် စာရေးဆရာမင်းဒင်ကတော့ ‘‘လက်ရှိ ကာချုပ်မင်းအောင်လှိုင်လက်ထက်မှာ စစ်တပ်နဲ့ ပြည်သူကြား ထူးထူးခြားခြား အပြောင်းအလဲရှိတယ်လို့ မမြင်မိသေးဘူး။ တိုင်းပြည်ကာကွယ်ရေးတာဝန်ကို တိတိကျကျထမ်းဆောင်တဲ့ တပ်မတော် ဖြစ်မလာသေးဘူး’’ဟု ဆိုလာသည်။

လက်ရှိ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်ဆံရေးတိုးတက်လာသော်လည်း ပြည်သူများအကြားတွင်မူ မြေယာသိမ်းပြဿနာများကြောင့် အမြင်စောင်းခြင်းခံနေရချိန်ဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း တပ်မတော်၏ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ၀င်ရောက်စွက်ဖက်ခဲ့သောကြောင့် အိမ်နီးချင်းနိုင်ငံများရှိ တပ်မတော်များနှင့် နှိုင်းယှဉ်နိုင်သည့်အနေအထားသို့ မရောက်ရှိဘဲ ဖြစ်နေခဲ့သည်။

ထို့အတူ အခြေခံဥပဒေပြင်ရန် ကြိုးပမ်းနေသူများသည် လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေမှုအား ပြင်ဆင်ရန် ကြိုးစားနေသကဲ့သို့ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်၏ပါဝင်မှုအား လျော့ချနေသည်ဟု ပြောကြားခဲ့ဖူးသည်။

ထို့ကြောင့် အခြေခံဥပဒေတွင် ၂၅ ရာခိုင်နှုန်းကိစ္စ ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ခြေ ရှိ၊ မရှိကလည်း အဓိကမေးခွန်းဖြစ်နေသည်။

စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ်မှ သမ္မတတာဝန်ထမ်းဆောင်ခြင်းကို လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ပြည်သူများက လက်ခံနိုင်ဖွယ်မရှိသလို တပ်မတော်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကိုလည်း ရပ်တန့်သွားစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းက မှတ်ချက်ပြုသည်။

7Day News Journal

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ


ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ
Wednesday, March 19, 2014

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။

ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို 
ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။ 

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား 
အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ 
ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦးမှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal

ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်း ပကတိဖြစ်အောင် ပြည်တွင်း ဆရာဝန်များအဖွဲ့က ရန်ကင်း ကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင် ခဲ့ကြောင်း သိရသည်။ အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယ အဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲ စိတ်မှုမှာ မြန်မာ့ ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှု တစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းသွားပြီဟု သိရသည်။


ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူး ပေမယ့် ခြေထောက်အပိုပါတာကို ခွဲစိတ်တာက ဒါပထမဦးဆုံး ပါပဲ''ဟုပြောသည်။

ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူ မိသားစုမှ မွေးဖွား လာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။

ရန်ကင်းဆေးရုံသို့ ၂ဝ၁၃ ခုနှစ် မေလထဲတွင် ရောက်လာခဲ့ပြီး ၁၁ လ ကျော်အကြာ တက်ရောက်ခဲ့သူ ယင်းက လေးငယ်၏ ကျန်းမာရေး အခြေအနေ ကို စောင့်ကြည့်၍ စိတ်ချရသည့်အတွက် ၂ဝ၁၄ မတ်လထဲတွင် ဆေးရုံမှ ဆင်းခွင့် ပြုလိုက်ကြောင်း ရန်ကင်းကလေးဆေးရုံ က အတည်ပြု ပြောသည်။ ယင်းကလေးငယ်ကို သုံးလသား အရွယ်တွင် လွိုင်လင်ခရိုင် ဆေးရုံသို့တင်ခဲ့ပြီး ထိုမှ တောင်ကြီးဆေးရုံသို့ ဆက်တင်ကာပြီးမှ ရန်ကင်းဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ခွဲစိတ်စဉ် ဆေးရုံတွင် ပရိုဂျက်တာဖြင့် တိုက်ရိုက်ပြသပေးခဲ့သည်။ ငွေကြေးကူညီသူ ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ''ရှမ်းပြည်နယ် အစိုးရအဖွဲ့ကနေ ပို့လိုက်လို့ သိရတဲ့အတွက် တာဝန်ယူပေးတာပါ''ဟု ပြော သည်။ ယင်းကလေးငယ်ကဲ့သို့ အလားတူ ခြေနှစ်ချောင်းအပိုပါသော ဒိုက်ဦး မှ ကလေးငယ်တစ်ဦးသည်လည်း ရန်ကင်း ဆေးရုံသို့ ထပ်မံရောက်ရှိနေသည်ဟု သိရသည်။

Popular Myanmar News Journal

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြု၊ ဥပဒေပြဋ္ဌာန်းပြီးပါက ဘူးသီးတောင် ကိုယ်စားလှယ် ဦးရွှေမောင်အား တာဝန်မှ ရုတ်သိမ်းပေးရန် တိုင်ကြားစာပို့သွားမည်ဟုဆို



ကျင်းပလျက်ရှိသော ပြည်သူ့လွှတ် တော် အစည်းအဝေးက လွှတ်တော် ကိုယ်စားလှယ်အား လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးအတည်ပြုလိုက်ပြီ ဖြစ်သည်။ အဆိုပါဥပဒေကြမ်းအရ လွှတ်တော်ကိုယ်စားလှယ်အား ၎င်း၏မဲဆန္ဒနယ်မှ မဲပေးခွင့်ရပြည်သူဦးရေ၏ တစ်ရာခိုင်နှုန်းက တာဝန် မှ ပြန်လည် ရုတ်သိမ်းလိုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ တိုင်ကြားစာပို့ပြီး ရုတ်သိမ်းနိုင်မည်ဖြစ်သည်။


လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း တွင် “လွှတ်တော်ကိုယ်စားလှယ်ဆို သည်မှာ ရွေးကောက် ခံ လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် တို့ကို ဆိုသည်”ဟူ၍ ပါရှိသဖြင့် တပ်မတော်သား ကိုယ်စား လှယ်များကိုလည်း တာဝန်မှ ပြန်လည်ရုတ်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြား စာ ပို့နိုင်ပြီဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက

"လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ အားလုံးအကျုံးဝင်တယ်လေ၊ လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ ရွေးကောက်ခံတွေပဲ မဟုတ်ဘူးပေါ့၊ တပ်မတော်သားတွေလည်း ပါတာပဲလေ၊ တပ်မတော်သား ကိုယ်စားလှယ်ကျတော့ နိုင်ငံသားတစ်ဦးဦးကလည်းကောင်း တာဝန်မှပြန်လည်ရုပ်သိမ်းလိုတဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့ တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းရမယ်" ဟု ဆိုသည်။အဆိုပါ အချက်အပေါ် လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ခြင်းမရှိသည့်အပြင် မည်သည့်မှတ်ချက်ကိုမျှ ပြောကြားခြင်းလည်း မရှိပေ။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်း လိုက်ပါက မိမိတို့အနေဖြင့် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား တိုင်ကြားရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဘူးသီးတောင်မှ ရခိုင်ဒေသခံတစ်ဦးက ဆိုသည်။

“ ဥပဒေအရ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုး ကို အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ အညီ ထမ်းဆောင်ခြင်း မရှိသော ကိုယ်စားလှယ်များကို တာဝန်မှ ပြန်လည်ရုတ်သိမ်းဖို့ တိုင်ကြားနိုင်ကြောင်း သိရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ မဲဆန္ဒနယ်က အမတ် ဦးရွှေမောင်ကို တိုင်ကြားဖို့ လက်မှတ်တွေစုပြီး တစ်ရာခိုင်နှုန်းပြည့်အောင် လုပ်ဆောင်သွားမှာပါ။ ဘာလို့ တိုင်မလဲ ဆိုတာ လူတိုင်း သိပါတယ်။ ဦးရွှေမောင်က ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်မှာ တကယ်တမ်းရှို့တာက အိမ်ပိုင်ရှင်တွေ ကိုယ်တိုင် ဒါကို မီးရှို့သူတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုယ်တိုင် လုပ်ဆောင်တာ ဒါမှမဟုတ် ပူးပေါင်းကြံ စည်ပြီး ပြု လုပ်ခဲ့တာ လို့ ဒီဗွီဘီ ကို မဟုတ်မမှန်ဘဲ ပြောခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ မဟုတ်ဘဲ ဒီလိုပြောဆိုတာက ပဋိပက္ခတွေကို ပိုပြီး အရှိန်မြင့်အောင် သွေးထိုးလုပ်နေသလိုပဲ။ ပြီးတော့ ရဲတပ်ဖွဲ့အပေါ် လဲ အသရေ ပျက်စေပါတယ်။ ဒါကြောင့်ဒီဥပဒေ အတည်ပြုထွက်လာရင် ဦးရွှေမောင်ကို တိုင်ဖို့ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမတ် ဦးရွှေမောင်အား ဒုချီးရားတန်းရွာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒီဗွီဘီ သို့ ပြောဆိုခဲ့သည့် စကားများကြောင့် ပြည်ထဲရေး ၀န်ကြီးဌာနက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူစစ်ဆေးခဲ့ပြီး ဦးရွှေမောင် က ဒီဗွီဘီသတင်းဌာနက ၎င်း ပြောသမျှ အကုန်မထည့်ဘဲ လိုအပ်သည့်အပိုင်းများကိုသာ ဖြတ်ညှပ်ကပ် လုပ်၍ လိုရာဆွဲကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများသို့ ပြန်လည် ဖြေရှင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် တိုင်ကြားသူသည် မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်လျှင် သက်ဆိုင်သည့် တိုင်တန်းသူ သို့မဟုတ် အဖွဲ့အစည်းအား တည်ဆဲဥပဒေများအရ အရေးယူနိုင်ရန် ဆောင်ရွက်ရမည်ဟုလည်း ပါရှိကြောင်း သိရှိရသည်။

ကိုကျော်နိုင်(စစ်တွေ)

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက်ချက် အပေါ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ အမြင်



မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရလောက်အောင် ကျမတို့ အမျိုးသမီးတွေက ကိုယ်ကျင့်တရား ပျက်နေလို့ လား။ ကိုယ့် အမျိုးကိုယ် စောင့်ထိန်းရမယ် ဆိုတာ မွေးရာပါစိတ်ထဲက သိပြီးသား။ လောကနီတိ ၊ အရွယ်ရောက်လာတဲ့ အသိစိတ်အရရော ကျမတို့က ဒါကို ဥပဒေတခုအနေနဲ့ ကျမတို့ ငယ်ငယ်လေး ကတည်း က သိခဲ့တာ မဟုတ်ဘူး။ကိုယ့်အမျိုးကိုယ် စောင့်ထိန်းခြင်းဆိုတာ လောကနီတိအရ တတ် မြောက် လာတာပါ။ ဥပဒေ ပြဋ္ဌာန်း ရလောက် အောင် ကျမတို့ အမျိုးသမီးတွေက ဖြစ်နေလို့လားလို့ မေးချင်တယ်။

ကျမပြောချင်တာက ကျမလို အမျိုးသမီးအတွက်ဆိုရင်တော့ ဒီမျိုးစောင့် ဥပဒေက မလိုအပ် ပါဘူး။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေး မလုပ်ရဆိုတာ ပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် အခုအချိန်ကျမှ ကိုမျိုးချစ်တို့ ၊ မျိုးချစ်လူငယ်တို့ အမျိုးသားရေးတို့ ဗန်းပြပြီးတော့ ၁ ဒသမ ၃ သန်းသော ပြည်သူတွေရဲ့ မဲကို ယူတာလို့ ကျမထင်ပါတယ်။

ယာဉ်နှစ် ထပ် ရပ်ခြင်း နှင့် စည်း ကမ်းမဲ့ ရပ်ခြင်း များ ဖုန်းဆက် တိုင်ကြား နိုင်


1979500_735779483123626_303710347_n

မန္တလေးမြို့တွင်း ယာဉ်ကြောနှစ်ထပ်ရပ်နားခြင်းနှင့် ယာဉ်ကြောပိတ်ဆို့အောင် အချိန်ကြာမြင့်စွာ စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို တွေ့ရှိပါက စည်ပင် မော်တော်ယာဉ်ဌာနနှင့် ယာဉ်ထိန်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်ကြားနိုင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


စက်ရုံနှင့် မော်တော်ယာဉ်ဌာန ၀၂- ၈၀၁၅၇ နှင့် အမှတ် (၁၁) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ယာဉ်မှုစစ်ဌာန ၀၂-၆၀၂၃၁ တို့ကို ဆက်သွယ်တိုင်ကြားနိုင်သည်။

“ယာဉ်မောင်းရှိရင်လည်း ချက်ချင်းဒဏ်မရိုက်ဘဲ တရားရုံးမှာပဲ ဒဏ်ငွေ သွားဆောင်စေမယ်၊ ပိုင်ရှင်မရှိတဲ့ ယာဉ်ဆိုရင်တော့ အဲနေရာမှာအသိပေးစာ ကပ်ထားခဲ့မယ်” ဟု ၎င်းက ပြောသည်။

မည်သူမဆို ဆက်သွယ်တိုင်ကြားနိုင်ပြီး ထိုသို့ တိုင်ကြားလာပါက ၎င်းယာဉ်ကို ကရိန်းယာဉ်ဖြင့် လာရောက် ဆွဲယူသွားမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်က ယာဉ်သယ်ကရိန်းဖြင့် ဆွဲခ ကျပ် ငါးသောင်းနှင့် စည်ပင်သာယာတရားရုံးက ချမှတ်သည့် ဒဏ်ငွေတို့ကို ပေးဆောင်ရမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇွန်လမှစ၍ ဈေးချိုအနီး စည်းကမ်းမဲ့ အချိန်ကြာမြင့်စွာ ရပ်နားသည့်မည်သည့်ယာဉ် မဆို ယာဉ်သယ်ကရိန်းဖြင့် ဆွဲယူအရေးယူခဲ့ရာ ယနေ့အထိ အစီးရေ ငါးရာကျော် ရှိပြီဖြစ်သည်။

၎င်းယာဉ်ဖြင့် ဈေးချိုအနီးတဝိုက်တွင်သာမက မြို့တွင်း မည်သည့် နေရာတွင်မဆို ယာဉ်ကြောပိတ်ဆို့အောင် စည်းကမ်းမဲ့ယာဉ်နှစ်ထပ် ရပ်နားခြင်း၊ အချိန်ကြာမြင့်စွာ ရပ်နားခြင်းတို့ကို စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။

ယာဉ်သယ်ကရိန်းယာဉ်ကို တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်သည်။ လက်ရှိတွင် မန္တလေးမြို့၌ တစ်စီးသာရှိပြီး လာမည့်ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးကော်မီတီ၏ ဘတ်ဂျက်အရ ၀ယ်ယူဖြည့်တင်းရန် အစီအစဉ်ရှိသည်ဟု သိရသည်။

Mizzima – News in Burmese

အမျိုးအမည်မသိ လေယာဉ် ရေဒါတွင် မှတ်တမ်း တင်ခဲ့ကြောင်း ထိုင်းလေတပ် ဆို


MH370, မလေးရှား, ထိုင်း, မော်လဒိုက်

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက် ကျော် ကြာလာဖြစ်သည်။ မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။


သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှုတခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်းဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။

ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။

အဆိုပါ အချိန်က MH370 ၏ ဆက်သွယ်ရေးစက်မှ ၎င်း၏ တည်နေရာနှင့် အမြင့်ကို နောက်ဆုံး ထုတ်လွှင့်ပေးချက် နှင့် ကိုက်ညီနေသည်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ MH 370 လေယာဉ် ခရီးစဉ် ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် အမှုထမ်း ၁၂ ဦး ၊ စုစုပေါင်း လူ ၂၃၉ ဦး ပါရှိသည်။

ရေဒါတွင် ဖမ်းယူရရှိမှုက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သော်လည်း ထိုင်းရေဒါက နောက်တကြိမ် ဖမ်းမိသည့်အချိန်တွင် လေယာဉ်က မြောက်ဘက်သို့ ရောက်ရှိနေပြီး ကပ္ပလီပင်လယ်ပြင် အထက်တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည်ဟု ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။

“အဲဒီလေယာဉ်က MH370 လို့တော့ အတည် မပြုနိုင်ပါဘူး” ဟု သူကပြောသည်။ နောက်ပိုင်းတွေ့ရှိရသည့် အချိန်အတိ အကျကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

ထိုင်း တော်ဝင်လေတပ်က ရေဒါ မှတ်တမ်းများကို စစ်ဆေးခြင်း မပြုခဲ့ခြင်းမှာ အဆိုပါ လေယာဉ်သည် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းတွင် မရှိသည့်အပြင် ထိုင်းနိုင်ငံကို အန္တရယ်ပြုခြိမ်းခြောက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်ဟု ထိုင်းလေတပ် ပြောရေးဆိုခွင့် ရှိသူကပြောသည်။ သတင်းထိန်ချန်ခြင်း မဟုတ်ဟုလည်း သူက ငြင်းပယ်သွားခဲ့သည်။

မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှား ဝန်ကြီးချုပ်ကလည်း မူလ လမ်းကြောင်းမှ ပြောင်းလဲ ပြီး အနောက်ဖက်သို့ ရည်ရွယ်ချက်ရှိရှိ ပြန်လှည်သွားခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ပြော ကြားခဲ့သည်။ ယခုထွက်ပေါ်လာသည့် ထိုင်းရေဒါ မှတ်တမ်းများ ကလည်း အဆိုပါ အချက်နှင့် ကိုက်ညီနေသည်။

အိန္ဒိယ သမုဒ္ဒရာ၏ အထက် မိုင် ၂၂၂၅၀ အထက်တွင် ကမ္ဘာကို ပတ်နေသော ဂြိုလ်တုတလုံးက MH370 လေယာဉ်၏ နောက်ဆုံး သတင်းပို့ ထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့ကြောင်း သိရှိရပြီးနောက် ဖမ်းယူနိုင်စွမ်းရှိသည့် ဒီဂရီများကို အခြေခံ၍ တွက်ချက်ကြည့်သည့်အခါ လေယာဉ် အနောက်ဖက်သို့ ပြန်လှည့်လာသည့် ယူဆချက်က ပိုမို အားကောင်းလာပြီး ရှာဖွေရေး ဧရိယာလည်း အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာသည်။

ထိုအချိန်တွင် သြစတေးလျနိုင်ငံက ဦးဆောင်ရှာဖွေနေသည့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံးနေသည့် MH370 ဟု ယူဆရသည့် လေယာဉ် ကို မြင်တွေ့ခဲ့ကြရဟု သတင်းများထွက်ပေါ်လာခဲ့သည်။ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့် မော်လ်ဒိုက်နိုင်ငံတွင် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဖက် ကီလိုမီတာ ၇၀၀ အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်သော မော်လ်ဒိုက် နိုင်ငံတွင် နေထိုင်သူများက MH370 လေယာဉ် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးသွားသည့် နံနက်တွင် ခပ်နိမ့်နိမ့်ပျံလာသည့် ဂျက်လေယာဉ်ကြီးတစီးကို မြင်တွေ့ခဲ့ကြရသည်ဟု ဆိုသည်။

လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေသည်။ မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွားသည်ဟု မော်လ်ဒိုက် သတင်းစာ Haveeru Daily ၏ အဆိုအရသိရသည်။

“ကျနော်တို့ ကျွန်းပေါ်ကနေဖြတ်ပြီး ဂျက်လေယာဉ် နိမ့်နိမ့်လေး ပျံသန်းသွားတာကို တခါမှ မမြင်ဖူးပါဘူး” ဟု အမည် မဖော်ပြထားသော မျက်မြင်သက်သေတဦးက ပြောသည်။

“ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက်တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ်” ဟုလည်း သူကဆိုသည်။

Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများကလည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည်။ လေယာဉ်က မော်လ်ဒိုက်တောင်ပိုင်းသို့ ဦးတည်ပျံသန်းသွားကြောင်းလည်း ဒေသခံများက ပြောကြသည်

မော်လ်ဒိုက်တွင် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းသည် ယခုသီတင်းပတ် အစောပိုင်းက အင်တာနက်တွင် ဖော်ပြခဲ့သော ၀ါရင့်လေယာဉ်မှူးတဦးဖြစ်သည့် Chris Goodfellow ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေသည်။ ကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သော သူ၏ အယူအဆကို အင်တာနက်ပေါ်တွင် ထောက်ခံသူ အမြောက်အများရှိခဲ့ပါသည်။

Chris Goodfellow က လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး ဆက်သွယ်ရေးစက်များ ပျက်စီးသွားပြီးနောက် လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ရန်အတွက် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။

လေယာဉ်မှူးများ မီးခိုးမွှန်ပြီး မေ့မျောသွားသည့် အချိန်တွင် လေယာဉ်က အလိုအလျှောက် မောင်းနှင်သည့် စနစ်ဖြင့် ဆီကုန်သည်အထိ သို့မဟုတ် ပျက်ကျသည်အထိ ဆက်လက်ပျံသန်းသွားခဲ့သည်ဟု သူက ယူဆထားသည်။

“အချိန်ကို တိုင်းတာကြည့်လိုက်ရင် မော်လ်ဒိုက်မှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ကိုက်ညီနေပါတယ်။ လေယာဉ်ပျံဟာ မော်လ်ဒိုက် အနောက်ဖက် မလှမ်းမကမ်းမှာ ရှိနေနိုင်ပါတယ်” ဟု သူက ထပ်မံရေးသားခဲ့သည်။

ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာက ၀ိုင်းဝန်း ကူညီပေးခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါသည်။

ရှာဖွေရေး ဧရိယာကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာလေပိုင်နက် အတွင်းတွင်လည်း မတ်လ ၁၅ ရက်နေ့မှ စတင်၍ အမေရိကန်နှင့် အိန္ဒိယလေယာဉ်များက ပျောက်ဆုံးလေယာဉ်ကို လိုက်လံရှာဖွေနေကြပြီ ဖြစ်သည်။ မလေးရှာ နိုင်ငံက မတ်လ ၁၁ ရက်နေ့မှ စတင်ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်က မတ်လ ၁၈ ရက်နေ့အထိ တပတ်ရှာဖွေခွင့်ပြုခဲ့ပြီး ထပ်မံခွင့်တောင်းလာပါကလည်း ရက်တိုးပေးသွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ထိုသို့ရှာဖွေရာတွင် မြန်မာရေတပ်မှ စစ်ရေယာဉ် ၃ စီးလည်း ၀င်ရောက်ကူညီမည်ဟု သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ရေဒါ နည်းပညာ အားနည်းမှုကြောင့် ထိရောက်စွာ ကူညီနိုင်ရန် အကန့်အသတ် ရှိနေကြောင်းလည်း မြန်မာ တာဝန်ရှိသူများက ပြောကြသည်။ မလေးရှားနိုင်ငံက လေယာဉ်ဖြတ်သန်း သွားဖွယ်ရှိသော လမ်းကြောင်းပေါ်ရှိ တခြားနိုင်ငံများထံမှ ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါမှတ်တမ်း အချက်အလက်များပေးရန် တောင်းခံခဲ့သော်လည်း မြန်မာနိုင်ငံထံမှ တောင်းခံလာခြင်း မရှိသေးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံပိုင်နက်အတွင်းတွင် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင်ရှာဖွေခဲ့ရာ မည်သည့်ထူးခြားမှုမျှ မတွေ့ရှိခဲ့ရကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။ မြန်မာနိုင်ငံက ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့နှင့် ကိုကိုးကျွန်း ပတ် ၀န်းကျင် စသည့်နေရာများတွင် ရှာဖွေခွင့်ပြုထားသည်။

မတ်လ ၁၁ ရက်နေ့က ဗီယက်နမ်နိုင်ငံ Phu Quoc လေဆိပ်တွင် ကျင်းပသော ပျောက်ဆုံး မလေးလေယာဉ် ရှာဖွေရေး ဆွေးနွေးပွဲ၌ ကူညီရှာဖွေမှုကို ဗီယက်နမ် အရာရှိတဦးက ရှင်းပြနေစဉ် (ဓာတ်ပုံ – Reuters)

ငပုတောမီး လူပေါင်း ၄၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်


ငပုတောမြို့နယ်, ထိန်တန်း ကမ္ဗလာ ကျေးရွာအုပ်စု, ကမ္ဗလာ ကျေးရွာ, မီးလောင်မှု

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ထိန်တန်း ကမ္ဗလာ ကျေးရွာအုပ်စု ကမ္ဗလာ ကျေးရွာ၌ မတ်လ ၁၈ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားရာ နေအိမ် ၇၂ လုံးနှင့် စပါးကျီ ၂၆ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။


ကမ္ဗလာ ကျေးရွာတွင် ၀က်စာအိုး တည်ထားရာမှ မီး စတင် လောင်ကျွမ်းခဲ့ခြင်းကြောင့် လူပေါင်း ၃၉၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး နေ အိမ်နှင့် စပါးကျီများ အပြင် အုပ်ချုပ်ရေးမှူး ရုံးတရုံးပါ လောင်ကျွမ်း ခံရကြောင်း ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တဦး က ဆိုသည်။

“၀က်စာအိုး တည်ရာက မီးစလောင်တာပေါ့၊ ငြိမ်းတာက ရွာက လူအားနဲ့ပဲ ၀ိုင်းဝန်း ငြှိမ်းကြတာ၊ မီးဘေး ဒုက္ခသည်တွေကို ကျေးရွာက ခရစ်ယာန် ဘုရားကျောင်းတွေမှာ နေရာ ချထားပေးပါတယ်၊ နောက်ပြီး ငပုတောမြို့နယ်မှာ အခမဲ့ နယ်လှည့် ဆေးကုနေတဲ့ နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) အဖွဲ့က ရွာမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေး နေပါတယ်”ဟု ၎င်းက ပြော သည်။

ဒုက္ခသည်များ အတွက် စားစရာ၊ သောက်ရေသန့်နှင့် အသုံးအဆောင် ပစ္စည်းများကို ပုသိမ်ခရိုင်နှင့် ငပုတောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့များက ထောက်ပံ့ ကူညီပေးနေကြောင်း၊ မီးလောင်မှုကြောင့် လူသေကြေ ဒဏ်ရာရမှု မရှိကြောင်း အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောပြသည်။ ပျက်စီး ဆုံးရှုံးမှု တန်ဖိုး အချက်အလက် အသေးစိတ်ကိုမူ မသိရှိရသေးပေ။

မီးလောင်မှုနှင့် ပတ်သက်ပြီး ကမ္ဗလာ ကျေးရွာရှိ စောအယ်တိုးထူး ဆိုသူအား အမှုဖွင့် အရေးယူထားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း လပွတ္တာ မြို့နယ် ကန်ဘက်ကျေးရွာ၌ အိမ်ခြေ ၂၄၈ လုံးပျက်စီးခဲ့ပြီး တန်ဖိုးငွေ ကျပ် သိန်း ၃ သောင်းကျော် ဆုံးရှုံးခဲ့သည့် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။ မီးလောင်မှုကြောင့် မိသားစု ၂၀၄ စုရှိ လူပေါင်း ၉၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အတွင်း မီးလောင်မှုပေါင်း ၁၂၁ ကြိမ် ဖြစ်ပွားခဲ့ရာ နေအိမ် ၃၁၈ လုံးနှင့် ဂိုထောင် ၇ လုံး မီးလောင် ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၁၁၃၀ ကျော် ဆုံးရှုံးခဲ့ကြောင်း၊ လူ ၆ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၄၁၆ ဦး မီးဘေး ဒုက္ခသည် ဖြစ်ခဲ့ရကြောင်း သိရသည်။

၂၀၁၃ ဒီဇင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သည့် လပွတ္တာမြို့ မီးလောင်မှု
(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

မီတာခတွေ တက်ပြီ


မီိတာခ, လွှတ်တော်, လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ပြည်ထောင်စုလွှတ်တော်က အစိုးရ တင်ပြလာသော လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရေး အဆိုကို မတ်လ ၁၉ ရက်နေ့ တွင် အတည်ပြုလိုက်ရာ ပြည်သူများအနေဖြင့် လာမည့်ဧပြီလ ၁ ရက်နေ့မှစတင်ပြီး မီတာခများကို တိုးမြှင့် လိုက်သော နှုန်းထား အသစ်ဖြင့် ပေးဆောင်ရတော့မည် ဖြစ်သည်။


လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံးမီတာ တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိသုံးစွဲလျှင် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်း ၊ ယူနစ်၂၀၁ နှင့် အထက် သုံးစွဲလျှင် တစ်ယူနစ်လျှင် ၅၀ ကျပ် ၊ စက်မှုသုံးသည် ၁ ယူနစ်မှ ၅၀၀ အထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ယူနစ် ၃ သိန်းအထိ သုံးစွဲပါက သုံးစွဲသည့် ယူနစ်ကိုလိုက်၍ မီတာခ တစ်ယူနစ်လျှင် ၁၀၀ ကျပ်မှ ၁၂၅ ကျပ်အထိ အသီးသီးကောက်ခံသွားမည်ဖြစ်သည်။

လျှပ်စစ်မီတာခများကို တိုးမြှင့်ကောက်ခံရခြင်းမှာ လျှပ်စစ် ၀န်ကြီးဌာန အနေဖြင့် နိုင်ငံတ၀န်းသို့ ဖြန့်ဖြူးပေးနေသည့် လျှပ်စစ် ဓာတ်အား သုံးစွဲမှုအတွက် ကျပ်ငွေ ဘီလီယံ ၂၈၀ ကျော် လိုငွေပြနေ၍ ဖြစ်ပြီး တိုးမြှင့်လိုက်သော မီတာခ နှုန်းထား ကြောင့် အစိုးရအနေဖြင့် ငွေကျပ် ၁၂ ဘီလီယံသာ စိုက်ထုတ် သုံးစွဲရမည်ဟု အစိုးရက တရားဝင်သတင်း ထုတ်ပြန်သည်။

အစိုးရ၏လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံမည့် အဆိုကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်တချို့က ကန့်ကွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ကန့်ကွက်ခဲ့ကြောင်း၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ်တပ်ရပ် မဲပေးစနစ်ကို အသုံးပြု၍ ကန့်ကွက်သူ ရှိ၊ မရှိ ဆန္ဒပြုခိုင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက မတ်တပ်ရပ် ဆန္ဒပြု ကန့်ကွက်ခဲ့ကြကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်စန္ဒာမင်းက ဦးဆောင်၍ မီတာခ တိုးမြှင့်မှုကို ကန့်ကွက်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကန့်ကွက်သူများတွင် မပါဝင်ဘဲ မီတာတိုးမြှင့်ရေး အဆို ထောက်ခံခဲ့ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မိထ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က “မီတာခ တိုးမယ့် အနေအထားက အောက်ခြေက လူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်၊ အပေါ်က ပုဂ္ဂိုလ်တွေဆီက ပိုပြီးရအောင် လုပ်ထား တဲ့သဘောပါ၊ ပြည်သူတွေ အခက်တွေ့မှာဆိုးလို့ မတိုးစေချင်ဘူး၊ ဒါပေမဲ့ တိုးသင့်တယ်ထင်ရင်တော့ ထောက်ခံ ရမှာဘဲလေ မီတာခ တိုးကောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြဿနာတွေတော့ ပေါ်လာအုံးမှာဘဲ”ဟု သုံးသပ်ပြော ဆိုသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အရာရှိတဦးက “မီတာခ ပြောင်းတာဆိုလို့ စက်မှုလုပ်ငန်းတွေပဲ ရှိမယ်။ အရှုံးခံပြီး ဖြန့်ဖြူးနေတာကို သူတို့ဆီကနေ ပြန်ယူလိုက်တဲ့ သဘောပဲ။ အိမ်သုံးမီတာတွေမှာလည်း များများသုံး တဲ့သူတွေလည်း ချွေတာရာရောက်တာပေါ့´´ ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရ၏ လျှပ်စစ်မီတာတိုးမြှင့်ကောက်ခံမှုကြောင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ထုတ်လုပ်မှုစရိတ်ကြီးမြင့်ခြင်း အပါအ၀င် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်မည်ကို စီးပွားရေးပညာရှင်တချို့က စိုးရိမ်လျက်ရှိသည်။