Wednesday, January 29, 2014

ကိုယ်စားလှယ် အရွေးမခံရသဖြင့် ပါတီမှနှုတ်ထွက်ပြီး ပြန်တိုက်ခိုက်မည့် သူများ ထွက်သွားလျှင် ကောင်းမည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော



NLD ပါတီအတွင်း ကိုယ်စားလှယ် ဖြစ်ခွင့်မရ သောကြောင့် အဖွဲ့မှ နှုတ်ထွက်ပြီး အဖွဲ့ကို ပြန်ဆော် မည့် သူများ ပါတီမှ အစောဆုံး ထွက်သွားသင့် ကြောင်း နှင့် တိုင်းဒေသကြီး ၊ မြို့နယ်နှင့် ကျေးရွာ ပါတီ ကော်မတီဝင်များ၏ ပြဿနာအချို့တွင် ဗဟို၏ ဆုံးဖြတ်ချက်ကိုသာ ခံယူ ရမည် ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ၂၃-၁-၂၀၁၄ ရက်တွင် လူငယ်ကော်မတီ အချို့နှင့် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်အဆောက်အအုံတွင် တွေ့ ဆုံစဉ် ပြောကြား လိုက်ကြောင်း သိရသည်။


NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်၍ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က သမ္မတရာထူး မျှော်မှန်းထားချိန်တွင် ပါတီ၏ အခြေခံ အောက်ခြေအဖွဲ့များ၏ ပါတီတွင်း စည်းမျဉ်းစည်းကမ်း လိုက်နာမှု အားနည်းခြင်းများ မရှိစေလိုဘဲ ပြည်သူအားကိုးယုံကြည်သော ပါတီတစ်ခု၊ ကိုယ်စားပြုအဖွဲ့တစ်ခုအဖြစ် ဖော်ဆောင်နေသည် ဟု သိရသည်။

"အချို့မြို့နယ်တွေ မြို့နယ်ညီလာခံတွေက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ CEC, EC တွေက မြို့နယ် အစည်းအဝေးတောင် မတက်ဘူး လို့ ကြားတယ်။ ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ စည်းမျဉ်းစည်းကမ်းနဲ့မညီရင် ဗဟိုကို တိုင်လို့ရတယ်။ ကိုယ့်ဘာသာကိုယ် အမြင်ကတ်လို့ ဖြစ်ချင်တာမျိုးတော့ မလုပ်နဲ့ပေါ့။ မြို့နယ်က ကိုယ့်သဘောနဲ့ကိုယ် လုပ်လို့ မရဘူး။ ဗဟိုက ဆုံးဖြတ်မယ်" ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့သည်။

NLD ပါတီ၏ မြို့နယ်နှင့် အောက်ခြေအဆင့် ကော်မတီဝင်များတွင် ပါတီ၏ စည်းကမ်းများကို ချိုးဖောက် သည့် ပြဿနာများ ရှိနေကြောင်း ၂၃-၁-၂၀၁၄ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ ဆုံခဲ့သည့် လူငယ်ကော်မတီဝင် အချို့၏ တင်ပြချက်အရ သိရသည်။

"ပါတီတွင်းမှာ အမှား ရှိတတ်ပါတယ်။ အချို့တော့ ကိုယ်စား ၀င်ပြိုင်ဖို့ ရွေးတာ ရှုံးလို့ ငါ့ကို ကိုယ်စားလှယ် မပေးရကောင်းလား ဆိုပြီး အရွေးမခံရတော့ ပါတီဝင်ကနေ နှုတ်ထွက်တယ် ပြီးတော့ ပါတီကို ပြန်ဆော် တာမျိုးတွေ လုပ်မယ် ဆိုရင် အဲဒီလို လူမျိုးဟာ နှုတ်ထွက်သွားတာ အကောင်းဆုံးပါပဲ" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆက်လက် ပြောကြားသည်။

NLD ပါတီအနေဖြင့် ပါတီမှနှုတ်ထွက်သွားကြသူများက ပါတီအတွင်းရေး ဖော်ထုတ်ချက်ဟူသော စာရွက် စာတမ်းများကို လူမှုကွန်ရက် စာမျက်နှာအချို့နှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ပြောဆိုနေမှုများ တွေ့ကြုံခဲ့ရ ကြောင်း သိရသည်။

(ပြည်မြန်မာ)

ကျွန်တော့် အထင်တော့ နိုင်ငံရေး ကထင်သလောက် မရိုးဘူး



ဒေါ်အောင်ဆန်းစုကြည် က သမ္မတ ဖြစ်ချင်တယ်လို့ ပြောတယ် ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ က ၅၉(စ) ကို ပြင်ရမယ် ။ ဒါဟာ သူ့ကို သမ္မတ ဖြစ်ခွင့် မရှိအောင် ပိတ်ပင်ထားတာ လို့ ဆိုလိုက်တယ် ။ အဲဒီတော့ sensitive point ဖြစ်လာတယ် ။ ဒီမိုကရေစီသမားတွေ က ၅၉ ပြင်ဆင် ဖို့ ထောက်ခံတယ် ၊ အမျိုးသားရေးသမားတွေက ၅၉ မပြင်စေချင်ဘူး ။ (ကျွန်တော့် အမြင်သက်သက် ပါ ) အဲဒီမှာ interest ၂ ခု ကွဲ သွားကြ တယ် ။ သာမာန် သူလို ငါလိုလူတွေလည်း ထောက်ခံသင့်တယ် ၊ မထောက်ခံသင့်ဘူး အုပ်စုထဲမှာ အင်အားတစ်ခု အနေနဲ့ ဝင်သွား ကြတယ် ။


အစက ဒေါ်အောင်ဆန်းစုကြည် ဟာ ၂၀၁၅ သမ္မတဖြစ်ချင်တယ် ပြောတယ် ။ ဖွဲ့စည်းပုံပြင်နိုင် ပါ့မလား ၊ မပြင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိုးရိမ်စိတ် ဖြစ်မိသေးတယ် ။ နောက်တော့ သဘောပေါက်လာတယ် ။ ဒေါ်အောင်ဆန်းစုကြည် အောက်ဖဲ မှောက်ပီး ရှိုးခေါ်နေတာ ။ မြန်မာ နိုင်ငံရဲ့ ဥပဒေ အရ သူ မနိုင်နိုင်ဘူး ဆိုတာ သူမသိပဲတော့ နေမယ်မထင် ။ ဒါပေမဲ့ သူ့မှာ စန်းရှိတယ် ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့ ခေါင်းစဉ် နဲ့ ပြင်ဆင်ဖို့ ထောက်ခံသူရော ၊ မထောက်ခံ သူတွေ ရောရဲ့ interest ကို စ ယူလိုက်တယ် ။

၂၀၁၃ အစောပိုင်း ကာလတွေမှာ သမ္မတ နဲ့ ဒေါ်စု ဟာ လူထုစိတ်ဝင်စားမှု လယ်ဗယ်တူလောက် ရှိတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး အကွက်ရွှေ့ လိုက်တဲ့ နောက်ပိုင်း ဦးသိန်းစိန် လူထုရဲ့ အာရုံမှာ မှိန်သွားတယ် ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရေချိန်မြှင့် လိုက်တဲ့ အကွက်ပဲ ။ ဖွဲ့စည်းပုံ အတိုင်း၊ လှေကြီးထိုးရိုးရိုးတိုင်း ဒေါ်အောင်ဆန်းစုကြည် ဆက်သွား ။ တိုင်းရင်းသားပါတီတွေ က သူ့ဒေသ မှာအများနိုင်မှာ ။ ပြည်တွင်းမှာလည်း သမ္မတပေါ် လူထု စိတ်ဝင်စားမှု တစိတ်တစ်ပိုင်း ရှိတယ် ။ တခြား ပါတီတွေလည်းရှိသေးတယ် ။ အလွန်ဆုံး နိုင်လှ ၆၀ ဝန်းကျင်ပဲ ။ အဲဒီတော့ ဘာလုပ်မလဲ ။ ဖွဲ့စည်း ပုံ ပြင်ဆင်ရေး ကာဗာ နဲ့ လိုက်ဖဲ တွေ ခေါ်တယ် ။ ပေါ်တင်ကြီး ၂၀၁၅ အတွက် စည်းရုံးရေး ဆင်းတယ်ဆိုရင် အပြိုင်အဆိုင် ပါတီ တွေ လိုက်စည်းရုံး ကြမှာပေါ့ ။ အဲဒီတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ခေါင်းစဉ် ယူလိုက်တယ် ။ ဒါပေမဲ့ ၂၀၁၅ အောင်နိုင်ရေး က အဓိက ။ ဖွဲ့စည်းပုံအောက်က နေ ပြင်မရဘူး ဆိုတာ ဒေါ်စု က မသိပဲနေမလား ။ငတုံး မှ မဟုတ်တာ ။

ပြောင်းပြန် ပြန်စဉ်းစား ဖွဲ့စည်းပုံကို ဒေါ်အောင်ဆန်းစုကြည်က ပါဝါ အသာ နဲ့ အပေါ် က နေ ပြင် လိမ့်မယ် ။ အဲဒါ ဆိုရင် လွှတ်တော် ၃ ရပ်မှာ အင်အားစုရှိနေဖို့လိုတယ် ။ လွှတ်တော် ၃ ရပ်မှာ ကိုယ် က ဦးစီးပီး အခြေခံ ဥပဒေ ခုံရုံး အတွက်လူပေးဖို့ လိုတယ် ။ ၂၀၁၅ အကြိုမှာ sensitive point က ၅၉(စ)ဆိုရင် ... ၂၀၁၅ အလွန်ကာလမှာ sensitive point ဖြစ်လာနိုင်စရာရှိတာ သည် ၃၄၂ ပဲ ။ လွှတ်တော် တွင်းမှာ majority ဖြစ်ခဲ့ရင် ၃၄၂ ကို ကိုင်ပီး ဖွဲ့စည်းပုံကို အပေါ် က နေ ပြင်ပြ လိမ့်မယ် ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်သေးမယ်မထင်ဘူး ။ ၂၀၂၀ ဆိုရင်တော့ ဖြစ်နိုင်ချေ က အတော်လေးနီးစပ် တယ်ထင်တယ် ။ တနည်းအားဖြင့် ဒီ အယူအဆ ဟာ ကြံခိုင်ရေး ရဲ့ PR စနစ် အဆိုနဲ့ မိတ်ဆက်ခြင်းရဲ့ အဖြေ ဖြစ်နိုင် သလို ၊ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကာချုပ်နဲ့ တွေ့ ချင်လဲ ဆိုတဲ့ အမေးရဲ့ အဖြေလည်းဖြစ်နိုင်တယ် ။

အခု ပြောတာတွေက ကျွန်တော့် အတွေးသက်သက်ပါ ။ ၂၀၁၅ အလွန်မှာ ပုဒ်မ ၃၄၂ က ပေါ်ပြူလာ ဖြစ်လာရင် ၊ ၂၀၁၅ နဲ့ ၂၀၂၀ ကြား ဒေါ်အောင်ဆန်းစုကြည် တပ်မတော် သားတွေ ကို ဦး ၅ ဝင်လာရင် ။ အခုအယူ အဆ မှန် ပါလိမ့်မယ် ။ ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်း ဟာ .. သမ္မတ ပြီးမှ ပြင်ဆင်ရေး မဟုတ်ပါ ။အခြေခံဥပဒေ ပြင်ဆင်ရေးပီးမှ သမ္မတ လို့ ယူဆရပါတယ် ။

ရုပ် ဆိုး

From : https://www.facebook.com/photo.php?fbid=261241417376630&set=a.207766569390782.1073741828.207763009391138&type=1

အစိုးရကို ယုံကြည်စိတ်ချမှု မရှိသေး၍ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသူအချို့ နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းပေးရန်ငြင်းဆန်

နယ်မြို့များတွင် နေထိုင်ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း အချို့က အစိုးရက ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံရာတွင် စာရင်းပေးရန်အတွက် ငြင်းဆိုခဲ့မှုများရှိ ကြောင်း သာယာဝတီတွင် နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ခံသူ ဦးကျော်နိုင်ဦးက The Daily Eleven သို့ ပြောကြားသည်။


ဦးကျော်နိုင်ဦးက “ကျွန်တော်စာရင်းကောက်တာ အယောက် ၄၀ လောက်တော့ရှိပြီ။ တချို့ကတော့ ရာခိုင် နှူန်း အရမ်းတော့မများဘူး။ သူတို့ကတော့ စာရင်းပေးဖို့ကို တွန့်ဆုတ်နေတဲ့သဘောမှာ ရှိပါတယ်။ တကယ် လို့အစိုးရက နောက်ပြန်လှည့်လိုက်ရင် သူတို့ဒီနိုင်ငံရေးအကျဉ်းသား စာရင်းမှာ ပါနေတာကြောင့် အရေး ယူခံ ရမှာလည်း ကြောက်နေကြတယ်။ မိသားစုတွေကလည်း နိုင်ငံရေးနဲ့ မပတ်သက်စေချင်တော့ဘူး” ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အများစုအနေနှင့် ယခင်အစိုးရလက်ထက်က များစွာဖိနှိပ်ခံခဲ့ရပြီး မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရန် အာဏာပိုင်များ၏ ဖိအားပေးခြင်းကို ခံခဲ့ကြရသည်ဟုလည်း နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောကြားသည်။ ယခုအချိန်အထိ နယ်မြို့များတွင် နိုင်ငံရေးအ ကျဉ်းသား ဟောင်းများအား ဆက်လက်ဖိနှိပ်မှုများ ရှိနေဆဲဖြစ်ကြောင်းကို ဦးကျော်နိုင်ဦးက “ကျွန်တော်နဲ့တွေ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တချို့ဆိုရင် အခုအချိန်အထိ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့တောင် ငြင်းပယ်ခံ နေရတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါလာရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့လုပ် ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေကို ပိတ်ပင်မှာစိုးရိမ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အတူတူမ လုပ်ရဲတဲ့သူတွေ ရှိတယ်လို့ ကျွန်တော်တို့သိရတယ်” ဟု ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းကောက်ခံသူ ဦးဘိုတောက်ကလည်း ၎င်းတွေ့ကြုံချက်အရ အချို့လူများအနေနှင့် စာရင်းပေးသွင်းရန် ကြောက်ရွံ့မှုများ ရှိနေကြောင်းနှင့် အထူး သဖြင့် တောဘက်တွင် ပိုမိုတွေ့ရသည့် အကြောင်းကိုလည်း ပြောကြားသည်။

စာရင်းကောက်ယူသူများ၏ တွေ့ရှိ ချက်အရ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ စီးပွားရေး မပြေ လည်မှု များကို လက်ရှိခံစားနေရပြီး နိုင်ငံသားများတန်းတူဖြစ်ရမည့် အခွင့်အရေးများလည်း ဆုံးရှုံးနေကြ ရကြောင်း သိရသည်။

မြစ်ဆုံအရေးနှင့်ပတ်သက်၍ ကြီးမားသောဟောပြောပွဲတစ်ခု ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမည်ဖြစ်ပြီး မြစ်ဆုံအရေးကန့်ကွက်သူ မည်သူမဆို တက်ရောက်နိုင်

မြစ်ဆုံအရေးနှင့်ပတ်သက်၍ နယ်ပယ်စုံမှ ပညာရှင်များ ဟောပြောဆွေးနွေးမည်ဖြစ်ကာ ယခုနှစ်အတွင်း ကြီးမားသော ဟောပြောပွဲတစ်ခုအဖြစ် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ ဦးဆောင်ကာ ရန်ကုန်မြို့ရှိ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


“ဧရာဝတီမြစ်ဖျားဒေသမှာ တရုတ်အစိုးရကသော်လည်းကောင်း၊ တရုတ်ကုမ္ပဏီကသော်လည်းကောင်း မြစ်ဆုံပြန်စဖို့ ကြိုးစားနေတဲ့အတွက် အဲဒီဒေသရဲ့ ဘူမိဗေဒအခြေအနေ၊ ကျရောက်နိုင်တဲ့ ငလျင်ဘေး အန္တရာယ် အခြေအနေတို့ကို သက်ဆိုင်ရာပညာရှင် အသီးသီးက ဟောပြောကြမှာ ဖြစ်ပါတယ်” ဟု မြန်မာ နိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ သဘာဝဘေးအန္တရာယ်များ” အကြောင်းကို သက်ဆိုင်ရာပညာရပ်၏ ရှုထောင့်အမြင်အသီးသီးမှ ဆွေးနွေးမည်ဖြစ်ရာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေး (ညွှန်ကြားရေးမှူးငြိမ်း၊ ဘဓရ)က “ဧရာဝတီမြစ်ညာပိုင်း၏ ဘူမိဗေဒနှင့် သယံဇာတများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ အထွေအထွေအတွင်းရေးမှူးနှင့် ဘူမိသိပ္ပံမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးသူရထွန်း၊ ဒေါက်တာမျိုးသန့်နှင့် ဦးတင့်လွင်ဆွေတို့မှ “ဧရာဝတီမြစ် ညာ ပိုင်း၏ ငလျင်နှင့် ငလျင်အင်ဂျင်နီယာရှုထောင့်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်အဝေး သင် တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဦးမောင်မောင်အေးက “ဧရာဝတီမြစ်ကြောင်းနှင့် မြစ်ညာပိုင်း၏ ပထ၀ီ ၀င်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာထွန်းလွင်က “ဧရာဝတီနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီး သီးဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံတွင် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရန် CPI ကုမ္ပဏီမှ ပြန်လည်ကြိုးစားလာမှုကြောင့် ဧရာဝတီမြစ်၏ လက်ရှိအခြေအနေနှင့် အလားအလာများ ရေ အားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ပါက ကြုံတွေ့လာနိုင်သည့် အခြေအနေများကို ပညာရှင်များက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ မြစ်ဆုံပဲဖြစ်ဖြစ် အခုတရုတ်ဘက်က ပြန်စချင်လို့ ကြိုးပမ်းနေတဲ့ စီမံ ကိန်းတွေသာ လုပ်ဖြစ်မယ်ဆိုရင် ဘာတွေကြုံလာနိုင်တယ်။ ဧရာဝတီမြစ် ကောသွားနိုင်တဲ့ အနေအထား တွေ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်က လူတွေကို ထိခိုက်နိုင်တဲ့ အခြေအနေတွေကို သက်ဆိုင်ရာပညာရှင်တွေ က သူတို့သိတာတတ်တာ မြင်တာကို ပြည်သူလူထုကို ချထားမှာ။ ဘယ်သူမဆို လာနားထောင်လို့ရတယ်။ ၀င်ဆွေးနွေးလို့ရတယ်လို့ သိရတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေသိရင် ပိုကောင်းတာ ပေါ့။ မြစ်ဆုံအရေး ဆွေးနွေးပွဲတွေလည်း မလုပ်ဖြစ်တာ ကြာပြီဆိုတော့ ခုလိုရှုထောင့်စုံက ဆွေးနွေး တင် ပြမှာကို မဖြစ်မနေ တက်ရောက်မှာပါ” ဟုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

Eleven Media Group

ရေပေါ် ဟိုတယ် သင်္ဘော ယခုနှစ် အတွင်း ဖွင့်လှစ် နိုင်ရန် စီစဉ်


1613782_700127680007494_709785900_n

ဧရာဝတီမြစ်ကြောင်း အတွင်း ခုတ်မောင်းပြေးဆွဲမည့် ကြယ်တစ်ပွင့် အဆင့်ရှိ ရေပေါ်ဟိုတယ် သင်္ဘောကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဆိုပါ ဟိုတယ် တည်ဆောက်နေသည့် ဂျီစီမြန်မာ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းထွန်းက ပြော ကြား သည်။


မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ထင်းဝင်း ဆိပ်တွင် တည် ဆောက်လျက် ရှိသည့် အဆိုပါ ဟိုတယ်သင်္ဘောကို ကျွန်းနှင့် သစ်မာနှစ်မျိုးသာ အသုံးပြု၍ ၂၀၁၃ ခုနှစ် မတ်လက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဟိုတယ်သင်္ဘော ပေါ်တွင် အခန်းပေါင်း ၃၉ ခန်းအပြင် မင်္ဂလာ ဧည့်ခံပွဲနှင့် မွေးနေ့ပွဲများ ပြုလုပ် နိုင်သည့် ခန်းမတစ်ခု ပါရှိမည်ဖြစ်ပြီး ယင်းဟိုတယ်ကို သုံးထပ်ရွေ့လျားဟိုတယ် အဖြစ် တည်ဆောက်မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ဖိုက်စတား ဟိုတယ်တွေ ကိုတော့ မယှဉ်နိုင်ဘူး ပေါ့လေ။ ဒါပေမဲ့ ဟိုတယ်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ။ ဟိုတယ်မှာ လာရောက် တည်းခိုတဲ့ ခရီးသည်တွေ အတွက် မန္တလေး -မင်းကွန်း-ရွှေကြက်ယက် တို့မှာ နေဝင်ဆည်းဆာကြည့် ခရီးစဉ်တွေကို အခမဲ့ ဝန်ဆောင်မှု ပေးသွားမယ်။ ဟိုတယ်မှာ မတည်းဘဲ နေဝင်ဆည်းဆာကြည့် ခရီးစဉ်ပဲ လိုက်ချင်တဲ့သူတွေ အတွက်တော့ အခကြေး ငွေ ယူမယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ ဟိုတယ်တွင် တည်းခိုမည့် ပြည်ပခရီးသည် များကို နိုင်ငံခြားငွေဖြင့်သာ ပေးဆောင်ရန် သတ်မှတ် ထားပြီး ပြည်ပခရီးသည် များကို အဓိက ဆွဲဆောင်နိုင်မည့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး အနုပညာ လက်ရာ များ၊ ခေတ်လေးခေတ်ကို ပုံဖော် ထားသည့် ပန်းချီ၊ ပန်းပုများကို အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာ့ ရုပ်သေး အနုပညာ၊ မြန်မာ့သိုင်းပညာနှင့် မြန်မာ့ရိုးရာ ခြင်းအလှခတ်ခြင်း တို့ကိုပါ ဖျော်ဖြေ တင်ဆက်ရန် စီစဉ်ထားကြောင်း ၄င်းထံမှ သိရသည်။

နိုင်ငံခြားသား ခရီးသည် တိုးလာသဖြင့် ရေလမ်းကြောင်းဖြင့် သွားလာမှု များပြားလာရာ မင်းကွန်း-မန္တလေး ပြေးဆွဲမည့် မော်တော်စင်းရေ တိုးလာကြောင်းလည်း ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်း အခြေပြု စီးပွားရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

ယခု တည်ဆောက်နေသည့် ရေပေါ် ရွေ့လျားဟိုတယ် သင်္ဘောမှာ ဧရာဝတီမြစ် အတွင်း ပထမဆုံးသော ရွေ့လျားဟိုတယ် သင်္ဘောဖြစ်သည်။

The Voice Weekly

ဒုချီးရာတန်းရွာမှာ ရဲတပ်ကြပ်ကြီး အသတ်ခံခဲ့ရသည်ကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး၏ ထွက်ဆိုချက်



အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့အား ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက် အကြမ်း ဖက်ကြကြောင်း၊ ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက အောင်ကျော်သိန်းမှ လမ်းမှာသွားကြောင်း၊ ကျန်လူ များက ရွာလမ်းကြား များနှင့် နေအိမ်များကြား ဖောက်ထွက် နိုင်ခဲ့ကြသော်လည်း တကကအောင်ကျော်သိန်းမှ ရွာ မြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံများ စိုက်ပျိုး ထားသော ဟင်းခင်းမှ ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာ ဖြစ် ပိုက်ကွန်များအား ၀ါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန် တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကက အောင်ကျော်သိန်း အား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်လာပြီး တုတ်များ ဖြင့် ၀ိုင်းဝန်းရိုက်နက်ကြကြောင်း၊ ထို့နောက် တစ်ဦးမှ သတ် ဖြတ်ရာ ဤနေရာ ၌မသတ်ဖြတ်ဘဲ သချိုင်းတွင်သတ်ဖြတ်မည်ဟု ပြောပြီး တကကအောင်ကျော်သိန်း၏ အ၀တ်အစားများအား ချွတ်ကာ သချိုင်းသို့ ခွေး၊ ၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင် တကက အောင်ကျော်သိန်းမှာ အသက်ရှိသေးကြောင်း၊ ညဉ်းညူသံများ ကြရသေး ကြောင်း၊ သူမှ သချီိုင်းတွင် မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊ သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအား သချိုင်းတွင် ထားရန် မသင့်တော်သဖြင့် တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး ရွာဘေး ချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြောင်း ထွက်ဆိုခဲ့သည်။

By Western Gate Guard

ဗုံးဖောက်ခွဲမှုအဓိကတရားခံစောနေတိုးကိုဖမ်းပေးမည်ဟုKNU ထိပ်သီးခေါင်းဆောင်အချို့ဆို



၂၀၁၃ ခုနှစ်၊ အောက်တို ဘာလ အတွင်း ဖြစ်ပွားခဲ့ သော ဗုံးဖောက်ခွဲမှုဖြစ်စဉ်များ၏ အဓိက တရားခံ တစ်ဦးဟု ယူဆရပြီးလက်ရှိ အချိန်ထိ ထွက်ပြေး လွတ်မြောက် နေသည့် စောနေတိုးအားဖမ်းမိ နိုင်ရေးအတွက် ဆက်လက်လုပ် ဆောင်သွားမည်ဟု ကရင်အမျိုး သားအစည်းရုံးဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြား သည်။


အောက်တိုဘာလအတွင်းက ရန်ကုန်မြို့အပါအ၀င်မြို့ကြီးအချို့ ၌ ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမှု ဖြစ်စဉ် များတွင် နောက်ကွယ်မှ အဓိကကြိုးကိုင်ခဲ့သူဟု ယူဆရသူ စောနေတိုးအား အဖမ်းခံရန်သွား ရောက် ပြောဆိုခဲ့သော်လည်း အဖမ်းမခံဘဲထွက်ပြေးသွားခြင်းဖြစ် သည်ဟု သိရသည်။

““တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးအတွက် ကျွန်တော်တို့နိုင်ငံ တော်အစိုးရနဲ့ပူးပေါင်းလုပ်ဆောင် သွားမှာ ပါ။ အဖမ်းခံထားရတဲ့ လူတွေဆီကနေ စောနေတိုးလုပ် ခိုင်းတာလို့ သိသိချင်းအဖမ်းခံဖို့ ကျွန်တော်ရယ်၊ ကာကွယ်ရေး ၀န်ကြီးဖဒိုစောရော်ဂျာခင်ရယ်၊ ဗဟိုကတာဝန်ရှိသူတွေရယ်သွား ပြောပါတယ်။ ဒါပေမဲ့ အဖမ်းမခံဘဲ ထွက်ပြေးသွားတာပါ””ဟု ဖဒိုမန်း ငြိမ်းမောင်က ပြောသည်။

ယင်းသို့ထွက်ပြေးလွတ်မြောက် နေခြင်းက ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် တစ်စုံတစ်ရာအဟန့် အတား ဖြစ်ပေါ်လာနိုင်သည့်အတွက် ထိုသို့မဖြစ်ပေါ်စေရန် မဖြစ်မနေ ဖမ်းမိအောင်လုပ်ဆောင်သွားမည် ဟုလည်း KNU ထိပ်ပိုင်းခေါင်း ဆောင်များက ဆိုသည်။

စောနေတိုးသည်KNU တပ်မဟာ(၅)မှ စီးပွားရေးတာဝန် ခံတစ်ဦးဖြစ်သည့်အပြင် ဗုံးဖောက် ခွဲမှုဖြစ်စဉ် များကို ၎င်း၏ဆန္ဒအရ လုပ်ဆောင်ခြင်းဖြစ်ပြီး ဗဟိုမှစေခိုင်းခြင်း လုံးဝမရှိခဲ့ကြောင်း ကရင် အမျိုးသား အစည်းရုံး၏ တာဝန် ရှိသူများ၏ ပြောဆိုချက်အရ သိ ရသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာလည်း ၎င်းင်းအားနောက်ကွယ်မှ ကြိုးကိုင် သူများရှိနေနိုင်ကြောင်းနှင့် ပေါက် ကွဲမှု ဖြစ်စဉ်များ၌ အသက်သေဆုံး ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိ ခဲ့သူများအတွက် လွန်စွာစိတ်မ ကောင်း ဖြစ်ရကြောင်း ကရင် အမျိုးသားအစည်းရုံးမှ ဗိုလ်မှူး စောသမိန်ထောက ပြောသည်။

““ဖြစ်စဉ်ဖြစ်ရပ်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ သူ့ကို နောက်ကကြိုးကိုင်သူတွေရှိနေ တယ်။ ပုဂိ္ဂုလ်ရေးမုန်းတည်းမှုကို အခြေခံပြီးလုပ်ခဲ့တာပါ။ ကျွန်တော် တို့ ဗဟိုရဲ့စီမံချက်၊ လုပ်ငန်းစဉ် တွေထဲမှာမပါဘူး””ဟု ဗိုလ်မှူး စောသမိန်ထောက ဆိုသည်။

၂၀၁၃ ခုနှစ်၊ အောက်တို ဘာလ(၁၁)ရက်နေ့၊ ညပိုင်း တောင်ငူမြို့တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှု၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

ယင်းပေါက်ကွဲမှုနောက်ပိုင်း တွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်းမြို့တို့တွင် ဗုံးပေါက် ကွဲမှုနှင့် ဗုံးလန့်မှုများ(၁၀)ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပြီး စုစု ပေါင်းလူဦးရေ သုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်းကိုလည်း သတင်း များအရ သိရသည်။

Hot News Journal

ဒေါ်အောင်ဆန်းစုကြည်အား ဘီဂျင်းသို့ တရားဝင်ဖိတ်ကြားတော့မည်ဟု တရုတ်သံအမတ်ကြီး ပြောကြား



(South China Morning Post မှ 26 Jan 2014 ရက်စွဲပါ “Suu Kyi will be invited to Beijing , says China’s ambassador to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား တရုတ်ပြည် ဘီဂျင်းသို့ တရားဝင် ခရီးစဉ် ဖိတ်ကြားရန်အတွက် အချိန်ကိစ္စတစ်ခုသာ ညှိနှိုင်းရန်ကျန်တော့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည် ကလည်း “သူမအနေဖြင့် မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး သြဇာ လွှမ်းမိုး ထားဆဲ တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်လိုကြောင်း၊ သို့သော် ဖိတ်ကြားမှုသည် တရုတ်အစိုးရထံမှ လာသင့် ကြောင်း” ပြောဆိုထားသည်။

တရုတ်နိုင်ငံမှ အစိုးရတစ်ပိုင်း အဖွဲ့အစည်းများ၏ ယခင်ဖိတ်ကြားမှုများကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ခဲ့သည်။ တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “ဘီဂျင်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ အားလုံးနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားမည် ဖြစ်ကြောင်း၊ အစီအစဉ်များ အတည်မပြုရသေးသော်လည်း နှစ်ဖက် စလုံးအဆင်ပြေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အား တရားဝင်ဖိတ်ကြားမှု ထွက်ပေါ်လာမည် ဖြစ်ကြောင်း ” ရှင်းလင်းပြောဆိုသည်။

“ကျွန်တော်ဒီမှာ တာဝန်ထမ်းဆောင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ပေါင်းများစွာ တွေ့ဆုံ ခဲ့ပါ တယ်။ သူမရဲ့ နိုင်ငံတကာ ကျော်ကြားမှုအဆင့်အတန်းနဲ့ မြန်မာတွေအကြား ရေပန်းစားမှု အခြေအနေ တွေကြောင့် တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုဟာ အချိန်ကိစ္စတစ်ခုပဲ ကျန်ပါတော့တယ်” ဟု ရန်ဟိုလန်က ဆက်လက် ပြောကြားသည်။

၂၀၁၁ နှစ်ကုန်ပိုင်းတွင် တရုတ်သတင်းမီဒီယာနှင့် အင်တာဗျူးပြုလုပ်ပြီးနောက် တရုတ်နိုင်ငံသို့ သူမ သွားရောက် လည်ပတ်မည်ဟူသော မှန်းဆချက်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မနှစ်က ဇန်နဝါရီလ တောင်ကိုရီးယားခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမှီ အတော အတွင်း သွားရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီနှင့် တရုတ်နိုင်ငံတို့အကြားမှ ဆက်ဆံရေးသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများ မတိုင်မှီ ပိုမိုရင်းနှီးမှုရှိအောင် နှစ်ဖက်စလုံးက လိုလားကြပုံ ရခြင်း ကြောင့် မနှစ်က သိသိသာသာ တိုးတက်လာခဲ့သည်။

NLD ပါတီဖက်မှလည်း မနှစ်ကတရုတ်နိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့ လေးဖွဲ့ စေလွှတ်ခဲ့သည့်အပြင် မကြာ သေးမှီ ဒီဇင်ဘာလအတွင်းက ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည် စိတ်ချရသူ တစ်ဦးဖြစ်သည့် ပါတီအတွင်းရေးမှူး ဦးဥာဏ်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်ခဲ့ သည်။

တရုတ်သံအမတ်ကြီး ရန်ဟိုလန် က “အခြေအနေအသစ်၊ ဖြစ်ရပ်အသစ်မှာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး၊ ဆက်လက်မြှင့်တင်သွားဖို့ နည်းလမ်းတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ကျွန်တော်တို့ ကလည်း နားထောင်ဖို့ စိတ်ဝင်စားနေပါတယ်” ဟု ပြောကြားသည်။

မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အမှန်တကယ်လိုလားမှုကို ပီပီပြင်ပြင် စမ်းသပ်မည်ဟု ယူဆရသော ၂၀၁၅ ရွေးကောက်ပွဲများတွင် အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင်သည့်အခါ ပြတ်ပြတ်သားသား အနိုင်ရ လိမ့်မည်ဟု NLD ပါတီက မျှော်လင့်လျက်ရှိသည်။

သမ္မတဦးသိန်းစိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းသည့်အနေဖြင့် မည်သည့်နိုင်ငံသားမဆို နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်ရန်အတွက် အခြေခံဥပဒေပြင်ဆင်ခြင်းကို ထောက်ခံကြောင်း ထုတ်ဖော် ပြောဆို ထားသည်။

အမ်းမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်းစခန်း တရုတ်-မြန်မာအလုပ်သမား ရုန်းရင်းဆန်ခတ်ဖြစ်

ရခိုင်ပြည်နယ် အမ်းမြို့နဲ့ ၂၂ မိုင်ခန့်ကွာဝေးတဲ့ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ ကြားစခန်းတခုမှာ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေအကြား ရုန်းရင်း ဆန်ခတ်မှုဖြစ်ပြီး ၂ ထပ် အဆောင်တခု မီးရှို့မှုတခု ဖြစ်ခဲ့ပါတယ်။ ဒီအတွက် မြန်မာအလုပ်သမား ၁၀ ဦးကျော်ကို အမ်းမြို့နယ် ရဲစခန်းက ဖမ်းဆီးပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။


ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ၂၂ မိုင်ခန့်ကွာဝေးပြီး အမ်းတောင်အုပ်စု တောင်စောက်ရွာက သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ ကြားစခန်းတခုမှာ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား ခဲ့တာပါ။ ဒီအတွက် မြန်မာလူမျိုး ၁၀ ဦးကျော် ဖမ်းဆီးခံထားရကြောင်း အမ်းမြို့နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မတီဝင် ဒေါ်သွယ်သွယ်စိုးက ဗွီအိုအေကို ပြောပြပါတယ်။

“အပေါ်ထပ်မှာ တရုတ်အလုပ်သမားတွေ နေပါတယ်။ အောက်ထပ်မှာ မြန်မာအလုပ်သမားတွေ နေပါတယ်။ တရုတ်လုပ်သားတွေက အကြိမ်ကြိမ်အခါခါ ကျူးကျော်တာပေါ့။ အနိုင်ကျင့်တာပေါ့။ နိုင့်ထက်စီးနင်း တဘက်စောင်းနင်းလုပ်တာတွေ များနေပါပြီ။ များနေတဲ့အခါ ဖြစ်စဉ် - ဥပမာ အပေါ်ထပ်ကနေ အန်ချတာတို့၊ ရေလောင်းချတာတို့ ကျမတို့ မြန်မာအလုပ် သမားတွေက ဆင်းရဲတဲ့အခါ အလုပ်ကလေး ပြုတ်သွားမှာ ကြောက်တဲ့အခါ ကျတော့ အကြိမ်ကြိမ် သည်းခံခဲ့ရပါတယ်။ ကျမတို့ဆီမှာကလေ ဒေသရဲ့ လုပ်အားခဆိုပြီး လုပ်အားခကလည်း ကျမတို့က ၁ သိန်းဝန်းကျင်လောက်ပဲ ရပါတယ်။ အဲဒါမှာ အလုပ်ခေါ်ပေးတဲ့သူတွေကို အဆင့်ဆင့်ပေးရသေးတော့ တချို့ဆို ၇ သောင်း၊ ၈ သောင်းလောက်ပဲ ရကြပါတယ်။ လုပ်အားခ မညီမျှတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့ လုပ်အားခတွေကိုလည်း အကျေအလည် မရဘူး။ အဲ့ဒါမျိုးတွေလည်း ပါပါတယ်။ အဲ့ဒါနဲ့ မခံနိုင်တဲ့အဆုံးမှာ ဒီပြဿနာတွေ ဖြစ်တော့တာပါပဲ။”

“အခုဖြစ်တဲ့ပြဿနာကျတော့ အောက်ထပ်မှာ ဖုန်းပြောနေတာကို အပေါ်ထပ်ကနေ ရေနဲ့ပက်လိုက် တာတဲ့။ ဘယ်သူပက်တာလဲ ဖော်ထုတ်မယ် ဆိုပြီးတော့ နောက်ဆုံးဖြစ်လာပါတယ်တဲ့။ အဲ့ဒီမှာ တရုတ်က ထွက်ပြေးသွားပါတယ်တဲ့။ ၁ ဖာလုံလောက်ဝေးတယ်။ သူတို့ရုံးနားက အင်ဂျင်နီယာတွေနေတဲ့ နှစ်ထပ်အိမ် နားမှာ မီးလောင်မှုဖြစ်ပြီးတော့ အဓိကရုဏ်းလေး နည်းနည်းဆန်ဆန် ပေါက်ကွဲပြီးတော့ လူထုက အဲ့ဒါနဲ့ မီးရှို့လိုက်ကြပါတယ်တဲ့။ နှစ်ထပ်အိမ်တအိမ် ပါသွားပါတယ်လို့ သိရပါတယ်။ အခုလောလောဆယ်တော့ မြန်မာအလုပ်သမား ၁၄ ဦးကို အမ်းမြို့နယ် ရဲစခန်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရှိရပါတယ်။”

ဇန်န၀ါရီလ ၂၇ ရက်နေ့မှာတော့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံထားရတဲ့ ရဲစခန်းကို သွားရောက်ခဲ့ပြီး မျှတတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ပြောဆိုခဲ့ တယ်လို့ ဒေါ်သွယ်သွယ်စိုးက ပြောပြပါတယ်။

“ကျမက မနေ့က ရဲစခန်းကို သွားမေးလိုက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့။ ဇာတ်လမ်းအစက ဘယ်သူက စခဲ့တာလဲ။ သူတို့မှာရော အပြစ်မရှိဘူးလား။ သူတို့ကိုရော မခေါ်ဘူးလား။ တဘက်စောင်းနင်းဖြစ်သွားရင် မကောင်းဘူး။ ပြီးတော့ ရှင်းရှင်းပြောရရင် ဒီစီမံကိန်းကြီးက တနိုင်ငံလုံးက ကျေနပ်မှုရှိတဲ့ စီမံကိန်းကြီး မဟုတ်ပါဘူး။ ဒီဟာက အမှိုက်တစ ဖြစ်သွားနိုင်တဲ့အတွက် ထိန်းထိန်းသိမ်းသိမ်း နှစ်ဦးနှစ်ဘက် မျှမျှတတ လုပ်ကြဖို့ကို ကျမ အကြံပေးခဲ့ပါတယ်။”

အမ်းမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ဖမ်းဆီးထားသူတွေကို စစ်ဆေးနေ ကြောင်းကိုသာ အတည်ပြု ပြောကြားပြီး ဖမ်းထားသူ အရေအတွက်နဲ့ ဘယ်အမှုတွေနဲ့ စွဲဆိုထားသလဲ ဆိုတာကိုတော့ ရဲစခန်းက ဖြေကြားခြင်း မရှိပါဘူး။ အမ်းရဲစခန်းက တာဝန်ကျ ရဲမှူးကတော့ အခုလို ဖြေပါ တယ်။

မေး။ ။ အမ်းမြို့နယ် ရဲစခန်းကပါလားရှင်။

ဖြေ။ ။ “ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ။”

မေး။ ။ ကျမ ဗွီအိုအေသတင်းဌာနကပါရှင့်။ ဟိုတနေ့က အမ်းမှာဖြစ်တဲ့ တရုတ်အလုပ်သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အလုပ်သမားတွေကို အရေးယူထားတယ်လို့ သိရ ပါတယ်။ ဟုတ်ပါသလားရှင်။

ဖြေ။ ။ “အခုက မသိရသေးပါဘူးခင်ဗျ။ လူကြီးတွေရဲ့ အစီအမံနဲ့ စစ်တုန်းဆေးတုန်းပါပဲ။ မသိရသေးပါဘူး။”

မေး။ ။ ဟုတ်ကဲ့။ ဘယ်နှစ်ယောက်ကို စစ်ဆေးနေတာရှိပါသလဲရှင့်။

ဖြေ။ ။ “အဲ့ဒါတွေ အတိအကျ မသိသေးပါဘူးခင်ဗျ။ လူကြီးတွေလုပ်နေတာဆိုတော့။ စစ်တော့ စစ်နေကြ ပါတယ် ဟုတ်။”

အမ်းမြို့နယ်က ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အခု ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း မရခဲ့ပါဘူး။

တရုတ်နိုင်ငံက CNPC လို့ခေါ်တဲ့ တရုတ်အစိုးရပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းက အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံပြီး ဆောက်လုပ်နေတဲ့ စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေ ဆန္ဒပြနေတာ တွေလည်း အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။

VOA

ကေအိုင်အေလူကြီးတွေဖော်ထုတ်ပေးပါ



မံစီမြို့နယ်၊ “မိုင်းခေါင်”ကျေးရွာနှင့် “ခါ့ပရာ”ကျေးရွာအကြား “ခါ့ပရာ”ကျေး ရွာရှိ သစ်အ၀ယ် စခန်းများ၌ ဆိုင်ကယ် ဖြင့် သစ်တင်ရောင်းချသူ မံသာကျေးရွာ သား(၆)ယောက်ကို (၁၃.၁.၂၀၁၄)နေ့ (၂)နာရီခန့်ကKIA ယူနီဖောင်းဝတ် လက်နက် ကိုင် (၃)ယောက်က လူမဆန် အောင် ရက်ရက် စက်စက်ရိုက်နှက်ကြပြီး ငွေ(၆)သောင်းတောင်းယူ သွားကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ ခါ့ပရာကျေးရွာရှိ (တမ လန်းနှင့် ကျွန်း)သစ်အ၀ယ်စခန်း၌ သစ် ရောင်းပြီး ပြန်လာကြသူ ကိုသန်းဝင်း (၄၂/၂၀၁၄)နှစ်(ဘ)ဦးမြဒင်။ ကိုသန်း ဇော်ဦး(၃၇/၂၀၁၄)နှစ်(ဘ)ဦးစံမင်း။ ကို ၀င်းဆန်းဦး(၁၈/၂၀၁၄)နှစ်(ဘ)ဦးမောင် ငယ်။ ကိုကျော်မြင့်(၃၅/၂၀၁၄)နှစ်တို့ သည် မိုင်းခေါင်ရွာအနီးတွင် သစ်တင် ထားပြီး ဆိုင်ကယ်ပျက်နေကြသူ ကိုတင့် ခိုင်(၃၅/၂၀၁၄)နှစ်(ဘ)ဦးလှရွှေ။ ကိုသန်း စိုး(၃၂/၂၀၁၄)နှစ်(ဘ)ဦးလှရွှေတို့ (၂) ဦးကို ကူညီပြင်ပေးနေကြစဉ် ကေအိုင် အေ၀တ်စုံဝတ်ထားပြီး ပစ္စတိုချိတ်ထားသူ (၁)ဦးနှင့် မောင်းပြန်သေနတ်ကိုင်ထားသူ (၂)ဦးတို့ရောက်ရှိလာကြကာ (ဘယ်မှာ သွားရောင်းကြမှာလဲ)(ဘယ်သူ့ဆီ သွား ရောင်းကြမှာလဲ)ဟုမေးလို့ (ခါ့ပရာမှာ သွားရောင်းကြမှာ)(တရုတ်မဆီရောင်းမှာ) ဟုဖြေလိုက် သည်နှင့် အသားလွတ်ကြီး ၀င်ရိုက်ကြကြောင်း ဗန်းမော်ဆေးရုံတွင် တက်ရောက်ကုသခံနေသူ ကိုသန်းဝင်း က ပြောသည်။

““ကျွန်တော်တို့ဆိုင်ကယ်ဝိုင်းပြင်နေ ကြချိန်မှာ “ခါ့ပရာ”ဘက်ကဆင်းလာတဲ့ ကေအိုင်အေ(၃)ယောက်က စကား(၂)ခွန်း လောက်မေးပြီးတော့ ဘာမပြောညာမ ပြော ကျွန်တော့်ကိုအရင်ဆုံးရိုက်တာပဲ။ လက်သီးနဲ့ ထိုး၊ သေနတ်ဒင်နဲ့ရိုက်ချိန်မှာ နောက်ခုန်ဆုတ်လိုက်တော့မထိဘူး။ ဒေါ ကန်သွားပြီး တမလန်းသစ်သား ဂျက်လိန် (သစ်တင်ပြီးကြိုးချည်ရာတွင် ကြိုးတင်း ကျပ်နေအောင် လိမ်သည့်သစ်သား(ခေါ်) ၀ါးတုတ်)ကိုဆွဲယူပြီး ၀ဲဘက်နားအုံကိုရိုက် ချလိုက်တာ ပူခနဲဖြစ်သွားပြီး လဲကျသွား ချိန် စစ်ဖိနပ်နဲ့ဝိုင်းကန်ကြပြီး ခန်္ဓာကိုယ် အနှံ့ရိုက်ကြတယ်။ ၀ဲနားရွက်ကွဲပြဲပြီး နား ခေါင်းက သွေးတွေကျလာတယ်။ ကျော တွေ ရင်တွေကို ရိုက်တာကန်တာကြောင့် အသက်ရှူကျပ်ပြီး သတိလစ်သလိုဖြစ် သွားလို့ ရိုက်တာရပ်သွားတယ်။ ပြီးတော့ ကျန် (၅) ယောက်ဘက်ကိုရိုက်ဖို့ လှည့် ချိန်မှာ (ဆရာတို့ရယ် မရိုက်ပါနဲ့) လို့ ပြောတဲ့ သန်းဇော်ဦး ကိုမဲပြီး ပါးတွေရိုက်၊ နားတွေရိုက်၊ လက်သီးနဲ့ထိုး၊ စစ်ဖိနပ်နဲ့ ကန်တယ်။ (ဟေ့ကောင် ငါဆရာမဟုတ် ဘူး။ ဆလန်ကဘာ) ( (Salang Kaba) ဆို တာ တိုက်နယ်မှူးကိုခေါ်သည်)ဟု ပြော ရင်း သေနတ်မောင်းတင်ပြီး ရင်ဝကိုပစ် ထည့်လိုက်တယ်။ ဘုရားသိကြား“မ”လို့ ကျည်ကမထွက်ဘူး။ နောက်တစ်ကြိမ် မျက်နှာကိုထိုး၊ သေနတ်ဒင်နဲ့ထု၊ စစ်ဖိနပ် နဲ့ကန်လို့ နှုတ်ခမ်း၊ မျက်နှာတွေကွဲပြဲဖူး ရောင်ကုန်ပြီး နှာခေါင်းရိုးလည်းကျိုးသွား တယ်။ သွေးတွေကလည်းအလိမ်းလိမ်း။ လူ မဆန်အောင်ရက်စက်လိုက်ကြတာ။ (သူ ကတော့ မံသာ ကျေးရွာ ဆေးခန်းမှာကုသ ခံနေတယ်)။ ကျော်မြင့်ရဲ့ နား(၂)ဖက်ကို လက်ဝါး(၂)ဖက်နဲ့အသားကုန် ပိတ်ရိုက်ပြီး ဂျက်လိန်ကြေမွသွားတဲ့အထိ အရိုက်ခံရ တယ်။

ဒီအချိန်မှာ စုံတွဲ(၂)တွဲ ဆိုင်ကယ် (၂)စီးနဲ့ “ခါ့ပရာ”ရွာဘက်ကနေ ဆင်းလာ တယ်။ သားရေဂျာကင်ဝတ် ဒုတိယ ဆိုင်ကယ်မောင်းသူရဲ့ ကျောကို(၂)ချက်ရိုက် ပြီး အနောက်ကထိုင်တဲ့အမျိုးသမီးကို ရိုက်ချိန်မှာ ရှေ့ဆိုင်ကယ်ကအမျိုးသမီးက (ဟေ့ မာနော်မလုပ်နဲ့)လို့အော်ရင်း ထိုလူ့ လက်ကတုတ်ကို ဆွဲယူလိုက် တယ်။ သူတို့ တွေက ကချင်လိုဆက်ပြီးပြောနေကြလို့ အဓိပ်္ပာယ်မပေါက်ဘူး။ မိုင်းခေါင်ရွာက လူတွေလို့ ထင်တာပဲ””ဟု ရွာသားတစ်ဦးက ဆိုသည်။

““ဆလန်ကဘာ(တိုက်နယ်မှူး)က အရပ်မြင့်မြင့်၊ အသားဖြူဖြူ။ တစ်ယောက် က မပုမ၀အသားညိုညိုနဲ့။ (၃)ယောက် ထဲမှာ အရိုင်းစိုင်းဆုံး၊ အဆိုးဝါးဆုံးက အရပ်ပုပုနဲ့ မာနော်ဆိုတဲ့ကောင်ပဲ။ လူ မြင်ရင် မှတ်မိ ပါတယ်။ နောက်တော့ ကျွန်တော်တို့ဆီကတစ်ယောက်တစ်သောင်း ကျပ်တောင်းပြီး ထွက်သွားကြတယ်။ ကျွန်တော်တို့လည်း ဒဏ်ရာတွေကိုကြိတ် မှိတ်အောင့်အည်းခံပြီး တဖြည်းဖြည်းနဲ့ ပြန်ခဲ့ကြတာ ည(၆း၃၀)နာရီခန့် ရွာပြန် ရောက် ပြီး ရွာကဆရာမနဲ့ဆေးကုသခံပြီးမှ ဗန်းမော် ဆေးရုံကိုရောက်လာကြတာ””ဟု အတွင်းဒဏ်ရာကြောင့်အသက်ရှူကျပ်နာ ကျင် ကိုက်ခဲနေတဲ့ကြားက ကြိုးစားပြီး ပြောရှာသည်။

““ကချင်ပြည်နယ်မှာ လူမျိုးပေါင်းစုံ နေထိုင်ကြပါတယ်။ ဒါပေမဲ့အခုလိုလူမ ဆန်တဲ့ ရိုင်းစိုင်းစုတ်ပဲ့တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုမှလက်မခံနိုင်ဘူး။ (၂)ဖက်အဖွဲ့ အစည်းတွေ၊ ကြားနေအဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂကိုယ်စားလှယ်တွေရှေ့မှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေကြချိန်မှာ အောက်ခြေတပ်ရင်း၊ တပ်ဖွဲ့တွေမှာတော့ ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်နေကြ တာပဲ။ ဒီလူတွေက သာမန်ရွာသားတွေ ပါ။ ကေအိုင်အေတွေဟာ ကချင်စကား မပြောတတ်တဲ့ လူမျိုး မှန်သမျှအပေါ် အခုလိုသာဆက်ပြီးဖြစ်လာမှာ အမှန်ပါပဲ။ သူတို့လူကိုသူတို့မထိန်းနိုင်ကြတော့ဘူး လား။ သေနတ်ကိုင်ထားသူအချင်းချင်း ဆိုရင်တော့ ဘယ်လိုပဲလုပ်လုပ်မပြောလို ပါဘူး။ အဲဒီနေ့က လုပ်ရပ်ကျူး လွန်သူ တွေ ကို ကေအိုင်အေကဖော်ထုတ်ပေးပြီး ၀န်ချတောင်းပန်စေချင်တယ်။ လူသား ချင်းစာနာသော အားဖြင့် ထိခိုက်နစ်နာရ သူတွေကိုနစ်နာကြေး၊ ဆေးဖိုးဝါးခနဲ့ ဓား ပြတိုက်သလိုတောင်းယူသွားတဲ့ ငွေတွေ ပြန်ပေးသင့်တယ်။ ချွေးနှဲစာစစ်စစ် ငွေ ကြေးတွေပါ။ စစ်ပွဲတွေကြောင့် စီးပွား ပျက် ဒုက္ခရောက်နေ ကြရတာကြာခဲ့ပြီ။ သေနတ်ကိုင်ထားသူမှန်သမျှကိုကြောက် နေရတဲ့ မြေစာပင်တွေပါဗျာ။ ဒီကလေး တွေက ဘာအပြစ်ရှိလို့၊ ဘာအပြစ်တွေ ကျူးလွန်လို့ ဒီလိုရက်ရက်စက်စက်လုပ် ရတာလဲ။ လက်နက်ကိုင်ပြီး ပြည်သူ ကို (ဒါမှမဟုတ်) ကချင်မဟုတ်သူတွေကို အနိုင်ကျင့်နေကြတာပဲ။ လက်နက်ကိုင် ထားပြီး ပြည်သူကို မတရားနှိပ်စက်၊ အနိုင် ကျင့်စော်ကားနေတဲ့ ဘယ်အဖွဲ့ကိုမှအထင် မကြီးဘူး။ အဲဒီလိုအဖွဲ့အစည်းက ဆက်ပြီး သာ မိုက်လုံးကြီးနေဦးမယ်ဆိုရင်တော့ ပြည်သူရဲ့ဒဏ်ခတ်ခြင်းကိုမလွဲမသွေခံရ မှာအမှန်ပဲ””ဟု လူနာလာကြည့်သူတစ်ဦး က ခံပြင်းစွာပြောသည်။

စစ်ပွဲဖြစ်ကာလအတွင်း အလားတူ ဖြစ်စဉ်ဖြစ်ရပ်မျိုးတွေ ကချင်ပြည်နယ် အနှံ့တွင်ရှိနေခဲ့ပါသည်။

Hot News Journal

လွှတ်တော်နှင့် အစိုးရကြား နိုင်ငံရေးပွတ်တိုက်မှု ပြန်အရှိန်မြင့်


 ပြည်ထောင်စုလွှတ်တော်, သမ္မတ, နိုင်ငံရေးပွတ်တိုက်မှု, ဖွဲ့စည်းပုံအခြေခံဥပဒေ, ခုံရုံး

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း လိုက်သော ဥပဒေ ၈ ခုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးသို့ တင်ပြ အဆုံးအဖြတ် ခံယူမည်ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် သတင်း ထုတ်ပြန် လိုက်ရာ ယခင်က ရှိပြီးသား လွှတ်တော်နှင့် အစိုးရ အကြား နိုင်ငံရေးပွတ်တိုက်မှု အရှိန်မြှင့်တင်လိုက်ခြင်း ဟု လွှတ်တော်ကိုယ် စားလှယ် တချို့က သုံးသပ်ပြောဆိုသည်။


ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေများအနက် သမ္မတဦးသိန်းစိန် လက်မှတ်ရေး ထိုးခြင်းမရှိသော ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေ၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့သော ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ တောင်သူလယ်သမား အခွင့် အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြ အဆုံးအဖြတ်ခံယူမည်ဟု ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ အစိုးရ၏ သတင်းထုတ်ပြန်မှုသည် လွှတ်တော်က အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် မှုများကို ပြဿနာ မီးထွန်းရှာသည့် ပုံစံဖြစ်နေကြောင်း၊ လွှတ်တော်နှင့် အစိုးရကြားတွင် ပဋိပက္ခရှိနေပြီး လွှတ်တော်တွင် ပါဝင်ဆောင်ရွက်နေသူများသည် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သိရှိနားလည် ပါကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သုံးသပ်သည်။

“ပြဿနာကို မီးထွန်းရှာတယ်လို့ပဲ ပြောချင် တယ်။ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီ ဘူးလို့ ပြောရလောက်အောင် မဟုတ်ဘူးထင်တယ်။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ စောင့်ကြည့်ကြသေးတာ ပေါ့။ လွှတ်တော်ဥက္ကဋ္ဌနဲ့ သမ္မတကြားမှာ ပဋိပက္ခက တော့ ရှိနေတယ်။ တကယ်ပဲ လွှတ်တော်က ပြဋ္ဌာန်း တဲ့ ဥပဒေတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုရင် တော့ တမျိုးပေါ့။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးကလည်း မညီဘဲ မလုပ်ဘူး။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဆိုလို့ရှိရင် အခြေခံဥပဒေကို ရေးဆွဲလာ တဲ့သူဗျ။ ဦးခင်အောင်မြင့်က ပိုသိလိမ့်မယ်။ မညီဘဲနဲ့တော့ ကျနော်တို့ကမလုပ်ဘူး။ ခုံရုံးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ကြည့်ပြီး လွှတ်တော်ဘက်က လုပ်စရာရှိတာ ဆက်လုပ်မှာပေါ့” ဟု ဦးလှဆွေက ရှင်းပြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး က လွှတ်တော်ကပြဋ္ဌာန်းထားသော ဥပဒေများသည် အခြေခံဥပဒေနှင့် မညီဟု ဆုံးဖြတ်ပါက ယင်းဥပဒေ များသည် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှည်းကူး မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းက လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ဥပဒေပြဋ္ဌာန်းရာတွင် အခြေခံဥပေဒနှင့် ညီညွတ်စေရန် ကြိုးစား ဆောင်ရွက်နေပြီး အသွင်ကူးပြောင်းရေး ချောမွေ့စွာဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိ ကြောင်း၊ ဥပဒေများကိ မလိုအပ်ဘဲ ခုံရုံးတင်ပြခြင်း သည် နိုင်ငံရေးပဋိပက္ခနှင့် တင်းမာမှုများကို အရှိန်မြင့် တက်စေ နိုင်ကြောင်း ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ရင်အောင် လွှတ်တော် ဥပဒေကြမ်းကော်မတီတွေက ဆုံးဖြတ်ပြီး တော့ ပြဋ္ဌာန်းတာပဲလေ။ သမ္မတက ဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ၊ မညီ စိစစ်ဖို့ တင်ပြတယ် ဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်ပဲလေ။ တင်လို့ရတယ်။ ဥပဒေပြုအာဏာပိုင်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ် အောင်ကြိုးစားနေတယ်။ အဓိက အသွင်ကူးပြောင်းနေတဲ့ ကာလအတွင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ လုပ်နေကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားနေကြတာပဲ။ တရားသေ ဆုပ်ကိုင်ပြီး တော့ သမ္မတဘက်က လုပ်မယ်ဆိုရင်တော့ ကောင်း မွန်တဲ့ လက္ခဏာတရပ် မဟုတ်ဘူးလို့ မြင်တယ်။ ခုံရုံးကို လွှတ်တော်က ဆုံးဖြတ်ထားတဲ့ ဥပဒေတွေကို တင်တယ်ဆိုတဲ့ အခြေအနေတွေက တင်းမာမှုဖြစ် လာနိုင်တယ်။ ပဋိပက္ခဘက်ကိုဦးတည်တဲ့ ဆောင်ရွက် မှုတော့ မဖြစ်စေချင်ဘူး။ တိုက်ခိုက်တဲ့သဘောမပါ စေချင်ဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၇၁ တွင် နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်နိုင်သော ပြဋ္ဌာန်း ချက်များ ပါရှိပြီး ယင်းစွပ်စွဲပြစ်တင်မှုကို လွှတ်တော်က ဆောင်ရွက်နိုင်ကြောင်း၊ ယင်း အခွင့်အာဏာသည် လွှတ်တော်ထံတွင်ရှိနေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

“လုပ်ထုံးလုပ်နည်းအရ သမ္မတမှာ ဥပဒေတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ခုံရုံးကို တင်ပြ ဆုံးဖြတ်ခိုင်းနိုင်တဲ့ အခွင့်အရေးရှိတယ်။ လုပ်ထုံး လုပ်နည်းအရ လုပ်ကြတယ်ဆိုပေမယ့် တဖက်နဲ့ တဖက် က ပြည်သူအတွက် လုပ်ကြတာဆိုရင်တော့ ကောင်းတာပေါ့။ လွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်နိုင်တဲ့ အခြေခံဥပဒေပါ အခွင့်အရေး ရှိထားတယ်” ဟု ၄င်းက ဆိုသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေများ သည် အခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်မှုသည် ဒီမို ကရေစီစနစ်ကို တည်ဆောက်သော ဓလေ့ဖြစ်ပြီး အစိုးရနှင့် လွှတ်တော်ကြား ပဋိပက္ခအဖြစ် ရှုမြင်လျှင် မှားနိုင်ကြောင်း ပြောဆိုသည်။

“အရင်တုန်းက နိုင်ငံကို အုပ်ချုပ်တဲ့နေရာမှာ အငြင်းအခုန်ဖြစ်တယ်ဆိုရင် အာဏာရှင်က အဆုံး အဖြတ် ပေးတာ။ ဦးသန်းရွှေက အဆုံးအဖြတ်ပေး လိုက်ရင် မှန်မှန် မမှန်မှန် ပြည်သူလူထု အကျိုးစီးပွား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲဒါက အတည်ပဲ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ လွှတ်တော်ကလည်း ဥပဒေတွေပြဋ္ဌာန်း ရမယ်။ အစိုးရကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်။ ဆန့်ကျင်လို့ မရဘူး။ တရားစီရင်ရေးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဆန့်ကျင်တဲ့ ဥပဒေတွေနဲ့ စီရင်လို့မရဘူး။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာနဲ့ ထိန်းတယ်။ ဒီခုံရုံးက အဆုံးအဖြတ်က အဓိကပဲ။ အငြင်းအခုံဆိုတာရှိမှာပဲ။ အဲဒါကို ဦးသိန်းစိန်နဲ့ ဦးရွှေမန်း ပဋိပက္ခ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက် မှုလို့ မြင်ရင် မှားမယ်။ လွှတ်တော်ကလည်း ဥပဒေပြုနေမှာပဲ။ ငါမှန်၊ သူမှန်တယ် ငြင်းကြမှာပဲ။ ကျနော့် သဘောအရ ဆိုရင် သမ္မတက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ မညီ ပါဘူးဆိုပြီး ခုံရုံးကိုတင်တာက မှန်တယ်” ဟုဦးရဲထွန်း က ပြောသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရက ဥပဒေများကို ခုံရုံးတင်ပြခြင်းဖြစ်သည့် အတွက်ခုံရုံး သည် ၄င်း၏တာဝန်အတိုင်း ဆုံးဖြတ်ချက် များ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောသည်။

“အရင်တုန်းကတော့ ဥပဒေပြုရေး တင်ပြလာရင် သမ္မတဘက်က ဖွဲ့စည်းပုံနဲ့ မညီဘူးလို့ ပြောရုံ လောက်နဲ့ ပဲ ရပ်ပစ်လိုက်တာ။ နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုရင် ကြားကဝင်ထိန်းပေးရမှာက ခုံရုံးပဲ၊ သမ္မတ နဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲ နေတာကို ခုံရုံးကဘယ်လိုဆုံးဖြတ်မလဲ။ ဘယ်လောက် မှန်ကန် မလဲဆိုတာစောင့်ကြည့်မယ်၊ ဥပဒေပြုရေးကိစ္စ တွေမှာ သမ္မတနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ယူဆ ချက် တွေက တရားဝင် မဟုတ်ဘူး။ ခုံရုံးကသာ အတည်ပြု ဆုံးဖြတ်ချက်ချရာမှာ။ ခုံရုံးအသစ်က ခုချိန်ထိ အလုပ် လုပ်တာမတွေ့ရဘူး။ ဒါကြောင့်မို့လို့ တရားစီရင်နိုင်ခြင်း ရှိ၊ မရှိဆိုတာ သံသယဖြစ်စရာ ရှိနေတယ်။ ပြောရ မယ်ဆိုရင်တော့ ခုံရုံးသည် ပြည်သူတွေပေးတဲ့ လစာကိုယူပြီး ဘာအလုပ်လုပ်မှ မလုပ် ဘူး။ ခုံရုံးအဖွဲ့ကို ပြည်သူ့လွှတ်တော်က ၃ ဦး၊ အမျိုး သားလွှတ်တော်က ၃ ဦးနဲ့ သမ္မတက ၃ ဦးရွေးချယ် ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတော့ မဲစနစ် ဆုံးဖြတ် ချက်ချမယ်ဆိုရင် သမ္မတက ရှုံးမယ့်အနေအထားမှာ ရှိနေတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သော ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆိုသောကိစ္စနှင့် ပတ် သက်၍ လွှတ်တော်နှင့် အစိုးရအကြား ပွတ်တိုက်မှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက အစိုးရတင်ပြချက်အတိုင်း လွှတ်တော် ကော်မရှင်၊ ကော်မတီများသည် ပြည်ထောင်စုအဆင့်မဟုတ် ဟု ဆုံးဖြတ်မှုကြောင့် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုး အပါအဝင် အဖွဲ့ဝင်များ ရာထူးမှနုတ်ထွက်ပေးရသည်အထိ အခြေအနေဖြစ်ပေါ်ခဲ့သည်။