Tuesday, February 18, 2014

“ကြောင်ဖြူဖြူ၊ နက်နက် အသားစားတတ်တာတော့ အတူတူဘဲ”



၁၉၅၈ ခုနှစ် စစ်ဘက်အာဏာသိမ်းပွဲ ကျင်းပချိန်မှ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီအစိုးရအဖြစ် မပေါ်ပေါက်မီ အချိန်အထိ ဗိုလ်နေ၀င်းရဲ့ ပြောပေါက်တွေနဲ့  ပြည်သူ လူထုအပေါ် ဆက်ဆံခဲ့ကြတာ ရှင်းပါတယ်။ အထူးသဖြင့် စစ်အစိုးရအဆက်ဆက် ပြန်ကြား ရေးဌာနက ၀ါဒဖြန့် ချိရေး သတင်းထုတ်ပြန်ချက်တွေမှာ အထင်အရှားဖြစ်တယ်။ လက်တွေ့ မှာလည်း ဒီပြောလုံးအတိုင်း ကျင့်သုံးခဲ့ကြတာဘဲ။


သို့ သော် ၂၀၁၀ ခုနှစ် အစိုးရအပြောင်းအလဲပုံစံသစ် ပေါ်ပေါက်လာတဲ့အခါကျတော့ ကိုယ်နှုတ် အမူအယာတွေ၊ လုပ်ဟန်တွေ ပျော့ပြောင်းလာတာ တွေ့ ရတယ်။ လွတ်လပ်ခွင့်တချို့  ပေးလာတာ တွေ့ ရတယ်။ တလျှောက်လုံးလူထုအဖွဲ့ အစည်းများနဲ့  ကင်းကင်းကွာကွာနေခဲ့တဲ့ စစ်အုပ်စုဟာ ရောထွေး ယှက်တင်လုပ်လာတာ တွေ့ ရတယ်။ ပြည်တွင်းစစ် စဖြစ်ချိန်ကစပြီးအစိုးရအဆက်ဆက်က လက်နက်ကိုင် အင်အားစုများနဲ့  စကားပြောဖို့ ကို ခါးခါးသီးသီး ငြင်းပယ်ခဲ့တယ်။ ရှစ်လေးလုံးအလွန်ကစပြီး လက်နက်ကိုင် နိုင်ငံရေးပါတီများနဲ့  စကားစပြောတယ်။ အပစ်ရပ်ရေးဆိုတာ လုပ်တယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ လက်နက်ကိုင်ပါတီများနဲ့  ချောင်းပေါက်အောင်သွားရောက်တွေ့ ဆုံဆွေးနွေးတယ်။ ဒီမိုကရေစီအင်အားစု များနဲ့ လည်း ရောထွေးယှက်တင် ဆက်ဆံလာတယ်။ ထူးခြားတာ တစ်ခုဘဲရှိတယ်။ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့  တွေ့ ဆုံဆွေးနွေးဖို့  ကမ်းလှမ်းတာမလုပ်ဘူး။ သတိကြီးကြီးနဲ့  ရှောင်ရှားတာတွေ့ ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ပျော့ပြောင်းမှုနိုင်ငံရေးလုပ်ဟန်တချို့  လက်တွေ့ ပြလာခဲ့တယ်။ ဦးသိန်းစိန်အစိုးရဟာ ယခင်စစ်အစိုးရဟောင်းများနဲ့ မတူဘဲ ကိုယ်နှုတ်အမူအယာ အပြောင်းအလဲတချို့ တွေ့ လာရတယ်။ သို့ သော် နှလုံးသားကတော့ သွေးမည်းများနဲ့ လျှံနေတာပါ။

ကြောင်ဆိုတဲ့သတ္တ၀ါဟာ အားလုံးသိတော်မူတဲ့အတိုင်း မောဟဖုံးလွှမ်းတဲ့အဟိတ်တိရစ္ဆာန် မဟုတ်ပါလား။ လူသားတို့ စောင့်ထိန်းအပ်တဲ့ သီလတစ်ပါးဖြစ်တဲ့ သူ့ အသက် မသတ်အပ်ဆိုတဲ့ ပါဏာတိပါတ ကံကို ကြောင်ဆိုတဲ့ အဟိတ်တိရစ္ဆာန်က စောင့်ထိန်းရကောင်းမှန်း မသိနိုင်ပါဘူး။ ဒါကြောင့် အင်မတန်ဖြူဖွေး လှပတဲ့ ကြောင်ဘဲဖြစ်ဖြစ်၊ အကျည်းတန်အရုပ်ဆိုးတဲ့အနက်ရောင်ကြောင်ဘဲဖြစ်ဖြစ် သူ့ ရှေ့ မှာတွေ့ နေတဲ့ ကြွက်ဆိုတဲ့သတ္တ၀ါကို အလွတ်ပေးရိုးထုံးစံမရှိပါ။ ကိုက်ဖြတ်စားသောက်တတ်တယ် မဟုတ်ပါလား။

ဗမာပြည်လွတ်လပ်ရေးဆိုတာ ရပြီးကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကာလတလျှောက်မှာ ကျေးလက် ပြည်သူ လူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ အနိုင်ကျင့်၊ ဗိုလ်ကျ၊ ရွာမီးရှို့ ၊ ပစ္စည်းယူ၊ လူသတ်ပြီး လူ့ အခွင့် အရေးချိုးဖောက်တယ်လို့  စွပ်စွဲခံရတဲ့စစ်တပ်ဟာ နိုင်ငံ့အာဏာ သိမ်းပိုက်အုပ်ချုပ် တော့လည်း ဒီမိုကရေစီအင်အားစုနဲ့ ပြည်သူလူထုအပေါ် ဒီမိုကရေစီဆန့် ကျင်ပြည်သူ့ ဆန့် ကျင်ရေး၊ ကွန်မြူနစ်ဆန့် ကျင်ရေးပေါ်လစီကို လှိုင်လှိုင်ကျင့်သုံး ခဲ့တာဘဲ။ ဒါဟာ စစ်အုပ်စုရဲ့  အရင်းခံ ပင်ကိုယ် လက္ခဏာရပ်ဘဲ။ သို့ သော်ကျင့်သုံးတဲ့အခါမှာ နည်းပရိယာယ် နှစ်သွယ်ကို ကျင့်သုံးတာဘဲ။ ရက်စက်ကြမ်းတမ်းတဲ့ “ဖမ်းဟယ်၊ ဆီးဟယ်၊ သတ်ဟယ်၊ ဖြတ်ဟယ်” ဆိုပြီးကျင့်သုံးသလို (ဒါက ကြောင်နက်ကလေး အသွင်ပေါ့) တစ်ဖက်မှာ ၂၀၁၀ ခုနှစ် နောက်ပိုင်း တစုံတရာလျော့ပေါ့မှု၊ လူထုအဖွဲ့ များ နိုင်ငံရေးအင်အားစုများနဲ့  ရောထွေး ယှက်တင်မှု၊ ငြိမ်းချမ်းရေးလုပ်ဟန်ပြများ ပေါ်လာမှု စတဲ့ နှစ်လိုဖွယ်အသွင်တချို့ ဆောင်ပြမှုများ (ဒါက ချစ်စဖွယ်ကြောင်ဖြူကလေးအသွင်ပေါ့)တွေ့ လာနေရတယ်။

ကြောင်သတ္တ၀ါဟာ နက်သည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ မောဟဖုံးလွှမ်းတဲ့သားစားသတ္တ၀ါ အမျိုးအစား ဖြစ်တယ်ဆိုတာ သတိပြုရမှာပါ။ ပါဏာတိပါတကံ ကျူးလွန်ဖို့  စက္ကန့် နဲ့ အမျှ စိတ်ကူးနေတာ သတိပြုရ ပါမယ်။ ဒီသဘောထားဟာနိုင်ငံရေးသဘောတရားတစ်ခု ဖြစ်တယ်။

မဆလ ဗိုလ်နေ၀င်းစစ်အုပ်စုကြီးစိုးစဉ်က ကမ္ဘာမှာခေတ်စားနေတဲ့ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး ကမ္ဘာနဲ့ ဗမာကို လိမ်တဲ့အလံ လွှင့်ထူပြတယ်။ လူတွေကြားထဲ မှိုင်းသွင်းလိုက်တာပါ။ လူထုကလည်း ဆယ်နှစ် ဆယ်မိုး ဖဆပလဆိုရှယ်လစ်အောက်မှာ ခံစားရတဲ့ဒုက္ခကို လွတ်မလားလို့  မျှော်ကြည့်မိကြ ပါတယ်။ အင်္ဂလိပ်အောက်ကလွတ်ပြီး ဂျပန်ဖက်ဆစ်အောက် ရောက်သလိုပါဘဲ။ ပိုမိုဆိုးဝါးတာဘဲ ထူးတယ်။ ဒါကြောင့်လည်း သူ့ ရဲ့ လယ်သမားအပေါ် လိမ်ညာခဲ့တဲ့ ခပေါင်း၊ ဒူးယား နှီးနှောဖလှယ်ပွဲကြီးများ ဆိုတာတွေ၊ တောင်သူလယ်သမားများအတွက် သီးစားခဖျက်သိမ်းရေးဥပဒေတို့ ဆိုတာတွေဟာ နောက်ဆုံး တော့ တောင်သူလယ်သမားတွေရဲ့ စပါးတွေကို အဓမ္မလုယက်မှုတွေကြောင့် အလိမ်တွေ ပေါ်ကုန် တော့တာပါဘဲ။ “ဦးကြီးတို့  ဦးကြီးတို့ ” ဆိုပြီး လယ်သမားတွေကို လိမ်ခေါ်ခဲ့တဲ့ ဗိုလ်နေ၀င်းဟာ လယ်သမားတွေ ရှစ်လေးလုံးမှာ ဆန္ဒပြတော့ကျည်ဆံကို တည့်တည့်ပစ်ခိုင်းပြီး စစ်အာဏာရှင်သရုပ်ကို ဖော်ပြခဲ့တာဘဲ မဟုတ်လား။

ဒီလိုပါဘဲ။ အလုပ်သမားအစည်းအရုံးဆိုတာတွေ ဌာနတိုင်း၊ စက်ရုံတိုင်းမှာ ဖွဲ့ ပြီးဆိုရှယ်လစ်စနစ် အကောင်အထည်ဖော်သယောင် ဆောင်ခဲ့ပေမယ့် ၇၄၊ ၇၅ ခုနှစ် မေ၊ ဇွန် အလုပ်သမားသပိတ်တွေ ကျတော့ သွေးချောင်းစီး သတ်ဖြတ်ဖြိုခွဲခဲ့တာဘဲမဟုတ်လား။ “မောင်အလုပ်သမားဆိုရင် မေကပင် စတင် ချစ်ချင်” လို့ ဆိုတဲ့ တေးသီချင်းတွေနဲ့  မှိုင်းတိုက်ခဲ့တာတွေ၊ မေ ဇွန် အလုပ်သမား အရေးအခင်းမှာ မျက်နှာဖုံးမှိုင်းပြယ်ပြီး ဘီလူးဖက်ဆစ်ရုပ် ပေါ်ခဲ့ရတာဘဲ မဟုတ်လား။ ရှစ်လေးလုံး အထွေထွေသပိတ် ပေါင်းစုံ တိုက်ပွဲကို ဘယ်လိုချေမှုန်းခဲ့သလဲ။ နိုင်ငံရေးလိမ်ဆင်တွေအားလုံး ဗူးပေါ်သလို ပေါ်ခဲ့တာဘဲ မဟုတ်လား။

ဒီနေ့  ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့  ပေါ်ပေါက်လာတဲ့လွှတ်တော်တို့ ၊ ၂၀၀၈ ဖွဲ့ စည်းပုံ အရ ပေါ်ပေါက်လာတဲ့ ပြည်နယ်တို့  တိုင်းဒေသကြီးတို့ ၊ ရွေးကောက်တင်မြှောက်ခံအစိုးရတို့ ၊ ဒီမိုကရေစီ လမ်းပေါ် လျှောက်နေပြီတို့ ၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းတို့ ၊ အပစ်ရပ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလိုက်ရင်တိုင်းပြည်ကြီး ရွှေမိုးငွေမိုး ရွာတော့ မယောင်တို့ ၊ နိုင်ငံခြားက အစိုးရအဖွဲ့ ဝင်များ တသောသော လာရောက်နေတာတို့ ၊ အနောက်အုပ်စု ကလည်း ဗမာ့တပ်မတော်ကိုစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ မြှင့်တင်ပေးမယ်တို့ ၊ ငြိမ်းချမ်းရေးပိသုကာကြီး အဖြစ် သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးနိုဗယ်ဆုကြီးပေးတော့မယောင်လေသံလွှင့်နေတာတွေ အားလုံး အားလုံး ကို တစ်ခွန်းတည်းမေးမယ်။ ဒါတွေဟာ ပြည်သူ့ အကျိုးစီးပွားကိုဆောင်တဲ့ အခင်းအကျင်းတွေလား ဆိုတာပါဘဲ။

ကနေ့  လူမျိုးစုံပြည်သူလူထုရဲ့ သရုပ်မှန်က ဘာလဲ။ စစ်တပ်က လူမျိုးစုပြည်သူများအပေါ် ထိုးစစ် တိုက်စစ်တွေ အပြီးအပြတ် မရပ်သေးဘူး။ စစ်ပြေးဒုက္ခသည်တွေ မိမိရွာ မိမိမပြန်နိုင်သေးဘူး။ စက်မှုဇုန်လုပ်သားတွေ ထမင်းနပ်မှန်မှန်စားရဖို့ ပင်ပန်းကြီးစွာ သပိတ်တိုက်ပွဲ ဆင်နွှဲနေရတယ်။ အစိုးရနဲ့ အလုပ်ရှင်ပေါင်းပြီး ဖိနှိပ်တာ ခံနေရဆဲဖြစ်တယ်။ နိုင်ငံထုတ်ကုန်လုပ်ငန်းရဲ့ အခြေခံရိက္ခာ ထုတ်လုပ်တဲ့ လယ်ယာမြေတွေ စစ်တပ်၊ အစိုးရနဲ့ ဗျူရိုကရက်အရင်းရှင်တွေက အဓမ္မသိမ်းပိုက် ခံနေရတဲ့အတွက် နိုင်ငံထုတ်ကုန်စွမ်းအားစုကို ဖျက်ဆီးရာရောက်နေတယ်။လယ်သမားထုဘ၀ ကြီးစွာသောဒုက္ခ ရင်စည်း ခံနေရတယ်။ လူသားတွေဟာ နားနေအိပ်စက်ဖို့ ၊ မိုးဒဏ် လေဒဏ် နေဒဏ်မှ ကာကွယ်ဖို့ နေအိမ် အဆောက်အဦရှိရပါမယ်။ ဒီအတွက် အိမ်ယာဆောက်ပြီးနေထိုင်တဲ့ မိသားစုတွေကို ကျူးကျော် ရပ်ကွက်ဆိုကာ စစ်တပ်၊ ရဲနဲ့  လူဆိုးလူမိုက်တွေ ငှားယမ်းပြီးအဓမ္မ၀င်ဖျက်နေတဲ့သတင်းတွေ အလျှံပယ် ကြားနေရတယ်။ အဲဒီနေရာတွေမှာ အစိုးရအာဏာပိုင်နဲ့ ခွဲဝေစီးပွားရှာတဲ့ ခရိုနီလို့ လူသိများတဲ့ စီးပွားရေး အုပ်စုတွေကခြယ်လှယ်ခွင့်ရနေတယ်။ လူထုတွေဟာ မိမိတို့ ဘ၀ခံစားချက်တွေ လွတ်လပ်စွာ စုဝေးဖော်ထုတ်၊ ပြောဆို၊ ရေးသားခွင့်ဆိုတာ အခြေခံဒီမိုကရေစီ အခွင့်အရေးဘဲ။ဒီအခွင့်အရေးဟာ အနောက်ကလာတာလည်းမဟုတ်၊ အရှေ့ ကဖန်တီးတာလည်း မဟုတ်၊ လူသားသဘာဝ လိုအပ်ချက် ဖြစ်တယ်။ ဒါကို ပုဒ်မ ၁၈ အပါအ၀င်အခြား ဖိနှိပ်ရေးပုဒ်မတွေနဲ့  တရားဥပဒေစိုးမိုးရေးဆိုပြီး မတရား ဖိနှိပ်နေတာ ကမ္ဘာသိ မဟုတ်လား။

ဒီနေ့ ကြံ့ဖွံ့ အစိုးရဟာ နိုင်ငံတကာ နယ်ချဲ့ သမားနဲ့ အပြိုင် နိုင်ငံဖောက်ပြန်ရေးသမားတွေရဲ့ ကျင့်ထုံး၊ လွတ်လပ် ရေးခေတ် ဖောက်ပြန်ရေးအစိုးရအဆက်ဆက် ဖောက်ပြန်ရေးကျင့်ထုံးဖြစ်တဲ့ ပျော့ပြောင်းတဲ့ လုပ်ဟန်မျိုး၊ ပွင့်လင်းတဲ့လုပ်ဟန်မျိုး၊တစ်ဖက်က တိုက်ရင်း တစ်ဖက်က နောက်ဆုံးပေါ် သမီးကလေး ကျေးရွာ လုပ်ရပ်လို ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုလုပ်ရပ်များကို ကိုင်ဆွဲထားတယ်ဆိုတာထင်ရှားတယ်။ ဒီလုပ်ဟန်နှစ်ခုစလုံးဟာ ဘာလဲ။ ကြောင်ဟာ ဖြူသည်ဖြစ်စေ၊ နက်သည်ဖြစ်စေ မူရင်းက အသားစား သတ္တ၀ါဘဲဆိုတာဘဲ။ မောဟတရားဖုံးလွှမ်းပြီးအ၀ိဇ္ဇာဦးနှောက်သာရှိတဲ့ သတ္တ၀ါလိုဘဲ။ လူ့ နယ်ပယ်မှာလည်း စစ်အာဏာရှင်ရဲ့  မောဟနဲ့  အ၀ိဇ္ဇာဦးနှောက်ဖုံးနေတဲ့ ဦးသိန်းစိန်အစိုးရရဲ့  အပျော့နည်း နဲ့ အမာနည်း(ခေတ်စားနေတဲ့ သိုးဆောင်းစကားနဲ့ ဆိုရင် Soft Ware နဲ့  Hard Ware ပေါ့ဗျာ) သုံးနေ တာရဲ့  တစ်ခုတည်းသော အရင်းအမြစ်ဟာ စစ်အာဏာရှင်စနစ်ဖြစ်နေသေးတယ်ဆိုတာ ထင်ရှားတယ်။ ဒါရဲ့  ရှေ့ တန်းရောက် ပုံသဏ္ဍာန်ဟာ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဘဲဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်သိပြီးပြုပြင်တာတို့ ဆိုတဲ့ စကားလုံးနဲ့  ဖုံးမနေဘဲ ပွင့်လင်းစွာဘဲ စစ်အာဏာ အငုတ်အတက်ထုတ်ပြီး ဒီမိုကရေစီ ကျသော ပြည်ထောင်စုဖွဲ့ စည်းပုံသစ် ရေးဆွဲ၍ ထိုဖွဲ့ စည်းပုံအသစ်နှင့်အတူ ဒီမိုကရေစီ အစိုးရသစ် ဖော်ထုတ်ရေးသာ ၀ိဇ္ဇာအမြင် ဖြစ်နိုင်ကြောင်းပါဗျား။

ခမ်းဝင်း

(အလင်းခေတ် ဂျာနယ် အတွဲ ၁ အမှတ် ၇ တွင် ပါရှိသော ခမ်းဝင်း ၏ “ကြောင်ဖြူဖြူ၊ နက်နက် အသားစား တတ်တာတော့ အတူတူဘဲ” မှ ထုတ်နုတ်ဖော်ပြပါသည်.)

ရဲတပ်ဖွဲ့ တားမြစ်သဖြင့် ဝန်ကြီး ဦးအုန်းမြင့် နုတ်ထွက် အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒပြပွဲပျက်



မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆ ဘီလမ်း၊ မြို့တော် ဥယျာဉ်အနီးတွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့် ကို နုတ်ထွက် အရေးယူပေးရန် ခွင့်ပြုချက်မရဘဲ တစ် ကိုယ်တော် ဆန္ဒပြသူ ဦးအေးသိန်းကို ရဲတပ်ဖွဲ့က တားမြစ်သဖြင့် ဆန္ဒပြပွဲ ပျက်ပြယ်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုကို သွားရောက် ကြည့်ရှုကြသူများက ပြောကြား သည်။


“ခွင့်ပြုချက် မပေးထားပါဘူး” ဟု ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဦးအေးသိန်း၏ တစ်ကိုယ်တော် ဆန္ဒပြမှုကို မြို့နယ် ရဲတပ်ဖွဲ့က ခွင့်မပြုသော်လည်း ၎င်းက မြို့နယ် ရဲတပ်ဖွဲ့ထံ မေတ္တာရပ်ခံကာ လာရောက် သတင်းယူသူ သတင်းသမားများနှင့် လာရောက် ကြည့်ရှုများကို ၁၀ မိနစ်ခန့် ပန်ကြားလွှာ ဖတ်ကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်သည် မကွေးတိုင်းဒေသကြီး သစ်ရာကောက် ကျေးရွာတွင် ပြောကြားခဲ့သော စကားရပ်များသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များကို စော်ကား ခြိမ်းခြောက်သော စကားရပ်များ ဖြစ်ပြီး နိုင်ငံတော် အစိုးရအပေါ် ပြည်သူလူထုက အယုံအကြည် အကြည်အညို ကင်းမဲ့စေရန် ကျူးလွန်နေခြင်းကို နိုင်ငံတော် အစိုးရက ဝန်ကြီး ဦးအုန်းမြင့်အား တာဝန်မှ ရပ်စဲပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၉၄ ပုဒ်မ ၅၀၅ (ခ) ပုဒ်မ ၅၀၆ တို့ဖြင့် အရေးယူ ပေးရန် တောင်းဆိုကြောင်း ဦးအေးသိန်းက ပြောကြားသည်။

ယင်းတစ်ကိုယ်တော် ဆန္ဒပြသူ ဦးအေးသိန်း တင်ပြသည့် ကိစ္စသည် လူပုဂ္ဂိုလ် တစ်ယောက်၏ ပြောကြား ခဲ့သည့် အချက်ကို အခြေခံခြင်းနှင့် အဖြစ်မှန် တိတိကျကျ မသိဘဲ အဆိုပါ ပုဂ္ဂိုလ်၏ ကိုယ်ရေးသိက္ခာကို ထိခိုက်သည့် ကိစ္စဖြစ်ခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကသာ စိစစ် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်နေခြင်း၊ ဆန္ဒပြခွင့် လျှောက်ထားသည့် နေရာသည် အများပြည်သူ အဓိက သွားလာသော လမ်းမကြီး ဖြစ်၍ အများပြည်သူ အတွက် အနှောင့်အယှက် ဖြစ်ခြင်း၊ လျှောက်ထားသူသည် မိမိမြို့နယ်မှ မဟုတ်ဘဲ သပိတ်ကျင်း မြို့နယ်မှ ဖြစ်ပြီး နယ်ကျော် လာရောက် ဆန္ဒပြခွင့် တောင်းခံခြင်း စသည့် အချက်များကြောင့် ငြင်းပယ် ရခြင်း ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ငြင်းပယ် စာအရ သိရှိရသည်။

ယင်းဆန္ဒပြသူ ဦးအေးသိန်းသည် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံသဖြင့် ပန်ကြားလွှာ ဖတ်အပြီးတွင် အဆိုပါ နေရာမှ အေးဆေးစွာ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ဦးအေးသိန်းမှာ မြရည်နန္ဒာ ကျူးကျော် ကိစ္စနှင့် ပတ်သက်၍ ပြစ်မှု ပုဒ်မ ၄၄၇/ ၃၅၃ နှင့် ၁၁၄ တို့ဖြင့် တရား ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ကိုင်းတန်းဈေးမ ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့် ခံထားရပြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဖြစ်သည်။

The Voice Weekly

ဥက္ကံ အစ္စလာမ် ကျောင်းဝင်းမှ တရားမဝင် အဆောက်အအုံများ ဖယ်ရှားရန် ဒေသခံများ တိုင်ကြား

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် ရန်ကုန်- ပြည်လမ်း ဘေးရှိ အစ္စလာမ် မိဘမဲ့ ကလေးများ ပြုပြင် ထိန်းသိမ်းရေး စာသင် ကျောင်းဝင်းအတွင်း တရားဝင် ခွင့်ပြု ချက် မရှိဘဲ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ဖယ်ရှားပေးရန် ဒေသခံ ပြည်သူများက မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် သာသနာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တိုင်ကြား ထားကြောင်း ဒေသခံ ဦးမင်းမင်းထွန်းက ပြောကြားသည်။


ယင်းအဆောက်အအုံများ ဆောက်လုပ်နေသည်ကို သိရှိသော်လည်း အထက် အဆင့်ဆင့်၏ ခွင့်ပြုချက် ရရှိခြင်း ရှိ၊ မရှိ မသိရှိကြောင်း၊ ရပ်ကွက်အတွင်း သမားရိုးကျ ဆောက်လုပ်ခြင်းသာ ဖြစ်သည်ဟု ယူဆ၍ တားမြစ်ခြင်း မရှိဘဲ သက်ဆိုင်ရာ မြို့နယ် အဆင့်ဆင့်သို့ သတင်း မပို့ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောကြားသည်။

အဆိုပါ စာသင်ကျောင်းဝင်း အတွင်း ဆယ်ပေ ပတ်လည် ၂ ခန်းတွဲ နှစ်ထပ် အုတ်ဖိနပ်၊ ထရံကာ သွပ်မိုး အဆောက်အအုံ တစ်လုံး၊ ၁၂ ပေ ပတ်လည် ၁ ထပ် အုတ်ဖိနပ်၊ ထရံကာ သွပ်မိုး အဆောက်အအုံ နှစ်လုံး နှင့် လတ်တလော ၂၅ ပေ ပတ်လည် အဆောက်အအုံများ အတွက် ဖောင်ဒေးရှင်း နှစ်ပေခွဲ အုတ်တက်စ အဆောက်အအုံများ တွေ့ရှိခဲ့သဖြင့် ဆက်၍ မဆောက်ရန် တားမြစ်ခဲ့ပြီး ဓာတ်ပုံ မှတ်တမ်းများကို သက်ဆိုင်ရာ သာသနာရေး ဦးစီးဌာန ရုံးများသို့ ပေးပို့ အသိပေးထားကြောင်း တိုင်ကြားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သွားရောက် စစ်ဆေးခဲ့သူ မြို့နယ် သာသနာရေး ဦးစီးဌာန ဦးစီးမှူး ဦးသန်းဌေးက ဆိုသည်။

အဆောက်အအုံ ဆောက်လုပ်ရန် တရားဝင် စာတင်ထားခြင်း မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရပ်ကွက်ရှိ မိဘမဲ့ ကလေးများ ထိန်းသိမ်းရေး စာသင်ကျောင်းတွင်းတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် ထုတ်ပြန်ထားခြင်း မရှိကြောင်း မြို့နယ် စည်ပင်သာရေးအဖွဲ့ရုံး တာဝန်ရှိသူက ပြောကြားသည်။

The Voice Weekly

မြစေတီ ကျောက်စာ ကမ္ဘာ့ အမွေအနှစ် စာရင်းသွင်းရန် ကြိုးပမ်း


UNESCO, မြစေတီ ကျောက်စာ, ရာဇကုမာရ် ကျောက်စာ, ဂူပြောက်ကြီး ကျောက်စာ, မြင်းကပါရွာ, ကမ္ဘာ့ အမွေအနှစ်, ပုဂံပြတိုက်

မြစေတီ ကျောက်စာဟု လူအများသိသော ကျန်စစ် သားမင်းကြီး၏ သားတော် ရာဇကုမာရ် မင်းသား ရေးထိုးခဲ့သည့် ပုဂံခေတ် ကျောက်စာကို ကမ္ဘာ့ ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်း (Memory of The World Register) သွင်းရန် ဆောင်ရွက်မည် ဟု သိရသည်။


ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်ရေး အတွက် လာမည့် မတ်လ အတွင်း လျှောက်ထားရန် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ အစည်း အဝေးက ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် အရာရှိတဦးက “မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်နဲ့ မြန်မာစာပေ အရေးအသားကို ကမ္ဘာက အလေးထားစေဖို့ လျှောက်ထားတာပါ”ဟု ဆိုသည်။

ရာဇကုမာရ် ကျောက်စာဟုလည်း ခေါ်ဆိုသည့် ပါဠိ၊ မွန်၊ မြန်မာ၊ ပျူ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော မြစေတီ ကျောက်စာ သည် မြန်မာ့ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစာပေ များနှင့် ပတ်သက်ပြီး အထူး အရေးပါသည့် အထောက်အထား တခု ဖြစ်သည်။

ပုဂံမြို့တောင်ဘက် မြင်းကပါရွာရှိ မြစေတီ ဘုရားအနီး တွေ့ရှိခဲ့ခြင်းကို အကြောင်းပြု၍ မြစေတီ ကျောက်စာ ဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ မြစေတီ ကျောက်စာကို ဂူပြောက်ကြီး ကျောက်စာ ဟုလည်း ခေါ်ဆိုကြသည်။

မြစေတီ ကျောက်စာတိုင် ၂ ခုရှိသည်။ ပုဂံပြတိုက်တွင် တခု ရှိ၍ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူ ထားသော ကျောက်စာ တိုင် တခုတို့ ဖြစ်သည်။

ပုဂံပြတိုက်ရှိ ကျောက်စာတိုင်မှာ အမြင့် ၅ ပေ ၁၁ လက်မ ရှိ၍ လေးဘက် မျက်နှာပြင် အကျယ်ညီသည်။ စာမျက်နှာ အမြင့် ၃ ပေ ၆ လက်မ၊ အကျယ် ၁ ပေ ၂ လက်မ ခန့်ရှိပြီး ပါဠိဘာသာဖြင့် ၄၁ ကြောင်း၊ မြန်မာ စာဖြင့် ၃၉ ကြောင်း၊ မွန်စာဖြင့် ၃၃ ကြောင်း၊ ပျူစာဖြင့် ၂၆ ကြောင်း ရေးထိုး ထားသည်။ ယင်း ကျောက်စာ တိုင်ကို အစိုးရ တွဲဖက်ကျောက်စာဝန် ပါဠိ ပါမောက္ခ ဂျာမန် ပညာရှင် ဒေါက်တာ ဖိုရှမ်းမား ဆိုသူက စတင် ၍ မြစေတီ ခြေရင်း၌ ကပ်လျက်တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ မတ်ရပ် လေးထောင့် ကျောက်တိုင် ဖြစ်ပြီး ကျောက်စာ မျက်နှာပြင် နှစ်ဘက်သည် ပိုမို ကျယ်ပြန့်သည်။ ကျန် ၂ ဘက်မှာ ကျဉ်းသည်။ အကျယ်ဘက် ၂ ဘက်သည် ၁ ပေ ၈ လက်မခန့်ရှိပြီး အကျဉ်းဘက်၌ ၁၀ လက်မခွဲမှ ၁၂ လက်မ အထိရှိကြောင်း၊ အကျယ် မျက်နှာပြင်ဘက်၌ စာမျက်နှာပြင် အမြင့် ၄ ပေ ၄ လက်မခန့်ရှိပြီး ၁ ပေ ၇ လက်မခွဲ အကျယ်ရှိကြောင်း၊ ပါဠိ စာကြောင်းရေ ၄၀ ၊ မြန်မာစာကြောင်းရေ ၃၄ ၊ မွန် စာကြောင်းရေ ၄၆ နှင့် ပျူ စာကြောင်းရေ ၂၉ ရှိကြောင်း မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

မြစေတီ ရင်ပြင်ပေါ်ရှိ ကျောက်စာတိုင်မှာ ဂူပြောက်ကြီးဘုရား လိုဏ်ဂူ အတွင်း၌ သုံးပိုင်း ကျိုးပြတ် နေသည်ကို စတင်တွေ့ရှိရခြင်း ဖြစ်သည်ဟုလည်း မှတ်တမ်းများက ဆိုသည်။

ကျန်စစ်သားမင်း နတ်ရွာစံပြီး တနှစ်ခန့်အကြာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် ရေးထိုးသည်ဟု ယူဆရသည့် အဆိုပါ ကျောက်စာတွင် သားတော်ဖြစ်သူ ရာဇကုမာရ် မင်းသားသည် ထီးနန်းစည်းစိမ်ကို မရရှိခဲ့ သော်လည်း မိဘဂုဏ်ကျေးဇူးကို ရည်စူးသည့် သားကောင်း ရတနာဖြစ်ကြောင်း ရေးထိုးထားခြင်း ဖြစ်သည်။

မြစေတီ ကျောက်စာကို လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

မြစေတီ ကျောက်စာသာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က အသိအမှတ် ပြုခဲ့လျှင် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တခု ဒုတိယ အကြိမ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု ဆိုရ ပေမည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းရှိ “ကမ္ဘာ့ အကြီးဆုံး စာအုပ်” ဟု တင်စား ခေါ်ဝေါ်သည့် ၁၅၃ နှစ် သက်တမ်းရှိ ကုသိုလ်တော် ပိဋကတ် ကျောက်စာများကို မြန်မာနိုင်ငံ၏ ကမ္ဘာ့ ရှေးဟောင်း အောက်မေ့ဖွယ် အမွေအနှစ် စာရင်းဝင် အဖြစ် UNESCO က ပထမဆုံး အကြိမ် အသိ အမှတ်ပြုခဲ့သည်။

ပုဂံခေတ်နှင့်ပတ်သက်လျှင် မြစေတီကျောက်စာကို အစောဆုံးဟု ယူဆကြသော်လည်း မကြာသေးမီက မြစ်သားမြို့နယ်၌ စောလူး မင်း ကျောက်စာဟု ယူဆသည့် ကျောက်စာတချပ် ထပ်မံတွေ့ရှိရသည့်အတွက် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း သုတေသန ဌာန (Archaeological Survey of India)၏ အကူအညီဖြင့် စစ်ဆေးလျက် ရှိသည်။

ပုဂံမြို့ မြင်းကပါရွာ မြစေတီ ဘုရား ရင်ပြင်ပေါ်တွင် စိုက်ထူထားသော မြစေတီ ကျောက်စာတိုက်(ဓာတ်ပုံ – ကိုစိုး)

Capital Hypermarket ၆ နှစ်ပြည့် သီချင်းဆိုပြိုင်ပွဲ ကျင်းပမယ်


Capital hypermarket, Capital idol, singing contest, သီချင်းဆိုပြိုင်ပွဲ

သီချင်းအဆိုပြိုင်ပွဲတွေ သူ့ထက်ငါ အပြိုင်အဆိုင် ကျင်းပနေတဲ့ ဒီလိုအချိန်ကာလမှာပဲ Capital Hypermarket ရဲ့ ၆ နှစ်ပြည့်အထိမ်းအမှတ် Capital Idol Singing Contest ကျင်းပမယ်လို့ သိရပါတယ်။


မတ်လ ၁ ရက်နေ့ကစပြီး မတ်လ ၃၀ ရက်နေ့အထိ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းမကြီးပေါ်မှာရှိတဲ့ Capital Hypermarket မှာ သီချင်းဆိုပြိုင်ပွဲကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့မှာ Pop အမျိုးအစား သီချင်းများနဲ့ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး မတ်လ ၈ ရက်နေ့မှာ R & B သီချင်းများ၊ မတ်လ ၁၅ ရက်နေ့မှာတော့ Traditional သီချင်းများ၊ မတ်လ ၂၂ ရက်နေ့မှာတော့ Rock သီချင်းများနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ Capital Idol Grand Final ပြိုင်ပွဲနဲ့အတူ Lucky Draw များဖွင့်ဖောက်သွားမှာ ဖြစ်ပါတယ်။

ဒီလို Capital Hypermarket ရဲ့ Capital Idol Singing Contest ပြိုင်ပွဲကို ပြုလုပ်ကျင်းပလာတာ Capital Hypermarket ရဲ့ ၄ နှစ်ပြည့်ကနေ စတင် ပြုလုပ်ခဲ့တာဖြစ်လို့ ယခု ကျင်းပခြင်းက Capital Idol Season 3 ဖြစ်တယ်လို့လည်း အဆိုပါပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုဝိုင်းချစ်က ပြိုင်ပွဲအတွက် စာနယ်ဇင်း ရှင်းလင်းပွဲမှာ ဟြေပြသွားပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူများ အနေနဲ့ ပြိုင်ပွဲဝင်ခွင့် ပုံစံများကို ဖြည့်စွက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ နောက်ဆုံးထားလို့ ပြန်လည် ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပထမအဆင့် လူရွေးပွဲပြုလုပ်မှာဖြစ်ပြီး ကနဦး ပြိုင်ပွဲဝင် ၁၂ ယောက်ကို ရွေးချယ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆု အနေနဲ့ကတော့ ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ကျပ်သုံးသိန်း၊ တတိယဆု ကျပ်နှစ်သိန်း ချီးမြှင့်ပါမယ်တဲ့။ ပြိုင်ပွဲဝင် Form များကို Capital Hypermarket ရဲ့ Information Counter မှာ အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရပါတယ်။

သီချင်းဆိုပြိုင်ပွဲ ဝင်လိုသူများ အနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်၊ ပြိုင်ပွဲအရပ်ရပ်မှာ ပထမဆု ရရှိထားသူတွေနဲ့ Capital သီချင်းဆိုပြိုင်ပွဲတွေမှ ဆုရရှိထားသူများ ယှဉ်ပြိုင်ခွင့်မရှိဘူးလို့ စည်းကမ်းချက် သတ်မှတ်ထားပါတယ်။

ဝါသနာရှင်များအနေနဲ့ အသေးစိတ်သိလိုတဲ့ အချက်တွေအတွက် အမှတ်၁၄ E၊ မင်းနန္ဒာလမ်းမကြီး၊ ဒေါပုံမြို့နယ်၊ ဖုန်း ၀၁၅၅၁၄၂၇ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

သီချင်းဆိုပြိုင်ပွဲအတွက် စာနယ်ဇင်းရှင်းလင်းစဉ် (ဓာတ်ပုံ- မြတ်သူအောင်/ ဧရာဝတီ)

တာချီလိတ်တွင် လောင်းကစားမှုဖြင့် ထိုင်း နိုင်ငံသား ၆ ဦး ဖမ်းဆီး ခံရ


တာချီလိတ်, ထိုင်း နိုင်ငံသား ၆ ဦး, ကာစီနို လောင်းကစားဝိုင်း, မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့

ရှမ်းပြည်နယ် တာချီလိတ်မြို့၌ လောင်းကစားမှုဖြင့် ထိုင်းနိုင်ငံသား ၆ ဦးကို ယမန်နေ့က မြန်မာ အာဏာပိုင်များက ဖမ်းဆီး ထားကြောင်း ထိုင်း သတင်း များတွင် ဖော်ပြထားသည်။


ထိုင်း-မြန်မာ နယ်စပ် မယ်ဆိုင်မြို့ တဖက်ကမ်း တာချီလိတ်မြို့ အတွင်းရှိ လတ်စ်ဗီးဂတ်စ် ဟိုတယ် တွင် တရားမ၀င် ဖွင့်လှစ် ထားသည့် ကာစီနို လောင်းကစားဝိုင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ ထိုင်း နိုင်ငံသား ၆ ဦး အဖမ်းခံရခြင်း ဖြစ်ကြောင်း ထိုင်းရတ် အင်တာနက် စာမျက်နှာတွင် ဖေဖော်ဝါရီ ၁၆ရက်က ဖော်ပြ ထား သည်။

အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၉ ဦး အဖမ်းခံထားရပြီး ယင်း ဖမ်းဆီး ခံရသူများထဲတွင် ထိုင်းနိုင်ငံသား ၆ ဦး ပါဝင်ကြောင်း သတင်းတွင် ပါရှိသည်။

လတ်တလော ဖမ်းဆီးခံထားရသူများ အားလုံးကို မြန်မာ အာဏာပိုင်များက အာမခံ ပေးထားကြောင်း၊ သို့သော် ထိုင်းနိုင်ငံသားများကို ထိုင်း နိုင်ငံထဲကို ပေးမပြန်သေးဘဲ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၉ နာရီတွင် တရားရုံး၌ အားလုံးကို စစ်ဆေးရန် ချိန်းဆိုထားကြောင်းလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။

ထိုင်း သတင်းဖော်ပြချက် အရ ထိုင်း နိုင်ငံသားများသည် ပြစ်မှုထင်ရှားပါက မြန်မာနိုင်ငံတွင် ထောင်ဒဏ် ၁ နှစ် နှင့် ၆ လခန့် ကျခံရနိုင်ဖွယ် ရှိကြောင်း သိရသည်။

မြန်မာ အစိုးရနှင့် နီးစပ်သူ တဦးက အဖမ်းခံထားရသူ အားလုံးကို ဟိုတယ် ပိုင်ရှင်က အာမခံ ပေးထား သည်ဟု ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။

ဝင်ရောက် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသော်လည်း ဟိုတယ် ပိုင်ရှင်မှာ ဦးစိုင်းကျော် ဖြစ်ပြီး ယခင် ထောက်လှမ်းရေး ခေတ်တွင် ဦးခင်ညွန့်၏ သတင်းပေး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ဟိုတယ်တွေကို ဘန်းပြပြီး ကာစီနို လောင်းကစားရုံတွေ နားလည်မှုနဲ့ ဖွင့်နေတာကို အစိုးရက ခွင့်မပြုသင့်ဘူးလို့ ထင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

တာချီလိတ်မြို့သည် ကာစီနို လောင်းကစားရုံ အပေါများဆုံးမြို့ ဖြစ်ပြီး အာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးခြင်း မရှိကြောင်း၊ လောင်းကစားရုံ တခုကို လစဉ်ကြေး တလလျှင် ဘတ်ငွေ သိန်းချီပေးဆောင်၍ ဖွင့်လှစ် နေကြကြောင်း သိရသည်။

“ရပ်ကွက်တိုင်း လိုလိုမှာ လောင်းကစား ဂိမ်းခုံတွေလဲ အင်မတန် များပြားပြီး လူငယ်တချို့ အကျင့်စာရိတ္တ ပျက်ပြားလာ ကြ တယ်”ဟု မြန်မာ အစိုးရနှင့် နီးစပ်သူက ဆိုသည်။

တာချီလိတ်မြို့သည် မယ်ဆိုင်မြို့ တဖက်ကမ်းတွင် တည်ရှိပြီး စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က) အကောက်ခွန်၊ ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ် လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့တမြို့လည်း ဖြစ်သည်။

ရန်ကုန်တွင် ဆေးမတိုးသည့် အဆုတ်တီဘီရောဂါ ဖြစ်ပွားမှုများ ရှိလာ


တီဘီ, ဆေးမတိုး, အဆုတ်, ကျန်းမာရေး

ရန်ကုန်မြို့တော်ကဲ့သို့ မြို့ပြဒေသကြီးများတွင် ကုသရန် ခက်ခဲ၍ ဆေးမတိုးသည့် အဆုတ်တီဘီ ရောဂါ ဖြစ်ပွားမှုများ ရှိလာပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အဆုတ်နှင့်ရင်ခေါင်းအထူးကုဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ ၀င်းနိုင်က ပြောသည်။


ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး (UMFCCI) တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကျင်းပသည့် တီဘီရောဂါဆိုင်ရာ အသိပညာပေး ဟောပြောပွဲ တွင် ဒေါက်တာဝင်းနိုင် က ထိုသို့ပြောဆိုခြင်းဖြစ်သည်။

“ ဆေးယဉ်ပါး တီဘီ အခြေအနေ ဘယ်လိုရှိပါသလဲ။ ကျနော်တို့နိုင်ငံ အဆိုးဆုံးထဲမှာမပါပါဘူး၊ ဒါပေမယ့် ကမ္ဘာ့ အဆိုးဆုံး ၂၇ နိုင်ငံထဲမှာတော့ ပါပါတယ်။ အဆိုးဆုံးတော့ မဟုတ်သေးပါဘူး၊ မဟုတ်ဖို့လည်း ကျနော် တို့ ကြိုးစားနေပါတယ်။ XDR တီဘီဆိုတာ ဆေးမတိုးတဲ့ တီဘီ ။ သူကတော့ အပြင်းတက အပြင်းထဲမှာ ပါတယ် ဆေးမတိုးတဲ့ တီဘီရောဂါတမျိုးဖြစ်တယ်။ အဲဒါက ကျနော်တို့ရဲ့ ကမ္ဘာကြီး ရင်ဘောင်တန်းရင် ကျနော်တို့ နိုင်ငံမှာလည်းရှိတယ်။ ဒီလေထုထဲမှာပဲ ရှိတယ်၊ လေကိုရှုတဲ့ သူတိုင်း ဒီတီဘီရောဂါဖြစ်နိုင်တယ်။ ဆင်းရဲ ချမ်းသာ မရွေး၊ ရန်သူမိတ်ဆွေ မဆိုင်ပါဘူး၊ ကျနော်တို့ ဆရာဝန်တွေ ကိုယ်တိုင် တီဘီရနိုင်ပါတယ်။ လူတိုင်း အတွက် အန္တရာယ်ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ရှင်းပြ သည်။

ပုံမှန်အားဖြင့် တီဘီရောဂါ ဖြစ်ပွားလျှင် ဆေးကုသမှု သက်တမ်း ၆ လနှင့် ၈ လ အတွက် ဆေးထိုး၊ ဆေး သောက်ရုံ ဖြင့် ပျောက်ကင်းနိုင်သော်လည်း ဆေးမတိုးသည့် XDR တီဘီ ရောဂါဖြစ်ပွားပါက ကုသရမည့် ဆေးဝါး ရှားပါးသည့်အပြင် ဆေးဝါးစရိတ်မှာလည်း အလွန်ကြီးမြင့်ကြောင်း၊ ဆေးကုသမှု ကာလသည်လည်း ၂ နှစ် ကြာမြင့်ပြီး သောက်သုံးရသည့်ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး များပြားကြောင်း ၎င်းက ဆိုသည်။

ဆေးမတိုးသည့် XDR တီဘီသည် ပုံစံနှစ်မျိုးဖြင့် ကူးစက်ပျံ့ပွားပြီး တီဘီရောဂါ ဝေဒနာရှင်များ ဆေးပုံမှန် မသောက်သုံးရာမှ ဆေးယဉ်ပါးပြီး ကုသရန် ခက်ခဲသည့် XDR တီဘီရောဂါ ဖြစ်ပွားကြောင်း၊ ယင်းXDR တီဘီ ပိုးသည် လေထဲမှ တဆင့် အခြားသူများထံ ကူးစက်ပျံ့ပွားကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်က ကုသရန် ခက်ခဲသည့် ဆေးမတိုး သော တီဘီရောဂါ ဖြစ်ပွားသူများကို ပြုစုစောင့်ရှောက်ရေး စီမံချက်များရှိပြီး ဆေးမတိုးသည့် တီဘီရောဂါ ခံစား ရသော ဝေဒနာရှင်များသည် သောက်သုံးရန် ဆေးဝါးအတွက် စောင့်ဆိုင်းရမှုများ ရှိကြောင်း သိရှိရသည်။

“ဆေးမတိုးတဲ့ TB အကြောင်းလေးလည်း ကျနော် တင်ပြချင်ပါတယ်။ ဘယ်လိုနည်းတွေရှိတယ်ပေါ့။ တမျိုးတည်းကို မတိုးတာ၊ နှစ်မျိုးကို မတိုးတာ။ အရေးကြီးသော နှစ်မျိုးကို မတိုးတာ။ နှစ်မျိုးအထက်ကို မတိုးတာ။ ဘာဆေးမှ မတိုးတာ။ ဒီလိုအဆင့်တွေ ကျနော်တို့ ခွဲထားတယ်။ အဲလိုခွဲထားတဲ့နေရာမှာ ဆေးမှာ စပြီးတော့ အူထဲကိုဝင်လိုက်တာနဲ့ မတိုးတဲ့ပိုးက ၀င်လာတာလား၊ ကိုယ့်ဆီမှာကုရင်းနဲ့ ကိုယ်လုပ်လို့ပဲ ဆေးက မတိုးတော့တာလား။ ဒီလိုမျိုး ကွဲတာရှိတယ်။ သူများဆီကစပြီးဝင်လာတဲ့ ပိုးကိုမှ သူများဆီက ကိုယ်က ရလိုက်တာပေါ့။ ဒါဆိုရင် ဆေးမတိုးတဲ့ TB ကိုကြည့်ရင် ဘာမှ ပြောလို့မရတော့ဘူလား။ ဆရာဝန်တယောက်အနေနဲ့ကျတော့ ကုရာနတ္ထိ ဆေးမရှိ ဒီလိုတော့လည်း မဟုတ်သေးဘူးပေါ့။ အရင်တုန်းက ကုရာနတ္ထိဆေးမရှိတွေ တောင် ဆေးရှိလာတာပဲ ။ ရှိတယ်လို့ ဆိုပြီးဖြစ်လာတာပဲ။ သူတို့လည်း ပွားတာပဲ။ ဒါပေမယ့် သေချာတာကတော့ ဘာလဲ ဆေးများများ သောက်ပါပေါ့လေ။ ဈေးများများ ပေးရမယ်။ TB က မဖြစ်တာ အကောင်း ဆုံးပါပဲ။ ဆေးယဉ်ပါးတီဘီအတွက် ဆေးဖိုးကုန်ကျစရိတ်က အပြင်မှာ ဆေးဝယ်သောက်ရင် တလကို ၅ သိန်း လောက် ကုန်တယ်။ ရှိတယ်။ ၂ နှစ် ဆေးသောက် ရမှာဆိုတော့ သိန်း ၁၀၀ လောက်ကုန်မယ်။ ကျနော်ကုပေးရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင်တွေ ရှိပါတယ်´´ ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ တိကျသော ကိန်းဂဏန်းဇယားမရှိဘဲ ခန့်မှန်းခြေအားဖြင့် ယမန်နှစ်က လူတသိန်းလျှင် လူဦးရေ ၂၀၀ တီဘီရောဂါဖြစ်ပွားကြောင်း၊ ယခုလက်ရှိ တွင်မူ လူတသိန်းလျှင် လူ ၃၀၀ ရောဂါဖြစ်ပွားသည်ဟု ၎င်း၏ အဆိုအရ သိရှိရသည်။

Marie Stopes International Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က တီဘီရောဂါသည် လူ့အသိုင်းအ၀ိုင်းကို ခြိမ်းခြောက်နေသော ကူးစက်ရောဂါတခုဖြစ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံ၏ အခြေအနေကိုပါ သက်ရောက်မှု ရှိနိုင်သော ရောဂါဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် တီဘီရောဂါ အဆိုးရွားဆုံး ကူးစက် ခံရသော ကမ္ဘာ့ ၂၇ နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိသည်။