Friday, January 3, 2014

ကမ္ဘာ့ အကြီးဆုံး အိမ်သုံးTVများ စတင် ရောင်းချရန် Samsung စီစဉ်နေ


1545978_237657526404041_1649556357_n

Samsung ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး အိမ်သုံး TV များကို ရောင်းချသွားရန် အသင့်ဖြစ်နေပြီဟု သိရှိ ရသည်။ လက်မ(၁၁၀) အရွယ်အစားရှိ TVများကို U-HDTV နည်းပညာဖြင့် ဖန်တီးထားပြီး သာမန် HD TVများထက် ပုံရိပ်ပြတ်သားမှု အရည်အသွေးကို (၄)ဆ မြှင့်တင်ထားသည်။ ဈေးနှုန်းအားဖြင့်လည်း မနည်း လှဘဲ ယင်းTV တစ်လုံးလျှင် ပေါင်စတာလင် တစ်သိန်း မျှ ကျသင့်မည် ဖြစ်သည်။


တောင်ကိုရီးယားတွင် ယင်းLCD TVတစ်လုံးအတွက် ဈေးနှုန်းကို ဝမ်သန်း(၁၆၀) သတ်မှတ်ထားသည်။ ယင်းသည် ဗြိတိန်ငွေကြေးအရ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်နှင့် ညီမျှသည်။ Samsungသည် ယခင်OLED Screenသုံး TVများအစား ပုံရိပ်ဖော်နိုင်စွမ်း ပိုမိုကောင်းမွန်သည့် LED Screenများကို ပြန်လည် ရွေးချယ်ခဲ့ခြင်း လည်း ဖြစ်သည်။ Samsungအပြင် ၎င်း၏ တောင်ကိုရီးယား နည်းပညာ ပြိုင်ဘက်ကြီး LGသည်လည်း ဧရာမ အိမ်သုံးTVများ ထုတ်လုပ်ရန် အပြိုင်အဆိုင် စီစဉ်လျှက် ရှိသည်။

Samsung၏ TVအသစ်ကို တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်ရောင်းချမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသများတွင် အမှာစာများ စတင်လက်ခံထားပြီဟု သိရသည်။ အလျား(၁၀၂)လက်မ၊ အနံလက်မ(၇၀)နှင့် ထောင့်ဖြတ် လက်မ(၁၁၀) ကျယ်ပြန့်သော TVများကို ရှေးဦးစွာ တရုတ်၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့သို့ တင်ပို့ရန် Samsungက ရည်ရွယ်ထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

နိုင်ငံရေးသမား ရောင်းရန်ရှိသည် အပိုင်း ၁



(နိုင်ငံရေး ဈေးသစ်ကြီးနဲ့ ငွေရှင်ကြေးရှင် အာဏာ ရှင်များ)

ဒီနေ့ မြန်မာနိုင်ငံမှာ ဈေးကွက်ကို ဘုရားသဖွယ် ကိုးကွယ်လာနေလိုက်ကြတာ ခုတော့ အားလုံးဟာ ရောင်းကုန် ဖြစ်ကုန် တော့တာပဲ။

လုပ်အားကလည်းရောင်းကုန်၊ လုပ်ပိုင်ခွင့် ပါမစ် ကလည်း ရောင်းကုန်၊ ပညာရေးကလည်း ရောင်း ကုန်၊ မိန်းကလေးတွေကလည်း ရောင်းကုန်ဖြစ်လာတယ်။ ကုန်ကုန်ပြောရရင် နာမည်ကြီး ဓမ္မကထိက ဘုန်းတော်ကြီးတချို့ရဲ့ တရားပွဲတွေကိုတောင် ရောင်းကုန်လို့ သဘောထားပြီး လုပ်စားသူ တွေ ရှိလာတယ်။

အဲသလို ပေါ်ထွက်လာတဲ့ ရောင်းကုန်တွေ အနက်မှာ ဈေးအပေါဆုံး နောက်ဆုံးပေါ် ရောင်းကုန်ကတော့ နိုင်ငံရေးသမား ဆိုတဲ့ ရောင်းကုန်ပဲ။


နိုင်ငံရေးသမားတွေကို ရောင်းနေဝယ်နေလိုက်ကြတာ တော်တော်များများလည်း ဈေးတည့်ကုန်ပါပြီ။ ဝယ်လို့ မရတဲ့ နိုင်ငံရေးသမားဆိုတာ နည်းနည်းပါးပါးပဲ ကျန်လိမ့်မယ်။ တော်တော်နည်းပါတယ်။

ရှယ်ယာနဲ့ ငွေကြေးအရောင်းအဝယ်လုပ် ဈေးကစားတဲ့ နာမည်ကျော်စီးပွားရေးသမား ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံလာသွားတုန်းက ၈၈ ကျောင်းသားတွေနဲ့ တွေ့သွားတာကို အားလုံးမှတ်မိကြမယ် ထင်တယ်။ ဒါပေမဲ့ ဆိုးရော့စ် ပြန်သွားပြီးနောက်မှာ ၈၈ ကျောင်းသားတွေကြား ပူညံပူညံ ဖြစ်သွားတဲ့ ပြဿနာ တခုကိုတော့ လူအများသိကြမယ် မထင်ဘူး။ လူအများ မသိကြပေမဲ့ နိုင်ငံရေး အသိုင်းအဝိုင်းမှာတော့ တော်တော်များများ သိကြတယ်။ အဲဒါကတော့ ဆိုးရော့စ်က ကိုကိုကြီးလက်ထဲထည့်သွားတဲ့ ဒေါ်လာ ၂ သောင်းခွဲ ကိစ္စပါ။ အဲဒီဒေါ်လာ ၂ သောင်းခွဲကို ကိုကိုကြီးက ဘယ်သူ့မှ မပြောဘဲ တယောက်တည်း ဒိုင်လျှိုလေးဖွက်သုံးတော့ ကိုမြအေးက မေးခွန်းထုတ်၊ ကိုကိုကြီးက အိုးနင်းခွက်နင်း ဖြေရှင်းချက်ထုတ်၊ မကျေမနပ်ဖြစ်ကြ၊ နောက်ဆုံးတော့ စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမြိုသိပ်ထားလိုက်ကြရတယ်။ အငယ်ပိုင်း ၈၈ တယောက်ကတောင် "ကိုကိုကြီးလုပ်လို့ပေါ့ကွာ။ ငါသာလုပ်ရင် ဆောင့်ကန်ခံရတာ ကြာပြီ" လို့ မကျေမနပ်ပြောသေးတယ်လို့ ဆိုပါတယ်။။ မြန်မာ့သမိုင်းမှာ သိန်းလေးဆယ်ကိုကိုကြီးနောက် ဒေါ်လာ ၂ သောင်းခွဲ ကိုကိုကြီး တယောက်ပေါ်ပေါက်ခဲ့ဖူးတယ်လို့များ နောင်အခါ သမိုင်းမှာ မှတ်တမ်းတင်ကြမလား မသိဘူး။

၈၈ မျိုးဆက်အဖွဲ့နဲ့ ဆိုးရော့စ်နဲ့ အလွမ်းသင့်သွားလိုက်ပုံများကတော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တောင် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့နာမည် ဖြစ်သွားတဲ့အထိပါပဲ။

၈၈ မျိုးဆက်အဖွဲ့ဟာ ပြည်တွင်းပြည်ပ ငွေကြေးထောက်ပံ့မှု အများဆုံးရတဲ့ အဖွဲ့တဖွဲ့ပဲ။ အများဆုံး ထောက်ပံ့ ကြေးရတာကတော့ ကိုမင်းကိုနိုင်နာမည်နဲ့ ရတာက အများဆုံးပဲ။ ဘယ်လောက်ဝင်ပြီး ဘယ်လောက် ထွက်တယ် ဆိုတာကို ဘယ်သူမှတော့ သေသေချာချာ မသိကြဘူး။ ငွေဝင်ငွေထွက်ကို အဓိက စီမံခန့်ခွဲပေးတဲ့ ကိုမင်းကိုနိုင်ရဲ့ လက်ရုံးကြီးကတော့ ကိုဂျင်မီလို့ အများသိထားကြတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ငွေနဲ့ပတ်သက်လာရင် ပေးသမျှယူ၊ လှူသမျှစားနေတယ်လို့ ထင်စရာဖြစ်လာတယ်။ ဂစ်တာဘန်းပြပြီး ခရိုနီပေးတဲ့ငွေကို လက်ခံသလို ၊ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ၈ လေးလုံး နှစ်ပတ်လည် နေ့ကြီးမှာ စစ်အာဏာရှင်တွေက နိုင်ငံရေး ရည်ရွယ်ချက် အပြည့်နဲ့ ပေးလာတဲ့ငွေကိုလည်း လက်ခံပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ရှစ်လေးလုံး နှစ်ပတ်လည် အခန်းအနားဟာလည်း စစ်ခေါင်းဆောင်တွေကို သွားဖိတ်လို့ အကြီးအကျယ် အငြင်းအခုန်ဖြစ်ခဲ့ကြရတယ်။ ဒီ့ထက်ပိုဆိုးတာက ရှစ်လေးလုံးနှစ်ပတ်လည်မှာ ရတဲ့ လှူဒါန်းငွေ သိန်း ၈၀၀ ကျော်ကို စာရင်းမရှင်းနိုင်တဲ့အချက်ပဲ။ ရှစ်လေးလုံးနှစ်ပတ်လည်ကနေ ဆုံးဖြတ်ချက် တွေချပြီး၊ အဲဒီ ချထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်ထည်ဖော်မယ့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီကို ငွေသိန်း ၅၅၀ လှူဒါန်းမယ်လို့ ဆိုတယ်။ အဲဒီ သိန်း ၅၅၀ ဆိုတာကလည်း ဘာဆုံးဖြတ်ချက်မှ အကောင်အထည် မဖော်ရသေးခင် တနေ့တခြား လုံးပါးပါးလာလိုက်တာ ခုတော့ ကုန်တော့မလောက် ဖြစ်လာတယ်။ ဘယ်လိုကုန်၊ ဘယ်လိုလျော့သွားတယ်ဆိုတာကိုလည်း စာရင်းရှင်း နိုင်သူ ဘယ်သူမှ မရှိတော့ဘူးလို့ သတင်းကြီးနေတယ်။ ဘဏ်စာရင်းလက်ခံဖွင့်ထားသူ ကိုတိုးကျော်လှိုင်နဲ့ ကိုညိုထွန်းတို့ ၂ ယောက်လည်း ဘာမှ တတ်နိုင်ကြပုံ မပေါ်ဘူး။

၈၈ ခေါင်းဆောင် အားလုံးကိုယ်စီကိုယ်စီဟာ ခုတော့ ပြည်တော်သာနေကြပြီ။ သူတို့ လက်ထဲမှာ ဂလက်ဆီ နုတ်တူးလေးတွေ ကိုယ်စီကိုယ်ငှ ကိုင်ထားကြတော့ ဂလက်ဆီ နုတ်တူး ဟာ ၈၈ ရဲ့ အိုင်ဒီကဒ်လို့တောင် နိုင်ငံရေးလောကမှာ လူပြောများလာတယ်။ ငွေကြေးထောက်ပံ့သူတွေက လည်းရှိလာ၊ နိုင်ငံရေး ရည်မှန်းချက်တွေကလည်း အမျိုးမျိုးကွဲလာတော့ ၈၈ အဖွဲ့ကလူတွေကလည်း ဟိုလူက ရုံးခန်း တခန်းခွဲထောင် ဒီလူက ရုံးခန်းတခန်းထောင် ကိုယ်စီကိုယ်စီ ရုံးခန်းတွေ အပြိုင်အဆိုင် ထွက်ပေါ်လာတယ်။ ကိုကိုကြီးဆိုရင် သူတယောက် တည်းတွင် ရန်ကုန်မြို့ပေါ်မှာ ရုံးခန်း ၂ ခန်း ၃ ခန်းဖွင့်ထားပါတယ်။ ၈၈ တွေ အဲသလို သူတလူ၊ ငါတမင်းဖြစ်လာလို့ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သူတို့ကို ၃၇ မင်းလို့တောင် လှောင်ပြောင်ခေါ်ဝေါ်လာကြတယ်။

ပညာရေးနဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်ယူထားတဲ့ ၈၈ ကိုစိုးထွန်းရဲ့ ရုံးခန်းမှာဆိုရင် အမေရိကန်က လှူဒါန်းထားတဲ့ လက်ပ်တော့ ကွန်ပြူတာ အလုံး ၃၀ လောက်ရှိတယ်။ အဲဒီကွန်ပြူတာတွေမှာ "မကျွမ်း ကျင်သူ မပြင်ရ၊ ပေါက်ကွဲတတ်သည်" ဆိုတဲ့ သတိပေးစာတန်းတွေတောင်ပါနေတယ်။ အမေရိကန်က သူတို့ကို ဘယ်လို လက်ပ်တော့ အမျိုးအစားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ လှူဒါန်းထားတယ်ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အရင်တုန်းက ကျောင်းသားတွေ နိုင်ငံရေး လုပ်ရင် မိဘကပေးတဲ့ မုန့်ဖိုးငွေကလေးထဲကနေ ဖဲ့ထုတ်ပြီး အိတ်စိုက် လုပ်ကြရတယ်။ အလုပ်သမားတွေ နိုင်ငံရေး လုပ်ရင်လည်း ချွေးနှဲစာထဲကနေ စုဆောင်းပြီး ကိုယ့် ဖာသာ ရန်ပုံငွေထည့်ပြီး ခြစ်ခြုတ်ကြိုးစားလုပ်ကြရတယ်။ ဒီနေ့ခေတ်မှာတော့ ငွေမရှိရင် နိုင်ငံရေး လုပ်လို့ မဖြစ်ဘူးလို့ ပြောလာကြတယ်။ ကိုယ့်ဖာသာ ရိုးရိုးသားသား နိုင်ငံရေးကို ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ချင် သူတွေတောင် သူများမေးငေါ့ခံလာရပြီး ကိုယ်ကပဲ တုံးလို့အလို့ တပြားမှ မရသလို ဖြစ်လာတယ်။ သူများ တွေ လက်ဖျား ငွေသီးနေတာကြည့်ပြီး ရိုးချင်သူတွေတောင် ကလက်ချင်၊ ပျက်ချင် လာကြတယ်။

ဒီလို "ငွေမရှိရင် နိုင်ငံရေး လုပ်လို့မရ" ဆိုတဲ့အတွေးအခေါ် ထူထောင်လာကြချိန်မှာပဲ ငွေပေးချင်လို့ ငွေထုပ်ပိုက်ရှာ နေသူတွေကလည်း ပြည်တွင်းအထိ ရောက်လာကြတယ်။

အဲသလိုသူတွေထဲမှာ ၁။ စောစောကပြောတဲ့ ဂျော့ခ်ျ ဆိုးရော့စ် ရဲ့ အိုအက်စ်အိုင်ပါတယ်။ ဒါ့အပြင် ၂။ NED ပါတယ်။ ၃။ ပြည်သူတွေရဲ့ ငွေနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ချမ်းသာလာကြပြီး အခုအခါ၊ လက်ထဲက ငွေမည်း၊ နာမည်မည်း၊ သမိုင်းမည်းကို လျှော်ဖွတ်ချင်နေသူ ခရိုနီတွေလည်း ပါတယ်။ သူတို့အပြင် ၄။ နိုင်ငံရေးသမားကို ငွေနဲ့ဝယ်ချင်တဲ့ လက်ရှိ အစိုးရနဲ့ သူ့ဝန်ကြီးတွေလည်း ပါကြပါတယ်။

NED (National Endowment for Democracy) ဆိုတဲ့ အဖွဲ့အစည်းဟာ နာမည်နဲ့ လုပ်ရပ် ပြောင်းပြန် အချိုးကျတဲ့ အဖွဲ့အစည်းကြီးရယ်လို့ ကမ္ဘာ့ ဒီမိုကရေစီ အသိုင်းအဝိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့ကြီးပါ။ စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့လို့ ကိုယ်တိုင်ဝန်ခံထားတဲ့ အဖွဲ့အစည်းပါ။

ကမ္ဘာတလွှားမှာ ရွေးကောက်ပွဲများစွာကို ကြိုးကိုင်ချယ်လှယ်ခဲ့ဖူးသလို၊ NGO လို့ခေါ်တဲ့ အစိုးရနဲ့ မပတ် သက်တဲ့ အဖွဲ့အစည်းတွေကို ငွေနဲ့ပေါက်ဝယ်ပြီး တိုင်းငယ်ပြည်ငယ်တွေရဲ့ နိုင်ငံရေးကို ကြိုးကိုင်ဆော့က စားနေတဲ့ အဖွဲ့အစည်းကြီးတခုဖြစ်ပါတယ်။

အဲသလိုအဖွဲ့အစည်းကြီးက မြန်မာဝန်ထမ်းခန့်ထားပြီး ဗမာပြည်ထဲက အဖွဲ့အစည်းတွေအကြောင်း သတင်းပေး လုပ်ခိုင်းထားပါတယ်။ NED ဆီက ထောက်ပံ့ငွေရရေးမှာ အဲဒီဝန်ထမ်းဟာ အရေးကြီးပုဂ္ဂိုလ် ဖြစ်လာပါတယ်။

NED ဆီက ငွေလိုချင်ရင် အောင်မော်ဇင်နဲ့ ဒီဇိုင်းနာ ပန်းချီဆရာ တယောက်ကို ကပ်ရမယ်လို့ ရန်ကုန် နိုင်ငံရေးလောကမှာ လူအများနားလည်ထားကြပါတယ်။ အောင်မော်ဇင်ကတော့ စောစောက ပြောတဲ့ NED ရဲ့ တရားဝင် မြန်မာ ဝန်ထမ်းပါ။ မန္တလေးသား ဒီဇိုင်းနာကတော့ ဘာ့ကြောင့် NED ရဲ့ငွေ ရရှိရေးမှာ အရေးပါ နေရတယ် ဆိုတာ ရှင်းရှင်းလင်း လင်း မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို အကပ်ကောင်းရင် ငွေတကယ်ရ တာ တော့ အမှန်ပါ။

ကိုတိုးကျော်လှိုင်ကလည်း နိုင်ငံရေး အကျဉ်းသားခေါင်းစဉ်အောက်မှာ ဒေါ်လာ ၁ သောင်းခွဲရပါတယ်။ လက်ဝဲစာ ရေးဆရာကြီးဆိုသူတချို့ဦးဆောင်တဲ့ စာရေးဆရာ သမဂ္ဂတောင်မှ စီအိုင်အေရဲ့ ရှေ့ပြေးတပ်ဖွဲ့ လို့ခေါ်တဲ့ NED ရဲ့ ထောက်ပံ့ငွေကို ပျော်ပျော်ကြီး ယူကြပါတယ်။ စာရေးဆရာ သမဂ္ဂက ဒေါ်လာ ၂ သောင်းခွဲ ရပါတယ်။

၈၈ ခေါင်းဆောင်များဟာ နေစောင်းရင်၊ ဖေသောင်းတို့ အရည်တောင်းပြီဆိုတဲ့ ကိုမင်းကိုနိုင်စာအုပ်ထဲက အတိုင်း တံဆိပ်နီ၊ တံဆိပ်နက်၊ နှစ်ထပ်နက် ပုလင်းတွေနဲ့ ကောင်းစားနေကြပါတယ်။ သူတို့ထဲက အရေးပါတဲ့ ခေါင်းဆောင် တယောက်ဆိုရင် ဆေးစွဲနေရုံမက လူမှုရေး ဖောက်ပြန်မှု အပုပ်သတင်းကလည်း ပြန့်နှံ့နေပါတယ်။

ကိုယ့်နိုင်ငံသားတွေ နိုင်ငံခြားကငွေတွေ ဒီလိုမျက်မျက်ကလေး ရပြီး ကောင်းစားနေကြတာ သာဓုခေါ်စရာ ပီတိပွားစရာလို့ တချို့က ထင်ချင်ထင်ကြပါလိမ့်မယ်။ တကယ်တန်း "ဆိုးရော့စ်ရဲ့ အိုအက်စ်အိုင်" တို့ "စီအိုင်အေ ရှေ့ပြေး NED" တို့ရဲ့ အကြောင်းကို သိကြမယ်ဆိုရင်တော့ သာဓုခေါ်ဆိုနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒီအဖွဲ့တွေ အကြောင်းကို ပြည့်ပြည့်စုံစုံသိဖို့က ရှည်ရှည်လျားလျား ရှင်းပြဖို့လိုပါမယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ OSI နဲ့ NED တို့ကို အပိုင်းတပိုင်းစီ ခွဲပြီး သပ်သပ် ပြောပါမယ်။

NED ကအခုလို ခြေလှမ်းသွက်နေသလို သူ့ရဲ့ သြဇာအာဏာက ကမ္ဘာနဲ့ချီပြီး လွှမ်းမိုးကြိုးကိုင်ထား တာကိုသိတော့ Myanmar Peace Centre က အောင်မော်ဇင်ရဲ့ အစ်ကို မင်းဇင်ကို တနှစ် လစာ ဒေါ်လာ ၅ သိန်းပေးပြီး အလုပ်လာလုပ်ဖို့ခေါ်ပါတယ်။ တနှစ် ဒေါ်လာ ၅ သိန်းဆိုတာဟာ တလ ဒေါ်လာ ၄ သောင်းကျော်ပါတယ်။ လူသိများနာမည်ကြီးနေတဲ့ မင်းဇော်ဦးလစာ ဒေါ်လာ ၁ သောင်းထက် ၄ ဆကျော် များပါတယ်။ ဒါပေမဲ့ မင်းဇင်က ငြင်းပါတယ်။ အရောင်းအဝယ်မဖြစ်လိုက်ပေမဲ့ ပေးတဲ့ဈေးကိုက စိတ်ဝင်စားစရာလို့ ဆိုရမှာပါ။

ရန်ကုန်နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း YSPS ဆိုတဲ့ မဇင်မာအောင်တို့ရဲ့ ကျောင်းကတော့ ဥရောပ နိုင်ငံ တနိုင်ငံကနေ ပေါင် ၁ သိန်း ထောက်ပံ့တာကို မြိုးမြိုးမျက်မျက် ရတယ်လို့ဆိုပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ရှိတဲ့ လူမှုရေး အဖွဲ့အစည်း၊ နိုင်ငံရေး အဖွဲ့အစည်းတွေထဲမှာ NED ၊ OSI ထောက်ပံ့ကြေးနဲ့ ကင်းလွတ်တဲ့ အဖွဲ့အစည်း ဘယ်နှဖွဲ့များ ရှိပါသလဲ။ ကုလသမဂ္ဂအဖွဲ့အစည်းတချို့က လွဲရင် ကျန်တဲ့ အဖွဲ့အစည်းမှန်သမျှ မကင်းရှင်းကြသလောက်ပါပဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို တော့ အမေရိကန်က တခြားလမ်းကြောင်းကနေ အသွင်တမျိုးနဲ့ ထောက်ပံ့ပါတယ်။

နိုင်ငံခြား အစိုးရရဲ့ငွေ၊ နိုင်ငံခြားကနေ ငွေပေးကြိုးကိုင်တတ်တဲ့ ခေါင်းကိုင်အဖွဲ့ကြီးတွေရဲ့ငွေ နဲ့ လွတ်ကင်းတာဆိုရင် မရှိတော့သလောက်ပဲ။ သူတို့ပေးတဲ့ငွေ ၊ သူတို့အကြံပေးဖွဲ့စည်းခိုင်းတဲ့အဖွဲ့ ၊ သူတို့ခင်းပေးတဲ့ ကစားကွက်ထဲမှာ ကျနော်တို့ ဗမာပြည်က နယ်ရုပ်ကလေးတွေဟာ ကိုယ့်ကို သူများက ကြိုးကိုင်လို့ကိုင်ထားမှန်း မသိဘဲ သူများစိတ်၊ ကိုယ့်ခန္ဓာနဲ့ လှုပ်ရှားနေကြရသလို ဖြစ်လာပါတယ်။

မိရိုးဖလာ ဘာသာရေး၊ လူမှုရေး အသင်းတွေနဲ့ ၂၀၀၇ သံဃာ့အရေးတော်ပုံမျိုးဆက် ကျောင်းသားလူငယ် တွေလောက်ပဲ ကြိုးကိုင်သူတွေရဲ့ ဈေးကွက်အပြင်ဖက်မှာ လွတ်လွတ်လပ်လပ် ရပ်တည်တယ်လို့ နိုင်ငံရေး လောကမှာ ပြောကြပါတယ်။

ဒါတောင် ဘယ်လောက်သန့်ရှင်းသလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ မကြာသေးခင်က လူငယ်ကျောင်းသား ခေါင်းဆောင်တချို့က NED ရဲ့ ထောက်ပံ့ငွေ ဒေါ်လာ ၂ သောင်း ခွဲကို လက်ခံပြီး စာဖတ်အသင်း လုပ်တယ်လို့ ကြားလာရပါတယ်။ အဖွဲ့အစည်းနဲ့ မဆိုင်ပါဘူး၊ အဖွဲ့အစည်းက သဘောမတူဘူးလို့ ပြောတဲ့အသံမျိုးလည်း ကြားရပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ထိပ်တန်းရာထူး ယူထားတဲ့ လူတွေလုပ်တာကို အဖွဲ့အစည်းနဲ့ မဆိုင်ဘူးလို့ ပြောတဲ့ ကိစ္စမျိုးဟာ စဉ်းစားစရာအဓိပ္ပါယ်တွေ အများကြီးရှိပါတယ်။

ဒီတော့ ဗမာပြည်က နိုင်ငံရေး ၊ လူမှုရေး အဖွဲ့အစည်းတွေ အားလုံး NED ၊ OSI ရဲ့ ထောက်ပံ့ငွေတွေနဲ့ ကြီးပွားနေကြပြီဆိုပါတော့၊ ဒါဆိုရင် ဗမာပြည်ရဲ့ ရှေ့နိုင်ငံရေးမှာ ဘာတွေ ဖြစ်လာနိုင်သလဲ။ နောက်အပိုင်း တွေ မှာ ဆက်ရေးပါမယ်။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

http://amayeainn.blogspot.com/2014/01/blog-post_6491.html

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီဝင် ၇၆ ဦး နုတ်ထွက်ရန်ဆုံးဖြတ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရေဇင်းကျေးရွာအုပ်စုမှ ကျေးရွာတွဲဖက်စည်းရုံးရေး မှူးနှင့် ပါတီဝင် ၇၆ ဦးတို့သည် ပါတီမှနုတ်ထွက်ခွင့်ပြုရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ ပါတီဝင်ကတ်ပြားများနှင့်အတူ ဒီဇင်ဘာလ ၃၁ ရက်တွင် လက်မှတ်ရေးထိုး ပေးပို့ထားကြောင်း သိရ သည်။


“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ငွေ ၁၁၅ သိန်း ချထားပေးတယ်လို့ သိရပါတယ်။ ဘယ်ကပေးတယ်ဆို တာလဲ ပါတီဝင်တို့ ရွာသူ/ရွာသားတွေ သေချာမသိရပါဘူး။ တိုင်းဒေသကြီးအစိုးရက ပေးတာလိုလို၊ ပြည်ခိုင်ဖြိုးကပေးတာလိုလိုပဲ သိရပါတယ်။ ဘယ်ကရသည်ဖြစ်စေ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ရတဲ့ငွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ သုံးတာမျိုးဖြစ်စေချင်ပါတယ်။ ရေဇင်း-ကံလှကြားက ရွှေတောင်ချောင်း က တံတားဆောက်ဖို့ မလိုအပ်ပါဘူး။ အုပ်ချုပ်ရေးမှူးက ကံလှကဆိုတော့ သူ့ရွာကိုသွားတဲ့ချောင်းကို မလိုအပ်ဘဲ ဆောက်တယ်လို့ ထင်ပါတယ်။ အဲဒီတံတားဆောက်ဖို့ရတဲ့ ၁၁၅ သိန်းထဲက ၄၈ သိန်းခွဲပေး ရပါတယ်။

ရပ်မိရပ်ဖတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြပေမယ့် သူကလည်း ကျေးရွာအုပ်ချုပ်မှူးနဲ့ အထောက်အကူပြု ဥက္ကဋ္ဌတွေဘက် ပါပါတယ်။ ဒါကြောင့် အများဆန္ဒထက် ကျွန်တော်တို့အနေနဲ့ ပြည် ခိုင်ဖြိုးပါတီလုပ်ငန်းတွေကို ဆက်လက် မဆောင်ရွက်လိုတော့လို့ နုတ်ထွက်တာပါ”ဟု ဦးဝင်းဇော်မိုးက ဆိုသည်။

ရေဇင်းကျေးရွာအုပ်စုတွင် ကံလှရွာ၊ ကံသာရွာ၊ မြောက်ကျွန်းရွာ၊ ရေဇင်းရွာများ ပါဝင်သည်။ အဆိုပါဒေ သတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ငွေကျပ် ၁၁၅ သိန်း ကို မန္တလေးတိုင်းဒေသကြီးအစိုးရမှ ချပေးခဲ့သည်ဟု သိရသည်။

အဆိုပါငွေများကို တည်ဆောက်ရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ရေဇင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရေဇင်းကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌတို့က ရေဇင်းနှင့် ကံလှအကြားရှိ ချောင်းနှစ်ခုတွင် ချောင်းကူးတံတားများ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ရေဇင်းကျေးရွာအုပ်စုမှာ ကံလှ၊ ကံသာ၊ မြောက်ကျွန်းနဲ့ ရေဇင်းရွာတွေ ပါဝင်ပါတယ်။ ကံလှ-ရေဇင်း ကြားမှာ ချောင်းနှစ်ချောင်း၊ ကံလှ-ကံသာကြားမှာ ချောင်းတစ်ချောင်း၊ ကံလှ-မြောက်ကျွန်းကြားမှာ ချောင်းတစ်ချောင်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက်ရတဲ့ငွေကို ရွာတွေအကြား ဆက်သွယ်သွားလာရေး လွယ်ကူအောင် ချောင်းကူးတံတားတွေ တည်ဆောက်တာ ဖြစ်ပါတယ်။ ကံလှ မှာ အလယ်တန်းကျောင်းရှိတဲ့အတွက် ဆရာ၊ ဆရာမ၊ ကျောင်းသား ကျောင်းသူတွေ သွားလာရေးလွယ် ကူအောင် လိုအပ်လို့ တည်ဆောက်တာဖြစ်ပါတယ်”ဟု ရေဇင်းကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌဦးဇော်ထွန်းက မဇ်္ဈိမကို ပြောသည်။

တည်ဆောက်သည့် တံတားနှစ်စင်းမှာ ရေဇင်း-ကံလှကြားရှိ ချောင်းကူးတံတားများဖြစ်ပြီး ငွေကျပ် ၄၈ သိန်း ကုန်ကျမည့် အရှည် ပေ ၂၉၀၊ အမြင့် ၇ ပေ၊ အကျယ် ပေ၂၀ ရှိတံတားနှင့် ငွေကျပ် ၆၇ သိန်းကုန် ကျမည့် အရှည် ပေ ၄၀၀၊ အမြင့် ၄ ပေခွဲ၊ အကျယ် ၁၅ ပေရှိ တံတားတို့ဖြစ်သည်။ ငွေကျပ် ၄၈ သိန်း ကုန်ကျမည့်တံတားမှာ ယခင်က မရှိဘဲ ယခုမှ အသစ်တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါတံတား တည် ဆောက်ခြင်းကို နုတ်ထွက်ရန်ဆုံးဖြတ်သည့် ပါတီဝင်များက မလိုလားကြခြင်းဖြစ်သည်။ ငွေကျပ် ၆၇ သိန်းကုန်ကျမည့် တံတားမှာ ယခင်ကတည်းကရှိပြီး ပြန်လည် ပြုပြင်တည်ဆောက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး အဆိုပါကျေးရွာအုပ်စုမှ ကံလှရွာတွင် ပါတီဝင်မှာ ရွာလုံးကျွတ်နီးပါးဖြစ်ကြောင်း ကျေးရွာအုပ်စု အ ထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ထွန်းက ပြောသည်။

Mizzima - News in Burmese

နိုင်ကျဉ်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်အစား တရားစီရင်ရေးမဏ္ဍိုင် မှန်ကန်စွာ ဆောင်ရွက်သင့်ဟုဆို

နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြန်လွှတ်မည့်အစား အမှုမစီရင်မီ တရားစီရင် ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများအနေဖြင့် မှန်ကန်စွာ ဆောင်ရွက်သင့်သည်ဟု ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ဇန်န၀ါရီ ၂ ရက်က ပြောသည်။


ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ၊ ဓည၀တီ သာသနာပြုကျောင်းတိုက် ဘုန်းကြီးကျောင်း တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသော ကိုရဲမင်းဦးနှင့် ရခိုင်တိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဘ၀တွေပျက် လူငယ်ဘ၀တွေ ထောင်ထဲမှာ ကုန်ဆုံးစေပြီးမှ ပြန်လွှတ်မယ့်အစား၊ ထောင်မချခင် တရားစီရင်ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေ မှန်ကန် စွာ ဆောင်ရွက်သင့်တယ်”ဟု ဦးဇော်အေးမောင်က ပြောကြားသည်။

ရခိုင်လူမျိုးဖြစ်သည့် ကိုရဲမင်းဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၃၁ ရက်က လွတ် မြောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဂုဏ်ပြုသည့်အားဖြင့် ရခိုင်လူငယ်အဖွဲ့က တွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥပဒေကော်မရှင် ဦးသန်းမောင်ကလည်း “ရဲ မင်းဦး ထောင်ကျခဲ့တာဟာ မြန်မာနိုင်ငံ တရားစီရင်ရေးလောကရဲ့ဥပမာတစ်ခုပဲ၊ ထောင်ချတဲ့သူတွေကို အခုလက်ရှိဥပဒေနဲ့တင် ပြန်တရားစွဲဆိုလို့ ရပါတယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရဲမင်းဦးကို ၀ီရရဲမင်းဦးဟု ဂုဏ်ပြု ရေးသားထားပြီး ယင်းနှင့်ပတ်သက်၍ ဆရာ တော်ဦးဥတ္တမက “ရဲမင်းဦး ထောင်ကလွတ်လို့ သွားကြိုဆိုနေစဉ်မှာပဲ ဦးဝီရသူက ဖုန်းဆက်တယ်။ ဆိုင်း ဘုတ်တွေကိုပြောင်းဖို့ ဂုဏ်ပြုသောအားဖြင့် ၀ီရရဲမင်းဦးလို့ရေးဖို့ ပြောတယ်။ ဒါကြောင့် ပြောင်းလိုက် တာ”ဟု ပြောသည်။

ကိုရဲမင်းဦးသည် ၂၀၀၇ ခုနှစ်က တစ်ကြိမ် ဖမ်းဆီးခံရပြီး ၂၀၁၁ ခုနှစ်တွင် ပထမအကြိမ် ပြန်လည်လွတ် မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ၎င်းသည် နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၁၃ ခုနှစ် မတ်လအတွင်းက အရေးယူခံရပြီးနောက်၊ ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုပုဒ် မ ၁၅၃(က)ဖြင့် ထပ်မံအရေးယူခံခဲ့ရသည်။

Mizzima - News in Burmese

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ဆွေးနွေးပွဲ ဒီလ ၂ဝ ရက်နေ့စမည်



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထိပ်သီး ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ကရင် ပြည်နယ်က KNU ထိန်းချုပ်ရာ လော်ခီးလာဒေသမှာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။


အဲဒီဆွေးနွေးပွဲကနေထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက် တွေဟာ အရေးကြီးတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး၊ ပအိုဝ်းအမျိုးသား လွတ် မြောက် ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

"ကျနော်တို့ လော်ခီးလာမှာ ၂ဝ နဲ့ ၂၃၊ ဘားအံကိုတော့ ၃၄ ဟိုဘက်ပေါ့ဗျာ၊ အဲဒီလိုတော့ စဉ်းစားသွားတာ ရှိပါတယ်ခင်ဗျ၊ သို့သော် လော်ခီးလာမှာ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်ပါတယ်၊ အဖွဲ့အစည်းအသီးသီးကရောက်လာတဲ့ ဥက္ကဌကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို နာခံရမှာဖြစ်ပါတယ်"

လော်ခီးလာဒေသဟာ မဲဆောက်မြို့နဲ့ မဲသဝေါကြားမှာတည်ရှိပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲအပြီးမှာ ဘားအံမြို့မှာကျင်းပမယ့် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲ ပြုလုပ်နိုင်လိမ့်မယ်လို့ ဆိုပါ တယ်။

လောလောဆယ်မှာ အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီနဲ့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့ တွေရဲ့ ဆွေးနွေးပွဲတွေမှာ နှစ်ဖက်သဘောတူနိုင်မယ့် အချက်အလက်တွေကို အပြန်အလှန် ညှိနှိုင်း နေတယ်လို့ ပြောပါတယ်။

RFA Burmese

The Irrawaddy ဂျာနယ် အရောင်းသွက်



နှစ်ပေါင်း ၂၀ ကျော် လွတ်လပ်သော စာနယ်ဇင်း အတွေ့အကြုံများဖြင့် ရပ်တည်ခဲ့သော ဧရာဝတီ သတင်းဌာနက မြန်မာ ဘာသာဖြင့် ရိုက်နှိပ်သော “The Irrawaddy” အပတ်စဉ်ထုတ် ဂျာနယ်ကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့တွင် မြန်မာ တနိုင်ငံလုံးသို့ စတင်ဖြန့်ချိခဲ့ရာ ရန်ကုန်နှင့် မန္တလေး ဂျာနယ်ဈေးကွက်တွင် အရောင်းသွက်လျှက် ရှိ ကြောင်း စုံစမ်း သိရှိရသည်။


ရန်ကုန်မြို့တွင်း ဂျာနယ် အရောင်းဆိုင်များတွင် The Irrawaddy ဂျာနယ်ကို တစောင် ၅၀၀ ကျပ်ဖြင့် ရောင်းချသည့် ယနေ့ နံနက်ပိုင်းတွင်ပင် ရောင်းကုန်သွားပြီး ဂျာနယ်အသစ်များ ထဲတွင် ချက်ချင်းရောင်းကုန်သော ဂျာနယ်ဖြစ်သည်ဟု အရောင်းဆိုင် များက မှတ်ချက်ပြုသည်။

“သိတဲ့သူတွေကျတော့ မနေ့ကတည်းက ကြိုပြီး လာမှာထားတယ်။ ဧရာဝတီထွက်ရင် ငါတို့အတွက် ချန်ထားတဲ့။ ကျနော် တို့တောင် ဒီနေ့ထွက်မယ်ဆိုတာ မသိဘူး။ ဆင်တောင်ကြီးကလည်း ကြိုပြီးတော့ စာရင်းမကောက်ဘူး။ ဂျာနယ်အသစ်ဆိုမှ ဧရာဝတီဆိုတာ သိပြီး ၁၄ စောင်ယူလိုက်တာ။ အခု ရောင်းကုန်သွားပြီ ” ဟု ဆူးလေတွင် ဂျာနယ်ရောင်းသူ ကိုဖြိုးက ပြောသည်။ ဂျာနယ်ဈေးကွက်တွင် Eleven၊ 7 Day နှင့် The Voice ဂျာနယ်တို့မှာ ရောင်းအားကောင်းလျှက် ရှိပြီး နောက်ပိုင်းတွင် သူရိယအလင်းနှင့် မြန်မာသံတော်ဆင့် ဂျာနယ်တို့မှာ ရောင်းအား သိသိသာသာ မြင့်တက်လာကြောင်း၊ နေ့စဉ် သတင်းစာတွင် Eleven နှင့် စံတော်ချိန် သတင်းစာတို့ ဖြစ်ကြောင်း၊ စံတော်ချိန်မှာ ၂၀၀ ကျပ်ဖြင့် ရောင်းချနိုင်သောကြောင့် ယင်း သတင်းစာရောင်း အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တွင်း ဂျာနယ်အရောင်းဆိုင် တချို့မှ စုံစမ်း သိရှိရသည်။

“ဂျာနယ်က ရောင်းလို့ ကုန်သွားပြီ။ လူတွေက လာမေးနေကြတုန်းပဲ။ ဧရာဝတီ ထွက်မယ်ဆိုတာ သူတို့က သိနေတယ်။ ဧရာဝတီက ၀က်ဘ်ဆိုက် ရှိပြီးသားဆိုတော့ Brand က ပေါက်ပြီးသား။ အသစ်ဆိုပေမယ့် လူသိများတဲ့ အသစ်ဖြစ်နေတယ်” ဟု ရန်ကုန် ၃၂ လမ်းထိပ်တွင် ဂျာနယ်ရောင်းသူ ကိုအကြီးကောင်က ပြောသည်။

မန္တလေးမြို့တွင်လည်း ဧရာဝတီ ဂျာနယ်ရောင်းအား ကောင်းသည်ဟု ပြောနိုင်ပြီး ဂျာနယ် ၇ စောင် ၀ယ်လျှင် တီရှပ်တထည် လက်ဆောင် ပေးသောကြောင့် မှာယူထားသော ဂျာနယ်အားလုံး ရောင်းထွက်ခဲ့ သည်ဟု မန္တလေးမြို့ ထွန်းဦးစာပေမှအရောင်းတာဝန်ခံ အမျိုးသမီးက ဆိုသည်။

“အသစ်မှာ ဒီလောက်ရောင်းရတယ်ဆို မဆိုးဘူးပေါ့။ တီရှပ်လည်း လက်ဆောင် ပေးလိုက်တော့ အကုန် ကုန်သွားတယ်။ ဂျာနယ် အခြေအနေကတော့ နောက်တပတ်ကျမှ သိရမှာ” ဟု ယင်း အမျိုးသမီးက ဆက် ပြောသည်။

“The Irrawaddy က နွားခြေရာခွက်ထဲက ထွက်ပြီး ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တယ်” ဟု သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကိုယ်တိုင် သုံးသပ်ထားသော ဧရာဝတီသတင်းဌာနကို ၁၉၉၃ ခုနှစ်တွင် ကိုအောင်ဇော်က စတင်တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရ အပြောင်းအလဲတွင် ပြည်တွင်းသို့ ၀င်ရောက် လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။

The Irrawaddy ဂျာနယ် ထုတ်ဝေရခြင်း အကြောင်းကို ဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ဇော်က “ဂျာနယ်ထုတ်ဖို့က အခုမှ စိတ်ကူးရတာ မဟုတ်ပါဘူး။ ဧရာဝတီကို အင်္ဂလိပ် Version နဲ့ ပြည်ပ ထိုင်းနိုင်ငံမှာ ထုတ်ကတည်းက မြန်မာပြည် မှာလည်း ပြန်ထုတ်ချင်တယ် ဆိုတဲ့ စိတ်ဆန္ဒ ရှိပြီးသား။ ကျနော်တို့ ပြင်ခဲ့တာ ၂၅ နှစ်လောက် ရှိသွားပါပြီ။ မြန်မာပြည်ကို ၂၀၁၁၊ ၂၀၁၂ ပြန်လာခွင့်ရတဲ့ အချိန်က စပြီးတော့ ဂျာနယ်ထုတ်ဝေနိုင်ဖို့ကို ဆာလောင်နေခဲ့တာ” ဟု ပြောသည်။

ပြည်တွင်းတွင် လက်ရှိ အောင်မြင်လျှက်ရှိသော ဂျာနယ်၊ မဂ္ဂဇင်း အများအပြား ရှိသော်လည်း The Irrawaddy ဂျာနယ်ကို အရည်အချင်း ပြည့်ဝသော သတင်းတင်ဆက်မှု၊ အချက်အလက်ပေါ်တွင် အခြေခံသော သတင်းစာ ပညာတို့ဖြင့်ထုတ်ဝေ သွားမည် ဖြစ်ကြောင်း ကိုအောင်ဇော်က ပြောဆိုပြီး ထိုကဲ့သို့ ထုတ်ဝေမည့် ဂျာနယ်ကို စောင့်ဖတ်လိုသောစာဖတ် ပရိသတ် မြန်မာနိုင်ငံတွင် ရှိသည်ဟု ၎င်းက ယုံကြည်နေသည်။

“နှစ်ပေါင်း ၂၀ ကျော်လောက် အမှောင်ခေတ်မှာ နေခဲ့တဲ့ မြန်မာလူမျိုးတွေက တိုင်းပြည်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သုံးသပ်တင်ပြ ထားတာတွေကို သိချင်တယ်။ သူတို့မှာ အဲဒီ ဆာလောင်မွတ်သိပ်မှု ရှိတယ်။ အဲဒီ ကွက်လပ်ကို ကျနော်တို့ ဖြည့်ပေးနိုင်မယ်လို့ ထင်တယ်။ နောက်တခုက မြန်မာပြည်က အခုမှ တံခါးပွင့်တဲ့ အဆင့်ပဲ ရှိသေးတယ်။ အဲဒီအတွက် အခု တကယ် ကျုံးရုန်းပြီးအလုပ်လုပ်ရမှာ။ အဲဒီထဲမှာ မီဒီယာလည်း ပါတယ်။ နိုင်ငံတကာ မှာရော၊ ဒေသတွင်းမှာပါ အစဉ်အလာရှိခဲ့တဲ့ ဧရာဝတီအနေနဲ့ ဒီကွက်လပ်တွေကို ဖြည့်ပေးနိုင်မယ်လို့ ကျနော်တော့ ယုံတယ်” ဟု သူက ဆိုသည်။

The Irrawaddy ဂျာနယ်သည် အရည်အသွေး ကောင်းမွန်ပြီး ဖတ်စရာ အချက်အလက် များစွာ ပါဝင် သည့်အတွက် သဘောကျသော်လည်း ပြုပြင်ပြောင်းလဲမှု များစွာလိုသေးကြောင်း မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်ကလည်း ပြောသည်။

“Layout Design ကို ဒီထက်ပိုပြီး လုပ်နိုင်ရင် ကောင်းမယ်။ ဓာတ်ပုံသုံးတာလည်း နည်းတယ်၊ ဆောင်းပါးနဲ့ လိုက်တဲ့ ဓာတ်ပုံတွေ ထည့်နိုင်ရင် ပိုကောင်းမယ်။… ကောင်းတာက ယောက်က်ျားတွေ လူပျိုစစ်ဖို့ ဘာကြောင့် မလိုတာလဲဆိုတာ ခေါင်းစဉ်မိုက်တယ်။ အဲဒီလို စိတ်ဝင်စားအောင် ပေးရမှာ” ဟု မန္တလေးမြို့မှ စာရေးဆရာ ဆူးငှက်က သုံးသပ်သည်။

ပုဒ်မ ၅၉(စ) ဖျက်ပေးရန် ဒီချုပ် လွှတ်တော်တွင်း ဆွေးနွေးမည်

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတဖြစ်ရေး အတားအဆီးဖြစ်နေသည်ဆိုသော သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ မှ ပုဒ်မခွဲ(စ)တစ်ပိုဒ်လုံးကို ဖြုတ်ရန်အတွက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က လွှတ်တော်တွင်း ဆွေးနွေးသွားမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


“ဒီပုဒ်မကို အကုန်လုံးပြင်သင့်တယ်။ အခုပါတီကြီးတစ်ခုက ပြင်မယ်လို့ အကြံပြုတာတော့ ကြားတယ်။ သူတို့ ပြောတာက ကောင်းပေမယ့် ပြင်ရင်လည်း လူတစ်ယောက်ရဲ့ ပုဂ်္ဂိုလ်ရေးကို ကန့်သတ်သလို ဖြစ် နေသေးတယ် ဒါကြောင့် လုံးဝဖျက်သင့်တယ်”ဟု ဦးဉဏ်ဝင်းက ဆိုသည်။

အခြေခံဥပဒေ ပုဒ်မ ၅၉(စ)တွင် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်း ကောင်း၊ မိမိ၏ဇနီး၊ သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏လက်အောက် ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဆိုကို ဇန်န၀ါရီလ ၁၃ ရက်တွင် စတင်မည့် လွှတ်တော်တွင် တင် သွင်းရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပူးပေါင်းကော်မတီမှ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ လေ့လာတွေ့ ရှိချက်များကို အစီရင်ခံတင်ပြလာပါကလည်း ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီသည် မကြာသေးမီက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သတ်သည့် ပါတီဗဟိုကော်မတီအ စည်းအဝေးကို ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီသို့ ပြင်ဆင်ရန် အကြံပြုချက်တွင် ယင်းပုဒ်မကို ပြင်ဆင်ရန် ဒုတိယဦးစားပေးအဆင့် သတ်မှတ်ထားသော်လည်း ယင်းကို ၂၀၁၅ မတိုင်မီ တွင် ပြင်ဆင်သွားရန်ဖြစ်သည် အဆိုပါပါတီဗဟိုကော်မတီဝင် ဦးလှဆွေက ပြောသည်။

“သမ္မတဖြစ်ချင်တဲ့သူကတော့ ကိုယ့်သားသမီးကို ကိုယ့်နိုင်ငံသားတော့ လျှောက်ရမှာပေါ့။ မလျှောက် ချင်လဲ နေပေါ့။ ဒါမှလည်း တိုင်းတစ်ပါးသားရဲ့ ကျေးဇူးခံတာတွေ မဖြစ်မှာပေါ့”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပက်သတ်ပြီး ပြည်သူသဘောထားများကို ခံယူရာတွင် ယင်း ၅၉(စ) ကို လုံးဝ ဖျက်သိမ်းလိုကြသူ အများဆုံး ပါဝင် သည်ကို သိရှိခဲ့ရသည်ဟု ဦးဉဏ်ဝင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အကြံပြုချက် ၁၆၈ ချက်ကို ကော်မတီသို့ ဒီဇင်ဘာလ ၂၉ ရက်တွင် တင်ပြခဲ့ပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ သမ္မတအိပ်မက် အမှန်တကယ်ဖြစ်လာမည်လော



ညင်သာသောအပြောင်းအလဲနှင့် ဒီမိုကရေစီ အစိုးရတစ်ရပ်ကို အာဏာလွှဲပေးနိုင်ခဲ့သော မြန်မာ့ နွေဦးအပြောင်းအလဲသည် ကမ္ဘာကပါ ချီးကျူးရ လောက်အောင် နာမည်ကျော်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ သဘောထားပျော့ပြောင်းသူ စိတ်ထား နူးညံ့သူဟု သတ်မှတ်ကြသော သမ္မတကြီး ဦးသိန်းစိန်၏ ဦးဆောင်မှုအောက်တွင် မြန်မာ့ နိုင်ငံ ရေး ဖြစ်စဉ်များသည် ကြီးကြီးမားမား သွေးထွက် သံယို ကိစ္စများမရှိဘဲ တက်ရိပ်ပြလာသည်မှာလည်း မငြင်းသာပေ။


သို့သော် လက်ရှိအစိုးရမှ နောက်အစိုးရသို့ အပြောင်းအလဲသည်မည်ကဲ့သို့ ဖြစ်စဉ်များနှင့် ကြုံတွေ့ လာရမည်ကို နိုင်ငံတကာကပါ စိတ်ဝင်စားနေကြသည်။၂၀၁၀ ကလို ညင်သာသော အပြောင်းအလဲလား။ လှိုင်းထန်သော အပြောင်းအလဲလားဆိုသည်မှာလက်ရှိအစိုးရနှင့် အတိုက်အခံတို့၏ နိုင်ငံရေးကစားမှု အပေါ်တွင် မူတည်နေသည်။

၂၀၁၅ နီးလာတာနဲ့ အမျှ သမ္မတဖြစ်ဖို့ အရေးကြိုးစားသူတွေက ကြိုးစားလာကြသည်။ ဆုတ်သာ တက်သာ လမ်းကြောင်းဖွင့်ပေးသူတွေကလည်း ဖွင့်ပေးသည်။ ဒီအထဲ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသူများလည်းရှိသည်။ နိုင်ငံရေးကစားကွက်များ ပိုမိုရှုပ်ထွေးလာသည်။ လူ့အခွင့်အရေးနှင့် အမျိုးသားရေး၏ အားပြိုင်မှု အခြေအနေများလည်း ဖြစ်ပေါ်နေသည်။ ယခုလို အခြေအနေမျိုးတွင် အမြော်အမြင်မရှိသူ၊ တိုင်းပြည်နှင့် ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှု၍ နိုင်ငံရေး အခင်းအကျင်းအားနည်းသူတို့အတွက် ၂၀၁၅ အိပ်မက်သည် မှ ဖယ်ခွာသွားရနိုင်သည်။

သမ္မတဖြစ်ချင်သည်ဟု ပြောဆိုခဲ့ဖူးသူများထဲမှ ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်အများဆုံးဟု ဆိုနိုင်သည်။ လက်ရှိသမ္မတဦးသိန်းစိန်သာ သမ္မတဆက်လုပ်မည်ဟု တရားဝင် ထုတ်ဖော်ပြောခဲ့ပါမူ ဦးသိန်းစိန်အတွက် ဒုတိယသမ္မတ သက်တမ်းက အဖြစ်နိုင်ဆုံး ဖြစ်ပေလိမ့်မည်။

ပြည်တွင်းပြည်ပတွင် ကြေညာထားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်အခဲတစ်ခုဖြစ်သည့် အခြေခံဥပဒေပုဒ်မ ၅၉(စ) သည်လည်း ပြင်ဆင်နိုင်မလားဆိုသည်မှာ ယခုတိုင် မသေချာသေးပေ။ သို့သော် လက်ရှိအာဏာရပါတီကြီးတစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေခံဥပဒေပြင်ဆင်ဖို့ ဆုံးဖြတ်ချက်တွင်လည်း၅၉ (စ)လုံးအတွက် ဖြေလျှော့ပေးမှုများ ပါဝင်မှုသည် ဒေါ်အောင်ဆန်း စုကြည်အတွက် လမ်းကြောင်းတစ်ခုဖြစ်လာနိုင်သည်။ အဆိုပါ ဖြေလျှော့ချက်အရ ဒေါ်အောင်ဆန်း စုကြည်၏ သားနှစ်ယောက်က မြန်မာနိုင်ငံသားအဖြစ် ခံယူလိုက်လျှင် သမ္မတဖြစ်ခွင့်ရှိသည်။ ဒေါ်အောင် ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ရန် သားများကို နိုင်ငံသားခံယူခိုင်းမည်ဆိုလျှင်တောင် ပြည်ပတွင် အခြေကျနေပြီဖြစ်သည့် သားများ၏ အခြေအနေ၊သားအမိများအကြားဆက်ဆံရေးများအရ အမေဖြစ်သူ၏ ဆန္ဒကို သားများက လိုက်လျောနိုင်ပြီလား ဆိုသည်ကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။ သို့သော် သတိထားရမည်မှာ ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင်ရန်သဘောတူညီချက်သည် အတည်ပြုပြီး ဖြစ်သည်ဟု မှတ်ယူလို့ မရသေးပေ။ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရအုံးမည် ဖြစ်သလို အခြားတိုင်းရင်းသား ပါတီများနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်များကို စောင့်ကြည့်ရအုံးမည် ဖြစ်သည်။

၅၉(စ) ပြင်ဆင်ရေး ကြိုးပမ်းချက်တစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများကျင်းပခဲ့ခြင်းသည်လည်း ဦးအောင်သိန်းလင်းဆိုခဲ့သည့် ပုဒ်မ၅၉(စ) မပြင်ဖို့ ပြည်သူလူထုထံမှ အကြံပြုစာ ၅၀၀၀၀ ကျော်ရထားသည်ဆိုသော စကားအောက်တွင် ပျောက်ကွယ်လု ဖြစ်ခဲ့ရသည်။ အဆိုပါစကားသည်ယုံကြည်မှုလွန်ကဲနေသော ဒေါ်အောင်ဆန်းစုကြည်တွင် ထောက်ခံသူ ရှိသလို မထောက်ခံသူများလည်းရှိကြောင်း သတိပေးလိုက်သလို ဖြစ်သည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းရေးအခြေအနေအရ လူ့အခွင့်အရေးနှင့် အမျိုးသားရေး အားပြိုင်မှုတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် နိုင်ငံတကာမှ ဆုတံဆိပ်များစွာရရှိထားသော ဒေါ်အောင်ဆန်း စုကြည်၏ ရပ်တည်ချက်အချို့သည် သူ့အပေါ်လူထုထောက်ခံမှု ကျဆင်းစေခဲ့သည်။ ထိုအချက်များသည် ၂၀၁၅ အလွန်တွင် သမ္မတဖြစ်ချင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အိပ်မက်ကို ကျဆုံးသွားစေနိုင်သည့် အလွန်အရေးကြီးသော အချက်များဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ရန် မသေချာသလို တခြားဖြစ်ချင်သည်ဟု ကြေညာထားသူများ ထဲမှလည်း ဖြစ်သွားနိုင်သည်။ ထို့ပြင် ပြည်သူလူထု၏ လေးစားချစ်ခင်မှုနှင့် ယုံကြည်အားကိုးမှု ရရှိထားသော လက်ရှိသမ္မတဦးသိန်းစိန်သာ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီး ဒုတိယ သမ္မတဖြစ်ရေး ကြိုးပမ်းလာပါက ကျန်သူများအတွက် သမ္မတဖြစ်ဖို့ရန် ရာခိုင်နှုန်းနည်းသွားနိုင်ပေသည်။

အချူပ်ဆိုရသော်မြန်မာနိုင်ငံ၏ ပထ၀ီအနေအထား၊ လူမျိုးပေါင်းစုံလင်သော ပြည်ထောင်စုနိုင်ငံဖြစ်မှု၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား စသည်တို့အရ မြန်မာ့ဒီမို ကရေစီကို တခြားနိုင်ငံများ၏ ဒီမိုကရေစီလမ်းကြောင်းနှင့် ယှဉ်၍ ပုံစံတူတု၍ မရပေ။ ထိုအချက်ကို လျစ်လျူ`ရှုမိသူများသည် လူထုထောက်ခံမှုနှင့် တဖြည်းဖြည်းကင်းကွာသွားနိုင်သည်။ ဒီမိုကရေစီ စနစ်တွင် လူထုထောက်ခံမှုသည်သာ အဓိကဖြစ်သည်။ လူထုထောက်ခံမှုမရသူအတွက် မည်မျှပင်ကြိုးစား စေကာမူ အချည်းနှီးသာ ဖြစ်ပေမည်။ ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအရ ပြည်သူလူထု၏ လိုလားချက်သည် မည်သို့ ဖြစ်သည်ဆိုသည်ကို ပါးပါးနပ်နပ်မြင်၍ ပြည်သူ့လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်သူသည်သာ ၂၀၁၅ တွင် အောင်ပွဲခံသွားမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

From: ကိုရင်သာဗြော(ပတ္တမြားမြေ)

ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလည်းပြင်၊ ကိုယ့်အချိုးကိုလည်းပြင်



၂၀၀၈-ဖွဲ့ စည်းပုံကို သူများတွေပြောလို့  ကျနော် လည်း ပြင်ဆိုပြီး လျှောက်ပြောပါတယ်။ ဖွဲ့ စည်း ပုံအခြေခံဥပဒေစာအုပ်ကို တခါမှလည်းမမြင်ဘူးပါ။ အင်တာနက်က အီးဘွတ်ခ်ကိုတော့ ကြည့်မိတယ်။ စာရွက်စိမ်းစိမ်းကို မျက်နှာဖုံးလုပ်ထားတယ်။ စာတွေချည်းပဲ။ အရုပ်လည်းမပါတော့ ဖတ်ချင်စိတ် ကုန်တာနဲ့ ဖတ်ကို မဖတ်ခဲ့ဘူး။ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာလည်း မတွေ့ ပါဘူး။ ဒါက ၂၀၀၈-ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေါ်အပေါ် ကျနော်နားလည်တဲ့ နားလည်ပုံပါ။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေရဲ့ မျက်နှာဖုံးကို လက်ရှိမော်ဒယ်လောကမှာ နာမည်ကြီးနေတဲ့  ဟော့တီလေးတွေနဲ့ လုပ်ရင်တော့ ဖတ်မယ့်သူချည်းပဲထင်ပါတယ်။ စာမျက်နှာ တရွက်ချင်းစီကိုလည်း ကာတွန်းလေးနဲ့ ရယ်စရာမောစရာ ဗဟု သုတ ရစရာလုပ်ထားရင်တော့ တမျိုးပေါ့။


ကျနော်နေထိုင်ရာမြို့  (Perth) မြို့ မှာလည်း စီပွားရေးပညာရှင် ဒေါက်တာမျိုးညွန့် က ဦးဆောင်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးပွဲလည်းကျင်းပကြပါတယ်။ ဘာတွေဆွေးနွေးလဲတော့မသိ။ သူတို့ လည်း နားမ လည်ပါဘူး။

နိုင်ငံရေးသမားတွေအများစုကတောင် နားမလည်တဲ့ဖွဲ့ စည်းပုံ ၂၀၀၈။ ဥပဒေပညာရှင်တောင် နားလည် တဲ့ဟာ မဟုတ်ပါဘူး။ ဖွဲ့ စည်းပုံဆိုင်ရာ ပညာရှင်တွေနဲ့ ရေးဆွဲသူတွေတချို့ ကသာ နားလည်နိုင်တဲ့ ဒီဥပဒေဆိုတဲ့ စာအုပ်ကြီးကို ပြည်သူအများစု တခဲနက်ထောက်ခံတာကိုတွေ့ ရတော့ အင်းးးငါတို့ ပြည်သူ တွေအားလုံး ဥပဒေပညာရှင်တွေများဖြစ်နေပြီလားလို့ တောင်တွေးမိပါတယ်။                            

ယနေ့ နိုင်ငံရေးမှာ ပြင်စရာတွေအများရှိတယ်။ ကိုင်တွယ်စရာ အိတ်ရူးတွေအများကြီးပါ။ လယ်သမား၊ စစ်သား၊ အလုပ်သမား၊ ထောင်သား၊ ကျောင်သား....စတဲ့အရေးတွေကို မပြင်မနေရပြင်ရမှာတွေ တပုံကြီး ပါ။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ နိုင်ငံရေးပါတီတွေအားလုံးက ဖွဲ့ စည်းပုံကိစ္စကိုပဲ ဇောင်းပေးနေတော့ ဒါကြီးပြင်ပြီးတော့ကော ကျနော်တို့ က ကောင်းစားမှာလားလို့ မေးချင်ပါတယ်။ ကိုယ် ကိုယ်တိုင်ကရော ဒါကြီးကိုနားလည်လို့ လား။ နားမလည်ပဲ သူများပြင်ဆိုရင် ကိုယ်လည်းပြင်။ သူများ အော်ရင် ကိုယ်လည်းအော်။ ခေါင်းဆောင်က ချီးပေါက်ရင်လည်း ချောကလတ်အနံ့ တောင်ထွက်သေးလို့ ပြောတဲ့သူကပြောဆိုတော့ နင်တို့ တွေအားလုံးကို ထန်းပင်းတက်ခိုင်းဖို့ ပဲကောင်းတော့တယ်။ ထန်းပင် တက်။ ထန်းရေရောင်းတာကမှ လက်တလော ထန်းရေသောက်ရတာ မ၀တဲ့လူတွေအတွက် အကျိုး တောင်ရှိအောင်မယ်။

လူစု။ လူစုလူဝေးရှေ့ မှာ အသားကုန်အာ။ ရလာဒ်က အလုပ်မဖြစ်။ ရှေးရိုးစွဲနိုင်ငံရေးလှုပ်ရှားမှု့ တွေချည်းပဲ ယနေ့ နိုင်ငံရေးမှာ မြင်တွေ့ နေရတယ်။

ကိုယ်မသိနားမလည်တဲ့ ဖွဲ့ စည်းပုံကို ပြင်လို့ ပြောမဲ့အစား မိမိအဖွဲ့ အစည်းနဲ့ မိမိကိုယ်ကိုယ် ပြင်ဆင်ရေးကိုသာ အာရုံစိုက်ပြီးလုပ်ရင် မိမိတဦးချင်းစီလည်းတိုးတက်၊ ပြီးတော့ မိမိအဖွဲ့ အစည်း လည်းတိုးတက်၊ ဒါမှတဆင့် တနိုင်ငံလုံးအထိရောက်ပြီး မိမိတိုင်းပြည်ရဲ့ ဖွဲ့ စည်းပုံကြီးပါ ပြင်ဆင်ပြီးသား ဖြစ်သွားတာပေါ့ဗျာ။

၂၀၀၈-ခုနှစ် ဖွဲ့ စည်းပုံကို မပြင်ရဘူးလို့ မပြောပါ။ ဒီအလုပ်က သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ အလုပ်သာဖြစ်ပါတယ်။ ကျနော်တို့ လို သူတို့ ထက် ပညာအရည်အချင်းနဲ့ ဗဟုသုတ ကျွယ်ဝတဲ့ လမ်းဘေးက ကောင်တွေ အနေနဲ့ တော့ ဒီအလုပ်နဲ့ မတန်ပါဘူး။ ကျနော်တို့ အလုပ်က ကျနော်တို့ နဲ့ သက်ဆိုင်တဲ့ ၀မ်းဝရေးကိစ္စသာဖြစ်ပါတယ်။

စစ်သားတွေ ၀မ်းမ၀ဘူး။ အလုပ်သမားတွေ ၀မ်းမ၀ဘူး။ ၀န်ထမ်းတွေ ၀မ်းမ၀ဘူး။ ဆိုတော့ မ၀တဲ့ကောင် ၀လာအောင် ကိုယ်တိုင် ကိုယ့်အရေးကိုသာ အာရုံစိုက်ပြီး ၀မ်းဝအောင်လုပ်ပေးကြပါလို့ ဆိုပြီး တောင်းဆို တိုက်ပွဲဝင်ဖို့ ကသာ လက်တွေ့ ကျပါကြောင်း။

ဘုန်းကျော်(သြစတေးလျ)

နိုင်ငံတော်သမ္မတကြီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ သဘောထား



●အသက်ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတ ဖြစ်အောင် အခြေအနေ အချိန်အခါ အလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော့်အနေနဲ့ ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့်အနေနဲ့ အဓိက အစိတ်အပိုင်း သုံးခု ရှိတယ်လို့ ရှုမြင်ပါတယ်။


● ပထမပိုင်းကတော့ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေရတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် မဖြစ်မနေ ပြုလုပ်ကြရမယ့်၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကနေ ပေါ်ပေါက်လာမယ့် သဘော တူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းတွေ လုပ်ဆောင် ရမယ့် အပိုင်းဖြစ်ပါတယ်။

● ဒုတိယအပိုင်းကတော့ မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပီပြင်လာစေရေးအတွက် လိုအပ်မယ့် ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာ စေဖို့ လိုအပ်သလို ပြင်ဆင်ရမည့် အပိုင်းဆိုပြီးတော့ ခွဲခြားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာမှာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမြော် အမြင် ကြီးမားမှု၊ ဥာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့က အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

● တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာ တည်တံခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများရှိရန်လည်း လိုလားပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေး အကျပ် အတည်း တစ်ခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော် တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

[နိုင်ငံတော်သမ္မတကြီး၏ ၂၀၁၄ နှစ်သစ်ကူးရေဒီယိုမိန့်ခွန်းမှ]

ပြည်သူတွေကို ချစ်တယ်ဆိုခဲ့ရင်(သို့) အတ္တနိုင်ငံရေးသမား မဖြစ်စေဖို့



မကြာသေးခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ထုတ်ပြန် ကြေငြာချက် ကြောင့် မြန်မာ့နိုင်ငံရေး လောကမှာ လှုပ်လှုပ်ရွရွဖြစ်လာခဲ့တယ်။အာဏာရ ပါတီ ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က အင်အယ်ဒီပါတီ ဥက္ကဌ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတ ဖြစ်ရေးမှာ အတားအဆီးဖြစ်နေတယ်လို့ ဆိုကြတဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက် ကို ဖြေလျော့ပေးဖို့ သဘောတူတယ်လို့ ဆိုပါတယ်။ အခြေခံ ဥပဒေပုဒ်မ ၅၉/စ က ဒီလိုဆိုထားပါတယ်


၅၉ (စ) --မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်းနိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူများသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ။ဒီ ဥပဒေမှာ အဓိကအချက်က "နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ"ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ကွယ်လွန်သူ ဒေါက်တာမိုက်ကယ်အဲရစ် အိမ်ထောင်မှ မွေးဖွားလာခဲ့တဲ့ သားနှစ်ယောက်နှင့် ချွေးမတို့ဟာ ဗြိတိန်နိုင်ငံသား၊ ဗြိတိန် ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေနေကြလို့ ခုလို ပြသနာ ရှိနေတာပါ။ ဒီနေရာမှာ ကြံ့ဖွံ့မှ ပြင်မယ့်ပုံစံက သမ္မတရွေးချယ်ခံရသူ၏ မိဘနှစ်ပါး၊ ဇနီး သို့မဟုတ် ခင်ပွန်း နှင့် သားသမီးများ၊ ထိုသားသမီးများ၏ ဇနီး/ခင်ပွန်းများသည် "မြန်မာနိုင်ငံသားများ ဖြစ်ရမည်" လို့ ပြင်ဆင်မယ်လို့ ကြားသိရပါတယ်။

ဒီအပေါ်မှာ မိမိအမြင်အရတော့ ရှဉ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဆိုတဲ့ ထုံးနလုံးမူပြီး နိုင်ငံရေး စည်းလုံးမှုတစ်ခုရအောင် ဖန်တီးတာဖြစ်လို့ ၀မ်းသာပါတယ်။ ဒါပေသိ တစ်ချို့တစ်ချို့သော ပညာရှိ က၀ိ စာဆိုတို့ကလည်း ဒါဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ လှည့်ကွက်ဖြစ်တယ် ၊ လူအခွင့်အရေးနဲ့ ညှိစွန်းတယ်ဆိုတဲ့ အပြောမျိုးကိုတွေ့ရလို့လည်း မြန်မာနိုင်ငံရေးအတွက် ထိုသို့သော အခွင့်အရေး လက်တဆုံးနှိုက်ချင်တဲ့ သူတွေ ရှိနေခြင်းကိုလည်း များစွာ စိတ်ပျက်ရပါတယ်။

အထူးသဖြင့် နိုင်ငံရေး ကဏ္ဍတိုင်းမှာ လူ့အခွင့်အရေး ၊ ဒီမိုကရေစီ စံနှုန်းဆိုတဲ့ ပေတံနဲ့ လိုက်တိုင်းနေလို့ မရပါဘူး ။ ကိုယ်နိုင်ငံ ၊ ကိုယ့်ယဉ်ကျေးမှု ၊ ကိုယ့် ဘာသာတရားနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီမျိုးပဲ ကျင့်သုံးရမှာဖြစ်ပါတယ်။ One size does not fix all တစ်ထည်တည်းနဲ့ အားလုံး ၀တ်လို့ မရနိုင်ဘူးဆိုတာ တော့ အားလုံးသိထားစေချင်ပါတယ်။

အခုလို အာဏာရ ပါတီက ဒေါ်အောင်ဆန်းစုကြည်အတွက် လမ်းဖွင့်ပေးတာဟာ ဒေါ်အောင်ဆန်း စုကြည်အတွက်တော့ ထွက်ပေါက်နှစ်ခုရှိတဲ့အပေးအယူတစ်ခုပါပဲ။ သန်း ၆၀ အတွက် သမ္မတ လုပ်ချင် တယ် ဆိုရင် သူမ ရဲ့ သားသမီး နှစ်ယောက် ကိုမြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ယုံပါပဲ။ သူမအနေနဲ့ မိမိသားသမီးကို မိမိ ထိန်းသိန်းနိုင်တယ် ပြောနိုင်ဆိုနိုင် တယ်ဆိုရင်ပေါ့လေ..။

ဒီလို မှ မဟုတ်ဘူး သားသမီး နှစ်ယောက်လုံးက မြန်မာ နိုင်ငံသားမခံယူနိုင်ဘူး ဆိုခဲ့ရင်ရော.. ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် ထွက်ပေါက်တစ်ခု ရှိနေပြန်သေးတယ် ။ ဒါကဘာလည်း ဆိုတော့ သားသမီး အဖြစ်က စွန့်လွှတ်ပြီး ကျွန်မကလည်း ပြည်သူတွေကို ချစ်ပါတယ် လို့ ဆိုခဲ့အတိုင်း မားမားမတ်မတ် ရပ်ပြီး သက်သေပြဖို့ အခွင့်အရေး ရလိုက်တာပဲဖြစ်ပါတယ်။

ဒီလို အခွင့်အရေးတွေကို ထိထိမိမိ ဆုပ်ကိုင် လိုက်နိုင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ သမ္မတ နေရာဆိုတာ မဝေးတဲ့လက်တစ်ကမ်းမှာ ဖြစ်သလို စံဇာဏီဘို ဟောကိန်းဟာလည်း မှန်ကန် ကြောင်း သက်သေပြပြီးဖြစ်ပါလိမ့်မယ်။

ဒီလိုမှ မဟုတ်ပဲ ၅၉/စ ဖျက်ပေးဖို့ အတင်းတောင်းဆိုနေမယ်ဆိုရင်တော့ဒီအပေးအယူသဘောတရားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လိုက်လျောဖို့မရှိပဲ တောင်းခံဖို့သာရှိတဲ့ အတ္တနိုင်ငံရေးသမား အဖြစ် အထူး ထင်ရှား ပေါ်လွင်သွားမှာ ပဲဖြစ်ပါတယ်။

မောင်ဘမောင်(ပြည်)

ထောက်လှမ်းရေး ဆိုတာ …..



တရားဥပဒေစိုးမိုးရေး ၊ အမျိုးသားလုံခြုံရေး ၊ကာကွယ်ရေး နဲ့ နိုင်ငံခြားရေး ကိစ္စတွေ မှာ .လိုအပ်တဲ့ သတင်းအချက်အလက် နဲ့ သုတေသန လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အထောက်အကူ ပေးနိုင်ဖို့ အတွက်ထောက်လှမ်းရေး အဖွဲ့ အစည်း တွေကို ဖွဲ့ စည်းလေ့ ရှိပါတယ်…


တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ သတ်မှတ်ပေးထားတဲ့ တာဝန် ၀တ္တရားတွေ မတူညီတတ်ကြပေမယ့် .ဒီမို ကရေစီရေး ၊ လူ့ အခွင့်အရေးတွေထက်အမျိုးသား အကျိုးစီးပွားကို အဓိကထား ဆောင်ရွက်ကြ တာက တော့ ဘယ်နိုင်ငံက ထောက်လှမ်းရေး ဖြစ်ဖြစ် တစ်ပုံ စံတည်းပဲ ဖြစ်ပါတယ်

နိုင်ငံတစ်ခုရဲ့ ထောက်လှမ်းရေး အဖွဲ့ အစည်း အရေအတွက်ဟာ သူတို့ ကို ကန့် သတ်ထားတဲ့  လုပ်ပိုင်ခွင့် အကန့် အသတ်ပေါ်မူတည်ပြီး အနည်းအများ ကွာခြားလေ့ရှိပါတယ်လုပ်ပိုင်ခွင့်များရင် အဖွဲ့ အစည်း အရေအတွက် နည်းသွားသလိုလုပ်ပိုင်ခွင့်နည်းရင် အဖွဲ့ အစည်းအရေအတွက် များလာလေ့ရှိပါတယ်…

ဥပမာပြောရရင် ထောက်လှမ်းရေး လုပ်ပိုင်ခွင့်နည်းတဲ့ နိုင်ငံအများအပြားမှာအရေးပါတဲ့  ပြည်ထဲရေး ၊ တရားရေးအခွန် ၊ နည်းပညာ စတဲ့ ဝန်ကြီးဌာနတွေမှာ .သီးခြားထောက်လှမ်းရေးအဖွဲ့ တွေ ထပ်မံ ဖွဲ့ စည်း ထားရှိပေးရပြီး ၀န်ကြီးဌာနရဲ့  ရည်မှန်းချက် ..လိုလားချက်ကိုအထောက်အကူပြုတဲ့ တာဝန်ကို ထမ်းဆောင် ရလေ့ ရှိပါတယ်ထောက်လှမ်းရေးအဖွဲ့ အစည်း ၂၀ ကျော် ရှိတဲ့ နိုင်ငံတွေလဲ ရှိပါတယ်…

ထောက်လှမ်းရေး ပညာ ရဲ့ သဘောအရ ထောက်လှမ်းရေးကိုတိုက်ပွဲထောက်လှမ်းရေး နဲ့ တန်ပြန် ထောက်လှမ်းရေး ဆိုပြီးနှစ်မျိုးခွဲခြား ထားပါတယ်…

တိုက်ပွဲ ထောက်လှမ်းရေးဟာ စစ်တပ်နဲ့ သက်ဆိုင်တဲ့  ထောက်လှမ်းရေးပညာဖြစ်ပါတယ်စစ်ထောက် လှမ်းရေးဆိုတာဟာ ...ကာကွယ်ရေးဝန်ကြီးဌာန အတွက် တပ်မတော် အတွက် သီးခြား တာဝန်ထမ်း ဆောင် ရတဲ့  အဖွဲ့ အစည်းမျိုး ဖြစ်ပါတယ်

ရန်သူ တိုင်းပြည်ရဲ့ စစ်အင်္ဂါစဉ် တပ်ဖွဲ့ စည်းမှု တွေ စစ်လက်နက်ပစ္စည်းတွေ တပ်အမှတ်အသား ၀တ်စုံ တံဆိပ် စစ်ဝတ်တန်ဆာ ကိရိယာတွေ စစ်ဖြစ်နေတဲ့ ဒေသ…ဒါမှမဟုတ် အနာဂတ်မှာ စစ်ဖြစ်လာခဲ့ရင် ... အချက်အခြာကျလာမယ့် ဒေသတွေရဲ့  .လေကြောင်းဓာတ်ပုံ မြေပုံ .ဥတု မြေအနေအထား ဆက်သွယ် ရေးလမ်းကြောင်းတွေ .ရန်သူ့ တပ်လှုပ်ရှားမှုတွေ ရန်သူ့ တပ်တွင်း ဖြစ်ပျက်နေတဲ့  အခြေအနေ မျိုးစုံတွေ.ရန်သူ့  သုံ့ ပန်း အလင်းဝင် လက်နက်ချ စစ်ကြောချက် ရယူတာတွေ... ရန်သူ့ တပ်ဖွဲ့ အတွင်း မိမိ သူလျိုများ စေလွှတ် သတင်းရယူမှုတွေမိမိတပ်ဖွဲ့ အတွင်း ရန်သူမှ စေလွှတ်သော သူလျိုများအား ဖော်ထုတ်မှု ကာကွယ်မှုတွေ မိမိ တပ်များ၏ စစ်သတင်း လုံခြုံရေးအတွက် .လုံခြုံရေး စီမံချက်များ ချမှတ် ဆောင်ရွက်မှုတွေ စသဖြင့် များပြားရှုပ်ထွေးလှပါတယ်….

ဒီတာဝန်တွေကို စစ်သားမဟုတ်တဲ့  အရပ်ဖက် ထောက်လှမ်းရေး အဖွဲ့ အစည်းတွေက ထမ်းဆောင်ဖို့  ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အတွက် စစ်ထောက်လှမ်းရေး တပ်ဖွဲ့ များ ဖွဲ့ စည်း .... တာဝန်ထမ်းဆောင်ရခြင်း ဖြစ်ပါတယ်…

တန်ပြန်ထောက်လှမ်းရေး ကတော့ပိုပြီး ရှုပ်ထွေးသိမ်မွေ့  ကျယ်ပြန့် တဲ့ သဘောကို ဆောင်ပါတယ်…

အမျိုးသားလုံခြုံရေး နဲ့ အမျိုးသား အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်တဲ့ ကိစ္စ အားလုံးဟာ တန်ပြန် ထောက်လှမ်းရေးမှာ အကျုံးဝင်တဲ့သဘောရှိပါတယ်…

ဖောက်ခွဲဖျက်ဆီးရေး၊ အကြမ်းဖက် ၀ါဒ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာကိစ္စများသူလျို လုပ်ငန်း ၊ အဖျက် လုပ်ငန်း၊ အမှောက် လုပ်ငန်း ၊နိုင်ငံရပ်ခြား ဆက်သွယ်မှုများ ၊နိုင်ငံခြားရေး ဆိုင်ရာ သံတမာန်ဆိုင်ရာ ကိစ္စများ ၊အစိုးရ အမှုထမ်း နောက်ကြောင်း လုံခြုံရေးများ၊နောက်ယောင်ခံ စောင့်ကြည့်ခြင်းများ၊စီးပွားရေး အဖျက်လုပ်ငန်းများ၊နိုင်ငံရေး လှုပ်ရှားမှုများ၊စစ်တပ် ဆန်သော အဖွဲ့ အစည်း များ စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံခြင်းများ၊၀င်ရောက်စီးနင်း ဖမ်းဆီးရှာဖွေ စစ်ကြောခြင်းများ ၊စသဖြင့် မြောက်များလှစွာပဲ ဖြစ်ပါတယ်….

မြန်မာနိုင်ငံမှာ တိုက်ပွဲထောက်လှမ်းရေး အတွက်စစ်ထောက်လှမ်းရေးတပ်ဖွဲ့ များက တာဝန်ယူ ဆောင်ရွက် ပြီး တန်ပြန်ထောက်လှမ်းရေးအတွက်ကတော့ အမျိုးသားထောက်လှမ်းရေးအဖွဲ့  က တာဝန်ယူ ဆောင်ရွက် လေ့ရှိပါတယ်…

အမျိုးသားထောက်လှမ်းရေး အဖွဲ့  ( NIB ) ဟာ တိုက်ပွဲထောက်လှမ်းရေး ကိစ္စတွေကို ဦးတည် ထောက်လှမ်း တဲ့ စစ်ထောက်လှမ်းရေးတပ်ဖွဲ့ နိုင်ငံရေး ကိစ္စတွေကို ဦးတည် ထောက်လှမ်းတဲ့  .... ရဲ သတင်းတပ်ဖွဲ့  (SB) .စီးပွားရေး ကိစ္စ တွေကို ဦးတည် ထောက်လှမ်းတဲ့  စသုံးလုံး အဖွဲ့ ( BSI) .... ရာဇ၀တ်မှု တွေကို ဦးတည်ထောက်လှမ်းတဲ့ ရဲ မှုခင်းတပ်ဖွဲ့  (CID ) စတဲ့ ...အဖွဲ့ တွေကို လုပ်ငန်း တာဝန်အရ ပူးပေါင်းဖွဲ့ စည်းပြီး ထောက်လှမ်းရေး အော်ပရေးရှင်းတွေကို ဆောင်ရွက်လေ့ရှိပါတယ်…

အော်ပရေးရှင်းခေါင်းဆောင်ဟာ နိုင်ငံရေး ဖောက်ခွဲရေး ယူဂျီ ကိစ္စရပ်များဆိုရင် စစ်ထောက်လှမ်းရေး ဒါမှမဟုတ် သတင်းတပ်ဖွဲ့ က ဖြစ်နေတတ်ပြီး စီးပွားရေး ပြစ်မှုများဆိုရင်တော့ စသုံးလုံးရာဇ၀တ် မှုခင်း အကြီးများ ဆိုရင်တော့စီအိုင်ဒီ ကို ခေါင်းဆောင် အဖြစ်တာဝန်ပေးလေ့ ရှိပါတယ်…

အမျိုးသားထောက်လှမ်းရေး အဖွဲ့  ဥက္ကဌ ဟာ ၀န်ကြီးချုပ်ဖြစ်ပြီး အတွင်းရေးမှူးကတော့ ပြည်ထဲရေး ၀န်ကြီး ဖြစ်ပါတယ် ….

မြန်မာပြည်မှာ လူမုန်း များလှတဲ့  ထောက်လှမ်းရေးအော်ပရေးရှင်း အတော်များများဟာ စစ်ထောက်လှမ်း ရေးက လုပ်ဆောင်ခဲ့တာ မဟုတ်ပဲ အမျိုးသားထောက်လှမ်းရေးအဖွဲ့ အနေနဲ့ သာ.... လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်လက်ရှိ မှာတော့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး ... စစ်ထောက်လှမ်း ရေး တပ်ဖွဲ့ ဝင်များကိုပဲ သီးသန့် အရေးယူကာ စစ်ထောက်လှမ်းရေးကို ဖျက်သိမ်း ..... စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ ဆိုပြီး အသစ်ပြန်ဖွဲ့ ခဲ့ ပါတယ် …

နာမည်အရ သုံးသပ်ရမယ်ဆိုရင်တော့အင်မတန် လူမုန်းများစေတဲ့ တန်ပြန်ထောက်လှမ်းရေး ကိစ္စများမှာ တပ်ကို ပေါ်ပေါ်ထင်ထင် လုံးဝ ပါဝင်စေတော့မှာ မဟုတ်ဘဲ၂၀၁၁ အရပ်သားအစိုးရ လက်ထက်မှာ … တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်တွေကိုသူရဲ့ ပင်မ တာဝန် တိုက်ပွဲထောက်လှမ်းရေး လုပ်ငန်းတွေ ကိုသာအဓိကထား တာဝန်ထမ်းဆောင်ဖို့ အတွက် ၂၀၀၅ ခုနှစ်ကတည်းက ... ကြိုတင်ပြင်ဆင်ခဲ့ ပြီး ဖြစ်ပုံရကြောင်းပါ ….။

နိဂုံး

ထောက်လှမ်းရေး အဖွဲ့ အစည်းများဟာ မီးလိုပါပဲ သုံးတတ်ရင် အင်မတန် အကျိုးရှိသလို မသုံးတတ်ရင်လဲ ဘေးဖြစ်စေပါတယ်ဖျက်သိမ်းဖို့ လုံးဝမရှိတော့ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး… လုပ်ငန်းသဘော သဘာဝအရ လူမုန်းများပါတယ် ဒါ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ်ပါ ….

လူအခွင့်အရေး ဆိုတာကိုငယ်သံပါအောင် အော်နေသူတွေ သိထားဖို့ ဟာ

တရားရုံးရဲ့ ခွင့်ပြုချက်မရပဲ ဘယ်အမေရိကန် နိုင်ငံသားကိုမှ အမေရိကန်မြေပေါ်မှာ ၂၄ နာရီထက် ကျော်ဖမ်းလို့ မရတဲ့ ၊ တရားခံရှေ့ နေမပါပဲ တရားခံကို စစ်ခွင့်မရှိတဲ့ ၊ You have to remain silent လို့  တွင်တွင်အော်နေတဲ့  ...

ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးမှာတောင် …

သူတို့ ရဲ့ အမျိုးသား အကျိုးစီးပွားကိုတကယ် ဆန့် ကျင်လာပြီဆိုရင်တော့ နှလုံးရောဂါ .... ဒါမှမဟုတ် ယာဉ်တိုက်မှု တစ်ခုခု ဒါမှမဟုတ် ည ၁၂ နာရီပါတီက အပြန် အိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့ အခါ ဂွါတာနာမို .... ဒါမှမဟုတ် .အမေရိကန်ပြင်ပ CIA ရဲ့ လျို့ ဝှက် စစ်ကြောရေး စခန်းတစ်ခုမှာ ဘာ လူ့  အခွင့်အရေး ဘာ ဒီမိုကရေစီမှ မရဘဲ သူတို့ သိချင်တာ မသိရမချင်း …. ခင်ဗျားကို အရေခွံခွာမည်သာ ဖြစ် ကြောင်းပါ ခင်ဗျား…

( အလုပ်သဘောအရ အရေခွံခွာမယ့် ရဲမိုး )

ဝဲကြီးရွာအချုပ်သားများ လွတ်မြောက်ရန် မိသားစုများ ဆုတောင်းပွဲလုပ်



၂၀၁၃ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်၊ ပုပ္ပသီရိ မြို့နယ်၊ ဝဲကြီးကျေး ရွာတွင် ရဲများနှင့် ဒေသခံ ရွာသားများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခံရသော ရွာသား၂၁ ဦးအား လွတ် မြောက်ရန် ၎င်းတို့၏ မိသားစုဝင်များက နေပြည်တော်ရှိ ဥပ္ပါတသန္တိ ဘုရားကြီးတွင် ဆုတောင်းပွဲတစ်ရပ် ကို ဇန်နဝါရီလ ၂ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


“အဖမ်းခံထားရတဲ့ ၂၁ ယောက်လုံး ပြန်လွတ်လာစေချင်တယ်၊ ပျဉ်းမနားရဲစခန်း အချုပ်မှာ အာမခံမရဘဲ အချုပ်ခံထားတာ သုံးလရှိပြီ၊ ရုံးချိန်းလည်း ဆယ်ချိန်းရှိပြီ၊ ဒီနေ့ကိုပဲ ရုံးချိန်း သွားရမှာ မသွားခင်ဘုရားမှာ လာပြီး ဆုတောင်းတာပါ၊ အမှုစစ်ဆေးနေတာလဲ ဘာမှတိုးတက်မှု မရှိဘူး”ဟု ဝဲကြီးရွာသူတစ်ဦးက မဇ္ဈိမ သို့ ပြောကြားခြင်း ဖြစ်သည်။

ဝဲကြီးရွာသားများကို အရေးယူခဲ့စဉ်က ၀တ္တရားနှောင့်ယှက်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ အပြင်းအထန်ထိ ခိုက်နာကျင်စေမှု စသည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ-၆(၁)၊ပုဒ်မ-၃၃၃၊ပုဒ်မ-၃၄၂၊ပုဒ်မ-၂၉၄၊ပုဒ်မ-၅၀၆ဖြင့် တရားစွဲဆို ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင် များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပုပ္ပသီရိမြို့နယ်၊ ကျဉ်တောင်ကန်ရဲစခန်းနှင့် နေပြည်တော် တိုင်းရုံးမှ ရဲ အင်အား ၇၀ခန့် ဝဲကြီးရွာ ထဲသို့ ညသန်းကောင်ယံအချိန်က ဝင်ရောက်ခဲ့ပြီး ရွာသားတို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ ပြီးနောက် ရွာသား ၂၁ ဦးကို ပျဉ်းမနား ရဲစခန်းတွင် အာမခံ မရဘဲ အချုပ်ခံခဲ့ရသည်။

မဇ္ဈိမ သတင်းဌာန

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၁ /၂၀၁၄

၁၃၇၅ ခုနှစ် ၊ ပြာသိုလဆန်း (၂) ရက်

(၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း


(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက် ထားမှုကို အလေး ပေးသော အားဖြင့်လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ် ကျခံလျက်ရှိ သော အကျဉ်း သားများ ကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတ သည် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် (ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ) မတိုင်မီ ကျူးလွန် ခဲ့သာ ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါ အတိုင်း ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်-

(က) သေဒဏ် ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တစ်သက် (နှစ် အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ကျခံစေရန်။

(ခ) နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက် ကျခံနေရသည့် အကျဉ်းသားများ (သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ် မရှိသို့ လျော့ပေါ့ ကျခံနေသူများမပါ) နှင့် ထောင်ဒဏ် (၄၀)နှစ် အထက် ကျခံနေရသူများအား ထောင်ဒဏ် (၄၀)နှစ်သို့ လျော့ပေါ့ကျခံစေရန်။

(ဂ) ထောင်ဒဏ် (၄၀)နှစ် နှင့်အောက် ကျခံနေရသည့် အကျဉ်းသား များအား ယင်းတို့ ကျခံနေသော ထောင်ဒဏ် ၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန်။



                                                                                         (ပုံ) သိန်းစိန်
                                                                                       နိုင်ငံတော်သမ္မတ
                                                                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပမည့် ၆၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောက်ပါအစီအစဉ်များဖြင့်ကျင်းပသွားပါမည်

ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပမည့် ၆၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောက်ပါ အစီ အစဉ်များဖြင့်ကျင်းပသွားပါမည်။

နေ့ရက်။ ၄၊ ၁၊ ၂၀၁၄
အချိန်။ ၁၁ နာရီ
နေရာ။ အမှတ်(၉၇ဘီ)အနောက်ရွှေဂုံတိုင်လမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။

အခမ်းအနားအစီအစဉ်။

၁။ အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်း။
၂။ သဘာပတိဖြစ်သူ နာယကကြီးဦးတင်ဦးက အဖွင့်အမှာစကားပြောကြားခြင်း။
၃။ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကအမှာစကားပြောကြားခြင်း။
၎။ လွတ်လပ်ရေးနေ့ကြေညာချက်ဖတ်ကြားခြင်း။
၅။ နာယက ဦးသန်းထွန်းက လွတ်လပ်ရေးအတွေ့အကြုံများပြောကြားခြင်း။
၆။ သဘာပတိအပိတ်အမှာစကားပြောကြားခြင်း။
၇။အခမ်းအနားပထမပိုင်းပြီးဆုံးခြင်း။

အခမ်းအနားဒုတိယပိုင်းကို နေ့လည် ၂နာရီတွင် ပြန်လည်စတင်ပြီး တေးဂီတများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ပါသည်။

D-Wave facebook မှ ကူးယူဖေါ်ပြပါသည်

ပြည်နယ်နှင့်တိုင်း ၁၅ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးများ၌ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်



နေပြည်တော်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေ သကြီး ၁၅ ခုရှိ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ ခွဲမှူးရုံးစိုက်ရာ မြို့ ကြီးများ၌ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် နေထိုင်သော ဒေသခံပြည်သူများ အနေဖြင့် ရန်ကုန်နှင့် မန္ထလေးမြို့များသို့ သွားရောက်ရန် ခက်ခဲခြင်း၊ ကျန်းမာရေး မကောင်းသူများရှိခြင်း၊ ၀န်ထမ်းများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာ၌ လွယ်ကူအဆင်ပြေစေရန်အတွက် ရည်ရွယ်ပြီး နိုင်ငံကူး လက် မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများတွင် မှတ်ပုံတင်မူရင်း၊ သန်းခေါင်စာရင်းမူရင်းနှင့် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၂၅၀၀၀ ကုန်ကျ မည်ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများတွင် စတင်လျှောက်ထားသည့်နေ့မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံကူးလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် အမျိုးအစားများမှာ အလည်သွားရောက်မည့်သူများ၊ အလုပ်အကိုင်ဖြင့် သွားရောက်မည့်သူများ၊ ပညာသင်သွားရောက်မည့်သူများ၊ စီးပွားရေးဖြင့် သွားရောက် မည့်သူများ၊ ဘာသာရေးဖြင့် သွားရောက်မည့်သူများ၊ မှီခိုဖြင့် သွားရောက်မည့်သူများ၊ သင်္ဘောသားဖြင့် သွားရောက်မည့်သူများဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးခွဲများတွင် မြန်မာနိုင်ငံ ကူး လက်မှတ် လျှောက်ထားသူများ ကုန်ကျမည့်ငွေစာရင်းမှာ မြန်မာ့စီးပွားရေးဘဏ် (မနလစာအုပ်တန်ဖိုး) နှင့် online ၀န်ဆောင်ခ ကျပ် ၂၀၀၀၀၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ ဆေးဖိုးမင်ဖိုးနှင့် ပြုပြင်ထိန်းသိမ်းခ ကျပ် ၁၀၀၀၊ လျှောက်လွှာပုံစံဖိုး ကျပ် ၂၀၀ နှင့် စက်ပစ္စည်းနှင့် ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစုပေါင်း ကျပ် ၂၅၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ရုံးခွဲ (နေပြည်တော်) အား ဇန်န၀ါရီ ၂ ရက်က ဖွင့်လှစ်သည်ကို တွေ့ရစဉ် 

Eleven Media Group

၂၀၁၁ ခုနှစ် အောက်တိုဘာမှစ၍ ၂၀၁၃ ခုနှစ်ကုန်အထိ တင်သွင်းခဲ့သော ယာဉ်အစီးရေ ၂၃၀၀၀၀ ကျော်ရှိပြီး ပိုင်ရှင်များမှ ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ ၈၀၀၀ ကျော်ရှိနေ



အစိုးရမှ မော်တော်ယာဉ်များအား အထူးအစီ အစဉ် ဖြင့် တင်သွင်းခွင့်ပြုခဲ့သည့် ၂၀၁၁ ခုနှစ်၊ အောက် တိုဘာ မှစ၍ ၂၀၁၃ နှစ်ကုန်အထိ တင်သွင်းခဲ့သော ယာဉ်အစီးရေ နှစ်သိန်းသုံးသောင်းကျော်အနက် ပိုင်ရှင် များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကား အစီးရေ ရှစ်ထောင်ကျော်အထိ ရှိနေကြောင်း မြန်မာ့ ဆိပ်ကမ်း အာ ဏာပိုင်မှ ထုတ်ပြန်သော စာရင်း များအရ သိရသည်။


ရန်ကုန်မြို့တွင် မော်တော်ယာဉ်တင် သင်္ဘောများ ဆိုက်ကပ်ခွင့်ရသည့် ဆိပ်ကမ်းများအနေဖြင့် MITT၊ MIPL၊ MIP၊ ဗိုလ်အောင်ကျော်၊ ဆူးလေ၊ အေးရှားဝေါလ်နှင့် ထီးတန်းဆိပ်ကမ်းတို့ ဖြစ်သည်။ အဆိုပါ ဆိပ် ကမ်းများတွင် MITT နှင့် MIPL ဆိပ်ကမ်းများမှာ မော်တော်ယာဉ်တင်သင်္ဘော ၀င်ရောက်မှု အများဆုံးဖြစ် သည်။

မော်တော်ယာဉ် တင်သွင်းခွင့်ပြုခဲ့ချိန်မှစ၍ ၂၀၁၃ နှစ်ကုန်အထိ မော်တော်ယာဉ် ၀င်ရောက်မှုနှင့် ထုတ် ယူမှု အများဆုံးဆိပ်ကမ်းမှာ MITT ဆိပ်ကမ်းဖြစ်ပြီး၊ ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်းမရှိသည့် ကား လက်ကျန်အများဆုံး ၆၀၉၁ စီးအထိရှိကြောင်း သိရသည်။

မော်တော်ယာဉ် ၀င်ရောက်မှုနှင့် ထုတ်ယူမှု ဒုတိယအများဆုံး ဆိပ်ကမ်းမှာ MIPL ဆိပ်ကမ်းဖြစ်ပြီး ပိုင်ရှင် များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကားလက်ကျန် ၁၅၅၂ စီးရှိကြောင်း သိရသည်။

အခြားဆိပ်ကမ်းများ၏ ကားလက်ကျန်များမှာ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ခုနစ်စီး၊ ဆူးလေဆိပ်ကမ်း တွင် ၇၄ စီး၊ MIP တွင် ၁၄၆ စီး၊ အေးရှားဝေါလ်တွင် ၁၆၁ စီး၊ ထီးတန်းတွင် ၁၆၄ စီးတို့ဖြစ်သည်။

ဆိပ်ကမ်း ခုနစ်ခုတွင် ပိုင်ရှင်များမှ လာရောက်ထုတ်ယူခြင်း မရှိသည့် ကားလက်ကျန် ၈၁၉၅ စီးရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကားတင်သွင်းသူအချို့မှ ကားများအား လာရောက်ထုတ်ယူခြင်း မရှိခြင်းမှာ ကားထုတ်ယူရန် စာရွက်စာတမ်း ပြည့်စုံခြင်း မရှိသည့်အတွက်ဖြစ်ပြီး၊ ဆိပ်ကမ်းတွင် လာရောက်ထုတ်ယူခြင်း မရှိသည့် ကား များအတွက် အကောက်ခွန် ဦးစီးဌာနမှ သတ်မှတ်သည့် ဒဏ်ကြေးမှာလည်း အလွန်နည်းပါးနေသည့် အ တွက်ဖြစ်ကြောင်း မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းသူများ အသင်းမှ တာဝန်ရှိသူက ပြောကြား ခဲ့သည်။

“ဆိပ်ကမ်းတွေမှာ ပိုင်ရှင်တွေက လာမထုတ်တဲ့ ကားတွေကို အကောက်ခွန်ဌာနက သတ်မှတ်တဲ့ ဒဏ် ကြေးက နည်းပါးနေတဲ့ အတွက်လည်း ဆိပ်ကမ်းတွေမှာ ကားလက်ကျန်တွေ များနေတယ်လို့ ထင်ပါတယ်။ အကောက်ခွန်ဌာနက သတ်မှတ်ဒဏ်ကြေးကို ဒီ့ထက်ပိုများတဲ့နှုန်းနဲ့ သတ်မှတ်သင့်ပါတယ်” ဟု မော်တော် ယာဉ်ထုတ်လုပ်မှုနှင့် တင်သွင်းသူများ အသင်းမှ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောကြားခဲ့သည်။

 သီလ၀ါဆိပ်ကမ်းဝင်းအတွင်း ရပ်နားထားသည့် ပြည်ပမှတင်တွင်းလာသော 
ကားများအား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် 
(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

Eleven Media Group

ခေတ်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာ ခဲ့သူများအား နိုင်ငံရေးအဆင့် တောင်းပန်မှသာ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိမည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ တောင်းဆို



အသွင်ကူးပြောင်းရေး ကာလအတွင်း မဖြစ်မနေ လုပ်ရမည့် အလုပ်ဖြစ်သည့် စစ်မှန်သော အမျိုး သားပြန် လည်သင့်မြတ်ရေး ရရှိစေရန်အတွက် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထိခိုက်နစ်နာ ခဲ့သူ များအား အစိုးရ တာဝန်ရှိသူများက ပြန်လည် တောင်းပန်ရန်နှင့် ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများက ရန်ကုန်မြို့ တော်ဝင် နှင်းဆီ ခန်းမတွင် ဇန်န၀ါရီ ၂ ရက်က ကျင်းပ သည့် ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုပွဲတွင် တောင်းဆိုခဲ့သည်။


၁၉၈၈ တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း လူဖမ်းပွဲကြီးများကို ကျင်းပခဲ့ပြီး အဖမ်းဆီးခံရ သူ များမှာ မဖြစ်မနေ စစ်ကြောရေး စခန်းများကို ဖြတ်သန်းခဲ့ရကြောင်း ဖမ်းဆီးခံခဲ့ရသူများက ပြောကြား သည်။ ထိုစစ်ကြောရေး စခန်းများတွင် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး အချို့မှာ စစ်ကြောရေးတွင် အ သက်ပေးလှူ ခဲ့ရသလို၊ မည်သည့်နေရာတွင် ပျောက်သွားမှန်း မသိလိုက်ရသည့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရှိကြောင်းလည်း AAPP မှ ဦးတိတ်နိုင်က ပြောကြားသည်။ စစ်ကြောရေးစခန်းမှ အကျဉ်းထောင်များ အတွင်းသို့ ရောက်သွားချိန်တွင်လည်း ပြည့်စုံသည့် အစာအာဟာရ မရရှိခဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မခံယူရခြင်းတို့ကြောင့်လည်း အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရပြီး AAPP မှ ရရှိထားသည့် စာရင်းများ အရ ၁၇၅ ဦးခန့် ရှိသော်လည်း အမှန်မှာ ထိုထက်မကဟုလည်း ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ထိုကဲ့သို့ ခံစားခဲ့ရသော်လည်း ထိုအချိန်က တာဝန်ရှိခဲ့သူများနှင့် ယခင်စစ်အစိုးရမှ အသွင်ပြောင်းလာသည့် အာဏာရအစိုးရက နိုင်ငံရေး အကျဉ်းသားဟူ၍ အသိအမှတ် မပြုသည့်အပြင် တည်ဆဲဥပဒေကို ချိုးဖောက်သောကြောင့်သာ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်း ကိုလည်း ပြောကြားသည်။ ထိုအချိန်က တာဝန်ယူခဲ့သည့် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က မည်သူ့ကို တောင်းပန်ရမည်နည်းဟူသော မေးခွန်းအား ဦးတိတ်နိုင်က အနိမ့်ဆုံးအနေနှင့်ေ သဆုံးခဲ့ရသူများ၏ မိသားစုများကို တိုင်းသိပြည်သိ တောင်းပန်ရန် လိုအပ်သလို၊ ထို မိသားစုများ၏ ဖျက်ဆီးသွားခဲ့ရသည့် စီးပွားရေး၊ လူမှုရေးများအား ပြန်လည်ထူထောင်ပေးရန် လိုအပ်သည် ဟု လည်း တောင်းဆိုခဲ့သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေတင် မကဘဲ ၎င်းတို့၏ မိသားစုများလည်း ဒုက္ခကို ခံစားခဲ့ရကြောင်းနှင့် မိသားစုပြိုကွဲ ပျက်စီးသွားခဲ့သည့် သူများလည်း အများအပြား ရှိခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင် အာဏာမရှိတော့သော်လည်း တာဝန်ရှိခဲ့သော ကြောင့် တာဝန်ခံမှုရှိရန် လိုအပ်သည်ဟုလည်း ပြောကြားလိုက်သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်လည်း မိမိ ၏ အမှားအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသေးကြောင်းလည်း ပြောကြားလိုက်ပြီး တာဝန်ခံမှု၊ တာဝန် ယူ မှုများ လိုအပ်သည်ဟူ၍လည်း တောင်းဆိုလိုက်သည်။

ထို့အပြင် အကျဉ်းထောင်အတွင်း ကွယ်လွန်သွားသည့် စာရေးဆရာ မုံရွာတင်ရွှေ၏ သားဖြစ်သူ ဒေါက်တာ ထွန်းအောင်ရွှေကလည်း အင်းစိန်ဆေးရုံတွင် တာဝန်ကျစဉ် အင်းစိန်ထောင်မှ သေအံဆဲဆဲ လူနာများအား ဆေးရုံထုတ်လာစဉ် သူကိုယ်တိုင် ကုသပေးခဲ့ရသည့် အတွေ့အကြုံများအား ပြောကြားသည်။

ဒေါက်တာထွန်းအောင်ရွှေက “ကျွန်တော်အင်းစိန်ဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်နေစဉ်တုန်းက ၁၉၉၁-၉၂ လောက်မှာပါ။ ကျွန်တော်တာဝန်ကျနေတဲ့ အချိန်မှာ အင်းစိန်ထောင်ကနေ လူနာတစ်ယောက် ရောက်လာပါတယ်၊ ကျွန်တော်နေရာထိုင်ခင်း စီစဉ်ပြီးတော့ လူနာမှတ်တမ်းယူဖို့ ကြည့်လိုက်တော့ ဦးညွန့် ၀င်းဆိုလို့ ကျွန်တော်ပြန်ကြည့်မိပါတယ်။ လူနာကို ကျွန်တော်က ကျွန်တော်သိတဲ့ ဦးညွန့်ဝင်းလားလို့မေး တော့ အန်ကယ်က ထွန်းထွန်း မင်းမှတ်မိမယ် ထင်နေတာလို့ ပြန်ပြောတယ်၊ တကယ်တော့ ဦးညွန့်ဝင်း ဆို တာ ကျွန်တော်ငယ်ငယ်ထဲက ရင်းနှီးနေတဲ့လူပါ။ တွေးကြည့်ပါ၊ ကျွန်တော့်အန်ကယ့်ကို မမှတ်မိတော့ဘူး ဆိုတော့ အန့်ကယ်ပုံ ဘယ်လောက်ပြောင်းလဲသွားလဲ ဆိုတာကိုလေ၊ အန်ကယ်လည်ပင်း တစ်ခြမ်းလုံး ကလည်း အကျိတ်ကြီးနဲ့ပါ။ အန်ကယ့်ရောက်လာတော့ တော်တော်နှောင်းသွားပါပြီ။ ကုသခွင့် မရတော့ပါ ဘူး။ ခရမ်းဦးစိန်ဝင်းလည်း အူပိတ်တဲ့ရောဂါနဲ့ ဆေးရုံရောက်လာတယ်၊ အန်ကယ်ရောက်လာတော့ တော် တော်ကို နောက်ကျနေပါပြီ။ ခွဲစိတ်ခန်းတောင် မပို့လိုက်နိုင်ပါဘူး။ အန်ကယ်ဆုံးသွားတယ်။ တကယ်တော့ န၀တက နိုင်ငံရေး အကျဉ်းသားတွေကို မမြင်ရတဲ့သေဒဏ် ချခံခဲ့ရတာပါ” ဟု ပြောကြားသည်။

NLD ပါတီ၏ နာယကဖြစ်သူ ဦးတင်ဦးကလည်း နိုင်ငံရေး အကျဉ်းသားများ အနေနှင့် ယခင်က ဖြစ်ပျက်ခဲ့ သည့်အပေါ် အာဃာတတရားများ မထားသော်လည်း တောင်းပန်ခဲ့ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး နားလည် မှူများ ပိုမိုရလာနိုင်သဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုသည်ဟု ပြောကြားသည်။

၁၉၉၄ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံအတွင်း လူထုကြားနာပွဲများ ကျင်းပကာ မတရား ညှဉ်းပန်းနှိပ်စက် ခံ ခဲ့ရ သူအား တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး အမျိုးသားပြည်လည်သင့်မြတ်ရေး ရရှိခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား နိုင်ငံတွင်လည်း ဒီမိုကရေစီအစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများနှင့် နစ်နာခဲ့သူများအား အာဏာရအစိုးရက တောင်းပန်ခဲ့ပြီး လျှော်ကြေးငွေများလည်း ပေးအပ်ခဲ့သည်။

 ဇန်န၀ါရီ ၂ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ကျဆုံးနိုင်ငံရေး အကျဉ်းသားများအား ပထမအကြိမ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြသထားသော ကျဆုံးနိုင်ငံရေး
အကျဉ်းသားများ၏ ဓာတ်ပုံများကို တွေ့ရစဉ်
(ဓာတ်ပုံ-ငြိမ်းဇော်လင်း)

Eleven Media Group

တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့၌တွေ့ဆုံ

တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နေသည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ တာဝန်ရှိသူများနှင့် အစိုးရ အဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်မြို့ရှိ လွှတ်တော် ရုံးခွဲ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကော်မရှင်၊ ပြည်ထောင်စု တရားလွှတ် တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ UNDP နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

“Rule of Law အတွက် စင်တာတွေဖွင့်ဖို့၊ သင်တန်းပို့ချဖို့ အဲဒါတွေ ဆွေးနွေးခဲ့ပါတယ်” ဟု ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဆန်း က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ခေတ္တ တွေ့ဆုံခဲ့ပြီး မြစ်ဆုံကိစ္စ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စနှင့် လေးပွင့်ဆိုင် တွေ့ဆုံရေး ကိစ္စများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

နိုင်ငံတော်သမ္မတ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ထောက်ခံသည်၊ မထောက်ခံ သည်ကို ရှင်းရှင်းလင်းလင်း ပြောကြားစေလိုကြောင်း နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့် ပတ်သက် ၍ သဘောထားအမြင်ကို သတင်းထောက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် အရေးကြီးသည်မှာ လူထုပါဝင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆွေးနွေးပွဲပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အန်တီမျှော်လင့်ချက်အတွက် တောင်းဆိုတာ မဟုတ်ဘူး။ တိုင်းပြည်အတွက် လိုအပ်တယ်ထင်လို့ တောင်းဆိုတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် ဆိုရင်အန်တီတို့က တတ်နိုင်သမျှ ပြည်သူလူထုနဲ့ တွေ့တာပဲ။ အဖွဲ့အစည်းတွေကတော့ ကိုယ့် ဘာသာ လုပ်လို့ရတယ်။ ဒါပေမယ့် အများပြည်သူကတော့ ဒီလိုပြည်သူအတွက် တွေ့ဆုံပွဲတွေ လုပ်ပေးမှ ပါဝင်နိုင်မှာပါ။ အရေးကြီးတာက ပြည်သူလူထုက ပါဝင်ရမယ်။ အဖွဲ့အစည်းတွေနဲ့တင် မပြီးသေးဘူး။ အဖွဲ့ အစည်းတွေက ကိုယ့်အစည်းအဝေး ကိုယ်လုပ်ပြီး ကိုယ့်ဘာသာကိုယ် ကြေညာချက်တွေ ထုတ်လို့ရတယ်။ အဖွဲ့အစည်းတွေအားလုံး ညီတာတော့ ကောင်းတာပေါ့။ ဒါပေမယ့် နိုင်ငံရေးပါတီ တစ်ခုနဲ့တစ်ခုက အမြင် လည်း တူတာမဟုတ်ဘူး။ နိုင်ငံရေးမှာက အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခုကလည်း အမြင်ချင်း တူတာမ ဟုတ်ဘူး။ လွှတ်တော်ကော်မတီက တင်လာတာကိုပဲ စောင့်ကြည့်ရမှာပဲ” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် သက်ဆိုင်သည့် နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉(စ)ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၃ အား ပြင်ဆင်ရန် အကြံပြုချက် ၃၃၆၉ ချက် ရှိခဲ့ ကြောင်း လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကော်မတီက ထုတ်ပြန်ခဲ့သည်။

Eleven Media Group

ထားဝယ်တိုင်းရင်းသားများပါတီ ပါတီဝင်များ စုစည်းလျက်ရှိပြီး ဖေဖော်ဝါရီတွင် အမှုဆောင်များ ရွေးချယ်မည်

အသစ်ဖွဲ့စည်းလိုက်သည့် ထားဝယ်အမျိုးသားများ ပါတီသည် ဒီဇင်ဘာ ၁၇ ရက်တွင် ပါတီထူထောင်ခွင့် မှတ်ပုံတင်ကျပြီးဖြစ်၍ ပါတီဝင်များ လိုက်လံစုစည်းလျက်ရှိပြီး လာမည့်ဖေဖော်ဝါရီတွင် အမှုဆောင်များ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထားဝယ်တိုင်းရင်းသားများ ပါတီမှ ဦးအေးမင်းက “ကျွန်တော်တို့ပါတီက မှတ်ပုံတင် ကျသွားပါပြီ။ ပါတီဝင် က အခုလောလောဆယ် နည်းသေးတဲ့အတွက် ပါတီဝင်တွေ စုစည်းလျက် ရှိပါတယ်။ ပါတီဝင်တွေ စုစည်း ပြီးရင် ဖေဖော်ဝါရီလ အတွင်းမှာ အမှုဆောင်တွေ ရွေးချယ်သွားပါမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က တော့ ဒေသဆိုင်ရာ သယံဇာတတွေကို စီမံခန့်ခွဲခွင့် ရဖို့ရယ်။ နောက်ယဉ်ကျေးမှုတွေကို တခြားတိုင်းရင်း သားတွေနည်းတူ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်” ဟုဆိုသည်။

ထားဝယ်တိုင်းရင်းသားများ ပါတီသည် ပါတီကို အားကောင်းသော ပြည်ထောင်စုစနစ်ဖြင့် ဒေသန္တရအစိုးရ ဖြစ်လာစေရေး၊ လူထုပါဝင်ဦးဆောင်သော စီမံအုပ်ချုပ်မှုစနစ် ဖြစ်လာစေရန်လည်း ရည်ရွယ်ကြောင်း ၎င်း ကဆက်လက် ပြောကြားသည်။

ထားဝယ်တိုင်းရင်းသားများ ပါတီသည် ၂၀၁၃ ဒီဇင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပါတီထူထောင်ခွင့် မှတ်ပုံတင်အမှတ် (၇၀)ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ပါတီဝင် ၁၉ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် တိုင်းရင်းသား ရေး ရာ ၀န်ကြီးနေရာ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် နေရာအသီးသီးအတွက် အဓိကယှဉ်ပြိုင် သွား မည်ဖြစ်ပြီး လက်ရှိတနင်္သာရီတိုင်း ထားဝယ်မြို့တွင် အခြေစိုက်ကာ ပါတီဝင်များ စုစည်းလျက်ရှိကြောင်း သိရသည်။

Eleven Media Group

မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်၍ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိ



မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်မည့် တရုတ် ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင် ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့ တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် အကောင် အထည် ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲအပြီး တက်လာမည့် အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။


တရုတ်ကုမ္ပဏီ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို လွတ်လပ် သည့် အာရှအသံ (RFA) က “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်တွင် မေးမြန်းခဲ့ပြီး ထိုမေးမြန်းချက်များကို ဇန်န၀ါရီ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။

RFA သီးသန့်မေးမြန်းခဲ့သော အစီအစဉ်၌ ဦးခင်မောင်စိုးက “မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်နိုင်ရေး အတွက်၂၀၁၅ တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းမယ်လို့ တရုတ်ကုမ္ပဏီကအဲဒီရက်ပိုင်း ပြောကြား ခဲ့ တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရင် အဲဒီလို ဆောင်ရွက်မှာလား” ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာ၌ မြစ်ဆုံစီမံကိန်းကို ၎င်းတို့ပါတီ အနိုင်ရချိန်တွင် ဆက်လ လုပ်မည်၊ မလုပ်မည်ကို တိကျပြတ်သားစွာ ဖြေကြားခဲ့ခြင်း မရှိဘဲ ညှိနှိုင်းရေးမှတစ်ပါး အခြားနည်းလမ်း မရှိ ကြောင်းဆိုသည်။

“ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလဲ။ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်း ကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ။ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရ ဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင် အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရ အဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလို လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာ မယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါတော့ အစ်မက မကြိုက်ဘူး။ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လက်ရှိအစိုးရ အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသား လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

“ပြတ်ပြတ်သားသား လုပ်ရမှာပေါ့။ ဒါဆွေးနွေးပြီးတော့ ဘယ်လိုလုပ်သင့်လဲ။ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ရမှာပေါ့။ အခုဟာက မတင်မကျကြီး။ ငါးနှစ်ရပ်ထားတယ်ဆိုတော့ ဒါဘယ်လိုအဓိပ္ပာယ်လဲ။ နောက်လာတဲ့ အစိုးရပဲ တာဝန်ယူပြီး ဖြေရှင်းလို့ ပြောနေသလို ဖြစ်နေတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူးလား နှစ်ခုကိုပဲ ပြောစေချင်တယ် 

သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ကို တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် လွှတ် တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့ခဲ့ကာ “မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်” ဟု ကတိပြုပြောဆိုခဲ့သည်။ ထိုသို့ ရပ်ဆိုင်းရခြင်းသည် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကို အလေးထားသောအားဖြင့် ဆုံးဖြတ်ခဲ့ခြင်းဟု သမ္မတဦးသိန်းစိန်က ဆိုသည်။ ထို့အတူ မြစ် ညာ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကုမ္ပဏီ (ACHC) က မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် ထုတ်ဖော်ပြောဆို လာချိန်၌ သမ္မတက ၎င်း၏ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲ ထွဋ်က ပြောကြားသည်။

တရုတ်ကုမ္ပဏီဘက်က ဥပဒေကြောင်းအရ လုပ်လာမည်ဆိုပါက မိမိတို့အစိုးရ သက်တမ်းအတွင်း နိုင်ငံ တကာ ဥပဒေစံနှုန်းများနှင့် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ရင်ဆိုင်တုံ့ပြန်မည်ဟု ဦးရဲထွဋ်က ပြောဆိုခဲ့သည်။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီဝင်များက ယခင်အစိုးရကို ဝေဖန်ထောက်ပြလေ့ ရှိသော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိပြီး အစိုးရဖြစ် လာမည် ဆိုပါက မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ခွင့်ပြုမည်၊ မပြုမည်ဆိုခြင်းအား ပြတ်ပြတ်သားသား ပြော ဆိုခြင်း မရှိသေးချေ။

ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အစည်းအဝေး အပြီးတွင် မြစ်ဆုံစီမံကိန်းအား ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအား ပြတ်ပြတ်သားသား သိရှိနိုင်ရန် The Daily Eleven က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသား ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

“အန်တီဆိုရင် ဒီမြစ်ဆုံ Contract ထဲမှာ ဘာပါလဲဆိုတာ ပထမကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ Contract ထဲမှာ ဘာပါမှန်းလဲ မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ ဘာတွေကတိက၀တ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိက၀တ်တွေ ခံရမှာက နိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။ အဲဒီတော့ အဲဒါတွေလည်း မသိဘူး။ ဘာတွေ သဘော တူထားမှန်းလဲ မသိဘူး။ ဘာပဲပြောပြော ဒီ Contract တွေကို လက်မှတ်ထိုးတဲ့ သူတွေက တာဝန်သိ စိတ် တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး။ မသိကျိုးကျွန် ပြုနေလို့မရဘူး။ အသေးစိတ် အချက် အလက်တွေကို မသိဘဲနဲ့ မှတ်ချက်မချချင်ဘူး။ ဒါပေမဲ့ သဘောတူညီချက်တွေကို လက်မှတ်ထိုးတားတဲ့ သူတွေကတော့ တာဝန်ယူစိတ် ရှိရမယ်။ တာဝန်ယူရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ CPI နှင့် ACHC တို့က ဆန္ဒရှိနေ သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ အပါအ၀င် အခြားနိုင်ငံရေး ပါတီများမှ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ကိုယ်စားပြု အဖွဲ့များကိုလည်း နောက်ကွယ်မှ CPI ကုမ္ပဏီ၏ ကျောထောက်နောက်ခံပြုမှုဖြင့် တရုတ်အစိုးရက တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းများ ရှိခဲ့ကြောင်း သိရပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ အနေဖြင့်လည်း တရုတ်နိုင်ငံသို့ သုံးကြိမ်ထက်မနည်း သွားရောက်ခဲ့ပြီးဖြစ်သည်။

၂၀၁၁ ခုနှစ်အတွင်းက မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ပြည်သူလူထု၏ တောင်းဆိုသံများ ကျယ်ပြန့်စွာ ထွက်ပေါ်လာချိန်၌ ၂၀၁၁ ခုနှစ် သြဂုတ် ၁၁ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီအတွက် ပန်ကြားချက်” ဟူ၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစု ကြည်က မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် ယတိပြတ်ပြောဆိုခဲ့ခြင်း မရှိဘဲ “အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတ ဖြစ်ရေးကို ရှေးရှုလျက် သက်ဆိုင်သူအားလုံးတို့က မြစ်ဆုံစီမံချက်အား ပြန်လည်သုံးသပ်ကာ မလိုလားအပ်သော အကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး စိုးရိမ် စိတ်များ ဖြေဖျောက်နိုင်မည့် အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေရန် တိုက်တွန်းကြောင်း” ပြောကြားခဲ့သည်။

ထိုအချိန်က ပြောကြားမှု၌ ယတိပြတ် ပြောကြားခြင်း မရှိသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ၌ NLD ပါတီက မဲအများဆုံး အနိုင်ရပြီး သမ္မတဖြစ်ရန် လက်ရှိရေပန်းစားနေချိန် မြစ်ဆုံစီမံကိန်းနှင့် ပတ် သက်သည့် သဘောထားကို ယတိပြတ် ပြောဆိုရန် လိုအပ်မည်ဖြစ်သည်။

“မြစ်ဆုံကိစ္စက လက်ပံတောင်းတောင် ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာ မလိုတဲ့ကိစ္စဖြစ်ပြီး ယတိပြတ်ပြော ရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲ ဖြစ် ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲ ဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေး ဦးစီးချုပ်ပဲ ဖြစ် ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ မ တိုင် ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ လုပ်မလား၊ မလုပ်ဘူး လား နှစ်ခုကိုပဲ ပြောစေချင်တယ်။ အရင်အစိုးရဟာ မြစ်ဆုံဆည်ဆောက်ဖို့ လုပ်ခဲ့တဲ့အတွက် သမိုင်းတရား ခံ ဖြစ်ခဲ့တယ်။ အခုအစိုးရကတော့ မြစ်ဆုံဆည် တည်ဆောက်တာကို ရပ်ဆိုင်းခဲ့လို့ သမိုင်းတရားခံအဖြစ်က လွတ်ခဲ့တယ်။ နောင်လာမယ့် အစိုးရက ဒါကိုဆက်လုပ်ရင် သမိုင်းတရားခံ ဖြစ်သွားမှာပဲ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

 ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးခွဲ၌ ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် 
(ဓာတ်ပုံ- သက်မျိုးမင်း) 

Eleven Media Group

အေးရှားဝေါလ် ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ချေးယူသုံးစွဲထားပြီး နိုင်ငံတော်သို့ ယခုအထိ အကျေပြန်မဆပ်

အေးရှားဝေါလ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် သည် ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး၊ တစ်ဒေါ်လာ ကျပ် ၉၉၀ နှုန်းဖြင့်) ကို ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ၂၀၁၀ ပြည့်နှစ်ကတည်းက ချေးယူသုံးစွဲထားပြီး စာချုပ်ပါ ပြန်လည်ပေးဆပ်ရမည့်အချိန် ကျော်လွန်သည်အထိ ပြန်လည်ပေးဆပ်ခြင်းမရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာနဖြင့် နီးစပ်သည့် အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။


နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး စီမံကိန်း အပိုင်း (၁)နှင့် အပိုင်း(၂) တည် ဆောက်ရန်အတွက် ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ် ကုမ္ပဏီလီမိ တက်) အား ပြည်သူ့ဘဏ္ဍာထဲမှ ကြိုတင်ထုတ်ချေးပေးရသည့် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်နှင့် တရုတ်နိုင်ငံ EXIM Bank မှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ တို့အပြင် တရုတ်ချေးငွေသန်း ၂၀၀ မရရှိမီ သုံးရန်အတွက် နောက်ထပ်ပြည်သူ့ဘဏ္ဍာထဲမှပင် ထပ်မံ၍ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို နိုင်ငံတော်က ထုတ်ချေးပေးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ စတင်ထုတ်ချေးစဉ်က ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိ တက် (အေးရှားဝေါလ်) အနေဖြင့် တရုတ်ချေးငွေဒေါ်လာ သန်း ၂၀၀ စတင် ထုတ်ယူသုံးစွဲသည်နှင့် အရင်း အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် အဆိုပါဒေါ်လာ သန်း ၂၀ အတွက်ပေးရမည့် အတိုးအားလုံးကို တစ်လုံး တစ်ခဲတည်း ပြန်ဆပ်မည်ဟု ၂၀၁၀ ပြည့်နှစ် ဇူလိုင်လကတည်းက သဘောတူစာချုပ်ပြီး ချေးယူထား ခြင်းဖြစ်သည်။

ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်)သည် တရုတ်နိုင်ငံ EXIM Bank ထံမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရရှိခဲ့သော်လည်း စာချုပ် ပါ စည်းကမ်းအတိုင်း ပြည်သူ့ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး) နှင့် အတိုးကို ယခုအထိ အကျေအလည် ပြန်လည်ပေးဆပ်ခြင်း မရှိဘဲ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်သည် အထိ ဒေါ်လာ ၂ ဒသမ ၆ သန်းကိုသာ ပြန်ဆပ်ခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်ဆပ်ရမည့် အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် အတိုးစုစုပေါင်းကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်သည်အထိ အကျေအလည် ပြန်မဆပ်သည့်အတွက် ချေးငွေပြန်လည်ပေး ဆပ်ရေးအတွက် ကုမ္ပဏီဖြင့် ညှိနှိုင်းခဲ့ရာ ကုမ္ပဏီမှ ချေးငွေပေးဆပ်မည့် အစီအစဉ်အသစ်ကို မြန်မာ့နိုင်ငံ ခြား ကုန်သွယ်မှုဘဏ်သို့ ပြန်လည်အဆိုပြု တင်ပြထားသည်ဟု သိရသည်။

ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်) မှ အဆိုပြုချက်အရ ဆိုပါက တစ်လ လျှင် ဒေါ်လာနှစ်သိန်းနှုန်းဖြင့်သာ ပေးဆပ်မည်ဖြစ်၍ အကျေရရှိရန် ဆိုပါက ရှစ်နှစ်ကျော် ကြာမြင့်မည်ဟု သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံ EXIM Bank ထံမှ ချေး ငွေအမေရိကန်ဒေါ်လာ သန်း ၂၀၀ ရယူရာတွင် အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊ EXIM Bank သို့ ပေးဆပ်ရမည့် အတိုးနှင့် ကတိခံကြေးများကိုမူ ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီ လီမိတက် (အေးရှားဝေါလ်)မှ ပေးဆပ်ကြောင်း၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ ပေးချေရမည့် အရင်း နှင့်အတိုးများကို သတ်မှတ်ချိန်အတွင်း အကျေပြန်မဆပ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြည်သူ့ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ထုတ်ချေးရာတွင်လည်း အတိုးနှုန်း ၅ ဒသမ ၅ ရာ ခိုင်နှုန်းတည်းနှင့် ထုတ်ချေးပေးထားခြင်းဖြစ်ကြောင်း၊ ၎င်းအပြင် Advance Payment အဖြစ် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်ကိုလည်း ၅ ဒသမ ၅ ရာခိုင်နှုန်းဖြင့်သာ ထုတ် ချေးပေးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အမေရိကန်ဒေါ်လာ ၃၅ သန်းအား ၂၀၁၆ ခုနှစ် ရောက်ရှိမှသာ စတင် ပေးဆပ်ရန်အထိ ခွင့်ပြုပေးထားကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုတည်း တည်ဆောက်ရန်အတွက် နိုင်ငံတော် ပြည်သူ့ ဘဏ္ဍာထဲမှ အမေရိကန်ဒေါ်လာ ၅၅ သန်းကျော်နှင့် ပြည်ပမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ စုစုပေါင်း သန်း ၂၅၀ ကျော် ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ ပြန်ဆပ်ရမည့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှာလည်း ၁၅ နှစ်အတွင်း ပြန်ဆပ်ရန် သတ်မှတ် ထားပြီး ဆိုင်းငံ့ကာလကိုလည်း ငါးနှစ်ပေးထားသည့်အတွက် နှစ် ၂၀ သက်တမ်းဖြင့် ထုတ်ချေးခြင်းဟု သိရ သည်။

အေးရှားဝေါလ် ကုမ္ပဏီလီမိတက် (ရွှေ စွမ်းအင်ကုမ္ပဏီ အမည်ဖြင့်) သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းကို တည်ဆောက်ခွင့် ရရှိသည့် အချိန်ကလည်း မြန်မာနိုင်ငံအပေါ် တရုတ်က ထုတ်ချေးထားသည့် ချေးငွေများထဲမှ အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော် ထည့်သွင်းအသုံးပြု တည်ဆောက်သွားခြင်းသာ ဖြစ်ကြောင်းလည်း သိရသည်။

Eleven Media Group