Friday, February 28, 2014

ဖွဲ့စည်းပုံပြင်ပေးရန် ဆန္ဒပြပွဲများ မတ်လတွင် ဆက်တိုက် လုပ်မည်ဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ ကွန်ရက်က မတ်လအတွင်း ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက် လုပ်ရန်ရှိသည်ဟု ယင်းကွန်ရက်အတွင်း ပါဝင်သည့် ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်၏ အဖွဲ့ဝင် ဒေါ်လေးလေးက ဖေဖော်ဝါရီ ၂၆ တွင် မဇ္ဈိမကို ပြောသည်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က မတ်လ ၁ ရက် ညနေ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်နှင့် သာကေတမြို့နယ်တို့တွင် ဖွဲ့စည်းပုံပြင်ပေးရန် တစ်ပြိုင်နက် တောင်းဆိုမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင် မတ်လ ၃ ရက်၌ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် နံနက် ၈ နာရီ နှင့် မတ် ၄ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း၌ နံနက် ၉ နာရီတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တောင်း ဆိုသွားမည်ဖြစ်သည်။

ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်အဖွဲ့ဝင် ဒေါ်လေးလေးက “ပြည်သူတွေ ကြောက်အားရှိ နေသေးတဲ့အတွက် ဦးဆောင်စည်းရုံးတာပါ။ တစ်မြို့နယ်ချင်း တောင်းဆိုမှုပြီးသွားတာနဲ့ ရန်ကုန်တိုင်း တစ်တိုင်းလုံး တစ်နေ့တည်း၊ တစ်ပြိုင်တည်း တောင်းဆိုမှုတွေ ဆက်တိုက် ဆောင်ရွက်သွားမယ်”ဟု ပြောသည်။

မြို့နယ်တစ်မြို့နယ်ချင်းစီတွင် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့စခန်းများတွင် လူအင်အား ၂၀၀ ဖြင့် ခွင့်ပြုချက်ကို ရရှိထားပြီးဖြစ်သည်။ ယင်းအပြင် ဒဂုံမြို့နယ်သစ်မြောက်ပိုင်းတွင်လည်း ခွင်ပြုမိန့်တင်ထားသည်။

အရပ်သားပြည်သူများ သမ္မတဖြစ်ခွင့်နှင့် ပြည်သူကရွေးချယ်သော ပြည်သူ့ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်အပေါ် ဟန့်တားနေသော ပုဒ်မ၅၉(ဃ)နှင့်(စ)ကို ပယ်ဖျက်ပေးရေး၊ နိုင်ငံသားများအတွက် တန်းတူ ညီမျှမှု၊ တရားမျှတမှုကို ပျောက်ဆုံးစေသော ပုဒ်မ၆(စ)၊ ပုဒ်မ၂၆၁(ခ)၊ ပုဒ်မ(၁)၊ ပုဒ်မ ၃၃၈ တို့ကို ပယ် ဖျက်ပြင်ဆင်ပေးရေးအတွက်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်သူလူ ထုကို ပြုပြင်ပြောင်းလဲရာတွင် ကြီးစွာ အဟန့်အတားဖြစ်ပြီး စစ်အုပ်စု အာဏာတည်မြဲရေးကို ကာကွယ် ပေးရန် ပြဋ္ဌာန်းထားသော ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေးအတွက်လည်းကောင်း ပြည်သူအားဖြင့် ဆန္ဒ ဖော်ထုတ်သွားပါမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ကွန်ရက်က ဖေဖော်ဝါရီ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်အဖွဲ့ဝင် ဦးရန်နိုင်ထွေးက “အဓိကက ပြည် သူလူထု ရွေးကောက်တင်မြှောက်တဲ့ ခေါင်းဆောင်ပေါ်ပေါက်ဖို့ တောင်းဆိုမှုတွေ ဆက်တိုက် ဆောင် ရွက်သွားမှာပါ”ဟု ပြောသည်။

ယင်းကွန်ရက်သည် ဖွဲ့စည်းပုံကို ပြင်ဆင်လာသည့်အထိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် တောင်းဆိုမှု များ ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်သည့် စည်းရုံးပွဲများ ဆောင်ရွက် သွားမည်ဖြစ်သည်ဟုလည်း ဦးရန်နိုင်ထွေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ကွန်ရက်ကို ၂၀၁၄ ခုနှစ် နှစ်ဆန်းက စတင်ဖွဲ့စည်းခဲ့ ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းကွန်ရက်က ဖွဲ့ စည်းပုံပြင်ပေးရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တာမွေမြို့နယ်၌ ဆန္ဒဖော်ထုတ်ခဲ့သည်။

Mizzima

ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက



၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှာမှ တကယ်ဖြစ် လာတာလို့ပဲပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာ နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင် သာဆုံး တိုးတက်မှုကိုပြပါဆိုရင် မီဒီယာ လောက ကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။


ဖမ်းဆီးခံ သတင်းသမားအားလုံးကို အကျဉ်းထောင် တွေကနေ လွတ်ပေးလိုက်တာ၊ စာပေဆင်ဆာအဖွဲ့ ကို လုံးဝဖျက်သိမ်းလိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ပေးလိုက်တာ၊ ပြည်ပကနေ၀င် လာတဲ့ တချိန်ကအတိုက်ခံဖက်ယိမ်းတဲ့ မီဒီယာတွေကို ပြည်တွင်းမှာအခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတ ကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ခွင့်ပေးလိုက်တာတွေ ဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာခုန်ပြန်ကျော်လွှားမှုတွေပေါ့။

ဒါပေမဲ့ အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေစတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်း ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့တိုးတက်မှုတွေသာဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန်မကောင်းတော့ဘူးလို့ မီဒီယာလွတ်လပ်ခွင့်စောင့် ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာပါတယ်။

''မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါ တယ်။ ဒါပေမဲ့ ၂၀၁၃ တုန်းကဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာတွေ့ရ တယ်'' လို့ နယ်ခြားမဲ့ သတင်းသမားကာကွယ်ရေးအဖွဲ့ RSF ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို အဆင့်လိုက်ဖေါ်ပြတဲ့ အစီရင်ခံ စာအတွင်း အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။

စာရင်းအတိအကျကိုပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအခြေနေက ၁၄၅ နေရာမှာရှိ ပါတယ်။ မနှစ်က ၁၅၁ နေရာမှာရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိတက်လာတဲ့အတွက် ၁၈ ဆင့်အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့စာရင် ၂၀၁၄ ဟာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု နှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့်တိုးရာကနေ ၆ ဆင့်သာတိုးတော့တဲ့အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် နှစ်လှမ်းပြန်ဆုတ်သွားတယ်လို့ ဆိုလိုတာပါ။

၂၀၁၄ စာရင်းတွေအရ မြန်မာထက်နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြွဘွယ်ဖြစ်ပါတယ်။ တခါ တောင်အာရှဖက်က အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သိရိလကာင်္နဲ့ ပါကစ္စတို့ဟာလဲ မြန်မာ ရဲ့အောက်ကိုရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးက နေ ပြန်ရေတွက်ရင် နံပတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက်ဆုံးရဲ့ ဒုတိယ နေရာမှာရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာ လန်နဲ့ နော်ဝေတို့က ၃ နှစ်ဆက်တိုက် ယူထားတာတွေ့ရပါတယ်။


အပေါ်ဆုံးကိုရောက်ဖို့ ဒါမှမဟုတ် နော်ဝေးနဲ့ ဥရောပတိုက်ရဲ့ မီဒီယာအဆင့်တန်းကိုမှီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်အဆင့် ၁၄၀ ကျော်လိုသေးတယ်ဆိုပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါးအဆင့်ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ်ဆိုတာ ဟာ နည်းတဲ့ နှုန်းထားမဟုတ်ပါ။ ဒါပေမဲ့ ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်းကျသွားသလဲဆိုတာက တော့ စဉ်းစားစရာ ဖြစ်လာနေပါတယ်။

အစိုးရနဲ့ လွှတ်တော်ကဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေဟာ နိုင်ငံတကာအဆင့်တန်းနဲ့ ကိုက်ညီမှုမရှိ တဲ့အပြင် တချို့ဥပဒေတွေကို မီဒီယာသမားတွေနဲ့ညှိနှိုင်းမှုမရှိပဲ အစိုးရက တဖက်သတ်ဆောင်ရွက်နေ တာတွေဟာ လက်ခံနိုင်ဘွယ်မရှိဘူးလို့ RSF ကပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံလွတ်လပ်ခွင့်တွေကိုပေးလိုက်ရင် ဖြစ်ပေါ်လာမဲ့ အ ကျိုးရလာဒ်အပေါ် အစိုးရဖက်က ဒွိဟဖြစ်နေဆဲဖြစ်ပုံရတယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကိုတန်းစီပြောတာဖြစ်တဲ့အတွက် အသေးစိပ်အချက်လက်တွေတော့ အစီ ရင်ခံစာထဲမှာ မတွေ့ရပါ။ ဒါပေမဲ့ အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်မှု အချက်လက်တွေကို ဒီနေရာမှာ စုစည်းတင်ပြရမယ်ဆိုရင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦး တင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကို အောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီစစ် ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်မှ သတင်းသမားတဦးကို လာဒ်စားတဲ့သတင်းရေးသားမှု နဲ့ ထောင်ဒဏ် ၃ လ ချံခဲ့ဖူးပါတယ်။ နောက်တခါ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကလဲ မုံရွာဖက်က ကြေးနီမိုင်းဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အ တင်းအကျပ်ဖျက်ဆီးခိုင်းခဲ့တာမျိုးလဲရှိခဲ့ပါသေးတယ်။

ဖမ်းဆီးနှောက်ယှက်မှုကနေ ကန့်သန့်ချုပ်ချယ်မှုတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ရခိုင်ဖက် မှာဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနကြီးတခုရဲ့ သတင်းဖေါ်ပြချက်ဟာ မှားယွင်း တယ်လို့ပြန်ကြားဝန်ကြီးဌာနဖက်ကယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါ ၀င် နိုင်ငံခြားသတင်းထောက်တွေကို ဂျာနယ်လစ်ဗီဇာထုတ်ပေးမှု တင်းကျပ်လိုက်တယ်လို့သိရပါတယ် ။

နောက်တချက်ကတော့ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့အားပြိုင်မှုကြီးထွားလာခြင်းလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ဂျာနယ်တွေက အစိုးရသတင်းစာမှာသွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရသတင်းစာက ဆင်ဆာဖြတ်လိုက်ပါတယ်။ ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ တွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိကပိုင်သတင်းလောကဆီမပေးပဲ အစိုးရပိုင်းမီဒီယာတွေကို သာ ဦးစားပေးထုတ်ပေးနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ဘဏ္ဍကိုအသုံးပြုးပြိး ပုဂ္ဂလိ က မီဒီယာလောကအပေါ် အနိုင်ကျင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဖက်က ဖိနှိပ်လာမှုအပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်းသမားတွေဟာ သတင်းကျင့်ဝတ်ကိုမသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲ ချက်တွေလဲ ထွက်လာနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်းဖေါ်ပြမှုကိုတောင် သ တင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကိုမသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလဲရှိလာနေပါတယ်။

တခါ အခုရက်ပိုင်းအတွင်းထုတ်ဝေတဲ့ နာမည်ကြီးဂျာနယ်တခုမှ နာမည်ကြီး အဆိုတော်လူငယ်တဦး ရဲ့ဆောင်းပါးထဲမှာလဲ သူကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့အပြင် အင်တာဗျုး မဲ့အကြောင်းအရာကိုလဲ ဘာမှကြိုတင်လေ့လာမထားဘူး။ အိမ်စာလဲ လုပ်မလာဘူး။ သူ့အမည်ကို တောင် မှန်အောင်မခေါ်တတ်ဖူး။ မီဒီယာသမားတွေဟာ ဖွ ဖို့လောက်၊ စောင်ရေများအောင်လောက်ပဲ စိတ်ဝင်စား နေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေ့ရပါတယ်။

ဒီလိုနှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွှင့်နိုင်ဘွယ်ရှိတယ်လို့ သတင်းတွေထွက်လာ ပါတယ်။ ပွင့်လင်းကာစ မြန်မာ့မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာအဆင့်မှီသူ သတင်း သမားတွေနည်းနေသေးလို့ ဒီလိုကျောင်းတွေဖွင့်တာကို မူအရကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ပြင်နေတဲ့အတွက် မီဒီယာသမားတွေက မကျေမလည်ဖြစ်နေ တယ်လို့ ဆိုပါတယ်။ အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ မြန်မာ့မီဒီယာလောက တိုးတက်မှုအခြေနေဟာ နိုင်ငံရေးအသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေး အသွင် ကူးပြောင်းမှုတိုး တက်မှ မီဒီယာလွတ်လပ်ခွင့်လဲ တိုးတက်သလိုဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေ တွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions တွေအရ မီဒီယာလွတ်လပ်ခွင့်ကို အသေအချာကာကွယ်ပေးထားတဲ့ အ ဆင့် ဆီ မရောက်သေးပါ။


နိုင်ငံရေးအခြေနေအရ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတကဖြစ်ဖြစ်၊ လွှတ် တော်ဥက္ကဌကဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးကဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသြဇာအရ ပေးထားတဲ့အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေးအ ခြေနေမကောင်းတာနဲ့ ရထားတဲ့မီဒီယာလွတ်လပ်ခွင့်တွေလဲ ချက်ချင်းပြန်ဆုံးရှုံးသွားနိုင်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်နှစ်လှမ်း ပြန်ဆုတ်သွားတဲ့အခြေနေမျိုး ထပ် မကြုံရလေအောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမားအားလုံးက စည်းလုံးညီညွတ် စွာနဲ့ ရပ်တည်တိုက်ပွဲဝင်ဖို့လိုပါတယ်။ စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဖက်က သတင်းသမားတွေ၊ အွန်လိုင်းမီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေ ခံမီဒီယာသမားတွေပါ ပါဝင်ခွင့်ရတဲ့ မီဒီယာကောင်စီကိုအခိုင်မာဖွဲ့ပြီး အာဏာပိုင်အဖွဲ့မျိုးစုံးရဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေးအပြည့်အ၀ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

http://www.htetaungkyaw.net/

ပြိုင်ကား ၅ စီး ရဲစခန်းရောက်နေပါပြီ



၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ် ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက် ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။


ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားကို ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာ၌ ရပ်ထားသည်ကိုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် ကိုထက် (ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော YGN 3G-1470(V300 ARISTO) အဖြူရောင်ပြိုင်ကားကိုလည်းကောင်း၊ ၂၂.၂.၂၀၁၄ရက်နေ့ ၁၈၃၀အချိန်တွင် ဝေယံလင်း မောင်းနှင်ခဲ့သော ၅င/၈၅၆၇ MAZDA RX-8 ခဲပုတ်ရောင်ပြိုင်ကားကိုလည်းကောင်း ၎င်းတို့၏ မိဘ အုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြစ်မှုကျူးလွန်သူများနှင့် ကျန်ရှိနေသေးသောပြိုင်ကားများ ရမိရေး ဆက်လက်ဆောင်ရွက် ခဲ့ရာ ၂၅.၂.၂၀၁၄ ရက်နေ့ ၁၇၁၀ အချိန် တွင် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ထက်အောင်လူ မောင်းနှင် ခဲ့သော YGN 4C-4238 FRAND CHIEROKEE JEEP အနက်ရောင်ယာဉ်နှင့် ကောင်းစည်သူ မောင်းနှင် ခဲ့သော MDY 7C-5830 NissanFairlady350Z ခဲပုတ်ရောင်ပြိုင်ကားတို့ကို မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ ပို့ဆောင်အပ်နှံပေးခဲ့ကြပါသည်။

ပြစ်မှုကျူးလွန်သူများဖြစ်ကြသော

ကိုကိုနိုင်(ဘ)ဦးစိန်မောင်၊(၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊

ကိုထက်(ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ(ဘ)ဦးအေးမြင့်၊ (၂)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊

ဝေယံလင်း(ဘ)ဦးနေထွန်း၊(၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊

ထက်အောင်လူ(ဘ)ဦးလူမော်၊(၃)ရပ်ကွက်၊တောင်ဥက္ကလာပ မြို့နယ်၊

ကောင်းစည်သူ(ဘ)ဦးကိုကိုအောင်၊ (၅)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူတို့ (၅)ဦးတို့ကို

၎င်းတို့၏မိဘအုပ်ထိန်းသူ များက လှိုင်မြို့မရဲစခန်းသို့ပို့အပ်ပေးခဲ့သဖြင့် ၂၅.၂.၂၀၁၄ရက်နေ့ ၁၈၀၅ အချိန်တွင် ၎င်းတို့ အားစစ်ဆေးလျက်ရှိပါသည်။

ယခုအမှုနှင့်ပတ်သက်၍ ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်နှင့်အညီ ပြည်သူများ က သတင်းပေးခဲ့၍ လည်းကောင်း၊ ပြစ်မှုကျူးလွန်သူများ၏ မိဘအုပ်ထိန်းသူများကလည်း သက်ဆိုင်ရာရဲစခန်းသို့ ကြိုတင် ညှိနှိုင်းပြီး လာရောက်အပ်နှံပေးခဲ့၍လည်းကောင်း အမြန်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများ၏ သတင်းများအပေါ် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ဖော်ထုတ်နိုင်ခဲ့မှုသည် ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက် နေမှုကို မိဘပြည်သူများအနေဖြင့် ယုံကြည်ကိုးစားမှု ရှိလာခြင်းဖြစ်သောကြောင့် ဥပဒေကို လေးစား လိုက်နာ ရမည်ဆိုသည့် အသိတရားနှင့်ယှဉ်၍ ယခုကဲ့သို့ ပြိုင်ကားမောင်းနှင်သူများ၏ မိဘများ ကိုယ်တိုင် လှိုင်မြို့မရဲစခန်းသို့ပြိုင်ကားများနှင့်အတူ မိမိတို့၏သားများကို လာရောက်အပ်နှံပေးခဲ့ခြင်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်း နှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နောင်တွင်လည်း မိဘပြည်သူများက မိမိတို့၏ သားသမီးများ၏ ဘ၀ရှေ့ရေး ကောင်းမွန်လာစေရေး အတွက် ၀ိုင်းဝန်းထိန်းသိမ်း၍ ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းကူညီမှုပေးကာ ပြည်သူများ အားလုံး စည်းကမ်းရှိစွာသွားလာနေထိုင်ကြရေး ဥပဒေဘောင်အတွင်းမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တိုက်တွန်းအပ်ပါသည်။


မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရ စိစစ် တင်ပြရန် လွှတ်တော် တောင်းဆို


လွှတ်တော်၊ အစိုးရ၊ မျိုးစောင့်ဥပဒေ

သမ္မတဦးသိန်းစိန်က အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် လွှတ်တော်သို့ တရားဝင် သ၀ဏ် လွှာ စာပေးပို့ တောင်းဆိုခဲ့ရာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အတွက် အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း လွှတ်တော်က ထုတ်ပြန် ကြေညာ တောင်းဆိုလိုက်သည်။


အမျိုး ဘာာသာ သာသနာ စောင့်ရှောက်အဖွဲ့(ဗဟို) ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒန္တ တိလောကာဘိဝံသက သမ္မတ ဦးသိန်းစိန်ထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာတွင် မျိုးစောင့်ဥပဒေ ၄ ရပ်ပြဋ္ဌာန်းပေးရန် ဆရာတော်၊ သံဃာတော်နှင့် နိုင်ငံသား ၁၃ သိန်းကျော်၏ လက်မှတ်များဖြင့် တောင်းဆိုလာကြောင်း၊ ထို့ကြောင့် ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိပ်မြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ ၄ ရပ် လွှတ်တော်က ပြဋ္ဌာန်းပေးပါရန် သမ္မတဦးသိန်းစိန်က လွှတ်တော် ထံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

သမ္မတဦးသိန်းစိန် ပေးပို့သော သ၀ဏ်လွှာကို လွှတ်တော်က အကြောင်းပြန်ကြားရာတွင် မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရာတွင် နက်နဲသိမ့်မွေ့ပြီး အစိုးရက စိစစ်တင်ပြရန် လိုအပ်ကြောင်း၊ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ သည် သာသနာရေးဝန်ကြီးဌာနနှင့်သက်ဆိုင်ကြောင်း၊လက်ထပ် ထိပ်မြားခြင်းဆိုင်ရာ ဥပဒေနှင့် တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့်သက်ဆိုင်ကြောင်း၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ပြီး အစိုးရက စိစစ် တင်ပြလျှင် လွှတ်တော်က ဥပဒေပြဋ္ဌာန်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံအတွက် အကျိုးအတွက် ဆောင်ရွက်ပေးမည် ဟု ထုတ်ပြန်ကြေညာသည်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး အစိုးရနှင့် လွှတ်တော်အကြား အပြန်အလှန် လွှဲချ နေကြပြီး ဥပဒေပြဋ္ဌာန်းရန် ငြင်းဆန်လျှင် ပြည်သူထောက်ခံမှု ကျဆင်းမည်ကို နှစ်ဖက်စလုံးက စိုးရိမ်နေသည့် အခြေအနေ ရှိကြောင်း သုံးသပ်သည်။

“သမ္မတကြီးကလည်း ဒါကို ကိုင်တွယ်ဖို့ တော်တော်ဝန်လေးနေပုံ ရတယ်။ ဒါကြောင့် ဥပဒေပြုရေးမှာ တာဝန်ရှိတဲ့ လွှတ်တော်က လုပ်ပေါ့ဆိုတဲ့ သဘောမျိုးရှိတယ်။ တဖက်ကလည်း လွှတ်တော်ဘက်ကပဲ တာဝန်ရှိတာမဟုတ်ဘူး အစိုးရ ဘက်ကလည်း တာဝန်ရှိတယ်ဆိုပြီး ပြန်ပို့ပေးလိုက်တာပဲ။ တဖက်ဖက်က တာဝန်ခံပြီး လုပ်ဖို့ အခက်အခဲ ရှိနေတဲ့ သဘောပဲ” ဟု အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ သနပ်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကမူ မျိုးစောင့် ဥပဒေ ၄ ရပ် ပြဋ္ဌာန်းရန် လုပ်ဆောင်မှုများကို ကြိုဆိုလိုက်ပြီး အစိုးရနှင့် လွှတ်တော်အတွက် ကောင်းမွန် သော လုပ်ရပ်ဟု ပြောဆိုသည်။

နိုင်ငံရေးအသိုင်းအ၀ိုင်းကမူ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ ကြိုးပမ်းလာ မှုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအနိုင်ရရှိရေး ဗျူဟာ တခုအဖြစ် အသုံးချလာခြင်းဟု ဆိုလျှင်မမှား နိုင်ကြောင်း၊ ဘာသာရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလေးထားသော နိုင်ငံရေးပါတီများ ရွေးကောက်ပွဲတွင် မဲရှုံးစေရန် စနစ်တကျ စီမံလာခြင်းဟု သုံးသပ် ပြောဆိုကြသည်။

“ကျမတို့ နိုင်ငံမှာ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်ဖို့ ဥပဒေပြဋ္ဌာန်းရတဲ့အထိ ကျမတို့ မြန်မာ လူမျိုးတွေက မယိမ်းယိုင်သေးပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ ငယ်စဉ်ကတည်းက စိတ်ထဲမှာ ရှိထားပြီးသား။ ဥပဒေ ပြဋ္ဌာန်းစရာမလိုပါဘူး။ အဲဒီတော့ ပြည်သူတွေကို သိစေချင်တာက ဒါက နိုင်ငံရေးလှည့်ကွက်တခုဆိုတာ သိစေချင် ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို နိုင်ငံရေး အတွက် ခုတုံးလုပ် အသုံးမချရဆိုတာလည်း ပါထား ပြီးသားပါ´´ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောဆိုသည်။