Tuesday, December 31, 2013

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့

လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက မီးဘေးသင့် ကျောင်းသူကျောင်းသားတွေကို ကူညီကြဖို့ တိုက်တွန်းလိုပါတယ်

လပွတ္တာမြို့နယ်၊ ကန်ဘက်ကျေးရွာကြီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ညက လောင်ကျွမ်းခဲ့တဲ့ မီးဘေးဒဏ်ကြောင့် အိမ်ခြေ ၂၃၁ အိမ် ပျက်စီးဆုံးရှုံးပြီး၊ လူပေါင်း ၁၁၀၈ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မြို့သူမြို့သားတွေ စုစည်းပြီး ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။

ဆောင်းတွင် အချိန် ဆိုတော့ စောင်၊ ခြင်ထောင်၊ အ၀တ်အစား ဒါတွေ လိုအပ်ပါတယ်။ အစားအသောက်အတွက်လည်း အခုမနက်က စပြီး ပို့နေပါပြီ။ မနက်ဖြန်ကျရင်လည်း မြို့က ပဲ့ထောင်တွေ ထပ်ပြီး ရိက္ခာနဲ့ အ၀တ်အထည်တွေ သွားပြီး ပို့မှာ ဖြစ်ပါတယ်။

မီးဘေးဒဏ်သင့်တဲ့ ကန်ဘက်ရွာက အထက်တန်းကျောင်းမှာ သူငယ်တန်းကနေ ဒဿမတန်းအထိ ကျောင်းသားပေါင်း ၁၇၅ ယောက် ပညာသင်ယူနေကြပါတယ်။ ဆယ်တန်း နှစ်ကျ အပြင်ဖြေ ကျောင်းသားတွေပါ ထည့်ပြီး တွက်ရင် တစ်ရွာလုံးမှာ ကျောင်းသားပေါင်း ၂၀၀ အနည်းဆုံး ရှိပါလိမ့်မယ်။ အစားအသောက်နဲ့ ရိက္ခာတွေ ပို့နေပြီ ဆိုပေမယ့် ကျောင်းသုံး ပစ္စည်းတွေ လိုအပ်နေတာကို တွေ့ရပါတယ်။

ဒီတော့ကာ မီးဘေးသင့် ကျောင်းသူ ကျောင်းသားတွေ အတွက် လှူကြပါလို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်လည်း အိမ်ပြန်ရောက်နေတော့ မြို့မှာ နေတဲ့ သူငယ်ချင်းတွေနဲ့ စုပြီး ကျောင်းသုံးပစ္စည်း ဖြန့်ဖြူးဖို့ စပြီး လုပ်နေပါတယ်။ ခန့်မှန်းလိုအပ်ချက် စာရင်းကို အောက်မှာ ဖော်ပြထားပါတယ်။

ဗလာစာအုပ် - ၃၀၀ ဒါဇင်
ဘောပင် - ၃၀ ဒါဇင်
ခဲတံ - ၃၀ ဒါဇင်
ပေတံနဲ့ ခဲဖျက် - ၂၀၀ ခု စီ

ကလေးတွေကို လှူချင်တယ် ဆိုရင်တော့ ဒီလို လှူလို့ ရပါတယ်။

၁၃၀၀ ကျပ် ဆိုရင် ဗလာစာအုပ် ၁ ဒါဇင်
၁၀၀၀ ကျပ် ဆိုရင် ဘောပင် ၅ ချောင်း
၅၀၀ ကျပ် ဆိုရင် ခဲတံ ၃ ချောင်းနဲ့ ခဲဖျက် ၁ ခု
၃၀၀ ကျပ် ဆိုရင် ပေတံ ၁ ချောင်း

အတန်းကြီးတွေ အတွက် စက်ဝိုင်းခြမ်း၊ ကွန်ပါ၊ ကျင်တွယ် ဒါတွေ လိုပါတယ်။ သူတို့ စာမေးပွဲမှာ မဖြစ်မနေ သုံးရမယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။ ၀ိုင်းဝန်းကူညီမယ် ဆိုရင်တော့ ပစ္စည်းတွေကို ကလေးတွေ လက်ထဲ ရောက်အောင် ကျွန်တော် ကိုယ်တိုင် သွားပြီး ဝေပါ့မယ်။ ဇန်န၀ါရီ ၁ ရက်နေ့မှာ ကျွန်တော် အဲဒီကို သွားပြီး ဝေဖို့ရာ စီစဉ် ထားပါတယ်။ အခု ဗလာစာအုပ် စပြီး မှာထားပါပြီ၊ ရသလောက်ကို အရင်ဆုံး ဝေပါ့မယ်။

ကလေးတွေကို ကူချင်တယ် ဆိုရင်တော့ ကျွန်တော့် အိမ်ဖုန်း ၀၉၄၉၇၄၄၄၀၇ နဲ့ ကျွန်တော့် မိတ်ဆွေ ကိုဇော်မင်းသန်းရဲ့ ဖုန်း ၀၉၃၁၇၁၀၂၉၃ ကို ဆက်သွယ်နိုင်ပါတယ်။ ဒီပစ္စည်းတွေ အမြန်ဆုံး ပေးနိုင်ဖို့ လိုနေပါတယ်။ အမြန်ဆုံး ကူကြပါ။ လှူချင်ရင် စာရင်း လှမ်းပေးလို့ ရပါတယ်။ ငွေကိစ္စကို ကျွန်တော် ရန်ကုန် ပြန်ရောက်မှ ရှင်းလို့ ရပါတယ်။ လာယူ ဆိုလည်း လာယူလို့ ရပါတယ်။ တစ်ထောင်၊ နှစ်ထောင် ဆိုလည်း မနည်းပါဘူး။ ကလေးတွေ စာအုပ်ဖိုး၊ ခဲတံဖိုး ရတာပေါ့။

ဓာတ်ပုံ - နှလုံးသားလပွတ္တာ

လိုင်စင်မဲ့ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ထွေ/အုပ်စာရေးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရကာ လေထိုးပိုက်ဖြင့် ရိုက်နှက်ခံရမှု အင်းစိန်မြို့နယ်တွင်ဖြစ်ပွား

ဒီဇင်ဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က အင်းစိန်မြို့မ ရဲစခန်း နယ်မြေအတွင်း စည်းကမ်းမဲ့၊ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီးရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၄)၊ အင်းစိန်ရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရာအိမ်မှူးများ ပါဝင်သော အဖွဲ့သည် အင်းစိန်မြို့နယ်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်များ လိုက်လံဖမ်းဆီး ခဲ့ကြောင်း သိရသည်။


ထိုသို့ ဖမ်းဆီးနေစဉ် နံနက် ၁၀ နာရီ တွင် ဒညင်းကုန်း လမ်းဆုံအနီး၊ ပြင်စည်မင်းသားကြီး လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသည့် အနီရောင် ဆိုင်ကယ်တစ်စီးအား တွေ့ရှိစစ်ဆေးရာ ဆိုင်ကယ်စီးနင်းသည့် ၃၆ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေ မောင် --- ၃၅ နှစ်မှ ကတ်ကြေးဖြင့်ထိုးကာ အတူပါလာသည့် မောင် ----မှာလည်း လေထိုးပိုက်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကတ်ကြေးဖြင့် အထိုးခံရမှုကြောင့် ရဲဒုတပ်ကြပ် ကျော်ကျော်လှိုင်တွင် ရင်ညွန့်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ၀ဲလက်ခုံ ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဖြစ်သူ ဦးအာကာမှာ ကျောပြင် ယာဘက် ထိုးသွင်းဒဏ်ရာ၊ လက်ပြတ်ရှဒဏ်ရာ၊ လက်မောင်းပြတ်ရှ ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား အင်းစိန်မြို့မ ရဲစခန်းက (ပ) ၁၃၄၅/၁၃ ပြစ်မှုပုဒ်မ ၃၃၃/၁ ၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Eleven Media Group

အတိုက်အခံ NLD ပါတီ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ဇန်န၀ါရီမှစ၍ စည်းရုံးရေးဆင်းမည်

မြန်မာနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် များသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ သွားရောက်၍ ပါတီတွင်းစည်းရုံးရေး လုပ်ငန်းစဉ် များအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီဆန်းမှစတင်၍ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


ထိုသို့ လုပ်ဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်စွဲပါ ပါတီတွင်းဖြန့်ဝေသောစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်း များနှင့်စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့များ ထိတွေ့ဆက်ဆံ နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ပြည်နယ်/ တိုင်းဒေသကြီးအလိုက် တာဝန် ပေးအပ် လိုက်ကြောင်း ဖော်ပြထားသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ယူရမည့်သူများမှာ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဥာဏ်ဝင်းသည် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအားလည်းကောင်း၊ ဦးကျော်ခင်သည် ကယားပြည်နယ်အားလည်းကောင်း၊ ဦးဟံသာမြင့်သည် ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီး အားလည်းကောင်း၊ ဒေါ်ခင်ဋ္ဌေးကြွယ်သည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအားလည်းကောင်း၊ ဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီးအားလည်းကောင်း၊ ဦးထွန်းထွန်းဟိန်သည် ရှမ်းပြည်နယ်အား လည်းကောင်း၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းထိန်သည် မန္တလေးတိုင်းဒေသကြီး အားလည်းကောင်း၊ ဒေါက်တာ ဇော်မြင့်မောင်သည် ကချင်ပြည်နယ်အားလည်း ကောင်း၊ ဒေါက်တာမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအားလည်းကောင်း၊ ဒေါက်တာဒေါ်မေ၀င်းမြင့်သည် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးအားလည်းကောင်း၊ ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အားလည်းကောင်း၊ ဒေါက်တာ အောင်မိုးညိုသည် မကွေးတိုင်းဒေသကြီးအားလည်းကောင်း၊ ဦးညီပုသည် ရခိုင်ပြည်နယ်အား လည်းကောင်း တို့ ဖြစ်ကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၅ ဦးတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်မပါကျန် ၁၄ ဦးမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုစီအား သတ်သတ်မှတ်မှတ် တာဝန်ယူ၍ မြို့နယ်၊ ခရိုင်အလိုက် စည်းရုံးရေးကိစ္စများ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စများ၊ အခြားအရပ်ရပ်သော ကိစ္စနှင့်ပတ်သက်၍ ထိတွေ့ဆက်ဆံကာ မျက်ခြည်မပြတ်လှုပ်ရှားမှုရှိနေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နှင့် လုပ်ငန်းစဉ်များအား ဇန်န၀ါရီလဆန်းတွင် စတင်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအား တာဝန်ယူထားသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

"လက်ရှိစည်းရုံးရေး ကိစ္စလေးတွေကိုလုပ်နေတဲ့ အလုပ်အမှုဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေကို သွားကြည့်မယ်။ ဆွေးနွေးမယ်။ တိုင်ပင်မယ်။ အကြံဥာဏ်ပေးမယ်။ အဲဒီသဘောပါပဲ။ သူတို့လုပ်ငန်းကို တိုက်ရိုက်ဝင်စွက်ဖက်ဖို့တော့ မဟုတ်ဘူးပေါ့။ စည်းရုံးရေးလေးတွေ နည်းနည်းကျဆင်းနေတဲ့ သဘော မျိုးပေါ့ဗျာ။ အဲဒါလေးတွေတွေ့ရတဲ့အတွက် ကိုယ်ကစီအီးစီအနေနဲ့ လက်တွေ့ကွင်းဆင်းပြီးတော့မှ ဆောင်ရွက်ပေးတဲ့သဘောပါ။ သတ်သတ်မှတ်မှတ်တာဝန်တို့ လုပ်ပိုင်ခွင့်တို့ပေးထားတာမျိုး မဟုတ်ပါ ဘူး"ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်က ပြောကြားသည်။

ထို့အပြင် အချို့ဒေသများတွင် စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ မကျေလည်မှုများရှိကာ အရေးယူ ဆောင်ရွက်ရာတွင် ချွတ်ချော်နေမှုများရှိနေပြီး ပြန်လည်စစ်ဆေးရန်နှင့် ပါတီတွင်းတိုင်စာများ များပြားပါက စစ်ဆေးပေးရန် ယခုကဲ့သို့ တာဝန်ခွဲဝေ၍ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရားဝင်ပါတီအဖြစ် ပါတီမှတ်ပုံ ပြန်လည်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ပါတီညီလာခံကျင်းပရန် ပါတီတွင်း ရပ်/ ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ညီလာခံ ကျင်းပမှုများ လုပ်ဆောင်ရာတွင် ညီလာခံကိုယ်စားလှယ် ရွေးချယ်ရာ၌ ပါတီဝင်အသစ်နှင့် အဟောင်းများ အကြား သဘောထားကွဲလွဲမှုအချို့ရှိခဲ့ ပြီး ပါတီဝင်အဖြစ်မှ နုတ်ထွက်သွားသည်အထိ ဖြစ်ပေါ်မှုများ ရှိခဲ့သည်။

Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်နိုင်ပြီလား

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ရေး အတွက် ဥပဒေကြောင်း ဆိုင်ရာ အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ရေး ပါတီက သဘောတူလိုက်ပါပြီ။


ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ပေးဖို့ သဘောတူတာဟာ ချွေးမနဲ့ သားမက်တွေ နိုင်ငံခြားသားဖြစ်ရင် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံဖို့ အရည်အချင်းမပြည့်စုံ ဆိုတဲ့ အချက်ကိုသာ ပြင်ဆင်ပေးဖို့ သဘောတူတာ ဖြစ်ပြီး သားနဲ့ သမီးတွေ နိုင်ငံခြားသား ဖြစ်နေရင်ဆိုတဲ့ အချက်ကိုတော့ ပြင်ဆင်ပေးဖို့ သဘောတူ မထား ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဟာ ပြည်ပတိုင်းပြည်ရဲ့ နိုင်ငံသားတွေ ဖြစ်နေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေမှာ ဥပဒေကြောင်းအရ ဒုတိယ သမ္မတလောင်း အဖြစ် အရွေးခံနိုင်တဲ့ အရည်အချင်း မပြည့်မီနိုင်သေးပါဘူး။

ဒုတိယသမ္မတလောင်း အဖြစ် အရွေးခံဖို့ အရည်အချင်း မပြည့်မီရင် သမ္မတလည်း မဖြစ်နိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒုတိယသမ္မတ၊ သမ္မတ အဖြစ် အရည်အချင်းပြည့်မီချင်ရင် သားတွေကို မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့် လျှောက်ထားလိုက်ရင် ရနိုင်ပါပြီလို့ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေဟာ မြန်မာနိုင်ငံသား ဖြစ်ချင်တယ်ဆိုရင် လက်ရှိသူတို့နိုင်ငံသား ဖြစ်နေတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

သားတွေက မြန်မာနိုင်ငံသား အဖြစ်လျှောက်ထားမယ်ဆိုရင် လက်ခံမခံ ဆိုတဲ့အချက်ကို လက်ရှိ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆုံးဖြတ်ဖွယ်ရှိပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြင်ဆင်ဖို့ သဘောတူတဲ့ အပိုင်းကိုလည်း လွှတ်တော်မှာ တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ရယူရဦးမှာ ဖြစ်ပါတယ်။

Credit : http://www.dawnmanhon.com

အာကာသယာဉ်ပေါ်က အိမ်သာ


လူဆိုတဲ့သဘောသဘာဝကိုက အပေါ်ကစားသမျှ သောက်သမျှကို အောက်က ပြန်စွန့်ထုတ်ရပါတယ်။ အာကာသယာဉ်မှူးများလည်း လူသားဖြစ်ပြန်တော့ အပေါ်ကစားသမျှ သောက်သမျှ အောက်က ပြန်စွန့်ရ တော့တာပေါ့။


သို့ပေမယ့် ကမ္ဘာပေါ်မှာက ဆွဲအား (Gravity) ရှိတော့ သွားသမျှအောက်ကို ရောက်တာပေါ့။ ဆွဲအားမရှိတဲ့ အာကာသမှာ သွားသမျှ အပေါ်ကို တက်ပါတယ်။ အခန့်မသင့်ရင် ပါးစပ်ထဲပါ ၀င်တတ်ပါတယ်။

အဲ့ဒီတော့ အာကာသအိမ်သာကို အခုလို တည်ဆောက်ထားပါတယ်။ ပထမဦးစွာ ခါးပတ်ပတ်ရပါတယ်။ လွင့်မသွားအောင်လို့ပါ။ နောက် အခင်းသွားရပါတယ်။ အခင်းကို နှစ်မျိုးခွဲထားပါတယ်။ အခင်းလေး (ခ) ရှူရှူးပေါက်တဲ့အခါ ပိုက်ကိုသုံးပါတယ်။ ပိုက်ထဲမှာ လေထည့်ထားတဲ့အတွက် အောက်ကို အလွယ်တကူ ဆင်းသွားပါတယ်။ ပိုက်ကို အလွယ်တကူတပ်လို့ ဖြုတ်လို့ရအောင် ပြုလုပ်ထားပါတယ်။ အမျိုးသားသုံး အမျိုးသမီးသုံး ပိုက်ခေါင်း သပ်သပ်စီရှိပါတယ်။

အဓိကဖြေရှင်းရတာ ကတော့ အခင်းကြီး (ခ) အီအီးပါတာပါဘဲ။ မပါလို့လဲမရဘူးလေ။ ကျန်းမာရေး ထိခိုက်ကုန်မှာပေါ့။ အိမ်သာအိုး အထဲမှာတော့ ကမ္ဘာမြေဆွဲအားအစား လေတိုက်အောင်လုပ်ထားတယ်။ အိမ်သာတက်ရင် လေတဖြူးဖြူးနဲ့ ဖင်တော့အေးတာပေါ့။ ဒါပေမယ့် အိမ်သာထဲကို အခင်းများ ကျသွား အောင် တိုက်ချပေးတာပါ။ အိမ်သာအိုးကို ပိုးသေအောင်ပြုလုပ်ထားပြီး အနံ့အသက်ကင်းအောင်လည်း စီမံထားပါတယ်။

နောက်တစ်ခုက အာကာသစခန်းဆိုတာ ကောင်းကင်မှာဘဲ အမြဲနေတာပါ။ အညစ်အကြေးတွေ များလာ ရင် အဲ့ဒီ့ အညစ်အကြေးထည့်ထားတဲ့ အိတ်ကို အပြင်ကို လွှတ်ပစ်ရပါတယ်။ လွှတ်ပစ်တဲ့အခါမှာတော့ မီးစ လေးတို့ပြီး ပစ်လွှတ်လိုက်တာပါ။ အလင်းရောင်တန်းလေး တစ်ခု ဖြစ်သွားပါတယ်။ အောက်ကနေ ကြည့်ရင်တော့ ကြယ်လေးတစ်လုံး ကြွေသွားတယ်ပေါ့...

ယခုနောက်ပိုင်းတော့ ကျင်ငယ်ရေမှ သောက်သုံးရေပြန်လည်ထုတ်လုပ်ပြီး အာကာသအတွင်း ရေပြတ် လပ်မှုမရှိအောင်လည်း စီမံထားကြပါပြီ။

အာကာသ နှင့် စကြာဝဠာ
FROM-FACEBOOK

ဘာအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အပစ်ရပ် မူကြမ်းသစ် ထွက်ပေါ်ရန်ရှိ


တိုင်းရင်းသား လက်နက်ကိုင်, ငြိမ်းချမ်းရေး, အပစ်အခတ် ရပ်စဲရေး, အစိုးရ, ဘားအံ

ကရင်ပြည်နယ် ဘားအံမြို့၌ ဇန်န၀ါရီလကုန် ပိုင်း တွင် ကျင်းပမည့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဆွေးနွေး ပွဲမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူညီမှု မူကြမ်းတခု ထွက်ပေါ်လာရန် ရှိကြောင်း သိရ သည်။


ယင်း ဆွေးနွေးပွဲကို လာမည့် ဇန်န၀ါရီ ၂၄ ရက် နေ့မှ ၂၅ ရက်အထိ ဘာအံမြို့တွင် ပြုလုပ်သွားမည် ဖြစ်ကာ ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားများဘက်မှ ဖွဲ့စည်း ထားသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ၄င်းတို့၏ နှစ်ဘက် မူကြမ်းများကို ညှိနှိုင်းကြမည်ဖြစ်ကြောင်း NCCT ဒု ဥက္ကဌ စောကွယ်ထူးဝင်း က ဧရာဝတီ သို့ ပြောသည်။

“သူ့ မူကြမ်း ကိုယ့်မူကြမ်းကိုင်ပြီး ဆွေးနွေးနေတာနဲ့ ဆွေးနွေးပွဲက ပြီးမှာ မဟုတ်တော့ဘူး၊ အခုဟာက မူကြမ်းတခုတည်း ဖြစ် အောင် ညှိနှိုင်း နေတာပါ၊ လက်ရှိ တော်တော်များများက အဓိပ္ပာယ်တူတာတွေ များတယ်၊ စကားလုံးတွေ ပြန်ညှိကြတာပေါ့၊ ဘာအံ ဆွေးနွေးပွဲမှာ မူကြမ်း တခု ထွက်လာဖို့ ရှိပါတယ်၊ နှစ်ဘက်သဘောတူတဲ့ မူကြမ်းပေါ့”ဟု ဖဒိုစောကွယ်ထူးဝင်း က ပြောသည်။

ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ယခုလ ၂၉ ရက်နေ့က ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့သော အလွတ်သဘော တွေ့ဆုံမှု၌လည်း နှစ်ဘက် အမြင်အားဖြင့် ရာခိုင်နှုန်း အများစု တူညီကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဘက်မှ ညှိနှိုင်းသည့် မူကြမ်းမှာ ယခင် အပစ် အခတ် ရပ်စဲရေး ဆိုင်ရာမူကြမ်းအတိုင်း မဟုတ်ဘဲ အသစ်ရေးဆွဲလာသည့် သဘော ဖြစ်ကြောင်းလည်း NCCT ဥက္ကဌ ဦးနိုင်ဟံသာ ပြောသည်။

“အမြင်အားဖြင့် ၈၀ ရာခိုင်နှုန်းလောက် တူညီတယ်၊ ဒီတခါမှာ သူတို့ဘက်က အသစ်ရေးလာတယ်၊ အဲ့ဒီဟာမှာ ယေဘုယျအနေနဲ့ ခြုံပြောရရင်တော့ ဖက်ဒရယ်မူကို ဦတည်တဲ့ဟာပေါ့”ဟုလည်း ၄င်းက ဆို သည်။

လက်ရှိ ညှိနှိုင်းမှု အခြေအနေများအရ တိုးတက်မှုရှိလာသော်လည်း လာမည့် ဇန်န၀ါရီ၌ ကျင်းပမည် ဖြစ်သော ဘာအံ ဆွေးနွေးပွဲ တွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဆုံးသတ် ညှိနှိုင်းရေးမှာ မသေချာသေးကြောင်း နိုင် ဟံသာ က ပြောဆိုသည်။

“ဒီပွဲမှာ အဆုံးသတ်ညှိနှိုင်း နိုင်မယ်၊ မညှိနှိုင်းနိုင်ဘူး ဆိုတာက ရာနှုန်းပြည့်တော့ မပြောနိုင်သေးဘူးဗျ”ဟု ၄င်းက ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အနေဖြင့် လက်ရှိ ညှိနှို်င်း အကောင်အထည် ဖော်နေ မှုနှင့် ပတ်သတ်ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ ဘာအံခရိုင် အတွင်းရှိ လောစီးလား ဒေသ တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ပေါင်းစုံစုစည်း၍ မူကြမ်းဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးရန် ရှိကြောင်း သိရသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆွေးနွေးမည့် ညီလာခံသည် KNU က ဖိတ်ခေါ် ကျင်းပခြင်းဖြစ်ပြီး ဘာအံဆွေးနွေးပွဲ မတိုင်ခင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည် ဟု ဆိုသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အောက်တိုဘာ လကုန်ပိုင်းက ကျင်းပခဲ့သည့် လိုင်ဇာ တိုင်းရင်းသား ညီလာခံ ပြီးလျှင် ဒုတိယ အကြိမ်မြောက်ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံ သည့် ညီလာခံလည်း ဖြစ်သည်။

ယင်းညီလာခံမှ ဆုံးဖြတ်ချက်များနှင့် အစိုးရဘက်မှ ညှိနှိုင်းမည့် မူကြမ်းကို ဘာအံဆွေးနွေးပွဲတွင် ညှိနှိုင်းပေါင်းစည်းကြမည်ဟု လည်း သိရသည်။

ဘာအံဆွေးနွေးပွဲမှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအတွက် အဖြေတခု ထွက်လာ နိုင်မည်ဖြစ်သည်နှင့်အညီ လေ့လာစောင့်ကြည့်သူများအဖြစ်လည်း ထပ်မံတိုးကာ ဖိတ်ကြားသွား မည်ဖြစ် ကြောင်း နိုင်ဟံသာက ပြောသည်။

“အရင်တက်ခဲ့တဲ့ ကုလ ကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ နဲ့ တရုတ်ကိုယ်စာလှယ်လည်း ပါမယ်။ အင်္ဂလန်၊ ဂျပန် ထပ်ဖိတ်မယ်၊ ဒေါ်စုနဲ့ ဦးခွန်ထွန်းဦးတို့ကိုလည်း ဖိတ်ဖို့ သဘောတူထားပါတယ်”ဟု ၄င်းက ဆက်ပြော သည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုများကို လက်ရှိ အစိုးရသစ် တက်လာပြီး နောက် ပိုင်းမှစ၍ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီမှုများဖြင့် လုပ်ဆောင်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့ ၁၅ဖွဲ့နှင့် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယခုအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘောတူမှုကို လက်မှတ်ထိုးရန် လုပ်ဆောင် လျက်ရှိပြီး သမ္မတ ဦးသိန်းစိန် ၏ ဥရောပခရီးစဉ် လန်ဒန် ချာတန်ဟောက် မိန့်ခွန်းတွင်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် မည်ဟု နိုင်ငံတကာ မျက်နှာစာ အလယ်တွင် ပြောကြားထား သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပေါင်းစုံ ညီလာခံ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

Credit : ဧရာဝတီ

တိုင်းရင်းသား ခေါင်းဆောင်တွေ ရှေ့လ တွေ့ဆုံမယ်


peace_talk

လာမယ့် ဇန်နဝါရီလ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိတ်သီး ဆွေးနွေးပွဲ ပြုလုပ်ပြီး မြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ နဲ့လည်း ဘားအံ မြို့မှာ တွေ့ဆုံ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။


မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု-ဥက္ကဌ၊ ပြည်ထောင် စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တွေနဲ့ ဖွဲ့စည်း ထားကြတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိုနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင်တွေ တနဂင်္နွေ နေ့က ထိုင်းနိုင်ငံ ချင်းမြိုင် မြို့မှာ ဆွေးနွေး ခဲ့ကြ စဉ်အတွင်း ရက်သတ်မှတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ NCCT အဖွဲ့ဝင် နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖဒ်ဒရယ် ကောင်စီရဲ့ တွဲဖက် အတွင်းရေးမှူး-၂ ဦးခွန်ဥက္ကာကို မေးကြည့်တော့ အခု ဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြား နှစ်ဘက်ရေး ထားတဲ့ မူတွေကို နှိုင်းယှဉ်ပြီးတော့ တူတဲ့ နေရာတွေကို ချန်၊ မတူတဲ့ နေရာတွေကို ပြန်ညှိ ကြတာ ဖြစ်ကြောင်း ပြောပါတယ်။

လာမယ့် ဇန်နဝါရီ ၂၀၊၂၁နဲ့ ၂၂ ရက် တွေမှာ ကေအန်ယူ နယ်မြေ မှာ ကျင်းပမယ့် တိုင်းရင်းသား ထိတ်သီး ဆွေးနွေးပွဲမှာ တင်ပြ သွားမှာ ဖြစ်ပြီး ဖြစ်နိုင်တယ် ဆိုရင် အဲဒီမူကို ကိုင်ပြီး ဘားအံ ဆွေးနွေးပွဲကို သွားမယ်လို့ ပြောပါတယ်။

ဘားအံ ဆွေးနွေးပွဲမှာ ခိုင်မာတဲ့ မူတခု ရဖို့ ကတော့ အခု တိုင်းရင်းသား အဖွဲ့တွေ ဆွေးနွေး ကြတဲ့ အခါမှာ အရင် တခါ ကချင် ဌာနချုပ် လိုင်ဇာမှာ ဆွေးနွေး ခဲ့ကြတုန်းက သဘောတူပြီးသား ၁၁ ချက်အပေါ်မှာ အခြေခံလို့ တချို့ အချက် တွေကို အပြောင်းအလဲ လုပ်မှာဖြစ်လို့ တိုင်းရင်းသား အဖွဲ့တွေ ဘက်မှာ သဘောတူဖို့ မခက်တော့ဘူးလို့ ပြောပါတယ်။

ဘားအံ ဆွေးနွေးပွဲကိုတော့ ဇန်နဝါရီလ ၂၄ ရက် ကနေ ၂၆ ရက်တွေ အတွင်း ကျင်းပနိုင်ဖို့ လျာထား တယ်လို့ ပြောပါတယ်။

အစိုးရဘက်က ဘားအံ မှာ အပြီးသတ် ဆွေးနွေး ကြဖို့ မျှော်လင့် နေသလို တိုင်းရင်းသား တွေ ဘက်ကလည်း ဒုတိယ နောက်ဆုံး အဖြစ်မျှော်လင့် ထားပြီး ဖားအံမှာ ညှိပြီး ကြရင် နောက်တကြိမ်မှာ လက်တွေ့ တပြည်လုံး အတိုင်းအတာ လက်မှတ် ထိုးနိုင်မယ့် အခြေအနေကို ချီတက် နိုင်မယ်လို့ ဆိုပါ တယ်။ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး နိုင်ဖို့ နီးစပ်နေပြီလို့ ပြောနိုင်တယ် လို့လည်း ပြောပါတယ်။

Credit : BBC

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟို ကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်း အဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။


လွှတ်တော် ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင် နှုန်း ကျော် နေရာရ ထားတဲ့ အခုလို အာဏာရ ပါတီ ကိုယ်တိုင်က တနင်္လ࿿ာနေ့ မှာ ဆုံးဖြတ်ခဲ့ ကြတာပါ။

နိုင်ငံ တလွှား က ကိုယ်စားလှယ် ပေါင်း ၂၀ဝ လောက် တက်ရောက် ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူ လိုက်တဲ့ ၂၀ဝ၈ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေ အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့် အတား ဖြစ် နေတဲ့ အချက် လည်း ပါဝင် ပါတယ် ။

ပါတီက အဆိုပြုတဲ့ အတိုင်း ဖြစ်လာရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲ ဝင်ဖို့ အခက် အခဲ မရှိ နိုင်ဘူးလို့ ညီလာခံ တက်ရောက် ခဲ့တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော် မတီဝင် မကွေးတိုင်း ဒေသကြီး ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

အလားတူ တိုင်း ဒေသကြီး ဝန်ကြီးချုပ် တွေကို အစိုးရက တိုက်ရိုက် ရွေးတဲ့ စနစ် အစား တိုင်း ဒေသကြီး လွှတ်တော် ကနေ ရွေးကောက် ဖို့ကို အကြိတ် အနယ် မဲခွဲ ပြီး ပြင်ဆင်မယ့် အချက်တွေ ထဲမှာ ထည့်နိုင် ခဲ့တယ် လို့လည်း ဦးလှဆွေက ပြောပါတယ်။

ဓါတ်ပုံ - ၂၀၁၂ ခုနှစ်တုန်းက တွေ့ရတဲ့ ပါတီ ညီလာခံ ကိုယ်စားလှယ်များ

Credit : BBC

လက်လုပ်သေနတ် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ



ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - မိုင်းလား ကားလမ်းပေါ် ရှိ ၀မ်တာပင်း ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျိုင်းတုံ မှ မိုင်းလား ဘက်သို့ မောင်းနှင်သူ ဦးအားရွှေ (ဘ) ဦးအားမျော နန့်ခေးမိုင် ရွာနေသူ နှင့်အတူ ဦးအားဆယ် (ဘ) ဦးလောဟယ် နမ့်ကြွပ် ရွာ နေသူတို့ စီးနင်း လာသော ဆိုင်ကယ် အား မသင်္ကာသဖြင့် ရပ်တန့် ရှာဖွေရာ ဦးအားဆယ်၏ ခါးကြားမှ အရှည် ၆ လက်မလက်ရှိ ( ခြောက်လုံးပြူး ပုံစံ ) လက်လုပ် သေနတ် တစ်လက် နှင့် အတူ ၉ မီလီမီတာ ကျည် ၁၂ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး အဆိုပါ ဖမ်းဆီး ရမိသော တရားခံ နှစ်ဦးအား တရား ဥပဒေနှင့် အညီ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

တပ်သိမ်းမြေတွေ ပြန်ရ ဖို့ အောင်ပန်းမြို့မှာ တောင်းဆို

ရှမ်းပြည်နယ်မြို့နယ် အတော်များများမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ် တွေက သိမ်းယူထားတဲ့လယ်ယာမြေတွေ ပြန်ပေးဖို့ ယမန်နေ့က အောင်ပန်းမြို့ မိုးကောင်း ကျောင်းတိုက်မှာ တောင်သူတစ်ရာကျော်က သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုကြပါတယ်။


သတင်းစာရှင်းလင်းပွဲကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) က ဦးဆောင်ကျင်းပ တာဖြစ်ပါတယ်။

မြေယာဆုံးရှုံးတဲ့ကိစ္စတွေကို လွှတ်တော်ကဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ထံမှာ တိုင်ကြား ထားတာ ကြာပြီဖြစ်ပေမယ့် ဘာမှထူးခြားမှုမရှိတာကြောင့် အခုလို သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုရတာဖြစ်ကြောင်း HRDP အဖွဲ့ဝင် ကိုစိုင်းဝဏ္ဏက RFA ကို ပြောပါတယ်။

" ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအသီးသီးမှာရှိတဲ့ လယ်ယာမြေ၊ ဥယာဉ်ခြံမြေပေါ့နော် အစိုးရပိုင်းက သတို့ပြေားထားတယ် အသုံးမပြုပဲ ကျန်နေတဲ့ လယ်ယာမြေတွေကို သူတို့ ပြန်ပေးအပ်မယ်လို့ ပြောထား တယ်၊ အဲ့အပေါ်မှာ ပြည်သူတွေက နဂိုမူလပိုင်ရှင်တွေ ပြန်လုပ်ချင်တယ်ဆိုတဲ့ သဘောနဲ့ စာတင်တယ်၊ အဲ့ပေါ်မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာမရှိတဲ့အတွက် ဒီပွဲပြုလုပ်တာ၊ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးလို့ တစ်လခွဲလောက်စောင့်ကြည့်ပြီးတော့ ဒီအတိုင်းပဲ ဖြစ်နေမယ်ဆိုရင်တော့ ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ မတရားသိမ်းဆည်းခံရတဲ့ တောင်သူတွေ စုပြီး တော့မှ တရားဝင်စာတင်ပြီးတော့ ဆန္ဒဖော်ထုတ်သွားမယ်"

တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော၊ ရွာငံ၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ မတ်ကျန်းဌာနေပြည်သူစစ်နဲ့ တပ်မတော်၊ အပြင် ပုဂ္ဂလိကကုမ္ပဏီတွေကသိမ်းဆည်းထားတဲ့ မြေဧက ၆၇၀၀ ကျော်ရှိတယ်လို့ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပမည်

လာမယ့် ဇန်န၀ါရီလ (၁) ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားနဲ့ အလုံမြို့နယ်တွေမှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို လူအင်အား သောင်းဂဏန်းအထိ တက်ရောက်မယ်လို့ နှစ်သစ်ကူးပွဲစီစဉ်သူတွေက ပြောပါတယ်။


ဒီနှစ် ကရင်နှစ်သစ်ကူးပွဲတော်တွေကို မျိုးဆက်သစ် ကရင်လူငယ်တွေ ကရင့်ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။

" အနာဂတ်ကရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့ အချိန်မှာ ယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့ အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ အဲ့ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်းဖြစ်တယ်"

ဒီနှစ် နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် နေရာအတော်များများမှာ ကျင်းပသွားဖို့ ရှိပါတယ်။

ဒီနှစ်ပွဲတော်တွေမှာ အပစ်အခတ်ရပ်စဲထားတဲ့ ကရင်တိုင်းရင်းသားအဖွဲ့တွေလည်း ပါဝင်ဆင်နွှဲ ကြမှာ ဖြစ်ပါတယ်။

ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၂၇ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာဖြစ်ပြီး အခုဆိုရင် ကျင်းပခဲ့တဲ့ သက်တမ်း ၇၆ နှစ်ရှိပြီဖြစ်ပါတယ်။

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း



AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)


ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်း ကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကား ပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ် တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံ နိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေ အနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။

PISCES မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၂၀ရက်အတွင်းမွေးဖွားသူ)

ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းသင့်သော ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်ဖြင့် အရာရာကို လုပ်ဆောင်သင့် သော ကာလဖြစ်ပါတယ်။ မိန်ရာသီဖွားတွေအတွက် ပြသနာနဲ့တွေ့ကြုံရင် ဘာဖြစ်မှာလဲဆိုတဲ့ စိုးရိမ်စိတ်မထား ဘဲ မလုပ်နိုင်ပါဘူးလို့ပြောမယ့်အစား ပြသနာရှိရင် အဖြေရှိတယ်၊ ဖြေရှင်းနိုင်တယ် ဆိုပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်သင့်သော ကာလဖြစ်ပါတယ်။ အဖြေရှာပြီး အေးအေးဆေးဆေး ဖြေရှင်းခြင်းဖြင့် အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ အရာရာကို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို နှစ်သက်ပြီး တီထွင်ကြံဆနိုင်သူများလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူများလည်းဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လေးလေးနက်နက်ဖြင့် လုပ်ဆောင်တတ်သူများဖြစ်ကြပြီး ဒီနှစ်အတွက် ယတြာအနေဖြင့် “ငါသိတယ် ငါလုပ်နိုင်တယ် ငါဟာ အရာရာကို အောင်မြင်နိုင်တယ်” ဆိုပြီးကြိမ်ဖန်များစွာ ရွတ်ဆိုနေရမှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံတရားက အကောင်းဆုံးအရာတွေ ရရှိစေနိုင်မယ့် နှစ်လဲဖြစ်ပါတယ်။

Aries မိဿရာသီဖွား ( မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ရက်အတွင်းမွေးဖွားသူ)

၂၀၁၄ ခုနှစ်သည် သင်၏ စီမံထားသည့် အဓိကဆက်ဆံရေး များ ( အချစ်ရေးနှင့် စီးပွားရေးရာ များသာမက ) တွင် အဆင်မပြေမှုများ လျော့နည်းမည်။ ယခင်က သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူပင် ဖြစ်လင့်ကစား ၂၀၁၄ ခုနှစ်တွင် ၎င်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို ရရှိမည် ဖြစ်သည်။ စိတ်ဖိစီးမှု များမည်။ သို့ရာတွင် ယင်းတို့ကို ၂၀၁၄ ခုနှစ်၏ အကောင်းဆုံး သင်ခန်းစာများအဖြစ် မှတ်ယူမည် ဆိုပါက အောင်မြင်မှုရရှိမည် ဖြစ်သည်။

Taurus ပြိဿရာသီဖွား ( ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ အတွင်း မွေးဖွားသူ)

အပြောင်းအလဲများစွာနှင့် ကြုံတွေ့ရမည့်နှစ် ဖြစ်သည်။ ကောင်းသော ပြောင်းလဲခြင်းနှင့် အကျိုးရှိသော အပြောင်းအလဲများ ဖြစ်မည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။ သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံး နေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်း လာမည်။

Gemini မေထုန်ရာသီဖွား ( မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ အတွင်း မွေးဖွားသူ)

ဤရာသီဖွားများအတွက် ၂၀၁၄ ခုနှစ်သည် အထူးကောင်း မွန်သော နှစ်တစ်နှစ် ဖြစ်သည်။ စိတ်လှုပ်ရှားစရာ များ၊ အပြောင်းအလဲ များနှင့် ကြုံတွေ့ရမည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။ သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။

Cancer ကရကဋ်ရာသီဖွား ( ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၂၃ ရက် အတွင်း မွေးဖွားသူများ)

၂၀၁၄ ခုနှစ်သည် ဤရာသီဖွားများအတွက် အကောင်းဆုံးနှစ်ဖြစ်ရန် အလားအလာကောင်းများ တွေ့ရသည်။ ဂျူပီတာဂြိုလ်၏ တည်ရှိနေမှုသည် သင့်အတွက် တားဆီးဟန့်တားကန့်သတ်မှုများမှ လွတ်မြောက်မည့် အသွင်ဆောင်သည်။ သင့်အနေဖြင့် မလုပ်သင့်ဟု ထင်သည့်အတွက် မြိုသိပ်ထားခဲ့ရသည့် အတိတ်က ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ တစ်နှစ်ပတ်လုံး အတက်ကျ များစွာကို ဖြတ်သန်းရမည် ဆိုသော်လည်း ယေဘူယျအားဖြင့် အားလုံးကောင်းမွန်သည်။

LEO သိဟ်ရာသီဖွား (ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်းမွေးဖွားသူ)

၂၀၁၄ ခုနှစ်တစ်ခုလုံး ကံကောင်းမှုများကို ရရှိမည်ဖြစ်သည်။ နှစ်စပိုင်းတွင် ကံကောင်းမှုများ စိတ်ကျေနပ် လောက်ဖွယ် အပြည့်အ၀ ရရှိမည်မဟုတ်။ သို့သော်လည်း တစ်နှစ်ပတ်လုံး နယ်ပယ်အားလုံးတွင် အောင်မြင်မှု ရရှိခြင်း၊ ဆုံးရှုံးမှုများ ပြန်ရခြင်း နှင့် တိုးတက်မှုခြင်းကို ရရှိမည်ဖြစ်သည်။ ကူညီပံ့ပိုးမှု၊ အသိအမှတ်ပြုမှု ၊ လေးစားယုံကြည်ခံရခြင်းများ ရရှိမည်ဖြစ်သည် ။ ၂၀၁၄ ခုနှစ်သည် သင့်အတွက် ကောင်းမွန်သော ဆက်ဆံရေး များ တည်ဆောက်နိုင်ခြင်းနှင့် သင်လိုအပ်သည်များ ကို အောင်မြင် အောင်လုပ်ဆောင်နိုင်မည့် နှစ်ဖြစ်သည်။

VIRGO ကန်ရာသီဖွား ( သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၃ ရက် အတွင်း မွေးဖွားသူ)

၂၀၁၄ ခုနှစ်သည် သင်နှင့် ရင်းနှီးသူများနှင့် ဆက်ဆံရေးကို ပြန်လည် အကဲဖြတ်မှုများ ပြုလုပ်ရမည့် နှစ်ဖြစ်ပြီး အရာအားလုံး တွင် ကျေနပ်ဖွယ်ရာဆက်ဆံမှုရှိမည်မဟုတ်ပေ။ ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် သင်၏ လုပ်ဆောင်ချက်သည် ပဋိပက္ခများတွက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု များ အတွက် ဦးတည် လုပ်ဆောင်ရန် အရေးကြီးသည်။ ကမ္ဘာကြီးသည် သင်၏ ရန်သူမဟုတ်ဘဲ မိတ်ဆွေ ဖြစ်သည်ကို ပြသနိုင်မည့် သက်သေတစ်ခု အဖြစ် ပျော်ရွှင်ဖွယ်ကောင်းသည့် တိုးတက်မှုတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။

LIBRA တူရာသီဖွား (စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၃ ရက် အတွင်းမွေးဖွားသူ)

၂၀၁၄ခုနှစ် တွင် သင်၏ သြဇာအရှိန်အ၀ါမြင့်မားမည့်နှစ်ဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်း ကြောင့် ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သင်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချမ်းမြေ့မှု၊ ပျော်ရွှင်မှုများကို ရရှိမည်ဖြစ်သည်။ ယခုနှစ်အတွင်း စိန်ခေါ်မှုများကို အပြုသဘောဆောင် သည့် နည်းလမ်းများဖြင့် အကောင်းမွန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင် မည်။အောင်မြင်မှုလမ်းကြောင်း၏ ရလဒ်များ အဖြစ် ကြည်နူးဖွယ်ကောင်းသည် တိုးတက်မှုများကိုယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

SCORPIO ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက် အတွင်း မွေးဖွား သူ)

ယခုလတ်တလောတွင် သင့်အနေဖြင့် စိန်ခေါ်မှုများ စူးစမ်းရှာဖွေမှု များနှင့်ပြည့်နှက်နေသည့် ခရီးလမ်းကို လျှောက်လှမ်းနေရမည်ဖြစ်သည်။ ထို့ကြောင့် ဘ၀တွင် ခက်ခဲသည့် အချိန်များကို တွေ့ကြုံရနိုင် သော်လည်း သင့်၏ ပျော်ရွှင်ချမ်းမြေ့မှုများကို တားဆီးနိုင်ခြင်းမရှိပါ။ ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်းသည် Scorpio ရာသီဖွားများသည် puluto ဂြိလ်နှင့် Uranus ဂြိုလ်ကြားကျရောက်နေသည့်အတွက် နိုးနိုးကြားကြားနေရမည့် အချိန်ကာလဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် သင့်မလိုချင်သည့် မဖြစ်ချင်သည့် ကိစ္စများအားလုံးကို ချိန်ထားခဲ့နိုင်မည်ဖြစ်ပြီး ကြီးကျယ်မြင်မြတ်မှုများစွာကို ရရှိပိုင်ဆိုင် နိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ပိုင်ဆိုင် ခြင်းများ ရရှိမည်ဖြစ်သည်။

SAGITTARIUS ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ရက် အတွင်း မွေးဖွားသူ)

၂၀၁၄ ခုနှစ်သည် ဓနုရာသီဖွားများအတွက် အလွန်အရေးကြီးသော နှစ်တစ် ခုဖြစ်သည်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲများစွာတွေ့ကြုံနိုင်ပါတယ်။ ဒီနှစ်မှာ ဓနုရာသီဖွားတွေအတွက် အလွန် အတက်အကျ များသော နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓနုရာသီဖွားတွေ သတိထားရမည့် နှစ်တစ်နှစ်ဖြစ်ပြီး သနားလွယ် ယုံလွယ်သူများဖြစ်တာမို့ မိမိကိုယ်တိုင်ရဲ့ ရင့်ကျက်မှု၊ ပညာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင် မှသာလျှင် ပိုမိုကောင်းမွန် တဲ့ အခြေအနေတစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြသနာတွေ တွေ့ကြုံနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က ဖြစ်ပျက်ပြီးခဲ့တဲ့ ကိစ္စတွေဟာလည်း ပြသနာ အဖြစ် ပြန်လည် ရောက်ရှိလာတက်ပါတယ်။ ဓနုရာသီဖွားတွေအနေနဲ့ မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ စွမ်းအား ရှိရမှာ ဖြစ်ပါတယ်။ “ငါဟာ ကမ္ဘာပေါ်မှာ ငါလိုချင်တဲ့အရာတိုင်းကို ယူနိုင်တဲ့အစွမ်းရှိတယ်။ ဒါကြောင့်မို့ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးထားရှိရမှာဖြစ်ပါတယ်။ အဲဒီလို တွေးခေါ်နိုင်မှသာ ဒီနှစ်ဟာ ဘယ်လို အတက်အကျတွေပဲ ရှိတယ်ပဲဆိုဆို ကိုယ်လုပ်တဲ့ အရာမှန်သ မျှကို ဖြစ်ပါ့မလားလို့ လုပ်ကိုင်ခြင်းမျိုးမဟုတ်ပဲ အလုပ်စ လုပ်ကိုင်တယ်ဆိုရင်ပဲ ဖြစ်ကိုဖြစ်တယ် ဆိုသည့် စိတ်ဓာတ်မျိုးဖြင့်သာ လုပ်ကိုင်လျှင် အောင်မြင်မည်ဖြစ်သည်။

CAPRICORN မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ရက်မှ ဇန်န၀ါရီ ၂၀ရက်အတွင်း မွေးဖွားသူ)

မကာရရာသီဖွားတွေ အတွက် ၂၀၁၄ ခုနှစ်ဟာ အရာရာတိုင်း လွယ်ကူတယ်လို့မဆိုနိုင်သော်လည်း မကာရရာသီဖွားတွေဟာ အနစ်နာခံတတ်ပြီး ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပြီးသူ တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကောင်းတယ် ဆိုးတယ်ဆိုတာ မကာရ ရာသီဖွားတွေရဲ့ အပေါ်မှာသာ မူတည်နိုင် ပါတယ်။ ၂၀၁၄ ခုနှစ်မှာ မကာရရာသီဖွာတွေဟာ မကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေလင့်ကစား ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေဟာလည်း မခန့်မှန်းနိုင်တဲ့ အတွေ့အကြုံတွေ အခြေအနေတွေကြားထဲကပင် ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မကာရ ရာသီဖွားတွေရဲ့ ဘဝလမ်းကြောင်း မှာ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေတဲ့ အချိန်ကာလဖြစ်ပါတယ်။ မကာရရာသီဖွားတွေအတွက် စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေကြားထဲကပင် တိုးတက်နိုင်တဲ့ အခြေအနေတွေ ရရှိမှာဖြစ်ပါတယ်။ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေ ခံစားနေရလင့်ကစား ရင့်ကျင့်မှု၊ စိတ်ရှည်မှုနဲ့ အခြေအနေတွေကို ကောင်းမွန်တဲ့ဘက် ရရှိအောင် ကြိုးစားဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ရင့်ကျက်မှု စိတ်ရှည်မှုတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် တိုက်ခိုက်နှောင့်ယှက်သူတွေတောင် ရပ်တန့်ပြီး ကိုယ်ဘက်ပါဝင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ်ဟာ မကာရရာသီဖွားတွေအတွက် စိတ်ရှည်သည်းခံဖြင့် အောင်မြင်နိုင်သော နှစ်တစ်ခုဖြစ်တယ်။ ပြသနာတွေနဲ့ တွေ့ကြုံနိုင်ပင်မယ့် အောင်မြင်ခြင်းတွေ ရရှိနိုင်မယ့် နှစ်တစ်ခုဖြစ်ပါတယ်။

MOI Webportal Myanmar