Friday, December 27, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတားအဆီးဖြစ်သည်ဆိုသည့် ပုဒ်မ မပြင်ရန် အကြံပြုစာ ၅၀,၀၀၀ ကျော် ရရှိထား



ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့် အတားဖြစ်နေသည့် ပုဒ်မ ၅၉(စ) အပါအ၀င် ပုဒ်မ ခုနစ်ခု ကို မပြင်လိုကြောင်း ပြည်သူများ၏ အကြံ ပြုစာ ငါးသောင်းကျော် လက်ခံရရှိထားသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် သိန်းလင်းက မဇ္ဈိမကို ပြောသည်။


“ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၄၃၆၊ ပုဒ်မ ၄၄၆ အဲဒါတွေကိုမပြင် ဘဲ ဒီအတိုင်းဆက်ပြီးထားပါလို့ အကြံပြုစာ ငါးသောင်းကျော် ရောက်နေပါပြီ။ ပြည်သူ့လွှတ်တော် ပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လေ့လာစိစစ်ရေးကော်မတီကို ပို့ထားတာပါ။ ဒီအကြံပြုစာတွေအပြင် တောင်ဥက္ကလာမှာ ဆွေးနွေးချက်တွေရော၊ ရန်ကုန်တိုင်းမှာ ဆွေးနွေးချက်တွေကိုစုပြီး ဖွဲ့စည်းပုံလေ့လာ သုံးသပ်ရေးကော်မတီကို ဒီဇင်ဘာလ ၃၀ ရက်မတိုင်မီ ပို့မယ်”ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါရှိမည့် ပုဒ်မများဖြစ်သည့် ပုဒ်မ-၆(စ)၊ ပုဒ်မ ၄၂(ခ)၊ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၃၃၇၊ ပုဒ်မ-၃၃၈၊ ပုဒ်မ-၄၃၆ နှင့် ပုဒ်မ-၄၄၆ တို့ကို မပြင်ရန် အကြံပြုစာများကို လက် ခံရရှိထားခြင်း ဖြစ်သည်။

ပုဒ်မ ၆(စ) အဓိပ္ပာယ်ဖွင့်ဆိုချက် “နိုင်ငံ၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟူသည့် အချက်ကို မပြင်လိုကြောင်း ပြည်သူအချို့က အကြံပြုထားသည်ဟု ဆိုသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က “၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြီးပြည့်စုံတာမဟုတ်ဘူးဆိုတာ လက်ခံတယ်။ အခါအားလျော် စွာ လိုက်လျော်ညီထွေတဲ့ နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး သင့်လျော်သလို ပြောင်းလဲတယ်။ ပြင်သင့် တဲ့အချက်တွေ ပြင်ရမယ်။ ပြင်ဖို့အတွက် သူ့ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပြဋ္ဌာန်းပြီးရင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အဲဒီဥပဒေကို လိုက်နာရမှာပဲ။ ဒီမိုကရေစီလမ်းကြောင်းနဲ့ မကိုက်ညီတဲ့ အချက်တွေ အချက် ၉၀ လောက် ပါတယ်”ဟု ပြောသည်။

ထို့အပြင် ပြည်သူ့ခေတ်ဂျာနယ်၏ အကြံပေး စာရေးဆရာဖေမြင့်ကလည်း “နိုင်ငံတော်၏ အမျိုးသားနိုင်ငံ ရေးတွင် တပ်မတော်က အစဉ်ဦးတည်သည်ဆိုသည့် အချက်ကို ပြင်ဆင်ရန်လို”ဟု ဒီဇင်ဘာ၂၄ ရက်က မရမ်းကုန်းမြို့နယ်ရှိ သမိုင်း မြို့မကျောင်းတိုက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည် သူ့ကွန်ရက် လူထုတွေ့ဆုံပွဲတွင် ထောက်ပြ ပြောဆိုသည်။ 

ပုဒ်မ ၅၉(စ)တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင်တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ် ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်း ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားသော အခွင့်အလမ်းများနှင့် ကျေးဇူးခံစား ခွင့်ရှိသူများ မဖြစ်စေရ”ဟူသည့် အချက်နှင့်ပတ်သက်၍လည်း နိုင်ငံတကာနှင့် ပြည်တွင်း နိုင်ငံရေးအင် အားစုအချို့က ပြင်ပေးရန် တောင်းဆိုထားသည်။

ဥရောပသမဂ္ဂအဖွဲ့ကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အဆိုပါအချက်ကို ပြင်ဆင်ရန် မြန်မာအစိုးရသို့ မကြာမီရက်ပိုင်းအတွင်းက တွန်းအားပေးထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉဏ်ဝင်းက “ကျွန်တော်တို့တွေ့ရှိချက်နဲ့ အမြင် တွေကို ပူးပေါင်းပြီး ပြင်မယ်။ ဘယ်ပုဒ်မတွေ ပါတယ်ဆိုတာမျိုးက သူတို့လည်း မသိသလို၊ ကျွန်တော်တို့ လည်း မသိပါဘူး။ ပြင်ပြီးလို့ ပြောသင့်ချိန် ပြောမယ်”ဟု ပြောသည်။

ပုဒ်မ ၄၂(ခ)တွင် “နိုင်ငံတော်အတွင်း မည့်သည့် နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက် ကိုင်တပ်ဖွဲ့ဖြစ်သည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၃၈ တွင် “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အ စည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်”ဟူ၍လည်းကောင်း၊ ပုဒ်မ ၄၃၆- ဤဖွဲ့ စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ပုဒ်မ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်း ချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင် နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်”ဟူ၍လည်းကောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၅ ရက်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ ၂၅၁၂ စောင် ရောက်ရှိနေပြီး အခန်း(၁)အတွက် ၅၉၀ ခု၊ အခန်း(၂)အတွက် ၃၆ ခု၊ အခန်း (၃)အတွက် ၂၆၁ ခု၊ အခန်း(၄) ၃၀၉ ခု၊ အခန်း(၅) ၄၃၈ ခု၊ အခန်း(၆) ၁၇၉ ခု၊ အခန်း(၇) ၂၈ ခု၊ အခန်း(၈) ၁၂၀ ခု၊ အခန်း (၉) ၄၉ ခု၊ အခန်း(၁၀) ၂၀ ခု၊ အခန်း(၁၁)အတွက် ၈၃၊ အခန်း(၁၂)အတွက် ၂၁၈၊ အခန်း(၁၃) အတွက် ၁၁ ခု၊ အခန်း(၁၄) ၂၂ ခု၊ အခန်း(၁၅) ၁၂ ခု၊ ဇယား(၁)တွင် ၅၉ ခု၊ ဇယား(၂) ၄၅ ခု၊ ဇဟား (၃) ၁၀ ခု၊ ဇယား(၄)တစ်ခုနှင့် ဇယား (၅) ၂၀ တို့ ပြင်ရန် အကြံပြုထားသည်။

Mizzima

အမျိုးသမီးများ သတိထားဂရုပြုရှောင်ကြဉ်နိုင်စေ


ဖော်ပြပါပုံမှာ ဆေးရည်ကို အချိုရည် ရေနှင့် အစားအစာများထဲသို့ နှစ်စက် သုံးစက်မျှ ထည့်ရုံဖြင့် ၄င်းအစားအသောက်များကို စားသောက်မိသောအမျိုးသမီးတို့၏စိတ်ကို ကာမဆန္ဒပြင်းထန်သောစိတ် ဖြစ်လာအောင် အားပေးသည့် ဆေးရည်တစ်မျိုးဟုသိရပါသည်..

အရောင် အနံ့ အရသာမရှိသဖြင့် ဝယ်ယူမှုများသည်..

၎င်းဆေးမှာ ထိုင်းနိုင်ငံမဲဆောက်တွင် အသုံးများပြီး..မြန်မာဖက်သို့လည်းဝင်နေပြီဟု သိရပါသည်..

အမျိုးသမီးများအနေဖြင့် မိမိချစ်သူ အမျိုးသားမိတ်ဆွေသူငယ်ချင်းများကျွေးသော အစားအသောက်များကို အလွယ်တကူစားသုံးမိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များကို ရှောင်ကြဉ် နိုင်ရန် ဖော်ပြပေးလိုက်ပါသည်..

စတေကာကပ်ယာဉ်များနှင့် ကညန နံပါတ်ပြား အသုံးပြုခြင်း မရှိလျှင် ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းမည်



စတေကာကပ် မောင်းနှင်နေသည့် မော်တော်ယာဉ် များနှင့် က.ည.န မှတရားဝင် ထုတ်ပေးထားသော ယာဉ်နံပါတ်ပြား တပ်ဆင်အသုံးပြုခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် ဖန်တီးထားသော နံပါတ်ပြားများ အသုံးပြုပြီး မောင်းနှင်သွားလာနေသော ယာဉ် မောင်းများကို ယာဉ်မောင်းလိုင်စင် တစ်နှစ် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေး က ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။


ယခုကဲ့သို့ စည်းကမ်းဖောက်ဖျက်ပြီး သွားလာနေသော မော်တော်ယာဉ်များကို စီမံချက်ဒဏ်ငွေဖြင့် ဒဏ်ရိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ပြီးနောက်ပိုင်းတွင် စည်းကမ်းချိုးဖောက်သူများ အလွန်များပြားလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ကြောင်း သိရသည်။

" အခု စီမံချက်ဒဏ်ငွေဆိုတာ မရှိတော့ဘူး။ မော်တော်ယာဉ်နည်းဥပဒေအရ ဒဏ်ငွေ ကျပ်၁၅၀၀ ကနေ ၂၀၀၀ ထိပဲ ပေးဆောင်ရတယ်။ အဲ့ဒီတော့ ယာဉ်မောင်းတွေ၊ ယာဉ်ပိုင်ရှင်တွေအနေနဲ့ စည်းကမ်းပိုင်းကို လိုက်နာမှုအားနည်းလာတယ်။ စည်းကမ်းဖောက် ပြီးတော့ ဒဏ်ငွေ ကျပ် ၁၅၀၀ ကို လွယ်လွယ် ကူကူပေးဆောင်လာကြတယ်။ ဒါကြောင့် စည်းကမ်းတွေ လိုက်နာဖို့ စတေကာကပ်ပြီးမောင်းတဲ့ ယာဉ်မောင်းတွေနဲ့ ကားနံပါတ်ကို ဒီဇိုင်းလုပ်ပြီး မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေကို အနည်းဆုံး ယာဉ်မောင်းလိုင်စင် ခြောက်လကနေ တစ်နှစ်ထိ ပိတ်သိမ်းအရေးယူသွားမယ် " ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအထိ ပြည်တွင်း၌ ယာဉ်တိုက်မှု စုစုပေါင်း ၁၂၇၀၃ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူ ၃၂၉၇ ဦးရှိခဲ့ကာ ၂၁၅၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရန်ကုန်မြို့တွင်းတစ်နေရာ၌ စတေကာကပ်၍ မောင်းနှင်နေသည့် ယာဉ်တစ်စီးအားတွေ့ရစဉ်
(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)