Wednesday, January 15, 2014

၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD မသိ



၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် မိုးကုတ်မြို့မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏(NLD) ပါတီ ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် အနုပညာရှင် ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းထားသည်ဟု ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ (၅) ရက်ထုတ် The Irrawaddy Weekly Journal အတွဲ(၁)၊ အမှတ် (၁) တွင် ဖော်ပြ ထားသော်လည်း အဆိုပါ ကမ်းလှမ်းခြင်း ကိစ္စရပ်အား မသိရှိပါ ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဇန်န၀ါရီလ(၇)ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြော သည်။


““အဲဒီလို ကမ်းလှမ်း ထားတယ်ဆိုတာကို လုံးဝမသိပါဘူး။ ၂၀၁၅ အတွက် ကိုယ်စားလှယ်လောင်း စာရင်း တောင် မပြုစုရသေးပါဘူး။ အဲဒီသတင်းတောင်မသိပါဘူး။မပြောတတ်ဘူး””ဟူ၍ မြန်မာသံတော်ဆင့် ၏ မေးမြန်းချက်ကို ဦးဉာဏ်ဝင်းက ပြန်လည် ဖြေကြားခဲ့သည်။

The Irrawaddy Weekly Journal တွင် ““မိတ်ကပ်လိမ်းပြီး အုပ်ထားရုံနဲ့ ပုပ်ပွနေတာတွေက ရှင်းလင်းသွား မှာ မဟုတ်ဘူး”” သတင်းခေါင်း စဉ်ဖြင့် ရေးသား ထားခြင်း ဖြစ်သည်။ …ထိုရေးသားချက် များမှာ ““ကျွန်မကို မိုးကုတ်မြို့နယ်က ကမ်းလှမ်းတာ ရှိပါတယ်။ ကျွန်မစဉ်းစားတာက ပါတီထဲမှာဝင်ပြီး လုပ်တာထက် အပြင် မှာ နိုင်သလောက် ကူတာက ပိုပြီး ကူညီနိုင်မယ် ထင်တယ်။ ကျွန်မ ပါတီထဲ ရောက်သွားရင် ပါတီအတွက် လိုအပ်တဲ့ အရည်အချင်းတွေ ပြန်ဖြည့်ဆည်းရမယ့် အချိန်တွေရှိမယ်။ အချိန်တွေ အများကြီး ပေးရမှာရှိမယ်။ ကျွန်မ မိသားစုကိုလည်း ပစ်မထားနိုင်သေးဘူး။ ဒါကြောင့် အပြင် ကနေ ကူနိုင်သလောက် ကူနေတာက ကျွန်မ အတွက် ပိုပြီးလွတ်လပ်တယ်””ဟု ထွန်းအိန္ဒြာဗိုလ်က ပြောသည် ဟု ရေးသား ပါရှိသည်။

အဆိုပါ ကိစ္စရပ်အတွက် ထွန်းအိန္ဒြာဗိုလ်၏ ဟန်းဖုန်းနံပါတ်အား ဆက်သွယ်သော်လည်း ဟောင်ကောင်သို့ သွားနေကြောင်း၊ ဇန်န၀ါရီ (၉)ရက်တွင် ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ဖုန်းကိုင်သူ ထွန်းအိန္ဒြာဗိုလ်၏ တူမ ဖြစ်သူက ဇန်န၀ါရီ (၇)ရက်က ပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပုသိမ်မြို့နယ်)ဦးဝင်းမြင့် ကလည်း ““ကျွန်တော်တို့ မသိပါဘူး။ အဲဒီသတင်းကို ဘယ်သူက ပြောတာလဲ။ ဘယ်က ပြောတာလဲ။ ၂၀၁၅ ရောက်ဖို့က ၁ နှစ်တောင် လိုသေးတယ်။ ကိုယ်စားလှယ်လောင်းတွေ ဘယ်နေရာမှမလျာထားသေး ပါဘူး။ ဌာနချုပ်အနေနဲ့လည်း ရွေးကောက်ပွဲရက်လည်း မသိသေးဘူး။ နှစ်လည်း မသိသေးဘူး။ လလည်း မသိသေး ဘူးလေ။ အဲဒီအတွက်ဘယ်ပါတီကဘယ်ကိုယ်စားလှယ်လောင်းဆိုတာဘယ်သူမှမထုတ်ပြန်သေး ဘူး။ လျာထားတယ်ဆို တစ်ယောက်တည်း လျာထားလို့ မရဘူး။ တစ်နိုင်ငံလုံးမှာ ကျန်တဲ့ မြို့တွေကိုပါ လျာ ထားရမှာလေ။ ကျွန်တော်တို့မှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုပဲကြိုးပမ်းနေတဲ့ကာလ၊ ပြည်သူတွေဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တန်းတူညီမျှရရှိဖို့၊ ပြည်ထောင်စုမူတွေနဲ့ ကိုက်ညီဖို့၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်။ ကျန်တာတွေ ဘာမှ မရှိသေးပါဘူး”” ဟူ၍ ပြောသည်။

၂၀၁၂ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ) မှ ရည်ရွယ်ချက် ၃ ရပ်ဖြင့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ပြိုင်ခဲ့ရာ မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ အဆိုပါ ရည်ရွယ်ချက် ၃ ရပ်မှာ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့ ဖြစ်သည်။

Myanmar Thandawsint

နတ်/လူ/သာဓုခေါ်နေမှာပါ မာမီ



သြော်.....မာမီ မာမီ မပြောချင်ပေမယ့်လည်း ပြောရဦးမယ်...
ပြောတော့ ပြည်သူတွေကိုချစ်သလေး ဘာလေးနဲံ...
ပြည်သူတွေ ဆင်းရဲတွင်းနက်နေတာကို မကြည့်ရက်ဘူး ဘာဘူး နဲ့...
ပြည်သူနဲ့ တစ်သားတည်းရှိသလေး ဘာလေးနဲ့...


ဘာမဟုတ်တဲ့ ခရီးကို လေယာဉ်စီးလုံးငှား ပြီး သွားမယ် ဆိုပါ့ လား...
ဟိုကလှူပါတယ်..ဒီက လှူပါတယ် ဆိုပြီး လျှောက်ပြောနေလည်း ယုံကြည်စရာအကြောင်း မရှိပါဘူး.....

တစ်ခုလောက်မေးချင်တယ်ဗျာ...
ဘာကြောင့်လေယာဉ် စီးလုံးငှား နဲ့ သွားချင်ရတာလဲ?????
လမ်းခရီးလုံခြုံမှုကြောင့်လား?????
စီးလုံးငှာလေယာဉ်နဲ့ သွားတယ်ဆိုပြီး ထင်ပေါ်ကြော်ကြားချင်တာလား?????
သမ္မတထက်သာပါတယ်ဆိုပြီး ကြောပြချင်တာလား?????

လမ်းခရီးလုံခြုံ မှု့အတွက် စိတ်ပူမနေပါနဲ့... မာမီ လို ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင်တယ်ယောက်/ တစ်သက်လုံး အစိုးရကို အကောင်းမမြင်ခဲ့သူ တစ်ယောက်ကို ဘယ်လက်နက်ကိုင်သူပုန်မှ ချောင်းပစ်မှာ မဟုတ်ပါဘူး.....စစ်တပ်ကလည်း ဗိုလ်ချုပ်သံယောဇဉ်နဲ့မို့ မာမီ ဘယ်လိုပဲ ပုတ်ခတ်ပုတ်ခတ် ချောင်းပစ်မှာ မဟုတ်ပါဘူး.....

ထင်ပေါ်ကြော်ကြားချင်ရအောင်လဲ မာမီလို မိဘမျက်နှာ မထောက်ထားသူ...
နိုင်ငံခြားသားကို အားကိုးအထင်ကြီးသူ...မြန်မာနိုင်ငံတော်ကို အဘက်ဘက် မှ ၀ိုင်းရံ ပိတ်ဆို့စေ သူ... မြန်မာ/ဗုဒ္ဓဘာသာထက် မွတ်စလင်/အစ္စလာမ်ကို ဦးစားပေးသူ...သူတို့ဖာသာ ဘယ်လိုဖြစ်ဖြစ် ငါ့သားတွေ မပါ ပြီးရော ဆိုသူ...တစ်ဦးအတွက် ထင်ပေါ်ကြော်ကြား ပြီးသားပါ.....

သမ္မထက်သာတယ်ဆိုတဲ့ အတွေးမျိုးလည်း မတွေးလိုက်ပါနဲ့ ...ဘာကြောင့် လဲဆိုတော့ လက်ရှိ နိုင်ငံတော်သမ္မတကြီးဟာ နိုင်ငံကောင်းရာကောင်းကြိုး ဆောင်ရွက်နေရတာသာမက အာဆီယံ နိုင်ငံ တွေရဲ့ အရေးကိစ္စတွေကိုပါ စီမံဆောင်ရွက်နေရတာကြောင့် မာမီလို သာမန်ပါတီဥက္ကဌ/လွှတ်တော် အမတ် တစ်ယောက်အနေနဲ့ ဘယ်လိုမှ ယှဉ်လို့မရတာကို သိထားပေးပါ.....

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပါဗျာ...မာမီ လေယာဉ် စီးလုံးငှားသွားမယ့် ငွေကြေးတွေကို ဒီလို မိဘမဲ့ ကလေးတွေအတွက် နို့မှုန့်ဘိုးလေးဖြစ်ဖြစ် ၀ယ်ပေးနိုင်မယ်ဆိုရင် နတ်/လူ/သာဓုခေါ်နေမှာပါ မာမီ..........

ကလေးငယ် ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးကနေ ကင်းဝေးနိုင်ပါစေ..... 

From: ဇင်ယော်နီ

ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) နဲ့ NLD & အောင်-စု-တင် ပြိုကွဲခြင်း



၈၈မှာ ဒေါ်စုဟာ မိခင်နေမကောင်၍ မြန်မာပြည်ကို ခေတ္တာ၈ကြိမ်မြောက်ပြန်လာပါတယ်...


၂၀-၈-၈၈နေ့မှာဒေါ်ခင်ကြည် အစား အရေးပေါ် လိုအပ်နေသော လူထုခေါင်းဆောင် နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး အတွက် စာပေ ပညာရှင်များ နိုင်ငံရေး သမားကြီးများ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ၄၈၂၈ ဒေသပါတီကော်မတီ မှ ဦးသက်ခိုင်( ဗကပ မြေအောက်ကွန်ယက် ခေါင်း ဆာင်များ ) တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၆-၈-၈၈ နေ့မှာ ရွှေတိဂုံ ဘုရား အနောက်ဘက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည် တရားပွဲ ကျင်းပ။ မြန်မာစကားပင် ပီသစွာပြောနိုင်ခြင်းမရှိကြောင်း ဝေဖန်ချက်များထွက်ပေါ်လာခဲ့ပါတယ်။

-------------------------------------

ထိုအချိန်မြန်မာ့နိုင်ငံရေးလောကတွင် ကွန်မြူနစ်များ လှိက်ဝင်နေပါတယ်.... ထို့အပြင် ပြည်တွင်း ငြိမ်းချမ်းရေး မှာလည်း ကွန်မြူနစ်တစ္ဆေခြောက်လှန့်မှုများ ပြင်းထန်နေပါတယ်။

ထို ကွန်မြူနစ်ခြောက်လှန့်မှုကို နိုင်ငံရေးကစားကွက်အဖြစ် အသုံးချတဲ့သူတွေထဲမှာ NLDဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်းဦးတင်ဦး နဲ့AP သတင်းထောက်ဂါးဒီးယမ်း ဦးစိန်ဝင်းတို့ပါဝင်ပါတယ်။

၂၅-၁၁-၈၈ NLD ပါတီကွန်မြူ နစ်များ ကြီးစိုးနေကြောင်း ပါတီ ဥက္ကဌ ဦးအောင်ကြီးမှ ပါတီ မှတ်ပုံတင်ကျ တည်ထောင်ပြီး ၅၈ ရက်တွင် ပြောကြားခဲ့ရာ ဦးတင်ဦးက ကွန်မြူနစ်ဟု စွတ်စွဲသူ၈ဦးရဲ့ အမည်စာရင်းကို တင်ပြခဲ့ပါတယ်။

* ဦးကိုယု
* ဦးဝင်းတင်
* ဦးမိုးသူ
* ဦးတင်ရွှေ
* ဦးထွန်းတင်
* ဦးအောင်လွင်
* ဦးချမ်းအေး
* ဒေါ်မြင့်မြင့်ခင်တို့ကို ကွန်မြူနစ်လို့ သတ်မှတ်ခဲ့တဲ့အပြင်......

CPB ဗဟိုကော်မတီဟောင်း အသက်၇၀ကျော် သခင်တင်မြက NLDအထွေထွေအတွင်းရေးမှူးဒေါ်စုအိမ်မှာ လျှို့ဝှက်ရုံးစိုက်ပြီး ဒေါ်စုကို အဓိက အကြံဥာဏ်ပေးသူအဖြစ် လုပ်ရှားနေပါတယ်.....

၃-၁၂-၈၈ နေ့မှာဦးအောင်ကြီး ၏ အဆို ( NLD ပါတီကွန်မြူ နစ်များ ကြီးစိုးနေကြောင်း ) အား ပါတီဗဟို မှ မဲခွဲ ဆုံးဖြတ် ဦးအောင်ကြီး ၂၈ မဲ ၊ ၁၃ မဲ ဖြင့် ရှုံး နိမ့် ပြီး ဦးအောင်ကြီးအပါအဝင်၁၂ဦး NLDမှ နုတ်ထွက် ခဲ့ပါတယ် ...... အောင်-စု-တင် ပြိုကွဲခဲ့ပါတယ်.........

(Berti Lintner ရဲ့ The Rise And Fall Of The Communist Party Of Burma စာအုပ်မှ အချက်အလက်တချို့မှီငြမ်းပါသည်)

---------------------------------------

ဒီအကြောင်းကို ဘာကြောင့်ရေးရသလည်းဆိုရင်... ယနေ့အဓိက ဒီမိုကရေစီကိုယ်စားပြု အတိုက်အခံ ပါတီမှာ ပါးစပ်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို့ ကြုံးဝါးနေပြီး....

ငါနဲ့မတူငါ့ရန်သူ.... ငါတို့သာအမှန် မင်းတို့ကအမှား..... ငါတို့စိတ်ဓါတ်က အကောင်းစား မင်းတို့ စိတ်ဓါတ်က အောက်တန်းစား..... သူများကိုတော့ ဝေဖန်ပြီး ကိုယ့်ကိုမဝေဖန်မခံနိုင်တဲ့သူတွေ ယနေ့NLD မှာ အများကြီးပါပဲ.....

ပြောတော့ ဒီမိုကရေစီ လုပ်ရပ်က ကွန်မြူနစ်တွေ အများကြီးပါ......

ဟိုး အရင် NLDမှာ ကွန်မြူနစ်လွမ်းမိုးမှုရှိခဲ့သလို ယနေ့ NLDမှာလည်း လက်ဝဲယိမ်းချင်နေတဲ့သူတွေ ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်မှုတွေ တွေ့နေရပါတယ်။

ဒီမိုကရေစီဆိုတာ ဦးသိန်းစိန်လည်း မပေးနိုင်သလို ဒေါ်စုလည်း မယူပေးနိုင်ပါဘူး အိုဘားမားလည်း မစွမ်း ဆောင်နိုင်ပါဘူး.... ဒီမိုကရေစီဆိုတာ ကိုယ်တိုင်ကျင့်ယူရတာဖြစ်ပြီး ကိုယ်တိုင်မကျင့်သုံးနိုင်ရင် တခြားသူ ကိုလည်း ကျင့်သုံးခိုင်းလို့မရပါဘူး......

အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ အနှောက်အယှက်များ

“ပြတင်းပေါက်တွေကိုဖွင့်လိုက်ပါ။ လေကောင်းလေသန့်တွေကို ခံစားရလိမ့်မယ်။ ဒါပေမယ့် လေကောင်း လေသန့်တွေနဲ့အတူ အမှိုက်သရိုက်တွေလည်း ပါလာနိုင်ပါတယ်” လို့ တိန့်ရှောင်ဖိန်ပြောခဲ့ဖူးတယ်။


အခုတလော ဖေ့ဘွတ်ပေါ်မှာ လူထုခေါင်းဆောင်ကိုအကာအကွယ်ယူကာ ဒီမိုကရေစီ ဘက်တော်သားတွေလို့ ကိုယ့်ကိုကိုယ်အမည်တပ်ပြီးအပြင်းအထန်ဝါဒဖြန့်တိုက်ခိုက်မှု တွေလုပ်နေတဲ့ ဒီမိုဖက်တီးနဲ့ခွန်ဒီးယမ်တို့လို လူတွေကို မြင်တွေ့ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ တိန့်ရှောင်ဖိန်ပြောခဲ့ဖူးတဲ့ စကားကိုသွားသတိရမိတယ်။ လူမှုကွန်ရက်အထူးသဖြင့် ဖေ့ဘွတ်(Facebook) တွင်ကျယ်လာတာဟာ အတိုင်းထက်အလွန်ကောင်းမွန်ပါတယ်။ သတင်းတွေအများကြီးကို အချိန်တိုလေးအတွင်းမှာ သိလာ နိုင်တယ်။ လူပေါင်းစုံတဲ့နေရာဖြစ်တဲ့အတွက် သူများအတွေးအခေါ် အသိအမြင်တွေကိုတစ်နေရာတည်းမှာ စုစည်းသိရှိနိုင်သလို ကိုယ့်အတွေးအခေါ် အသိအမြင်တွေကိုလည်း လူအများသိအောင် ဖြန့်ဝေ ပေးနိုင်တယ်။ ဒါပေမယ့် အဲဒီကောင်းကျိုးတွေဟာ လေကောင်းလေသန့်ဆိုရင် လူမှုကွန်ရက်ရဲ့ အကျိုး သက်ရောက်မှုကို တလွဲအသုံးချပြီး ကိုယ့်ရေးသားမှုကို တာဝန်ယူခြင်းမရှိ တဲ့သူတွေရဲ့ အစွန်းရောက် တိုက်ခိုက်မှုတွေကတော့ လေကောင်းလေသန့်အတူရောပါလာတဲ့ အမှိုက်သရိုက်တွေပဲပေါ့။

ဟိုအရင်တုန်းကတည်းက ပြောခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးအင်စတီကျူးရှင်းနှစ်ခုရှိပါတယ်။ စစ်တပ်နဲ့ သံဃာ့အဖွဲ့အစည်းပါ။ မြန်မာပြည်မှာ စစ်တပ်ဟာ အင်အားငါးသိန်း၊ သံဃာ့အဖွဲ့အစည်းဟာ အင်အား ငါးသိန်းရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီအင်အားကောင်းလာနိုင်ဖို့အတွက် အင်စတီးကျူးရှင်း တွေရဲ့အင်အားကောင်းဖို့လိုအပ်ပြီးအချင်းချင်းအပြန်အလှန်ထိန်းညှိပေးဖို့လိုအပ်ပါတယ်။ 

အခုလက်ရှိအချိန်ထိ ဒီအင်စတီကျူးရှင်းနှစ်ခုရဲ့ အင်အားနဲ့စည်းလုံးမှုအပေါ်ကို ယှဉ်ပြိုင်နိုင်မယ့် အဖွဲ့အစည်းမပေါ်ထွက်လာနိုင်သေးဘူး။ အင်အားငါးသိန်းရှိတဲ့စစ်တပ်ဟာ မဲပေးခွင့်ရှိသလို သူတို့နောက်မှာတွဲရက်ပါလာမယ့် မိသားစုဝင်အင်အားကိုပါထည့်တွက်မယ်ဆိုရင် အနည်းဆုံးတစ်သန်း ရှိနိုင်ပါတယ်။ နောက်တစ်ခုက သံဃာ့အဖွဲ့အစည်းပါ။ သံဃာတော်တွေဟာ နိုင်ငံရေးမှာ တိုက်ရိုက် မဲပေးခွင့်မရှိပါဘူး။ ဒါပေမယ့် ဘာသာရေးကိုင်းရှိုင်းတဲ့မြန်မာနိုင်ငံမှာ သံဃာတွေဟာ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ ၇၀ရာခိုင်နှုန်းလောက်ထိရှိနိုင်တဲ့ ကျေးလက်ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ ကျေးလက် တောရွာ တွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ခွင့်မရှိဘူးဆိုပေမယ့်သံဃာ့အသိုင်း အ၀ိုင်းဟာ နိုင်ငံရေး အပြောင်း အလဲမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာကို ၂၀၀၇ခုနှစ် ရွှေဝါရောင် တော်လှန်ရေးဟာ အထင်အရှားပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေဖြစ်လာပါတယ်။

ဒါပေမယ့်အခုတော့ ဖေ့ဘွတ်ပေါ်မှာ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နီးစပ်သူအသိုင်းအ၀ိုင်းလို့ အများကထင်မြင်ယူဆခြင်းခံထားရတဲ့ ဒီမိုဖက်တီးနဲ့ ခွန်ဒီးယမ်လိုမျိုးသုံးစွဲသူတွေဟာ မြန်မာနိုင်ငံမှာ အခိုင်မာဆုံးလို့ ဆိုရမယ့် အင်စတီကျူးရှင်းနှစ်ခုကို ပြင်းပြင်းထန်ထန် တိုက်ခိုက်စိန်ခေါ်နေပါတယ်။ ပထမဆုံး အမျိုးသားရေးဝါဒီဦးဝီရသူကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် အချိန်ကြာမြင့်စွာ အားပေးထောက်ခံမှုပြုလုပ်ခဲ့တဲ့ သံဃာထုအပေါ်ကို ရိုင်းစိုင်းစွာ ပုတ်ခတ်မှုပြုလုပ် လာခဲ့တဲ့အတွက်ကြောင့် ဘာသာရေးကိုင်းရှိုင်းသူအများစုနေတဲ့မြန်မာနိုင်ငံမှာ လူထုထောက်ခံမှု များစွာဆုံးရှုံးစေခဲ့ရတယ်။ အမျိုးသားရေးဝါဒကို အစွန်းရောက်ဝါဒအဖြစ်ပုံဖော်ကာ အမျိုးသားရေးဝါဒီဖြစ်တဲ့ သံဃာတော်တွေရဲ့ အမျိုးစောင့်ဥပဒေလှုပ်ရှားမှုနဲ့ပတ်သက်ပြီး “ကတုံးတွေဟာ ဥပဒေရဲ့ အထက်မှာ ရှိနေလို့လား” ဆိုတဲ့အသုံးအနှုန်းတွေနဲ့ပါသံဃာ့အသိုင်းအ၀ိုင်းကိုစော်ကားခဲ့တဲ့အတွက် ဗုဒ္ဓဘာသာ ၀င်အများစုကြားမှာ ဒေါသထွက်စေခဲ့တယ်။ သံဃာနဲ့ထိပ်တိုက်တိုးပြီး အခုနောက်ပိုင်းမှာတော့ အတိုက်အခံဆိုတဲ့ ဒီမိုတွေဟာ နောက်ထပ်ခိုင်မာတဲ့အင်စတီကျူးရှင်းဖြစ်တဲ့ စစ်တပ်နဲ့ ထပ်ထိပ်တိုက်တိုးပါတယ်။ လက်ရှိနိုင်ငံရေးအပြောင်းအလဲမှာ အနေအထိုင်မှန်နေသေးတဲ့စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ရိုင်းစိုင်းတဲ့အောက်လုံးအသုံးအနှုန်းတွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် နောက်ထပ်ရင်ဆိုင်ရမယ့် စစ်မျက်နှာအသစ်အဖြစ်ဖန်တီးယူပါတယ်။ စစ်တပ်နဲ့ သံဃာ့အဖွဲ့အစည်းအပြင် ဒီလူတွေဟာ ဒီမိုကရေစီတိုက်ပွဲမှာ မဟာမိတ်ဖြစ်ခဲ့တဲ့တခြား ၈၈နဲ့ တိုင်းရင်းသားပါတီလိုအတိုက်အခံအဖွဲ့တွေ၊ မီဒီယာတွေကိုပါ မောက်မာတဲ့အသုံးအနှုန်းတွေနဲ့ ပုတ်ခတ် တိုက်ခိုက်မှုတွေလုပ်ပြီး NLD ကို ထောက်ခံနေသူတွေနဲ့ တဖြည်းဖြည်းကင်းကွာ လာအောင်လုပ်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်သူလို့ သူတို့အမြင်မှာ ထင်မြင်ယူဆသူတွေအကုန်လုံးကို စည်းလွတ်ဝါးလွတ် အုပ်စုလိုက်ဝိုင်းဝန်းအပုတ်ချမှုတွေလုပ်ကြပါတယ်။

NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေလို့ ကိုယ့်ကိုကိုယ်သတ်မှတ်ထားပြီး ဒီလိုပရမ်းပတာ ပြောဆိုမှုတွေပြုလုပ်နေတဲ့သူတွေ ရှင်းရှင်းလင်းလင်းစဉ်းစားရမယ့်အချက်က တစ်ခုတည်းရှိပါတယ်။ ကိုယ့်ဘက်ပါအောင် စည်းရုံးမှာလား ကိုယ့်ကိုဆန့်ကျင်လာအောင် တိုက်ခိုက်မှာလားဆိုတာပါ။ ကိုယ့်ခေါင်းဆောင်ကိုတကယ်ချစ်လို့ တကယ်အလုပ်လုပ်ပေးချင်တယ်ဆိုရင် ကိုယ့်ရန်သူတွေ၊ ကိုယ့်ကိုမထောက်ခံသေးတဲ့သူတွေကို ကိုယ့်ဘက်ပါလာအောင်၊ ထောက်ခံလာအောင် စွဲဆောင်စည်းရုံးရမှာပါ။ ကိုယ့်ဘက်ကိုနဂိုထောက်ခံနေသူတွေကို ရန်သူတွေဖြစ်သွားအောင် တိုက်ခိုက်ရမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ နီးလာအောင်လုပ်ရမှာပါ၊ ဝေးသွားအောင်လုပ်နေတဲ့နည်းဟာ ဘယ်လိုမှ လူထုအားကိုရနိုင်မယ့်နည်းလမ်းမဟုတ်ဘူး။ ဒီအချိန်ဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် အခြေခံဥပဒေပြင်ဆင်ဖို့လိုမျိုးကိစ္စတွေအတွက် ရနိုင်သမျှအားအကုန်လုံးကို စုစည်းရယူ ရမယ့်အချိန်ပါ။ အဲလိုရတဲ့အားကို စုစည်းယူနေရမယ့်အစား ဒီလူတွေဟာ ဘာမဟုတ်တဲ့ အသေးအဖွဲ ကိစ္စလေးတွေကိုကအစ ပြဿနာအကြီးကြီးချဲ့ပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘက်ပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ ထိပ်တိုက်ရင်ဆိုင်ရအောင်လုပ်နေတယ်၊ ထောက်ခံအားပေးသူတွေကို ဆုံးရှုံးနေစေ ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ တော်လှန်ရေးကာလမှာ အချိန်အတော်ကုန်ခဲ့ရပြီးပြီ။ ကျွန်တော်တို့တော်လှန်ရေး လုပ်နေတဲ့အချိန်မှာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေ၊ ကိုယ့်အောက်နိုင်ငံတွေအကုန်လုံး ပြန်လည် တည်ဆောက်ရေးလုပ်ပြီး ကျော်တက်သွားခဲ့ကြပြီ။ တော်လှန်ရေးကာလမှာသုံးခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုဉ်းရေးဟာ နိုင်ငံအတွက်အကျိုးမရှိဘူးဆိုတာ နှစ်ပေါင်းများစွာသာဓကရပြီးသားပါ။ အခုချိန်မှာလည်း နောက်တစ်ခေါက် ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ ထိုင်းနိုင်ငံလို လူထုကို လမ်းပေါ်ထွက် သွေးမြေကျအောင်တော့ ထပ်မလုပ်ပါနဲ့တော့။ အခုချိန်ဟာ တော်လှန်ရေးအတွက် အချိန်မဟုတ်တော့ဘူး။ အမျိုးသားပြန်သင့်မြတ်ရေးနဲ့ တည်ဆောက်ရေးအချိန်ဖြစ်သင့်ပါပြီ။ အခု အစိုးရနဲ့ အတိုက်အခံ အဖွဲ့တွေအကြား၊ တိုင်းရင်းသားအဖွဲ့တွေအကြား ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို စလုပ်နေပြီ။ ဒီလိုအချိန်မှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ တခြားဘယ်သူမှ မကောင်းဘူးဆိုတဲ့သဘောမျိုးနဲ့ ၀န်းရံပေမယ့်အဖွဲ့လား၊ စည်းရုံးရမယ့်အဖွဲ့လား မခွဲခြားဘဲ ရှိရှိသမျှ အားလုံးကို ကျားနာတစ်ကောင်လို မြင်မြင်သမျှတိုက်ခိုက်ပစ်နေခြင်းဟာ ယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားစေနိုင်သလို NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

မပြေးသော်လည်းကန်ရာရှိဆိုသလိုပဲ သူတို့ဟာ NLD၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဘယ်လောက်ပဲ မပတ်သက်ပါဘူးလို့ဆိုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ အများသူငါမရနိုင်တဲ့သတင်းတွေ ဓာတ်ပုံတွေတင်နေတာ၊ ဒီမိုဖက်တီးလို့အများစုယုံကြည်နေကြတဲ့ လက်တွန်းလှည်းပေါ်ကအမျိုးသမီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဓာတ်ပုံတွေ ပျံ့နှံ့နေတာ။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့တွေဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်စပ်မှုရှိနေပါလားဆိုပြီး စစ်တပ်အသိုင်းအ၀ိုင်းရော ကျန်တဲ့ အသိုင်းအ၀ိုင်း တွေရောကို ယုံကြည်စေပါတယ်။ ဒီအတွက် သူတို့လုပ်ရပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အာဘော်လို့ ထင်မိကြမှာပါပဲ။ သူတို့တွေရဲ့ စည်းလွတ်ဝါးလွတ် ပြောဆိုလုပ်ဆောင်မှုတွေကြောင့် တချို့သဘောထားပျော့ပြောင်းတဲ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတွေကြားမှာလည်း ပူးပေါင်းနိုင်ပါ့မလားဆိုတာကို သံသယတွေဝင်လာစေတယ်။ ဒီလိုပဲ သံဃာ့အသိုင်းအ၀ိုင်းကရဟန်းတွေ၊ ဘယ်အဖွဲ့ကို ထောက်ခံရမလဲဆိုတာ လေ့လာစောင့်ကြည့်နေဆဲ သဘောထားအလယ်အလတ် ရှိသူတွေ အကုန်လုံးကိုပါ ရန်သူတွေအဖြစ် ဖန်တီးယူရင်း NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်နေတဲ့ အားပေါင်းများစွာကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါတွေကို ပြတ်ပြတ်သားသား ပြုပြင်ရှင်းလင်းမှု မလုပ်ဘူးဆိုရင်တော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ခုနှစ်မှာ အလွန်ခက်ခဲတဲ့ အတားအဆီး တွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

သူရိန်လှိုင်ဝင်း

လားရှိုးတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းမိ

ရှမ်း ပြည်နယ်မြောက်ပိုင်း လားရှိုး မြို့တွင် မူးယစ်တပ်ဖွဲ့မှ သတင်း အရ ရှာဖွေရာ နယ်မြေ(၂) ရပ်ကွက်(၁၁) အတွင်းရှိ နေအိမ် တစ်အိမ်မှ စိတ်ကြဆေးပြား များနှင့်အတူ ဘိန်းဖြူဖမ်းဆီး ရမိ ခဲ့ကြောင်း လားရှိုးမြို့မရဲစခန်း မှ သိရသည်။


မူးယစ်တပ်ဖွဲ့စု (၂၄)မှ ရဲအုပ်ငြိမ်းချမ်းစိုး ဦးစီး၊ ရဲ အုပ်ခင်သီတာနှင့် အဖွဲ့ဝင် များ မှာ ရပ်ကွက်(၁၁) နယ်မြေ(၂) ရှိ အမျိုးသမီးတစ်ဦး၏နေအိမ် ကို သတင်း အရ သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေရာ မှ မူးယစ်ဆေးဝါး များနှင့်အတူ ရောင်းချသုံးစွဲသူများကို ဇန်န ၀ါရီ ဒုတိယပတ်အတွင်းက ဖမ်းဆီးနိုင်ခဲ့ ခြင်းဖြစ်သည်။

““၉ရက်နေ့က ဖမ်းမိတာ ပါ။ အမျိုးသမီးတစ်ဦးက မူးယစ် ဆေးဝယ် ယူသူတွေကို ထွက်ဆို ချက် ပေးထား ပါတယ်””ဟု မူး ယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ မှ ၀င်ရောက်ရှာဖွေရာ အမျိုး သမီးတစ်ဦး၏ အနွေးထည် အင်္ကျီအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် ၈၈ နှင့် ၁ စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြရူးသွပ်ဆေး ပြား ၄၃ပြား၊ အလေးချိန် ၃ ဒသမ၈၇ဂရမ် တန်ဖိုးငွေ ကျပ် ၈၆၀၀၀နှင့် အအေးစုပ်ပိုက် တစ်ပိုက်လျှင် ဘိန်းဖြူမှုန့် သုည ဒသမ၀၁ဂရမ် ဆယ်ပိုက် စုစု ပေါင်းအလေး ချိန် သုညဒသမ ၁ဂရမ်အား တွေ့ရှိ ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးတစ်ဦးက စိတ် ကြရူးသွပ်ဆေးပြားများကို ရှောက်ရှို(က)ထံမှ ၎င်းင်းဘိန်းဖြူ များကို အားဟုန် ထံမှ ၀ယ်ယူခဲ့ ကြောင်းနှင့် မူးယစ်ဆေးဝါး များ ရောင်းချသုံးစွဲသူ- အမျိုးသမီး တစ်ဦး(မ) (ဘ)ဦးလီရှောက် ကျင်နှင့်။ ရှောက် ရှို (ကျား)(ဘ) ဦးလီဆီး ရတနာလမ်းသွယ်၊ ရပ်ကွက်(၁၁)နယ်မြေ (၅)နေ နှင့် သန်းဦး(ခ)အားဟုန်(ကျား) (ဘ)ဦးနာချီရီကို လားရှိုးမြို့မ ရဲစခန်းမယ(ပ)၅/၂၀၁၄၊ မူး စိတ်ပုဒ်မ-၁၅/၁၉ (က)/၂၁ အရ အရေးယူထားကြောင်း သိရသည်။

အလားတူ သန်းဦး(ခ)အားဟုန်ထံမှ ပင်နယ်စလင် ပုလင်းဖြင့်ထည့်ထား သည့် ဘိန်း ဖြူမှုန့် အလေးချိန် သုည ဒသမ ၁၄ဂရမ်ကို ထပ်မံတွေ့ရှိ သဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချသူ သန်းဦး(ခ) အားဟုန်(ကျား)(ဘ)ဦးနာချီရီကို လားရှိုးမြို့မ ရဲစခန်းမှ မယ(ပ)/၂၀၁၄၊ မူးစိတ်ပုဒ်မ-၁၅/၁၆(ဂ)အရ ထပ်မံ အရေးယူဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

yangon media group

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြီးဆုံးမှသာ ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် အစိုးရဖွဲ့ခြင်းတို့ကို တစ်ဆင့်ခြင်းမည်ကဲ့သို့ ချဉ်းကပ်မည်ကို ဆုံးဖြတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြီးဆုံး မှသာ ရွေးကောက်ပွဲအောင်နိုင်ရေး၊ အစိုးရဖွဲ့ခြင်း စသည့် ကိစ္စရပ်များကို တစ်ဆင့်ခြင်းမည်ကဲ့သို့ ချဉ်းကပ် ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။


ဇန်န၀ါရီ ၁၄ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် “လာမည့် ရွေးကောက်ပွဲ အပြီးတွင် အစိုးရတစ်ရပ် ဖွဲ့စည်း နိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၊ ရွေးချယ်မှုများ ရှိပြီလား” ဟူသော မေးခွန်း ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ခြေဆိုတာ တစ်လှမ်းပြီးတစ်လှမ်း သွားရတယ်။ ပထမဦးဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို လုပ်ရမယ်။ ဒါမှ နောင်လာမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ ပေါ်မှာ။ ရွေးကောက်ပွဲဟာ ဘယ်လိုပုံစံ ဖြစ်မယ်ဆိုတာပေါ်မှ ဒီကိစ္စကို၊ ရွေးကောက်ပွဲကိစ္စကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ အန်တီတို့ အနေနဲ့ ဆုံးဖြတ်ရမှာ” ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ထားမှုနှင့် ပတ်သက်၍ မိမိ၏ ပါတီဝင်များအား တာဝန်ပေးကာ စောင့်ကြည့်လျက်ရှိကြောင်း၊ အရည်အချင်း ရှိသူကိုသာ ရွေးချယ်မည်ဖြစ် ကြောင်း၊ အရည်အချင်း တူညီပါက အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားတို့ကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း တပ်မတော်၏ အာဏာလွှဲအပ်ခြင်း မခံခဲ့ရသော ပါတီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်မခံသဖြင့် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရာ မဲဆန္ဒနယ် ၄၅ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိရန် ရေပန်းအစားဆုံး ပါတီကြီးတစ်ခုလည်းဖြစ်သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ရေရှည်ပြောင်းလဲမှုအတွက် စစ်တပ်ပြု ပြင်ပြောင်းလဲရေးသည် အရေးပါ



(12 Jan 2014 ရက်စွဲပါ Huffington Post မှ Hungo Swire ရေးသားသော Military Reform is crucial for lasting change in Burma ကို ဘာသာပြန်ဆိုသည်)

(Hungo Swire သည် နိုင်ငံခြားရေးရုံးဝန်ကြီး ဖြစ်ပါသည်)


ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အားအကောင်းဆုံး ထောက်ခံအားပေးသူများတွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ထို အချက်သည် ကျွန်ုပ်တို့ နိုင်ငံမှ မြန်မာနိုင်ငံနှင့် ကိုယ်ရေးကိုယ်တာ အချိတ်အဆက်ရှိသူများ၊ ရာစုနှစ် တစ်ဝက်ခန့် အာဏာရှင်၏ ဖိနှိပ်မှုခံရသော မြန်မာပြည်သူများ၏ ခံစားရသည့် ဇာတ်ကြောင်းများကြောင့် စာနာမှုရှိ လာသူများကို စွမ်းအားများပေးပါသည်။

သို့သော် လွန်ခဲ့သည့် သုံးနှစ်မှစ၍ မြန်မာနိုင်ငံတွင် ရေရာမှုမရှိသေးသော်လည်း ကြိုဆိုရမည့် ပြုပြင်ပြောင်းလဲ ရေးများ စတင်လာခဲ့ပါသည်။ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ပါသည်။ လူထု ရပိုင်ခွင့်အချို့၊ နိုင်ငံရေးအရ ပိုင်ဆိုင်ခွင့်အချို့ပြန်လည်ရရှိလာပါသည်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ရှိလာပါသည်။ ကျွန်ပ်တို့သည် လေးနက်၍ သမိုင်းကြောင်းအရ အချိတ်အဆက်များကို အသုံးပြု၍ တိုင်းရင်းသား အုပ်စုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတွေ့ဆုံ ဆွေးနွေးခြင်း၊ သန္ဒေ တည်စလွှတ်တော်စနစ် အခြေကျစေရန် တို့တွင်အားပေးမှုများ ပြုလုပ်ခဲ့ပါသည်။

ဤတိုးတက်မှုများကို ကျွန်ုပ်တို့ များစွာကြိုဆိုခဲ့သော်လည်း လုပ်ဆောင်ရန် များစွာရှိနေပါသေးသည်။ ဒီမိုကရေစီသို့ အရှိန်အဟုန်ဆက်လက် ထိန်းသိမ်းထားရန်နှင့် လူ့အခွင့်အရေး စိုးရိမ်ရမှုများကို ကိုင်တွယ်ဖြေရှင်းရန် တော့လိုပါသည်။ ထိုကိစ္စရပ်များကို ကျွန်ုပ်တို့ ပါဝင်ဦးစီးဦးဆောင်လုပ်ခဲ့သော နိုဝင်ဘာလက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်က အသိအမှတ်ပြုခဲ့ ပြီး မြန်မာပြည်သူများကလည်း ဝင်ရောက်လုပ်ကိုင်ကြဖို့ အရေးကြီးပါသည်။

ဤတွင် အရေးကြီးလှသော အစိတ်အပိုင်းတစ်ခုမှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး ဖြစ်ပါသည်။ မြန်မာစစ်တပ် သည်တိုင်းပြည်ကို နှစ်ပေါင်းငါးဆယ်နီးပါး အုပ်ချုပ်လာခဲ့ပြီး ယခုထိလည်း အာဏာအများစု ၎င်းထံတွင် ရှိနေပါ သည်။ ယခုအခါ စစ်တပ်၏ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ပတ်သက်၍ တရားဝင်ရှိနေပြီး၊ စိုးရိမ်မှုများရှိနေ ချိန်တွင် ပိုမို၍ ကျယ်ပြန့်သော တိုးတက်မှုများအတွက် ၎င်းတို့၏ အခန်းကဏ္ဍမှာ အရေးပါနေဆဲ ဖြစ်ပါသည်။ လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ငြင်းခံနေမှုများကို ညွှန်ပြရမည် ဖြစ်ပါသည်။ လွှတ်တော်တွင် စစ်တပ်၏ အရွေးချယ်ခံမဟုတ်သော ၂၅% သည် အခြေခံဥပဒေ ပြင်ဆင်မှုမှန်သမျှကို ဗီတိုသုံးပိုင်ခွင့် ရှိနေပါ သည်။ ၎င်းတို့၏ ထောက်ခံမှုမရှိပဲ နိုင်ငံသားအိမ်ထောင်ဖက် သို့မဟုတ် ကလေးရှိသူ သမ္မတဖြစ်ရန် ပိတ်ပင် ထားမှုကို ပြင်ဆင်နိုင်မည် မဟုတ်၍ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် သမ္မတဖြစ် လာနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ကျွန်ုပ်တို့ ဖက်မှ ပြင်းပြင်းထန်ထန် ယုံကြည်သည်မှာ မြန်မာစစ်တပ်ကို အသွင်ကူးပြောင်းရေး ကာလတွင် ၎င်း၏ အပိုင်းကိုသာပါဝင်ကပြနိုင်ရေးကို အားပေးရန်မိမိတို့ဖက်မှစ၍ လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တပ်အနေဖြင့် နိုင်ငံရေးမှ နောက်ဆုတ်ရန်၊ သင့်လျော်သော အရပ်သားထိန်းချုပ်မှုကို လက်ခံရန်နှင့် နိုင်ငံတကာလူ့အခွင့် အရေးနှင့် လူသားချင်းစာနာသော ဥပဒေများကို လိုက်နာရန် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုနယ်ပယ်တွင် ဗြိတိန်နိုင်ငံ၏ အကူအညီကို တောင်းခံထားပါသည်။ ကျွန်ုပ်တို့ ကဲ့သို့ပင် သူမကလည်း စစ်တပ်သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အဆုံးအဖြတ်ပြုနိုင်သော ကဏ္ဍတွင် ပါဝင်နေသည်ဟု ယုံကြည်ပါသည်။ စစ်တပ်ကို နိုင်ငံရေးနှင့် မဆိုင်သော လေးစားဖွယ်ကောင်းသော အင်စတီကျူးရှင်း အဖြစ်တစ်ဖြည်းဖြည်း မြင်လိုကြပါသည်။ သူမက ယုံကြည်သည်မှာ ကျွန်ုပ်တို့၏ သမိုင်းကြောင်းအရ ချိတ်ဆက်မှုများနှင့် ကမ္ဘာ့အဆင့် စစ်တပ်များ ရှိခြင်းကြောင်း အရေးပါသောကဏ္ဍမှ ပါဝင်နိုင်သည်ဖြစ်ရာ သူမ ကိုယ်တိုင်ကပင် စစ်သံမှူးတစ်ဦး ခန့်ထား ရေးကို တိုက်တွန်းခဲ့ပါသည်။ ကျွန်ုပ်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြီးခဲ့သည့် အောက်တိုဘာလက ဆင်းဟတ်တော်ဝင် စစ်တပ် အကယ်ဒမီ သို့ ဖိတ်ကြား၍ ဗြိတိန်၏ အကောင်းဆုံး လေ့ကျင့်ပေးမှုများကို ပြသခဲ့ပါသည်။

အဆိုပါ အချက်များကို မှတ်သားထားခြင်းဖြင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အရပ်သားနှင့် စစ်တပ် များအား ဒီမိုကရေစီတွင် စစ်တပ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပညာပေးသင်တန်း ယခုအပတ်တွင် စတင်နေပြီ ဖြစ်ပါသည်။ ယခု သင်တန်းသည် နှစ်ပေါင်းငါးဆယ်အတွင်း ဗြိတိန်က မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ပေး သော သင်တန်းဖြစ်ပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ရှင်းပြပါရစေ။ ကျွန်ုပ်တို့သည် ယခုကဲ့သို့ ဆုံးဖြတ်ချက်မချမီ ကျွန်ုပ်တို့၏ သံတမန် များ သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်းသားအုပ်စုများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးမျိုးသော ပြည်သူ များနှင့် တိုင်ပင်ခဲ့ပါသည်။

ယခု ကျွန်ုပ်တို့ ပေးသော သင်တန်းသည် စစ်မြေပြင်အတွက် လေ့ကျင့်ပေးခြင်း သို့မဟုတ် မည်သို့ တိုက်ခိုက်ရ မည် ဆိုသည်များ ပါဝင်မည် မဟုတ်ပေ။ ပို့ချမည့် အကြောင်းအရာများမှာ ပဋိပက္ခများ၏ မဟာ ဗျူဟာနှင့် နိုင်ငံရေးသွင်ပြင် လက္ခဏာများ၊ စစ်တပ်၏ လုပ်ဆောင်မှုများတွင် အရပ်သားကြီးကြပ်မှုနှင့် အင်အား အသုံးပြုမှု ထိန်းချုပ်ရေး စစ်တပ်ကို အရပ်သားထိန်းချုပ်မှု အောက်တွင် ထားရှိရေး၊ စစ်တပ်ပြုပြင် ပြောင်းလဲရေး၊ ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု၊ တာဝန်ခံမှုနှင့် တရားဥပဒေ စိုးမိုးရေးများ ပါဝင်ပါသည်။

ပို့ချမှုသည် အထူးသဖြင့် ဒီမိုကရေစီသို့ ခက်ခဲစွာ အသွင်ကူးပြောင်းရသော တိုင်းပြည်များအတွက် စီမံရေးဆွဲ ထားခြင်းဖြစ်ပြီး စစ်တပ်က နိုင်ငံနှင့်လူမျိုးအတွက် မည်သို့ အကောင်းဆုံး တာဝန်ထမ်းဆောင် မည် ဆိုသည်ကို စဉ်းစားထား ပါသည်။ နုနယ်သော ဒီမိုကရေစီနှင့် မရေရာသော တိုင်းပြည်များမှ သင်တန်းသားများ ရာပေါင်းများစွာသည် ဤပို့ချမှုမှ များစွာ အကျိုးဖြစ်ထွန်းခဲ့ကြပြီး ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ မြန်မာစစ်တပ်နှင့် အလုပ်လုပ်ကိုင်မှုများသည် ဘယ်သောအခါမျှ သတ်မှတ်ချက်များ မထားရှိပဲ လုပ်ကိုင်လိမ့်မည် မဟုတ်ပေ။ သတိနှင့် ရှေ့ဆက်သွားမည် ဖြစ်ပါသည်။ အီးယူ၏ လက်နက်မရောင်း ဝယ်ရန် ကန့်သတ်ချက်မှာ ရှိနေဆဲ ဖြစ်ပါသည်။ မြန်မာစစ်တပ်သည် ပြုပြင်ပြောင်းလဲရေးအတွက် ၎င်းတို့၏ စစ်မှန်သော သံဓိဌာန် များကို ပြသရမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကလေးစစ်သား အသုံးပြုမှု၊ ပဋိပက္ခနယ်မြေများတွင် လိင်အကြမ်းဖက်မှု အဆုံး အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး အပါအဝင် ကိစ္စရပ် များကို ၎င်းတို့နှင့် ဆွေးနွေးသွား မည်ဖြစ်ပါသည်။ အကြမ်းဖက်မှု များ ရပ်ဆိုင်းရေးမှာ နိုင်ငံခြား ဝန်ကြီးဌာန၏ ကမ္ဘာလုံးဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်မှုဖြင့် ဤပြဿနာကို ကိုင်တွယ် ဆောင်ရွက် မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်ခရီးတွင် ဤကိစ္စများကို ဖော်ထုတ်တင်ပြသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ရေရှည်အပြောင်းအလဲအတွက် ထောက်ခံကူညီရန် ကတိပြုထားပြီး ဖြစ်ပါသည်။ စစ်တပ်နှင့် ဆက်ဆံရေးသည် သေးငယ်သော အစိတ်အပိုင်းဖြစ်သော်လည်း တန်ဖိုးအမှန် များကို ပို့ချရန် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုအတွက် အရေးပါသော အပိုင်းဖြစ်ပါသည်။ အဆိုပါ တန်ဖိုးအမှန် များတွင် လူ့အခွင့်အရေး၏ အုတ်မြစ်များ၊ ဒီမိုကရေစီနှင့် တည်ငြိမ်မှု အဓွန့်ရှည်ရေးတို့ ပါဝင်ပြီး၊ ထိုသို့သော တန်ဖိုး ရှိသော အစိုးရများ မြန်မာလူထုနှင့် ထိုက်တန်နေပြီ ဖြစ်ပါသည်။

ရွေးကောက်ပွဲ အမတ်လောင်းရွေးရင် အမျိုးသမီး၊ လူငယ် ဦးစားပေးမည်



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတာဟာ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ မဟုတ်ဘဲ လူငယ်တာဝန်ခံတွေ ရွေးချယ်ဖို့သာ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် မေးခွန်းတွေကို ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောလိုက်တာပါ။

“လူငယ်ညီလာခံတွေက လူငယ်တာဝန်ခံတွေကို ရွေးချယ်မှာ၊ ဒီလူငယ်တာဝန်ခံတွေထဲမှာ ဘယ်နှစ် ယောက်က ဘယ်သူတွေက ကိုယ်စားလှယ်ရဲ့ အရည်အချင်းနဲ့ ပြည်စုံနေမယ်ဆိုတာ မသိဘူး၊ အန်တီတို့ ပြောတယ်၊ အမျိုးသမီးတွေကို ဦးစားပေးမယ်၊ လူငယ်တွေကို ဦးစားပေးမယ်၊ တိုင်းရင်းသားတွေကို ဦးစား ပေးမယ်၊ ဒါပေမယ့် နံပါတ် ၁ က အရည်အချင်းပဲ၊ အရည်အချင်းက အဓိက”

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ မူချမှတ်ထားပြီးဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ပထမဦးစားပေးရွေးချယ်မှုအဖြစ် အရည်အချင်းကိုသာ အဓိကထားမှာဖြစ်ကြောင်း၊ အဲဒီမှာ အမျိုးသားနဲ့ အမျိုးသမီး အရည်အချင်းတူနေရင် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကိုသာ ဦးစားပေးရွေးချယ်မှာဖြစ်သလို လူကြီးနဲ့လူငယ် အရည် အချင်း တူနေရင် လူငယ်တွေကို ဦးစားပေးရွေးချယ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗမာတိုင်းရင်းသားနဲ့ တခြားတိုင်းရင်းသား အရည်အချင်းတူနေရင် ဗမာမဟုတ်တဲ့ တခြား တိုင်းရင်း သားတွေကိုသာ ဦးစားပေးရွေးချယ်သွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

RFA Burmese

ဘုရား သပိတ်တော် တွေ့ပြီလော



ဗုဒ္ဓ မြတ်စွာ ဘုရား လက်ထက်က အသုံး ပြုခဲ့ တယ်လို့ ယူဆတဲ့ ကျောက်သပိတ် တော်ကြီးကို စစ်ဆေးဖို့ အိန္ဒိယ ရှေးဟောင်း သုတေသန အဖွဲ့ အေအက်စ် အိုင်က ပညာရှင်နှစ်ယောက်ကို အာဖဂန် နစ္စတန် နိုင်ငံ ကာဘူးလ်မြို့ကို စေလွှတ် လိုက်ပါပြီ။


အခုစေလွှတ်လိုက်တာဟာ ဒီကျောက်သပိတ် တော် ကြီးကို ပြန်တောင်းဖို့ အစီအစဉ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်။

အမျိုးသား ပြည်သူ့ပါတီ RJD ရဲ့ လွှတ်တော်အမတ် ပရာဆတ် ဆင်းက ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အဲဒီကျောက်သပိတ်ကြီးကို အိန္ဒိယကို လွှဲပြောင်းပေးအပ်ဖို့ တောင်းခံခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ တုန်းကတော့ မစ္စတာ ဆင်းဟာ အိန္ဒိယ ရှေးဟောင်းသုတေသန အဖွဲ့ အေအက်စ်အိုင်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် အခုလို ပညာရှင်တွေ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခြောက်လလောက်ကတည်းက ရှေးဟောင်းသုတေသနအဖွဲ့က လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဒီကျောက်သပိတ်ကြီးဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ကျောက်သပိတ်တော် ဖြစ်ဖွယ်ရှိတယ်လို့ ကဘူးလ် မှာရှိတဲ့ အိန္ဒိယ သံရုံးက ယူဆခဲ့ပါတယ်။

ကျောက်သပိတ်ကြီးဟာ နည်းနည်းနောနောမဟုတ်ပါဘူး။ ကီလိုဂရမ် ၃၅၀ ၊ ၄၀ဝ လောက်ဖြစ်ပြီး ပိဿာချိန် ၂၀ဝ ကျော် ၂၅၀ လောက်ရှိပါတယ်။

အိန္ဒိယ ရှေးဟောင်းသုတေသနရဲ့ ပထမညွှန်ကြားရေးမှူး ဆာအလက်ဇန်းဒါး ကန်နင်ဂန် ကတော့ အဲဒီ ကျောက်သပိတ်ကြီးဟာ အခုအခါ အူတရာ ပရာဒက်ရှ် လို့ခေါ်တဲ့ ဒေသကို သွားကြမယ့် ဝေသာလီလူမျိုးတွေကို ဘုရားရှင်ကစွန့်လှူခဲ့တာ ဖြစ်ပြီး အဲဒီလို စွန့်လှူခြင်းအကြောင်းက သူတော်စင်တွေ ပရိနိဗ္ဗာန်ပြုဖို့လို့ ဆိုပါတယ်။

အဲသလို စွန့်လှူခဲ့တာဟာ ၂ ရာစုကာလက ဖြစ်ပြီး ဝေသာလီလူမျိုးတွေဆီကနေ ကနစ်ရှခါ သည် ဂရိတ် ဘုရင်ကြီးက ဒီနေ့ခေတ်မှာ ပက်ရှ်ဝါ လို့ခေါ်တဲ့ ဒေသဆီ ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ ကန်ဒါဟာ ပြည်နယ်ကို ရောက်သွားပါတယ်။ ၂၀ ရာစုကာလမှာတော့ ကျောက်ခွက် ပစ္စည်းတွေ အများအ ပြားကို ကဘူးလ် ပြတိုက်ဆီ သယ်ဆောင်သွားရာမှာ ဒီကျောက်သပိတ်တော်ကြီးပါသွားတယ်လို့ ဆိုပါတယ်။

အေဒီ ၃ ရာစုနဲ့ ၉ ရာစုအကြားမှာ ဘုရားဖူးခရီးသွားဖြစ်ခဲ့ကြဖူးတဲ့ တရုတ်လူမျိုး ဖာဟိန်းရဲ့ ခရီးသွား မှတ်တမ်းမှာလည်း ဒီကျောက်သပိတ်တော်ကြီး အကြောင်း တွေ့ခဲ့ရတယ်လို့ ဆာအလက်ဇန္ဒား ကန်နင်ဂန် က ဆိုပါတယ်။

၂၀ဝ၁ ခုနှစ်တုန်းက ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူကို တာလီဘန် အစိုးရက ဖြိုချခဲ့ဖူးတဲ့ အတွက် ဗုဒ္ဓ အမွေအနှစ်တွေကို ဖျက်ဆီးပစ်မှာကို စိုးရိမ်နေကြပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဆင်းတုတော်ကြီးကို ဖျက်ဆီး ခဲ့ပေမဲ့ ကျောက်သပိတ်တော်ကိုတော့ ချန်လှပ်ခဲ့ပါတယ်။ ချန်လှပ်ရတဲ့ အကြောင်းကတော့ ကျောက် သပိတ်တော် ပေါ်မှာ ကိုရမ်ကျမ်းစာ စာပိုဒ်တချို့ ရေးထားလို့ လို့ ဆိုပါတယ်။

ဗုဒ္ဓအမွေအနှစ်ဖြစ်ရင် ဘာလို့ ကိုရမ် စာပိုဒ်တွေ ပါဝင်နေပါသလဲ။ ဒါကလည်း မေးစရာမေးခွန်းပါ။ အိန္ဒိယ ရှေးဟောင်းသုတေသန အဖွဲ့ကတော့ အစ္စလာမ် ဘာသာ ထွန်းကားတဲ့ ကာလမှာ ဒီသပိတ်ကြီးဟာ အစ္စလာမ် ဘာသာ ထွန်းကားရာ အရပ်တွေ တခုပြီးတခု ရွှေ့ပြောင်းလာတဲ့ အတွက် ဒီစာတမ်းပါလာတာ ဖြစ်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

၁၉၈၀ ကျော်ကာလ အာဖဂန်စစ်ပွဲ အတွင်းမှာ သမ္မတ နာဂျီဘူလာက ဒီကျောက်သပိတ်ကြီးကို ကာဘူးလ် အမျိုးသား ပြတိုက်အတွင်း ယူဆောင်လာတယ်လို့လည်း ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စောလူးမင်း ကျောက်စာ ပေတော ပရဟိတ ကျောင်းအတွင်းတွေ့

ရာဇကုမာရ ကျောက်စာထက် စောသော နှစ်ပေါင်း ၉၆၀ က ပါဠိ ၊ ပျူ ၊ မွန် ၊ ဂျွမ်း ၊ မြန်မာ ဘာသာငါးမျိုး ၊ အက္ခရာ ငါးမျိုးဖြင့် ရေးထိုး ထားသော သမိုင်းတန်ဖိုး လွန်စွာ ကြီးမား လှသည့် စောလူးမင်း ကျောက်စာ တစ်ချပ်ကို မြစ်သားမြို့ ၁၁ လမ်းတွင် ရှိသော မိဘမဲ့ ကလေးများ စောင့်ရှောက်ရေး ပေတော ပရဟိတ ကျောင်းအတွင်း၌ နိုဝင်ဘာ ၄ ရက်တွင် တွေ့ရှိခဲ့ပါတယ်။


၅-၁၁-၂၀၁၃ ရက်နေ့ထုတ် ရတနာပုံ သတင်းစာ တွင် ဤဆောင်းပါး ဖတ်ရှု ရသဖြင့် တမ္ပဝတီ ဦးဝင်းမောင် လာရောက် သုတေသန ပြုလုပ် ခဲ့ရာမှာ အဲဒီနေ့က အပိုင်း ၃ ပိုင်းသာ တွေ့ရှိခဲ့ပြီး မနေ့က အင်္ဂ࿿ါနေ့က နောက်တစ်ပိုင်း ထပ်မံ တွေ့ရှိခဲ့ပါတယ်။

အပိုင်း လေးပိုင်းအား ဆက်စပ်ပြီး ဆရာကြီး ဦးဝင်းမောင်က ထပ်မံ သုတေသန ပြုလုပ်ခဲ့ပါတယ်။

အခု ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တွေ့ခဲ့တဲ့ ကျောက်စာဟာ ရာဇကုမာရကျောက်စာထက်စောတဲ့ စောလူမင်းလက်ထက်က ကျောက်စာဖြစ်တဲ့အကြောင်း ပညာရှင်တွေ အတည်ပြုနိုင်ခဲ့ပါတယ်။

မြစ်သားမြို့က ပေတောကျောင်းတိုက်မှာ တွေ့ထားတဲ့ ကျောက်စာချပ်ကြီးရဲ့ ကွဲပြတ်နေတဲ့ အပိုင်းအစ ၄ပိုင်းကို ဆက်စပ်ပြီး ပျူဘာသာကျွမ်းကျင်သူ၊ မွန်ဘာသာကျွမ်းကျင်သူ၊ ကျောက်စာပညာ ကျွမ်းကျင်သူတွေ စုပေါင်း လေ့လာသုံးသပ်ချက်အရ သက္ကရာဇ် ၄၁၅ ခု နှစ်က ရေးထိုးခဲ့တဲ့ စောလူမင်းရဲ့မိဖုရား သီရိ စန္ဒာဒေဝီရဲ့ မဟာ အနုရုဒ္ဓါ ဒေဝါရာမကျောင်း ကျောက်စာဖြစ်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ကျောက်စာသမိုင်း ဖေါ်ထုတ်ရေး ခေါင်းဆောင် တယောက်ဖြစ်တဲ့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က အတည်ပြုနိုင်တဲ့ အထောက်အထား အချက်လက်တွေကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သီရိစန္ဒာဒေဝီ မိဖုရားဆိုတာ အများသိကြတဲ့ ဥဿာပဲခူးမင်းက ပုဂံပြည့်ရှင် အနော်ရထာမင်းကို ဆက်သတဲ့ မဏိစန္ဒာမင်းသမီးနဲ့ တဦးတည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကျောက်စာမှာပါတဲ့ မွန်ဘာသာစကားကို ဘာသာပြန်ပေးခဲ့တဲ့ ရှေးဟောင်းသုတေသနဌာန အငြိမ်းစားတဦးဖြစ်တဲ့ မွန်ကဗည်းကျောက်စာပညာရှင် နိုင်ဘရှင် ကလည်း စောလူးမင်းဟာ မြန်မာ့သမိုင်းမှာ အများထင်ထားတဲ့ လောင်းကစားနဲ့ ပျော်ပါးနေတဲ့ မင်းတပါးဆိုတဲ့အချက်ဟာ ဒီကျောက်စာပါ တွေ့ရှိချက်အရ ပြောင်းပြန် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အခုလတ်တလော လေ့လာချက်တွေအရ အရှေ့ဘက်နဲ့ကျောဘက် ၂ဖက်ပါ စာပိုဒ်တွေအရ မွန်၊မြန်မာ၊ ပါဠိ၊ ပျူ ၊ဂျွမ်းနဲ့ ဂုံရှမ်း ဘာသာစကား ၆မျိုးနဲ့ ရေးထားတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

နှစ်ပေါင်း ၁ထောင်ပတ်ဝန်းကျင်က ကျောက်စာဖြစ်တာမို့ ဘာသာစကား ဝိဝါဒ ကွဲမှုတွေကတော့ ရှိနိုင်သေးတယ်လို့လည်း ပြောပါတယ်။

ခုတွေ့ထားတဲ့ ကျောက်စာကို မူလတွေ့ရှိရာ မြစ်သားက ပေတောကျောင်းတိုက်မှာဘဲ ထားရှိမှာဖြစ်ပြီး စောလူးမင်းကျောက်စာ ထိမ်းသိမ်းရေးကော်မတီက ကြီးကြပ်စောင့်ရှောက်မယ်လို့ သိခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

MPT နှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်းဖွယ်ရှိ


MPT, ဆက်သွယ်ရေး, ပုဂ္ဂလိကပိုင်, ဂျပန်, မိုဘိုင်း, ဖုန်း, ဆင်းကဒ်

ဂျပန်နိုင်ငံမှ KDDI ကော်ပိုရေးရှင်းနှင့် Sumitomo ကော်ပိုရေးရှင်းတို့သည် ပုဂ္ဂလိကပိုင် ပြုလုပ် တော့မည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းနိုင်ဖွယ်ရှိသည်ဟု ရိုက်တာ သတင်းက ဆိုသည်။


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဂျပန် ကုမ္ပဏီ နှစ်ခုကို သီးသန့်ဖိတ်ခေါ်၍ ဖက်စပ်လုပ်ဆောင်ရန် ဆွေးနွေးညှိနှိုင်း ခဲ့သည်ဟု Sumitomo၏ မြန်မာနိုင်ငံ ဆိုင်ရာ ဒုတိယ အထွေထွေမန်နေဂျာ ဦးစိုးကြူက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ပူးပေါင်းမှု၏ အသေးစိတ်အချက် အလက်များ ကိုမူ ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။

လက်ရှိအချိန်တွင် MPT သည် မြန်မာနိုင်ငံ၏ တခုတည်းသော တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍကို စီမံခန့်ခွဲနေသည့် ဌာနလည်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အစိုးရက စီမံခန့်ခွဲအသစ်ကို ပြောင်းလဲရန် စီစဉ်နေပြီး MPT ၏ အခွင့်အာဏာများကို ရုပ်သိမ်းမည်ဖြစ်သည်။

လုပ်ပိုင်ခွင့် အများစုကို အစိုးရက ဆက်လက် ထိန်းချုပ်သွားမည် ဖြစ်ပြီး MPT ကို ပုဂ္ဂလိကပိုင်ပြုလုပ်ကာ အမည်အသစ်နှင့် ထွက်ပေါ်လာမည့် ကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင် ၄ ခု ထဲမှ တခုကို ရရှိမည် ဖြစ်သည်။

MPT မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဧရာဝတီသို့ ပြောဆိုချက်အရ ဂျပန်ကုမ္ပဏီများက နိုင်ငံခြား အစုရှယ်ယာဝင်များဖြစ်လာနိုင်သလို မြန်မာဘက်မှ ရွှေသံလွင်ကုမ္ပဏီက အစုရှယ်ယာဝင် ဖြစ်လာမည်ဟု သိရသည်။

အစိုးရ၏ ကျောထာက်နောက်ခံရရှိထားပြီး ယခုအချိန်အထိ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို လုပ်နေဆဲ ဖြစ်သည့် ရတနာပုံ တယ်လီပို့ သည်လည်း လိုင်စင် ရခဲ့သည်။ နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာ နိုင်ငံမှ Ooredoo ကုမ္ပဏီတို့ သည်လည်း လက်ကျန် လိုင်စင် ၂ နေရာအတွက် ၀င်ရောက် ယှဉ်ပြိုင်ကာ ၂၀၁၃ ခုနှစ် ဇွန်လတွင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ယခုအထိ ၎င်းတို့၏ ကွန်ယက် များကို စတင်အကောင်အထည် ဖော်နိုင်ခြင်း မရှိပေ။

KDDI နှင့် Sumitomo တို့ ပူးပေါင်းထားသည့် ကုမ္ပဏီသည် လိုင်စင် ၂ ခု အတွက်ယှဉ်ပြိုင်စဉ်က ဆန်ကာတင် စာရင်းဝင်ခဲ့သည်။ ကြိုတင်မှန်းဆမမြင်နိုင်သည့် အခြေအနေများ ရှိနေသော်လည်း ၎င်းတို့ လုပ်ငန်းစု အနေဖြင့် လာမည့် လ အနည်းငယ်အတွင်း MPT နှင့် သဘောတူညီမှု ရရှိနိုင်လိမ့်မည်ဟု သူက ထပ်ပြော သည်။ “ဒီတကြိမ်မှာတော့ ကျနော်တို့ ယုံကြည်မှု ရှိနေပါတယ်” ဟု ဦးစိုးကြူက ရိုက်တာ သတင်းဌာနသို့ ဆိုသည်။

ZTE၊ Huawei အစရှိသော တရုတ်ကုမ္ပဏီများ၏ စက်ပစ္စည်းများ၊ နည်းပညာများကို အခြေပြုပြီး တည်ဆောက်ဖြန့်ကျက်ထားသော MPT ၏ ဆက်သွယ်ရေးစနစ်နှင့် ဂျပန်ကုမ္ပဏီများ၏ ဆက်သွယ်ရေး စနစ် မည်သို့ ပေါင်းစပ်လုပ်ကိုင်မည်မှာ စိတ်ဝင်တစား စောင့်ကြည့်ရမည့် အကြောင်းအရာဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အာဏာရှင် အုပ်ချုပ်ရေး ကာလအတွင်းတွင် တယ်လီဖုန်း ဆက်သွယ်ရေး ကဏ္ဍကို အစိုးရက လက်ဝါးကြီးအုပ်၍ တင်းကြပ်စွာ ချုပ်ကိုင်ထားခဲ့သည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က စတင် ရောင်းချခဲ့သော မိုဘိုင်း ဖုန်း ဆင်းကဒ်များ၏ တန်ဖိုးကိုလည်း ဒေါ်လာ ထောင်နှင့်ချီ၍ သတ်မှတ်ရောင်းချခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ မိုဘိုင်းတယ်လီဖုန်းဖြန့်ကျက်နိုင်မှုသည် ကမ္ဘာပေါ်တွင် အနိမ့်ဆုံးစာရင်းဝင် ဖြစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ တယ်လီဖုန်းထုတ်လုပ်သည့် နာမည်ကျော် ကုမ္ပဏီ တခုဖြစ်သည့် Ericsson က သန်း ၆၀ ရှိသည့် မြန်မာပြည်သူတို့၏ ၄ ရာခိုင်နှုန်းအောက်သာ တယ်လီဖုန်း သုံးစွဲနိုင်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားအမည်ခံ အစိုးရ တာဝန်ယူပြီးနောက် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ အကောင် အထည်ဖော်လာသည့် အခါတွင် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍကို တိုင်းပြည်၏ စီးပွားရေးကို ပြန်လည် ဦးမော့ လာအောင် ပြုလုပ်ရေး၏ အစိတ်အပိုင်းတရပ် အဖြစ် သဘောထားခဲ့သည်။

ပြီးခဲ့သည့် လများအတွင်း အစိုးရက ဆင်းကဒ် များကို ဈေးကွက်အတွင်းသို့ ပိုမိုဖြန့်ဝေပေးခဲ့သည်။ သို့သော် လည်း ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်ဝေပေးနိုင်ခြင်းမရှိသည့် အတွက် ပြင်ပဈေးကွက်တွင် ကျပ် ၁ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၁၅၀) နှင့် အရောင်းအဝယ်ဖြစ်နေသည်။ မိုဘိုင်းတယ်လီဖုန်း ဖြန့်ကျက်နိုင်မှုက ၉ ရာခိုင်နှုန်းအထိ ခုန်တက် လာခဲ့သည်ဟုလည်း အစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

Orredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormac က ရိုက်တာသို့ အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားရာတွင် အစိုးရထံမှ နောက်ဆုံး ခွင့်ပြုချက် ရရှိပြီးပါက မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၄ မြို့တွင် တယ်လီဖုန်း နှင့် အင်တာနက်ဝန်ဆောင်မှုများ ၆ လအတွင်း စတင်ပေးသွား နိုင်မည်ဖြစ်ပြီး လာမည့် ၅ နှစ်အတွင်းတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေး နိုင်မည်ဟု ဆိုသည်။

အော်ပရေတာများ မြန်မာနိုင်ငံအတွင်းလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရဖွယ်ရှိသည့် အခက်အခဲ များမှာ ကျေးလက် ဒေသများတွင် အခြေခံအဆောက်အဦ အားနည်းခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်ထားသည့် ပိုင်နက် များက ကျယ်ကျယ်ပြန့်ပြန့် ရှိနေခြင်း၊ မြေယာပိုင်ဆိုင်မှုများက ရှုပ်ထွေးခြင်း နှင့် အပြောင်းအလဲမြန်သည့် ကိစ္စများပင် ဖြစ်သည်။

Ooredoo ၏ ဥပဒေ ရေးရာအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် VDB Loi က နိုင်ငံအနှံ့ ကွန်ယက်ဖြန့်ကျက် ရာတွင် လိုအပ်သည့် တာဝါတိုင်များ ဆောက်လုပ်ရေးအတွက် မြေနေရာ ရယူရေးဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာပြုလုပ်ရန် အကြံပြုခဲ့သည်။

Ooredoo ၏ အစီအစဉ်မှာ တာဝါတိုင်များကို Telenor နှင့် MPT သို့မဟုတ် ၎င်းတို့ အထဲမှ တဖွဲ့ဖွဲ့နှင့် စပ်တူပူးပေါင်း တည်ဆောင်ပြီး မျှဝေသုံးစွဲရန် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormac က ရိုက်တာ သတင်းဌာန သို့ပြောသည်။

ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂ ဘီလီယံကျော် တောင်း


ကာကွယ်ရေး, စစ်အသုံးစရိတ်, ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ တောင်းခံ လိုက် ကြောင်း သိရှိရသည်။


ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇန်န၀ါရီလ ၁၄ ရက်နေ့ ကျင်းပသော ပြည်ထောင် စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး အသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံတောင်းခံသွားပြီး ယင်းအသုံးစရိတ်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေကို ငဲ့ကွက် တောင်းခံသော ပမာဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံးအသုံးပြုသောနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် မြန်မာနိုင်ငံထက်များစွာမြင့်မားကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉ ရာခိုင်နှုန်း သုံးစွဲပြီး မလေးရှားနိုင်ငံသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ သုံးစွဲ ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အသုံးပြုခဲ့ပြီး ယင်းပမာဏသည် တိုင်းပြည် စုစုပေါင်း အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကာကွယ်ရေးအသုံးစရိတ်သည် ပညာရေးနှင့်ကျန်းမာရေးအသုံးစရိတ်ထက် မြင့်မားလေ့ရှိသည်။

သမ္မတဦးသိန်းစိန်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည် ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅ ဘီလီယံရှိကြောင်း နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုထား သည်။

ဧရာဝတီ

ငွေဖောင်းပွမှုနှုန်း မထိန်းထားလျှင် လစာတိုးသော်လည်း မထူး


 ငွေကြေး ဖောင်းပွမှု, နိုင်ငံဝန်ထမ်း လစာ,၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်, လစာ တိုးမြှင့် , ၀ယ်ယူနိုင်စွမ်းအား, ဘဏ်အတိုးနှုန်း, ကမ္ဘာ့ဘဏ်

လာမည့် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ ၀န်ထမ်းများ လစာတိုးမြှင့်ရကြမည့် အချိန်တွင် ငွေကြေး ဖောင်းပွမှုနှုန်း ထိန်းထားနိုင်ခြင်း မရှိပါက ၀ယ်ယူနိုင်စွမ်းအား ထူးခြားလာမည် မဟုတ်ဟု စီးပွား ရေး ပညာရှင်များက သတိပေးပြောဆိုသည်။


“တဘက်က လစာတော့ တိုးရတယ်၊ တဘက်က ပစ္စည်းတွေရဲ့ဈေးနှုန်းက တိုးလာတယ်ဆိုရင် အကျိုး ခံစား ခွင့်က အပြည့်အဝ မရတော့ဘူးပေါ့”ဟု စီးပွားရေး ပညာရှင် ဦးမော်သန်းက ပြောသည်။

ဝန်ထမ်းများကို လစာတိုးပေးမည့် အစီအစဉ်ကို သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၇ ရက်တွင် ပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်က ၀န်ထမ်းများကို လစာတိုးပေးမည့် အချိန်တွင် ငွေကြေး ဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် အတွက် အစိုးရ အသုံးစရိတ်များကို ချွေတာရန် အထူးလိုအပ်ပြီး၊ နိုင်ငံတော်မှ ရစရာရှိသော ၀င်ငွေများကို အမှန်တကယ်ရရန် လုပ်ဆောင်သင့်ကြောင်း ဦးမော်သန်းက ပြောသည်။

ကမ္ဘာဘဏ်က ၂၀၁၃ အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံစီးပွားရေး စောင့်ကြည့်ရေး အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ်လည်ပိုင်း၌ ပြင်ဆင် ဖြည့်စွက်သည့် ဘတ်ဂျတ်များ ထုတ်ပြန်သည့် အလေ့အထများရှိပြီး ယင်းမှာ သုံးစွဲရန် လျာထားသည့် ဘတ်ဂျတ်နှင့် အမှန်တကယ် သုံးစွဲမှု အကြား သိသာသော ခြားနားခြင်းကို ဖြစ်ပေါ်နေသည်ဟု ထောက်ပြထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇.၃ရာခိုင်နှုန်း ရှိနေခဲ့ပြီး ငွေဖောင်းပွနှုန်း တိုးလာသည့် အခြေ အနေ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ပါရှိသည်။

ငွေကြေးဖောင်းပွမှုနှုန်း မရှိလျှင် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိ ဟူသော အချက်ကို စီးပွားရေး ပညာရှင်များ လက်ခံထား ကြသည့် အချက်တချက် ဖြစ်သည်။

“ဒီအချက်က မှန်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခု ၀န်ထမ်းလစာ တိုးတဲ့ဟာမှာတော့ လစာတိုးလို့ ၀င်ငွေတိုးပေမယ့် ၀ယ်ယူနိုင်စွမ်းအားကရော မြင့်မလားပေါ့၊ တိုးမြင့်စေတယ် ဆိုရင်တော့ လစာတိုးတာ အဓိပ္ပါယ် ရှိတာပေါ့နော်။ ဒါပေမယ့် တဘက်က ငွေဖောင်းပွမှုနှုန်းကလည်း လိုက်တက်မယ် ဆိုရင်တော့ မျှော်မှန်းထားသလို အကျိုးဖြစ်ထွန်းမှုက မရှိဘူး။ငွေဖောင်းပွမှုနှုန်း ဘယ်လောက်ထိ ထိန်းချုပ်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်။ အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုနှုန်းကို ဘယ်လောက်ထိ ထိန်းချုပ် နိုင်မလဲ ဆိုတာပေါ်မှာ မူတည်နေတာပေါ့”ဟု စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုကလည်း ပြောဆိုသည်။

ငွေကြေး ဖောင်းပွမှုနှုန်းမှာ တိုင်းပြည်၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP)နှင့် လည်ပတ် ငွေကြေး (Money Supply) အချိုး မျှတမှသာလျှင် တည်ငြိမ်မည် ဖြစ်ပြီး လည်ပတ်ငွေ ပမာဏက ထုတ်ကုန်တန်ဖိုး ပမာဏထက် များပြားလာပြီဆိုပါက ငွေဖောင်းပွမှု ဖြစ်ပေါ်စေသည်ဟု စီးပွားရေး ပညာရှင်များက ထောက်ပြသည်။

တိုင်းပြည်၏ လည်ပတ်ငွေများကို ဘဏ်များသို့ ရောက်ရှိသွားရန်အတွက် ဘဏ်တိုးနှုန်းများ တိုးမြှင့်၍ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ကြသည့် ဖြစ်စဉ်များ ရှိသော်လည်း မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းမှာ လက်ရှိအချိန်တွင် ဒေသတွင်း နိုင်ငံများအတွင်း အများဆုံး အနေအထား ဖြစ်နေသည်။

ဘဏ်တိုးနှုန်းကို လျှော့ချရန်မှာလည်း ငွေကြေးဖောင်းပွမှုနှုန်းအောက် သတ်မှတ်၍ မရချေ။

ယင်းအနေအထားနှင့် ပတ်သက်၍ ဒေါက်တာ အောင်ကိုကိုက “ဘဏ်တိုးနှုန်းက များတယ်လို့ ပြောကြ တယ်။ ဒါပေမယ့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၄ ရာခိုင်နှုန်းပဲ ဘဏ်မှာ စုကြတယ်။ ဘဏ်တိုးနှုန်း မြင့်တိုင်း လည်း စုဆောင်းမှုနှုန်းက မြင့်တာ မဟုတ်ဘူး။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်နေရင် ဘဏ်တိုးနှုန်းလည်း ချလို့ မရဘူး။ ဒါကြောင့် ငွေဖောင်းပွမှုနှုန်း နိမ့်နိုင်သမျှ နိမ့်သွားအောင် လုပ်ရမှာပဲ။ ဒါကို နိမ့်အောင် မလုပ်ဘဲ ဘဏ်တိုးနှုန်း မြင့်လိုက်၊ Money Supply ကို အပြောင်းအလဲ ဖြစ်စေတဲ့ ငွေကို ထပ်ပုံနှိပ်လိုက် လုပ်တယ် ဆိုရင် ကုန်ဈေးနှုန်း တည်ငြိမ်မှုကို ထိခိုက် နိုင်တာပေါ့”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျတ် လိုငွေပြမှုမှာ ဒေါ်လာ၂.၇ ဘီလီယံကျော် ရှိနေပြီး လည်ပတ် ငွေကြေး ပမာဏ မှာလည်း ပိုမိုတိုးလာနေသည်ဟု စီးပွားရေးပညာရှင်များက ဆိုကြသည်။ စီးပွားရေး အကျပ်အတည်းများ ဖြစ်တိုင်း အစိုးရ ဘတ်ဂျတ် လိုငွေများ တိုးလာတတ်ပြီး ထိုလိုအပ်ငွေကို ဗဟိုဘဏ်က ငွေစက္ကူသစ်များ ရိုက်ထုတ် ဖြေရှင်းပေးတတ်သည်။

ဧရာဝတီ