Monday, June 30, 2014

တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား

တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့ ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။


‘‘မကြာမီကပဲ သမ္မတကြီး က ဆက်သွယ်ရေးဝန်ကြီးကိုခေါ် ယူပြီး တက္ကသိုလ်၊ ကောလိပ်အား လုံးမှာ အင်တာနက်သုံးစွဲခွင့်ရရှိ အောင် ဦးစားပေးအနေနဲ့ တပ် ဆင်ပေးဖို့ လမ်းညွှန်ခဲ့ပြီးဖြစ်ပါ တယ်။ ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့ နည်းပညာပိုင်းအရ အားလုံးဆောင်ရွက်ပေးမှာဖြစ် သော်လည်း ဘတ်ဂျက် (ကုန်ကျ စရိတ်)နဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာတက္ကသိုလ်၊ ကော လိပ်တွေက တွက်ချက်ပြီးတော့ ပညာရေးဝန်ကြီးဌာနက လာမယ့် အသုံးစရိတ်မှာပါအောင် ဆောင် ရွက်ရမှာဖြစ်ပါတယ်’’ဟု ဦးတင် နိုင်သိန်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အဆင့်မြင့်ပညာကဏ္ဍဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ နှင့် ဆရာ၊ ဆရာမအဆောင်များ၊ စာသင်ခန်းများနှင့် ဌာနများ အတွင်း အင်တာနက်သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး စာ သင်ခန်းတွင်းသာမက စာသင် ခန်းပြင်ပတွင်ပါ လေ့လာသင် ယူမှုမြင့်တက်လာစေမည်ဖြစ် ကြောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးကော် မတီဥက္ကဋ္ဌတာဝန်ယူထားသော သမ္မတရုံးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

‘‘ဒီနေ့ခေတ်က တက္ကသိုလ် ပတ်ဝန်းကျင်တွေမှာ အာရုံတွေ ထွေပြားပြီးတော့ ကျောင်းသား တွေ ပြင်ပကိစ္စတွေမှာ စိတ်ဝင် စားစရာတွေ များပြားနေရာက မိမိတို့ပညာရေးမြင့်မားတိုးတက် လာအောင် ကြိုးစားနိုင်မှာဖြစ်ပါ တယ်’’ဟု အင်တာနက်သုံးစွဲခွင့် ရရှိလာနိုင်သောအခြေအနေနှင့် ပတ်သက်၍ ဦးတင်နိုင်သိန်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဒေါက်တာခင် စန်းရီကလည်း ‘‘ကျောင်းတိုင်း၊ ကျောင်းတိုင်းနဲ့ တက္ကသိုလ်တိုင်း၊ တက္ကသိုလ်တိုင်းမှာ အင်တာနက် သုံးစွဲနိုင်ဖို့၊ တက္ကသိုလ်ပရဝဏ် တိုင်းမှာအင်တာနက်သုံးစွဲနိုင်ဖို့ အရှိန်အဟုန်နဲ့ သုံးလအတွင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်’’ ဟု အဖွင့်မိန့် ခွန်း တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ အားပြောကြား သည်။

ဒဂုံတက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော တက္ကသိုလ် ဆရာတစ်ဦးက ရုံးခန်းနှင့် အနီး ဝန်းကျင်တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်သော်လည်း လိုင်း ချိတ်ဆက်မှုနှေးကွေးနေပြီး ဖုန်း လိုင်းများလည်း မကောင်းမွန်ခြင်း ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် အင်တာနက်လိုင်းများ ကောင်းမွန်ရန် ဆောင်ရွက်ပေးနိုင် ပါက ကြိုဆိုကြောင်း ပြောသည်။

‘‘ဒီလ (ဇွန်)မှာ စလုပ်နေပြီ။ ဇူလိုင်လမှာ အပြီးသတ်ဖို့မှန်းထား တယ်။ကျွန်တော်တို့ကျောင်းက တော့ ဒီဘဏ္ဍာနှစ်အသုံးစရိတ် ထဲကပဲ လှည့်သုံးထားလိုက်တယ်။ အခုလည်း အင်တာနက်ပေးထား တာပါပဲ။ ဒါပေမဲ့ နှေးနေတာပေါ့။ နောက်ဆိုရင်တော့ လေး၊ ငါးဆ လောက်မြန်သွားမှာပါ’’ဟု နယ်မြို့တစ်မြို့ရှိ တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးကပြောသည်။

7Day DAILY

ကမ္ဘာတစ်ဝန်း အာဟာရချို့တဲ့ခြင်းကို ကုစားဖို့ အာဟာရပြည့် စူပါငှက်ပျောသီး စမ်းသပ်လျက်ရှိ



အထူးအာဟာရ ပြည့်ဝအောင် မျိုးဗီဇပြုပြင် ထား သော စူပါငှက်ပျောသီးကို လူသားများနှင့် စတင် စမ်းသပ်တော့ မည်ဖြစ်ကြောင်း သြစတြေးလျ သိပ္ပံပညာရှင်များက ပြောသည်။


ဓာတ်ခွဲခန်းတွင် လည်းကောင်း၊ တိရစ္ဆာန်များနှင့် လည်းကောင်း စမ်းသပ် အောင်မြင်ထားပြီ ဖြစ်ရာ နောက်ဆုံး အဆင့် လူသားများဖြင့် လက်တွေ့ စမ်းသပ်ခြင်းဖြစ်သည်။ အောင်မြင်ပါက ကမ္ဘာ တစ်ဝန်း အာဟာရချို့တဲ့သော ဒေသများတွင် စူပါငှက်ပျောသီးများက လိုအပ်သော အာဟာရများ ဖြည့်စွမ်း ပေးနိုင်တော့မည် ဖြစ်သည်။

လူသားများအတွက် အဓိကလိုအပ်သော ဗီတာမင် အေဓာတ်ကို စူပါငှက်ပျောသီးက ဖြည့်စွမ်း ပေးနိုင်ခြင်း ရှိမရှိ လူသားများဖြင့် လက်တွေ့ စမ်းသပ် သွားမည် ဖြစ်သည်။ စမ်းသပ်မှုများ အောင်မြင်ပါက ၂၀၂၀ တွင် အာဖရိကတိုက် ယူဂန်ဒါနိုင်ငံ၌ စတင် စိုက်ပျိုးကာ လူတိုင်း အလွယ်တကူ စားနိုင်သော ငှက်ပျောသီးအဖြစ် ဖန်တီးမည်ဖြစ်သည်။ အာဟာရချို့တဲ့သူ အများဆုံးရှိသော အာဖရိကတွင် လူတိုင်း စားနေသော ငှက်ပျောသီးကို အာဟာရ ပြည့်ဝအောင် မျိုးဗီဇ ပြောင်းလဲ ပေးခြင်းဖြင့် အာဖရိက အာဟာရ ချို့တဲ့မှုကို ဖြေရှင်းနိုင်မည် ဟု ပညာရှင်များက ယုံကြည်ထားသည်။

““ကောင်းမွန်တဲ့ သိပ္ပံပညာဟာ ကြီးမားတဲ့ အပြောင်းအလဲ ကို ဖော်ဆောင် နိုင်ပါတယ်။ အာဖရိကမှာ လူတိုင်းအတွက် နေ့စဉ် အစား အစာတစ်ခုဖြစ်တဲ့ ငှက်ပျောသီးကို လူတွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေအောင် ဖန်တီး ပေးလိုက်တဲ့ နည်းနဲ့ အာဟာရ ချို့တဲ့မှု ပြဿနာကို ဖြေရှင်းပေးနိုင် တော့မှာ ဖြစ်ပါတယ်””ဟု အာဟာရပြည့် စူပါငှက်ပျောသီး စီမံကိန်း ခေါင်းဆောင် ပါမောက္ခဂျိမ်းဒေးက ပြောသည်။

စီမံကိန်းကို သြစတြေးလျ နိုင်ငံကွင်းစ်လန်း နည်းပညာတက္ကသိုလ် (QUT) မှ ပညာရှင်များ ပြုလုပ်ခြင်း ဖြစ်ပြီး ဘီလ်ဂိတ်မောင်နှံ ထူထောင်ထားသော ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းက ရန်ပုံငွေ စိုက်ထုတ် ပေးထားသည်။ လူသားများနှင့် စမ်းသပ်မှုရလဒ်ကို ယခု နှစ်ကုန်ပိုင်းတွင် အတိအကျ သိနိုင်မည်ဟု အဖွဲ့ကပြောသည်။

ယူဂန်ဒါမှ ငှက်ပျောသီးမျိုးကို စံပြထား၍ QUT ဓာတ်ခွဲခန်းတွင် မျိုးဗီဇ ပြုပြင် စမ်းသပ်နေခြင်း ဖြစ်သည်။ ယူဂန်ဒါ အပါအ၀င် အာဖရိက အရှေ့ပိုင်း ဒေသများတွင် ငှက်ပျောသီးကို နေ့စဉ် အစားအစာအဖြစ် စားသုံးနေသည့်တိုင် ငှက်ပျောသီးမျိုး စိတ်များသည် ဗီတာမင်အေ၊ သံဓာတ်စသည့် လူသားအတွက် နေ့စဉ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့လျက် ရှိသောကြောင့် စားပြီး အားမဖြစ်သည့် အနေအထား ဖြစ်နေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် အာဟာရ ပြည့်ဝသော စူပါ ငှက်ပျောသီး မျိုးစိတ်ကို ဖန်တီးကာ လက်ရှိငှက်ပျောများ နေရာတွင် အစားထိုး စိုက်ပျိုးခြင်းဖြင့် အာဖရိကသားများ ပုံမှန်အတိုင်း ငှက်ပျောသီး စားနေရုံဖြင့်ပင် အာဟာရ ပြည့်ဝလာကြမည် ဖြစ်သည်။

ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် ကမ္ဘာတစ်ဝန်း တစ်နှစ်ကို ကလေးခြောက်သိန်းခွဲ မှ ခုနစ်သိန်းနီးပါး သေဆုံးနေရသလို သုံးသိန်းခန့်သည် လည်း မျက်စိအလင်းကွယ် ပျောက်နေရကြောင်း ပါမောက္ခဒေးက ပြောသည်။

စူပါ ငှက်ပျောသီးသည် အပြင်ပန်းတွင် ရိုးရိုး ငှက်ပျောသီးများ အတိုင်းသာ ဖြစ်သည်။ အတွင်းသားမူကား ရိုးရိုး ငှက်ပျောသီး အရောင်ထက် ပိုရင့်ပြီး လိမ္မော်ရောင်သန်းကြောင်း သိရသည်။

စူပါ ငှက်ပျောသီးကို မျိုးဗီဇ ပြုပြင် ဖော်စပ်ခြင်း အောင်မြင်ပြီးစီးပါက ယူဂန်ဒါနိုင်ငံတွင် စတင်စိုက်ပျိုးမည် ဖြစ်ပြီး တစ်ဖြည်းဖြည်းချင်း ချဲ့ထွင်ကာ ရ၀မ်ဒါ၊ ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၊ ကင်ညာ၊ တန်ဇေးနီးယား စသည့် နိုင်ငံများတွင်လည်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

Source: AFP
The Messenger

မွန်ပြည်သူ့ ဖိုရမ် တောင်းဆို ချက်များအား ဆောင်ရွက် ပေးနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌဆို


phophtaw2806

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပ ပြီးစီး ခဲ့သည့် မွန်ပြည်သူ့ ဖိုရမ်မှ ထုတ်ပြန် ကြေငြာချက်ပါ အချက်များအား မွန်ပြည်နယ် အစိုးရအနေဖြင့် အကောင်အထည် ဖော်ဆောင် ပေးသွား နိုင်မည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ ပြောသည်။


“ဖိုရမ် ထုတ်ပြန် ကြေငြာချက်ပါ အချက် တွေနဲ့ ပတ်သက်လို့ ကတော့ အကောင် အထည်ဖော် လုပ်ဆောင်လို့ ရနိုင်တဲ့ အခြေအနေ ရှိပါတယ်၊ ဥပဒေ ဘောင်က ခွင့်ပြုထားတဲ့ အောက်မှာ တော်တော် များများ လုပ်လို့ ရပါတယ်၊ တချို့တွေ ကသာ အခြေအနေအချိန်အခါကို ကြည့်ပြီး အကောင်အထည် ဖော်ရ မှာပဲ ရှိပါတယ်၊ အားလုံး လုပ်လို့ ရပါတယ်” ဦးကျင်ဖေက ပြောသည်။

ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ အထိ မွန်ပြည်သူ့ ဖိုရမ် ဆွေးနွေး ပွဲအား မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ (၃) ရက်တာ ကျင်းပ ကျင်းပ ခဲ့ပါသည်။ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် အခြေစိုက် လှုပ်ရှား နေသည့် လူထု အခြေပြု လူ့အဖွဲ့ အစည်းများ (၇၅) ဖွဲ့မှ ကိုယ်စား လှယ်ပေါင်း ၁၈၁ ဦး တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

သုံးရက်တာ မွန်ပြည်သူ့ ဖိုရမ် (Mon People Forum) ဆွေးနွေးပွဲ အပြီး ဇွန်လ ၂၇ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ ခဲ့သည့် ကြေငြာချက်၌ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူအခွင့် အရေးနှင့် တရား မျှတမှု၊ ဒီမို ကရေစီ ဖော်ဆောင်ရေး၊ လူငယ် ကဏ္ဍ စသည့် ကဏ္ဍ အသီးသီး တို့ဖြင့် တောင်းဆိုချက် (၃၆) ချက် ထုတ်ပြန် တောင်းဆို ထားပါသည်။

ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အရပ်ဘက် လူမှု အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်မှုကို တိုးမြှင့်ရန်နှင့် ဗဟို ချုပ်ကိုင်မှု လျောချရေး အပေါ် ပြည်နယ် လွှတ်တော်မှ သဘောထား တစ်ရပ် ထုတ်ပြန် ပေးရန် ဖိုရမ်မှ ထုတ်ပြန် ကြေငြာချက်၌ တောင်းဆို ထားပါသည်။

ထို့ပြင် အကြီးစားစီမံကိန်းများ အကောင်အထည် ဖော်ရာ၌ ဒေခံ ပြည်သူ လူထု များနှင့် ကြိုတင် ညှိနှိုင်း သဘောတူညီချက်ကို စစ်မှန်စွာ ရယူပြီး ဆောင်ရွက်ရန်လည်း ထုတ်ပြန် တောင်းဆို ထားပါသည်။

ပြည်နယ် လွှတ်တော်နှင့် အစိုးရ အဖွဲ့ရုံး သတင်းများ တို့အား သတင်း အချက်အလက်များ တိကျ မှန်ကန်စွာ ထုန်ပြန် ပေးရန်နှင့် အလွယ် တကူ သတင်း ယူနိုင်ရေး အတွက်လည်း တောင်းဆို ထားပါသည်။

၎င်းတောင်းဆိုချက် (၃၉) ချက်တို့နှင့် ပတ်သက် ၍လည်း ယနေ့ ဖိုရမ် နောက်ဆုံး နေ့၌ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် မွန်ပြည်သူ့ ဖိုရမ် တက်ရောက် လာကြသည့် ကိုယ်စား လှယ်များ နေ့တစ်ဝက် အချိန်ယူ၍ အပြန် အလှန် ဆွေးနွေး ခဲ့ကြသည်။

“ဒီတောင်းဆို ချက်တွေ ထဲက လတ်တလော လုပ်ရမယ့် ဥစ္စာကို ကျနော်တို့ ချက်ခြင်း လုပ်ဆောင်မယ်၊ တချို့တွေ ကတော့ ရေရှည် လုပ်ရမယ့် အခြေအနေ ဖြစ်တဲ့ အတွက် အခြေအနေနဲ့ အချိန် အခါကို ကြည့်ပြီးတော့ လုပ်ဆောင် သွားမယ်”ဟု ညှိနှိုင်း ဆွေးနွေးပွဲ အပြီးတွင် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်း ချက်ကို ပြန်လည် ဖြေကြား ခဲ့ပါသည်။

သို့သော်လည်း မွန်ပြည်နယ် အစိုးရ အဖွဲ့မှ လွှတ်တော် ကိုယ်စားလှယ် များသာ အားပြု တက်ရောက် ခဲ့ကြပြီး ပြည်နယ် အစိုးရ လက်အောက်ရှိ ဝန်ကြီးဌာနများမှ ဝန်ကြီးတစ်ဦးသာ တက်ရောက် ခဲ့သဖြင့် ပြည်နယ် အစိုးရ အဖွဲ့၏ ပူးပေါင်း ပါဝင်မှုနှင့် ပတ်သက်၍ အားမရ မိကြောင်း မြန်မာ့ ပြည်သူ့ ဖိုရမ် ဘုတ်အဖွဲ့ဝင် တဦး ဖြစ်သည့် မသဉ္ဇာရွှန်းလဲ့ရည်မှ သုံးသပ် ပြောဆို သွားခဲ့သည်။

မြန်မာ နိုင်ငံတဝှမ်း၌ ပြည်သူ့ ဖိုရမ် များအားကျင်းပရန်လျာထားသည့်အနက် မွန်ပြည်နယ်၌ပထဦးဆုံးကျင်းပ ခဲ့ခြင်း ဖြစ်၍ ယခု ဖိုရမ်မှရရှိ ခဲ့သည့် တောင်းဆိုချက်များနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အသီးသီး တို့၏ သက်ဆိုင်ရာ အစိုးရများကို ပေးပို့ရန် စီစဉ် ထားကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်တို့လည်း တင်ပြ သွားရန်ရှိကြောင်း မြန်မာ ပြည်သူ့ ဖိုရမ် အဖွဲ့ ဦးစီးဆောင်ရွက်သူ တဦး ဖြစ်သည့် ဦးကျော်လင်းဦးမှ ပြောသည်။

“ဒီလာမယ့် တနင်္ဂနွေနွေ့ ဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ရင် ကျနော်တို့ ရရှိ ထားတဲ့ အချက်တွေနဲ့ ပတ်သက်လို့ တင်ပြ သွားဖို့ ရှိသလို၊ ပြည်သူ့ လွှတ်တော် ဆီကိုလည်း စနစ်တကျ စာပို့ပြီး တင်ပြ သွားဖို့ ရှိပါတယ်” ဟု ဦးကျော်လင်းဦးမှ ဖိုရမ် အတွင်း ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ပိုမို မြင့်မားစေရန် ဦးတည်လျက် ဒေသ ဆိုင်ရာ ပြည်သူ့ ဖိုရမ်များကို ကျင်းပရန် ရည်ရွယ် ထားပြီး မွန်ပြည်နယ်၌ ပထမ ဦးဆုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သူ့ ဖိုရမ် တက်ရောက် လာသည့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေအား တွေ့ရစဉ် ဓါတ်ပုံ - (ရွှေဟင်္သာ)

အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန် ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်

ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် မြို့ခံလူထုမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် အားကစားဝန်ကြီး ဦးတင့်ဆန်းက ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန်ပြန် လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံလူထုက ဇူလိုင်လဆန်းတွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြုလုပ်သည့် ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် သတင်းစာရှင်းလင်းပွဲတွင် သိရသည်။


ဇွန် ၂၆ ရက် အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၏ မေးမြန်းထားသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား မြို့နယ် ပေါင်းလောင်းအားကစားကွင်းကို ပျဉ်းမနားမြို့ မြို့မိမြို့ဖများလက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ဖြေကြားရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ထားသည့် စာအရ ယူလိုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကွင်းများအား လွှဲပြောင်းပေးရန် အမိန့်အမှတ်ကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ယခင်စာချုပ်ပါအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကြယ်ပွင့်မပြ မေးခွန်းအား အားကစားဝန်ကြီး ဦးတင့်ဆန်းက အိတ်ပိတ်ဖြေဆိုခဲ့ ကြောင်း သိရသည်။

အဆိုပါ ပေါင်းလောင်းအားကစားကွင်းအား မြို့ခံလူထုထံ လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်ညွှန်ကြားခဲ့သော်လည်း အားကစားဝန်ကြီးမှ ပြန်လည်ပယ်ဖျက်ခဲ့သဖြင့် မြို့ခံဘောလုံးသမားဟောင်း တစ်ဦးက “သူတို့က သမ္မတရဲ့ မိန့်မှတ်ချက်ကိုကျော်ပြီး ပယ်ဖျက်ခဲ့တာကြောင့် ကျွန်တော်တို့ ပြည်သူတွေအတွက် စဉ်းစားစရာ ဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ အားကစားသမား အဟောင်းတွေကော မြို့ခံလူထုပါ ပေါင်းလောင်းအားကစားကွင်း ပြန်လည်ရရှိရေးအတွက် ဆန္ဒပြသွားမှာပါ” ဟုပြောကြားသည်။

ပေါင်းလောင်းကွင်းကို စတင်တည်ထောင်သူ ဗိုလ်ကြီးစံဝင်းက “ပေါင်းလောင်းအားကစားကွင်းဟာ နိုင်ငံပိုင်ဘောလုံးကွင်း မဟုတ်ပါဘူး။ ပြည်သူပိုင်ဘောလုံးကွင်း ဖြစ်ပါတယ်။ အခုလို တစ်ဖက်နဲ့တစ်ဖက် ရှုပ်ထွေးမှု အငြင်းပွားမှုတွေ ဖြစ်နေတာဟာလည်း အလွန်အလွန် စိတ်မကောင်းစရာ ဖြစ်မိပါတယ်။ တစ်ဖက်ကလည်း ပြည်သူ၊ တစ်ဖက်ကလည်း အာဏာပိုင်နဲ့ ငွေကြေးဓနရှင် ဖြစ်နေတော့ ပေါင်းလောင်းအားကစားကွင်းရဲ့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်နဲ့ မြို့ခံပြည်သူလူထု ချွေးသွေးနဲ့ နိုင်ငံတကာစံချိန်မီကွင်းဖြစ်အောင် ကြိုးစားလာခဲ့ရတာပါ။ တိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြီးတွေ စဉ်းစားကြည့်ရင် အဖြေပေါ်မှာပါပဲ” ဟု ပြောကြားခဲ့သည်။ 

Eleven Media Group

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးဆွဲရန်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာတွင်တွေ့မည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် များ၏ တတိယအကြိမ်ညီလာခံကို ကချင်လွတ် မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


အဆိုပါညီလာခံကို ဇူလိုင် တတိယပတ်တွင် ပြုလုပ်ရန်လျာထားပြီး တိုင်းရင်းသားခေါင်း ဆောင်များ သွား ရေး လာရေး နှင့် ပတ်သက်၍ကူညီပေးရန် အစိုးရထံ တောင်းဆိုထားကြောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာနမှ အကြီးတန်းအရာရှိကြီး တစ်ဦးကပြောသည်။ သို့သော် အဆိုပါဆွေးနွေးပွဲ သို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များမှာမူ တက်ရောက်ရန် မသေ ချာသေး ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပတ် သက်၍ အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့(NCCT) တို့ဆွေးနွေးချက် များထဲမှ အဆင်မပြေသည့် အချက်များကို ယခုကျင်းပ မည့် ညီလာခံတွင် ဆွေးနွေးကြမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းရေးဆွဲရန် တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင် များ ညီလာခံကို ၂၀၁၃ ခုနှစ် အောက်တိုဘာ တွင် လိုင်ဇာ၌ ပထမဦးဆုံးအ ကြိမ် ကျင်းပခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလဆန်းတွင် KNU ထိန်း ချုပ်နယ်မြေလော်ခီးလာ၌ ဒုတိယအကြိမ်ကျင်းပခဲ့သည်။

7Day News Jurnal

နိုင်ငံခြားဘဏ်များကို ခွင့်ပြုပေးမည် ဆိုသော်လည်း အကန့်အသတ်ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး ယင်းဘဏ်များအား ပြည်ပနှင့်ချိတ်ဆက်သည့် ဘဏ်လုပ်ငန်း၌သာ လုပ်ကိုင်ခွင့်ပြုမည်

ပြည်ပဘဏ်များအား ခွင့်ပြုပေးသည် ဆိုသော်လည်း ယင်းဘဏ်များအား အကန့်အသတ်ဖြင့်သာ ခွင့်ပြု ပေးခြင်းဖြစ်ပြီး ပြည်ပနှင့်ချိတ်ဆက်သည့် ဝန်ဆောင်မှုလုပ်ငန်းများသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိမ်းက ပြောကြားသည်။


မြန်မာနိုင်ငံမှာ အနည်းဆုံး နိုင်ငံခြားဘဏ် ငါးခုကနေ အများဆုံး ၁ဝ ခုလောက်အထိကို စက်တင်ဘာလမှာ ရွေးချယ်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ဇွန် ၂၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းကဲ့သို့ နိုင်ငံခြားဘဏ်များ ဖွင့်ခွင့်ပြုရာတွင် ယခုမြန်မာနိုင်ငံမှာ ခွင့်ပြုပေးမယ့် စနစ်သည် နိုင်ငံခြား ဘဏ်ခွဲ လာရောက်ဖွင့်လှစ်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံခြားဘဏ်တစ်ခုက မြန်မာနိုင်ငံတွင် ကုမ္ပဏီ အသစ်တစ်ခု ထူထောင်ပြီး ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမျိုးဖြစ်ကြောင်း ဦးဆက်အောင်က ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

ဦးဖြိုးမင်းသိမ်းက “ဗဟိုဘဏ်နဲ့ ကြားနာတဲ့ အနေအထားအရ ဆိုရင်တော့ ဘဏ်များနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကိုလည်း နိုင်ငံခြားဘဏ်တွေဝင်တဲ့ ကာလမှာပဲ အဆင်ပြေအောင်၊ ထုတ်ပြန် နိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။ နောက်တစ်ချက်က နိုင်ငံခြားဘဏ်တွေကို မြန်မာပြည်မှာ လက်ခံတဲ့ ပုံသဏ္ဌာန်က Subsidiary ပုံစံမျိုးပေါ့။ ဥပဒေနဲ့ ထိန်းချုပ်နိုင်အောင် ကန့်သတ်ချက်တွေနဲ့ ခွင့်ပြုပေးမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နောက်တစ်ချက်က ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေ ရပ်တည်လှုပ်ရှားနိုင်ဖို့ အတွက်ကို အမိန့်ညွန်ကြားချက် ၈၈ ခုပေါ့။ ဒါတွေကိုလည်း အမြန်ဆုံး ထွက်မယ်ပြောတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားဘဏ်တွေအားလုံး ရပ်တည်ရတာ လွယ်ကူအောင်ပါ။ ကျွန်တော်တို့ကတော့ လတ်တလောမှာ ငါးဘဏ်လောက်ပဲ ခွင့်ပြုပေးဖို့နဲ့ နောက်ပိုင်းမှသာ တိုးချဲ့ပေးဖို့ အကြုံပြုထားပါတယ်” ဟု ဆိုသည်။ အကယ်၍ အမိန့်ညွန်ကြားချက်များ၊ နည်းဥပဒေများ မြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်မည်ဆိုပါက ပြည်တွင်း၌ရှိသော ဘဏ်များလည်း ပြင်ဆင်ရန် အချိန်ရရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“အခုဝင်လာတဲ့ ဘဏ်တွေက ပြည်တွင်းမှာ retail လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီကိစ္စရပ်တွေကိုတော့ ပြည်တွင်းဘဏ်တွေနဲ့ပဲ လာလုပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအပေါ်မှာလည်း တစ်ဖက်က သဘောတူထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာ လုပ်ဆောင်နိုင်တဲ့ အနေအထားရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ကိုပဲ လုပ်မှာပေါ့။ ပြီးတော့ သူတို့က မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးမူဝါကို အထောက်အကူ ပြုနိုင်အောင်ပဲ ကြိုးစားမယ်။ ပြီးတော့ ဝန်ထမ်းခန့်ထားရေးမှာလည်း သူတို့ခန့်မယ့် ဝန်ထမ်းကို သူတို့ဘာသာသူတို့ စီစဉ်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကဝန်ထမ်းကို မထိခိုက်အောင် လုပ်ပါ့မယ်လို့ ကတိပြုထားပါတယ်” ဟု ဦးဖြိုးမင်းသိမ်းက ဆိုသည်။

“အခု ခွင့်ပြုပေးလိုက်ပေမယ့် လက်ကား (wholesale) ပဲ ရပါတယ်၊ လက်လီဘဏ်လုပ်ငန်း (retail) မရဘူးလေ။ ပေးရင် ပြည်တွင်းဘဏ်တွေ အခြေအနေ ဆိုးသွားမှာပါ။ လက်ကားဘဏ်လုပ်ငန်း ဆိုတာက သူ့တို့သက်ဆိုင်ရာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ငွေချေးပေးတာတို့ လုပ်လို့ရပါတယ်။ လက်လီဘဏ်လုပ်ငန်းကတော့ hire purchase လုပ်တာတို့၊ တစ်ဦးချင်းဆီက လက်ခံယူတာတို့ပေါ့။ အဲဒါတွေတော့ သူတို့လုပ်လို့ မရပါဘူး။ ပြည်တွင်းဘဏ်တွေပဲ ဆက်လုပ်သွားမှာပါ” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ဦးစံသိန်းက ပြောကြားသည်။

Eleven Media Group

သန္တိသုခနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးလိုဟု ဦးခင်ညွန့်ပြောကြား

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်သည့်ကိစ္စများအတွက် မည်သည့်မှတ်ချက်မှမပေးလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ဇွန်လ ၂၇ ရက်က ပြောကြားလိုက်သည်။


လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးသင်္ကန်းဝတ်ဖြင့် တာမွေတရားရုံး၌ ဒုတိယအကြိမ် တရားရင်ဆိုင်ရမည့် ဇွန်လ ၂၇ ရက် မနက်တွင် ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတော်ကြီး နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာပြောဆိုမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် သတင်းများကြောင့် ဦးခင်ညွန့်နေထိုင်ရာအိမ်သို့ သွားရောက်စောင့်ဆိုင်းနေသည့် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဟောင်း က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သူ၏ နေအိမ်တွင် ဖွင့်လှစ်ထားသည့် ပန်းချီပြခန်း၌ လာရောက်စောင့်ဆိုင်းနေကြသည့် သတင်းထောက် နှစ်ဒါဇင်ခန့်အား မဟာသန္တိသုခကျောင်း တော်ကြီးနှင့်ပတ်သက်ပြီး ဦးခင်ညွန့်ရှင်းလင်းပြောဆိုမည့် သတင်းမှာ မဟုတ်မှန်ကြောင်း သူ၏ ဝန်ထမ်းတစ်ဦးကိုလွှတ်၍ ဖြေရှင်းခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ်တိုင် ထွက်ကာ ရှင်းပြခဲ့သည်။

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး ရှင်းလင်းမည်ဆိုသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများအပါအဝင် ပျံ့နှံ့နေသည့် သတင်းများ သည် လိမ်လည်လှည့်ဖြားထားသည့် ကောလာ ဟလသတင်းများသာဖြစ်ပြီး မယုံကြည်ကြရန်လည်း ဦးခင်ညွန့်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

‘‘အလိမ်မခံကြနဲ့’’ဟု အသက်(၇၅)နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးခင်ညွန့်က ပြောသည်။

မဟာသန္တိသုခကျောင်းတော်ကြီးနှင့်ပတ်သက်ပြီး လက်ရှိအချိန်သည် လွန်စွာရှုပ်ထွေးနေသည့် အခြေ အနေဖြစ်ကြောင်းလည်း ဦးခင်ညွန့်က ပြောကြား ခဲ့သည်။

7 days

၂၀၁၅ ကာလအလွန် အကြမ်းဖက်မှုများဖြစ်လာနိုင်ဟု နိုင်ငံရေးသိပ္ပံ ပ ညာရှင် ဟောကိန်းထုတ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတိုင်းသာ ရှေ့ဆက်သွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် အကြမ်းဖက်မှုများ၊ သွေးထွက်သံယိုမှုများဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံရေး သိပံ္ပပညာရှင် အီဂေါဗလာဇီဗစ်က Educational Initiatives ကျောင်းတွင် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ဟောကိန်းထုတ်လိုက်သည်။


မြန်မာနိုင်ငံတွင် ၂၀၁၁ မှစတင်ကာ ၂၀၁၃ ခုနှစ်အထိ တိုးတက်မှုများကို မြင်တွေ့ရသော်လည်း ၂၀၁၄ ခုနှစ်စ၍ ပြုပြင်ပြောင်းလဲမှုများ မရှိတော့ဘဲ နှစ်ဖက်ခေါင်းဆောင် (ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်)တို့ ကျောခိုင်းနေကြခြင်းသည် စိုးရိမ်ရန်အချက်ဖြစ်သည်ဟု ၎င်းက ရှုမြင်ခြင်းဖြစ်သည်။

ထိုသို့ အသွင်ကူးပြောင်းရေးကို ဦးဆောင်နေသူ နှစ်ဦး ပြိုင်ဆိုင်မှုအနေအထားသို့ သိသိသာသာရောက်နေခြင်းကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ညှိနှိုင်းနိုင်ခြင်းမရှိပါက မကျေနပ်မှုများ ပိုမိုပြင်းထန်လာနိုင်သည်ဟု အီဂေါက ယူဆသည်။

ထို့အပြင် အသွင်ကူးပြောင်းရေး ကာလအစောပိုင်းတွင် မတူညီသည့် အုပ်စုများကြား ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ ပြင်းထန်လာနိုင်သည့်အတွက် လူမျိုးရေး ပဋိပက္ခများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

ထိုသို့သော အခြေအနေမျိုး မပေါ်ပေါက်စေရန်အတွက် ခေါင်းဆောင်နှစ်ဦးအကြား အာဏာခွဲဝေရာတွင် မျှတသည့် အပေးအယူလုပ်ရန် သဘောတူညီချက်မျိုး ရရှိသင့်သည်ဟု ဆိုသည်။

ယခုအခြေအနေအရ အာဏာရပါတီ ဘက်မှ ၂၀၁၅ တွင် အနိုင်ရမည်ဟု ယူဆလျက်ရှိပြီး၊ အနိုင်ရရှိစေရန် နည်းလမ်းပေါင်းစုံကို အသုံးပြုမည့် သဏ္ဍန်ကလည်း အထင်အရှားရှိနေသည်ဟု ဆိုသည်။

ထို့ပြင် ရွေးကောက်ပွဲ နီးကပ်လာချိန်ရောက်မှ ပီအာရ်စနစ်ကို တင်သွင်းလာခြင်းသည် နိုင်ငံရေးအရ မလိုအပ်သော ကိစ္စတစ်ခုသာဖြစ်သည်ဟု အီဂေါက သုံးသပ်သည်။ ထို့ကြောင့် လက်ရှိ အသုံးပြုနေသည့် နိုင်သူရသည့် ရွေးကောက်ပွဲစနစ်ကိုသာ ဆက်လက်ကျင့်သုံးရန် လိုသည်ဟု ၎င်းက အကြံပြုသည်။

အထူးအားဖြင့် အတိုက်အခံတို့သည် လွှတ်တော်အတွင်းသို့ရောက်နေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စများ သဘောတူညီထားရန်လိုသည်ဟု အီဂေါက ထောက်ပြသည်။

အီဂေါသည် ချက်နိုင်ငံသား နိုင်ငံရေးသိပ္ပံပညာရှင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးနှင့် သက်ဆိုင်သည့် သင်တန်းများကို ပို့ချလျက်ရှိသည်။

Mizzima

ရန်ကုန်မှာလည်း အင်းလေးအစားအစာ ရပါပြီ



နိုင်ငံခြားသားဧည့်သည်တွေ မြန်မာနိုင်ငံကို အလည် အပတ်ရောက်လာကြလို့ ဒေသ အစား အစာလေးတွေ မြည်းစမ်းကြည့်လိုတယ်ဆိုရင်ဖြင့် ညွှန်းဆိုစရာ အစားအစာကို ရွေးချယ်ပေးဖို့ အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်။


မြန်မာ့တိုင်းရင်းသားရိုးရာ အစားအစာတွေထဲမှာ နာမည်ရပြီး လူကြိုက်များတဲ့ အစားအစာတွေ ရှိပေမယ့် အနံ့အရသာက အစ၊ ပြင်ဆင်ချက်ပြုတ်ပုံ အလယ်၊ တည်ခင်းဧည့်ပုံအဆုံး နိုင်ငံခြားသား တွေရဲ့ ခံတွင်းနဲ့ မနောမှာ အစပ်အဟပ်တည့် စေဖို့တော့ မလွယ်ကူလှဘူးလို့ ဆိုရပါလိမ့်မယ်။

အဲဒီလို ရိုးရာအစားအစာတွေထဲကမှ စိတ်ဝင်စားဖွယ် ရွေးချယ်စရာ အစားအစာလေးတွေများတဲ့ အင်းလေးရိုးရာ အစားအစာတွေကို ရောင်းချတဲ့ “အမှတ်တရ” အင်းလေးအစားအစာဆိုင်နဲ့ ဒီတပတ်မှာ မိတ်ဆက်ပေးလိုပါတယ်။

ဆိုင်နေရာကတော့ လမ်းမတော်မြို့နယ်ထဲမှာရှိပြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးအနီး၊ ဗဟိုလမ်းပေါ်မှာ ဖြစ်ပါတယ်။ “အမှတ်တရ” ဆိုတဲ့နာမည်နဲ့ အင်းလေးရိုးရာအစားအစာတွေကို ပထမဆုံး စတင်ဖွင့်လှစ် ရောင်းချခဲ့တာကတော့ ၁၉၉၈ခုနှစ်က မြို့မကျောင်းလမ်းထဲကဆိုင်ဖြစ်ပြီး အဲဒီနေရာမှာ ၂၀၀၂ခုနှစ်အထိ ဖွင့်လှစ်ခဲ့ကာ အခြားဆိုင်ခွဲတွေအပါအဝင် ဆိုင်ခွဲပေါင်း ၄ဆိုင် ဖွင့်လှစ်ခဲ့ပေမယ့် အခုအခါမှာတော့ အထက်ပါလိပ်စာမှာရှိတဲ့ ဆိုင်တဆိုင်သာ ဖွင့်လှစ်ရောင်းချ နေတယ်လို့ ဆိုင်ရှင်ဖြစ်သူ ဦးတေဇအောင်က ဆိုပါတယ်။

သူကတောင်ကြီးဇာတိဖြစ်ပြီး ဇနီးသည်က ညောင်ရွှေဇာတိဖြစ်တာမို့ စားသောက်ဆိုင်လုပ်ငန်းကို စတင်ဖို့စဉ်စားတဲ့အခါမှာ အဲဒီအချိန်အခါက ရန်ကုန်စားသောက်ဆိုင်တွေမှာ ဘယ်သူမှဖွင့်လှစ်ရောင်း ချခြင်း မရှိသေးတဲ့ ဇနီးဖြစ်သူရဲ့ဇာတိ အစားအစာဖြစ်တဲ့ အင်းလေးရိုးရာအစားအစာတွေကို အထူးပြု ရောင်းချဖို့ ရွေးချယ်ခဲ့ကြတာဖြစ်တယ်လို့ ဦးတေဇအောင်က ပြောပြပါတယ်။


ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ

ခုလက်ရှိ အင်းလေးရိုးရာအစာအစာတွေထဲမှာ နာမည်ရပြီး လူကြိုက်များနေတာကတော့ ငါးထမင်းနယ်၊ ဝက်သားချဉ်၊ ငှက်ပျောဖူးဟင်းထုပ်နဲ့ ကြက်သွန်မြိတ်ဟင်းထုပ်တွေဖြစ်ပါတယ်တဲ့။ နာမည်ကြားတာနဲ့ စိတ်မဝင်စားဘဲမနေနိုင်တဲ့ အင်းလေး ငါးရှဥ့်ဆန်လှော်ဆေးခါးဟင်းရည် နဲ့ ငါးဒုက္ခဟင်းကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ ရှမ်းအစားအစာတွေ ထဲကတော့ ရှမ်းခေါက်ဆွဲ၊ ပဲပုတ်ထမင်းသုပ်၊ ပဲပုတ်ထမင်း ကြော်နဲ့ ခေါပုတ်ကြော်တို့က နာမည်ရပါတယ်။

ခေါပုတ်ကြော်

နိုင်ငံခြားသားတွေထဲကမှ ဂျပန်လူမျိုးတွေလာပြီး စားသောက်ကြတာများပြီး သူတို့က ငါးထမင်းနယ်နဲ့ ရှမ်းခေါက်ဆွဲကို အကြိုက်များသလို ဒေသခံဖောက်သည်တွေထဲကတော့ ငါးထမင်းနယ်၊ ဝက်သားချဉ်၊ ဟင်းထုပ်နဲ့ ငါးဒုက္ခတို့ကို အကြိုက်တွေ့ကြတယ်လို့လည်း သိရပါတယ်။

အင်းလေးငါးဒုက္ခဟင်းကို ပြုလုပ်ပုံက ငါးဖိန်းကို အကောင်လိုက် ရင်ခွဲပြီး ကြက်သွန်မြိတ်၊ ငါးဥ၊ ချင်း၊ ကြက်သွန်ဖြူတို့ကို အဆာသွပ်လို့ ငါးကို နှီးနဲ့တုပ်ကာ ဆီပူပူမှာကြော်ပြီးမှ ခုနကအဆာတွေကိုပဲ ခရမ်းချဉ်သီးလေးနဲ့ ဆီသတ်ထားတဲ့အနှစ်ကို ငါးကြော်အပေါ်ကနေ topping အနေနဲ့ ဖြန့်ခင်းလို့ အလှဆင် တည်ခင်းတာဖြစ်ပါတယ်။ အခုအခါမှာတော့ ပြောင်းလဲလာတဲ့ သဘာဝဝန်းကျင် အနေအထားတွေအရ အင်းလေးကန်ထဲမှာတောင် ငါးဖိန်းတွေ မျိုးသုဉ်းသလောက် ရှိနေပြီမို့ ငါးဖိန်းအစား ဇလားဘီယားငါးနဲ့သာ ရရှိပါတယ်တဲ့။

ငါးရှဥ့်ဆန်လှော်ဆေးခါးဟင်းကတော့ အောက်ပြည်မှာ ခရမ်းကစော့သီးလို့ခေါ်ပြီး အင်းလေးဒေသအခေါ် အရ ကစော့ခါးသီးလို့အမည်ရတဲ့ အသီးလေးတွေနဲ့ ဆန်လှော်မှုန့်၊ ခရမ်းသီးတို့ကို ငါးရှဥ့်အသားလွှာ ထည့်ပြီး ဆေးခါးမှုန့်ဖြူးလို့ အရည်သောက်အဖြစ် ပူပူနွေးနွေးသောက်သုံးရတာမို့ အရသာတမျိုးထူးပါတယ်။


ငါးထမင်းနယ်ကိုတော့ အင်းလေးဒေသမှာ ပြုလုပ်သလို ငါးအသားနဲ့ထမင်းကို ထမင်းသုပ်ပုံစံမျိုး တခါတည်း ရောနယ်သုပ်ထားတာမဟုတ်ဘဲ ထမင်းနယ်ကို အပြားလေးတွေပြုလုပ်ပြီးမှ နွှင်ထားတဲ့ ငါးရံ့အသားနဲ့ ဆီချက်တို့ကို အပေါ်ကဖြူးလို့ ဖက်ရွက်စိမ်းစိမ်းကလေးပေါ်မှာ အလှဆင်ထားပြီး ဂျူးမြစ်ကလေးကိုက်လို့ စားသောက်ရတာမို့ အမြင်တမျိုးဆန်းသစ်စေပါတယ်။

အဲဒီအစားအစာတွေနဲ့အတူ တောင်ကြီးဒေသစာ ကောက်ညှင်းငချိတ်နဲ့ လုပ်ထားတဲ့ ခေါပုတ်ကြော်ပူပူ ရွရွကလေးကို နှမ်းထောင်းလေးဖြူးပြီး လဲချားဒေသထွက် ပဲပုတ်မွှေးမွှေးဆိမ့်ဆိမ့်လေးနဲ့ သုပ်ထားတဲ့ ပဲပုတ်ထမင်းသုပ်ကလေးနဲ့ တွဲဖက်စားရတာကလည်း အင်မတန် လိုက်ဖက်ညီလှပါတယ်။


အစားအသောက်တွေရဲ့ ဈေးနှုန်းက ၁၀၀၀ကျပ်ကနေ ၄၀၀၀ကျပ်အတွင်းသာ ရှိတာမို့ ဈေးနှုန်းချိုသာ တယ်လို့ ပြောနိုင်ပါတယ်။ ဆိုင်ရဲ့ အပြင်အဆင်ကလည်း နှီးတောင်းကလေးတွေနဲ့ ဝိုင်အရက်စည် ကလေးတွေကို မျက်နှာကျက်နဲ့ နံရံတွေပေါ်မှာ ချိတ်ဆွဲအလှဆင်ပြီး ဒေသရနံ့တွေ အတတ်နိုင်ဆုံး ရရှိအောင် အားထုတ်ထားပုံရပါတယ်။ ဒါပေမယ့် လမ်းမကြီးရဲ့နံဘေးမှာ ဟင်းလင်းဖွင့်တည်ရှိတဲ့ ဆိုင်အနေအထားကြောင့် ဖြတ်သွားဖြတ်လာကားတွေရဲ့ ဆူညံသံနဲ့ အိတ်ဇောမီးခိုးနံ့တို့ကိုတော့ ရံဖန်ရံခါ ခံစားရနိုင်ပါတယ်။ မှန်အလုံပိတ် အဲကွန်းတပ်ဆိုင်ခန်းတခုသာဆိုရင်ဖြင့် နားအေးပါးအေး စားသောက် လိုသူ ပြည်တွင်းဧည့်သည်တွေနဲ့ နိုင်ငံခြားသား ဖောက်သည်တွေအတွက် ပိုပြီး အဆင်ပြေစေမယ်လို့ ထင်မြင်မိပါတယ်။

အမှတ်တရဆိုင်က ရောင်းချနေတဲ့ အစားအသောက်တွေအတွက် ကုန်ကြမ်းအများစုကို တောင်ကြီးကနေပဲ လှမ်းပြီးမှာယူ သုံးစွဲတယ်လို့လည်း ဦးတေဇအောင်ကဆိုပါတယ်။ အမှတ်တရဆိုင်ကနေ အထက်ပါ အင်းလေးနဲ့ တောင်ကြီး ဒေသအစားအစာတွေကို ရရှိနိုင်သလို လက်ဖက်ခြောက်၊ ပဲပုတ်၊ ငရုပ်သီးမှုန့်၊ ဆီတို့ဟူးနဲ့ ဝိုင်လို ဒေသထွက်ကုန်တချို့ ကိုလည်း ရောင်းချပေးထားတာတွေ့ရပါတယ်။ အင်းလေးနဲ့ တောင်ကြီးရဲ့ အငွေ့အသက်တွေကို ပိုပြီးပြည့်စုံသွားချင် သူတွေအတွက် ကမ္ဘောဇဝိုင်ပုလင်းတွေကိုလည်း ရောင်းချပေးနေတာမို့ အဲဒီလို ဒေသစာတွေကို မြည်းစမ်းကြည့်ချင်လို တယ်ဆိုရင်ဖြင့် “အမှတ်တရ” အင်းလေးအစားအစာနဲ့ ရှမ်းခေါက်ဆွဲဆိုင်ကို ဒီစာမျက်နှာကနေ ညွှန်းဆိုပေးလိုက်ရပါတယ်။ 

အကိုက်အခဲ ပျောက်ဆေးတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို သတိမူမိကြစေဖို့


အကိုက်အခဲပျောက်ဆေး, နာကျင်ကိုက်ခဲဝေဒနာ, NSAIDS, Steroidal Drugs, နှလုံးသွေးကြောကျဉ်းခြင်း, အစာအိမ်ရောဂါ, ပါရာစီတမော, ဒေါ်လ်ဖီနယ်

ခန္ဓာရှိရင် ဝေဒနာရှိတယ် ဆိုတဲ့ စကားက ငြင်းလို့မှ မရနိုင်ပေပဲ။ ပုထုဇဉ် အတွက် ဝေဒနာမဲ့ ငြိမ်းချမ်းနေတဲ့ အချိန်ကာလ ဆိုတာ မရှိနိုင် ပါဘူး။ ရုပ်မှာ၊ စိတ်မှာ တစုံတရာတော့ ခံစားနေကြရတာပဲ မဟုတ် လား။ ခန္ဓာကိုယ်မှာ အဖြစ်များဆုံးလို့ ဆိုရမယ့် ဝေဒနာ ကတော့ နာကျင် တာ၊ ကိုက်ခဲတာ လို့ ဆိုရင် လက်ခံကြမယ် ထင်ပါရဲ့။


ခေါင်းကိုက်တယ်၊ အဆစ်အမြစ်တွေ ကိုက်တယ်၊ ကိုယ်တွေ လက်တွေ နာကျင်တယ်ဆိုတာက လူတိုင်းနီးပါး ကြုံနေကြရ တာပါပဲ။ အဖျားကြောင့်၊ အနာတရကြောင့် ကိုက်ခဲနာကျင်တာ သာမက အကြောင်းမဲ့ နာကျင်ကိုက်ခဲမှုတွေကိုလည်း ကြုံနေကျ ဖြစ်မှာပါ။

ဒီတော့ အဲဒီလို အဖြစ်များလှတဲ့ အကိုက်အခဲ ဝေဒနာ အတွက် သက်သာပျောက်ကင်း စေမယ့် အကိုက်အခဲ ပျောက်ဆေးတွေ ပေါ်ပေါက်လာကြတာပေါ့။ သာမန် ပါရာစီတမောလ်လို ဆေးတွေကနေ ပိုပြီးထိရောက်တဲ့ စတီရွိုက်ဟော်မုန်း မပါတဲ့ နာကျင် ကိုက်ခဲ ပျောက် ဆေးတွေက ကွမ်းယာဆိုင်လိုမျိုးတွေ အထိပါ တွင်ကျယ်လာကြ ပါတယ်။

ဒီနိုင်ငံမှာကလည်း ဆေးကို ဆရာဝန် ညွှန်ကြားချက်နဲ့မှ ရောင်းရတယ်လို့ ပြောရင် စိတ်မှ မှန်ရဲ့လားလို့ အထူးအဆန်း တအံ့တဩ ပြန်ကြည့်တတ်တဲ့ တိုင်းပြည် ဖြစ်လေတော့ လမ်းဘေး ကွမ်းယာဆိုင်က အစ ဆေးဆိုင်အကြီးကြီးတွေ အဆုံး လိုချင်တဲ့ ဆေးကို လိုသလို ဝယ်လို့ရနေတာ မဆန်းပါဘူး။

မူးယစ်ဆေးနဲ့ နွယ်တာတွေကိုသာ လက်သိပ်ထိုး ရောင်းကြပြီး ကျန်တာကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ တခါတလေ ဆေးဝယ် သူက ဝေဒနာပြော၊ ကျန်းမာရေးဝန်ထမ်း မဟုတ်တဲ့ ဆေးရောင်းသူက စိတ်ထင်တာ စပ်ဟပ်ပေးပြီး ရောင်းသူ ဝယ်သူ ဟုတ်နေကြပြန် ပါရော။

တကယ်တော့ စတီးရွိုက် မပါတဲ့ ကိုက်ခဲနာကျင်မှု သက်သာစေတဲ့ ဆေး (Non-steroidal Anti Inflammatory Drugs – NSAIDS) တွေက အစွမ်းထက်ပြီး ဆီလျော်တဲ့ ရောဂါကုသရာမှာ အဖိုးတန်လှ ပါတယ်။ ဒါပေမယ့် အဲဒီ ဆေးတွေကို ကိုယ့်ဘာသာ သောက်ရမယ့် ဆေးအဖြစ်တော့ မမှတ်ယူ စေချင်ပါဘူး။ ဒီဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ ရောဂါရဲ့ သဘာဝအပေါ် မူတည်ပြီး သောက်သုံးရမယ့် ကာလ၊ ပမာဏတွေကို ချင့်ချိန်တွက်ဆရ မှာပါ။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အဲဒီ အကိုက်အခဲပျောက် ဆေးတွေကလည်း သာမန်ဆိုးကျိုးကနေ အသက်အန္တရာယ် အထိ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ ပေးတတ်တာမို့ ကျွမ်းကျင်သူရဲ့ စောင့်ကြပ်ထိန်းသိမ်းမှု လိုအပ်တာ အမှန်ပါ။

မြန်မာနိုင်ငံမှာ အခုလက်ရှိအသုံးများပြီး အလွယ်တကူလည်း ဝယ်ယူလို့ရနိုင်တဲ့ အကိုက်အခဲပျောက် ဆေးအပြင်းစားတွေကို ကြည့် ရင် ဗော်လ်ထရင် (Diclofenac)၊ ဘရူဖင် (Ibuprofen)၊ အင်ဒိုဆင် (Indomethacin)၊ ဒေါ်လ်ဖီနယ်လ် (Mefenamic) တွေကို တွေ့ရမှာပါ။ ဒီဆေးတွေက ဆေးဆိုင်တွေမှာ အလွယ်နဲ့ ဝယ်ယူနိုင်ကြတဲ့ Over-the-counter (OTC) လို့ ခေါ်ကြတဲ့ စာရင်းဝင်တွေ ပါ။ ဒီဆေးတွေဟာ တကယ်တော့ ပါရာစီတမောလ်လို သာမန် ဖျားနာကိုက်ခဲ ပျောက်ဆေး မဟုတ်ကြပါဘူး။ သူတို့ရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ပြင်းထန်လေ့ ရှိပါတယ်။

အတွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးများ

ဒီဆေးတွေမှာ အတွေ့ရ အများဆုံး ဘေးထွက် ဆိုးကျိုးကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းမှာပါပဲ။ အဖြစ်များတာ တွေကို လေ့လာကြည့်ရင် -

• အစာမကြေဖြစ်တာ၊ ရင်ပူတာ

• အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အနာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ အစာအိမ် အနာကနေ နောက်ဆက်တွဲ အဖြစ် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သွေးယိုစေ ပါတယ်။ သွေးအန်ပြီး ကတ္တရာစေးလို ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။

• ကိုယ်တွင်း သွေးယိုစိမ့်မှုကနေ သွေးအားနည်းရောဂါ ရတတ်ပါတယ်။ အဲဒီအခါ မောပန်းလွယ်တာ၊ အသက် ရှူရ ခက်ခဲတာတွေ ဖြစ်လာတတ် ပါတယ်။

• အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်းမှာ ရှိတဲ့ အနာက ပေါက်ထွက်သွားတတ်ပါတယ်။

အသင့်အတင့်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးများ

သုတေသနပြုချက် တွေအရ ဒီဆေးတွေ သောက်သုံးသူ ၁၀ ယောက်မှာ တယောက်က ခေါင်းကိုက်ဝေဒနာ ရတတ်ပါတယ်။ ခေါင်း မူးဝေ နောက်ကျိတာ၊ အိပ်ငိုက်တာတွေလည်း ကြုံတတ်တာမို့ ဆေးသောက်ပြီး ယာဉ်မောင်းတာ၊ စက်ကိရိယာတွေ မောင်းနှင်တာ မလုပ်သင့်ဘူး လို့ ဆိုပါတယ်။

ရှားရှားပါးပါး ဘေးထွက်ဆိုးကျိုးများ

အဖြစ် မများပေမယ့် တွေ့ရတတ်သေးတဲ့ ဘေးထွက်ဆိုးကျိုး တွေကတော့ နှလုံးနဲ့ သွေးလည်ပတ်မှုကို ထိခိုက်စေလို့ ပါပဲ။ အဲဒီအခါ ကျရင် တွေ့ရတတ်တာတွေက

• နှလုံးရဲ့ လုပ်ငန်းဆောင်တာဖြစ်တဲ့ ခန္ဓာကိုယ် အနှံ့ကို သွေးညှစ်ထုတ်မှု ချွတ်ယွင်းတာ

• နှလုံးတိုက်ခိုက်ခံရတာ (သွေးကြောပိတ်ဆို့ တာမျိုးပေါ့)

• သွေးပေါင်ချိန်တက်တာ၊ သွေးတိုးတာ

• လေဖြတ်တာတွေ ပါပဲ။

အထူးသဖြင့် နှလုံးရောဂါအခံ ရှိနေသူတွေ၊ ကျောက်ကပ်နဲ့ အသည်းရောဂါ ရှိနေသူတွေမှာ ဒီဆေးတွေက ပိုပြီး ဒုက္ခပေးတတ် ပါတယ်။

အခုနောက် ပိုင်းမှာတော့ အဲဒီအန္တရာယ်တွေ နည်းပါးအောင် စီမံထားတဲ့ NSAID ဆေးတွေ ထုတ်လာကြ ပေမယ့် ရာနှုန်းပြည့် စိတ် ချ လက်ချ သောက်သုံးဖို့တော့ မဖြစ်နိုင်သေးပါဘူး။ တတ်ကျွမ်းတဲ့ ဆရာဝန်က ဆီလျော်အောင် စပ်ဟပ်ပြီး ညွှန်ကြားပေးခြင်းဖြင့် ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေ နည်းပါးအောင်တော့ လုပ်နိုင်ပါတယ်။ တချို့ ဘေးထွက်ဆိုးကျိုးတွေက သိပ်မဆိုးပေမယ့် တချို့ကျတော့လည်း ပြင်းထန်လွန်းတာကို အမြဲသတိချပ် နေရမှာပါ။

ဒီလိုဆိုးကျိုးတွေကြောင့် ဒီဆေးတွေကို လုံးဝရှောင်ကြဉ်ပစ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ ရောဂါ အတွက် အစွမ်းထက် တဲ့ ဆေးတွေကို သက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားရင်တော့ သောက်သုံးနိုင်ပါတယ်။ ဆရာဝန်တွေ ကလည်း ဒီဆေးတွေ ပေးတဲ့ အခါ အစာအိမ် ထိခိုက်နာကျင်မှု နည်းစေဖို့ အစာအိမ်အတွက် ကာပြီးပေးတဲ့ ဆေးတွေ တွဲစပ်ပေး ကြပါတယ်။

ဒါမှမဟုတ် အစာအိမ်ထိခိုက်မှုနည်းတဲ့ နောက်ပေါ်ဆေးတွေ သုံးကြပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို အစာနဲ့သာ သောက် သုံးဖို့ ကိုလည်း အမြဲစွဲမှတ်ထား စေချင်ပါတယ်။

ဆေးပမာဏကိုလည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကသာ ချိန်ဆပေးနိုင်မှာပါ။ ဒါ့အပြင် နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ အသည်း ရောဂါတွေ ရှိနေရင်လည်း ဆေးပမာဏကို သာမန်ထက် လျှော့ချပေးရ လေ့ရှိပါတယ်။ နောက်ပြီး ဒီဆေးတွေက တခြား ဆေးတမျိုးမျိုး ဒါမှမဟုတ် ဆေးအများနဲ့ ဖြစ်စေ၊ တခြားအကိုက်အခဲပျောက် ဆေးတွေနဲ့ ဖြစ်စေ တွဲဖက်သောက်သုံးရင်လည်း မလိုလားအပ်တဲ့ ဓာတ်ပြုမှုနဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။

အတွေ့အကြုံအရ ဆိုရင် ကွမ်းယာဆိုင်တွေနဲ့ တချို့ဆေးဆိုင်တွေမှာ NSAID အနည်းဆုံး ၂ မျိုး ၃ မျိုးနဲ့ အခြား စတီးရွိုက်တွေပါ ရောစပ်ပြီး အတွဲလိုက် ရောင်းနေကြတာ တွေ့ရသလို အဲဒီဆေးတွေကြောင့် အစာလမ်းကြောင်း သွေးယိုတာ၊ အစာအိမ်ပေါက်တာ တွေကို အသက်လုရတာတွေ၊ အချိန်မမီလို့ အသက်ဆုံးရှုံးရတာတွေ အများကြီး ကြုံခဲ့ဖူး ပါတယ်။

ဆရာဝန်သက်တမ်း အတွေ့အကြုံအရ ဘယ်လောက်ပဲ ဆရာဝန် ညွှန်ကြားချက်နဲ့ သောက်ဖို့ပြောပေမယ့် ဟောရင်းသာ ပျံတော်မူ မယ့်ကိန်း အမြဲကြုံနေရတဲ့ ဒီ အကိုက်အခဲ ပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် သောက်ရင် ဖြစ်စေ၊ ဆရာဝန် ညွှန်ကြားလို့ သောက်ရင်ဖြစ်စေ အထူးသတိပြုရမယ့် အခြေအနေတွေကို သိထားသင့် ပါတယ်။

• ဓာတ်မတည့် လက္ခဏာဖြစ်တဲ့ အသက်ရှူကျပ်တာ၊ အသက်ရှူရင် ရင်ကျပ်ပန်းနာလို တရွှီရွှီ အသံမြည်လာတာ၊ အရေပြားမှာ အဖုအပိမ့်တွေ ထွက်လာတာ၊ မျက်ခွံတွေ ယောင်လာတာ၊ နှလုံးခုန်မြန်လာတာမျိုး၊

• အမြင်အာရုံ ဝေ၀ါးလာတာမျိုး၊

• ခေါင်းမူးဝေ ကိုက်ခဲလာတာ၊ စိတ်ရှုပ်ထွေး လာတာ၊ စိတ်ဓာတ်ကျလာတာ၊

• မျက်လုံးတွေ ဝါလာတာ၊

• ဆီးအရောင် နောက်လာတာ၊ သွေးပါလာတာ၊ ဆီး အရမ်းနည်းလာတာနဲ့ ခြေထောက်တွေ ဖောယောင်လာတာမျိုး ဖြစ်လာတာ

• အကြားအာရုံ ချွတ်ယွင်းပြီး နားတွေ အူလာတာ… စတဲ့လက္ခဏာတွေ ခံစားလာရရင် ချက်ချင်း အရေးပေါ် ကုသမှု ခံယူဖို့ လိုအပ် လာပြီ ဆိုတာ သတိရှိပါ။

တကယ်လို့ ဒီဆေးတွေကို သောက်မယ့်သူဟာ ကိုယ်ဝန်ဆောင် ဆိုရင်၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိနေပြီ ဆိုရင် လည်း ဒီဆေးတွေ သောက်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်က အရေးကြီးပါတယ်။

ဆိုခဲ့တဲ့အတိုင်း လွယ်လင့်တကူ ဝယ်လို့ရတယ် ဆိုပြီး ထစ်ခနဲ ကိုယ်လက်ကိုက်ခဲ နာကျင်တိုင်း အကိုက်အခဲပျောက် ဆေးတွေကို ပဲလှော်ဝါးသလို ဝါးနေတာဟာ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ ဆိုတာ သတိချပ်ကြ စေချင်ပါတယ်။

ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးသောက်ပါ။ ဆေးသောက်ရင်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာရင်လည်း ချက်ချင်း ကုသမှုခံယူဖို့ ဦးခေါင်းထဲမှာ အမြဲ စွဲမှတ်ထားကြရင်ဖြင့် အကိုက်အခဲပျောက် ဆေးတွေ ကြောင့် ကြုံရမယ့် အသက်ဘေးကို လျော့နည်းစေမှာပါ။

ကိုယ့်ရဲ့ ကျန်းမာရေးကို လမ်းဘေး ဆေးဆိုင်တွေမှာ ပုံအပ်ထားမယ့်အစား ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ကုသရင်း သက်ရှည်ကျန်းမာ နေနိုင်ကြပါစေကြောင်း။ ။

Friday, June 27, 2014

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG အရောင်းပြခန်း ဖောက်ထွင်းခံရ



မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်း ပလာဇာ ပထမထပ်ရှိ မြန်မာအရှေ့တိုင်းဘဏ်နှင့် LG ၊ Sonyအရောင်းပြခန်းတို့တွင် ဇွန် ၂၅ ရက် ညပိုင်းက ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ဖာက်ထွင်းမှုတွင် အရောင်းပြခန်းမှ ကင်မရာ၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းပေါင်း ၂ဝ ခန့် ပါဝင်သွားပြီး တန်ဖိုးငွေကျပ်သိန်း ၈ဝ ဖြစ် ကြောင်း LG အရောင်းပြခန်းမှ စုံစမ်းသိရှိရသည်။ ဆိုင်မျက်နှာကြက်ကို ဖောက်ထွက်ကာ လှေကားဖြင့်ဆင်းပြီး ဆိုင်ထဲရှိပစ္စည်းများကို ယူဆောင်ခဲ့ခြင်းဖြစ်သည်။

“ဆိုင်မှာပိုက်ဆံမထားလို့ ငွေတော့ပါမသွားဘူး။ ကင်မရာနဲ့ ဟန်းဆက်ဆက်စပ်ပစ္စည်းတွေပဲ သယ်သွား တယ်။ ကျွန်တော်တို့ ပထမထပ် မှာ အဲယားကွန်းပြင်နေတဲ့နေရာ လေးနေရာလောက်ရှိတော့ မျက်နှာကြက်တွေပွင့်နေတာပေါ့။ ဒါကိုအသုံးချပြီး လုပ်သွားတာ။ ည ၉ နာရီဆိုင်ပိတ်ချိန်ကစပြီး ပလာဇာတစ်ခုလုံး မီးဖြတ်တဲ့အတွက် စီစီတီဗွီတပ်လည်း အလုပ်မလုပ်နိုင်တဲ့အတွက် မတပ်ထားပါဘူး” ဟု LG အရောင်းပြခန်းမှ ကိုစည်သူက ပြောကြားသည်။

ယင်းအရောင်းပြခန်းနှင့် တစ်ဆက်တည်း လေးဆိုင်ခန့်အကျော်တွင်ရှိသော မြန်မာအရှေ့တိုင်းဘဏ် တွင်လည်း ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ပြီး ATM စက်ကို ဖောက်ဖျက်ခံခဲ့ရကြောင်း သိရသည်။ ဘဏ် ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ အဆိုပါဘဏ်ကို သွားရောက်မေးမြန်း ခဲ့သော်လည်း ဝင်ခွင့်ပင်မပေးခဲ့ဘဲ အပြင်မှ အဲယားကွန်းပြင်နေသည့် မျက်နှာကြက်အပေါက်ကို ဓာတ်ပုံရိုက်ရာတွင် ဘဏ်နာမည်ဆိုင်းဘုတ် မပါဝင်စေရန် လာရောက်တားမြစ်ခဲ့သည်။

“လတ်တလော စစ်ဆေးချက်အရ အဲယားကွန်းတွေပြင်နေတဲ့ မျက်နှာကြက်တွေကတစ်ဆင့် လျှောက်လာတာဆိုတော့ အနည်းဆုံး နှစ်ယောက်အထက်ပဲ။ ဒါပေမယ့် ဒီမျက်နှာကြက် ခံနိုင်ရည်ကလည်း လူအများကြီး လျှောက်လို့မရနိုင်ဘူး။ ကျူးလွန်တဲ့သူတွေ အဓိကကတော့ ငွေလိုချင်တာပဲ။ အဲဒါကြောင့် ဘဏ်နဲ့ဒီလို အရောင်းပြခန်းလိုမျိုးကို ရွေးပြီးဖောက်ထွင်းတာပေါ့။ ဒါပေမဲ့ ငွေမထားတဲ့ ဆိုင်တွေဖြစ် နေတော့ ရတဲ့ပစ္စည်းပဲယူသွားကြတာ။ လောလောဆယ် အဲယားကွန်းပြင်တဲ့ သူတွေကို ခေါ်ယူစစ်ဆေး နေပါတယ်။ အခုဖြစ်ပွားမှုကို ဒိုင်းမွန်းပလာဇာအနေနဲ့ ဖွင့်မလား၊LGပြခန်းအနေနဲ့ ဖွင့်မလား ဆိုတာကို သူတို့ချင်းဆွေးနွေးလို့မပြီးသေးလို့ စခန်းကအမှုဖွင့်ဖို့ စောင့်နေပါတယ်” ဟု ချမ်းအေးသာစံမြို့မရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ဒိုင်းမွန်းပလာဇာတွင် ရေ၊ မီး၊ အဲယားကွန်း အသုံးပြုခနှင့် လုံခြုံရေးတို့အတွက် တစ်လလျှင် ငါးခန်းတွဲ အတွက် ကျပ် ၁ဝ သိန်း ပေးဆောင်ရကြောင်း ဖောက်ထွင်းခံခဲ့ရသည့် LGနှင့် Sony အရောင်းပြခန်းမှ သိရသည်။ 

မန္တလေးတိုင်းအစိုးရဖွဲ့  ဝဘ်ဆိုက်စာမျက်နှာ စတင်လွှင့်တင်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှုပ်ရှားဆောင်ရွက်ချက်များကို ဖော်ပြမည့် ၀ဘ်ဆိုက်စာမျက်နှာကို ဇွန်လကုန်မှ စတင် လွှင့်တင်သွားမည်ဟု မန္တလေးတိုင်း ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သန်းထွန်းက ပြောသည်။

“၀န်ကြီးဌာနအသီးသီးက ၀န်ကြီးကိုယ်တိုင် တာဝန်ယူပေးထားတဲ့ သတင်းတွေကို ဒီဝဘ်ဆိုက်မှာ တင်ပေးမှာဖြစ်ပါတယ်၊ အကြံပြုလွှာကဏ္ဍ ထည့်သွင်းပေးမှာဖြစ်ပါတယ်၊ တိုင်ကြားနိုင်တဲ့ ကဏ္ဍကိုတော့ ထည့်ဖို့တော့မရှိသေးပါဘူး” ဟု ဦးကျော်သန်းထွန်းက ပြောသည်။

လွှင့်တင်မည့် ၀ဘ်ဆိုက်အတွက် လတ်တလောအခြေအနေတွင် သတင်းများနှင့် အကြောင်းအချက်အလက်များမှာ အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ အချိန်နှင့်တပြေးညီလုပ် ဆောင်နိုင်ရန်အတွက် အလုပ်လုပ်နိုင်မည့် သူများအား ခေါ်ယူထားကြောင်း၊ ဇွန် ၁၈ရက်က စတင်ကာ ကနဦးအနေဖြင့် ဖွင့်လှစ်ထားရှိပြီးဖြစ်သည်။

ဝဘ်ဆိုက်လိပ်စာမှာ www.mdyregion.gov.mm ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ချက်များ၊ သတင်းများ၊ ကြေညာချက်များကို အချိန်နှင့်တပြေးညီ သွားနိုင်ရန်လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ၀န်ကြီးဌာနအလိုက် ဌာနအသီးသီးမှ သတင်းအချက်အလက်များကို သက်ဆိုင်ရာ ၀န်ကြီးများက တည်းဖြတ်ခြင်းကို တာဝန်ယူမည်ဖြစ်သည်။

ဦးဆန်းဆင့် (သို့မဟုတ်) ထရိုဂျင်မြင်း


ဦးဆန်းဆင့်အကြောင်း ကြားရတာ စိတ်မကောင်းပါဘူး။ သို့သော်လည်း တစ်ချိန်ချိန်မှာတော့ သူ ဒီလို ဖြစ်လိမ့်မယ် ဆိုတာ ကျွန်တော် တွက်ထားပြီးသားပါ။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတဲ့ တရား သဘောကို သိထားလို့ ဖြစ်ပါတယ်။ သူ ပြုကျင့်ခဲ့တဲ့ အကုသိုလ်ကံဟာ နောင်ဘ၀ အထိ မစောင့်နိုင်တော့ပါဘူး။ အကုသိုလ်ကံ အကျိုးပေးချိန်ရောက်လာတော့ “ကာလ၀ိဘတ် နောက်ပိုးတက်”ဆိုသလို အခုဘ၀မှာတင် အခုလို ခံရတာပါပဲ။ ဒါကြောင့် သူ့ကို သူ့မိန်းမနဲ့ ကလေးတွေကလွဲလို့ ဘယ်သူမှ မသနားကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ့အကြောင်းကို တော်တော်များများက သိထားကြလို့ ဖြစ်ပါတယ်။


လူတွေက သိန်းတစ်ရာထဲနဲ့ ဦးဆန်းဆင့်ကို အရေးတယ် ဆိုတဲ့ အလဲဗင်းမီဒီယာက ဖော်ပြချက်ကို နားယောင်ပြီး အမျိုးမျိုး ပြောနေကြပါတယ်။ တစ်ကယ်တမ်း စဉ်းစားကြရမှာက ဦးဆန်းဆင့် ဘာကြောင့် ဒီလောက်အထိ ပြင်းပြင်းထန်ထန် အရေးယူခြင်း ခံခဲ့ရသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ သဘောကောင်းတယ် ဆိုတဲ့ သမ္မတ ဦးသိန်းစိန်က ဦးဆန်းဆင့်ကို ဘာဖြစ်လို့ ဒီလို လုပ်ခဲ့တာလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဦးဆန်းဆင့်ဟာ ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ်သား ဖြစ်ပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ်(၁၅)က ကျောင်းဆင်းတဲ့ တပ်မတော်အရာရှိတစ်ဦးပါ။ တပ်မတော်ထဲမှာ ထူးထူးခြားခြား ပြောင်ပြောင်မြောက်မြောက် ချီးမွမ်းလောက်အောင်တော့ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ လက်အောက်စစ်သည်တွေအကြားမှာ အရာရှိဆိုးစာရင်း ၀င်ခဲ့တာတော့ ရှိခဲ့ပါတယ်။ တော်လှန်ရေးပန်းခြံမှာ ရဲဘော်တစ်ယောက် အပေါ့သွားတာ ကြာလို့ ဆိုပြီး စစ်ဘိနပ်နဲ့ ပိတ်ကန်ခဲ့ဘူးပါတယ်။ ဒီလိုမျိုး ရဲဘော်တွေအပေါ် နိုင်ထက်စီးနင်း လုပ်ခဲ့တာတွေ အများကြီးပါ။ ရွှေတိဂုံဘုရားပေါ်မှာ သံဃာတော်တွေကို လူအများရှေ့မှာ ပက်ပက်စက်စက် ဆဲဆိုခဲ့ပါတယ်။ လူပုသလောက် ပါးရိုက်နားရိုက် လုပ်ခဲ့လို့ လက်အောက် စစ်သည်တွေက ရွံ့မုန်း မုန်းတီးခဲ့ရသူပါ။ တာမွေ ၁၆၇ လမ်းထဲက Oxygn Car Services &ရေသန့်လုပ်ငန်းဆိုတာ သူ့သား ဥက္ကာဆန်းဆင်း ပိုင်တာပါ။ ရာထူး အာဏာကို အသုံးချပြီး ကျောက်စိမ်းလုပ်ကွက်၊ ရွှေလုပ်ကွက်၊ သစ်လုပ်ကွက်၊ မြေကွက်၊ သစ်၊ အင်း၊ တိုက်ခန်း ရသမျှအကုန်ယူပြီး ရောင်းစားခဲ့တာတွေ မနည်းပါဘူး။ သူ့ဇနီးဆိုရင်လည်း တစ်ပွဲ တစ်ပွဲ သိန်းရာနဲ့ချီပြီး ဖဲရိုက်တဲ့ ဖဲဂျိုးကြီးလို့ ပြောကြပါတယ်။ စားလို့ရတာ အကုန်စား၊ ၀ါးလို့ရတာ အကုန်ဝါး လမ်းစဉ်နဲ့ ချီတက်လာခဲ့တာ နောက်ဆုံး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေတွေကို မင်းဘဏ္ဍာကိုယ့်ဟာမှတ်ပါလို့ ဆိုပြီး ပုဂ္ဂိုလ်ရေးအတွက် အသုံးချခဲ့သူပါ။

ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တိုင်းမှူးဘ၀က အတူတူနေခဲ့ဘူးတဲ့အတွက် မြှောက်စားခဲ့လို့ ရန်ကုန်တိုင်း ဒုတိုင်းမှူး၊ စစ်ရုံးမှာ စစ်ရာထူးခန့်ချုပ်တို့ ဖြစ်ခဲ့တာပါ။ အမှန်တော့ ဒီရာထူးတွေဟာ တပ်မတော်မှာ တပ်မမှူးတို့၊ တိုင်းမှူးတို့ ဖြစ်ခဲ့မှသာ ပေးလေ့ရှိပါတယ်။ ဦးဆန်းဆင့်ဟာ တပ်မမှူး၊ တိုင်းမှူး မလုပ်ခဲ့ဘဲ လူကြီးနဲ့ နီးစပ်မှုနဲ့ စိုင်ကော်လို့ ခြုံပေါ်ရောက်ခဲ့သူပါ။ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်စဉ် သူနဲ့ မတည့်တဲ့ သူတွေ များပါတယ်။ စစ်ရာထူးခန့်ချုပ်တာဝန် ထမ်းဆောင်စဉ်ကလည်း အရာရှိတွေ၊ ပရိုမိုးရှင်းကိစ္စ၊ နေရာအပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး နာမည်ပျက်တွေ အများကြီး ရှိခဲ့ပါတယ်။ သူ့ကြောင့် ဘ၀တက်လမ်း မထိခိုက်သင့်ဘဲ ထိခိုက်ခဲ့ရသူ အရာရှိတွေ အများကြီး ရှိခဲ့သလို တပ်မမှူး၊ တိုင်းမှူး မလုပ်ခဲ့ဘူးဘဲ စစ်ရာထူးခန့်ချုပ်ရာထူးနဲ့ ခြေလျင်တပ်တွေ ၀င်စစ်ပြီး ထင်ရာမြင်ရာ အရေးယူခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ကိုယ်ရံတော် လုံခြုံရေးတပ်ကို ၀င်စစ်ပြီး တပ်ရင်းမှူးကို အရေးယူဖို့ လုပ်လာတဲ့အတွက် နောက်ပိုင်းမှာ စစ်ရာထူးခန့်ချုပ်ကို တပ်တွေ စစ်ဆေးခွင့် မပေးတော့ပါဘူး။ အငြိုးအာဃာတ ကြီးမားလွန်းပြီး စိတ်မထင်ရင် မထင်သလို အရပ်ဘက် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ သူတွေကိုတောင် အလွတ်မပေးဘဲ ပြင်းပြင်းထန်ထန် အရေးယူခဲ့သူပါ။ ပြစ်မှုချင်း တူနေရင်တော့ ပြစ်ဒဏ်ချင်းမတူဘဲ နစ်နာခဲ့ရတဲ့ အရာရှိတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လူကြီး သားသမီးတွေ၊ လာဘ်ပေးသူတွေကိုတော့ ပြစ်မှုကို ဖုံးကွယ်ပေးရုံသာမက လိမ်လည်ပေးခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ လုပ်တော့ တပ်မတော်က အရာရှိကြီး တော်တော်များများဟာ တပ်ကထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမည်ခံပြီး နေရာတချို့မှာ ၀င်ရွေးကြပါတယ်။ အဲဒီအထဲမှာ ဦးဆန်းဆင့်လည်း အပါအ၀င် ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ အဲဒီတုန်းက NLD မပါလို့ ပြိုင်ဘက်ကင်းတဲ့ပါတီ ဖြစ်ပြီး ရွေးကောက်ပွဲမှာ အသာစီးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဦးဆန်းဆင့်ဟာ သူရဲ့ဇာတိ ရေကြည်မြို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပါတယ်။ သူကသာ ကြံ့ခိုင်ရေးပါတီ အမည်ခံခဲ့ပေမယ့် သူ့အစ်ကိုကတော့ NLD ပါတီဝင်တစ်ဦးပါ။

ဧရာဝတီတိုင်းဒေသကြီးမှာ ပါတီသန္ဓေဖြစ်တဲ့ အင်္ဂပူမြို့နယ်သား ဦးသိန်းအောင် (ယခင် သစ်တောရေးရာဝန်ကြီး) က တိုင်းဝန်ကြီးချုပ်ဖြစ်ပြီး သူက တိုင်းလွှတ်တော် ဥက္ကဌ ဖြစ်လာပါတယ်။ တပ်မတော်ထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်နဲ့ လာခဲ့တာ ဖြစ်တဲ့အတွက် သူသာလျှင် ၀န်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတဲ့ မတော်လောဘတွေနဲ့ ၀န်ကြီးချုပ်ကို ပြုတ်အောင် အမျိုးမျိုး ဒုက္ခပေးတော့တာပဲ။ ဦးသိန်းအောင် ပြုတ်လို့ လွှတ်တော်ထဲမှာ ပြန်ပြီး အရွေးခံရင် သူ ဖြစ်လာနိုင်တယ် ဆိုတဲ့ စီမံကိန်းနဲ့ မီဒီယာတွေ၊ သတင်းထောက်တွေကို ပိုက်ဆံပေးပြီး သူ့အစ်ကို ရဲ့ NLD ပါတီအကူအညီတွေနဲ့ ချခဲ့တာပါ။ စစ်တက္ကသိုလ်ရဲ့ အပတ်စဉ်အရကြည့်ရင် ဦးသိန်းအောင်က အပတ်စဉ်(၁၁)က ဆင်းတာ ဖြစ်လို့ သူနဲ့ စီနီယာအများကြီး ကျပါတယ်။ ပါတီထဲမှာလည်း သူ့ထက် အများကြီး ၀ါရင့်သူပါ။ ဒါပေမယ့် လောဘတွေ ဖုံးလွှမ်းနေတော့ စစ်တက္ကသိုလ်စီနီယာတွေ ဂရုမစိုက်နိုင်တော့ဘဲ ၀န်ကြီးချုပ်ဖြစ်ရေးသာ အဓိက ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းအောင်ဟာ သူ့အလုပ်သူ မလုပ်နိုင်တော့ဘဲ သိပ်ပြီး ဒုက္ခပေးလွန်းလို့ သမ္မတ ဦးသိန်းစိန်ကို အကြိမ်ကြိမ် တိုင်တမ်းခဲ့ပါတယ်။ ပါတီကိုလည်း တိုင်ကြားရာမှာ ပါတီအတွင်းရေးမှူး ဦးဌေးဦးကိုယ်တိုင် သွားရောက်ပြီး ဆုံးမခဲ့ပါတယ်။ ဒီအချိန်မှာလည်း ဦးဆန်းဆင့်ဟာ ဦးဌေးဦး ပြောတာတွေ အသံဖမ်းထားပြီး သူ့သား ဥက္ကာဆန်းဆင့် ပိုင်ဆိုင်တဲ့ မြန်မာသံတော်ဆင့်ဂျာနယ်ကနေ ဦးဌေးဦးကို ချဲတော့တာပဲ။ ဦးဌေးဦးကလည်း မီဒီယာတွေကို ပြန်ပြီး ရှင်းပြခဲ့ရပါတယ်။ ပါတီသဘောနဲ့ ကြည့်ရင် ဦးသိန်းအောင်က တိုင်းပါတီဥက္ကဌဖြစ်ပြီးတော့ ဦးဌေးဦးက ပါတီဗဟို အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ဒီလိုမျိုး ပါတီကို ပြန်ပြီး ပုန်ကန်သလို ဖြစ်နေတော့ ဦးဆန်းဆင့်ကို ဆက်ပြီး မထားတော့ဘဲ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအစိုးရထဲကို ခေါ်ယူပြီး သာသနာရေးဝန်ကြီး အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။ တကယ်တော့ သူ့ကို သူကောင်းပြုပေးတာပါ။ မြွေမသေ ဒုတ်မကျိုး ဖြစ်အောင် စီမံဆောင်ရွက်ပေးခဲ့တာကို သူသာ ကျေးဇူးသိတတ်ရင် ဦးသိန်းစိန်ဟာ သူ့ရဲ့ ကျေးဇုးရှင်ပါ။ ဦးသိန်းစိန်သာ သူ့ကို ခေါ်ပြီး တာဝန်မပေးခဲ့ရင် ပါတီအပေါ် သစ္စာဖောက်ဖျက်မှုနဲ့ အရေးယူတာ ခံရတော့မှာပါ။

သမ္မတရုံးမှာ သူနဲ့ ခမည်းခမက်တော်တဲ့ ၀န်ကြီး ဦးစိုးမောင်ဆိုတာလည်း ရှိပါတယ်။ ဘယ်ဝန်ကြီးဌာနမှ တာဝန်မပေးဘဲ ဌာနလက်ကိုင် မရှိတဲ့ ၀န်ကြီး တစ်ဦးပါ။ ဦးဆန်းဆင့်ဟာ သာသနာရေးဝန်ကြီးလည်း ဖြစ်ရော ထင်ရာစိုင်း ထင်ရာလုပ်တဲ့ ဇာတိပြတော့တာပါပဲ။ သာသနာရေး ဆိုတာ သိပ်ပြီး များများစားစား လာဘ်လာဘ မရဘူး ဆိုပေမယ့်လည်း လူတွေ မသိတဲ့ ခွင်တွေ ရှိပါတယ်။ “သာ” ကားနံပတ်နဲ့ ၀စ်သောက်ကားတွေ ရရှိဖို့ ဥက္ကာဆန်းဆင့်ကို ငွေပေးရပါတယ်။ ရန်ကုန်မြို့က နိုက်ကလပ်တွေမှာ ရံဖန်ရံခါ သာ နံပတ်နဲ့ မော်တော်ကားတွေ တွေ့ရလေ့ ရှိပါတယ်။ ပြည်ပနိုင်ငံတွေကို ခရီးသည်ပို့ဆောင်တဲ့ ဘုရားဖူးလုပ်ငန်းမှာလည်း သိန်းရာနဲ့ချီပြီး ပေးကြရပါတယ်။ ၂၀၁၃ နှစ်ဆန်းပိုင်းမှာ တာဝန်ယူတဲ့ ဦးဆန်းဆင့် လက်ထက်မှာ သာသနာရေးနဲ့ ပတ်သက်တဲ့ ကားပါမစ်တွေ ခေတ်ထ လာခဲ့ပါတယ်။ ဂေါပက ဥပဒေလိုမျိုး မသင့်တော်တဲ့ကိစ္စတွေ ထလုပ်လာတော့ သံဃာအတော်များများက မကျေနပ်ခဲ့ကြပါဘူး။ ၀န်ကြီးဌာနအတွင်းမှာလည်း အမိန့်နဲ့ အုပ်ချုပ်ခဲ့ပြီး ထင်ရာစိုင်းခဲ့တာကြောင့် လက်အောက်က ၀န်ထမ်းတွေ မခံမရပ်နိုင်ဖြစ်ပြီး တိုင်ကြားတာတွေ အများကြီး ဖြစ်လာခဲ့ပါတယ်။ ၀န်ထမ်းတွေကို မကြိုက်ရင် အစွန်အဖျားဒေသတွေကို ချက်ချင်းရွှေ့ပစ်တာမျိုးတွေ၊ အရေးယူတာမျိုးတွေ လုပ်လာခဲ့ပါတယ်။

အဆိုးဆုံးကတော့ သူ့ကို ကယ်တင်ထားတဲ့ သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ပြဿနတာရှာ ပြဿနာ လုပ်တော့တာပါပဲ။ သူ့အတွက် ကံဆိုးတာ၊ နားလည်အလွယ်ဆုံး ပြောရရင် “ငရဲကြီး” တာပါပဲ။ ကရင်ပြည်နယ် က တောင်ကလေးဆရာတော်နဲ့ ပေါင်းပြီး သမ္မတ အကြောင်း မကောင်းပြောခိုင်း ရေးခိုင်းတာ သူပါပဲ။ တောင်ကလေးဆရာတော်က ဘောလုံးကွင်း ရယူရေးကိစ္စ ပြည်နယ် ၀န်ကြီးချုပ်နဲ့ အချေအတင် ဖြစ်နေတာကို သမ္မတဦးသိန်းစိန်က လုပ်မပေးလို့ စိတ်ကွက်နေတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။ ဒါဟာ သမ္မတဦးသိန်းစိန် မသိချင်ယောင်ဆောင်နေလို့ ဆိုပြီး သူ့သားပိုင်တဲ့ ဂျာနယ်ကနေ ဦးသိန်းစိန်ကို တိုက်ခိုက်တာတွေ ဖော်ပြခဲ့ပါတယ်။

မော်လမြိုင်မှာလည်း သမ္မတနဲ့ အစိုးရအဖွဲ့ ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့သဘောအတိုင်း လုပ်မယ် ဆိုပြီး ထုတ်ပြောခဲ့ပါတယ်။ ၀န်ကြီးတစ်ဦးအနေနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ကို တာဝန်ခံရမယ့်အစား ပြန်ပြီးတော်လှန်တဲ့ စကားတွေ ခြေလွန်လက်လွန် ပြောခဲ့ပါတယ်။ သာသနာရေးဝန်ကြီးဌာန ဆိုတာ သာသနာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ပေါင်းစပ်ညှိနှိုင်းပေးရတဲ့ ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဆန်းဆင့်ဟာ အစိုးရနဲ့ သာသနာရေးအဖွဲ့အစည်းတွေအကြား အထင်အမြင် လွဲမှား အောင် သွေးထိုးပေးခဲ့သူပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေကို လည်း မလုပ်သင့်တဲ့ မြှောက်ပင့်ပေးတာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ သံဃာ့မဟာ နာယကအဖွဲ့နဲ့ သမ္မတအကြား နားလည်မှုတွေ လွဲမှားအောင်၊ ယုံမှား သံသယတွေ ကြီးထွားလာအောင်၊ သံဃာတွေအကြား နှစ်ပိုင်းကွဲလာအောင် သူပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ မဟာသန္တိသုခကိစ္စမှာ သာသနာရေးဝန်ကြီးဌာနက ဦးအံ့မောင်ကို ပွဲထုတ်ခဲ့တာကလည်း ဦးဆန်းဆင့်ရဲ့ ကလိမ်ကကျစ်ကျမှု တစ်ခုပါ။ သွေးထိုး မြှောက်ပင့်ပေးပြီး ရှောင်ထွက်ဖို့ ကြံပေမယ့်လည်း အကြောင်းသိနေတဲ့ သာသနာရေးဝန်ကြီးဌာနက လူတွေကတော့ ဦးဆန်းဆင့်ဟာ ကြောက်စရာအကောင်းဆုံး လူအဖြစ် သတ်မှတ် ထားကြပါတယ်။ အကြောင်းစုံကတော့ သာသနာရေးက ဒုဝန်ကြီးတွေ၊ ညွှန်ချုပ်၊ ဒုညွှန်ချုပ်တွေ မေးကြည့်ရင် အဖြစ်မှန်ကို သိလာကြမှာပါ။

ကြားသိရသလောက်ကတော့ ဦးဆန်းဆင့်ကို အစိုးရအဖွဲ့ထဲမှာ ဘယ်လိုမှ ဆက်ထားလို့ မရတော့တဲ့အတွက် တာဝန်ကနေ ရပ်စဲလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ အမှုတွေနဲ့ ရင်ဆိုင်နေရတာကတော့ ဦးဆန်းဆင့်နဲ့ သာသနာရေး ၀န်ကြီးဌာနက ပြဿနာတွေပါ။ ဒါတွေက အုပ်ချုပ်ရေး ပြဿနာတွေသာ ဖြစ်ပြီး ဦးသိန်းစိန်နဲ့ မဆိုင်ပါဘူး။ ဦးသိန်းစိန်အနေနဲ့ အစိုးရအဖွဲ့ထဲမှာ ရောက်ရှိနေတဲ့ ထရိုဂျင်မြင်း ဦးဆန်းဆင့်ကို ဖြုတ်ပစ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ ထရိုဂျင်မြင်းဆိုတာ ဂရိဒဏ္ဍာရီထဲက ထရွိုင်မြို့တော်ကို သိမ်းပိုက်ဖို့ ဂရိတပ်တွေက မြို့ထဲ သွင်းခဲ့တဲ့ သစ္စာဖောက် သူလျှို ဖြစ်ပါတယ်။ ထရိုဂျင်မြင်းကြီး ထရွိုင်မြို့ထဲ ရောက်သွားပြီးမှ ဂရိတွေ ထရွိုင်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

မဟာသန္တိသုခ ကိစ္စဟာ ပြန်တွက်ကြည့်ရင် ဒုတိယရွှေဝါရောင် တော်လှန်ရေး ဖြစ်လာနိုင်တဲ့အထိ၊ ဗုဒ္ဓဘာသာ သံဃာတော်တွေအကြား အပိုင်းပိုင်းကွဲပြဲလာနိုင်တဲ့အထိ အန္တရာယ်ကြီးမား ပါတယ်။ နိုင်ငံတကာမှာလည်း ဗုဒ္ဓဘာသာအပေါ် အထင်အမြင်လွဲမှားပြီးတော့ သာသနာတော် ညစ်နွမ်းနိုင်တဲ့အထိ ကြောက်စရာကောင်းပါတယ်။ ဦးဆန်းဆင့်အနေနဲ့ ဒီကိစ္စတွေကို ဘာဖြစ်လို့ လုပ်ရသလဲ။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သမ္မတဦးသိန်းစိန်ကို တိုက်ခိုက်ခြင်း၊ အစိုးရအဖွဲ့ကို တိုက်ခိုက်ခြင်းရဲ့ ဦးတည်ချက်က ဘာလဲ။ ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ကို တိုက်ခိုက်ခြင်းကြောင့် ဘယ်သူ အကျိုးရှိနိုင်မလဲ။ ဦးဆန်းဆင့်သာ ထရွိုင်မြို့ထဲ ၀င်ရောက်လာခဲ့တဲ့ ထရိုဂျင်မြင်းရုပ်ကြီး ဖြစ်မယ် ဆိုရင် ဂရိတပ်တွေက ဘယ်သူ ဖြစ်နိုင်သလဲ။ ဒီအဖြေကတော့ စဉ်းစားခန်း ဖွင့်စရာ တစ်ခု ဖြစ်နေပါတယ်။ ဦးဆန်းဆင့်ကတော့ သစ္စာဖောက်တို့ သွားရာလမ်းကိုပဲ လျှောက်လှမ်းသွားပြီ ဆိုပေမယ့်လည်း ဂရိတပ်က ဘယ်သူလဲ ဆိုတဲ့ ပုစ္ဆာကတော့ ကျန်နေတုန်းပါပဲ။ 

From:ပြည်သူ့အာဏာ

တယ်လီနောဆင်းမ်ကတ် သုံးစွဲသူများ အွန်လိုင်းစွယ်စုံကျမ်း အခမဲ့ သုံးခွင့်ရရှိမည်

တယ်လီနောမြန်မာကုမ္ပဏီက ၎င်းတို့ဆင်းမ်ကတ် အသုံးပြုမည့်သူများအတွက် မြန်မာဘာသာဖြင့် အွန်လိုင်းစွယ်စုံကျမ်း အခမဲ့အသုံးပြုခွင့်ပေးရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။ ယင်းသို့ အသုံးပြု နိုင်ရန် တယ်လီနော မြန်မာကုမ္ပဏီက Wikimedia ဖောင်ဒေးရှင်း Myanmar Wikimedia Community တို့နှင့် ပူးပေါင်းထားပြီဖြစ်သည်။


Wikimedia စွယ်စုံကျမ်းတွင် မြန်မာစာဖြင့် ဖတ်ရှုနိုင်မည့် ဒီဂျစ်တယ်စာမျက်နှာများ ဖန်တီးနိုင်ရန် တယ်လီနောမြန်မာ ကုမ္ပဏီ က Wikimedia ဖောင်ဒေးရှင်း နှင့် Myanmar Wiki-media Community တို့နှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဘာသာပြန်ရန် လိုအပ်သည့် စာမျက်နှာများ ခွဲခြားခြင်းနှင့် ရေးသားထားပြီး ဆောင်းပါးများကို ပြန်လည်ပြင်ဆင်ရန်အတွက် လေ့လာခဲ့ကြကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။

‘‘Wikimedia ဟာ အချက်အလက်ရယူနိုင်မှုမှာ အရေးပါ တဲ့ အရာတစ်ခုဖြစ်ပြီး တယ်လီနော အသုံးပြုသူ တွေအတွက် Wikimedia ကြည့်ရှုရာမှာ အင်တာနက်အသုံးပြုခ ကောက်ခံခြင်းမပြုဘဲ အခမဲ့ကြည့်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်။ တယ်လီနောနဲ့ တယ်လီနောဝန်ထမ်းတွေက Wikimedia မှာ မြန်မာစာနဲ့ စာ မျက်နှာများဖန်တီးရေးသားနိုင် ရေးအတွက် တက်ကြွစွာပါဝင် ပံ့ပိုးလျက်ရှိပါတယ်’’ ဟု တယ်လီနောမြန်မာ CEO Mr.Petter Furberg က ပြောကြားသည်။

မြန်မာဘာသာဖြင့် ပြုလုပ်ထားသည့် my.wikipedia.org စာမျက်နှာတွင် ဆောင်းပါးသုံးသောင်းနီးပါးရှိပြီး စာမျက်နှာများ ထပ်မံဖန်တီးနိုင်ရန် စတင်နေပြီဖြစ်ရာ တယ်လီနောမြန်မာကုမ္ပဏီ၏ ၀န်ဆောင်မှုစတင် မည့် စက်တင်ဘာမှစ၍အင်တာနက်မလိုဘဲ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

Wikimedia တွင် လုပ်အားပေး ကလောင်ရှင်များ ရေးသားထားသည့် ဆောင်းပါး သန်း ၃၀ ကျော်ရှိပြီး ဘာသာ ၂၈၇ မျိုး ဖြင့် ရေးသားခြင်းဖြစ်ရာ တစ်လတွင် ၀င်ရောက်ကြည့်ရှုသူ သန်း ၄၉၀ ကျော်ရှိခြင်း ကြောင့် ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး အင်တာနက်စာမျက်နှာများတွင် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.7daydaily.com

PR ကို ပြည်နယ် ၇ ခုမှာ ဆန္ဒပြမယ်

အချိုးကျကိုယ်စားပြုစနစ် (PR) ကို လာမယ့်ရွေးကောက်ပွဲတွေမှာ မကျင့်သုံးဖို့ ပြည်နယ်ခုနစ်ခုမှာ ရှိတဲ့ မြို့ကြီးတွေမှာ ဆန္ဒထုတ်ဖော်ကြတော့မှာ ဖြစ်ပါတယ်။

PR စနစ်မကျင့်သုံးရေး ဆန္ဒထုတ်ဖော်မှုတွေကို ရှမ်းပြည်နယ်မှာရှိတဲ့ တောင်ကြီး၊ ကျောက်မဲ၊ လင်းခေး၊ တာချီလိတ်နဲ့ လားရှိုးမြို့တွေမှာ ပြုလုပ်မှာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဦးဆောင်မှာဖြစ်တယ်လို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း BNF အဖွဲ့မှ ဦးစောသန်းမြင့်က ပြောပါတယ်။

ဆန္ဒပြမယ့် အစီစဉ်တွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ အခုတစ်ပတ်အတွင်း ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ “တခြားပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေက ဦးဆောင်သွားမှာပါ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုတဲ့ရက်အပေါ် မူတည်ပါတယ်” လို့ ဦးစောသန်းမြင့်က ဆိုပါတယ်။

ဇွန်လ ဒုတိယပတ်အတွင်း အမျိုးသားလွှတ်တော်မှာ PR ကျင့်သုံးဖို့ အဆိုတင်သွင်းချိန်ကနေ စပြီး PR စနစ်ကို ကန့်ကွက်ကြောင်း BNF က လေးကြိမ်မြောက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ထားပါတယ်။

http://www.thevoicemyanmar.com

၅၉(စ)ပြုတ်ရင် ဘာနိုင်ငံဖြစ်သွားမလဲ ရေးသားသူ - ဒေါက်တာခင်နိုင်ဦး



ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတ လောင်း ရွေးချယ်ခံချင်သူ ရဲ့ ချွေးမဟာ တိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံး သွားတယ် လို့ပြပါတယ်။ တကယ်တော့ သားသမီး ကို တောင်မှ အဲ့သလိုချုပ်ခြယ်ချင်လို့ မဖြစ်ပါဘူး။ ငါသမ္မတ ဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ်မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်း သူရွေးပြီဘဲ။ အခြေခံ ဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေ အရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ် ဘဲ နိုင်ငံရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။ ဒါအပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။ ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင်ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက်မညီလို့ ရှက်စရာကြီးပါ။


ဒါကြောင့် နိုင်ငံတကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင်စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ်နေလို့ပါ။ ၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား မဟုတ်ပါဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူတောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပဒေထုတ်ထုတ် ဘာသာခြား အပြင် ကို နိုင်ငံသား မဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာနိုင်တဲ့ အခွင့်အရေး ပေး ထားပါတယ်။ ဒါကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ ဘာမှမဖြစ်ပါဘူး။ နိုင်ငံခြားက ဘယ်မွတ်၊ ဘယ်ကုလား ကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက်ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။ ၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ သေသေ ချာချာပြန်ဖတ် ကြည့်ပါဦး။

သမ္မတလောင်းတစ်ဦးဟာ မိမိရော၊ မိမိ၏ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူ ဖြစ်ရမယ်၊ တိုင်းရင်းသားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရမယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေ လာပြီး မြန်မာနိုင်ငံ ရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူတို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်းရင်းသားမှ မဟုတ်ကြဘဲ။ သည်တော့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ)ကတော့ ထမီဝတ်မိန်းမသားတစ်ဦးကို ဘောင်းဘီဝတ်စစ်သားကြီးများ က ကြောက်ပြီး ရေးထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။

ဘုမသိ ဘမသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ မအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ မွတ်နိုင်ငံဖြစ်စရာ အကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ်နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီ ကျွတ်တွေကတော့ နစ်နာစရာ မရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ်အော်တဲ့သူတွေ စိတ်ဆိုး ထိုက်တာက ၅၉(စ) မဟုတ်ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင်တဲ့သူတွေ ပါတီထောင် ခွင့်ပေးတာကိုပါ။ အဲ့ဒါကိုရော ဘယ်လိုသဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြော တာပါ။ သမ္မတရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက် တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည် အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန် အမတ် အဖြစ် ရွေးကောက် တင်မြှောက် ခံနိုင်သည့် အရည်အ ချင်းနှင့်လည်းပြည့်စုံသော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်းပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုးဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မဟုတ်ဘူးဆိုတာ သိရမယ်။ ၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထား တဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ်ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့အင်အားနဲ့ ဖြုတ်ချ ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လကမ္ဘာပေါ်သွားမည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် ကုမ္ပဏီနှင့် ဒေသခံများအကြား မြေသြဇာစက်ရုံ မြေနေရာ အငြင်းပွားမှု ဖြစ်ပွား


28

လကမ္ဘာပေါ်သို့ ဟန်းနီးမွန်း ခရီးထွက်မည်ဟု ပြောဆိုခဲ့သူ ဦးစိုးထွန်းရှိန်ပိုင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ နတ်သြဇာ သဘာဝ မြေသြဇာစက်ရုံ တည်ဆောက်ရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ ကွင်း အမှတ် (၁၁၇၅)၊ ဦးပိုင်အမှတ်(၃၂)မှ လယ်မြေ ၃ ဒသမ ၈၁ ဧကကို ၀ယ်ယူခြင်းနှင့် ပတ်သက် ၍ အဆိုပါကုမ္ပဏီနှင့် ဒေသခံ လယ်သမားများအကြား အငြင်းပွားလျက် ရှိသည်။


အဆိုပါ လယ်မြေ ၃ ဒသမ ၈၁ ဧကကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က နတ်သြဇာ သဘာဝ မြေသြဇာစက်ရုံ တည်ဆောက်ရန် အကြောင်းပြချက်ဖြင့် လယ်လုပ်နေဆဲ လယ်မြေများကို လျော်ကြေးမပေးဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် သိမ်းဆည်း ရယူသွားသည့်အတွက် ယင်းလယ်မြေ များအား သိမ်းဆည်းခံ လယ်သမားများသို့ ပြန်လည် စွန့်လွှတ်ပေးရန်အတွက် ဒေသခံ လယ်သမားအချို့က မြန်မာသံတော်ဆင့်သို့ တိုင်ကြားစာ ပေးပို့ထားသည်။

တိုင်ကြားစာ၌ အခင်းဖြစ် လယ်မြေသည် သိမ်းဆည်းခံရသည့် ၂၀၀၈ ခုနှစ် အချိန်တွင် စပါးစိုက်ပျိုးရန် ထွန်ယက် ပျိုးထောင်နေဆဲ အချိန်ကာလဖြစ်ခြင်း၊ လယ်သမားများက နိုင်ငံတော်သို့ နှစ်စဉ်မပျက်မကွက် ၂၀၁၁-၂၀၁၂ ခုနှစ်အထိ မြေခွန် ထမ်းဆောင်ဆဲဖြစ်ခြင်း၊ လယ်သမားများ၏ အမည်ပေါက် ဂရန်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု လှည့်ဖြားပြီး လက်မှတ်ရယူခြင်း၊ နိုင်ငံတော်အစိုးရသည် နိုင်ငံတော် စီမံကိန်းနှင့် အများပြည်သူ အကျိုးအတွက် မြေသိမ်းဥပဒေနှင့်အညီ သိမ်းဆည်းသည့် လယ်မြေ မဟုတ်ခြင်းဟူ၍ ပါရှိသည်။

29

29 ထို့ပြင် ယခင်ကရင်ပြည်နယ် (ပယက)က ၁၁-၈-၂၀၁၀ ရက်စွဲပါ စာအမှတ်၊ ၅/၁-၂၀/ဦး-၆ ဖြင့် နတ်သြဇာ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရန် လ/န (၃၉) ခွင့်ပြု ပေးခဲ့သော်လည်း သတ်မှတ်ထားသည့် ၆ လ အတွင်း စက်ရုံ တည်ဆောက်ခြင်း မရှိသည့်အပြင် အိမ်၊ ခြံမြေ ၁၉ ကွက် ဖော်ထုတ် နေရာချထား ပေးသည့် အတွက် ဦးစိုးထွန်းရှိန် (ဥက္ကဋ္ဌ၊ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ)သည် ယခင် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပုဒ်မ(၄၈)နှင့် တည်ဆဲ လယ်ယာမြေဥပဒေ ပုဒ်မ(၃၁)တို့ ကိုကျူးလွန် ဖောက်ဖျက်ရာ ရောက်ကြောင်းလည်း ပါရှိသည်။

ယင်းကဲ့သို့ တိုင်ကြားမှုနှင့် ပတ်သက်၍ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ မဖြိုးဖြိုးအောင်က ““မြေစာရင်းက နေပြီးတော့ လယ်သမားတွေကို ပြန်ပေးထားတဲ့ အကွက်တွေရှိတယ်။ စက်ရုံကတော့ အခု လောလောဆယ် လုပ်လည်း လုပ်နေတယ်။ ထရန်စဖော်မာတွေလည်း လျှောက် ထားတယ်။ အိမ်ခြံမြေ အကွက်ဖော်တာက မြေစာရင်းက ဖော်တာပဲဖြစ်မှာပါ။ ကျွန်မတို့ ကုမ္ပဏီဘက်က သွားလုပ်လို့မရဘူးလေ။ သူတို့ဘာသာသူတို့ အကွက်ဖော်ပြီး မြေစာရင်းကနေ လယ်သမားတွေကို ပြန်ပေး တယ်လို့တော့ သိထားတယ်။ ကုမ္ပဏီဘက်က ရောင်းဖို့အတွက်လည်း အကွက်ချထားခြင်း လုံးဝမရှိပါဘူး။ တချို့ လယ်သမားတွေဆို သူတို့ကို ပြန်ပေးထားတဲ့ အကွက်တွေကို ကျွန်မတို့ကို ပြန်ရောင်းတာတွေတောင် ရှိတယ်။ လယ်ကွက်တွေကို ပိုင်ခဲ့ပါတယ်ဆိုတဲ့ လယ်သမားတွေရဲ့ လက်မှတ်တွေရော၊ ပြီးတော့ သူတို့ကို ပြန်ပေးတဲ့ အကွက်တွေရော အဲဒါတွေနဲ့ပတ်သက်ပြီး စာရွက်စာတမ်းတွေ အကုန်လုံး ကျွန်မတို့ မှာရှိပါတယ်”” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ လယ်ယာမြေများကို မြေစာရင်းမှ အကွက်ရိုက်၍ ပြန်လည် ပေးအပ်ခဲ့သည်ဟု အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီမှ ဖြေကြားထားသည့်အတွက် ဘားအံမြို့နယ် မြေစာရင်းရုံးသို့ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဆက်သွယ် မေးမြန်း၍ မရရှိခဲ့ပေ။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်သည် ဇွန် ၉ ရက်တွင် အသက် ၂၂ နှစ် အရွယ်ရှိ သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပြီး ၎င်းတို့ နှစ်ဦးသည် ဟန်းနီးမွန်း ခရီးအား ဒေါ်လာ ၁၅ သန်းတန် လကမ္ဘာခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်းကို ““ဟန်းနီးမွန်းက တော့ ကျွန်တော်တို့က လကမ္ဘာသွားမယ်””ဟု ဦးစိုးထွန်းရှိန်၏ ပြောဆိုမှုကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း မိုးထိ မိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကို ခံနေရသည့် ကုမ္ပဏီဖြစ်သည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန

Tuesday, June 17, 2014

ဝန်ကြီးဦးအောင်မင်းပြောဆိုခဲ့သော စကားများသည် သမ္မတကြီးနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်သက်ဆိုင်နေကြောင်း တပ်မတော်အရာရှိကြီးတစ်ဦးမှ ပြောကြား



ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီး ဦးအောင်မင်းက UNFCCI တွင် ပြောကြား သွားခဲ့သော နိဂုံးချုပ်အမှာစကားနှင့်ပါတ်သက်ပြီး တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ် ဖြစ်နေကြောင်းသိရသည်။


UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီး ဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံး လေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်… သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး နောက်တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်း ဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း အငြင်းပွားနေကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲ ပြောခဲ့သလားဟု ဝေခွဲမရ ဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာ အမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့် ခံနိုင်စရာအကြောင်းမရှိဟု တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက်များ အောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။ ဒီတပ်မတော်သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။ ရှေ့တန်းမှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့ တစ်ယောက်ထဲအတွက်တင် တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့ သွားပြီး ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့ ခုလိုမျိုး ပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ ဆက်လက်ပြောဆိုသည်။

ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။ ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည် မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။

သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့ စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။ စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။ ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူး ဘဝတုန်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂) ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ် မတော်အပေါ် ဤမျှအထိ ပြောဆို စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့ တိုင်းရင်း သားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။

တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့ တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင် တယ် တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် ညွန်ကြားရေးမှူး တစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။

လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ အကောင်း ဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်တာပဲ ၊ တပ်မတော် တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့ တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊ ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူ ဖြေရှင်း သင့်တယ်။

သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊ အခြား တစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက် သမ္မတကြီးအနေနဲ့လည်း သူ့ လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင် ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြု ခဲ့သည်။

အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက် မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။

ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ … လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး … ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  … ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …

ဥပမာပြောရရင် … ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ … ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး … ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ … သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …

ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့  ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …? ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …?

ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် …. ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???

ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ ….

ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် … စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….

ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ …. သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့်  စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …

ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  .... စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ ..... ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...

တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ... အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ် ပေါင်း ... ၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် .... စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ... အမှားသရုပ်ပြ ကျောက်ရုပ် ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။

တစ်လက်စတည်း ဆက်ပြောရရင် ....

တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  …. သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ … ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို … စောင့်သိရိုသေပါမည် … ဆိုတဲ့ အချက် ဖြစ်ပါတယ် …

ကောင်းပါပြီ …. သစ္စာဆိုတာ ဘာလဲ …. သစ္စာဆိုတာကို ... အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် … မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  … အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….

ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …. စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် .... ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ …. ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို …. လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ … တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …

ဒီစကားဟာ ဘာ မှားပါသလဲ ….

စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် … ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် …. ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …

စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား… အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  ….. ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို …. မလေးစားရဘူးလား …မရိုသေရဘူးလား….

ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….

မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ …. ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  … တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား ၀န်ကြီး ဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင် ၀န်ကြီးအနေဖြင့် ကျဆုံး လေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကား နှင့်ပတ်သက်၍ မည်သို့မည်ပုံ တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည် ကတော့ အသေအချာ စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။

ပခုက္ကူမြို့ အစ္စလမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူပြောင်းခြင်း အခမ်းအနား ကျင်းပ



16.6.14 နေ့လည် ၁ နာရီ တွင်ပခုက္ကူမြို့ အစ္စလမ် ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူပြောင်းခြင်းအခမ်း အနား ပြုလုပ်ကျင်းပ ။


(ဘ)ဦးမောင်မောင် သမီးဖြစ်သူ မခင်မြတ်နိုးလွင် အသက် ၁၉ နှစ် သည် အစ္စလမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ လွန်ခဲ့သော 13.6.14 ရက်နေ့က ဗုဒ္ဓ ဘာသာဝင်အဖြစ်သို့ ကူးပြောင်း ကိုးကွယ်လိုပါ ကြောင်း ဆရာတော်များထံ လျှောက်ထားလာခဲ့သဖြင့် မ.ဘ.သ (ဗဟို) ဦးဆောင် ဆရာတော်ကြီးများ ဖြစ်ကြသော ရှင်မတောင်ဆရာတော်ကြီးနှင့် ဗောဓိမဏ္ဍိုင်ဆရာတော်ကြီးတို့မှ ကြီးမှူး၍ ဗုဒ္ဓဘာသာ ကူးပြောင်းခြင်းအခမ်းအနားကို ယနေ့ 16.6.14 နေ့လည် ၁ နာရီ အချိန်တွင်ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင် ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဗုဒ္ဓဘာသာဝင်များ၏ မိမိအားမိမိကိုး မလုပ်လျှင်မရ၊ မကျင့်လျှင်မရ၊ ကျင့်စဉ်လမ်းကြောင်း ကိုယ်တိုင် ကိုယ်ကျ သိပြီး ဟောဖော်ညွှန်ပြခဲ့သော ဗုဒ္ဓ၊ ဟောကြားခဲ့သော ဒေသနာ ဓမ္မ၊ ထိုတရားဓမ္မများကို လိုက်နာကျင့်သုံး စောင့်ထိန်းတော် မူကြသော ဘိက္ခု သံဃ၊ ကံ နှင့် ကံ၏ အကြောင်းများ ဟောကြားဩဝါဒ ပေးကြပါသည်။

ထို့နောက် သရဏဂုံ ၃ ပါးနှင့်တကွ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဗုဒ္ဓဘာသာဝင်အဖြစ် အာမခံ ကြပါသည်။

မကွေးတိုင်း ဒီချုပ် အတွင်းရေးမှူးကို ဒေသအာဏာပိုင်များ တရားစွဲ

မကွေးမြို့တွင် ဇွန်လ ၉ ရက်က ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလူထု ဟောပြောပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူးကို ဒေသအာဏာပိုင်များက တရား စွဲဆိုလိုက်ကြောင်း သတင်းရရှိ သည်။


အစိုးရဘက်မှ ခွင့်ပြုချက် မပေးသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ ကျင်းပခဲ့သည်ဆို သည့် စွပ်စွဲချက်ဖြင့် မကွေး NLD ၏ တိုင်းအတွင်းရေးမှူးကို အ ရေးယူ ခဲ့ခြင်းဖြစ်ကြောင်း ဟော ပြောပွဲအပြီးတစ်ပတ်ခန့်အကြာ ဇွန်လ ၁၆ ရက်တွင် ဒေသဆိုင်ရာ အစိုးရ အရာရှိများက အကြောင်း ကြားခဲ့ကြောင်း မကွေးတိုင်းဒီချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်ကပြော သည်။

‘‘မနက်ဖြန် (ဇွန်လ ၁၇) ရက်မှ တရားရုံးလာဖို့ ကျွန်တော့် ကိုအကြောင်းကြားထားတယ်’’ ဟု ဦးနေမျိုးကျော်ကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟော ပြောပွဲကို NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အ ဖွဲ့အစည်း)က ပူးပေါင်းပြီး မကွေး မြို့ ကန်သာရပ်အေးစေတီကွင်း တွင် ဇွန်လ ၉ ရက်က ကျင်းပခဲ့ ခြင်းဖြစ်သည်။

အဆိုပါဟောပြောပွဲကျင်းပ ခွင့်ရရန် လုပ်ထုံးလုပ်နည်းအ တိုင်း အစိုးရထံ အဆင့်ဆင့် အ ကြောင်းကြား ခဲ့သော်လည်း ခွင့်ပြု ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း၊ တရားဝင်ဥပဒေကြောင်းအရ ခွင့် ပြုချက်တောင်း ခံခြင်းကို ပယ်ချ ပြီးဟောပြောပွဲမှ အရေးယူခြင်း သည် တရားနည်းလမ်း မကျ ကြောင်း ဦးနေမျိုးကျော်ကပြော ကြားသည်။

‘‘ကျွန်တော့်ပါတီ (NLD) ကိုလည်း အကြောင်းကြားထား တယ်။ တရားဥပဒေကြောင်းအရ ရင်ဆိုင်မှာပါ’’ဟု ဦးနေမျိုးကျော် ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် လူထုဟောပြော ပွဲများ ကျင်းပခွင့်ကို မကွေးနှင့် မွန်ပြည်နယ် အစိုးရများက ပိတ်ပင်တားဆီးမှုအများဆုံးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ဝေဖန် သည်။

7 Day Daily

မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကြားမနေဆုံး ကော်မရှင် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာနိုင်ငံက ရွေးကောက်ပွဲကော်မရှင်ဟာ ကမ္ဘာမှာ ကြားမနေဆုံး ကော်မရှင်ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လေးရက်ကြာ နီပေါနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ မြန်မာနိုင်ငံကိုပြန်လည် မထွက်ခွာခင် ခတ္တမန္ဒူ မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။


၂ဝဝ၈ အခြေခံဥပဒေပါ ပုဒ်မ ၃၄၆ ပြင်ဆင်ရေး ဆိုင်ရာ လူထုဟောပြောပွဲတွေမှာ တပ်မတော်ကို ထိပါးတဲ့ စကားတွေ မပြောကြား ဖို့ ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြီးခဲ့တဲ့လက အသိပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိ အပါအဝင် တခြား နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ကို ဒါတွေ မပြောသင့်ဘူး၊ ဟိုဟာတွေပြောသင့်တယ် ဆိုတာမျိုး သတိပေးဖို့ဆိုတာ ရွေးကောက်ပွဲကော်မရှင် ရဲ့အလုပ်မ ဟုတ်ကြောင်း လည်း သတင်းထောက်တွေရဲ့မေးခွန်းကို ပြန်လည်ဖြေ ကြားခဲ့ပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင် အထည်ဖော်ရေး ကော်မတီက ပုဒ်မ ၅၉(စ)ကို မပြင်ဖို့ ဆုံးဖြတ် ထားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ - ဒေါ်အောင်ဆန်း စုကြည်က - ဖွဲ့စည်း ပုံပြင် - မပြင် ဆိုတာနဲ့ သူ့ကိုသမ္မတအဖြစ် ရွေးလို - မရွေးလို ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒ သဘောထားအပေါ်မှာသာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓမွေးဖွားရာ လုမ္ပဏီ ဒေသ နဲ့ ပတ်သက်ပြီးတော့လည်း - ဗုဒ္ဓမြတ်စွာကို အခု နီပေါနိုင်ငံထဲမှာ ပါဝင်နေတဲ့ လုမ္ပဏီ မှာ ဖွားမြင်ခဲ့တယ်လို့ အားလုံးသိကြတယ်၊ ဒါပေမဲ့ သိဒ္ဓတ္ထ မင်းသားဟာ အိန္ဒိယတိုက်ငယ် တခုလုံး ရဲ့ မင်းသားပါ၊ ဗုဒ္ဓကိုယ်တော်တိုင်ကတော့ သူ့ကို အိန္ဒိယတိုင်းသား၊ နီပေါနိုင်ငံသား ဆိုတာမျိုး အခေါ်ခံလိုမယ် မထင်ပါဘူး၊ တကယ်တော့ ဗုဒ္ဓရှင်တော် အပေါ် လူသားအားလုံးက ဂုဏ်ယူသင့်တဲ့၊ မဟာလူသား တစ်ဦး အဖြစ် ရှုမြင်ကြဖို့ကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ တနင်္လာနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

Credit : RFA Burmese

မင်း ထင် ကို ကို ကြီး ဘာလဲ ၊ ဘယ်လဲ ?



ကျွန်မသာ အစိုးရအဖွဲ့ဝင် တယောက်ယောက် ဖြစ်ခဲ့လျင် ၄င်း documentary အား ပိတ်ပင် သွားပါမည်. မြန်မာပြည်သားမြောက်မြားစွာ မလေးရှားတွင် လူသိရှင်ကြား အလုအယက် ၊ အတိုက်အခိုက် ခံနေရတာတောင် အမှုမှန် ဘယ်တုန်းကမှမပေါ်ပေါက်ခဲ့ပါ. မြန်မာ မိန်းက လေးများ အဓမ္မပြုကျင့်ခံရခြင်း ( ရည်ညွန်း ဂျိုဟိုးမြို့)၊ အကျဉ်းထောင်ထဲတွင် ထောင်ဝန်ထမ်း ရဲများ၏ အနိုင်ကျင့်ခံ ရခြင်း( လတ်တလော သံရုံးတိုင်ထားသောအမှု) စသည် စသည်ဖြစ်ရပ်များတွင် လူ့အခွင့်အရေး တဖွဖွအော်နေသော အဖွဲ့အစည်းသည် မည်သည့်စကားတခွန်း ဟခဲ့ပါသနည်း. ပြည် တွင်းတွင်ဘာမ ဟုတ်သော လုပ်ကြံခြိမ်းခြောက်မှုအား ကာကွယ်ပေးနိုင်ရန်အတွက် အစည်းအဝေးထိုင် ၊ ဟိုကို အကူအညီတောင်း ဒီကို အကူအညီတောင်းရန် စိတ်ကူးမိလျင် ယခုကဲ့သို့ တဖက်သပ်ဆန်သော documentary အား ဖြစ်မြောက်ရန်ပံ့ပိုးကူညီမှုကိုလုပ်ကိုင်ပေးကြသော အနှီအဖွဲ့၏ လူ့အခွင့်အရေး ဆိုသည်အား ချေးစားပြောတောင် ကြိုက်တတ်လို့ ဟု ယူဆပါ၏ ။ ပြည်ပတွင် တစုံတခု ပေါ်ပေါက်ခဲ့သော သင်တို့၏ တာဝန်သာတည်း ။

" သင့်ကြောင့် မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာများ မထိခိုက်ပါစေနဲ့ "

From: ခင်ငြိမ်းချမ်း

သမ္မတဖြစ်ရေး ပြည်သူ့ဆန္ဒအပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော



၂၀၁၅ မှာ သမ္မတ ဖြစ်လာဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ဆန္ဒပေါ် မူတည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့သက်ဆိုင်တဲ့ ပြည်သူတွေ ရဲ့ဆန္ဒနဲ့၊ သမ္မတအဖြစ် သူတို့ရွေးချယ်ချင်တဲ့ သူတွေနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒပေါ် မူတည်နေတာပါလို့ နီပေါနိုင်ငံကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေ တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ခရီးစဉ် အဆုံးသတ်တဲ့ ဇွန် ၁၆ ရက်န့မှာ ပြောဆိုလိုက်တာပါ။


သူဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ အဲဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရဲ့ ဘယ်အစိတ်အပိုင်းကို မဆို ပြောင်းလဲဖို့ကို ဥပဒေပြုလွှတ်တော် မှ ရွေးကောက်ခံ အမတ် အများစုအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရှာဖွေနေတယ် လို့ ဒေါ်အောင် ဆန်းစုကြည် က ပြောပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လွှတ်တော် ကော်မတီတရပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမ္မတဖြစ်ခွင့် ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မှာကို ကန့်ကွက်မဲ ဆန္ဒပြုခဲ့ကြပါတယ်။

အဲဒီဥပဒေဆိုင်ရာ အပိုဒ်ငယ်ကတော့ သမ္မတ သို့မဟုတ် ဒုသမ္မတ ဖြစ်မယ့်သူရဲ့ ဇနီးနဲ့ ခင်ပွန်း သို့မဟုတ် သားသမီးဟာ နိုင်ငံခြားတိုင်းပြည်တွေကို သစ္စာခံသူ မဟုတ်ရဘူး လို့ တားဆီးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံ ခရီးစဉ်အတွင်း ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ နီပေါနိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ ဗုဒ္ဓ ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ကိုလည်း သွားရောက် ဖူးမြော်ခဲ့ပါတယ်။


photo..NLD Chairperson

ဖွဲ့စည်းပုံပြင်ရေး လမ်းဖွင့်ပေးဖို့ မြန်မာကို အမေရိကန်တိုက်တွန်း



မြန်မာဖွဲ့စည်းပုံပါ သမ္မတရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်တဲ့ ပုဒ်မအပါအ၀င် ဒီမိုကရေစီနည်း မကျတဲ့ အချက်တွေကို ပြင်ဆင်ရေးအတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောလိုက်ပါတယ်။ သမ္မတဖြစ်မှုကို ကန့်သတ် ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့မလိုဘူးဆိုပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီမှာ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာအပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခု တုံ့ပြန်ချက်ထွက်လာတာပါ။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ဆက် ပေးထားပါတယ်။


ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ်ရမယ်ဆိုတာကို အတိုက်အခံဒီမိုကရေစီအင်အားစုဖက်က တောင်းဆိုခဲ့ကြသလို လက်ရှိသမ္မတဦးသိန်းစိန်နဲ့ အာဏာရကြံ့ခိုင်ရေးပါတီကိုယ်တိုင်ကလည်း ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့ သဘောထားတွေ ပြောဆိုခဲ့ကြတဲ့နောက် ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ကော်မတီတရပ်ကို လွှတ်တော်က ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းကတော့ သမ္မတ ရွေးချယ်ခွင့်နဲ့ဆိုင်တဲ့ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်စရာမလိုဘူးဆိုပြီး လွှတ်တော်ကော်မတီဝင်အများစုက သဘောထားပေး ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

၅၉(စ)မှာ သမ္မတရွေးချယ်ခံရမယ့်သူဟာ နိုင်ငံခြားသားနဲ့ အိမ်ထောင်ပြုထားသူ၊ သားသမီးနိုင်ငံခြားသား ဖြစ်သူ မဖြစ်စေရဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်ဖို့ ဟန့်တားထားတဲ့ ကန့်သတ်ချက်ဖြစ်တယ်လို့ အတိုက်အခံ လှုပ်ရှားသူတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အခြားအချက်တွေအပြင် ဒီအချက်ကိုလည်း အဓိကပြင်ဆင်ဖို့လိုတယ်ဆိုပြီး တောင်းဆိုလှုပ်ရှားနေကြတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြန်မာပြည်သူတွေအနေနဲ့ သူတို့လိုလားတဲ့ခေါင်းဆောင်ကို သမ္မတအဖြစ် ရွေးချယ်ပိုင်ခွင့်ရဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းဖွင့်ပေးသင့်တယ်လို့ ယူဆတဲ့အကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူရဲ့ တုံ့ပြန်ချက်ကို နိုင်ငံခြားရေးဌာနအရာရှိတဦးက အခုလို ဖတ်ပြပါတယ်။

“ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေးဟာ မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့သမ္မတဖြစ်သူကို လွတ်လပ်စွာ ရွေးခြယ်ခွင့်ရဖို့၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တရားမျှတလွတ်လပ်ဖို့၊ လူနည်းစု လူမျိုးတွေရဲ့အခွင့်အရေး ပြဌာန်းဖို့၊ ပြည်ထောင်စုအစိုးရနဲ့ လူနည်းစုလူမျိုးစုဒေသအကြား အပြန်အလှန်ဆက်ဆံရေးသတ်မှတ်ဖို့၊ နိုင်ငံရေးထဲမှာ စစ်တပ်အရာရှိတွေ ပါဝင်နေမှုကို လျှော့ချဖို့အတွက် လမ်းဖွင့်ပေးသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။”

စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့တဲ့ ဒီဖွဲ့စည်းပုံထဲမှာ ဒီပုဒ်မ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ကန့်သတ်မှုကို တမင်ထည့်ထားတာဆိုပြီး လူအတော်များများက ယူဆကြတာပါ။ ၅၉ (စ) ပြင်ဆင်ရေးဟာ သူမ သမ္မတဖြစ်ဖို့သက်သက်မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံထဲမှာ လူတဦးတယောက်ကို သက်သက်ရည်ရွယ်ပြီး ရေးတဲ့ ဖွဲ့စည်းပုံမျိုးမဖြစ်သင့်ဘူး ယူဆတာကြောင့် ဖြစ်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဘာသာရေးနဲ့လူမျိုးရေးပဋိပက္ခတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီဥပဒေပြင်ဆင်ရေး ကိစ္စအပေါ်မှာ သဘောကွဲမှုတွေ အတော်ရှိလာပါတယ်။ နိုင်ငံရေးမှာ နိုင်ငံရပ်ခြားက သြဇာ သက်ရောက်မှုကင်းအောင် ဒီပုဒ်မလိုအပ်တယ်ဆိုပြီးယူဆမှုတွေ တိုးလာသလို၊ လှုံ့ဆော် စည်းရုံးမှုတွေ လည်း ရှိလာပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ဒီလို ကန့်သတ်မှုတွေကို ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် အနှောင်အယှက်ဖြစ်မယ်လို့ ယူဆပုံရပါတယ်။ ဒီမိုကရေစီပြောင်းလဲမှုတွေ ခိုင်မာအားကောင်းဖို့ တာဝန်ရှိသူတွေနဲ့ထိစပ်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

“လွှတ်တော်က ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှာပါတဲ့ အဖွဲ့ဝင်အများစုကနေ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ချက်ထဲမထည့်ဖို့ ဆုံးဖြတ် မဲပေးခဲ့ကြတယ်ဆိုတာ ကျနော်တို့ သတိပြုမိပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကနေ ဒီမိုကရေစီုပြုပြင်ပြောင်းလဲရေးတွေ အားကောင်းခိုင်မာလာဖို့ မြန်မာအစိုးရနဲ့ မပြတ်ထိစပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် နောက်ဆုံးအကြံပြုချက်တွေထွက်လာတဲ့အထိကို ဒီလို ထိစပ်ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာလည်းဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တောင်းဆိုလှုပ်ရှားနေရာမှာတော့ ၊ အခုနောက်ပိုင်း အဓိကအားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အထူးဇောင်းပေးထားပါတယ်။ ဖွဲ့စည်းပုံပါ ဖွဲ့စည်းပုံပြင်ဆင်ရေးအချက်အလက်ဖြစ်ပါတယ်။ ဒါဟာ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် အဓိက အဟန့်အတားဖြစ်နေတဲ့ ပုဒ်မဖြစ်တယ်လို့ ယူဆပုံရပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာဌာန)

ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်နဲ့ကျင်စက်တွေ ပေးကိုင်မယ်



ရန်ကုန်က ယာဉ်ထိန်းရဲတွေကို ရော်ဘာတုတ်၊ ကျင်စက်တွေ ပေးကိုင်မယ်လို့ ဒုရဲမှူးကြီး လင်းထွဋ် က ပြောဆိုကြောင်း ကြေးမုံသတင်းစာမှာ တနင်္လာ နေ့က ရေးပါတယ်။


လောလောဆယ်တော့ ကျင်စက် ၁၈ လုံး၊ တုတ် အချောင်း ၂ဝဝ ထုတ်ပေးထားတယ်လို့ သတင်းမှာ ရေးထားပါတယ်။

မြန်မာပြည်ကယာဉ်ထိန်းရဲတွေမှာ ဘာလက်နက်မှ တပ်ဆင်မထားခဲ့တာ ကြာပါပြီ။ တာဝန်ချိန်မှာ တခါတရံ သူတို့ အတိုက်ခိုက်ခံရတတ်ပါတယ်။ ပါးရိုက်ပြီး စော်ကားသွားသူလည်း ရှိပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း ကျင်စက်၊ ရော်ဘာတုတ်တွေ ပေးကိုင်တဲ့အနေအထား ရောက်လာခြင်း ဖြစ်ပါလိမ့်မယ်။ ဇွန် ၁၉ ရက်စွဲတပ် ဈေးကွက်ဂျာနယ်မှာတော့ ယာဉ်ထိန်းရဲအင်အားလည်း တိုးချဲ့မယ်လို့ ရေးထားတာ တွေ့ရမှာပါ။

... ဇူလိုင်လမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ဦးရေ ၁ဝဝ ကျော် ရရှိလာပါက အဓိက လိုအပ်သည့် မီးပွိုင့်များကို အင်အား ဖြည့်တင်းပေးသွားမည် ဆိုပြီး ဒုရဲမှူးကြီးလင်းထွဋ်ကို ကိုးကား ရေးသားထားပါတယ်။

အဲဒီအရေအတွက်အတိုင်း တိုးချဲ့နိုင်ရင်တော့ ရန်ကုန် လမ်းပိတ်ဆို့မှုတွေ၊ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုတွေရဲ့ အနေအထား အနည်းငယ် ပြောင်းလဲလာဖွယ်ရှိပါတယ်။

အများပြည်သူအတွက် တပ်ဖွဲ့ဝင်ဦးရေ တိုးချဲ့တာ ကြိုဆိုရပါမယ်။ တာဝန်ချိန်မှာ လိုအပ်ရင် သုံးဖို့ ကျင်စက်၊ နံပတ်တုတ်တွေ ထုတ်ပေးတာလည်း ကောင်းပါတယ်။

တပ်ဖွဲ့ဝင်တိုင်းကို ဒီလို တပ်ဆင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒါမှ ရန်ပြုလာမယ့်သူတွေကို အနည်းနဲ့ အများ ဟန့်တားနိုင်ပါမယ်။

၂၀၁၃ မတ်လက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးဆိုသူက ယာဉ်ထိန်းရဲတဦးကို ရိုက်နှက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ပါတယ်။ ရေနဲ့ပက်၊ ဒူးထောက်ခိုင်းပြီး ပါးရိုက်တာတွေလည်း လုပ်ခဲ့ တယ်လို့ ဆိုတဲ့ အဲဒီအကြောင်း http://blog.irrawaddy.org/2013/03/blog-post_9360.html မှာ ဖတ်နိုင်ပါတယ်။ 

သို့သော်လည်း အဲဒီလို ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါကြောင်း ဖြေရှင်းစာတစောင်လည်း ထွက်လာ ပါတယ်။ အဲဒီစာအကြောင်း http://blog.irrawaddy.org/2013/10/blog-post_18.html မှာ ဖတ်ပါ။

မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူကြီးများကလည်း ဤအဖြစ်အပျက်ကို နားလည် သဘောပေါက်ပါကြောင်း စာထဲ ရေးပါတယ်။

၂ဝ၁၂ ဇွန်လက ရန်ကုန်မြို့ တနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲမေတဦး
(ဓာတ်ပုံ - Steve Tickner / ဧရာဝတီ)

Credit : Here