Saturday, January 4, 2014

သန်းခေါင်စာရင်းကောက်မည့် စက္ကူတစ်ရွက် ကန်တစ်ဒေါ်လာကျ

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှုရှိစေရန် ကောက်ခံသည့် စက္ကူတစ်ရွက်လျှင် တစ်ဒေါ်လာတန် အကုန်အကျခံ သုံးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး (မန္တလေး) တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးသောင်းဇော်က ပြောသည်။


၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက် ညသန်းခေါင်ယံအချိန်မှာ စတင်ကာ ဧပြီလ ၁၀ ရက်အထိ ၁၂ ရက်ကြာ ကောက်ခံမည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူရာ၌ ပိုမိုတိကျစေရန် ရည်ရွယ်ကာ တစ်စောင်လျှင် တစ်ဒေါ်လာကုန်ကျခံ အသုံးပြုခြင်းဖြစ်သည်။

“သန်းခေါင်စားရင်းကောက်ယူရာမှာ တိကျစွာကောက်ခံနိုင်ပြီး စာရင်းတွက်ချက်တဲ့ ကိရိယာထဲမှာ ထည့် သွင်းလိုက်ရင် သိရှိစေနိုင်မယ့် စာရွက်ကို အသုံးပြုထားပါတယ်၊ အဲဒီစာရွက်ကို သီးသန့်ခဲတံနဲ့ အသုံးပြု ရမှာ ဖြစ်ပါတယ်၊ အဲဒီနှစ်ခုအတွက် တစ်စောင်ကို တစ်ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်၊ အင်္ဂလန်နိုင်ငံက ထုတ်တဲ့ စက္ကူဖြစ်ပါတယ်”ဟု ဦးသောင်းဇော်က ပြောသည်။

ကောက်ခံမည့်စက္ကူမှာ စက်အတွင်းတွင် ထည့်သွင်းရမည်ဖြစ်သောကြောင့် တွန့်ကြေခြင်း၊ ရေစိုခြင်း၊ခြစ် ရာပါခြင်း၊သတ်မှတ်ထားသောနေရာမဟုတ်ပဲ ရေုးခြစ်ခြင်းတို့ကိုပြုလုပ်လျှင် အသုံးပြု၍မရတော့ကြောင်း၊ ထို့ကြောင့် စာရင်းကောက်ခံမည့်သူများကို သေချာစွာ သင်ကြားပြသပေးမှုများကို လုပ်ဆောင်ထားရှိနေ ရသည်ဟု ဆိုသည်။ စာရွက်တစ်ရွက်လျှင် လူရှစ်ဦးစာ အသုံးပြုနိုင်သည်။

“စာရွက်က တန်ဖိုးလည်းရှိတဲ့ ပျက်စီးဖို့လည်း လွယ်တဲ့အတွက် စာရင်းကောက်ခံလုပ်တဲ့သူတွေကို အ ဆင့်ဆင့် ပညာပေးမှုတွေကို လုပ်ဆောင်ပေးနေပါတယ်၊ စာရင်းကောက်ကွက်တွေကိုလည်း စာရင်း ကောက် တွေနဲ့ သင့်လျော်တဲ့နေရာတွေမှာ ထားရှိသွားမှာ ဖြစ်ပါတယ်၊ ပြန်လည်သိမ်းဆည်းရာမှာလည်း ဘူးတွေနဲ့ သေချာစွာ သိမ်းဆည်းပြီး အလုံပိတ်ကားတွေနဲ့ မြို့နယ်အလိုက် သတ်မှတ်ထားတဲ့ နေရာကို ပေးပို့သွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါ ဦးစီးဌာနရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်အလိုက် စားရင်းကောက်ကွက်နှင့် ကွက်ကဲရေးရုံးများကို မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်သင်းခရိုင်၊ မိတ္ထီ- လာခရိုင်တို့မှ မြို့နယ်ပေါင်း ၃၀၊ ရပ်ကွက်ပေါင်း၂၆၉၊ ကျေးရွာအုပ်စုပေါင်း ၁၄၁၆၊ စာရင်းကွက်ပေါင်း ၉၂၄၉၊ သီခြားကောက်ကွက် ၁၆၇ တို့အတွက် ကွက်ကဲရေးရုံး ၁၆၈၅ ခုကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွက် စာရင်းစစ်ဆရာ၊ ဆရာမဦးရေ ၂၀၀၀၀၊ စာရင်းကောက်ဆရာ၊ ဆရာမ ၁၀၀၀၀၀ အသီးသီး ထားရှိကောက်ခံမှုများကို ပြုလုပ်သွားမည်ဖြစ်သောကြောင့် အဆင့်ဆင့် သင်ကြား ပေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

၅၉(စ) ကို ကျွန်တော်တို့  မျိုးဆက်သစ် လူငယ် (တတိယ အင်အားစု) အနေနဲ့  ပြည်သူတွေ အတွက် ဘာကြောင့် ကန့် ကွက်သင့်ပါသလဲလို့  ထုချေခွင့် ရခဲ့မယ်ဆိုလျှင်

၅၉(စ) ကို ကျွန်တော်တို့  မျိုးဆက်သစ် လူငယ် (တတိယ အင်အားစု) အနေနဲ့  ပြည်သူတွေ အတွက် ဘာ ကြောင့် ကန့် ကွက်သင့်ပါသလဲလို့  ထုချေခွင့် ရခဲ့မယ်ဆိုလျှင်......။


၅၉(စ) နှင့် ပတ်သက်ပြီး နံပါတ်တစ် အနေနဲ့  အမြင်ရှင်းအောင် တင်ပြရပါရစေ..၅၉(စ) ကို ကျွန်တော် တို့ တွေ ထောက်ခံတာဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခြင်း ၊ မဖြစ်ခြင်းကို ကျွန်တော်တို့  အလေး ထားခြင်း မဟုတ်ပဲ ၊ အနာဂတ် နိုင်ငံတော် နှင့် ပြည်သူ လုံခြုံရေးနှင့် တိုင်းတပါး လွှမ်းမိုးမှု့  အန္တရယ်ကို ဥပဒေ ဖြင့် အကာအကွယ်ပေးလိုခြင်း သက်သက်သာ ရည်၇ွယ်ခြင်းဖြစ်ပါတယ်...။

သမ္မတဖြစ်ခွင့်နဲ့  ပတ်သတ်ပြီး ၅၉ (စ) မှာက ဒီလိုဆိုထားပါတယ်။

၅၉ (စ) --မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူ များသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ် စေရ။

ဒီ ဥပဒေမှာ အဓိကအချက်ဟာ "နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ" ပဲဖြစ်ပါတယ်။၅၉(စ) ဟာ မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အကာအကွယ်ပေးနိုင်သည့် အခြေခံမူများ ထဲမှ တစ်ချက်ဖြစ်တဲ့ အတွက်၂၀၁၅ အတွက်တင်မက နောင်လာမယ့် နှစ်ပေါင်းများစွာ အနာဂတ်အတွက်လဲ မပြင်သင့်သော ပုဒ်မ တစ်ခု ဖြစ်ပါတယ်။

၅၉(စ) ၏ နောက်ကွယ်က ရည်ရွယ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန် တမင် သက်သက် ရည်၇ွယ်ထားသည် ဆိုသော စွဲချက်ဖြင့် ရှု့ မြင်ခြင်းဟာ တကယ်တော့ အနာဂတ် တိုင်းပြည်အတွက် အလွန်အန္တရယ်ကြီးတဲ့ လွဲမှားမှု့ တစ်ခုပါပဲ ဆိုတာ အားလုံးနားလည် သဘော ပေါက်စေချင်ပါတယ်..။

အဲတော့ ၅၉ (စ) ၏ အဓိက အနှစ်သာရမှာ...မိမိ နိုင်ငံတော်၏ အချုပ် အခြာ အာဏာ နှင့် အသက် သွေးကြောကို မိမိ နိုင်ငံသားစစ်စစ် လက်ထဲမှာသာ ထားရှိခြင်း ၊မိမိ နိုင်ငံရဲ့ ကံကြမ္မာကို မိမိ နိုင်ငံသားများ လက်ထဲမှာပဲ ထားရှိခြင်း ဆိုတဲ့ အချက် ဖြစ်ပြီး တိုင်းတစ်ပါး လွှမ်းမိုးခြင်း အန္တရယ်ကို တရားဥပဒေဖြင့် ကာကွယ် စောင့်ရှောက်ထားခြင်း ကြောင့် ၅၉(စ) ကို မပြင်သင့်ပါဘူးလို့  တင်ပြပါရစေ..။

( ၅၉ ) ( စ ) ဟာ နိုင်ငံနဲ့ လူမျိုးတို့ အတွက် ရေရှည် အေးချမ်း၊ တည်ငြိမ်၊ လုံခြုံ မှု့ တွေနဲ့ တိုက်ရိုက် ချိတ်ဆက် သက်ဆိုင်နေလို့ ပါ။

ထို့အပြင် အဲဒီ ( ၅၉ ) ( စ ) သည် သမ္မတ ဖြစ်မယ့်သူရဲ့ အထက်၊ အောက် Generation အစဉ် အဆက် မျိုးရိုးဗီဇ မှန်ကန်မှု့ ကို စစ်တမ်းထုတ်ထားတဲ့ နိုင်ငံ့ လုံခြုံရေးရာ တံခါးတစ်ချပ်ဆိုရင်လဲ မမှားပါဘူး.။

ဆေးပညာရှာမှီးပြီး လူ့အသက်ကို ကယ်တင်ချင်လျှင် ဆေးပညာရပ်လမ်းကြောင်း ကိုပဲ ရွေးချယ်သင့် ပါတယ်။ အင်ဂျင်နီယာ သို့မဟုတ် ကွန်ပြူတာပညာရှင်ဖြစ်ပြီးမှ ဆေးကုပေးချင်ပါတယ်ဆိုတာတော့ ဒါဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါဟာ သဘာဝ ပါ..။

လူပုဂိုလ် တစ်ဦးတစ်ယောက်ကို အခြေပြု ပြီး ဥပဒေထုတ်တာထက် ၊ နိုင်ငံတော် အကျိုးစီးပွားဖြစ်သော ဘုံအကျိုးစီးပွားကိုသာ ရည်ရွယ်ပြီး မူ ကို အခြေပြု ပြီးဥပ ဒေထုတ်တာကိုပဲ ပိုပြီးလိုချင်ပါတယ်။ အမေရိ ကန်ဟာ ရီပတ်ပလစ်ကန်က မည်သူဖြစ်ဖြစ် ၊ ဒီမိုကရက်တစ်က ဘယ်သူဖြစ်ဖြစ်တက်လဲ သူတို့  ချမှတ် သတ်မှတ် ထားတဲ့ မူ အတိုင်းဘဲသွားရတာပါဘဲ။ လူပုဂိုလ်တစ်ဦး တစ်ယောက် အတွက် မူ ပြင်တာ လုံးဝ မရှိခဲ့ပါဘူး..။

မိမိ ပုဂိလိက ဆန္ဒတစ်ခုကြောင့် တိုင်းပြည် အသွင်ပြောင်းလဲရာတွင် ထိခိုက်စေနိုင်ခဲ့မယ် ဆိုရင် ၊ နိုင်ငံရေး အကြပ်အတည်း တွေ ဖြစ်ပေါ်လာစေခဲ့မယ် ဆိုရင် ၊ ပြည်သူ အချင်းချင်း သွေးကွဲလာစေခဲ့မယ် ဆိုရင် ၊ တိုင်းပြည် ရေရှည် ထိခိုက် နစ်နာနိုင်မယ့် အခွင့်အရေးတွေ ဖြစ်လာစေခဲ့မယ် ဆိုရင် မိမိ ရဲ့  လုပ်ရပ် တစ်ခုရဲ့  နောင်တ ဟာ အနာဂတ် မျိုးဆက်တွေ သွေး ချွေးတွေ နဲ့  ပေးဆပ်ရင်တောင် အရင် ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့  မလွယ်ကူတော့တဲ့ အခြေအနေတွေ ပေါ်ပေါက်စေခဲ့မယ် ဆိုရင်တော့..ပုဂိုလ် ယုံကြည်မှု့ ကို အခြေခံတည်ဆောက်တဲ့ အဲဒီ လောင်းကြေးဟာ တကယ်ပဲ အရင်းကြီးလွန်းပြီး အရှုံးနဲ့  ရင်ဆိုင် လာခဲ့ မယ်ဆိုရင်လဲ အရှုံးကြီးနိုင်တယ် ဆိုတာကိုလဲ ထည့်သွင်းတွက်ချက် ဖို့  အသိတစ်ချက် ထည့်ပေး လိုက်ပါရ စေလို့  တင်ပြလိုက်ပါရစေ...။

အားလုံးကို လေးစားလျှက်..
ဘစည်(စင်ကာပူ)
2.1.2014 

အရက်နှင့် ပတ်သတ်သမျှ


1549416_245990465562719_982777846_n

၁။ အရက်ကြောင့် ရေဓာတ်ခန်းခြောက်တာဟာ အရက်နာ ကျတာရဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင် ပါတယ်။ ဒါကြောင့် အရက်တစ်ခွက်ကို ရေ တစ်ခွက်ရောပြီး အိပ်ရာမဝင်ခင် နောက်ထပ် ရေ တစ်ခွက်၊ နှစ်ခွက်လောက်သောက်သုံးပေးပါ။


၂။ အရက်မသောက်ခင်နဲ့ သောက်နေစဉ်မှာ စပျစ် ဖျော်ရည်ခွက်ကြီးတစ်ခွက် သောက်သုံးပြီး ပျားရည်အနည်းငယ် စားသုံးပါ။ စပျစ်ဖျော်ရည်ဟာ အသည်း အတွက်အားဆေးဖြစ်ပြီး ပျားရည်ကတော့ ခန္ဓာကိုယ်တွင်းက အရက်တွေကို လောင်ကျွမ်းစေမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။


၃။ ဗီတာမင် B၊ C ဓာတ်နဲ့ ဇင့်ဓာတ်တွေကို အရက်မသောက်ခင်ညတွေနဲ့ သောက်ပြီးမနက်မှာ စားသုံး ပေးပါက ခန္ဓာကိုယ်က ဆုံရှုံးသွားတဲ့ စနစ်တွေကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ စိတ်ဖိစီးမှုဟာ ဗီတာမင်Bဓာတ်နဲ့ ဆက်စပ်နေပြီး အရက်သောက်တာဟာ ဗီတာမင်B level ကို လျှော့ချပေးနေလို့ဖြစ်ပါတယ်။

၎။ သုတေသနပြုလုပ်ပြီး တွေ့ရှိထားတာက ဘရမ်ဒီ ရမ်နဲ့ ဝီစကီလိုမျိုး အရောင်ရင့်အရက်တွေဟာ အရောင်ဖျော့အရက်တွေဖြစ်တဲ့ အဖြူရောင်ဝိုင်နဲ့ ဗောဒ့်ကာတွေထက် အရက်နာပိုကျစေနိုင်တယ်လို့ ဆိုပါတယ်။

၅။ အရက်နဲ့ပတ်သတ်တဲ့ အဆိပ်အတောက်ဖြေဖျောက်ဖို့အတွက် မုန်လာဥနီဖျော်ရည်ကို မုန်လာဥဝါ၊ ပန်းသီး၊ တရုတ်နံနံ၊ ချင်းဖျော်ရည်တွေနဲ့ရောသောက်ပေးပါ။ တရုတ်နံနံမှာ ဆန့်ကျင်ဓာတ်တိုးပစ္စည်းတွေ ပါဝင်သလို ချင်းဟာလည်း ပျို့အန်တာ၊ ခေါင်းကိုက်တာနဲ့ ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။

Life style magazine

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ပခုံးတံဆိပ်ကိုင်ကာ ဆဲဆိုခဲ့သူ အရက်ဘား တာဝန်ခံဟောင်းကို အမှုဖွင့်

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရဲစခန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၃၀ ခန့်က စားသောက်ဆိုင် တစ်ခု၏ အရက်ဘား တာဝန်ခံ အသက် ၂၉နှစ် အရွယ် ကိုရဲနိုင်က အရက်မူးလာကာ လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်သိန်း၏ ပခုံးရှိ ရာထူးတံဆိပ်ကို ကိုင်ကာ ခြိမ်းခြောက် ပြောဆိုခဲ့သဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


အဆိုပါ အမျိုးသားမှာ အရက်မူး၍ လသာမြို့မ ရဲစခန်းရှေ့သို့ ရောက်ရှိလာပြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခဲ့ကြောင်း၊ ယင်းနောက် လသာမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး တင်သိန်း၏ ပခုံးရှိရာထူး တံဆိပ်ကိုကိုင်၍ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လသာ မြို့မရဲစခန်းသို့ The Voice မှ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ရဲစခန်းမှ ပြန်လည် ဖြေကြားခြင်း မရှိပေ။

အဆိုပါ အမှုဖွင့်ခံရသူ ကိုရဲနိုင်မှာ ယခင် ဆာကူရာတာဝါရှိ SKY BISTRO ဆိုင်တွင် ဘားတာဝန်ခံအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ဒီဇင်ဘာလ ၃၁ရက်နေ့က အလုပ်မှ ထွက်သွားကြောင်း၊ ယခု ဖြစ်ပွားခဲ့သော အမှုနှင့် ပတ်သက်၍ အဆိုပါဆိုင်နှင့် မသက်ဆိုင်ကြောင်း ဆာကူရာ တာဝါရှိ SKY BISTRO စားသောက်ဆိုင်မှ မန်နေဂျာက The Voice သို့ ပြောကြားသည်။

လသာမြို့နယ် ရဲတပ်ဖွဲ့မှူး၏ ရာထူး တံဆိပ်ကိုင်ကာ ခြိမ်းခြောက်ခဲ့သူကို (ပ)၂/၁၄ ပြစ်မှု ပုဒ်မ- ၂၉၄/၅၀၆/၃၅၃ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

The Voice Weekly

၂၀၁၃ ခုနှစ်အတွင်း Google ၏ အမှားများအတွက် ၀မ်းနည်းကြောင်း ကုမ္ပဏီအမှုဆောင်ဥက္ကဋ္ဌ၀န်ခံ


1551665_238025819700545_1690586215_n

Google ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်အတွက် နည်းပညာ ဆိုင်ရာ ကြိုတင်တွက်ဆချက်များနှင့် ပတ်သက် ၍ အချိန်ယူ စဉ်းစားလျက်ရှိကြောင်း ကုမ္ပဏီ၏ အမှု ဆောင်ဥက္ကဋ္ဌ Eric Scmidt က ပြောကြားထားပြီး ၎င်းတွင် ကိုယ်ပိုင်စိတ်ကူးအချို့လည်းရှိကြောင်း ၀န်ခံထားသည်။


၎င်းသည်၂၀၁၃ခုနှစ်အတွင်း အရေးကြီးသော အမှား တစ်ခုကို ပြုလုပ်ခဲ့မိသည့်အတွက် ၀မ်းနည်းမိ ကြောင်းနှင့် လာမည့်နှစ်အတွက် ၎င်းအနေဖြင့် မည်သို့ မျှော်မှန်းထားသည်ကို Boomberg ရုပ်သံနှင့် အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားထားသည်။

“Google မှာ ကျွန်တော်တို့ ပြုလုပ်ခဲ့မိတဲ့ အကြီးဆုံးအမှားတစ်ခုကတော့ လူမှုရေးကွန်ရက် ဒီလောက် ကြီးထွားလာမယ်ဆိုတာကို ကျွန်တော်မတွက်ဆမိခဲ့တာပါပဲ၊ ဒီလိုမှားမျိုး ကျွန်တော်တို့ ထပ်ကျူးလွန် တော့ မှာ မဟုတ်တော့ပါဘူး”ဟု Eric Schmidtm က ပြောကြားထားသည်။

Google သည် Facebook နှင့်Twitter တို့ကဲ့သို့သော လူမှုရေးဝက်ဘ်ဆိုဒ်များ အောင်မြင်မှုရရှိခဲ့ပြီး သည့်နောက်မှ လူမှုကွန်ယက်အတွင်း နောက်ကျစွာဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်၎င်းတို့အ နေဖြင့် လူမှုကွန်ယက်ပိုင်းတွင် အသုံးပြုသူအသစ်များအား ရှာဖွေရန်နှင့် လက်ရှိအသုံးပြုသူများအား ထိန်းသိမ်း ရန်အတွက် ကြိုးစားရုန်းကန်နေရသည်။

သို့သော်၎င်းတို့သည် အားလုံးဆုံးရှုံးသွားခြင်းမျိုးတော့ မဟုတ်ကြောင်း Eric Schmidtm က ပြောကြား ထားသည်။“ကျွန်တော်တို့တွေဟာ တခြားကိစ္စရပ် အတော်များများနှင့် အလုပ်ရှုတ်နေတာကြောင့် အခု လိုဖြစ်သွားရတာပါ။ ကုမ္ပဏီအနေနဲ့ ဒီလူမှုရေးကွန်ရက်နယ်ပယ်ထဲမှာတော့ ဆက်ပြီးရှိနေတုန်းပါပဲ” ဟု Eric Schmidtm က ၎င်း၏ အမြင်လွဲချော်မှုအတွက် အပြည့်အ၀ လက်ခံတာဝန်ယူကြောင်း ပြောကြား ထားသည်။

Schmidtm သည် အတိတ်တွင် ပြီးခဲ့သည့် အကြောင်းအရာများကို ထားခဲ့ပြီး ၂၀၁၄ခုနှစ်အတွက်သာ ရှေးရှုမျှော်မှန်းထားကြောင်း၊ ထိုနှစ်တွင် မိုဘိုင်းလ်ကွန်ပျူတာစနစ်တွင် အောင်မြင်မှုလမ်းကြောင်းတစ်ခု ကို ရယူရန်လည်း မျှော်မှန်းထားကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ စမတ်ဖုန်းများနှင့် tablets များသည် ဖျော်ဖြေရေး၊ ပညာရေးနှင့် လူမှုဘ၀ဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်သည့် မျိုးဆက်သစ်application တစ်ခုအတွက် လမ်းပွင့်တော့မည်ဖြစ်သည်ဟု လည်း ၎င်းကပြောကြားထားသည်။

Mizzima

မင်းတို့ မေမေ ကိုပြန်မေးကြည့်ကြစမ်း



ခွီး .......
သောက်ရေးထဲ မင်းတို့ က တစ်မှောင့် ....
အာ့လောက်တုံးလို့  ....
ဟိုကောင်တွေ ၂၂ နှစ် ဆော်သမျှ ခံရတာ...

မသေမချင်း မှတ်ထား....
ငါပြောပြမယ်....
ဖွတ်က ၅၉ စ ကို မဖြုတ်ဘူး ...
ဖြေလျော့ရုံပဲ လျော့မှာ ....
အဲဒါ တရားဝင် ပြောပြီးပြီ....


အဲတော့ မင်းတို့ လုပ်ရမှာက ...
မင်းတို့ မားမားကို ပြန်မေး....
သားတွေကို နိုင်ငံသား ခံ ခိုင်းမလား....
ကိုယ် ၀င် အရွေးမခံပဲ နေမလား....
ဒါမှ မဟုတ် ရတဲ့ ရာထူး ယူမလား....

ပြီးရင် ....
ကိုယ့်ကိုယ်ကို ပြန်မေး ....
မင်းတို့ မားမား သမ္မတ မဖြစ်ရင် ...
ကိုယ့်ကိုယ်ကို သတ်သေမယ့်ကောင် ရှိလား....
ရှိရင် နာမည် လိပ်စာ စာရင်းလာပေး ....
အာ့ စာရင်း ...
ငါ မီဒီယာတွေဆီ ပို့ ပေးမယ်....

ပြီးရင် ထပ်မေး.....
မင်းတို့ မားမား သမ္မတ မဖြစ်ရင် ...
မင်းတို့ လမ်းပေါ် တက်မလား ...
တက်ရင် နာမည် လိပ်စာ စာရင်းလာပေး....
အာ့ စာရင်း ကို .....
ငါ ပြည်ထဲရေး ပို့ ပေးမယ် ...

အေး..
ရက်စက်ယုတ်မာသော ဖွတ်အစိုးရတို့  ...
မားမားစု ကို ၀န်းရံကြ တို့ ...
၅၉ စလုံး အခု ပြင် တို့ ...
အာ့ဒါတွေက သောက်လုပ်မဖြစ်ဘူး...
နားညည်း တယ် ....
မျက်စိနောက်တယ် ....
နိုတီ တက်တာ ပဲ ရှိတယ်....

ကိုယ့် အမေ ကိုယ် လဲ ပြန်မေးဦး ...
နိုဗယ်ဆု ရပြီး စာရောတတ်ရဲ့ လား လို့ ...

ဟိုက ရှင်းနေအောင် ပြောထားတာကို ...
အခုထိ မရှင်းသေးဘူး ...
ဒီထက် ရှင်းအောင်ပြောရင် ...
ခြေသလုံးမွှေးရိတ်ပြီး ပြောမှ ရတော့မယ်...

ခွီး......ပဲ ....
နောက်တစ်ခါ သန်း၆၀ လာပြောရင်...
သန်းအကောင် ၆၀ ချောပို့ နဲ့ ပို့ ပေးမယ်...
တစ်နေ့ ၃ ခါ ရှိခိုး အိပ် ...
မှတ်ထား ...ဒါပဲ ....
.... ။ ။

From: Ye Moe

ရွှေမျော်မှန်းထားသော မသန်စွမ်း လှံတံပစ် အားကစားသမားများ ပြင်းထန်စွာလေ့ကျင့်



(၇)ကြိမ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲ ကျင်းပရန် ရက်နီးလာ ချိန်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၁) ၌ မြန်မာမသန်စွမ်း လှံတံပစ် အားကစားသမားများသည် စွမ်း ဆောင်ရေနှင့် ရွှေတံဆိပ်ရရှိရေး စိတ်ဓာတ်ခိုင်မာစွာ လေ့ကျင့်လျက် ရှိကြောင်း သိရသည်။


မြန်မာမသန်စွမ်း လှံတံပစ် အားကစားအဖွဲ့ကို မြန်မသန်စွမ်း ပြေးခုန်ပစ် အားကစားအဖွဲ့မှ နည်းပြဆရာမ ဒေါ်အေးအေးမူက တာဝန်ယူ လေ့ကျင့်ပေးလျက်ရှိသည်။

“မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားအဖွဲ့မှ အမျိုးသား ၄၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၅၈ ဦးတည်သာ ပါဝင်ယှဉ်ပြိုင်သော်လည်း ပြိုင်ပွဲပေါင်း ၁၂၀ ကျော်ရှိသည့်အတွက် သတ်မှတ်ထားသော ဆေးအဆင့်အလိုက် ပွဲစဉ်များတွင် ရွှေတံဆိပ်ရယူနိုင်ရန် စိတ်ဓာတ်ခိုင်မာစွာထားရှိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လှံတံပစ် နည်းပြဆရာမ ဒေါ်အေးအေးမူက ပြောကြားခဲ့သည်။

Social Sciences ဆိုတာ...

Social Sciences လို့ကျွန်မတို့ပြောနေကြတဲ့ လူမှုရေးသိပ္ပံဆိုတဲ့ဘာသာတွဲနဲ့ပတ်သက်ပြီး လူပြောများလာ ကြပေမယ့် ဒီဘာသာတွဲကြီးရဲ့အောက်မှာဘယ်ဘာသာရပ်တွေပါတယ်ဆိုတာကို သေသေချာချာ သိထားတဲ့ နားလည်ထားတဲ့ လူငယ်တွေ ဒီနေ့ခေတ် ကျွန်မတို့နိုင်ငံမှာ အင်မတန်နည်းနေပါသေးတယ်။


အဲဒါကြောင့်လည်း ခုလို နိုင်ငံအတွင်းမှာ အပြောင်းအလဲတွေရှိလာတဲ့အခါ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးစတဲ့ နယ်ပယ်အသီးသီး မှာ ပါဝင်လှုပ်ရှားဖို့ စိတ်ဝင်စားလာတဲ့လူငယ်တော်တော်များများဟာ Social Sciences ဆိုတာကို လေ့လာဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ဘယ်ဧရိယာကိုစိတ်ဝင်စားလို့ ဘယ်လိုလေ့လာရမယ် ဆိုတာကို ကျွန်မအင်တာဗျူးတွေ လုပ်ကြည့်သလောက် ရေရေရာရာသိတဲ့လူငယ်တွေ အင်မတန်နည်းနေပါ သေးတယ်။ အခု နိုင်ငံရေးလောကမှာ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်အတော်များများ၊ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ လူငယ်အတော်များများလည်း နားလည်မှု၊ သိမှု အင်မတန်အားနည်းနေပါသေးတယ်။ ၀ါသနာပါလို့ စိတ်အားထက်သန်လို့လုပ်နေကြတဲ့သူတွေ ပိုများပါတယ်။ အစိုးရ၀န်ထမ်းတွေလည်း ထိုနည်း လည်းကောင်းပါပဲ။ နောက်ဆုံး စီးပွားရေးဘွဲ့ရ လူငယ်အချို့တောင် ခုထိ စီးပွားရေးပညာရှင် (Economist) ဆိုတာနဲ့ စီးပွားရေးသမား (Businessman) ဆိုတာကို မကွဲကြပါဘူး။ ရောရောထွေးထွေးပါပဲ။ အဲဒီတော့ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သုံးသပ်ကြ၊ ဝေဖန်ကြ၊ ငြင်းခုန်ကြတာတွေလုပ်တဲ့အခါမှာ Intellectually တွေးခေါ်သုံးသပ် ဆွေးနွေးနိုင်ကြတာအားနည်းပြီး ခံစားမှုပိုင်းကိုဦးစားပေးတဲ့ ပြောဆိုဆွေးနွေးမှုတွေဆီကိုသာ ပိုမိုဦးတည်သွားကြပါတော့တယ်။

ဒါတွေဟာ သူတို့ကိုချည်း အပြစ်တင်လို့မရပါဘူး။ ရာစုနှစ်တစ်ဝက်ကျော်လောက် ပျက်စီးခဲ့တဲ့ ကျွန်မတို့နိုင်ငံရဲ့ ပညာရေးစနစ်၊ ကျင့်သုံးခဲ့တဲ့နိုင်ငံရေးစနစ်တွေဟာ Social Sciences ရဲ့တန်ဖိုးကို မှေးမှိန်စေခဲ့တာကို ငြင်းလို့ မရနိုင်ပါဘူး။ နောက်တစ်ခုက Social Sciences ဘာသာရပ်အတော်များများရဲ့ သဘောသဘာဝကိုက အသိပညာကိုပဲပေးတာပါ။ အတတ်ပညာကို ဦးစားပေးတာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် မိဘတွေ၊ ကျောင်းသားတွေအနေနဲ့ကလည်း ကျောင်းပြီးရင် အလုပ်အကိုင်အလွယ်တကူရစေဖို့၊ သက်မွေးဝမ်းကျောင်းမှု ပညာတစ်ခုခု တတ်မြောက်ထားဖို့ ဆိုတာတွေက သူတို့အတွက်ပိုလို့ အရေးကြီးလာကြပါတယ်။ ဒီလိုအခြေအနေ အရပ်ရပ်၊ အမျိုးမျိုးအောက်မှာ Social Sciences ဘာသာရပ်တွေဟာ မြန်မာနိုင်ငံမှာ (၁၀)တန်းအောင်ရမှတ် အနည်းဆုံး ကျောင်းသားတွေသာ သင်ယူတဲ့ဘာသာရပ်တွေဖြစ်လာပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘအများစုနဲ့ အခြေခံပညာအဆင့် ဆရာ၊ဆရာမ အများစုကိုယ်တိုင်က ကလေးတွေကို ပညာရေးနဲ့ ပတ်သက်ပြီး Socialized လုပ်လိုက်တာက ဆရာဝန်၊ အင်ဂျီနီယာမှ မဖြစ်ရင် ကျွန်မတို့တွေ လူ့အသိုင်း အ၀ိုင်းထဲမှာ လူတောမတိုးနိုင်တော့မယ့် အခြေအနေမျိုးရသွားလိမ့်မယ်ဆိုတာမျိုးတွေပါ။

ဒီတော့ရလဒ်ကဘာဖြစ်လာသလဲဆိုတော့ - Social Sciences ဘာသာတွဲအများစုဟာ ဥပမာ- Sociology၊ Economics၊ Law၊ History၊ International Relations စတာတွေဟာ စာတွေအများကြီးဖတ်ရသလို၊ အများကြီးလေ့လာရသလို၊ ကျယ်ပြန့်စွာတွေးတောရတဲ့ ခက်ခဲနက်နဲတဲ့ Theories တွေရှိတာကြောင့် တော်ရုံ တန်ရုံစာဖတ်နိုင်အား၊ English စာအခြေခံနဲ့ လွယ်လွယ်ကူကူနားလည်နိုင်ဖို့ခက်ခဲပါတယ်။ ဒီလိုအခြေအနေမှာ ခုနလို (၁၀)တန်းမှာ ကောင်းကောင်းမွန်မွန် ကြိုးစားအားထုတ်ခဲ့ခြင်းမရှိတဲ့၊ စာဖတ်အားနည်းတဲ့ English စာအားနည်းတဲ့၊ တော်ရုံတန်ရုံတောင် တွေးခေါ်ချင်စိတ်မရှိတဲ့ ကလေးတွေ ဒီဧရိယာတွေထဲကို ရောက်လာ ကြတဲ့အချိန်မှာ ဒီကလေးအများစုဟာ နိုင်ငံတကာအဆင့်နဲ့ယှဉ်နိုင်တဲ့ အရင့်အရင် မြန်မာနိုင်ငံရဲ့ Social Sciences ဘာသာရပ်ဆိုင်ရာ ပညာရှင်ဆရာကြီးတွေဖြစ်တဲ့ သမိုင်းပညာရှင်၊ နိုင်ငံရေးပညာရှင်၊ စီးပွားရေး ပညာရှင်၊ တရားသူကြီး၊ လူမှုဗေဒပညာရှင် စသူတွေရဲ့ လက်ဆင့်ကမ်းအမွေကို ပခုံးပြောင်းယူနိုင်စွမ်းအား မရှိတော့တာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်တည်ဆောက်နိုင်ရေးဆိုတဲ့ အခန်းကဏ္ဍတွေမှာ ထိထိ ရောက်ရောက်၊ စွမ်းဆောင်ရည်ရှိရှိ လုပ်ဆောင်နိုင်ဖို့ရာနဲ့နိုင်ငံတကာကိုရင်ဘောင်တန်း လိုက်နိုင်ဖို့ရန်အတွက် မှာ ဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြတဲ့ Stakeholders တွေသာမက ရိုးရိုး အေးချမ်းစွာနေထိုင်လိုကြတဲ့ သာမန်ပြည်သူပြည်သားတွေမှာပါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒီထက်ပိုပြီးပြောရရင် အခုခေတ်စားနေတဲ့ ဒီမိုကရေစီအရေးတွေနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်တဲ့၊ အကျိုးသင့် အကြောင်းသင့်တွေးခေါ်နိုင်တဲ့ အသိတရား၊ ဗဟုသုတနဲ့ အတွေးအခေါ်တွေ အများကြီးလိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတော်တည်ဆောက်မှုမှာ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်လုပ်ဆောင်နေကြတဲ့သူဟာ ကောင်းမွန်ထိရောက်တဲ့ မူဝါဒတွေကို ချမှတ် အကောင်အထည် ဖော်နိုင်မှာဖြစ်သလို၊ ပြည်သူပြည်သားတွေအနေနဲ့ကလည်း နိုင်ငံတော်ကကျင့်သုံးနေတဲ့စနစ်၊ နည်းဥပဒေ တွေသာမက နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ ကမ္ကာအရပ်ရပ်မှာရှိနေတဲ့ အခြေအနေအရပ်ရပ်ကို နှိုင်းယှဉ် ချိန်ထိုးပြီး ကောင်းသည်မကောင်းသည်၊ ဟုတ်သည်မဟုတ်သည်ကို ချင့်ချိန်သုံးသပ်ပြီး တုံ့ပြန်ခြင်း၊ လက်ခံခြင်း ဆိုတာတွေကို ပြုနိုင်မှာဖြစ်ပါတယ်။ Social Sciences ဘာသာရပ်တွေဟာ ဒီလိုလုပ်ဆောင် နိုင်ဖို့ အတွက် သင်ပေးတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီစာအတွင်းမှာ ကျွန်မအဓိကပြောချင်တာက Social Sciences ထဲမှာပါဝင်တဲ့ ဘာသာရပ် တွေနဲ့ ပတ်သက်ပြီးတော့ပါ။

Social Sciences လို့ပြောရင် အဲဒီအထဲမှာ ယေဘူယျအားဖြင့် Core Subjects (အဓိက ပင်မ ဘာသာရပ်များ)၊ Interdisciplinary Subjects (ပညာရပ်နယ်ပယ်တစ်ခုသာမက အခြားနယ်ပယ်များနှင့်ပါ သက်ဆိုင်သောဘာ သာရပ်များ)နဲ့ Supporting Subjects (အထောက်အကူပြုပေးသောဘာသာရပ်များ) ဆိုပြီး (၃)မျိုးခွဲနိုင်ပါ တယ်။

Core Subjects ထဲမှာ Politics (နိုင်ငံရေး)၊ Economics (ဘောဂဗေဒ)၊ Sociology (လူမှုဗေဒ) နဲ့ Anthropology (မနုဿဗေဒ) စသည်ဖြင့် ပါဝင်ပါတယ်။

Interdisciplinary Subjects ထဲမှာတော့ International Relations (နိုင်ငံတကာဆက်ဆံရေး)၊ Human Geography and Environment (လူသားပထ၀ီဝင်နှင့် ပတ်ဝန်းကျင်)၊ Business Management (စီးပွားစီမံ) ၊ Gender and Sexuality (ကျား/မနှင့် ဖို/မလက္ခဏာဆိုင်ရာပညာ)၊ Media Studies (လူထုဆက်သွယ်ရေး (၀ါ) ပြန်ကြားဆက်သွယ်ရေးးပညာ)၊ Policy Studies (မူဝါဒရေးရာပညာ၊ Health (ကျန်းမာရေး)၊ Education (ပညာရေး)၊ Development Studies (ဖွံ့ဖြိုးရေးပညာ) နဲ့ Area Studies စတာတွေပါဝင်ပါတယ်။

Supporting Subjects ထဲမှာတော့ Law (ဥပဒေပညာ)၊ History (သမိုင်းပညာ)၊ Philosophy (ဒဿနိကဗေဒ) နဲ့ Psychology (စိတ်ပညာ) စတာတွေပါဝင်ပါတယ်။

ဒီလိုခွဲခြားထားတယ်ဆိုပေမယ့် Social Sciences ဘာသာရပ်တွေဟာ ခပ်လွယ်လွယ်ပြောရရင် လူတွေအကြောင်း၊ လူတွေလုပ်မျှကိုလေ့လာတာဖြစ်တဲ့အတွက် ဘာသာရပ်တွေဟာ တစ်ခုနဲ့တစ်ခုဆက်နွယ်နေပါ တယ်။ ဆိုလိုတာကတော့ Core Subjects ကိုယူထာလို့ Interdisciplinary Subjects တွေကို လေ့လာ စရာမလိုဘူး၊ Supporting Subjects တွေကိုလည်း လျစ်လျူရှုလို့ရတယ်မဟုတ်ပါဘူး။ Core Subjects ထဲက ကိုယ်အထူးပြုတဲ့ ဘာသာရပ်နဲ့ဆက်နွယ်နေတဲ့ Interdisciplinary Subjects ထဲကဖြစ်စေ၊ Supporting Subjects ထဲကဖြစ်စေ ဘာသာရပ်တွေပါရင် အဲဒီဘာသာတွေကိုလည်း တွဲပြီးလေ့လာရပါတယ်။ ထိုနည်းတူစွာ Interdisciplinary Subjects ထဲက ဘာသာရပ်တစ်ခုခုကိုဖြစ်စေ Supporting Subjects ထဲကတစ်ခုခုကို ဖြစ်စေလေ့လာရင်လည်း သူနဲ့ဆက်စပ်နေတဲ့ အခြားသောဘာသာရပ်တွေကို လေ့လာရတာပါပဲ။ ဘာကြောင့် လည်းဆိုတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ နယ်ပယ်တွေမှာ နယ်နိမိန်မျဉ်းတွေ တိတိကျကျ သတ်မှတ်လို့မရပါဘူး။ နိုင်ငံရေးဟာ စီးပွားရေးပေါ်မှာ မှီတည်နေသလို လူမှုရေးဆိုတဲ့အရာကိုလည်း လျစ်လျူရှုထားလို့မရပါဘူး။ ထိုနည်းတူစွာ လူမှုရေးအကြောင်းကိုလေ့လာရင် နိုင်ငံရေး၊ စီးပွားရေးတွေကို ဖယ်ထားလို့ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ စီးပွားရေးဆိုတာကိုလေ့လာရင်လည်း နိုင်ငံရေးစနစ်၊ အခြေအနေနဲ့ လူမှုရေးအခြေအအနေ တွေကို ထည့်သွင်းစဉ်းစားဖို့ အထူးလိုအပ်ပါတယ်။

အဲဒါကြောင့် ဘာသာရပ်တွေကို လေ့လာဖို့ဆုံးဖြတ်တဲ့အခါမှာတော့ ကိုယ်စိတ်ပါဝင်စားတဲ့ ဧရိယာနဲ့ ကိုယ်ဘာကိုအဓိကလေ့လာချင်တာလဲ ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုကိုယ် အရင်ပြန်မေးဖို့ပဲလိုပါတယ်။

ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ်ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာ တစိုက်မတ်မတ် သွားနိုင်မလဲ ဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကို ရောက်နိုင်ပါတယ်။

ကျွန်မတို့နိုင်ငံမှာ မိဘတွေအတော်များများက ကိုယ့်သားသမီးရဲ့ အဓိက၀ါသနာက ဘာလဲဆိုတာနဲ့ သူတို့ ဘာဖြစ်ချင်တာလဲ သူတို့ဘယ်နေရာမှာ ပိုပြီးအရည်အချင်းရှိသလဲ တော်သလဲဆိုတာကို အရင်ဆုံး သုံးသပ်ပြီး သူတို့အရည်အချင်းကို ပိုမိုအရောင်လက်အောင် တောက်ပအောင် ဘယ်လိုပံ့ပိုးပေးရမလဲ ဆိုတာကို စဉ်းစားကြတာထက် သူတို့ဖြစ်စေချင်တဲ့ပုံစံထဲကို ကလေးတွေကို ပုံစံဝင်အောင်ရိုက်ထည့်ဖို့ ကြိုးစားကြတဲ့ အတွက် ကလေးတွေအနေနဲ့လည်း ကိုယ့်မှာ ဘာအရည်အချင်းရှိလို့ရှိမှန်း ဘယ်နေရာမှာတော်မှန်း သုံးသပ်နိုင် စွမ်းတွေပျောက်ကွယ်ကုန်ကြပါတယ်။

အဲဒါကြောင့် ကျွန်မရှေ့ကပြောခဲ့တဲ့ စကားကိုပဲပြန်ကောက်ချင်ပါတယ်။ ကိုယ့်ရဲ့စိတ်ပါဝင်စားမှုနဲ့ ကိုယ် ဘယ်လောက်ထိ ကိုယ်လေ့လာမယ့်ဧရိယာပေါ်မှာ တစိုက်မတ်မတ်သွားနိုင်မလဲဆိုတာကို ဆုံးဖြတ်နိုင်ရင် ဘယ်ပညာရပ်မှာမဆို၊ ဘယ်နေရာမှာမဆို ထိပ်ဆုံးကိုရောက်နိုင်တယ် ဆိုတာပါပဲ။


ဦးသိန်းစိန် နှင့် ဒေါ်စုခေတ်လွန် နိုင်ငံရေး



လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီးဟာ စိန်ခေါ် မှုတွေ၊ အခက်အခဲတွေ မြောက်များစွာရှိနေတဲ့ ကြားက တိုးတက်ဖြစ်ထွန်းမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတာ ငြင်းလို့မရနိုင်ပါဘူး။ နိုင်ငံရေးအရ တိုးတက်မှုဟာ အရှိန်အဟုန် မြင့်မားလွန်း တာ ကြောင့် တစ်ကမ္ဘာလုံးကတောင်မှ ရင်သပ်ရှုမော ဖြစ်ရတဲ့အခြေအနေ၊ အသိအ မှတ်မပြုဘဲ မထောက်ခံပဲ နေလို့မရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ စီးပွားရေးတိုးတက်မှုဟာလည်း မကြာခင် သိသိသာသာဖြစ်ပေါ်တော့မယ်ဆိုတာ IMF လို အဖွဲ့အစည်းကြီးတွေက တောင်မှ ခန့်မှန်းတွက်ဆနေကြပါပြီ။


ဒါပေမယ့် ဒီတိုးတက်ဖြစ်ထွန်းမှု အရှိန်အဟုန်များကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ပါ့မလား ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းတဲ့အထိ ရောက်နိုင်ပါ့မလားဆိုတာကိုတော့ အလေးအနက်စဉ်းစား သုံးသပ်မှုတွေ ပြုလုပ်တာ တော်တော်နည်းပါးနေသေးတာ တွေ့ရပါတယ်။လက်ရှိအခြေအနေက အနာဂါတ်ခိုင်မာဖို့ အာမခံချက် အပြည့်မပေးနိုင်သေးပါဘူး။ မြန်မာ့ နိုင်ငံရေးနဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ stateholder တွေ အားလုံး မီးကုန်ယမ်းကုန် အားထုတ်ကြရပါဦးမယ်။


၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ နောက်ပိုင်း သမ္မတဦးသိန်းစိန်ရဲ့အားထုတ်ကြိုးပမ်းမှုတွေကို ပြည်တွင်း ပြည်ပက လက်ခံ အသိအမှတ်ပြုကြတဲ့ အခါ လူမှုရေးအသင်းအဖွဲ့တစ်ခုအဖြစ်ကနေ အသွင်ပြောင်းလာတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အနေအထားဟာအကြီးအကျယ်ပြောင်း လဲသွားခဲ့တယ်လို့ ဆိုရမယ်ဖြစ်ပါတယ်။ 

လူထုကယုံကြည်မှုမရှိဘဲ ဆန့်ကျင်ရှုံ့ချခံရတဲ့ အနေအထားကနေ လူထုထောက်ခံမှု မရသေး ရင်တောင်မှအရင်လို ခါးခါးသီးသီး အမုန်းခံရတဲ့ အနေအထားကနေလွတ်မြောက်လာတယ် လို့ ဆိုရမှာပါ။ ပါတီရဲ့ စွမ်းဆောင်မှုရယ်လို့ လူထုအတွက် ထိရောက်အောင်ပီပီပြင်ပြင်လုပ်နိုင်တာ မရှိလှသေး ပေမယ့်အာဏာရပါတီဖြစ်လာပြီး အဲဒီပါတီကို ကိုယ်စားပြုတဲ့ အစိုးရရဲ့ ရပ်တည်ချက်က ဒီမိုကရေစီ လမ်းကြောင်းဆီဦးတည်တယ်လို့ ယုံကြည်လောက်အောင် အစိုးရကစွမ်းဆောင်နိုင်ခဲ့တယ် လို့လည်း ဆိုနိုင်ပါတယ်။ လက်ရှိမှာလည်း အားနည်းချက်အချို့ ရှိနေပေမယ့်အစိုးရရဲ့ရပ်တည်ချက်ကို ခြုံကြည့် လိုက်ရင် တော်တော်များများ လက်ခံနိုင်တဲ့အနေအထားမှာရှိနေလေတော့ အာဏာရပါတီအနေနဲ့ အားသွန် ခွန်စိုက်ကြိုးပမ်းနိုင်ရင် လူထုထောက်ခံမှုအချို့ကို မျှော်လင့်နိုင်တယ်လို့တောင် ပြောလို့ ရမယ်ထင်ပါတယ်။

ဒါပေမယ့် လက်ရှိသမ္မတရဲ့ စွမ်းဆောင်ချက်တွေက ကောင်းမွန်လို့သာထောက်ခံမှုများရရှိလာတာ ဖြစ်လေတော့ ဒါဟာ ပါတီကိုထောက်ခံခြင်းမဟုတ်သေးဘူးဆိုတဲ့ အချက်ကို သတိပြုဖို့ အထူး လိုအပ်ပါတယ်။ သမ္မတဖြစ်သူအနားယူပြီးတဲ့ နောက်မှာပါတီပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့်သူတွေ လိုအပ်နေ ပါသေးတယ်။ မဟာဗျူဟာနည်းဗျူဟာတွေကောင်းကောင်း ရှိတဲ့ ပါတီဖြစ်တာနဲ့အညီ plan B သာမက plan C တောင်ရှိချင်ရှိနေနိုင်တာကြောင့် နောက်ထပ် ဆက်ခံမယ့်ခေါင်းဆောင်တွေလည်း လေ့ကျင့် ပြင်ဆင် ထားပြီးသား အဆင်သင့် ရှိနေမှာအသေအချာဖြစ်ပါတယ်။

အစိုးရသစ်ပေါ်ပေါက်လာပြီး နောက်ပိုင်း ပြည်တွင်းကကော နိုင်ငံတကာကပါ လက်ခံလာခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များကိုယ်တိုင်ကကြိုတင်မျှော်လင့်ထားပုံမရပါဘူး။ အစ ပိုင်းမှာ ထောက်ခံမှုတွေအတွက် အံ့အားတသင့် ရှိနေခဲ့ပုံ ရပါတယ်။ နောက်ပိုင်း သမ္မတကို ထောက်ခံ အားပေးမှုတွေ တအားအရှိန်ရလာတဲ့အခါ ပါတီအနေနဲ့အစွမ်းကုန် အားထုတ်ဖို့ လိုအပ်ပြီလို့တော့ သိမြင်လာပုံ ရပါတယ်။ တလောကပါတီဒုဥက္ကဌ တာဝန်ယူထားသူက၂၀၁၅ ဟာ သူတို့အတွက် သိပ်ကြီးမားတဲ့ရည်မှန်းချက် မဟုတ်ဘဲလူထုအကျိုးစီပွားကို ဖေါ်ဆောင်ပေးဖို့သာ အဓိကရည်မှန်း ထားကြောင်း ပြောသွားတာကြားမိတော့ တော်တော်လေးအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။

လက်ရှိအနေအထားမှာနိုင်ငံရေးပါတီတစ်ခုအနေနဲ့ အမှန်တစ်ကယ်လည်း အခုလို ရေရှည် ရည်ရွယ် ချက်မျိုးခိုင်ခိုင်မာမာချမှတ်ထားသင့်တာဖြစ်ပြီး လူထုထောက်ခံမှုရတဲ့ (ဒီမိုကရေစီ အင်အားစု တွေကိုကိုယ်စားပြုတယ်လို့ဆိုတဲ့)ပါတီတွေကတောင် ဒီလိုစကားမျိုးပြောသံဆိုသံ မကြားရသေး ပါဘူး။ အာဏာရပါတီအနေနဲ့အမှန်တစ်ကယ် ရည်ရွယ်ချက်ရှိပုံလည်းရပြီး ဒီလိုရည်ရွယ်ချက်မျိုး ပါတီကြီး တစ်ခုမှာရှိနေခြင်းကတိုင်းပြည် အနာဂါတ်ကောင်းမွန်ရေးအတွက် ကောင်းမွန်တဲ့ အာမခံချက် တစ်ခု ဖြစ်ပါတယ်။ 

ဒါပေမယ့် စောစောကပြောသလိုပါပဲ။ ခေတ်ဟောင်း(စစ်အုပ်ချုပ်ရေး)ကနေပေါက်ဖွားလာတဲ့ပါတီဖြစ်လေ တော့ လူထုထောက်ခံမှု အခိုင်အမာရချင်တယ်ဆိုရင်တခြားပါတီတွေထက် အဆပေါင်းများစွာ ကြိုးစား အားထုတ်မှသာတန်ရုံကျပါလိမ့်မယ်။ လက်ရှိအခြေအနေမှာလူထုကကော နိုင်ငံတကာကပါ ထောက်ခံ အားပေးနေတယ်ဆိုတာ သမ္မတဦးသိန်းစိန်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကိုသာ ထောက်ခံအားပေး နေတာဖြစ်ပြီး သူ့မိခင်ပါတီကို ထောက်ခံနေခြင်းမဟုတ်ဘူးဆိုတာ ပါတီဝင်များအနေနဲ့ ဂရုပြုမိကြမှာ လည်း သေချာပါတယ်။ 

အနာဂါတ်မှာ ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့တစ်နည်းအားဖြင့် လာမယ့်ရွေးကောက်ပွဲတွေမှာ လုံလောက် တဲ့ ထောက်ခံမဲတွေရရှနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေနေပုံလည်းရှိပါတယ်။ အမှန်တစ်ကယ် တိုင်းကျိုး ပြည်ကျိုးဆောင်ရွက်လိုတဲ့စိတ်စေတနာမှန်ရင် လူထုကကော နိုင်ငံတကာကပါ ဘယ်ပုဂိုလ် ဘယ်အဖွဲ့အစည်းကိုမဆိုထောက်ခံအားပေးမှာပဲဆိုတဲ့ လက်တွေ့သင်္ခန်းစာကိုလည်း ရရှိသွားပုံရှိပါတယ်။ ဒါပေမယ့်သမ္မတဦးသိန်းစိန်ခေတ်လွန်ကာလမှာ လက်ရှိ ပြည်တွင်းပြည်ပ ထောက်ခံမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့အတွက်ကတော့ အာဏာရပါတီကြီးအတွက် အခက်ခဲဆုံး ရုန်းကန်ရမယ့် စိန်ခေါ်မှုကြီး ဖြစ်နေပါတော့တယ်။

အတိုက်အခံပါတီကြီးဖြစ်တဲ့ NLD အနေနဲ့ကတော့ အာဏာရပါတီနဲ့လုံးလုံးလျားလျားဆန့်ကျင်ဘက် အနေအထား မှာရှိနေဆဲပါ။ အာဏာရပါတီကလူထုထောက်ခံမှုရဖို့ ခဲရာခဲဆစ်ကြိုးစားဖို့လိုသလောက် NLD အနေနဲ့ကတော့ လူထုထောက်ခံမှု (အများစု ) ကို အသာလေးနဲ့ရနေတဲ့ နောက်ထပ်လည်း ရနေဦး မယ့် အနေအထားပါ။

၁၉၉၀ ရွေးကောက်ပွဲကာလအတည်းက တခဲနက်ထောက်ခံခဲ့တဲ့ လူထုကအခုလောလောဆယ်မှာလည်း အတိုက်အခံပါတီကြီးကိုရာခိုင်နှုန်း တော်တော်များများထောက်ခံဆဲဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီလို လူထုထောက်ခံမှုကို အလွယ်တကူလေးနဲ့ရရှိနေခြင်းကဒေါ်စုတစ်မျက်နှာကြောင့် ဖြစ်တယ်ဆိုတာ ငြင်းလို့ မရတဲ့ အမှန်တရားဖြစ်ပါတယ်။

ဒေါ်စုသာ နိုင်ငံရေးလောကမှာ ရှိမနေတော့ရင် အခုရနေတဲ့ လူထုထောက်ခံမှုကို ဆက်ထိန်းထားနိုင်ဖို့ ဆိုတဲ့ အချက်က အတိုက်အခံပါတီကြီးအတွက် အခက်ခဲဆုံးစိန်ခေါ်မှုကြီးဖြစ်ပါလိမ့်မယ်။

ဒီတော့ဦးသိန်းစိန်နဲ့ ဒေါ်စု ခေတ်လွန် မြန်မာ့နိုင်ငံရေးဟာဘယ်လိုဘယ်ပုံရှိမယ်လို့ကြိုတင်တွက်ဆပြော ဆိုဖို့မလွယ်လှဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ယခင်အစိုးရဆီကအလွယ်တကူ အမွေဆက်ခံခွင့်ရခဲ့ခြင်း၊ အင်အားအရ တခြားပါတီများထက် များစွာသာလွန် တောင့်တင်းကောင်းမွန်ခြင်းနဲ့လက်ရှိ တာဝန် ယူနေတဲ့ အစိုးရ (သမ္မတ )ကို ပြည်တွင်းပြည်ပ ထောက်ခံမှုရှိခြင်းစတဲ့ အားသာချက်တွေရှိတဲ့ အာဏာရ ပါတီရော ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့အများကြည်ညိုလေးစားသူ လူထုခေါင်းဆောင်ကြောင့် လူထုနဲ့ နိုင်ငံတကာ ထောက်ခံမှုဆိုတဲ့အားသာချက်ရှိနေတဲ့အတိုက်အခံပါတီပါဦးသိန်းစိန်နဲ့ဒေါ်စုခေတ်လွန် ကာလမှာ နိုင်ငံရေးအရ အောင်မြင်မှုဆက်လက်ရရှိဖို့၊ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲ လုပ်ရပါလိမ့်ဦးမယ်။

ဒီပုဂိုလ်နှစ်ယောက်စလုံးကတစ်ချိန်ချိန်မှာ နိုင်ငံရေးလောက ကနေတစ်စုံတစ်ရာသောအကြောင်းတရားနဲ့ ထွက်ခွာကြမှာပါပဲ။ အဲဒီအချိန်ရောက်ရင်အဆိုပါ ပါတီကြီးနှစ်ခု အတွက်ရော မြန်မာနိုင်ငံနဲ့ မြန်မာလူထု အတွက်ပါလက်ရှိ ကောင်းမွန်နေတဲ့ နိုင်ငံရေးအခြေအနေတွေ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ဖြစ်ထွန်း နေဖို့အရေးကြီးလှပါတယ်။ အခုအချိန်ကတည်းကကြိုတင်စဉ်းစားပြီး ပြင်ဆင်လုပ်ကိုင်ဖို့ ပါတီနှစ်ခုစလုံးက စဉ်းစားနေလောက်ပြီလို့ ယူဆရပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စုခေတ်လွန်ကာလ နိုင်ငံရေးကို သေချာပေါက်ကြိုတင်ခန့်မှန်းလို့ရတဲ့ အချက်အလက် အချို့တော့ရှိနေပါတယ်။

၁။ပြည်နယ်အသီးသီးက တိုင်းရင်းသားပါတီတွေက အင်အားပိုကောင်းလာနိုင်ပြီး တိုင်းရင်းသားပါတီတွေ အချင်းချင်း ပူးပေါင်းမှုတွေသေချာပေါက် ရှိလာနိုင်ပါတယ်။ ပြည်နယ်အသီးသီးက လူထုရဲ့ သက်ဆိုင်ရာ တိုင်းရင်းသား ပါတီများအပေါ်ထောက်ခံမှု ဟာလည်း အကြီးအကျယ်မြင့်တက်လာပါလိမ့်မယ်။

၂။စီးပွားရေးအရ အထိုက်အလျောက်ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာခဲ့မယ်၊ နောက်ထပ်တာဝန်ယူမယ့် ပါတီ ခေါင်းဆောင်တွေက လက်ရှိသမ္မတလိုလူထုထောက်ခံမှုရအောင်စွမ်းဆောင်နိုင်မယ်ဆိုရင် လက်ရှိ အာဏာရ ပါတီဟာလည်းအခြေအနေကောင်းလာနိုင်ပါတယ်။

၃။တိုင်းရင်းသားပါတီမဟုတ်တဲ့အခြားပါတီများထဲက အင်အားချို့တဲ့နည်းပါးတဲ့ ပါတီငယ်များဟာ ၂၀၁၅ နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။

၎။ဒေါ်အောင်ဆန်းစုကြည်ကြောင့် ပြည်တွင်းပြည်ပထောက်ခံမှု ရနေတဲ့အတိုက်အခံပါတီကြီး အနေနဲ့ ကတော့ အဲဒီအချိန်ကျမှ ပိုမိုပြင်းထန်တဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

၅။ လူထုကလည်းပါတီကိုရောလူပုဂ္ဂိုလ်ကိုပါ စနစ်တကျရွေးချယ်တတ်တဲ့ဓလေ့တဖြည်းဖြည်း ရင့်ကျက် လာနိုင်ပြီး ဒီလိုဖြစ်လာမယ်ဆိုရင် ဒီမိုကရေစီရေးအတွက်ကြီးစွာသော အထောက်အပံ့ ရရှိပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအားသွန်ခွန်စိုက်ကြိုးပမ်းနေကြရတဲ့ ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ဖြစ်ထွန်းနေဖို့အတွက် နိုင်ငံရေးပါတီများမှာသာမကလူထုမှာ ပါ တာဝန်ရှိနေတာဖြစ်ပြီး အလွယ်တကူ ရရှိခဲ့တာမဟုတ်တဲ့ မျှော်လင့်ချက်တွေ၊အခွင့်အလမ်းတွေကို အလွယ် တကူပဲပြန်လည်ပျက်စီးဆုံးရှုံးမသွားရစေအောင် ဝိုင်းဝန်းထိန်းသိမ်းကြိုးပမ်းကြစေလိုပါကြောင်း လေးစားစွာသတိပေးတိုက်တွန်းလိုက်ပါတယ်။ ။

ပိုက်တင်