Thursday, January 9, 2014

လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နိုင်ငံရေးအကျဉ်းသား ၁၂၅ ဦး ကျန်နေသေးဟု ဆို

ရာဇ၀တ်ပုဒ်မများဖြင့် ပြစ်ဒဏ်ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ၊ တပ်မတော်အက်ဥပဒေ နှင့်ငြိစွန်းနေသူများ၊ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက အဆိုပြုထားသူ စုစုပေါင်း ၁၂၅ ဦးကို လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက စိစစ်၍ သမ္မတထံတင်ပြထားသည် ဟု ကော်မတီဝင် ဦးစိုင်းညွန့်လွင်က ဒီဇင်ဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။


“သမ္မတဘက်ကတော့ အလုပ်ပြီးပြီဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျန်နေသေးတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က စိစစ်လို့ တင်ပြီးစာရင်းတွေ လွတ်မလားဆိုတာ စောင့်ကြည့်မယ်။ စိစစ်ထားတဲ့စာရင်းထဲမှာ မပါတဲ့ ၁၃,၀၀၀ ကျော်တောင် လွတ်ငြိမ်းထဲ ပါတာပဲ။ အဲဒီတော့ စိစစ်ပြီး တင်ပြီးသားစာရင်းကို စောင့် ကြည့်ဖို့ပဲရှိတယ်”ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားမရှိစေရဟု ပြောဆိုခဲ့သည့် နိုင်ငံတော်သမ္မတက အဆိုပါနှစ် ၏နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပြုမိန့်ကို ထုတ်ပြန်ပြီးနောက် ကော်မတီ၏စိစစ်မှုများအတိုင်း ဆောင် ရွက်ပြီးဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုမှုကို ရည်ညွှန်း၍ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေး မှူးလည်းဖြစ်သူ ဦးစိုင်းညွန့်လွင်က ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ ကျန်ရှိစာရင်းဝင်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ ကော်မတီဘက်မှ မေးမြန်း နေသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးဟု ၎င်းက အသိပေးသည်။ အဆိုပါစာရင်းကို အခြား သော ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးညိုထွန်းကလည်း အတည်ပြုခဲ့ပြီး ဆက်လက် ညှိနှိုင်းစစ်ဆေးရန် ကျန်နေသေးသည်ဟု ဆိုသည်။

“ကျန်နေတဲ့အမှုတွေက ပြဿနာတွေ နည်းနည်းရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေး တာမှန်ပေမယ့် အခြားထောက်လှမ်းရေးကိစ္စတွေ ဘာတွေ ရှုပ်နေသေးတယ်။ အဲဒီတော့ ထပ်ပြီးညှိနှိုင်း စစ်ဆေးမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါစာရင်းတွင် ရာဇ၀တ်မှုများ ကျန်ရှိနေသဖြင့် ပြစ်ဒဏ်ကျခံနေရသေးသူ နိုင်ငံရေးအကျဉ်းသားများ မှအပ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အစိုးရဘက်မှ လွှတ်ပေးလိုသူအများစုပါဝင်နေပြီး လူ သားချင်းစာနာထောက်ထားသည့်အနေဖြင့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကစိစစ် ညှိနှိုင်းပေးခြင်းဖြစ်သည်ဟု ကော်မတီဝင်များက မဇ္ဈိမကို ပြောသည်။

ရှမ်းနီလူငယ်တစ်ဦး ကေအိုင်အေလက်မှ ထွက်ပြေးလွတ်မြောက်



မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မပြင် ကျေးရွာ သား ရှမ်းနီလူမျိုး စိုင်းမျိုးဝင်းအောင်(ခ) မိုးသီး (ဘ) ဦးမောင်မောင် (ကွယ်လွန်) ဦးကျော်စံ(ပထွေး) အမိ ဒေါ်စင်းရှိန်၏ သားဖြစ်သူ ၂၃ နှစ် သည် မပြင် ကျေးရွာ မုန့်ညှင်းခင်းရွှေမှော်တွင် ရွှေလုငန်း လုပ်ကိုင်နေစဉ် (၂၀၁၃ စက်တင်ဘာလအတွင်းက) ကေအိုင်အေ အဖွဲ့၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး ဇန်န၀ါရီလ ၆ ရက်နေ့က ပြန်လည် ထွက်ပြေး လွှတ်မြောက်ခဲ့သည်။


" ဖမ်းတဲ့အချိန်တုန်းက မပြင်ကနေ စက်လှေနဲ့ လဂျားယန်မှာတစ်ညအိပ်ရတယ်။ နောက်ရက်မှာ လုံးခင်း အောင်လံကို ဆိုင်ကယ်နဲ့ ခေါ်သွားပြီး အောင်လံမှာရှိတဲ့ ရင်း(၆) တပ်ရင်းက တပ်ခွဲမှူး မဂျီဆိုင်းရဲ့ အစ်ကို မဂျီလှတောင် အိမ်မှာ ၂လကျော်နေခဲ့ရတယ်။ အဲ့မှာတုန်းက မဂျီလတောင်နဲ့ သူ့ရဲ့ တူတွေ သားတွေနဲ့ နေရပြီး သူ့ရဲ့ ကုဋေမှော်က ကျောက်လုပ်ငန်းမှာ ကျောက်တူးရတယ်။ အဲ့မှာတုန်းက ကျွန်တော် ထွက်မပြေးနိုင်အောင်လို့လည်း သူတို့ကပဲ အမြဲစောင့်ကြည့်နေကြတာ။ အဲ့မှာ ၂လကျော်နေပြီး သင်တန်းတက်ရမယ်ဆိုပြီးကံစီး ရင်း ၆ တပ်ရင်း ကို ပို့တယ်။

ချက်ချင်းတော့ သင်တန်းမတက်ရသေးဘူး ။ လူမစုရသေးဘူးဆိုပြီး စောင့်နေရတယ်။ သင်တန်းမှူးက ဆရာတူးဆိုတဲ့လူ။ သူက ထောက်လှမ်းရေး ပစ္စတိုတစ်လက်နဲ့ အရပ်ဝတ်နဲ့ ရွာထဲမှာနေတာ။ တလကျော် ကြာမှ သင်တန်းတက်ရတာ။ စုစုပေါင်းသင်တန်းသား ၂၀ ကျော်တယ်။ ကချင်တွေပါတယ်။ လီဆူတွေ ပါတယ်။ ကျွန်တော်တို့ရှမ်းနီက ငါးယောက်လောက်ရှိတယ်။ အားလုံး ဖမ်းခေါ်လာတာ။ သူတို့က ကားမိုင်း လမ်း လွယ်ချိုင်ဘက်က။ ကျွန်တော်က တပ်ခွဲမှူး မဂျီဆိုင်းနားမှာပဲနေရတာ။ သူက နှစ်ပွင့် ။ သူခိုင်းတာ အကုန်လုပ်ပေးရတယ်။

တစ်ညကျွန်တော့်ကို စခန်းစောင့်ခိုင်းတုန်း အပြင်မှာ အိပ်ပျော်သွားတာနဲ့ အရိုက်ခံရသေးတယ်။ ပါးတွေ ရိုက်တာ။ ကျွန်တော့်ကို ကျောက်ကြည့် ဓာတ်မီးပေးထားတော့ ကျွန်တော်ပြေးလာတဲ့နေ့က၃ နာရီ လောက်မှာ သူတို့အပြင်ထွက်သွားကြတုန်း အိမ်သာတက်မလို့ထွက်လာရင်း ထွက်ပြေးခဲ့တာ။ ကင်းသမားက အနားကပ်လာသေးတယ်။ ကျောက်ကြည့် ဓာတ်မီးကို မြေကြီးထိုးလိုက်တော့ ဒီလို ဓာတ်မီးမျိုးက ဗိုလ်ကြီးဆီမှာပဲရှိတယ်ဆိုတာသိတော့ ပြန်သွားလိုက်တယ်။ တောလမ်းကနေလာလိုက်၊ ရွာပြင်ထွက်လိုက်နဲ့ နက်ရောက်တော့ လုံးခင်းမရောက်ခင် ဆန်ခါ စက်လှေဂိတ်မှာ စက်လှေသမား တွေကို ပြောပြီး လယ်ပြင်ဂိတ်ကိုလာခဲ့တယ်။

လယ်ပြင်ဂိတ်မှာ အရင်က သစ်ဆွဲခဲ့တဲ့လောပန်းအိမ်မှာ အကူညီတောင်းတော့ လောပန်းနဲ့တော့ မတွေ့ဘူး သူ့သားက ပိုက်ဆံတစ်သောင်းနဲ့ အ၀တ်အစားတွေပေးခဲ့တယ်။ အစတော့ ကေအိုင်အေ အ၀တ်အစားနဲ့လာခဲ့တာ ။ လမ်းမှာပစ်ထားလိုက်တယ်။ ကိုယ်ပိုင်နံပါတ်တော့မရသေးဘူး။ လယ်ပြင်ဂိတ် ကနေ တံတားညီနောင်ကို ဆိုင်ကယ်ငှားလာခဲ့ပြီး လာခဲ့တယ်။ တံတားညီနောင်မှာက ကေအိုင်အေ ဂိတ်ရှိလို့ အဲ့ဒီကနေ တောလမ်းအတိုင်း ခြေလျင်လျှောက်ပြီး လမ်းမှာတစ်ညအိပ်ပြီး နန့်ယားကို လာခဲ့တယ်။ နန့်ယားရောက်တော့ အစိုးရစစ်တပ်ဂိတ်မှာ အကူအညီတောင်းပြီး ပျဉ်ကားနဲ့ မိုးကောင်းကို လာခဲ့တာ။

မိုးကောင်းကနေ ဟိုပင်ကိုရထားစီးပြီး အိပ်စရာမရှိလို့ မြဇေယျာထဲက ဘုန်းကြီးကျောင်းကို အကူအညီ တောင်းပြီး အိပ်ခဲ့ရတယ်။ မှတ်ပုံတင်မရှိတော့ ဘုန်းကြီးက လ၀က ရုံးကိုသွားပြီး ထောက်ခံစာ လုပ်ခိုင်းတော့ သူတို့မြို့နယ်မဟုတ်လို့ဆိုပြီးလုပ်မပေးပဲ စရဖ ရုံးကိုသွားခိုင်းတယ်။ စရဖရုံးကလည်း အလင်းဝင်ဖို့ ပြောတော့ ကျွန်တော်လည်း အလင်းတော့မ၀င်ချင်ဘူးဆိုပြီးထွက်လာတာ။

အလင်းဝင်ရင် သူတို့ဆီမှာအကြာကြီးနေရမယ်။ ပြီးတော့ ထောင်သားတွေလိုခိုင်းတာလို့ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးတစ်ယောက်က ဟိုပင်မှာ ရှမ်းနီအရေးတွေလုပ်နေတဲ့ ရှမ်းနီပါတီအဖွဲ့တွေရှိတယ်ဆိုပြီး သူတို့နဲ့ ဆက်သွယ်ဖို့ပြောလို့ သူတို့နဲ့ဆက်သွယ်ပြီး သူတို့က ကျွန်တော်အတွက်လုံခြုံတဲ့ ဒီနေရာကို ပို့ပေးတာပါ။" ဟု စိုင်းမျိုးဝင်းအောင်က အပြည့်အစုံဖြေကြားသည်။

၎င်း ထွက်ပြေးလွတ်မြောက်လာခြင်းမရှိမီ ၎င်း ရှေ့တွင် ကေအိုင်အေ တပ်စခန်းမှ ကချင်လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ရှမ်းနီ လူငယ်တစ်ဦး ထွက်ပြေးရန်ကြိုးစားစဉ် ပြန်လည်ဖမ်းမိခဲ့သဖြင့် ခြေလက်ထိပ်များဖြတ်ကာ တိုင်တွင်ကြိုးခြည်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ကိုမြင်တွေ့ခဲ့ရသည် ဟုလည်း ၎င်းကပြောကြားသည်။

အင်းတော်ကြီးဒေသ မပြင်ကျေးရွာသည် အစိုးဌာနများ၏ ထိန်းချုပ်မူမှ လွတ်မြောက်နေပြီး ကေအိုင်အေ တပ်သားများ မကြာခဏ ၀င်ထွက်သွားလာလျှက်ရှိကြောင်းသိရသည်။

ရှမ်းနီသတင်းဌာန

အမျိုးသမီးများအတွက် ကျောက်ချဉ်အစွမ်း



အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ် နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။


ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ် ပရိသတ် တိုင်း သိနား လည် ပြီး ဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်း တိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီး သီး ရှိတတ် ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါ တယ်။

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။ ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင် သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။ ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။ ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ် ညစ်နေရ သူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။ ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေ အတွက် လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေ ပါတယ်။ ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေ လည်း ကျယ် တာကိုလည်း ကျဉ်းစေ တဲ့ သတ္တိရှိပါတယ်။ ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။

လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့ တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။ နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်း ဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

Myanmar Model

ဆိုင်ကယ် စီးဦးထုပ် ဆောင်းထား ခြင်းက သေဆုံးမှုကို ၄၀ ရာခိုင်းနှုန်း လျော့ကျစေ ဟုဆို


63677_399456040201307_1565352642_n

ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းကာ စီးနင်း သည့်အခါ မတော် တဆဖြစ်စဉ် တစ်စုံတစ်ခု ကြုံတွေ့ ချိန်တွင် သေဆုံးမှုကို ၄၀ ရာခိုင်းနှုန်း လျော့ကျစေ နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ 2013 Global Road Safety တွင် ဖော်ပြထားကြောင်း ဆိုင်ကယ်နှင့် ပတ်သက်၍ လေ့လာနေသူတစ်ဦးက ပြော ကြားသည်။

ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦး ထုပ်ဆောင်း ကြရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၉၀၌ ဥပဒေများ ထုတ်ပြန်ထားလျက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများ အခန်း (၇) ပုဒ်မ ၁၇၄ တွင် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များကို ပြဋ္ဌာန်းပေးထားပြီးလည်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ဂရုတစိုက်လိုက်နာ စီးနင်းလုပ်ဆောင်ခြင်းဖြင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်များ လျော့ကျစေပြီး သေဆုံးခြင်းကြောင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်း အမြစ်များ ပြုန်းတီးပျောက်ဆုံး သွားခြင်းကိုလည်း ကာကွယ်ရာ ရောက်စေနိုင်ကြောင်း သိရသည်။

MOI Webportal Myanmar

GSM ရယ်ပီတာ တပ်ဆင်ပေး ဆောင်ရွက်


http://myanmarpyithar.org/wp-content/uploads/2014/01/1505066_444428255685046_1941699622_n.jpg

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လပွတ္တာ မြို့နယ် ကန်ဘက်ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွါး ပြီးနောက် ဆက်သွယ်ရေးပစ္စည်းများ ပြတ်တောက် ခဲ့သည့်အတွက် လပွတ္တာမြို့နယ် မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း မိုက္ကရိုဝေ့ တာဝန်ခံ ဦးဘိုဘိုနှင့်အဖွဲ့ သည် ဇန်န၀ါရီ (၇) ရက်နေ့က ဖုန်းများခေါ်ဆို နိုင်သော GSM ရယ်ပီတာ တပ်ဆင်ပေးခဲ့ရာ ကျေးရွာ အတွင်းမှ ပြည်သူများက ဖုန်းဆက်သွယ်မှု အဆင်ပြေလျက်ရှိပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လိုအပ်သည့်နေရာများကိုလည်း GSM ရယ်ပီတာ (၃) လုံးတပ်ဆင်ပေးသွားမည်ဖြစ် ကြောင်းနှင့် မီးဘေးသင့်ပြည်သူ တစ်ဦးကလည်း ယခင်ရက်များက ဖုန်းကတ်များထုတ်ပေးထားသည့် အတွက် ယခု ဆိုရင် ဖုန်းဆက်သွယ်ပြောဆိုနိုင်ကြောင်း ၀မ်းသာပီတီစကားများလည်း ပြောကြားခဲ့ကြောင်း ကြားသိခဲ့ရပါ သည်။

MOI Webportal Myanmar

လုပ်ချလိုက်ပြန်ပြီ…ဒေါ်စုကြည်



ကျွန်တော်ဟာ (NLDပါတီနဲ့ ဒေါ်စု )Antiသမား မဟုတ်ပေမယ့် မြန်မာနိုင်ငံရဲ့အဓိက အတိုက်ခံပါတီနဲ့ ကမ္ဘာသိနိုင်ငံရေးသမား တစ်ဦးဖြစ်တာကြောင့် သူတို့ပါတီနဲ့ ပါတီဥက္ကဌရဲ့ လားရာကို တစ်စေ့ တစ်စောင်း အကဲခတ်မိကြောင်းပါ။ ကျွန်တော်လေ့လာ မိသမျှ ကျွန်တော်ကပဲ နုံလွန်းလှလို့လား မသိဘူး။ သူတို့ပြော၊ သူတို့ လုပ်နေတာတွေက လိုက်မမီဘူးဗျ။သူတို့ လုပ်ရပ်နဲ့ သူတို့ စကားက မိုးတစ်ခြား၊မြေတစ်ခြား။


တရားဥပဒေစိုးမိုးရေးလို့ မိုးပြော၊ဂျိုးပြော ဘယ်လောက် ပြောနေ ပေမယ့် သူတို့ပါတီ အတွင်းစည်းကတော့ ခုထိဥပဒေမဲ့ အပြုမူ တွေကို ချိုးဖောက်နေဆဲပဲ။ဟိုတစ်လောကပဲ ဒေါ်စု ကာတာက ပြန်အလာမှာ ဆန္ဒပြတဲ့သူတစ်ဦးကို ကိုယ်ရံတော်တပ်မှူးတွေက တရးဥပဒေချိုးဖောက်ပြီး ကိုယ်ထိလက်ရောက် ၀ိုင်းဝန်းထိုးကြိတ် လိုက်တယ် ဆိုလားပဲ။ဒါတောင်မှ အရင်က အလားတူကိစ္စတွေ ချီးခြောက် ရေမနူးသေးဘူးနော်။ အင်း.. ခင်ဗျားတို့နားကလူတွေကမှ စွမ်းအားရှင်လက်သစ် ဖြစ်မှန်းမသိ ဖြစ်နေကြပြီ။

ခင်ဗျားတို့ပြောတော့ လူ့အခွင့်အရေးဆို၊လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိရမယ်၊လွတ်လပ်စွာဟောပြောခွင့် ရှိရမယ်။ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ရှိရမယ်ဆို။ကဲ..ဘယ်မှာလဲ။ခင်ဗျားတို့စကား။ဘယ်မှာလဲ အမှန်တရား။ယိုသူမရှက် မြင်သူရှက်ပါပဲ။ဘယ်သူက ဒီစကားတွေကို တာဝန်ခံလဲ။ဘယ်သူကများ ကိုယ့်လူ ကိုယ် နိုင်အောင်ထိန်းနိုင်သလဲ။ဆရာမနိုင် နှစ်ဆောင်ပြိုင်မဟုတ်တော့ဘူး။ ဘုန်းကြီးရူးနဲ့လှေလူးတွေ အဆင့် ဖြစ်နေပြီ။

ခုလည်း မယ်ဒေါ်က ချင်းပြည်နယ်သွားပြီး လျှာရိုးမရှိ ပြောနေပြန်ပြီ။ ကျောင်းသားတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတာကတော့ ကျွန်မတို့နိုင်ငံကို ဒီမိုကရေစီ မဖြစ်စေချင်တဲ့ လူတွေရဲ့ ပြောစကားပါတဲ့။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ဘူးဆိုရင် ဒီမိုကရေစီစနစ် ဘယ်တော့မှ မထွန်းကားနိုင်ပါဘူးတဲ့။ ကျွန်မ ကတော့ အဲဒါကို လုံးဝ၊လုံးဝ ဆန့်ကျင်ပါတယ်တဲ့။

နောက်လာသေးတယ်။ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ၀န်ထမ်းဟူသည် ပါတီ နိုင်ငံရေးကင်းရှင်း ရမည်လို့ အတည်ပြုပြဌာန်းထားတာရှိပါတယ်။ ဒါကို သူက ဌာနတွင်းမှာတော့ မလုပ်ရဘူး။ အလုပ်ပြင်ပ မှာတော့ လုပ်ခွင့်ရှိရမယ်။ အလုပ်ပြင်ပမှာ ပါတီဝင်ထားနိုင်ရမယ်။ ပါတီအလုပ်တွေကိုတော့ အလုပ်ခွင် တွင်းကို မယူခဲ့ရဘူးတဲ့။

မှတ်တောင်ထားရဦးမယ် ဒေါ်စုရေ။ ခင်ဗျားတို့ သား၃သားကို ခုတုံးလုပ်စားတာ မ၀သေးဘူးလား။ တစ်ပြည်လုံးမှာ ၂သန်းကျော်လောက်ပဲရှိတဲ့ ၀န်ထမ်းတွေကို ခုတုံးလုပ်ပြီး အုပ်ချုပ်မှု ယန္တရားကို ထပ် ပျက်ပြားစေချင်တာလား။ နိုင်ငံတော်က ဒီအရေတွေ ကြိုမြင်လို့ လုပ်သင့်လုပ်ထိုက်တာ လုပ်။ တားမြစ် သင့်တာ တားမြစ်ထားတာပါ။ပြောရရင် သမိုင်းထဲက သင်ခန်းစာယူခဲ့တာပါ။

ခင်ဗျားကတော့ ကမ္ဘာ့သမိုင်းဆို ခင်ဗျားသိပ်အထင်ကြီးတဲ့ အနောက်နိုင်ငံတွေ အကြောင်းနဲ့ ဘာသာရေး ဆို ပုပ်ရဟန်းမင်းကြီး ၊လူ့အခွင့်အရေးလှုပ်ရှားသူဆို ဒလိုင်းလားမားလောက်သာ သိထားသူဖြစ်လေတော့ မြန်မာ့နိုင်ငံရေးသမိုင်းဆိုတာ သေချာဂဏ ဘယ်သိပါမလဲ။သိသိကြီးနဲ့ မျက်ကွယ်ပြုထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။

ကျောင်းသားတွေ နိုင်ငံရေးလုပ်တာနဲ့ ပတ်သက်ပြီး ကျုပ်က ကန့်ကွက်တယ်ဆို ခင်ဗျားတို့က Long long ago နဲ့ ပြန်ပက်ကြပါလိမ့်မယ်။ ကိုလိုနီခေတ်တုန်းက ဘယ်လို၊သခင်တွေဆိုတာ ဘယ်ညာနဲ့ သမိုင်း ရေနူးပြပါလိမ့်မယ်။ဟုတ်ပါတယ်။ သူတို့တုန်းက ကျောင်းသားတွေ နိုင်ငံရေးလုပ်တယ်ဆိုတာ ခင်ဗျား လွှတ်အထင်ကြီးတဲ့ လင်တော်မောင်တိုင်းပြည်က ကျွန်သက်ရှည်ဖို့စီမံထားတဲ့ဗျုရိုကရက် ပညာရေး စနစ်တွေကို ဆန့်ကျင်တာ။ သူ့ကျွန်ဘ၀ လွတ်မြောက်ဖို့တွက် ခေတ်ပညာအမြော်မြင်ရှိတဲ့ ကျောင်းသား တွေက ဦးဆောင်တာ။ လုပ်သင့်တဲ့ အချိန်လုပ်သင်တဲ့ အလုပ်ကို လုပ်ခဲ့တာ။ကျုပ် သူတို့ကို အထင်လည်း ကြီးတယ်။လေးလည်း လေးစားတယ်။

ဒါပေမယ့် ဒီဘက်ခေတ်တွေမှာက ခင်ဗျားတို့လို အာဏာဆိပ် ငယ်ထိပ်တက်နေသူတွေက ခင်ဗျားတို့ အာဏာ ရဖို့ အသုံးချတာ။ ဦးသန့်အရေးအခင်းတုန်းကတစ်ခါ။ ၈၈တုန်းကလည်းတစ်ခါ၊ ခုလည်း ဟိုမှာ ဒီမှာ မနူးမနပ်နဲ့ နို့နံ့မစင်သေးတဲ့ ကျောင်းသားလေးတွေကို စတေးနေတာ တွေ့နေရပြန်ပြီ။

ခုခင်ဗျားက အတိအလင်း စကားလမ်းကြောင်းခင်းနေပြန်ပြီ။ ခင်ဗျားမှာ ကိုယ်ချင်းစာစိတ်ကောရှိရဲ့လား။ ဘယ်ရှိပါ့မလဲ။ ခင်ဗျားကို ပေါ်တင်တစ်မျိုး၊ တိတ်တစ်ဆိတ် တစ်ဖုံ ၊နည်းမျိုးစုံ ထောက်ပံ့ပေးကမ်း ထားတာတွေက ခင်ဗျားသားတွေ ဆယ်သက်စားလို့မှ မကုန်တာပဲ။ နောက်ပြီး ခင်ဗျားသားတွေက ဒီနိုင်ငံ သားတွေ မဟုတ်ဘူး။သူတို့က ဟိုမှာ ဒူးနှံ့ပြီးနေရုံပဲ။ ခင်ဗျားပြောတော့ ပညာရေးစနစ်တွေ ညံ့ဖျင်းတယ်ဆို။ ဒါဆို ပညာရေးစနစ်ကောင်းဖို့ ဘယ်လို ဘယ်ပုံကြံဆသင့်တယ်ဆိုတာ တစ်ခွန်းမဟပဲ သူတို့ရဲ့ ပညာရေး၊ သူတို့ရဲ့ ဘ၀၊သူတို့ရဲ့ အနာဂတ် တစ်ခန်းရပ်သွားနိုင်တဲ့ နိုင်ငံရေးဆိုတာကြီးကို ဘာလို့ဘေးတီး ပေးရ တာလဲ။ ဘာလဲ..ခုထိ ကျောင်းသားခေါင်းဆောင် လုပ်နေတဲ့ ဖင်မွှေးနီ ယောင်တော်ပြန်များလို ပြောင်ပြောင် ယောင်ယာင် ဖြစ်အောင်လား။ဟို လတ်ယား လတ်ယား၊ဒီလတ်ယား လတ်ယားနဲ့ နားမလည် ပါးမလည်ဘဲ ထောင်နှုတ်ခမ်းနမ်းရအောင် မဲဆွယ်တာလား။

ကျောင်းသားတွေ နိုင်ငံရေးဗဟုသုတရအောင်၊နိုင်ငံရေး မျက်ခြေမပြတ်ရအောင် ပြဌာန်းစာအုပ်တွေထဲက သင်ရိုးတွေမှာ အတန်းနဲ့ လျှော်ညီတဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ ထည့်သွင်းသင့်တယ်လောက်ဆို တော်ပြီ ပေါ့ဗျာ။ ခုကျ ခင်ဗျားက ဆွရ၊ သိမ်းသွင်းရ လွယ်ကူတဲ့ အဖြူထည်လေးတွေကို ညစ်နွမ်းစေရေး လမ်းကြောင်းပေးနေပြန်ပြီ။

နောက်ပြီး ၀န်ထမ်းနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးလုပ်ခွင့်ပေးခဲ့စဉ်က ဘယ်လောက် တောင် ကွဲပြဲကြသလဲ။ တစ်ခြင်ထောင်ထဲက လင်မယား၂ယောက်တောင် မညီညွတ်နိုင်အောင် ကွဲပြဲ ဘူးခဲ့တာခင်ဗျားသိပါသလား။ ဖဆပလ ၂ခြမ်းကွဲတော့လည်း လိုက်ကွဲ။ နုတင်-ဆွေငြိမ်း ကွဲတော့လည်း လိုက်ကွဲ။ ဦးဗိုလ်သခင်ကွဲတော့လည်းလိုက်ကွဲ။ ဒါတွေကို ခင်ဗျား မသိချင်ယောင် ဆောင်နေတာလား။ ဘယ်လောက်ပဲ အပေါ်ယံ ဟန်ဆောင်စကားလုံးတွေသုံးသုံး ခင်ဗျားခုထိ ၀န်ထမ်းတွေကို ခုတုံးလုပ် ချင်တုန်း ဆိုတာ သိပ်ကိုသိသာလွန်းလှတယ်ဗျာ။ ခင်ဗျားကတော့ ပေါ့ပေါ့ပါးပါးပဲ။ ပါတီအလုပ်ကို လုပ်ငန်း ခွင်ထဲ သယ်မလာနဲ့တဲ့။ တကယ့်တကယ် မဲစွယ်ကြပြီဆိုရင် ဘယ်သူကထိန်းနိုင်မတုန်း။ လူဆိုတာ ခွေးချင်း ကိုက်ရင်တောင် ကိုယ့်ခွေးကို အနိုင်ရစေချင်တာ။ ဘယ်ဥပဒေနဲ့ တားတာ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ် တစ်ဖုံ မီးကုန်ယမ်းကုန်ဖြစ်လာကြမယ်။ သူ့ထက်ငါ အသာရစတမ်း တိုက်ပွဲတွေ ကြမ်းလာ ကြမယ်။ အဲဒီလိုတွေဖြစ်လို့ အမှိုက်ကစ ပြဿဒ်မီးလောင်ပြီး အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားရင် ဘယ်သူတွေ ထိခိုက်မတုန်း။ ဘယ်သူတွေနစ်နာမတုန်း။ ခင်ဗျားတို့က စင်ပေါ်ကလူ။ ကျုပ်တို့တွေက တုံးအောက်က ဖား။ ခြားနားချက်က မိုးနဲ့ မြေ။ခင်ဗျားလုပ်ရပ်နဲ့ စိတ်ဓာတ်တွေက စကားထဲက ဇာတိပြ ဆိုသလို တဖြည်းဖြည်း သေးသိမ်လာနေသလိုကြီး ကျုပ်တို့ခံစားနေရတယ်။

ပြောနေတာလည်း တော်တော်လေးများသွားပြီ။နောက်ဆုံးပြောချင်တာက မသိနားမလည်တဲ့သူတွေကို ခုတုံးလုပ် အမြတ်ထုတ်တာ ရပ်တန်းက ရပ်သင့်ပါပြီ။နိုင်ငံတိုးတက်မှု နှောင့်နှေးအောင် အတ္တကို ရှေ့တန်း တင်ပြီး အမှန်ကို အမှန်တိုင်း မမြင်တာတွေလည်း နဖူးေါ်လက်တင် သုံးသပ်သင့်ပါပြီ။ဘယ်သူသေသေ ငတေမာပြီးရော စိတ်သဘောကိုလည်း ပြန်လည်စစ်ကြောသင့်ပါပြီ။

…ကမ္ဘာကျော် နိုဘယ်ဆုရှင်ကနေ ကမ္ဘာကျော် စောက်တလွဲဖြစ်နေတာတွေကိုလည်း ကိုယ်ကိုယ်ကိုယ် ဝေဖန်ပိုင်ခြားပြီး လူ့စည်းဘီလူးစည်း ပိုင်ခြားနားလည်သင့်တယ်လို့(အတွေးအခေါ်တွေ ဘေးချော် နေသလား၊ တမင်ကလာ ၀င်ပါစေဖို့ပဲ သွေးထိုးလှုံ့ဆော်နေသလား) လေနဲ့ ၀မ်းမကွဲပြားတဲ့ ခင်ဗျားနဲ့ ခင်ဗျားပါတီက ကိုသိ၊ ကိုတတ်၊ကိုေ…ာက်…တ်တွေကို ဆရာမဟုတ်ပေမယ့် ဆရာလုပ်လိုက်ပါရစေ။

(အပြောရိုင်းပေမယ့် စေတနာမရိုင်းသူ တာဝန်သိ ပြည်သူတစ်ဦး)

From: We Love True

ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ



မြောက်ဥက္ကလာပမြို့နယ် ခ ရပ်ကွက် ၀ါပ ဆွမ်း လောင်းအသင်းမဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌ ဦးတင်ထွန်းကို လူ ၅ ဦးက ခဲဖြင့် ၀ိုင်းထုသဖြင့် ဦးခေါင်းတွင် ဒဏ်ရာကာ ၂၂ ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။


ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၇ရက် ညနေ ၄ နာရီခန့်တွင် ၀ါပဆွမ်းလောင်းအသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌက အနာကပ် ပလာစတာ ၀ယ်ရန် လမ်းထိပ် ဈေးဆိုင်သို့ အသွား တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင် လာသော ယောက်ျားသုံးဦးစီးလာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်လုနီးပါးဖြစ်ခဲ့ရာ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့ကြောင်း၊ ၎င်းသုံးဦးက ဆိုင်ကယ်မောင်း၍ ဆက်လက် ထွက်သွားခဲ့ ပြီး ဦးတင်ထွန်းက ပြန်လာကာ အဖော်များနှင့် ခြင်းလုံးခက်နေစဉ် ၎င်းသုံးဦး ပြန်ရောက်လာပြီး “မင်းက မကျေနပ်ဘူးလား”ဟု ပြောဆိုရာ ကိုတင်ထွန်းက ထိုသုံးဦးအား တောင်းပန်ပြီး ခြင်းလုံး ဆက် ခတ်နေကြောင်း ကာယကံရှင် ဦးတင်ထွန်းက ရှင်းပြသည်။

ယင်းနောက် မကြာမီတွင် ၎င်းတို့ ၃ဦးအပြင် နောက်ထပ်၂ဦးကို ထပ်မံခေါ်လာကာ အုတ်ခဲများဖြင့် ဦးတင်ထွန်းအား ၀ိုင်းထုကြကြောင်း၊ လက်ဖြင့်ကာရင်း နောက်ဆုတ်သွားရာ ဓာတ်တိုင် တစ်တိုင်ခန့်အကွာ အရောက်တွင် လဲကျသွားခဲ့ရာ မလှုပ်နိုင်တော့သည့် အခြေအနေရောက်အောင် ခဲများဖြင့် ထုခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

အနီးဝန်းကျင်ရှိ လူများရောက်လာချိန်တွင် ရိုက်နှက်သူများ ထွက်ပြေးသွားကြပြီး ဦးတင်ထွန်းမှာ သတိမေ့ သွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသဆောင်သို့ ပို့ဆောင်လိုက်ရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ရဲကတော့ မနေ့ ညနေက ကျွန်တော့်ကို လာစစ်သွားတယ်၊ တရားခံတွေက ထွက်ပြေးနေတုန်းပဲ၊ ကျွန်တော့် ကို ကြိုးစားပေးပါ မယ်လို့တော့ ပြောသွားတယ်”ဟု ကာယကံရှင် ဦးတင်ထွန်းက ပြောကြား သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပရဲစခန်းမှ အမှုစစ်ဆေး ဆက်သွယ်မေးမြန်းရာ အထက် အရာရှိနှင့် စကားပြောနေသဖြင့် မအားလပ်သေးကြောင်း ပြန်လည်ပြောကြားသည်။

People power

NLD က ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာလား...။ ပြည်သူတွေက NLD အတွက် ပေးဆပ်ခဲ့ရတာပါလား

အန်တီစုကြားဖြတ်ရွေးကောက်ပွဲဝင်တာက ၂ဝ၁ဝ နောက်ပိုင်းမှပါ...။

အန်တီ့အနေနဲ့ ၂ဝဝ၈ ကတည်းက ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းပုံကို ဆန္ဒပြမယ်ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲ မဝင်ခင်တည်းက ၅၉(စ) မပြင်ပေးရင် ကြားဖြတ်မဝင်ဘူးလို့ ပြောခဲ့သင့်တယ်...။ ဒါမှ ပိုပြီး effective ဖြစ်နိုင်လိမ့်မယ်...။


ဒီဥပဒေကို မကျေနပ်ဘူးဆိုရင် ဒီဥပဒေနဲ့ကိုယ့်ကိုရွေးမှာလည်း သဘောကျဖို့ မရှိပါ...။ ကိုယ်သဘော မကျတဲ့ဥပဒေထဲက အချက်တွေနဲ့ ကိုယ့်ကိုရွေးမှာဆိုတော့ ကျွန်တော်သာဆို ဒီဥပဒေကြီးကို သတီမှာ မဟုတ်တာ သေချာပါတယ်...။

ကိုယ်သမ္မတမဖြစ်နိုင်တဲ့ ပုဒ်မတစ်ခုမှန်းသိခဲ့ရဲ့နဲ့ ပြင်မပေးသေးဘဲ ကြားဖြတ်တော့ ဝင်လာခဲ့ပြီးမှ သမ္မတ မဖြစ်ရရင် ဆန္ဒပြမယ်ဆိုတာတော့ ပြည်သူတွေကို ပင်ပန်းစေတာပါပဲ...။ (တခြားပုဒ်မတွေကို ဆန္ဒရှိသလို ညှိနှိုင်းပြင်နိုင်ပါတယ်)

အရင်က အန်တီတစ်ခုခုလုပ်ရင် ပြည်သူတွေအားလုံး ရှေ့ကနေ စစ်အာဏာရှင်တွေရဲ့ အနှိပ်စက်ခံ၊ ထောင်ထဲ အရောက်ခံပြီး ကာကွယ်ပေးခဲ့ကြတယ်...။

အရင်က စစ်အာဏာရှင်နဲ့ ကိုယ့်ကိုချစ်တဲ့ ပြည်သူတွေကို ထိပ်တိုက်တွေ့ပေးခဲ့တယ်....။ အခုဆိုရင် အန်တီ့ကို အားပေးသူနဲ့ အန်တီ့ကိုသဘောမကျတဲ့ပြည်သူတွေဟာ အားမျှခြေအနေအထားလောက်ကို ရောက်နေပြီဆိုတော့ ဒီတစ်ခါဆန္ဒပြရင် ထောက်ခံသူနဲ့မထောက်ခံသူ ပြည်သူချင်း ထသတ်ကြမယ့် အနေအထားတစ်ခု ရောက်သွားနိုင်ပါတယ်...။

အန်တီကိုချစ်ကြလို့ လူတစ်ယောက်အန္တရာယ်ကင်းဖို့ ပြည်သူတွေများစွာ အသက်ပေးခဲ့ကြပါပြီ....။ NLD အတွက် ပြည်သူတွေ နှစ် ၂ဝ ကျော်ပေးဆပ်ခဲ့ကြပြီးပါပြီ...။

(တစ်ခုလေးမေးပါရစေ...။ NLD က ပြည်သူတွေအတွက် ပေးဆပ်ခဲ့တာလား...။ ပြည်သူတွေက NLD အတွက် ပေးဆပ်ခဲ့ရတာပါလားခင်ဗျာ...။)

ကိုကိုးအိမ်

ဘန်ကောက်မြို့လုံးကျွတ် ပိတ်ဆို့ဆန္ဒပြမည့် ဇန်နဝါရီ ၁၃ တွင် မြန်မာလုပ်သားများ ရှောင်ရှားသွားလာကြရန် သံရုံးသတိပေး



ဘန်ကောက်တစ်မြို့လုံး ပိတ်ဆို့ ဆန္ဒပြမှု ပြုလုပ် မည့် ယခုလ ၁၃ ရက် နေ့၌ မြန်မာလုပ်သားများ အနေနှင့် ဆန္ဒပြနေရာများကို ရှောင်ရှားသွားလာကြ ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးက ဇန်နဝါရီ ၆ ရက်နေ့ရက်စွဲဖြင့် သတိပေးတိုက်တွန်း နှိုးဆော်ချက် ထုတ် ပြန်ထားသည်။


ထိုင်းနိုင်ငံအတွင်းပြည်တွင်း နိုင်ငံ ရေး အခြေအနေ များနှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပေါ်နေပြီး ၄င်း အခြေ အနေများအတွင်း၌မြန်မာနိုင်ငံသားများ အနေနှင့်လုံခြုံရေး အတွက်အထူးဂရုစိုက်ရန် လိုအပ်မည် ဖြစ်ကြောင်း ထိုထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပေါ်နေ သည့် နေရာဒေသများအား ရှောင်ရှား ရန်အပြင် အဆိုပါ ဆန္ဒပြနေ့ရက် မတိုင် မီ ထိုင်းနိုင်ငံတွင်း ရှေ့ပြေးပြု လုပ်မည့် နိုင်ငံရေးနှင့် ပတ်သက်သော လူစုလူဝေး များ၊ ဆန္ဒပြမှု များနှင့် လူစုရုံးချီတက်ခြင်း များ တွင်ပါ ပါဝင်ပတ်သက်ခြင်းမပြုရန် လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ သံရုံးအနေဖြင့် ထိုင်း -မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကောင်း မွန်မှု အခြေအနေများ ထိန်းသိမ်း ရန်နှင့် ချစ်ကြည်ရေးပျက်ပြားစေမည့် အပြုအ မူများ ရှောင် ရှားနိုင်ရန် တိုက်တွန်းနှိုး ဆော်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

ထို့အပြင် ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအနေဖြင့် ဆန္ဒပြ လူစု လူဝေးရှိရာ ဒေသများ သိရှိနိုင်ရန် သတင်း၊ မီဒီယာများ မပြတ်တမ်း လေ့ လာရန် လိုအပ်မည်ဟု အကြံပြုထား သည်။ အဆိုပါ ကိစ္စရပ်များ အတွက် ထိုင်း နိုင်ငံရောက်မြန်မာများအပေါ်မည်ကဲ့သို့ သော အကာအကွယ် များပေးသွားရန် ရှိမည်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး သို့ ပေါ်ပြူလာနယူးစ်မှ ဆက်သွယ်မေး မြန်းသော်လည်း မရခဲ့ပေ။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်း ၌လည်း ထိုင်းတွင် မြန်မာနိုင်ငံသားတစ် ဦး ထိုင်းအစိုးရအတိုက်အခံများ ဆန္ဒပြ ရာနေရာအနီးဖြတ်သွားရာ မှ သေနတ် ထိမှန်ခဲ့သည်။

Popular Myanmar News Journal

အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ မက်လုံးပေးခြင်းများ ပြုလုပ်၍ ရသင့်ရထိုက်သော အခွန်များ တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် က ပြောကြားသည်။


ဇန်န၀ါရီ ၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး (၁/၂၀၁၄)တွင် နိုင်ငံတော် သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အနာဂတ်ကာလတွင် မိမိတို့ နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ အစိုးရ၏ အသုံးစရိတ်များ ကို နိုင်ငံတော်က ကောက်ခံရရှိသော အခွန်ငွေနှင့် ရပ်တည် ဆောင်ရွက်နိုင်သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သော အခွန်အကောက် ရရှိရေး၊အခွန်ထမ်းပြည် ဟး လူထုအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လိုလားစွာ အခွန်ထမ်းဆောင်သော အခွန်ယဉ်ကျေးမှု ထွန်း ကားရေး၊ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော ပွင့်လင်းမြင်သာသော၊ ရှင်းလင်းလွယ်ကူစွာထမ်းဆောင်နိုင် သော၊ မသမာမှု ကင်းရှင်းသော အခွန်စနစ် ဖြစ်ထွန်းပေါ်ပေါက် လာစေရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်းဟု ဆိုသည်။

အနာဂတ်ကာလတွင် မိမိတို့ နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံ တော်က ကောက်ခံရရှိသော အခွန်ငွေနှင့် ရပ်တည် ဆောင်ရွက်နိုင်သည့် နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင် ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရသင့်ရထိုက်သော အခွန်အကောက် ရရှိရေးအဆိုပါ အစည်းအဝေး တွင် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေငွေစာရင်း၊ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ၂၀၁၄ ခုနှစ် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးခဲ့ကြပြီး ယင်းဥပဒေ ကြမ်းများကို ယခုကျင်းပမည့် ပြည်ထောင်စု လွှတ် တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းများအရ စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၉၂ ရာခိုင်နှုန်းအား ပညာရေးအတွက် လည်းကောင်း၊ ၃ ဒသမ ၃၈ ရာခိုင်နှုန်းကို ကျန်းမာရေး အတွက်လည်းကောင်း သုံးစွဲထားပြီး နိုင်ငံ့ဝန် ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ထည့်သွင်းလျာထားကြောင်း သိရသည်။

ခရိုနီလုပ်ငန်းရှင်များ အပါအ၀င် လုပ်ငန်းရှင် ကြီးများသည် ၎င်းတို့ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအောက်ကိုသာ ပေးဆောင်နေကြကြောင်း သိရသည်။

အခွန်တိမ်းရှောင်မှုများအား ဖော်ထုတ်ပြီးပါကလည်း အရေးယူ ဆောင်ရွက်သင့်သည့် အခွန်တိမ်းရှောင်မှု မျိုး ဆိုပါက အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မှသာ ထိုက်သင့်သည့် အခွန်ပမာဏကို ရရှိမည် ဖြစ်သည်။ သမ္မတ အနေဖြင့် ဖော်ထုတ်ရန်နှင့် ကောက်ခံရန်ကိုသာ ထည့်သွင်း ပြောကြားခဲ့ပြီး အရေးယူ ဆောင်ရွက်ရမည့် အပိုင်းကိုမူ ထည့်သွင်းပြောကြား သွားခဲ့ခြင်း မရှိပေ။

Eleven Media Group

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သာဖြစ်ဟု ပူးပေါင်းကော်မတီ ပြောကြား



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရန် ရှိ၊ မရှိ ဆိုသည်မှာ ပြည် ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်သာ ဖြစ် သည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ရီက ဇန်န၀ါရီ ၇ ရက်တွင် ပြောကြား သည်။


ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပြည်သူများ ထံမှ အကြံပြုချက်စောင်ရေ စုစုပေါင်း ၂၈၂၄၇ စောင် ရရှိခဲ့ပြီးနောက် ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်သို့ လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဖြစ်သည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည် ဆိုသည်မှာ ပြည် ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက် အတိုင်းသာ ဆက်လက် ဆောင်ရွက်မည်ဟု ဦးခင်မောင်ရီက ပြော ကြား သည်။

“ကျွန်တော်တို့ ပူးပေါင်းကော်မတီကတော့ လာမယ့်လွှတ်တော်မှာ အစီရင်ခံစာတင်မယ်။ အစီရင်ခံစာကို အခန်းအလိုက် စိစစ်ဖို့ ကော်မတီ ငါးခုခွဲမယ်။ ပြီးတော့ စိစစ်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်မယ်။ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်ကိုတင်တဲ့ အစီရင်ခံစာကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်မလား။ လွှတ် တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ ထောက်ခံချက်နဲ့ပြင်လို့ရတဲ့ အချက်တွေကို လွှတ်တော်မှာ မဲခွဲဆုံး ဖြတ် ကြမလားဆိုတာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တွဲဖက်အတွင်း ရေးမှူး ဦးခင်မောင်ရီက ပြောကြားသည်။

“အကြံပြုချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနဲ့ မဲခွဲဆုံးဖြတ်လို့ရတဲ့ အချက်တွေပါရင် အဲဒါတွေကို ဘယ်လိုဆောင်ရွက်မလဲ။ ချက်ချင်းလုပ်လို့ရတဲ့ ကိစ္စတွေကို ချက်ချင်းပြီးပြတ်အောင် ဘယ်လို လုပ်မလဲစတဲ့ အချက်တွေက ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးအေး မောက်ကလည်း ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ရောက်ရှိခဲ့သည့် ပြည်သူများထံမှ အကြံပြုချက်များအနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါ နိုင်ငံတော်၏ အခြေခံမူများကို ပြင်ဆင်ရန် အကြံပြုချက်သည် အများဆုံးဖြစ်ကြောင်း အဆိုပါ ကော်မတီမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူ့အကျိုးစီးပွားကို ကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအား သုံးသပ်ပြင်ဆင်ရာတွင် သတိကြီးစွာဖြင့် ဆောင်ရွက်ရန် လိုသလို ကောင်းရန်အတွက် ပြောင်းလဲသင့်သည်များကို ရဲဝံ့စွာဆောင်ရွက်ရန် အရေး ကြီးကြောင်း အာဏာရ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များအား ပြောကြားထားသည်။

Eleven Media Group

ပြည်ခိုင်ဖြိုးပါတီ အားဆဲသည်ဟုဆိုကာNLD ပါတီဝင်ဟောင်း ကျေးရွာ ဥက္ကဌ ခုံရုးံဖွဲ့ စစ်ဆေးခံရ

ပြည်ခိုင်ဖြိုး ပါတီအား ဆဲဆိုသည်ဟု တိုင်ကြားခြင်းခံရသော NLD ပါတီဝင်ဟောင်းကျေးရွာ ဥက္ကဌကို ခုးံ၇ုးံဖွဲ့ စစ်ဆေးခဲ့သော ဖြစ်ရပ်တစ်ခု ရွှေဘိုခ၇ိုင် ဒီပဲယင်းမြို့ နယ် အေးသာယာ (ပျံကျ) ရွာတွင်ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။


ဖြစ်စဉ်မှာ အေးသာယာရွာအတွင်း ၂၀၁၃ နိုဝင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သော ဓားခုတ်မှုတွင် လူနာအား လှုမှုကူညီရေးကားဖြင့်ဆေးရုံပို့ရန် သယ်ဆောင်စဉ် ယင်းကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် များ ကလည်း ယင်းအနားတွင်ရှိနေရာ ရွာဥက္ကဌမှ ၄င်းတို့ပါတီအားဆဲဆိုသဖြင့် ဒီပဲယင်းမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့စာတင်အကြောင်းကြားရာ ယင်းကဲ့သို့ ခုံရုးံဖွဲ့စစ်ဆေးခြင်းအမှု ဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

တိုင်ကြားသူ ဒီပဲယင်းမြို့နယ်အေးသာယာကျေးရွာနေ ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဝင် ဦးချစ်ရန် က" အဲဒီ နေ့က ဓားခုတ်ခံရသူကိုဒီပဲယင်းဆေးရုံကြီးကိုပို့ဖို့လုပ်ပါတယ်၊ အဲဒီမှာသွေးလိုရင် ပါတီရုးံကို အကူအညီ တောင်းလို့ ရတယ်လို့ပြောတုန်း ရွာအုပ်ချုပ်ရေးမှူးက မင်းတို့ကြံ့ဖွတ်တွေလာမဖွနဲ့ ၊ မင်းတို့ ဘာကောင် တွေလဲ၊ ပါးပိတ်ရိုတ်လိုက်ရမလားဆိုပြီး ဆဲပါတယ်၊ အဲဒါကိုမြို့နယ်မှာထူးခြားဖြစ်စဉ်တင်တော့ တိုင်းရုးံ ရောက်သွားပြီး တိုင်းရုးံကနေစစ်ဖို့ပြောလြို့မို့နယ် စီမံခန့်ခွဲရေးကော်မတီကိုတိုင်ကြားပြီး အခုလိုနှစ်ဖက် ခုးံ၇ုးံဖွဲ့ပြီးစစ်ဆေးတာပါ "ဟု ပြောကြားသည်။

ယင်းတိုင်ကြားချက်ကြောင့် ဒီပဲယင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီမှ ခုးံ၇ုးံဖွဲ့စစ်ဆေးမှု တွင်ဒီပဲယင်း မြို့နယ်မှ ဆည်မြောင်း ဒုဦးစီး ဦးကျော်အောင်စိုး၊မြို့နယ်ပညာရေးမှူး ဦးမြင့်အောင်နှင့် ပြန်/ဆက်ဦးစီးမှူး ဦးအောင်လင်းတို့အား ဖွဲစည်းစစ်ဆေးစေခဲ့ပြီး တိုင်ကြားချက်တွင် ကျေးရွာပြည်ခိုင်ဖြိုး ပါတီနှင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့အပေါ် ဂုဏ်သိက္ခာညှိုးနွမ်းအောင်စော်ကားခြင်း၊ အများပြည်သူရှေ့ မှောက်တွင် ပြည်ခိုင်ဖြိုး ပါတီဂုဏ်သိက္ခာကျဆင်းရန်ရည်ရွယ်၍ ရိုင်းပြစွာပြောဆိုခြင်း ပါဝင်ကြောင်းသိရသည်။

တိုင်ကြားခံရသူ အေးသာယာကျေးရွာ လက်ရှိဥက္ကဌ ဦးမင်းဦး က"၊ ကျွန်တော်က ရွာဥက္ကဌ လုပ်ကတည်း က NLD ပါတီက ယာယီရပ်နားထားတာပါ၊ ပါတီအလုပ်ဘာမှ ၀င်မလုပ်တော့ပါဘူး၊ ကျွန်တော်က စကား ပြောရင် အဆဲလေးနဲ့ပြောတက်တာ အကျင့်ဖြစ်နေတာပါ၊အဲဒီနေ့က သူတို့ပါတီကို အကြောင်းကြား နေတုန်း ၊လူနာကအရေးကြီးလို့ဒီတိုင်းလုပ်နေလို့မရဘူး ၊ ငါ -ိုး ပဲလို့ပြောတာ၊ သူတို့ကိုပြောတာလည်း မဟုတ်ပါဘူး၊သူတို့ပါတီကို ရည်ရွယ်ပြီးမဆဲပါဘူး၊ ကျွန်တော့်ကို ရွာဥက္ကဌနေရာ မကြိုက်လို့ ဖြုတ်ချ ချင်လို့လုပ်ဆောင်တယ်လို့ယူဆပါတယ် "ဟု ၇န်ကုန်တိုင်းမ် သတင်းစာသို့ပြောသည်။

ယင်းတို့၏ စစ်ဆေး ထွက်ဆိုချက်များကို သုးံသပ်ချက်ရေးပြီး မြို့နယ်စီမံခန့်ခွဲရေးသို့ယခုလ တွင် တင်ပြ ထားကြောင်း ခုးံ၇ုးံအဖွဲ့တွင်ပါဝင်သူ တစ်ဦးက ပြောကြားသည်။

yangon time daily (ဇန်န၀ါရီ ၇ ၊၂၀၁၄)

၃ - ရက် နဲ့ ၁ - ပတ်အတွင်းမှာ ၀က်ခြံ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွားနိုင်တဲ့နည်း



ဆယ်ကျော်သက်ရွယ်ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန် တိုင်အောင် ဟော်မုန်းတွေ ပြောင်းလဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးမှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှားပါးလွန်းတဲ့ အသားအရေ ကံထူးရှင် တွေလို့ ဆိုနိုင်ပါတယ်။


အသင့်အတင့် ၀က်ခြံ ပေါက်ပြီး နောက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ်တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက် အောင် ၀က်ခြံအမာရွတ်တွေ စွဲကျန် နေရစ် ခဲ့ရှာ တုန်းပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံးနည်းလမ်း ( ၅ ) သွယ်ထဲက တစ်ခုခု နဲ့  အဆင်ပြေသွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်

နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေအေးမြတဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။ ( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ်လိမ်းပေး ကြည့်ပါနော်။ အစိုဓာတ် ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ်ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီပေါ့ရှင်။

( ၃ ) သခွားသီး

အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။

( ၅ ) ရေ

တစ်နေ့ ကို သောက် ရေဖန်ခွက် ၈ - ခွက် စာထက်မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်းက ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ်အသေတွေ ၊ အမာရွတ်တွေကို ဖယ်ရှား သန့် စင် စေပေးတယ် လေ။

Myawady News

မြို့ပြရောဂါအတွက် ဆေးခါးကြီးတစ်ခွက်

ရန်ကုန်မြို့လယ်တွင် လူဦးရေတစ်ရာခန့်ရှိသော လူအုပ်ကြီးက တစ်နေရာအား စိတ်ဝင်တစား ၀ိုင်းအုံကြည့်နေသည်။ ဈေးသည်မဟုတ်၊ မျက်လှည့်ပွဲတစ်ခုမဟုတ်၊ ရန်ပွဲမဟုတ်ပါ။ အဆိုပါ လူအုပ်ကြီးထဲတွင် အစိုးရအာဏာပိုင်များ၊ ယာဉ်ထိန်းရဲများနှင့် စည်ပင်သာယာရေးဝန်ထမ်းများလည်း ပါဝင်သည်။


၂၀၁၃ နိုဝင်ဘာ ဒုတိယပတ်က လှည်းတန်းစိန်ဂေဟာရှေ့တွင် စည်းကမ်းမဲ့ရပ်နားထားသော လိုက်ထရပ်ယာဉ်တစ်စီးအား ယာဉ်ထိန်းရဲတပ်ဖွဲ့က ကရိန်းဖြင့်ဆွဲနေစဉ် လူအများက ၀ိုင်းအုံကြည့်နေခြင်းဖြစ်သည်။ နိုင်ငံတော်၏ ကားအဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ၍ ကားအဟောင်းများဖျက်သိမ်းပြီး ကားအသစ်များကို တင်သွင်းခွင့်ပြုသည်။ ထို့အပြင် နိုင်ငံသားတိုင်းကို ကားသွင်းခွင့်ပြုခဲ့ရာ ၂၀၁၃ နှစ်ကုန်အရောက်တွင် အစီးရေနှစ်သိန်းခွဲနီးပါး တင်သွင်းခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တွင် တစ်နေ့ထက်တစ်နေ့ ကားအစီးရေများသည်နှင့်အမျှ လမ်းမများတွင် ယာဉ်ကြော ပိတ်ဆို့မှုမှာလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသည်။

အဆိုပါ စိန်ခေါ်မှုကို ရင်ဆိုင်ရန်အတွက် လက်ရှိအစိုးရသစ်လက်ထက်တွင် ယာဉ်ကြောပိတ်ဆို့မှုများသော လမ်းဆုံများတွင် ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ လမ်းချဲ့ထွင်၍ရသော လမ်းများအား ချဲ့ထွင်ခြင်း များကို ပြုလုပ်ခဲ့သည်။

သို့သော် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျမသွား၍ ယခုနောက်ဆုံးမြို့တွင်း ၆ လမ်းသွား လမ်းမကြီး အပါအ၀င် အဓိကလမ်းမကြီးများ ၃၇ လမ်းကို ၂၀၁၃ နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံးအကြိမ် ယာဉ်မရပ်ရဇုန်များအဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ယာဉ်ရပ်နားပါက ဖမ်းဆီးခဲ့သည်။

မြို့တွင်းရှိ ကျန်ရှိသောလမ်းမကြီး ၂၀ အား ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ၍ ယာဉ်မရပ်ရလမ်းများအဖြစ် သတ်မှတ်ခဲ့သည်။

ထို့အပြင် မကြာမီ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ၃၃ မြို့နယ်အတွင်းရှိ လမ်းမကြီးများကို ယာဉ်မရပ်ရ ဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

“ကားဖမ်းတာ ရပ်ကွက်ထဲ အနုကြမ်းဝင်စီးသလိုပဲ။ လမ်းပိတ်မှာစိုးလို့ ကရိန်းနဲ့ဖမ်းတာတဲ့။ ကရိန်းပေါ် တင်တာကို ၀ိုင်းအုံကြည့်တဲ့လူတွေကြောင့် နာရီဝက်ကျော်လောက် ကားပိတ်သွားတယ်”ဟု ကမာရွတ် မြို့နယ်အတွင်း စည်းကမ်းမဲ့ရပ်နားထားသောယာဉ်ကို ပထမဆုံးအကြိမ်ဖမ်းယူစဉ် ကြည့်နေသူ တစ်ဦးကပြောသည်။

ဖမ်းဆီးအရေးယူရာတွင် စည်းကမ်းမဲ့ရပ်နားထားသောယာဉ်များ ချလန်ဖြတ်အရေးယူသည့်စနစ်သာမက လက်ရှိနိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော ယာဉ်ကို ကရိန်းဖြင့် ဆွဲယူသယ်ဆောင်သွားသည့်စနစ်ကိုပါ စတင်ကျင့်သုံးသည်။

ကရိန်းဖြင့် ဆွဲယူဖမ်းဆီးခြင်းခံခဲ့ရသော ကမာရွတ်မြို့နယ်မှ ယာဉ်ပိုင်ရှင်တစ်ဦးက “အစ်ကိုတို့က စည်းကမ်းမလိုက်နာချင်လို့ မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာလို့မရတာပါ။ ကားကို ကိုယ့်တိုက်အောက်မှာမှ မရပ်ရင် ရပ်စရာမရှိတော့ဘူး။ ဖမ်းတဲ့သူတွေကလည်း တာဝန်အရဖမ်းရတယ်ဆိုတာ နားလည်ပါတယ်။ ဒီတော့ ရပ်စရာမရှိလို့ ရပ်မိတဲ့သူက အပြစ်လား၊ တာဝန်အရ ဖမ်းတဲ့သူကအပြစ်လား၊ မပြောတတ်တော့ ဘူး”ဟု သူ၏ခံစားချက်ကိုပြောသည်။

ယာဉ်မရပ်ရဇုန်များ သတ်မှတ်ဖမ်းဆီးခြင်းကို ရန်ကုန်မြို့နေ မော်တော်ယာဉ်သုံးစွဲသူများက ဝေဖန်မှုများရှိသည်။ သို့သော်လည်း ယင်းစနစ်သည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ခန့်က ရှိရင်းစွဲမြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါဝင်သည်ဟုဆိုသည်။

“စည်ပင်သာယာနယ်နမိတ်ထဲမှာ ယာဉ်မရပ်ရဘူးဆိုတာ ခုမှထပြီး သတ်မှတ်လိုက်တာမဟုတ်ပါဘူး။ အရင် ကတည်းကရှိပြီးသား ဥပဒေဖြစ်တဲ့အတွက် ကျန်ရှိနေတဲ့လမ်းတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ တစ်ဆင့်ချင်းပိတ်ပင်သွားမှာပါ”ဟု မြို့တော်စည်ပင်လမ်း၊ တံတားဌာနမှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။

ဖြေလျှော့ပေးသည့်အနေဖြင့် ယခင်က အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် မြို့တော်လိုအပ်ချက်အရ ဥပဒေအား ပြန်လည်အသက်သွင်းရခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်မှ အရာရှိ တစ်ဦးကပြောသည်။ စည်ပင်မှ ပြန်လည်အသက်သွင်းခဲ့သော ယာဉ်မရပ်ရစနစ်ကို ရှစ်လခန့်အလိုတွင် ယာဉ်ပိုင်ရှင်များအား အသိပေးခဲ့သော်လည်း ယာဉ်ပိုင်ရှင်များမှာ မြို့တွင်းကားရပ်နားရာ မြေနေရာ မလုံလောက်ခြင်း၊ အသိပေးချက်များကို သေချာစွာနားမလည်ခြင်းတို့ကြောင့် အဖမ်းခံရသူများသည်။ နှစ်လ အတွင်း ယာဉ်အစီးရေ ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

စည်းကမ်းမဲ့ ရပ်နားယာဉ် များကို ဖမ်းဆီးသည့်အချိန်၌သာ ယာဉ်ကြောရှင်းသွားပြီးဖမ်းဆီး ရေးအဖွဲ့ မရှိပါက စည်းကမ်းမဲ့ ယာဉ်များသည် ရပ်မြဲအတိုင်းရပ် သည်ဟု အင်းစိန်မှ ဆူလေးသို့ ပြေးဆွဲသော ယာဉ်တစ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။ သို့သော် အဆိုပါစနစ်မှာ ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်လျော့ကျစေမည်လောဟူသည့်အချက်ကို သက်ဆိုင်ရာအဖွဲ့အစည်းများ ခေါင်းချင်းရိုက်ကာ အဖြေရှာနေကြချိန်တွင် အမှန်တကယ်ဖမ်းဆီးမှုပြုလုပ်နေရသော အောက်ခြေ၀န်ထမ်းများ၊ စည်ပင်၊ ယာဉ်ထိန်းရဲတို့မှာ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်။

“အကျိုးအမြတ်အတွက် လုပ်နေရတာမဟုတ်ပါဘူး။ တာဝန်အရ လူမုန်းခံပြီးလုပ်နေရတာပါ။ တစ်ခါတလေ လူတွေဝိုင်းအုံလာပြီး ပြောဆိုတာတွေ၊ ကိုယ်ထိလက်ရောက်မဟုတ်ပေမယ့် စကားလုံးတွေနဲ့ စော်ကားတာ တွေကိုလည်း သည်းခံရတယ်”ဟု ယာဉ်ထိန်းတပ်သားတစ်ဦးက သူ၏အတွေ့အကြုံကိုပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့သည် အစိုးရအာဏာပိုင်အဖွဲ့အစည်း၏နာမည်ကိုသုံးပြီး အရေးမယူရန် ဖိအားပေးမှုများလည်းရှိနေသည်။

ဖမ်းဆီးအရေးယူခဲ့မှုများတွင် အရာရှိအချို့၏ မော်တော်ယာဉ်များ ပါဝင်နေခြင်းတို့ကလည်း စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်ဟူသမျှ ဖမ်းဆီးခွင့်ရှိသည့် စည်းမျဉ်းစည်းကမ်းများကို အလိုအလျောက် မသိကျိုးကျွံပြုထားလိုက်ရသည့် အခြေအနေများစွာရှိကြောင်း ဖမ်းဆီးရာတွင် ပါဝင်ဆောင်ရွက် နေရသူ အချို့ကပြောသည်။

“အချို့ကပြောပါလိမ့်မယ်။ ကားရွေးဖမ်းတယ်တို့၊ ဖမ်းပြီးသားကားကို လူရောက်လာတော့ ပြန်လွှတ် ပေးတယ် တို့ဆိုတာ။ ရွေးဖမ်းတယ်ဆိုတာက အားလုံးကိုမဖမ်းနိုင်တဲ့အတွက် စံပြအနေနဲ့ဖမ်းတာပါ။ လူကြီးကားမို့လို့ မဖမ်းတာလည်းမဟုတ်ပါဘူး။ ဘယ်ကားမဆို စည်းကမ်းမဲ့ရပ်ရင် ဖမ်းပါတယ်”ဟု ဖမ်းဆီး ထိန်းသိမ်းရေးအဖွဲ့(၁)တွင် ပါဝင်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသော ကားပိုင်ရှင်များအနေနှင့်လည်း မသက်သာလှပေ။ မိမိယာဉ်အား ကရိန်းဖြင့်ဆွဲယူ ဖမ်းဆီးခံရပါက ကရိန်းဆွဲခ ကျပ်ငါးသောင်းအပြင် ဒဏ်ငွေ အနည်းဆုံးကျပ်တစ်သိန်းမှ ငါးသိန်းအထိ ပေးဆောင် ရသည်။

ထို့အပြင် ယာဉ်ကို ချက်ချင်းဒဏ်ငွေဆောင်ကာ မရွေးနိုင်ပါက တစ်နေ့လျှင် ကျပ်သုံးထောင်နှုန်းဖြင့် နေ့စဉ် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

ထို့အပြင် စည်းကမ်းမဲ့ရပ်နားသော ယာဉ်များဖမ်းဆီးအရေးယူရာတွင် နောက်ဆက်တွဲအနေဖြင့် လိုင်စင်မဲ့ မော်တော်ကားများပါ ဖမ်းဆီးရမိသည်များလည်း ရှိသည်။

“ငါးစီးမှာတစ်စီးလောက်က လိုင်စင်မဲ့ဖြစ်နေတယ်။ လိုင်စင်မဲ့ယာဉ်ဖြစ်တဲ့အတွက် ဖမ်းခံရတဲ့ယာဉ်ပိုင်ရှင် တွေကလည်း လာမရွေးကြတော့ဘူး။ အဆုံးခံလိုက်ကြတယ်”ဟု ဖမ်းဆီးရေးအဖွဲ့ဝင်ပါဝင်သည့် ယာဉ်ထိန်း ရဲတပ်သားတစ်ဦးကပြောသည်။

လက်ရှိ ဇန်န၀ါရီလဆန်းပိုင်းအထိ ကရိန်းဖြင့်တင်ဆောင်ကာ ဖမ်းဆီးအရေးယူခဲ့ရသော ယာဉ်အစီးရေ ၁၂၀၀ ကျော်အနက် အရေအတွက်သုံးရာကျော်မှာ လိုင်စင်မဲ့မော်တော်ကားများ ပါဝင်နေသည်။ ထိုကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် နိုင်ငံတကာတွင်လည်း ကျင့်သုံးသော ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းသောနည်းလမ်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၌လည်း ယင်းစနစ်ကျင့်သုံးခြင်းသည် လုပ်ဆောင် သင့်သောနည်းလမ်းဖြစ်ကြောင်း မြို့ပြရေးရာကျွမ်းကျင်သူ ဦးအောင်မြင့်ကပြောသည်။

ကားမရပ်ရဇုန်များတွင် ကားရပ်သောကြောင့် အရေးယူမှုစနစ်ကို ကျင့်သုံးလာသောအခါ ကားရပ်ရန် နေရာမရှိသော တိုက်ခန်းနေ ကားပိုင်ရှင်များအတွက် မည်သည့်နေရာတွင် ကားရပ်ရမည်လဲ ဟူသော မေးခွန်းသည် ပေါ်လာသည်။

“တက္ကစီကို တိုက်အောက်မှာ ညသိပ်ထားတာ ကရိန်းနဲ့ဆွဲခံလိုက်ရတယ်။ ကားပြန်ထုတ်တာနဲ့ ဘာနဲ့ တစ်သိန်းနီးပါးလောက် ကုန်သွားတယ်။ မရှိလို့ တက္ကစီမောင်းစားတာပါ။ အဲချိန်ကစပြီး ကားကိုဘယ်ချိန်လာဖမ်းမလဲ အမြဲကြည့်နေရတယ်”ဟု တက္ကစီယာဉ်မောင်း ကိုအေးဝင်းကပြောသည်။ ထို့အပြင် စည်းကမ်းမဲ့ကားများကို ဖမ်းဆီးအရေးယူခြင်းသာမက ကားလမ်းနံဘေးရှိ ပလက်ဖောင်း ဈေးသည်များကိုလည်း စနစ်တကျရှင်းလင်းရန်လိုသည်။ ထို့ကြောင့် ကားများအတွက် ရပ်နားရာနေရာများ ဖန်တီးပေးရန် လိုအပ်လာသောအချက်ကိုလည်း မြို့ပြရေးရာကျွမ်းကျင်ပညာရှင်များက ထောက်ပြ ပြောသည်။

အစိုးရက ကားရပ်နားဝင်းများ တည်ဆောက်ပေးရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မိမိတို့ပိုင် မြေနေရာများတွင် အထပ်မြင့်ကားရပ်နားရာနေရာများ တည်ဆောက်ရန်လိုအပ်ကြောင်း ပညာရှင် ဦးအောင်မြင့်ကပြောသည်။

ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် အထပ်မြင့် ကားရပ်နားရန် နေရာများ တည်ဆောက်ရန် မြေနေရာများ ရွေးချယ်ထားသည်ဟုဆိုသည်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် ခုံးကျော်တံတားများဆောက်နေရုံ၊ လမ်းများကိုချဲ့ထွင်ရုံ၊ စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးနေရုံနှင့်မပြီးဘဲ တိကျသေချာသော အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ်၊ မြေယာနှင့်အသုံးချရေးစနစ်ကို ပီပြင်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့ပြ စီမံကိန်းဆိုင်ရာကျွမ်းကျင်သူ ဦးဝင်းမြင့်ကထောက်ပြပြောသည်။

“ဒါဟာ ရောဂါကိုဆေးမြီးတိုနဲ့ ကုတဲ့သဘောပဲ”ဟု ဦးဝင်းမြင့်ကဆိုသည်။

ယာဉ်မရပ်ရလမ်းများတွင် စည်းကမ်းမဲ့ရပ်နားယာဉ်များကို ဖမ်းဆီးခြင်းသည် ကောင်းမွန်သောစနစ် ဖြစ်သော်လည်း ထိရောက်သေချာစွာ လုပ်ဆောင်သင့်ကြောင်း ၎င်းကပြောသည်။

“သူတို့က ဖမ်းချင်တဲ့အချိန်ကြတော့ ဖမ်းတယ်။ မဖမ်းချင်ရင် မဖမ်းဘူး။ ဘယ်လိုတွေဖမ်းနေမှန်းကိုမသိဘူး။ တစ်နေရာတည်းမှာ အချိန်ပြည့်စောင့်ပြီး ဖမ်းနေရမယ်”ဟု မရမ်းကုန်းမြို့နယ်နေ အငှားယာဉ်မောင်းသမား တစ်ဦးက ဖမ်းဆီးအရေးယူသည့် အစီအစဉ်အပေါ် ဝေဖန်သည်။

အမှန်တကယ်ဖမ်းမည်ဆိုပါက ယခင်ဟံသာဝတီကားပွဲစားတန်း(ကျွန်းတောလမ်း)တစ်လျှောက်တွင် ရပ်ထားသော ကားများကို အချိန်ပြည့်စောင့်ကြည့် ဖမ်းဆီးအရေးယူသင့်ကြောင်း ၎င်းကထောက်ပြသည်။

အဆိုပါစနစ်အောင်မြင်ရန်အတွက် ဦးအောင်မြင့်က အောက်ပါအတိုင်းအကြံပြုသည်။

“ဒီလိုဖမ်းဆီးအရေးယူမှုကိုတော့ တစ်ပြေးညီလုပ်ဆောင်ဖို့တော့ လိုအပ်တယ်”

ဓာတ်ပုံ- နစ်ကီ
7 Day News Journal

ကမ္ဘာ့အလှဆုံး အမျိုးသမီး ၆ ဦးစာရင်းတွင် ခင်ဝင့်ဝါ ပါဝင်



စပိန်နိုင်ငံ အခြေစိုက် The Beauties Concept အဖွဲ့အစည်းကြီးက ၂၀၁၃ ခုနှစ် ကမ္ဘာ့အလှဆုံး အလှမယ် ၆ ဦးစာရင်းတွင် မြန်မာနိုင်ငံ အလှမယ် ခင့်ဝင့်ဝါကို ထည့်သွင်း ဖော်ပြထားသည်။


နိုင်ငံတကာ ကမ္ဘာ့အလှမယ် ပြိုင်ပွဲကြီးများ အားလုံးတွင် ပါဝင်ယှဉ်ပြိုင် ခဲ့သည့် အလှမယ် စုစုပေါင်း ၇၀၀ ကျော်အနက်မှ ခင်ဝင့်ဝါ အပါအဝင် အလှမယ် ၆ ဦးကို အလှဆုံး အမျိုးသမီးများအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့အစည်းကြီး၏ အမှတ်စဉ် သတ်မှတ်ကြေညာချက် များ အရ ပထမနေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဗင်နီဇွဲလားနိုင်ငံ အလှမယ်၊ ဒုတိယနေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် ဖိလစ်ပိုင်အလှမယ်၊ တတိယနေရာတွင် 2013 Miss World ဆုရှင် ဖိလစ်ပိုင်နိုင်ငံ အလှမယ်၊ စတုတ္တ နေရာတွင် 2013 Miss Earth ပြိုင်ပွဲဝင် ဆာဗီးယားနိုင်ငံ အလှမယ်၊ ပဉ္စမ နေရာတွင် 2013 Miss Universe ပြိုင်ပွဲဝင် စပိန်နိုင်ငံ အလှမယ်နှင့် ဆဌမ နေရာတွင် 2013 Miss Supranational ပြိုင်ပွဲဝင် မြန်မာအလှမယ် တို့ကို့ အသီးသီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်က ကျင်းပခဲ့သည့် အလှမယ်ပြိုင်ပွဲ ၆ ခုတွင် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် များအနက် အလှဆုံး မယ် ၁၀၀ ကို ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty အဖွဲ့အစည်းက ရွေးချယ်ခဲ့ရာတွင်လည်း မြန်မာ အလှမယ် ခင်ဝင့်ဝါ ပါဝင်ခဲ့ဖူးသည်။

ခင်ဝင့်ဝါသည် Miss Supranational 2013 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပြီး Title ဆု ၄ ဆုကို ဆွတ်ခူး ရရှိခဲ့သူ ဖြစ်သည်။


The Voice Weekly Myanmar

အင်တာနက်တွင် ပျံ့နှံ့နေသည့် တပ်မတော်သားတစ်ဦးမှ မွန်တိုင်း ရင်းသူ တစ်ဦးအား မုဒိန်းကျင့်မှု ဖြစ်ပွားသည့် သတင်းမှန်ကန်မှု မရှိကြောင်း သိရှိရ

အင်တာနက်တွင် ပျံ့နှံ့နေသည့် တပ်မတော်သားတစ်ဦးမှ ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကျုံညဲကျေးရွာနေ မွန်တိုင်းရင်းသူအား မုဒိန်းကျင့်မှုဖြစ်ပွားသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ တပ်ရင်းနှင့် ကာယကံရှင်မိဘများထံမှ သိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ရင်းမှ အရာရှိတစ်ဦးက ``တပ်သား သန်းဝင်းက မ၀ုကို ကြိုက်နေတာပါ။ ကြိုက်နေတော့ လူငယ်တို့ သဘာဝ ရည်းစးစကားလိုက်ပြောရင်း လက်ကို ဆွဲလိုက်မိတယ်။ အဲဒါကို မ၀ုက မကျေနပ်လို့ တပ်ရင်းကို လာတိုင်တာပါ´´ ဟု ပြောကြားခဲ့သည်။

``အသက်(၁၃)နှစ်ပဲရှိသေးတဲ့သမီးကို ရည်စားစကားလိုက်ပြောတာ ဘယ်မိဘက လက်ခံမှာလဲ၊ ရည်းစား စကာပြောရုံတင်မဟုတ်ဘူး။ လက်ကိုပါဆွဲတော့ မ၀ုက ရှက်ပြီး ငိုယိုပြီးပြန်လာတယ်။ မိဘတွေက အဲဒီလို လက်ဆွဲတာကို မကျေနပ်လို့ သက်ဆိုင်ရာ တပ်ရင်းကို သွားတိုင်ခဲ့တာပါ´´ ဟု ကျုံညဲရွာမှ လိုက်လံဖြေရှင်းပေး ခဲ့သော ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျေးရွာအုပ်စုဥက္ကဋ္ဌ ဦးထွန်းကြည်၊ ရပ်မိရပ်ဖ(၂)ဦး၊ ကာယကံရှင် မ၀ု နှင့် မိဘနှစ်ပါးတို့က တပ်ရင်းသို့ လာရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာ တပ်ရင်းမှ ကာယကံရှင်များ ကျေနပ်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာယကံ၇ှင်မိန်းကလေးမ၀ုအား တပ်သား သန်းဝင်းမှ လက်ဆွဲပြီး ရည်းစားစကားလိုက်ပြောသည်မှာ မှန်ကန် သဖြင့် အဆိုပါစစ်သည်အား ကာယကံရှင်များအား ၀န်ချတောင်းပန်စေခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ့မှစ၍ တပ်တွင်းအချုပ်(၂၈)ရက် ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ခဲ့ကြောင်း ယင်းတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သော စစ်သည်အား အရေးယူဆောင်ရွက်ထားပြီး ၀န်ချတောင်းပန် ခဲ့မှုအပေါ် ကာယကံရှင်မ၀ုနှင့် မိဘများကိုယ်တိုင် ကျေအေးခဲ့ကြပြီးဖြစ်၍ အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော မုဒိန်းမှုဖြစ်ပွားခဲ့သည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာ အသိုင်းအ၀ိုင်းများထံမှ သိရှိရ ပါသည်။

နိုင်လထော်
cradit - Ko Aung Moe fb မှကူယူဖော်ပြသည်...

ဒေါ်အောင်ဆန်းစုကြည် ဟားခါးမှာ ဟိုတယ် မရ



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ခရီးစဉ် အတွင်း မနေ့ညက ဟားခါး မြို့ မှာ ဟိုတယ်ကို ကြိုတင် စာရင်းပေးသွင်းထားခဲ့ပေမယ့် ဘယ်လို အကြောင်းကြောင့် မသိရဘဲ ဟိုတယ်မှာ တည်းခိုလို့ မရလို့ ချယ်ရီ တည်းခိုခန်းမှာပဲ အိပ်လိုက်ရတယ်လို့ သိရတယ်။


"ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" တဲ့

ဒီသတင်းဟာ အွန်လိုင်းလောကကို အတော် ဆူသွားစေခဲ့တယ်။ တချို့က ကမ္ဘာနဲ့ မြန်မာအကြား ပေါင်းကူး ချိတ် ဆက်ပေးနေသူ၊ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ပနိုင်ငံ ခရီးစဉ်တွေ မှာတောင် ကောဇောနီခင်းပေးပြီး ကြိုဆိုခံရသူ၊ ချင်းပြည်နယ် လူထုရဲ့ သောင်းသောင်း ဖြဖြ ကြိုဆိုတာ ခံရသူ၊ ဒီလိုလူမျိုးကို ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲဆွယ်ခရီးစဉ်ဖြစ်တာကြောင့် အခုလို အခက်အခဲဖြစ်အောင် တမင် ရည်ရွယ်လုပ်တယ်လို့ စွပ်စွဲရေးသားနေကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တော်တော်များများမှာ အစိုးရပိုင်းက အဖက်ဖက်က အဆင်ပြေ ချောမွေ့ အောင် စီစဉ်ပေးတာတွေ ရှိပေမယ့် တခါတရံ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ တစုံတခုသော ညွှန်ကြားချက်တွေ အရ အဆင်မပြေဖြစ်တတ်တာတွေ တွေ့ရလေ့ ရှိတယ်လို့ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူတချို့က ပြောတယ်။

တချို့က ပြောတော့လည်း အခုလို ဖြစ်ခဲ့ရတာဟာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် စီမံမှုမှာ တခုခု အားနည်း လို့ ဖြစ်မယ်လို့ ဆိုတာတွေ လည်း ရှိသလို ဟိုတယ်ကို ကြိုတင် ဘွတ်ကင်လုပ်ထားပြီး သေချာ စီစဉ်ထားပေ မယ့် မနေ့ညရောက်မှ ဟိုတယ်က မရဘူးဆိုပြီးဖြစ်လာလို့ ခရီးစဉ် လိုက်ပါသွားကြတဲ့ သတင်း ထောက်တွေ လည်း ဖြစ်သလို အိပ်လိုက်ကြရတာလို့ သိရတယ်။

ဒါဟာ ကောင်းတဲ့ နမိတ်မဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ရှေ့မီ၊ နောက်မီ တချို့က ထင်မြင်ချက် ပေးတာ တွေ လည်း ရှိနေတယ်။

တလောကပဲ ၂ဝ၁၄ ခုနှစ် မှာ ပထမဆုံး ပြောတဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲက ပြောသလို အတိုက်အခံ နိုင်ငံရေး အမြင်မတူသူတွေကလည်း အရင်ကလို ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်တော့ဘဲ ပူးပေါင်း ဆောင် ရွက်မှုတွေ လုပ်လာလို့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ထွန်းကားလာနေပြီ ပြောပေမယ့် အခုတော့ အဖု အထစ် တခုခုဖြစ်ဖို့ လုပ်တာကတော့ သမ္မတ ဦးသိန်းစိန်အပြောနဲ့ လွဲနေပြီ လို့ ပြောနေသူတွေလည်း ရှိတယ်။

ဧရာဝတီ