Friday, January 10, 2014

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်ဖွဲ့ စည်း

နိုင်ငံရေးပါတီ ၁၁ ခု ပူးပေါင်း၍ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA)ကို ဖွဲ့စည်းလိုက်သည်ဟု ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးချုပ်၌ ပြုလုပ်သည့် အစည်းအဝေး တွင် ကြေညာလိုက်သည်။


အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “ဒီအဖွဲ့က တိုင်းရင်းသားပါတီတွေလည်း ပါတယ်။ ပါတီအချင်းချင်း ချိတ်ဆက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ တစ်ပါ တီနဲ့ တစ်ပါတီ လက်တွဲ ဖြတ်သန်းမှာပါ”ဟု ပြောသည်။


ယခင်က ကိုးပါတီသာရှိခဲ့ရာမှ ယနေ့အစည်းအဝေးတွင် ကရင်ဒီမိုကရေစီပါတီနှင့် မြန်မာ့လူ့ဘောင်သစ် ပါတီတို့ပါ ပူးပေါင်းလိုက်၍ မဟာမိတ် ၁၁ ပါတီဖြစ်သွားခြင်းဖြစ်သည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယနေ့အစည်းအဝေးတွင် ပါတီ ၁၁ ခု ပူးပေါင်း၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုအပ်သလို ပြင်ဆင်ရေး အပါအ၀င် အချက်ငါးချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ အမည်ဖြင့် ဖွဲ့စည်းရန်အတည်ပြုခဲ့သော ပါတီ ၁၁ ခုတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမို ကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရေစီပါတီ၊ မြန်မာ့ လူ့ဘောင်သစ် ပါတီတို့ ဖြစ်သည်။

လယ်ယာမြေများ မှတ်ပုံတင်ခွင့်ရသကဲ့သို့ ငါးပုစွန်ကန် များ မှတ်ပုံတင်ခွင့် ရတော့မည်

လယ်ယာမြေများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုလုပ်ပေးသကဲ့သို့ ငါး၊ ပုစွန်ကန်များကို တရားဝင် မှတ်ပုံတင်ခွင့် ပေးတော့မည် ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က မြန်မာတောင်သူကြီးများဂျာနယ်ကို ပြောသည်။


“ငါးပုစွန်ကန်တွေကို တရားဝင် မှတ်ပုံတင်ခွင့်ပေးဖို့အတွက် လယ်ဆည် ၀န်ကြီးဌာနနဲ့ ဆိုင်တယ်။ မှတ်ပုံ တင်ပြီး ဘဏ်တွေက ချေးငွေထုတ်ပေးဖို့က ဗဟိုဘဏ်နဲ့ဆိုင်တယ်”ဟု ၎င်းက ပြောသည်။

မြေစာရင်းမှ အတည်ပြုပေးသည့် ပုံစံ ၁၀၅ နှင့် ငါးမွေး လိုင်စင်ဖြင့် လုပ်ကိုင်နေသော လယ်မြေစာရင်း အဖြစ်သာ ရှိနေသော ငါးပုစွန် မွေးမြူရေးကန်များ ကို ဒေသအစိုးရသို့ ဒဏ်ကြေးငွေပေးဆောင်ပြီး မြေအသုံးချမှုပုံစံပြောင်းယူနိုင်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦမြင့်လှိုင်က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် ပတ်သက်သည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငါးမွေးကန်ပိုင်ဆိုင်မှု မှတ်ပုံတင်ခွင့်ရရှိပါက ဘဏ်များတွင် ချေးငွေပိုမို ရရှိနိုင်ပြီး ချေးငွေရရှိရေးအတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ဗဟိုဘဏ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။

“အခုငါးမွေးကန်တွေကို ကမ္ဘာ့ရတနာဘဏ်တစ်ခုတည်း ကပဲ ချေးတယ်။ ငါးမွေးကန်တစ်ကန်ကို ကာလ တန်ကြေး ကျပ် သိန်း ၃၀ လောက်ရှိပေမယ့် တစ်ဧက သုံးသိန်းလောက်ပဲရတယ်။ ပိုင်ဆိုင်မှုအထောက် အထား ရှိပြီး ဘဏ်တိုင်းကလည်း ချေပေးမယ်ဆိုရင် တန်ဖိုးပေါ်မှာလိုက်ပြီး တစ်ဧကကို ရှစ်သိန်း၊ ကိုးသိန်း လောက်ရနိုင်တယ်”ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ငါးပုစွန်မွေးမြူရေးကန် ဧက လေးသိန်းခွဲခန့်ရှိပြီး အများစုမှာ ငါးမွေးလိုင်စင်နှင့် ပုံစံ ၁၀၅ ဖြင့်သာလုပ်ကိုင်ပြီး အနည်းစုသာ လန ၃၉ ရရှိပြီး လုပ်ကိုင်နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံတေးမြို့နယ်တွင် ငါးမွေးကန်ဧက အများဆုံးဖြစ်ပြီး တွံတေးမြို့နယ်တွင် လည်း ငါးမွေးကန်များမှာ လန ၃၉ ရရှိရန် လျှောက်ထားဆဲများဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဒဏ်ကြေးပေး ဆောင်ပြီး မှတ်ပုံတင်ခွင့်ရရှိမည်ဆိုပါက များစွာအဆင်ပြေကြောင်း တွံတေးမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းကျော် ကပြောသည်။

“လန ၃၉ မကျသေးတဲ့ကန်တွေရှိတယ်။ ဦးတို့ဆီမှာက လယ်လုပ်ရတာ အဆင်မပြေတော့ ငါးကန်ပြောင်း လုပ် ကြတာ။ ကိုယ့်လယ်မှာပဲ ငါးကန်ပြန်တူးတာ။ ခုလို မှတ်ပုံတင်ခွင့်ရမယ်ဆို တော့ ဦးတို့အနေနဲ့ ကျေးဇူး တင်ပါတယ်” ဟု ၎င်းက ပြောသည်။

- မိုးမိုးသူ
http://thefarmermedia.com

မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို

ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။


China Power Investment (CPI) မှ ပါဝင်ပတ်သက်နေသော ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC)က စာမျက်နှာ ၆၀ ပါ ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာကို ရန်ကုန်မြို့ တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ခြင်းအပေါ် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။


“သူတို့ပြောထားတာက ကချင်ပြည်နယ်ဒေသခံတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်မယ်လို့ ပြောတယ်။ ဒါဟာ ဟန်ပြချပြတဲ့ ပုံစံဖြစ်နေတယ်။ လုံးဝ ကန့်ကွက်တယ်။ မြစ်ဆုံရေကာတာအထက်မှာ ရှိတဲ့ ဆည်ခုနစ်ခုက ဒီသယံဇာတထဲမှာ အကျုံးဝင်တယ်။ တရုတ်ကုမ္ပဏီက ဆက်လက်တည်ဆောက် မယ်ဆိုရင် အခုဖြစ်နေတဲ့ ပြဿနာထက် ပိုမိုကြီးထွားလာမယ်။ မြန်မာတစ်ပြည်လုံး ငြိမ်းချမ်းဖို့အတွက် အများကြီး ထိခိုက်နိုင်တယ်”ဟု KDNG မှ ဒု-ဥက္ကဋ္ဌ ကိုစာဂျီက ပြောသည်။

ဒီဇင်ဘာ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်တွင် လျှပ် စစ်လိုအပ်ချက် ကြီးကြီးမားမားမရှိသည့်အတွက် အခြားနိုင်ငံများသို့ မြောက်မြားစွာ တင်ပို့ရောင်းနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းဆောက်လုပ်ရေးဒေသအတွင်း နေရာပြောင်းရွှေ့ခံရသည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများသည် ၎င်းတို့၏ မူရင်းအဆင့်အတန်းထက် မနိမ့်ကျသော အခြေ အနေတစ်ခုသို့ ရရှိခံစားရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ထို့အပြင် ကချင်ပြည်နယ် ခေတ်မီ တိုးတက်စေမည်။ ဒေသစီးပွားရေးအား အသွင်ပြောင်းစေမည်၊ ဒေသခံ ကချင်ယဉ်ကျေးမှုအား တိုးတက် ဖွံ့ဖြိုးစေမည်ဟု ဖော်ပြထားပြီး ဆည်ကြီးခုနစ်ခု ဆောက်လုပ်နေသော ဧရာဝတီမြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်အတွက်သာမက မြန်မာတစ်နိုင်ငံလုံးအတွက်ပါ အကျိုးရှိသော စီမံကိန်းတစ်ရပ်အဖြစ် အခိုင်အမာ ပြောဆိုထားသည်။

အစီရင်ခံစာနှင့်ပတ်သက်ပြီး ကိုစာဂျီက “တရုတ်ကုမ္ပဏီတွေကနေပြီး မြန်မာနိုင်ငံက ပြည်သူတွေ ဘယ် လိုနေရမယ်ဆိုတာကို ဆုံးဖြတ်ပေးစရာမလိုဘူး။ ကျွန်တော်တို့ရဲ့ ဒေသခံတွေအတွက် အကျိုးရှိစေမယ့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ပုံစံကို ကျွန်တော်တို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ဖို့လိုတယ်”ဟု ဆိုသည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပျက် ပြယ်ခဲ့ခြင်းသည် ကချင်ပြည်နယ်ရှိ သယံဇာတ ထုတ်ယူသုံးစွဲမှုအပေါ် အဓိကမူတည်နေပြီး သော့ချက် တစ်ခုဖြစ်သည်ဟုလည်း ၎င်းက မဇိ္ဈမကို ပြောသည်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆,၀၀၀ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ ခုနှစ်မှစတင် ၍ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန၊ CPI ကုမ္ပဏီနှင့် အေရှားဝေါလ်ကုမ္ပဏီများက တာဝန်ယူ တည် ဆောက်ခဲ့ရာတွင် မြန်မာတစ်ပြည်လုံး ကန့်ကွက်မှုများကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်မှ စတင်၍ သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းထားသည်။

Mizzima - News in Burmese

မွန်လွှတ်တော်သစ်တည်ဆောက်ရေး၊ အမျိုးသားရေးလက္ခဏာနှင့်ပြည်သူ့အကျိုး

မျက်မှောက်ခေတ်မွန်လွှတ်တော်အခြေအနေ

၂၀၁၀ အရပ်သားအစိုးရတက်လာတော့ ဖက်ဒရယ်ယောင်ယောင် အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်တွေအပြင် ပြည်နယ်တွေမှာလည်းလွှတ်တော်တွေပေါ်လာသည်။ ပြောရမယ်ဆိုရင် ပြည်နယ် နဲ့တိုင်း (၁၄)ခုထဲမှာ ရန်ကုန်တိုင်းကလွဲရင် ဘယ်ပြည်နယ်၊ တိုင်းလွှတ်တော်ကမှ ကိုယ်ပိုင်လွှတ်တော် အဖြစ်မရှိခဲ့ဘူး။ ဘာလို့လည်းဆိုတော့ လွတ်လပ်ရေးရပြီးကတည်းက ဒီလိုအလေ့အထတွေလည်း မရှိခဲ့ တော့ လွှတ်တော်တွေ လည်းမရှိဘူးပေါ့။ အများသူငါလွှတ်တော်နည်းတူ မွန်ပြည်နယ်လွှတ်တော်ကလည်း ယခင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ယခုမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း အနောက် ဘက်ပိုင်းက ဧည့်ခန်းဆောင်ခန်းမ ကို လွှတ်တော်အဖြစ်အသုံးပြုနေရတာပါ။ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ ဘ၀င်မကျခဲ့ရိုးအမှန်ပါ။ လွှတ်တော် ကျင်းပချိန်ဆို လွှတ်တော်ပုံစံပြင်ဆင်လိုက်၊ လွှတ်တော်မရှိ ချိန်ဆို ဧည့်ခန်းဆောင်လိုပြင်လိုက်နဲ့ ဖြစ်ကတတ် ဆန်းဖြစ်နေခဲ့တာ အခုဆိုရင် လ(၃၀)တောင်ကျော်ခဲ့ပြီပေါ့။ လွှတ်တော်ဥက္ကဌရုံးခန်းကလည်း ခန့်ညားမှုမရှိ၊ လွှတ်တော်ရုံး အဖွဲ့ကလည်း အဆင်ပြေတဲ့နေရာဝင်ယူနဲ့ ပြောရရင် လွှတ်တော်ဥက္ကဌတောင် အစိုးရအဖွဲ့ရဲ့ တထစ်ချနှိမ့်ချ ဆက်ဆံခံနေရတာမြင်တော့ ဒါမဖြစ်သင့် ပေဘူးပေါ့။


လွှတ်တော်များ၏ ကိုယ်ပိုင်သရုပ်

လွှတ်တော်ဆိုသည်မှာ

(၁) ပြည်သူအားလုံးအတွက် သူတို့ရဲ့ကိုယ်စားလှယ်တွေက ပြည့်သူ့ဘက်က ရပ်တည်ပြီး ဆွေးနွေး ပြောဆိုရတဲ့နေရာ 

(၂) ပြည်သူအားလုံးကို အကာအကွယ်ပြုမယ့်၊ ပြည်သူတွေအားလုံး အတွက် အဆင်ပြေချောမွေ့စေမယ့် ဥပဒေတွေပြုရတဲ့နေရာ

(၃) လွှတ်တော်ဆိုတာ သက်ဆိုင်ရာ နိုင်ငံ(သို့) သက်ဆိုင်ရာပြည်နယ်ရဲ့ ယဉ်ကျေးမှု၊ အမှတ်သရုပ်တွေနဲ့ ပြည့်လျှမ်းနေရမယ့်နေရာ

(၄) လွှတ်တော်ဆိုတာ ပြည်သူကိုယ်စားလှယ်တွေဆွေးနွေးနေမှုကို ပြည်သူတွေဝင်ရောက် နားထောင်ခွင့် ရှိတဲ့နေရာ

(၅) လွှတ်တော်ဆို တာ ဂုဏ်သိက္ခာကြီးမားခန့်ထည်စွာရှိရမယ့်နေရာလို့ ကျွန်တော်အဓိပ္ပါယ် ဖွင့်ချင် ပါတယ်။

ကျွန်တော်နိုင်ငံ(၄) နိုင်ငံရဲ့ လွှတ်တော်တွေကို သွားရောက်လေ့လာဖူးပါတယ်။

အဲဒီလွှတ်တော်တွေအားလုံးဟာ မြန်မာနိုင်ငံပြည် ထောင်စုလွှတ်တော်လို မြန်မာနိုင်ငံကပြည်နယ်လွှတ် တော်လို တစ်ယောက်ကို တစ်ယောက်ကျောခိုင်းထားတဲ့ ပုံစံမျိုးမဟုတ်ပါဘူး လွှတ်တော်ကိုယ်စားလှယ် တွေ အားလုံးဟာ စက်ဝိုင်းပုံသဏ္ဍာန်နဲ့ အားလုံးမျက်နှာခြင်းဆိုင် မြင်ရအောင် ဖန်တီးတည်ဆောက်ထား တာပါ။ သဘောကတော့ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း အပြန် အလှန်နီးနီးစပ်စပ်နဲ့ အားလုံး အာရုံစိုက် ဆွေးနွေးလို့ရအောင် ဖန်တီးထားတာပါ။ အဲ့ဒီလွှတ်တော်တွေမှာ သက် ဆိုင်ရာ မီဒီယာတွေ အတွက် နေရာ၊ သက်ဆိုင်ရာနိုင်ငံအကြီးအကဲတွေအတွက်နေရာ၊ သက်ဆိုင်ရာသက်ကြီး ပြည်သူတွေ အတွက်နေရာ၊ သက်ဆိုင်ရာလူငယ်လူရွယ်တွေအတွက်နေရာဆိုပြီး သီးသန့်ဖန်တီးပေးထားပါတယ် ဒါ့အပြင်သက်ဆိုင်ရာ နိုင် ငံတွေရဲ့ သရုပ်လက္ခဏာတွေကို အပြည့်အ၀ချယ်မှုန်းထားတာတွေကို တွေ့ရ ပါတယ်။

လွှတ်တော်များနှင့်ကျွန်တော့်ဆန္ဒ

မွန်ပြည်နယ်လွှတ်တော်ကို ကျွန်တော့်စိတ်ကူးထဲတွင် အကြိမ်ကြိမ်ပုံဖော်ကြည့်မိခဲ့ဖူးသည်။

(၁) မွန် ပြည်နယ်လွှတ်တော်သည် သီးခြားရှိနေရမည်။ 

(၂) မွန်ပြည်နယ်လွှတ်တော်သည် မွန်တို့၏ အမှတ်သရုပ် များဖြင့် ပြည့်လျှမ်းနေရမည်။ 

(၃) မွန်ပြည်နယ်လွှတ်တော်သည် မွန်ပြည်နယ်ရှိ ပြည်သူလူ ထုအားလုံးသာ မက မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားလုံးသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပင် အားကျဂုဏ်ယူနိုင် သည့်အနေအထားမျိုး ရှိရပါမည်။

ဒါတွေက ယခင်ကဆန္ဒ။ ယခုက ထိုဆန္ဒထက်ပိုမိုပြင်း ပြလာသည်က မွန်ပြည် နယ်လွှတ်တော် တည်ရှိ သင့်သည့်နေရာနှင့် မွန်ပြည်နယ်လွှတ်တော်၏ ဒီဇိုင်း။ ဒါတွေကို ဘယ်လိုပုံဖော်မလဲ။ ကျွန်တော့် တစ်ဦးတည်း ဆန္ဒအရ မွန်ပြည်နယ်လွှတ်တော်သည် မော်လမြိုင်မြို့၊ ကမ်းနားလမ်းတွင်ရှိသင့်သည် ဟုထင်သည်။ ဒါကလည်း ကျွန်တော့်၏ အနာဂတ်မြို့ပြတည် ဆောက်ရေး အခြေအနေပေါ်တွင် တည်မှီ စဉ်းစား ထားခြင်းဖြစ်သည်။ ဒါကဖြစ်နိုင်ခြေနည်းသည်။ လက်ရှိကမ်းနား လမ်းတစ်လျှောက် မြေနေရာလွတ် မရှိ သ လောက်ပင်။ ကမ်းနားလမ်းတွင်ပင် တစ်ချို့ဖြစ်နိုင်ခြေရှိသောနေ ရာတွေရှိသည်။

သို့သော်လည်း လက်ရှိနေထိုင် သူများနှင့် အကြေအလည်ညှိနှိုင်းရမည်။ ဒါကလည်း အခက်အခဲတစ်ခုပင်။ ဘယ်လိုပဲဖြစ်ဖြစ်နေရာအတွက် မြို့ သူမြို့သားများနှင့် တိုင်ပင်ခြင်းက ပိုသင့်တော်မည်ထင်သည်။ နောက်ထပ် တစ်ခုက ဒီဇိုင်း။ မွန်ပြည်နယ်လွှတ် တော်ကို ဘယ်လိုဒီဇိုင်းဖြင့် တည်ဆောက်မည်လဲ။ ကျွန်တော် မွန်တို့ရဲ့ယဉ်ကျေးမှုတွေကို လိုက်လေ့လာမိ သည့်။ ယခင်က မွန်တို့ရဲ့ မြို့ပြတည်ဆောက်မှုပုံစံ ဘယ်လို ရှိခဲ့သလဲ။ ပုဂံတွင်လည်း သွားရောက်လေ့လာခဲ့သည်။ ဘားအံက ကော့ဂွန်းဂူကိုလည်း သွားရောက် လေ့လာခဲ့သည်။ ထိုင်းက အနုလက်ရာတွေလည်းလေ့လာ ဖြစ်ခဲ့သည်။ နောက်ဆုံး ကမ္ဘောဒီယား နိုင်ငံ၊ ဖနွမ်ပင်မြို့ရှိ ဘုရင့်နန်းတော်ကိုလည်းသွားရောက်လေ့လာကြည့်မိ ခဲ့သည်။ အနှစ်ချုပ် ပုံစံတစ်မျိုးခေါင်းထဲရောက်လာသော်လည်း အပြည့်အ၀ပုံစံမပေါ်သေးပါ။ လွှတ်တော် ဒီဇိုင်းသည် ယဉ်ကျေးမှု များနှင့် ပြည့်နှက်ယုံသာမက ခေတ်မီဆန်းသစ်သော တည်ဆောက်မှုပုံစံမျိုးလည်းဖြစ် သင့်သည်။ ကျွန်တော်တို့အားနှင့် စဉ်းစားသည်ထက် ဗိသုကာပညာရှင်များနှင့် တိုင်ပင်ခြင်းက ပိုမို သင့်တော် မည်ထင်သည်။

လက်ရှိမွန်ပြည်နယ်လွှတ်တော်အသစ်တည်ဆောက်ရေးနှင့် ကျွန်တော်၏စိုးရိမ်မှု

(၃-၁-၂၀၁၄)ရက်နေ့က The Voice Weekly တွင် ပါသော မွန်ပြည်နယ်လွှတ်တော်နှင့်သက်ဆိုင်သည့် သတင်း တစ်ပုဒ်ကို ဖတ်လိုက်ရသည်။ မွန်ပြည်နယ်လွှတ်တော်အသစ်တည်ဆောက်မည်။ ထိုလွှတ်တော် တွင် ပြည်သူများဆန္ဒဖော်ထုတ်ရန်နေရာပါထားပေးမည်ဟု ဖတ်ရသည်။ လွှတ်တော်သစ်တည်ဆောက်ရန် သိန်း(၄၅၀၀)ကုန်ကျခံမည်။ မော်လမြိုင်က သံလွင်ဥယျာဉ်မှာဆောက်ဖို့ သက်ဆိုင်သူများနှင့် ညှိနှိုင်း သွားမည်ဟု ဖတ်ရသည်။ ကျွန်တော်ဝမ်းနည်း၊ ၀မ်းသာဖြစ်သွားသည်။ လွှတ်တော်အသစ် တည်ဆောက် မည်ကို သိရသဖြင့် ၀မ်းသာသွားသည်။ ဒီအစိုးရအဖွဲ့ရုံးတွင် လွှတ်တော်ရှိနေခြင်းကို ဘ၀င်မကျသူများ ထဲတွင် ကျွန်တော်အပါ အ၀င်ဖြစ်သည့်အတွက် ၀မ်းသာမိသည်။ ထို့အပြင် လွှတ်တော်တွင် ပြည်သူများ ဆန္ဒဖော် ထုတ်ရန်နေရာပါထား ရှိပေးမည်ကို သိရသဖြင့် ပိုမိုဝမ်းသာမိသည်။ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ဆန္ဒကို လေးစားမိသည်။

ဝမ်းနည်းမိသည်ကား သံလွင်ဥယျာဉ်မှာတည်ဆောက်မည်ဟုဆိုခြင်းပင်ဖြစ်သည်။ တတ်နိုင်လျှင် သံလွင်ဥယျာဉ်ကို မည်သို့မှ မထိမတို့စေချင်တော့ပါ။ ယခင်လုပ်ကိုင်ခွင့်ရရှိထားသော ဈေးဝယ်စင်တာကို ပင်ကျွန်တော်ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။ အများနှင့်တစ်ယောက်ဆိုတော့ မစွမ်းသာတော့ပေ။ ယခုကိစ္စ တွင်မူကား မစွမ်းသော်လည်း ရှိသည့်အင်အားနှင့် ဖြစ်သင့်သည်များကို တိုက်တွန်းရပေ တော့မည်။ လွှတ်တော် အသစ်တည်ဆောက်ရေးစဉ်းစားပုံသည် မှန်ကန်မှုရှိသည်။ သို့သော် ထိုကိစ္စ အတွက် ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အများပြည်သူပါဝင်နိုင်ရန်အတွက် ဖွင့်ပေးရမည်။ ဥပမာဆိုရလျှင် - ပြည်သူများမှ ၀င်ငွေထည့်ပေးရန် အလှူခံ လျှင်ပင် အလှူငွေမနည်းရနိုင်သည်။ ပြည်သူလူထု၏ ပူးပေါင်း မှုလည်း ရနိုင်သည်။ လွှတ်တော်သည် အနာဂတ် အတွက်ဖြစ်သည်။ အနာဂတ်အတွက်စဉ်း စားသည်ဖြစ်၍ အလျှင်စလိုမလုပ်သင့်ပေ။ လွှတ်တော်တည်ဆောက် ရန်မြေနေရာရှာဖွေရေး၊ လွှတ်တော် အဆောက် အအုံဒီဇိုင်း၊ လွှတ်တော်တည်ဆောက်ရန်လိုအပ်သောငွေကြေး ကိစ္စအားလုံး ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုရှိရန်လိုသည်။ လွှတ်တော်တို့၏ အရေးကြီးပုံကို လူထုသိရှိရန် ကင်ပိန်းများများလုပ်ရမည်။ ပြည်သူများမှ ယင်းတို့၏ စိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်သော အုတ်တစ်ချပ်၊ သဲတစ် ပွင့်ပါဝင် နေဖို့လိုသည်။ထိုမှသာ ပြည်သူပါဝင်မှုဖြင့်တည်ဆောက်သော လွှတ်တော်ဖြစ်သည့်အတွက် ပြည်သူ များမှ တန်ဖိုးထား ပေလိမ့်မယ်။ ပြည်သူများမှ ဂုဏ်ယူနေပေလိမ့်မည်။ ထိုသို့မဟုတ်ပဲ ပြည်ထောင်စုလွှတ် တော်မှ ချမှတ်လိုက်သည့် မဖြစ်စလောက်ရန်ပုံငွေဖြင့် လွှတ်တော်ကို အဆင်ပြေသောမြေနေရာတွင် အလျှင် စလိုချက်ခြင်းတည်ဆောက်မည်ဆိုလျှင် နည်းပါးသောငွေ၊ ယဉ်ကျေးမှုစိတ်အခံ မရှိသောဒီဇိုင်းဆရာနှင့် ခေတ်မှီ ဆန်းသစ်မှုကို နားမလည်သော ဆောက်လုပ်ရေးအဖွဲ့တို့၏ ပူးပေါင်းမှုဖြင့် လေးထောင့် သေတ္တာနှင့်တူသော မွန်ပြည်နယ်လွှတ်တော်ကြီးဖြစ်လာပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင်တာဝန် ယူမှုမရှိ၊ တန်ဖိုးထားမှုမရှိ၊ ပြီးလွယ်စီးလွယ်လုပ်တတ်သော ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် ဆောက်လုပ် မည်ကို အကြောက်ဆုံး ပင်ဖြစ် သည်။ ဂုဏ်ယူစရာမဖြစ်သည့်အတွက် မည်သူမှလည်း စိတ်ဝင်စားတော့ မည်မဟုတ်ပေ။ ကျွန်တော်အလွန် စိုးရိမ်နေပါသည်ဟု ပြောစရာပင် ရှိသည်။

လွှတ်တော်သစ်အိမ်မက်

မွန်ပြည်နယ်လွှတ်တော်သစ်တွင် ခန့်ညားထည်ဝါသော လွှတ်တော်ခန်းမဆောင်ကြီးရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံခေါင်းဆောင်အကြီးအကဲများအတွက် လေ့လာစရာနေရာရှိနေပေလိမ့်မည်။ လွှတ်တော် တွင်သတင်းမီဒီယာများအတွက် သတ်မှတ်ထားသောနေရာတစ်ခုရှိနေပေလိမ့်မည်။ လွှတ်တော်တွင် အများ ပြည်သူလာရောက်လေ့လာနိုင်သော နေရာတွေရှိနေပေလိမ့်မည်။ လွှတ်တော်တွင် ကြီးမားသော လွှတ်တော် စာကြည့်တိုက်ပြီးရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံရေးပါတီအသီးသီး အတွက် ဆွေးနွေးနိုင်သော ခန်းမ ဆောင်များရှိနေပေလိမ့်မည်။ လွှတ်တော်တွင် မွန်တို့၏ယဉ်ကျေးမှုနှင့် မွန်ပြည်နယ်ရှိအခြားသော တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုများပြည့်ဝနေသော ပြတိုက်ခန်းမများ ရှိနေပေလိမ့်မည်။ လွှတ်တော်တွင် နိုင်ငံတကာခေါင်း ဆောင်များအတွက် ဧည့်ခံခန်းမရှိနေပေလိမ့်မည်။ လွှတ်တော်သည် မွန်ပြည်နယ်သူ၊ ပြည်နယ်သားများဂုဏ်ယူ ၀ံ့ကြွားနိုင်သောနေရာဖြစ်နေပေလိမ့်မည်။

လွှတ်တော်သို့လာရောက်လည်ပတ်သော နိုင်ငံခြားသားများထံမှ ၀င်ငွေများရရှိနိုင်သကဲ့သို့ မွန်ပြည်နယ်သူ ပြည်နယ်သားမဟုတ်သူများထံမှလည်း ၀င်ငွေများရရှိနိုင်သည်။ လွှတ် တော်သို့လာရောက်လေ့လာသော ကျောင်းသားလူငယ်များသည်လည်း အနာဂတ်ခေါင်းဆောင်များဖြစ်ရန် ခွန် အားများရနေပေလိမ့်မည်။ လွှတ်တော်တွင် ပြည်နယ်တိုးတက်ရေးအတွက်အမြဲမပြတ်ဆွေးနွေးနိုင်သော လူထုဖို ရမ်များလည်း ကျင်းပ နေပေလိမ့်မည်။ လွှတ်တော်တွင် ပြည်နယ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာရှိနေ ပေလိမ့်မည်။ လွှတ်တော်တွင် ပြည်သူများ၏ဟစ်တိုင်(သို့)ပြည်သူများဆန္ဒဖော်ထုတ်နိုင်မည့် ပြည်သူ့ရင်ပြင်များရှိနေ ပေလိမ့်မည်။ ထိုအိမ်မက်များသည် ကျွန်တော်၏ ကိုယ်ပိုင်အိမ်မက်များဖြစ်သည်။ အချိန်အခါမရွေး မက် တတ်ပြီး ထိုအိမ်မက်မက်သည့်အခါတွင်လည်း ပျော်နေတတ်သည်။ ယခုကြားသိလိုက်ရသော သတင်းသည် မျှော်လင့်ချက်ပြည့်ဝနေသော အိမ်မက်တစ်ခုအဖြစ်ကနေ ဆောင်းညအိမ်မက်ဆိုးအဖြစ် ပြောင်းလဲ သွားတော့ သည်။ ကျွန်တော်အိမ်မက်ဆိုးမမက်ချင်ပါ။ ကျွန်တော့်နည်းတူ အနာဂတ်လူငယ်လူရွယ် များကိုလည်း ထိုအိမ် မက်ဆိုးများ မမက်စေလိုတော့ပါ။ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ စဉ်းစားကြစေလိုပါ သည်။

မွန်လူထုထံသို့ တိုက်တွန်းချက်

ဖက်ဒရယ်စနစ်ကို လိုလားသည်ဟု ထုတ်ဖော်ပြောကြားထားသော မွန်အမျိုးသားများအတွက် ယခု မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်မည်ဟု ထင်ပါသည်။ မွန်လူမျိုး တစ်ရပ်လုံးလိုလားသော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်တစ်ခုဖြစ်လာပါက လွှတ်တော်၏ အခန်းကဏ္ဍ သည် ဒီမိုကရေစီယဉ်ကျေးမှုအတွက် မရှိမဖြစ်သောနေရာတစ်ခုအဖြစ် ရှိလာမည့်အပြင် မွန်လူမျိုးတို့အတွက် ခမ်းနားထည်ဝါသော ပြယုဂ်တစ်ခုအဖြစ် ဂုဏ်ယူစရာဖြစ်နေပေလိမ့်မည်။ ထို့အပြင် မွန်ပြည်နယ်လွှတ်တော် သစ်တည်ဆောက်ရေးတွင် မွန်လူမျိုးတို့၏ အခန်းကဏ္ဍသည် ကျယ်ကျယ်ပြန့်ပြန့် ရှိရန်လိုအပ်ပါသည်။ ကျွန် တော့်ဆန္ဒအရဆိုလျှင် မွန်လူမျိုးများဦးဆောင်သင့်ပြီး အခြားသောလူမျိုးများ၏ ပါဝင်မှုဖြင့်လည်း ဆောင်ရွက်ရန် ဖြစ်စေချင်ပါသည်။ သို့မှသာ လွှတ်တော်သစ်သည် မတူခြားနားသော ပုံစံများကို စုပေါင်းထားသည့် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် လျှော်ညီသောလွှတ်တော်ဖြစ်နေပေလိမ့်မည်။

နောက်ဆုံးတောင်းဆိုချက်

ကျွန်တော်၏ ဆန္ဒကို အထက်ပါစာပိုဒ်များတွင် အပြည့်အ၀တွေရမည်ဟု ယုံကြည်ပါသည်။ ထိုအိမ်မက် များကိုအကောင်အထည်ဖော်ရန် ကျွန်တော့်မှာ အင်အားမရှိပါ။ အမှောင်ခေတ်မြန်မာပြည်တွင် လူအများပြော ဆိုကြသည့်စကားကဲ့သို့ပင် မြင့်မိုရ်တောင်ကို ဆီးစေ့နှင့်ပေါက်သည့်ကိစ္စပင်ဖြစ်သည်။ သို့သော် ပြောရမည့် တာဝန်မှာ ပြည်သူထဲကတစ်ယောက်ဖြစ်သော ကျွန်တော်၏တာဝန်ဖြစ်သည်ဟု ယူဆပါသည်။ ထို့အတွက်ပြော သင့်သည်များကို ပွင့်ပွင့်လင်းလင်းပြောပါသည်။ အကောင်းဖြစ်ရန် မျှော်လင့်သော်လည်း အဆိုးဆုံးကိုကြိုတွက် ထားပါသည်။ ကျွန်တော့်ဆန္ဒသည် ကျွန်တော့်အတွက် မဟုတ်ပါ။ အများပြည်သူအတွက်စဉ်းစားခြင်းဖြစ်သော ကြောင့် ကျွန်တော် တောင်းဆိုမှုတွေ ဆက်တိုက် လုပ်ပါမည်။ နောက်ဆုံးတောင်းဆိုချက်များဖြစ်သော -

(၁) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးကို အလျှင်စလိုမလုပ်ရန်။

(၂) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးကို အများပြည်သူပူးပေါင်းရေးအတွက် ဖိတ်ခေါ်ရန်။

(၃) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် မြေနေရာကို အများပြည်သူစုပေါင်းဆန္ဒဖြင့် ရွေးချယ် ပါရန်။

(၄) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် ကန်ထရိုက်ရွေးချယ်မှုကို တင်ဒါစနစ်ဖြင့် စနစ် တကျရွေးချယ်ရန်။

(၅) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးအတွက် နည်းပါးသောငွေကြေးကုန်ကျမှုဖြင့် မပြုလုပ် ရန်။

(၆) မွန်ပြည်နယ်လွှတ်တော်သစ်တည်ဆောက်ရေးဒီဇိုင်းကို ပြိုင်ပွဲဖြင့် ဖိတ်ခေါ်ရေးဆွဲခြင်း ပြုလုပ်ပေးရန်။

အထက်ပါအချက်များမပြည့်စုံပါက ဒီနိုင်ငံတွင်နေသော နိုင်ငံသားတစ်ယောက် အဖြစ်သော်လည်း ကောင်း၊ ဒီပြည်နယ်တွင်နေသော ပြည်နယ်သားအဖြစ် သော်လည်းကောင်း တာဝန်ရှိသည်ဟု မှတ်ယူပါသဖြင့် အပြု သဘောဆောင်သော ဆန္ဒဖော်ထုတ်မှုကိုပြုလုပ်သွားမည်ဟု လေးနက်စွာဆန္ဒပြုလိုက်ရပါသည်။

(သံလွင်အေး)

ဧရာဝတီတိုင်းရှိ လယ်ယာမြေပြဿနာ တိုင်းအစိုးရ တစ်ရာခိုင်နှုန်းပင် မဖြေရှင်းနိုင်ဟု NLD လွှတ်တော်အမတ် ဝေဖန်

ဧရာဝတီတိုင်းတစ်ခုလုံး၏ လယ်ယာမြေပြဿနာများကို တိုင်းအစိုးရဖြေရှင်းပေးမှုမှာ တစ်ရာခိုင်နှုန်း ပင် မရှိဘဲ လယ်ယာမြေပြဿနာအသစ်များပင် ထပ်မံပေါ်ပေါက်နေသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ တစ်ဦးတည်းရှိသည့် ရေကြည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး က ဝေ ဖန်လိုက်သည်။

“လွှတ်တော်သက်တမ်းတစ်လျှောက် လယ်ယာမြေနဲ့ပတ်သက်ရင် တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ တိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက် ဘာမှမရှိဘူး”ဟု ၎င်းက ဇန်န၀ါရီ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။


ယင်းသို့ လယ်မြေပြဿနာများ ဖြေရှင်းပေးမှု တုံ့ဆိုင်းနေခြင်းကြောင့် လာမည့်ဖေဖေါ်ဝါရီလ အတွင်း ပြန်စမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် တိုင်းအစိုးရကို ထပ်မံမေးခွန်းထုတ်မည်ဟု ၎င်းက ဆက်ပြော သည်။

“အောက်ခြေအဆင့်မှာ မပြီးပြတ်နိုင်တာကလည်း တိုင်းဒေသကြီးအစိုးရက လယ်ယာမြေပြဿနာတွေကို စီမံခန့်ခွဲမှုမှ လုံးဝမလုပ်နိုင်တာ”ဟု ဒေါက်တာလှမြတ်သွေးက ဆိုသည်။

ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် “တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီ” သို့ ဧရာဝတီတိုင်းသားများ တိုင်ကြားထားသည့် အမှုအားလုံး၏ သုံးပုံနှစ်ပုံမှာလည်း လယ် ယာမြေပြဿနာများဖြစ်သည်ဟု ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ လပွတ္တာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ယခုလ ၇ ရက်က မဇ္ဈိမကို ပြောဆိုထားသည်။

လယ်ယာမြေပြဿနာများကို တိုင်းအစိုးရ ဖြေရှင်းပေးနိုင်မှု အားနည်းခြင်းမှာ လွှတ်တော်အမတ်များ ဖိ အားပေးတင်ပြမှု အားနည်းခြင်းကြောင့်လည်း ဖြစ်သည်ဟု ဒေါက်တာလှမြတ်သွေးက ထောက်ပြပြောဆို သည်။

“ဧရာဝတီတိုင်းထဲမှာ လယ်ပဲလုပ်ရတာ။ လယ်မရှိရင် ဘာလုပ်စားမလဲ။ လွှတ်တော်ကိုယ်စားလှယ်တွေ ကလည်း အင်းကိစ္စတို့၊ လယ်ယာမြေကိစ္စတို့ မေးမယ့်အစား လမ်းတောင်းတာ၊ တံတားတောင်းတာတွေ ကို ဦးစားပေးတယ်”ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦးရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ၄၇ ဦး၊ တပ်မတော်သား ၁၈ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ခြောက်ဦးနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တစ်ဦး ပါဝင်သည်။

သမ္မတဦးသိန်းစိန် တက်လာပြီးနောက်ပိုင်း လယ်ယာမြေပြဿနာများအတွက် လမ်းပေါ်ထွက် ဆန္ဒပြမှု များ နေရာဒေသအသီးသီးတွင် ရှိနေဆဲပြီး ပြည်ထောင်စုလွှတ်တော်က ဖြေရှင်းပေးရန် ၂၀၁၂ ခုနှစ်အ တွင်း လယ်ယာမြေကော်မရှင်ဖွဲ့က စုံစမ်းခဲ့ရာ အမှုတွဲပေါင်း ၇၄၅ မှု စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။

တစ်နိုင်ငံလုံးတွင်၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရက အမှုတွဲငါးခုကိုသာ ဖြေရှင်းနိုင်သေးသည် ဟု နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် အစီရင်ခံစာက ဆိုသည်။

Mizzima - News in Burmese

ပွင့်လင်းမြင်သာမှုမရှိပဲ ပြည်သူကို မှိုင်းတိုက်နေဆဲ ဒေါ်စုကြည်



ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေါ်စုကြည်က - ၅၉(စ) ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကို တော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလား ဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီး တော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”



ဒေါ်စုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင် ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်” ဟု ပြောခဲ့သည်။ ဒေါ်စုကြည် ရွေးကောက်ပွဲ မဝင်ဟုပြောသော် လည်း မည်သည့် ပြည်သူတစ်ဦး တယောက်မှ ဝမ်းမနည်း၊ ဒေါ်စုကြည်ရယ် ရွေးကောက်ပွဲ ဝင်ပါဟု မည်သူ မှ မတိုက်တွန်း။

ထိုအခါ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဝင်ဖာထေးပြီး Nld ရဲ့ ဒေါ်စုကြည်စကား ကို ပြန်အဖတ် ဆယ်ရ၏။ “၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ nld-သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း” - ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်း အဝေးအပြီး ဒေါ်စုကြည်က ရှေ့က အာချောင်ခဲ့သမျှ နောက်က ဖာပြီး ပြောကြားနေရ၏။


nld ပြည်သူကို အကဲစမ်းနေပြီ။ ၅၉(စ) မပြင်နိုင်ဖို့အရေး ပြည်သူအားလုံး တောင့်ထားရမည်။ ၅၉(စ) မပြင်ဆင်ရေးသည် ပြည်သူအားလုံး၏ သမိုင်းပေး တာဝန်ကြီး ဖြစ်ပေသည်။

ကိုရာဇာ

မန္တလေးအမှိုက်ပုံမှ လျှပ်စစ်ထုတ်ယူရန် မန်းစည်ပင်နှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းမည်



မန္တလေးမြို့တွင် အမှိုက်မှ လျှပ်စစ်ဓာတ်အား ၁၄ ဒသမ ၈ မဂ္ဂါဝပ်ထုတ်နိုင်မည့် စက်ရုံကို မန္တလေးမြို့ တော်စည်ပင်နှင့် ထိုင်းနိုင်ငံ Organic Group Thailand ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ထုတ် လုပ်သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနစုမှူး ဦးမင်းအောင်ဖြိုးက ပြောသည်။


လျှပ်စစ်ထုတ်ယူနိုင်မှုပမာဏသည် မန္တလေးမြို့ရှိ စက်မှုဇုန်များမှ သုံးစွဲသည့် လျှပ်စစ်ပမာဏ၏ သုံးပုံ တစ်ပုံကျော် ဖြည့်ဆည်းနိုင်မည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးတွင် နေ့စဉ် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏ မဂ္ဂါဝပ် ၃၀၀ ကျော်ရှိပြီး စက်မှုဇုန်များမှ နေ့စဉ်မဂ္ဂါဝပ် ၄၀ သုံးစွဲလျက်ရှိကြောင်း၊ မန္တလေးခရိုင် မြို့နယ်ခုနစ်မြို့နယ်မှ နေ့စဉ်လျှပ် စစ်သုံးစွဲမှုပမာဏ မဂ္ဂါဝပ် ၁၇၀ ရှိကြောင်း တိုင်းလျှပ်စစ်ရုံးမှ သိရသည်။

အဆိုပါစက်ရုံကို မန္တလေးမြို့ တောင်အင်းမြောက်အင်းရှိမြေ ၁၂ ဒသမ ၃၅ ဧကပေါ်တွင် လာမည့်၂၀၁၅ ခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး နှစ် ၃၀ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

“ထိုင်းနိုင်ငံက Organic Group Thailand ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ တစ်ရက် ကို လျှပ်စစ်ဓာတ်အား ၁၄ ဒသမ ၈ မဂ္ဂါဝပ် ထွက်ရှိတဲ့ စက်ရုံ တည်ဆောက်သွားမှာဖြစ်ပါတယ်၊ လက်ရှိ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့လုပ်နေပါပြီ”ဟု ဌာနစုမှူးဦးမင်းအောင်ဖြိုးက ပြောသည်။

အဆိုပါစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပြင် စက်ရုံမှ အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက် ခွဲ ခြားပြီး အမှိုက်စိုများအား လေမပါ ပိုးမွှားချေဖျက်ခြင်းဖြင့် ဇီဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ဇီဝဓာတ်ငွေ့အား အီသိန်းဓာတ်ငွေ့ရည်အဖြစ်သန့်စင်ခြင်း၊ ဓာတ်ငွေ့ထုတ်လုပ်ခြင်းမှ ကြွင်းကျန်သော ချေဖျက်ပြီးအကြွင်း အကျန်များနှင့် အမှိုက်ခြောက်များအား မီးရှို့ကာ ထွက်ရှိလာသော Syngas အသုံးပြု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ကျန်ရှိသော အမှိုက်များမှ အသုံးပြုနိုင်သောအရာများကို ဖယ်ထုတ်ကာ Recycle ပြု လုပ်ကာ ဖန်ခွက်၊ ပလပ်စတစ်များကို ပြန်လည်ထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်သွားမည်။

Photo - Internet

ပြည်ပကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ချမည်

အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ “ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်းအဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပကုမ္ပဏီ တွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်းဖြစ်မှာပါ” ဟု ၄င်းက ဆိုသည်။


နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင် နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင် နေကြောင်း အဆိုပါဌာနထံမှ သိရသည်။ “မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေး နေမယ် ဆိုရင် ဘာမှမထူးဘူး။ ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပကုမ္ပဏီစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။ 

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေးလိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် လိုင်စင်ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးနေပြီး ယခု နှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ်ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင် မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆို တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ် တစ်ခုလျှင် ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

From:၇ိုးရာလေး

ဝန်ကြီးဌာန အရှုံးပေါ်မှုများနဲ့ ဌာနတွင်း အကျင့်ပျက် ခြစားမှုများ

အရှုံးပေါ်တယ်ဆိုတဲ့ အစိုးရဌာနတွေရဲ့ အရှုံးကို ကာမိဖို့ ပြည်သူတွေဆီက အခွန်တိုးကောက်မယ့်အစား သက်ဆိုင်ရာ ဌာနတွေရဲ့ အောက်ခြေ အတွင်းပိုင်းက ခြစားယိုစိမ့်မှုတွေကို အရင်ဆုံး အဖြေရှာ သုံးသပ်ဖို့ ရေးသားထားတာကို နိုဝင်ဘာလအတွင်းက ထုတ်တဲ့ ကုမုဒြာဂျာနယ်မှာ ဖတ်လိုက်ရပါတယ်။


တဆက်တည်းမှာပဲ ဥပမာအဖြစ် ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်များပေါ် မူတည်ပြီး က.ပ.ရ လို့ ခေါ်တဲ့ ကုန်လမ်း ပို့ဆောင်ရေး ဌာနနဲ့ ပတ်သက်လို့ စဉ်းစားမိသွားပါတယ်။ မြန်မာပြည်အလယ်ပိုင်း မြို့တမြို့က က.ပ.ရ ဝန်ထမ်းဟောင်းတဦး အဆိုအရကတော့ က.ပ.ရ ဟာ အရှုံးပေါ်တယ် ဆိုပြီး ၀န်ထမ်း (ယာဉ်မောင်း) တွေဆီက စံနှုန်းတွေ တိုးကောက်ပြီး ဒီဇယ်ဆီများကို ပီပါတွေနဲ့ တမျိုး၊ (ဘောက်ဆာ) ဆီသယ်ယာဉ် အစီးလိုက်နဲ့ တဖုံ စီးပွားရေး သမားများနဲ့ အင်းတကော် ဆီဆိုင်တွေဆီ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်တိုင်း ထုတ်ယူ ပို့ဆောင် ရောင်းချနေတာ၊ ယိုယွင်းလာနေတာ ယနေ့ထိဖြစ်ကြောင်း၊ ဒါတွေကိုတော့ လုံးဝ မဖော်ထုတ်ကြကြောင်း၊ ယာဉ်မောင်းတွေ၊ လိုင်းထွက်ယာဉ်တွေ ဆီကနေ မြင့်မားတဲ့ စံနှုန်းတွေ၊ မပြည့်ဝတဲ့ ဆီဂါလံတွေနဲ့ပဲ ခုနှိမ်ခံခဲ့ရကြောင်း သိရပါတယ်။

တချို့ယာဉ်ပိုင်တွေ ယာဉ်မောင်းတွေဆိုရင် သတ်မှတ်ထားသည့် ငွေကြေးစံနှုန်း မသွင်းနိုင်လို့ သူတို့ရဲ့ လစာငွေတောင် ထုတ်ယူခွင့် မရှိကြရပါဘူး။ တချို့ ယာဉ်မောင်းတွေဆို နှစ် ၂၀ ကျော် လုပ်သက်ရှိပြီး ဌာနမှ ထုတ်ပယ် ခံရတာတွေလည်း ရှိခဲ့ကြပါတယ်။ ထုတ်ပယ်ခံ ၀န်ထမ်း တချို့နဲ့ မိမိဆန္ဒနှင့် ထွက်ရှိခဲ့တဲ့ ၀န်ထမ်းတချို့ကို မေးမြန်းကြည့်တော့ သူတို့တွေရဲ့ ယာဉ်တွေကို ပြေးဆွဲနိုင်အောင် ဌာနရဲ့ ထောက်ပံ့မှု မလုံလောက်တာ၊ မရရှိတာတွေကြောင့် မိမိ အစီအစဉ်နဲ့ အသိမိတ်ဆွေ၊ ငွေကြေး ချေးငှားသူ များထံမှ အတိုးနှုန်း အမျိုးမျိုးနဲ့ ချေးယူပြီး စိုက်ထုတ် ပြင်ဆင်ကြ ရကြောင်း၊ ထိုယာဉ် ထွက်ရှိ ပြေးဆွဲတဲ့ အခါမှာ ထိုဌာန တာဝန်ခံ အင်ဂျင်နီယာမှ ထိုယာဉ်တို့၏ ပြင်ဆင်စရိတ် ငွေများကို ထုတ်ယူပြီး အထက် အဆင့်ဆင့်နှင့် ခွဲဝေယူလေ့ ရှိကြောင်း၊ ချေးငှား၊ စိုက်ထုတ်၊ ပြင်ဆင်မောင်းနှင် ကြရတဲ့ ယာဉ်ပိုင်၊ ယာဉ်မောင်းတို့မှာ ပြေလည်တဲ့ ခရီးစဉ် ရှိသလို မပြေလည်တဲ့ ခရီးစဉ်တို့ ပြေးဆွဲဖန် များတဲ့အခါ အကြွေးနဲ့ လုံးချာလိုက်ပြီး နောက်ဆုံး ယာဉ်ကိုလည်း ထပ်မံ မပြင်ဆင်၊ မစိုက်ထုတ်နိုင်တော့ဘဲ ယာဉ်ကို လက်လွှတ် ဆုံးရှုံးခံရပြီး ဌာနကို ကျောခိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီးမှာ လာဘ်ပေး လာဘ်ယူမှုတွေ သာမက ဌာနပိုင်၊ ပြည်သူပိုင် ပစ္စည်းတွေကို တရားမ၀င် နည်းလမ်းတွေနဲ့ ခိုးထုတ်နေတာ တချို့ဟာ ယနေ့အထိ ရှိနေဆဲပါပဲ လို့ လေ့လာသူတွေက ဆိုကြပါတယ်။

ရထားဝန်ကြီး ဌာနအောက် ရောက်ရှိစဉ် ကာလ အစောပိုင်း တုန်းက က.ပ.ရ မှ ကုန်ကား အများစုဟာ ကုန်စည်တင်တဲ့ ဘော်ဒီဖရိမ်တွေကို ပြုပြင် ပုံစံပြောင်းပြီး ရထားသံလမ်းများ တင်တဲ့ ဖရိမ်တွေအဖြစ် ပြောင်းပြီး ရထားလမ်းသစ် စီမံကိန်းရှိရာ ဒေသ အသီးသီးကို တာဝန်ပေး ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ ထိုစီမံကိန်းများ ရှိရာ အရပ်ဒေသဟာ မြေမျက်နှာပြင် ပုံသဏ္ဍာန် အမျိုးစုံလှတာမို့ ထိခိုက်၊ သေကြေ၊ ပျက်စီးရတာတွေ ရှိခဲ့ပေမယ့်လည်း ထို သေဆုံးသူ၊ နစ်နာသူ ၀န်ထမ်းများကို ဌာနနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ မည်သို့မျှ ပံ့ပိုးမှု၊ ထောက်ပံ့ကူညီမှုတွေ မရရှိ ခဲ့ကြကြောင်း သိရှိခဲ့ရပါတယ်။

“ရထားလမ်းသစ် ဖွင့်ပွဲတွေမှာ မြန်မာ့မီးရထားက ၀န်ထမ်းများနဲ့ ရထားဝန်ကြီး ဌာနမှ အရာရှိကြီး များမှာ သစ်လွင်တဲ့ ၀တ်စုံတွေနဲ့ တက်ကြွ ပြုံးရွှင်စွာ ကျင်းပနိုင်ခဲ့ ကြပါတယ်။ သူတို့ရဲ့ နောက်ကွယ်မှ က.ပ.ရ ရဲ့ အောက်ခြေ ၀န်ထမ်း များမှာတော့ အလဲလဲ အပြိုပြိုဘ၀များနဲ့ နစ်နာ ဆုံးရှုံးမှုများစွာ ရှိနေခဲ့တာကို မည်သူကမှ မသိရှိခဲ့ကြဘူး” လိုက.ပ.ရ ရဲ့ ကုန်စည် ပို့ဆောင်ရေး ဌာနခွဲမှ ၀န်ထမ်းတဦးက ဆိုပါတယ်။

ကုန်းလမ်း ပို့ဆောင်ရေး ဌာနရဲ့ ယာဉ်များဟာ တခေတ်သော အခါက “ဒဂုံ-မန်း”ဆိုပြီး အောင်မြင်ကျော်ကြားခဲ့ပေမယ့် ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ အမီတာ့ မလိုက်နိုင်တော့ပါ။ ဒီလို ဆုတ်ယုတ်နေတဲ့ အခြေအနေမျိုးမှာ ကုန်းလမ်း ပို့ဆောင်ရေးရဲ့ ဌာနခွဲ အသီးသီး၊ ကဏ္ဍအသီးသီးမှာ “မိုးကျရွှေကိုယ်” တွေ ၀င်ရောက် နေရာယူလာ ကြပါတော့တယ်။ ထိုသူများဟာ တိုက်ခိုက်ရေးဘက်မှ အသွင်ပြောင်းလာသူများလာခဲ့ကြသူများ ပီပီ စစ်တပ်အုပ်ချုပ်ပုံ နဲ့ အုပ်ချုပ် စီမံလှုပ်ရှားပြီး သူတို့တွေက “နိုင်ငံအတွက်အလုပ်လုပ်ခဲ့ ပြီးပြီ၊ အခု အလုပ်က သူတို့အတွက်” လို့ ကြွေးကြော်ပြီး လှုပ်ရှားကြတာဟာ အခုမြင်တွေ့ရတဲ့အတိုင်း ကုန်းလမ်း ပို့ဆောင်ရေး ဌာနဆိုတာ အခွံကြီးပဲလို့ ပြောရပါတော့မယ်။

ဝန်ကြီးဌာန အနေနဲ့ အရှုံး ရှိလာတဲ့ ဌာနကို လုံးဝ ဖေးမပံ့ပိုးမှု မရှိတော့တာ တွေ့နိုင်ပါတယ်။ ခေတ်စနစ်နဲ့ အညီ ခေတ်ပေါ် အမြန်လမ်းပေါ်မှာ မောင်းနှင် ပြေးဆွဲနိုင်တဲ့ယာဉ် ကုန်းလမ်း ပို့ဆောင်ရေးဌာနမှာ ယခုထက်တိုင် မရှိသေးပါ။ ယခုတိုင် ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးမှုတွေဟာ ယခင် အစိုးရ လက်ထက်က ဆုံးရှုံးခဲ့တာမျိုးလား၊ ဘယ်လို အခြေအနေတွေကြောင့် အရှုံးပေါ် နေရတာလဲ ဆိုတာကို စီစစ်ပြီးမှ ရလာတဲ့ အဖြေတွေကနေ ဖြေရှင်းဖို့ နည်းလမ်းကို ရှာပြီး မှန်ကန်တဲ့ နည်းစနစ်နဲ့ ဖြေရှင်းဖို့ လိုပါတယ်။ ဌာနက အရှုံးပေါ်တိုင်း လိုင်းထွက် ယာဉ်တွေဆီကပဲ ငွေကြေးစံနှုန်း သတ်မှတ်မှုကို တိုးမြှင့် ပါတယ်။ အဲဒီလို မကြာခဏ တိုးမြှင့်တောင်းခံနေတာ ကြာပါပြီ။ ဒီလို မကြာခဏ တိုးမြှင့်သတ်မှတ် နေတာကရော ဥပဒေချိုးဖောက်ရာ မဟုတ်ဘူးလားလို့ ၀န်ထမ်းဟောင်းတွေက ပြောကြပါတယ်။

ဌာနတွင်း လူကြီးတွေက ၀င်ငွေရတဲ့ နေရာတွေမှာလည်း စာရင်းအမှန် တွေကိုသာ ပြဖို့ အရေးကြီး ပါတယ်။

ဝန်ကြီးဌာန အနေနဲ့ ကြုံတွေ့နေရတဲ့ အရှုံးတွေကို လေ့လာဆန်းစစ်ပြီး ရရှိလာတဲ့ အဖြေကို သက်ဆိုင်ရာ ဌာနသို့ ပြန်လည် တင်ပြသင့်ပါတယ်။ ၀န်ထမ်းများနှင့် ပြည်သူတွေ ကိုလည်း ချပြပြီး ပွင့်လင်းမြင်သာစွာ အတည်ပြုပေး စေလိုပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာလည်း ၀န်ကြီးဌာနရဲ့ အရှုံးတွေကိုသာ ချပြတာမျိုး မဟုတ်ဘဲ ၀င်ငွေရရှိတဲ့ နေရာတွေရဲ့ စာရင်းအမှန်ကို ချပြဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က အကျင့်ပျက်ခြစား အလုပ်တွေ မလုပ်ခဲ့ရင်တောင် ဒါတွေကို အရေး မယူခဲ့ရင် ခြစားတဲ့ အဖွဲ့ထဲမှာ ကိုယ်ပါတာနဲ့ အတူတူလို့ မှတ်ယူကြရမှာပါ။ ပျက်ကွက်မှု လျစ်လျူရှုမှု ပြုခဲ့ တာတွေကလည်း ပူးပေါင်းသလို ဖြစ်နေတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ အစိုးရယန္တရားအတွင်း အဂတိတရား ကင်းရှင်းရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ၉ ဦးပါ “လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ” ကို ၂၀၁၃ ခုနှစ် အစောပိုင်းက ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒါပေမယ့် ထူးခြားထိရောက်တဲ့ အရေးယူမှုများရှိတယ်ဆိုတာ သတင်းအချက်အလက်များ သိပ်မသိရပါဘူး။

တာဝန်ရှိသူ အရာရှိတွေက ခြစားမှုမှာ မပါဝင်ပေမယ့် မိမိလက်အောက်က လူတွေ လုပ်နေတာကို သိရှိလျက်နှင့် မသိ သလိုနေတာ၊ အရေးယူဆောင်ရွက်မှု မလုပ်တာများဟာ နိုင်ငံနှင့် ပြည်သူ အပေါ် တာဝန်မဲ့ခြင်း ပါပဲ။ အဲဒီလိုပဲ သိရှိအောင်၊ မြင်သာအောင်၊ တင်ပြတိုင်ကြားတဲ့ ၀န်ထမ်းကို ဌာနမှ ထုတ်ပယ်တဲ့အထိ အရေးယူ ခြင်းဟာလည်း “အာဏာ အလွဲသုံးစား ပြုခြင်းထဲမှာ အကျုံးဝင်နေတယ်” လို့ ထုတ်ပယ်ခံ ၀န်ထမ်းတို့က ပြောဆိုကြပါတယ်။ လက်ရှိ အစိုးရ ၀န်ကြီးဌာနများရဲ့ အရှုံးတွေဟာ ပြည်သူကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတာမျိုး မဖြစ်သင့်ပါ။ 

ဦးသိန်းစိန် ၏ ၀န်ထမ်း လစာတိုးမြှင့်မှု လွှတ်တော် အတည်ပြုဖွယ်ရှိ



သမ္မတ ဦးသိန်းစိန်က လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၀န်ထမ်းလစာများကို ကျပ် ၂၀၀၀၀ တိုး၍ ပင်စင်လစာများကို အချိုးကျတိုးမြှင့် ရန် စီစဉ်နေခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိမ့်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စား လှယ် များက ပြောသည်။


နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ပြီး ၀န်ထမ်းလစာများ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဦးသိန်းစိန်က ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်။


အစိုးရ၀န်ထမ်း လစာသည် လက်ရှိ စားဝတ်နေရေး စရိတ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်နေပြီး ယခုတိုးမြှင့်သည့် နှုန်းထားထက်ပင် ပိုမို ပေးသင့်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဧရာဝတီကို ပြောသည်။

“ဒါက ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကတည်းက သမ္မတ ကတိပေးပြီးသား ကိစ္စကို အကောင်အထည်ဖော်ဖို့ လုပ်တာပါ။ ပြီးခဲ့တဲ့နှစ်မှာ အစိုးရက ၀န်ထမ်းလခ မတိုးခဲ့တာကို လွှတ်တော်ကနေတောင် မဖြစ်မနေ တိုးသွားအောင် လုပ်ခဲ့ရသေးတာ။ အထူးသဖြင့် ပညာရေး ၀န်ထမ်းတွေမှာဆို လိုအပ်နေတာ အများကြီးပါ”ဟု ၎င်းက ဆိုသည်။

အစိုးရက ၀န်ထမ်းလစာတိုးမြှင့်မှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း ၀န်ထမ်းများအကြား အမြစ်တွယ်ပြီး အလေ့အထတခု သဖွယ်ဖြစ်နေသည့် လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကိုမူ ထိရောက်စွာ ကိုင်တွယ်ခြင်း မရှိသေးကြောင်း၊ လစာတိုးမြှင့်ပေးသည့်ကြား မှ ဆက်လက် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးများ ဖြစ်နေဦး မည်ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောဆို သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသည် ၀န်ထမ်းလစာတိုးမြှင့်မှုများ ဆောင်ရွက်သော်လည်း ပုဂ္ဂလိ ၀န်ထမ်းများ အတွက် တစုံတရာဆောင် ရွက်ပေးခြင်း မရှိသေးကြောင်း၊ အစိုးရ၀န်ထမ်း လစာတိုးမြှင့်မှုကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ဗျူဟာအဖြစ် အသုံးချမည် ကို စိုးရိမ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြော သည်။

“အစိုးရ၀န်ထမ်း လစာတိုးပေးမယ့် အစီအစဉ်က ကိုယ့်အမြင်တော့ အတည်ဖြစ်သွားမယ်လို့ မြင်တယ်။ ဒါပေမယ့်လည်း အစိုးရ ၀န်ထမ်းတွေချည်းပဲ လစာတိုးနေတာ၊ ပုဂ္ဂလိက ၀န်ထမ်းတွေ အတွက်ရော ဘယ်လို ထည့်စဉ်းစားမလဲ။ အစိုးရ ၀န်ထမ်းလစာ တိုး လို့ ဖြစ်လာနိုင်တဲ့ ကုန်ဈေးနှုန်း တက်တာတွေကို ပြည်သူလူထုက ခါးစည်းခံရမှာ။ အစိုးရ သုံးတဲ့ငွေတွေဆိုတာ ပြည်သူ့ငွေတွေပဲ လေ။ စာရင်းစစ်တွေ၊ လုပ်ငန်းစစ်တွေ တင်ပြတဲ့ စာရွက်တွေလောက်ပဲ လွှတ်တော်ကိုယ်စားလှယ်က ကြည့်နေကြရတာ။ အသေး စိတ် ဘာမှစစ်ဆေးလို့မရတော့ ကျနော်တို့ တာဝန်မကျေဘူး။ အစိုးရပေးတာကိုပဲ ကြည့်ပြီး အတည်ပြု လိုက်ရသလို ဖြစ်နေတယ်” ဟုလည်း ဦးဖုန်းမြင့်အောင် က ဆိုသည်။

လက်ရှိ အစိုးရတွင် ၀န်ကြီးနှင့်ဒုဝန်ကြီး အရေအတွက် ဖောင်းပွနေသကဲ့သို့ အစိုးရ၀န်ထမ်း အရေအတွက် မှာလည်း များပြားလှကြောင်း၊ လစာတိုးမြှင့်မှုကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမြဲထမ်းရွက် ရမည့် ၀န်ထုပ်ဝန်ပိုးများဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စီးပွားရေးပညာရှင်တချို့ကမူ သမ္မတ ဦးသိန်းစိန်၏ ၀န်ထမ်းလစာတိုးမြှင့်မှု အစီအစဉ်ကြောင့် ကုန်ဈေးနှုန်း များ မြင့်တက်လာနိုင်ကြောင်း၊ အစိုးရတွင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်မည့် တိကျခိုင်မာသော မူဝါဒ ရှိရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုသည်။

စီးပွားရေး ဆိုင်ရာ ဆောင်းပါးများ ရေးသားနေသော စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက အစိုးရ ၀န်ထမ်း လစာတိုးမြှင့်မှုကြောင့် ပြည်သူများ၏ လူနေမှုဘ၀အပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း သုံးသပ် ပြော ဆိုသည်။

“ဒီသတင်းတွေကြောင့် လက်လီ ကုန်ဈေးနှုန်းတွေ တက်မတက်၊ နိုင်ငံခြားငွေလဲနှုန်းတွေ တက်မတက်ကို အဓိက စောင့်ကြည့်ရ မယ်။ GDP (ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး)တက်တယ် ဆိုရာမှာ ဘယ်နေရာက ရလာတဲ့ဝင်ငွေဆိုတာ ပြန်ကြည့်ရမယ်။ သဘာဝဓာတ်ငွေ့ ကနေရတဲ့ ငွေတွေနဲ့ နိုင်ငံသား တွေကို အချိုးချပြီးမှ တက်လာတယ်ဆိုရင် တိုးတက်တာရဲ့ အကျိုးသက်ရောက်မှုကို ပြည်သူတွေ တကယ် ခံစားရမလားကို စဉ်းစားရမယ်။ လူများစု တကယ်လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ စက်မှုလုပ်ငန်းတွေဘက်ကနေ ရတဲ့ဝင်ငွေဆိုမှသာ လူအများစု ခံစားရမှာ”ဟု စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကို က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ရာခိုင်နှုန်းကျော်ရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန် ထားသော်လည်း ထပ်မံမြင့် တက်ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုနှုန်းအတွက် ယခုအချိန် ကတည်းက အစိုးရက ပြင်ဆင်ထားသင့်သည်ဟုလည်း ဒေါက်တာ အောင်ကိုကို က ပြောဆိုသည်။

သမ္မတဦးသိန်းစိန်ကမူ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ပင်စင်ကို တိုးမြှင့်ပေးရန် လျာထားချက်သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေ အနေ၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ စီးပွားရေး တိုးတက်လာမည့် အလားအလာနှင့် ဖြစ်ပေါ်ရိုက်ခတ် လာနိုင်မည့် အကျိုးသက်ရောက်မှုတို့ကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကိုလည်း အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန်ရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လတ်တလော စိစစ်ပြီး စာရင်းများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅ ဘီလီယံဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ အစည်းအဝေးငါးခု လက်ခံကျင်းပသွားမည်



(၃၆)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများအား မြန်မာ နိုင်ငံတွင် ကျင်းပရေးဆိုင်ရာ အကြိုညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၈ နာရီခွဲတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကပြောကြားရာ၌ (၃၆) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံနိုင်ရန် မလေးရှားနိုင်ငံထံမှ လွှဲပြောင်း၊ လက်ခံရယူခဲ့ပြီးဖြစ်ပါ ကြောင်း။


ဝန်ကြီးဌာနများ အနေဖြင့် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့် အစည်းအဝေးများအား အခြားသော အဖွဲ့ဝင် နိုင်ငံများနည်းတူ နိုင်ငံတကာ အဆင့်မီအောင် နိုင်ငံ့ကိုယ်စား အစွမ်းကုန်ညီညွတ်မှုကို ပြသပြီး စွမ်းအား ရှိသလောက် ကြိုးစား ဆောင်ရွက်သွားနိုင်ကြမည်ဟု ယုံကြည်အားထား မျှော်လင့်ပါကြောင်း။ ၂၀၁၄ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာ အစည်း အဝေးငါးခုကို မဖြစ်မနေလက်ခံ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း။

အထူးသဖြင့်အစည်း အဝေး၏ အနှစ်သာရပိုင်းဖြစ်သည့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအစည်းအဝေးနှင့် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ သုံးနိုင်ငံတို့၏ အစည်းအဝေးများတွင် အပြန်အလှန် ဆွေးနွေးဆောင် ရွက်ကြမည့် အစည်းအဝေးဆိုင်ရာ ဘာသာရပ် ခေါင်းစဉ်အလိုက် ကိစ္စရပ်များကို လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သစ်တော ကဏ္ဍအလိုက် ကျယ်ကျယ်ပြန့်ပြန့် ကြိုတင်ပြင်ဆင်ပြီး ပါဝင်ဆွေးနွေး ကြမည့် အကြောင်းအရာများ ပေါ်တွင် ဘက်စုံ ထောင့်စုံလေ့လာ စုဆောင်းပြင်ဆင်ကြကာ စာတမ်းများ ခိုင်ခိုင်မာမာပြုစုရေးသည် အလွန် အရေးကြီးသည့် အဓိက အချက်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

လယ်ယာစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန် ပစ္စည်းများ၊ မွေးမြူရေးထွက်ကုန် ပစ္စည်းများကို ဧည့်သည်နိုင်ငံများသို့ မိတ်ဆက်ပြီး ဈေးကွက်ရှာဖွေမြှင့် တင်ပေးနိုင်မည့် အခွင့်အလမ်း များကို ထိရောက်စွာ အသုံးချနိုင်ရေး အတွက် ပုဂ္ဂလိကပြခန်းများနှင့် သမဝါယမ ပြခန်းများကို အဆင့် အတန်းရှိရှိ ပြသဆောင်ရွက် သွားကြရန် အစီအစဉ်ရှိကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် အာဆီယံစိုက်ပျိုးမွေးမြူရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်နှင့် အညီ အသားကဏ္ဍနှင့် ငါးကဏ္ဍတို့တွင် ပြည်တွင်းစားသုံးမှု လုံလောက် စေရန်သာမက ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်သည်ထိရည်မှန်းချက်ထား အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

(၃၆)ကြိမ်မြောက် အာဆီယံ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် စည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ဘာသာရပ်နှင့် ဆက်စပ်သည့်ဌာန များ အချင်းချင်း ပူးပေါင်း၍ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် သွားကြရေးသည် အဓိကကျသည့် လိုအပ်ချက် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက (၃၆) ကြမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရာတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် ဆက်စပ် ဝန်ကြီးဌာနများနှင့် အတူတကွ ဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ (၃၅) ကြိမ်မြောက်အစည်း အဝေးတွင်လည်း မြန်မာနိုင်ငံအနေဖြင့် သစ်တောကဏ္ဍတွင် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယင်းအစည်းအဝေးများသာမက မိတ်ဖက်နိုင်ငံ များနှင့် သစ်တော ကဏ္ဍဆိုင်ရာ အစည်း အဝေးများနှင့် လုပ်ငန်းစဉ်များကို တက်တက်ကြွကြွပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ရှင်းလင်းတင်ပြ
***********

ယင်းနောက် ၂၀၁၄ ခုနှစ်တွင် (၃၆)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးနှင့် လေ့လာရေးအစီ အစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတလုပ်မယ်ဆိုရင်ကန့်ကွက်ပါတယ်



ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ် ပုံအခြေခံဥပဒေရဲ့အခန်း (၃) ပုဒ်မ ၅၉ (စ) မှာ (စ) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါး ပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းေ သ်ာလည်းကောင်း၊ မိမိ၏ တရား ၀င်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦး ဦး၏ဇနီးသို့ မဟုတ် ခင်ပွန်းသော်လည်းကောင်း၊နိုင်ငံ ခြားအစိုးရ ၏ ကျေးဇူး သစ်္စာတော် ကိုခံယူ စောင့်ေ ရှာက် ရိုသေသူ သို့မဟုတ်နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူသို့မဟုတ် တိုင်းတစ် ပါး၏နိုင်ငံသားဖြစ် သူများမဖြစ် စေရ ထိုသူများသည်နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း တိုင်းတစ် ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့်ကျေးဇူး ခံစားခွင့်များကိုခံစားနိုင်ခွင့် ရှိသူများမဖြစ် စေရ။(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ရွေး ကောက် တင်မြှောက် ခံပိုင်ခွင့်အတွက်သတ် မှတ်ထားသည့်အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ် ထားသောအရည် အ ချင်းများနှင့်လည်းပြည့် စုံရမည်။


အထက် (စ)(ဆ)ဆိုလိုရင်းကထင် သာမြင်သာသိသာရှင်းလင်းလွန်းလှပတယ်။ အဲဒီအချက်တွေက လည်း ဗိုလ်ချုပ်အောင် ဆန်းကနိုင်ငံရှေ့ရေးကိုမျှော်တွေးပြီးထည့် သွင်းထားခဲ့တာပါ။ ဒေါ်စုခင်ဗျားအဖေ လက် နဲ့ရေးခဲ့တာကိုခြေနဲ့ဖျက်တော့မလိုပါ လား။ သမ္မတမလုပ်ဘဲနဲ့လုပ်လို့ရတဲ့နည်း လမ်းတွေဒေါ်စုစီ မှာရှိနေ ပါတယ်။ ဒေါ် စုသားနိုင်ငံခြား သားကိုမယူခဲ့ဘဲနေခဲ့ရင် ကျွန်တော်နော်ကိုယ်တိုင်လက်ဆွဲပြီးအဖက် ဖက်က ယိုယွင်းပျက် စီးနေတဲ့နိုင်ငံကြီးကို ကယ်တင်ပေးဖို့တောင်းဆိုမှာပါခင် ဗျာ။ နိုင်ငံသားစစ် စစ်ဖြစ်သော် လည်းနိုင်ငံခြား သားနဲ့အထူးသဖြင့်နိုင်ငံကိုကျွန်ပြုခဲ့တဲ့ဖခင် ကြီးကိုယ်တိုင်ဘ၀တွေစွန့်ပြီး တိုက်ထုတ် ခဲ့တဲ့အင်္ဂလန်နိုင် ငံသားကိုယူထားတဲ့အတွက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာရှိ ခဲ့ရင် ဒီလိုဖြစ်မှာလဲမ ဟုတ်။ဖြစ်ခဲ့ ရင်လည်း လက်ခံမှာမဟုတ်ပါ။

လူတွေက ၁၉၈၈ မိခင်ကြီးကျန်းမာ ရေးကြောင့် မြန်မာနိုင်ငံကိုရောက်ခဲ့တာ ကိုဘဲသိကြတာပါ။ ၁၉၈၈ ခုနှစ်လောက် က သား(၂)ဦးကိုရှင်ပြုရန်အတွက်မြန်မာ ပြည်ရောက်ခဲ့သေးတာကိုမသိတာလား။ သိရက်နဲ့မရေးကြတာလားကျွန်တော်နော် ကတော့ဒေါ်အောင်ဆန်းစုကြည်ခင်ပွန်း မိုက်ကယ်အဲ လစ်(ပလေကပ်ပုဆိုးနဲ့)အမေ ဒေါ်ခင်ကြည်ပြီးတော့သခင်သန်းထွန်းဇနီး အခြားအဖော်အချို့နဲ့ရွှေ တိဂုံဘုရားအင်္ဂါ ဒေါင်မှာဆုတောင်းဝပ်ပြုကြတာအနီးကပ် မြင်ခဲ့ရပါတယ်။ ဗိုလ်ချုပ်နဲ့တူတဲ့ဗိုလ်ချုပ် သမီးနားမှာနိုင်ငံခြားသားမျက်နှာဖြူကတွဲ လို့ဘယ်လိုမှမတင့်တယ်ပါ။ ကျွန်တော် နော်မျက် ရည်တောင်ကျ မိခဲ့ပါတယ်။ အဲဒီ တုန်းကဘုရားပေါ်ကဓာတ်ပုံသမားလေး တွေကိုဓာတ်ပုံရိုက်ခိုင်းပြီးသိမ်းထားခဲ့ပါ တယ်။ နှစ်ကာလကြာပြီဆိုတော့နေရာ ဒေသအပြောင်းအလဲတွေကြောင့်အခုရှာ လို့မရတော့ပါ။ ဒါကတစ်ချက်။

နိုင်ငံခြားအမေရိကန်ကုလသမဂ်္ဂမှာ တာဝန်ထမ်းဆောင်စဉ်ဒေါ်စုအနေနဲ့ပါတီ တက်တာတွေ နိုင်ငံခြား သားတွေဒွေးရော ယှက်တင်ပေါင်းသင်းသွားလာနေတာကို တွေ့မြင်တဲ့ လူကြီးတစ်ယောက် ကနိုင်ငံ ခေါင်းဆောင်တစ်ဦးရဲ့သမီးတစ်ယောက် မဖြစ်သင့်တာဖြစ်မသွားအောင်ထိန်းသိမ်းပေးဖို့ သမ္မတ ဦးနေ၀င်း ထံစာရေးသားပေး ပို့ဖူးကြောင်းမှတ်သားဖူးပါတယ်။ မိခင်ကြီး ကျန်းမာရေးကြောင့်ပြန်ရောက်စဉ်နိုင်ငံ တော်မှာလည်းပြဿနာတွေဖြစ်နေချိန်နဲ့ ကြုံကြိုက်ကြတော့ခေတ် အဆက်ဆက် နိုင်ငံတော်အာဏာ လိုချင်ကြတဲ့နိုင်ငံရေး သမားဟောင်းကြီးတွေရဲ့စင်တင်ပေးမှုကို ခံလိုက်ရတာပါ။ ဒေါ်စုကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်စဉ်ကဒေါ်စုကိုနှစ်သက် မြတ်နိုးခဲ့ တဲ့မြန်မာနိုင်ငံသား ပညာတတ် တွေရှိခဲ့ဖူးပါတယ်။ ဒေါ်စုလည်း သိနေမှာ ပါ။ အစ်ကိုကြီးအောင် ဆန်းဦးတောင်မှ မြန်မာနိုင်ငံသူကိုယူခဲ့သေးတာပဲ။ ဒေါ်စု ဘာကြောင့်များ နိုင်ငံခြားသားကိုယူခဲ့ရပါ သလဲ။

(၈၈၈၈)အရေးအခင်းမှာ နိုင်ငံရေး သမားဟောင်းကြီးတွေကဦးနုကိုတင်ကြည့် ပါတယ်။ ဦးအောင်ကြီး၊ဦး တင်ဦးဆွဲထုတ် ကြည့်ပါတယ်။ မအောင်မြင်ခဲ့ပါဘူး။ လူ ထုကလည်းလက်မခံပါဘူး။ ဒါကြောင့် ဒေါ်စုကို တင်ကြခြင်းဖြစ်ပါတယ်။ လူထု ကလက်ခံကြလို့ ယနေ့အချိန်ထိရပ်တည် နေခဲ့တာပါ။ ရပ်တည်နိုင်အောင် လဲလှုပ် ရှားခဲ့ကြပါတယ်။ နိုင်ငံတကာရဲ့ထောက် ခံချက်တွေနဲ့ပေါ့။ ၉၀ရွေးကောက်ပွဲမှာ ရွေးကောက် ပွဲဝင်ခွင့်ရမရ။ ဦးဘဋ္ဌေးဦးစီး တဲ့ရွေးကောက်ပွဲကော်မရှင်မ ရဆိုပြီးဆုံး ဖြတ်ခဲ့ပါတယ်။ ဒီဘက်ခေတ်ရောက် မှ သမ်္မတကြီးဦးသိန်းစိန်ရဲ့ရိုးသားပွင့်လင်းဖြူ စင်တဲ့သဘောထားတွေကြောင့်ရွေးကောက် ပွဲဝင်ခွင့်ရပြီး လွှတ်တော်အမတ်ဖြစ်လာခဲ့ တာပါ။ ဒီနေရာမှာရပ်နေပြီးလုပ်လို့ရတာ တွေအများကြီးရှိနေပါတယ်။ တစ်နိုင်ငံ လုံးလှည့်လည်ဟောပြော စဉ် သောင်း ၈ဏ္ဍန်း၊သိန်း၈ဏ္ဍန်လောက်ကကြိုဆို ဂုဏ် ပြုကြတာ ကိုအနားပြာအလံခြူးတွေလုပ် ကြံဖန်တီးတဲ့ပိုက်ကွန်ထဲမသက်ဆင်းလိုက် ပါနဲ့ဗျာ။ မြှောက်ထိုးပင့်ကော် လိုရင်လိုသ လို ရေးမလိုရင်မ လိုသလိုရေးတတ်တဲ့ဂျာနယ် လစ်တွေရဲ့ရေးသားမှုကိုသာဃာမသွားပါ နဲ့ခင်ဗျာ။ မြန်မာပြည်လူဦးရေသန်း ၆၀ ရဲ့အသံကိုနားထောင်ပေးပါ။ လူ ၁ သိန်း ၁ သန်းရဲ့လှုပ်ရှားပေးမှု နဲ့လူ ထုခေါင်းဆောင် ဘွဲ့မခံယူလိုက် ပါနဲ့ ။ ကောင်းကောင်း ဆိုးဆိုးတည်ဆဲအစိုးရကိုဆန့်ကျင်အမိန့် အာဏာ ဟူသမျှဖိဆန်ကြဆိုတဲ့ဆိုတဲ့ဒေါ် စုရဲ့သြ၀ါဒကြောင့် လူတော်လူကောင်း အချို့ပျောက်ကွယ် သွားခဲ့ ကြပါပြီ။

အေးချမ်းစွာနဲ့တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းဘယ်လိုလုပ်ကြရင်ကောင်း မလဲ ပွင့်လင်းစွာ ဆွေးနွေးအကြံပြုပြီးဒီ အတိုင်းလေးကောင်းပါတယ်။ဒေါ်စုခင်ဗျာ။ သမ္မတဖြစ်ချင်တယ် ဆိုတော့လောဘဒေါ သလေးပါနေပါတယ်။ ငါလုပ်မှဖြစ်မယ် ဆိုတာလောကမှာမရှိပါ။ ငါမလုပ်လဲ လောကကြီးက ဖြစ်ချင်တာ ဖြစ်နေတာပါ။ လူဘ၀မှာနေရတဲ့အချိန်လေး မှာသမ္မတ ဖြစ်မှမဟုတ်ပါဘူး။ လုပ်ပေးလို့ရတာတွေ လုပ်နိုင်တာတွေဒေါ်စုဆီမှာရှိနေပါတယ်။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်သမ္မတ လုပ်မယ်ဆိုရင် ကျွန်တော်ကန့်ကွက်ပါ တယ်။ မိတ်ဆွေ ၁၀၀ ရှိသလား။ နည်း လွန်းပါတယ်။ ရန်သူတစ်ယောက်ရှိနေပါ သလား။ များလွန်းပါတယ်တဲ့။ ဒေါ်စုနဲ့ ကျွန်တော်နော်ရန်သူမဟုတ်ပါ။ ကြည်ညို လေးစားနေသူတစ်ဦးပါ ခင်ဗျာ။

ထွန်း(နေပြည်တော်)
Hot News Journal

HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေပေးမယ့် သုတေသန ရလဒ်သစ် တစ်ခုပေါ်ပြီ



သုတေသီတွေက Radioimmunotherapy (RIT) လို့ခေါ်တဲ့ နည်းပညာကို သုံးပြီး ဆေးသောက်ပြီး လူနာ များရဲ့ သွေးထဲမှာရှိနေတဲ့ HIV ပိုး ကူးစက်ခံ ထားရတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက်ခြင်းဖြင့် HIV ကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက် လမ်းစရှိတဲ့ မဟာဗျူဟာ တစ်ခု ဖြည့်ဆည်း ပေးလိုက်ပြန်ပါပြီ။ ဒီသုတေသန ရလာဒ် တွေကို မြောက် အမေရိက ဓာတ်ရောင်ခြည် အသင်း ကြီး (Radio logi cal Society of North America - RSNA) ရဲ့ နှစ်ပတ်လည် ညီလာခံမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ Highly Active AntiRetroviral Therapy (HAART) လို့ခေါ်တဲ့ စွမ်းအားမြင့် ဆေးတွေ ပေါင်းစပ်ကုသနည်းက ခန္ဓာကိုယ်ထဲမှာ HIV ပိုး မပွားများ နိုင်အောင် နှိမ်နင်းထားနိုင်ပြီး ပိုးကူးစက် ခံထားရသူတွေအတွက် မျှော်လင့် ချက် အမြင်ကို ပြောင်းလဲစေခဲ့တာပါ။ HAART ရဲ့ အောင်မြင်မှုပာာ HIV ပိုးကောင်ရေကို ထိရောက်စွာ လျှော့ချနိုင်ပေမယ့် ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေ စုဝေးကျန်ရှိ ပုန်းအောင်းနေနိုင်သေးတာဟာ ပိုးအရှင်း ပျောက်ကင်းနိုင်ခြေကို ဟန့်တားနေတယ်လို့ ပညာ ရှင်တွေက ယုံကြည် ကြပါတယ်။


"HAART ကိုသောက်နေတဲ့ လူနာက ပိုးပွားများတာကို နှိမ်နင်းနိုင်ပါတယ်။ ဆိုလိုတာက လူနာရဲ့ သွေးကြောထဲမှာ ပိုးကောင်ရေကို တော်တော်ကြီးကို နည်းသွားအောင် လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် HAART က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို မသတ် နိုင်ပါဘူး။ HIV ပိုးကူးစက် ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ နည်းလမ်းတွေမှာ ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို သတ်နိုင်တဲ့ နည်းလမ်းတွေ ပါကိုပါရမှာပါ" လို့ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ New York ပြည်နယ် Bronx မြို့ Albert Einstein College of Medicine မှ ဓာတ်ရောင်ခြည်၊ အဏုဇီဝနဲ့ ခုခံစွမ်းအား ဗေဒဌာနမှ ပါမောက္ခ Ekaterina Dadachova ကပြောကြား သွားပါတယ်။ Dr. Dadachova နဲ့အဖွဲ့က သူမရဲ့ လေ့လာမှုမှာ Einstein-Montefiore Center for AIDS Research မှ HAART သောက်သုံးနေတဲ့ HIV လူနာ ၁၅ ယောက်ရဲ့ သွေးနမူနာတွေကို RIT ကုထုံးနဲ့ တွေ့ထိပေးလိုက်ကြတာ ဖြစ်ပါတယ်။

RIT က ခေတ်အဆက်ဆက်က ကင်ဆာရောဂါ ကုထုံးတစ်ခု ဖြစ်ခဲ့ပြီး monoclonal antibody တွေကို အသုံးပြု ရတာ ဖြစ်ပါတယ်။ Mono clonal antibody ဆိုတာကတော့ သက်ဆိုင်ရာ antigen တွေကို သီးသန့် ရှာဖွေ တိုက်ဖျက်ပေးတဲ့ ခုခံအား စနစ်က ဆဲလ်တွေ (clonal imm une cells) ကနေ ထုတ်ပေးတဲ့ ပဋိပစ္စည်း (antibodies) တွေပဲ ဖြစ်ပါတယ်။ Antigen တွေဆိုတာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေလို (မိမိ ခန္ဓာကိုယ်က ပုံမှန် ဆဲလ်တွေ မဟုတ်တဲ့) တခြား အရာဝတ္ထုတွေ ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လှုံ့ဆွပေး နိုင်တဲ့ ပစ္စည်းတွေပါ။ သက်ဆိုင်ရာ ဆဲလ်ကိုပဲ သွားပေါင်းနိုင်အောင် ဒီဇိုင်း လုပ်ထားတဲ့ ပဋိပစ္စည်း တွေကို ဓာတ်ရောင်ခြည် ထွက်တဲ့ radioactive isotope တွေနဲ့ တွဲစပ် ပေးလိုက်ပါတယ်။ လူနာရဲ့ သွေးကြော ထဲကို ထိုးသွင်းလိုက် တဲ့အခါမှာတော့ ဓာတ်ခွဲခန်းထဲမှာ ထုတ်လုပ်ထားတဲ့ antibody တွေက သက်ဆိုင်ရာ ဆဲလ် (target cell) ဆီကို အရောက်သွားပြီး ဓာတ်ရောင်ခြည် သင့်စေတာ ဖြစ်ပါတယ်။ "RIT ကုထုံးမှာ ပဋိပစ္စည်း တွေက ပိုးကူး စက် ခံထားရတဲ့ ဆဲလ်တွေကို သွားပေါင်းပြီး ဓာတ်ရောင်ခြည်နဲ့ သတ်ပစ် လိုက်တာ ဖြစ်တယ်။ HAART နဲ့ RIT ကို အတူတူ တွဲသုံးလိုက် တဲ့အခါ HAARTက ဗိုင်းရပ်စ်ပိုးကို သတ်နိုင်ပြီး RIT က ပိုးရှိတဲ့ ဆဲလ်ကို သေစေတာပါ။" လို့ Dr. Dadachova က ဆိုပါတယ်။

ဒီလေ့လာမှုအတွက် Dr. Dadachova နဲ့ အဖွဲ့က ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေရဲ့ မျက်နှာပြင်ပေါ်က protein တစ်ခုကို သွားပေါင်း နိုင်တဲ့ mAb2556 လို့နာမည် ပေးထားတဲ့ monoclonal antibody ကိုဒီဇိုင်းဖော် ထုတ်လုပ် ခဲ့ကြပြီး ရောင်ခြည် လွှတ်နိုင်တဲ့ Bismuth-213 နဲ့ တွဲစပ် ပေးထားတာ ဖြစ်ပါတယ်။ RIT နဲ့ကုသ ခံထား ရဖူးသူ တွေရဲ့ ခန္ဓာကိုယ်ထဲက ခုခံအား ဆဲလ်တစ်မျိုး ဖြစ်ပြီး HIV ပိုးရှိနေတဲ့ lymphocyte တွေကို သေစေ နိုင်တာကို တွေ့ရှိ ခဲ့ကြပြီး သွေးနမူနာ တွေထဲမှာ ပိုးကောင်ရေကို ရှာမတွေ့နိုင်လောက်တဲ့ အထိကို လျှော့ချ ပေးနိုင်တာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ "HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေကို RIT ကုထုံးနဲ့ ဖယ်ရှင်းနိုင်တဲ့ စွမ်းပကားဟာ တော်တော် သိသာပြီး တိ ကျ သေချာပါတယ်။ ရောင်ခြည် လွှတ်ပေးတဲ့ radionuclide ကလည်း ပိုးရှိတဲ့ ဆဲလ်တွေကိုပဲ ရောင်ခြည် သင့်စေပြီး အနီးနားက ဆဲလ် တွေကို မထိခိုက် စေပါဘူး။" လို့ Dr. Dadachova က ပြောသွား ပါသေး တယ်။

ဒီသုတေ သနရဲ့ အရေးကြီးတဲ့ အပိုင်း တစ်ခုကတော့ ရောင်ခြည် လွှတ်နိုင်တဲ့ ပဋိပစ္စည်းတွေ ဦးနှောက်နဲ့ ဗဟို အာရုံကြော စနစ်မှာရှိတဲ့ HIV ပိုးကူးစက် ခံထားရတဲ့ ဆဲလ်တွေဆီကို အရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်။ (ဦးနှောက်နဲ့ သွေးကြောကြားမှာ တော်ရုံ ဓာတုပစ္စည်းတွေ မဝင်နိုင်စေဖို့ blood-brain barrier လို့ခေါ်တဲ့ အကာအရံ လွှာတစ်ခု ရှိပါတယ်။) ဓာတ်ခွဲခန်းမှာ အတု ပြုလုပ်ထားတဲ့ အဲဒီ အကာအရံ ပုံစံ ငယ်နဲ့ စမ်းသပ်ရာ မှာတော့ ရောင်ခြည် လွှတ်နိုင်တဲ့ mAb2556 က ဒီအကာအရံကို ဖြတ်သွားနိုင်ပြီး HIV ပိုးရှိတဲ့ ဆဲလ်တွေကို သတ်နိုင်ပြီး အကာအရံကိုတော့ ဘာမှမထိခိုက်စေဘူး ဆိုတာကို ပြသနိုင်ခဲ့ကြပါတယ်။ "HIV ပိုးကို သတ်တဲ့ဆေးတွေက ဦးနှောက်နဲ့ သွေးကြော ကြားက အကာအရံကို အနည်း ငယ်သာ ဖြတ်သွား နိုင်တာမို့ လူနာရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ HIV ပိုး မရှိတော့ ရင်တောင်မှ virus ပိုးက ဦးနှောက်ထဲမှာ သောင်းကျန်းနေနိုင်ပြီး အသိဉာဏ် ချို့ယွင်းခြင်းနဲ့ စိတ်အား ယုတ်လျော့ ခြင်းတို့ကို ဖြစ်စေနိုင်ပါသေးတယ်။ RIT ကုထုံးက ခန္ဓာကိုယ် အနှံ့အပြားမှာရော ဗဟိုအာရုံကြော စနစ်ထဲမှာပါ HIV ပိုးရှိတဲ့ ဆဲလ်တွေကို သေစေ နိုင်ပါတယ်။" လို့ Dr. Dadachova က ထပ်လောင်း ပြောကြားသွားပါ တယ်။ Dr. Dadachova ရဲ့ အဆိုအရတော့ RIT ကုထုံး လေ့လာမှုရဲ့ နောက်တစ်ဆင့် ကတော့ HIV ပိုးရှိတဲ့ လူနာတွေကို စမ်းသပ်ကုသ ကြည့်ရမှာ ဖြစ်ပါတယ်။

ကြေးမုံသတင်းစာ

တိုင်းရင်းသားများ ဒုတိယညီလာခံတက်ရန် UWSA ကို KNU ဖိတ်

“၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အား လာမည့် ဇန်န၀ါရီလတွင် ကျင်းပမည့် ဒုတိယ တိုင်းရင်းသားညီလာခံတက်ရောက်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး KNU က သွားရောက်ဖိတ် ကြားခဲ့သည်။


“၀”အဖွဲ့ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ပြင်ပဆက်ဆံရေးတာဝန်ခံ ဒု-ဌာနမှူးဦးဆမ်ခွန်း၊ ပြော ရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့နှင့် ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်က “၀”ဗဟိုဌာနချုပ်၊ ပန်ဆန်းမြို့တွင် တွေ့ဆုံ၍ ဖိတ်ကြားခဲ့သည်ဟု KNU မှ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျွန်တော် တစ်ပြည်လုံး အပစ်အခတ်ရပ်ဆိုင်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေ လှုပ် ရှားမှု၊ ဆောင်ရွက်မှုတွေကို သူတို့ကို တင်ပြတယ်။ လာမည့် တိုင်းရင်းသားညီလာခံမှာ သူတို့ကိုယ်တိုင် လာဖို့၊ သူတို့ကိုယ်စားလှယ်ဖြစ်ဖြစ် တက်ရောက်ဖို့ ဖိတ်ကြားတာပါ”ဟု သူက မဇ္ဈိမကို ပြောသည်။

UWSA ဘက်မှ ဒုတိယညီလာခံ တက်ရောက်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ ဗဟိုကော်မတီအား တင်ပြ၍ ဆွေးနွေးဆုံးဖြတ်ချက်ကို ပြန်လည်အကြောင်းကြားမည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက တကယ်လိုအပ်တယ်ဆိုတာကို “၀”ပါတီ ကလည်း လက်ခံတယ်။ နောက် အခုလာမည့်ညီလာခံကိုလည်း ထောက်ခံအားပေးတယ်။ အားလုံးပါဝင် ဖို့ ဗဟိုကော်မတီစည်းဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချမယ်”ဟု သူက ဆက်ပြောသည်။

လာမည့် ဇန်န၀ါရီလ၂၀ ရက်နေ့မှ ၂၂ ရက်ထိ ကျင်းပမည့် KNU နယ်မြေ လေးဝါးခေါ် လောခီးလာစခန်း တွင် ကျင်းပမည့် ဒုတိယအကြိမ်ညီလာခံတွင် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ် သက်၍ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်၍ တိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး ပါဝင်တက်ရောက်ရန် မျှော် လင့်ကြောင်း သူက ပြောသည်။

ထို့ပြင် မိုင်းလားအဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ခြင်း မရှိခဲ့သော်လည်း “၀”အမျိုးသားစစ်ဆင်ရေးမှတစ်ဆင့် ပြန်လည် အကြောင်းကြားပေးရန် ပန်ကြားခဲ့သည်ဟု ဖဒိုကွယ်ထူးဝင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပသော ပထမအကြိမ် ညီလာခံတွင် UWSA က အဖွဲ့ခေါင်း ဆောင်များ ကျန်းမာရေးအကြောင်းပြ၍ တက်ရောက်လာခြင်း မရှိခဲ့ပေ။

ထိုညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၁၇ ဖွဲ့မှ ခေါင်းဆောင်များက တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ ချက်ပါ မူကြမ်းကို ရေးဆွဲနိုင်ခဲ့သလို၊ တစ် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ NCCT ကိုလည်း ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ် သည်။

Mizzima

ပုဒ်မ ၅၉ (စ) ကို မပြင်ရင် ပါတီသဘောထားချပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော



သမ္မတဖြစ်ခွင့် အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ)ကို မပြောင်းဘူးဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောထားကို အချိန်တန်တဲ့အခါ အများပြည်သူကို ချပြသွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။


ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလားဆိုတဲ့ လူထုဆန္ဒခံယူပွဲမှာ ပရိတ်သတ်တစ်ဦးက မေးမြန်းစဉ် ဒေါ်အောင် ဆန်း စုကြည် ပြန်လည် ဖြေကြားခဲ့တာပါ။

“နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသမီး တစ်ယောက် ကို ဦးတည်ပြီးတော့ ရေးဆွဲထားတယ်ဆိုတာ အင်မတန်မှ မသင့်တော်ပါဘူး၊ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှ သိက္ခာ ကျပါတယ်၊ ဒါကြောင့် ဒီဥစ္စာကို မြန်မြန်ဆန်ဆန် ပြောင်းသင့်တယ်လို့ ကျမကတော့ ယူဆတယ်၊ ၅၉(စ)ကို မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုက သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရအောင် ကန့်သတ်ထားပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီးရေးဆွဲထားတဲ့ ပုဒ်မဖြစ်တဲ့ အတွက် မသင့်တော်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ ဟားခါးမြို့မှာ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းတစ်ခုကို မကြာခင် ဖွင့်လှစ်ပေးနိုင်ဖို့ ကြိုးစားပေးသွားမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လူငယ်တွေ နိုင်ငံပြန်လှည်ထူထောင်ရေးမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့ လူငယ်တွေ ပညာ ဗဟုသုတ ရှာဖွေကြဖို့ မူးယစ်ဆေးဝါးမသုံးကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီနှစ်အတွင်း အခြေခံဥပဒေပြင်နိုင်ဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လာမယ့် ၂၀၁၅ ဆိုတာထက် ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြီးစီးမှ ၂၀၁၅ မှာ အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒီနေ့ မနက်က ချင်းပြည်နယ် ဖလမ်းမြို့ ဘောလုံးကွင်းက လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ ချင်းတိုင်းရင်းသား ဒေသခံ နှစ်ထောင်ကျော်ကို မိန့်ခွန်းပြောစဉ်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။ “မျိုးစေ့က ၂ဝ၁၅ မှာ ပွင့်မှာပါ၊ အဲဒီတော့ ၂ဝ၁၄ မှာ ကျမတို့က ဆူးပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ ဆူးပင်ပဲ ပေါက်မှာ ကျမတို့က ၂ဝ၁၄ မှာ အသီးစားလို့ရတဲ့အပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ အသီးစားလို့ ရတဲ့အပင်ပေါက်မှာ၊ အဲဒီတော့ တကယ်အရေးကြီးတာဟာ အခုနှစ်ပဲဖြစ်ပါတယ်လို့ ကျမ ပြောပါရစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ အားလုံးပူးပေါင်းပြီးတော့ ဒီနှစ်မှာ ၂ဝ၁၅ မှာ လှလှပပပွင့်ပြီးတော့ ပြည်သူတွေ ဝဝလင်လင်စားနိုင်မယ့် အသီးတွေသီးမည့် အပင်မျိုးစိုက်ဖို့ရာ ကူညီ ကြပါ၊ ဝိုင်းပြီးတော့ ထောက်ခံပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ၀င်ရောက်လာမှာဖြစ်တဲ့အတွက် အခုအချိန်ကတည်းက လုပ်စရာရှိတာတွေကို ပြီးစီးအောင် လုပ်ထားနိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းကူညီဖို့နဲ့ တပ်မတော်ကလည်း ပြည်သူတွေရဲ့ဆန္ဒအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကူညီဖို့တိုက်တွန်း ပြောကြားခဲ့ပါတယ်။ပြည်သူအများစုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို ပြင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ရမယ် ။ တပ်မတော် အနေနဲ့ သတ္တိရှိရှိ ပြင်ဆင်ပေးရမယ် ။ တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လိုလုပ်မလဲ ။ သတ္တိဆိုတာက တိုက်ရဲခိုက်ရဲမှ သတ္တိခေါ်တာမဟုတ်ဖူး ။ လုပ်သင့်လုပ်ထိုက် တာကို မှန်မှန်ကန်ကန် လုပ်ရဲမှ သတ္တိ ခေါ်တယ် ။ တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်အောင် တပ်မတော်က သတ္တိရှိရမယ်။

ဒေါ်အောင်ဆန်းစုကြည်
ဟားခါးမြို့

တွေ့ဆုံဆွေးနွေးရေးအတွက် အချက်ပေးခေါင်းလောင်းသံ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့လည် မဟာဗန္ဓုလ ပန်းခြံအနားမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း ၆၀ နီးပါး ပူးပေါင်းပါဝင်တဲ့ လူပေါင်း ၂၀၀၀ ကျော်လောက်ဟာ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း က ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ ဦးဆောင်ပြီး လူ့အခွင့်အရေးနဲ့ မညီတဲ့ ဥပဒေ တွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတစ်ရပ် ကျင်းပခဲ့ပါတယ်။


အားလုံးသိတဲ့အတိုင်း လက်ရှိ ကာလဟာ မြန်မာ့နိုင်ငံရေး နယ်ပယ်မှာ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးငြင်းခုံနေကြတဲ့ အချိန်၊ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တိုင်းပြည်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားနေချိန်၊ ဒါကို သမ္မတ ဘက်က (ယာယီဖြစ်စေ) ငြင်းပယ်ထားချိန် လည်းဖြစ်နေပါတယ်။ အဲဒီ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မင်းကိုနိုင် ကိုကိုကြီးတို့ ဦးဆောင်တဲ့ ဆန္ဒပြပွဲကြီးဟာ ဖွဲ့စည်းပုံပြင်ရေးကို ဘယ်လို သက်ရောက်မလဲ၊ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားမှုကို ဘယ်လို ရိုက်ခတ်မှု ရှိမလဲ၊ မြန်မာ့နိုင်ငံရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေမလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။ 

တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ခုလို လမ်းပေါ်ထွက် ဆန္ဒပြတာ ဒါ (၇) နှစ်အတွင်း ပထမ ဦးဆုံးအကြိမ်ပါ။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ အားလုံးလိုလိုလောက်ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်ခင် လောင်စာဆီဈေးနှုန်း မြင့်တက်မှု ဆန္ဒပြပွဲတွေကို ဦးဆောင်အပြီး ဖမ်းဆီးထိမ်းသိမ်းခံခဲ့ကြရတာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးတာ ခံရပြီး အစိုးရက ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေး ဖြေလျော့မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်၊ ပါဝင်လို့ရသမျှ လုပ်ငန်းဆောင်တာတွေမှာ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း လုပ်ကိုင်တာတွေတောင် ရှိခဲ့ပါတယ်။ အခု တိုင်းပြည်မှာ လိုအပ်တယ် ထင်လို့ လမ်းပေါ်ထွက် ဆန္ဒပြပွဲကြီးတစ်ခု လုပ်ပြခဲ့တာ ဖြစ်ပါတယ်။ 

ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတာ ၃ နှစ်နီးပါး ကြာလာပြီ ဖြစ်ပေမယ့် ပြည်သူတွေဟာ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ မရသေးဘူး၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေ တွေရှိနေသေးတယ်၊ ဒါတွေ ပယ်ဖျက်ပေးဖို့ လိုတယ် ဆိုတာက ဆန္ဒပြရတဲ့ တိုက်ရိုက် ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါတင်မက လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းတွေက လွှတ်တော်၊ အစိုးရအဖွဲ့တွေကနေ တဆင့် အကောင်အထည် ဖော်နေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဟာ တကယ့်တကယ် ပြည်သူတွေ လိုလားနေတဲ့ အနေအထား တစ်ခုစီ သွားလိုစိတ် ရှိမရှိ၊ သွားလိုစိတ် မရှိဘူးဆိုရင် ပြည်သူတွေအနေနဲ့ လွှတ်တော်ပြင်ပ လမ်းကြောင်းကနေ သွားဖို့လည်း အသင့်ရှိတယ် ဆိုတာကို သွယ်ဝိုက်ပြီုး ပြသ လိုက်တဲ့ ပွဲတစ်ခုလို့လည်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသေးတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန္ဒပြပွဲပုံရိပ် မီဒီယာတွေမှာတော့ ကြီးမားခဲ့ပါတယ်။ ဆဲဗင်းဒေး၊ မဇ္ဈိမ၊ သည်ဗွိုက်စ်၊ ရန်ကုန်တိုင်းမ်၊ မြန်မာပို့စ် နဲ့ တနင်္လာနေ့ထုတ် သတင်းစာ ဂျာနယ် အားလုံးလိုလို (weekly eleven ဂျာနယ် မပါ) လောက်မှာ မျက်နှာဖုံး သတင်း ဖော်ပြပါတယ်။ မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ ပြည်ပ ရေဒီယို အသံလွှင့်ဌာန အားလုံး ဒီသတင်း ဖော်ပြခဲ့ကြသလို၊ DVB, စကိုင်းနက် up to date စတဲ့ ရုပ်သံ မီဒီယာ သတင်းဌာနကလည်း သတင်း အပြည့်အစုံ ဖော်ပြခဲ့ကြပါတယ်။ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီဆန္ဒပြပွဲနဲ့ ပါတ်သက်ပြီး ဥပဒေ စည်းကမ်းနဲ့အညီ ပြကြတယ်၊ တပ်မတော်ကို ထိပါးပုတ်ခတ်တာမျိုး မလုပ်ဘူး၊ အတုယူသင့်တယ် စသဖြင့် ချီးကျူးစကား ပြောပေမယ့် အစိုးရပိုင် သတင်းစာတွေမှာတော့ ဒီ သတင်း မဖော်ပြပါဘူး။ 

လက်ရှိ ၈၈ မျိုးဆက်တွေခေါင်းဆောင်တဲ့ ဒီ ဆန္ဒပြပွဲ လုပ်တဲ့ အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်က သူ၊ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ တောင်းဆိုထားချိန်လည်း ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က တုန့်ပြန်မှုကတော့ အားရစရာ မကောင်းရုံမက စိုးရိမ်ဖို့တောင် ကောင်းနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက် ပေါ်ထွက်ပြီးပြီးချင်းမှာပဲ သမ္မတ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က လွှတ်တော်ကို ကျော်လုပ်သလို ဖြစ်မယ်၊ လွှတ်တော်ရလာဒ် ကြည့်ပါဦး ဆိုပြီး ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒါဟာ တွေ့ဆုံဆွေးနွေးရေး မလုပ်လိုခြင်းပဲ ဆိုပြီး တုန့်ပြန်ပါတယ်။ နောက် သိပ်မကြာပါဘူး၊ သမ္မတရဲ့ ဧရာဝတီတိုင်း ခရီးစဉ် တစ်ခုမှာ ပိုပြီးပြင်းထန်တဲ့ စကား ထွက်လာပါတယ်။ “မိမိတို့ လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှု အားနည်းခဲ့သည့်အတွက် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် စတင်ပြီး အကွဲအပြဲများ ပေါ်ပေါက်ခဲ့ ရသည်ကို တွေ့နိုင်ပါကြောင်း၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ အခြားသူများ၏ အောင်မြင်မှုကို အသိအမှတ်မပြုလိုခြင်း၊ ဘုံအကျိုး စီးပွားအပေါ်တွင် ပူးပေါင်း ဆောင်ရွက်ရမည့်အစား ကိုယ်ကျိုးစီးပွားများကို ဦးစားပေးခြင်း စသည့်စိတ်ဓာတ်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လိုအပ်ကြောင်း၊ ” ဆိုတဲ့ စကားပါ။

အခုနောက်ဆုံး နှစ်သစ်ကူး မိန့်ခွန်းမှာလည်း “အထူးပြောကြားလိုသည့် ကိစ္စရပ်ကတော့ ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိနိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်ပြီး လက်တွေ့ဖြစ်နိုင်ချေ ရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်။ ” ဆိုတဲ့ သတိပေးချက် ထည့်သွင်း ပြောဆိုသွားပါတယ်။ 

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကတော့ နှုတ်ဆိတ်နေပါတယ်။ ပြောရရင် ဒီလို အခြေအနေမျိုးဟာ သိပ်ပြီး ကောင်းမွန်တဲ့ နိုင်ငံရေး ရာသီဥတုမျိုးတော့ မဟုတ်ပါဘူး။ ပြောရရင် လက်ရှိ အရေးကြီးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ အတော်လေး သိမ်မွေ့ပါတယ်။ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေဟာ စစ်ဘုရင်မင်းဆက်တစ်ခု တည်ဆောက်နိုင်အောင် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို အသေအခြာ ဆွဲထားခဲ့တာပါ။ တိုင်းပြည်ကို အာဏာအလွန်ကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ တာဝန်ယူတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ယောက် ပူးတွဲ အုပ်ချုပ်နိုင်မယ့် စနစ် ဖန်တီးထားတာပါ။ ဒါနဲ့ ပါတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဘက်က အဓိက ကျတဲ့ စစ်ဘုရင်မင်းဆက် စနစ် ကျင့်သုံးဖို့ အခြေအနေ ဖန်တီးပေးထားတဲ့ ပုဒ်မ ၆၀ ကိုပြင်ဖို့ သူတို့ပါတီရဲ့ အကြံပြုချက်ထဲမှာ ထည့်သွင်းမထားပါဘူး။ အဲဒီ ပုဒ်မဟာ နိုင်ငံအကြီးအကဲ လို့နာမည်တပ်ထားတဲ့ သမ္မတ ကို ဒုသမ္မတ (၃) ယောက်ထဲကနေ ရွေးချယ်တဲ့ဆီမှာ ပြည်သူတွေ ရွေးလိုက်တဲ့ အမတ် ၄၉၈ ယောက်နဲ့ ကာကွယ်ရေးဦးစီးချုပ်က နာမည်စာရင်းပေးခန့်ထားတဲ့ တပ်မတော်သား အမတ် ၁၆၆ ပူးပေါင်း ရွေးချယ်မှာမို့ ဖြစ်ပါတယ်။ 

ပြောရရင် အဲဒီ ပုဒ်မကို မပြင်ရင် သမ္မတ ကို ပြည်သူတွေ သဘောဆန္ဒ၊ ဒါမှမဟုတ် ပြည်သူတွေက ရွေးကောက်လိုက်တဲ့ အမတ်တွေရဲ့ သဘောဆန္ဒနဲ့ မတင်မြှောက်နိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ ဘက်ကတော့ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီတဲ့ အချက်ပေါင်း ၁၆၀ ကျော် ပြင်ချင်တယ်လို့ အဆိုပြုထားပါတယ်။ ပြောရရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာ အလွန်သိမ်မွေ့ပါတယ်။ လွှတ်တော်ကော်မတီထဲမှာ ဆွေးနွေးမယ် ဆိုပေမယ့် တကယ့်တကယ် အင်အားစု အသီးသီးရဲ့ လိုအင်ဆန္ဒတွေ အနီးစပ်ဆုံးဖြစ်အောင် ဆွေးနွေးနိုင်ကြမှာ မဟုတ်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ဒေါ်အောင်ဆန်းစုကြည် တင်ပြတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးပါ။ အဲဒီ ဆွေးနွေးပွဲကနေ တဆင့် အင်အားစု တစ်ခုစီရဲ့ လိုအပ်ချက်ကို အင်အားစု တစ်ခုက နားထောင် အပြန်အလှန် ညှိနှိုင်းပြီး မှသာ ဖွဲ့စည်းပုံ ပြင်ရေး အဆင်ပြေမှာပါ။ ခုတော့ သမ္မတ နဲ့ စစ်တပ်ဘက်က အရင် စစ်အစိုးရ ခေတ်အဆက်ဆက်တုန်းကအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ထားဆဲ ဖြစ်ပါတယ်။ 

သမ္မတ ဟာ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်၊ ဒီမိုကရေစီ ကျင့်စဉ် စတာတွေကို ထပ်တလဲလဲ ပြောဆိုနေရင်းနဲ့ကို တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေတာပါ။ ဒီလို အခြေအနေမျိုးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးဆောင်တဲ့ အခု ဆန္ဒပြ့ပွဲကြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ နောင် လိုအပ်ရင် ဒီထက်ကြီးတဲ့ ဆန္ဒပြပွဲတွေ လုပ်သွားဖို့ အဆင်သင့်ရှိတယ်ဆိုပြီးလည်း ပြောထားခဲ့ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ဇန်န၀ါရီ ၅ ရက်နေ့က ကျင်းပတဲ့ ၈၈ မျိုးဆက်က ဦးဆောင်ပြီး အဖွဲ့ပေါင်း ၅၉ ဖွဲ့၊ လူထုထောင်ချီ ပါဝင်တဲ့ ဆန္ဒပြပွဲကြီးဟာ လက်ရှိ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်တဲ့ ၂၀၁၄ ခုနှစ်အတွက် နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်သလို တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်နေတဲ့ သမ္မတ နဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေအတွက် အချက်ပေး ခေါင်းလောင်းသံ လည်း ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
The Ladies ဂျာနယ်၊ ၁၂-၁-၁၄ ထုတ်၊ စာ- ၂၃။