Wednesday, January 1, 2014

မိတ္ထီလာမြို့ ကွန်ပျူတာ ကျောင်းအုပ်ကြီး ကျောင်းသားမိဘများကို အနုကြမ်းစီး အေးဓားပြတိုက်



ကျွန်မက ပထမနှစ်ကျောင်းသူတစ်ဦး ရဲ့ မိခင် ပါရှင့်။ ကျွန်မ သမီးက ပထမနှစ် ကွန်ပျူတာ တက္က သိုလ် တက်ခွင့်ရပါတယ်။ ပထမနှစ် ဆိုတော့ သမီး ကို အဆောင်ရှာရင်း ကျောင်းအပ်ရအောင် လိုက်သွား ပါတယ်။ အဆောင်အပ်ဖို့က တော့ ကျွန်မ မိတ္ထီလာရှိ ကျွန်မ မိတ်ဆွေများကို မိန်းက လေး များ လုံခြုံစိတ်ချရမည့် အဆောင်ကို စုံစမ်း ထား ပြီးဖြစ်ပါတယ်။


ကျွန်မတို့ မိဘတွေအနေနဲ့လည်း သမီးမိန်းကလေး ဖြစ်တဲ့အတွက် တက္ကသိုလ်တက်ရာမှာ မိဘမျက်ကွယ်ဖြစ်လို့ လုံခြုံစိတ်ချရတဲ့အဆောင်ကို ကိုယ်တိုင် လိုက်လံကြည့်ရှုတာလည်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျောင်းကို အရင်သွားအပ်ပြီးမှ အဆောင်သွားကြည့်မယ် စိတ်ကူးပြီး သမီးကို ကျောင်းသွားအပ်ပါတယ်။


အဲ့ဒီမှာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းအပ်ခ 9000 ကျပ်နဲ့ ဘာမှန်းမသိတဲ့ကြေး 1000 ကျပ် + အဆောင် လခ 12000(တစ်သောင်းနှစ်ထောင်ကျပ်) ဆိုပြီး မသွင်းမနေရ အတင်း တောင်းပါတယ်။ 1000 ကျပ် ကတော့ အထွေထွေ ကြေးလို့ ဆိုပါတယ်။ ကျွန်မကလည်း အဆောင်ခ 12000 တောင်းတယ် ဆိုတော့ အော်…ကျောင်းအုပ်ဆရာမကြီးက ကျောင်းသူများအပေါ် ဂရုစိုက်လိုက်လေ ခြင်းလို့ အောက်မေ့ မိပါသေးတယ်။

သူကိုယ်တိုင် လုံခြုံစိတ်ချရတဲ့ အဆောင်မှာ သွင်းပေးမယ်လို့ထင်မိတာပါ။ ကျောင်းအပ်ပြီး ဆရာမကြီး အဆောင်ကြေးဖြတ်ယူထားတဲ့ ချယ်ရီမေဆို တဲ့ အဆောင်ကို သွားကြည့်တဲ့အခါမှာတော့ ကျွန်မ အထင် တက်တက်စင်လွဲပါတော့တယ်။ အဲ့ဒီ ချယ်ရီမေ အဆောင်က ကျောင်းကနေ တော်တော်ကို ဝေးပါတယ်။ ဆိုင်ကယ် သို့မဟုတ် စက်ဘီးနဲ့ မှ ကျောင်းတက်လို့ ရမှာ ဖြစ်ပါတယ်။

ပြီးတော့ ပိုဆိုးတာက လူခြေပြတ်လတ်ပြီး ဝေတဲ့အတွက် ဘယ်ကျောင်းသူမှ မနေတာ ကြာပြီဖြစ်တဲ့ အဆောင်ဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်။ ပြီးတော့ ကျောင်းအုပ်ဆရာမကြီးကလည်း အဲ့ဒီအဆောင် ပိုင်ရှင် ဆီက ကျောင်းသူတစ်ဦးကို ပွဲခ 2000 ကျပ်ယူပြီး မယောင်မလည် ပထမနှစ်လေးတွေကို ကျောင်းလခနဲ့ အတူ ဇွတ်အတင်း အဆောင်ကြေးတောင်းတာဖြစ်ပါတယ်။

ကျွန်မလည်း လက်လှမ်းမီသမျှ ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးက အဆောင်ကြေးတောင်း ရင် အဆောင်အပ်ပြီးကြောင်းပြောဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ကျောင်းအုပ်ဆရာမကြီးက အပြင်ဖြေ ကျောင်းသူတစ်ယောက်ကိုလည်း ဒီအဆောင်မှာမအပ်ရင် ကျောင်းလာမတက်ရလို့ ခြိမ်းခြောက်ရုံမက လာအပ်သမျှ ကျောင်းသူများအတန်းကြီးငယ် အားလုံး အဆောင်ကြေးမဖြစ်မနေ သွင်းခိုင်းပါတယ်။ အဆောင် ငှားပြီးပြီး မပြီးပြီး အဆောင်ကြေးကို မသွင်းမနေရ တောင်းတာပါ။

အဲ့ဒီအဆောင်မှာ မနေရင် စာမေးပွဲချမယ် တွေအထိကို ခြိမ်းခြောက်လာပါတယ်။ ကျွန်မ အနေနဲ့က တော့ အခုလို ဒီမိုကရေစီ ခေတ်ကြီးမှာ ဒီလို အနုကြမ်းစီး ကျောင်းအုပ်မျိုးကို ဘယ်လူကြီးတွေကမှ မစုံစမ်းကြ တော့ ဘူးလား။ ဒီလို လွှတ်ထားကြတော့မှာလား။ ကျွန်မတို့ မိဘတွေက သားသမီးများကို လုံခြုံမှုမပေးနိုင် တဲ့ ဒီလို အဆောင်တွေမှာ ဘယ်လိုများ မျက်ကွယ်ပြုထားရပါ့မလဲ။

ပြီးတော့ ကျောင်းသွားရင်တောင် စက်ဘီး (သို့) ဆိုင်ကယ် တစ်စီးစီးက ထပ်ပြီး လိုအပ်လာဦးမယ်။ အောင်မယ်လေးးးး…. ကျွန်မတို့ မိဘတွေကို အနုကြမ်းစီး အေးဓားပြတိုက်ပြီး ကျွန်မတို့ သားသမီး တွေကို ကျီးထိုးထိုး ခွေးစားစား ပုံစံမျိုးနဲ့ အဆောင်ပွဲစားလုပ်နေတဲ့ မိတ္ထီလာမြို့ ကွန်ပျူတာ ကျောင်းအုပ်ကြီးကို ရပ်တန့်သွားအောင်လုပ်ပေးကြပါဦးလို့မိဘများကိုယ်စားကျွန်မတောင်းဆိုလိုပါတယ်ရှင့်။

FA (မိဘတစ်ဦး)

FROM-APRIL MAUNG MAUNG

အလွန်သတိထားစောင့်ကြည့် ရတော့မည် အိမ်နီးချင်း(သို့မဟုတ်)ထိုင်း



ဂျပန်နိုင်ငံသို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာဝတ်စုံဖြင့် ဝတ်ဆင် အလှ ပြခဲ့သည်ကို ထိုင်းလူမျိုးများက ၄င်းတို့၏ ရိုးရာ ဝတ်စုံ ဖြစ်သည်ဟု ဝေဖန်ကြသည် ကိုလည်း သိမြင်ရပါ သည်။ စည်းပုံ၊ လက်ကျပ် တန်ဆာ များနှင့် မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်း ရိုးရာ ဟုသာ နိုင်ငံတကာက ရှုမြင်နေကြပြီး မြန်မာ ဝတ်စုံဟု လက်မခံနိုင်ဘဲ ရှိနေကြ သည်ကိုလည်း သိရပါသည်။


ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာ သောအခါ ရိုးအီသွားပြီး သတင်း မဟုတ်တော့ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

ထိုင်းသည် မြန်မာနှင့် အိမ်နီးချင်းဖြစ်ပြီး အခြေခံယဉ်ကျေးမှု အချို့ တူညီမှုရှိပါသည်။ အလောင်းမင်းတရား ဦးအောင်ဇေယျ လက်ထက် အယုဒ္ဓယကို ချီတက်သိမ်းပိုက်ရာမှ ယဉ်ကျေးမှုဓလေ့အချို့ ပြည်တွင်းသို့ ပျံ့နှံ့ခဲ့ပါသည်။ ဤသို့ ဖြင့် ယဉ်ကျေးမှုများ ဒွေးရောယှက်တင် ဖြစ်လာသည်။ မည်သည့် ယဉ်ကျေးမှုက မည်သည့်နိုင်ငံတွင် စတင်သည် ဆိုသောအချက်က သမိုင်းကြောင်း အထောက်အထား ခိုင်လုံမှသာ သက်သေပြနိုင် ပေတော့မည်။ ရှေး ယခင်က ယဉ်ကျေးမှု မူပိုင်ခွင့် ဟူသည် အရေးမကြီးဟု ထင်ရသော် လည်း ယခုအခါ အရေးကြီးလာပါပြီ။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် နီးကပ်နေသည့် ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ပို၍ သိသာလာပါသည်။

ယခု ၂၀၁၃ ဒီဇင်ဘာ ၄ ရက်နေ့က မွန်ပြည်နယ် မုတ္တမမြို့တွင် မြေကျင်းတူးရာမှ ၁၃ ရာစုလက်ရာ မြေအိုးဟောင်းများ တူးဖော်ရရှိခဲ့ကြောင်း သတင်းများ တွေ့ရပါသည်။ သမိုင်းကြောင်းအရ တွံတေး၊ ပဲခူး၊ မုတ္တမမြို့ တို့သည် စဥ့်ထည်များဖြင့် အိုးမြို့တော်ဟု အရှေ့တောင် အာရှနိုင်ငံများတွင် ကျော်စောပြီး ဖြစ်ပါသည်။ မုတ္တမမြို့မှ မုတ္တမအိုးများသည် သီးခြား ကွဲထွက်နေသော ဟန်ပန်နှင့် ထင်ရှားပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ ရှေးဟောင်းပစ္စည်းများ သဖွယ် ထင်မှတ်မှား ဖော်ပြခြင်း ခံနေရပါသည်။

တစ်ချိန်က ဆိုရှယ်လစ်ခေတ် မှသည် ယနေ့အထိ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ ထားစဉ်က မြန်မာ့သယံဇာတ တော်တော်များများသည် ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ရောက်ရှိ သွားခဲ့သည်။ တန်ဖိုးရှိသော်လည်း တန်ဖိုးမသိ သောကြောင့် သော်လည်းကောင်း၊ ဈေးပိုရ၍ သော် လည်းကောင်း မြေအောက်မှ ရသမျှ ရှေးဟောင်းပစ္စည်းများသည် ထိုင်းနိုင်ငံသို့ တရား မဝင် ရောက်ရှိရာမှ နိုင်ငံတကာ အမြင်တွင် ထိုင်းရိုးရာ ရှေးဟောင်းအမွေအနှစ် များဟု ထင်မှတ်မှားခဲ့ရခြင်း ဖြစ်ပါသည်။

စီးပွားရေး ပိတ်ဆို့ခံရပြီးနောက် မှောင်ခိုလမ်းကြောင်းမှ တစ်ဆင့် ကုန်သွယ်ရာမှ မြန်မာနိုင်ငံအတွက် သယံဇာတ ဆုံးရှုံးမှု သိသိသာသာ တွေ့ရသော်လည်း ယဉ်ကျေးမှုဆုံးရှုံးမှုက တရိပ်ရိပ်နှင့် ပို၍ ကြီးမားလာနေသည်ကို သတိပြုမိသူ နည်းနေပါသည်။ သယံဇာတ ဖြစ်သော ကျွန်းသစ်များ၊ ကျောက်မျက်များ အားလုံးသည် ထိုင်းနိုင်ငံမှ ထွက်ရှိသယောင်ဖြင့်သာ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိခဲ့သည်။ ပို့ကုန်ပစ္စည်း မှန်သမျှ ထိုင်းနိုင်ငံမှ ထွက်ရှိသယောင် Made in Thailand တံဆိပ်ကပ် ခဲ့ရသည့်အတွက် မြန်မာတို့ နစ်နာခဲ့ရပေါင်း များပြီ။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် စီးပွားရေးပိတ်ဆို့မှုများ ဖြေချလိုက်ချိန်တွင် မြန်မာ့သယံဇာတက ကုန်သလောက် ရှိနေပြီး ထိုင်းနိုင်ငံအတွက်မူ အကျိုးအမြတ် များစွာ ကျန်နေခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မူပိုင်ခွင့်ဆုံးရှုံးမှု ဖြစ်ရပ်များစွာ ရှိနေပါ သေးသည်။ ကယားပြည်နယ်မှ ကယန်း(သို့မဟုတ်) ပဒေါင်လူမျိုးများ သည်လည်း သာဓကတစ်ခု ဖြစ်ပါသည်။ ရေမြေဒေသ အရသော်လည်းကောင်း အကြောင်းကြောင်းကြောင့် သော်လည်းကောင်း မြန်မာတိုင်းရင်းသား လူမျိုးစုဝင် ကယန်းလူမျိုး များသည် ထိုင်းနယ်စပ်သို့ ရောက်ရှိ အခြေချနေထိုင် ခဲ့ကြသည်။ လည်ပင်း ကြေးကွင်းစွပ်သော ထူးဆန်းသည့် ဓလေ့ကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပဒေါင်လူမျိုးများကို လေ့လာစရာ တစ်ခုအဖြစ် ထည့်သွင်းပြီး ၄င်းတို့ တိုင်းရင်းသားဖြစ်သယောင် ဖော်ပြမှု များလည်း ရှိနေပါသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံအတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးသော်လည်း မြန်မာတိုင်းရင်းသား ကယန်းလူမျိုးတို့ မှာမူ အထူးအဆန်း သတ္တဝါသဖွယ် နှိမ်ချ ဆက်ဆံခံရမှုများလည်း ရှိနေသည်။ ဒုက္ခသည်အဖြစ် လျှောက်ထားသော်လည်း နိုင်ငံတွင်းမှ ထွက်ခွာခွင့်ကို မပေးသလို၊ မြန်မာအစိုးရက ပဒေါင်ဒုက္ခသည် များကို နိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် တောင်းဆိုသော်လည်း ဂရုမစိုက်ခြင်း မျိုးများနှင့် ကြုံတွေ့နေရသည်။ မိမိတိုင်းရင်းသား ဖြစ်ပါလျက်နှင့် သူများနိုင်ငံက ခေါင်းပုံဖြတ်ပြီး ရုံသွင်းပြ စားနေသော ဖြစ်ရပ်မျိုးမှာ နာကြည်းဖွယ် ကောင်းလှသည်။

ထို့အပြင် ဒီဇင်ဘာလ ၃ ရက်နေ့ က ဂျပန်နိုင်ငံသို့ Miss International ၂၀၁၃ တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဂုဏ်ရည်အေးကျော် က မြန်မာ့ရိုးရာ ကိန္နရာဝတ်စုံဖြင့် ဝတ်ဆင် အလှပြခဲ့သည်ကို ထိုင်းလူမျိုးများ က ၄င်းတို့၏ ရိုးရာဝတ်စုံ ဖြစ်သည်ဟု ဝေဖန်ကြသည် ကိုလည်း သိမြင်ရပါ သည်။ စည်းပုံ၊ လက်ကျပ် တန်ဆာများနှင့် မြန်မာ့ရိုးရာ ဝတ်စုံဖြစ်သော်လည်း ထိုင်းရိုးရာ ဟုသာ နိုင်ငံတကာက ရှုမြင်နေကြပြီး မြန်မာဝတ်စုံဟု လက်မခံနိုင်ဘဲ ရှိနေကြ သည်ကိုလည်း သိရပါသည်။ ဤသို့ဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အချို့ကို ထိုင်းယဉ်ကျေးမှု အဖြစ် နိုင်ငံတကာက ထင်မှတ်မှားမှုများ များပြား လာသည်မှာ သိသိသာသာ မြင်တွေ့လာရပါသည်။

မူပိုင်ခွင့် ရရှိခြင်းသည် နိုင်ငံ၏ ယဉ်ကျေးမှုတွင်သာမက အဘက်ဘက်တွင် အရေးကြီးပါသည်။ အားကစားဘက်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာ မွေထိုင်းဟုခေါ်သော လက်ဝှေ့ကစားနည်းတို့ ကွာခြားမှု သိသာစွာ မရှိသော်လည်း နိုင်ငံတကာကို ကျယ်ပြန့်အောင် လုပ်နိုင်မှုခြင်း မတူညီသည်ကို သတိပြုသင့်ပါသည်။ ထိုင်းတို့က ကျယ်ပြန့်စွာ ပြုလုပ်နိုင်ပြီး နိုင်ငံတကာ အားကစားကို ထိုးဖောက်နိုင်ခဲ့သည့် အတွက် ခရီးသွားလုပ်ငန်း ကို မြှင့်တင်ခဲ့ပြီး နိုင်ငံဝင်ငွေ တိုးတက်စေနိုင် ခဲ့ပါသည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို မွေထိုင်းဟု ထင်မှတ်မှားနေခြင်း ကြောင့် မြန်မာ့ရိုးရာ အားကစားတစ်ခု နိုင်ငံတကာအမြင်တွင် တိမ်မြှုပ်သွားစေနိုင် ပါသည်။

များမကြာမီ ၂၀၁၅ သို့ရောက်တော့မည်။ ၂၀၁၅ သည် ရွေးကောက်ပွဲ ကြီးကြောင့် နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူများ ရင်ခုန်ရမည့် ခုနှစ်တစ်ခု ဖြစ်ပါသည်။ သို့သော် ၂၀၁၅ ဒီဇင်ဘာ ၃၁ တွင် စတင် အသက်ဝင်မည့် AFTA ဟုခေါ်သော အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုစာချုပ်ကို မေ့လျော့ နေကြသည်။ မိမိဒေသထွက် ပို့ကုန်များကို လွတ်လပ်စွာ တင်ပို့ခွင့်က အလွန်ကြီးမားသော စီးပွားရေး အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူတို့ မျက်စိပွင့် နားဖွင့်ရန် လိုပါသည်။

မိမိနိုင်ငံပိုင် မျိုးရင်း သဘာဝထွက်ကုန် များကို မူပိုင်ခွင့် မှတ်ပုံတင်နိုင်ရန် အရေးကြီးပါသည်။ စိန်တလုံး သရက်မျိုးရင်း၊ ရွှေဘိုပေါ်ဆန်း မျိုးရင်း၊ သနပ်ခါး၊ ရှားပါး သစ်ခွ မျိုးစိတ်အချို့ စသော ဒေသတွင်း မျိုးရင်းများသည် အခြားနိုင်ငံတွင် မရှိသော မိမိနိုင်ငံပိုင် မျိုးရင်းများ ဖြစ်ပါသည်။ မိမိနိုင်ငံပိုင် မျိုးရင်း ဖြစ်ပါလျက်နှင့် အိမ်နီးချင်းနိုင်ငံက ပိုင်ဆိုင်သယောင် မှတ်ပုံတင် မူပိုင်ခွင့် လျှောက်ထားခဲ့ပါလျှင် မြန်မာတို့ ဆုံးရှုံးနစ်နာစရာ အများကြီး ဖြစ်လာနိုင်ပါသည်။ ပညာရှင်များ အနေနှင့်လည်း ဤ အကြောင်းအရာ များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်သည်ဟု ထင်ပါသည်။ ကြိုတင် ပြင်ဆင် သင့်သည် များလည်း ပြင်ဆင်ရန် အချိန်တန်ပါပြီ။ လက်နှေးနေပါက မိမိနိုင်ငံ၏ မူပိုင်ခွင့်များ ဆက်လက် ဆုံးရှုံးနေရပါလိမ့်မည်။

ယဉ်ကျေးမှု၊ အားကစား၊ စီးပွားရေး အဘက်ဘက်တွင် မြန်မာနိုင်ငံ မူပိုင်ခွင့်များ ဆုံးရှုံးနေပြီး ထိုင်းနိုင်ငံပိုင် အဖြစ် ပုံမှားရိုက် ခံနေရခြင်းက ရေရှည်တွင် ကြီးမားသော ထိုးနှက်မှု ဖြစ်လာနိုင်ပေသည်။ ဤသို့ဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသည် သေချာ စောင့်ကြည့်ရမည့် နိုင်ငံတစ်ခု ဖြစ်လာသည်မှာ ငြင်းမရသော အချက်ပင် ဖြစ်ပါတော့သည်။

The Voice Weekly Myanmar

အခမဲ့ အလယ်တန်း ပညာရေး စနစ်အား တစ်နိုင်ငံလုံး အတိုင်း အတာအရ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်၌ အကောင် အထည်ဖော်ရန် စီစဉ်


1521966_618821298155497_1292231037_n

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။ အဆိုပါ စနစ်မှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်အား တိုးချဲ့ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ယင်းစနစ်အရ ကျောင်းအပ်ရာတွင် ကုန်ကျသည့် စရိတ်များဖြစ်သည့် အလယ်တန်းများ အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး၊ ကျောင်းသုံး ဖတ်စာအုပ်ကြေး စသည်တို့ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။


“၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကနေစပြီး အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို တိုးချဲ့ ဆောင်ရွက် နိုင်ဖို့အတွက် ဒီစနစ်ကို စီစဉ်ဆောင်ရွက်ဖို့ လုပ်တာပါ။ အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ဆောင်ရွက်တဲ့ အခါမှာ ကျောင်းနေမြဲနှုန်းတွေ တက်လာတယ်။ ကျောင်းထွက်မှု နှုန်းတွေလည်း လျော့နည်းသွားတဲ့ အတွက်ကြောင့်မို့ အဲဒါကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်ကို စီစဉ်တာ ဖြစ်ပါတယ်။ 

ဒီစနစ်အရ အလယ်တန်းတွေကို ကျောင်းလခ မကောက်တော့ဘူး။ အားကစား၊ စာရေးကိရိယာ၊ စာကြည့်တိုက်ကြေးနဲ့ မိဘဆရာ အသင်းကြေးတွေလည်း မကောက်တော့ဘူး။ ပြဋ္ဌာန်းစာအုပ် တွေကို လည်း အလယ်တန်း ကျောင်းသား ကျောင်းသူတိုင်းကို အခမဲ့ပေးသွားဖို့အတွက် ဦးတည် ဆောက်ရွက်တာပါ” ဟု အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။ 

မသင်မနေရ အခမဲ့ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက် သွားမည်ဟု သိရပြီး အဆိုပါစနစ် အောင်မြင်စေရန်အတွက် ကျောင်းများကို အထူးကြပ်မတ်မည်ဟု သိရသည်။ “မိဘတွေက ကလေးတွေ ကျောင်းပညာရေးအတွက် ကုန်ကျစရိတ်တွေ သက်သာသွားတဲ့အခါ ကလေးတွေရဲ့ ကျောင်းနေမြဲနှုန်း တက်လာပြီးနဲ့ ကျောင်းထွက်နှုန်း လျော့နည်းသွားဖို့အတွက် နိုင်ငံတော် အနေနဲ့ ဒီစနစ်ကို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ 

မသင်မနေရ အခမဲ့ပညာရေး စနစ်အတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကျောင်းတွေလည်း လိုက်နာဆောင်ရွက်ဖို့ ကျောင်းတွေက အခကြေးငွေတွေ မကောက်ခံဖို့ အတွက်ကိုလည်း နိုင်ငံတော်က နေပြီး ကျောင်းသားဦးရေပေါ် မူတည်ပြီး ကျောင်းတွေကို ကြီးကြပ်ပံ့ပိုး ပေးသွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အချိန်၌ အလယ်တန်း အဆင့်များဖြစ်သည့် ပဉ္စမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၅၅၀ နှင့် ကျောင်းလခ ကျပ် ၅၀၀ ၊ ဆဋ္ဌမတန်းအတွက် ကျောင်းသုံးဖတ်စာအုပ်ကြေး ၁၅၅၀ ကျပ်နှင့် ကျောင်းလခ ကျပ် ၆၀၀၊ သတ္တမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၇၀၀ နှင့် ကျောင်းလခ ကျပ် ၇၀၀၊ အဌမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၂၃၀၀ နှင့် ကျောင်းလခ ကျပ် ၈၀၀ တို့အပြင် မိဘဆရာ အသင်းကြေး ကျပ် ၅၀၀ နှင့် စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး စုစုပေါင်း ကျပ် ၅၀၀ တို့ လုံးဝပေးအပ်ရန် မလိုကြောင်း သိရသည်။

အခမဲ့ မသင်မနေရ မူလတန်းပညာရေး စနစ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

(မရမ်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းတစ်ခုမှ ကျောင်းဆင်းလာသည့် ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်))

Eleven Media Group

စစ်တွေမြို့နယ်က မွတ်စလင်တချို့ ရိုက်တဲ့အတွက် ရဲတစ်ဦးသေဆုံး



စစ်တွေမြို့နယ် ​မှန်စီကျေးရွာအနီးမှာ ​လုံခြုံရေး တာဝန်ယူနေတဲ့ ​ရဲဝန်ထမ်းနှစ်ဦးကို ​မွတ်စလင် ​အုပ်စု တစ်စုက ​၀ိုင်းရိုက်တဲ့အတွက် ​ရဲတစ်ဦး သေဆုံးပြီး ​ကျန်တဦးက ​စစ်တွေဆေးရုံကြီးမှာ ​အရေးပေါ် ​ဆေးဝါးကုသမှုခံနေရတယ်လို့ ​ဒေသခံ တွေက ​ပြောပါတယ်။


ဒီဇင်ဘာ(၃၀)ရက်နေ့ ​ညနေလေးနာရီ လောက် တုန်းက ​ရခိုင်သုဿန်ကိုဖျက်ဆီးနေတဲ့ ​ဘင်္ဂလီ ​ရိုဟင်ဂျာ ​တွေကို ​အဲဒီနေရာမှာ ​တာဝန်ကျတဲ့ ​ရဲတပ်သားနှစ်ဦးက ​ဟန့်တားခဲ့ရာကနေ ​ရိုက်နှက်မှု ​ဖြစ်ပွားခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

အခုလက်ရှိ ​အဲဒီနေရာမှာ ​တာဝန်ကျနေတဲ့ ​ရဲအရာရှိတစ်ဦးရဲ့ ​ပြောပြချက်အရ ​ ရခိုင်နဲ့ ​တရုတ် သုဿန်တွေကို ​ဘင်္ဂလီ ​ရိုဟင်ဂျာတွေက ​ဖျက်ဆီးနေတာကြာပြီဖြစ်ကြောင်း၊ ​မဖျက်ဆီးရအောင်ဆိုပြီး ​လုံခြုံရေး ​ရဲတပ်သား ​နှစ်ယောက် ​အစောင့်ချထားပြီး ​သုဿန်အဆောက်အဦးတွေကို ​ဖျက်ဆီးသူတွေကို ​ရဲတွေက ​ဖမ်းတဲ့အခါမှာ ​အနားမှာရှိတဲ့ ​မွတ်စလင် ​အမျိုးသမီးတွေက ​ရဲဖမ်းနေတယ်၊ ​လာကြ ​လာကြလို့ ​အော်ဟစ်ပြီးနောက် ​တခြားလူတွေ ​ရောက်လာပြီး ​အဲဒီရဲနှစ်ယောက်ကို ​ရိုက်နှက်ခဲ့ကြတယ်လို့ ​ဆိုပါတယ်။

ရိုက်နှစ်မှုကြောင့် ​တစ်ဦးသေဆုံးပြီး ​နောက်တစ်ဦးကိုတော့ ​ဆေးရုံတင်ထားရပါတယ်။

အဲဒီအရိုက်ခံရတဲ့ ​ရဲတပ်သားနှစ်ဦးဟာ ​အသက်(၂၀)၀န်းကျင်တွေဖြစ်ပြီး ​စစ်တွေမြို့ကို ​ပြောင်းလာ တာ မကြာသးဘူးလို့လည်း ​မြစ်မခသတင်းအရ ​သိရပါတယ်။

ပြင်ဦးလွင် သိမ်းဆည်းခံယာမြေဧက ၁,၁၀၀ မူလပိုင်ရှင်များ ပြန်မရသေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် လေးပင်ကျေးရွာ သပြေကျေးရွာနှင့် သပြုကျေးရွာရှိ ကွင်းအမှတ် ၂၂ နှင့် ကွင်းအမှတ် ၃၃ ရှိ ယာမြေဧက ၁,၁၀၀ အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိမ်းယူခဲ့မူအား မူလ မြေပိုင်ရှင်များမှ ယာမြေပြန်လည်ရယူရန် ဒီဇင်ဘာ ၃၀ ရက်တွင် ၀င်ရောက်၍ ခုတ်ထွင်ရှင်းလင်းမှုများ လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ယာမြေများကို ၂၀၀၅ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ အောင်ရဲရွာ စိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် သိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ ယာမြေများအား သိမ်းယူခဲ့သော်လည်း နစ် နာကြေး တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိဟု ယာမြေအသိမ်းခံရသူများက ဆိုသည်။ ထိုသို့ယာမြေများအသိမ်း ခံခဲ့ရသောကြောင့် ဒေသခံတို့မှာ စားဝတ်နေရေးခက်ခဲပြီး ကလေးများ၏ ပညာရေးလည်း တစ်ပိုင်းတစ်စ နှင့် ရပ်နားခဲ့ရကြောင်း ဒေသခံတို့မှ ဆိုသည်။

“ကျွန်မတို့က လက်မဲ့နဲ့ ဒီအတိုင်းကို ဖယ်ပေးလိုက်ရတာ။ ဘာမှကို ပြန်မရခဲ့တာပါ။ ကိုယ့်မြေကို ပြန်လို ချင်တာပါ။ သူတို့ သိမ်းပြီး ဘာမှမစိုက်ဘဲထားတဲ့မြေကို ပြန်ယူတာပါ”ဟု ယာမြေအသိမ်းခံထားရသူ လေးပင်ရွာမှ ဒေါ်ရင်က မဇ္ဈိမကို ပြောသည်။

သိမ်းယူထားသော ယာမြေများထဲသို့ ၀င်ရောက်ရှင်းလင်းနေသူများအား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲ မည်ဟု ပြင်စာရဲစခန်းမှ အကြောင်းကြားထားသည်ဟု ဦးဆောင် ၀င်ရောက်ရှင်းလင်းသူ ဦးသန်းလွင်က မဇ္ဈိမကို ပြောသည်။

ယာမြေများ သိမ်းယူမှုနှင့်ပတ်သက်၍ စိုက်ကွင်းတာဝန်ခံ ဦးဘရီထံသို့ မဇ္ဈိမမှ သွားရောက်မေးမြန်းရာ “ကျွန်တော်တို့ကတော့ လောလောဆယ် တရားစွဲတယ် မစွဲဘူးဆိုတာ ဖြေလို့မရပါဘူး။ သူတို့ ၀င်ပြီးရှင်း လင်းနေတာလည်း သိပါတယ်။ အခုလိုဝင်လုပ်နေတာကို အထက်ကို ဒီနေ့မနက်ဘဲ တင်ပြထားပါတယ်။ ကျန်တာကတော့ ဘာမှကို ဖြေလို့မရပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

စိုက်ကွင်းတာဝန်ခံမှ စီမံကိန်းသည် ၉၀ ရာခိုင်နှုန်း အောင်မြင်သည်ဟုဆိုသော်လည်း ရွာသူရွာသားများ က စိုက်ကွင်းစီမံကိန်းများ လုံးဝမအောင်မြင်ကြောင်း ပြောသည်။ ဒေသခံများအနေနှင့် တရားစွဲဆိုခံရပါ ကလည်း အမှန်တရားအတွက် အမှုအား ရင်ဆိုင်သွားမည်ဟု ဆိုသည်။

ထိုသိမ်းဆည်းခံယာမြေများ ပြန်လည်ရရှိရန် Facilitators Network with ILO Upper Myanmar(ILO) နှင့် ဆက်သွယ်ဆောင်ရွက်သူများကွန်ရက် (အထက်မြန်မာပြည်)က ဆောင်ရွက်ပေးနေသည်။

“အားလုံးပြန်ရအောင် လုပ်ဆောင်ပေးနေတယ်။ ဒီစီမံကိန်းက လုံးဝမအောင်မြင်ဘူး။ ဘာမှလည်း စိုက် မထားဘူး။ ဒါတွေကို အားလုံးသိအောင် ဒီဇင်ဘာ ပထမပတ်က တင်ပြီးပြီ။ တရားစွဲခံရလည်း ကျွန်တော် တို့အဖွဲ့က ကူညီပေးသွားမယ်”ဟု ရှမ်းပြည်မြောက်ပိုင်းတာဝန်ခံ ဒေါက်တာအောင်ဋ္ဌေးက မဇ္ဈိမကို ပြော သည်။

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ



သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ် ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှ ထွက်ပြေး တိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ် နိုင်လင်း နှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊


ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန် ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဖ)ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံ နှစ်ဦးကို ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

၂၀၁၄ မှာ ဘာ တွေ အကောင် အထည် ဖော်ကြ မည် နည်း

ရည်မှန်း ချက် ချမှတ် ခြင်း၊ ရည် မှန်း ချက် ပေါက် မြောက် အောင် အ ကောင် အ ထည် ဖော် ခြင်း သည် လူ ပေါင်း များစွာ ၏ ဘ၀ များ ကို မောင်း နှင် နေ သော အား တစ်ခု ဖြစ် သည်။ စာဖတ် သူ သည် လည်း ရည်မှန်း ချက်ချ ကာ အောင်မြင် အောင် အ ကောင် အထည် ဖော် ချင် စိတ် ရှိ သူဖြစ် ပါက အောက် မှာ အကြံ ပြု တင် ပြ မည့် အချက် များ သည် စာဖတ် သူ အတွက် ကောင်း စွာ အကျိုး ပြု မည်ဟု ယုံ ကြည် ပါသည်။ ၂၀၁၄ နှစ် သစ် မှာ ရည်မှန်း ချက် သစ်များ ဖြင့် နှစ်ကုန် တွင် အောင်မြင် ပေါက် မြောက် ခြင်း အရသာ ကို ခံ စား နိုင် ကြ ပါစေ ဟု ဆန္ဒပြု လျက် တင် ပြ ပါ သည်။


၁။ တစ်နှစ်အတွင်း အကောင် အထည် ဖော်နိုင်မည့် မမြင့်လွန်း၊ မနိမ့်လွန်းသော ရည်မှန်းချက်များ ချပါ။

ရည်မှန်းချက် နိမ့်လွန်းခြင်းသည် ကြိုး စားရယူလိုစိတ်ကို သေသွားအောင် လုပ်ရာ ရောက်သလို၊ ကိုယ် မ မီ နိုင်လောက်သော ရည် မှန်းချက်မျိုး ချထားခြင်းသည်လည်း မျှော် လင့်ချက် နည်းပါးကာ ကြိုးစားလိုစိတ်ကို ကျသွားစေပြန်သည်။ တစ်နှစ် အတွင်းလည်း အကောင် အထည် ဖော်နိုင် ရ မည်၊ ကိုယ် လည်း ကြိုးစား အား ထုတ်ပြီး ရယူရကြိုးနပ် မည်ဆိုသော ခက်တော့ ခက်မည်။ သို့သော် ကြိုးစားလျှင် ရနိုင်သည်ဟူသော အဆင့်မျိုး ရည်မှန်းချက် ချထားခြင်းသည် အသင့်တော် ဆုံးဖြစ်သည်။ ဥပမာ အိမ်တစ်လုံး အပိုင်လို ချင်သည်ဆိုလျှင် တစ် နှစ် အတွင်း အိမ်တစ် လုံး ၀ယ်နိုင်ရမည်ဟု ရည်မှန်းချက် ချခြင်းသည် မြင့်လွန်း ခက်လွန်းပြီး လက် တွေ့လည်း အ ကောင်အထည် မဖော်ဖြစ်ဘဲ ဖြစ်တတ် သည်။ သို့ဖြစ်ရာ ဦးဆုံး အနေဖြင့် ငွေကြေး စီမံ ခန့်ခွဲ သုံးစွဲတတ် အောင်၊ ကိုယ့်စည်းကမ်း ကိုယ်လိုက်နာတတ်အောင် အဆင့် တစ်ခုအထိ ရည်မှန်း ချက်ချပါ။ ထို့နောက် တစ် ဖြည်း ဖြည်းချင်း အိမ်ပိုင်သည်အထိ ဇွဲသန်သန်နဲ့ ဆက် ကြိုးစား သွားခြင်းသည် အကောင်း ဆုံး အဖြစ်နိုင်ဆုံး နည်း လမ်းဖြစ်သည်။

၂။ ရည်မှန်းချက်ကို စိတ်မျက်လုံးနဲ့ မြင် နိုင်သည်အထိ ပုံဖော်ကြည့်ထားပါ။

လူ အတော် များများ ရည်မှန်း ချက်သာ ချသည်၊ ဘာကြောင့် ချသည်၊ ဘာ အတွက် ချသည်၊ ရည်မှန်း ချက် အောင်မြင်ရင် ဘယ်လို အခြေ အနေ ရမည်ကို ကိုယ့် စိတ်ထဲမှာပင် ကိုယ် မရှင်း။ စိတ်ထဲ မရှင်းဘဲ လက တွေ့ မှာ ရည်မှန်းချက် အကောင်အထည် ဖော်နိုင်ဖို့ ခဲယဉ်းသည်။ ကိုယ်ဖြစ် ချင်တာ တိကျ စွာ မသိဘဲ တည် ဆောက်ဖို့ မဖြစ်နိုင်။ ကိုယ် ပေါက်မြောက်လိုသည့် ရည်မှန်းချက် စိတ်ထဲ ရှင်းလင်း စွာ မြင် ယောင်ပုံ ဖော်ထား ခြင်းဖြင့် ကိုယ်လည်း ပိုအားတက်ကာ အောင်မြင် ချက်နှင့် နီးလာလေ ပိုအား ထုတ် ချင်စိတ် ဖြစ် လာလေ ဖြစ် မည်။ ပိုကောင်းသည်မှာ ရည် မှန်းချက်ကို စာတစ်ရွက်မှာ ချရေးထားပြီး အမြဲမြင်နေနိုင်မည့် တစ်နေရာမှာ ကပ် ထား ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ခြင်းဖြင့် မိမိ ရည် မှန်းချက်ကို ပကတိ မျက်စိဖြင့် လည်း မြင်နိုင် မည်ဖြစ်သလို၊ စိတ်ထဲ ပုံဖော်ထားသော ရည် မှန်းချက်ကိုလည်း ပိုပြတ်သားအောင် ကူပေး မည်ဖြစ် သည်။ ရည်မှန်း ချက် နာ မည်လောက် သာမက အကောင်အထည်ဖော်မည့် လမ်းစဉ် အဆင့်ဆင့်ကိုပါ ပြည့်စုံစွာ ချရေးထားနိုင် လျှင် ပို ကောင်း သည်။

၃။ ကိုယ်တစ်ကယ် လိုချင်လို့ချသည့် ရည် မှန်းချက်ဖြစ်ပါစေ၊ သူများ အားကျပြီး လိုက်လုပ်တာမျိုး ရှောင်ပါ။

ကိုယ့်အခြေအနေနဲ့ လိုက်ဖက်သည့် ရည်မှန်းချက်မျိုး၊ ကိုယ် လုပ် နိုင်တာနှင့် ကိုက် ညီသည့် ရည်မှန်း ချက် မျိုး ချဖို့လိုသည်။ သူ များ အားကျပြီး ပြိုင်ဆိုင်လိုစိတ်နဲ့ ချသည့် ရည်မှန်းချက်မျိုး မဖြစ်စေရ။ သူများကို အ တု ယူတတ်ရမည်ဖြစ်သော်လည်း သူများ လုပ်တိုင်း ပုံတူ ကူးချခြင်း သည်ကား ရေ ရှည် မှာ ကိုယ့် ကို ကျေနပ် အား ရမှု ပေးစွမ်းနိုင်မည် မဟုတ်။ ဥပမာ သူငယ်ချင်းတစ်ယောက်က ကားဝယ်စီး ၍ သူ့လိုကားမျိုး ကိုယ်လည်း ၀ယ်စီးနိုင်ရမည်ဆိုတာမျိုး ရည်မှန်းချက်ချ ခြင်းသည် ပြိုင်ဆိုင်ခြင်းသာ ဖြစ်သည်။ ထို စိတ်ဖြင့် ကြိုး ပမ်း ပါက အောင်မြင်ပေါက် မြောက်သွားသည့်တိုင် ထိုကားရပြီး မကြာမီ မှာပင် နောက်ထပ် တစ်ခုခုအတွက် ပြိုင်ဆိုင် လို စိတ် က ပေါ်လာဦးမည်ဖြစ်ပြီး မိမိသည် လည်း အောင်မြင်ပေါက်မြောက်ခြင်း ခံစား ချက်နဲ့ ဝေးကွာ နေဦး မည် သာ ဖြစ်သည်။

၎။ ဟန်ချက်ညီ ပါစေ။

လူတစ် ယောက် ဘ၀မှာ ပျော် ရွှင် ဖို့ရာ ကဏ္ဍ ပေါင်းစုံ မှာ စည်းချက် ညီ အဆင် ပြေဖို့ လို သည်။ တစ် ဖက် မှာ အလွန်အဆင်ပြေနေ သော်လည်း အခြားတစ်ဖက်မှာ ဟာနေပါက ထိုဟာနေသည့်နေရာက ဒုက္ခပေးမှုကြောင့် အလုံးစုံ အဆင်ပြေမှုပါ ပျက်စီးရမည်ဖြစ် သည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ငွေရေး ကြေး ရေး၊ ကိုယ်ရော စိတ်ပါ ကျန်းမာရေး ၊ မိမိရှင်သန်နေသော ကမ္ဘာ ကြီးအတွက် ပြန် လည်ပေးဆပ်ရေး စသဖြင့် ကဏ္ဍစုံတွင် ဟန် ချက်ညီမှသာ ကိုယ့်အတိုင်းအတာနဲ့ကိုယ် အောင်မြင်ပျော်ရွှင်သော ဘ၀ကို တည် ဆောက် နိုင်မည်။ ကိုယ်ချသော မျိုးစေ့ အတိုင်း ကိုယ် ရိတ်သိမ်းရမည်။ သို့ဖြစ်ရာ မျိုး စေ့ချ က တည်းက စနစ်တကျ ချရမည်။ အစကောင်းမှ အနှောင်းသေချာမည်။ တစ် ဘက်တည်းကို ဇောင်းပေးလွန်းပါက ထို အပိုင်း အောင် မြင် သည့်တိုင် အခြားဘက်များ လစ်ဟာသဖြင့် အပြည့်အ၀ ပျော်ရွှင်ကျေနပ် မှုဆီ ရောက်မည် မဟုတ်။ ဥပမာ ငွေပိုလိုချင် သည် ဆိုပါက ငွေရှာရေး တစ်ခုတည်းကိုသာ ဇောင်းမပေးဘဲ မိသားစု ကို လည်း အချိန် ပေး နိုင် အောင်၊ အပေါင်းအသင်းများနဲ့လည်း အဆက်အသွယ်မပြတ်အောင် အခြား လူမှု ကိစ္စ များလည်း မလစ်ဟင်း အောင် ချိတ်ဆက်စဉ်း စားပြီးမှ ကိုယ်လည်း ငွေပိုရှာနိုင်အောင် စီစဉ် ဖို့လိုသည်။ ထို နည်းလမ်း သည်သာ ငွေ လည်း ပိုရစေမည်၊ ဘ၀အောင်မြင်မှု အရသာလည်း မပျောက်ဆုံးမည်ဖြစ်သည်။ မိမိ တစ်ယောက် တည်း တိုး တက်ခြင်းကိုသာ မကြည့်ဘဲ မိမိ နှင့် ပူးပေါင်းဆောင်ရွက်နေသူများပါ အတူ တကွ အောင်မြင် ရအောင်လည်း စဉ်းစားပေး တတ်မည်ဆိုပါက ပို၍ အောင်မြင်သော ဘ၀ တစ်ခုကို ကျိန်းသေပေါက် တည် ဆောက် နိုင်မည် ဖြစ်သည်။

၅။ကိုယ့်စည်းကမ်းကိုယ်လိုက်နာတတ်ပါစေ။

ရည်မှန်းချက်ပန်းတိုင် အောင်မြင် ပေါက်မြောက်ဖို့ အခြေခံ အုတ်မြစ်မှာ ကိုယ့် စည်းကမ်း ကိုယ် လိုက် နာ တတ်သော စိတ် ဓာတ်နှင့် ကိုယ့်စိတ်ကို ထိန်းနိုင်စွမ်း ဖြစ် သည်။ ကိုယ့်စည်းကမ်းကိုယ် လိုက်နာခြင်း သည် လွတ်မြောက်ငြိမ်းချမ်းခြင်း၏ တံခါးဝ ဖြစ်သည်ကို မမေ့သင့်။ စိတ်ကို အလွန်အမင်း လွှတ် ပေး ခြင်း သည် ဒုက္ခ များ စေမည့် ကိစ္စ ဖြစ်သလို၊ စိတ်ကို အလွန် အမင်း ချုပ်ထား ခြင်း သည် လည်း နေပျော်သော ဘ၀ရရှိရေး အ ခက် တွေ့စေမည်။ ကိုယ့်အတွက် အဆင် အပြေဆုံး ဘောင်တစ်ခု သတ်မှတ်ပြီး ထို အထဲ တွင် အဆင်ပြေစွာ နေ ထိုင်နိုင်အောင် ကိုယ့် စိတ်ကို ပြုပြင်ထားခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ဥပမာ ချစ်ရ သူ တစ်ယောက် တည်းနဲ့ အောင်မြင်သော အိမ်ထောင်တစ်ခု ထူထောင်ဖို့ ရည် မှန်း ချက် ချထား သည် ဆိုပါစို့။ ထိုသို့ဖြစ်လျှင် ကိုယ်ချစ်ရသူ တစ် ယောက်နဲ့ အဆင်ပြေစွာ နေနိုင်စေမည့် အတွေး မျိုး၊ စိတ်ထားမျိုးဖြစ်အောင် ကိုယ်ပါစိတ်ကို စည်းကမ်းသတ်မှတ်ထားပါ။ တွေ့ကရာလူကို မိမိအတွက် ဘ၀ဖော် ဖြစ်နိုင်မလား လျှောက် စဉ်းစားပြီး စိတ်ကို လွှတ်ပေးထားကာ ရွေး စရာ များစွာ လုပ်ထားခြင်းသည် မအောင်မြင် သော အိမ်ထောင်ရေးတစ်ခုကို အစပျိုး ခြင်း သာ ဖြစ်မည်။

၆။ အပြော လျှော့၊ အလုပ် တိုး။

လုပ်မှာတွေအများကြီး ဆင်လောက်၊ ကျားလောက် ပြောနေပြီး တစ်ကယ်တမ်းမှာ ယုန်လောက်တောင် မဖမ်းနိုင်သူများကို တွေ့ ဖူးလိမ့်မည်။ စာဖတ်သူသည်လည်း ထိုသို့ သော လူစားမျိုး ထဲ ပါဝင်မိခဲ့သည်ဆိုပါက ၂၀၁၄ မှစပြီး ကိုယ့်ပြောသည့်စကား ကိုယ် လေးစားစွာ လက်တွေ့ပါ နောက် က လိုက်ပါ တတ် အောင် ပြင် ဆင် ပါဟု တိုက်တွန်းလို သည်။ ကိုယ့်စကားကိုယ် လေးစားပြီး လက် တွေ့မှာပါ အကောင်အထည်ဖော်ဖြစ်လာ ပါက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ပါ တိုးလာ ပြီး စိတ်ဓာတ်အင်အားပါ ပိုကောင်း လာမည် ဖြစ်သည်။ နောက် ဆုံးပိတ်အနေဖြင့် အကြံပြုလို သည်မှာ ရည်မှန်းချက်များ ချမှတ်သည့်အခါ လက်တွေ့ မကျတာတွေ မချမိဖို့နဲ့ စိတ်ရှည်ဇွဲ ရှိဖို့ဟူ၍ ဖြစ်သည်။ မျိုးစေ့ မှန်အောင် ချနိုင် မည်။ စိတ်ရှည်ဇွဲရှိစွာ ရေလောင်းပေါင်းသင် သွားမည် ဆိုပါက ကိုယ်မမျှော်လင့်ထားတာ များပါ အောင်မြင် လာ မည်ဖြစ် သည်။ ကိုယ့် ရည်မှန်းချက် အောင်မြင်ဖို့ လျှောက်လှမ်း သည့်လမ်းကြောင်းသည် အခြားသူများ၏ လျှောက်လှမ်းမှုနှင့် မတူကွဲပြားနေလျှင်ပင် အား ငယ် ရန်မလိုဘဲ ကိုယ့်မူကိုယ့်ဟန်နဲ့ အောင်မြင်သည်အထိ ဆက်လက်လျှောက် လှမ်းသွားကြဖို့သာ လိုသည်။ 

သမ္မတရဲ့ လုပ်ဆောင်မှုက အမျိုးသားရင်ကြားစေ့ရေးအတွက် ရလာဒ်ကောင်းတစ်ခု

နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၅၁/ ၂၀၁၃အရ ဒီဇင်ဘာလ(၃၁)ရက်နေ့၌မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်း သားများအပါအ၀င် အကျဉ်းသားအချို့ လွတ် မြောက်လာသည်ဟု သက်ဆိုင်ရာ အကျဉ်းဦးစီးဋ္ဌာန များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရှိရသည်။


ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းတွင် အင်းစိန် အကျဉ်းဦးစီးဋ္ဌာနမှ နိုင်ငံရေး အကျဉ်းသား(၈)ဦး လွှတ်မြောက်လာကြောင်း အင်းစိန်အကျဉ်းဦးစီးဋ္ဌာနမှ သိရှိရသလို ကသာအကျဉ်းထောင်မှ (၃)ဦး၊ခန္တီးမှ(၃)ဦး၊ ကလေးအကျဉ်းထောင်မှ(၃)ဦး၊ ရွှေဘိုထောင်မှ (၁)ဦးအစရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးရှိအကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား (၁၀)ဦးနှင့်အတူမော်လမြိုင်အကျဉ်းထောင်မှ ဆန်းထွေး KNUနှင့် တောင်ကြီးထောင်မှ အိုက်ပိုင် (SSA) ၊ ရဲမင်း(ခ)ကာဘရယ် (PNLO) တို့နှစ်ဦး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရှိရသည်။ “ လွှတ်ပေးတာကို ကြိုဆိုပါတယ်၊ ဘာပဲပြောပြော တစ်သက်လုံး ကတိမတည်ခဲ့ရာက အခုလို ကတိတည်ခဲ့တဲ့ သမ္မတရဲ့ လုပ်ဆောင်မှုက အမျိုးသားရင်ကြားစေ့ရေးအတွက် ရလာဒ်ကောင်းတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ ဆက်လက် တိုက်ပွဲဝင်နေရပါဦးမယ်၊ ပုဒ်မ (၁၈)ကို ဖျက်သိမ်းမပေးမချင်း ဒီသံသရာက လည်နေဦးမှာပဲ” ဟု ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုရန်နိုင်ထွန်းက ပြောသည်။ အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများမှာ လိုင်ဇာငြိမ်းချမ်းရေးလမ်းလျောက်အဖွဲ့မှ ထောင်ဒဏ်(၈)လ ကျခံထားရသည့် ရန်နိုင်ထွန်း၊ အောင်မင်းနိုင်(ခ) မီးသွေးအပါအ၀င် (၈)ဦး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားအသိုင်းအ၀ိုင်းမှ သိရှိရသည်။


ရန်ကုန်တရားရုံးအသီးသီး၌ အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး အကျဉ်းထောင်အတွင်းကျရောက်နေသည့် အကျဉ်းသားအချို့လည်း လွတ်မြောက်ခဲ့သလို မီဒီယာအသိုင်းအ၀ိုင်းမှ နိုင်ငံတော်နှင့် ထိပ်တိုက် အမှုဖြစ်နေသူများလည်းလွတ်မြောက်လာသည်ဟု မီဒီယာအသိုင်းအ၀ိုင်းမှ သိရှိရသည်။ `ဦးမြတ်ခိုင် ရဲ့အမှုကို သမ္မတကြီးရဲ့အမိန့် ၅၃/၂၀၁၃အရအမှုကို ပိတ်ပေးလိုက်ပါပြီ။ ၂း၄၀မှ အမိန့်ချတယ်´´ဟု ဦးသိန်းညွှန့်ကမီဒီယာများသို့ ပြောကြားထားကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အလားတူ တရုတ်နိုင်ငံအလံတော် မီးရှိုမှုကြောင့် ထောင်ဒဏ်အပြစ်ပေးခံထားရသူ တင်ထွဋ်ပိုင်တို့ လွတ်မြောက်လာပြီး ဒေါ်နော်အုန်းလှနှင့် ကိုရဲမင်းဦး၊ ကိုထင်ကျော်တို့မှာမူ သက်ဆိုင်ရာတရားရုံး အသီးသီးမှ ရင်ဆိုင်နေရသည့် အမှုများကို ပယ်ဖျက်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်းကိုလည်း သိရှိ ရသည်။

အလားတူ ဇန်န၀ါရီလ (၃)ရက်နေ့တွင် ABSDF အဖွဲ့မှ ရဲဘော်သံချောင်းကိုလွတ်မြောက်ပေးမည်ဖြစ်သလို လွတ်လပ်ရေးနေ့၌ လည်း နိုင်ငံရေးအကျဉ်းသားများထပ်မံလွတ်ပေးဖွယ်ရှိကြောင်း အကျဉ်းဦးစီးမှ တာဝန်ရှိသူအချို့က ဆိုသည်။ “ သမ္မတကြီးက သူ့ရဲ့စကားကို တည်အောင်လို့ လွှတ်ပေးနေတာပါ ၊ ကျန်တဲ့ သူတွေကိုလည်း လွှတ်ဖို့နည်းလမ်း ရှာနေပါတယ် ၊ ကျန်နေသေးတဲ့သူတွေကို လာမယ့် လွတ်လပ်ရေး နေ့မှာ လွှတ်ဖို့ရှိတယ်လို့ သတင်းကြားတယ်” ဟု အိုးဘိုအကျဉ်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထုတ်ပြန်ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြေညာစာ ၅၁/၂၀၁၃ အရ လွှတ်ပေးရန် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကိုပြန်လည်လွှတ်ပေးရာ၌ မန္တလေးအိုးဘို အကျဉ်းထောင်မှအကျဉ်းသား (၉)ဦး ဒီဇင်ဘာလ(၃၁)ရက်နေ့က နေ့လည်(၂)နာရီအချိန်က လွတ်မြောက်လာသည်။ အဆိုပါလွှတ်ပေးခဲ့သူများတွင် ဘာသာရေးပဠိပက္ခများဖြစ်ပွားစဉ်က မန္တလေး မြို့တွင် ထိုသို့ဖြစ်ပေါ်ရန်ကြံစည်သည်ဟု ယူရသူများကို ဖမ်းဆည်းခဲ့စဉ်က ပါဝင်သွားသူများလည်း ပြန်လည်လွတ်မြောက်လာသည်။ “ အဲဒီတုန်းက ကျွန်ဘော်မှမသိဘူး ၊ ရဲမှူးက ခေါ်ခိုင်းတယ် ဆိုလို့လိုက်သွားတာ ၊ ပြီးတော့ အချုပ်ထဲတန်းထည့် လိုက်တယ် ၊ ကျွန်တော်က လူမှုရေးအဖွဲ့တွေကို ကူညီမှုပေးနေတဲ့သူပါ ” ဟု ပြန်လည်လွတ်မြောက်လာသည့် ကိုမြင့်အေးက ပြောသည်။ နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သည့်အမိန့်ကြေညာချက်တွင် အချက်(၆)ချက်ပါဝင်ပြီး မတရားအသင်း ၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုနှင့်အကြည်အညိုပျက်စေမှု ၊ စီတန်းလှည့်လည်မှုနှင့် သက်ဆိုင်သည့် ပြစ်မှုများ ၊အများပြည်သူ အကျိုးပျက်စီးစေသည့် (၅၀၅) နှင့်ငြိစွန်း၍ ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အမှုရင်ဆိုင်နေ ရဆဲဖြစ်သူများအား ပြန်လည်လွှတ်ပေးခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အဆိုပါအမိန့်ကြေညာချက်အပေါ် နားလည်မှုမရှိသူအများပြည်သူများက ယင်းတို့နှင့်သက်ဆိုင်သည့် အခြားပြစ်ဒဏ်ကျခံ နေရသူများပါ ပြန်လည်လွတ်မြောက် လာမည့်ဟုယူဆသဖြင့် မန္တလေးဗဟို အကျဉ်းထောင် အရှေ့တွေ လွှတ်ရက်မတိုင်ခင် ကတည်းက ညအိပ်စောင့်စားခဲ့ကြသည်ဟု ပတ်ဝန်းကျင်မှ သိရှိရသည်။

“ ကျမတို့မနေ့ညကတည်းက လာစောင့်နေတာပါ ၊ ကျမသားက လူရိုက်မှုနဲ့ ထောင်ကျနေတာ(၃)လရှိပြီ ၊ နောက်လဆိုလွတ်တော့မှာဆိုပေမယ့် အခုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ အားလုံးလွှတ်တော့မယ်ဆိုလို့ ၊ ပါမလားပြီး ညအိပ်လာစောင့်နေတာ” ဟု ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်မှာ (၁၅)ကြိမ်ရှိပြီဖြစ်ပြီး လက်ရှိ ကျဉ်းထောင်များအတွင်းတွင် နိုင်ငံရေးပုဒ်မများနှင့် အမှုရင်ဆိုင်နေရသူ (၁၀၀)ကျော် နှင့် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားအချို့ကျန်ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဒီဇင်ဘာလ(၃၀) ရက် နေ့က ပြောကြားထားသည်။

“ဇန်န၀ါရီ လဆန်းပိုင်းမှာလည်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဦးမယ်လို့ကြားတယ်၊ ဒီနေ့လွှတ်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားအရေအတွက် တော်တော်နည်းနည်းတယ်၊ သမ္မတက လွှတ်မယ်လို့ ပြောထားတာပဲ၊ အချုပ်အနှောင်ဆိုတာကောင်းတာမဟုတ်ဘူး၊ အဲ့တော့ မိသားစုဝင်တွေ ပျော်ရွင်နိုင်အောင် အကုန်လုံးလွှတ်ပေးလိုက်ပေါ့ဗျာ” ဟု ဦးထွန်းကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတက လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကတင်ပြခဲ့သည့် အကျဉ်းသား ငါးဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်ကာ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူနှင့်ပြန်ကြားရေးဝန်ကြီးဋ္ဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၄င်းလူမှုကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

“ အဆိုပါ အကျဉ်းသားငါးဦးဟာ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ( ၅၁/ ၂၀၁၃) နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ ပြစ်မှုများနဲ့ အကျုံးမ၀င်သော်လည်း ၎င်းတို့ အရေးယူခံရတဲ့ပြစ်မှုများကို ကော်မတီက စိစစ်ပြီး ထောက်ခံတင်ပြခဲ့တဲ့အတွက် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ဦးရဲထွဋ်၏ လူမှုကွန်ယက်၌ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမိန့်အမှတ် ၅၁/ ၂၀၁၃ နှင့် ယခု ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုတဲ့ အမိန့်များ ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ မရှိတော့ကြောင်း၊ နိုင်ငံတော်သမ္မတဟာ ၂၀၁၃ ခုနှစ် ကုန်မှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝ မရှိအောင် ဆောင်ရွက်မယ်လို့ ပြည်သူများကို ပေးအပ်ထားတဲ့ ကတိအတိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီ ဖြစ်ကြောင်းကိုလည်း တဆက်တည်းဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၉ ဦးပါဝင်သည့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီ၏ ထောက်ခံတင်ပြချက်အရ နိုင်ငံတော်သမ္မတက စုစုပေါင်းအကျဉ်းသား ၃၅၄ ဦးကိုပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။